အခန်း ၈၂
Vol. 9 Ch. 82
အပိုင်း (၈၂)
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
အားလော့၏ စကတ်မှာ အပိုင်းပိုင်းအစစ စုတ်ပြဲနေပြီး သေရတော့မည့်အလား ဖြစ်နေသည်။
အရိပ်ပင့်ကူဘုရင်မက မနာလိုစွာ ပြောလိုက်၏။ “ဟားဟား... နင် သေရတော့မယ်။ အရမ်းလှတာပဲ။ နင့်ဦးနှောက်ကို ဖောက်ပြီး အရသာရှိမရှိ မြည်းကြည့်ချင်သေးတယ်။ နင် သေသွားရင်တောင် အလွတ်မပေးဘူး။ ဒီမှာ ယောက်ျားတွေ အများကြီးပဲ။ နင့်အလောင်းကို အလှည့်ကျ နှိပ်စက်ခိုင်းမယ်။”
သို့သော် ထိုအခိုက်အတန့်၌ပင်... ရွှပ်... လန်လင်း ပစ်ပေါက်လိုက်သည့် သံချေးတက်ကာ ကျိုးပဲ့နေသော ဓားသွားက ဘုရင်မ၏ ကျောပြင်ပေါ်ရှိ မျက်လုံးထဲသို့ တည့်မတ်စွာ စိုက်ဝင်သွားသည်။
“…”
ဘုရင်မ ကြောင်အသွား၏။ သူမ၏ တစ်ကိုယ်လုံးက ပြင်းထန်စွာ တုန်ယင်သွားရသည်။ ထို့နောက် သူမ၏ လူသားအသွင်က ဝေဝါးလာပြီး ရွံရှာဖွယ်ကောင်းသည့် ဧရာမပင့်ကူကြီးအသွင်သို့ ပြန်လည် ပြောင်းလဲသွား၏။
ချက်ချင်းပင် သူမ၏ ဧရာမ ခန္ဓာကိုယ်မှာ လေလျှော့လိုက်သည့် မီးပုံးပျံတစ်ခုအလား ပိန်ချုံးသွားသည်။ များပြားလှသော စွမ်းအင်များနှင့် စိတ်ဝိညာဉ်စွမ်းအားများက ရိုင်းစိုင်းခက်ထန်စွာ ပေါက်ကွဲထွက်ပေါ်လာသည်။
“အားးး အားးး အားးး။”
“ငါ လက်မခံနိုင်ဘူး။ လုံးဝ လက်မခံနိုင်ဘူး။”
အော်ဟစ်ဟိန်းဟောက်ရင်း ဘုရင်မက လန်လင်းအား အံ့အားသင့်စွာ လှည့်ကြည့်လိုက်သည်။ အစွမ်းထက်သည့် အားလော့အစား အားနည်းသည့် လူချောလေးတစ်ယောက်၏ လက်ချက်ဖြင့် သေဆုံးရလိမ့်မည်ဟု သူမ လုံးဝ မထင်မှတ်ထားမိခဲ့ချေ။
တစ်ချိန်တည်းမှာပင် လေထဲ၌ ပျံသန်းနေသည့် အရိုးစုများမှာ မြေပြင်ပေါ်သို့ ရုတ်တရက် ပြုတ်ကျလာပြီး အပိုင်းပိုင်းအစစ ကျိုးပဲ့သွားကြ၏။
အားလော့၏ စုတ်ပြဲနေသော စကတ်မှာ တဖြည်းဖြည်း ကျဆင်းလာပြီး လှပကာ နှင်းကဲ့သို့ ဖြူဖွေးနေသည့် ခြေထောက်များကို ဖန်းအုပ်လိုက်သည်။
သူမသည်လည်း လန်လင်းအား အံ့အားသင့်စွာ စိုက်ကြည့်နေ၏။
တစ်ချိန်တည်းမှာပင် အသူရာမိစ္ဆာကြယ်မှာ ရူးသွပ်သွားသည့်အလား လည်ပတ်လာ၏။ ဘုရင်မ၏ ခန္ဓာကိုယ်ထဲမှ အဆုံးမရှိသည့် စိတ်ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး အသူရာမိစ္ဆာကြယ်က ထိုအရာများအားလုံးကို ရူးသွပ်စွာ ဝါးမျိုလိုက်သည်။
