← Chapters

အခန်း ၈၅

Vol. 9 Ch. 85

အခန်း ၈၅

Vol. 9 Ch. 85

အပိုင်း (၈၅)

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ဆိုနင်ပင်းက အသည်းအသန် ရုန်းကန်သော်လည်း ဆိုဟန်ရီ၏ ခွန်အားကို သူမ ရုန်းမထွက်နိုင်ပေ။ ဆိုဟန်ရီက သူမ၏ နူးညံ့သည့် နှုတ်ခမ်းများကို နမ်းတော့မည့်ပုံ ပေါ်နေ၏။

ဆိုနင်ပင်း ဒေါသတကြီး အော်လိုက်သည်။ “မလုပ်နဲ့... လုံးဝ မရဘူး။” ထို့နောက် သူမ အလိုအလျောက်ပင် ဆိုဟန်ရီ၏ မျက်နှာကို လက်ဝါးဖြင့် ရိုက်ချလိုက်၏။

“ဖြန်းးး”

သူတို့နှစ်ဦးစလုံး အံ့အားသင့်ကာ အေးခဲသွားကြ၏။

ဆိုနင်ပင်းက သူမ၏ လက်ကို မယုံနိုင်စွာ စိုက်ကြည့်နေမိသည်။ ဆိုဟန်ရီကို သူမ တကယ် ရိုက်မိသွားသည်ကို မယုံနိုင်အောင် ဖြစ်နေရ၏။ သူမက သူ့အပေါ် အမြဲတမ်း ကျေးဇူးတင်တတ်ပြီး အစ်ကိုအရင်းတစ်ယောက်ကဲ့သို့ သဘောထားကာ နက်ရှိုင်းစွာ လေးစားခြင်း ဖြစ်သည်။

ဆိုဟန်ရီသည်လည်း သူ၏ ပါးပြင်ကို အုပ်ကိုင်လိုက်သည်။ လုံးဝ မနာကျင်သော်ငြား သူ၏ နှလုံးသားကမူ တုန်လှုပ်သွားရ၏။ ဆိုနင်ပင်းကို မျက်လုံးပြူးကာ သူ စိုက်ကြည့်နေသည်။

သူ ဒေါသထွက်ပြီး သူမကို အတင်းအဓမ္မ နမ်းရန် ကြိုးစားမိသည်ကို သူကိုယ်တိုင် မယုံနိုင်အောင် ဖြစ်နေမိ၏။ ငယ်စဉ်ကတည်းက သူ၏နောက်သို့ တကောက်ကောက်လိုက်ကာ သူ့အပေါ် အားကျပြီး အားကိုးသည့် ညီမလေးက သူ့ကို အမှန်တကယ် ရိုက်လိုက်သည်ကိုလည်း မယုံနိုင်ဖြစ်ရသည်။

ရုတ်တရက် ဆိုဟန်ရီ၏ နှလုံးသားထဲမှ တစ်စုံတစ်ရာ ကျိုးပဲ့သွားသကဲ့သို့ ခံစားလိုက်ရ၏။ အရာအားလုံးကို သူ စတင် သံသယဝင်လာပြီး အထူးသဖြင့် သူ့အပေါ်ထားရှိသည့် ဆိုနင်ပင်း၏ စစ်မှန်သော ခံစားချက်များကိုပင်။

ဆိုဟန်ရီ၏ ခန္ဓာကိုယ် တုန်ယင်နေပြီး စကားများကို မပီတပီဖြင့် ပြောလာသည်။ “ငါ... ငါ နောက်ဆုံးတော့ နားလည်သွားပြီ။ ငါက ဆိုမိသားစုမှာ အမြဲတမ်း အပြင်လူ ဖြစ်နေတာပဲ။ မင်းတို့အားလုံးက ငါ့ကို သစ္စာရှိတဲ့ ခွေးတစ်ကောင်လိုပဲ ဆက်ဆံကြတာ။ မွေးစားအဖေ တစ်ယောက်တည်း အဲဒီလို ခံစားနေရတယ်လို့ ထင်တာ... အခုတော့ မင်းလည်း အတူတူပဲဆိုတာ ငါ သိသွားပြီ။”

