← Chapters

အခန်း ၈၆

Vol. 9 Ch. 86

အခန်း ၈၆

Vol. 9 Ch. 86

အပိုင်း (၈၆)

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ဇာတ်ညွှန်းရေးသားခြင်းကို လေ့လာနေသည့် ကျောင်းသားတစ်ယောက်အနေဖြင့် လန်လင်းသည် ဇာတ်ကောင်များ၏ စိတ်ပိုင်းဆိုင်ရာကို အလွန် ကောင်းစွာ နားလည်ထား၏။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် လန်လင်း လေးနက်စွာ ပြောလိုက်သည်။ “ခင်ဗျားရဲ့ ပထမဆုံး သတို့သားက ခင်ဗျားကို အတော်လေး နာကျင်စေခဲ့ပုံရတယ်။”

လန်လင်း၏ စကားကို ကြားလိုက်ရချိန်၌ မုန်ထိုလော့၏ နူးညံ့သည့် ခန္ဓာကိုယ်လေးက ပြင်းထန်စွာ တုန်ယင်သွားရသည်။ သူမ၏ လက်များက လှပသော အဝတ်အစားများကို ဆုပ်ကိုင်လိုက်မိပြီး မတော်တဆ ထက်ပိုင်း ဆုတ်ဖြဲမိလျက်သား ဖြစ်သွား၏။

သေမင်းတမန်ဟွာ မုန်ထိုလော့က အေးစက်စွာ ပြုံးလိုက်သည်။ “ဟီးဟီး... သခင်လေး... ရှင် ဇာတ်လမ်းဆင်တာ တော်တော် ကောင်းတာပဲ။ ဘာပဲဖြစ်ဖြစ် အခုမှ နိုးလာတာဆိုတော့ အနားယူဖို့ လိုသေးတယ်။ ဒါကြောင့် တစ်ယောက်တည်း ထားခဲ့ပါဦးမယ်။”

သူ၏ စကားများက သူမ၏ အားနည်းချက်ကို ထိမှန်သွားသည်မှာ ထင်ရှားနေ၏။ ထို့အတွက်ကြောင့်ပင် သူမ ထွက်ပြေးချင်နေခြင်းပင်။

ဤသည်က သူ လွတ်မြောက်ရန် သော့ချက်ဖြစ်ကြောင်း လန်လင်း သိထားသည်။ သို့သော် သူ အလောတကြီး လုပ်၍ မရချေ။

မုန်ထိုလော့ ထွက်သွားပြီး သူမ၏ လူရိုင်းအစေခံမလေးများလည်း နောက်မှ လိုက်သွားကြ၏။ လန်လင်း တစ်ယောက်တည်း အခန်းထဲ၌ ကျန်ရစ်ခဲ့သည်။

အခန်းက တိတ်ဆိတ်နေပြီး သွေးနံ့ အနည်းငယ် ရနေ၏။ ဤနေရာ၌ အနည်းဆုံး လူဆယ့်နှစ်ယောက် သေဆုံးခဲ့ဖူးရာ သွေးနံ့ကို ဆေးကြောပစ်ရန်က မဖြစ်နိုင်ပေ။

လန်လင်း မျက်မှောင်ကျုံ့လိုက်သည်။ “အသူရာမိစ္ဆာကြယ်... ငါ့ရဲ့ ဘွဲ့ယူစာမေးပွဲ ရောက်ဖို့ ဘယ်နှရက် လိုသေးလဲ။”

အသူရာမိစ္ဆာကြယ်က ဖြေလာ၏။ သူ၏ အသံက ခံစားချက်မဲ့နေဆဲပင်။ “ဆယ့်ရှစ်ရက်ပါ။”

အချိန် မည်မျှကြာသွားပြီနည်း။ အရိပ်ပင့်ကူဘုရင်မ၏ ဂူထဲမှ သူ ထွက်လာခဲ့သည်မှာ ခြောက်ရက် ရှိသွားပြီလား။

