အခန်း ၅၇၃
Vol. 39 Ch. 573
အခန်း ၅၇၃ ဝမ်းနည်းပူဆွေးမှု အခိုက်အတန့်လော... သို့မဟုတ် လှည့်စားမှုတစ်ခုလော...
နောက်ဆုံးအဆင့် ကျောက်စာမြေမြှုပ်ပူဇော်မှု အခမ်းအနားများ ပြီးဆုံးခြင်းသို့ ရောက်ရှိလာသည်နှင့်အမျှ ထွက်ပေါ်ခဲ့သော ကြေးစည်သံကြီးမှာလည်း တဖြည်းဖြည်း တိတ်ဆိတ်ခြင်းသို့ ကူးပြောင်းသွားခဲ့လေသည်။
နံ့သာတိုင်များမှာလည်း ပြာအဖြစ်သို့ လောင်ကျွမ်းလုနီးပါး ဖြစ်နေချေပြီ။
ဆုတောင်းမေတ္တာပို့သသံများ ငြိမ်သက်သွားခဲ့၏။
အခမ်းအနားထိန်း အရာရှိများကလည်း နောက်သို့ ဆုတ်ခွာသွားကြသည်။
ထိုသို့ဖြင့်... ရုတ်ချည်းပင် ဧကရာဇ်မင်းမြတ်၏ တော်ဝင်ဈာပန အခမ်းအနားကြီးသည် ပြီးမြောက်ခြင်းသို့ ရောက်ရှိသွားခဲ့တော့သည်။
စုရုံးရောက်ရှိနေကြသော အင်အားစုအသီးသီးသည် တစ်စုပြီးတစ်စု စတင်နောက်ဆုတ် ထွက်ခွာသွားကြလေသည်။
အချို့က တည်ငြိမ်စွာဖြင့်...
အချို့ကမူ တစ်ချက်ငဲ့စောင်း ကြည့်ရှုရင်းဖြင့်...
အချို့ကမူ ၎င်းတို့၏ မဟာမိတ်များထံသို့ တိတ်ဆိတ်သော အချက်ပြလှိုင်းများကို ထုတ်လွှင့်နေကြပြီ ဖြစ်သည်။
ပိုင်ကျီဟန်သည်လည်း လှည့်ပြန်၍ ထွက်ခွာရန် ပြင်လိုက်၏။
သူ့၌ ဤနေရာတွင် အချိန်ဆွဲ နှောင့်နှေးနေရန် အစီအစဉ်မရှိချေ။
ကြည့်ရှုရန် လိုအပ်သမျှ အရာအားလုံးကိုလည်း မြင်တွေ့ခဲ့ရပြီးပြီ မဟုတ်ပါလော။
သို့သော်လည်း... ထိုအချိန်၌ပင် သူ၏ခြေလှမ်းများ တုန့်ခနဲ ရပ်တန့်သွားခဲ့သည်။
သူ၏အကြည့်များက အခြားတစ်နေရာသို့ ရွေ့လျားသွား၏။
၎င်းအကြည့်တို့သည် မလှမ်းမကမ်းတွင် ရပ်တန့်နေသော ပုံရိပ်တစ်ခုထံသို့ ကျရောက်သွားခဲ့သည်။
နဝမမြောက်မင်းသမီး... ယုဖေးယန်
ထိုခဏ၌ ပိုင်ကျီဟန်၏ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့ရသည်။
သူမထံမှ တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားလိုက်ရသောကြောင့် ဖြစ်၏။
သူမ၏ ပုံမှန်အခြေအနေများနှင့်မတူဘဲ... ယခုတွင်မူ ထိုတည်ငြိမ်ပြီး အကွက်ချတွက်ချက်တတ်သော အမူအရာမျိုး ရှိမနေခဲ့ချေ။
တဖန် စိုက်ထုတ်နေစရာမလိုဘဲ အလိုအလျောက် ထွက်ပေါ်နေတတ်သည့် သိမ်မွေ့သော ညှို့ဓာတ် အရှိန်အဝါမျိုးလည်း ရှိမနေခဲ့ပေ။
ထိုအစား... သူမသည် လှုပ်ရှားမှုမရှိဘဲ တိတ်ဆိတ်စွာ ရပ်တန့်နေခဲ့သည်။
သူမ၏ မျက်နှာအမူအရာမှာ... အလွန်ပင် ညှိုးငယ် နှိမ့်ချနေလျက်။
သူမ၏ မျက်ဝန်းအစုံ၌ လွင့်ပျံနေသော ဝမ်းနည်းပူဆွေးမှု အရိပ်အယောင် ခပ်ဖျော့ဖျော့ကို မြင်တွေ့နေရသည်။
ထို့ထက်မက... မျက်ဝန်းတစ်ဝိုက်ရှိ သိမ်မွေ့သော နီမြန်းမှုများမှာလည်း လုံးဝဥဿုံ ပျောက်ကွယ်သွားခြင်း မရှိသေးချေ။
၎င်းမှာ ငိုကြွေးထားခဲ့သည့်နှယ်...။
ပိုင်ကျီဟန်၏ မျက်ခုံးအစုံ အနည်းငယ် တွန့်ကွေးသွားခဲ့ရသည်။
(ဘာတွေ ဖြစ်နေတာလဲ...)
ယုဖေးယန်သည် သူမ၏ စစ်မှန်သော ကိုယ်ပိုင်လက္ခဏာပင် မဟုတ်ချေ။
တဖန် သူတို့နှစ်ဦးကြားတွင် မည်သည့်ပတ်သက်မှုမျိုးမှ ရှိလိမ့်မည်မဟုတ်ဟုလည်း သူ တွေးဆထားခဲ့သည်။
သို့သော်ငြားလည်း ချင်လင်းရှောင်ကဲ့သို့သော လူစားမျိုးက ငိုကြွေးလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့မိချေ။
(ဟန်ဆောင်နေတာလား...)
ထိုသို့ဆိုလျှင်မူ အဓိပ္ပာယ်ရှိပေသည်။
ဝမ်းနည်းပူဆွေးမှုကို ဟန်ဆောင်ပြမည်။
သနားဂရုဏာကို သိမ်းပိုက်မည်။
သံသယစိတ်များကို လျှော့ချမည်။
ဤသည်မှာ ချင်လင်းရှောင်ကဲ့သို့သောသူအတွက်မူ လွယ်ကူစွာ ပြုလုပ်နိုင်သော အရာတစ်ခု ဖြစ်ပေသည်။
သို့သော်လည်း... တစ်ခုခုတော့ မှားယွင်းနေသကဲ့သို့ ခံစားနေရဆဲပက်။
သူမ၏ ဝမ်းနည်းမှုမှာ အလွန်ပင် စစ်မှန်လွန်းနေလှသဖြင့်... သူမသည် ယုဖေးယန် အစစ်အမှန် မဟုတ်ကြောင်းကိုသာ ကြိုတင်မသိရှိထားခဲ့ပါလျှင်၊ ၎င်းကို အမှန်တကယ် ပူဆွေးသောကရောက်နေခြင်းအဖြစ်သာ ရှုမြင်မိကြပေလိမ့်မည်။
သို့သော်... သူ အသေအချာ မသိနိုင်သေးချေ။တဖန် သူ့ကဲ့သို့သော လူစားမျိုးအတွက်မူ... ရေရေရာရာမရှိသော မရေရာမှုဟူသည် အလွန်ပင် မနှစ်သက်သော အရာတစ်ခု ဖြစ်သည်။
ပုံမှန်အားဖြင့်ဆိုလျှင်... သူမသည် သူ့ကို အလွယ်တကူ သတ်ဖြတ်နိုင်စွမ်းရှိသူ ဖြစ်သောကြောင့် သူ ရှောင်ရှားပေလိမ့်မည်။ သို့သော် ယခုအကြိမ်တွင်မူ သူ ကြောက်ရွံ့မနေခဲ့ချေ။
ပထမအချက်အနေဖြင့်... သူ၏ဖခင်နှင့် ပိုင်ရမ် တို့သည် ဤနေရာတွင် ရှိနေကြပြီး၊ ၎င်းတို့နှစ်ဦးစလုံးမှာ သူမထက် အားနည်းသည်ဆိုစေဦးတော့... ယခုကဲ့သို့သော အခြေအနေမျိုး၌ ချင်လင်းရှောင်အနေဖြင့် လှုပ်ရှားလိုလျှင်ပင်... သက်သေအထောက်အထားများအားလုံးကို ဖျောက်ဖျက်ရန် လူတိုင်းကို သတ်ဖြတ်ပစ်ရန် ရည်ရွယ်ချက်မရှိပါက... သူမ လှုပ်ရှားနိုင်
လိမ့်မည်မဟုတ်ချေ။
မဆိုင်းမတွပင် ပိုင်ကျီဟန်သည် သူ သွားမည့်ဦးတည်ရာကို ပြောင်းလဲလိုက်သည်။
ပြီးနောက်... ယုဖေးယန် ရှိရာထံသို့ ဦးတည်၍ လျှောက်လှမ်းသွားခဲ့တော့သည်။
သူ၏ လှုပ်ရှားမှုက လူအများ၏ အာရုံစိုက်မှုကို မလွတ်ကင်းခဲ့ချေ။
"ပိုင်ကျီဟန်က... နဝမမြောက်မင်းသမီးဆီကို ဦးတည်သွားနေတာလား..."
"သူမကို သူ ထောက်ခံလိုက်တာလား..."
"အဲဒါ မဖြစ်နိုင်တာ။ အရင်က သူ သူမကို ငြင်းပယ်ခဲ့တာ မဟုတ်ဘူးလား။ သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုပတ်သက်မှုမှ ရှိမနေသင့်ဘူးလေ။"
"ဒါဆို... ဒါက ဘာကို ဆိုလိုတာလဲ..."
လူအနည်းငယ်က ထက်ရှသော အကြည့်များကို အပြန်အလှန် လဲလှယ်လိုက်ကြသည်။
၎င်းတို့၏ မျက်နှာအမူအရာများက သိမ်မွေ့စွာ ပြောင်းလဲသွားခဲ့၏။
"သူမက သူ့ကို တစ်နည်းနည်းနဲ့ ညှို့ယူဖမ်းစားလိုက်တာလား..."
"အဲဒါက ဘယ်တုန်းက ဖြစ်သွားတာလဲ..."
တုန်လှုပ်ခြင်း။
ဝေခွဲမရခြင်း။
တွေးတောမှန်းဆခြင်း။
ထိုအရာအားလုံးသည် တောမီးကဲ့သို့ပင် အလျင်အမြန် ပျံ့နှံ့သွားခဲ့လေသည်။
သို့သော် ထိုသူအားလုံးထဲတွင်... မျက်မြင်ကိုယ်တွေ့ အထိခိုက်ဆုံးဖြစ်သွားရသူများမှာ ယုဖေးယန်၏ နောက်ကွယ်တွင် ရပ်တည်နေကြသူများပင် ဖြစ်၏။
၎င်းတို့၏ မျက်ဝန်းများ ဝင်းပသွားခဲ့ကြသည်။
စိတ်လှုပ်ရှားမှု လှိုင်းတံပိုးများ သူတို့အတွင်း၌ လျှံတက်လာခဲ့၏။
(ပိုင်ကျီဟန်သာ သူမကို ထောက်ခံပေးမယ်ဆိုရင်...)
တွေးတောမှုတစ်ခုက သူတို့၏ စိတ်အစဉ်၌ ပဲ့တင်ထပ်သွားခဲ့သည်။
(ဒါဆိုရင် အောင်ပွဲက ငါတို့လက်ထဲ ရောက်ပြီပဲ။)
(တကယ် တော်ပါပေတယ်... မင်းသမီးလေး။)
ယုဖေးယန်သည် ပိုင်ကျီဟန် သူမ၏အရှေ့တွင် ရောက်ရှိရပ်တန့်နေပြီဖြစ်သော အချိန်ကျမှသာ သူ့ကို သတိပြုမိလိုက်တော့သည်။
ထိုခဏ၌ စစ်မှန်သော အံ့အားသင့်မှု အရိပ်အယောင်တစ်ခုက သူမ၏ မျက်နှာပြင်ပေါ်တွင် ဖြတ်သန်းသွားခဲ့၏။
သူမထံသို့ သူ ချဉ်းကပ်လာလိမ့်မည်ဟု သူမ အမှန်တကယ်ပင် မျှော်လင့်မထားခဲ့ချေ။
ပိုင်ကျီဟန်သည် သူမနှင့် တစ်လှမ်းအကွာအဝေးမျှသာ လိုတော့သည့်နေရာတွင် ခြေလှမ်းကို ရပ်တန့်လိုက်လေတော့သည်။
သူ၏ မျက်နှာအမူအရာမှာ တည်ငြိမ်မြဲ တည်ငြိမ်နေဆဲ ဖြစ်သော်လည်း၊ သူ၏အကြည့်များကမူ ယုဖေးယန်ထံ၌ ခေတ္တမျှ စွဲထင်ကျန်ရစ်နေခဲ့သည်။
ထို့နောက်... သူသည် ညင်သာသော လေသံဖြင့် စတင်စကားဆိုလိုက်၏။
"မင်းသမီးလေး... စိတ်မကောင်းပါဘူးဗျာ..."
ခေတ္တမျှ တိတ်ဆိတ်သွားသည်။
"ဧကရာဇ်မင်းမြတ် ကွယ်လွန် အနိစ္စရောက်ရတာဟာ အင်ပါယာကြီးအတွက်တော့ တကယ့်ကို ကြီးမားတဲ့ ဆုံးရှုံးမှုကြီးပါပဲ။"
သူ၏ စကားလုံးများမှာ စနစ်တကျရှိလှပြီး တော်ဝင်နန်းတွင်း လုပ်ထုံးလုပ်နည်းများနှင့်လည်း ကိုက်ညီလှပေသည်။
သို့သော်ငြား ထိုစကားလုံးများ၏ အောက်ခြေ၌မူ အခြားသော အဓိပ္ပာယ်တစ်ခု ကိန်းအောင်းနေခဲ့၏။
"ဒါပေမဲ့ ပြီးခဲ့တဲ့ အတိတ်ကိုတော့ ပြောင်းလဲလို့မရနိုင်ဘူး မလား။"
သူ၏ အသံမှာ အနည်းငယ် ပို၍ တိုးညှင်းသွားခဲ့သည်။
"ကိုယ်ခန္ဓာကို ဂရုစိုက်ပြီး... ရှေ့ဆက် လျှောက်လှမ်းရပါမယ်။"
သူ ဆိုလိုက်သော ထိုစကားလုံးများသည် သူတို့နှစ်ဦးကြားရှိ မသိမသာသော ရင်းနှီးကျွမ်းဝင်မှု အရိပ်အယောင်တစ်ခုကို ဆောင်ကြဉ်းနေခဲ့လေသည်။
ယုဖေးယန်သည် ခေတ္တမျှ ကြောင်အသွားခဲ့ရ၏။
သူမ၏ နှုတ်ခမ်းအစုံ အနည်းငယ် ပွင့်ဟသွားသည်။
သို့သော်လည်း စကားလုံးများကမူ ချက်ချင်း ထွက်ပေါ်မလာခဲ့ချေ။
"ကျ... ကျေးဇူးတင်ပါတယ်... သခင်လေးပိုင်..."
သူမ၏ အသံမှာ အလွန်ပင် တိုးညှင်းလှသည်။
ထို့အပြင် ထိုအသံထဲ၌ ဖုံးကွယ်မရသော တုန်ရီမှု ခပ်ဖျော့ဖျော့လည်း ပါဝင်နေခဲ့သေး၏။
သူမသည် သူမ၏ အကြည့်များကို အနည်းငယ် အောက်သို့ နှိမ့်ချလိုက်သည်။
သူမ၏ လက်ချောင်းများကလည်း ဝတ်ရုံလက်အင်္ကျီစကို မသိမသာ တင်းကျပ်စွာ ဆုပ်ကိုင်ထားမိ၏။
သူမသည် ယဉ်ကျေးသိမ်မွေ့ပြီး စနစ်တကျ ရှိလှသော်လည်း စကားလုံးများမှာမူ ထစ်ငေါ့နေခဲ့သည်—သို့သော် ဤအရာကို ဘေးလူများအနေဖြင့် ဝမ်းနည်းပူဆွေးမှုကြောင့် စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ခြင်းဟုသာ ယူဆနိုင်ပေသည်။
(သူမသာ ဟန်ဆောင်နေတာဆိုရင်တော့... အော်စကာဆုတောင် ပေးရမယ်။)
ပိုင်ကျီဟန် သည် သူမကို အကဲခတ်ရင်း စိတ်ထဲမှ တွေးတောလိုက်မိသည်။
"ဟင်း..."
တစ်ခုခုတော့ လုံးဝကို လွဲချော်မှားယွင်းနေချေပြီ။
လူတစ်ယောက်သည် မည်မျှပင် သရုပ်ဆောင် ကောင်းသည်ဆိုစေဦးတော့... သူမ၏ အံ့အားသင့်သွားမှုနှင့် ကြောက်လန့်တကြား တုန်ရီသွားမှုတို့မှာမူ လွန်စွာမှပင် သဘာဝကျလွန်းနေလှသည်။
၎င်းမှာ... ကွက်တိ ဖြစ်နေသည့်နှယ်
ထိုအတွေးစသည် သူ၏စိတ်ထဲတွင် အပြည့်အဝ ပုံဖော်မပြီးဆုံးသေးမီမှာပင်... ပုံရိပ်တစ်ခုက ရုတ်ချည်း ရှေ့သို့ တိုးထွက်လာခဲ့သည်။
"မင်းသမီးလေးအပေါ် အခုလို ဂရုတစိုက် ရှိပေးတဲ့အတွက် ပိုင်အနွယ်ခေါင်းဆောင်ကို ကျေးဇူးတင်ရှိပါတယ်ရှင်။"
ထိုအသံမှာ ရိုသေလေးစားမှု အပြည့်ရှိသော်လည်း အကွက်ချ တွက်ချက်ထားမှန်း သိသာလှပေသည်။
သူမကား ယုဖေးယန်၏ အနီးကပ်အစေခံပင် ဖြစ်၏။
သူမသည် ရှေ့သို့ အနည်းငယ် တိုးထွက်လာပြီး၊ ဤအခိုက်အတန့်ကို မသိမသာ ကြားဖြတ်နှောင့်ယှက်ရန် လုံလောက်သော နေရာတစ်ခုတွင် ဝင်ရောက်ရပ်တန့်လိုက်သည်။
သူမ၏ ရပ်တည်ပုံ အနေအထားမှာ အပြစ်ဆိုဖွယ်မရှိ တင့်တယ်လှပေသည်။
သူမ၏ မျက်နှာအမူအရာမှာလည်း တည်ငြိမ်ရင့်ကျက်လျက်။
"ဧကရာဇ်မင်းမြတ် ကွယ်လွန်သွားတာကြောင့် မင်းသမီးလေးခမျာ တကယ့်ကို စိတ်ထိခိုက် ဝမ်းနည်းနေရရှာတာပါ။"
သူမက ညင်သာစွာ ဆက်လက်ပြောဆိုလိုက်သည်။
"သခင်လေးပိုင်လိုမျိုး စာနာထောက်ထားတတ်တဲ့သူ တစ်ယောက်က... ကိုယ်တိုင်ကိုယ်ကျ လာရောက်နှစ်သိမ့်ပေးတာဟာ တကယ်ကိုပဲ ကံကောင်းလှပါတယ်။"
သူမ၏ စကားလုံးများမှာ သဘာဝကျကျ စီးမျောနေသော်လည်း ၎င်းတို့၏ ရည်ရွယ်ချက်မှာမူ ရှင်းလင်းထင်ရှားလှပေသည်။
၎င်းကို စောင့်ကြည့်နေကြသော လူတိုင်း၏ မျက်စိထဲတွင်မူ... အခြားသော ပုံရိပ်တစ်ခုအဖြစ် ပုံဖော်သွားခဲ့လေပြီ။
၎င်းမှာ ရင်းနှီးကျွမ်းဝင်မှု။
နီးစပ်မှု။
ပိုင်ကျီဟန်နှင့် ယုဖေးယန်တို့အကြားတွင် ပိုမိုနက်ရှိုင်းသော ပတ်သက်မှုတစ်ခု ရှိနေသည့်
အလား။
နိုင်ငံရေး ကစားကွက်တစ်ခုပင်။
ပတ်ဝန်းကျင်မှ တိုးတိုးတိတ်တိတ် ပြောဆိုသံများက ရုတ်ချည်း ပြောင်းလဲသွားခဲ့တော့သည်။
"ငါ သိသားပဲ... သူတို့နှစ်ယောက်ကြားမှာ တစ်ခုခု ရှိနေတာ..."
"ဒါဆို... အဲဒါက အမှန်ပဲပေါ့..."
"ပိုင်ကျီဟန်က နဝမမြောက်မင်းသမီးကို တကယ်ပဲ ထောက်ခံနေတာလား..."
ယုဖေးယန်၏ အင်အားစုများအကြားတွင် စိတ်လှုပ်ရှားမှု လှိုင်းတံပိုးများ ပိုမိုမြင့်
တက်လာခဲ့သည်။
သူတို့၏ အစောပိုင်းက မျှော်လင့်ချက်ကလေးမှာ ယခုတွင်မူ လက်တွေ့ဖြစ်လာသကဲ့သို့ ခံစားလိုက်ရပြီ မဟုတ်ပါလော။
ပိုင်ကျီဟန်၏ အကြည့်များက ဖြည်းညှင်းစွာ ရွေ့လျားသွားခဲ့သည်။
ယုဖေးယန်ထံမှသည်...
ထိုအစေခံမိန်းကလေးထံသို့။
သူသည် သူမကို တိတ်ဆိတ်စွာ စိုက်ကြည့်
လိုက်၏။
သူ၏ မျက်ဝန်းအစုံထဲ၌ မည်သည့်အတွေးကိုမျှ ဖတ်ရှု၍မရနိုင်ချေ။
ထို့နောက်တွင်မူ... သူ၏ နှုတ်ခမ်းဖျား၌ သိမ်မွေ့သော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
(အော်... ဒါကြောင့်ကိုး။)
ထိုခဏချင်းမှာပင်... သူ အရာအားလုံးကို သဘောပေါက် နားလည်သွားခဲ့တော့သည်။
သူ့အရှေ့တွင် ရှိနေသော ယုဖေးယန်မှာ ယုဖေးယန် အစစ်အမှန်ဖြစ်ပြီး... ချင်လင်းရှောင် မဟုတ်ချေ။
တဖန် ချင်လင်းရှောင်မှာမူ... ယခုအရှေ့တွင် ရှိနေသော အစေခံမိန်းကလေးပင် ဖြစ်၏။
သူမနှင့် ပတ်သက်သမျှ အရာအားလုံးက ကွဲပြားခြားနားနေသည်ဆိုစေဦးတော့... ယခင်က ချင်လင်းရှောင်နှင့် စကားဆိုခဲ့စဉ်က ခံစားခဲ့ရသော ထိုမသက်မသာဖြစ်မှုမျိုးကိုပင် သူ ထပ်မံခံစားလိုက်ရခြင်း ဖြစ်သည်။
အစပိုင်းတွင်မူ... ယုဖေးယန်သည် ချင်လင်းရှောင်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး၊ သူမက ၎င်းနေရာတွင် အစားဝင်ယူထားခြင်း ဖြစ်လိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့မိသည်။
သို့သော်ငြားလည်း အခြေအနေများမှာ သူထင်ထားခဲ့သည်နှင့် ကွဲပြားခြားနားနေပုံရပေသည်။ ပြီးခဲ့သည့်အကြိမ်က ချင်လင်းရှောင်သည် ယုဖေးယန်အား သူမ၏ခမည်းတော်နှင့် တွေ့ဆုံရန် ခေါ်ဆောင်လာခဲ့ပုံကို ပြန်ပြောင်းတွေးကြည့်လျှင်မူ... သူတို့နှစ်ဦးကြားရှိ ဆက်ဆံရေးမှာ အဆင်ပြေလှပြီး၊ ယုဖေးယန်ကိုယ်တိုင်ကလည်း သူမနှင့် ပူးပေါင်း ဆောင်ရွက်နေခြင်း ဖြစ်ပုံရသည်။
ချင်လင်းရှောင် အစေခံအဖြစ် အသွင်ပြောင်းလဲထားခြင်းမှာမူ... ယုဖေးယန်အား အမှောင်ထဲမှနေ၍ ကူညီစောင့်ရှောက်ပေးရန်
အတွက်သာ ဖြစ်ပေလိမ့်မည်။
အဆုံးစွန်၌မူ... တော်ဝင်ဈာပန အခမ်းအနားကြီး ပြီးဆုံးသွားသည်နှင့်အမျှ အခြားသော မင်းသား သို့မဟုတ် မင်းသမီးများက ချက်ချင်း လှုပ်ရှားလာမည်မဟုတ်ဟု မည်သူမျှ အာမမခံနိုင်ချေ။
ယုဖေးယန်၏ နှိုင်းယှဉ်ချက်အရ နည်းပါးလှသော အင်အားဖြင့်ဆိုလျှင်မူ... သူမ၌ ခုခံနိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ။
တဖန် သူမသာ သေဆုံးသွားခဲ့ပါလျှင်...
ချင်လင်းရှောင် စိုက်ထုတ်ခဲ့သမျှ ကြိုးပမ်းအားထုတ်မှု အားလုံးသည်လည်း အချည်းနှီး သဲထဲရေသွန် ဖြစ်သွားရပေလိမ့်မည်။