← Chapters

ဟင်္သာပြဒါးတောင်မှ သတင်းပို့မှုသုံးခု

Vol. 008 Ch. 387

ဟင်္သာပြဒါးတောင်မှ သတင်းပို့မှုသုံးခု

Vol. 008 Ch. 387

သည်တမန်တော်က အလွန်မြန်လှသည်။ သူက အဘိုးအိုဟုတို့ ခြောက်ယောက်ရှေ့သို့ ချက်ချင်း ရောက်လာခဲ့၏။ တမန်တော်က သူ့အစိမ်းရောင် မျက်လုံးများဖြင့် သူတို့ခြောက်ယောက်ကို သိမ်းကျုံးကြည့်လိုက်၏။

အဘိုးအိုဟုနှင့် အမည်းရောင် အပေါ်ထပ်အင်္ကျီ ဝတ်ဆင်ထားသည့် အဘိုးအို တို့နှစ်ယောက်က လွဲ၍ ကျန်သည့်လူများသည် စိတ်နှလုံးတုန်လှုပ် သွားကြ၏။ သူတို့က ခေါင်းငုံ့ ထားကြသည်။

“စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် နှစ်ယောက်က ဒီမှာ ရှိနေတာပဲ ...”

လူငယ်အား ဝန်းရံထားသည့် အလင်းများ ပျောက်ကွယ်သွားသည်နှင့် သူ၏ ချောမောမှုတို့ ထွက်ပေါ်လာတော့သည်။

အဘိုးအိုဟုနှင့် ပါလာခဲ့သော အမျိုးသမီးသည် ခေါင်းငုံ့ထားသော်လည်း သူမပါးနှစ်ဖက်က အနည်းငယ် နီရဲနေခဲ့၏။ သည်လူငယ်က သူမ မြင်ဖူးသမျှထဲတွင် အချောဆုံး ဖြစ်နေသည်။

“မင်းတို့တွေ ဘယ်သွားမလို့လဲ ...” လူငယ်အသံက တည်ငြိမ်၏။ သို့သော် ထိုအသံထဲ၌ အထက်စီးဆန်မှုကိုလည်း ဖုံးကွယ်မထားချေ။

အဘိုးအိုက သည်လူငယ်၏ ကျင့်ကြံမှု အဆင့်သည် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အစောပိုင်း ထိပ်ဆုံးအဆင့်မှန်း ချက်ချင်းပြောနိုင်သည်။ သူက စိတ်ထဲ၌ နှာခေါင်းရှုံ့လိုက်၏။ သို့သော် မျက်နှာပေါ်တွင်တော့ မည်သည့် အမူအရာမျှ မပြပေ။ “ငါတို့က မသေမျိုးသင်္ချိုင်းကို သွားကြမလို့ ...”

လူငယ်၏အကြည့်က မျက်နှာကို အဖြူရောင်ဇာပဝါ ကွယ်ထားသည့် အမျိုးသမီးထံသို့ ရောက်သွားသည်။ သူကပြောလိုက်၏။ “ဒီဇာပဝါကို ဖယ်လိုက် ...”

အမည်းရောင်အင်္ကျီနှင့် အဘိုးအိုက ရှေ့သို့တိုးလာ၍ ပြောလိုက်သည်။ “တမန်တော် ... ငါ့သခင်မက အိမ်တော်ခေါင်းဆောင်ရဲ့ အမိန့်အရ အပြင်ထွက်ရင် သူ့မျက်နှာကို လွယ်လွယ် မထုတ်ဖော်ရပါဘူး။ တမန်တော်က နားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ် ...”

လူငယ်၏ အကြည့်က လက်ခနဲ ဖြစ်သွားသည်။ သူက အနည်းငယ် စဉ်းစားပြီးနောက် သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်း၍ အဝေးသို့ ပြန်ထွက်သွား၏။

သူတို့ခြောက်ယောက်က တွေးမိနေကြသည်။ အဘိုးအိုဟု၏ မျက်လုံးများက တလက်လက် ဖြစ်နေသည်။ ထို့နောက်သူက လူငယ်နောက်သို့ လိုက်ပါသွား၏။ သူက ဟင်္သာပြဒါးနိုင်ငံ၏တမန်တော်သည် ချူနိုင်ငံသို့ ဘာကြောင့်လာရသည်ကို သိရှိလိုပေသည်။

သူ ထွက်သွားပြီးနောက် ချူယောင်ဇီ၊ ရှုလျိုနှင့် အမျိုးသမီးတို့သည်လည်း နောက်မှ လျင်မြန်စွာ လိုက်ပါသွားကြ၏။

အဖြူရောင် ဇာပဝါနှင့် အမျိုးသမီးသည် အဘိုးအိုထံသို့ ကြည့်သည်။ ထို့နောက် သူမက အံကျိတ်ကာ သူတို့နောက်သို့ လိုက်ပါသွား၏။ အဘိုးအိုကလည်း သက်ပြင်းချ၍ သူမနောက်မှ လိုက်ပါသွားသည်။

လူငယ်နောက်သို့ အကွာအဝေး တစ်ခုထို လိုက်လာခဲ့ကြပြီးနောက် သူတို့က လူငယ်သည် မြောက်အရပ်သို့ ပျံသန်းသွားနေခဲ့သည်ကို တွေ့လိုက်ရ၏။ သူ့ဦးတည်ရာ ပန်းတိုင်သည်လည်း မသေမျိုးသင်္ချိုင်းပင် ဖြစ်ပုံရ၏။

အဘိုးအိုဟုက စိတ်ထဲ၌ တွေးနေမိသည်။ “မသေမျိုးသင်္ချိုင်းမှာ ဘယ်လိုရတနာမျိုးများ ပေါ်ထွက်လာခဲ့တာလဲ ...”

သူက ထိုသို့ တွေးနေစဉ်မှာပင် လူငယ်သည်တောင်ကြား တစ်ခုပေါ်သို့ ပျံသန်းသွားသည်ကို တွေ့မြင်လိုက်သည့်အခါ သူ့အသွင်က ပြောင်းလဲသွား၏။ လူငယ်က စွမ်းအားကောင်းသော အားတစ်ခုခုနှင့် တိုးမိပြီးနောက်သို့ ပေတစ်ရာခန့် ပြန်ဆုတ်ခဲ့ရသည်။ လူငယ်၏ မျက်နှာပေါ်၌ တုန်လှုပ်သည့်အသွင် ထွက်ပေါ်နေသည်။

အဘိုးအိုဟုက အနားရှိ တောင်တစ်ခုပေါ်တွင် ခြေချလိုက်၏။ သူ့နောက်သို့ လိုက်ပါလာသော လူတိုင်းကလည်း လူငယ်ထံသို့ ကြည့်နေကြ၏။

လူငယ်က မျက်မှောင်ကြုတ်သွား၏။ သူက ကျောက်စိမ်းပြား တစ်ခုကို ထုတ်၍ စစ်ဆေးလိုက်သည်။ ကျောက်စိမ်းပြားထဲက ဖော်ပြထားချက် အတိုင်းဆိုရင် သည်နေရာကို ပြသနေ၏။

သူက အနည်းငယ် စဉ်းစားပြီးနောက် ရှေ့သို့ ခြေလှမ်းအနည်းငယ် ဆက်တိုးလိုက်၏။ ထိုအခါ သူက ကြောက်မက်ဖွယ် ဖိအားတစ်ခုကို ခံစားလိုက်ရ၏။ ထို့ကြောင့် သူ့အသွင်က ပြောင်းလဲသွားပြီး နောက်သို့ လျင်မြန်စွာ ပြန်ဆုတ်သွား၏။

အဘိုးအိုဟုက သိချင်စိတ် ဖြစ်မိနေသည် သူက တောင်ကြားထံသို့ လှမ်းမျှော်ကြည့်လိုက်ရာ စေတီတစ်ခု ရှိနေသည်ကို တွေ့ရ၏။ စေတီ၏အောက်တွင် လူတစ်ယောက် ထိုင်နေသည်။ သို့သော် ထိုလူထံမှ မည်သည့်အသက်ဓာတ်မှ ထွက်ပေါ်နေခြင်း မရှိပေ။ ၎င်းက မမ်မီရုပ်သေးတစ်ခုနှင့် ဆင်တူနေ၏။

လူငယ်က နောက်ထပ်အကြိမ် အနည်းငယ် ကြိုးစားခဲ့သော်လည်း ငါးကီလိုမီတာထပ် ပိုသွားလို့ မရတော့ချေ။ သူ့အသွင်က ဂနာမငြိမ် ဖြစ်နေ၏။ သည့်နောက် သူက လက်နှစ်ဖက်ယှက်၍ ပြောလိုက်သည်။ “ငါက ဟင်္သာပြဒါးနိုင်ငံက ဖန်ယုရှန်ပါ။ ငါက ရောင်ရင်းကျင့်ကြံသူ စန်နူးကို နှုတ်ဆက်ပါတယ် ...”

“စန်နူး” အဘိုးအိုဟု၏ မျက်လုံးများက အလေးအနက် ဖြစ်သွားသည်။ သူက တုန်လှုပ်သွား၏။ သူက စေတီဘေးရှိ မမ်မီအသွင် ဖြစ်နေသည့် ခန္ဓာကိုယ်ပေါ်သို့ အလိုအလျောက် အကြည့် ရောက်သွား၏။ သူတုန်လှုပ်သွားသည်မှာ အံ့အားသင့်စရာ မရှိချေ။ သည်စန်းနူးဆိုသည့် နာမည်သည် နတ်ဆိုးပင်လယ်၌ အလွန်ကျော်ကြား နေခဲ့၏။ စန်နူးနှင့် ပတ်သက်သည့် ဇာတ်လမ်းများသည် အတောမသတ် နိုင်အောင် ရှိနေ၏။

ပြောကြသည်က စန်းနူးသည် ဟင်္သာပြဒါး နိုင်ငံက လျှို့ဝှက်၍ လေ့ကျင့်ပေးထားသော ကျင့်ကြံသူဟု ဆိုကြ၏။ မဟုတ်လျှင် သူတို့၏ ဗိုလ်ကျသည့် ပုံစံအတိုင်း ဆိုပါက သူတို့နိုင်ငံက ပါရမီရှင် အနီရောင်လိပ်ပြာ၏ လက်မောင်းတစ်ဖက်ကို ဖြတ်ခဲ့သည့်လူအား ဘာမှမတုံ့ပြန်ဘဲ နေနေပါ့မည်နည်း။

လူအများ ပြောနေကြသည့် ကောလာဟလကတော့ သည်လျှို့ဝှက် လေ့ကျင့်ပေးထားသည့် တပည့်သည် အနီရောင်လိပ်ပြာ ထက်ပင် ပင်ကိုပါရမီ ရှိသည်ဟု ဆိုကြသည်။

သည့်အပြင် နောက်ထပ်ကောလာဟလ တစ်ခုလည်း ရှိသေး၏။ သည်စန်နူးက နှစ်ပေါင်း ၆၀ သာကျင့်ကြံရသေးသည် ဟူ၍ပင်။ ထို့ကြောင့်လည်း ဟင်္သာပြဒါးနိုင်ငံက သူ့ကို အနီရောင် လိပ်ပြာထက်ပို၍ တန်ဖိုးထားသည်ဟု ထင်မြင်ယူဆ နေကြလေသည်။

စန်နူးနှင့် ပတ်သက်၍ သည်လိုဇာတ်လမ်းမျိုးစုံ ပြောနေကြပေသည်။

“စန်နူး” အဖြူရောင် ဇာပဝါနှင့် အမျိုးသမီး၏ မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူမ၏ အသက်ရှူသံများပင် ကြမ်းတမ်းလာခဲ့၏။ သူမက စန်နူးသာ သူမကို ကူညီလျှင် အရာအားလုံး အဆင်ပြေ သွားနိုင်သည်ဟု မျှော်လင့်နေမိသည်။

သူမဘေးရှိ အဘိုးအို၏ မျက်လုံးထဲ၌လည်း လေးစားဟန်များ ဖြစ်ပေါ်နေသည်။

“ဒီလိုကျော်ကြားလှတဲ့ စန်နူးကို ငါဒီနေရာမှာ လာတွေ့ရလိမ့်မယ်လို့ လုံးဝ မထင်ထားမိခဲ့ဘူး ...” ချူးစစ်ပိုင်က အသက်ဝဝ ရှူသွင်းလိုက်သည်။

“ဟင်္သာပြဒါးနိုင်ငံ တမန်တော်က ချူနိုင်ငံကို ရောက်လာခဲ့တာ အံ့သြစရာ မရှိတော့ဘူး ...” ရှုလျို့က မယုံကြည်နိုင်ဟန် ဖြစ်နေသည်။

လှပသော အမျိုးသမီးကလည်း နူးညံ့စွာ ပြောလိုက်၏။ “ဒီစန်နူးနဲ့ ချူနိုင်ငံက ဘယ်လိုပတ်သက်မှု ရှိနေလဲကို ငါ သိချင်လိုက်တာ ...”

သူမက ထိုသို့ပြောပြီးသည့် အခိုက်တွင် အဘိုးအိုဟုက အနည်းငယ် စဉ်းစား၍ ပြောလိုက်သည်။ “တိမ်ကောင်းကင်ကလန်ကို တစ်ယောက်ယောက်သွားဖို့ အမိန့်ပေးထားတာ ပယ်ဖျက်လိုက်တော့”

ရှုလျို့က မှင်တက်သွားသည်။ သို့သော်သူက အလျင်အမြန် သဘောတူလိုက်၏။

လူငယ်က စောင့်စားနေ၏။ မည်သည့်တုံ့ပြန်မှုမှ မကြားရသည့်အခါ သူက မျက်မှောင်ကြုတ်၍ ထပ်ပြောလိုက်သည်။ “ရောင်းရင်းစန် ... ငါက သင် အနီရောင်လိပ်ပြာကို ဒဏ်ရာရအောင် ပြုလုပ်ခဲ့တဲ့ ကိစ္စကြောင့် ဒီနေရာကို ရောက်နေခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူမရဲ့ စိန်ခေါ်စာကိုတော့ ငါယူလာခဲ့တယ်။ ငါက ရောင်းရင်းထွက်လာပြီး ငါ့ကိုတွေ့ဖို့ မျှော်လင့်ပါတယ် ...”

သူက ထိုသို့ပြောလိုက်သည့် အခိုက်တွင် လူခြောက်ယောက်သည် အလေးအနက် ဖြစ်သွားကြ၏။ အဘိုးအိုဟု၏ မျက်လုံးများက တလက်လက် ဖြစ်နေပြီး သူက တောင်ကြားသို့ ကြည့်နေခဲ့၏။

အချိန်အတန်ကြာသည့် အထိ မည်သည့်တုံ့ပြန်မှုမှ ထွက်ပေါ်မလာခဲ့ချေ။ ဖန်ယုရှန်က အလွန်ဒေါသ ထွက်နေခဲ့ပေပြီ။ သူက ဟင်္သာပြဒါးနိုင်ငံ၏ တပည့်တစ်ယောက် ဖြစ်၏။ ထို့ကြောင့်သူက သူသွားသည့် နေရာတိုင်းတွင် လေးစားခံခဲ့ရသည်သာ ဖြစ်သည်။ အဆင့်ငါး ကျင့်ကြံခြင်းနိုင်ငံများပင် သူ့အား အခုလိုမပြုမူ၊ မဆက်ဆံရဲပေ။

ဖန်ယုရှန်၏ မျက်လုံးများက အလိုမကျ ဖြစ်နေသည်။ သူက ခပ်ဖြည်းဖြည်းချင်း ထပ်ပြောလိုက်၏။ “ရောင်းရင်းကျင့်ကြံသူစန် ... ငါတို့ရဲ့ ကောင်းမွန်တဲ့ဆန္ဒကို မငြင်းပါနဲ့။ မဟုတ်ရင် နောင်တရရလိမ့်မယ်။ ဘယ်သူကမှ ဟင်္သာပြဒါးနိုင်ငံရဲ့ အမိန့်ကို လျစ်လျူမရှုရဲကြဘူး ...”

သူက ထိုသို့ ပြောပြီးသည့်အခိုက်တွင် တောင်ကြားထဲမှ စွမ်းအားကောင်းသောအားတစ်ခု ထွက်ပေါ်လာ၏။ သည်စွမ်းအားက လက်ကြီးတစ်ဖက် အသွင်သို့ ပြောင်း၍ လူငယ်အား ဖမ်းကိုင်လိုက်၏။

လက်ထဲမှ အက်ကွဲသံများ တရစပ် ထွက်ပေါ်လာ၏။ ဖန်ယုရှန်၏ နဖူးက ချွေးများဖြင့် စိုရွှဲနေ၏။ သူ့မျက်လုံးထဲ၌ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။

“ငါက ဟင်္သာပြဒါး နိုင်ငံက တမန်တော်တစ်ယောက်ပဲ။ စန်နူး ... အကြမ်းမဖက်ပါနဲ့။ ငါက ဒီနေရာကို စိန်ခေါ်စာပို့ဖို့ အတွက်ပဲ ရောက်လာခဲ့တာ ...”

တောင်ကြားထဲမှ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ “အချိန်နဲ့ နေရာပြော”

ဖန်ယုရှန်က အလျင်အမြန် ပြောလိုက်၏။ “ ခုကစပြီး သုံးလကြာရင် ဟင်္သာပြဒါးတောင်ပေါ်မှာ ရှိတဲ့ အနောက်ဘက်ကောင်းကင်ဘုရားကျောင်း ...”

“ငါ ဒီနေရာမှာ ရှိနေတာ မင်းဘယ်လို သိတာလဲ ...” ဝမ်လင်းအသံက တည်ငြိမ်နေသော်လည်း သတ်ဖြတ်မှု စိတ်ဆန္ဒတို့ ပါဝင်နေ၏။

ဖန်ယုရှန်က တုံ့ဆိုင်းရန် မဝံ့ဘဲ အလျင်အမြန် ပြန်ဖြေလိုက်၏။ “ငါတကယ် မသိပါဘူး။ ဟင်္သာပြဒါးတောင်က ငါ့ကို ပို့လွှတ်လိုက်တာပါ။ သူတို့မဟုတ်ဘူး ဆိုရင်တောင် အနီရောင်လိပ်ပြာ ဆရာကလည်း မင်းကို ရှာဖွေနေခဲ့တာ။ သူတို့က မင်းတည်နေရာကို ပို့လွှတ်လိုက်တာပါ ...”

ထိုအခိုက်၌ အဘိုးအိုဟု၏ အသွင်က ထူးဆန်းသွားသည်။ သူက သည်အသံကို ရင်းနှီးသလို ခံစားနေရ၏။ သူက ချူးစစ်ပိုင်ထံသို့ လှည့်ကြည့်လိုက်သည့် အချိန်တွင် ချူးစစ်ပိုင်သည်လည်း မှင်တက်နေသည်ကို တွေ့လိုက်ရ၏။ ကြည့်ရသည်မှာ ချူးစစ်ပိုင်သည်လည်း သည်အသံကို ခန့်မှန်း မိနေသည့်ပုံပင်။

ခဏတုံ့ဆိုင်းပြီးနောက် ဝမ်လင်းအသံသည် တောင်ကြားထဲမှ ထပ်မံ ထွက်ပေါ်လာ၏။ “ ငါ့မှာ အချိန်မရှိဘူး ...”

ဖန်ယုရှန် ဘေးနားရှိ မမြင်ရသော လက်ကြီးသည် ပျောက်ကွယ်သွား၏။ သူက ခုန လွတ်လွတ်လပ်လပ် ပြန်ဖြစ်သွားသည်။ သူ့နောက်ကျော၌ ချွေးများ စိုရွဲလို့နေခဲ့၏။ အခု သူက စန်နူး၏ ကြောက်မက်ဖွယ် ကောင်းပုံကို နားလည်သွားခဲ့ပြီ ဖြစ်သည်။ မူလတုန်းက စန်နူးသည် သူ့စီနီယာအစ်မ အနီရောင်လိပ်ပြာ၏ လက်မောင်းတစ်ဖက်ကို ဖြတ်နိုင်ခဲ့ခြင်းက သည်စန်နူးသည် အချို့သော လှည့်ကွက်များကို အသုံးပြု ခဲ့သောကြောင့် ထင်နေခဲ့မိသည်။

အခုသူက ထိုသို့ မတွေးဝံ့တော့ချေ။

ဝမ်လင်း၏ တုံ့ပြန်မှုက သူ့ကို ခက်ခဲသော အခြေအနေသို့ ကျရောက်စေခဲ့၏။ သူက အနည်းငယ် စဉ်းစားပြီးနောက် လက်နှစ်ဖက်ကို ယှက်၍ ရိုသေစွာ ပြောလိုက်၏။ ရောင်းရင်းစန် ... ဒါက ဟင်္သာပြဒါးတောင်ရဲ့ အမိန့်ပါ။ သူတို့က အခုလိုမျိုး သတင်းပို့လွှတ်ခိုင်းတာ ရှားလွန်းတယ်။ လွန်ခဲ့တဲ့ နှစ်တစ်ရာအတွင်း သူတို့ကသုံးကြိမ်သာ သတင်း ပို့လွှတ်ခဲ့တယ်။ ပထမတစ်ကြိမ်က အနီရောင်လိပ်ပြာကို အဓိကတပည့် အဖြစ် ခန့်အပ်ဖို့ အကြောင်းကြားတာ။ ဒုတိယတစ်ကြိမ်က ရောင်းရင်းနောက်က လိုက်တဲလူတွေကို တားဆီးတာ။ အခုတတိယကြိမ်မြောက်က ရောင်းရင်း တည်နေရာကို စုံစမ်းပြီး အနီရောင်လိပ်ပြာနဲ့ တိုက်ခိုက်ဖို့ အမိန့်ပေးတာ။ ရောင်းရင်းသာ နိုင်မယ်ဆိုရင် အကျိုးကျေးဇူး အများကြီး ရလိမ့်မယ်လို့ ငါတော့ ယုံကြည်တယ်။ တကယ်တော့ ဒီသတင်းပို့လွှတ်မှု သုံးခုမှာ နှစ်ခုက ရောင်းရင်းနဲ့ ပတ်သက်နေတယ် ...”

ဝမ်လင်းအသံက တောင်ကြားထဲမှ ထွက်ပေါ်လာခဲ့ပြန်၏။ “အနီရောင်လိပ်ပြာကို ပြောလိုက်ပါ။ သူက တိုက်ခိုက်ချင်ရင် ဆယ်နှစ်အတွင်း ဖြစ်လာလိမ့်မယ်လို့ ...”

ဖန်ယုရှန်က အနည်းငယ် စဉ်းစားပြီးနောက် ခြောက်ကပ်ကပ် ပြုံးလိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကို ယှက်၍ ပြန်လှည့်ကာ ထွက်ခွာသွားတော့သည်။

“တောင်ကြားထဲက သူငယ်ချင်းဟောင်းတွေ အထဲလာခဲ့ကြပါ ...” ထိုသို့ ပြောပြီးနောက် ကျောက်ရီ၏နယ်ပယ်ကို ပျောက်ကွယ်သွား၏။

အဘိုးအိုဟုက ရယ်မော၍ တောင်ကြားထဲသို့ ဝင်လာခဲ့သည်။ သူ့နောက်တွင် အဖြူရောင် ဇာပဝါဖုံးအုပ်ထားသည့် အမျိုးသမီးနှင့် သူမ၏ အစေခံတို့က လိုက်ပါလာသည်။

ချူးစစ်ပိုင်က အနည်းငယ် တုံ့ဆိုင်းပြီးမှ ရှုလျို့နှင့် လှပသော အမျိုးသမီးတို့‌ နောက်သို့ အလျင်အမြန် လိုက်ပါလာခဲ့၏။

တောင်ကြားထဲ၌ မမ်မီခန္ဓာကိုယ်က သူတို့ခြောက်ယောက် ရောက်လာချိန်၌ လှုပ်ရှားလာခဲ့သည်။ အက်ကွဲသံများ ထွက်ပေါ်လာပြီး မမ်မီခန္ဓာကိုယ်၏ မျက်လုံးများ ပွင့်လာခဲ့၏။

ဝမ်လင်းက အသက်ဝဝရှူသွင်း၍ မတ်တတ်ထရပ်သည်။ ထို့နောက် သူက ပြုံးလိုက်၏။ သူက လက်ဝှေ့ယမ်းလိုက်ရာ သူ့ခန္ဓာကိုယ်ပတ်လည်ရှိ ထူထဲသောမြူခိုးများ ပျောက်ကွယ်သွား၏။ မြူခိုးများ ပျောက်ကွယ်သွားပြီးနောက် ဝမ်လင်းက သူတို့ခြောက်ယောက်ရှေ့၌ ထွက်ပေါ်လာခဲ့တော့သည်။

ဝမ်လင်းက မြေပြင်သို့ လက်ညှိုးထိုးလိုက်ရာ ကျောက်တုံးစားပွဲ တစ်ခု ပေါ်လာ၏။ ကျောက်တုံးထိုင်ခုံများ အချို့ပါ ပေါ်လာခဲ့သည်။

“ကျေးဇူးပြု၍ ထိုင်ပါ” ဝမ်လင်းက အရင်ထိုင်ချလိုက်သည်။ သူက လက်ဝှေ့ယမ်းလိုက်ရာ စားပွဲပေါ်၌ ရေနွေးအိုးနှင့် ခွက်များပါ ပေါ်ထွက်လာခဲ့၏။

လူအိုကြီးဟုက ဝမ်လင်းကို စူးစိုက်ကြည့်နေ၏။ ထို့နောက်သူက သူ့ရှေ့တွင် ထိုင်ချလိုက်သည်။ လှပေသော အမျိုးသမီးက ဝမ်လင်းကို နှုတ်ဆက်၍ လှမ်းလျှောက်လာပြီး လူတိုင်းအတွက် ရေနွေးကြမ်း ငှဲ့ပေးလေ၏။

ဝမ်လင်းက အမည်းရောင်အင်္ကျီနှင့် အဘိုးအိုနှင့် သူ့ဘေးရှိ အမျိုးသမီးတို့ကို ကြည့်၍ ပြုံးကာ ပြောလိုက်သည်။ “ရောင်းရင်းကျင့်ကြံသူ ... ထိုင်ပါ ...”

အဘိုးအိုက ဝမ်လင်းကို အချိန်အတန်ကြာ ကြည့်နေသည်။ သူက ဝမ်လင်းကို မှတ်မိနေသည်။ သူ့မျက်နှာပေါ်၌ စိတ်ရှုပ်ထွေးဟန်များ ပေါ်နေခဲ့သည်။

အခြား နှစ်ယောက်ကလည်း ထိုင်ချလိုက်သည်။

လူအိုကြီးဟုက ဝမ်လင်းကိုကြည့်၍ ခါးသက်စွာ ပြုံးလိုက်သည်။ “ရောင်းရင်းကို ငါက ကျင့်ကြံသူစန်လို့ ခေါ်ရမလား၊ ကျင့်ကြံသူဝမ်လို့ ခေါ်ရမလား မသိတော့ဘူး ...”

ဝမ်လင်းက ရေနွေးခွက်ကို ကောက်ကိုင်လိုက်၏။ ထို့နောက် တစ်ငုံသောက်၍ ပြုံးလိုက်သည်။ “ဘယ်လိုခေါ်ခေါ်ပါ၊ ဒီအတွက် စိတ်ပူစရာ မလိုပါဘူး ...”

အဖြူရောင် ဇာပဝါဖုံးအုပ်ထားသော အမျိုးသမီးက ဝမ်လင်းကို စူးစိုက်ကြည့်နေ၏။ သူ့မျက်နှာက စိတ်ရှုပ်ထွေးဟန် ပေါ်နေသည်။ သူမက ကျော်ကြားလှသော စန်နူးကို သည်လူဖြစ်သည်ဟု လုံးဝမခန့်မှန်း ထားမိပေ။

ဝမ်လင်းက အမျိုးသမီးကို ကြည့်၍ ပြောလိုက်သည်။ အမျိုးသမီးက ငါမြင်ဖူးသမျှ ထဲမှာ အလှဆုံးပဲ။ သင်က ရောင်းရင်းဟုနဲ့အတူ မသေမျိုးသင်္ချိုင်းကို သွားပြီး သင့်အဖေကို သွားကယ်မလို့မလား ...”

အဖြူရောင် ဇာပဝါ ဖုံးအုပ်ထားသည့် အမျိုးသမီးက ခပ်တိုးတိုး ပြောလိုက်သည်။ “အတိတ်တုန်းက ဒီမိန်းကလေးက စီနီယာရဲ့ ပုံရိပ်ကို မသိခဲ့ပါဘူး။ စီနီယာက ငါ့ရိုင်းစိုင်းမှုကို ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်မိပါတယ် ...”

စန်နူးဆိုသည့် နာမည်သည် ဟင်္သာပြဒါးနိုင်ငံ အနှံ့အပြား၌ အလွန်ကျော်ကြားသည့် နာမည်ဖြစ်သည်။ အဘိုးအိုဟုပင် အနည်းနှင့်အများ တုန်လှုပ်ခဲ့ရသည် မဟုတ်လား။

***

All Chapters