ဤနေရာသည် ဘုရင်မ၏ ဂူနှင့် အလွန် ဝေးကွာပုံရ၏။

နောက်ထပ် ရှစ်ရက်အကြာ၌ သူမနှင့် လက်ထပ်ရန် သူ အတင်းအကျပ် ခိုင်းစေခံရမည်ဖြစ်ပြီး ထိုနေ့သည် သူ သေဆုံးရမည့်နေ့လည်း ဖြစ်၏။ ဤရှစ်ရက်အတွင်း အသက်ရှင်ကျန်ရစ်ရန် နည်းလမ်းတစ်ခုကို လန်လင်း ရှာဖွေရပေလိမ့်မည်။

လန်လင်း မျက်စိမှိတ်ကာ လွတ်မြောက်ရန် အစီအစဉ်တစ်ခု စတင် ရေးဆွဲလိုက်၏။ တိုက်ခိုက်ပြီး သူ ထွက်ပြေးနိုင်မည်လား။ လုံးဝ မဖြစ်နိုင်ချေ။ သူ၏ တစ်ခုတည်းသော ထွက်ပေါက်မှာ ထိုအမျိုးသမီး မုန်ထိုလော့ ဖြစ်သည်။

သူမ၏ စိတ်ခံစားချက် တံတိုင်းများကို ဖြိုချပြီး နှလုံးသားကို အပိုင်သိမ်းရန် သူ လိုအပ်သည်။

ရိုးရှင်းစွာ ပြောရလျှင် သူ အသက်ရှင်ရန် တစ်ခုတည်းသော အခွင့်အရေးမှာ ဤရှစ်ရက်အတွင်း ထိုအမျိုးသမီး သူ့ကို ချစ်မိသွားစေရန် လုပ်ဆောင်ဖို့ပင်။

အတိတ်ကာလက မုန်ထိုလော့ အလွန်အမင်း နာကျင်ခဲ့ရပြီး သူမ၏ နှလုံးသားမှာ အေးစက်သွား၏။ ထို့အတွက်ကြောင့် သူမ၏ နှလုံးသားကို ပြန်လည် နွေးထွေးလာစေရန်က အလွန် ခက်ခဲပေလိမ့်မည်။

မင်္ဂလာဆောင်ရန် ခုနစ်ရက် အလို၌ မုန်ထိုလော့ သူ့ထံ လာမတွေ့ပေ။ ယမန်နေ့က လန်လင်း၏ စကားများက သူမကို အနှောင့်အယှက် ဖြစ်စေခဲ့သည်မှာ ထင်ရှား၏။ အကယ်၍ သူမ ယခု လာတွေ့ပါက အားနည်းချက်ကို ပြသရာရောက်ပေမည်။ သူမကိုယ်သူမ ပြန်လည် ခွန်အားပြည့်ဝလာပြီဟု ခံစားရချိန်မှသာ ပြန်လာပေလိမ့်မည်။

နောက်ထပ် တစ်ရက် ကုန်ဆုံးသွားပြန်၏။ မင်္ဂလာဆောင်ရန် ခြောက်ရက်သာ လိုတော့သော်လည်း မုန်ထိုလော့ ပေါ်မလာသေးချေ။

တစ်ရက်လျှင် ထမင်းသုံးနပ် ၊ နေ့စဉ် ရေချိုးရန် ရေနှင့် သန့်ရှင်းသည့် အဝတ်အစားများကိုတော့ အချိန်မှန်မှန် ပေးပို့လာ၏။

သူမ လာမတွေ့သည်မှာ နှစ်ရက် ရှိသွားပြီဖြစ်ရာ သူမ၏ နှလုံးသားကို အနိုင်ယူရန် လန်လင်းအတွက် နှစ်ရက် လျော့နည်းသွားပြီ ဖြစ်၏။

မင်္ဂလာဆောင်မည့်နေ့ မတိုင်မီ သူမ ရောက်မလာပါက လန်လင်း သေချာပေါက် သေဆုံးရပေလိမ့်မည်။

