← Chapters

အခန်း (၁၉၉-၂၀၀)

Vol. 19 Ch. 199-200

အခန်း (၁၉၉-၂၀၀)

Vol. 19 Ch. 199-200

`

အခန်း (၁၉၉) သမိုင်းကို ပြောင်းလဲခြင်း

သဲကန္တာရ၏ သဘာဝပတ်ဝန်းကျင်သည် အကြီးစား စစ်ဆင်ရေးများ ဆင်နွှဲရန် သင့်တော်သော နေရာတစ်ခု မဟုတ်ပေ။ သဲကန္တာရကြီး၏ အရှေ့ဘက်နှင့် အနောက်ဘက် အစွန်းနှစ်ဖက်လုံးတွင် စစ်တပ်ကြီးနှစ်ခုကို တပ်စွဲထားရအောင် မင်စစ်တပ်၏ စစ်သေနာပတိချုပ်သည် စိတ်ရူးပေါက်နေ၍လော။

မင်စစ်တပ်သည် ထိုသဲကန္တာရကို အလွန်အရေးကြီးသော နယ်မြေတစ်ခုအဖြစ် သတ်မှတ်ကာ အင်အားအပြည့်ဖြင့် ခံစစ်ပြင်ဆင်နေသည့် အနေအထား ဖြစ်နေသည်မှာ ထင်ရှားလှ၏။

သို့သော် ခြောက်သွေ့သွေ့ သဲကန္တာရကြီးကို ကာကွယ်ခြင်းက ဘာအသုံးဝင်မည်နည်း။

သူတို့၏ ထောက်ပို့ရိက္ခာများကို မည်သို့ သယ်ယူပို့ဆောင်ကြမည်နည်း။

သဲကန္တာရ၏ ဘေးတစ်ဖက်တစ်ချက်တွင် တိုက်ပွဲစတင်သည်နှင့် သူတို့အတွက် လှုပ်ရှားရုန်းထွက်ရန် နေရာရှိတော့မည် မဟုတ်ပေ။ အနည်းငယ်မျှ အခြေအနေမလှသည်နှင့် သဲကန္တာရထဲသို့ ဆုတ်ခွာရမည် ဖြစ်ရာ ၎င်းသည် သေကြောင်းကြံစည်ခြင်းသာ ဖြစ်၏။

ဥူဆာခါခန်သည် မိုက်မဲသောသူ မဟုတ်ပေ။ လက်တွေ့တွင် သူသည် အလွန် လျှို့ဝှက်ထက်မြက်သူ ဖြစ်ပြီး အထူးသဖြင့် စစ်သည်အင်အား ဖြန့်ကျက်မှု ဗျူဟာတွင် မွန်ဂိုအုပ်ချုပ်သူ အားလုံးထဲ၌ ထိပ်ဆုံးငါးဦးစာရင်းတွင် အလွယ်တကူ ပါဝင်နိုင်သူ ဖြစ်သည်။ သို့သော် သူသည် လက်ရှိ အခြေအနေကို အမှန်တကယ်ပင် နားမလည်နိုင် ဖြစ်နေရ၏။

မင်စစ်တပ်က မည်သည့်လှည့်ကွက်များ သုံးနေသည်ကို သိရှိနိုင်ရန် သူသည် ကင်းထောက်များကို ချဉ်းကပ်စုံစမ်းဖို့ ဆက်တိုက် အမိန့်ပေးခဲ့သည်။ သို့သော် မင်စစ်တပ်သည် အလွန် နိုးနိုးကြားကြားရှိလှပြီး သဲကန္တာရမှ လီနှစ်ရာကျော် ပတ်လည်အထိ ရှေ့တန်းကင်းထောက် အင်အားအမြောက်အမြားကို ဖြန့်ကျက်ထား၏။

နှစ်ဖက်စလုံးမှ ကင်းထောက်များသည် အပြန်အလှန် ကြားဖြတ်တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းများကို အမြဲ ပြုလုပ်နေကြပြီး ကင်းထောက်ခြင်းနှင့် ကင်းထောက်မှု တားဆီးခြင်း မြင်ကွင်းများကို ထပ်ခါတလဲလဲ ဖော်ဆောင်နေကြသော်လည်း မည်သည့် သတင်းအချက်အလက်မျှ မရရှိခဲ့ကြပေ။

ဤအရာသည် အခွင့်အရေးတစ်ခု ဖြစ်ကြောင်း သူ သိရှိသွားပြီး ထက်မြက်သော မြင်းစီးတပ်ဖွဲ့တစ်ခုကို စေလွှတ်ကာ အတင်းအကြပ် ချဉ်းကပ်ခိုင်းခဲ့သော်လည်း မင်စစ်တပ်၏ တုံ့ပြန်တိုက်စစ်ကလည်း ထပ်တူပင် ပြင်းထန်လှသဖြင့် မွန်ဂိုမြင်းစီးတပ်ဖွဲ့ကို လျင်မြန်စွာ မောင်းထုတ်ပစ်ခဲ့၏။

ယခုအချိန်အထိ ဥူဆာခါခန်သည် ဘာတွေဖြစ်ပျက်နေမှန်း မသိသေးဘဲ ထူးဆန်းသော အခြေအနေသည် နောက်ထပ် လေးရက်တိုင်တိုင် ဆက်လက် ဖြစ်ပွားနေခဲ့သည်။

စတုတ္ထမြောက်နေ့ ညနေပိုင်းတွင် အရှေ့ဘက် စစ်မျက်နှာပြင်မှ တိုက်ပွဲသတင်းပေးပို့ချက်သည် ဥူဆာခါခန်၏ လက်ထဲသို့ နောက်ဆုံးတွင် ရောက်ရှိလာ၏။ လွန်ခဲ့သော လဝက်ကတည်းက မင်စစ်တပ်၏ အရှေ့ဘက်တပ်ဖွဲ့သည် အရှေ့ဘက် စစ်မျက်နှာပြင်တွင် အလွန် ပြင်းထန်သော ထိုးစစ်ကြီးကို စတင်ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။ ထိုဒေသရှိ မွန်ဂိုစစ်တပ်သည် ဆက်တိုက် အဖောက်ခံရသဖြင့် အရှေ့မြောက်ဘက်သို့ ဆုတ်ခွာခဲ့ရ၏။

မြောက်ပိုင်းစစ်ဆင်ရေးကဲ့သို့ ကြီးမားသော စစ်ရေးလုပ်ဆောင်မှုမျိုးတွင် ကြီးမားသော စစ်ဗျူဟာမြောက် မှားယွင်းတွက်ချက်မှုမျိုး ဖြစ်ပွားရန် မဖြစ်နိုင်သလောက် ရှိလှပြီး ရန်သူ၏ အဓိက တိုက်စစ်ဆင်မည့် အရပ်မျက်နှာကို မှားယွင်းရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။

ဥူဆာခါခန်သည် အဓိက တိုက်စစ်ဆင်မည့် အရပ်မျက်နှာမှာ အနောက်ဘက် ဖြစ်ကြောင်း သေချာစွာ သိရှိထား၏။ အနောက်ဘက်သည် မင်စစ်တပ်၏ တကယ့်ပင်မတပ်ဖွဲ့ ရှိရာ နေရာ ဖြစ်သည်။ အရှေ့ဘက် စစ်မျက်နှာပြင်မှာမူ ရန်သူကို ထိန်းချုပ်ရန်နှင့် အရန်တပ်အဖြစ်သာ အသုံးချခြင်း ဖြစ်ပြီး တိုက်ပွဲဝင်နေကြသော နှစ်ဖက်စလုံးက သူတို့၏ အင်အားကို ဤသို့သာ ဖြန့်ကျက်ထားကြသည်။

ဤအချိန်တွင် ပါးနပ်သော ဥူဆာခါခန်သည် အခြေအနေကို အလွန် ရှင်းလင်းစွာ နားလည်သွားတော့၏။ မင်စစ်တပ်က အရှေ့ဘက် စစ်မျက်နှာပြင်တွင် ပြင်းထန်သော ထိုးစစ်ဆင်နေခြင်းမှာ မွန်ဂိုစစ်တပ်ကို ပိုမို ခြေချုပ်မိစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ သူတို့၏ တိုက်ခိုက်မှု ပိုမို ပြင်းထန်လေလေ အနောက်ဘက် စစ်မျက်နှာပြင်တွင် ကြီးမားသော စစ်ဆင်ရေးကြီးတစ်ခု မကြာမီ စတင်တော့မည် ဖြစ်ကြောင်း ပိုမို ထင်ရှားလေလေ ဖြစ်၏။

ဤမျှ ရိုးရှင်းသော စစ်ကစားမှုမျိုးက တိုက်ပွဲပေါင်းများစွာကို ကြုံတွေ့ခဲ့ဖူးသော ဥူဆာခါခန်ကို မလှည့်စားနိုင်ပေ။

စစ်ပွဲ၏ ဗဟိုချက်မှာ အရှေ့ဘက် စစ်မျက်နှာပြင်တွင် မဟုတ်ကြောင်း သူ သိရှိပြီး ဖြစ်ကာ မင်စစ်တပ်၏ စစ်ဗျူဟာမြောက် တပ်ဖြန့်မှုကို တိကျစွာ တွက်ချက်နိုင်ခဲ့သော်လည်း မင်စစ်တပ်၏ စစ်ဗျူဟာမြောက် ရည်ရွယ်ချက်ကိုမူ သူ အဖြေရှာမရ ဖြစ်နေဆဲ ဖြစ်သည်။

အဆုံးအဖြတ်ပေးနိုင်သော အခန်းကဏ္ဍတွင် ရှိနေသည့် အံ့ဖွယ်စစ်တပ်တစ်ခုက မူလနေရာသို့ ပြန်လည် ဆုတ်ခွာသွားပြီး စစ်တပ်ကြီးနှစ်ခုလုံးက ထိုသဲကန္တာရဆီသို့ စုစည်းသွားကြသည်။ မင်စစ်တပ်က တကယ်ပဲ ဘာလုပ်ချင်နေတာလဲ။

ဥူဆာခါခန်သည် စစ်ဆင်ရေးမြေပုံပေါ်ရှိ ထိုသဲကန္တာရကို စိုက်ကြည့်ရင်း စဉ်းစားသော်လည်း နားမလည်နိုင် ဖြစ်နေ၏။ သူသည် ကြိတ်ဆုံကို လှည့်နေသော မြည်းတစ်ကောင်ကဲ့သို့ သူ၏ စစ်တဲအတွင်း ခေါက်တုံ့ခေါက်ပြန် လျှောက်လှမ်းနေသော်လည်း မင်စစ်တပ်၏ ရည်ရွယ်ချက်ကို အဖြေမဖော်နိုင် ဖြစ်နေရသည်။

တကယ်လို့ ထိုအရာက မင်စစ်တပ်၏ စစ်ဗျူဟာ မှားယွင်းမှု ဖြစ်နေလျှင်... တကယ်လို့ မင်စစ်တပ် စစ်သေနာပတိချုပ်က ထိုမျှအထိ မိုက်မဲနေလျှင် သူတို့သည် အကြိမ်ပေါင်းများစွာ ရှုံးနိမ့်ခဲ့ပြီး ဖြစ်လိမ့်မည်။

ဥူဆာခါခန်သည် ဆုန်းနယ်စားမင်း ဖုန်းရှန်းနှင့် အကြိမ်အနည်းငယ် ရင်ဆိုင်ခဲ့ဖူးသဖြင့် ထိုစစ်သူကြီးအိုကြီးသည် တည်ငြိမ်မှုကိုသာ အမြဲ ဦးစားပေးတတ်ပြီး စွန့်စားလေ့မရှိကြောင်း၊ စစ်တပ်ကြီးနှစ်ခုမှ စစ်သားသောင်းချီ၏ အသက်ကို အပေါ့အလျော့ လုပ်မည့်သူ လုံးဝမဟုတ်ကြောင်း သိရှိထား၏။

တကယ်လို့ ဆုန်းနယ်စားမင်း ဖုန်းရှန်းက တကယ့် လူအတစ်ယောက် ဖြစ်နေလျှင် ကျူးယွမ်ကျန်းက သူ့ကို အဓိက တိုက်စစ်မှူးအဖြစ် ခန့်အပ်ပါ့မလား။

ဤသည်မှာ ကြီးမားသော စစ်ရေးမှားယွင်းမှု မဟုတ်သည်မှာ ထင်ရှားလှရာ နောက်ဆုံး ရွေးချယ်စရာတစ်ခုသာ ကျန်တော့၏။ ဤအရာသည် ထောင်ချောက်တစ်ခု ဖြစ်ပြီး စိတ်ကူး၍ပင် မရနိုင်လောက်အောင် ကြီးမားလှသော စစ်ရေးထောင်ချောက် ဖြစ်ရမည်။

မင်စစ်တပ်က ခြုံခိုတိုက်ခိုက်ရန် ပြင်ဆင်ပြီး ဖြစ်ကာ သူ ထောင်ချောက်ထဲ သက်ဆင်းမည့်အချိန်ကို မျက်လုံးအစုံဖြင့် စောင့်ကြည့်နေကြခြင်း ဖြစ်သည်။

ဤအတွေးသည် ယုတ္တိရှိလှသော်လည်း လက်တွေ့တွင်မူ ဖြစ်နိုင်ခြေ အလွန် နည်းပါး၏။

စစ်တပ်ကြီးနှစ်ခုကို အစာအဖြစ် အသုံးချပြီး မွန်ဂိုပင်မတပ်ဖွဲ့ကို ထောင်ချောက်ထဲ ဆွဲသွင်းရန်မှာ ဤထောင်ချောက်က ကြီးမားလွန်းလှသဖြင့် မြောက်ပိုင်းစစ်ဆင်ရေး တပ်မတော်တစ်ခုလုံး၏ စွမ်းဆောင်ရည်ထက် ကျော်လွန်နေသည်။

မင်စစ်တပ်သည် သူစိမ်းနယ်မြေထဲသို့ လီထောင်ပေါင်းများစွာ ချီတက်လာရသော မြောက်ပိုင်းစစ်ဆင်ရေးတွင် ယခုကဲ့သို့ ကြီးမားသော ထောင်ချောက်မျိုးကို ဖြန့်ကျက်နိုင်စွမ်း မရှိသလို၊ မွန်ဂိုအုပ်ချုပ်ရေး ယန္တရားတစ်ခုလုံးကို တစ်ပြိုင်နက်တည်း အမြစ်ပြတ် ချေမှုန်းနိုင်မည့် အင်အားမျိုးလည်း မရှိနိုင် ပေ။

အကယ်၍ မင်စစ်တပ်တွင် ထိုမျှအထိ အင်အားရှိနေလျှင် ထောင်ချောက်ဆင်နေမည့်အစား တိုက်ရိုက် တိုက်စစ်ဆင်ခြင်းက ပို၍ မကောင်းဘူးလား။

ထို့ကြောင့် ဝေခွဲမရဖြစ်နေသော ဥူဆာခါခန်သည် မြေပုံပေါ်ရှိ သဲကန္တာရ ဒေသကို နောက်ထပ် လေးရက်တိတိ ဆက်လက် စိုက်ကြည့်နေခဲ့ပြန်သည်။

စတုတ္ထမြောက်နေ့ ညဉ့်နက်ပိုင်း ရောက်ခါမှသာ သူသည် တန်ဖိုးရှိသော သတင်းအချက်အလက်ကို နောက်ဆုံးတွင် ရရှိခဲ့၏။ ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်များအရ မင်စစ်တပ်သည် လက်မှုပညာသည်၊ ရထားလုံးနှင့် မြင်းအမြောက်အမြားကို သဲကန္တာရကြီးထဲသို့ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။ သူတို့၏ အရေအတွက်က အလွန် များပြားပြီး အတိုင်းအဆကလည်း ကြီးမားလှရာ တစ်စုံတစ်ရာသော သတ္တုသိုက်ကို တူးဖော်နေကြပုံ ရ၏။

ဤအချိန်ကျမှသာ ဥူဆာခါခန်သည် အရာအားလုံးကို အပြည့်အဝ နားလည်သွားတော့သည်။ မင်စစ်တပ်၏ ယုံကြည်နိုင်စရာမရှိသော လုပ်ဆောင်ချက်များမှာ တိုက်ပွဲဝင်ရန်အတွက် မဟုတ်ဘဲ သဲကန္တာရကြီးထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်သွားသော သတ္တုတွင်းတူးသမားများကို ကာကွယ်ရန်အတွက် ဖြစ်၏။

မှန်ကန်သော အဖြေကို ရရှိပြီးနောက် မေးခွန်းအားလုံးသည် ချက်ချင်းပင် ပြေလည်သွားတော့သည်။ ဥူဆာခါခန် မြေပုံကို ပြန်လည် ကြည့်ရှုလိုက်သောအခါ သူ၏ စိတ်ထဲတွင် ရုတ်ချည်း လင်းခနဲ ဖြစ်သွား၏။ မင်စစ်တပ်က မွန်ဂိုစစ်တပ်ကို မောင်းထုတ်ရုံသာ မောင်းထုတ်ပြီး အဘယ်ကြောင့် လိုက်လံတိုက်ခိုက်ခြင်း မပြုသနည်းဆိုသည်မှာ ဆန်းကြယ်မှု မရှိတော့ပေ။ အကြောင်းမူကား သူတို့သည် သဲကန္တာရနှင့် ဝေးကွာသော နေရာသို့ မသွားဝံ့ကြသောကြောင့် ဖြစ်သည်။

မင်စစ်တပ်ကြီးနှစ်ခုလုံးက သဲကန္တာရဆီသို့ အဘယ်ကြောင့် စုစည်းနေကြသနည်းဆိုသည်မှာလည်း ဆန်းကြယ်မှု မရှိတော့ပေ။ သူတို့သည် ပြင်းထန်သော စစ်အင်အားကို အသုံးပြု၍ သဲကန္တာရတစ်ခုလုံးကို အကာအကွယ်ပေးရန်၊ သဲကန္တာရထဲ ဝင်ရောက်မည့် လမ်းကြောင်းများကို ပိတ်ဆို့ရန်၊ မွန်ဂိုစစ်တပ်က ထိုသဲကန္တာရနား မချဉ်းကပ်နိုင်အောင် တားဆီးရန်နှင့် သူတို့၏ သတ္တုတွင်းတူးသမားများ ခြိမ်းခြောက်မှု မခံရစေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

မေးခွန်းအားလုံး ရှင်းလင်းသွားပြီး မင်စစ်တပ်၏ တကယ့် စစ်ဗျူဟာမြောက် ရည်ရွယ်ချက်က လုံးဝ ဗလာကျင်းသွားခဲ့ပြီ ဖြစ်ရာ နောက်ဆုံး မေးခွန်းတစ်ခုသာ ကျန်တော့၏။

မင်စစ်တပ်က တကယ်ပဲ ဘာကို တူးဖော်နေကြတာလဲ။

ဤမေးခွန်းသည် အမှန်တွင် မေးခွန်းတစ်ခုအဖြစ်ပင် မသတ်မှတ်နိုင်တော့ပေ။ အကြောင်းမူကား အဖြေက ထင်ရှားနေပြီး ဖြစ်သောကြောင့် ဖြစ်၏။ ရွှေ၊ ၎င်းသည် ရွှေ ဖြစ်ရမည်။

အမြောက်အမြားရှိသော ရွှေကြောင့်သာ မင်စစ်တပ်က ယခုကဲ့သို့ လုပ်ဆောင်ရန် တန်ဖိုးရှိပေလိမ့်မည်။

ထို့ပြင် ရွှေကြောင့်သာ ရန်သူက ကြီးမားလှသော စစ်ရေးအန္တရာယ်ကို စွန့်စားပြီး သဲကန္တာရကြီးထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်ကာ တူးဖော်ရန် ဆန္ဒရှိပေလိမ့်မည်။

ဥူဆာခါခန်၏ စိတ်ကူးတွေးတောချက်အရ ထိုသဲကန္တာရထဲတွင် ကြီးမားလှသော ရွှေတွင်းကြီး မြှုပ်နှံထားရမည် ဖြစ်၏။ အိုး... ရွှေတွင်း မဟုတ်ပေ၊ ၎င်းသည် ရောနှောခြင်းမရှိသော သဘာဝရွှေစင် အစစ်အမှန်များ ဖြစ်ရမည်။

အဘယ်ကြောင့်ဆိုသော် သာမန်ရွှေတွင်းတစ်ခုအတွက်ဆိုလျှင် ဤမျှကြီးမားသော စွန့်စားမှုကို ပြုလုပ်ရန် မလိုသောကြောင့် ဖြစ်၏။ ဤသည်မှာ ကြီးမားလှသော လောင်းကစားမှုကြီး၊ အလွန် ကြီးမားသော လောင်းကစားမှုကြီး သာ ဖြစ်သည်။

သဘာဝအတိုင်း ဖြစ်တည်နေသော ရွှေစင်များကြောင့်သာ ယခုကဲ့သို့ လုပ်ဆောင်ရန် တန်ဖိုးရှိပေမည်။ထိုနေရာတွင် သဘာဝရွှေစင် အမြောက်အမြား ရှိနေပြီး မင်လက်မှုပညာသည်များက မြက်ခင်းပြင်ကြီးနှင့် သက်ဆိုင်သော ရွှေများကို ခိုးယူတူးဖော်နေကြသည်ဟု လုံးဝ စိတ်ကူးတွေးတောနိုင်ပေသည်။

မည်သည့်မင်းဆက်တွင်မဆို ရွှေသည် အလွန် အဖိုးတန်သော ကုန်စည်ဖြစ်ပြီး သာမန်သတ္တုတစ်ခုမျှသာ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ရွှေကိုယ်နှိုက်က စည်းစိမ်ဥစ္စာ ဖြစ်သောကြောင့် ဖြစ်၏။

ရွှေအမြောက်အမြား ရှိပါက မိမိအလိုရှိသော စစ်ဗျူဟာမြောက် ပစ္စည်းအားလုံးနီးပါးကို ရရှိနိုင်ပြီး စစ်တပ်များကို ပိုမို ဖွဲ့စည်းနိုင်ကာ စစ်ပွဲတွင် အသာစီး ရရှိနိုင်မည် ဖြစ်သည်။

အသစ်တူးဖော်ရရှိသော ရွှေအမြောက်အမြားသည် မည်သူမျှ လျစ်လျူမရှုနိုင်သော စစ်ပွဲ၏ စွမ်းဆောင်ရည်အသစ်ကို ကိုယ်စားပြုနေ၏။

အခွင့်အရေးများစွာကို ဖြုန်းတီးခဲ့ပြီး ဖြစ်သော ဥူဆာခါခန်သည် နောက်ထပ် တုံ့ဆိုင်းမနေတော့ဘဲ တိုက်ရန် အမိန့်ကို ချက်ချင်း ထုတ်ပြန်လိုက်တော့သည်။ စစ်တပ်အားလုံးနှင့် လမ်းကြောင်းအားလုံးသည် သဲကန္တာရဆီသို့ စုစည်းရမည် ဖြစ်ပြီး တပ်ဖြန့်မှု ပြီးစီးသည်နှင့် တပြိုင်နက် တိုက်စစ်ကို ချက်ချင်း စတင်ကာ ရန်သူကို အပြင်းထန်ဆုံးသော နည်းလမ်းများဖြင့် ရာထူးပြတ် ချေမှုန်းရမည် ဖြစ်၏။

တစ်ချိန်တည်းမှာပင် ဥူဆာခါခန်သည် သူကိုယ်တိုင်၏ သတ္တုတွင်းတူးအဖွဲ့ကိုလည်း ချက်ချင်း စတင် ဖွဲ့စည်းလိုက်တော့သည်။ မွန်ဂိုစစ်တပ် သဲကန္တာရထဲ ဝင်ရောက်သည်နှင့် သူတို့သည် ရွှေများကို ချက်ချင်း စတင် တူးဖော်ကြတော့မည် ဖြစ်၏။

ထို့ကြောင့် မင်-ယွမ် စစ်ပွဲသမိုင်းတွင် အပြောင်ပျက်ဆုံးသော မြင်ကွင်းသည် သဘာဝအတိုင်း ပေါ်ပေါက်လာခဲ့တော့သည်။ ထိုခြောက်သွေ့သွေ့ သဲကန္တာရကြီးသည် ရုတ်ချည်းပင် စစ်ပွဲ၏ ဗဟိုချက်မ ဖြစ်လာခဲ့ပြီး နှစ်ဖက်စလုံးက ထိုနေရာအတွက် သွေးချောင်းစီးမည့် တိုက်ပွဲကို စတင်ခဲ့ကြ၏။

တစ်ခုတည်းသော ကွဲပြားချက်မှာ မင်စစ်တပ်က ပျော့ပြောင်းပြီး ဖြူစင်သော ကျောက်တုံးတစ်မျိုးကို တူးဖော်နေခြင်း ဖြစ်ပြီး မွန်ဂိုစစ်တပ်ကမူ ၎င်းကို ရွှေတွင်းကြီးဟု မှားယွင်းစွာ ယုံကြည်နေခြင်း ဖြစ်သည်။

စစ်ပွဲ၏ မူလရည်ရွယ်ချက်သည် လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ရာ ဤအရာကို စတင်ဖန်တီးခဲ့သူမှာ လီထောင်ပေါင်းများစွာ ဝေးကွာသော နေရာတွင် ရှိနေသည့် ဝူကျိရှန်း ပင် ဖြစ်၏။

ဤသည်မှာ ဝူကျိရှန်းက သူ၏ ဆေးပညာရပ်ကို အသုံးပြု၍ ကမ္ဘာကြီး၏ အခြေအနေကို ပထမဆုံးအကြိမ် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

ဤသည်မှာ အစပျိုးခြင်းမျှသာ ရှိသေး၏။

*********

အခန်း (၂၀၀) သဲကန္တာရကို ကာကွယ်ခြင်း

"ဝူမောက်ချင်း ဘယ်မှာလဲ"

တစ်မနက်ခင်းလုံး ပြင်းထန်စွာ တိုက်ခိုက်ခဲ့ရသဖြင့် ယွမ်ချွမ်းတပ်စခန်းမှ စစ်သည်များ အကျအဆုံး များပြားလှသည်။ စစ်ရေးကြီးကြပ်သူကောင်းကိုယ်တိုင် စစ်မျက်နှာပြင်သို့ ရောက်ရှိလာပြီး ပုံမှန်ထက် ထူးခြားစွာ ကြီးမားလှသော မြင်းတားလှံရှည်ကြီးကို မြှောက်ကိုင်ကာ အော်ဟစ်လိုက်၏။

"ညီအစ်ကိုတွေ တောင့်မခံနိုင်တော့ဘူး။ တောက်... ဝူမောက်ချင်းဆိုတဲ့ လိပ်မျိုးကောင်သာ မလာသေးရင် မင်းတို့ ငါ့အလောင်းကိုပဲ လာကောက်ကြတော့"

ရွမ်ကျန့်တပ်စခန်းမှ ဝူမောက်ချင်းသည် ယွမ်ချွမ်းတပ်စခန်းမှ ချန်ဟူချန်ကဲ့သို့ပင် ကျင်းမင်းသား၏ အုပ်စုဝင်တစ်ဦး ဖြစ်သည်။ တိုက်ပွဲ ပိုမိုပြင်းထန်လာသည်နှင့်အမျှ သူ၏ စစ်ကူက အလွန် အရေးပါလှ၏။

ဆဲရေးတိုင်းထွာပြီး အော်ဟစ်နေသော စစ်‌ရေးကြီးကြပ်သူကောင်းနှင့် မတူဘဲ ချန်ဟူချန်မှာမူ တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည်။ ယခုမှသာ သူက အံကြိတ်၍ ပြောလိုက်၏။

"ဝူမောက်ချင်း လာလို့မရဘူး။ သူကိုယ်တိုင်လည်း ရန်သူတွေရဲ့ ဝိုင်းပတ်ပိတ်ဆို့ခြင်းကို ခံထားရလို့ လုံးဝ ရုန်းထွက်လို့ မရဖြစ်နေတယ်"

လက်တစ်ကမ်းအကွာတွင် ရှိနေသော စစ်ကူတပ်ဖွဲ့သည် ရန်သူအမြောက်အမြား၏ ပတ်သက်နှောင့်ယှက်ခြင်းကို ရေရှည်ခံထားရသဖြင့် စစ်ကူပေးရန် လျင်မြန်စွာ ချီတက်လာနိုင်ခြင်း မရှိတော့ပေ။

စစ်ရေးကြီးကြပ်သူ‌ ကောင်းသည် ရှေ့မှောက်က မွန်ဂိုမြင်းစီးတပ်ဖွဲ့ကို ကြည့်ကာ သွေးစွန်းနေသော တံတွေးကို ထွေးထုတ်ရင်း ကျိန်ဆဲလိုက်၏။

"တောက်... တကယ်ပဲ အခြေအနေမလှဘူး။ ငါ့ရဲ့ ဒီအရိုးအိုတွေကို ဒီအမင်္ဂလာရှိတဲ့နေရာမှာ မြှုပ်နှံရမယ်လို့တော့ ဘယ်တော့မှ မယုံကြည်ဘူး"

အဝေးတစ်နေရာတွင် မွန်ဂိုမြင်းစီးတပ်ဖွဲ့သည် တိုက်ပွဲမဝင်မီ စစ်ဗျူဟာပုံစံကို နောက်တစ်ကြိမ် ပြန်လည် ပြင်ဆင်ပြီး ဖြစ်သည်။ သူတို့သည် တဖြည်းဖြည်း နောက်ဆုတ်သွားကြပြီး ကုန်းမြင့်လေးတစ်ခုဆီသို့ လျင်မြန်စွာ ရွေ့လျားသွားကြ၏။

စစ်‌ရေးကြီးကြပ်သူ‌ ကောင်းသည် မိန်းမစိုးတစ်ဦး ဖြစ်သော်လည်း သူ၏ တိုက်ပွဲအတွေ့အကြုံမှာ အလွန် ကြွယ်ဝလှသည်။ ဤအရာသည် မြင်းစီးတပ်ဖွဲ့ ထိုးစစ်ဆင်တော့မည့် နိဒါန်းပျိုးခြင်းဖြစ်ကြောင်း သူ သေချာစွာ သိရှိထား၏။ နောက်တစ်စက္ကန့်တွင် လျင်မြန်လှသော မွန်ဂိုမြင်းစီးတပ်ဖွဲ့သည် အော်ဟစ်ကာ ပြေးဝင်လာတော့မည် ဖြစ်သည်။ မွန်ဂိုမြင်းစီးတပ်ဖွဲ့၏ နောက်ကွယ်တွင်မူ အလုံးအရင်းရှိသော မွန်ဂိုခြေလျင်တပ်ဖွဲ့က ဒီရေလှိုင်းကဲ့သို့ လိပ်တက်လာပြီး အရာအားလုံးကို လွှမ်းမိုးနစ်မြုပ်ပစ်ပေလိမ့်မည်။

အကြီးစား မြင်းစီးတပ်ဖွဲ့ ထိုးစစ်ဆင်မှုများသည် မွန်ဂိုစစ်တပ်၏ အကောင်းဆုံးသော စွမ်းရည် ဖြစ်၏။ စစ်‌ရေးကြီးကြပ်သူ‌ကောင်းသည် ထိုမြင်ကွင်းကို အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ဖူးသဖြင့် မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းကြောင်း သိရှိထားသည်။

ပြေးဝင်လာတော့မည့် မြင်းစီးတပ်ဖွဲ့ကို ရင်ဆိုင်ရင်း တပ်မှူးဟူချန်၏ မျက်နှာသည် သံမဏိကဲ့သို့ ခိုင်မာပြတ်သားနေ၏။ မွန်းတည့်နေမင်း၏ အလင်းရောင်က သူ၏အပေါ်သို့ ကျရောက်နေပြီး ကြေးညိုရုပ်တုတစ်ခုကဲ့သို့ မှိုင်းညို့သော သတ္တုရောင်ကို ဖော်ပြနေသည်။

"မြင်းတား... လှံ..."

မြင်းစီးတပ်ဖွဲ့ ထိုးစစ်ဆင်မှုကို ရင်ဆိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ ရန်သူမြင်းစီးတပ်ဖွဲ့၏ သတ်ဖြတ်နိုင်စွမ်းကို လျှော့ချခြင်း ဖြစ်သော်လည်း ယွမ်ချွမ်းတပ်တွင် မြင်းစီးတပ်ဖွဲ့ အနည်းငယ်သာ ကျန်တော့၏။ သူတို့သည် အခြေခံအကျဆုံးသော ခုခံမှုနည်းလမ်းကိုသာ အသုံးပြုနိုင်တော့သည်။ ၎င်းမှာ ခြေလျင်တပ်ဖွဲ့ အမြောက်အမြားဖြင့် ထူထပ်သော မြင်းတားလှံစဥ်ကို ဖွဲ့စည်းကာ သူတို့၏ သွေးသားခန္ဓာကိုယ်ဖြင့် ရန်သူ၏ ပြင်းထန်သော ရိုက်ခတ်မှုကို တောင့်ခံရန်ပင် ဖြစ်၏။

ယခုအချိန်အထိ အသက်ရှင်ကျန်ရစ်သော စစ်သားတိုင်းသည် အတွေ့အကြုံရင့် ဝါရင့်စစ်သည်များ ဖြစ်ကြသည်။ သူတို့သည် ဘာလုပ်ရမည်ကို အလိုအလျောက် သိရှိကြ၏။

နောက်ဆုံးစကားလုံးဖြစ်သော "လှံ" ဟူသော ပဲ့တင်သံသည် သူတို့၏နားထဲတွင် ရှိနေဆဲ ဖြစ်ကာ စစ်သည်များသည် ကိုယ်ကိုညွှတ်၍ မြင်းတားလှံရှည်များ၏ အနောက်ဘက်အစွန်းကို မာကျောပြီး ခဲနေသော မြေပြင်ထဲသို့ အတင်းအကြပ် ထိုးစိုက်လိုက်ကြပြီး ထက်မြက်သော လှံဖျားများကို အပေါ်သို့ စောင်းစောင်းစိုက်ထားလိုက်ကြသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် မိမိတို့၏ ခန္ဓာကိုယ်ကို တတ်နိုင်သမျှ ကွေးညွတ်ကာ ခန္ဓာကိုယ်ကို အမှီပြုစနစ်အဖြစ် အသုံးပြုပြီး လှံရိုးများကို မြဲမြံစွာ ထောက်ကန်ထားကြ၏။

လှံတစ်စင်းပြီးတစ်စင်းဖြင့် ထူထပ်လှသော လှံတောကြီး ဖြစ်ပေါ်လာပြီး နေရောင်အောက်တွင် သေခြင်းတရား၏ အေးစက်သော အလင်းရောင်များဖြင့် တောက်ပနေတော့သည်။

ဤသည်မှာ မြင်းစီးတပ်ဖွဲ့ကို ရင်ဆိုင်ရာတွင် အသုံးပြုသော ဂန္ထဝင် ခြေလျင်ဗျူဟာ ဖြစ်သည့် "မြင်းတားလှံစဥ်" ပင် ဖြစ်၏။

စစ်ဗျူဟာကျမ်းများအရ ယခုကဲ့သို့ မြင်းတားလှံစဥ်သည် လုံလောက်စွာ ထူထပ်ရမည်ဖြစ်ပြီး အနည်းဆုံး လေးလွှာ ရှိရမည် ဖြစ်သည်။

သို့သော်လည်း ယွမ်ချွမ်းတပ်စွဲရေးစခန်းမှ စစ်သည်များမှာ အကျအဆုံး များပြားလှပြီး သူတို့၏ ဆန့်ကျင်ဘက်တွင် ရန်သူများပြားလွန်းလှသဖြင့် စစ်မျက်နှာပြင်ကို တမင်တကာ အရှည်ကြီး ဆန့်ထုတ်ထားခဲ့ရသည်။ ဤအချက်ကြောင့် သူတို့သည် လှံကိုင်တပ်သား သုံးလွှာကိုသာ ဖြန့်ကျက်နိုင်ခဲ့သဖြင့် အလွန် အားနည်းသော မြင်းတားလှံစဥ် ဖြစ်နေ၏။

"ဝူး..."

မြည်ဟီးသံနှင့်အတူ နှစ်ဖက်စလုံးမှ လေးသမားများသည် လေးကြိုးများကို တစ်ပြိုင်နက်တည်းနီးပါး လွှတ်လိုက်ကြရာ သည်းထန်စွာ ရွာသွန်းသော မိုးပမာ ထူထပ်လှသော မြားမိုးများသည် ပဏာမ ဖိနှိပ်ပစ်ခတ်မှုအဖြစ် ကျရောက်လာခဲ့သည်။

"ဒိုင်းကာတွေ မြှောက်..."

ဒိုင်းကိုင်တပ်သားများသည် လူတစ်ရပ်စာ မြင့်မားလှသော ဒိုင်းကြီးများကို မြှောက်ကိုင်ကာ မိမိတို့ကိုယ်တိုင်နှင့် ရဲဘော်ရဲဘက်များအတွက် ထူထပ်သော မြားများကို ကာကွယ်လိုက်ကြ၏။

ရင်ထိတ်ဖွယ်ကောင်းသော "စွပ်... စွပ်..." ဟူသော အသံများနှင့်အတူ မြားမိုးများ ကျရောက်လာခဲ့သည်။

ဆက်တိုက် နှစ်ကြိမ်တိုင်တိုင် ထူထပ်သော အဝေးပစ်မြားမိုးများအပြီးတွင် ရန်သူမြင်းစီးတပ်ဖွဲ့သည် သူတို့၏ အမြင့်ဆုံး အရှိန်နှုန်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

အရှိန်အပြည့်ဖြင့် ကုန်းနှင်လာကြသော မွန်ဂိုစစ်သည်များသည် မသိစိတ်ဖြင့် ကိုယ်ကို ကွေးညွတ်လိုက်ကြပြီး ၎င်းတို့၏ ခြေထောက်များဖြင့် မြင်း၏နံဘေးကို အတင်းအကြပ် ညှပ်ထားကာ မြင်းခေါင်းများ၏ နောက်ကွယ်တွင် ခန္ဓာကိုယ်ကို တတ်နိုင်သမျှ ဝှက်ထားကြသည်။ သူတို့၏ ကွေးညွတ်သော ဓားကွေးကြီးများကို အနောက်သို့ အနည်းငယ် ဝှက်ထားပြီး ဓားဖျားများကို အပေါ်သို့ စောင်းထားကြ၏။ဤသည်မှာ ခုတ်ပိုင်းတော့မည့် အလွန် စံပြကျသော အနေအထား ဖြစ်သည်။

မြင်းခွာသံများမှာ သူတို့၏ နှလုံးသားထဲအထိ တိုက်ရိုက် ပဲ့တင်ထပ်နေသကဲ့သို့ ခံစားရပြီး လူကို တုန်လှုပ်စေသော စွမ်းအား ရှိလှ၏။

စစ်မြေပြင်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာသော စစ်သားသစ်များသည် ဤမြင်းစီးတပ်ဖွဲ့ ထိုးစစ်ဆင်လာသော အရှိန်အဟုန်ကို မြင်ရရုံမျှဖြင့် ဘောင်းဘီထဲ သေးထွက်မတတ် ကြောက်လန့်သွားကြပေလိမ့်မည်။ ဝါရင့်စစ်သည်များမှာမူ အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ကြပြီး မသိစိတ်ဖြင့် အသက်အောင့်ကာ မြင်းတားလှံများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကြ၏။

ဖျံကောင်တစ်ကောင်ကဲ့သို့ ဆူးများဖြင့် ပြည့်နှက်နေသော မြင်းတားလှံစဥ်ကို ရင်ဆိုင်ရင်း မွန်ဂိုစစ်သည်များသည် ရက်စက်အထိရောက်ဆုံးသော ဗျူဟာဖြစ်သည့် "တည့်တည့်ဝင်တိုက်ခြင်း" ကို အသုံးပြုခဲ့ကြသည်။

ရှေ့ဆုံးတန်းမှ မြင်းစီးတပ်ဖွဲ့သည် သေခြင်းတရားကို သယ်ဆောင်လာသော တောက်ပနေသည့် လှံဖျားများကို လုံးဝ သတိမထားမိကြပုံရ၏။ သူတို့သည် တုံ့ဆိုင်းခြင်း လုံးဝမရှိဘဲ လှံစဥ်ထဲသို့ တည့်တည့် ဝင်တိုက်ပစ်လိုက်ကြတော့သည်။

"ဒုန်း... ဒုန်း..."

အသံများ ဆက်တိုက် ထွက်ပေါ်လာပြီး မြင်းစီးတပ်သားတစ်ဦးပြီးတစ်ဦး မြင်းတားလှံများဖြင့် အပေါက်ပေါက် ဖြစ်သွားကြ၏။

အရှိန်ပြင်းစွာ မိုင်ကုန်နှင်လာသော စစ်မြင်းများသည် ကြီးမားလှသော အရှိန်စွမ်းအင်နှင့် ရိုက်ခတ်မှုအားကို သယ်ဆောင်လာသဖြင့် မြင်းတားလှံစဥ်ကို ချက်ချင်းပင် ရိုက်ခွဲပစ်လိုက်တော့သည်။ နောက်ကွယ်က မြင်းစီးတပ်ဖွဲ့သည်‌ အော်ဟစ်ကြုံးဝါးရင်း ရှေ့သို့ တိုးဝင်လာကြ၏။

သာမန်အခြေအနေမျိုးတွင်တပ်မှူးဟူချန်၌ ယခုကဲ့သို့ တိုက်ပွဲကို ကိုင်တွယ်ရန် နည်းလမ်းများစွာ ရှိသော်လည်း ယခုမူ သူက တောင့်ခံထားရန်သာ တတ်နိုင်တော့သည်။

အဘယ်ကြောင့်ဆိုသော် သူ၏ နောက်ကွယ် လီတစ်ဆယ်ကျော် အကွာတွင် သဲကန္တာရ ရှိနေပြီး ကျင်းမင်းသားနှင့် တိုက်ပွဲဝင်နိုင်စွမ်းမရှိသော လက်မှုပညာသည်များက သဲကန္တာရထဲတွင် ရှိနေသောကြောင့် ဖြစ်၏။ မွန်ဂိုစစ်တပ်သာ ဖောက်ထွက်သွားပါက အကျိုးဆက်သည် စိတ်ကူး၍ပင် ရနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် သူသည် စစ်ကစား၍မရ၊ ဆုတ်ခွာ၍မရဘဲ သေသည်အထိသာ တိုက်ခိုက်ရမည် ဖြစ်သည်။

မြင်းတားလှံစဥ် အဖောက်ခံရသော အခိုက်အတန့်တွင် တပ်မှူးဟူချန်သည် ပုံမှန်ထက် ကြီးမားလှသော မြင်းတားလှံရှည်ကြီးကို လွှင့်ပစ်လိုက်ပြီး သူ၏ ခါးဓားကို ဆွဲထုတ်ကာ လည်ချောင်းကွဲမတတ် အော်ဟစ်လိုက်တော့၏။

"သတ်..."

ရက်စက်ကြမ်းကြုတ်လှသော လက်နက်ချင်းထိ တိုက်ပွဲသည် စတင်ခဲ့ပြီ ဖြစ်၏။ရှုပ်ထွေးလှသော ကစဉ့်ကလျား တိုက်ပွဲအတွင်း ချက်ချင်းပင် အသည်းအသန် ရုန်းကန်ရသည့် အခြေအနေသို့ ရောက်ရှိသွားတော့သည်။

ရန်သူများသည် ရှေ့၊ နောက်၊ ဘယ်၊ ညာ နေရာတိုင်းတွင် ရှိနေ၏။ ကြမ်းကြုတ်လှသော မွန်ဂိုစစ်သည်များသည် ပြင်းထန်သော လှိုင်းလုံးကြီးများကဲ့သို့ ဆက်တိုက် ရိုက်ခတ်ကာ ရှေ့သို့ တိုးဝင်လာကြသည်။

ရှည်လျားပြီး နက်ရှိုင်းလှသော ခရုသင်းမှုတ်သံများကြားတွင် ရန်သူများသည် ရူးသွပ်သွားကြပြီ ဖြစ်ကာ သူတို့၏ ရူးသွပ်သော ပြန်လည်တိုက်စစ်က လှိုင်းလုံးများကဲ့သို့ တစ်လှိုင်းထက်တစ်လှိုင်း ပိုမို မြင့်မားလာခဲ့၏။

သူသည် ရန်သူ မည်မျှကို ခုတ်ပိုင်းခဲ့သည်ကို မသိတော့ပေ။ ဓားသွားမှာပင် ကွေးညွတ်သွားခဲ့ပြီ ဖြစ်သည်။

"စစ်‌ရေးကြီးကြပ်သူ‌ဘယ်မှာလဲ... သူ

ဘယ်မှာလဲ..."

"လူစုကွဲသွားပြီ။ သူ့ကို လုံးဝ မမြင်ရတော့ဘူး"

စစ်ရေးကြီးကြပ်သူကောင်းဖူသည် ကစဉ့်ကလျား ဖြစ်နေသော စစ်တပ်ကြီးအတွင်း မျောပါသွားခဲ့ပြီ ဖြစ်ရာ ရှာမတွေ့တော့ပေ။ ဤအချက်က တိုက်ပွဲ မည်မျှအထိ ပြင်းထန်ကြောင်း ဖော်ပြနေ၏။

တပ်မှူးဟူချန်သည် စစ်ရေးကြီးကြပ်သူကောင်းကိုလိုက်လံရှာဖွေရန် အချိန်မရှိတော့ဘဲ လူရူးတစ်ယောက်ကဲ့သို့သာ ဆက်လက် တိုက်ခိုက်နေတော့သည်။ အကြောင်းမှာ

သူသည် လုံးဝ ဆုတ်ခွာ၍မရသောကြောင့် ဖြစ်၏။

သူ၏ တာဝန်မှာ ဤစစ်မျက်နှာပြင်ကို ထိန်းသိမ်းထားရန် ဖြစ်သည်။ သူ မလဲပြိုမီ ဤလမ်းဆုံကို မြဲမြံစွာ ကာကွယ်ရမည်ဖြစ်ပြီး ရန်သူကို သဲကန္တာရကြီးထဲသို့ လုံးဝ ပေးမဝင်ရပေ။

ထိုအချိန်တွင်ပင် အမြောက်မြည်သံများ ရုတ်ချည်း ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

ရှေ့မလှမ်းမကမ်းတွင် ကြီးမားလှသော မီးခိုးနက်လုံးကြီးအချို့ ကောင်းကင်ယံသို့ လွင့်တက်သွား၏။

ချက်ချင်းဆိုသလိုပင် ကမ္ဘာမြေကြီး တုန်ဟိန်းသွားစေမည့် ကြွေးကြော်သံကြီး ထွက်ပေါ်လာခဲ့သည်။

ဆုန်းနယ်စားမင်း ဖုန်းရှန်း၏ ပင်မတပ်ဖွဲ့သည် စစ်ကူပေးရန် နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီဖြစ်၏။

ဖုန်းနယ်စားမင်း ဖုန်းရှန်းသည် တပ်မှူးဟူချန်ကဲ့သို့ပင်၎င်းတိုက်ပွဲ၏ အရေးပါမှုကို သေချာစွာ သိရှိထားသည်။ တိုက်ပွဲထဲသို့ ဝင်ရောက်သည်နှင့် သူသည် ကိုယ်ရံတော်တပ်ဖွဲ့ကို ချက်ချင်း စေလွှတ်လိုက်တော့၏။

ဆုန်းနယ်စားမင်း ဖုန်းရှန်း၏ ကိုယ်ရံတော်များသည် အလွန် သန်မာထွားကျိုင်းသော စစ်သည်တော်များ ဖြစ်ကြသည်။ သူတို့၏ လက်နက်များမှာ ဓားရှည်နှင့် လှံများ မဟုတ်ဘဲ စစ်တူရွင်းကြီးများနှင့် ပုဆိန်ကြီးများကဲ့သို့ လေးလံသော လက်နက်ဆန်းများ ဖြစ်ကြ၏။

တိုက်ပွဲ၏ အခြေအနေသည် ချက်ချင်း ပြောင်းလဲသွားတော့သည်။လတ်ဆတ်သော အင်အားသစ် ထပ်မံဖြည့်စွက်လိုက်ခြင်းကြောင့် မွန်ဂိုစစ်သည်များသည် လျင်မြန်စွာပင် နောက်ဆုတ်သွားကြရတော့၏။

အနောက်ဘက်သို့ စောင်းနေပြီဖြစ်သော ဝင်လုဆဲဆဲ နေမင်းသည် စစ်မြေပြင်ကြီးကို လှမ်း၍ လင်းလက်စေသည်။ မြေပြင်ပေါ်တွင် စုပုံနေသော နှင်းပွင့်များသည် ရေတွက်၍မရနိုင်သော ခြေဖဝါးကြီးများ၏ နင်းခြေမှုကို ခံထားရသဖြင့် ကမ္ဘာမြေကြီး၏ မှောင်မိုက်သော မူလမျက်နှာပြင်ကို ဖော်ပြနေ၏။ လွင့်စင်နေသော သွေးစက်များသည် နေရာတိုင်းတွင် ရှိနေပြီး ဖြူစင်သော နှင်းပွင့်များ၊ မည်းနက်သော မြေပြင်များနှင့် ဆန့်ကျင်ဘက် ဖြစ်နေကာ ကြီးမားလှသော သွေးထွက်နေသည့် ဒဏ်ရာကြီးများကဲ့သို့ မြင်ရသူကို တုန်လှုပ်ခြောက်ခြားစေလှသည်။

ထိုအချိန်တွင်မျက်နှာတွင် သွေးများ ပေကျံနေသော စစ်ရေးကြီးကြပ်သူ‌ ကောင်းသည် ကျိုးပဲ့နေသော ဓားတစ်စင်းကို ကိုင်ဆောင်ကာသူတို့ဆီသို့ပြေးလွှားလာနေသည်ကိုမြင်လိုက်ရတော့သည်။

*********

All Chapters