အခန်း (၁၉၃-၁၉၄)
Vol. 19 Ch. 193-194
`
အခန်း (၁၉၃) - နှင်းမုန်တိုင်းကြားက လေးနှင့်ဓား
ပြင်းထန်သော လေပြင်းများသည် နှင်းမှုန်များနှင့် မြေပြင်ပေါ်ရှိ နှင်းထုများကို လှည်းယူသွားရာ မျက်စိရှေ့တွင် မမြင်ရလောက်အောင် နှင်းမြူများ ဖုံးလွှမ်းသွားပြီး ရှေ့လမ်းကို မြင်နိုင်ရန် ခက်ခဲလှသည်။
အေးစက်သော ရာသီဥတုတွင် စစ်သည်တို့မှာ ဒူးအထိ နစ်ဝင်နေသော နှင်းများကြားမှ အနောက်ဘက်သို့ ရုန်းကန် သွားလာနေကြရ၏။မြက်ခင်းပြင် တစ်ခုလုံးမှာ ထူထဲသော နှင်းများဖြင့် ဖုံးလွှမ်းနေပြီး ရှေ့တွင်အဆုံးမရှိသော နှင်းပြင်ကြီးကိုသာ မြင်နေရ၏။
စစ်မြင်းများ၏ ဝန်ကို ပေါ့ပါးစေရန် စစ်သည်တို့က သူတို့၏ လေးလံသော သံချပ်ကာဝတ်စုံနှင့် အခြားရိက္ခာများကို ကိုယ်တိုင် ထမ်းပိုးကာ မြင်းများကို ဦးဆောင် လမ်းလျှောက်နေကြရသည်။
ထိုသို့သော ရာသီဥတုမှာ ချီတက်ရန် မသင့်တော်သော်လည်း စစ်သည်အားလုံးမှာမူ စိတ်ဓာတ် တက်ကြွနေကြ၏။ တပ်ဖွဲ့ကို ဦးဆောင်လာသော စစ်ရေးကြီးကြပ်သူ ကောင်းဖူသည် တန်ခေတ်က ကဗျာတစ်ပုဒ်ကို လူတိုင်း ကြားအောင် ကျယ်လောင်စွာ ရွတ်ဆိုပြလိုက်၏။
"လမင်းမှာ မှောင်မိုက်၊ တောငန်းတို့ ပျံသန်း၊ ရှန်ယူတို့ ညဉ့်အခါ ထွက်ပြေး၊ ပေါ့ပါးသော မြင်းတပ်ဖြင့် လိုက်လံ ဖမ်းဆီးလိုသော်လည်း၊ နှင်းကြီးမှာ ငါ၏ လေးနှင့် ဓားကို ဖုံးလွှမ်းသွား၏"
ထိုကဗျာမှာ ယွမ်ချွမ်း ခံတပ်မှ စစ်သည်များ၏ အခြေအနေကို အမှန်တကယ် ဖော်ညွှန်းနေခြင်း ဖြစ်၏။ ရဲရင့်ပြီး သတိကြီးသော ဗိုလ်ချုပ်ကြီး ဟူချန်သည် မဟာသဲကန္တာရကို ကိုယ်တိုင် ဦးဆောင် ဖြတ်ကျော်ခဲ့ပြီး ခြောက်ရက်အတွင်း၌ပင် ထူးခြားသော အောင်မြင်မှုများကို ရရှိခဲ့သည်။
တကယ်တမ်းတွင်အောင်ပွဲမှာ တိုက်ပွဲကြောင့် ရရှိခြင်း မဟုတ်ပေ။သူတို့ ရင်ဆိုင်ခဲ့ရသော ရန်သူမှာ မွန်ဂိုတပ်မတော်၏ အဓိကတပ်မဟုတ်ဘဲ ရိက္ခာပို့ဆောင်ရေး တပ်ဖွဲ့နှင့် တူသော တပ်တစ်ခုသာ ဖြစ်၏။
မင်တပ်ဖွဲ့တစ်ခု သဲကန္တာရထဲမှ ရုတ်တရက် ပေါ်လာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။
ထိုစဥ်ကအခြေအနေမှာ စိတ်ဝင်စားဖွယ် ကောင်းလှ၏။ သဲကန္တာရကို ဖြတ်ကျော်ရန်အတွက် တပ်မှူး ဟူချန်သည် ဝန်ထုတ်ဝန်ပိုးများကို စွန့်ပစ်ခဲ့ပြီး ရွေးချယ်ခံ စစ်သည်သုံးထောင်ခန့်ကိုသာ ဦးဆောင်လာခဲ့ခြင်း ဖြစ်သည်။ မွန်ဂိုတို့၏ တပ်ဖွဲ့မှာ အရေအတွက် ပိုများသော်လည်း အဓိက တိုက်ပွဲဝင်သည့် တပ်မဟုတ်ဘဲ ရိက္ခာပို့ဆောင်ရေး တပ်သာ ဖြစ်နေသည်။
နှစ်ဖက်စလုံးက တစ်ဖက်၏ အစွမ်းအစကို မသိကြသဖြင့် မည်သူမျှ ရုတ်တရက် တိုက်ခိုက်ရန် မဝံ့ရဲခဲ့ပေ။
အတွေ့အကြုံ ရင့်ကျက်သောတပ်မှူး ဟူချန်သည် ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် ရန်သူများ မရောက်ရှိမီ ညအချိန်တွင် အလစ်ဝင်တိုက်ခိုက်လိုက်ရာ အောင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။