ဤအဆုံးမရှိသော စိတ်ဝိညာဉ်စွမ်းအားများက ယခင်က အသူရာစုပ်ယူဖူးသည့် နဂါးစွမ်းအားများထက် ဆယ်ဆ ၊ အဆတစ်ရာ ၊ အဆတစ်ထောင်မက ပိုမို များပြားနေ၏။
လန်လင်း ခန္ဓာကိုယ်ထဲရှိ စွမ်းအင်လမ်းကြောင်းများ အားလုံး အပြည့်အဝ ပွင့်နေသော်ငြား ထိုစွမ်းအားများကို ကိုင်တွယ်ရန် မလုံလောက်သေးချေ။
အပြင်းအထန် စီးဆင်းနေသော စွမ်းအင်များ ဝန်းရံလျက် လေဆင်နှာမောင်းတစ်ခု၏ အလယ်ဗဟို၌ ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။
မကြာမီမှာပင် စူးရှတောက်ပသည့် အလင်းတန်းကိုသာ မြင်တွေ့နိုင်တော့၏။ လန်လင်း စိတ်မှာ လုံးဝ ပြည့်နှက်သွားပြီး ရေတွက်၍မရနိုင်သော စွမ်းအင်စီးကြောင်းများကိုသာ ခံစားနိုင်တော့သည်။
အရိုင်းဆန်သည့် စွမ်းအင်များက ခန္ဓာကိုယ်ထဲသို့ ပြေးဝင်လာပြီး အသူရာမိစ္ဆာကြယ်၏ ဝါးမျိုခြင်းကို ခံလိုက်ရ၏။
ဝုန်းးး
ခဏအကြာ၌ လန်လင်း ဆက်လက် မတောင့်ခံနိုင်တော့ဘဲ သတိလစ်သွားတော့သည်။
မည်မျှကြာအောင် သတိလစ်သွားသည်ကို လန်လင်း မသိပေ။ သို့သော် အိပ်မက်ထဲ၌မူ အသူရာမိစ္ဆာကြယ်က သူ၏ ဦးနှောက်နှင့် မျက်လုံးများထဲသို့ စွမ်းအင်များ တွန်းပို့နေသည်ကို ရှင်းလင်းစွာ ခံစားနေရ၏။
အသူရာမိစ္ဆာကြယ်က သူ၏ စိတ်ဝိညာဉ်စွမ်းအားကို အဆင့်မြှင့်တင်ပေးနေကြောင်း လန်လင်း နားလည်သွားသည်။
သူ နိုးလာချိန်၌ မျက်လုံးကို ချက်ချင်း မဖွင့်ချေ။ ထို့နောက် အလွန် ထူးဆန်းသော အရာတစ်ခုကို သတိထားမိလိုက်၏။
မျက်လုံးမှိတ်ထားသော်ငြား ပတ်ဝန်းကျင်ရှိ အရာများကို မြင်နိုင် သို့မဟုတ် အာရုံခံနိုင်နေဆဲပင်။
လက်ရှိအချိန်၌ သူသည် ရေကန်တစ်ခုဘေးတွင် လဲလျောင်းနေသည်။ အနီးအနား၌ ရှဉ့်နှစ်ကောင် ရှိ၏။ ပို၍ အရေးကြီးသည်မှာ ဆယ်ပေခန့် အကွာ၌ အလွန် လှပသော အမျိုးသမီးတစ်ဦး ထိုင်နေခြင်းပင်။ မျက်လုံးမှိတ်ထားသောကြောင့် ပုံပန်းသဏ္ဌာန်ကို အာရုံခံနိုင်ရုံသာ ဖြစ်သော်ငြား ရင်သပ်ရှုမောဖွယ်ကောင်းနေဆဲ ဖြစ်သည်။
အမျိုးသမီးမှာ အားလော့ပင်။
လန်လင်း အံ့အားသင့်သွား၏။ သူ စိတ်ထဲမှ မေးလိုက်သည်။ “အသူရာမိစ္ဆာကြယ်... အခု ငါ့ရဲ့ စိတ်ဝိညာဉ်စွမ်းအား ဘယ်လောက်ရှိနေပြီလဲ။ ပေ ၅၀၀ အထိ အာရုံခံနိုင်ပြီလား။”
အသူရာမိစ္ဆာကြယ်က ဖင်ခေါင်းကျယ်ဟန်ဖြင့် ဖြေလာသည်။ “ပေ ၅၀၀ ဟုတ်လား။ ဟက်...။ ပေ ၁၀၀၀ တောင် ပြဿနာမရှိဘူး သခင်။ သခင့်ရဲ့ စိတ်ဝိညာဉ်စွမ်းအားက အခုဆို အဆင့်ကိုး ကျင့်ကြံသူအဆင့်ကို ရောက်နေပြီ။ မကြာခင် အလယ်အလတ်အဆင့် ကျင့်ကြံသူအဆင့်ကို ဝင်ရောက်တော့မယ်။”
