အခန်း ၈၁
Vol. 9 Ch. 81
အပိုင်း (၈၁)
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
အရိပ်ပင့်ကူဘုရင်မ၌ အမွေးမည်မျှ ရှိသနည်း။ မည်သူကမှ ထိုမေးခွန်းအား ဖြေနိုင်မည် မဟုတ်ချေ။ ဘုရင်မ၏ အစွယ်များက လန်လင်း၏ ခေါင်းကို ဖိကပ်ထားပြီး တဖြည်းဖြည်း တိုးဝင်လာ၏။
ရုတ်တရက်ဆိုသလိုပင် တောက်ပသည့် အလင်းတန်းတစ်ခုက ဘုရင်မ၏ ခေါင်းဆီသို့ ပစ်မှတ်ထားကာ ထွက်ပေါ်လာသည်။ သူမ အံ့ဩသွားပြီးနောက် စိတ်ဝိညာဉ်ထိန်းချုပ်မှုကို အသုံးပြုလိုက်၏။
ချက်ချင်းဆိုသလိုပင် ဂူထဲ၌ တွဲလောင်းကျနေသော အလောင်းများအားလုံးက ထိုအလင်းတန်းအား တားဆီးရန် သူမရှေ့သို့ ပျံသန်းလာကြသည်။
ထိုအလင်းတန်းမှာ ဓားပျံတစ်လက် ဖြစ်နေ၏။
ရွှီးးး ရွှီးးး ရွှီးးး
ဓားပျံသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ရုပ်အလောင်း ဒါဇင်ပေါင်းများစွာအား ထိုးဖောက်သွားသည်။
ထိုအခိုက်အတန့်၌မှာပင် ဘုရင်မက သူမ၏ ပုံပန်းသဏ္ဌာန်ကို ပြောင်းလဲလိုက်၏။
ဧရာမပင့်ကူကြီးအသွင်မှ ဝေဝါးနေသော လူသားအသွင်သို့ ပြောင်းလဲလိုက်သည်။ ထို့နောက် သူမ၏ လက်ကို ဆန့်ထုတ်လိုက်ပြီး များပြားလှသော နဂါးစွမ်းအားများကို ပေါက်ကွဲထွက်ပေါ်စေကာ ပျံသန်းနေသည့် ဓားအား လေထဲ၌ပင် ရပ်တန့်သွားစေလိုက်၏။
ပင့်ကူအသွင်၌ ရှိနေစဉ်က သူမ၌ လူသားမိန်းမပျိုတစ်ဦး၏ မျက်နှာ ရှိသည်။ သို့သော် လူသားအသွင် ပြောင်းသွားချိန်၌မူ သူမ၏ မျက်နှာသည် ကြောက်မက်ဖွယ် ရွံရှာဖွယ်ကောင်းသည့် ပင့်ကူတစ်ကောင်နှင့် တူနေတော့၏။
သူမ၏ စွမ်းအားများသည်လည်း ပြောင်းလဲသွားသည်။ ပင့်ကူအသွင်၌ ရှိနေစဉ်က အံ့မခန်း စိတ်ဝိညာဉ်စွမ်းအားများ ရှိခဲ့၏။ သို့သော် လူသားအသွင်၌မူ မယုံနိုင်စရာ များပြားလှသည့် နဂါးစွမ်းအားများကို ပိုင်ဆိုင်ထားပြန်သည်။
ဘုရင်မက ဒေါသတကြီး အော်ဟစ်လိုက်၏။ "နဂါးစစ်သည်တော်ထက် ပိုသန်မာတဲ့သူလား။ နင်က ဘယ်သူလဲ။ ငါ့စိတ်ဝိညာဉ် ခြေရာခံမှုကနေ ဘယ်လိုလုပ် ပုန်းရှောင်နိုင်တာလဲ။"
ရုတ်တရက်ဆိုသလို ဂူပေါက်ဝက ပြိုကျသွားပြီး လရောင်အောက်၌ အလွန် လှပသည့် အမျိုးသမီးတစ်ဦးက ကျက်သရေရှိစွာဖြင့် လျှောက်လှမ်းလာ၏။
သူမသည် နှင်းကဲ့သို့ ဖြူဖွေးနေသည့် ဝတ်စုံကို ဝတ်ဆင်ထားပြီး ကောင်းကင်ဘုံမှ ဆင်းသက်လာသည့် နတ်သမီးလေးတစ်ပါးကဲ့သို့ပင် ဖြစ်နေသည်။
သူမ လျှောက်လှမ်းလာချိန်၌ ခြေထောက်များသည် မြေပြင်ကိုပင် မထိတထိ ဖြစ်နေ၏။ ကြမ်းပြင်ပေါ်၌ ပစ်ချခံထားရသည့် လန်လင်းဆိုလျှင် စကတ်အောက်ခြေမှတစ်ဆင့် သူမ၏ ဗလာကျင်းနေသော ခြေထောက်များကိုပင် ရှင်းလင်းစွာ မြင်နေရလေပြီ။
ထိုခြေထောက်များသည် အပြစ်အနာအဆာကင်းကာ နှင်းကဲ့သို့ ဖြူဖွေးနေကြ၏။ လန်လင်း တစ်သက်နှင့်တစ်ကိုယ် ဤမျှ လှပပြီး နူးညံ့သည့် ခြေထောက်များကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ အဖြးရောင် ကျောက်စိမ်းဖြင့် ထုဆစ်ထားသည့်အလား ထင်မှတ်ရသည်။
အရိုးသားဆုံး ပြောရလျှင် ဤသည်မှာ မင်းသမီး ကျိနင်နှင့် သူမ၏ အစ်မဖြစ်သူ ဆိုနင်ပင်းတို့ကဲ့သို့ လှပသည့် အမျိုးသမီးတစ်ဦးအား လန်လင်း ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။
ထိုအမျိုးသမီး၏ ရင်သပ်ရှုမောဖွယ် မျက်နှာကို မြင်ချိန်၌ ဘုရင်မမှာ ပြင်းထန်စွာ မနာလို ဖြစ်သွားကာ စိုက်ကြည့်လိုက်၏။ "နင်က ဘယ်သူလဲ။ ငါ့ဆီကနေ နင့်စိတ်ဝိညာဉ်ကို ဘယ်လိုများ ဖုံးကွယ်ထားတာလဲ။"
အမျိုးသမီးက သူမ၏ ခေါင်းပေါ်၌ လွင့်မျောနေသည့် ရွှေရောင်ကွင်းတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။ သူမက ညင်သာစွာ ပြော၏။ "ငါ့ကို အားလော့လို့ ခေါ်။ ဒါက မြင့်မြတ်နတ်နဂါးကျောင်းတော်က ရတနာပဲ။ ကောင်းကင်စက်ဝန်း လက်စွပ်လို့ ခေါ်တယ်။ စိတ်ဝိညာဉ်တိုက်ခိုက်မှု အားလုံးကို တားဆီးပေးနိုင်တယ်။"
သူမ၏ အသံသည် ကြည်လင်နေပြီး မှော်ဆန်နေသည်။
ဘုရင်မက မဲ့ပြုံး ပြုံးလိုက်၏။ "ဟမ့်... ဒါဆို နင်က မြင့်မြတ်နတ်နဂါးကျောင်းတော်က စစ်သည်တော်ပေါ့။ ဒါပေမဲ့ ဘာဖြစ်လဲ။ ငါ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားတွေကို နဂါးစွမ်းအားအဖြစ် ပြောင်းလဲလိုက်ရင်တောင် နင့်ကို သတ်နိုင်သေးတယ်။"
ထိုသို့ပြောပြီးနောက် ဘုရင်မက သူမ၏ လက်သည်းများကို လက်ဝါးသဏ္ဌာန် ပြောင်းလဲကာ လေဟာနယ်ကို ရိုက်ချလိုက်သည်။ အားလော့သည်လည်း တုံ့ပြန်သည့်အနေဖြင့် သူမ၏ သွယ်လျသော လက်များကို ရှေ့သို့ ဆန့်ထုတ်ကာ ပြန်လည် တိုက်ခိုက်လိုက်၏။
“ဝုန်းးးးးး”
ဗုံးပေါက်ကွဲသွားသည့်အလား ကျယ်လောင်လှသည့် အသံကြီး ဂူထဲ၌ ပေါက်ကွဲထွက်လာသည်။ မျက်နှာကြက်မှ ကျောက်တုံးများ ပြုတ်ကျလာပြီး ဖုန်မှုန့်များ နေရာအနှံ့ လွင့်စင်သွား၏။
ဤသည်မှာ သူမတို့နှစ်ဦးကြားရှိ နဂါးစွမ်းအားများ တိုက်ရိုက် ထိပ်တိုက်တွေ့ဆုံမှုပင်။ ဘုရင်မက အနည်းငယ် အသာစီးရနေပြီး အားလော့ကမူ အနောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရသည်။
ဘုရင်မက ကျယ်လောင်စွာ ရယ်မောလိုက်၏။ "ဟားဟား။ ငါ ပြောသားပဲ။ နင်က အထူးနဂါးစစ်သည်တော် ဖြစ်နေရင်တောင် ငါ့ကို မနိုင်ဘူး။ သေလိုက်တော့။"
သူမ၏ လက်သည်းများကို မြှောက်လိုက်ပြီး ခန္ဓာကိုယ်ထဲရှိ နဂါးစွမ်းအားများအားလုံးကို စုစည်းလိုက်သည်။
ရုတ်တရက်ဆိုသလိုပင် မြေပြင်ပေါ်ရှိ ရေတွက်၍မရသည့် အရိုးစုများ လေထဲသို့ ပျံတက်လာကြပြီး ပေါင်းစည်းသွားကာ ပေသုံးဆယ်ကျော် ရှည်လျားသော ဧရာမ အရိုးဓားကြီးတစ်လက်အဖြစ် အသွင်ပြောင်းလာပြီ အားလော့ကို ခုတ်ပိုင်းလိုက်၏။
ချက်ချင်းပင် အားလော့၏ ဝတ်စုံရှည်သည်လည်း ရုတ်တရက် ကျယ်ပြန့်သွားပြီး ပျံသန်းလာသော အရိုးများအားလုံးကို ကာကွယ်ပေးသည့် ဧရာမ ဒိုင်းလွှားကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
အရိုးများက နူးညံ့နေပုံရသည့် ဝတ်စုံအား ဝင်တိုက်မိသော်လည်း အပိုင်းပိုင်းအစစ ကျိုးပဲ့သွားကြရ၏။
သို့သော် အရိုးစု အရေအတွက်က များလွန်းလှသည်။ ဤနေရာ၌ မရေမတွက်နိုင်သည့် လူများကို ပင့်ကူဘုရင်မက သတ်ဖြတ်စားသောက်ထား၏။ သူမ၏ ထိန်းချုပ်မှုအောက်၌ အဆုံးမရှိသော အရိုးများက သေစေနိုင်သည့် လက်နက်များ ဖြစ်လာကြသည်။
ထိုအရိုးများက ဧရာမ လှိုင်းလုံးကြီးတစ်ခုအလား အားလော့ဆီသို့ ဝင်တိုက်လာကြ၏။ မကြာမီမှာပင် အားလော့၏ ဝတ်စုံဒိုင်းလွှားမှာ တဖြည်းဖြည်း ဆုတ်ယုတ်လာရလေပြီ။
ဘုရင်မက ရယ်မောလိုက်သည်။ "ဟားဟား။ ငါ့စွမ်းအားတွေက အံ့မခန်းပဲလို့ ပြောသားပဲ။ နင်က အသက်နှစ်ဆယ်ကျော်ပဲ ရှိဦးမယ်။ ငါကတော့ နှစ်ပေါင်းရာချီ ကျင့်ကြံလာတာဟဲ့။"
အရိုးများကို ကာကွယ်နေရသဖြင့် အားလော့၏ မျက်နှာမှာ ဖြူရော်လာ၏။ အားလော့ သူမ၏ လျှာကို ကိုက်လိုက်ပြီး သွေးတစ်လုတ် ထွေးထုတ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် သူမ၏ နဂါးစွမ်းအားများက ပိုမို အားကောင်းလာကြ၏။
ညာဘက်လက်ကို လျင်မြန်စွာ လှုပ်ရှားလိုက်သည်နှင့် အနက်ရောင် ဓားမြှောင်တစ်လက်က သူမ၏ လက်အင်္ကျီထဲမှ ထွက်ပေါ်လာသည်။ ထိုဓားမြှောင်သည် ညအမှောင်ထက်ပင် ပို၍ နက်မှောင်နေလျက် ရှိ၏။
အားလော့ အံကြိတ်ပြီး ပစ်ခတ်လိုက်သည်။ ဓားမြှောင်က ဘုရင်မ၏ နဖူးတည့်တည့်ဆီသို့ ပျံသန်းသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဘုရင်မ၏ မျက်နှာနှင့် လက်မအနည်းငယ်အထိ ရောက်လာသည်။
ထိုတိုက်ခိုက်မှုအတွက် အားလော့သည် သူမ၏ ကျန်ရှိနေသေးသည့် နဂါးစွမ်းအား အားလုံးနီးပါးကို အသုံးပြုထားခြင်းပင်။
ဘုရင်မသည်လည်း ပျံသန်းလာသည့် ဓားအား စူးရှစွာ စိုက်ကြည့်လိုက်၏။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းသည့် အရာတစ်ခု ဖြစ်ပေါ်လာသည်။
ဘုရင်မက သူမ၏ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ဓားမြှောင်ကို လေထဲ၌ပင် ရပ်တန့်သွားစေလိုက်၏။
မိစ္ဆာမ၏ စွမ်းအားသည် ပြိုင်ဘက်ကင်း အစွမ်းထက်လှသည်။ ခဏတာမျှ အမျိုးသမီးနှစ်ဦးမှာ အရှုံးအနိုင် မပေါ်ဘဲ အခြေအနေ တင်းမာနေ၏။ သို့သော် အားလော့တစ်ယောက် သိသိသာသာ ရှုံးနိမ့်နေလေပြီ။ သူမ၏ ဝတ်စုံဒိုင်းလွှားမှာ သေးငယ်လာပြီး စုတ်ပြဲလာသည်။
ဤကမ္ဘာ၌ နဂါးစွမ်းအားနှင့် သိုင်းပညာတို့ဖြင့် အလွန် သန်မာလာနိုင်သော်ငြား လူသားခန္ဓာကိုယ်မှာ အားနည်းနေဆဲပင်။ အကယ်၍ အားလော့၏ ခန္ဓာကိုယ်သာ အရိုးများနှင့် ထိမှန်ပါက သူမ သေချာပေါက် သေဆုံးရပေလိမ့်မည်။
ရဲ့ကျင်းယွီပင်လျှင် ဧရာမ မြွေကြီး၏ အကိုက်ခံရပါက သေဆုံးရမည်ဖြစ်သကဲ့သို့ပင်။
အားလော့၏ မျက်နှာက သွေးရောင်မရှိတော့သည်အထိ ဖြူရော်လာ၏။ သူမ၏ ဝတ်စုံဒိုင်းလွှားမှာ ပိုမို ပါးလွှာလာပြီး အပေါက်များက ပို၍ ကြီးမားလာသည်။
ဝတ်စုံ စုတ်ပြဲသွားသောကြောင့် သူမ၏ ခြေထောက်များ ပေါ်နေသော်ငြား လက်ရှိအချိန်၌ ထိုအရာကို သူမ ဂရုမစိုက်နိုင်သေးချေ။
တစ်ချိန်တည်းမှာပင် ဘုရင်မသည်လည်း သူမ၏ ကန့်သတ်ချက်သို့ ရောက်ရှိနေလေပြီ။ အားလော့အား တိုက်ခိုက်ရန် အရိုးစုများကို ထိန်းချုပ်နေစဉ်အတွင်း အနက်ရောင်ဓားမြှောင်ကိုပါ တားဆီးနေရ၏။
မည်သို့ပင်ဖြစ်စေကာမူ သူမသည် အဓိကအားဖြင့် စိတ်ဝိညာဉ်စွမ်းအားကို သုံးပြီး တိုက်ခိုက်သည့် မိစ္ဆာတစ်ကောင် ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်သူအဖြစ် ပြောင်းလဲခြင်းက စွမ်းအင်များစွာကို ကုန်ခမ်းစေမည်မှာ သဘာဝပင်။
ထိုအခိုက်အတန့်၌ပင် သောက်ကျိုးနည်း အံ့အားသင့်ဖွယ်ကောင်းသည့် အရာတစ်ခုကို လန်လင်း သတိထားမိလိုက်သည်။ ဘုရင်မ၏ နှင်းကဲ့သို့ ဖြူဖွေးနေသော ကျောပြင်ပေါ်၌ မျက်လုံးတစ်လုံးက ဖြည်းညှင်းစွာ ထွက်ပေါ်လာခြင်းပင်။
မှန်၏။ ထိုသည်က ပင့်ကူမျက်လုံးတစ်လုံး ဖြစ်သည်။ အစောပိုင်းတုန်းက ထိုနေရာ၌ မရှိသော်ငြား ယခုအခါ ပို၍ ကြီးမားလာကာ အလွယ်တကူ မြင်တွေ့နိုင်နေလေပြီ။
လန်လင်း အံ့ဩသွား၏။ "မိစ္ဆာတိုင်းမှာ အားနည်းချက် ရှိတယ်။ တိုက်ပွဲ အရမ်း ပြင်းထန်လာတဲ့အခါ ပုန်းကွယ်နေတဲ့ အားနည်းချက်က ထွက်ပေါ်လာတတ်တယ်။ အားနည်းချက်သာ အတိုက်ခံရရင် မိစ္ဆာ သေသွားလိမ့်မယ်။ ဒီမျက်လုံးက သူ့အားနည်းချက်များလား။"
ထိုအရာကို တွေးမိသည်နှင့် လန်လင်း၏ နှလုံးခုန်သံတို့က မြန်ဆန်လာသည်။ သို့သော် သူ၏ ခြေထောက်များက ပင့်ကူမျှင်တို့ဖြင့် ချည်နှောင်ခံထားရဆဲပင်။ သူ၌ လွတ်နေသော လက်တစ်ဖက်သာ ရှိပြီး အနီးအနား၌ လေး သို့မဟုတ် မြှားများလည်း မရှိနေချေ။
ထို့အတွက်ကြောင့် မြေပြင်ပေါ်ရှိ သံချေးတက်ကာ ကျိုးပဲ့နေသော ဓားသွားတစ်ချောင်းကိုသာ ကောက်ယူလိုက်၏။ ဘုရင်မ၏ ကျောပြင်ပေါ်ရှိ မျက်လုံးကို ကြည့်လိုက်ပြီး သူ၏ စိတ်ဝိညာဉ် ခြေရာခံမှုကို အသုံးပြုရန် ပြင်ဆင်လိုက်သည်။
သို့သော် ချက်ချင်းပင် ရပ်တန့်လိုက်၏။
ဤမိစ္ဆာမသည် စိတ်ဝိညာဉ်စွမ်းအား၌ ဆရာတစ်ဆူ ဖြစ်သည်။ အကယ်၍ သူမကို ပစ်မှတ်ထားရန် စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုလိုက်ပါက ချက်ချင်း သတိထားမိသွားပေလိမ့်မည်။ ဤအတိုင်း ပစ်ပေါက်ခြင်းကသာ ပို၍ ကောင်းမွန်၏။
လန်လင်း အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။ ထို့နောက် သူ၏ ချိန်ရွယ်မှုကိုသာ အားကိုးလျက် ဘုရင်မ၏ ကျောပြင်ပေါ်ရှိ မျက်လုံးကို စိုက်ကြည့်ကာ ကျိုးပဲ့နေသည့် ဓားသွားအား အစွမ်းကုန် ပစ်ပေါက်လိုက်၏။
**--**--**--**--**--**--**--**
"ဟားဟားဟား။" တစ်ချိန်တည်းမှာပင် ဘုရင်မသည်လည်း သူမ အနိုင်ရပြီဟု ထင်မှတ်ကာ အဆက်မပြတ် ရယ်မောလျက် ရှိနေသည်။
အပိုင်း ၈၁ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team