ဆိုနင်ပင်းက ငိုကြွေးလျက် ပြောသည်။ “မဟုတ်ဘူး... မဟုတ်ရပါဘူး။ အစ်ကိုကြီး... ညီမက အစ်ကို့ကို အစ်ကိုအရင်းတစ်ယောက်လို တကယ် သဘောထားတာပါ။ အဖေကလည်း အစ်ကို့ကို သားအရင်းတစ်ယောက်လို ဆက်ဆံတာပါ။”

ဆိုဟန်ရီက ကျယ်လောင်စွာ အော်လိုက်သည်။ “သူက ငါ့ကို ဆိုမိသားစုအတွက် ပိုကောင်းတဲ့ ခွေးတစ်ကောင်ပဲ ဖြစ်စေချင်တာ။ သူ ငါ့ကို သားအရင်းတစ်ယောက်လို တကယ်မြင်ရင် ငါ့ကို မင်းနဲ့ ဘာလို့ ပေးမယူတာလဲ။ ငါ မင်းနဲ့ လက်ထပ်ဖို့ တောင်းဆိုတုန်းက သူ့မျက်နှာ လုံးဝ ပြောင်းသွားတယ်။ ပြီးတော့ ငါ့အတွက် တခြားအိမ်ထောင်ဖက်ကို ချက်ချင်း စီစဉ်ပေးပြီး ငါ လုံးဝ မချစ်တဲ့ မိန်းမတစ်ယောက်နဲ့ အတင်း လက်ထပ်ခိုင်းတာပဲ။”

ထိုသို့ပြောပြီးနောက် ဆိုဟန်ရီ လှည့်ကာ တံခါးဆီသို့ လျှောက်သွားလိုက်သည်။ “ရှောင်ပင်း... မင်းရဲ့ ပါးရိုက်ချက်က ငါ့ကို သတိဝင်သွားစေပြီ။ စိတ်မပူနဲ့။ ဆိုမိသားစုနဲ့ ထျန်းရွှေမြို့ကို ငါ ဆက်ပြီး ကာကွယ်ပေးပါဦးမယ်။ ငါ့ကို ပြုစုပျိုးထောင်ပေးတဲ့ မင်းတို့မိသားစု ကျေးဇူးကို ငါ ပြန်ဆပ်မှာပါ။ ဒါပေမဲ့ အခုကစပြီး ငါ့နေရာအမှန်ကို ငါ သိသွားပြီ။”

သူ ထွက်သွားလေ၏။ ဆိုနင်ပင်း ငိုကြွေးရင်း သူ၏ နာမည်ကို အော်ခေါ်သော်လည်း မမီလိုက်ပေ။

**--**--**--**--**--**--**--**

ထိုညနေ၌ ဆိုဟန်ရီသည် ထျန်းရွှေမြို့သို့ အလျင်စလို ပြန်မသွားပေ။ ထိုအစား တည်းခိုခန်းတစ်ခု၌ ညအိပ်တည်းခို၏။ အလွန် ဈေးကြီးသော နေရာလည်း ဖြစ်၏။

အတိတ်ကာလက ငွေကုန်ကြေးကျ သက်သာစေရန် သူသည် အမြဲတမ်း ခရီးအမြန် နှင်လေ့ရှိသည်။

တည်းခိုခန်း၌ နေရမည်ဆိုလျှင်ပင် တစ်ညလျှင် ငွေဒင်္ဂါး ဒါဇင်ချီ ကျသင့်သည့် ဇိမ်ခံအခန်းမျိုး၌ ဘယ်သောအခါမှ အိပ်စက်လေ့ မရှိပေ။

“အကုန်လုံးက အတုအယောင်တွေချည်းပဲ။”

“အကုန်လုံးက အတုအယောင်တွေ။ သူက မင်းကို အထင်သေးနေတာ။ မင်းက အဆင့်နိမ့်တဲ့ အစေခံတစ်ယောက်ပဲ။” ဆိုဟန်ရီတစ်ယောက် လုံးဝ မူးယစ်သွားသည်အထိ ဆက်တိုက် သောက်နေမိ၏။