ကျင့်ကြံသူများဆိုသည်မှာ စိတ်ဝိညာဉ်စွမ်းအားကို လေ့ကျင့်ရန်သာ အာရုံစိုက်ကြသူများ ဖြစ်၏။ အများစုမှာ မြင့်မြတ်နတ်နဂါးကျောင်းတော်မှ လာကြသည်။
“အံလောက်တောင်လား။” လန်လင်း အလွန် ပျော်ရွှင်သွား၏။
ဘွဲ့ယူစာမေးပွဲ အောင်မြင်ရန် ပေ ၅၀၀ အထိ အာရုံခံနိုင်ရန်သာ လိုအပ်သည်။ သို့သော် ယခုအခါ ဘုရင်မ၏ စွမ်းအားများကို စုပ်ယူပြီးနောက် ပေ ၁၀၀၀ အကွာရှိ ပစ်မှတ်များကို သော့ခတ်နိုင်နေလေပြီ။
အသူရာမိစ္ဆာကြယ်က ဆက်ပြောသည်။ “အရိပ်ပင့်ကူဘုရင်မက စိတ်ဝိညာဉ်စွမ်းအား တိုးတက်ဖို့ ရေတွက်မရတဲ့ လူတွေရဲ့ ဦးနှောက်တွေကို စားသုံးခဲ့တာ။ သခင်က အဲဒီစွမ်းအားတွေ အားလုံးကို ဝါးမျိုလိုက်တာလေ။”
“စစ်ထုတ်ပြီးတဲ့နောက် စွမ်းအားရဲ့ တစ်ရာခိုင်နှုန်းကပဲ သခင့်အတွက် ဖြစ်လာတာ။ ဒါပေမဲ့ အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ယောက်ထက် အများကြီး မြင့်နေသေးတယ်။ ဘာပဲဖြစ်ဖြစ် အခုချိန်မှာ ဦးနှောက်နဲ့ ခန္ဓာကိုယ်က ဒီလောက်စွမ်းအားကိုပဲ ကိုင်တွယ်နိုင်သေးတယ်။ ဒါကြောင့် ကျန်တဲ့စွမ်းအားတွေကို စိတ်ဝိညာဉ်ပါရမီ အဆင့်မြှင့်ဖို့ အစားထိုး သုံးလိုက်တယ်။”
အသူရာမိစ္ဆာကြယ် ယခင်က ပြောဖူးသည့်အတိုင်း စိတ်ဝိညာဉ်ပါရမီနှင့် စိတ်ဝိညာဉ်စွမ်းအားမှာ မတူညီကြချေ။
ဥပမာအားဖြင့် မြင့်မားသော စိတ်ဝိညာဉ်စွမ်းအားရှိသူက အဝေးမှ ပစ်မှတ်များကို အာရုံခံနိုင်၏။ သို့သော် မြင့်မားသည့် စိတ်ဝိညာဉ်ပါရမီရှိသူကမူ ပစ်မှတ်များကို ပို၍ တိကျစွာ သော့ခတ်နိုင်ပြီး စွမ်းအင် အသုံးပြုမှု နည်းပါးကာ ပစ်မှတ်များစွာကို တစ်ပြိုင်နက်တည်း သော့ခတ်နိုင်စွမ်း ရှိသည်။
ထို့အပြင် အရေးအကြီးဆုံးအချက်မှာ... စိတ်ဝိညာဉ်ပါရမီ မြင့်မားသူများသည် ဓားရေး ၊ သိုင်းပညာ သို့မဟုတ် မှော်ပညာများကို လေ့လာရာ၌ သာမန်ထက် အားထုတ်မှု တစ်ဝက်ဖြင့် နှစ်ဆ ပိုမို မြန်ဆန်စွာ တတ်မြောက်နိုင်ကြ၏။ ဤသည်က အရေးအကြီးဆုံး အချက်ပင်။
ထို့အတွက်ကြောင့် စိတ်ဝိညာဉ်ပါရမီသည် အခြားပါရမီများအားလုံးထက် အရေးအကြီးဆုံး ဖြစ်သည်။
မူလက လန်လင်း၏ စိတ်ဝိညာဉ်ပါရမီမှာ ၇.၅ သာ ရှိ၏။ ဤသည်က လူတစ်ထောင်၌ တစ်ယောက်သာ ရှိတတ်သော အဆင့်ဖြစ်သော်ငြား အကောင်းဆုံးတော့ မဟုတ်ချေ။
လန်လင်း မေးလိုက်သည်။ “အခု ငါ့ရဲ့ စိတ်ဝိညာဉ်ပါရမီက ဘယ်လောက်လဲ။”
အသူရာမိစ္ဆာကြယ်က ချက်ချင်း ပြန်ဖြေသည်။ “၈.၁ ပါ သခင်။ လူတစ်သောင်းမှာ တစ်ယောက် ရှိတဲ့ အဆင့်ပဲ။”
လန်လင်း ထပ်မေးလိုက်သည်။ “စိတ်ဝိညာဉ်ပါရမီက ၉.၉ ရောက်သွားရင် ဘာဖြစ်မလဲ။”
အသူရာမိစ္ဆာကြယ်က ဖြေသည်။ “သိုင်းပညာ ဘယ်လောက်ခက်ခဲပါစေ ချက်ချင်း သင်ယူနိုင်လိမ့်မယ်။ ရန်သူ့သိုင်းကွက်က ဘယ်လောက် လှည့်စားမှုများနေပါစေ တစ်ချက် ကြည့်လိုက်တာနဲ့ အားနည်းချက်တွေကို မြင်နိုင်လိမ့်မယ်။”
လန်လင်း စကားပင် မဆိုနိုင်တော့ချေ။ ထိုအရာက တကယ်ကို အံ့မခန်းပင်။
“ဒါဆို ငါ့ရဲ့ လက်မောင်းခွန်အားက ကျင်း ၃၀၀ ရောက်သွားပြီလား။”
အသူရာမိစ္ဆာကြယ်က နှမြောတသစွာ ပြောသည်။ “မရောက်သေးဘူး သခင်။ ကျင်း ၂၅၀ ပဲ ရှိသေးတယ်။ အရိပ်ပင့်ကူဘုရင်မက စိတ်ဝိညာဉ်စွမ်းအင် သက်သက်နဲ့ ဖွဲ့စည်းထားလို့ပဲ။”
လက်မောင်းခွန်အားက ရည်မှန်းချက် ပြည့်မီရန် ကျင်း ၅၀ လိုနေသေးသည်လား။ ဘွဲ့ယူစာမေးပွဲ မတိုင်မီ ရက်ပေါင်း ၂၀ ကျော်လေးသာ ကျန်တော့၏။ အိမ်ပြန်ခရီးအတွက်လည်း လေးငါးရက်ခန့် ကြာမြင့်ဦးမည် ဖြစ်သည်။
**--**--**--**--**--**--**--**
ထိုစဉ် အမျိုးသမီးတစ်ဦး၏ ကြည်လင်ပြီး သာယာလှပသည့် အသံလေးက ထွက်ပေါ်လာ၏။ “နိုးနေပြီဆို ဘာလို့ မျက်လုံး မဖွင့်တာလဲ။”
လန်လင်း မျက်လုံးဖွင့်လိုက်သည်။ ချက်ချင်းပင် လှပသည့် မျက်နှာတစ်ခုကို မြင်လိုက်ရ၏။ သူမက ရေထဲသို့ ခြေထောက်ချကာ သစ်ကိုင်းတစ်ခုပေါ်၌ ထိုင်နေသည်။
လန်လင်းကို ကြည့်မနေချေ။
သူမ၏ ခန္ဓာကိုယ်မှာ ရင်သပ်ရှုမောဖွယ်ကောင်းပြီး အထူးသဖြင့် ဖြူရော်ကာ ချောမွေ့နေသည့် ခြေထောက်များပင်။ ခေတ်သစ်ကမ္ဘာမြေမှ ခြေထောက်ရူးများသာ သူမ၏ ခြေထောက်ကိုမြင်ပါက အကြည့်ဖြင့်ပဲ နတ်ပြည်ရောက်သွားနိုင်သည်။
လန်လင်း မတ်တတ်ရပ်ကာ နက်ရှိုင်းစွာ အရိုအသေပေးလိုက်၏။ “အသက်ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
အရိုအသေပေးနေစဉ် လန်လင်း စိတ်ထဲမှ တိတ်တဆိတ် မေးလိုက်သည်။ “အသူရာမိစ္ဆာကြယ်... ဒီအမျိုးသမီးက ဘယ်လောက်တောင် သန်မာတာလဲ။ ဂူထဲမှာ အရိပ်ပင့်ကူဘုရင်မကို သရေကျတဲ့အထိ တိုက်ခိုက်နိုင်တယ်ဆိုတော့။”
အသူရာမိစ္ဆာကြယ်က ဖြေသည်။ “နဂါးစစ်သည်တော်ပါ သခင်။”