သေချာသည်က လန်လင်း စွန့်စားနေခြင်း ဖြစ်၏။ ဤစိတ်ပိုင်းဆိုင်ရာ ကစားပွဲ၌ ရှုံးနိမ့်ရန် မုန်ထိုလော့က မာနကြီးလွန်းကြောင်း သူ လောင်းကြေးထပ်ထားသည်။ သူမကိုယ်သူမ အားအင်ပြည့်ဝနေပြီဟု ခံစားရသည်နှင့် ပြန်လာမည်ကို သူ သေချာပေါက် သိနေ၏။

တတိယမြောက်နေ့ ၊ မင်္ဂလာဆောင်ရန် ငါးရက်အလို၌ နောက်ဆုံး၌ မုန်ထိုလော့ ရောက်လာသည်။

မုန်ထိုလော့က ဝင်လာပြီး လန်လင်း၏ ရှေ့၌ တစ်ပတ်လှည့်ပြလိုက်သည်။ “သခင်လေး... ကျွန်မ ဝတ်ထားတဲ့ မင်္ဂလာဂါဝန်လေးကို ကြည့်ပါဦး။ လှတယ်မလား။”

သူမ၏ လှပသည့် ခန္ဓာကိုယ်အချိုးအစားကို ပေါ်လွင်စေသော ခရမ်းရောင်သန်းသည့် အနီရောင် ဂါဝန်ရှည်တစ်ထည်ကို ဝတ်ဆင်ထားပြီး ကျက်သရေရှိကာ ပြည့်စုံနေ၏။

သို့သော် လန်လင်းကမူ ခေါင်းရမ်းလိုက်သည်။ “ဟင့်အင်း... ကြည့်ကောင်းပါတယ်။ ဒါပေမဲ့ ခင်ဗျားနဲ့ မလိုက်ဘူး။”

မုန်ထိုလော့ မျက်မှောင်ကျုံ့သွားသည်။ “ဘာလို့ မလိုက်ရမှာလဲ။ ဒီဂါဝန်ကို အချိန်အကြာကြီး ရွေးခဲ့ရတာ။”

လန်လင်း ပြုံးလိုက်သည်။ “ခရမ်းနီရောင်က ခင်ဗျားကို ပိုရင့်သွားစေတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျား နှလုံးသားက အိုမင်းနေပြီလို့ ခံစားနေရလို့ပဲ။ တောက်ပတဲ့ အနီရောင်က အရမ်း ပျော်ရွှင်စရာ ကောင်းနေတယ်။ ခရမ်းနီရောင်က ခြောက်သွေ့နေတဲ့ သွေးတွေနဲ့ တူနေလို့ ခင်ဗျား ရွေးလိုက်တာပဲ။”

မုန်ထိုလော့ ခေါင်းညိတ်လိုက်သည်။ “အင်း... အဲဒါ မှန်တယ်။ ဒီဂါဝန်ကို ကျွန်မ တကယ် သဘောကျတယ်။ ကျွန်မ စိတ်ပြောင်းစေချင်ရင်တော့ ဂါဝန်အသစ်တစ်ထည် ဖန်တီးပေးရမယ်။ အဲဒါက တကယ်ကို လှနေမယ်ဆိုရင်တော့ ဒီအကျော့မှာ ရှင် နိုင်တာပေါ့။”

ဤအမျိုးသမီးက လန်လင်းကို စိန်ခေါ်နေခြင်း ဖြစ်၏။ သူမသည် ယောကျ်ားများကို အမှိုက်တစ်စကဲ့သို့ အမြဲတမ်း သဘောထားပြီး သူတို့၏ စိတ်ခံစားချက်များဖြင့် ကစားတတ်သည်။

အစောပိုင်းက စိတ်ပိုင်းဆိုင်ရာ ကစားပွဲတစ်ခုအနေဖြင့် သူမ၏ ဝမ်းနည်းစရာ အတိတ်ကို လန်လင်း ခန့်မှန်းခဲ့သည်။ ဤသည်က သူမ၏ စိတ်ခံစားချက်များကို စိန်ခေါ်လိုက်ခြင်းဖြစ်သော်ငြား သူမ၏ ပျင်းရိစရာကောင်းသော ဘဝထဲသို့ ပျော်ရွှင်မှု အနည်းငယ်ကို ဆောင်ကြဉ်းပေးသဖြင့် သူမ သဘောကျနေ၏။

ပင့်ကူဘုရင်မကဲ့သို့ပင် သူမသည် ဉာဏ်ရည်ကို သက်သေပြရန်အတွက် လူသားများကို လှည့်စားချင်နေခြင်း ဖြစ်၏။

အတိတ်ကာလက မုန်ထိုလော့သည် ယောကျ်ားတစ်ယောက်၏ နက်နက်ရှိုင်းရှိုင်း နာကျင်စေမှုကို ခံခဲ့ရဖူး၏။ ထို့ကြောင့်ပင် အချစ်ကစားပွဲ၌ ယောကျ်ားအားလုံးကို ထိန်းချုပ်ကာ အနိုင်ယူချင်နေခြင်း ဖြစ်သည်။

ယောကျ်ားတစ်ယောက်နှင့် မိန်းမတစ်ယောက်ကြားမှ စိတ်ပိုင်းဆိုင်ရာ ကစားပွဲဆိုသည်မှာ မည်သည်နည်း။ ဆွဲဆောင်မှု ၊ အသွင်အပြင်နှင့် အကြိုက်တို့ပင်။

မုန်ထိုလော့၏ အကြိုက်မှာ အဆင့်မြင့်ပြီး သူမက သာမန် လူရိုင်းတစ်ယောက် မဟုတ်ကြောင်းကို လန်လင်း ပြောနိုင်သည်။

လန်လင်း ခေါင်းညိတ်လိုက်သည်။ “အင်း... ကောင်းပြီ။ ကျုပ်ကို တစ်ရက် အချိန်ပေး။ မနက်ဖြန် လာကြည့်ပါ။ ကျုပ်ရဲ့ ဂါဝန်အသစ်က ခင်ဗျားကို မဆွဲဆောင်နိုင်ဘူးဆိုရင်တော့ ကျုပ် အရှုံးပေးမယ်။”

မုန်ထိုလော့က ချိုမြိန်စွာ ပြုံးလိုက်သည်။ “ကောင်းပြီလေ... မနက်ဖြန် ကျွန်မ လာခဲ့မယ်။”

ထို့နောက် သူမ ကျက်သရေရှိစွာ ထွက်သွားသည်။

လန်လင်း လေးနက်စွာ ပြောလိုက်၏။ “ကျုပ်ကို စက္ကူအကြီးကြီး တစ်ရွက် ၊ စုတ်တံတချို့နဲ့ အရောင်စုံ ဆေးတွေ ယူလာပေးလို့ ရမလား။”

မုန်ထိုလော့က ခေါင်းညိတ်သည်။ “အင်း... တစ်ယောက်ယောက်ကို ယူလာပေးခိုင်းလိုက်မယ်။”

**--**--**--**--**--**--**--**

မကြာမီ၌ပင် လူရိုင်းအမျိုးသမီးတစ်ယောက်က ပန်းချီဆွဲသည့် သင်ပုန်း ၊ စက္ကူ ၊ စုတ်တံများနှင့် ကွဲပြားသော ဆေးရောင်စုံများကို ယူလာပေးသည်။

ပန်းချီဆွဲသည့် ပစ္စည်းများက အလွန် ပရော်ဖက်ရှင်နယ် ဆန်လှသည်။ ဤသည်က သူမကိုယ်တိုင်လည်း ပန်းချီဆွဲ အလွန် ကျွမ်းကျင်ကြောင်း လန်လင်းကို သဘောပေါက်သွားစေ၏။ ထို့ကြောင့် သူမသည် လူသားဘုရင့်နိုင်ငံ တစ်ခုခုမှ လာခြင်းဖြစ်ရမည်ဖြစ်ကြောင်း လန်လင်း ကောက်ချက်ချမိသည်။ အထက်တန်းလွှာ မိသားစုတစ်ခုမှ ဖြစ်ရန် သေချာသလောက် ရှိနေ၏။

နောက်ထပ် ဆယ်နာရီကြာသည်အထိ လန်လင်း ပန်းချီဆွဲနေခဲ့သည်။ အတိတ်ကာလက မြို့တော်ရှိ လှပသည့် အမျိုးသမီးများအတွက် ပုံတူပန်းချီ ဆွဲပေးချိန်၌ ငွေရှာရန်သက်သက်အတွက် သူ အလွန် ကြိုးစားခဲ့ရသည်။

သို့သော် လက်ရှိအချိန်၌ သူ၏ အသက်အတွက် ပန်းချီဆွဲနေခြင်း ဖြစ်၏။ ဤပန်းချီကား၏ ရလာဒ်က သူသေမည်လော ၊ ရှင်မည်​လော အပေါ် မူတည်နေသည်။

လန်လင်း၏ မျက်လုံးတို့က အာရုံစူးစိုက်မှုတို့ဖြင့် တောက်လောင်နေသည်။

ပန်းချီကားထဲသို့ သူ၏ စိတ်နှင့် ဝိညာဉ် ၊ အရာအားလုံးကို နှစ်မြှုပ်လိုက်၏။ သူ့၌ ရည်ရွယ်ချက် တစ်ခုတည်းသာ ရှိသည်။ ထိုအရာမှာ မုန်ထိုလော့၏ စိတ်အား အနိုင်ပိုင်းရန်ပင်။

မည်သို့ အနိုင်ပိုင်းရမည်နည်း။ သူမ၏ နှလုံးသား မအေးစက်မီက ပုံစံအတိုင်း မုန်ထိုလော့ကို တစ်သဝေမတိမ်း သူ ရေးဆွဲရပေမည်။

သူမအတွက် ဂါဝန်အသစ်တစ်ခု ဖန်တီးရန်မှာ အလွန် လွယ်ကူသည်။ ကမ္ဘာမြေမှ အဖြူရောင် မင်္ဂလာဂါဝန်တစ်ထည်ကို ရေးဆွဲလိုက်ရုံသာ...။

အဖြူရောင် မင်္ဂလာဂါဝန်က အလှတရား ၊ ဖြူစင်မှုနှင့် ပျော်ရွှင်မှုတို့ကို ကိုယ်စားပြု၏။

အလွန် လှပသောကြောင့် ကမ္ဘာမြေပေါ်ရှိ အမျိုးသမီး သန်းပေါင်းများစွာက ထိုဂါဝန်ကို နှစ်သက်ကြသည်။ ဤကဲ့သို့သော ဂါဝန်မျိုးက မည်သည့်ကမ္ဘာမှ အမျိုးသမီးမဆို၏ နှလုံးသားကို ဖမ်းစားနိုင်စွမ်း ရှိ၏။

ထို့အတွက်ကြောင့် လက်ရှိ အရေးအကြီးဆုံးအရာမှာ သူမ၏ နှလုံးသား မကြေကွဲမီ ၊ သေမင်းတမန်ဟွာ မဖြစ်လာမီက မုန်ထိုလော့ မည်သို့ရှိခဲ့ကြောင်းကို ရေးဆွဲရန်ပင်။

ဤသို့ ပြုလုပ်နိုင်ရန် လန်လင်းအနေဖြင့် အားကောင်းသည့် စိတ်ကူးယဉ်နိုင်စွမ်းနှင့် တိကျသော ခန့်မှန်းမှုများ လိုအပ်၏။ သူမ၏ နောက်ခံကို သူ ခန့်မှန်းရပေမည်။

ထို့အတွက်ကြောင့် လန်လင်း အလွန် ရဲတင်းသည့် ခန့်မှန်းချက်တစ်ခုကို ထုတ်ဖော်လိုက်သည်။

မုန်ထိုလော့သည် လူသားဘုရင့်နိုင်ငံတစ်ခုမှ အလွန် အဆင့်အတန်း မြင့်မားသည့် အထက်တန်းလွှာ မိသားစု၌ မွေးဖွားလာခဲ့ခြင်း ဖြစ်ကြောင်း သူ ခန့်မှန်းမိ၏။

အဘယ်ကြောင့်နည်း။ သူမသည် မြင့်မြတ်နတ်နဂါးကျောင်းတော်မှ ကောင်းကင်စက်ဝန်း လက်စွပ်ကို ခေါင်းပေါ်၌ တပ်ဆင်ထားသောကြောင့်ပင်။ ထိုအရာက ကျောင်းတော်နှင့်သာ သက်ဆိုင်သည့် အရာတစ်ခု ဖြစ်၏။

ထို့အတွက်ကြောင့် သူမသည် ကျောင်းတော်မှ အထက်တန်းလွှာ မြင့်မြတ်သည့် အမျိုးသမီးတစ်ဦး ဖြစ်နိုင်ပြီး သူတော်စင်မလေး ဖြစ်ရန် လျာထားခံရသူ တစ်ဦးပင် ဖြစ်ကောင်း ဖြစ်နိုင်၏။

သူမ၏ သိုင်းပညာ စွမ်းရည်များကလည်း အံ့မခန်းပင်။ ထိုသို့သာ မဟုတ်လျှင် ဤမျှ ငယ်ရွယ်သည့် အသက်အရွယ်ဖြင့် နဂါးစစ်သည်တော် တစ်ယောက်ထက် ပို၍ အားကောင်းနေမည် မဟုတ်ပေ။ ထို့အပြင် သူမ၏ စိတ်ဝိညာဉ်စွမ်းအားမှာလည်း အလွန် မြင့်မားပေလိမ့်မည်။ သို့မဟုတ်ပါက ပင့်ကူဘုရင်မ၏ ဂူထဲသို့ ဝင်လာသည်အထိ ရဲတင်းမည် မဟုတ်ချေ။

ဤသည်က မူလကတည်းက သူမသည် ကျောင်းတော်၏ အဆင့်မြင့် သူတော်စင်မလေး တစ်ဦး ဖြစ်လာရန် ရည်ရွယ်ထားခြင်း ခံရကြောင်း ဆိုလိုနေ၏။

သို့သော် အံ့မခန်း ယောကျ်ားတစ်ယောက် ပေါ်လာပြီး သူမ၏ နှလုံးသားကို ဖမ်းစားသွားခဲ့သည်။ သူမကို ဖြူစင်သည့် သူတော်စင်မလေး လျာထားချက်ဘဝမှ အချစ်ထောင်ချောက်ထဲသို့ ကျဆင်းသွားစေခဲ့၏။

ဤအကြောင်းကြောင့် သူမ သေချာပေါက် အပြစ်ပေးခံခဲ့ရပေမည်။ သူမသည် ကျောင်းတော်မှ နှင်ထုတ်ခံခဲ့ရသလို မိသားစုကလည်း သူမကို မောင်းထုတ်ခဲ့၏။

ထို့နောက် သူမ၏ ချစ်သူက သူမအတွက် တစ်ခုတည်းသည့် အားကိုးရာ ဖြစ်လာခဲ့သည်။ သူမ၌ နောင်တ လုံးဝ မရှိချေ။ သူ၏အတွက်နှင့် သူမ၏ တောက်ပသော အနာဂတ်၊ ယုံကြည်မှုနှင့် မိသားစုကိုပါ စွန့်လွှတ်ခဲ့၏။

သူတို့၏ မင်္ဂလာဆောင်မည့်နေ့ နီးကပ်လာချိန်၌ သူမ အလွန် ပျော်ရွှင်ခဲ့ရသည်။ အလှပဆုံးနှင့် အပျော်ရွှင်ဆုံး သတို့သမီး ဖြစ်ချင်သောကြောင့် အကောင်းဆုံး အခိုက်အတန့်အတွက် သူမ ပြင်ဆင်ခဲ့၏။

