အခန်း ၈၈
Vol. 9 Ch. 88
အပိုင်း (၈၈)
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
ဤသည်က ယခင်ဝတ်စုံအကျော့၌ မုန်ထိုလော့ အရှုံးပေးလိုက်ကြောင်း ဆိုလိုနေ၏။
မုန်ထိုလော့ မျက်ခုံးပင့်လိုက်သည်။ “ဒါပေမဲ့ မင်္ဂလာဆောင်မှာ ဂီတတော့ လိုတယ်မလား။ နုလန်ဘုရင့်နိုင်ငံပဲဖြစ်ဖြစ် ၊ မီးလျံနဂါးအင်ပါယာမှာပဲဖြစ်ဖြစ် မင်္ဂလာပွဲတွေမှာ ဂီတကတော့ ရှိရစမြဲပဲ။ သတို့သားနဲ့ သတို့သမီးသာ အရည်အချင်းရှိရင် မင်္ဂလာဆောင်ကို အထူးခြားဆုံးဖြစ်အောင် ကိုယ်ပိုင်ဂီတ ဖန်တီးနိုင်ရင် အကောင်းဆုံးပေါ့။ ရှင် သီချင်းရေးတတ်လား။”
လန်လင်း ခေါင်းညိတ်လိုက်သည်။ “ရေးတတ်ပါတယ်။”
မုန်ထိုလော့ လက်ခုပ်တီးလိုက်သည်။ “ကျွန်မတို့ မင်္ဂလာဆောင်အတွက် သီချင်းတစ်ပုဒ် ခုလေးတင် ရေးပြီးသွားပြီ။ ရှင်လည်း တစ်ပုဒ်လောက် မရေးချင်ဘူးလား။ ဘယ်သူ့သီချင်းက ပိုကောင်းလဲ ကြည့်ကြတာပေါ့။ ပြီးရင် နိုင်တဲ့သူရဲ့သီချင်းကို မင်္ဂလာဆောင်မှာ သုံးမယ်လေ။ ဘယ်လိုလဲ။”
သူမ အတော်ဆုံး ကျွမ်းကျင်မှု၌ ရှုံးနိမ့်သွား၍ မကျေမနပ် ဖြစ်နေကြောင်း လန်လင်း သိထား၏။ ထို့အတွက်ကြောင့် သူ့ကို ထပ်မံပြီး စိန်ခေါ်နေခြင်းပင်။
ပထမ စိန်ခေါ်မှုမှာ အနုပညာနှင့် အလှတရားအကြောင်း ဖြစ်ပြီး ယခုတစ်ကြိမ်၌မူ ဂီတအကြောင်း ဖြစ်သည်။
ဒုတိယမြောက် တိုက်ပွဲ စတင်လေပြီ။ ဤသည်က သေမင်းတမန်ဟွာ၏ နှလုံးသားကို အနိုင်ယူရန် လန်လင်းအတွက် ဒုတိယ ခြေလှမ်းပင်။
လန်လင်း ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီလေ... သဘောတူတယ်။”
မုန်ထိုလော့က ပြုံးယောင်သန်းလျက် စိုက်ကြည့်ကာ ပြော၏။ “နှစ်ရက်ဆို လုံလောက်ရဲ့လား။”
လန်လင်းသည်လည်း ပြုံးလိုက်သည်။ “လုံလောက်ပါတယ်။ ဒါပေမဲ့ ကျုပ်နိုင်ရင် ဘာရမလဲ။”
မုန်ထိုလော့က ဂုဏ်ယူဝင့်ကြွားစွာ ပြော၏။ “ရှင် နိုင်မှာ မဟုတ်ပါဘူး။ ဂီတမှာ ကျွန်မထက် တော်တဲ့သူ အလွန်ရှားမယ်လို့ ယုံတယ်။”
လန်လင်း မျက်ခုံးပင့်လိုက်၏။ “ဒါပေမဲ့ တကယ်လို့ ကျုပ်နိုင်ရင်ကော။”
မုန်ထိုလော့ နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ “တကယ်လို့ ရှင်သာ နိုင်ရင်လား... မင်္ဂလာဆောင်ပြီးရင် တကယ့် လင်မယားတွေလို ကျွန်မတို့ အတူအိပ်ကြမယ်။”
ဤအန္တရာယ်များသည့် အမျိုးသမီး သူ့ကို သတ်ဖြတ်ခြင်းမှ တားဆီးရန်အတွက် သူမ၏ နှလုံးသားကို အပိုင်သိမ်းရန် လိုအပ်ကြောင်း လန်လင်း သိထား၏။ ထိုသို့ နှလုံးသားကို အပိုင်သိမ်းနိုင်ရန် ပထမဆုံးအနေဖြင့် သူမ၏ ခန္ဓာကိုယ်ကို အနိုင်ယူရပေလိမ့်မည်။
လန်လင်းက လေးနက်စွာ ပြောသည်။ “ကောင်းပြီ။”
မုန်ထိုလော့ မျက်လွှာချလိုက်၏။ “သဘောတူညီချက် ရသွားပြီ။ ရှင့်ကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်။ ကျွန်မက အပျိုစင်လေးပဲ ရှိသေးတယ်။ ဘယ်ယောကျ်ားကမှ ကျွန်မကို မထိတွေ့ဖူးသေးဘူး။”
ထိုစကားကြောင့် လန်လင်း အံ့အားသင့်မသွားပေ။ သိသာလှသည် မဟုတ်လော။
ထို့နောက် မုန်ထိုလော့ မျက်မှောင်ကျုံ့လျက် လန်လင်းအား စိုက်ကြည့်လိုက်သည်။ “နောက်မှ ကတိဖျက်သွားမှာကို ရှင် မကြောက်ဘူးလား။”
လန်လင်းက ပြုံးလိုက်၏။ “စစ်မှန်တဲ့ အနုပညာရှင်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ကျုပ် ယုံပါတယ်။”
မုန်ထိုလော့က ချိုမြိန်စွာ ပြုံးလိုက်သည်။ .ဒါဆိုလည်း သွားလိုက်ပါဦးမယ်။ မင်္ဂလာဆောင်မတိုင်ခင် တစ်ရက်အလို ၊ နောက်နှစ်ရက်နေရင် ကျွန်မ ပြန်လာမယ်။”
သူမ အခန်းထဲမှ ထွက်သွားပြီး ဟာ့ပ်ဆီကော့ဒ် စန္ဒရားကို လန်လင်းနှင့်အတူ ချန်ရစ်ထားခဲ့၏။
**--**--**--**--**--**--**--**
နောက်ထပ် နှစ်ရက်တာ ကာလအတွင်း၌ မုန်ထိုလော့နှင့် သူမ၏ အစေခံမလေးများက အပြင်ဘက်မှ နားစွင့်နေကြ၏။ သူ၏ ဂီတအသစ်ကို ကြားနိုင်ရန် မျှော်လင့်ချက်ဖြင့် လန်လင်း၏ အခန်းအနီးသို့ပင် သူမ တိတ်ဆိတ်စွာ လျှောက်သွားလိုက်သည်။
သို့သော် မည်သည့်အသံကိုမျှ မကြားရချေ။
လျှို့ဝှက်အပေါက်လေးမှတစ်ဆင့် ချောင်းကြည့်လိုက်ချိန်၌ လန်လင်းက ကုတင်ပေါ်၌ လှဲလျောင်းကာ စိတ်ကူးယဉ်နေခြင်း ၊ မျက်စိမှိတ်လျက် သူ၏ လက်ချောင်းများဖြင့် စည်းချက်ခေါက်နေခြင်း သို့မဟုတ် စက္ကူပေါ်၌ ပန်းချီဆွဲနေခြင်းတို့ကိုသာ မြင်တွေ့ရ၏။
မုန်ထိုလော့ လှောင်ပြုံး ပြုံးလိုက်သည်။ ဤကဲ့သို့သော ဂီတဖန်တီးမှုမျိုးကို သူမ အမုန်းဆုံးပင်။ သူမအဖို့တော့ ထိုအရာက အမှန်တကယ် လက်တွေ့ လေ့ကျင့်မှု မပါရှိသည့် အချည်းနှီး စိတ်ကူးယဉ်နေခြင်းသာ ဖြစ်၏။
နှစ်ရက်တိတိ ကုန်လွန်သွားသည့်တိုင် လန်လင်း မတီးခတ်ချေ။
လန်လင်း ရှုံးနိမ့်မည်ကို မုန်ထိုလော့ သိထားသော်ငြား သူ့အပေါ် အလွန် စိတ်ပျက်နေမိဆဲပင်။
နှစ်ရက်တာ အချိန်က လျင်မြန်စွာ ကုန်လွန်သွား၏။
အလိုလိုက်ခံထားရသည့် လူကုံထံ သခင်လေး တစ်ဦးနှင့် ယှဉ်ပြိုင်ရန် ကြိုးစားမိသည့် သူမကိုယ်သူမ တိတ်တဆိတ် လှောင်ရယ်လိုက်မိ၏။
လန်လင်း၏ အခန်းထဲသို့ သူမ တစ်ဖန် ဝင်ရောက်သွားချိန်၌ လန်လင်း၏ ဆံပင်များက ရှုပ်ပွနေပြီး မျက်လုံးများမှာလည်း နီရဲနေ၏။ နေ့ရောညပါ နှစ်ရက်ဆက်တိုက် အိပ်မပျော်ရသည့် ပုံပေါက်နေသည်။
မုန်ထိုလော့က မျက်ခုံးပင့်လိုက်၏။ “ဆိုလွန်... ရှင့်သီချင်း ပြီးပြီလား။”
လန်လင်း ခေါင်းညိတ်လိုက်သည်။ “ပြီးသွားပြီ။”
မုန်ထိုလော့က မဲ့ပြုံး ပြုံးလိုက်၏။ “အို... ဒါဆို ဘယ်သူ့သီချင်း ပိုကောင်းလဲဆိုတာ ယှဉ်ကြည့်ကြတာပေါ့။ ရှင်သာ နိုင်ရင် မင်္ဂလာဆောင်ပြီးတာနဲ့ ကျွန်မနဲ့ အတူအိပ်ခွင့် ပေးမယ်။”
သူမ၏ အသံက တည်ငြိမ်နေသော်လည်း ခိုင်မာသည့် ယုံကြည်မှုတို့ဖြင့် ပြည့်နှက်နေ၏။
လန်လင်းက လေးနက်စွာ ပြောသည်။ “ကောင်းပြီလေ။”
**--**--**--**--**--**--**--**
မုန်ထိုလော့က ဟာ့ပ်ဆီကော့ဒ် စန္ဒရားရှေ့၌ ကျက်သရေရှိစွာ ထိုင်လိုက်သည်။ “ကျွန်မသီချင်းနာမည်က မင်္ဂလာဂါဝန်လို့ ခေါ်တယ်။ ကိုယ်တိုင်ရေးထားတာပါ။”
ထို့နောက် သူမ၏ သွယ်လျသည့် လက်များကို ဆန့်ထုတ်ကာ လှပသော မျက်လုံးများကို မှိတ်လျက် စတင် တီးခတ်လိုက်သည်။
ဤသည်က သူမ၏ ကိုယ်ပိုင်သီချင်း ဖြစ်သောကြောင့် လန်လင်းသည်လည်း မျက်စိမှိတ်ကာ ဂီတသံစဉ် တစ်ခုချင်းစီကို အာရုံစူးစိုက်၍ နားထောင်လိုက်သည်။
သူမ၏ နူးညံ့သည့် လက်ချောင်းများနှင့် ထိတွေ့လိုက်သည်နှင့် လှပသော ဂီတသံစဉ်များက အခန်းထဲ၌ ပြည့်နှက်လာသည်။
ပထမဆုံး ထွက်ပေါ်လာသည့် အသံကို ကြားလိုက်ရချိန်၌မှာပင် မုန်ထိုလော့၏ အံ့မခန်း ဂီတပါရမီကို လန်လင်း ခံစားလိုက်ရသည်။ ထိုအရာက မှော်ဆန်သည့် ခံစားချက်တစ်ခုပင်။
စစ်မှန်သည့် ပညာရှင် တစ်ယောက်သည် ပထမဆုံး လှုပ်ရှားမှုမှစ၍ သူ၏ စွမ်းရည်ကို ပြသတတ်၏။ လောကရှိ အရာအားလုံးက ကွဲပြားနေသည့် အစိတ်အပိုင်းများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ဂီတသည်လည်း ထိုနည်းတူပင်။
ပညာရှင်တစ်ဦး၏ လက်ထဲ၌ ဂီတက အသက်ဝင်လာတတ်သည်။ အသံတိုင်းက စိတ်ဝိညာဉ်ကိုပင် ထိရှစေနိုင်၏။
သူ့ရှေ့ရှိ အမျိုးသမီး ၊ မုန်ထိုလော့သည် ပညာရှင်များထဲမှ ပညာရှင်တစ်ဦး ဖြစ်၏။ နုလန်ဘုရင့်နိုင်ငံ၌ နာမည်ကျော် ဂီတပညာရှင်တစ်ဦး ဖြစ်သည့် ဆရာမ နီယာထက်ပင် သူမ၏ ပါရမီက ပို၍ သာလွန်ကြောင်း လန်လင်း လွယ်ကူစွာ မြင်နိုင်သည်။
တီးခတ်နေသည့် မုန်ထိုလော့မှာတော့ သူမ၏ ကိုယ်ပိုင်ကမ္ဘာထဲ၌ အပြည့်အဝ နစ်မျောနေ၏။ သူမ၏ မင်္ဂလာဂါဝန်ကို ဖန်တီးရန် နှစ်လ အချိန်ယူခဲ့သကဲ့သို့ ဤဂီတကို ရေးဖွဲ့ရန်အတွက်လည်း နှစ်လသာ အချိန်ယူခဲ့ခြင်း ဖြစ်သည်။
ထိုနှစ်လတာ ကာလက သူမ ဘဝ၏ အပျော်ရွှင်ဆုံးနှင့် အလှပဆုံး အချိန်အခါ ဖြစ်ခဲ့သည်။
သတို့သမီး တစ်ယောက် ဖြစ်လာရန် စောင့်ဆိုင်းနေစဉ်အတွင်း ရှူရှိုက်လိုက်သည့် လေထုတိုင်းက ချိုမြိန်နေပြီး ကောင်းကင်ကြီးကလည်း ပန်းရောင်သန်းနေသကဲ့သို့ ခံစားခဲ့ရသည်။ ထိုအံ့သြဖွယ် အချိန်အခါ၌ လှပသော စိတ်ကူးယဉ် အကြံဉာဏ် များစွာက သူမ၏ စိတ်ထဲသို့ ဝင်ရောက်လာခဲ့၏။
ထို့အတွက်ကြောင့် ဤသီချင်းက သူမ၏ အကောင်းဆုံး ၊ အလှပဆုံးနှင့် အအောင်မြင်ဆုံး လက်ရာ ဖြစ်လာခဲ့ခြင်းပင်။ လက်ရှိအချိန်၌ သူမ၏ နှလုံးသား ကြေကွဲသွားပြီဖြစ်ရာ ဤကဲ့သို့ လှပသော ဂီတမျိုးကို သူမ ဘယ်သောအခါမှ ထပ်မံ ရေးဖွဲ့နိုင်တော့မည် မဟုတ်ချေ။
နားထောင်းနေသည့် လန်လင်းသည်လည်း မျက်စိမှိတ်ထားဆဲပင်။ သူ၏ စိတ်ထဲ၌ မြင်ကွင်းတစ်ခုကို မြင်တွေ့နေရသကဲ့သို့ ခံစားနေရသည်။
အလွန် ပျော်ရွှင်နေသည့် မိန်းကလေးတစ်ဦးက လက်ထပ်ရတော့မည် ဖြစ်သည့်အတွက် သူမ၏ မင်္ဂလာဂါဝန်ကို တစ်ကြိုးချင်းစီ ချုပ်လုပ်နေသည်။ နေ့စဉ်ရက်ဆက် မင်္ဂလာဆောင်မည့်နေ့ကို သူမလေးက စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းနေ၏။
သူမ၏ နှလုံးသားက မျှော်လင့်ချက်များ အပြည့်ရှိနေပြီး အနည်းငယ် စိုးရိမ်ထိတ်လန့်မှုများနှင့် ရောယှက်နေသည်။ ချစ်ရသူကို နေ့တိုင်း တွေ့ချင်နေသော်လည်း အချစ်အားလုံးကို ပြသရန်အတွက် မင်္ဂလာဆောင်မည့်နေ့ရောက်မှသာ သူမ၏ ခံစားချက်များ အားလုံးကို ဖော်ထုတ်ရန် သိမ်းဆည်းထားချင်နေ၏။
ဂီတသံစဉ်က အလွန် လှပပြီး အံ့သြဖွယ် ကောင်းလှသည်။ လန်လင်း မျှော်လင့်ထားသည်ထက် များစွာ ပိုကောင်းနေ၏။
အမှန်တကယ်ပင် ဤသီချင်းက လောကရှိ အကျော်ကြားဆုံး သီချင်းများနည်းတူ ကောင်းမွန်လှသည်။ အကြောင်းမှာ အနုပညာရှင်က သူမ ဘဝ၏ အကောင်းဆုံး အချိန်အခါ၌ အချစ်များ ပြည့်နှက်နေသည့် နှလုံးသားဖြင့် ရေးဖွဲ့ခဲ့သောကြောင့်ပင်။
သီချင်းတစ်ပုဒ်လုံးက သတို့သမီး တစ်ဦး၏ ပျော်ရွှင်မှု ၊ မျှော်လင့်ချက် ၊ အလှတရားနှင့် အနည်းငယ် စိုးရိမ်ပူပန်မှုတို့ကို ပြသနေသည်။
တူရိယာ တီးခတ်မှုအပေါ် မုန်ထိုလော့၏ ကျွမ်းကျင်မှုက အလွန် မြင့်မားလွန်းသဖြင့် လန်လင်းမှာ ဂီတထဲ၌ လုံးဝ ဖမ်းစားခံလိုက်ရသည်။
**--**--**--**--**--**--**--**
ရုတ်တရက် ဂီတသံစဉ်က ရုတ်ချည်း ရပ်တန့်သွား၏။ သတို့သမီး ဂါဝန်ဝတ်ဆင်ကာ မင်္ဂလာဆောင် စတင်ခါနီး အချိန်လေး၌ပင် သီချင်း၏ ပျော်ရွှင်စရာ ခံစားချက်များ အားလုံး အဆုံးသတ်သွားသည်။
ထိုအခိုက်အတန့်၌ မုန်ထိုလော့ ငိုကြွေးနေရလေပြီ။ သီချင်း၏ နောက်ဆုံး သံစဉ်အဆုံး၌ သူမ ဘဝရှိ အလှတရားများ အားလုံး အဆုံးသတ်သွားရသည်။
လွန်ခဲ့သော နှစ်အနည်းငယ်က သူမသည် မင်္ဂလာဂါဝန်ကို ဝတ်ဆင်ကာ အပျော်ရွှင်ဆုံး အချိန်အခါအတွက် ဘုရားကျောင်းသို့ သွားခဲ့၏။ သို့သော် အေးစက်သည့် အိပ်မက်ဆိုးတစ်ခုက သူမကို စောင့်ကြိုနေခဲ့သည်။ သတို့သား ရောက်လာခဲ့သော်ငြား အခြား သတို့သမီး တစ်ဦး၏ လက်ကို ဆုပ်ကိုင်ထားခဲ့၏။
သတို့သားမှာ အလွန် သြဇာအာဏာကြီးမားသည့် မိသားစုမှ ဖြစ်ပြီး ဖိတ်စာများလည်း ဝေပြီးဖြစ်ရာ မင်္ဂလာဆောင်ကို ဆက်လက် ကျင်းပခဲ့ရသည်။ သို့သော် သတို့သမီးကိုမူ ပို၍ အာဏာကြီးမားသည့် မိသားစုမှ အခြား အမျိုးသမီး တစ်ဦးဖြင့် အစားထိုး ပြောင်းလဲလိုက်လေပြီ။
မင်္ဂလာဂါဝန် ဝတ်ဆင်လျက် ခန်းမထဲသို့ မုန်ထိုလော့ ဝင်ရောက်သွားချိန်၌ လူတိုင်းက သူမကို လှောင်ရယ်ခဲ့ကြ၏။ သူမ၏ မင်္ဂလာဆောင် ဖြစ်သင့်သည်။ သူမ၏ သတို့သား ဖြစ်သင့်၏။ သို့သော် သတို့သမီးက အခြား တစ်ယောက် ဖြစ်နေခဲ့သည်။
ထိုအခိုက်အတန့်၌ သူမ၏ ဘဝနှင့် သူမ ဂရုစိုက်သမျှ အရာအားလုံး ဖျက်ဆီးခံလိုက်ရ၏။ သူမ၏ ချစ်သူက အပြစ်ရှိစိတ်နှင့် အရှက်ရလွန်းသဖြင့် သူမကိုပင် မကြည့်ရဲခဲ့ချေ။
ထိုအခိုက်အတန့်မှ စတင်ကာ ချိုမြိန်သော နတ်သမီးလေး သေဆုံးသွားခဲ့ပြီး အိပ်မက်ဆိုးနှင့်တူသည့် သေမင်းတမန်ဟွာ မွေးဖွားလာခဲ့ခြင်းပင်။
ယောကျ်ားတစ်ယောက်၏ ရှေ့၌မျှ ဘယ်သောအခါမှ ထပ်မငိုတော့ဟု မုန်ထိုလော့ ကိုယ့်ကိုယ်ကိုယ် ကတိပေးထားခဲ့သည်။ ထို့အတွက်ကြောင့် လန်လင်းကို ကျောခိုင်းကာ တိတ်ဆိတ်စွာ ငိုကြွေးနေမိ၏။
လန်လင်းကမူ အချိန်အတော်ကြာ တိတ်ဆိတ်နေလျက် ရှိသည်။
နောက်ဆုံး၌ လန်လင်းက လေးနက်စွာ ပြောလာ၏။ “သူ့ရဲ့ အမှားတွေကို အသုံးချပြီး ခင်ဗျားကိုယ်ခင်ဗျား ပြစ်ဒဏ်ပေးနေတာပဲ။”
မုန်ထိုလော့၏ ခန္ဓာကိုယ်လေးက တုန်ခါသွားသော်လည်း သူမ ပြန်မဖြေပေ။
လန်လင်း သက်ပြင်းချလိုက်သည်။ “သူ့ကို ကလဲ့စားချေဖို့ ချောမောတဲ့ ယောကျ်ားတိုင်းကို ခင်ဗျား သတ်ပစ်နေတယ်။ ဒါပေမဲ့ ဒီလိုလုပ်တာက သူ့ကိုယ် နည်းနည်းလေးမှ မထိခိုက်စေဘူး။ ခင်ဗျားရဲ့ လုပ်ရက်တွေက ခင်ဗျားရဲ့ ကိုယ်ပိုင် ခံယူချက်တွေနဲ့ စိတ်ဝိညာဉ်ကိုသာ ဖျက်ဆီးနေမိတာပဲ။”
မုန်ထိုလော့က တိတ်ဆိတ်နေဆဲပင်။
လန်လင်း မျက်မှောင်ကျုံ့လိုက်သည်။ “ဒီအတိုင်းသာ ဆက်သွားရင် သုံးနှစ်အတွင်း ခင်ဗျား သေသွားမယ်။ ခင်ဗျားကိုယ်ခင်ဗျား သတ်သလို ဖြစ်မယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားက နတ်သမီးလေးအနေနဲ့ မွေးဖွားလာခဲ့လို့ပဲ။ မိစ္ဆာဖြစ်ဖို့ ကြိုးစားရင်တောင် ငရဲမှာ ငိုနေရုံကလွဲပြီး သီချင်းဆိုနိုင်မှာ မဟုတ်ဘူး။”
“ကောင်းပြီ... တော်တော့။” မုန်ထိုလော့က မျက်ရည်များကို သုတ်လိုက်၏။ သူမ လှည့်ကြည့်ကာ အေးစက်စွာ ပြောသည်။ “ကျွန်မတို့ရဲ့ လောင်းကြေးကို အဆုံးသတ်လိုက်ကြရအောင်။ ရှင့်သီချင်းကို တီးပြပါ။”
“လောင်းကြေးက လောင်းကြေးပဲ။ ရှင်သာ နိုင်ရင် မင်္ဂလာဆောင်ပြီးတာနဲ့ စစ်မှန်တဲ့ လင်မယားတွေလို အတူနေကြမယ်။ ပြီးတော့ ကျွန်မကိုယ်ကျွန်မလည်း ရှင့်ကို အပိုင်ပေးမယ်။”
ထို့နောက် သူမ မတ်တတ်ရပ်ကာ ဟာ့ပ်ဆီကော့ဒ် စန္ဒရားထံမှ ခွာလိုက်သည်။
လန်လင်း လျှောက်သွားကာ ထိုင်လိုက်သည်။ “ခင်ဗျားသီချင်းက အရမ်းကောင်းပါတယ်။ ကျုပ်သီချင်းက ခင်ဗျားထက် ပိုကောင်းတယ်လို့ မပြောနိုင်ဘူး။ ဒါပေမဲ့ ခင်ဗျားရဲ့ သီချင်းက မင်္ဂလာဆောင် မစခင်မှာတင် အဆုံးသတ်သွားတယ်။ ကျုပ်သီချင်းကတော့ ကျုပ်ရဲ့ စိတ်ကူးထဲက မင်္ဂလာဆောင် တစ်ခုလုံးအကြောင်းပဲ။”
ထို့နောက် လန်လင်း မျက်စိမှိတ်လျက် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး လက်များကို မြှောက်ကာ သော့ချက်များပေါ်သို့ ဖြည်းညင်းစွာ ချလိုက်၏။
သူ၏ လက်ချောင်းများထံမှ လှပသော ဂီတသံစဉ်များ စီးဆင်းလာသည်။
လန်လင်းက ကမ္ဘာမြေမှ အိပ်မက်ထဲက မင်္ဂလာဆောင်ဟု အမည်ရသည့် ကျော်ကြားလှသော စန္ဒရားသီချင်းတစ်ပုဒ်ကို တီးခတ်နေခြင်း ဖြစ်၏။ ရိုးရှင်းပြီး ဂန္ထဝင်ဆန်ကာ လှပသော သီချင်းတစ်ပုဒ်ပင်။
ပထမဆုံး ထွက်ပေါ်လာသည့် ဂီတသံစဉ် အနည်းငယ်ကပင် နားဆင်သူ၏ နှလုံးသားဆီသို့ တိုက်ရိုက် ရောက်ရှိသွားသည်။ မုန်ထိုလော့ကဲ့သို့ နူးညံ့ပြီး ထိခိုက်လွယ်ကာ ကြေကွဲနေသော စိတ်ဝိညာဉ် တစ်ခုက ဂီတထဲ၌ ချက်ချင်းပင် ဖမ်းစားခံလိုက်ရ၏။
သူမကဲ့သို့ လူမျိုးက ဂီတတီးခတ်မှု မည်မျှကောင်းမွန်ကြောင်းကို ဂရုမစိုက်ကြချေ။ ဂီတထဲရှိ ဇာတ်လမ်းအကြောင်းကိုသာ စိတ်ဝင်စားသည်။ သီချင်းထဲ၌ သူမ လုံးဝ နစ်မျောသွားတော့၏။
အပိုင်း ၈၈ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team