ရန်သူတို့မှာ တိုက်ခိုက်လိုစိတ် မရှိသလောက် ဖြစ်နေပြီး ညအချိန် တိုက်ပွဲဖြစ်သောကြောင့် တစ်ချက်တည်းနှင့်ပင် ပြိုလဲသွားကြသည်။
ရန်သူတို့မှာ သိမ်းပိုက်ထားသော ရိက္ခာများကိုပင် ဖျက်ဆီးချိန် မရလိုက်ဘဲ အစုအဝေးလိုက် ထွက်ပြေးသွားကြ၏။ တပ်မှူးဟူချန်သည် ထိုအခွင့်အရေးကို အသုံးချကာ ရန်သူတို့၏ ရိက္ခာစခန်း တစ်ခုကို သိမ်းပိုက်ပြီး ရိက္ခာအမြောက်အမြားကို ရရှိခဲ့သည်။
စစ်ပွဲတွင် မြန်ဆန်မှုက အရေးကြီးဆုံးဖြစ်ကြောင်း လူတိုင်း သိကြပြီး ရန်သူကို လိုက်လံ တိုက်ခိုက်ခြင်းမှာ ထုံးစံအတိုင်းပင် ဖြစ်သော်လည်း ဤအခြေအနေတွင်မူ ထိုသို့ လုပ်ဆောင်ရန် ခက်ခဲသည်။
ရန်သူ့နယ်မြေအတွင်းသို့ တပ်အင်အား အနည်းငယ်ဖြင့် ရောက်လာသောအခါ ပတ်ဝန်းကျင် အခြေအနေကို အရင်ဆုံး သိရှိရန် လိုအပ်၏။
ထို့ကြောင့် တပ်မှူး ဟူချန်သည် တိုက်ပွဲကို ရပ်နားကာ နှစ်ရက်မျှ အနားယူခဲ့သည်။ နောက်တပ်များ ရောက်လာသည်အထိ စောင့်ဆိုင်းရင်း သူ၏ ကင်းထောက်မြင်းတပ်အားလုံးကို လွှတ်ကာ ပတ်ဝန်းကျင် အခြေအနေကို စုံစမ်းပြီးမှသာ ထွက်ပြေးသွားသော ရန်သူများကို လိုက်လံ တိုက်ခိုက်ခဲ့သည်။
ရုတ်တရက် ကျရောက်လာသော နှင်းမုန်တိုင်းမှာ သူတို့၏ ခရီးကို နှေးကွေးစေသကဲ့သို့ ရန်သူတို့၏ အမြန်နှုန်းကိုလည်း ထိခိုက်စေခဲ့သည်။
မုန်တိုင်းမှာ လေးရက်တိုင်တိုင် တိုက်ခတ်နေပြီး ရပ်တန့်မည့် အရိပ်အယောင် မရှိသော်လည်း စစ်သည်တို့၏ စိတ်ဓာတ်မှာမူ မြင့်မားနေဆဲ ဖြစ်၏။
အလွယ်တကူ ရရှိလိုက်သော အောင်ပွဲကြောင့် သူတို့မှာ ယုံကြည်မှု တိုးပွားလာပြီး အစွမ်းထက်သော မွန်ဂိုမြင်းတပ်ကိုပင် လုံးဝ ဂရုမစိုက်တော့ပေ။
ရန်သူ့နယ်မြေ အလယ်တည့်တည့်သို့ ထိုးဖောက်ဝင်ရောက်ခြင်းမှာ စစ်ရေးတွင် အကြီးမားဆုံး တားမြစ်ချက် ဖြစ်သော်လည်း တပ်မှူးဟူချန်မှာ လုံးဝ ဂရုမစိုက်ခဲ့ပေ။ ဤကျယ်ပြန့်လှသော မြက်ခင်းပြင်တွင်၊ အထူးသဖြင့် နှင်းမုန်တိုင်း ကျရောက်နေချိန်၌ သတင်းအချက်အလက် စီးဆင်းမှုမှာ အလွန် နှေးကွေးသွားမည် ဖြစ်သည်။
တပ်မှူးဟူချန်၏ ခန့်မှန်းချက်အရ မွန်ဂိုတပ်မတော်မှာ မင်တပ်ဖွဲ့တစ်ခု သူတို့နောက်ကျောတွင် ရောက်နေကြောင်း မသိသေးပေ။ သိသွားလျှင်ပင် တပ်များ ပြန်လည် နေရာချရန် အချိန်ရှိတော့မည် မဟုတ်ပေ။
ထိူအချိန်တွင် ရှေ့ကိုသာ အာရုံစိုက်ပြီး တိုက်ခိုက်ရမည် ဖြစ်သည်။
အမြန်ဆုံးနှင့် အဝေးဆုံးအထိ တိုးဝင်နိုင်သရွေ့ ရန်သူတို့၏ စစ်ဗျူဟာကို ဖျက်ဆီးနိုင်ပြီး ရန်သူ့အားနည်းချက်ကို ပို၍ ပေါ်လွင်စေမည် ဖြစ်၏။ဤသည်မှာ လက်နက် အေး ခေတ်၏ လျှပ်တစ်ပြက် စစ်ဆင်ရေးပင် ဖြစ်သည်။
"နာမည်ဂုဏ်သတင်းမှာ မြင်းပေါ်မှာတင် ရရှိရမယ်"
"ငါတို့က မွန်ဂိုတို့ရဲ့ နောက်ကျောအထိ တိုးဝင်နိုင်ခဲ့ပြီ၊ ဒီတိုက်ပွဲမှာ ဧကရာဇ်မင်းမြတ်က ဆုလာဘ်တွေကို လက်မနှေးဘဲ ပေးမှာ သေချာတယ်"
"စည်းစိမ်ဥစ္စာ၊ ဂုဏ်ပုဒ်၊ မိသားစု အရေးအရာ အားလုံးက ဒီအချိန်မှာပဲ ရှိတယ်၊ အောင်မြင်မှု ရချင်သူတွေ ရှေ့ကို အားကုန် ပြေးကြ..."
စစ်ရေးကြီးကြပ်သူ ကောင်းဖူမှာမိန်းမစိုးတစ်ယောက် ဖြစ်သော်လည်း သူ၏ စိတ်ဓာတ်မှာမူ စစ်သည်တစ်ယောက်နှင့် တူလှသည်။ စစ်သည်တို့ အလိုရှိသည်မှာ အောင်မြင်မှုနှင့် ဆုလာဘ်များ၊ ဂုဏ်ပုဒ်နှင့် ဥစ္စာဓနသာ ဖြစ်ကြောင်း သူ ကောင်းကောင်း နားလည်သည်။
"နိုင်ငံတော်ကို သစ္စာရှိခြင်း"၊ "တိုင်းပြည်အတွက် အသက်ပေးခြင်း" စသည့် စကားလုံးများမှာ စစ်သည်တို့အတွက် အဓိပ္ပာယ် မရှိလှဘဲ ရာထူးတိုးခြင်းနှင့် ငွေကြေး ရရှိခြင်းသာ သူတို့၏ အဓိက ရည်မှန်းချက် ဖြစ်သည်။
စစ်သည်တို့၏ အနှစ်သာရကို ကောင်းစွာ သိရှိထားသူ ဖြစ်သည့်အတွက် ကောင်းဖူမှာ အမြဲတမ်း အောင်မြင်မှု ဟူသော စကားလုံးကို သုံးကာ စစ်သည်တို့၏ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ခဲ့သည်။
"နှင်းကျတာ လေးရက်ရှိပြီ၊ ငါတို့ လိုက်လာတာလည်း လေးရက်ရှိပြီ"
စစ်ရေးကြီးကြပ်သူကောင်းဖူသည် သူ၏ မျက်ခုံးမွှေးပေါ်တွင်ကပ်နေသော ရေခဲမှုန်များကို သုတ်လိုက်သည် ။
"မွန်ဂိုတပ်မတော်က ငါတို့ ရှိနေတာကို သိပြီး ဝိုင်းရံဖို့ စုစည်းနေလောက်ပြီလို့ ထင်တယ်"
"အဲလိုသာ ဖြစ်စေချင်တယ်"
တပ်မှူးဟူချန်သည် စစ်သည်စစ်စစ် တစ်ယောက် ဖြစ်ပြီး သူ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု မရှိသော်လည်း ယခုတစ်ကြိမ်တွင်မူ ပြုံးလိုက်သည်။
"တကယ်လို့သာ ဖြစ်လာရင် ငါတို့ အကြီးအကျယ် အောင်မြင်မှာပဲ"
ရွေးချယ်ခံ တိုက်ပွဲဝင် စစ်သည် သုံးထောင်နှင့် အင်အားနည်းသော တပ်ဖွဲ့ဝင် နှစ်ထောင်သာ ရှိသော်လည်း တပ်မှူးဟူချန်မှာ မွန်ဂိုတို့၏ ဝိုင်းရံမှုကို လုံးဝ မကြောက်ပေ။
မွန်ဂိုတို့အင်အား သောင်းဂဏန်းလောက်နှင့် ဝိုင်းရံလျှင်ပင် သူတို့မှာ သဲကန္တာရ အစွန်းဘက်သို့ အေးဆေး ပြန်ဆုတ်နိုင်ပြီး လမ်းခရီး ပင်ပန်းရုံသာ ရှိမည် ဖြစ်သည်။မွန်ဂိုတပ်တွေ များလေလေ၊ သဲကန္တာရထဲအထိ လိုက်နိုင်ရန် ခက်ခဲလေလေ ဖြစ်၏။
သဲကန္တာရ၏ ပတ်ဝန်းကျင်မှာ တပ်အင်အား အများအပြား ဝင်ရောက်ရန် မသင့်တော်ပေ။ မွန်ဂို စစ်သူကြီး၏ ဦးနှောက်မှာ ပုံမှန် အလုပ်လုပ်နေသရွေ့ သူတို့မှာ လိုက်လံ တိုက်ခိုက်မည် မဟုတ်ပေ။
အကယ်၍သာ သူတို့က နောက်လှည့်ပြီး တပ်မှူးဟူချန်၏ တပ်ကို တိုက်ခိုက်ရန် ကြိုးစားပါက ဆုန်းနယ်စား ဖုန်းရှန်း၏ မင်တပ်မတော်က အနီးကပ် လိုက်ပါလာမည် ဖြစ်သည်။
"သဲကန္တာရကို ဖြတ်ကျော်တဲ့ ဗျူဟာက တကယ် ထူးချွန်တယ်၊ အခုလို ဗဟိုတပ်နဲ့ အနောက်တပ်တွေ ဆက်သွယ်မိသွားတော့ အခြေအနေက ကောင်းသွားပြီ"
စစ်ရေးကြီးကြပ်သူ ကောင်းဖူကရယ်မောရင်း ပြောလိုက်သည်။
"ဒီမြောက်ပိုင်း စစ်ဆင်ရေးမှာ တပ်မှူး ဟူချန်က အများကြီး ပါဝင်ခဲ့တာမို့ ရာထူးတိုးပေးမှာ သေချာတယ်"
"ရာထူး တိုးတာ မတိုးတာကတော့ ကျွန်တော် သိပ်ပြီး ဂရုမစိုက်ပါဘူး"
စိတ်ကြည်လင်နေသဖြင့် တပ်မှူးဟူချန်သည် ကောင်းဖူနှင့် သေချာစကားပြောဖြစ်သည်။
"နိုင်ငံတော်အတွက် တိုက်ခိုက်ပြီး ပြင်ပရန်သူတွေကို ခုခံတာက စစ်သည်တစ်ယောက်ရဲ့ တာဝန်ပါပဲ"
တပ်မှူးဟူချန်နှင့် နှစ်ပေါင်းများစွာ လက်တွဲခဲ့သည့် မိတ်ဖက် တစ်ယောက်အနေဖြင့် ကောင်းဖူလောက် သူ့ကို နားလည်သူ မရှိပေ ။
"ဟားဟား၊တပ်မှူးကြီးက ရှေးခေတ် စစ်သူကြီးတွေလိုစိတ်ဓာတ်ရှိတာပဲ၊ တစ်နေ့နေ့တော့ ဝံပုလွေတောင်ကို တံဆိပ်ခတ်ပြီး ယန်ရန် ကျောက်စာတိုင် စိုက်ထူမယ့်အောင်မြင်မှုကို ရလိမ့်မယ်"
တပ်မှူးဟူချန်ကဲ့သို့ စစ်သည်စစ်စစ်တို့မှာ သုံးပေရှည်သော ဓားဖြင့် အောင်မြင်မှု ရယူရန်အိပ်မက် မက်ကြသော်လည်း ရာထူးနှင့် ငွေကြေးကိုမူ အဓိက မထားကြပေ။သူ အလေးထားသည်မှာ အောင်မြင်မှုသာ ဖြစ်သည်။
"ဝံပုလွေတောင်ကို တံဆိပ်ခတ်ပြီး ယန်ရန် ကျောက်စာတိုင် စိုက်ထူခြင်း" မှာ သမိုင်းတစ်လျှောက် စစ်သူကြီးများအတွက် အမြင့်ဆုံး ဂုဏ်ပုဒ် ဖြစ်ပြီး စစ်သည်တိုင်း၏ အမြင့်ဆုံး ရည်မှန်းချက် ဖြစ်သည်။
တပ်မှူးဟူချန်မှာ ထိုပန်းတိုင်နှင့် အလွန် ဝေးကွာနေသေးသော်လည်း ယခုတစ်ကြိမ်တွင် အောင်မြင်မှု ရရှိခဲ့ပြီဟုဆိုနိုင် နေပြီဖြစ်သည်။
သူ၏ အိပ်မက်နှင့် တစ်လှမ်း နီးကပ်လာသည့်အတွက် တပ်မှူးဟူချန်မှာ အလွန် ပျော်ရွှင်နေ၏။
"နှင်းတွေ ပိုသည်းလာပြီ၊ စစ်သည်တွေကို စခန်းချပြီး အနားယူခိုင်းလိုက်ပါ"
ခေါင်းလောင်းသံ ထွက်ပေါ်လာပြီးနောက် နှင်းမုန်တိုင်းကြားတွင် ရုန်းကန်နေရသော တပ်ဖွဲ့မှာ ရပ်တန့်ကာ စနစ်တကျ စခန်းချရန် ပြင်ဆင်လိုက်သည်။
ထိုအချိန်တွင် ရှေ့မှ ကင်းထောက်မြင်းတပ်က စစ်ရေး အမိန့်စာ တစ်စောင် ပေးပို့လာ၏။ထိုအမိန့်စာမှာ အနောက်တပ်၏ စစ်သေနာပတိ ဆုနနယ်စား ဖုန်းရှန်း၏ လက်ရေးဖြင့် ရေးသားထားသော အမိန့်ဖြစ်ပြီး အကြောင်းအရာမှာရှင်းလင်းလှသည်။
-တပ်မှူးဟူချန်၏ တပ်ကို ချက်ချင်း ပြန်လှည့်လာစေပြီး မဟာသဲကန္တာရ၏ အနောက်ဘက်တွင် တပ်စွဲထားရန်၊ မနှောင့်နှေးစေရ။
*********
`
အခန်း (၁၉၄) - အရင်က ကြိုးစားခဲ့သမျှ အလကား ဖြစ်သွားပြီ
ပြင်းထန်သော လေပြင်းများမှာ တိုက်ခတ်နေဆဲ ဖြစ်ပြီး နှင်းပြင်ပေါ်ရှိ ပျံ့ကျဲနေသော စစ်တပ်၏ တဲများကို ပြင်းထန်စွာ ရိုက်ခတ်နေ၏။
ပင်ပန်းနွမ်းနယ်နေသော စစ်သည်တို့မှာ၎င်း ဘဝမျိုးကို အသားကျနေပြီ ဖြစ်၍ အိပ်ပျော်နေကြသည်မှာ ကြာပြီ ဖြစ်သည်။
ချန်ဟူချန်မှာမူ အိပ်မပျော်သေးဘဲ လက်ထဲရှိ စစ်ရေးအမိန့်စာကို တင်းတင်းကျပ်ကျပ် ကိုင်ထားရင်း မျက်မှောင်ကြုတ်လျက် ရှိ၏။ သူသည် မီးဖိုဘေးတွင် အနွေးဓာတ်ယူနေသော စစ်ရေးကြီးကြပ်သူ ကောင်းဖူကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှ မပြောပေ။
တပ်ဖွဲ့ကို တကယ်တမ်း ဦးစီးရသူ ဖြစ်သည့် ချန်ဟူချန်အနေဖြင့် တချို့သော စကားများကို ပြောရန် အဆင်မပြေပေ။ ထို့ကြောင့် ထိုစကားများကို စစ်ရေးကြီးကြပ်သူ ကောင်းဖူကသာ ပြောရမည် ဖြစ်သည်။
"ဒီစောက်ကျိုးနည်းတဲ့ အမိန့်စာကို လုံးဝ ဂရုမစိုက်နဲ့"
စစ်ရေးကြီးကြပ်သူ ကောင်းဖူသည် သူ၏ မိန်းမလျာ အသံဖြင့် ကျယ်လောင်စွာ ဆဲဆိုလိုက်သည်။
"ငါတို့ ညီအစ်ကိုပေါင်းများစွာကို ခေါ်ပြီး သဲတွေထဲမှာ အန္တရာယ်ကို စွန့်စားခဲ့ရတာ၊ မဟာသဲကန္တာရကြီးကို ဖြတ်ကျော်ခဲ့ပြီး အခက်အခဲပေါင်းစုံကို ကျော်ဖြတ်ခဲ့တာ၊ အခု အောင်မြင်မှု ရတော့မယ့် အချိန်ကျမှ သူက နောက်ဆုတ်ခိုင်းနေတာလား"
စစ်ရေးကြီးကြပ်သူ ကောင်းဖူက ပြောနေရင်း ဒေါသတကြီးအော်ဟစ်လိုက်၏။
"နောက်ဆုတ်စရာလား"
"နောက်မဆုတ်ဘူး၊ လုံးဝ နောက်မဆုတ်ဘူး၊ ဘာပဲဖြစ်ဖြစ် ငါတာဝန်ယူမယ်"
"ငါ့ရည်ရွယ်ချက်ကလည်း နောက်မဆုတ်ဖို့ပါပဲ"
ပုံမှန်အားဖြင့် စကားနည်းသော ချန်ဟူချန်သည် စစ်ရေးကြီးကြပ်သူ ကောင်းဖူနှင့် နှစ်ပေါင်းများစွာ လက်တွဲခဲ့သဖြင့် သဘောထားကိုက်ညီသူများ ဖြစ်သည်။
"တကယ်လို့ ဧကရာဇ်မင်းမြတ်က အပြစ်ပေးမယ်ဆိုရင်လည်း စစ်ရေးကြီးကြပ်သူကောင်းနဲ့ ကျွန်တော် အတူတူ ခံယူပါ့မယ်"
"အိုဖုန်းက အနောက်တပ်ရဲ့ စစ်သေနာပတိ ဖြစ်တယ်၊ ငါတို့က ဗဟိုတပ်ရဲ့ အမိန့်အောက်မှာ ရှိတာ၊ ငါတို့က ဘာလို့ သူ့အမိန့်ကို နားထောင်ရမှာလဲ"
မဟာသဲကန္တာရကို ဖြတ်ကျော်ပြီး ရန်သူကို ဝန်းရံတိုက်ခိုက်မည့် အစီအစဉ်မှာ ဗဟိုတပ်၏ စစ်သေနာပတိ ဗိုလ်ချုပ်ကြီး လန်ယွီ၏ ခွင့်ပြုချက် ရရှိထားပြီး ဖြစ်သည်။ သို့သော် ဆုန်းနယ်စား ဖုန်းရှန်းကမူ ဆန့်ကျင်ဘက် အမိန့်ကို ပေးထား၏။ သီအိုရီအရဆိုလျှင် သူတို့အနေဖြင့် ထိုအမိန့်ကို မနာခံဘဲ နေနိုင်သည်။
စစ်သည်တစ်ယောက်၏ တာဝန်မှာ အမိန့်ကို နာခံရန် ဖြစ်သော်လည်း မည်သူ၏ အမိန့်ကို နာခံရမည်ဆိုသည်မှာလည်း အရေးကြီးသည်။
အကယ်၍ ထိုအမိန့်မျိုးသာ ဗိုလ်ချုပ်ကြီး လန်ယွီထံမှ လာခဲ့ပါက ချန်ဟူချန်နှင့် စစ်ရေးကြီးကြပ်သူ ကောင်းဖူတို့မှာ အလေးအနက် စဉ်းစားကြမည် ဖြစ်သည်။ ကျင်းမင်းသားထံမှ လာလျှင်ပင် သူတို့ သေချာ စဉ်းစားကြမည် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ယွမ်ချွမ်း ခံတပ်နှင့် သူတို့နှစ်ဦးစလုံးမှာ ကျင်းမင်းသား၏ တပ်ဖွဲ့ဝင်များ ဖြစ်နေသောကြောင့်ပင်။
ဆုန်းနယ်စား ဖုန်းရှန်း သည်လည်း သူတို့၏ အထက်အရာရှိ မဟုတ်ပေ။သူတို့ကြားတွင် တိုက်ရိုက် အထက်အောက် ဆက်ဆံရေး မရှိသဖြင့် သူ၏ အမိန့်ကို မနာခံဘဲ နေနိုင် ပေသည်။
အကယ်၍ ဧကရာဇ်မင်းမြတ်က ဤကိစ္စအတွက် အပြစ်ပေးလျှင်ပင် စစ်ရေးကြီးကြပ်သူ ကောင်းဖူနှင့် တပ်မှူးဟူချန်တို့သဘောတူညီပါက သူတို့တွင် ခုခံချေပနိုင်မည့် အကြောင်းပြချက် ရှိသည်။
နက်ရှိုင်းစွာ ထိုးဖောက်ပြီး ဝိုင်းရံတိုက်ခိုက်ခြင်းမှာ အလွန်ကောင်းမွန်သော အခွင့်အရေး ဖြစ်၏။
ဆုန်းနယ်စား ဖုန်းရှန်း၏ စကားတစ်ခွန်းတည်းကြောင့်နောက်ဆုတ်လိုက်ရပါက သူတို့၏ ယခင် ကြိုးစားသမျှ အားလုံးမှာအလကား ဖြစ်သွားမည် ဖြစ်သည်။
ထို့ကြောင့် စစ်ရေးကြီးကြပ်သူ ကောင်းဖူနှင့် ချန်ဟူချန်တို့မှာ နောက်မဆုတ်ရန် သဘောတူညီခဲ့ကြသည်။
"အိုဖုန်းက ငါတို့ကို ခြေထိုးဖို့ ကြိုးစားနေတာ ဖြစ်မှာပါ၊ ငါတို့ အောင်မြင်မှုတွေ ရတော့မယ်ဆိုတာ သိသွားလို့ နေမှာ"
စစ်ရေးကြီးကြပ်သူ ကောင်းဖူက ရယ်မောလိုက်ရင်း
"တပ်မှူးဟူချန်၊ စိတ်မပူပါနဲ့၊ သူသာ တကယ် အဲဒီလို လုပ်ခဲ့ရင် ကျင်းမင်းသားက အလွယ်တကူ လက်ခံမှာ မဟုတ်ပါဘူး"
မည်သို့ပင် ဖြစ်စေ စစ်ရေးကြီးကြပ်သူ ကောင်းဖူနှင့် ချန်ဟူချန်တို့မှာ ကျင်းမင်းသား၏ လူများ ဖြစ်ကြ၍ တစ်စုံတစ်ခု ဖြစ်လာလျှင်ပင် ကျင်းမင်းသားက နောက်ကနေ ပံ့ပိုးပေး ပေလိမ့်မည်။
ချန်ဟူချန်သာ အောင်မြင်မှု ကြီးကြီးမားမား ရခဲ့ပါက ကျင်းမင်းသား၏ ဂုဏ်သတင်းကို ပိုမို တောက်ပစေမည် ဖြစ်သည်။ ထို့အပြင် ကျင်းမင်းသားကိုယ်တိုင်လည်း တပ်များကို ဦးစီးခဲ့ဖူးသူ ဖြစ်ရာ ဤမျှကောင်းမွန်သော ဗျူဟာမြောက် အခွင့်အရေးကို မမြင်ဘဲ နေမည် မဟုတ်ပေ။
ကျင်းမင်းသားအနေဖြင့် ချန်ဟူချန်၏ ဗျူဟာကို ထောက်ခံမည်မှာ သေချာသည်။
ကျင်းမင်းသာ နောက်ခံ ရှိနေသဖြင့် သူတို့အနေဖြင့် ဆုန်းနယ်စား ဖုန်းရှန်းကို ကြောက်ရွံ့နေစရာ မလိုတော့ပေ။
ချန်ဟူချန်နှင့် စစ်ရေးကြီးကြပ်သူ ကောင်းဖူတို့မှာ သဘောတူညီချက် ရရှိသွားပြီ ဖြစ်ရာ ဆုန်းနယ်စား ဖုန်းရှန်း၏ အမိန့်မှာ စာရွက်အလွတ်မျှသာ ဖြစ်သွားတော့မည်။
နောက်တစ်နေ့ မိုးသောက်ချိန်တွင်နှင်းများ ရပ်တန့်သွားပြီ ဖြစ်သည်။ နေမထွက်သေးသော်လည်း မြင်မြင်သမျှ အရာအားလုံးမှာ နှင်းများကြောင့် ဖြူဖွေးနေ၏။
ချန်ဟူချန်မှာ ထုံးစံအတိုင်း စောစောစီးစီးထပြီး ပုံမှန် အမိန့်များကို ပေးနေစဉ် ဝမ်ကျုံးယွန်း ရောက်ရှိလာသည်။
ဝမ်ကျုံးယွန်းမှာ ကျင်းမင်းသား၏ ယုံကြည်ရသူ ဖြစ်သည်။ သူ၏ ရာထူးမှာ ချန်းရှိ ဖြစ်ပြီး ကျင်းမင်းသား၏ ကိုယ်ရေးအရာရှိနှင့် တူသည်။ပုံမှန်တွင် သူသည် နောက်တန်းတွင်သာ ရှိနေရမည် ဖြစ်သော်လည်း ယခုအခါတွင်မူ ထောင်ပေါင်းများစွာ ဝေးသော ရှေ့တန်းသို့ ရောက်လာခဲ့သည်။
ဝမ်ကျုံးယွန်းမှာ ယွမ်းကျိုးမှ စတင် ထွက်ခွာလာပြီး နေ့ရောညပါ ခရီးနှင်ကာ ရှေ့တန်းသို့ ရောက်လာခြင်း ဖြစ်သည်။ သူ ခေါ်လာသည့် လူနှစ်ရာကျော်မှာ လမ်းတွင် တဖြည်းဖြည်း လျော့နည်းသွားပြီး ချန်ဟူချန်နှင့် တွေ့ချိန်တွင် လူငါးဆယ်ခန့်သာ ကျန်ရှိတော့သည်။ဝမ်ကျုံးယွန်း၏ မျက်နှာမှာ ရက်ရှည် ခရီးနှင်လာရသဖြင့် အလွန် ပင်ပန်းနွမ်းနယ်နေပုံရ၏။
"အတွင်းဝန် ဝမ်၊ ဘာလို့ ရှေ့တန်းကို ရောက်လာတာလဲ"
ဝမ်ကျုံးယွန်းမှာ ခုလိုအ ခြေအနေမျိုးတွင်နောက်တန်း၌သာ ရှိနေသင့်သူသာ ဖြစ်သည်။
"ဒီကိစ္စက အရေးကြီးပါတယ်၊ ချန်ဟူချန်၊ စစ်ရေးကြီးကြပ်သူ ကောင်းဖူ၊ အမိန့်ကို နားထောင်"
ဝမ်ကျုံးယွန်းမှာ အသက်ကိုပင် မရှူဘဲ ကျင်းမင်းသား၏ အမိန့်ကို တိုက်ရိုက် ပေးအပ်လိုက်သည်။
"မင်းတို့ တပ်ဖွဲ့ကို ချက်ချင်း ပြန်လှည့်စေပြီး မဟာသဲကန္တာရရဲ့ အနောက်ဘက်ကို စောင့်ရှောက်ထား၊ မနှောင့်နှေးစေနဲ့"
ပြန်လှည့်ရမလား။
စစ်ရေးကြီးကြပ်သူ ကောင်းဖူနှင့် ချန်ဟူချန်တို့မှာ အံ့အားသင့်သွားကြ၏။
မဟာသဲကန္တာရကို အနိုင်နိုင် ဖြတ်ကျော်ပြီး အောင်ပွဲခံခဲ့ရသည်။ ယခုအချိန်တွင် ရန်သူ့နောက်ကျောကို ထိုးနှက်ရမည့် အချိန် ဖြစ်သည်။
ဤမျှ အရေးကြီးသော အချိန်တွင် နောက်ဆုတ်ခိုင်းနေတာလား။
"အတွင်းဝန် ဝမ်၊ ဗိုလ်ချုပ်ကြီး ချန်ဟူချန်က မယုံကြည်လို့ မဟုတ်ပါဘူး၊ ဒီကိစ္စက အရမ်း အရေးကြီးနေလို့ပါ၊ ကျင်းမင်းသားရဲ့ အမိန့်စာကို ကိုယ်တိုင်မြင်မှ ဖြစ်ပါမယ်"
ဝမ်ကျုံးယွန်း၊ ကောင်းဖူနှင့် ချန်ဟူချန်တို့မှာ ကျင်းမင်းသား၏ လူများ ဖြစ်ကြ၍ဝမ်ကျုံးယွန်း၏ စကားကို နားထောင်ရမည် ဖြစ်သော်လည်း ဤကိစ္စမှာ အလွန် အရေးကြီးနေသည်။ ဝမ်ကျုံးယွန်း၏ စကားတစ်ခွန်းတည်းဖြင့် တပ်ကို ပြန်လှည့်ရန်မှာ မဖြစ်နိုင်ပေ။
ဝမ်ကျုံးယွန်းမှာ သူတို့၏ တုံ့ပြန်မှုကို ခန့်မှန်းထားပြီးသား ဖြစ်ပုံရပြီး ကျင်းမင်းသား၏ အမိန့်စာကို ချက်ချင်း ထုတ်ပေးလိုက်သည်။
အမိန့်စာမှာ စက္ကူတစ်ရွက်သာ ဖြစ်ပြီး ခရီးဝေးကြောင့် ဝမ်ကျုံးယွန်း၏ ချွေးများ စိုစွတ်ကာ ပျော့အိနေသည်။
ချန်ဟူချန်သည် စိုစွတ်နေသော စက္ကူကို ဂရုတစိုက် ဖြန့်ကြည့်လိုက်သည်။
အမိန့်စာထဲတွင်"တပ်မှူး ဟူချန်၏ တပ်ကို မဟာသဲကန္တာရ၏ အနောက်ဘက်သို့ ပြန်လှည့်ပြီး စောင့်ရှောက်ထားရန်၊ သေချာစေရမည်"ဟုရေးသားဖော်ပြထား၏။
ချန်ဟူချန်သည် အမိန့်စာကို အချိန်အတော်ကြာ စိုက်ကြည့်နေသည်။ လက်ရေးမှာ ကျင်းမင်းသား၏ လက်ရေး ဖြစ်ကြောင်း၊ တံဆိပ်မှာလည်း မှန်ကန်ကြောင်း သူ သေချာ စစ်ဆေးလိုက်သည်။
ဤအမိန့်မှာ အတုမဟုတ်၊ အစစ်အမှန် ဖြစ်သည်။သို့သော် ဤအမိန့်ကို နားလည်ရန် အလွန် ခက်ခဲလှသည်။
ချန်ဟူချန်က ဘာမှ မပြောဘဲအမိန့်စာရွက်ကို စစ်ရေးကြီးကြပ်သူ ကောင်းဖူအားပေးလိုက်သည်။
စစ်ရေးကြီးကြပ်သူ ကောင်းဖူလည်း ချန်ဟူချန်ကဲ့သို့ပင် စာသားတစ်ခုချင်းစီကို အသေးစိတ် စစ်ဆေးလိုက်သော်လည်း အမှားအယွင်း မတွေ့ပေ။
အမိန့်မှာ မှန်ကန်သည်၊ လာပို့သူလည်း မှန်ကန်သည်။ ပြဿနာမှာ အမိန့်ကို လိုက်နာရန်သာ ကျန်တော့သည်။
သူတို့သည်ကျင်းမင်းသား၏ လူများ ဖြစ်သည့်အတွက် မင်းသား၏ အမိန့်ကို လိုက်နာရမည်မှာ သဘာဝ ကျသည်။
သို့သော် ဤအမိန့်မှာ လုံးဝ မဖြစ်နိုင်စရာ ကောင်းလောက်အောင် ထူးဆန်းနေ၏။
ကျင်းမင်းသားမှာလည်း တပ်များကို ဦးစီးခဲ့ဖူးသူ ဖြစ်ရာ အခြေအနေမှာ အရေးကြီးဆုံး ဖြစ်နေမှန်း သိရမည်။ သူ ဘာလို့ ဒီလောက်တောင် မဖြစ်နိုင်တဲ့ အမိန့်ကို ပေးရတာလဲ။ဒါ မမှန်ဘူး။
ချန်ဟူချန်နှင့် ယှဉ်လျှင် စစ်ရေးကြီးကြပ်သူ ကောင်းဖူမှာ ပို၍ ထက်မြက်သူ ဖြစ်သည်။ သူက ဝမ်ကျုံးယွန်းကို မေးလိုက်သည်။
"အတွင်းဝန် ဝမ်၊ ကျွန်တော်က ကျင်းမင်းသားရဲ့ လူဟောင်းပါ၊ ကျင်းမင်းသားကလည်း တပ်မှူး ဟူချန်ရဲ့ သစ္စာကို သိပါတယ်၊ ကျင်းမင်းသား ကို တစ်ယောက်ယောက်က များ တစ်ခုခုနားထဲ သွားသွင်းထားတာလား"
*********