သူမသည် လူတိုင်းကို အံ့အားသင့်စေချင်ပြီး အခြား အမျိုးသမီးများထက် ပို၍ လှပချင်သောကြောင့် ကိုယ်ပိုင် မင်္ဂလာဂါဝန်ကို စတင် ဒီဇိုင်းဆွဲခဲ့သည်။

နောက်ဆုံး၌ မင်္ဂလာဆောင်မည့်နေ့ ရောက်လာ၏။ ထိုနေ့မှာ သူမ ဘဝ၏ အပျော်ရွှင်ဆုံး အချိန်အခါပင်။ သူမ စွန့်လွှတ်ခဲ့ရသမျှ အရာအားလုံးက တန်ဖိုးရှိပုံ ပေါ်နေခဲ့၏။

သို့သော် ထိုပျော်ရွှင်စရာ အချိန်အခါလေး၌ အရာအားလုံးက အဆိုးရွားဆုံး မှားယွင်းသွားခဲ့သည်။ အကြောင်းရင်း တစ်ခုခုကြောင့် သူမ ချစ်ရသည့် ယောကျ်ားက သူမကို စွန့်ပစ်သွားခဲ့၏။ သူသည် မင်္ဂလာဆောင်၌ သူမကို ထားခဲ့ခြင်း ဖြစ်စေ ၊ လုံးဝ ပေါ်မလာခဲ့ခြင်း ဖြစ်စေ တစ်ခုခုပင်။

သူမသည် လူတိုင်းအတွက် ရယ်စရာတစ်ခု ဖြစ်လာခဲ့ပြီး ပိုင်ဆိုင်သမျှ အရာအားလုံးကို ဆုံးရှုံးသွားခဲ့ရသည်။ ယုံကြည်မှု ၊ အချစ် ၊ မိသားစုနှင့် သူငယ်ချင်း အားလုံး ကင်းမဲ့သွားခဲ့၏။

သို့သော် သူမ၌ အလှတရားနှင့် အားကောင်းသည့် သိုင်းပညာများ ရှိနေဆဲပင်။ သစ္စာဖောက်ခံရမှုက သူမကို မှောင်မိုက်ကာ ရက်စက်သွားစေခဲ့ပြီး ကလဲ့စားချေရန်အတွက် သတ်ဖြတ်ခြင်းများကို ပြုလုပ်စေခဲ့သည်။

အကြောင်းရင်း တစ်ခုခုကြောင့် လူသားဘုရင့်နိုင်ငံ၌ ဆက်လက် ပုန်းအောင်းနေ၍ မရတော့ပေ။ ထို့အတွက်ကြောင့် သူမသည် တောင်တစ်သောင်း တောင်တန်းဆီသို့ လာခဲ့ပြီး မြွေပွေးမျိုးနွယ်နှင့် ပူးပေါင်းခဲ့၏။

သူမ၏ အလှတရား သို့မဟုတ် ခွန်အားများကြောင့် မြွေပွေးမျိုးနွယ်ကို လွှမ်းမိုးနိုင်ခဲ့ပြီး သူတို့၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။

မင်းသမီး ကျိနင်နှင့် အဘယ်ကြောင့် အလုပ်တွဲလုပ်ခဲ့သည်မှာ မသိရသေးချေ။ သို့သော် သူတို့၏ ဆက်ဆံရေးက ကိုယ်ကျိုးအတွက် တစ်ယောက်ကို တစ်ယောက် အသုံးချခြင်းအပေါ် အခြေခံထားသည်မှာ သေချာလှ၏။

ဤခန့်မှန်းချက်က အလွန် ခိုင်မာသည်။ ဇာတ်လမ်း၌ ကွက်လပ် လုံးဝ မရှိဘဲ အားလုံးက ခိုင်လုံသည့် သက်သေအထောက်အထားများအပေါ် အခြေခံထားခြင်း ဖြစ်၏။

ထိုသို့ဆိုလျှင် နှလုံးသား မအေးစက်မီက မုန်ထိုလော့သည် မည်သို့သော ပုံစံမျိုး ဖြစ်မည်နည်း။ သူမသည် နတ်သမီးလေး တစ်ပါးကဲ့သို့ ဖြူစင် ၊ ထက်မြက် ၊ ကြင်နာတတ်ပြီး အပြစ်ကင်းစင်နေပေလိမ့်မည်။

ထိုကဲ့သို့သော လူမျိုးမှသာ ကျောင်းတော်၏ သူတော်စင်မလေး လျာထားခံရသူ တစ်ဦး ဖြစ်လာနိုင်မည် ဖြစ်၏။

ဇာတ်လမ်းကို စိတ်ထဲ၌ ပုံဖော်အပြီး၌ လန်လင်းသည် သူ၏ စုတ်တံကို ကောက်ကိုင်ကာ စတင် ရေးဆွဲလိုက်၏။

ရေးဆွဲရန်အတွက် သူ၏ စိတ်များနှင့် ဝိညာဉ်တို့မှလွဲ၍ အခြား မည်သည်ကိုများ လိုအပ်ဦးမည်နည်း။ စိတ်ခံစားချက်များ... သူအနေဖြင့် စစ်မှန်သည့် စိတ်ခံစားချက်များကို လိုအပ်နေသေး၏။

နက်ရှိုင်းသည့် အချစ်နှင့် နူးညံ့သိမ်မွေ့နေသည့် ခံစားချက်တို့က ပန်းချီကား တစ်ခုလုံး၌ ပြည့်နှက်နေရပေမည်။

အချစ်ကို မုန်ထိုလော့ ခံစားမိစေရန် သူ လုပ်ဆောင်ဖို့ လိုအပ်သည်။ လန်လင်းက သူမအပေါ် နက်ရှိုင်းစွာ ဂရုစိုက်ကြောင်း သူမကို ခံစားစေချင်၏။

ထိုအခိုက်အတန့်၌ လန်လင်း ဇျန်ဝင်သွား၏။ အခြားအရာအားလုံးကို မေ့ပျောက်ကာ သူ၏ နှလုံးသားထဲရှိ အချစ်နှင့် သစ္စာတရား အားလုံးကို ပုံတူပန်းချီကားထဲသို့ နှစ်မြှုပ်လိုက်သည်။ အလွန် မြန်ဆန်စွာ ဆွဲနေသော်လည်း အလွန်ပင် အသေးစိတ်လှ၏။

တစ်ခုခု မှားယွင်းမသွားပါက ဤသည်မှာ လန်လင်း၏ အခမ်းနားဆုံးသော ပန်းချီကား ၊ သူ၏ အပြည့်စုံဆုံးသော လက်ရာတစ်ခု ဖြစ်လာပေလိမ့်မည်။

ဆွဲချက်တိုင်းက စိတ်ခံစားချက်နှင့် အသက်ဝင်မှုတို့ဖြင့် ပြည့်နှက်နေ၏။ အလင်းနှင့် အရိပ်တိုင်းက လှပပြီး ရင်ကို ထိမိစေသည်။

တစ်နာရီ ၊ နှစ်နာရီ ၊ သုံးနာရီ ကုန်ဆုံးသွား၏...။

ဆယ့်ငါးနာရီကြာပြီးနောက်... လန်လင်း၏ အလှပဆုံး လက်ရာကြီး ပြီးဆုံးသွားလေပြီ။

လန်လင်း အလွန်ပင်ပန်းနေပြီ ဖြစ်သဖြင့် ပန်းချီကားကို အနက်ရောင် ပုဝါတစ်ခုဖြင့် ဖုံးအုပ်လိုက်ပြီး တန်း၍ အိပ်ရာဝင်လိုက်တော့၏။

အပိုင်း ၈၆ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters