အခန်း ၈၇
Vol. 9 Ch. 87
အပိုင်း (၈၇)
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
နောက်တစ်နေ့မနက် လန်လင်း ကောင်းစွာ မနိုးသေးမီ သူ၏ အာရုံများက ကုတင်အနီး၌ တစ်ယောက်ယောက် ရပ်နေကြောင်း သတိပေးလာ၏။ သူ အလျင်စလို ထိုင်လိုက်ရာ သူ၏ရှေ့၌ အလွန် လှပလှသည့် မုန်ထိုလော့ ရပ်နေသည်ကို မြင်လိုက်ရသည်။
ယနေ့၌ သူမသည် ရင်ဘတ်ဟိုက်နေသည့် တောက်ပနေသော ခရမ်းရောင် ဂါဝန်ပါးပါးလေးကို အပြာရောင် စိန်ဆွဲသီးတစ်ကုံးနှင့် တွဲဖက် ဝတ်ဆင်ထား၏။ ဂါဝန်က မယုံနိုင်လောက်အောင် ပါးလွှာပြီး ကြည်လင်သည့် သလင်းကျောက်များကဲ့သို့ တောက်ပနေသည်။
ထိုအရာက သူ မြင်ဖူးသမျှထဲ၌ အလှပဆုံး ဂါဝန်ပင်။ သေချာပေါက် မုန်ထိုလော့ ကိုယ်တိုင် ဒီဇိုင်းဆွဲထားခြင်း ဖြစ်ပေလိမ့်မည်။ သူမ၏ ကိုယ်ပိုင် မင်္ဂလာဆောင်အတွက် ဝတ်ဆင်ရန် မူလကတည်းက ရည်ရွယ်ထားသည့် ဂါဝန်များထဲမှ တစ်ထည် ဖြစ်နိုင်ပြီး ဤဂါဝန်အတွက် သူမ သေချာပေါက် ဂုဏ်ယူနေသည်မှာ ထင်ရှား၏။ ဤအမျိုးသမီး၌ အံ့မခန်း အနုပညာ ပါရမီများ ရှိနေသည်မှာ အမှန်ပင်။
လန်လင်း၏ အံ့အားသင့်နေသည့် မျက်နှာကို မြင်လိုက်ရချိန်၌ မုန်ထိုလော့က ကျက်သရေရှိစွာ ပတ်အနည်းငယ် လျှောက်ပြလိုက်ပြီး တစ်ပတ်လှည့်ပြလိုက်သည်။ “ဘယ်လိုထင်လဲ။”
လန်လင်းက ပြုံးလိုက်၏။ “အခန်းထဲက အလင်းရောင်တွေ အကုန်ခိုးယူထားပြီး မှော်ဆန်ဆန် တောက်ပနေတာပဲ။”
မုန်ထိုလော့က ဂုဏ်ယူစွာ ပြုံးလိုက်သည်။ “ဒါဆို ရှင့်ဒီဇိုင်းက ကျွန်မကို နိုင်ဦးမယ် ထင်လား။”
အကယ်၍ လန်လင်းသာ သူ၏ ကိုယ်ပိုင် အနုပညာ စွမ်းရည်များကိုသာ အားကိုးရမည်ဆိုပါက သူ၏ရှေ့ရှိ အမျိုးသမီးကို အနိုင်ယူရန် ယုံကြည်မှု လုံးဝ ရှိမည် မဟုတ်ပေ။ သို့သော် သူ့၌ လျှို့ဝှက်လက်နက်တစ်ခု ရှိနေ၏။
ထိုအရာမှာ ခေတ်သစ် အဖြူရောင် မင်္ဂလာဂါဝန်ပင်။ ထိုဂါဝန်သည် မင်္ဂလာဆောင်များအတွက် ပြီးပြည့်စုံစွာ ဖန်တီးထားခြင်းဖြစ်ပြီး အမျိုးသမီးတိုင်း မက်မောကြသည့် ရိုမန့်တစ် အိပ်မက်များ အားလုံးကို ပိုင်ဆိုင်ထား၏။
လန်လင်းက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။ “ခင်ဗျားဂါဝန်က အံ့မခန်းပဲ။ ဒါပေမဲ့ ကျုပ်ဒီဇိုင်းက အများကြီး ပိုတောက်ပလိမ့်မယ်။”
ထိုစကားက မုန်ထိုလော့၏ ယှဉ်ပြိုင်လိုစိတ်ကို ချက်ချင်း လှုံ့ဆော်ပေးလိုက်၏။ သူမ၏ အနုပညာ စွမ်းရည်များကို ဤလောက၌ ယှဉ်နိုင်သူ အလွန် နည်းပါးလိမ့်မည်ဟု သူမ ယုံကြည်ထားသည်။ မင်းသမီး ကျိနင်က ထက်မြက်သော်ငြား သူမ၏ အနုပညာ၌ စိတ်ကူးယဉ်နိုင်စွမ်းနှင့် ခံစားမှုများ ကင်းမဲ့နေ၏။
ထို့အပြင် ဤယောကျ်ား ၊ ဆိုလွန်သည် ပါရမီရှိပုံ ပေါ်သော်လည်း ကစားတတ်ပြီး ပေါ့ဆသူ တစ်ဦးသာ ဖြစ်သည်။ သူ၏ ဂါဝန်ဒီဇိုင်းက သူမကို မည်သို့လုပ် အနိုင်ယူနိုင်မည်နည်း။ လုံးဝ မဖြစ်နိုင်ဟု သူမ ခံစားရ၏။ လန်လင်းကို လုံးဝ မယုံကြည်သဖြင့် သူမ ခပ်တိုးတိုး လှောင်ရယ်လိုက်မိသည်။
လန်လင်းကမူ ပြုံးလျက် အနက်ရောင် ပုဝါဖြင့် ဖုံးအုပ်ထားသည့် ပန်းချီသင်ပုန်းဆီသို့ လျှောက်သွားလိုက်၏။ သူ ပင်ပန်းနေပုံရသည်။ တစ်ညလုံး မအိပ်ဘဲ အလုပ်လုပ်ခဲ့ရပြီး ငါးနာရီထက်ပင် နည်းပါးစွာ အိပ်စက်ခဲ့ရ၏။ သူ၏ မျက်လုံးများက နီရဲနေပြီး ဆံပင်များမှာလည်း ရှုပ်ပွနေသည်။ သို့သော် ချောမောနေဆဲပင်။
အနက်ရောင်ပုဝါကို ဆုပ်ကိုင်လျက် လန်လင်းက သူမအား စိုက်ကြည့်လိုက်သည်။ “ကမ္ဘာ့အလှဆုံး မင်္ဂလာဂါဝန်ကို ကြည့်ဖို့ အဆင်သင့်ဖြစ်ပြီလား။”
မုန်ထိုလော့ကမူ ပခုံးတွန့်လိုက်ပြီး သူမ၏ နှုတ်ခမ်းထက်၌ ယုံကြည်မှုရှိကာ လှောင်ပြောင်သည့် အပြုံးတစ်ခု ပေါ်လာ၏။ သူမ၏ အမြင်က ရိုးရှင်သည်။
ဆိုလွန်ကဲ့သို့ လူရှုပ်ယောကျ်ားတစ်ယောက်၌ သူမထက် သာလွန်သည့် အနုပညာ ပါရမီမျိုး မည်သို့ ရှိနိုင်မည်နည်း။ ရှုပ်ထွေးသည့် ပုံစံများ ၊ ရွှေကွပ်များ ၊ ငွေချည်မျှင်များနှင့် အလွန်အမင်း တောက်ပလွန်းသော အရာမျိုးသာ ဖြစ်ပေလိမ့်မည်။ သူမ၏ လှပသော သလင်းကျောက်ဂါဝန်ကို သူ မည်သို့ အနိုင်ယူနိုင်မည်နည်း။
မုန်ထိုလော့က လှောင်ပြုံးလေးဖြင့် ချစ်စဖွယ် မေးဆတ်ပြလိုက်သည်။ “ပြစမ်းပါဟယ်။”
လန်လင်းသည်လည်း အပြုံးလေးဖြင့် အနက်ရောင် ပုဝါကို အမြန် ဆွဲဖယ်လိုက်၏။ မျက်လှည့်ဆရာ တစ်ယောက်ကဲ့သို့ ဟန်ပန်အမူအရာဖြင့် ဆွဲဖယ်လိုက်ခြင်းပင်။
အသက်ရှူမှားလောက်သည့် ပန်းချီကားတစ်ချပ် ထွက်ပေါ်လာသည်။
အပြစ်ကင်းစင်မှုနှင့် အလှတရားများ အားလုံးကို ပိုင်ဆိုင်ထားသည့် လှပပြီး ဖြူစင်သော နတ်သမီးလေး တစ်ပါးကို ပြသထား၏။ ပန်းချီကားထဲရှိ ပုံရိပ်လေးက နှင်းကဲ့သို့ ဖြူစင်သည့် မင်္ဂလာဂါဝန်ကို ဝတ်ဆင်ထားပြီး ရိုမန့်တစ် အိပ်မက်တိုင်းကို ပြီးပြည့်စုံစွာ ဖမ်းဆုပ်ထားသည်။
ချက်ချင်းပင် မုန်ထိုလော့ လုံးဝ အံ့အားသင့်ကာ မှင်သက်သွားရ၏။ အဖြူရောင် မင်္ဂလာဂါဝန်ကြောင့် မဟုတ်ပေ။ အချစ်နှင့် မင်္ဂလာဆောင်အတွက် ပြီးပြည့်စုံသော အမြင်ဖြင့် သူမ၏ ကိုယ်ပိုင်ဒီဇိုင်းထက် လုံးဝ သာလွန်နေလျှင်ပင် ထိုအရာက အဓိက အကြောင်းရင်း မဟုတ်ချေ။
သူမ၏ နှလုံးသားကို အမှန်တကယ် စူးနစ်သွားစေသည်မှာ ပန်းချီကားထဲရှိ မျက်နှာလေးကြောင့်ပင်။ ထိုအရာက လွန်ခဲ့သော ငါးနှစ်က သူမ၏ ပုံတူပန်းချီကား ဖြစ်နေ၏။
ပန်းချီကားထဲ၌ သူမသည် လှပပြီး မြင့်မြတ်သော မင်္ဂလာဂါဝန်ကို ဝတ်ဆင်ထားကာ တောက်ပသည့် နှင်းဆီပန်းစည်းကို ကိုင်ဆောင်ထားသည်။ မျှော်လင့်ချက်များနှင့် ပျော်ရွှင်မှုတို့ အပြည့်ရှိနေသည့် မျက်လုံးများဖြင့် တိတ်ဆိတ်စွာ ရပ်နေပြီး လောက၌ အတောက်ပဆုံးသော အပြုံးကို ပြသနေ၏။
ပန်းချီကားထဲ၌ ပြသထားသည့် ချိုမြိန်ပြီး ဖြူစင်သော အချစ်က အားလုံးနှလုံးသားကိုမဆို အရည်ပျော်ကျသွားစေနိုင်သည်။ ပုံတူပန်းချီကားက အလွန် စစ်မှန်ပြီး အိပ်မက်ဆန်နေသဖြင့် လက်တွေ့ထက်ပင် ပို၍ အသက်ဝင်နေသကဲ့သို့ ခံစားရ၏။
ထိုသည်ကို မြင်လိုက်ရချိန်၌ မုန်ထိုလော့ အေးခဲသွားရသည်။ သူမ၏ မျက်လုံးများ ပြူးကျယ်လာပြီး ပန်းချီကားချပ်ကို ကြောင်အစွာ စိုက်ကြည့်နေမိ၏။
ပန်ချီကားထဲရှိ နန်းဆန်သည့် ပုံရိပ်လေးကြောင့် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာရသည်။
သူမ၏ စိတ်အာရုံက နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားသည့် မှတ်ဉာဏ်များဆီသို့ ဆွဲခေါ်ခံလိုက်ရ၏။ ထိုအရာက သူမ၏ အလှပဆုံး ၊ အချိုမြိန်ဆုံးနှင့် အနာကျင်ရဆုံး မှတ်ဉာဏ်ပင်။
သူမ၏ ကိုယ်ပိုင် မင်္ဂလာဆောင်ကို ပြန်လည် သတိရသွား၏။ သူမ၏ အရာအားလုံးကို ထည့်ထားပြီး အရာအားလုံးကို စတေးခဲ့ရသည့် မင်္ဂလာဆောင်ပင်။
ထိုအချိန်က သူမသည် မြင့်မြတ်နတ်နဂါးကျောင်းတော်၏ သူတော်စင်မလေး ဖြစ်လာရန် လျာထားခံရသူ တစ်ဦး ဖြစ်ခဲ့၏။ သူမသည် အချစ်နှင့် တွေ့ကြုံခွင့် သို့မဟုတ် လက်ထပ်ခွင့်ကို တားမြစ်ခံထားရသည်။
သို့သော် ထိုအမျိုးသားအတွက် သူမ၏ မြင့်မြတ်သော အဆင့်အတန်းနှင့် ယုံကြည်မှုတို့ကို စွန့်လွှတ်ခဲ့၏။ သူတော်စင်မလေး တစ်ဦးမှာ သက်ရှိ နတ်သမီးတစ်ပါးကဲ့သို့ သဘောထားခံရပြီး လောကတစ်ခုလုံး၏ ကိုးကွယ်မှုကို ခံရသည်။
သူမ ချစ်ရသော ယောကျ်ားမှာ ရန်သူ့နိုင်ငံမှ ဖြစ်သောကြောင့် သူမ၏ မိသားစုက သူတို့၏ ဆက်ဆံရေးကို လုံးဝ ဆန့်ကျင်ခဲ့၏။ သူမသာ သူနှင့် ဆက်နေမည်ဆိုပါက မိသားစုမှ မောင်းထုတ်ပြီး စွန့်ပယ်မည်ဟု မိဘများက ကြေညာခဲ့သည်။
သူနှင့် အတူရှိနေရန် သူမ၏ ဘာသာရေး ၊ တောက်ပသော အနာဂတ်နှင့် မိသားစုကိုပါ သူမ စွန့်လွှတ်ခဲ့၏။ သူမ၌ ဘာမှ မကျန်တော့သလောက် ဖြစ်သွားခဲ့သည်။
သို့သော် ထိုအချိန်က သူမ၌ နောင်တ လုံးဝ မရှိခဲ့ချေ။ သူမ၌ သူ၏ အချစ် ရှိနေသရွေ့ လောကတစ်ခုလုံးကို ပိုင်ဆိုင်ထားသည်ဟု ယုံကြည်ခဲ့၏။ သူမ၏ စွန့်လွှတ်မှု အားလုံးမှာ ထိုမင်္ဂလာဆောင် တစ်ခုတည်းအတွက်သာ ဖြစ်ပြီး သူမ၏ အိပ်မက်များ အားလုံးနှင့် ပြည့်နှက်နေသည့် နေ့တစ်နေ့ပင်။
သို့သော် မင်္ဂလာဆောင်၌ပင် သတို့သားက သူမကို သစ္စာဖောက်ခဲ့သည်။ သူမကို မင်္ဂလာစင်မြင့်ပေါ်၌ စွန့်ပစ်ခဲ့၏။ ပို၍ များပြားသော အာဏာကို ရယူရန်နှင့် သူ၏ အနာဂတ်အတွက် သူက အခြား အမျိုးသမီးတစ်ဦးကို လက်ထပ်ခဲ့သည်။
လှောင်ပြောင်မှုနှင့် စော်ကားမှု လှိုင်းတံပိုးကြီးတစ်ခုက မုန်ထိုလော့အပေါ် ရိုက်ခတ်လာ၏။ မိသားစုနှင့် အနာဂတ်ကို ဆုံးရှုံးပြီးနောက် သူမ၏ နောက်ဆုံး မျှော်လင့်ချက်နှင့် အချစ်ကိုပါ ဆုံးရှုံးလိုက်ရသည်။
