အခန်း ၅၇၂
Vol. 39 Ch. 572
အခန်း ၅၇၂ - သေသူကိုလေးစား၊ အသက်ရှုင်သူက စီမံ
၄၉ ရက်တာ ကာလသည် တိတ်ဆိတ် ငြိမ်သက်စွာ ကုန်ဆုံးသွားခဲ့လေပြီ။
ကောင်းကင်အင်ပါယာတစ်ခုလုံး၏ ဝမ်းနည်းခြင်း အချိန်အခါ ပြီးချေပြီ
လမ်းမများထက်တွင် သီချင်းသံများ ပျောက်ကွယ်သွားခဲ့၏
စည်ကားလှသော ဈေးကွက်များလည်း ဆိတ်ငြိမ်သွားခဲ့ရုံမက
ကျင့်ကြံသူများပင်လျှင် မိမိတို့၏ လှုပ်ရှားမှုများကို ထိန်းချုပ်ထားခဲ့ကြသည်။
အပေါ်ယံတွင် အင်ပါယာတစ်ခုလုံး ယူကျုံးမရ ဝမ်းနည်းပူဆွေးနေကြသော်လည်း
ထိုငြိမ်သက်ခြင်း၏ အောက်ခြေ၌မူ... ပြင်ဆင်မှုများသည် တစ်စက္ကန့်မျှပင် ရပ်တန့်မသွားခဲ့ချေ။
၄၉ ရက်ပတ်လုံး မှောင်မိုက်သောအမှောင်ထုထဲတွင် ဓားသွားများကို သွေးနေခဲ့ကြသည်။
မင်းသားများနှင့် မင်းသမီးများသည် မိမိတို့ဘက်တော်သား ပိုမိုများပြားလာစေရန် တံခါးပိတ်၍ အပြင်းအထန် ကြံစည်စစ်ခင်းနေခဲ့ကြ၏
ယခုအခါတွင်မူ ထိုနေ့ရက်သို့ ဆိုက်ရောက်လာခဲ့ချေပြီ။
ဧကရာဇ်မင်းမြတ်၏ အသုဘတော်ဝင်အခမ်းအနား
အင်ပါယာ၏ အင်အားကြီး ပုဂ္ဂိုလ်တိုင်းထံသို့ ဖိတ်စာများ ပေးပို့ခဲ့၏
မည်သူတစ်ဦးတစ်ယောက်မျှ ငြင်းပယ်ရန်မဝံ့ရုံမက၊ ငြင်းပယ်ဖို့ရန် စိတ်ကူးပင် မယဉ်ဝံ့ကြချေ။
လေထုကိုပင် တုန်ဟုန်ခြောက်ခြားစေနိုင်သော အရှိန်အဝါကြီးမားလှသည့် အထွတ်အထိပ် ပညာရှင်ကြီးများသည် ရေစီးကြောင်းကြီးများသဖွယ် တော်ဝင်မြို့တော်ဆီသို့ ဦးတည်
ရွေ့လျားလာခဲ့ကြ၏
တော်ဝင်မြို့တော်ကြီးသည် တစ်ဖန်ပြန်၍ ပြည့်နှက် စည်ကားလာခဲ့သည်။
လမ်းမတိုင်းတွင် အဖြူရောင်အလံများ လွှင့်ထူထား၏
မြင့်မားလှသော မြို့ရိုးကြီးများထက်တွင် အမည်းရောင်ပိတ်စများကို တွဲလောင်းချိတ်ဆွဲထားသည်။
အမွှေးတိုင်များလည်း အဆက်မပြတ် လောင်ကျွမ်းနေခဲ့သည်။
လေးနက်တည်ကြည်လှသော အမွှေးရနံ့များက လေထုထဲတွင် ထူထပ်စွာ ဖုံးလွှမ်းနေ၏။
တော်ဝင်နန်းတော်၏ ဗဟိုချက်မတည့်တည့်ရှိ ခမ်းနားထည်ဝါလှသော အသုဘရှုဆောင်ကြီးသည် ပွင့်လျက်ရှိနေ၏
သို့သော်လည်း အသက်ရှူရကျပ်လှပေသည်။
ထိုခန်းမ၏ အလယ်ဗဟိုတွင် ဧကရာဇ်၏ ခေါင်းတလားတည်ရှိနေသည်။
ရှေးဟောင်း ဝိညာဉ်သစ်သားဖြင့် ပြုလုပ်ထား၏
အာဏာနှင့် ပါဝါ၏ ပြယုဂ်ဖြစ်သော ရွှေရောင်နဂါးရုပ်ကြွများ ထုဆစ်မွမ်းမံထားသည်။
သို့သော် ယခုအခါတွင်မူ ထိုအရာအားလုံးသည် အဓိပ္ပာယ်မဲ့သွားခဲ့ချေပြီ။
ခေါင်းတလားအတွင်း၌ လဲလျောင်းနေသော ထိုလူသားသည် အုပ်ချုပ်မင်းလုပ်နိုင်စွမ်း မရှိတော့ပေ။
အမတ်အရာရှိကြီးများသည် တန်းစီနေ၏
ခေါင်းငုံ့နေကြ၏
တည်ကြည်ငြိမ်သက်စွာ ရပ်တန့်နေကြ၏
၎င်းတို့၏နောက်ကွယ်တွင်မူ မင်းသား၊ မင်းသမီးများက ဝမ်းနည်းခြင်းဝတ်စုံဖြင့် ရပ်နေကြသည်။
အဖြူရောင်ဝတ်စုံ
အမည်းရောင်ခါးစည်းများကို ဆင်မြန်းထား၏
မိဖုရားခေါင်ကြီးနှင့် မိဖုရားများသာလျှင် ဟစ်အော်ငိုကြွေးနေကြ၏
၎င်းတို့၏ ပူဆွေးသောကရောက်သံများသည် ခန်းမတစ်ခုလုံးတွင် ပဲ့တင်ထပ်နေခဲ့သည်။
ထိုသို့ လေးနက်ဆိတ်ငြိမ်နေသော အသုဘရှုဆောင်၏ ငြိမ်သက်ခြင်းသည် ကြာရှည်မခံခဲ့ပေ။
တစ်ဦးပြီးတစ်ဦး၊ တစ်ဖွဲ့ပြီးတစ်ဖွဲ့ အင်ပါယာ၏ အင်အားကြီးအဖွဲ့အစည်းများ စတင်ရောက်ရှိလာခဲ့ကြသည်။
အဖွဲ့တစ်ခုချင်းစီ ရောက်ရှိလာတိုင်း နန်းတော်အတွင်းသို့ မုန်တိုင်းတစ်ခု တိုးဝင်လာသကဲ့သို့ ပြင်းထန်လှ၏
လေးလံသော ခြေသံများနှင့်အတူ
၎င်းတို့၏ အရှိန်အဝါများကို အထိန်းအကွတ်မဲ့ ထုတ်ဖော်လာကြ၏
မိမိတို့အဖွဲ့ကို လျှော့မတွက်ရန် ကြေညာမောင်းခတ်နေသကဲ့သို့ ရှိတော့သည်။
ပထမဆုံး ရောက်ရှိလာကြသူများမှာ အလတ်စားဂိုဏ်းများနှင့် အထက်တန်းလွှာ မိသားစုမျိုးနွယ်စုအချို့ ဖြစ်ကြသည်။
၎င်းတို့သည် စနစ်တကျ စီတန်းဝင်ရောက်လာပြီး ၎င်းတို့နောက်တွင် လက်ရွေးစင် ပညာရှင်များ ပါဝင်ကာ အရှိန်အဝါကို ထိန်းချုပ်ထားကြသည်။
၎င်းတို့သည် ခေါင်းတလားရှေ့တွင် ဦးညွှတ်အလေးပြုကြ၏
သို့သော်လည်း မျက်လုံးများကမူ
မိမိတို့၏ ရန်သူများ၊
မဟာမိတ်များနှင့်
မိမိတို့ ထောက်ခံထားသော မင်းသား၊ မင်းသမီးများထံသို့ မသိမသာ ဝေ့ဝဲကြည့်ရှုကြ၏
ခေါင်းညိတ်ပြလိုက်ကြသည်။
ထို့နောက်တွင်မူ လေထု၏ ဖိအားသည် သိသိသာသာ ပြောင်းလဲသွား၏
ပိုမိုလေးလံသော ဖိအားတစ်ခု သက်ဆင်းလာခဲ့သည်။
လီမျိုးနွယ်စုရောက်ရှိလာခြင်းပင်ဖြစ်၏။
ရှေ့ဆုံးတွင် လီကျန်းဟုန်က မတ်မတ်ရပ်နေသည်။
သူ၏နောက်တွင် တောင်ပံကြီးများသဖွယ် အရှိန်အဝါကြီးမားလှသော မဟာအကြီးအကဲများက တစ်ယောက်ပြီးတစ်ယောက် လိုက်ပါလာကြသည်။
သို့သော် ယခင်ကနှင့်မတူဘဲ သိသာသော ကွာခြားချက်တစ်ခုရှိနေသည်။
၎င်းတို့၏ အရေအတွက်သည် တစ်ယောက် လျော့နည်းနေခြင်းပင်။
ယခင်က ဖြစ်ပွားခဲ့သော ချီလင်းတစ်ပိုင်း သတ္တဝါနှင့် တိုက်ပွဲတွင် ၎င်းတို့ အထိနာခဲ့သည်ကို လူတိုင်းသိကြသော်လည်း
ကျန်ရှိနေသေးသော အင်အားသည်ပင် ဤနေရာရှိ အင်အားစုအများစုကို ဖိနှိပ်ရန် လုံလောက်နေသေးသည်။
၎င်းတို့ဝင်ရောက်လာမှုကြောင့် သတိကြီးစွာဖြင့် ကြည့်သူ၊ ရိုသေစွာကြည့်သူနှင့် အကွက်ချတွက်ချက်နေသူများ၏ မျက်လုံးပေါင်းများစွာ ကပ်ငြိသွားခဲ့သည်။
မကြာမီမှာပင် နောက်ထပ် ပြင်းထန်လှသော ဖိအားလှိုင်းတစ်ခု တိုးဝင်လာပြန်၏
၎င်းမှာ ကျောက်မျိုးနွယ်စုပင်။
ကျောက်ဝူထျန်းက တည်ငြိမ်သော်လည်း ဗိုလ်ကျစိုးမိုးလိုသော အမူအရာဖြင့် လျှောက်လှမ်းလာသည်။
သူ၏နောက်တွင် မဟာအကြီးအကဲများက လှိုင်းလုံးကြီးများသဖွယ် လိုက်ပါလာကြသည်။
ထို့နောက်တွင်မူ ဂိုဏ်းအသီးသီး
မိသားစုအသီးသီး
မိမိတို့၏ အသန်မာဆုံးသော ပညာရှင်များကို ခေါ်ဆောင်၍ အသီးသီး ရောက်ရှိလာကြသည်။
လေထုသည် ပိုမိုလေးလံ၍ အသက်ရှူကျပ်လာခဲ့သည်။
ဤစုရုံးမှုသည် မိစ္ဆာအင်အားစုများနှင့် ဖြစ်ပွားခဲ့သော စစ်ပွဲများထက်ပင် ပိုမို၍ အင်အားကြီးမားလှသည်ဟု ဆိုရမည်ဖြစ်၏
ဤသည်မှာ သာမန်အလေးပြုရုံသက်သက် မဟုတ်ပေ။
၎င်းတို့၏ အနာဂတ်အတွက်ဖြစ်ကြောင်း အားလုံးက နားလည်ထားကြသည်။
ထိုစဉ် အခြေအနေအားလုံးကို ပြောင်းလဲပစ်နိုင်သော အရှိန်အဝါတစ်ခု သက်ဆင်းလာခဲ့၏ ပိုင်မျိုးနွယ်စုရောက်ရှိလာခြင်းပင် ဖြစ်တော့သည်။
ရှေ့ဆုံးတွင် မျိုးနွယ်စုခေါင်းဆောင်သစ် ဖြစ်လာသူ ပိုင်ကျီဟန်ရှိနေသည်။
သူ ခန်းမထဲသို့ ခြေချလိုက်သည်နှင့် ရေတွက်မကုန်နိုင်သော မျက်လုံးပေါင်းများစွာက သူ့ထံသို့ စူးစိုက်သွားကြသည်။
ပိုင်ကျီဟန်၏ ပုံစံသည် အနည်းငယ် ရင့်ကျက်လာသော်လည်း သိသိသာသာ ပြောင်းလဲသွားသည်က သူ၏ အရှိန်အဝါပင် ဖြစ်သည်။
၎င်းမှာ အဝေးတစ်နေရာမှ မထိတွေ့နိုင်သော နတ်ဘုရားတစ်ပါးကဲ့သို့ ခံစားရစေ၏
မည်သူမျှ အတိအကျ မရှင်းပြနိုင်သော်လည်း လူတိုင်း ထိုအရာကို အာရုံခံမိနေကြသည်။
သူ့နောက်တွင် ပိုင်ရမ်ရပ်နေ၏
ဘေးတွင်မူ ကျင့်ကြံခြင်းမှ ထွက်လာသော ပိုင်ထျန်းဟမ်ရှိနေသည်။
မျိုးနွယ်စုခေါင်းဆောင်ဟောင်းပင်
ပိုင်ထျန်းဟမ်သည် ကွယ်လွန်သူ ဧကရာဇ်နှင့် ပတ်သက်မှုအချို့ ရှိခဲ့ဖူးသဖြင့် ပေါ်လာခြင်းမှာ မထူးဆန်းသော်လည်း
အာရုံခံစားမှု ထက်မြက်သော အထူးသဖြင့် အင်မော်တယ်ကျင့်ကြံသူများ၏ မျက်နှာအမူအရာများမှာ ရုတ်ချည်း ပြောင်းလဲသွားခဲ့၏
တိုးတိုးတိတ်တိတ် ရေရွတ်သံများ ထွက်ပေါ်လာခဲ့သည်။
"ကြည့်စမ်း... ပိုင်ထျန်းဟမ်က..."
"သူ ပြောင်းလဲသွားပြီ..."
"သူ အင်မော်တယ်နယ်ပယ်ကို တက်လှမ်းနိုင်ခဲ့ပြီပဲ”
ထိုတိတ်ဆိတ်လှသော တုန်လှုပ်မှုသည် လှိုင်းတစ်ခုကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။
"သူ တကယ်ပဲ အောင်မြင်သွားတာပေါ့..."
"ဒါကလည်း ဖြစ်သင့်ပါတယ်၊ သူတို့နောက်ကွယ်မှာ မူမျိုးနွယ်စု ရှိနေတာပဲ... သူတို့ဆီမှာ ကောင်းကင်တက်လှမ်းခြင်း ဆေးလုံးမရှိဘဲ နေမလား..."
"ဒါပေမဲ့ အခု ပိုင်မျိုးနွယ်စုမှာ နောက်ထပ် အင်မော်တယ်နယ်ပယ် ကျင့်ကြံသူတစ်ယောက် တိုးလာပြီ။"
အချို့က အကြည့်ချင်းဖလှယ်လိုက်ကြ၏
၎င်းတို့၏ အတွေးများလည်း ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
ပိုင်မျိုးနွယ်စုသည် ပိုမိုသန်မာလာခဲ့ချေပြီ။
သို့သော် မကြာမီမှာပင် အဖွဲ့အစည်းအများစုမှာ သက်ပြင်းချနိုင်ခဲ့ကြသည်။
"...ကြည့်ရတာ ပိုင်မျိုးနွယ်စုက ထီးနန်းလုပွဲမှာ ပါဝင်ဖို့ ရည်ရွယ်ချက်မရှိဘူးထင်တယ်..."
"ဒါက အကောင်းဆုံးပဲ”
"တကယ်လို့ သူတို့သာ ဝင်ပါလာရင် အားလုံး ပြီးသွားလိမ့်မယ်။"
ပိုင်မျိုးနွယ်စုတွင် ပိုင်ရမ်နှင့် ပိုင်ထျန်းဟမ်တို့သာ ပါဝင်လာသည်ကို မြင်ရသဖြင့် ၎င်းတို့သည် ဝင်ရောက်စွက်ဖက်ရန် အစီအစဉ်မရှိကြောင်း လူတိုင်း ရိပ်မိကြသည်။
သို့မဟုတ်ပါက အခြားသူများကို ခြိမ်းခြောက်ရန်အတွက် ၎င်းတို့၏ အသန်မာဆုံးသော ပညာရှင်အမြောက်အမြားကို ခေါ်ဆောင်လာလိမ့်မည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော်
၎င်းတို့သာ ဘက်တစ်ခုခုကို ရွေးချယ်လိုက်ပါက
ညီမျှခြေအားလုံး ပျက်စီးသွားမည်ကို လူတိုင်းသိနေကြသောကြောင့် ဖြစ်သည်။
ပိုင်မျိုးနွယ်စု မဟာမိတ်အဖွဲ့သည် အင်ပါယာ၏ အင်အားထက်ဝက်ကျော်ကို ပိုင်ဆိုင်ထားချေသည်။
သို့သော် ၎င်းတို့၏ သဘောထားမှာ အပြောင်းအလဲမရှိပေ
မည်သူ့ကိုမျှ ထောက်ခံခြင်း မပြုခဲ့ချေ။
ပိုင်ကျီဟန်သည် ယုဖေးယန်ကို ဆန့်ကျင်ရန်ပင် နှုတ်မှ မဟခဲ့ချေ။
အကယ်၍ သူမကသာ ပိုင်မျိုးနွယ်စု၏ ထောက်ခံမှုကို အမှန်တကယ် လိုချင်နေပါက စကားလုံးသက်သက်ဖြင့် တားဆီးနိုင်မည်မဟုတ်ကြောင်း သူ သိထား၏
မပတ်သက်သကဲ့သို့ နေခြင်းကသာ
သူမကို သတိလက်လွတ် ဖြစ်သွားစေနိုင်မည် ဖြစ်သည်။
သူသည် သူ၏ဖခင်နှင့် ပိုင်ရမ်တို့နှင့်အတူ ခေါင်းတလားဆီသို့ တဖြည်းဖြည်း တိုးကပ်သွားခဲ့၏
ဧကရာဇ်၏ ရုပ်အလောင်းကို အနီးကပ် မြင်တွေ့လိုက်ရသည်။
တစ်ချိန်က အင်ပါယာကြီးကို စိုးမိုးခဲ့သော အုပ်ချုပ်သူသည်
ယခုအခါ လုံးဝ ငြိမ်သက်နေ၏ မျက်နှာမှာ ဖြူလျော်နေချေပြီ
အရှိန်အဝါအားလုံး ချုပ်ငြိမ်းနေခဲ့ပြီ ဖြစ်သော်လည်း
မျက်ခုံးအစုံကြားတွင်မူ မကျေနပ်ချက် အကြွင်းအကျန်အချို့ ကပ်ငြိနေဆဲဖြစ်၏
သေဆုံးသွားသည့်တိုင် စွန့်လွှတ်နိုင်ခြင်း မရှိသေးသည့်အလား။
ပိုင်ကျီဟန်သည် မျက်မှောင်ကြုတ်လိုက်၏
ထို့နောက် ဧကရာဇ်ကို အလေးပြုလိုက်သည်။
သူမတ်မတ်ရပ်ပြီး ဧက္ကရာဇ်မျက်နှာကို ကြည့်နေ၏
ဧကရာဇ်၏ နောက်ဆုံးအချိန်က မည်သို့ရှိမည်ကို သူ မသိပေ
သို့သော်လည်း ဧကရာဇ် သက်ရှိထင်ရှားရှိစဉ်က မည်သို့သော လူစားမျိုးဖြစ်ခဲ့သည်ကိုမူ သူ ကောင်းစွာသိသည်။
အမြဲတမ်း သတိကြီးစွာထား၏
အင်အားစုများအကြား မျှခြေကို ထိန်းညှိ၏
တည်ငြိမ်မှုရရှိရန် အမြဲကြိုးစားခဲ့သူဖြစ်သည်။
ထိုတည်ငြိမ်မှုသည် ယာယီမျှသာဖြစ်ပြီး စစ်မှန်သော ငြိမ်းချမ်းရေးမဟုတ်ခဲ့ပေ။
သို့သော်လည်း တစ်ခုတော့ရှိ၏
ဤကဲ့သို့သော ကမ္ဘာကြီးတွင် တစ်ဦးတည်းရင်ဆိုင်ရန် မလွယ်ပေ။
အနည်းဆုံးတော့ ဧက္ကရာဇ်ပင် ဖရိုဖရဲဖြစ်ခဲ့၏
ပဋိပက္ခများအတွင်းသို့ သာမန်လူသားများ မကျရောက်စေရန် ကာကွယ်ပေးခဲ့ခြင်းမှာ အသိအမှတ်ပြုထိုက်ပေသည်။
ပိုင်ကျီဟန်၏ အကြည့်များ အနည်းငယ် ပျော့ပြောင်းသွားခဲ့သည်။
ဧကရာဇ်သည် ပိုင်မျိုးနွယ်စု၏ ဩဇာအာဏာကြီးထွားလာမှုကို သတိထားခဲ့၏
ဖိနှိပ်ရန် ကြိုးပမ်းခဲ့ဖူးသော်လည်း ထိုအရာမှာ သူ၏ ရာထူးနေရာအရ သဘာဝကျလှ၏
ပုဂ္ဂိုလ်ရေးအရ မုန်းတီးစရာမရှိပေ
တာဝန်ချင်း ဆန့်ကျင်ဘက်ဖြစ်နေခြင်းသာ ဖြစ်သည်။
အဆုံးမှာတော့ သူသည် အုပ်ချုပ်သူအနေဖြင့် သူလုပ်သင့်တာကိုလုပ်ခဲ့သည်သာ။
ထိုထက်မပိုပေ
ထိုထက်မလျော့ပေ
ထို့အပြင် သေလွန်သူကို မုန်းတီးနေခြင်းက အပိုသက်သက်သာ ဖြစ်ပေလိမ့်မည်။
ပိုင်ကျီဟန်သည် ဧကရာဇ်၏မျက်နှာထက်မှ မကျေနပ်မှုများကို နောက်ဆုံးအကြိမ် ကြည့်လိုက်ပြီးနောက်
"နောက်ဘဝမှာ အေးချမ်းပါစေ"
နောက်သို့ ဆုတ်ခွာလိုက်တော့သည်။
အားလုံးက ကွယ်လွန်သူဧကရာဇ်ကို အလေးပြုပြီးနောက်
ခန်းမကြီးအတွင်း မျက်လုံးပေါင်းများစွာ၏ အကြည့်များနှင့် စိတ်ရည်ရွယ်ချက်များက လေထုထဲတွင် အမြင်မရသော ဖိအားများအဖြစ် တည်ရှိနေ၏
အသုဘအခမ်းအနားကို စတင်ခဲ့သည်။
နက်ရှိုင်းလှသော ခေါင်းလောင်းသံကြီး မြည်စည်းချေပြီ
တစ်ချက်...
နှစ်ချက်...
သုံးချက်
ပဲ့တင်ထပ်သွားပြီး ခန်းမတစ်ခုလုံးသို့ ပျံ့နှံ့သွားကာ ခေတ်တစ်ခေတ်၏ နိဂုံးကို သယ်ဆောင်လာခဲ့သည်။
အသံအားလုံး ဆိတ်ငြိမ်သွား၏
လှုပ်ရှားမှုအားလုံး ရပ်တန့်သွား၏
အခမ်းအနားမှူးများသည် ရှေ့သို့ထွက်လာသည်။
သူတို့အမူအရာများက တည်ငြိမ်နေ၏
ရှေးဟောင်းထုံးတမ်းစဉ်လာအတိုင်း အမွှေးတိုင်များ ပူဇော်ခြင်း
ဒူးထောက်အလေးပြုခြင်းနှင့်
ဆုတောင်းစာများကို ရွတ်ဖတ်ခြင်းတို့ကို တိကျစွာ ဆောင်ရွက်ခဲ့ကြသည်။
အပေါ်ယံတွင် အရာအားလုံးက စနစ်တကျ ရှိနေ၏
သို့သော် ထိုအပေါ်ယံမြင်ကွင်း၏ အောက်ခြေ၌မူ... လှိုင်းတံပိုးအောက်မှ ရေစီးကြောင်းများက ပို၍ပင် အဓိပ္ပာယ်ဖော်ဆောင်နေခဲ့သည်
အဘယ်ကြောင့်ဆိုသော် အခမ်းအနား တရွေ့ရွေ့ တိုးတက်လာသည်နှင့်အမျှ... အင်အားစုအသီးသီး၏ ရပ်တည်ချက်များကလည်း တစ်စတစ်စ ပိုမိုထင်ရှားလာသောကြောင့် ဖြစ်၏။
မည်သူက မည်သည့်နေရာတွင် ရပ်တည်နေသလဲဆိုသည့် အချက်ကပင်... အရာခပ်သိမ်းကို အဆုံးအဖြတ်ပေးသွားမည် ဖြစ်ပေသည်။
မင်းသား၊ မင်းသမီးများ၏ နောက်ကွယ်တွင် အင်အားကြီး ပုဂ္ဂိုလ်များက ကပ်လျက်ရပ်နေကြ၏
ထိုအရာကပင် မည်သူ့ဘက်ကဖြစ်ကြောင်း စကားမလိုဘဲ သက်သေပြနေသောကြောင့်ပင်
လူတိုင်းနားလည်ပေသည်၊
ဤသည်မှာ အသုဘအခမ်းအနားတစ်ခု မဟုတ်တော့ပေ
ထီးနန်းလုပွဲအတွက် ဘက်ရွေးချယ်ခြင်း တိုက်ပွဲတစ်ခု ဖြစ်နေချေပြီ။
စတုတ္ထမင်းသမီး ယုချင်းယာသည် တည်ငြိမ်စွာရပ်နေ၏
သူ့နောက်ကွယ်တွင် နှင်းကြာပန်းနန်းဆောင် နှင့် ဆက်စပ်နေသော ဂိုဏ်းများက အေးစက်တည်ငြိမ်စွာ ရပ်နေကြသည်။
အေးစက်၍ ဝင့်ထည်လှပေစွ။
သတ္တမမြောက်မင်းသား ယုလောင်ရွှမ်ကမူ လုံးဝဥဿုံ ကွဲပြားခြားနားသော အရှိန်အဝါတစ်ခုကို ဆောင်ကြဉ်းထားသည်။
အချိန်မရွေး ပေါက်ကွဲထွက်လုလု စောင့်ဆိုင်းနေသော မုန်တိုင်းတစ်ခုကဲ့သို့ပင်။
နီညိုရောင်မိုးကြိုးနန်းတော်နှင့် တစ်လှေတည်းစီး တစ်စပ်တည်းရှိသူများက သူနှင့်မလှမ်းမကမ်းတွင် ရပ်တန့်နေကြပြီး၊ ၎င်းတို့၏ တည်ရှိမှုမှာ ထိန်းချုပ်ထားသည့်တိုင်အောင် ရန်လိုတိုက်ခိုက်လိုစိတ်များ လွှမ်းမိုးနေဆဲ ဖြစ်၏။
တတိယမြောက်မင်းသား ယုဝမ်ကျောက်ကမူ တည်ငြိမ်ရင့်ကျက်သော အမူအရာကို ထိန်းသိမ်းထားသည်။
သို့သော်ငြား သူ၏နောက်ကွယ်မှ အင်အားစုများမှာမူ ရိုးရှင်းလှသည်တော့မဟုတ်ပေ။
ထင်ရှားကျော်စော်ဆုံးအချက်မှာ သူအား ကာလရှည်ကြာ ထောက်ခံအားပေးလာခဲ့သည့် ကောင်းကင်ဘုံဖိနှိပ်ရေးခန်းမပင် ဖြစ်တော့သည်။
ထို့နောက်တွင်မူ နဝမမြောက်မင်းသမီး ယုဖေးယန်ရှိနေသည်။
သူမ၏ ထိုးထွက်လာမှုက မည်သူ့မျက်စိကိုမျှ လှည့်စား၍မရခဲ့ပေ။
သူမ၏နောက်ကွယ်၌ ရပ်တည်နေကြသူများမှာ အခြားသူများနှင့်မတူဘဲ ကွဲပြားစုံလင်လှသည်။ ၎င်းတို့မှာ မည်သည့်ဘက်မှမပါဝင်သော ကြားနေဂိုဏ်းများနှင့် လွတ်လပ်သော အင်အားစုများပင် ဖြစ်ကြ၏။
ခန့်မှန်းရခက်လှသော အင်အားစုတစ်ခုဖြစ်၏
လူအများအပြား တွက်ဆရန် ခဲယဉ်းနေသည့် အစုအဖွဲ့လည်း ဖြစ်သည်။ဤလေးဦးကား အထူးပင် ထင်ရှားပေါ်လွင်နေ၏
ငြင်းပယ်၍မရနိုင်သော အင်အားအကောင်းဆုံး ပြိုင်ဘက်ကြီးများ ဖြစ်ကြပေသည်။
သို့သော်လည်း... ထို့ထက်မညံ့ဘဲ ထပ်တူအရေးကြီးလှသည့် အချက်တစ်ချက် ရှိနေသေးသည်။
၎င်းမှာ အချို့သော အရှိန်အဝါကြီးမားသူများ ကွင်းပြင်ထဲ၌ ပျောက်ဆုံးနေခြင်းပင်။
ထိပ်သီးအနွယ်ကြီး သုံးစု။
၎င်းတို့ထဲမှ မည်သည့်အနွယ်ကမျှ မည်သည့်မင်းသား၊ မင်းသမီး၏ နောက်ကွယ်တွင်မှ ရပ်တည်မနေခဲ့ကြချေ။
လီမျိုးနွယ်
ကျောက်မျိုးနွယ်
တဖန် အရေးအကြီးဆုံးဖြစ်သည့် ပိုင်မျိုးနွယ်ကလည်း ပါဝင်မနေခဲ့ပေ။
သူတို့သည် သီးသန့်ခွဲထွက်လျက်...
ရောယှက်ခြင်းမရှိပေ။
ဘေးမှသာ စောင့်ကြည့်နေကြသည်။
ဤအချက်တစ်ခုတည်းနှင့်တင် အင်အားစုအသီးသီး၏ ရင်ထဲ၌ တိတ်ဆိတ်သော သက်ပြင်းချသံများနှင့်အတူ စိတ်သက်သာရာရမှုကို ဆောင်ကြဉ်းပေးနိုင်ခဲ့လေသည်။
အရှေ့ဆုံးမျက်နှာစာတွင်မူ ပထမမြောက်မင်းသား ယုကျီတီရှိနေသည်။
သူက အခြားသူများထက် အနည်းငယ် ရှေ့သို့တိုး၍ ရပ်တန့်နေခဲ့၏။
အခမ်းအနားတစ်ခုလုံးတွင် သူသည် အရှိန်အဝါအပြည့်ဖြင့် လှုပ်ရှားသွားလာနေခဲ့သည်။
လိုအပ်သည့်အချိန်တွင် စကားဆို၏
လိုအပ်ပါကလည်း လုပ်ငန်းစဉ်များကို ညွှန်ကြားဦးဆောင်နေခဲ့သည်။ သူပြုလုပ်သမျှ အရာအားလုံးသည် အိမ်ရှေ့စံမင်းသားတစ်ပါး ပြုမူအပ်သည့်အတိုင်း တိကျလှပေသည်။
နန်းတွင်းသူနန်းတွင်းသားများကလည်း သူ့အလိုကျ တုံ့ပြန်ကြ၏။
အမတ်များက သူ့ထံ သဘာဝကျကျပင် ဦးညွှတ်ရိုသေကြပြီး၊ အရာရှိများကလည်း သူ၏အမိန့်ညွှန်ကြားချက်ကို စောင့်ဆိုင်းနေကြသည်။
ရာထူးအမည်နာမ တရားဝင်မရရှိသေးသည့်တိုင်... သူသည် ထိုကဏ္ဍထဲသို့ ခြေစုံပစ်ဝင်ရောက်နေပြီဖြစ်သည်။ နန်းတွင်းတစ်ခုလုံးက အိမ်ရှေ့စံမင်းသားအား ဧကရာဇ်အသစ် ဖြစ်လာစေရန် ထောက်ခံနေကြသည်မှာ အထင်အရှားပင်။
ပြင်ပအနွယ်ကြီးများ၏ ထောက်ခံမှုအပိုင်းတွင်မူ...
သူသည် အင်အားအကောင်းဆုံးဟု မထင်မှတ်ရသော်လည်း
တော်ဝင်နန်းတွင်းကိုယ်တိုင်၏ အတွင်းပိုင်း၌မူ သူ၏အသာစီးရမှုမှာ ငြင်းပယ်၍မရနိုင်သော အချက် ဖြစ်ပေသည်။
နောက်ဆုံးအဆင့် ကျောက်စာမြေမြှုပ်ပူဇော်မှု အခမ်းအနားများ ဆက်လက်ဖြစ်ပွါးနေဆဲသာ
နံ့သာတိုင်များ လောင်ကျွမ်း၍ ပြာအဖြစ်သို့ ကူးပြောင်းသွားဆဲပင်
ကြေးစည်သံကြီး ဝုန်းကနဲ တစ်ချက် ထပ်မံမြည်ဟည်းသွားချိန်တွင်မူ...တက်ရောက်လာကြသူအားလုံး၏ နှလုံးသားအစုံ၌ တူညီသော အတွေးတစ်ခုက တိတ်တဆိတ် ပဲ့တင်ထပ်သွားခဲ့လေသည်။
ဧကရာဇ်မင်းမြတ်အား မြေမြှုပ်သင်္ဂြိုဟ်ပြီးစီးခဲ့ချေပြီ။
ရာဇပလ္လင်လုပွဲကြီး... ယခုပင် စတင်ချေပြီ။