← Chapters

အခန်း ၄၁၉

Vol. 21 Ch. 419

အခန်း ၄၁၉

Vol. 21 Ch. 419

အခန်း (၄၁၉) - ဒါလော့ဘုရားကျောင်း အရှုံးပေးခြင်း

​ကျောင်းထိုင်ဆရာတော်ကြီးသည် ထက်မြက်သောသူတစ်ဦး ဖြစ်ပေသည်။ သို့မဟုတ်ပါက သူသည် ဤရာထူးနေရာသို့ ရောက်ရှိလာနိုင်စရာ အကြောင်းမရှိပါချေ။ သူသည် လက်ကို မြှောက်လိုက်ကာ ဦးရစ်ဆောင်းထားသော လင်းယုန်နတ်မင်းကို နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာစေရန် အချက်ပြလိုက်၏။ သူ၏ အသံတွင် ကြောက်ရွံ့မှုများ ပါဝင်နေပြီး ပြောလိုက်၏။

"ပြတိုက်မှူး... ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ... အကြမ်းဖက်တာထက် အကျိုးသင့်အကြောင်းသင့် စကားပြောကြရအောင်ပါ"

​လင်းကျင်းသည် စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်မိ၏။

​'ငါသာ ဒီမီးနတ်ဘုရားအမိန့်တော်ကို မထုတ်ပြခဲ့ရင် ခင်ဗျားတို့ ငါ့ကို အခုချက်ချင်း သတ်ပစ်ကြမှာပဲ မဟုတ်လား'

​'အကျိုးသင့်အကြောင်းသင့် စကားပြောမယ် ဟုတ်လား'

​'ဟင်း'

​သို့သော်လည်း လင်းကျင်းသည် လူမိုက်တစ်ယောက် မဟုတ်ပါချေ။ သူတို့ အားလုံးကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ရန်မှာ မဖြစ်နိုင်ကြောင်း သူသိသဖြင့် အေးစက်စက် ရယ်မောလိုက်သည်။

​"ဆရာတော်ကြီး... ကျုပ်အတွက် ဘာများ ထပ်ပြီး အကြံပေးချင်သေးလို့လဲ"

​"မဟုတ်ပါဘူး... မဟုတ်ပါဘူး... အကြံပေးတယ်လို့ သဘောမထားပါနဲ့... ပြတိုက်မှူးက တကယ့်ကို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သလို ဒီအမိန့်တော် လက်ဖွဲ့ကလည်း တကယ့်ကို အံ့မခန်းပါပဲ... ဒီဆင်းရဲသား ဘုန်းကြီးက ပြတိုက်မှူးရဲ့ အံ့မခန်းလှတဲ့ စွမ်းအားတွေကို မြင်တွေ့ပြီးတဲ့နောက် အမှန်တကယ်ပဲ အလေးအနက် ယုံကြည်သွားပါပြီ"

ဆရာတော်ကြီးက ဆိုသည်။

​သူသည် မိမိကိုယ်ကိုယ် ခေါ်ဆိုသည့် လေသံကိုပင် ပြောင်းလဲလိုက်၏။ 'ဒီဆင်းရဲသား ဘုန်းကြီး'ဟု သုံးနှုန်းခြင်းအားဖြင့် သူသည် အမှန်တကယ်ပင် နောက်ဆုတ်သွားပြီဖြစ်ကြောင်း ထင်ရှားလှပေသည်။

​"ပြတိုက်မှူး ပြောခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဒီဆင်းရဲသား ဘုန်းကြီးမှာ အကန့်အသတ်ရှိတဲ့ ဗဟုသုတပဲ ရှိပါသေးတယ်... ကျုပ် မိစ္ဆာနှိမ်နင်းရေးခန်းမ ခန်းမမှူးကို ခေါ်ခိုင်းလိုက်တဲ့အထိ ခဏလောက် စောင့်ပေးလို့ ရမလား... သူ့ကို ဒီကိစ္စကို ရှင်းပြခိုင်းပါ့မယ်"

​'ခင်ဗျား အစကတည်းက အဲဒီလို လုပ်ခဲ့သင့်တာ'

လင်းကျင်းက စိတ်ထဲမှ ကြိတ်၍ ရေရွတ်လိုက်သည်။

​"ဒါဆိုရင်တော့ ဆရာတော်ကြီးကို အလုပ်ရှုပ်စေမိပြီ"

​မှန်ပါသည်။ လင်းကျင်းသည် ဒါလော့ဘုရားကျောင်းကို အပေးအယူလုပ်ရန် ဖိအားပေးကာ မျောက်ဖြူကို ပြန်လည် လွတ်မြောက်စေရန်နှင့် တရားဝင် တောင်းပန်မှု ပြုလုပ်စေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ၎င်းမှာ သူ၏ ပန်းတိုင်ပင် ဖြစ်၏။

​အခြေအနေကို စတင် ထိန်းချုပ်နိုင်သည့် စွမ်းအားမှာ ယခုအခါ လင်းကျင်း၏ လက်ထဲတွင် ရှိနေပြီ ဖြစ်သည်။ ဒါလော့ဘုရားကျောင်းသည် အသက်သေဆုံးသည်အထိ တိုက်ခိုက်ရမည့် တိုက်ပွဲကို ကြောက်ရွံ့နေသရွေ့၊ သူတို့၏ နှစ်ပေါင်းတစ်ထောင် သက်တမ်းရှိသော အဆောက်အဦးများကို ဂရုစိုက်နေသရွေ့ သူတို့သည် လင်းကျင်းနှင့် တိုက်ခိုက်ရန် မည်သည့်အခါမျှ ရွေးချယ်မည် မဟုတ်ပါချေ။

​တိုက်ခိုက်၍ မရလျှင် လက်နက်ချရန်သာ ရှိတော့သည်။ သို့သော်လည်း လင်းကျင်းအနေဖြင့် သူတို့ကို အလွန်အမင်း ဖိအားမပေးသင့်ပါ၊ မဟုတ်ပါက သူသည် ဘာမှမရဘဲ လက်ချည်းဗလာနှင့် ပြန်သွားရနိုင်ပေသည်။

​မကြာမီမှာပင် မိစ္ဆာနှိမ်နင်းရေးခန်းမ အုပ်ချုပ်သူ 'ကျွယ်ကျန်း' ရောက်ရှိလာသည်။ လွန်ခဲ့သော နှစ်ရက်က သူရရှိခဲ့သော ဓားဒဏ်ရာကြောင့် သူ၏ မျက်နှာမှာ စာရွက်တစ်ရွက်ကဲ့သို့ ဖြူဖျော့နေဆဲပင် ဖြစ်၏။

​ထိုအုပ်ချုပ်သူ၏ နောက်ကွယ်တွင် ထူးခြားသော အရှိန်အဝါရှိပြီး ပြုံးနေသော လူလတ်ပိုင်း ဘုန်းတော်ကြီးတစ်ပါး လိုက်ပါလာသည်။ ဘုန်းတော်ကြီး အများစုမှာမူ သူတို့၏ ခေါင်းပေါ်တွင် ကြီးမားသော မီးလုံးကြီး ရှိနေသည်ကို မြင်ကာ ချွေးများ တစိုစို ထွက်နေကြ၏။ ပူပြင်းလှသော အပူရှိန်ကြောင့် ဘုရားကျောင်းအတွင်းရှိ မြက်ခြောက်အချို့မှာပင် မီးခိုးများ ထွက်ပေါ်နေပြီ ဖြစ်သည်။ အကယ်၍ ထိုမီးတောက်များသာ ဆက်ရှိနေပါက မီးလောင်မှု ဖြစ်ပွားနိုင်သဖြင့် ဘုန်းတော်ကြီးများမှာ ရေပုံးများကို ကိုင်ဆောင်ကာ ပျာပျာသလဲ ပြေးလွှားနေကြရသည်။

​အုပ်ချုပ်သူ ကျွယ်ကျန်းသည် လင်းကျင်း၏ လက်ထဲမှ မြေခွေးလေးကို မြင်လိုက်ရသောအခါ သူ၏ မျက်ဝန်းများမှာ ပြူးကျယ်သွားပြီး မျက်နှာမှာလည်း မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားတော့သည်။

​သူသည် ထိုသတ္တဝါကို ရှင်းရှင်းလင်းလင်း မှတ်မိနေပေသည်။

​"ကျွယ်ကျန်း... ဒီပုဂ္ဂိုလ်က ပြတိုက်မှူးပဲ... သူက ဒါလော့ဘုရားကျောင်းကို ရောက်လာရတဲ့ အကြောင်းရင်းက..."

ဆရာတော်ကြီးသည် အခြေအနေကို အကျဉ်းချုပ် ရှင်းပြလိုက်ပြီးနောက် မေးမြန်းလိုက်၏။

"ကျွယ်ကျန်း... ဘာဖြစ်ခဲ့သလဲဆိုတာကို အမှန်အတိုင်း ပြောပြစမ်းပါ"

​ကျွယ်ကျန်းမှာ စကားပြောရန် ဝန်လေးနေပုံရသော်လည်း သူတို့၏ ခေါင်းပေါ်မှ တောက်လောင်နေသော နေမင်းကြီးက အချိန်ဆွဲနေရန် အခွင့်အရေး မပေးပါချေ။ ထို့ကြောင့် သူသည် ဒေါသကို အောင့်အည်းကာ စတင် ပြောကြားလိုက်တော့သည်။

​"အဲဒီနေ့က ကျုပ်နဲ့ ကျုပ်ရဲ့ တပည့်နှစ်ယောက်ဖြစ်တဲ့ ကျီနျန်နဲ့ ကျီယင်းတို့ဟာ လောင်တောင်ကြားကို ဖြတ်သန်းသွားစဉ်မှာ လူအချို့က ကျုပ်တို့ကို တားခဲ့ကြတယ်... သူတို့က အနီးအနားက ကျူရိပ်မြို့မှာ မိစ္ဆာတစ်ကောင်က သောင်းကျန်းနေတယ်လို့ ပြောပြကြတယ်... အဲဒီမိစ္ဆာကို သတ်ပေးဖို့ ကျုပ်တို့ကို အသနားခံကြတာကြောင့် ကျွန်တော့်ရဲ့ တပည့် ကျီယင်းကို အဲဒီတာဝန် ပေးလိုက်တယ်... သူ့အပြန်ကို စောင့်နေတုန်းမှာ မြို့ထဲကနေ ပြင်းထန်တဲ့ မိစ္ဆာစွမ်းအင်တွေကို ကျုပ်ခံစားလိုက်ရတယ်... မြို့ထဲကို ရောက်သွားတဲ့အခါ မြေခွေးက လူတွေကို တိုက်ခိုက်နေတာကို တွေ့လိုက်ရတယ်... ဒါလော့ဘုရားကျောင်းရဲ့ နောက်လိုက်တစ်ယောက်အနေနဲ့ သူမကို နှိမ်နင်းဖို့ဆိုတာ အထင်အရှားပါပဲ... အစကနေ အခုအထိ ကျုပ်ရဲ့ စိတ်ရင်းဟာ ဖြူစင်ပါတယ်"

​ကျွယ်ကျန်း၏ ပြောပြချက်ကို ကြားလိုက်ရသောအခါ လင်းကျင်းသည် ဘာဖြစ်ခဲ့သည်ကို အနည်းနှင့်အများ ရိပ်မိလိုက်ပြီ ဖြစ်သည်။

​"ဆရာတော် ကျွယ်ကျန်း... ခင်ဗျား သူခိုးက လူဟစ်တာကို ခံလိုက်ရနိုင်တယ်ဆိုတာ တစ်ခါမှ မစဉ်းစားခဲ့ဘူးလား... သူတို့က ခင်ဗျားကို အသုံးချသွားတာဆိုရင်ကော"

လင်းကျင်းက မေးလိုက်ပြီး ကျောက်မိသားစုတွင် ဘာဖြစ်ခဲ့သည်ကို ရှင်းပြလိုက်သည်။

​"အဲဒီသူခိုးတွေက မိစ္ဆာအကဲဖြတ်အသင်းက အောက်တန်းစားတွေပဲ... သူတို့က ချောင်မိသားစုရဲ့ အမွေအနှစ်ကို လုယူဖို့အတွက် ကျူရိပ်မြို့မှာ ခိုအောင်းနေကြတာ... ခင်ဗျားက လမ်းကြုံလို့ ရောက်သွားတာကို သူတို့က အသုံးချပြီး အကူအညီ တောင်းလိုက်တာပဲ"

လင်းကျင်းသည် အခြေအနေကို နောက်ဆုံးတွင် နားလည်သွားခဲ့ပြီ ဖြစ်သည်။

​ဒါလော့ဘုရားကျောင်းသည် မိစ္ဆာအကဲဖြတ်အသင်းနှင့် ပူးပေါင်းနေသည်ဟု သူ သံသယဝင်ခဲ့သောကြောင့် အစက အလွန်အမင်း ဒေါသထွက်ခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း ယခုအခါတွင်မူ ထိုသို့မဟုတ်ကြောင်း ထင်ရှားလှပေသည်။ မည်သို့ပင်ဖြစ်စေ ကျွယ်ကျန်းအနေဖြင့် သူတွေ့သမျှ မိစ္ဆာတိုင်းကို ခွဲခြားမှုမရှိဘဲ မကောင်းဆိုးဝါးအဖြစ် သတ်မှတ်ခဲ့ခြင်းမှာလည်း သူ့တွင် အမှားရှိနေသည်သာ ဖြစ်၏။

​သူ၏ ရှင်းပြချက်ကို ကြားလိုက်ရသောအခါ ဘုန်းတော်ကြီးများ၏ မျက်နှာမှာ အမျိုးမျိုး ပြောင်းလဲသွားကြသော်လည်း အများစုမှာမူ အခြေအနေကို သဘောပေါက်သွားကြဟန် ရှိသည်။

​"ဟင်း... ဒါဆိုရင်တော့ ဒါဟာ နားလည်မှုလွဲတာပဲ ဖြစ်ရမယ်... ငါတို့ ဒါလော့ဘုရားကျောင်းဟာ မိစ္ဆာနဲ့ နတ်ဆိုးတွေကို နှိမ်နင်းတဲ့နေရာမှာ နာမည်ကြီးတာဆိုတော့ မိစ္ဆာအကဲဖြတ်အသင်းက သူခိုးတွေဟာ ဒါကို သိထားကြမှာပဲ... ငါတို့လက်ကို အသုံးချပြီး သူတို့ရဲ့ မကောင်းမှုတွေကို လုပ်ဆောင်ဖို့ စီစဉ်ခဲ့ကြတာ ဖြစ်ရမယ်"

ဆရာတော်ကြီးသည် ထက်မြက်သူပီပီ ဤဖြစ်ရပ်မှ သူတို့ အပြစ်ကင်းစင်အောင် လွတ်မြောက်နိုင်မည့် နည်းလမ်းကို တွေ့ရှိသွားသဖြင့် ချက်ချင်းပင် လက်ခံလိုက်တော့သည်။

​၎င်းမှာ အတော်လေး အရှက်ရစရာ ကောင်းသော်လည်း သူ့တွင် ရွေးချယ်စရာ မရှိပါချေ။ သူသည် ယခုအချိန်တွင် ပြတိုက်မှူးကို အမှန်တကယ် တိုက်ခိုက်၍ မရပါချေ။

​ပို၍ အရေးကြီးသည်မှာ ပြတိုက်မှူး၏ အရည်အချင်းမှာ အလွန်ပင် မြင့်မားလှခြင်းပင်။ အကယ်၍ ဒါလော့ဘုရားကျောင်းက သူ့ကို တိုက်ခိုက်ရန် ဇွတ်အတင်း ကြိုးစားပါက နှစ်ဖက်စလုံးမှာ ပြန်လည် ကုစား၍မရနိုင်သော ထိခိုက်မှုများကို ခံစားရပေလိမ့်မည်။ အကျိုးဆက်များကို ထားလိုက်ပါဦး၊ သူတို့၏ နှစ်ပေါင်းတစ်ထောင် သက်တမ်းရှိသော ဘုရားကျောင်းနှင့် ခန်းမဆောင်များစွာမှာ သေချာပေါက် ပျက်စီးသွားပေလိမ့်မည်။

​သူတို့၏ ပြိုင်ဘက်မှာ ကောင်းကင်ပေါ်မှ ဆင်းသက်လာသော တောက်လောင်နေသည့် နေမင်းကြီး ဖြစ်နေသဖြင့် ၎င်းမှာ အချည်းနှီးသော တိုက်ပွဲတစ်ခုသာ ဖြစ်ပေလိမ့်မည်။

​သူတို့သည် အာချာလာ၏ ရွှေရောင်တောင်ထိပ် အတတ်ပညာဖြင့်ပင် ကာကွယ်နိုင်မည် မဟုတ်သလို ၎င်းကို အသုံးပြုရန်လည်း အချိန်လုံလောက်မည် မဟုတ်ပါချေ။

​လင်းကျင်း၏ ထက်မြက်သော အကဲခတ်မှုအရ အုပ်ချုပ်သူမှာလည်း ပြင်းထန်စွာ ဒဏ်ရာရထားကြောင်း သိနိုင်သည်။ အကယ်၍ သူ ခန့်မှန်းရမည်ဆိုပါက ရှန်းအာသည် အရာဝတ္ထု ထိန်းချုပ်ခြင်းအတတ်ပညာဖြင့် သူ့ကို ချောင်းမြောင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ရပေမည်။ ဤဘုန်းတော်ကြီးသည် ကာကွယ်သူခန္ဓာကိုယ်အဆင့်သို့ မရောက်သေးသဖြင့် ဤဒဏ်ရာရရှိပြီးနောက် သူ ပြန်လည် နာလန်ထူလာလျှင်ပင် သူ၏ သက်တမ်းမှာ တိုတောင်းသွားမည် ဖြစ်သလို ကျင့်ကြံမှု တိုးတက်ရန်မှာလည်း အလွန်ပင် ခက်ခဲသွားပေလိမ့်မည်။

​နှိုင်းယှဉ်ကြည့်မည်ဆိုပါက ရှန်းအာမှာ ပို၍ ပြင်းထန်သော ဒဏ်ရာများကို ခံစားခဲ့ရသော်လည်း သူမတွင် ကုသပေးမည့် လင်းကျင်း ရှိနေသည်။ သူမသည် အနာဂတ်တွင် သေချာပေါက် အသွင်ပြောင်းလဲနိုင်မည် ဖြစ်သလို သူမ၏ စွမ်းအားမှာလည်း တိုးတက်လာမည် ဖြစ်ရာ ၎င်းမှာ အခြေအနေကို အနည်းငယ် မျှတသွားစေသည်။ လင်းကျင်းသည် အစက ထိုဘုန်းတော်ကြီးအိုကြီးကို ဒုက္ခိတဖြစ်အောင် လုပ်ရန် စီစဉ်ခဲ့သော်လည်း ယခုကြည့်ရသည်မှာ သူသည် ဒုက္ခိတတစ်ယောက်နှင့် မခြားတော့ပါချေ။

​ထိုသို့ တွေးမိသောအခါ လင်းကျင်းက ယဉ်ကျေးစွာ ပြန်လည် တုံ့ပြန်လိုက်သည်။

"ဆရာတော်ကြီး ပြောတာ မှန်ပါတယ်... ရက်စက်တဲ့သူတွေကို ဖယ်ရှားပြီး လူတွေကို ကာကွယ်ပေးတာက မမှားပါဘူး... ဒါပေမဲ့ ဒီကမ္ဘာပေါ်က မိစ္ဆာတိုင်းဟာ မကောင်းဆိုးဝါးတွေ မဟုတ်ဘူးဆိုတာကိုတော့ သိထားစေချင်ပါတယ်...ဒါလော့ဘုရားကျောင်းက ဆရာတော်ကြီးတွေအနေနဲ့ နောက်ဆိုရင် တွေ့သမျှ မိစ္ဆာတွေကို သေချာ စုံစမ်းစစ်ဆေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်... အကယ်၍ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်နေတဲ့ သဘောထားကောင်းတဲ့ မိစ္ဆာတွေကို တွေ့ခဲ့ရင် သူတို့ကို ကရုဏာ ထားပေးကြဖို့ မျှော်လင့်ပါတယ်... ခင်ဗျားတို့ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့အတွက် သူတို့ကို သတ်ဖြတ်ဖို့ ဇွတ်အတင်း မလုပ်ကြပါနဲ့"

​၎င်းမှာ ဒါလော့ဘုရားကျောင်းမှ ဘုန်းတော်ကြီးများအတွက် 'ဆုံးမစကား' တစ်ခု ဖြစ်နေတော့သည်။ သာမန် အခြေအနေများတွင် ဤဘုန်းတော်ကြီးများသည် ကိုယ်ကျင့်တရားနှင့် အသိပညာ မြင့်မားသော နေရာမှ ရပ်တည်လေ့ရှိသူများ ဖြစ်ကြသည်။ သူတို့သည် သူတစ်ပါးကို ဆုံးမသွန်သင်ကာ အလင်းပြပေးလေ့ရှိသူများ ဖြစ်ကြ၏။ ယခုအခါ အခြေအနေမှာ ရုတ်တရက် ပြောင်းပြန် ဖြစ်သွားသဖြင့် သူတို့ထဲမှ အချို့မှာ ဝမ်းနည်းပူဆွေးမှုကို ခံစားလိုက်ရခြင်းမှာ အံ့သြစရာ မဟုတ်ပါချေ။

​သို့သော်လည်း သူတို့တွင် လင်းကျင်း၏ အကြံပေးချက်ကို နားထောင်ရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိပါချေ။

​ပတ်ဝန်းကျင် အခြေအနေမှာ ပြန်လည် တည်ငြိမ်သွားပြီဖြစ်ရာ ပဋိပက္ခကို ထပ်မံ ဖြစ်ပွားစေခြင်းမှာ မလိမ္မာရာ ရောက်ပေလိမ့်မည်။ ထို့အပြင် သူတို့ လုပ်ဆောင်ချင်လျှင်ပင် ဆရာတော်ကြီးက ထိုကဲ့သို့ လုပ်ခွင့်ပေးမည် မဟုတ်ပါချေ။

​ကောင်းပါပြီ။ သူတို့ တိတ်တိတ်ဆိတ်ဆိတ်သာ နားထောင်ကြပေလိမ့်မည်။

​"ဆရာတော် ကျွယ်ကျန်း... ဒါဟာ နားလည်မှုလွဲတာပဲဆိုတော့ ကျုပ် ဒီကိစ္စကို ထပ်ပြီး စုံစမ်းနေမှာ မဟုတ်တော့ဘူး... ကျုပ်ရဲ့ မြေးတပည့် မျောက်ဖြူကို လွှတ်ပေးလိုက်ပါ၊ ဒါဆိုရင် ကိုပ် အမိန့်တော်ကို ပြန်ရုပ်သိမ်းပြီး ဒီတောင်ပေါ်ကနေ ချက်ချင်း ထွက်သွားမယ်"

လင်းကျင်းက ဆိုလိုက်သည်။

​သူ စိတ်မကောင်းဖြစ်သွားရသည်မှာ ကျွယ်ကျန်း၏ မျက်ခုံးများမှာ တွန့်ချိုးသွားပြီး သူက ခေါင်းခါလိုက်ခြင်းပင်။

"ကျုပ်ရဲ့ တပည့် ကျီယင်းက... လောင်တောင်ကြားမှာ လမ်းခွဲခဲ့ကတည်းက အခုထိ ပြန်မရောက်သေးပါဘူး... ပြတိုက်မှူး ပြောတဲ့ မျောက်ဖြူက ဒါလော့ဘုရားကျောင်းမှာ မရှိပါဘူး"

​"ဘာ"

လင်းကျင်းမှာ ထိတ်လန့်သွားတော့သည်။

​သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ တစ်ဖက်လူ၏ ပြောဆိုချက်ကို သံသယဝင်ခြင်းပင်။ လင်းကျင်းသည် သူ၏ အရှိန်အဝါကို မြှင့်တင်လိုက်၏။ သူတို့သည် မျောက်ဖြူကို သတ်ပစ်လိုက်ကြပြီးပြီဖြစ်၍ ယခုကဲ့သို့ အဆင်ပြေမည့် အဖြေတစ်ခုကို လုပ်ကြံပြောနေခြင်း ဖြစ်နိုင်သည်ဟု သူ သံသယဝင်နေမိသည်။

​ခဏချင်းမှာပင် ပတ်ဝန်းကျင် အခြေအနေမှာ ပြန်လည် တင်းမာသွားခဲ့ပြန်၏။

"ချောင်မိသားစုရဲ့ ပြောပြချက်အရ ဒါလော့ဘုရားကျောင်းက ဘုန်းတော်ကြီးတစ်ပါးက မျောက်ဖြူကို သွားရောက် စိန်ခေါ်ခဲ့ပြီး အပြစ်မဲ့တဲ့ လူတွေ ထိခိုက်မှာ စိုးတာကြောင့် သူက တိုက်ခိုက်ဖို့အတွက် မြို့ပြင်ကို ထွက်သွားခဲ့တယ်.. ကျုပ်တို့က မြို့ပြင်က ဆိတ်ငြိမ်တဲ့ နေရာတစ်ခုမှာ ပျက်စီးနေတဲ့ အထောက်အထားတွေကိုပဲ တွေ့ခဲ့ရတယ်၊ အခုထိလည်း မျောက်ဖြူက ပြန်မရောက်သေးဘူး... သူက ခင်ဗျားတို့ ဘုရားကျောင်းမှာ ရှိနေရမှာ မဟုတ်ဘူးလား... ဒါမှမဟုတ် ခင်ဗျားတို့က သူ့ကို သတ်ပစ်လိုက်ပြီလား"

​လင်းကျင်း၏ လေသံမှာ ရေခဲကဲ့သို့ အေးစက်နေတော့သည်။ အကယ်၍ ဤဘုန်းတော်ကြီးများသည် မျောက်ဖြူကို အမှန်တကယ် သတ်ပစ်လိုက်ကြပြီဆိုလျှင် လင်းကျင်းသည် ယနေ့ ဒါလော့ဘုရားကျောင်း ပျက်စီးသွားစေရန် သေချာပေါက် လုပ်ဆောင်ပေလိမ့်မည်။

All Chapters