အခန်း ၄၁၃
Vol. 21 Ch. 413
အခန်း (၄၁၃) - ပြတိုက်မှူး ပျက်ကွက်ခြင်း
မိုးကြိုးစွမ်းအားများ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသည်နှင့်အမျှ ရှန်းအာသည် တကယ့်ကို ရက်စက်လှသော နာကျင်မှုကို ခံစားနေရသည်။ ယခုခံစားနေရသော ဝေဒနာမှာ မိုးကြိုးမပစ်မီက ခံစားခဲ့ရသော ဒဏ်ရာထက်ပင် အဆပေါင်းများစွာ ပို၍ ဆိုးရွားလှ၏။ အဆိုးဆုံးမှာ ထိုနာကျင်မှုမှာ အတွင်းမှ အပြင်သို့ ပေါက်ကွဲထွက်မတတ် ခံစားနေရခြင်းပင် ဖြစ်သည်။
မြေခွေးလေး၏ မျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့နေသော်လည်း တစ်ချက်ကလေးမျှပင် အော်ဟစ်ညည်းတွားခြင်း မရှိပါချေ။
နတ်ဘုရား မိုးကြိုးကို မည်သူမျှ အံတု၍မရသော သဘာဝတရား၏ အင်အားအကောင်းဆုံး စွမ်းအင်အဖြစ် အများက လက်ခံထားကြသည်။ သို့သော်လည်း ပုံမှန်အားဖြင့် အရာဝတ္ထုတစ်ခုမှာ ပို၍ သန်မာလေလေ၊ ၎င်း၏ အားနည်းချက်မှာလည်း ပို၍ ကြီးမားလေလေပင် ဖြစ်၏။
နတ်ဘုရား မိုးကြိုးမှာလည်း ဤစည်းမျဉ်းမှ ကင်းလွတ်ခွင့် မရှိပါ။ ဥပမာအားဖြင့် ၎င်းသည် အဆက်မပြတ် တိုက်ခိုက်နိုင်စွမ်း မရှိပါချေ။
မိုးကြိုးအနည်းငယ် ပစ်ချပြီးနောက်တွင် ၎င်းမှာ စတင် အားနည်းလာပြီး နောက်ထပ် နှစ်ချက်ခန့်အကြာတွင်မူ ၎င်း၏ စွမ်းအားမှာ ထည့်ပြောနေစရာပင် မလိုတော့လောက်အောင် ဖြစ်သွားတော့သည်။
ပထမဆုံး ပစ်ချလိုက်သော လျှပ်စီးတန်းများမှာ စည်ပိုင်းများကဲ့သို့ ထူထဲလှသော်လည်း နောက်ပိုင်းတွင် လူတစ်ယောက်၏ လက်မောင်းခန့်၊ ထို့နောက် လက်ညှိုးခန့်အထိ သေးငယ်သွားတော့သည်။ မကြာမီမှာပင် မိုးကြိုးမှာ သူတို့၏ ဘေးကင်းရေးအတွက် ခြိမ်းခြောက်မှု မရှိတော့ပါချေ။ တစ်ချိန်တည်းမှာပင် ရွှေဝါလေးမှာ ကောင်းကင်ကြီးကို ဝါးမြိုပစ်တော့မည့်အလား တိမ်တိုက်များထဲသို့ ပျံတက်သွားပြီး သူ၏ ဒေါသမီးများကို ထုတ်လွှတ်လိုက်တော့သည်။
ထိုခဏ၌ မည်းမှောင်နေသော တိမ်တိုက်များအထက်တွင် နေမင်းကြီး စောစောစီးစီး ထွက်ပေါ်လာသကဲ့သို့ မီးတောက်များ လောင်ကျွမ်းနေခဲ့၏။ ၎င်းမှာ အလွန်ပင် တောက်ပလှသဖြင့် မိုင်ပေါင်း ရာနှင့်ချီဝေးသော နေရာများအထိပင် လင်းထိန်သွားစေခဲ့သည်။
ရွှေဝါလေး၏ အလင်းရောင်မှာ ကျူရိပ်မြို့အထိပင် ရောက်ရှိသွားခဲ့၏။
လူအများအပြားမှာ အိပ်ပျော်နေရာမှ နိုးလာကြပြီး ဝေးလံသော တိမ်တိုက်များနောက်ကွယ်မှ ထူးဆန်းသော လင်းထိန်မှုကို သတိထားမိလိုက်ကြသည်။ ၎င်းမှာ အလွန်ပင် အံ့အားသင့်ဖွယ် ကောင်းလှသဖြင့် အချို့က တိမ်တိုက်များတွင် မီးလောင်နေသည်ဟုပင် အော်ဟစ်မိကြ၏။ ရွှေဝါလေးက မိုးတိမ်များကို အမှန်တကယ်ပင် မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်သဖြင့် သူတို့၏ ထင်မြင်ချက်မှာ အမှန်တရားနှင့် သိပ်မဝေးလှပါချေ။
ချောင်အိမ်တော်တွင်လည်း ချောင်ဖေးဂုန်းသည် ဝတ်ရုံကို ပုခုံးပေါ်တင်ကာ အပြင်သို့ ထွက်လာချိန်၌ ဤမြင်ကွင်းကို တွေ့လိုက်ရသည်။ သူ၏ မျက်နှာမှာ ထိတ်လန့်နေသော်လည်း ခဏအကြာတွင် တစ်စုံတစ်ခုကို သတိရသွားပုံ ရ၏။
"အဖေ... အဲဒါက ကြည့်ရတာ..."
ချောင်ရှင်း၏ အသံမှာ တုန်ရီနေခဲ့သည်။
ကျောင်ဖေးကုန်း ခေါင်းညိတ်လိုက်သည်။ သူ၏ မိသားစုဝင်အားလုံးမှာလည်း ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းသော စိုးရိမ်စိတ်ကို ခံစားနေရ၏။
ရုတ်တရက် အလင်းရောင်တစ်ခု ပေါက်ကွဲထွက်သွားပြီး ခဏအကြာတွင် သူတို့ မြင်တွေ့ခဲ့ရသော ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော မြေဟိန်းသံကို ကြားလိုက်ရတော့သည်။
ဝေးလံသော နေရာမှပင် ဤမျှအထိ မြင်တွေ့နေရသည်ဆိုလျှင် အနီးကပ် မြင်တွေ့ရသူများအတွက်မူ မည်မျှအထိ အံ့ဩစရာ ကောင်းမည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။
ကျူရိပ်မြို့သူ မြို့သားများနှင့် ချောင်မိသားစုမှာသိနိုင်သော်လည်း ချန်ရုယွမ်ကတော့ ဤပြပွဲကြီးကို ရှေ့ဆုံးကနေ ကြည့်နေရသူ ဖြစ်သည်။ ကျောက်စိမ်းနဂါးနိုင်ငံ၏ အစောင့်အရှောက်များထဲမှ တစ်ဦး ဖြစ်နေပါလျက်နှင့် ချန်ရုယွမ်မှာ ယခုအခါ ပြိုပျက်နေသော အဆောက်အဦးအောက်တွင် ကြောက်လန့်တုန်ရီစွာ ပုန်းအောင်းနေရ၏။
သူကိုယ်တိုင် တုန်ရီနေရုံသာမက သူ၏ ရွှေဝံပုလွေကြီးမှာပင် ကြောက်ရွံ့လွန်းသဖြင့် တုန်တုန်ရင်ရင် ဖြစ်နေတော့သည်။
လင်းကျင်းမှာမူ သက်ပြင်းအရှည်ကြီး တစ်ချက်ကို ချလိုက်နိုင်ပြီ ဖြစ်သည်။
အဆိုးရွားဆုံး အခြေအနေမှာ ကျော်လွန်သွားခဲ့ပြီ ဖြစ်သော်လည်း ယခုအချိန်တွင် သူ မလှုပ်ရှားနိုင်သေးပါချေ။
လင်းကျင်း၏ ကျင့်ကြံမှုမှာ တိုးတက်လာပြီး သူ၏ ခန္ဓာကိုယ်မှာ သာမန်လူထက် ပို၍ သန်မာလာသော်လည်း ရှောင်ဟော့နှင့် ရွှေဝါလေးကဲ့သို့သော သားရဲများကိုမူ မယှဉ်နိုင်ပါချေ။ နတ်ဘုရား မိုးကြိုးဒဏ်ကို ခံယူရင်း ရှန်းအာအတွက် စွမ်းအင်များကို လူစုခွဲပေးရန် လျှို့ဝှက်အတတ်ပညာကို အသုံးပြုရခြင်းမှာ အလွန်ပင် ခက်ခဲလှသော စမ်းသပ်မှုတစ်ခု ဖြစ်ခဲ့သည်။ လင်းကျင်း ခံစားခဲ့ရသော နာကျင်မှုမှာ ရှန်းအာ ခံစားခဲ့ရသည်နှင့် နှိုင်းယှဉ်လျှင် အလျော့မရှိပါချေ။ အမှန်တော့ သူသည် သာမန်လူသား ခန္ဓာကိုယ်သာ ရှိသဖြင့် သူ၏ အခြေအနေမှာ ပို၍ပင် ဆိုးရွားသည်ဟု ဆိုနိုင်ပေသည်။
ရှန်းအာမှာ မြေပြင်ပေါ်တွင် သတိလစ်နေသော်လည်း သူ လုပ်ဆောင်သင့်သမျှကို လုပ်ဆောင်ခဲ့ပြီဖြစ်ကြောင်း လင်းကျင်း သိထားသည်။ လျှို့ဝှက် အပ်စိုက်ကုထုံးကို အသုံးပြုကာ သူသည် မိုးကြိုးစွမ်းအင်များကို ရှန်းအာ၏ အတွင်းအင်္ဂါများထဲသို့ သွတ်သွင်းပေးနိုင်ခဲ့၏။ သူမအနေဖြင့် ၎င်းကို မည်သို့ အသုံးချမည်နည်း သို့မဟုတ် မည်သို့သော တိုးတက်မှုများ ရရှိမည်နည်း ဆိုသည်မှာမူ သူမအပေါ်တွင်သာ မူတည်တော့သည်။
ရှောင်ဟော့မှာလည်း အားအင်ကုန်ခမ်းနေသော်လည်း လင်းကျင်းထက်တော့ အခြေအနေ ပိုကောင်းပါသေးသည်။ မည်သို့ပင်ဆိုစေ သူသည် ဓမ္မခန္ဓာရှိသူဖြစ်ရာ မိုးကြိုး၏ ကျန်ရှိနေသော စွမ်းအားမှာ သူ့ကို အလွန်အမင်း ထိခိုက်စေခြင်း မရှိပါချေ။
ရွှေဝါလေးအတွက်မူ ညကောင်းကင်ယံမှ တောက်လောင်နေသော မီးတောက်လုံးကြီးကို ကြည့်ခြင်းအားဖြင့် ထိုငှက်မှာ အဆင်ပြေမည်ကို လင်းကျင်း သိထားသည်။ ကြက်ဖကြီးမှာ နာကျင်စရာကောင်းသော မိုးကြိုးဒဏ်ကို ရရှိခဲ့သဖြင့် သူ၏ ဒေါသများကို ဖြေဖျောက်ရန်အတွက် ကောင်းကင်ထက်၌ ဆက်လက် ပျံသန်းနေဆဲပင် ဖြစ်၏။
ရွှေဝါလေးအနေဖြင့် ထိုမိုးတိမ်များကို သူ၏ နာကျင်မှုအားလုံး၏ အရင်းအမြစ်ဟု ယူဆပုံရသဖြင့် ၎င်းတို့ကို ဆက်လက် တိုက်ခိုက်နေခြင်း ဖြစ်ပေလိမ့်မည်။
လင်းကျင်းလည်း သူ့ကို လွှတ်ထားလိုက်၏။
လင်းကျင်းသည် တင်ပျဉ်ခွေထိုင်လိုက်ကာ သူ၏ အတွင်းအာရုံဖြင့် မိမိ၏ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်ရာ အလွန်ပင် ဆိုးရွားသော အခြေအနေသို့ ရောက်နေသည်ကို တွေ့လိုက်ရသည်။ ယခုတစ်ကြိမ်တွင် သူသည် အနည်းငယ် မောက်မာမိသွားပုံ ရ၏။ နတ်ဘုရား မိုးကြိုးဒဏ်ကို သူ တောင့်ခံနိုင်မည်ဟု တွေးထင်ခဲ့မိခြင်း ဖြစ်သည်။
သူ၏ ခန့်မှန်းချက်မှာ အနည်းငယ် လွဲချော်သွားခဲ့ပြီး ယခုအခါ သူ၏ အတွင်းအင်္ဂါများမှာ ထိခိုက်နေပြီ ဖြစ်၏။ သွေးကြောအချို့မှာလည်း ပျက်စီးနေကာ သူ၏ ဝတ်ရုံမှာလည်း မီးလောင်ရာ အပေါက်ကြီးများ ဖြစ်နေတော့သည်။ ထိုအပေါက်များအောက်တွင် သူ၏ အရေပြားမှာ မီးလောင်ဒဏ်ရာ အကြီးအကျယ် ရရှိနေ၏။ တစ်နည်းအားဖြင့် ပြောရလျှင် လင်းကျင်းသည် လက်ရှိအချိန်တွင် ကျန်းမာသော အခြေအနေ၌ မရှိပါချေ။
လင်းကျင်းသည် သွေးအားဖြည့် ဆေးလုံးတစ်လုံးကို ထုတ်ယူကာ သောက်လိုက်ပြီး ပျက်စီးနေသော သွေးကြောများကို ပြန်လည် ပြုပြင်ပေးလိုက်သည်။
ထိုစဉ်မှာပင် သူ၏ နောက်ကျောဘက်၌ စွမ်းအင်တစ်ခု တိုးထွက်လာသည်ကို ခံစားလိုက်ရပြီး ဧည့်ခန်းမ၏ တံခါးမှာ လေဟာနယ်အတွင်းမှ ပေါ်ထွက်လာကာ သူ၏ ရှေ့တွင် တိတ်ဆိတ်စွာ ရပ်တည်နေခဲ့၏။
လင်းကျင်း မှင်တက်သွားသည်။
ထို့နောက်မှ သူ တစ်စုံတစ်ခုကို သတိရသွားတော့၏။
ဒီနေ့ဟာ ဧည့်ခန်းမ ပြန်လည် ဖွင့်လှစ်တဲ့ နေ့ဆိုတာကို သူ မေ့သွားခဲ့ခြင်းပင်။
ခဏမျှ စဉ်းစားပြီးနောက် လင်းကျင်းသည် တံခါးကို ပိတ်လိုက်၏။ ယခုအချိန်တွင် သူသည် ဧည့်ဂေဟာအတွင်းသို့ ဝင်ရောက်ရန် မသင့်တော်သေးပါချေ။ သူ၏ ပထမဆုံး ဦးစားပေးမှာ ခန္ဓာကိုယ်အတွင်းရှိ ကျန်ရှိနေသော မိုးကြိုးစွမ်းအင်များကို ကုသရန်နှင့် လူစုခွဲရန်သာ ဖြစ်သည်။ သူသည် နောက်တစ်ကြိမ်တွင်မှ ဧည့်ဂေဟာသို့ ဝင်ရောက်နိုင်သဖြင့် လောနေရန် မလိုပါချေ။
ဧည့်သည်များအတွက်မူ သူတို့အချင်းချင်း စကားပြောဆိုခွင့် ပေးထားလိုက်ခြင်းကလည်း ကောင်းသောအချက်ပင် ဖြစ်သည်။
ထုံးစံအတိုင်း ဧည့်ခန်းမအတွင်းရှိ လေထုမှာ သက်ဝင်လှုပ်ရှားနေခဲ့၏။
ယခုတစ်ကြိမ်တွင် အသစ်ရောက်လာသူ မရှိပါချေ။ ပြီးခဲ့သည့်အကြိမ်က ဖုန်းဇီချန်းနှင့် ကျောက်ကျင့်ယန်တို့ ရောက်ရှိလာပြီးနောက် ယခုအခါ စုစုပေါင်း ဧည့်သည် ရှစ်ဦး ရှိနေပြီ ဖြစ်သည်။
ယနေ့တွင် ဖုန်းဇီချန်းသည် ရှားပါး သားရဲများ၏ မျိုးဗီဇ နမူနာများစွာကို ယူဆောင်လာခဲ့ပြီး 'ပြတိုက်မှူး' ရောက်လာသောအခါ ပေးအပ်ရန် ပြင်ဆင်ထားသည်။ ထို့အပြင် သူသည် ရတနာအချို့ကိုလည်း ယူဆောင်လာခဲ့၏။ မည်သို့ပင်ဆိုစေ သူကဲ့သို့ ထိပ်တန်းနိုင်ငံတစ်ခုမှ မင်းသားတစ်ဦးအတွက် ဤပစ္စည်းများကို ရရှိရန်မှာ မခက်ခဲပါချေ။
အခြား အသစ်ရောက်လာသူဖြစ်သော ကျောက်ကျင့်ယန်မှာလည်း အပြည့်အဝ ပြင်ဆင်လာခဲ့သည်။ ဧည့်ခန်းမ ပြန်လည် မဖွင့်လှစ်မီ ရက်များအတွင်း သူမသည် အလွန်ပင် စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေခဲ့ရ၏။ ဖီးနစ်နန်းတော်၏ စစ်သေနာပတိချုပ် တစ်ဦးအနေဖြင့် ကျောက်ကျင့်ယန်သည် ဆန့်ကျင်ဘက် လိင်တစ်ဦးနှင့် တွေ့ဆုံရန် ဤမျှအထိ လိုလားခဲ့ခြင်းမျိုး တစ်ခါမှ မရှိခဲ့ဖူးပါချေ။
အမှန်တော့ ၎င်းမှာ ပြတိုက်မှူးက သူမ၏ သေဆုံးသွားသော ဖီးနစ်၏ ပြာများမှတစ်ဆင့် ဥတစ်လုံးအဖြစ် ပြောင်းလဲပေးခဲ့သောကြောင့် ဖြစ်၏။ ဤဥမှာ ကျောက်ကျင့်ယန်အတွက် နောက်ဆုံး မျှော်လင့်ချက် ဖြစ်လာခဲ့သည်။ 'နိဗ္ဗာနဟူသော စကားလုံး၏ အဓိပ္ပာယ်ကို သူမ ခန့်မှန်းနိုင်ခဲ့သော်လည်း ၎င်း၏ စစ်မှန်သော အဓိပ္ပာယ်ကိုမူ ပြတိုက်မှူးထံမှ လမ်းညွှန်ချက် ရယူရဦးမည် ဖြစ်သည်။
ထို့ကြောင့် ဧည့်ဂေဟာ ပြန်လည် ပွင့်လာသောအခါ သူမသည် ပထမဆုံး ဝင်ရောက်လာသူ ဖြစ်ခဲ့၏။ စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသော သူမသည် ပြတိုက်မှူး ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။
အခြား ဧည့်သည်များ ဝင်ရောက်လာသည်နှင့်အမျှ လူတိုင်းမှာ စကားစမြည် ပြောဆိုနေကြတော့သည်။ ဤနေရာတွင် ဟယ်ချန်းက ပြတိုက်မှူး၏ တပည့်ဖြစ်သူ အကဲဖြတ်မှူးလင်း၏ အောင်မြင်မှုများအကြောင်း သူတို့ကို ပြောပြနေခဲ့၏။ ဥပမာအားဖြင့် ကျောက်စိမ်းနဂါး ပွဲတော်အတွင်း သားရဲငါးကောင်ကို လွယ်ကူစွာ ဆင့်ကဲပြောင်းလဲပေးခဲ့ပုံနှင့် နဂါးရွေးချယ်ပွဲတွင် ဘာတွေ ဖြစ်ပျက်ခဲ့ပုံများကို ပြောပြနေရာ လူတိုင်းမှာ သူမ၏ ဇာတ်လမ်းကို စိတ်ဝင်တစား နားထောင်နေကြသည်။
သို့သော်လည်း သူတို့မှာ ထိုထက်မကသော အရာတစ်ခုကို စောင့်မျှော်နေကြခြင်း ဖြစ်ပြီး ၎င်းမှာ ပြတိုက်မှူး ရောက်ရှိလာခြင်းပင်။
ထို့ကြောင့် အချိန်အတော်ကြာသည့်တိုင် သူ ရောက်မလာသဖြင့် လူတိုင်းမှာ စိုးရိမ်လာကြတော့သည်။
ဟယ်ချန်းက ပထမဆုံး စကားစလိုက်၏။
"ပြတိုက်မှူး ဘာလို့ အခုထိ ရောက်မလာသေးတာလဲ"
သူမ စကားစလိုက်သည်နှင့် အခြားသူများမှာလည်း ထိုမေးခွန်းကိုပင် မေးမြန်းလာကြသော်လည်း ပြတိုက်မှူး ပျက်ကွက်ရခြင်း၏ အဖြေကိုမူ မည်သူမျှ မသိကြပါချေ။
"တစ်ခုခုကြောင့် သူ အလုပ်ရှုပ်နေတာ ဖြစ်မှာပါ"
တည်ငြိမ်လှသော ရဲ့ယွီကျိုးက မှတ်ချက်ပေးလိုက်သည်။ သူကိုယ်တိုင်လည်း သိချင်နေမိသော်လည်းပေါ့။
ထို့နောက်တွင် ဧည့်သည်များမှာ ဆက်လက် စကားပြောဆိုနေကြသော်လည်း ယခုတစ်ကြိမ်တွင် သူတို့၏ အကြောင်းအရာမှာ ပြတိုက်မှူးအား မလာနိုင်အောင် တားဆီးထားနိုင်သည့် ဖြစ်ရပ်များအကြောင်း ဖြစ်သွားတော့သည်။
ကမ္ဘာအနှံ့အပြားမှ ရောက်ရှိလာသော လူရှစ်ဦး၏ ဗဟုသုတများကို ပေါင်းစပ်လိုက်သောအခါ သူတို့သည် ထင်မြင်ချက် အမျိုးမျိုးကို ထုတ်ဖော်နိုင်ခဲ့ကြ၏။
အမှန်စင်စစ် သူတို့ထဲမှ မည်သူမျှ ပြတိုက်မှူး၏ ဘေးကင်းရေးအတွက် စိုးရိမ်ခြင်း မရှိကြပါချေ။ အကယ်၍ စိုးရိမ်စရာ ရှိလျှင်ပင် ၎င်းမှာ သိချင်စိတ်ကြောင့်သာ ဖြစ်ပေလိမ့်မည်။
သူတို့အတွက်မူ ဤလောကတွင် 'ပြတိုက်မှူး' ကို ယှဉ်နိုင်သည့်အရာ မရှိသဖြင့် သူ့အတွက် စိုးရိမ်စရာ မလိုပါချေ။ သို့သော်လည်း ၎င်းက ပြတိုက်မှူးကို အမှန်တကယ် နောက်ကျစေသည့် အကြောင်းအရင်းမှာ ဘာဖြစ်မလဲဆိုသည်ကိုမူ သူတို့ ပို၍ပင် သိချင်လာစေခဲ့သည်။
"မင်းတို့ရဲ့ တိုက်ကြီးတွေမှာ မကြာသေးခင်က ထူးထူးခြားခြား ဖြစ်ရပ်တစ်ခုခု ရှိခဲ့လား"
ရဲ့ယွီကျိုးက မေးလိုက်သည်။ သူသည် များသောအားဖြင့် မေပယ်မြို့ရှိ ကျင့်ကြံသူများအသင်းတွင်သာ ကျင့်ကြံနေလေ့ရှိသဖြင့် ကျောက်စိမ်းနဂါးနိုင်ငံအတွင်း ဖြစ်ပျက်နေသည်များကို သိရှိသော်လည်း ကမ္ဘာကြီးနှင့်မူ အတော်လေး အဆက်အသွယ် ပြတ်နေသူ ဖြစ်သည်။