လန်လင်း အံ့အားသင့်သွား၏။ နဂါးစစ်သည်တော်တစ်ယောက်က မည်မျှ အစွမ်းထက်ကြောင်း အတိအကျ မသိပေ။ သို့သော် သူသည် အဆင့်တစ် စစ်သည်တော်ပင် မဖြစ်သေးကြောင်းကိုတော့ သိထားသည်။ အလယ်အလတ်အဆင့် စစ်သည်တော် ဖြစ်ရန်ပင် အဆင့် ၉ ကို အောင်မြင်ရဦးမည် ဖြစ်၏။
အလယ်အလတ်အဆင့် စစ်သည်တော်များကို ကြယ်ကိုးပွင့် ခွဲခြားထားသည်။ ကြယ်ကိုးပွင့် အလယ်အလတ်အဆင့်ကို ကျော်လွန်ပြီးမှသာ အဆင့်မြင့် စစ်သည်တော် ဖြစ်လာနိုင်၏။
အဆင့်မြင့် စစ်သည်တော်များကိုလည်း အဆင့်ကိုးဆင့် ထပ်မံ ခွဲခြားထားပြန်သည်။ နောက်ဆုံး၌ နဂါးစစ်သည်တော် ဖြစ်လာရန် အဆင့်ကိုး အဆင့်မြင့် စစ်သည်တော်အဆင့်ကို ကျော်လွန်ရမည် ဖြစ်၏။
မွေးစားအစ်ကို ဆိုဟန်ရီက အသက် ၂၇ နှစ်အရွယ်၌ နဂါးစစ်သည်တော် ဖြစ်လာသည်။ ထျန်းရွှေမြို့ရှိ လူတိုင်းက သူ့ကို ရာစုနှစ်တစ်ခုအတွင်း တစ်ယောက်သာ ပေါ်ထွန်းတတ်သော ပါရမီရှင်ဟု ခေါ်ဆိုကြ၏။
မိန်းကလေး အားလော့မှာမူ အသက် နှစ်ဆယ်စွန်းစွန်းသာ ရှိဦးမည်။
အားလော့က ခေါင်းလှည့်လာသည်။ ဘေးတိုက် မျက်နှာသွင်ပြင်က လန်လင်းကို အသက်ရှူမှားသွားစေလောက်သည်အထိ လှပနေ၏။
အားလော့က အေးစက်စွာ ပြောလာသည်။ “ဘယ်သူက ဘယ်သူ့ကို ကယ်တာလဲ ပြောရခက်ပါတယ်။”
လန်လင်းက မေးလိုက်၏။ “ခွင့်လွှတ်ပါ။ အခု ဘယ်ရောက်နေတာလဲ။”
“တောင်အောက်မှာ။”
“ဂူနဲ့ ဘယ်လောက်ဝေးလဲ။”
“မဝေးဘူး။ ဆယ်မိုင်ကျော်လောက်ပဲ။”
လန်လင်း ခေါင်းညိတ်လိုက်၏။ “ခေါ်ထုတ်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဂူထဲက တခြားလူတွေ ဘာဖြစ်သွားလဲ မေးလို့ရမလား။”
အားလော့က အေးစက်စွာ ဖြေသည်။ “အရိပ်ပင့်ကူဘုရင်မ သေသွားပြီ။ သူတို့အပေါ် သက်ရောက်နေတဲ့ စိတ်ဝိညာဉ်ထိန်းချုပ်မှုကလည်း သဘာဝအတိုင်း ပျက်ပြယ်သွားတော့ သူတို့ဘာသာ ထွက်သွားကြလိမ့်မယ်။”
လန်လင်း ထပ်မေးလိုက်၏။ “ရဲ့ကျင်းယွီလို့ခေါ်တဲ့ အစ်မတစ်ယောက် ရှိသေးတယ်။ သူ့ကိုရော တွေ့မိသေးလား။”
အားလော့က ခေါင်းရမ်းလိုက်သည်။ “မတွေ့ဘူး။ အရိပ်ပင့်ကူဘုရင်မ သေပြီးနောက် ရှင့်ကိုဆွဲပြီး ထွက်လာတာပဲ။ တခြားဘယ်သူ့ကိုမှ ကျွန်မ ဂရုမစိုက်ဘူး။”
လန်လင်း ထပ်မံ အရိုအသေပေးလိုက်၏။ “အသက်ကယ်ပေးတဲ့အတွက် ထပ်ပြီး ကျေးဇူးတင်ပါတယ်။ သွားခွင့်ပြုပါဦး။”
လန်လင်းအား စိုက်ကြည့်ကာ အားလော့က အေးစက်စွာ ပြောလာသည်။ “ဘယ်သွားမလို့လဲ။”
အပိုင်း ၈၂ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team