ထို့နောက် လှပပြီး ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦး အခန်းထဲသို့ ဝင်လာသည်။ သူမက ညင်သာစွာ ပြောလိုက်၏။ “အစ်ကို... အစ်ကို သောက်တာ များနေပြီ။”

သူမ၏ ခန္ဓာကိုယ် အချိုးအစားနှင့် အသံမှာ ဆိုနင်ပင်းနှင့် ကွက်တိ တူညီနေသည်။

ဆိုဟန်ရီ ရှေ့သို့ ပြေးသွားကာ သူမကို တင်းကျပ်စွာ ဖက်လိုက်သည်။ “ရှောင်ပင်း... ရှောင်ပင်း... ငါ့ကို ပြောစမ်း။ ငါ့အပေါ်ထားတဲ့ မင်းရဲ့ ခံစားချက်တွေ အားလုံးက အတုအယောင်တွေလား။”

“မဟုတ်ပါဘူး။ အားလုံးက အစစ်အမှန်တွေပါ။ အစ်ကို့ကို မြင်မြင်ချင်းကတည်းက ကျွန်မ ချစ်မိသွားတာပါ။”

မူးယစ်နေသော ဆိုဟန်ရီမှာ သူကိုယ်သူ ဆက်လက် မထိန်းချုပ်နိုင်တော့ပေ။ သူ အမျိုးသမီးကို နမ်းလိုက်ပြီး ကုတင်ပေါ်သို့ တွန်းလှဲကာ သူမ၏ ဂါဝန်ကို ဆွဲဆုတ်လိုက်၏။

ရမ္မက်ပြင်းပြသည့် ညတစ်ည ဆက်လက် ဖြစ်ပေါ်လာသည်။

**--**--**--**--**--**--**--**

ဆိုဟန်ရီ နိုးလာချိန်၌ သူ၏ ခေါင်းက အလွန်အမင်း ကိုက်ခဲနေ၏။

မနေ့ညက အမျိုးသမီးမှာ ထွက်သွားပြီဖြစ်ရာ အားလုံးက အိပ်မက်တစ်ခုလိုသာ ခံစားနေရ၏။ သို့သော် သူ၏ ခန္ဓာကိုယ်ပေါ်၌ ကျန်ရစ်နေသည့် ရေမွှေးနံ့က ပြီးခဲ့သည့်ညက အဖြစ်အပျက်များမှာ အလွန်ပင် စစ်မှန်ကြောင်း သူ့ကို ပြောပြနေသည်။

ထိုအမျိုးသမီးက မည်သူနည်း။ သူမသည် ဆိုနင်ပင်း လုံးဝ မဟုတ်ပေ။ တော်ဝင်အကယ်ဒမီမှ သူ၏ အတန်းဖော် တစ်ယောက်ကိုပင် အနည်းငယ် သတိရသွားစေ၏။

ရုတ်တရက် အခန်းထဲ၌ အခြားတစ်ယောက် ရှိနေကြောင်း သူ သတိထားမိလိုက်သည်။

သူ မော့ကြည့်လိုက်ရာ မင်းသမီး ကျိနင်က ကုလားထိုင်ပေါ်၌ ကျက်သရေရှိစွာ ထိုင်နေသည်ကို မြင်လိုက်ရ၏။ သူမသည် မယုံနိုင်လောက်အောင် လှပသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမ မျက်မှောင် အနည်းငယ် ကျုံ့ထားပြီး ရှုပ်ပွနေသည့် အခန်းကို ရွံရှာနေကြောင်း ပြသနေ၏။

ဆိုဟန်ရီ ချက်ချင်း သတိကြီးကြီး ထားလိုက်ပြီး မေးလိုက်သည်။ “အရှင်မင်းသမီး... ဘာအမိန့်များ ရှိပါသလဲ။”

မင်းသမီးက အရက်နံ့များကြောင့် သူမ၏ နှာခေါင်းကို ညင်သာစွာ ကာကွယ်လိုက်သည်။ “ရှင့်အတွက် ဘာအမိန့်မှ မရှိပါဘူး။ ရှင့်ကို လာကြည့်ရုံ သက်သက်ပါ။”

“ခင်ဗျားက ဆိုမိသားစုရဲ့ အကြီးမားဆုံး ရန်သူပဲ။ ကျုပ်တို့ ပြောစရာ ဘာမှ မရှိဘူး။”

“ဆိုမိသားစုက ဘယ်အချိန်က ရှင့်အတွက် ဖြစ်သွားတာလဲ။ ဘာလို့ ကိုယ့်ကိုယ်ကိုယ် လိမ်နေရတာလဲ။ ဆိုနင်ပင်းရဲ့ မျက်လုံးထဲမှာဖြစ်စေ ၊ ဆိုလွန်ရဲ့ မျက်လုံးထဲမှာဖြစ်စေ ရှင်က သူတို့အတွက် ခွေးတစ်ကောင်ပဲ။ ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီး မနေနဲ့။”

ထိုစကားများက ဆိုဟန်ရီ၏ နှလုံးသားထဲမှ နာကျင်ရသည့် နေရာတစ်ခုကို ထိမှန်သွားပြီး သူ၏ မျက်နှာမှာ ချက်ချင်း ပျက်သွားရ၏။

မင်းသမီးက ဆက်ပြောသည်။ “ဆိုမိသားစုက ပြီးဆုံးသွားပြီ။ ဆိုလွန်လည်း ကံကုန်သွားပြီ။ ရှင်က အရမ်း ပါရမီပါတဲ့ လူတစ်ယောက်မလို့ သူတို့နဲ့အတူ မသေသင့်ဘူး။ မင်းသား ကျိလီအတွက် အလုပ်လုပ်ပေးဖို့ ရှင့်ကို ကျွန်မ တရားဝင် ဖိတ်ခေါ်ပါတယ်။ ဘုရင့်နိုင်ငံရဲ့ မြင်းသည်တော်တစ်သောင်း တပ်မှူးကြီး ဖြစ်ချင်လား။”

ထိုစကားကို ကြားလိုက်ရချိန်၌ ဆိုဟန်ရီ၏ ရင်ခုန်သံတို့က မြန်ဆန်လာ၏။

မြင်းသည်တော်တစ်သောင်း တပ်မှူးကြီး ရာထူးသည် အလွန် မြင့်မားသည့် နေရာတစ်ခု ဖြစ်သည်။ ဩဇာကြီးမားသော အထက်တန်းလွှာတို့၏ သားများပင်လျှင် ထိုနေရာကို ရရှိရန် ရုန်းကန်ရ၏။ ကျန်းနင် အမည်ရှိသူ တစ်ယောက်ဆိုလျှင် ဤရာထူးကို ရရန်အတွက် သူ၏ ဇနီးကိုပင် စတေးခဲ့သေးသည်။

လက်ရှိအချိန်၌ ဆိုဟန်ရီသည် တပ်မှူးကြီး တစ်ယောက် ဖြစ်နေသော်ငြား ထျန်းရွှေမြို့ရှိ သူ၏ ဒေသခံ စစ်သားများမှာ နုလန်ဘုရင့်နိုင်ငံ၏ အင်အားကြီးမားလှသော တော်ဝင်မြင်းတပ်နှင့် နှိုင်းယှဉ်ပါက ဘာမှ မဟုတ်ပေ။

အကယ်၍ သူ ဤရာထူးကို လက်ခံလိုက်ပါက မြို့တော်၌ အလွန် အရေးပါပြီး ကျော်ကြားသည့် လူတစ်ယောက် ဖြစ်လာပေလိမ့်မည်။

“ရှင်က ဆင်းရဲတဲ့ နောက်ခံကလာတာ ကျွန်မ သိတယ်။ ဒါပေမဲ့ မင်းသားက ပျင်းရိတဲ့ အထက်တန်းလွှာမျိုးဆက်တွေအစား ပါရမီရှိတဲ့ အရပ်သားတွေကို ပိုပြီး အသုံးပြုချင်တယ်ဆိုတာကို ရှင် သိပါတယ်။ ရှင့်လို လူမျိုးတွေက ဘုရင့်နိုင်ငံရဲ့ အနာဂတ်တွေပဲ။”

ကနဦး အံ့အားသင့်သွားပြီးနောက် ဆိုဟန်ရီက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “အရှင်မင်းသမီး... ခင်ဗျား ကျုပ်ကို တကယ် အထင်သေးတာပဲ။ ကျုပ်က ဂုဏ်သိက္ခာရှိတဲ့ လူတစ်ယောက်ဖြစ်သလို ဆိုမိသားစုရဲ့ အဓိကထောက်တိုင်ပဲ။ ဆိုမိသားစုနဲ့ မွေးစားအဖေအပေါ်ထားတဲ့ ကျုပ်ရဲ့ သစ္စာတရားက ခိုင်မာပြီး ရှင်းလင်းတယ်။ ကျုပ်ကို ငွေနဲ့ အာဏာသုံးပြီး ဝယ်လို့ရမယ် ထင်နေတာလား။ အိပ်မက်မက်နေလိုက်။”

ထို့နောက် သူက သူမဘက်သို့ ကျောခိုင်းလိုက်ပြီး ဆက်ပြောသည်။ “အရှင်မင်းသမီး... ကိစ္စရှိတာ ဒါအကုန်ပဲဆိုရင် ကျေးဇူးပြုပြီး ထွက်သွားပေးပါ။ ကျုပ် ရေချိုးပြီး အဝတ်အစား လဲရဦးမယ်။”

မင်းသမီးက မျက်မှောင်ကျုံ့လိုက်ပြီး ဘာမှ ထပ်မပြောတော့ဘဲ ထွက်သွားရန် မတ်တပ်ရပ်လိုက်၏။

သို့သော် ဆိုဟန်ရီက ရုတ်တရက် မေးလိုက်သည်။ “မနေ့ညက မိန်းမက ဘယ်သူလဲ။”

“သာမန်မိန်းမ တစ်ယောက်ပါပဲ။ အလကားရတဲ့ လက်ဆောင်လို့ပဲ သဘောထားလိုက်။”

**--**--**--**--**--**--**--**

လန်လင်း နိုးလာချိန်၌ ရင်းနှီးမှုမရှိသည့် ထူးဆန်းသော အခန်းတစ်ခုထဲ ရောက်နေကြောင်း တွေ့လိုက်ရ၏။

အခန်းက ကြီးမားခမ်းနားပြီး လှပနေသည်။ ဤနေရာက မင်္ဂလာဆောင်သည့် အခန်းတစ်ခု ဖြစ်ခဲ့ဖူးကြောင်း လန်လင်း ခန့်မှန်းနိုင်သည်။ သို့သော် ရိုးရာ မင်္ဂလာအလှဆင်ထားမှုများ အားလုံးကို ဖြုတ်ချထားပြီး ဖြစ်၏။

ထူးဆန်းသည့် ပုံပန်းသဏ္ဌာန်ရှိသော လူရိုင်းအမျိုးသမီး အချို့က တောက်ပသော အနီရောင် အိပ်ရာခင်းများကို ဖယ်ရှားကာ အခန်းကို ရှင်းလင်းနေကြသည်။

အခြားသူများကလည်း ကြမ်းပြင်ပေါ်မှ သွေးကွက်များကို သုတ်သင်နေကြ၏။ သွေးများက ခြောက်သွေ့နေပြီး အမည်းရောင် ပြောင်းနေလေပြီ။

မုန်ထိုလော့က ပြုံးသည်။ “ချစ်မောင်လေး... ရှင်နဲ့ကျွန်မအတွက် ကံကောင်းတဲ့နေ့ကို ကျွန်မ ရွေးထားပြီးပြီ။ နောက်ရှစ်ရက်အကြာ လပြည့်နေ့က ကျွန်မတို့ လက်ထပ်ဖို့ အကောင်းဆုံး အချိန်ပဲ။”

လန်လင်းက မတ်တပ်ရပ်လိုက်ပြီး လူရိုင်းအမျိုးသမီးများကို ကြည့်လိုက်၏။

သူတို့သည် သာမန်လူသားများနှင့် တကယ်ကို မတူကြပေ။ ရိုင်းစိုင်းသည့် ရှေးဟောင်း သတ္တဝါများနှင့် ပိုတူနေကြ၏။ ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ထိုအမျိုးသမီးများ၏ ကျောပြင်မှ အရိုးဆူးချွန်များ ထွက်ပေါ်နေခြင်းပင်။

မုန်ထိုလော့က မေး၏။ “ချစ်မောင်လေး... ကျွန်မတို့ရဲ့ မင်္ဂလာဆောင်အတွက် ကျွန်မ ဘယ်လိုအဝတ်အစားမျိုး ဝတ်သင့်တယ်လို့ ရှင် ထင်လဲ။”

သူမက မှန်ရှေ့၌ မတူညီသော ဂါဝန်များကို စမ်းဝတ်ကြည့်နေသည်။ လန်လင်းအား နက်ရှိုင်းသည့် အချစ်များ ပြည့်နှက်နေပုံရသော မျက်လုံးများဖြင့်လည်း ကြည့်နေသေး၏။

လန်လင်းက ပြုံးလိုက်သည်။ “ခင်ဗျားက အရမ်းလှပြီး ခန္ဓာကိုယ်အချိုးအစားလည်း အရမ်းကောင်းတာပဲ။ ဘာဝတ်ဝတ် ကြည့်ကောင်းနေမှာပါ။”

“စကားပြော အရမ်းချိုတာပဲ။ ရှင်က မျက်နှာများတဲ့သူမှန်း သိသိရက်နဲ့တောင် မိန်းကလေး အများကြီးက ရှင့်ကို ချစ်မိနေကြတာ အံ့ဩစရာ မဟုတ်တော့ဘူး။ ဒါပေမဲ့ အရမ်းကြီး ပြည့်စုံမနေနဲ့... အဲဒီလိုမဟုတ်ရင် သူတို့က ရှင့်ကို တကယ်ကြီး ချစ်မိသွားကြလိမ့်မယ်။”

ထိုသို့ ပြောနေစဉ်မှာပင် သူမ၏ လှပသည့် မျက်လုံးများထဲ၌ ဒေါသ သို့မဟုတ် ဟာသ အငွေ့အသက် လုံးဝ မရှိခဲ့ပေ... စစ်မှန်သော အေးစက်မှုသက်သက်သာ ရှိနေ၏။

ဤသည်က ထိုအမျိုးသမီး၏ နှလုံးသား လုံးဝ သေဆုံးနေပြီဖြစ်ကြောင်း လန်လင်းကို နားလည်သွားစေသည်။ မည်သည့် ယောကျ်ားကိုမဆို သူမ အမှန်တကယ် ချစ်မိသွားရန်မှာ အလွန် ခက်ခဲပေလိမ့်မည်။

လန်လင်း တည်ငြိမ်စွာ မေးလိုက်သည်။ “ကျုပ်ကို သတ်ဖို့ ခင်ဗျားကို ဘယ်သူ အမိန့်ပေးတာလဲ။ ကျိနင်လား။”

မုန်ထိုလော့ကမူ ပြုံးရုံသာ ပြုံးနေ၏။ ဟုတ်သည် မဟုတ်သည် ဘာမှ မပြောသော်ငြား လန်လင်းက အဖြေကို သိနေပြီး ဖြစ်သည်။

ထူးဆန်းသည်။ ပုံမှန်အားဖြင့် မင်းသမီးက သူ့ကို သတ်ရန် ဤမျှလောက် အလျင်လိုမည် မဟုတ်ပေ။ ထိုအစား သူ ဘွဲ့ယူစာမေးပွဲ ကျရှုံးပြီး သူ၏ တော်ဝင်ဘွဲ့နှင့် နယ်မြေများကို လုံးဝ ဆုံးရှုံးသွားမည့် အချိန်အထိ သူမ စောင့်ဆိုင်းပေလိမ့်မည်။ ထိုအချိန်မှ သူ့ကို သတ်ပါက ဖြေရှင်းရ လွယ်ကူမည် မဟုတ်လော။

လန်လင်း မေးလိုက်၏။ “ကျုပ်မတိုင်ခင် ယောကျ်ားဘယ်နှယောက်ကို လက်ထပ်ခဲ့ပြီးပြီလဲ။”

မုန်ထိုလော့ကမူ သူမ၏ လက်ချောင်းများဖြင့် ရေတွက်လိုက်သည်။ သူမက ပြန်မဖြေမီ ခဏတာ အနည်းငယ် တွေဝေသွားပုံရပြီးနောက် ဖြေလိုက်၏။ “ဆယ့်သုံးယောက်။ ဒီရက်ပိုင်း တကယ် ရုပ်ချောတဲ့ ယောကျ်ားတွေ ရှာတွေ့ဖို့ အရမ်းခက်တာပဲ။ ဒါပေမဲ့ သခင်လေး ဆိုလွန်... ရှင်ကတော့ တစ်သန်းမှာ တစ်ယောက် တကယ်ကို ရှားရှားပါးပါးပါပဲ။ ရှင်က အရမ်း ဆွဲဆောင်မှုရှိတယ်။”

သူမ ဆွဲဆောင်ခံရကြောင်း ပြောလိုက်ချိန်၌ စိတ်ခံစားမှု ပြသဟန်ဆောင်ကာ သူမ၏ မျက်လုံးများကို ပြူးကျယ်လိုက်သည်။

သို့သော် ရင်တွင်းနက်နက်၌ သူမ၏ မျက်လုံးများက လုံးဝ တည်ငြိမ်ပြီး သေဆုံးနေဆဲပင်။ ဤအမျိုးသမီးမှာ အလွန် နူးညံ့ပုံပေါ်သော်ငြား သူမ၏ စိတ်ထားကမူ မှောင်မိုက်ပြီး နက်နဲလှ၏။

ထို့အပြင် ဆယ့်သုံးဟူသည့် ဂဏန်းကို ပြောလိုက်ချိန်၌ သူမ အနည်းငယ် တုံ့ဆိုင်းသွားခဲ့သည်။ ထိုအထဲ၌ ဖုံးကွယ်ထားသည့် ဇာတ်လမ်းတစ်ပုဒ် သေချာပေါက် ရှိနေပေလိမ့်မည်။

သွေးကို အရှင်လတ်လတ် ဖောက်သောက်ရန်သက်သက် ရုပ်ချောသည့် ယောကျ်ားတစ်ယောက်ကို လက်ထပ်ခြင်းကို ရူးနေသည်ဟုသာ ပြောရမည်။

သို့သော် ဤလောက၌ မည်သူကမှ မိစ္ဆာတစ်ကောင်အဖြစ် မွေးဖွားလာခြင်း မဟုတ်ပေ။ သူ၏ရှေ့ရှိ အမျိုးသမီးမှာ အလွန် လှပနေပါလျက် သူမသည် အဘယ်ကြောင့် ဤကဲ့သို့ ယုတ်မာသည့် လုပ်ရပ်များကို လုပ်ရသနည်း။

ပြင်းထန်သည့် စိတ်ပိုင်းဆိုင်ရာ နာကျင်မှုကသာ ဤကဲ့သို့သော အမျိုးသမီးကို ဖျက်ဆီးပစ်နိုင်ပြီး သူမအား ဤမျှလောက် ရက်စက်ကာ သွေးဆာနေသည့် သေမင်းတမန်ဟွာ သတို့သမီးတစ်ဦးအဖြစ် ပြောင်းလဲသွားစေပေလိမ့်မည်။

အပိုင်း ၈၅ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters