← Chapters

အခန်း ၈၃

Vol. 9 Ch. 83

အခန်း ၈၃

Vol. 9 Ch. 83

အပိုင်း (၈၃)

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

လန်လင်းက လေးနက်စွာ ပြောလိုက်သည်။ “အရိပ်ပင့်ကူဘုရင်မဂူထဲ သွားပြီး ကျုပ်သူငယ်ချင်းတွေကို ရှာရဦးမယ်။”

အားလော့က ချိုသာစွာ ပြုံးလိုက်သည်။ “မရဘူး။”

လန်လင်း အံ့အားသင့်သွားသည်။ သူ ကြားလိုက်ရသည့် စကားကို မယုံနိုင်အောင် ဖြစ်သွားရ၏။ သူ၏ရှေ့ရှိ အမျိုးသမီးမှာ နတ်သမီးလေးတစ်ပါးကဲ့သို့ လှပနေသည်။

သူမ မည်သူနည်း မမေးရသော်ငြား သူမလက်ချောင်းပေါ်ရှိ မြင့်မြတ်နတ်နဂါးကျောင်းတော်၏ ကောင်းကင်စက်ဝန်း လက်စွပ်ကို သတိထားမိလိုက်သည်။ ထို့အတွက်ကြောင့် သူမသည် ကျောင်းတော်မှ အမျိုးသမီး ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း သေချာသွား၏။

မြင့်မြတ်နတ်နဂါးကျောင်းတော်မှ ကျင့်ကြံသူများသည် များသောအားဖြင့် လောကီရေးရာများနှင့် ကင်းကွာစွာ နေထိုင်တတ်ကြသည်။ အရိပ်ပင့်ကူဘုရင်မက လူများကို ဒုက္ခပေးနေကြောင်း ကြားသိရ၍ မိစ္ဆာကို သတ်ရန် သူမ တစ်ယောက်တည်း ဤနေရာသို့ လာခြင်းဖြစ်မည်ဟု သူ ထင်မှတ်ထား၏။

သူမကဲ့သို့ မွန်မြတ်သူတစ်ဦးက မည်သည့် အကျိုးအမြတ်ကိုမှ မမျှော်လင့်ဘဲ လူ့အသက်များကို သေချာပေါက် ကယ်တင်ပေလိမ့်မည်။

သို့သော် ယခုအခါ သူမက သူ့အား ထွက်သွားခွင့် မပြုဘဲ ပြတ်သားစွာ ငြင်းဆန်နေ၏။

လန်လင်း မျက်မှောင်ကျုံ့လိုက်သည်။ “ဘာလို့လဲ။”

အားလော့က ပြုံးလိုက်သည်။ “ဘာလို့လဲဆိုတော့ ကျွန်မက ရှင့်အတွက် သီးသန့် လာတာမို့လို့လေ။ အဲဒီလိုမှမဟုတ်ရင် အရိပ်ပင့်ကူဘုရင်မရဲ့ ဂူထဲကို ဘာကိစ္စနဲ့ တစ်ယောက်တည်း သွားရမှာလဲ။ ​ကျွန်မ သေချင်နေတယ်လို့ ရှင် ထင်နေလား။”

လန်လင်း မျက်လုံးပြူးသွား၏။ “ခင်ဗျားက မိစ္ဆာကိုသတ်ပြီး လူတွေကို ကယ်ဖို့ သွားတာ မဟုတ်ဘူးလား။ ကျုပ်အတွက် လာတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။”

အားလော့က တည်ငြိမ်စွာ ပြောသည်။ “လူတွေကို ကယ်မယ်။ ကျွန်မက ဘာကိစ္စ အဲဒီလို လုပ်ရမှာလဲ။ အရိပ်ပင့်ကူဘုရင်မနဲ့ ကျွန်မက ကိုယ့်ကိစ္စ ကိုယ်နေကြတာ။ လူတွေက သူ့နယ်မြေထဲ မဝင်သရွေ့တော့ သေမှာ မဟုတ်ဘူး။ အသတ်ခံရတဲ့သူတိုင်းက ခံထိုက်လို့ ခံရတာပဲ။ ကျွန်မ အဲဒီကို သွားတာ ရှင့်ကို ရှာဖို့။”

လန်လင်း လုံးဝ ဆွံ့အသွားရသည်။ မည်သည်တို့ ဖြစ်နေသနည်း။ သူကိုယ်သူ ထိုမျှလောက် အရေးပါသည်ဟု မထင်ထားချေ။

လန်လင်း သက်ပြင်းချလိုက်၏။ “ခင်ဗျားက ဒီလောက်အဝေးကြီးကို အသက်စွန့်ပြီး လာတာ... ကျုပ်အတွက် သက်သက်လား။”

အားလော့ ခေါင်းလှည့်လာသည်။ “ဟုတ်တယ်။” သူမ၏ ရင်သပ်ရှုမောဖွယ်ကောင်းလှသည့် မျက်နှာထက်၌ အပြုံးဖျော့ဖျော့လေးတစ်ခု ထွက်ပေါ်လာပြီး လန်လင်း၏ စိတ်ဝိညာဉ်မှာ လွင့်မျောသွားသကဲ့သို့ ခံစားလိုက်ရ၏။

လန်လင်း မျက်မှောင်ကျုံ့လိုက်သည်။ “ဒါပေမဲ့ ဘာဖြစ်လို့လဲ။ ကျုပ်က ထူးခြားတဲ့သူမှ မဟုတ်တာ။ မိန်းကလေး... ကျုပ်ဆီကနေ ဘာလိုချင်လို့လဲ။”

အားလော့က ပြုံးလိုက်၏။ “ကျွန်မ ရှင့်ကို အိမ်ခေါ်သွားမလို့။ ကျွန်မအိမ်ကို။”

လန်လင်းက လေးနက်စွာ မေးလိုက်သည်။ “ပြီးတော့ရော။”

သူမက ညင်သာစွာ ပြောလိုက်၏။ “ပြီးရင် တို့တွေ လက်ထပ်ကြမယ်။ ကျွန်မ ရှင့်ကို လက်ထပ်ချင်တယ်။”

လန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

သူ၏ရှေ့ရှိ အမျိုးသမီးမှာ မယုံနိုင်လောက်အောင် လှပလွန်းပြီး မင်းသမီး ကျိနင်ကဲ့သို့ပင် လှပ၏။ အကယ်၍ သူမ၏ ရုပ်ရည်ကို အမျိုးသားများနှင့် နှိုင်းယှဉ်ရပါက ဆိုလွန်ထက်ပင် အများကြီး ပို၍ ကြည့်ကောင်းနေသေးသည်။

ယခုမူ သူမက သူ့အား လက်ထပ်ရန်အတွက် ပင့်ကူအသိုက်ထဲသို့ အသက်စွန့်ကာ လာသည်ဟု ဆိုနေသည်လား။

သူမက ဆိုလွန်၏ ချစ်သူဟောင်းများထဲမှ တစ်ယောက်လော။ မဟုတ်ချေ။ သူမ၏ မျက်နှာကို ဆိုလွန်၏ ပုံတူပန်းချီကားများထဲ၌ မတွေ့ဖူးပေ။ ထို့အပြင် ဆိုလွန်ကဲ့သို့ မျက်နှာများသည့် လူစားမျိုးက ဤနတ်သမီးလေးကဲ့သို့ အမျိုးသမီးနှင့် မထိုက်တန်ဟု လန်လင်း ခံစားမိ၏။

လန်လင်း ခေါင်းကုတ်လိုက်သည်။ “ခွင့်လွှတ်ပါ မိန်းကလေး။ အရင်တုန်းက ကျုပ်တို့ ရင်းနှီးဖူးလို့လား။”

အားလော့က ခေါင်းရမ်းလိုက်၏။ “မရင်းနှီးပါဘူး။ ကျွန်မ ရှင့်ပုံကိုမြင်ပြီး မြင်မြင်ချင်း ချစ်မိသွားတာ။ ရှင့်ကို ရှာပြီး ကျွန်မရဲ့ ယောကျ်ားအဖြစ် တင်မြှောက်ဖို့ ခရီးဝေးကြီးကနေ လာတာ။”

သူမလေးက ရူးသွပ်ဖွယ်ရာ စကားများကို ပြောနေစဉ်အတွင်း နတ်သမီးလေးတစ်ပါးကဲ့သို့ နူးညံ့သည့် အပြုံးကို ထိန်းထားဆဲပင်။ လန်လင်း၏ အတွေးများ လုံးဝ ကမောက်ကမ ဖြစ်သွားရတော့၏။

သူ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။ အခြေအနေက အလွန် ထူးဆန်းနေ၏။ မှန်ပေသည်။ သူမက လှပပြီး ကျက်သရေရှိကာ ယောကျ်ားတိုင်း၏ အိပ်မက်ထဲမှ မိန်းကလေးပင်။

သို့သော် လန်လင်း လေးစားစွာ အရိုအသေပေးလျက် လေးနက်စွာ ပြောလိုက်၏။ “မိန်းကလေးရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျုပ် စေ့စပ်ထားပြီးပြီ။ အခု ကျုပ်သူငယ်ချင်းတွေကို သွားရှာရဦးမယ်။ ခွင့်ပြုပါဦး။”

အားလော့က သူမ၏ လက်အင်္ကျီရှည်ကို ဝှေ့ယမ်းလိုက်သည်။ “မရဘူး။” ချက်ချင်းဆိုသလိုပင် လန်လင်း အေးခဲသွားပြီး မလှုပ်ရှားနိုင်တော့ချေ။

လန်လင်း မျက်နှာပျက်သွား၏။ “မိန်းကလေး... ဘာလုပ်တာလဲ။”

ရင်သပ်ရှုမောဖွယ် လှပလှသည့် အားလော့က ညင်သာစွာ ပြောလိုက်သည်။ “ဒီရက်ပိုင်း ရုပ်ချောတဲ့ ယောကျ်ားတွေ အရမ်းရှားနေတာ။ ကျွန်မရဲ့ နောက်ဆုံး မင်္ဂလာဆောင်ကတည်းကဆို အချိန်တွေ အတော်ကြာပြီ။ ပြီးတော့ လူ့သွေး မသောက်ရတာလည်း တော်တော် ကြာနေပြီ။ ရှင့်လို ထိပ်တန်း အချောအလှလေး တစ်ယောက်ကို ကျွန်မက ဘယ်လိုလုပ် အလွတ်ပေးနိုင်ပါ့မလဲ။”

ထိုစကားကို ကြားချိန်၌ လန်လင်း၏ ကျောရိုးတစ်လျှောက် အေးစက်သည့် ကြက်သီးမွေးညင်းများ ထသွားရ၏။

အားလော့က သူ၏အနီးသို့ လွင့်မျောလာသည်။ သူမက လန်လင်း၏ လည်ပင်းကို ညင်သာစွာ ထိတွေ့လိုက်ပြီး ဖြူဖွေးနေသော သွားများကို ဖော်ကာ နှုတ်ခမ်းကို သပ်လိုက်၏။ သူမက ချိုသာစွာ ပြောသည်။ “ချစ်မောင်လေး... ကျွန်မရဲ့ နတ်သမီးဟန်ဆောင်မှုလေးကို ဘယ်လိုသဘောရလဲ။ ရှင့်ကို တွေ့ဖို့ ဒီရုပ်ရည်နဲ့ ကိုယ်ရည်ကိုယ်သွေးကို သုံးဖို့ မဆုံးဖြတ်ခင် အချိန်အကြာကြီး စဉ်းစားရသေးတာ။”

လန်လင်း မျက်ရည်ဝဲသွားသည်။ ကျားတွင်းမှ လွတ်ကာကာရှိသေး ဝံပုလွေပါးစပ်ထဲ တည့်တည့်ကျလာ၏။

အားလော့က လန်လင်းအား အရိုအသေပေးလိုက်၏။ “ကျွန်မရဲ့ အချစ်ဆုံး ခင်ပွန်းလေး... ကျွန်မကိုယ်ကျွန်မ မိတ်ဆက်ပေးပါရစေ။ ကျွန်မက တောင်တစ်သောင်း တောင်တန်းက မြွေပွေးမျိုးနွယ်ရဲ့ ခေါင်းဆောင် မုန်ထိုလော့။ လူတွေကတော့ ကျွန်မကို သေမင်းတမန်ဟွာ လို့လည်း ခေါ်ကြတယ်။”

သေမင်းတမန်ဟွာ။ သူမက သေမင်းတမန်ဟွာ ဖြစ်နေသည်လား။

အရိပ်ပင့်ကူဘုရင်မနှင့် နှိုင်းယှဉ်လျှင် သေမင်းတမန်ဟွာဟူသည့် နာမည်ကသာ တောင်ပိုင်းနယ်စပ်ရှိ လူတိုင်းကို အမှန်တကယ် ထိတ်လန့်တုန်လှုပ်စေသည့် အရာပင်။

သူမကြောင့် မည်သည့် လူသားစစ်သည်တော်ကမှ မြွေပွေးမျိုးနွယ်ကို မတိုက်ခိုက်ရဲကြချေ။ သူမအား အဆိပ်အပြင်းဆုံး ၊ အလှပဆုံး ၊ လျှို့ဝှက်ဆန်းကြယ်မှု အရှိဆုံးနှင့် အသက်ရှင်နေသူများထဲ၌ အကြောက်မက်ဖွယ်အကောင်းဆုံး အမျိုးသမီးအဖြစ် သိထားကြ၏။

သူမ၏ မျိုးနွယ်မှ လူတစ်ယောက်ကို သတ်မိသူ မည်သူမဆို မိသားစုတစ်ခုလုံးပါ မျိုးပြုတ် သုတ်သင်ခံရမည် ဖြစ်သည်။ အနာကျင်ဆုံးနှင့် အဆိုးရွားဆုံး သေဆုံးမှုများကို ခံစားကြရပေလိမ့်မည်။

ကောလာဟလများအရ သေမင်းတမန်ဟွာ၌ ရေတွက်၍မရနိုင်သော မျက်နှာများ ရှိပြီး တစ်ခုချင်းစီတိုင်းက ရင်သပ်ရှုမောဖွယ် လှပကြသည်ဟု ဆိုကြ၏။

သို့သော် သူမ အမှန်တကယ် မည်သို့ ပုံပန်းသဏ္ဌာန် ရှိသည်ကို မည်သူကမှ မသိကြချေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ မျက်နှာအစစ်ကို မြင်ဖူးသည့် ယောကျ်ားတိုင်း သေဆုံးသွားကြသောကြောင့်ပင်။

သူမသည် ယောကျ်ားများ၏ သွေးကို သောက်ရသည်ကို နှစ်သက်ပြီး အထူးသဖြင့် ရုပ်ချောသည့် ယောကျ်ားများကိုပင်။

သေမင်းတမန်ဟွာသည် တောင်ပိုင်းနယ်စပ်အတွက် အိပ်မက်ဆိုးတစ်ခု ၊ စစ်သည်တော်များအားလုံးအတွက် အိပ်မက်ဆိုးတစ်ခုနှင့် ရုပ်ချောသည့် ယောကျ်ားများအတွက် အဆိုးရွားဆုံး အိပ်မက်ဆိုးကြီး တစ်ခု ဖြစ်၏။

သူမက သူ့အား ပစ်မှတ်ထားလာမည်ဟု လန်လင်း လုံးဝ ထင်မှတ်မထားပေ။

မုန်ထိုလော့က ချိုသာစွာ ပြောသည်။ “သွားရအောင် ချစ်မောင်လေး။ အစ်မရဲ့ မျိုးနွယ်ဆီ ပြန်ပြီး မင်္ဂလာဆောင်အတွက် ပြင်ဆင်ကြမယ်။ အစ်မဗိုက်က ဆာလွန်းလို့ မြည်နေပြီ။”

ထိုစကားစုက အလွန် ရင်းနှီးနေသယောင် ရှိ၏။

ယခုအခါ အစောပိုင်းတုန်းက သူမ၏ မျိုးနွယ်မှ စစ်သည်တော် ရာပေါင်းများစွာ သူ့အား အဘယ်ကြောင့် လိုက်လံ ဖမ်းဆီးနေကြောင်းကို လန်လင်း နောက်ဆုံး၌ နားလည်သွားလေပြီ။

သေမင်းတမန်ဟွာက လေချွန်လိုက်၏။ ခက်ထန်ကြမ်းကြုတ်သည့် မိစ္ဆာတစ်ကောင်က အဝေးမှ မယုံနိုင်စရာ အရှိန်အဟုန်ဖြင့် ပြေးလာသည်။

သူမက လန်လင်းကို ဖမ်းဆွဲလိုက်ပြီး မိစ္ဆာ၏ ကျောပေါ်သို့ ကျက်သရေရှိစွာ လွင့်မျောသွားကာ အနောက်တောင်ဘက်ရှိ တောင်တစ်သောင်း တောင်တန်း၏ နက်ရှိုင်းသည့် အပိုင်းများဆီသို့ ရိုင်းစိုင်းစွာ စီးနှင်သွားလိုက်၏။

မုန်ထိုလော့က လန်လင်း၏ မျက်နှာကို သပ်လျက် ချိုသာစွာ ပြောလိုက်သည်။ “ကျွန်မရဲ့ အချစ်ဆုံး ခင်ပွန်းလေး... အိပ်လိုက်တော့။ မကြာခင် အိမ်ရောက်တော့မယ်။ ရောက်ရောက်ချင်း တို့တွေ လက်ထပ်ကြမယ်။ ရှင်က အရမ်း ချောတာပဲ။ ရှင့်ရဲ့သွေးတွေက သေချာပေါက် အရမ်း ချိုမြိန်နေမှာ။ ကျွန်မ စောင့်တောင် မစောင့်နိုင်တော့ဘူး။”

သူမ သူ့အား နမ်းလိုက်ချိန်၌ ထူးဆန်းပြီး ချိုမြိန်သည့် အနံ့တစ်ခု လန်လင်း၏ နှာခေါင်းထဲသို့ ဝင်ရောက်လာ၏။ သူ ချက်ချင်း သတိလစ်သွားရသည်။

**--**--**--**--**--**--**--**

တစ်ချိန်တည်းမှာပင် နုလန်ဘုရင့်နိုင်ငံ၏ မြို့တော် ကျစ်တူး၌ မိန်းမစိုးတစ်ဦးက တိတ်ဆိတ်စွာ လျှောက်တင်လာသည်။ “အရှင်မင်းသမီး... ထျန်းရွှေမြို့က မြို့စားတွေ စတင်တဲ့ ပုန်ကန်မှုအသေးစားလေးကို ဆိုဟန်ရီက နှိမ်နင်းလိုက်ပါပြီ...။”

မင်းသမီး ကျိနင်က မျက်မှောင်ကျုံ့လိုက်၏။ “ဆိုဟန်ရီက လူဘယ်လောက် ခေါ်သွားတာလဲ။ ထျန်းရွှေမြို့ကရော ဘာလို့ ဒီအခွင့်အရေးကို ယူပြီး မပုန်ကန်တာလဲ။”

မိန်းမစိုးက ခေါင်းငုံ့လိုက်သည်။ “သူ လူသုံးရာပဲ ခေါ်သွားတာပါ။ သူတို့ မိုင်ရာချီ ခရီးနှင်ပြီး ပုန်ကန်သူ ထောင်ပေါင်းများစွာကို အပြတ်အသတ် ရှင်းလင်းပစ်ခဲ့ပါတယ်...။”

ကျိနင်၏ မျက်လုံးတို့က အရောင်တောက်လာ၏။ “သူ့ရဲ့ စစ်ရေးစွမ်းရည်နဲ့ တိုက်ခိုက်ရေးစွမ်းအားက တကယ်ကို အံ့မခန်းပဲ။ ရှားပါးတဲ့ ပါရမီရှင်တစ်ယောက်ပါလား။”

မိန်းမစိုး ခေါင်းညိတ်လိုက်သည်။ “မှန်လှပါ အရှင်မင်းသမီး။ တစ်နိုင်ငံလုံးမှာ အကောင်းဆုံးတွေထဲက တစ်ယောက်ပါ။”

ကျိနင်က တွေးတောလျက် လေးနက်စွာ ပြောလိုက်၏။ “ဒီလိုပါရမီမျိုး ရှိတဲ့လူတစ်ယောက်က ဘာလို့ ဆိုမိသားစုအပေါ် သစ္စာစောင့်သိနေရတာလဲ။ ဆိုမိသားစုက ပြိုလဲဖို့ သေချာနေပြီကို။”

မိန်းမစိုးက ခေါင်းရမ်းလိုက်သည်။ “ကျွန်တော်မျိုးတို့ သူ့ကို အာဏာ ၊ လှပတဲ့ မိန်းမတွေ ၊ ငွေကြေးတွေနဲ့ လာဘ်ထိုးဖို့ ကြိုးစားပေမဲ့ ဘာမှ အလုပ်မဖြစ်ပါဘူး။ ဒါက ဂုဏ်သိက္ခာ ကိစ္စ ဖြစ်ဖို့များပါတယ်။ ဆိုဟန်ရီက သူ့ကိုယ်သူ ဆိုမိသားစုရဲ့ အဓိကထောက်တိုင်လို့ မြင်နေတာပါ။ ဒါကြောင့် သူက သူတို့အတွက် အလုပ်လုပ်ပေးနေတယ်လို့ မထင်ပါဘူး။ သူ့အိမ်အတွက် သူ တိုက်ပွဲဝင်နေတယ်လို့ ထင်နေတာပါ။”

ကျိနင် ခေါင်းညိတ်လိုက်၏။ “အင်း...။ ဒါဆို နူဒန်နဲ့ တခြားသူတွေကရော ဘယ်လိုလဲ။ သူတို့က ဘာလို့ အရိပ်ထဲမှာ ပုန်းပြီး ပြဿနာတွေပဲ ဖန်တီးနေရတာလဲ။ ဆိုမိသားစုကို ဘာလို့ တိုက်ရိုက် မတိုက်ခိုက်ကြတာလဲ။”

မိန်းမစိုးက လေးနက်စွာ ပြောသည်။ “သူတို့ ကြောက်နေလို့ ဖြစ်ပါလိမ့်မယ်။ သူတို့ကို ကျွန်တော်မျိုးတို့ အသုံးချပြီးတာနဲ့ လွှင့်ပစ်လိုက်မှာကို ကြောက်နေကြတာပါ။”

ကျိနင်က တည်ငြိမ်စွာ ပြောလိုက်၏။ “သူတို့ ကမောက်ကမ ဖြစ်အောင် လုပ်နေသရွေ့တော့ လောလောဆယ် ကျွန်မတို့အတွက် အသုံးဝင်တယ်။ ဒါပေမဲ့ ဆိုလွန် သေသွားတာနဲ့ သူတို့လည်း အသုံးမဝင်တော့ဘူး။ ပြီးတော့ ဆိုလွန်က မကြာခင် သေတော့မှာပါ။ ဟိုအရူးမ မုန်ထိုလော့က အမျိုးသမီးတွေရဲ့ အသည်းကို ခွဲတတ်တဲ့ ဆိုလွန်လို မျက်နှာများတဲ့ ယောကျ်ားတွေကို ခါးခါးသီးသီး မုန်းတယ်လေ။”

အပိုင်း ၈၃ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters