← Chapters

အခန်း ၅၇၅

Vol. 39 Ch. 575

အခန်း ၅၇၅

Vol. 39 Ch. 575

အခန်း ၅၇၅ ဖရိုဖရဲ ပထမည

ဈာပန အခမ်းအနား ပြီးဆုံးသွားခဲ့ပြီ။

ထိုသို့ဖြင့်... အရာအားလုံးသည် မည်သို့မျှ မဖြစ်ခဲ့သည့်အလား ပုံမှန်အတိုင်း ပြန်လည်လည်ပတ်သွားတော့သည်။

အင်ပါယာ မြို့တော်ကြီးသည်လည်း ၎င်း၏ စည်းချက်ဟောင်းအတိုင်း ဖြည်းညှင်းစွာ ပြန်လည်လှုပ်ရှားလာ၏။

နှဖူးစည်းအဖြူများ တိမ်းစောင်းဆွဲချိတ်ထားဆဲဖြစ်ပြီး ဝမ်းနည်းခြင်း အငွေ့အသက်များ လုံးဝဥဿုံ မပယ်ဖျောက်သေးသော်လည်း—ထိုအောက်ခြေတွင်မူ လူတို့၏ ဘဝသည် ဆက်လက်ရွေ့လျားနေဆဲပင်။

အနည်းဆုံးတော့... မျက်နှာပြင်ပေါ်တွင်သာ။

သို့သော် ဈာပနပြီး၍ တစ်ရက်မျှသာ ရှိသေးသည့် အချိန်တွင် တုန်လှုပ်ချောက်ချားဖွယ် သတင်းဆိုးတစ်ခု ဝုန်းခနဲ ပျံ့နှံ့သွားခဲ့သည်။

ခြောက်သွေ့နေသော မြက်တောထဲသို့ မီးပွားတစ်ခု ကျရောက်သွားသည့်အလား။

"၁၁ ယောက်မြောက်မင်းသား... လုပ်ကြံခံလိုက်ရပြီ။"

ထိုသတင်းကြောင့် မြို့တော်တစ်ခုလုံးသာမက အင်ပါယာ၏ အခြားသော နယ်ပယ်အသီးသီးပါ တုန်လှုပ်ချောက်ချားသွားရတော့သည်။

ကြေညာချက်က ရုတ်တရက်ဆန်လွန်းလှ၏။

၁၁ မြောက်မင်းသား ကွယ်လွန်လေပြီ။

သူ့ကို မိမိ၏ ကိုယ်ပိုင်စံအိမ်တော်အတွင်း၌ပင် အသက်မဲ့လျက် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

အိပ်ဆောင်အတွင်း၌ လုံးထွေးသတ်ပုတ်ထားသည့် အရိပ်အယောင်မျိုး လုံးဝမရှိပေ။

အတင်းအကျပ် ကျူးကျော်ဝင်ရောက်ထားသည့် အထောက်အထားလည်း မတွေ့ရချေ။

မည်သည့် သဲလွန်စမျှ ချန်ထားရစ်ခြင်းမရှိပေ။

သူ့၏ အသက်ဝိညာဉ်ကင်းမဲ့နေသော ရုပ်အလောင်းတစ်ခုသာ ကျန်ရှိခဲ့သည်။

ပုံမှန်အတိုင်း အစားအစာ လာရောက်ပို့ဆောင်သည့် အစေခံမိန်ကလေးတစ်ဦးက အခန်းထဲသို့ ဝင်ရောက်ရာမှ မင်းသား၏ အသက်မဲ့နေသော ရုပ်ကလာပ်ကို ပထမဆုံး မြင်တွေ့ခဲ့ရခြင်းဖြစ်သည်ဟု ဆိုကြသည်။

ထိုသတင်းဆိုးကို လူတို့ ရင်ထဲ၌ မချေဖျက်နိုင်သေးမီမှာပင် နောက်ထပ် သတင်းဆိုးတစ်ခုက ထပ်မံ ထွက်ပေါ်လာပြန်သည်။

"၁၃ယောက်မြောက် မင်းသမီးလေးလည်း လုပ်ကြံခံလိုက်ရပြန်ပြီ။"

တော်ဝင်သွေးသား နှစ်ဦးစလုံး။

အင်ပါယာဧကရာဇ်မင်းမြတ်၏ ဈာပနအပြီး တစ်ရက်မပြည့်မီ အချိန်လေးအတွင်းမှာတင် အသက်ပျောက်သွားခဲ့ရသည်။

ပလ္လင်လုပွဲ၌ သွေးချောင်းစီးလိမ့်မည်ဟု ကြိုတင်တွေးဆထားသူများပင်လျှင် ယခုကဲ့သို့ ပထမဆုံးနေ့မှာတင် အရှိန်အဟုန်ပြင်းပြင်းနှင့် သတ်ဖြတ်ခြင်း ခံရလိမ့်မည်ဟု မမျှော်လင့်ထားမိကြချေ။ ယခုလုပ်ရပ်က ရက်စက်လွန်းလှပေသည်။

ဂလု...

လူအများအပြားမှာ တံတွေးကို အသာအယာ မြိုချလိုက်မိကြ၏။

ပလ္လင်လုပွဲ၏ ရက်စက်ကြမ်းကြုတ်မှုကို တစ်ခါမျှ မကြုံဖူးကြသူများအဖို့ ပထမဆုံးနေ့မှာတင် ယခုကဲ့သို့ ရက်စက်ကြမ်းကြုတ်လှသည့် အခင်းအကျင်းကို တွေ့လိုက်ရသဖြင့် ကြောက်ဒူးတုန်သွားကြရသည်။

တော်ဝင်သွေးသားတွေကြားမှာ မောင်နှမသံယောဇဉ် ဆိုတာ တကယ်ပဲ မရှိကြဘူးလား။

မှန်ပေသည်။ ထီးနန်းပလ္လင်အတွက်ဆိုလျှင် ထိုသွေးသားတော်စပ်မှုများက မည်သည့်အရာကိုမျှ တားဆီးနိုင်စွမ်း မရှိပုံရ၏။

ယခုမှပင် သူတို့ အားလုံး သဘောပေါက်သွားကြတော့သည်။

ဤသည်ကပင်... ပလ္လင်လုပွဲ အစစ်အမှန် ဖြစ်ပေသည်။

သို့သော် လူတိုင်း၏ စိတ်ထဲတွင် မေးခွန်းတစ်ခုသာ ရှိနေကြ၏။

ဘယ်သူ လုပ်တာလဲ။

အဖြေကတော့ ရှင်းလင်းလှပေသည်။

ကျန်ရှိနေသည့် မင်းသားများထဲက တစ်ဦးဦး...

သို့မဟုတ် မင်းသမီးများထဲက တစ်ဦးဦးပင် ဖြစ်ရမည်။

သူတို့အားလုံးတွင် လုပ်ကြံရန် ခိုင်လုံသော အကြောင်းပြချက်ကိုယ်စီ ရှိကြသလို၊ လုပ်ဆောင်နိုင်စွမ်းလည်း အသီးသီး ရှိကြပေသည်။

စုံစမ်းစစ်ဆေးရေးပိုင်းကို ကြည့်မည်ဆိုလျှင်မူ...

အင်ပါယာနန်းတွင်း အရာရှိကြီးများသည် တော်ဝင်မိသားစုဝင်တစ်ဦး သေဆုံးမှုဖြစ်၍ အလေးအနက်ထားဟန် ဆောင်ကြလိမ့်မည်မှာ သေချာသည်။ သို့သော် အပေါ်ယံပေါ်တွင်သာ ဖြစ်လိမ့်မည်။

သတ်ဖြတ်သူ အစစ်အမှန်ကို အတိအကျ မသိရသေးသော်လည်း မင်းသားများနှင့် မင်းသမီးများထဲက တစ်ယောက်ယောက်ဖြစ်ကြောင်းကို မည်သူမဆို အရိပ်အမြွက် သိရှိနေကြသည်။

၎င်းတို့၏ အဆင့်အတန်းနှင့် အာဏာက မြင့်မားလွန်းလှသဖြင့် အရာရှိများအနေဖြင့် လွတ်လပ်စွာ စုံစမ်းရန် မဖြစ်နိုင်ပေ။

အကယ်၍ စည်းကျော်သွားပါက စုံစမ်းသူ၏ အသက်ပင် ချက်ချင်း ပျောက်ပျက်သွားနိုင်သည်။

ထို့ကြောင့် ၎င်းတို့အနေဖြင့် အလုပ်ကို အလေးအနက် လုပ်ဆောင်နေသည့် ပုံစံမျိုးသာ ပြသနိုင်ပြီး အစစ်အမှန်တွင်မူ ဤအမှုများသည် မည်သည့်နေရာသို့မျှ ရောက်ရှိသွားလိမ့်မည် မဟုတ်ပေ။

"ဟူး... တော်ဝင်မင်းသားတွေ၊ မင်းသမီးတွေရဲ့ အသက်က တစ်နေ့မှာ ကျုပ်ထက်တောင် တန်ဖိုးမရှိ ဖြစ်သွားလိမ့်မယ်လို့ မထင်ထားမိဘူး။"

ခုန်ကျန်းဟုန်က သက်ပြင်းကို ခပ်ဖွဖွချရင်း ရေရွတ်လိုက်သည်။

သူ့လေသံထဲတွင် သရော်လှောင်ပြောင်သည့် အရိပ်အယောင်မျှ မပါဝင်ပေ။

လေးလံလှသော လက်တွေ့ဘဝ၏ အမှန်တရားသာ ကိန်းအောင်းနေ၏။

ယခုကဲ့သို့သော အချိန်ကာလမျိုးတွင် ဤစကားသည် အမှန်တရားတစ်ခုပင် ဖြစ်သည်။

တစ်ချိန်က မည်သူမျှ မထိရဲ၊ မကိုင်ရဲလောက်အောင် မြင့်မြတ်လှသော၊ ရိုသေလေးမြတ်ခြင်း ခံခဲ့ရသော တော်ဝင်သွေးသားများ၏ အသက်သည် ယခုအခါ ပန်းပွင့်ဖတ်လေးများကဲ့သို့ ကြွေလွင့်လွယ်လွန်းလှပေသည်။

အလွယ်တကူ စွန့်ပစ်ခြင်း ခံလိုက်ရသည့်အလား။

မင်းသားတစ်ပါး သေဆုံးသွားသည်။

မင်းသမီးတစ်ပါး ကွယ်လွန်သွားသည်။

သူတို့ သေဆုံးသွားခြင်းက ရေပြင်ပေါ်သို့ ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ ဂယက်အနည်းငယ်သာ ထသဖြင့် ပြီးဆုံးသွားရုံသာ ရှိတော့သည်။

ပိုင်ကျီဟန်က သူ့ဘေးတွင် တည်ငြိမ်သော မျက်နှာအမူအရာဖြင့် ရပ်နေခဲ့သည်။

သူက ထိုစကားကို ငြင်းဆန်ခြင်း မပြုခဲ့ပေ။ အကြောင်းမှာ ထိုအရာက အမှန်တရား ဖြစ်နေသောကြောင့်ပင်။

လူပေါင်းများစွာ အားကျအတုယူရသည့် တော်ဝင်မိသားစုဝင်အဖြစ် မွေးဖွားလာခြင်း...

အာဏာ...

အဆင့်အတန်း...

သြဇာတိက္ကမ...

သို့သော် ယခုအချိန်တွင်မူ ထိုအရာအားလုံးက သနားစရာကောင်းသော အလှဆင်မှုများသာ ဖြစ်နေတော့သည်။

ပိုင်ကျီဟန်၏ မျက်ဝန်းများက အနည်းငယ် လှုပ်ရှားသွားပြီး စိတ်ဝိညာဉ်ကို တည်ငြိမ်အောင် ထိန်းထားလိုက်သည်။

ရက်စက်လွန်းလှသော်လည်း ဤအရာက ရှောင်လွှဲ၍မရနိုင်သော ကံကြမ္မာပင် ဖြစ်၏။

ဤလမ်းစဉ်ကို သူတို့ကိုယ်တိုင် ရွေးချယ်ခဲ့ကြခြင်း မဟုတ်ပါလော။

ထီးနန်းပလ္လင်ကို သူတို့ စတင် မျှော်မှန်းခဲ့သည့် အခိုက်အတန့်ကတည်းက စစ်တလင်းပြင်ထဲသို့ ခြေတစ်ဖက် လှမ်းဝင်ခဲ့ပြီးသား ဖြစ်သည်။

ထိုစစ်တလင်းသည် နောက်ဆုတ်ရန် လမ်းမရှိသော နေရာဖြစ်၏

အဆုံးသတ်တွင်မူ အောင်ပွဲ သို့မဟုတ် သေခြင်းတရားသာ ရှိပေသည်။

ထိုအထဲတွင် ပလ္လင်လုပွဲမှ နှုတ်ထွက်ခဲ့ပြီး ထီးနန်းကို လုယူရန် စိတ်ကူးမရှိကြသည့် မင်းသား၊ မင်းသမီး အချို့လည်း ရှိနေကြပေသေးသည်။

ပိုင်ကျီဟန် တွေးမိသည်က ယခုကဲ့သို့သော အခြေအနေမျိုး ဖြစ်ပျက်လာရခြင်းမှာ ယခင် ဧကရာဇ်မင်းမြတ်၌လည်း တာဝန်မကင်းလှပေ။

အကယ်၍ ယခင်ဧကရာဇ်သာ ထီးနန်းဆက်ခံမည့်သူကို စနစ်တကျ လေ့ကျင့်ပေးခဲ့ပြီး ထီးနန်းလုချင်သူ အခြားသူများကို ကြိုတင်ဖိနှိပ်ထားခဲ့ပါက၊ သူကွယ်လွန်ပြီးနောက် ယခုကဲ့သို့ သွေးချောင်းစီးစရာ အကြောင်း ရှိလိမ့်မည်မဟုတ်ပေ။

ယခု ဖြစ်ပျက်နေသမျှအရာအားလုံးသည် သူစိုက်ခဲ့သည့် အသီးအပွင့်၏ အကျိုးဆက်များသာ ဖြစ်ပေသည်။

ပိုင်ကျီဟန်က သက်ပြင်းကို ခပ်ဖွဖွ မှုတ်ထုတ်လိုက်ရင်း...

ထို့နောက် သူ့အကြည်က ခုန်ကျန်းဟုန်ထံသို့ ရောက်ရှိသွားသည်။

"ဒါနဲ့... ဒါကို ဘယ်သူလုပ်လဲဆိုတာ စုံစမ်းရမိပြီလား။"

ခုန်ကျန်းဟုန်က ခေါင်းကို အသာအယာ ခါယမ်းလိုက်ရင်း

"သခင်လေး... လောလောဆယ်တော့ အတိအကျပြောဖို့ ခက်ခဲနေပါသေးတယ်။"

သတင်းရရှိပြီး တစ်ရက်ပင် မပြည့်သေးသည့် အချိန်ဖြစ်၍ ၎င်းတို့၏ သတင်းကွန်ရက် မည်မျှပင် ကျယ်ပြန့်စေကာမူ ယခုကဲ့သို့ လျှို့ဝှက်ဆန်းကြယ်လှသော အမှုကို ချက်ချင်း စုံစမ်းရန် မလွယ်ကူပေ။

"ဒါပေမဲ့ အသတ်ခံရတဲ့သူတွေကို ကြည့်ပြီး ခန့်မှန်းရမယ်ဆိုရင်တော့... သံသယဖြစ်စရာ လူနည်းစုပဲ ရှိပါတယ်။"

ပိုင်ကျီဟန်၏ မျက်ဝန်းများက အနည်းငယ် ကျဉ်းမြောင်းသွားပြီး...

"အို... ဘယ်သူတွေလဲ။"

ခုန်ကျန်းဟုန်က သူ့လေသံကို ပို၍ နှိမ့်လိုက်

ရင်း

"ပထမမင်းသားနဲ့ ဒုတိယမင်းသားတို့ပဲ ဖြစ်ပါလိမ့်မယ်။"

ပိုင်ကျီဟန်၏ မျက်ဝန်းများထဲတွင် နားလည်သဘောပေါက်သွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။

ခုန်ကျန်းဟုန်က ဆက်လက်၍ ရှင်းပြလေသည်။

"၁၁ယောက်မြောက်မင်းသားနဲ့ ၁၃ယောက်မြောက် မင်းသမီးလေးတို့ရဲ့ ဩဇာအာဏာက အင်ပါယာနန်းတော်နဲ့ မြို့တော်အတွင်းမှာပဲ အဓိကအခြေစိုက်တာပါ။"

"အဲဒီနေရာကပဲ ပထမမင်းသားနဲ့ ဒုတိယမင်းသားတို့ အားသာချက်အရှိဆုံး နယ်ပယ်တွေ ဖြစ်နေပြန်ရော။"

ထို တော်ဝင်သွေးသားနှစ်ဦး သေဆုံးသွားခြင်းကြောင့် မည်သူက အကျိုးအမြတ်အများဆုံး ရရှိသွားမည်နည်း။

ပထမမင်းသားနှင့် ဒုတိယမင်းသားတို့၏ နန်းတော်အပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းက ယခုထက်ပို၍ မြင့်မားလာပေလိမ့်မည်။

ထို့ကြောင့်ပင် ဤလုပ်ရပ်မှာ ထိုနှစ်ဦးထဲက တစ်ဦးဦး၏ လက်ချက်သာဖြစ်ရမည်ဟု

ခုန်ကျန်းဟုန်က ကောက်ချက်ချလိုက်ခြင်း ဖြစ်သည်။

လုပ်ကြံရေးသမားများကို မည်သူက စေလွှတ်ခဲ့သနည်းဟူသည့် မေးခွန်းအတွက်မူ အဖြေက နှစ်ယောက်စလုံး ဖြစ်နိုင်ပေသည်။

သို့မဟုတ် နှစ်ဦးစလုံး ပူးပေါင်းလုပ်ဆောင်ခဲ့ကြခြင်းလည်း ဖြစ်နိုင်၏။

တစ်ဦးက ၁၁ယောက်မြောက်မင်းသားကို သတ်ရန် လူလွှတ်ခဲ့ချိန်တွင် အခြားတစ်ဦးက ၁၃ ယောက်မြောက်မင်းသမီးလေး၏ အသက်ကို နှုတ်ယူရန် တာဝန်ယူခဲ့ခြင်းမျိုး ဖြစ်နိုင်သည်။

သူတို့သည် အချင်းချင်း ပြန်လည်မတိုက်ခိုက်မီ စွမ်းအားကြီးမားလှသော ပြိုင်ဘက်များကို အတူတကွ ပူးပေါင်းဖယ်ရှားနေကြခြင်းလည်း ဖြစ်နိုင်ပေသည်။

နောက်တစ်နေ့သို့ ရောက်ရှိလာသောအခါတွင်မူ အင်ပါယာကြီးသည် အေးချမ်းစွာ နိုးထမလာခဲ့ချေ။

အလွန်တရာ အရေးကြီး စိုးရိမ်ရသော အခြေအနေနှင့်အတူ နိုးထလာခဲ့ခြင်း ဖြစ်သည်။

၁၁ယောက်မြောက်မင်းသားနှင့် ၁၃ ယောက်မြောက် မင်းသမီးလေးတို့ လုပ်ကြံခံရမှုက ပြိုင်ဘက်နှစ်ဦးကို ဖယ်ရှားလိုက်ရုံသာမက

ကျန်ရှိနေသူများ၏ တုံ့ဆိုင်း ဝေခွဲမရဖြစ်နေမှုများကိုပါ အစအနမကျန် ရိုက်ခွဲဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သည်။

တစ်ချိန်က တိတ်ဆိတ်ငြိမ်သက်စွာဖြင့် အကဲခတ်နေခဲ့ကြသော ပလ္လင်လုပွဲသည် ယခုအခါတွင်မူ အပြေးပြိုင်ပွဲတစ်ခု ဖြစ်လာခဲ့ချေပြီ။

သေခြင်းတရားနှင့် လု၍ ပြေးရသော ပြိုင်ပွဲတစ်ခုပင်။

အဘယ်ကြောင့်ဆိုသော် လူတိုင်းက အချက်တစ်ခုကို ကောင်းစွာ သဘောပေါက်သွားကြသောကြောင့် ဖြစ်၏

အကယ်၍ သူတို့သာ နှေးကွေးသွားခဲ့ပါက... နောက်ထပ် အသတ်ခံရမည့်သူမှာ သူတို့ကိုယ်တိုင်ပင် ဖြစ်ပေလိမ့်မည်။

ထိုအချိန်မှစ၍ ကောင်းကင်အင်ပါယာ တစ်ခွင်လုံးတွင် လှုပ်ရှားမှုများ ချက်ချင်း စတင်လာခဲ့တော့သည်။

တစ်ချိန်က မိမိတို့၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းကာ အကွာအဝေးတစ်ခုမှ စောင့်ကြည့်နေခဲ့ကြသော မင်းသားများနှင့် မင်းသမီးများသည် ယခုအခါတွင်မူ မဆိုင်းမတွဘဲ လှုပ်ရှားလာကြချေပြီ။

သံတမန်များကို စေလွှတ်ကြ၏။

ကတိသစ္စာပြု အမှတ်အသားများကို ပို့ဆောင်ကြ၏။

လျှို့ဝှက်တွေ့ဆုံပွဲများကို စီစဉ်ကြ၏။

အချို့က ဗြောင်ကျကျ လှုပ်ရှားကြ၏

အချို့ကမူ အရိပ်အမှောင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားကြသော်လည်း သူတို့အားလုံး၏ ရည်မှန်းချက်ကမူ အတူတူပင် ဖြစ်သည်။

အင်အားကြီးမျိုးနွယ်စုများနှင့် ဂိုဏ်းအသီးသီးထံမှ ထောက်ခံမှုများကို ပိုမိုရရှိရန်...

မိမိတို့၏ အာဏာစွမ်းပကားကို မြှင့်တင်ရန်...

သူတို့အတွက် အင်အား လိုအပ်နေပေသည်။ ထိုအင်အားကို ယခုချက်ချင်း ရရှိရန် လိုအပ်နေခြင်း ဖြစ်သည်။

ပထမတန်းစား မျိုးနွယ်စုများ...

ဒုတိယတန်းစား မျိုးနွယ်စုများ...

ဂိုဏ်းကြီးအသီးသီးနှင့်...

ဂိုဏ်းငယ်လေးများပါမကျန်...

မည်သူမျှ သူတို့၏ အာဏာစက်ကွင်းထဲမှ လွတ်မြောက်နိုင်ခြင်း မရှိခဲ့ကြချေ။

ဖိတ်ခေါ်စာများ တစ်စောင်ပြီးတစ်စောင် ထွက်ပေါ်လာခဲ့ပြီး ထိုစာများအားလုံးတွင် မိမိတို့ဘက်မှ ရပ်တည်ထောက်ခံပေးရန် တောင်းဆိုထားကြသည်။

အချို့သော ကမ်းလှမ်းမှုများက ရိုသေလေးစားမှု အပြည့်ရှိသော်လည်း အချို့ကမူ အတင်းအကျပ် အာဏာသုံး၍ ဖိအားပေးလာကြ၏။

ပထမဆုံး ကြည့်လိုက်မည်ဆိုလျှင်... တော်ဝင်သွေးသားတစ်ဦး၏ ရွေးချယ်ခြင်းကို ခံရသည်မှာ အခွင့်အရေးတစ်ခုကဲ့သို့ပင် ဖြစ်သည်။

အနာဂတ် အင်ပါယာဧကရာဇ် ဖြစ်လာမည့်သူ၏ ဘေးတွင် ရပ်တည်ခွင့်ရခြင်း...

သူတို့နှင့်အတူ ကောင်းကင်ဘုံသို့ ပျံတက်ခွင့်ရခြင်း...

လွှမ်းမိုးမှု၊ အာဏာနှင့် စိတ်ကူးပင် မယဉ်ရဲလောက်သော အကျိုးအမြတ်များကို ပိုင်ဆိုင်ခွင့်ရခြင်း စသည်တို့ ဖြစ်၏။

သို့သော် ဤအရာက ဒင်္ဂါးပြားတစ်ခု၏ မျက်နှာစာတစ်ဖက်သာ ရှိသေးသည်။

အဘယ်ကြောင့်ဆိုသော် အခြားမျက်နှာစာတစ်ဖက်ကမူ ယခုထက် အဆပေါင်းများစွာ ပို၍ ကြောက်မက်ဖွယ်ကောင်းလှသောကြောင့်ပင်။

အကယ်၍ သူတို့သာ လမ်းကြောင်းမှားကို ရွေးချယ်မိခဲ့လျှင်

အကယ်၍ သူတို့ ထောက်ခံထားသော မင်းသား သို့မဟုတ် မင်းသမီးသာ ရှုံးနိမ့်သွားခဲ့လျှင်

ထိုအခါတွင်မူ သူတို့ ပိုင်ဆိုင်သမျှ အရာအားလုံးနှင့် မျိုးနွယ်စု၏ ရာစုနှစ်ပေါင်းများစွာ တည်တံ့ခဲ့သော အမွေအနှစ်များသည် ပြိုင်ဘက်များ၏ လက်ချက်ဖြင့် မြေလှန်ဖျက်ဆီးခြင်း ခံရပေလိမ့်မည်။

အမှန်တကယ် စွမ်းအားကြီးမားလှသော အင်အားစုကြီးများအဖို့မူ... ပထမမင်းသားကဲ့သို့သော သူမျိုးက ကမ်းလှမ်းလာလျှင်ပင် ငြင်းပယ်ရန် ရွေးချယ်ခွင့် ရှိနေပါသေးသည်။

ထိပ်တန်း မျိုးနွယ်စုများနှင့် ထိပ်တန်း ဂိုဏ်းကြီးများ...

ပိုင်မျိုးနွယ်၊ လီမျိုးနွယ် နှင့် ကျောက်မျိုးနွယ် ကဲ့သို့သော ဘီလူးကြီးများ ဖြစ်ကြသည်။ သူတို့က ငြင်းပယ်နိုင်စွမ်း ရှိကြ၏။

မည်သူ့ဘက်မှမပါဘဲ ကြားနေအဖြစ်လည်း ရပ်တည်နိုင်ကြသည်။ အကြောင်းမှာ ထိုသို့လုပ်ဆောင်နိုင်သည့် စွမ်းအားနှင့် နောက်ခံမျိုးနွယ် ရှိနေသောကြောင့်ပင်။

မည်သည့် မင်းသား၊ မင်းသမီးမျှ သူတို့ကို အလွန်အကျွံ ဖိအားပေးရန် မဝံ့ရဲကြချေ။

သို့သော် အခြားသူများအတွက်မူကား...

ဒုတိယတန်းစား မျိုးနွယ်စုများ...

အရှိန်အဟုန်ဖြင့် တိုးတက်လာနေသော ဂိုဏ်းများ...

အသစ်တည်ထောင်ထားသော အင်အားစုငယ်လေးများ...

သူတို့တွင် ထိုကဲ့သို့သော အခွင့်ထူးမျိုး မရှိကြချေ။ ငြင်းပယ်ခြင်းဟူသည်မှာ သူတို့အတွက် ရွေးချယ်ခွင့် လမ်းကြောင်းတစ်ခု မဟုတ်ပေ။ အကယ်၍ မိုက်မဲစွာ ငြင်းပယ်မိပါက သူတို့ ရရှိမည့် အရာက ပျက်စီးခြင်းသက်သက်သာ ဖြစ်လိမ့်မည်။

မရေရာသော ပျက်စီးခြင်းနှင့် သေချာပေါက် ပျက်စီးခြင်း နှစ်ခုကြားတွင် ရွေးချယ်ရမည်ဆိုပါက မည်သည့်လမ်းကို ရွေးရမည်က ရှင်းလင်းလွန်းလှပေသည်။

အချို့သော တော်ဝင်သွေးသားများအတွက်မူ တိုက်ရိုက်ပင် လှုပ်ရှားရန် မလိုချေ။

ထိုမျိုးနွယ်စု၏ ကုန်သွယ်ရေး လမ်းကြောင်းတစ်ခုက တစ်ညအတွင်းမှာတင် ပြိုလဲပျက်စီးသွားနိုင်သည်။ မဟာမိတ် မျိုးနွယ်စုများက ရုတ်တရက် ထောက်ခံမှုကို ရုပ်သိမ်းသွားနိုင်သည်။

သို့မဟုတ် ထိုထက်ပို၍ ဆိုးရွားစွာ—သူတို့၏ မျိုးနွယ်စုတစ်ခုလုံး တိုက်ရိုက်ပင် အမြစ်ပြတ် သတ်ဖြတ်ခြင်း ခံရနိုင်သည်။

ယခင်ကဆိုလျှင် ယခုကဲ့သို့သော လုပ်ရပ်မျိုးကို စိတ်ကူးပင် ယဉ်ရဲကြလိမ့်မည် မဟုတ်ပေ။

အင်ပါယာဧကရာဇ်မင်းမြတ်သည်သာ အရာအားလုံး၏ အမြင့်ဆုံး အာဏာပိုင်ဖြစ်၏

စည်းစနစ်ကို ထိန်းသိမ်းကာ လူတိုင်းကို ထိန်းချုပ်ထားနိုင်သူ ဖြစ်သည်။

မင်းသား သို့မဟုတ် မင်းသမီးတစ်ပါးက မည်မျှပင် အာဏာကြီးမားစေကာမူ အချို့သော စည်းကမ်းဘောင်များကို ကျော်ဖြတ်ရန် မဝံ့ရဲကြချေ။

အနည်းဆုံးတော့ ဗြောင်ကျကျ မလုပ်ရဲကြပေ။

အကယ်၍ စည်းကျော်သွားပါက ဧကရာဇ်မင်းမြတ်က သူတို့ကို သနားညှာတာမှုကင်းမဲ့စွာ အပြစ်ပေး အရေးယူလိမ့်မည် ဖြစ်သည်။

အချို့သော အမှုများတွင်မူ... အပြစ်ပေးခြင်းအနေဖြင့် နယ်စပ်ရှိ စစ်တလင်းပြင်ကြီးများသို့ စေလွှတ်ခြင်း ခံရတတ်သည်။

ထိုသို့ စေလွှတ်ခြင်းခံရသော မင်းသား၊ မင်းသမီးများအဖို့ အသက်ရှင်လျက် ပြန်လာနိုင်ခွင့်က အလွန်ပင် ရှားပါးလှပေသည်။

ပရိယာယ်ဆင် ကြံစည်ခံရခြင်းကြောင့် ဖြစ်စေ၊ မိမိ၏ အရည်အချင်း မပြည့်ဝမှုကြောင့်ဖြစ်စေ... သူတို့သည် ဘယ်သောအခါမျှ ပြန်လည်ခြေချခွင့် မရတော့ချေ။

ထို့ကြောင့်ပင် ယခင်က မည်သူမျှ စည်းအပြင်ဘက်သို့ ခြေလှမ်းမကျူးရဲခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ အင်ပါယာ၌ ဧကရာဇ်မင်းမြတ် မရှိတော့ချေ။

ထိုစည်းကမ်းဘောင်များကို ထိန်းသိမ်းမည့်သူ မရှိတော့ပေ။

သူတို့ကို ချုပ်တည်းထားမည့်သူ မရှိတော့ချေ။

ထို့ကြောင့်ပင်... ထိုတားမြစ်ထားသော စည်းလုံးများသည်လည်း တည်ရှိခြင်း မရှိတော့ပေ။

အင်ပါယာ မြို့တော်နှင့် ဝေးကွာလှသော အရပ်... ရာစုနှစ်ပေါင်းများစွာ ကြံ့ကြံ့ခံ တည်တံ့လာခဲ့သည့် ကျယ်ပြန့်လှသော နယ်မြေတစ်ခုအတွင်း၌ ပထမတန်းစား မျိုးနွယ်စုတစ်ခုသည် ၎င်းတို့၏ ကံကြမ္မာ အလှည့်အပြောင်းနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

၎င်းမှာ... ရွှယ်မျိုးနွယ်စုပင် ဖြစ်၏။

စစ်ပွဲများ၊ အာဏာလုပွဲများနှင့် မရေမတွက်နိုင်သော အင်အားစု အပြောင်းအလဲများကို ကြံ့ကြံ့ခံ ဖြတ်ကျော်လာခဲ့သည့် သွေးသားအနွယ်အဆက် ဖြစ်သည်။

၎င်းတို့၏ ခန်းမဆောင်ကြီးများက ခန့်ညားထည်ဝါစွာ ရပ်တည်နေဆဲ ဖြစ်၏

ကာကွယ်ရေး မော်ကွန်းဝင် စစ်ဗျူဟာ အစီအရင်များကလည်း အထပ်ထပ် အခက်အခဲများစွာဖြင့် စီရင်ထားဆဲ ဖြစ်သည်။

သူတို့၏ ဩဇာအာဏာက နယ်ပယ်ဒေသ အများအပြားသို့ ပျံ့နှံ့ လွှမ်းမိုးထား၏

မျိုးဆက်ပေါင်းများစွာတိုင်အောင်... သူတို့သည် မည်သည့်အင်အားစုနှင့်မျှ မပတ်သက်ဘဲ လွတ်လပ်စွာ ရပ်တည်လာခဲ့ကြသည်။

သို့သော်လည်း မနေ့ကတင်... သူတို့သည် ထိုသူကို ငြင်းပယ်ခဲ့မိလေပြီ။

ရွှယ်မျိုးနွယ်စု၏ ဘိုးဘွားပိုင် နယ်မြေဝင်ပေါက်တွင် လေထုတစ်ခုလုံးက အသက်ရှူရကျပ်လောက်အောင် ဖိအားများ ပြည့်နှက်နေခဲ့သည်။

တံခါးကြီးများက ပွင့်ဟနေသော်လည်း...

ကြိုဆိုနှုတ်ဆက်ရန်အတွက် ပွင့်နေခြင်းမျိုး မဟုတ်ချေ။

အစောင့်အရှောက်များက တံခါးဝ၏ ဝဲယာနှစ်ဖက်စလုံးတွင် တင်းမာသော အမူအရာများဖြင့် ရပ်နေကြပြီး ၎င်းတို့၏ လက်နက်များကို တင်းကြပ်စွာ ဆုပ်ကိုင်ထားကြသည်။

မျိုးနွယ်စု၏ အကြီးအကဲများ စုရုံးရောက်ရှိနေကြသလို...

တပည့်များကလည်း စစ်ဗျူဟာအပြင်အဆင်အတိုင်း နေရာယူထားကြ၏။

ထိုနေရာရှိ လူတိုင်းက ထိုအရာကို ကောင်းစွာ ခံစားနေရသည်။

ထို ကြောက်မက်ဖွယ် ကောင်းလှသော ဖိအားကြီးကိုပင်။

ယုလောင်ရွှမ် ရောက်ရှိလာခဲ့ပြီ။

မင်းသား ၇ ဖြစ်ပေသည်။

သူက တစ်ယောက်တည်း ရောက်လာခြင်း မဟုတ်ချေ။

သူ့နောက်ကွယ်တွင် ဝတ်ရုံနက်များကို ဆင်မြန်းထားသည့် လူရိပ်များ ရပ်တည်နေကြပြီး ၎င်းတို့၏ ခန္ဓာကိုယ်များထံမှ ဖိနှိပ်ချုပ်ချယ်ထားသည့် စွမ်းအားများက တဖျတ်ဖျတ် ထွက်ပေါ်နေသည်။

ထိုအရာက နီညိုရောင်မိုးကြိုးနန်းတော်မှ လူများ၏ ထင်ရှားလှသော အငွေ့အသက်ပင် ဖြစ်၏။ ၎င်းတို့၏ ပတ်ပတ်လည်တွင် လျှပ်စီးကြောင်းငယ်လေးများက အဆက်မပြတ် ဖျတ်ခနဲ ဖျတ်ခနဲ လျှံထွက်နေကြသည်။

လေထုကိုယ်တိုင်ကပင်... ကြမ်းတမ်းခက်ထန်ကာ ထိန်းချုပ်မရနိုင်သော အသံများဖြင့် မြည်ဟည်းနေသည့်အလား။

ယုလောင်ရွှမ်က ဖြည်းညှင်းစွာဖြင့် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။

ကျောက်တုံးလမ်းပေါ်တွင် သူ၏ ခြေသံတစ်ချက်ချင်းစီက ပဲ့တင်ထပ်လျက် ရှိနေ၏။

သူ့၏ အေးစက်လှသော အကြည့်များက စုရုံးရောက်ရှိနေကြသည့် ရွှယ်မျိုးနွယ်စုဝင်များအပေါ်သို့ ဝေ့ဝဲကျရောက်သွားသည်။

အေးစက်လွန်းလှပေစွ။

ဂရုမစိုက်သည့် အမူအရာမျိုးပင်။

လူသားများကို ကြည့်နေခြင်းမျိုး မဟုတ်ဘဲ... အရေးမပါလှသည့် ပုရွက်ဆိတ်ငယ်လေးများကို ကြည့်နေသည့်အလား။

All Chapters