← Chapters

ကြွင်းကျန်သော ဒေသခံများ

Vol. 008 Ch. 388

ကြွင်းကျန်သော ဒေသခံများ

Vol. 008 Ch. 388

ဝမ်လင်းက သူ့ရေနွေးခွက်ကို အောက်သို့ ချ၍ ခေါင်းအနည်းငယ် ယမ်းလိုက်သည်။ သူက ချူးစစ်ပိုင်သို့ ကြည့်၍ ပြောလိုက်၏။ “အစ်ကိုချူး ... အစ်ကိုက အရာအားလုံးကို လွှတ်ချပြီး တစ်ယောက်တည်း ကျင့်ကြံမယ်ဆိုရင် ကောင်းကင်နဲ့မြေကြီးရဲ့ နည်းလမ်း ဥပဒေသတွေကို နားလည်ဖို့ အခွင့်ရေးရှိတယ် ...”

ချူးစစ်ပိုင်က ရှုံ့မဲ့စွာ ပြုံး၏။ သူက ပြောလိုက်သည်။ “စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ရောက်ဖို့က ခက်ခဲလှတယ် ...”

အဘိုးအိုဟုက ရေနွေးခွက်ကို ကောက်ကိုင်၍ တစ်ငုံသောက်လိုက်သည်။ သူက အရသာကြောင့် တုန်လှုပ်သွားမိ၏။ “ရောင်းရင်းကျင့်ကြံသူ ... ဒီရေနွေးကြမ်းက ...”

ဝမ်လင်းက ပြုံး၏။ “ဒီရေနွေးကြမ်းက ဟင်္သာပြဒါးနိုင်ငံက မဟုတ်ဘူး။ အခြားကျင့်ကြံခြင်း ဂြိုဟ်တစ်ခုက။ ငါက ကောင်းကင်ဘုံနယ်မြေကို သွားခဲ့တဲ့ ခရီးစဉ်တုန်းက မထင်မှတ်ပဲ ရရှိခဲ့တာ ...”

အဘိုးအိုဟုက အသက်ဝဝ ရှူသွင်းလိုက်သည်။ သူက ဝမ်လင်းထံသို့ စူးစိုက်ကြည့်နေ၏။ သူက တုံ့ဆိုင်းဆိုင်း ဖြစ်ပြီးမှ ဆက်ပြောလိုက်သည်။ “ကောလာဟလက ပြောကြတာကတော့ အစ်ကိုဝမ်က ကောင်းကင်ဘုံနယ်မြေကို သွားပြီးတော့ အနီရောင်လိပ်ပြာရဲ့ လက်မောင်းတစ်ဖက်ကို ဖြတ်ယူ နိုင်ခဲ့တယ်ဆို။ အစ်ကိုဝမ်က ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင် တွေကော ရခဲ့သေးလား ...”

ဝမ်လင်းက အဘိုးအိုဟုကို ကြည့်၍ ပြန်ဖြေလိုက်၏။ “ငါက တချို့တလေတော့ ရခဲ့ပါတယ် ...”

အဘိုးအိုဟု မျက်လုံးများက လက်ခနဲ ဖြစ်သွား၏။ သူက ဝမ်လင်းကို ကြည့်၍ စိတ်ရင်းအတိုင်း ပြောလိုက်၏။ “ငါက ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်တွေ အတွက် တန်ဖိုး ဘယ်လောက်ဖြစ်ဖြစ် ပေးဖို့ ဆန္ဒရှိပါတယ်။ ရောင်းရင်းကျင့်ကြံသူ ဝမ်က ငါ့ကို ရောင်းချဖို့ မျှော်လင့်မိပါတယ် ...”

ဝမ်လင်းက ဖျော့တော့စွာ ပြုံးလိုက်သည်။ “ဒီကိစ္စက အလောတကြီး ဖြစ်စရာ မလိုပါဘူး။ ငါတို့ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် ချိုးဖျက်မယ့် အချိန်ထိ စောင့်ကြတာပေါ့။ ငါသိချင်တာက ရောင်းရင်းဟုက ဘာလို့ မသေမျိုးသင်္ချိုင်းကို သွားချင်ရတာလဲ ...”

အဘိုးအိုဟုက စိတ်ထဲ၌ တွေးနေမိသည်။ ဝမ်လင်းက အချိန်ကြာမြင့်စွာ ကျင့်ကြံခြင်း မရှိခဲ့သော်လည်း သူက မြေခွေးအိုကြီး တစ်ကောင်လိုပင်။ အကြောင်းမှာ သူက သူမေးသော ခေါင်းစဉ်ကို လွယ်လွယ်ကူကူ ပြောင်းပစ်ခဲ့သည် မဟုတ်လား။ အဘိုးအိုဟုက ဝမ်လင်းအမေးကို ပြန်ဖြေလိုက်သည်။ “ဒါမှန်ပါတယ်။ ဒီအဘိုးအိုက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ရောက်ဖို့ ချိုးဖျက်ခါနီးမှ ငါက လာပြီး ဒီကိစ္စကို မေးပါတော့မယ်။ မသေမျိုးသင်္ချိုင်းကတော့ ရောင်းရင်းက ကျင့်ကြံသူ ဇီရှင်းကို ရှင်းပြခိုင်းသင့်တယ် ...”

အဖြူရောင်ဇာ ဖုံးအုပ်ထားသည့် အမျိုးသမီးက ဝမ်လင်းကို ကြည့်၍ မေးလိုက်သည်။ “စီနီယာ ... မသေမျိုးသင်္ချိုင်းမှာ ပြန်လည်မွေးဖွာခြင်း သစ်ပင်တစ်ပင် ရှိနေတယ်။ ဂျူနီယာက ဒီနေရာကို ခေါ်သွားနိုင်တဲ့ မြေပုံတစ်ပုံ ရှိပါတယ် ...”

ဝမ်လင်းက တည်ငြိမ်စွာဖြင့် ရေနွေးတစ်ငုံ သောက်လိုက်သည်။

အဘိုးအိုဟုနှင့် ပါလာသော အမျိုးသမီးက ဝမ်လင်းအတွက် နောက်ထပ် ရေနွေးတစ်ခွက် ငှဲ့ပေးလိုက်၏။ သူမက ဝမ်လင်းသို့ ဖျတ်ခနဲ ကြည့်သွားသည်။

ချူးစစ်ပိုင်က ပြန်လည်မွေးဖွားခြင်း သစ်ပင်ဟု ကြားလိုက်သည့်အခါ သူ့မျက်လုံးများက လိုချင်ဆန္ဒများ ဖြစ်ပေါ်လာသည်။ ရှုလျို့လည်း သူနှင့်အတူတူပင် ဖြစ်သည်။

အဖြူရောင်ဇာပဝါ ဖုံးအုပ်ထားသည့် အမျိုးသမီးက ဝမ်လင်းကို ကြည့်လိုက်သည့်အခါ ဝမ်လင်းအသွင်က ပြန်လည်မွေးဖွားခြင်း သစ်ပင် အကြောင်းကြားလိုက်သည့် အချိန်တောင် မပြောင်းမလဲ ရှိနေသည်ကို တွေ့လိုက်ရ၏။ သူ့တုံ့ပြန်မှုက အဘိုးအိုဟုနှင့်တူတူပင်။ သူမက သက်ပြင်းသဲ့သဲ့ချမိ၏။ ဝမ်လင်းက အလွန်တရာကျီစယ်သည့်ဟန်ဖြင့် ရှိနေသည့်အတွက် သူမက သို့ကို ဖြတ်မမြင်နိုင်ပေ။ ကြည့်ရသည်မှာ ခွန်အားအပြင် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူ တစ်‌ယောက်၏ ဟန်ဆောင်နိုင်စွမ်းက စဦးစိတ်ဝိညာဉ် အဆင့်ထက် သာလွန်သည့်ပုံပင်။

အဘိုးအိုဟုက ဝမ်လင်းကို ကြည့်လိုက်သည့်အခါ သူ့အသွင်က လုံးဝမပြောင်းမလဲ ရှိနေသည်ကို တွေ့လိုက်ရ၏။ သူက စန်နူးနှင့် ပတ်သက်သည့် ကောလာဟလများကို ပို၍ ယုံကြည်လာခဲ့၏။

