အခန်း ၉၀
Vol. 9 Ch. 90
အပိုင်း (၉၀)
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
ထို့နောက် မုန်ထိုလော့က အရာအားလုံးအပေါ် လက်လျှော့လိုက်ပြီး စိတ်ပျက်အားငယ်မှုထဲ ကျရောက်သွားခဲ့၏။ တစ်ချိန်က ဖြူစင်ပြီး တန်ဖိုးရှိခဲ့သော သူမ၏ ခန္ဓာကိုယ်က ယခုအခါ၌ လုံးဝ တန်ဖိုးမရှိတော့ဟု ခံစားလိုက်ရသည်။
သူမရှေ့ရှိ အမျိုးသား ဆိုလွန်က သူမ၏ ရင်းနှီးသည့် မိတ်ဆွေတစ်ဦးသာ ဖြစ်၏။ ပါရမီပါပြီး ချောမောသည်။
သူမ၏ ခန္ဓာကိုယ်ကို သူ့အား ပေးအပ်လိုက်ခြင်းက ကောင်းမွန်သည့် ရွေးချယ်မှုတစ်ခု ဖြစ်ပုံရ၏။ ဤသည်က ကိုယ့်ကိုယ်ကိုယ် အပြစ်ပေးရန်နှင့် သူမ ချစ်ခဲ့ဖူးသော ယောကျ်ားကို ကလဲ့စားချေရန် နည်းလမ်းတစ်ခု ဖြစ်သည်။ ဆိုလွန် ပြောသည်က မှန်၏။
သူမသာ ဆက်မတောင့်ခံနိုင်ပါက သုံးနှစ်အတွင်း သေဆုံးသွားပေလိမ့်မည်။ ထို့အတွက်ကြောင့် သူမ အသက်ရှင်နေသေးချိန်၌ ဤတားမြစ်ထားသည့် အခိုက်အတန့်ကို မျှဝေခံစားခြင်းက ဆိုးရွားမည် မဟုတ်ပေ။
သို့သော် တကယ့် အခိုက်အတန့် ရောက်လာချိန်၌ သူမ မလုပ်နိုင်ကြောင်း သိလိုက်ရ၏။ သူမ၏ စိတ်နှင့် နှလုံးသားထဲ၌ အခြားယောကျ်ားတစ်ယောက်၏ ပုံရိပ်များ ပြည့်နှက်နေဆဲ ဖြစ်သည်။ သူမ အလွန် နက်နက်ရှိုင်းရှိုင်း ချစ်ပြီး မုန်းတီးခဲ့ရသည့် ထိုယောကျ်ားပင်။
သူမ၏ ခန္ဓာကိုယ်က သူ့အပိုင် ဖြစ်နေဆဲဟု ခံစားနေရ၏။ ဆိုလွန်က ဆွဲဆောင်မှုရှိပြီး ထူးချွန်သူတစ်ဦး ဖြစ်သော်ငြား အခြားတစ်ယောက်နှင့် အတူရှိနေမည့် အတွေးကို သူမ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်က ဆန့်ကျင်နေသည်။
မုန်ထိုလော့ ရူးသွပ်သွားမည်ဟု ခံစားလိုက်ရ၏။ လက်ရှိအချိန်၌ပင် အတိတ်က ချစ်သူကို မမေ့နိုင်သေးချေ။ သူ့ကို မည်မျှ မုန်းတီးကြောင်း ဆက်တိုက် ပြောနေသော်လည်း ခန္ဓာကိုယ်က သူ၏ ကိုယ်ပိုင်ပစ္စည်းတစ်ခုကဲ့သို့ ပြုမူနေဆဲဖြစ်ပြီး အခြားသူများကို ငြင်းပယ်နေ၏။
မုန်ထိုလော့ စိတ်ထဲမှ အော်ဟစ်လိုက်၏။ “ဟင့်အင်း... ဒါကို မလိုချင်ဘူး။ ရှင့်ရဲ့ မှတ်ဉာဏ်တွေကို ဖျက်ဆီးပစ်ချင်တယ်။ ကျွန်မ အားနည်းလို့ မဖြစ်ဘူး။ သူ့ကို မောင်းထုတ်ပြီး ချေမှုန်းပစ်ရမယ်။”
ထို့နောက် မုန်ထိုလော့ အံကြိတ်လိုက်ပြီး ခြေထောက်ကို ကားလိုက်သည်။ “ဆိုလွန်... ဒီကိုလာပြီး ကျွန်မကို ယူလိုက်တော့။”
သူမ လှပသည့် မျက်လုံးများကို မှိတ်ကာ ထိုအရာ ဖြစ်လာမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်၏။
စိတ်နာကျင်မှုကြောင့် တွန့်လိမ်နေသည့် သူမ၏ လှပသော မျက်နှာလေးကို လန်လင်း စိုက်ကြည့်လိုက်သည်။ “လက်ရှိအချိန်မှာ ကျုပ်ကို သူလို့ ခင်ဗျား စိတ်ကူးယဉ်နေတာလား။”
မုန်ထိုလော့ ပြန်မဖြေပေ။ သူမ ငြင်းဆန်ချင်သော်လည်း အမှန်တရားက ဟုတ်နေ၏။ လန်လင်းကို သူမ ချစ်ရသည့် ယောကျ်ားအဖြစ် ဟန်ဆောင်နိုင်ရန် မျက်လုံးများကို မှိတ်ထားခြင်းပင်။
ရုတ်တရက် လန်လင်း ရပ်တန့်လိုက်သည်။
မုန်ထိုလော့ မျက်လုံးဖွင့်ကြည့်လာသည်။ “ဘာလို့ ရပ်လိုက်တာလဲ။ ကျွန်မက မလှလို့လား။ ရှင် ဒါကို စောင့်နေတာ မဟုတ်ဘူးလား။ ဒါက ရှင် အသက်ရှင်ဖို့ တစ်ခုတည်းသော အခွင့်အရေးပဲ။”
ဤသည်မှာ အမှန်ဖြစ်ကြောင်း လန်လင်း သိထား၏။ သူ့ကို သတ်ဖြတ်ခြင်းမှ တားဆီးရန် သူမ၏ နှလုံးသားကို အနိုင်ယူရန် လိုအပ်သည်။
နှလုံးသားကို အနိုင်ယူရန် ပထမဆုံးအနေဖြင့် ခန္ဓာကိုယ်ကို အပိုင်သိမ်းရန် လိုအပ်၏။ ဤသည်က ရိုးရှင်းသည့် စည်းမျဉ်းတစ်ခု ဖြစ်ပြီး အထူးသဖြင့် အပြစ်ကင်းစင်သော အမျိုးသမီးများအတွက် ဖြစ်သည်။
သူတို့ ရင်းနှီးကျွမ်းဝင်သည့် သံယောဇဉ်တစ်ခုကို မျှဝေခံစားပြီးသည်နှင့် ယောကျ်ားဖြစ်သူနှင့် နက်ရှိုင်းစွာ ဆက်နွှယ်နေသည်ဟု အလိုလို ခံစားရတတ်၏။
မုန်ထိုလော့က လေးနက်စွာ ပြောသည်။ “ဒီနေ့က ကျွန်မ ကိုယ်ဝန်ရဖို့ အလွယ်ဆုံးနေ့ဆိုတာ ရှင့်ကို ပြောပြမယ်။ ကျွန်မသာ ရှင့်ကလေးကို လွယ်ထားရရင် ကလေးကို အဖေမပါဘဲ ကြီးပြင်းလာခွင့် ပေးမှာ မဟုတ်ဘူး။”
လန်လင်း အံ့အားသင့်သွား၏။ အရိပ်ပင့်ကူဘုရင်မ၏ ဂူထဲမှ သူထွက်လာခဲ့သည့် နေ့ကို ပြန်တွေးကြည့်လိုက်သည်။ မုန်ထိုလော့ထံမှ သွေးနံ့သင်းသင်းလေးကို သူ ရခဲ့၏။ ထိုအချိန်က တိုက်ပွဲတစ်ခုကြောင့်ဟု ထင်ခဲ့သော်လည်း ယခုတော့ ထိုအရာက သူမ၏ လစဉ်ဓမ္မတာဖြစ်ကြောင်း သိလိုက်ရသည်။ ထိုအချိန်ကာလကို အခြေခံကြည့်လျှင် ယနေ့၌ သူမ ကိုယ်ဝန်ရနိုင်ခြေ အမှန်တကယ် များပြားနေ၏။
မုန်ထိုလော့ ခေါင်းရမ်းလိုက်သည်။ “ဟင့်အင်း... ဆိုလွန်... ရှင့်ကို သတ်ရမယ်။ ဒါပေမဲ့ မသတ်ချင်ဘူး။ ကျွန်မတို့က အရမ်းတူပြီး ရှင်က ကျွန်မကို အပြည့်အဝ နားလည်ပေးတယ်။ ရှင့်မှာ ကြီးမားတဲ့ အနုပညာ ပါရမီလည်း ရှိတယ်။ ရှင့်လို ယောကျ်ားမျိုးက အသက်ရှင်ဖို့ ထိုက်တန်တယ်။ ဒါကြောင့် ရှင့်ကို မသတ်ဖို့ ခိုင်လုံတဲ့ အကြောင်းပြချက် တစ်ခု ရှာဖို့ လိုနေတာ။ အတူနေတာ ဒါမှမဟုတ် ရှင့်ကလေးကို လွယ်ထားရတာက အကောင်းဆုံး အကြောင်းပြချက် ဖြစ်လိမ့်မယ်။”
လန်လင်းတစ်ယောက် မုန်ထိုလော့ကို တုန်လှုပ်စွာ စိုက်ကြည့်နေမိသည်။ သူမ၌ ဤမျှ ရှုပ်ထွေးသည့် အတွေးများ ရှိနေမည်ဟု သူ မမျှော်လင့်ထားမိပေ။
သူမက လန်လင်းအား လေးနက်စွာ စိုက်ကြည့်လာ၏။ “ဒါကြောင့် ရှင်က လုံလောက်တဲ့ အကြောင်းပြချက် မပေးရင် ရှင့်အသက်ကို ဘယ်လို ချမ်းသာပေးနိုင်မှာလဲ။”
လန်လင်း မျက်မှောင်ကျုံ့လိုက်သည်။ “ဘာလို့ ကျုပ်ကို သတ်ရမှာလဲ။”
“ကျိနင်က ရှင့်ကို သတ်ဖို့ အမိန့်ပေးထားတာ။ မသတ်ရင် ပြစ်ဒဏ်က ဆိုးရွားလိမ့်မယ်။”
“မုဆိုးတစ်ယောက်မှ မြွေပွေးမျိုးနွယ်က လူတွေကို ဘာလို့ မသတ်ရဲလဲဆိုတာ ရှင်သိလား။”
လန်လင်း ခေါင်းညိတ်လိုက်သည်။ “အင်း... ခင်ဗျား ကလဲ့စားချေမှာမလို့လေ။ သူတို့နဲ့ သူတို့ မိသားစု တစ်ခုလုံးကို သတ်ပစ်မှာပေါ့။”
မုန်ထိုလော့က ခေါင်းရမ်းလိုက်သည်။ “မဟုတ်ဘူး။ ကျွန်မက အဲဒီလောက် မစွမ်းဆောင်နိုင်ပါဘူး။ ကျွန်မရဲ့ သြဇာအာဏာက တောင်တစ်သောင်း တောင်တန်းရဲ့ သေးငယ်တဲ့ ထောင့်တစ်နေရာလောက်ပဲ ရောက်တာပါ။ မုဆိုးတွေနဲ့ သူတို့ မိသားစုတွေကို သုတ်သင်တာက ကျိနင်နဲ့ ကျိလီတို့ပဲ။ သူတို့က အရမ်း အင်အားကြီးမားပြီး လျှို့ဝှက်တဲ့ မြေအောက်အဖွဲ့အစည်းတစ်ခုကို ထိန်းချုပ်ထားတာ။”
ရုတ်တရက် လန်လင်း အရာအားလုံးကို နားလည်သွား၏။
“သူတို့က လူရိုင်းစစ်တပ်တစ်ခု လိုအပ်တယ်။ ဒါကြောင့် ကျွန်မရဲ့ မြွေပွေးမျိုးနွယ်စုကို လုံခြုံအောင်ထားပြီး အင်အားကြီးလာဖို့ ခွင့်ပြုထားတာပဲ။ မုဆိုးတွေက သူတို့ကို မဖျက်ဆီးနိုင်အောင် အနီးအနားက မျိုးနွယ်စုတွေက ကျွန်မနဲ့ ပူးပေါင်းဖို့ ဖိအားပေးခံရတယ်။”
ကမ္ဘာမြေပေါ်ရှိ အင်အားကြီး နိုင်ငံများက အကြမ်းဖက်အဖွဲ့များကို လျှို့ဝှက် ထောက်ပံ့ပုံနှင့် ဤသည်က တူညီနေကြောင်း လန်လင်း သိလိုက်၏။ ထိုအင်အားစုများကို အသုံးပြုကာ သတ်မှတ်ထားသည့် နေရာများ၌ သူတို့၏ ရန်သူများကို တိုက်ခိုက်ရန် ကိရိယာများအဖြစ် အသုံးပြုကြခြင်းပင်။
မုန်ထိုလော့ အံကြိတ်လိုက်၏။ “ဒါကြောင့် အသက်ရှင်ဖို့ ကျွန်မနဲ့ အတူအိပ်ရမယ်။ ရှင့်ကို အသက်ရှင်ခွင့်ပေးဖို့ အကြောင်းပြချက် တစ်ခု လိုတယ်။ မိန်းမတစ်ယောက်ရဲ့ နှလုံးသားကို အနိုင်ယူဖို့ သူမရဲ့ ခန္ဓာကိုယ်ကို အရင် အနိုင်ယူပြီး ကိုယ်ဝန်ရအောင် လုပ်ရမယ်။ ရှင်က မိန်းမတွေအကြောင်း ကောင်းကောင်း သိတဲ့အတွက် ဒါကို နားလည်သင့်တယ်။ ရှင်သာ အခု ကျွန်မကို အပိုင်သိမ်းမယ်ဆိုရင် အသက်ရှင်ဖို့ အခွင့်အရေး အနည်းငယ် ရှိလိမ့်မယ်။ မသိမ်းဘူးဆိုရင်တော့ သေရမှာပဲ။”
သူမက စကားလုံး တစ်လုံးချင်းစီကို ရှင်းလင်းပြတ်သားစွာ ပြောလိုက်၏။ “အဲဒီယောကျ်ားအတွက် အစားထိုး တစ်ယောက်အနေနဲ့ ရှင့်ကို သုံးရင်ရော ဘာဖြစ်လဲ။ အဲဒါက အရေးကြီးလို့လား။ ရှင့်ရဲ့ ဂုဏ်သိက္ခာက အသက်ထက် ပိုအရေးကြီးနေတာလား။ ရွေးချယ်ခွင့်က ရှင့်ဆီမှာပဲ ရှိတယ်။”
ထို့နောက် မုန်ထိုလော့ သူမ၏ မျက်လုံးများကို ပြန်မှိတ်လိုက်သည်။
လန်လင်း ရုတ်တရက် အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းဆိုင်ရာ ဆုံးဖြတ်ချက်တစ်ခုနှင့် ရင်ဆိုင်လိုက်ရ၏။ ဂုဏ်သိက္ခာလား... သို့မဟုတ် အသက်ရှင်သန်ရေးလား။
အသက်ရှင်သန်ရေးကို ရွေးချယ်ပါက လောကရှိ အလှဆုံး အမျိုးသမီးနှင့် အတူအိပ်နိုင်ပြီး အသက်ရှင်နိုင်ပေလိမ့်မည်။ တစ်ခုတည်းသော ဆိုးကျိုးမှာ အခြားယောကျ်ားတစ်ယောက်အတွက် သူ့ကို အစားထိုးအနေဖြင့် သုံးနေခြင်းပင်။
သူမသာ သူ၏ ဇနီးဖြစ်မည်ဆိုပါက အစားထိုး တစ်ယောက်အနေဖြင့် ဆက်ဆံခံရခြင်းက နာကျင်စရာ ဖြစ်ပေလိမ့်မည်။ သို့သော် သူမက သနားစရာကောင်းသည့် အမျိုးသမီး တစ်ဦးသာ ဖြစ်၏။
ဂုဏ်သိက္ခာကို ရွေးချယ်မည်ဆိုပါက သူမ၏ လှပသည့် ခန္ဓာကိုယ်ထံမှ သူ ကျောခိုင်းထွက်သွားရမည် ဖြစ်ပြီး ထိုသည်က သူ့ကို သေဆုံးစေရန်သာ ဦးတည်သွားပေလိမ့်မည်။
လန်လင်း သူ၏ အသက်ကို စွန့်စားတော့မည် ဖြစ်၏။
**--**--**--**--**--**--**--**
အချိန်အတော်ကြာပြီးနောက် သို့မဟုတ် ခဏအကြာ၌ မုန်ထိုလော့၏ အံ့မခန်း လှပလှသည့် ခန္ဓာကိုယ်ထံမှ လန်လင်း နောက်ဆုတ်သွား၏။ သူ လှည့်လိုက်ပြီး မလှုပ်မယှက် တိတ်ဆိတ်စွာ ထိုင်နေလိုက်သည်။
သူ ထွက်သွားသည်ကို ခံစားလိုက်ရသဖြင့် မုန်ထိုလော့ မျက်လုံးများကို ဖွင့်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။ “ရှင် ရွေးချယ်ပြီးပြီလား။”
လန်လင်း ခေါင်းညိတ်လိုက်သည်။ “အင်း...”
“ရှင် သေရမှာကို မကြောက်ဘူးလား။”
လန်လင်း သက်ပြင်းချလိုက်ကာ ခေါင်းရမ်းသည်။ “သေရမှာကို ကျုပ် ကြောက်တယ်။ ကျုပ်အစ်မကို ကာကွယ်ချင်သလို မိသားစုကိုလည်း ပြန်လည် တည်ထောင်ချင်တယ်။ ကျုပ် သေလို့ မဖြစ်သေးဘူး။”
မုန်ထိုလော့က မျက်မှောင်ကျုံ့လိုက်၏။ “ဒါဆို ဘာလို့ ဒီရွေးချယ်မှုကို လုပ်တာလဲ။ သေရမယ့်လမ်းကို ဘာလို့ ရွေးတာလဲ။ ရှင်က ယောကျ်ားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကြောင့်လား။ အခြားတစ်ယောက်ရဲ့ အစားထိုး အဖြစ်ခံဖို့ ရှင် ငြင်းဆန်လို့လား။”
လန်လင်း ခေါင်းရမ်းလိုက်သည်။ “မဟုတ်ဘူး... ဘာလို့လဲဆိုတာ ကျုပ်လည်း မသိဘူး။ ဒီရွေးချယ်မှုကို ယုတ္တိတန်တန် တွေးပြီး လုပ်တာ မဟုတ်ဘူး။ စိတ်ခံစားချက်နဲ့ တွန်းအားကြောင့် လုပ်တာပဲ။ ထွက်သွားဖို့ကိုပဲ ကျုပ်နှလုံးသားက ပြောနေတယ်။”
မုန်ထိုလော့ ထိုင်လိုက်သည်။ “ရှင်က တစ်ခြားပုံစံနဲ့ လောင်းကစား လုပ်နေတာ ဖြစ်မယ်။ ကျွန်မနဲ့ အတူအိပ်ရင် ကျွန်မက ရှင့်ကို အလွယ်တကူ သတ်ပစ်မယ်လို့ ရှင် တွေးနေတာလား။ ဒါပေမဲ့ ရှင် ငြင်းဆန်လိုက်ရင် ရှင့်ကို ကျွန်မ အထင်ကြီးပြီး လွှတ်ပေးမယ်လို့ပေါ့။”
လန်လင်း တစ်ခဏမျှ စဉ်းစားလိုက်၏။ “အဲဒီလို အစီအစဉ်ဆွဲခဲ့တယ်လို့တော့ ကျုပ် မထင်ဘူး။ ကျုပ်က မိုက်မဲလို့ ဒီရွေးချယ်မှုကို လုပ်တာ ဖြစ်လိမ့်မယ်။ အစားထိုး တစ်ယောက် မဖြစ်ချင်လို့ ဒါမှမဟုတ် ကျုပ်ရဲ့ ဂုဏ်သိက္ခာအတွက် သက်သက် လုပ်တာလည်း ဖြစ်နိုင်ပါတယ်။”
မုန်ထိုလော့ သူ၏ မျက်လုံးများထဲသို့ စိုက်ကြည့်လိုက်သည်။ “ရှင် သေရမှာကို ကြောက်လား။”
လန်လင်းက လေးနက်စွာ ပြောလိုက်သည်။ “ကျုပ်အစ်မကို ကာကွယ်ဖို့နဲ့ ဆိုမိသားစုကို ပြန်လည် မြှင့်တင်ဖို့ လိုနေတာမလို့ ကျုပ် ကြောက်တယ်။”
မုန်ထိုလော့ သူမ၏ ချောမွေ့သည့် လက်ဖြင့် လန်လင်း၏ မျက်နှာကို နူးညံ့စွာ ထိတွေ့လိုက်၏။ သူမက ညင်သာစွာ ပြောလိုက်သည်။ “ရှင်က တကယ့်ကို ဂုဏ်ယူဝင့်ကြွားတတ်တဲ့ ယောကျ်ားတစ်ယောက်ပဲ။ အခြားတစ်ယောက်ကို ကျွန်မ အရင် မချစ်မိခဲ့ရင် တကယ်ပဲ ရှင့်ကို ချစ်မိသွားနိုင်တယ်။ ကံမကောင်းစွာနဲ့ပဲ ကျွန်မ နှလုံးသားထဲမှာ ဒုတိယလူအတွက် နေရာ မရှိတော့ဘူး။”
လန်လင်း ထပ်မံ ပြုံးလိုက်သော်လည်း တိတ်ဆိတ်နေ၏။
“အစောက ကျွန်မ ပြောတာ အမှန်တွေပါ။ ရှင်သာ ကျွန်မနဲ့ အတူအိပ်ရင် ကျွန်မ ကိုယ်ဝန်ရသွားနိုင်တယ်။ အဲဒီအခါကျရင် ရှင့်ကို သတ်ဖို့ ကျွန်မ လုပ်နိုင်မှာ မဟုတ်တော့ဘူး။ ရှင့်ကို ကျွန်မ တကယ် မသတ်ချင်ပါဘူး။ ဒါပေမဲ့ ကျွန်မ လူတွေကို ကာကွယ်ဖို့ သတ်ကို သတ်ရမယ်။ ရှင့်ကို ကျွန်မ... သတ်ရလိမ့်မယ်။ တောင်းပန်ပါတယ်။”
လန်လင်း ဝမ်းနည်းစွာ ပြုံးကာ ခေါင်းညိတ်လိုက်၏။
“ရှင့်မှာ နောက်ဆုံး ဆန္ဒတွေ ရှိသေးလား။”
လန်လင်းက လေးနက်စွာ ပြောလိုက်သည်။ “ကျုပ်အစ်မကို ကာကွယ်ပေးပါ။ ဒါပေမဲ့ ခင်ဗျား ဒါကို မလုပ်နိုင်ဘူးဆိုတာ ကျုပ် သိပါတယ်။”
သူမ ခေါင်းညိတ်လိုက်သည်။ “အင်း... ကျွန်မ အကောင်းဆုံး ကြိုးစားပါ့မယ်။ ဒါက ကျွန်မ အမှားလား။”
လန်လင်း ခေါင်းရမ်းလိုက်၏။ “မဟုတ်ဘူး။ ခင်ဗျားက သနားစရာကောင်းတဲ့ အမျိုးသမီး တစ်ယောက် သက်သက်ပါပဲ။”
“ဒါဆို ရှင် ဘာလို့ ပြန်မတိုက်ခိုက်သလဲ။”
“ကျုပ်ရဲ့ ခွန်အားနဲ့ ဉာဏ်ပညာ အားလုံးကို သုံးပြီး ကျုပ် ပြန်တိုက်ခိုက်ခဲ့ပြီးပြီလေ။”
ဤသည်က အမှန်ပင် ဖြစ်၏။ သူ ကြိုးစားပြီး မုန်ထိုလော့၏ နှလုံးသားကို အနိုင်ရရန် နီးစပ်ခဲ့၏။ သို့သော် နောက်ဆုံး အခိုက်အတန့်၌ အစားထိုး တစ်ယောက် ဖြစ်လာမည့်အစား အချည်းနှီး ဂုဏ်သိက္ခာကိုသာ သူ ရွေးချယ်ပြီး သူ၏ နောက်ဆုံး မျှော်လင့်ချက် ရောင်ခြည်လေးကို လွှင့်ပစ်လိုက်သည်။
မုန်ထိုလော့ သက်ပြင်းချလိုက်၏။ “ဟူး... ကောင်းပြီလေ... မျက်လုံးမှိတ်လိုက်တော့။ ရှင့်ခန္ဓာကိုယ်ကို ပြင်ဆင်ပြီး ရှင့်အိမ်ဆီ ပြန်ပို့ပေးပါ့မယ်။ အခုကစပြီး ကျွန်မက သေမင်းတမန်ဟွာ မဟုတ်တော့ဘူး။ ယောကျ်ားတွေရဲ့ သွေးကို ဘယ်တော့မှ ထပ်မသောက်တော့ဘူး။ လက်ထပ်ဖို့ ချောမောတဲ့ ယောကျ်ားတွေကို ရှာဖွေတာလည်း ရပ်တန့်တော့မယ်။ ချောမောပြီး ထူးချွန်တဲ့ ဝမ်းနည်းစရာ ယောကျ်ားတစ်ယောက် ကျွန်မရဲ့ နှလုံးသားထဲ ဝင်လာဖို့ နီးစပ်ခဲ့တယ် ဆိုတာကိုပဲ အမြဲတမ်း မှတ်ထားတော့မယ်။”
လန်လင်း သူ၏ မျက်လုံးတို့ကို မှိတ်လိုက်၏။ သေးငယ်ပြီး ဖြစ်နိုင်ခြေနည်းပါးသည့် အံ့သြဖွယ်ရာ အဖြစ်အပျက်တစ်ခုအပေါ် သူ လောင်းကြေးထပ်နေဆဲပင်။
မုန်ထိုလော့၏ လှပသော မျက်လုံးများမှ မျက်ရည်များ ကျဆင်းလာပြီး လန်လင်း၏ လည်ပင်းအနီးသို့ သူမ ကပ်သွား၏။ သူမက သူ၏ အသားအရေကို ညင်သာစွာ ပွတ်သပ်ကာ သူမ၏ နီရဲသည့် နှုတ်ခမ်းများဖြင့် နမ်းရှိုက်လိုက်သည်။
နောက်ဆုံး၌ သူမ ပါးစပ်ကို ဟလိုက်ပြီး ချွန်ထက်သည့် သွားဖြူဖြူများကို ထုတ်ဖော်ကာ အပြင်းအထန် ကိုက်ချလိုက်၏။
ချက်ချင်းပင် သွေးများ ပန်းထွက်လာကာ မုန်ထိုလော့၏ ပါးစပ်ထဲသို့ ပြည့်လျှံလာပြီး သူမ၏ လည်ချောင်းထဲသို့ ဆက်လက် စီးဆင်းသွား၏။
အပိုင်း ၉၀ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
ရေးရင်းနဲ့ ရည်းစားဟောင်းကို လွှမ်းလာလို့ စေ့ညစ် 😑