← Chapters

အခန်း (၁၉၇-၁၉၈)

Vol. 19 Ch. 197-198

အခန်း (၁၉၇-၁၉၈)

Vol. 19 Ch. 197-198

အခန်း (၁၉၇) ရွှေတောင်ကြီးလား

ရှစ်ရက်။

ဧကရာဇ်၏ အမိန့်တော် ထွက်လာပြီးနောက် ရှစ်ရက်အကြာတွင် ကျင်းမင်းသား ရောက်ရှိလာ၏။

ထိုခေတ်ကာလ၏ ဆက်သွယ်ရေး နည်းပညာ၊ တပ်ဖြန့်နိုင်စွမ်းနှင့် ဖွဲ့စည်းပုံ အဆင့်အတန်းတို့နှင့် နှိုင်းယှဉ်လျှင် ဤသည်မှာ လျှပ်စီးကဲ့သို့ မြန်ဆန်သော နှုန်းထားပင် ဖြစ်သည်။

အကြောင်းမူကား ကျင်းမင်းသားသည် တစ်ဦးတည်း လာခဲ့ခြင်း မဟုတ်ဘဲ လက်မှုပညာသည်၊ သတ္တုတွင်းလုပ်သား နှစ်ထောင်ကျော်၊ အလုပ်သမား အမြောက်အမြား၊ ရထားလုံးနှင့် မြင်း အဆမတန် များပြားလှသော ထောက်ပို့တပ်ဖွဲ့ဝင်များ အပါအဝင် စုစုပေါင်း လူဦးရေ သောင်းနီးပါးကို ခေါ်ဆောင်လာခဲ့သောကြောင့် ဖြစ်၏။

ဤသည်မှာ စစ်တပ်အစစ်အမှန် မဟုတ်ဘဲ အတော်အတန် ပြည့်စုံသော သတ္တုတွင်း တူးဖော်ရေးအဖွဲ့ သာ ဖြစ်သည်။ ကျင်းမင်းသားအနေဖြင့် ထိုမျှ တိုတောင်းသော အချိန်အတွင်း ၎င်းတို့ကို စုစည်းပြီး မြက်ခင်းပြင်ကြီးထဲသို့ လီထောင်ပေါင်းများစွာ ချီတက်လာစေခြင်းသည် အံ့ဖွယ်တစ်ခုပင် ဖြစ်၏။

၎င်းမှာထိုခေတ်က စစ်မှုထမ်းအိမ်ထောင်စု စနစ်ကြောင့် အဓိက ဖြစ်သည်။

ကျူးယွမ်ကျန်း စတင်တည်ထောင်ခဲ့သော စစ်မှုထမ်းအိမ်ထောင်စု စနစ်သည် စစ်သား အမြောက်အမြားကို ထောက်ပံ့ပေးရုံသာမက လက်မှုပညာသည်ကဲ့သို့ နည်းပညာရှင်များကိုလည်း အသုတ်လိုက် ထောက်ပံ့ပေးနိုင်၏။ သို့မဟုတ်ပါက ကျင်းမင်းသားတွင် မည်မျှပင် ထူးခြားသော စွမ်းရည်ရှိပါစေ ရက်အနည်းငယ်အတွင်း ယခုကဲ့သို့ ကြီးမားသော သတ္တုတွင်းတူးအဖွဲ့ကို ဖွဲ့စည်းနိုင်မည် မဟုတ်ပေ။

တိုက်ပွဲဝင်အင်အား မဟုတ်သော လူအများအပြား ရုတ်ချည်း ရောက်ရှိလာခြင်းသည် စစ်‌‌ရေးကြီးကြပ်သူကောင်းနှင့် ချန်ဟူချန်တို့ကို လန့်ဖျတ်သွားစေသည်။

လူသောင်းချီသော အင်အားအတွက် ရိက္ခာထောက်ပံ့မှုသည်ပင် ကြီးမားသော ပြဿနာ ဖြစ်ပြီး ချန်ဟူချန်၏ လူအနည်းငယ်တွင် ထိုမျှများပြားသော ရိက္ခာများ ပါမလာခဲ့ပေ။

"ရိက္ခာထောက်ပံ့မှုအတွက် မင်းတို့ စိတ်ပူစရာမလိုဘူး"

ကျင်းမင်းသားက ပြောလိုက်၏။

"ငါကိုယ်တိုင် ဆယ်ရက်စာလောက် လောက်ငတဲ့ ရိက္ခာအချို့ ယူလာခဲ့တယ်"

ဆယ်ရက်စာ ရိက္ခာထောက်ပံ့မှုသည် လုံးဝ မလုံလောက်ပေ။

"ဒါက ကိစ္စမရှိပါဘူး။ အချိန်တန်ရင် ဆုန်းနယ်စားမင်း ဖုန်းရှန်းနဲ့ သူ့လူတွေက အနောက်ဘက်ကနေ ရိက္ခာတွေ ပို့ပေးလိမ့်မယ်"

ထိုစကားကို ကြားသောအခါ ချန်ဟူချန်နှင့် စစ်‌ ရေးကြီးကြပ်ရေးသူကောင်းတို့သည် ပို၍ပင် ဆွံ့အသွားကြ၏။

ဆုန်းနယ်စားမင်း ဖုန်းရှန်းကို ရိက္ခာ ပို့ခိုင်းရမည် ဟုတ်လား။ ဤသည်မှာ အလွန် လွန်ကဲလှသည်။

စစ်သားသောင်းချီ၍ တိုင်းတပါးတွင် စစ်ဆင်နွှဲနေချိန်၌ ရိက္ခာသည် အရေးအကြီးဆုံး စစ်ဗျူဟာမြောက် ပစ္စည်းဖြစ်၏။ တန်ဖိုးရှိသော စစ်ရိက္ခာများကို လက်မှုပညာသည်များအား ပေးလိုက်လျှင် စစ်တပ်ကြီးက ဘာလုပ်မည်နည်း။

ထို့အပြင် ဆုန်းနယ်စားမင်း ဖုန်းရှန်း၏ ရိက္ခာများသည် အနောက်ဘက်တွင် သိုလှောင်ထားခြင်း ဖြစ်သည်။ အနောက်ဘက် စစ်ဆင်ရေးနယ်မြေ၏ တစ်ဝက်ခန့်ကို ဖြတ်ကျော်ပြီး ရိက္ခာသယ်ယူရန်မှာ စိတ်ကူး၍ပင် မရနိုင်ပေ။

တကယ်လို့ လမ်းခရီးတွင် မွန်ဂိုများက ရိက္ခာလမ်းကြောင်းကို ဖြတ်တောက်လိုက်ပါက အရာအားလုံး ပျက်စီးသွားလိမ့်မည်။

ကျင်းမင်းသားသည် စစ်ဗျူဟာကို ကောင်းစွာသိပြီး တိုက်ပွဲကျွမ်းကျင်သူ ဖြစ်ရာ ဤသဘောတရားကို မသိဘဲ မနေနိုင်ပေ။ သူက ဘာကြောင့်...

ချန်ဟူချန်က တစ်ခုခု ထပ်ပြောချင်သော်လည်း ကျင်းမင်းသားက စိတ်မရှည်စွာဖြင့် လက်ဝှေ့ယမ်းပြလိုက်၏။

"မင်းသိတာတွေအကုန်လုံးကို ငါလည်း သိတယ်၊ ဒါကြောင့် ဘာမှမပြောနဲ့တော့။ သဲကန္တာရကြီးရဲ့ အနောက်ဘက်မှာ မွန်ဂိုတွေ နယ်နှင်ဒဏ်ပေးထားတဲ့ ရာဇဝတ်ကောင်တွေ ရှိရမယ်။ အဲဒီလူတွေ ဘယ်ရောက်ကုန်ပြီလဲ"

"လက်အောက်ငယ်သား သဲကန္တာရကြီးကို ဖြတ်ကျော်လာတုန်းက အဲဒီလူတွေက လူစုကွဲကုန်ကြပါပြီ။ အနည်းငယ်ကိုပဲ ဖမ်းမိထားပြီး လက်ရှိမှာ လက်အောက်ငယ်သားရဲ့ စစ်တပ်ထဲမှာ အလုပ်ကြမ်း လုပ်နေကြပါတယ်"

"အဲဒီလူတွေကို ငါ့ဆီ ချက်ချင်း လွှဲပေး"

"ဟုတ်ကဲ့"

"ငါက သဲကန္တာရကြီးထဲကို ချက်ချင်း ဝင်မယ်။ မင်းက ငါ့အတွက် သဲကန္တာရကြီးရဲ့ အနောက်ဘက် အဝင်ဝကိုစောင့်ရမယ်။ တကယ်လို့ မွန်ဂိုတွေ ဒီနေရာကို သိမ်းပိုက်သွားရင်... ဘယ်လို အကျိုးဆက်တွေ ရှိလာမလဲဆိုတာ မင်းသိမှာပါ"

"အရှင်မင်းသားက ဒီလူတွေကို ခေါ်ပြီး သဲကန္တာရကြီးထဲ ဝင်မလို့လား။ ဒါတော့ မဖြစ်သင့်ဘူး"

"အရှင်မင်းသား၊ လုံးဝ မဖြစ်နိုင်ပါဘူး"

စစ်‌ရေးကြီးကြပ်သူ ကောင်းနှင့် ချန်ဟူချန်တို့သည် ကျင်းမင်းသားကိုယ်တိုင် လက်မှုပညာသည်များကို ဦးဆောင်ကာ သဲကန္တာရကြီးထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်လိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးပေ။

သူတို့နှစ်ဦးစလုံးသည် သဲကန္တာရကြီးကို ဖြတ်ကျော်ခဲ့ဖူးသဖြင့် ဤကျယ်ပြောလှသော ကန္တာရပင်လယ်ကြီး မည်မျှ အန္တရာယ်များကြောင်း အသိဆုံး ဖြစ်ကြသည်။ ထိုမျှ များပြားသော လူများကို ခေါ်သွားလျှင် မည်သည့်အရာမဆို ဖြစ်သွားနိုင်သည်။

အန္တရာယ်အရှိဆုံး အပိုင်းမှာ ရက်အတော်ကြာပြီးနောက် မွန်ဂိုများသည် တပ်ဖြန့်မှုများကို အချောသတ်ပြီးလောက်ပြီ ဖြစ်၏။ ရန်သူများ အလုံးအရင်းဖြင့် ရောက်ရှိလာပါက ချန်ဟူချန်၏ လူအနည်းငယ်ဖြင့် လုံးဝ တောင့်ခံနိုင်မည် မဟုတ်ပေ။

တကယ်လို့ မွန်ဂိုစစ်တပ်က သဲကန္တာရကြီး၏ အနောက်ဘက် အဝင်ဝကို ပိတ်ဆို့လိုက်လျှင် သူတို့သည် သဲကန္တာရထဲ ဝင်စရာပင် မလိုဘဲ ကျင်းမင်းသားနှင့် လက်မှုပညာသည်၊ အလုပ်သမား သောင်းချီကို ကန္တာရထဲ၌ အငတ်ဘေးဖြင့် သေအောင် ပိတ်လှောင်ထားနိုင်၏။

တကယ်လို့ ကျင်မင်းသား ကန္တာရထဲတွင် သေဆုံးသွားပါက တိုက်ရိုက် တာဝန်ရှိသူ ဖြစ်သော ချန်ဟူချန်သည် ခေါင်းအလုံးတစ်ရာ ရှိလျှင်ပင် ခေါင်းဖြတ်ခံရရန် မလုံလောက်ပေ။

အခြေအနေသည် ချန်ဟူချန် ထင်သလောက် အန္တရာယ်မရှိကြောင်း ကျင်းမင်းသား သေချာစွာ သိရှိပြီးဖြစ်ကာ ဤကိစ္စသည် ကျူးယွမ်ကျန်း ကိုယ်တိုင် အမိန့်ပေးထားခြင်း ဖြစ်၏။ အစေခံတစ်ဦးအနေဖြင့်ကော သားတစ်ဦးအနေဖြင့်ပါ သူသည် လုံးဝ သွားရမည် ဖြစ်သည်။

ဤကိစ္စကို အောင်မြင်အောင် လုပ်ဆောင်နိုင်လျှင်မိဘအပေါ် သိတတ်သော သားဟူသည့်ဂုဏ်ကိုရရှိ‌ ပေလိမ့်မည်။ထို့ နောက်မိခင်ဖြစ်သူ၏ မျက်နှာသာပေးမှုကို ရရှိနိုင်ပြီး ရရှိမည့် အကျိုးကျေးဇူးများမှာ ထူးခြားလှပေလိမ့်မည်။

"ဒီကျယ်ပြောလှတဲ့ ကန္တာရပင်လယ်ကြီးက အန္တရာယ်တွေနဲ့ ပြည့်နေပြီး အပြင်မှာ ရန်သူဝံပုလွေတွေ ရှိနေတာကို ငါ မသိဘဲ နေမလား။ ဒါပေမဲ့..."

ကျင်းမင်းသားက မည်သည့် ရှင်းလင်းချက်မျှ မပေးဘဲ ချန်ဟူချန်၏ မျက်လုံးများကိုသာ စိုက်ကြည့်လိုက်၏။

"ဘာမှ လျှောက်မစဉ်းစားနဲ့။ ဒီအဝင်ဝကိုပဲ မြဲမြဲစောင့်ထား။ ရန်သူ ချဉ်းကပ်လာတာနဲ့ သူတို့ကို တိုက်ခိုက်..."

စစ်သည်တစ်ဦးအနေဖြင့် ခရီးချီတက်ခြင်း၊ တိုက်ပွဲဝင်ခြင်းနှင့် ရှေ့တန်းမှ ထိုးဖောက်ခြင်းတို့သည် ချန်ဟူချန်၏ တာဝန် ဖြစ်သည်။ စစ်မြေပြင်တွင် သေဆုံး၍ သူ၏ ရုပ်အလောင်းကို မြင်းသားရေဖြင့် ပတ်ရလျှင်ပင် ၎င်းသည် စစ်သားတစ်ဦး၏ သဘာဝသာ ဖြစ်၏။ သို့သော် သူ့တွင် လူအနည်းငယ်သာ ရှိသည်။ သူသည် မွန်ဂိုစစ်တပ်ကြီးကို မည်သို့ ခုခံနိုင်မည်နည်း။

"ဒါက မွန်ဂိုတွေရဲ့ နယ်မြေပဲ။ အလုံးအရင်းနဲ့ လာမယ့် မွန်ဂိုစစ်တပ်ကြီးက ဘယ်အချိန်မဆို ရောက်လာနိုင်တယ်"

"သဲကန္တာရကြီးက အတိုင်းအဆမရှိ ကျယ်ပြောလှပြီး ရန်သူက ဘယ်အရပ်ကမဆို သဲကန္တာရကြီးကို ခြိမ်းခြောက်နိုင်ပါတယ်။ လက်အောက်ငယ်သားမှာ ဒီလူအနည်းငယ်ပဲ ရှိတာပါ။ ကျွန်တော်မျိုး ဘယ်လို ကာကွယ်နိုင်မှာလဲ"

"ဒါပေါ့၊ မင်းရဲ့ လူတွေချည်းပဲနဲ့တော့ မကာကွယ်နိုင်ဘူး"

ကျင်းမင်းသားက ပေါ့ပါးစွာ ရယ်မောလိုက်၏။

"ငါ့ခန့်မှန်းချက်အရဆိုရင် အခုအချိန်မှာ စစ်သေနာပတိချုပ် လန်ယွီက တပ်တွေကို အသေအလဲ စုစည်းနေလောက်ပြီ။ သိပ်မကြာခင်မှာပဲ သူ့ရဲ့ အလယ်ပိုင်းတပ်မတော်က သဲကန္တာရကြီးရဲ့ အရှေ့ဘက်နဲ့ မြောက်ဘက် အရပ်မျက်နှာတွေကို လွှမ်းမိုးထားလိမ့်မယ်"

"မင်းရဲ့ အနောက်ဘက် အဝင်ဝတစ်ခုတည်းကပဲ အားအနည်းဆုံး ဖြစ်နေတာ၊ ဒါပေမဲ့ မင်း သိပ်စိတ်ပူစရာ မလိုပါဘူး"

"ဆုန်းနယ်စားမင်း ဖုန်းရှန်းရဲ့ ပင်မတပ်ဖွဲ့က ဒီဘက်ကို ဦးတည်ရွေ့လျားနေတယ်၊ ဒါပေမဲ့ အချိန်အနည်းငယ်တော့ ကြာလိမ့်မယ်"

ထိုအချိန်ကျမှသာ ချန်ဟူချန်သည် အမှန်တကယ် နားလည်သွားတော့၏။ ဤတပ်ဖြန့်မှု အပြောင်းအလဲသည် သူ၏ အရေးမပါသော လူအနည်းငယ်အတွက်သာ မဟုတ်ဘဲ အကြီးစား စစ်ဗျူဟာမြောက် ပြောင်းလဲမှု ဖြစ်သည်။

စစ်သေနာပတိချုပ် လန်ယွီ၏ အလယ်ပိုင်းတပ်မတော်တစ်ခုလုံးသည် အနောက်ဘက်သို့ ရွေ့လျားနေပြီး သဲကန္တာရကြီး၏ အရှေ့ဘက်နှင့် မြောက်ဘက် အရပ်မျက်နှာများကို ပိတ်ဆို့ကာ ရန်သူများ ကန္တာရထဲ မဝင်နိုင်အောင် တားဆီးတော့မည် ဖြစ်၏။

ဤမြောက်ပိုင်းစစ်ဆင်ရေး၏ ပင်မတပ်ဖွဲ့အနေဖြင့် ဆုန်းနယ်စားမင်း ဖုန်းရှန်း၏ အနောက်ဘက်လမ်းကြောင်းသည်လည်း ထိုနေရာသို့ ချဉ်းကပ်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေသည်။ သို့သော် ဆုန်းနယ်စားမင်း ဖုန်းရှန်း၏ ပင်မစစ်တပ်ကြီးသည် အဓိက တိုက်စစ်ဆင်ရာ အရပ်တွင် တပ်ဖြန့်ထားပြီး မွန်ဂိုပင်မတပ်ဖွဲ့နှင့် လုံးထွေးနေဆဲ ဖြစ်သောကြောင့် အချိန်တိုအတွင်း ရုန်းထွက်နိုင်ရန် မလွယ်ကူသဖြင့် အနည်းငယ် နောက်ကျမှ ရောက်ရှိလာမည် ဖြစ်၏။

"လက်အောက်ငယ်သား နားလည်ပါပြီ"

"ငါ့ရဲ့ အသက်နဲ့ ဒီလက်မှုပညာသည်၊ အလုပ်သမား သောင်းချီရဲ့ အသက်တွေကို မင်းရဲ့ လက်ထဲ အပ်လိုက်ပြီ၊ တပ်မှူး ဟူချန်။ မင်းတာဝန်က အလွန် ကြီးမားတယ်"

ငါ့ရဲ့ အသက်ကို မင်းလက်ထဲ အပ်လိုက်ပြီ တဲ့။ ဘယ်လောက်တောင် ယုံကြည်မှုလဲ။ခဏမျှအတွင်း ချန်ဟူချန်သည် မျက်ရည်ဝဲလုမတတ် ဖြစ်သွားပြီး ဒူးတစ်ဖက်ထောက်လိုက်၏။

"အရှင်မင်းသား စိတ်ချပါ။ ဟူချန်က ဒီနေရာကို အသေခံ စောင့်ကြပ်ပါ့မယ်။ နောက်ဆုံး လူတစ်ယောက် ကျန်တဲ့အထိ တိုက်ခိုက်ပြီး မွန်ဂိုမြင်းတစ်စီးမှ ကန္တာရထဲ ခြေမချစေရပါဘူး"

"ကောင်းတယ်"

ကျင်းမင်းသားက ချန်ဟူချန်၏ ပခုံးကို ပြင်းထန်စွာ ပုတ်လိုက်၏။

"ရွှေကျန့်တပ်ဖွဲ့က ဝူမိုချင်းက လမ်းမှာ ရောက်နေပြီ။ နှစ်ရက်... အလွန်ဆုံး သုံးရက်အတွင်း ရောက်လာလိမ့်မယ်။ မင်း ဒီနေရာကို ထိန်းထားနိုင်သရွေ့ ဒါက အကြီးမားဆုံး အကျိုးကျေးဇူးပဲ။ နားလည်လား"

"လက်အောက်ငယ်သား နားလည်ပါတယ်"

ခဏမျှပင် နှောင့်နှေးခြင်း ကောင်းစွာ အနားပင် မယူရသေးဘဲ ကျင်းမင်းသားသည် ကြီးမားလှသော သတ္တုတွင်းတူးအဖွဲ့ကို ဦးဆောင်ကာ ကန္တာရထဲသို့ ဝင်ရောက်သွားတော့၏။

"ဟူး..."

စစ် ရေးကြီးကြပ်သူကောင်းက မသိစိတ်ဖြင့် သက်ပြင်းချလိုက်သည်။

"အရှင်မင်းသား ခေါ်လာတဲ့ လက်မှုပညာသည်တွေက ပုဆိန်တွေ၊ ဆောက်တွေ၊ တူတွေနဲ့ ပေါက်တူးတွေကို အများဆုံး သယ်လာကြတာ။ သူတို့က သတ္တုတွင်း တူးကြမယ့်ပုံပဲ"

"ငါကတော့ သိချင်နေတုန်းပဲ၊ ဘယ်လို သတ္တုသိုက်မို့လို့ ဒီလောက် အန္တရာယ်များတဲ့ စွန့်စားမှုမျိုး လုပ်ရတာလဲ"

သူတို့က သဲကန္တာရကြီးထဲမှာ ရွှေတောင်ကြီးကို ရှာဖွေတွေ့ရှိခဲ့တာလား။

မဖြစ်နိုင်တာ။ အဲဒီလို ခြောက်သွေ့ပြီး ဘုရားသခင် စွန့်ပစ်ထားတဲ့ နေရာမှာ ဘယ်တုန်းက ရွှေတောင်ရဲ့ အရိပ်အယောင် ရှိခဲ့ဖူးလို့လဲ။

တကယ်လို့ ရွှေတောင်ကြီး ရှိရင်တောင် ကျးင်မင်းသားလို အဆင့်အတန်းမျိုးနဲ့ လူက ကန္တာရထဲ ဝင်ပြီး စွန့်စားရလောက်တဲ့အထိ တန်ဖိုးမရှိနိုင်ဘူး မဟုတ်လား။

စစ်ရေးကြီးကြပ်ရေးမှူး ကောင်းနှင့် မတူဘဲ ချန်ဟူချန်တွင် ထိုမျှ ကြီးမားသော စုစမ်းလိုစိတ် မရှိပေ။ သူသည် စစ်သည်တစ်ဦးသာ ဖြစ်၏။

အမိန့်ကို နာခံခြင်းသည် စစ်သည်တစ်ဦး၏ မလွှဲမရှောင်သာသော တာဝန် ဖြစ်သည်။

အလွန် ရှင်းလင်းသော အမိန့်ရှိပြီး ဖြစ်ရာ သူသည် ရိုးရိုးသားသားပင် အကောင်အထည်ဖော်ရုံသာ ရှိတော့၏။

မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ၊ အကြောင်းရင်းကို မမေးဘဲ စစ်သည်တစ်ဦး၏ တာဝန်ကိုသာ ကျေပွန်အောင် ထမ်းဆောင်ရမည် ဖြစ်သည်။

*********

အခန်း (၁၉၈) ရန်သူလည်း ဝေခွဲမရဖြစ်နေပြီ

"နေမင်းလို တောက်ပပြီး ထာဝရကောင်းကင်ဘုံရဲ့ မျက်နှာသာအပေးခံရဆုံး မွန်ဂိုတို့ရဲ့ အရှင်၊ ပင်လယ်လေးစင်္ကြာရဲ့ အရှင်သခင်ကြီး၊ ဂျင်ဂျစ်ခန်ရဲ့ အရိုက်အရာကို ဆက်ခံသူ ဥူဆာခါခန်... မြက်ခင်းပြင်ကြီးက အရှင်မင်းကြီးရဲ့ နန်းတော်ဖြစ်ပြီး အရှင်မင်းကြီးရဲ့ ရှေ့မှောက်မှာ ဘယ်သူမှ ခေါင်းမမော့ဝံ့ကြပါဘူး။ တောင်တန်းတွေက အရှင်မင်းကြီးအတွက် မြင့်မားလာရပြီး အချိန်တွေကပင် အရှင်မင်းကြီးအတွက် ရပ်တန့်နေရပါတယ်..."

"တော်ပြီ၊ တော်ပြီ"

ဥူဆာခါခန်က စိတ်မရှည်စွာဖြင့် လက်ဝှေ့ယမ်းပြကာ သူ့ကိုယ်ရံတော်၏ ရှည်လျားလှသော ချီးမွမ်းခန်းကို ဖြတ်တောက်လိုက်၏။

"ချီးမွမ်းသီချင်းတွေ ဆိုနေရုံနဲ့တော့ စက်ဆုပ်ရွံရှာဖို့ကောင်းတဲ့ မင်စစ်တပ်ကို မောင်းထုတ်နိုင်မှာ မဟုတ်ဘူး။ ဂျင်ဂျစ်ခန်ရဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေက သီချင်းဆိုပြီး ရလာတာ မဟုတ်ဘူး။ မြင်းတွေ၊ လေးတွေနဲ့ တိုက်ခိုက်ပြီး ရယူခဲ့တာ"

ဥူဆာခါခန်သည် ကူဗလိုင်းခန်၏ တိုက်ရိုက်မျိုးနွယ် ဖြစ်ပြီး ရွှေမျိုးနွယ်စု၏ တရားဝင် အရိုက်အရာ ဆက်ခံသူ ဖြစ်၏။ သူ၏ အရပ်အမောင်းက သိပ်မမြင့်သော်လည်း ကိုယ်ထည်တုတ်တုတ်နှင့် သန်မာလှသည်။ ပြားချပ်ပြီး ကျယ်ပြန့်သော နဖူးပြင်က မွန်ဂိုတို့၏ ထင်ရှားသော လက္ခဏာရပ်များကို ဖော်ပြနေ၏။

ယွမ်မင်းဆက်၏ ဧကရာဇ်များနှင့် လုံးဝမတူဘဲ ဥူဆာခါခန်သည် ဟန်လူမျိုးတို့၏ ယဉ်ကျေးမှု စိမ့်ဝင်မှုကို ပြင်းထန်စွာ ဆန့်ကျင်ပြီး မွန်ဂိုတို့၏ ရိုးရာဓလေ့များကို အမြဲ အလေးအနက် ထိန်းသိမ်းခဲ့သည်။ မဟာယွမ်အင်ပါယာ ဗဟိုလွင်ပြင်ကြီးကို ဆုံးရှုံးခဲ့ရခြင်း၏ အကြီးမားဆုံး အကြောင်းရင်းမှာ ဟန်လူမျိုးတို့၏ ယဉ်ကျေးမှု တိုက်စားခြင်းကို ခံခဲ့ရသောကြောင့် ဖြစ်သည်ဟု သူက အမြဲ ယုံကြည်၏။ ထိုအရာကြောင့် မွန်ဂိုတို့၏ သံမဏိသွေးရဲသော စစ်ရေးစိတ်ဓာတ်များ ပျောက်ဆုံးခဲ့ရပြီး မွန်ဂိုစစ်သည်များကို ပျော်ပါးမှုထဲ နစ်မွန်းစေကာ ကြီးမြတ်သော စစ်သည်တော်များ ဖြစ်မလာတော့ခြင်း ဖြစ်သည်။

ထို့ကြောင့် သူသည် အရာအားလုံးကို ဂျင်ဂျစ်ခန်ခေတ်ကဲ့သို့ ပြန်လည်ဖြစ်တည်စေရန် "ရိုးရာပြန်လည်ဖော်ထုတ်ရေး" ကို ပြင်းထန်စွာ နှိုးဆော်ခဲ့၏။

သို့သော် ၎င်းနှိုးဆော်ချက်က သူသည် ခေါင်းမာသော ရှေးရိုးစွဲအင်အားစု ဖြစ်သည်ဟု မဆိုလိုပေ။ လက်တွေ့တွင် ဥူဆာခါခန်သည် အလွန် လျှို့ဝှက်ထက်မြက်သူ ဖြစ်ရာ အာဏာဗဟိုပြုသော နည်းလမ်းများကဲ့သို့ ဟန်ယဉ်ကျေးမှု၏ အနှစ်သာရအချို့ကို ရွေးချယ် စုပ်ယူတတ်၏။

ဗဟိုလွင်ပြင်ကြီး၌ မွန်ဂိုတို့၏ အုပ်ချုပ်မှု ပြိုလဲသွားကတည်းက ဥူဆာခါခန်သည် "မြောက်ပိုင်းယွမ်" ဟူသော အသုံးအနှုန်းကို လုံးဝ အသိအမှတ်မပြုဘဲ မိမိကိုယ်ကိုယ် "မဟာယွမ်ဧကရာဇ်" ဟုသာ အမြဲ ခေါ်ဝေါ်ခဲ့သော်လည်း လက်တွေ့တွင် မွန်ဂိုတို့၏ အာဏာသည် မြက်ခင်းပြင်ကြီးအတွင်း၌သာ ကန့်သတ်ထားရ၏။

မွန်ဂိုတို့၏ အင်အား ကျဆင်းလာသည်နှင့်အမျှ မြက်ခင်းပြင်ကြီးကို ထိန်းချုပ်ရန်ပင် အလွန် ခက်ခဲလာပြီး ရွှေမျိုးနွယ်စုအတွင်းရှိ မျိုးနွယ်စုများစွာ အပါအဝင် အစိတ်စိတ်အမြွှာမြွှာ ကွဲပြားမှုများကို ကြုံတွေ့ခဲ့ရသည်။

"မွန်ဂိုအားလုံးကို အလံတစ်ခုတည်းအောက်မှာ စည်းလုံးစေခြင်း" သည် ဂျင်ဂျစ်ခန်၏ ကြီးမြတ်သော အောင်မြင်မှုများ၏ အစပြုခြင်း ဖြစ်၏။ ဥူဆာခါခန်သည် ထိုအချက်ကို ရှင်းလင်းစွာ သိရှိထားရာ သူလုပ်ဆောင်နေသောအရာသည် ထိုစဉ်က တေမူဂျင် လုပ်ဆောင်ခဲ့သကဲ့သို့ မွန်ဂိုအတွင်းပိုင်း အင်အားစုများကို ပြန်လည် စုစည်းပြီး ကမ္ဘာမြေကြီးကို သိမ်းပိုက်ရန်ပင် ဖြစ်သည်။

"နေမင်းအောက်က မြေမျက်နှာပြင် အလက်တိုင်းဟာ မွန်ဂိုတွေရဲ့ စားကျက်မြေ ဖြစ်လာရမယ်" ဟူသော ဂျင်ဂစ်ခန်၏ စကားသည် မွန်ဂိုမျိုးဆက်များကို စိတ်ဓာတ်တက်ကြွစေခဲ့ပြီး ဥူဆာခါခန်ကိုလည်း လှုံ့ဆော်ပေးခဲ့၏။

ဤစိတ်ဓာတ်၏ လှုံ့ဆော်မှုကြောင့် ယနေ့တိုင်အောင် ဥူဆာခါခန်သည် တောင်ဘက်ရှိ မင်မင်းဆက်ကို အသိအမှတ်ပြုရန် ငြင်းဆန်နေဆဲ ဖြစ်သည်။ သူသည် မင်မင်းဆက်က မဟာယွမ်ကို အစားထိုးလိုက်သည်ဟု မယုံကြည်ဘဲ မင်မင်းဆက်ကို မဟာယွမ်အတွင်းမှ သူပုန်အင်အားစုအဖြစ်သာ သတ်မှတ်ကာ တရားဝင်စာချွန်လွှာများတွင် ကျူးယွမ်ကျန်းကို သူခိုးဟုသာ အမြဲ ရည်ညွှန်းခဲ့၏။

"နေနဲ့ လင်းလက်တဲ့နေရာတိုင်းဟာ မဟာမင်ရဲ့ နယ်မြေဖြစ်တယ်" ဟူသော ပြောစကားများမှာ အဓိပ္ပာယ်မရှိသော စကားများသာ ဖြစ်ရာ ဥူဆာခါခန်က ဘယ်တော့မှ အသိအမှတ်ပြုမည် မဟုတ်ပေ။

ကောင်းကင်အောက်ရှိ မြေမျက်နှာပြင် တိုင်းသည် မွန်ဂိုတို့၏ စားကျက်မြေ ဖြစ်၏။ ကျူးယွမ်ကျန်းနှင့် သူတည်ထောင်ခဲ့သော မင်မင်းဆက်သည် မင်းဆက်တစ်ခု လုံးဝမဟုတ်ဘဲ သူပုန်များ သိမ်းပိုက်ထားသော နယ်မြေသာ ဖြစ်သည်။

မင်နှင့် ယွမ်တို့ကြားက စစ်ပွဲသည် အာဏာလုပွဲ လုံးဝမဟုတ်ပေ။ ကျူးမင်တို့သည် ရွှေမျိုးနွယ်စု၏ အုပ်ချုပ်မှုအောက်က သူပုန်များသာ ဖြစ်ပြီး ကျူးယွမ်ကျန်းတွင် "ကောင်းကင်ဘုံ၏ အလိုတော်" ဟူသော တရားဝင် အခြေခံအကြောင်းရင်း လုံးဝမရှိပေ။ သူက ကမ္ဘာကြီးကို တရားဝင် အုပ်ချုပ်ရန် ငါနှင့် ယှဉ်ပြိုင်နိုင်စွမ်း ဘာရှိသနည်း။

ဥူဆာခါခန်၏ အတွေးအခေါ်သည် စောစောပိုင်း မင်စစ်ပွဲများ၏ အဓိက အနှစ်သာရကို တိကျစွာ ထင်ဟပ်နေ၏။ စစ်ပွဲအားလုံးသည် "တရားဝင်မှု" ဟူသော အယူအဆကိုသာ အမြဲ အခြေခံ၍ လည်ပတ်နေခြင်း ဖြစ်သည်။

ယနေ့တိုင်အောင် ဥူဆာခါခန်၏ နောက်ကွယ်က မြေပုံပေါ်တွင် မဟာယွမ်အင်ပါယာသည် တည်ရှိနေဆဲ ဖြစ်ပြီး မင်မင်းဆက်၏ နယ်မြေတစ်ခုလုံးသည် ယွမ်အင်ပါယာ၏ နယ်နိမိတ်အတွင်း၌သာ ရှိနေ၏... လက်တွေ့ ထိန်းချုပ်မှုအောက်တွင် မရှိခြင်းသာ ဖြစ်သည်။

ထိုနည်းတူစွာ မင်မင်းဆက်၏ တရားဝင် မြေပုံတွင်လည်း မြက်ခင်းပြင်ကြီးနှင့် သဲကန္တာရ ဒေသများ ပါဝင်နေသော်လည်း ၎င်းတို့သည်လည်း လက်တွေ့ ထိန်းချုပ်ထားနိုင်ခြင်း မရှိပေ။

ကျူးယွမ်ကျန်း၏ အဆိုအရ မင်မင်းဆက်သည် မဟာယွမ်ကို အစားထိုးလိုက်ပြီဖြစ်ရာ အသစ်စက်စက် မင်းဆက်တစ်ခု ဖြစ်ပြီး နောက်ဆုံး "ကောင်းကင်အောက် တစ်ခုတည်းသော စည်းလုံးညီညွတ်မှု" ကိုသာ ပြီးမြောက်ရန် ကျန်ရှိတော့ခြင်း ဖြစ်၏။

ယွမ်နှင့် မင် နှစ်ဦးစလုံးသည် မိမိကိုယ်ကိုယ် တရားဝင် အာဏာရှိသူဟု ယုံကြည်ကြပြီး အခြားတစ်ဦးကို လုံးဝ ချေမှုန်းနိုင်မှသာ သူတို့၏ သမိုင်းဝင် တာဝန်ကို ကျေပွန်မည် ဖြစ်သည်။ ဤအရာသည် ငြိမ်းချမ်းရေးစာချုပ်များ သို့မဟုတ် နယ်မြေခွဲဝေမှုများအတွက် နေရာမရှိဘဲ ဘယ်တော့မှ မပြီးဆုံးနိုင်သော အခြေအနေ ဖြစ်ရန် ကံကြမ္မာက သတ်မှတ်ထားပြီး ဖြစ်၏။

ဤအရာကြောင့် စစ်ပွဲသည် မကြုံစဖူး ရှည်လျားပြီး ရက်စက်ကြမ်းကြုတ် စေမည်ဖြစ်သော်လည်း သမိုင်းရှုထောင့်မှ ကြည့်လျှင် ၎င်းသည် တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ အကြီးမားဆုံးသော ပံ့ပိုးမှုဟု မြင်နိုင်၏။ ယွမ်ဖြစ်စေ မင်ဖြစ်စေ အစိတ်စိတ်အမြွှာမြွှာ ကွဲပြားနေသော အခြေအနေမျိုးကို ခွင့်မပြုဘဲ စည်းလုံးညီညွတ်မှု ရရှိရန်သာ သန္နိဋ္ဌာန်ချထားကြသည်။

ဤအရာသည် နှစ်ဖက်စလုံးအတွက် ကြီးမားသော ပေးဆပ်မှုများ ရှိစေမည် ဖြစ်သော်လည်း "တောင်နှင့်မြောက် ကွဲပြားခြင်း" သို့ ဦးတည်သွားမည် မဟုတ်ပေ။

စည်းလုံးညီညွတ်ခြင်းသည် သမိုင်း၏ အဓိက အကြောင်းအရာ ဖြစ်ရာ အစိတ်စိတ်အမြွှာမြွှာ ကွဲပြားနေသော နယ်မြေကိုသာ ဆုပ်ကိုင်ထားလိုသူ မည်သူမဆို သမိုင်း၏ အမှိုက်ပုံးထဲသို့ ရောက်ရှိရန် ကံကြမ္မာက သတ်မှတ်ထားပြီး ဖြစ်၏။ မင်မင်းဆက်၏ အလယ်ပိုင်းနှင့် နောက်ပိုင်းကာလများတွင် မြက်ခင်းပြင် အုပ်ချုပ်ရေး စနစ်များကို အသိအမှတ်ပြုခဲ့ခြင်းမှာ နောက်ပြန်ဆုတ်ခြင်း ဖြစ်ပြီး အလွန်ကြီးမားကာ ဘယ်တော့မှ ခွင့်မလွှတ်နိုင်သော အမှားတစ်ခု ဖြစ်သည်။

မြောက်ပိုင်းစစ်ဆင်ရေးသည် ထိုကဲ့သို့ အတွေးအခေါ်များ၏ ရလဒ်ပင် ဖြစ်၏။

ထပ်ခါတလဲလဲ နှောင့်နှေးကြန့်ကြာပြီးနောက် မြောက်ပိုင်းစစ်ဆင်ရေးအတွက် ပြင်ဆင်မှုများသည် ပိုမိုပြည့်စုံလာပြီး ပိုမိုကြီးမားသော အင်အားကို ပြသနိုင်ခဲ့ရာ ဥူဆာခါခန်အပေါ် ကြီးမားသော စစ်ရေးဖိအားများ သက်ရောက်စေခဲ့သည်။

အထူးသဖြင့် မင်စစ်တပ်တစ်ခု သဲကန္တာရကြီးထဲမှ ရုတ်ချည်း ပေါ်ထွက်လာသောအခါ ဤအချက်က ဥူဆာခါခန်၏ ကျောရိုးကို စိမ့်တက်သွားစေခဲ့၏။ အရင်က သူသည်မင်စစ်တပ်တွင် စစ်သည်အင်အား မည်မျှရှိသည်ကို မသိခဲ့သော်လည်း အခြေအနေသည် သူအနည်းဆုံး မြင်တွေ့လိုသော အရပ်မျက်နှာသို့ ဆိုးရွားလာနေကြောင်း ထက်မြက်စွာ သတိပြုမိခဲ့သည်။

ဤမျှ နီးကပ်နေသော ကြီးမားလှသည့် ခြိမ်းခြောက်မှုကို ဖယ်ရှားရန်အတွက် သူသည် သူ၏ မူလစစ်ဗျူဟာမြောက် တပ်ဖြန့်မှုများကို ဖျက်သိမ်းပြီး တိုက်ပွဲဗျူဟာကို ပြန်လည် ရေးဆွဲခဲ့ရ၏။

သို့သော်လည်း မယုံနိုင်စရာ အကောင်းဆုံး အခြေအနေသည် ယခုအချိန်တွင်ပင် ဖြစ်ပွားခဲ့သည်။ သဲကန္တာရကြီးထဲတွင်ပေါ်ထွက်လာခဲ့သော စစ်တပ်သည် သူ့အလိုလို ပြန်လည် ဆုတ်ခွာသွားခဲ့ခြင်း ဖြစ်၏။

ဤသည်မှာ စိတ်ကူး၍ပင် မရနိုင်လောက်အောင် ထူးဆန်းလှသည်။

ဥူဆာခါခန်သည် ထိုသတင်းအချက်အလက်များ မှားယွင်းနေသည်ဟုပင် ခေတ္တမျှ ထင်မှတ်ခဲ့မိ၏။ နှစ်ကြိမ်တိုင်တိုင် အတည်ပြုပြီးနောက်တွင်မှ သူသည် သေချာသော သတင်းကို ရရှိခဲ့သည်။ ထိုသတင်းအချက်အလက်က အမှန်တကယ်ပင် မှန်ကန်နေ၏။

ဤသည်မှာ မင်စစ်တပ်က သူ၏ ခါးလယ်ဆီသို့ ထိုးစိုက်လုဆဲဆဲ ဖြစ်နေသော ဓားမြှောင်ကို ၎င်းတို့ဘာသာ ပြန်လည်ရုပ်သိမ်းသွားသကဲ့သို့ ဖြစ်သည်။မင်စစ်တပ်က ထိုမျှအထိ မိုက်မဲမည် မဟုတ်ပေ။

ထာဝရကောင်းကင်ဘုံက သူ၏ စွမ်းအားကို ပြသလိုက်ခြင်းလော။ ကြီးမြတ်သော ထာဝရကောင်းကင်ဘုံက တိတ်တဆိတ် ကူညီနေခြင်းလော။ သို့မဟုတ် သူ၏ ကံတရားက အဆမတန် ကောင်းမွန်နေခြင်းလော။

ဥူဆာခါခန်ကဲ့သို့သော လူမျိုးသည် ကံတရားဟူသော အရာကို ဘယ်တော့မှ ယုံကြည်သူ မဟုတ်ပေ။

အစပိုင်းတွင် ဥူဆာခါခန်သည် ဇွတ်မှိတ်၍ ပြန်လည်တိုက်စစ်ဆင်ရန် မဝံ့ရဲခဲ့ပေ။ သူသည် ဤအရာကို မင်စစ်တပ်က ဆင်ထားသော လှည့်ကွက်တစ်ခု၊ ထောင်ချောက်တစ်ခုဟု မသိစိတ်ဖြင့် ယုံကြည်နေသဖြင့် အချိန်မီပြီး ထိရောက်သော တုံ့ပြန်မှုကို လုပ်ဆောင်ရန် နှောင့်နှေးနေခဲ့သည်။

ထို့ကြောင့် လီထောင်ပေါင်းများစွာ ရှည်လျားသော စစ်မျက်နှာပြင်တစ်ခုလုံးတွင် အလွန် ပုံမှန်မဟုတ်သော မြင်ကွင်းတစ်ခု ပေါ်ပေါက်လာခဲ့၏။ တိုက်ပွဲဝင်နေကြသော အဖွဲ့များသည် စစ်ဗျူဟာမြောက် တပ်ဖြန့်မှုများကို တစ်ချိန်တည်းနီးပါး အပြောင်းအလဲ ပြုလုပ်ခဲ့ကြသော်လည်း မည်သူမျှ ပြတ်သားသော တိုက်စစ်ကို မဆင်နွှဲခဲ့ကြပေ။ ထိုအစား သူတို့သည်၎င်းတို့၏ စစ်မျက်နှာပြင်များကို ပြန်လည် ကျုံ့လိုက်ကြပြီး ဖျံကောင်များကဲ့သို့ အလွန် နိုးနိုးကြားကြားရှိသော ခံစစ်အနေအထားကိုသာ ထိန်းသိမ်းထားကြ၏။

နှစ်ဖက်စလုံးသည် သဘောတူညီချက် ရရှိထားသကဲ့သို့ ခံစစ်အနေအထားသို့ ဝင်ရောက်သွားကြပြီး မည်သူမျှ တိုက်ခိုက်မှု မပြုလုပ်ကြပေ။

ဤပုံမှန်မဟုတ်သော အခြေအနေသည် တစ်ဆယ့်တစ်ရက်တိုင်တိုင် ကြာမြင့်ခဲ့ပြီး အကောင်းဆုံးသော အခွင့်အရေးကို အချည်းနှီး ဖြုန်းတီးပစ်ခဲ့ကြကာ နှစ်ဖက်စလုံး တိုက်ပွဲအတွက် သင့်တော်သော အချိန်ကောင်းကို လွဲချော်ခဲ့ကြရသည်။

စိတ်ဝင်စားစရာ အကောင်းဆုံး အချက်မှာ မင်စစ်တပ်၏ ပင်မတပ်ဖွဲ့ ဖြစ်သော အနောက်ဘက်တပ်မတော်သည် မူလက တိုက်စစ်အနေအထားကို ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။ ယခုမူ ခံစစ်သို့ ပြောင်းလဲသွားရုံသာမက စစ်မြေပြင်မှ တဖြည်းဖြည်း ဆုတ်ခွာပြီး အလွန် ပြတ်သားသော အနေအထားဖြင့် အရှေ့ဘက်သို့ ရွေ့လျားနေ၏။

တစ်ချိန်တည်းမှာပင် အနောက်ဘက်တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်နေသော အလယ်ပိုင်း မင်စစ်တပ်သည်လည်း အနောက်ဘက်သို့ တစ်ပြိုင်နက်တည်း ရွေ့လျားနေသည်။ ကြီးမားလှသော စစ်တပ်ကြီးနှစ်ခုသည် ကျယ်ပြောလှသော သဲကန္တာရ ဒေသကို ဖြတ်ကျော်ကာ ပြန်လည် တပ်ဖြန့်နေကြခြင်း ဖြစ်သည်။

ဒါက မဟုတ်သေးဘူး။

*********

All Chapters