ပြန်လည်မွေးဖွာခြင်း သစ်ပင်အောက် ထိုင်ပြီးတော့ လေ့ကျင့်ခြင်းက ကျင့်ကြံသူ တစ်ယောက်ကို ရှင်သန်ခြင်းစက်ဝိုင်း အပိုတစ်ခုနှင့် ပတ်သက်၍ အတွေ့အကြုံ ရစေနိုင်တယ်။ ဒါက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူများ အတွက် အလွန် ကောင်းမွန်လှတယ်။ အကြောင်းကတော့ သူတို့ကို သူတို့နယ်ပယ်နဲ့ ပတ်သက်လို့ နားလည်မှု တိုးစေနိုင်လို့ပဲ ဖြစ်တယ် ...”အဖြူရောင်ဇာပဝါ ဖုံးလွှမ်းထားသည့် အမျိုးသမီးက ဝမ်လင်းကို ကြည့်သည်။ သူမက ဝမ်လင်းသည် လိုချင်လောဘ မတက်မိဘူးကို မယုံကြည်ချေ။

ကံမကောင်းစွာနဲ့ သူမက ဝမ်လင်းအသွင်က မည်သို့မျှ မပြောင်းလဲသည်ကိုသာ တွေ့လိုက်ရ၏။

ဝမ်လင်းက ပြုံး၏။ သူက အဘိုးအိုဟုထံသို့ ကြည့်၍ ပြောလိုက်သည်။ “မဖြစ်နိုင်ဘူး။ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် တစ်ယောက်ရဲ့ နယ်ပယ်က သူတို့ကိုသူတို့ နားလည်တဲ့ တစ်စုံတစ်ရာသာ ဖြစ်တယ်။ ပြန်လည်မွေးဖွားခြင်း သစ်ပင်က စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နောက်ဆုံး အထွတ်အထိပ် အဆင့်နဲ အစောပိုင်းအဆင့် အတွက်သာ အကျိုးသက်‌ရောက်မှု အချို့ တစ်ဝက်ရှိတာ။ အဘိုးအိုဟုကတော့ ဒီခရီးစဉ်မှာ အခြားရည်ရွယ်ချက် တစ်ခု ရှိနေလိမ့်မယ်လို့ ငါယုံကြည်တယ် ...”

အဖြူရောင်ဇာပဝါ ဖုံးအုပ်ထားသည့် အမျိုးသမီးက မှင်တက်သွား၏။ သူက မျက်မှောင်ကြုတ်နေသော အမည်းရောင်အင်္ကျီနှင့် အဘိုးအိုအား ကြည့်လိုက်သည်။

အဘိုးအိုဟုက ရယ်မောလိုက်၏။ သူက ဖုံးကွယ်ရန် မကြိုးစားတော့ပေ။ သူက ပြောလိုက်၏။ “အစ်ကိုဝမ်က တကယ့်ကို ဗဟုသုတ ကြွယ်ဝတာပဲ။ ငါ အထင်ကြီးပါတယ်။ အစ်ကိုဝမ် ပြောတာ မှန်ပါတယ် ...”

အဖြူရောင်ဇာပဝါ ဖုံးအုပ်ထားသည့် အမျိုးသမီးက မျက်မှောင်ကြုတ်၍ အဘိုးအိုဟု အားကြည့်သည်။

အဘိုးအိုဟုက ရယ်မောလိုက်၏။ “ရောင်းရင်းကျင့်ကြံသူ ဇီရှင်း ... ငါ့ကို အပြစ်မတင်ပါနဲ့။ ပြန်လည်မွေးဖွားခြင်း သစ်ပင်အတွက် တစ်ခုတည်းဆိုရင် ငါက မင်းတို့နဲ့ မသေမျိုးသင်္ချိုင်းကို သွားမှာမဟုတ်ဘူး။ ငါလိုချင်တာက ပြန်လည်မွေးဖွားခြင်း သစ်သီးပါ ...” သူက ထိုသို့ပြောပြီးနောက် ဝမ်လင်းကို ကြည့်၍ ထပ်မံပြောလိုက်သည်။ “အစ်ကိုဝမ် မပါဘဲနဲ့ ဒါသစ်သီးကိုရဖို့ ငါက ၃၀ ရာခိုင်နှုန်းပဲ ယုံကြည်ချက်ရှိတယ်။ ဒါပေမဲ့ အစ်ကိုဝမ်သာ ပါလာမယ်ဆိုရင် ငါက ၆၀ ရာခိုင်နှုန်း ယုံကြည်ချက် ရှိတယ် ...”

“ပြန်လည်မွေးဖွားခြင်း သစ်သီး” ဝမ်လင်းအသွင်က ပုံမှန်အတိုင်း ရှိနေသော်လည်း သူ့နှလုံးသားကတော့ လှုပ်ရှားနေခဲ့ပြီ ဖြစ်သည်။

သူက ပြန်လည်မွေးဖွားခြင်း သစ်ပင်အကြောင်း ကြားလိုက်ကတည်းက သူ့စိတ်ထဲ၌ တွေးနေမိသည်။ ထို့နောက်သူက ပြန်လည်မွေးဖွားခြင်း သစ်သီးအကြောင်း ကြားလိုက်သည့်အခါ ပိုသေချာသွား၏။ သူက အနည်းငယ် စဉ်းစား၍ ပြောလိုက်သည်။ “ဒီသစ်သီးက လက်သီးဆုပ်ခန့် အရွယ်ရှိပြီး နှစ်နာရီကြာတိုင်း အရောင်တစ်ခါ ချိန်းတဲ့ သစ်သီးများလား ...”

အဘိုးအိုဟု၏ မျက်လုံးများက လက်ခနဲ ဖြစ်သွား၏။ သူက ဝမ်လင်းကို ကြည့်၍ ပြောလိုက်သည်။ “အစ်ကိုဝမ်က တကယ့်ကို အသိကြွယ်တာပဲ။ ဒီသစ်သီးရဲ့ အသွင်ကိုတောင် သိတယ်။ ငါတို့ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း ကျင့်ကြံသူတွေ အတွက်တော့ ဒါက ကြီးကျယ်တဲ့ ရတနာတစ်ပါးပဲ။ ဒီသစ်သီးက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့်ကို ရောက်ဖို့ အခွင့်အရေး ၃၀ ရာခိုင်နှုန်း တိုးစေတယ်။ ငါက ဒီဟာကို ရှေးဟောင်းစာသား တချို့ မှာ မြင်တွေ့ခဲ့ဖူးတာ ...”

ဝမ်လင်းက အနည်းငယ် စဉ်းစားနေ၏။ ရှေးဟောင်းနတ်ဘုရား၏မှတ်ဉာဏ်များတွင် ဒီသစ်သီး အနည်းငယ်သည် ငယ်ရွယ်သေးသော ရှေးဟောင်းနတ်ဘုရား တစ်ယောက်အတွက် အလွန် ကောင်းမွန်သည်ဟု ဖော်ပြထား၏။ ရှေးဟောင်းနတ်ဘုရားများ၏ ခန္ဓာကိုယ်ကြောင့် သစ်သီးအများစုက သူ့အတွက် အသုံးမဝင်လှချေ။ ကောင်းကင်ဘုံ သစ်သီးများပင် သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်ကို အနည်းငယ် တိုးတက်စေရုံသာ ရှိ၏။

သူတို့အပေါ်သို့ သက်‌ရောက်နိုင်သည့် သစ်သီးများက လက်တစ်ဖက်စာလောက်သာ ရှိ၏။ ပြန်လည်မွေးဖွားခြင်းလို သစ်သီးမျိုးက သူတို့၏ ကျင့်ကြံမှုအဆင့်ကို မတိုးတက်ဘူး ဆိုရင်တောင် ၎င်းတို့၏ အခြေခံကို ခိုင်မာစေနိုင်၏။ သည်အဖြစ်ကို ရှေးဟောင်းနတ်ဘုရားများက ခန္ဓာကိုယ် သန့်ရှင်းခြင်းဟု ခေါ်ဆိုကြ၏။

ပုံမှန်အားဖြင့် အရွယ်ရောက်ပြီးသော ရှေးဟောင်းနတ်ဘုရား တစ်ယောက်သည် သည်လို သစ်သီးကို ရှာတွေ့လျှင် သူတို့ကလေး၏ ခန္ဓာကိုယ်ကို သန့်ရှင်းစေပြီး ဂြိုဟ်တစ်ခုရဲ့ ဗဟိုချက်မသို့ သွားထားလေ့ရှိ၏။

ခန္ဓာကိုယ် သန့်စင်ခြင်း ပြုလုပ်ထားသော ရှေးဟောင်းနတ်ဘုရား တစ်ယောက်သည် သူတို့၏ သွေးကြောများက သူတို့ခန္ဓာကိုယ်ထဲ၌ ပုန်းကွယ်နေ၏။ ထို့ကြောင့် ထိုရှေးဟောင်းနတ်ဘုရား၏ စိတ်ဝိညာဉ်စွမ်းအင် စုပ်ယူသည့်နှုန်းသည် အလွန်များပြား၏။ ရှေးဟောင်းနတ်ဘုရားက အရွယ်ရောက်လာသည့်အခါ သူ့ခန္ဓာကိုယ်၌ ပုန်းကွယ်နေသော သွေးကြောများ ပြန်ပေါ်လာလေ့ရှိ၏။ ထိုအချိန်တွင် သူတို့စုပ်ယူခဲ့သော စိတ်ဝိညာဉ်စွမ်းအင်များသည် ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။

ရှေးဟောင်း အချိန်တွေတုန်းက ရှေးဟောင်းနတ်ဘုရား တစ်ယောက်စီသည် အရွယ်မရောက်ခင် သက်ရှိများ၏ အမဲလိုက်ခြင်းကို ခံရ၏။ အကြောင်းမှာ သူတို့အရွယ် ရောက်လာသည့်အချိန်၌ အခြားလူများအတွက် မည်သည့် စိတ်ဝိညာဉ်စွမ်းအင်မှ မကျန်ရှိတော့သောကြောင့် ဖြစ်၏။ သို့ရာတွင် ရှေးဟောင်းနတ်ဘုရားများကို သတ်ဖြတ်ရန် ကြိုးစားသော အများစုက သေဆုံးခြင်းနှင့်သာ အဆုံးသတ်တာ များ၏။

ဝမ်လင်း၏ မူလခန္ဓာကိုယ်က ခန္ဓာကိုယ် သန့်စင်ခြင်း ပြုလုပ်ပြီးပါက အစစ်အမှန် ရှေးဟောင်းနတ်ဘုရား တစ်ပါးဟု ယူဆလို့ရပြီ ဖြစ်သည်။

ဝမ်လင်းက အနည်းငယ် စဉ်းစား၍ ပြောလိုက်သည်။ “မသေမျိုးသင်္ချိုင်း ...”

အဘိုးအိုဟုက ပြောလိုက်၏။ မသေမျိုးသင်္ချိုင်းက အလွန်အန္တရာယ် များလွန်းတယ်။ “တကယ်တော့ ဒီနေရာက ဟင်္သာပြဒါးနိုင်ငံပင် ကြောက်ရွံ့ရတယ်။ ဒါပေမဲ့ ငါတို့က အထဲကို ခပ်နက်နက် မသွားသေးသရွေ့ စွမ်းအားကောင်းပြီး ကြမ်းကြုတ်ရက်စက်တဲ့ လူတွေနဲ့ တွေ့ရမှာ မဟုတ်ပါဘူး ...”

ဝမ်လင်းက မသေမျိုးသင်္ချိုင်း အကြောင်း အများကြီး သိပ်မသိချေ။ သူက မသေမျိုးသင်္ချိုင်းသည် အလွန်ကြီးမားပြီး ၎င်း၏ မျက်နှာပြင်ထက် မြေအောက် အတွင်းဘက်က ပိုကြီးမားတာသာ သိ၏။

ဟင်္သာပြဒါးနိုင်ငံက လွဲ၍ မည်သူကမျှ မသေမျိုးသင်္ချိုင်းသည် အလွှာပေါင်းမည်မျှ ရှိသည်ကို မသိကြချေ။

“အစ်ကိုဝမ် ... ဒီနေရာမှာရှိတဲ့ ကြမ်းကြုတ်တဲ့လူတွေက ဒီဂြိုဟ်ရဲ့ ဒေသခံတွေပဲ။ ဟင်္သာပြဒါးနိုင်ငံက အဆင့်ခြောက်နိုင်ငံ ဖြစ်လာတဲ့အခါမှာ ကျင့်ကြံခြင်း မဟာမိတ်အဖွဲ့ကြီးက သူတို့ကို ဒီဂြိုဟ် ပေးခဲ့တာပဲ။ သူတို့က ကြမ်းကြုတ်ရက်စက်တဲ့ ဒီဒေသခံတွေနဲ့ စစ်ပွဲတွေ ဖြစ်ခဲ့ရတယ်။ ဒီစစ်ပွဲအပြီး ဒီဂြိုဟ်က တစ်ဝက်တိတိ ပျက်စီးသွားခဲ့ရတယ် ...”

“ဒီစစ်ပွဲအတွင်းမှာ ၉၀ ရာခိုင်နှုန်း ကြမ်းကြုတ်ရက်စက်တဲ့ ဒေသခံတွေက သေဆုံးသွားခဲ့တယ်။ အသက်ရှင် ကျန်ရစ်ခဲ့တဲ့ လူတွေကတော့ မသေမျိုးသင်္ချိုင်းထဲကို ထွက်ပြေး လွတ်မြောက်ခဲ့ကြတယ်။ နှစ်တစ်ရာကြာတွင်း ဟင်္သာပြဒါးနိုင်ငံက သူတို့ကိုသတ်ဖို့ မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေကို လွှတ်လေ့ရှိတယ်။ ဒါပေမဲ့ ခုထိ ဟင်္သာပြဒါးနိုင်ငံက သူတို့ကို အမြစ်ဖျက် မသုတ်သင်နိုင်သေးဘူး ...”

“ဒီမြေအောက်မှာ ပေါက်တဲ့ ပြန်လည်မွေးဖွားခြင်း သစ်ပင်ကို ဒီကြမ်းကြုတ်ရက်စက်တဲ့ ဒေသခံတွေက် မြင့်မြတ်တဲ့အရာ အဖြစ် သတ်မှတ်ထားကြတယ်။ ဒါပေမဲ့ ဒီနေရာမှ စုစုပေါင်းမှ ပြန်လည်မွေးဖွားခြင်း သစ်ပင်ကိုးပင်ပဲ ရှိတယ် ...”

“ပြန်လည်မွေးဖွားခြင်း သစ်သီးကတော့ ငါတို့ သစ်ပင်တစ်ပင် ရှာတွေ့တဲ့ အချိန်ကြရင် သုံးနာရီအတွင်း ခူးဆွတ်နိုင်ဖို့ ငါ့မှာ လျှို့ဝှက်နည်းလမ်း တစ်ခု ရှိတယ် ...”

ဝမ်လင်းက အနည်းငယ် စဉ်းစားသွား၏။ သူက အဖြူရောင်ဇာပဝါ ဖုံးကွယ်ထားသော အမျိုးသမီးထံသို့ ကြည့်၍ မေးလိုက်သည်။ “နင့်အဖေက ဘာကြောင့် မသေမျိုးသင်္ချိုင်းကို သွားခဲ့တာလဲ ...”

သည်အမျိုးသမီးက ခပ်တိုးတိုး ပြောလိုက်၏။ “ငါ့ကို ပြန်လည်မွေးဖွားခြင်း သစ်ပင်ရဲ့ သစ်သားအပိုင်းတစ်ခု ပေးဖို့ ...”

ဝမ်လင်းက ဆက်၍ မမေးတော့ချေ။ သူက အနည်းငယ် စဉ်းစားပြီးနောက် လူအိုကြီးဟုကို ပြောလိုက်သည်။ “ငါ အခုချက်ချင်းတော့ မဆုံးဖြတ်နိုင်သေးဘူး ...”

လူအိုကြီးဟုက ခေါင်းညိတ်၏။ “ပြဿနာ မရှိပါဘူး။ မသေမျိုးသင်္ချိုင်းက တကယ့်ကို အန္တရာယ်များတဲ့ နေရာကို ငါလည်းပဲ ဆုံးဖြတ်ချက်ချဖို့ အချိန်အတန်ကြာ တွေဝေခဲ့ရသေးတယ်။ ဒီလိုဆိုရင်ရော ငါတို့က ရောင်းရင်းကို မသေမျိုးသင်္ချိုင်း အပြင်ဘက်မှာ တစ်လတိတိ စောင့်နေမယ်။ ရောင်းရင်းမလာတော့ဘူး ဆိုရင် ငါတို့ ဘာသာသွားတော့မယ် ...”

ဝမ်လင်းက ခေါင်းညိတ်ပြလိုက်သည်။

လူအိုကြီးဟုက မတ်တတ်ထရပ်ပြီး ပြုံး၍ ပြောလိုက်သည်။ “ဒီတော့ ငါတို့က ရောင်းရင်းကို ဆက်မနှောင့်ယှက်တော့ဘူး။ ငါ အဲ့နေရာမှ စောင့်နေမယ် ...” ထိုသို့ ပြောပြီးနောက် သူက ဝမ်လင်းကို နှုတ်ဆက်၍ ထွက်ခွာသွား၏။

ချူးစစ်ပိုင်နှင့် ကျန်သည့်လူများကလည်း မတ်တတ်အမြန်ထရပ်၍ သူ့ကို နှုတ်ဆက်၍ ထွက်ခွာသွားကြ၏။

အဖြူရောင်ဇာပဝါ ဖုံးကွယ်ထားသည့် အမျိုးသမီးကလည်း မတ်တတ်ထရပ်၍ တုံ့ဆိုင်းစွာ ခပ်တိုးတိုး ပြောလိုက်သည်။ “ဇီရှင်ကလည်း စီနီယာကို တွေ့ဖို့ စောင့်နေပါ့မယ် ...” ထို့နောက် သူမသည်လည်း ပျံသန်း ထွက်ခွာသွား၏။ အဘိုးအိုကလည်း ဝမ်လင်းကို နှုတ်ဆက်၍ သူမနောက်မှ လိုက်ပါသွားသည်။

သူတို့ခြောက်ယောက် ထွက်ခွာသွားပြီးနောက် ဝမ်လင်းက ရေနွေးကြမ်းခွက်ကို ကောက်ယူ၍ တစ်ငုံသောက်လိုက်သည်။ သူ့မျက်လုံးများက တလက်လက် တောက်ပနေ၏။

“ပြန်လည်မွေးဖွားခြင်း သစ်သီးက ငါ့ မူလခန္ဓာကိုယ် အတွက် အလွန်အသုံးဝင်တယ်။ ငါသာ ဒါကို ရမယ်ဆိုရင် မူလခန္ဓာကိုယ်ရဲ့ စွမ်းအားက အရမ်းတိုးတက် သွားလိမ့်မယ် ...”

သူက အနည်းငယ် စဉ်းစားပြီးနောက် သိုလှောင်အိတ်ထဲမှ သစ်သားပန်းပုရုပ် သုံးခုကို ထုတ်ယူလိုက်၏။

“သစ်သားပန်းပုရုပ် ခြောက်ခုက ပျက်စီးသွားခဲ့ပြီး သုံးခုပဲ ကျန်ခဲ့တော့တယ်။ ဒါ့ကြောင့် အချိန်နယ်ပယ် စွမ်းအားက အရမ်းအားနည်း သွားခဲ့ပြီ။ စိတ်မကောင်းစွာနဲ့ အသစ်ပြုလုပ်ဖို့ ကလည်း သက်တမ်း တစ်ရာကျောက်ရှိတဲ့ သစ်ပင်တွေက မရှိပြန်ဘူး ...”

သူက သစ်သားပန်းပုရုပ် သုံးခုကို ပြန်သိမ်းဆည်းပြီးနောက် သိုလှောင်အိတ်ထဲမှ လက်မောင်းတစ်ဖက်ကို ထုတ်ယူလိုက်၏။

သည်လက်မောင်းက အကောင်းတိုင်း ရှိနေဆဲပင်။ ၎င်းက ရေခဲလွှာပါးတစ်ခု ဖုံးလွှမ်းထားပြီး အေးစက်စက် အော်ရာတစ်ခုပင် ထွက်ပေါ်နေသေး၏။

“ဟင်္သာပြဒါးနိုင်ငံက အနီရောင်လိပ်ပြာကို အကူအညီမပေးဘဲ အဲ့အစား ဒီစိန်ခေါ်စာကို ငါ့ထံ ပို့ခဲ့တယ်။ ဒါက တကယ့်ကို ထူးဆန်းတယ် ...” ဝမ်လင်းက အချိန်အတန်ကြာ စဉ်းစားနေ၏။ သို့သော် သူက ဘာကြောင့်မှန်းတွေး၍ မရပေ။

“အနီရောင်လိပ်ပြာနဲ့ တိုက်ပွဲက မလွဲဧကန် ဖြစ်လာမှာပဲ။ ဒါပေမဲ့ ငါက သူ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို မရောက်သေးသရွေ့ နိုင်ဖို့ အခွင့်အရေး ရှိတယ် ...” ဝမ်လင်းက နှာခေါင်းရှုံ့လိုက်၏။ ထို့နောက်သူက လက်ဆန့်တန်းလိုက်ရာ ကျောက်ထိုင်ခုံတစ်ခု သူ့ရှေ့သို့ ကျရောက်လာ၏။

သည်ထိုင်ခုံက အရည်ပျော်သွားတော့မည့် အလား ရှိနေခဲ့၏။ သို့သော် ၎င်းက ဇလုံတစ်ခုအလား ပြောင်းသွား၏။ ဝမ်လင်းက အနီရောင်လိပ်ပြာ၏ လက်တစ်ဖက်ကို ၎င်းအထဲသို့ ထည့်လိုက်၏။ ထို့နောက်သူက ချိပ်တံဆိပ်တစ်ခု ပြုလုပ်လိုက်ရာ သူ့လက်ထဲ၌ အမည်းရောင် အလင်းများ ထွက်ပေါ်လာသည်။

ဝမ်လင်းက လက်မောင်းထံသို့ လက်ညွှန်လိုက်ရာ အမည်းရောင် အလင်းက လက်မောင်းထဲသို့ ဝင်သွား၏။

တစ်ဆက်တည်း ဝမ်လင်းက သိုလှောင်အိတ်ထဲမှ ပုလင်းသေးလေးများကို ထုတ်ယူလိုက်သည်။ သည်ပုလင်းများက လွန်ခဲ့သော နှစ်တစ်ရာကျော်ခန့်က သူရရှိခဲ့သောအရာများ ဖြစ်သည်။ သည်အထဲ၌ စိတ်ဝိညာဉ်သားရဲ၏ အဆိပ်များ ပါဝင်နေ၏။

သူက ပုလင်းကို ဖွင့်လိုက်ပြီး အထဲရှိ အဆိပ်များကို သွန်ချလိုက်သည်။ သွေးရောင်နှင့်တူသည့် အရည်များ ထွက်ပေါ်လာပြီး လက်မောင်းနှင့် ပေါင်းစပ်သွား၏။

ထို့နောက် ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူက ချိပ်တံဆိပ် တစ်ခုကို ပြုလုပ်၍ တစ္ဆေအလင်းတန်း တစ်ခုကို ဖန်တီးလိုက်သည်။ တစ္ဆေအလင်းတန်းက အရိုးခေါင်းပုံစံ ပြောင်း၍ လက်မောင်းထဲသို့ ဝင်ရောက်သွား၏။

ဝမ်လင်းက ရပ်တန့်ခြင်း မပြုပေ။ သူက တစ္ဆေအရိုးခေါင်းများကို ဆက်လက်၍ ဖန်တီးနေရာ ကိုးဆယ့်ကိုးခုထိ ရှိလာခဲ့ပြီး လက်မောင်းထဲသို့ ဝင်ရောက်သွား၏။

လက်မောင်း၏ အရောင်က မူလနှင်းကဲ့သို့ ဖြူဖွေးနေရာမှ အနက်ရောင်နှင့် အနီရောင်သို့ ပြောင်းသွားလေ၏။ ၎င်းလက်မောင်းအသွင်က ကြောက်မက်ဖွယ်ကောင်း၍ အနံ့ဆိုးများပါ ထွက်ပေါ်နေခဲ့၏။

***

All Chapters