သူမ၌ ဘာဆိုဘာမှ မကျန်ရှိတော့ဘဲ နိုင်ငံနှစ်ခုလုံး၏ ရယ်စရာတစ်ခု ဖြစ်လာရ၏။ ထိုအခိုက်အတန့်မှ စတင်ကာ ဖြူစင်သော နတ်သမီးလေး သေဆုံးသွားပြီး ကြောက်မက်ဖွယ်ကောင်းသည့် သေမင်းတမန်ဟွာ (အနက်ရောင် မုဆိုးမ) အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
**--**--**--**--**--**--**--**
သူမ၏ အပြစ်ကင်းစင်သည့် အတိတ်ကို ဆွဲထားသော လန်လင်း၏ ပန်းချီကားကို ကြည့်ရင်း မုန်ထိုလော့၏ စိတ်ခံစားချက် တံတိုင်းမှာ လုံးဝ ပြိုကျသွားရသည်။
သူမ၏ အနက်ရှိုင်းဆုံးနှင့် အနာကျင်ရဆုံး ဒဏ်ရာမှာ နောက်ဆုံး၌ ကျက်သွားပြီဟု သူမ ထင်မှတ်ထားသော်လည်း ယခုမူ ထိုအရာက တစ်ဖန် ပြန်လည် ဆုတ်ဖြဲခံလိုက်ရပြန်၏။
ထိုအရာက ထိုဆိုးရွားလှသော ညကထက်ပင် ပို၍ နာကျင်ရပြီး အသက်ရှူရန်ပင် ခက်ခဲလာသည်အထိ ပြင်းထန်သော နာကျင်မှုကို ဖြစ်ပေါ်လာစေသည်။
“အားးး” မျက်ရည်များက သူမ၏ မျက်နှာပေါ်သို့ စီးကျလာပြီး သူမ အော်ဟစ်လိုက်မိ၏။ သူမ၏ ပါးစပ်ကို အမြန် အုပ်လိုက်ပြီး အထိတ်တလန့်ဖြင့် ထွက်ပြေးသွားမိသည်။ ထိုအဖြစ်ဆိုးနှင့် ရင်ဆိုင်ခဲ့ရသည့် ညကကဲ့သို့ပင် သူမ အခန်းထဲမှ ထွက်ပြေးသွား၏။
လန်လင်းက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။ သူ၏ အောင်မြင်မှု တစ်ဝက်သို့ ရောက်နေပြီဖြစ်ကြောင်း သူ သိလိုက်၏။ မုန်ထိုလော့၏ လွန်ခဲ့သော နှစ်ပေါင်းများစွာက မှတ်ဉာဏ်များကို ပြန်လည် ယူဆောင်လာပေးသည့် သူ၏ ပန်းချီကားက သူမ၏ စိတ်ပိုင်းဆိုင်ရာ ခုခံမှုများကို လုံးဝ ချိုးဖျက်နိုင်ပြီ ဖြစ်သည်။
**--**--**--**--**--**--**--**
နောက်ထပ် နှစ်ရက်တိုင်တိုင် မုန်ထိုလော့ ပေါ်မလာခဲ့ပေ။
လန်လင်း၏ ပုံတူပန်းချီကားက တုနှိုင်းမဲ့သည်အထိ လှပသလို အလွန်အမင်းလည်း နာကျင်ရသည့် မှတ်ဉာဏ်တစ်ခုထဲ၌ သူမကို ပိတ်လှောင်ထား၏။
သူမ၏ ဒဏ်ရာဟောင်းများက တစ်ဖန် ပြန်လည် သွေးထွက်လာသဖြင့် နာကျင်မှုကို အတင်းဖိနှိပ်ကာ ကိုယ်တိုင် ကုစားနိုင်ရန် တိတ်ဆိတ်သည့် ထောင့်တစ်နေရာ၌ သူမ ပုန်းအောင်းနေမိသည်။
ပထမဆုံး တုန်လှုပ်မှု လှိုင်းတံပိုးကြီး ပြီးဆုံးသွားပြီးနောက် မုန်ထိုလော့ တဖြည်းဖြည်း တည်ငြိမ်လာသည်။ နောက်ဆုံး၌ ထိုမျက်နှာများသည့် ဆိုလွန်၏ အနုပညာ ပါရမီကို သူမ အသိအမှတ်ပြုလာမိ၏။
ဆိုလွန်၏ ပန်းချီဆွဲစွမ်းရည်များက အံ့မခန်းဖြစ်ကြောင်း သူမ လက်ခံရပေမည်။ အနုပညာနှင့် အလှတရား၌ သူက သူမကိုပင် အမှန်တကယ်ကြီး ကျော်လွန်သွားခဲ့လေပြီ။
ထိုသည်က မုန်ထိုလော့၏ ယှဉ်ပြိုင်လိုစိတ်ကို တောက်လောင်သွားစေ၏။ ယန်ကျင်းရှိ မြင့်မြတ်နတ်နဂါးကျောင်းတော်၌ သူမ ပညာသင်ကြားစဉ်က မင်းသမီး ကျိနင်နှင့် မင်းသမီး ကျိယန် အပါအဝင် အထက်တန်းလွှာနှင့် တော်ဝင် မိန်းကလေး အများအပြားနှင့်အတူ သူမ သင်ယူခဲ့ရသည်။
ထိုသူအားလုံးထဲ၌ မုန်ထိုလော့၏ အနုပညာ စွမ်းရည်များက အမြဲတမ်း အကောင်းဆုံး ဖြစ်ခဲ့၏။ မင်းသမီး ကျိနင်က သူမနည်းတူ တော်ပုံရသော်ငြား အမှန်တကယ် အရေးကြီးလာသည့် အချိန်တိုင်း၌ မုန်ထိုလော့ကသာ အမြဲ အနိုင်ရခဲ့သည်။
ကျိနင်က အလွန် ထက်မြက်သော်လည်း အရာရာကို အလွန်အမင်း တွေးတောတတ်ပြီး မုန်ထိုလော့ကဲ့သို့ နှလုံးသား မဖြူစင်ကြောင်း သူတော်စင်မလေး၏ ဆရာမက ပြောဖူး၏။ ထို့အတွက်ကြောင့် ကျိနင်၏ အနုပညာက အမြဲတမ်း အနည်းငယ် လိုအပ်နေခြင်းပင်။
ယခင်က မင်းသမီး ကျိနင်က ဆိုလွန်အား အတုခိုးကာ ရေးဆွဲထားသည့် ပုံတူပန်းချီကား တစ်ချပ်ကို သူမထံ ပေးပို့ဖူး၏။ ထိုအချိန်က ပန်းချီကား၏ အလှနှင့် အရေးအဆွဲ အသစ်အဆန်းများကြောင့် မုန်ထိုလော့ အံ့အားသင့်ခဲ့ရသည်။
အာဏာမက်သည့် ကျိနင်က မည်သို့လုပ်၍ ရုတ်တရက် အလွန် တော်သည့် ပန်းချီဆရာမ တစ်ယောက် ဖြစ်လာရသနည်းဟု တွေးကာ သူမ ဒေါသထွက်ခဲ့ရ၏။
ယခု ပြန်လည် စဉ်းစားကြည့်ချိန်၌ ကျိနင်က ဆိုလွန်၏ လက်ရာကို ကူးချနေခြင်းသာ ဖြစ်ကြောင်း သူမ နားလည်သွားသည်။ ထိုပန်းချီ အရေးအဆွဲ အသစ်အဆန်း၏ နောက်ကွယ်မှ စစ်မှန်သော ပါရမီရှင်မှာ မျက်နှာများသည့် ဆိုလွန်ပင် ဖြစ်နေ၏။
သူ့ကဲ့သို့ ယောကျ်ားတစ်ယောက်က ပန်းချီနှင့် ဒီဇိုင်း နှစ်ခုလုံး၌ သူမကို အနိုင်ယူနိုင်လောက်အောင် ဤမျှ မြင့်မားသည့် အနုပညာ စွမ်းရည် ရှိနေမည်ဟု သူမ လုံးဝ မျှော်လင့်မထားပေ။
သူသာ ဤမျှ ပါရမီမပါလျှင် ထိုကဲ့သို့ အိပ်မက်ဆန်သည့် မင်္ဂလာဂါဝန်မျိုးကို လုံးဝ ဒီဇိုင်းဆွဲနိုင်မည် မဟုတ်ချေ။
ထို့အပြင် ထိုယောကျ်ားသည် လူတို့၏ နှလုံးသားကို ဖတ်ရှုရာ၌ အန္တရာယ်များလောက်အောင် တော်လွန်းနေ၏။ သူမ၏ အတိတ်က နာကျင်မှုများကို သူ လုံးဝ အဖြေရှာနိုင်နေသည်။
ထိုသည်က သူမ မည်သူမည်ဝါ ဖြစ်ကြောင်းကို သူ သေချာပေါက် သိနေပြီ ဖြစ်ကြောင်း ဆိုလိုနေ၏။
ဆိုလွန်နှင့် သူမတို့က စစ်ပွဲတစ်ခု ဆင်နွှဲနေခြင်း ဖြစ်၏...။ ဉာဏ်ရည် ၊ အနုပညာနှင့် လှည့်စားမှု စစ်ပွဲတစ်ခုပင်။
ယောကျ်ားတစ်ယောက်... အထူးသဖြင့် ပါရမီလည်းပါပြီး ရုပ်လည်းချောသည့် ယောကျ်ားတစ်ယောက်ကို ဘယ်သောအခါမှ အရှုံးပေးမည် မဟုတ်ကြောင်း မုန်ထိုလော့ ကျိန်ဆိုခဲ့သည်။
စေ့စပ်ထားသူဟောင်း၏ သစ္စာဖောက်ခြင်းကို ခံရပြီးကတည်းက မည်သည့် ယောကျ်ားကိုမှ သူမအား အနိုင်ယူခွင့် မပေးလိုပေ။
အသက်ပြင်းပြင်း တစ်ချက်ရှူကာ မုန်ထိုလော့ ပြန်လည် တိုက်ခိုက်ရန် ပြင်ဆင်လိုက်၏။ ဤတစ်ကြိမ်၌ ဆိုလွန်ကို လုံးဝ ဖျက်ဆီးပစ်မည်ဖြစ်ရာ သူမအနေဖြင့် နောင်တ တစ်စုံတစ်ရာ မခံစားရဘဲ သူ့ကို သတ်ဖြတ်ကာ သွေးများကို ဖောက်သောက်နိုင်ပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ အမျိုးသမီးတစ်ဦး၏ လုံးဝ ချေမှုန်းခြင်းကို ခံရပြီးနောက် ယောကျ်ားတစ်ယောက် အသက်ရှင်နေရခြင်းက မည်သည့် အဓိပ္ပာယ် ရှိတော့မည်နည်း။
ဤတစ်ကြိမ်၌ သူမ အကောင်းဆုံး လုပ်နိုင်သည့် အရာဖြင့် ဆိုလွန်ကို သူမ အနိုင်ယူပေမည်။ မုန်ထိုလော့က သူမ၏ ချောမွေ့ပြီး သွယ်လျသည့် လက်များကို ပွတ်သပ်လိုက်ကာ အခန်းထဲမှ ကျက်သရေရှိစွာ လျှောက်ထွက်သွား၏။
ဆိုလွန်ကို သူမ အနိုင်ယူမည်။ ထို့နောက် သူ့ကို သတ်ပစ်ပေမည်။
**--**--**--**--**--**--**--**
မင်္ဂလာဆောင်ရန် သုံးရက်သာ လိုတော့၏။ နောက်ဆုံး၌ မုန်ထိုလော့ကို လန်လင်း ပြန်တွေ့လိုက်ရသည်။ ယနေ့၌ သူမသည် ကွဲပြားသည့် အဝတ်အစားတစ်ခု ဖြစ်သော နှင်းကဲ့သို့ ဖြူစင်သည့် ဂါဝန်ရှည်တစ်ထည်ကို ဝတ်ဆင်ထား၏။ ထိုအရာက သူ ဒီဇိုင်းဆွဲခဲ့သည့် အဖြူရောင် မင်္ဂလာဂါဝန်အပေါ် သူမ၏ တုံ့ပြန်မှု ဖြစ်ပုံရသည်။
သူမ ဝင်လာချိန်၌ လူရိုင်းအစေခံ အချို့က အနောက်မှ လိုက်ပါလာပြီး ကြီးမားသည့် စောင်းတစ်ခုကို သတိကြီးစွာ သယ်ဆောင်လာကြ၏။ လန်လင်း အံ့အားသင့်သွားသည်။
ဤကဲ့သို့ အထိအခိုက်မခံသည့် တူရိယာတစ်ခုကို ကြမ်းတမ်းသော တောင်တန်းများဆီသို့ ယူဆောင်လာရန် အတော်လေး အားထုတ်ရမည်မှာ သေချာလှ၏။
မုန်ထိုလော့က စူးစမ်းသည့်အကြည့်ဖြင့် ကြည့်လာသည်။ “ဆိုလွန်... လောကမှာ အကောင်းဆုံး အနုပညာရှင်တွေ ဘယ်မှာရှိလဲ ရှင် သိလား။”
လန်လင်းက မဆိုင်းမတွပင် ပြန်ဖြေလိုက်၏။ “မြင့်မြတ်နတ်နဂါးကျောင်းတော်မှာလေ။”
မုန်ထိုလော့က ခေါင်းညိတ်လိုက်သည်။ “မှန်တယ်။ အထိပ်အထွတ် သိုင်းပညာ ၊ အကောင်းဆုံး အနုပညာနဲ့ ထိပ်ဆုံးက စိတ်ဝိညာဉ်ကျင့်ကြံသူတွေ အားလုံး မြင့်မြတ်နတ်နဂါးကျောင်းတော်မှာပဲ ရှိတယ်။ ဘာလို့ အားလုံးမှာ ထိပ်ဆုံးဖြစ်နေရသလဲဆိုတော့ သူတို့က တစ်နေကုန် ဒါတွေလေ့လာတာကလွဲပြီး ဘာမှမလုပ်ကြလို့ပဲ။”
ထိုသို့ပြောပြီးနောက် သူမက စောင်းရှေ့၌ ကျက်သရေရှိစွာ ထိုင်လိုက်၏။ သူမ၏ ကိုယ်နေဟန်ထားက လှပပြီး ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ် အချိုးအစားကို ပို၍ပင် ပေါ်လွင်လာစေသည်။
မုန်ထိုလော့က မျက်ခုံးပင့်လိုက်၏။ “ရှင် ဂီတကို နားလည်လား။”
လန်လင်း ခေါင်းညိတ်သည်။ “နည်းနည်းတော့ သိပါတယ်။”
မုန်ထိုလော့က ချိုမြိန်စွာ ပြုံးလိုက်၏။ “ပြီးခဲ့တဲ့အကြိမ်က ရှင်ဆွဲပေးတဲ့ မင်္ဂလာဂါဝန် ဒီဇိုင်းက တကယ် ကောင်းပါတယ်။ ကျွန်မရဲ့ သလင်းကျောက်ဂါဝန်ကို တကယ် နိုင်သွားတာပဲ။ ကျွန်မတို့ လက်ထပ်တဲ့အခါ ရှင့်ဂါဝန်ကို ကျွန်မ ဝတ်မယ်ဆိုရင်ကော ဘယ်လိုလဲ။ အဲဒါကို ကျွန်မ ချုပ်ခိုင်းထားပြီးပြီ။”
လန်လင်းက သဘောတူသည့်ဟန်ဖြင့် ပြုံးလိုက်သည်။ “အင်း... ကောင်းပြီလေ။”
အပိုင်း ၈၇ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team