အခန်း ၁၄၉၇
Vol. 102 Ch. 1497
အခန်း ၁၄၉၇ ဖုန်းယွီ၏ အစီရင်ခံ ဖြေကြားချက် (၅/၁၀)
ဖုန်းယွီသည် ဤကိစ္စကို လောင်ကျန့်အား ပြောပြလိုက်ခြင်းဖြင့် သူ စိတ်အေးလက်အေး နေနိုင်ပြီဟု ထင်မှတ်ထားခဲ့သည်။ စိတ်ညစ်စရာ ကိစ္စများကို လောင်ကျန့်ကိုသာ ခေါင်းစားခံခိုင်းလိုက်မည် မည်သို့ပင်ဖြစ်စေ အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ သောကများလည်း များပြားလာစမြဲပင် ဖြစ်သည်။
ဖုန်းယွီကိုယ်တိုင်ကမူ သေချာပေါက် နေ့စဉ်နှင့်အမျှ အေးချမ်းသာယာသော ဘဝကို ဖြတ်သန်းနေကာ အားကစားရုံ၌ ကိုယ်လက်လှုပ်ရှား အနည်းငယ် ပြုလုပ်ရသည်မှာပင် အလွန်တရာ သက်သောင့်သက်သာ ရှိလှပေသည်။
ဤကဲ့သို့သော နိုင်ငံတော် အရေးကိစ္စမျိုးကို သူ သတိရလာသည့်အခါ တစ်ခွန်းတစ်ပါဒ သတိပေးလိုက်ခြင်းသာ ဖြစ်သည်။ တာဝန်ဝတ္တရား တစ်ခုကြောင့် မဟုတ်ဘဲ နိုင်ငံတော်ကို အနည်းငယ် ပိုမို ကောင်းမွန်လာစေရန် ဆန္ဒရှိရုံသက်သက်သာ ဖြစ်သည်။ သတိမရပါကလည်း သေချာဂရုတစိုက် တွေးတောနေရန် အချိန်မပေးချင်တော့ချေ။
မူလက ရည်မှန်းချက်မှာ အသက်သုံးဆယ်တွင် အငြိမ်းစားယူရန် ဖြစ်သော်လည်း ယခုအခါ အငြိမ်းစားယူရန် အမှန်တကယ် ဖြစ်နိုင်နေပြီဖြစ်ကာ ဖုန်းယွီအနေဖြင့် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် နေရာမှ ဖယ်ရှားခံရမည် မဟုတ်ကြောင်းကိုလည်း လုံလောက်စွာ အာမခံနိုင်သော်လည်း အငြိမ်းစားယူပြီးနောက်တွင် တကယ်တမ်း လုပ်စရာကိစ္စ ဘာတစ်ခုမျှ မရှိကြောင်းကို သူ တွေ့ရှိလိုက်ရသည်။
မည်သို့ပင်ဆိုစေ ယခုလက်ရှိ သူ၏ဘဝမှာ သာမန် အငြိမ်းစားယူထားသူများနှင့် ဘာမျှကွာခြားခြင်း မရှိတော့ဘဲ သွားချင်သည့်နေရာကို သွားကာ ကုမ္ပဏီကိစ္စရပ်များ အားလုံးကို အခြားသူများထံ လွှဲအပ်ထားပြီး သူက လစဉ် စိတ်ကူးပေါက်သည့်အခါမှသာ စာရင်းဇယားများကို တစ်ချက် ကြည့်ရှုရုံမျှသာ ဖြစ်သည်။
ယနေ့တွင် သူသည် ရေလှောင်တမံသို့ သွားရောက်၍ ငါးမျှားရန် ပြင်ဆင်နေဆဲမှာပင် ကျန့်ရွေ့ချန်၏ဖုန်း ဝင်လာခဲ့လေသည်။
"ဖုန်းယွီ မင်း မြို့တော်မှာ ရှိနေတုန်းပဲ မဟုတ်လား"
"ဘာဖြစ်လို့လဲ… ဒီအကြံပေးအရာရှိကို အလုပ်လာပေးပြန်ပြီလား" ဖုန်းယွီသည် နှုတ်ခမ်းတစ်ချက် တွန့်လိုက်ကာ ထားလိုက်ပါတော့ အပျော်သွားရသလို သဘောထားလိုက်မည် ဤအကြံပေးအရာရှိ ရာထူးကလည်း တစ်ခါတစ်ရံတွင် အတော်လေး စိတ်ဝင်စားစရာ ကောင်းပေသည်။
"အင်း… ရှအကြီးအကဲက မင်းနဲ့ တွေ့ချင်နေတယ်"
ရှအကြီးအကဲ ဟုတ်လော။ ဝန်ကြီးချုပ်တို့လား။ အာရှရဲ့ အင်အားအကြီးမားဆုံး အမျိုးသားအဖွဲ့တွေထဲက တစ်ဦးဖြစ်တဲ့ ရှအကြီးအကဲလား။
"အခုလား" ဖုန်းယွီက သူကိုယ်တိုင် ပန်းခြံထဲတွင် တူးဖော်ထားသော တီကောင်များကို ကြည့်ကာ ငါးမျှားရန် ပြင်ဆင်ရသည်မှာ လွယ်ကူသည်များ မှတ်နေသလော ဟု တွေးလိုက်သည်။
"ရှအကြီးအကဲက မင်း အားတဲ့အချိန်ကို ကြည့်ပါတဲ့"
ဟင်… ငါ အားတဲ့အချိန်ကို ကြည့်ရမယ် ဟုတ်လား။ ဖုန်းယွီသည် ရှအကြီးအကဲ၏ သူ့အပေါ် လေးစားမှုကို ခံစားလိုက်ရသည်။ သေချာပေါက်ပင် သူသည် ဤကိစ္စကြောင့်လည်း အလွန်အမင်း မာနထောင်လွှားနေမည် မဟုတ်ပေ။
"ဒါဆို ဒီနေ့ည သတင်းအပြီးလောက်ဆို ရမလား"
"ပြဿနာ မရှိပါဘူး။ ဒါဆို ညရှစ်နာရီကျရင် မင်း (XX) ဆီကို လာခဲ့လိုက်"
ဖုန်းယွီသည် ပြင်ဆင်ထားသော ငါးမျှားတံများကို ယူဆောင်ကာ ငါးမျှားရန် ဆက်လက်ထွက်ခွာသွားခဲ့ပြီး အစီအစဉ်များ မပျက်ယွင်းခဲ့သော်လည်း ယနေ့တွင် အိမ်ပြန်နောက်ကျနိုင်ချေ ရှိပေသည်။
ညရှစ်နာရီ အချိန်တွင် ဖုန်းယွီသည် သတ်မှတ်နေရာသို့ အချိန်ကိုက် ရောက်ရှိသွားခဲ့သည်။
"မန်နေဂျာဖုန်း ရှအကြီးအကဲက စာရွက်စာတမ်းတွေ ဖတ်နေတုန်းမို့ ကျွန်တော်နဲ့ ကျန်းဝန်ကြီးကို ထွက်ကြိုခိုင်းလိုက်တာပါ"
ကျန့်ရွေ့ချန်က မိတ်ဆက်ပေးလေသည်။
"မန်နေဂျာဖုန်း သူကတော့ ညွှန်ကြားရေးမှူးယွီပါ။ ရှအကြီးအကဲရဲ့ရုံးခန်း တာဝန်ခံပါ"
"အဲဒီလိုကြီး မပြောပါနဲ့ ကျွန်တော့်ကို လောင်ယွီ လို့ ခေါ်ရင် ရပါပြီ" ညွှန်ကြားရေးမှူးယွီက ရယ်မောကာ ပြောလေသည်။
မျက်နှာချင်းဆိုင်ရှိ ဤမန်နေဂျာဖုန်းသည် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်ရုံသာမက ကမ္ဘာ့နိုင်ငံအသီးသီးက အပြိုင်အဆိုင် ခေါ်ယူချင်နေကြသူ တစ်ဦးဖြစ်ပြီး တရုတ်၏ခေါင်းဆောင်အဆက်ဆက်နှင့်လည်း ဆက်ဆံရေး အလွန်ကောင်းမွန်သူ ဖြစ်သည်။ သူ၏ခေါင်းဆောင်ကလည်း တစ်ကြိမ်မက ချီးကျူးဖူးခဲ့ပြီး အကယ်၍ စီးပွားရေးအပိုင်းကို ဖုန်းယွီထံ လွှဲအပ်လိုက်မည်ဆိုပါက တရုတ်အနေဖြင့် နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူပြည်သားများကို စောစီးစွာ ချမ်းသာကြွယ်ဝလာစေရန် လုပ်ဆောင်နိုင်ကောင်း လုပ်ဆောင်နိုင်မည်ဟုပင် ပြောဆိုခဲ့ဖူးသည်။
"ခေါင်းဆောင်ကြီး မန်နေဂျာဖုန်း ရောက်လာပါပြီ" ညွှန်ကြားရေးမှူးယွီက အနည်းငယ် ခါးညွှတ်ကာ တိုးညင်းသော အသံဖြင့် ပြောဆိုလိုက်သည်။
ရှအကြီးအကဲက မျက်မှန်ကို ချွတ်လိုက်ပြီး မတ်တပ်ရပ်ကာ ဖုန်းယွီဘက်သို့ လက်ကမ်းပေးလိုက်ပြီး ပြောလေသည်။ "မန်နေဂျာဖုန်း ငါတို့က ပထမဆုံးအကြိမ် တွေ့ဆုံကြတာ မဟုတ်တော့ အားနာစရာ စကားတွေ အများကြီး မပြောတော့ပါဘူး ထိုင်ပါ"
ထိုအချိန်တွင် ညွှန်ကြားရေးမှူးယွီက အနားသို့ လာရောက်ကာ ဖုန်းယွီအား လက်ဖက်ရည် တစ်ခွက် ကိုယ်တိုင် ငှဲ့ပေးလိုက်ပြီး ရှအကြီးအကဲ၏ အနောက်ဘက်ရှိ ကုလားထိုင်ပေါ်တွင် ဝင်ထိုင်လိုက်သည်။
"ရှအကြီးအကဲ ကျွန်တော့်ကို ခေါ်လိုက်တာ ကျွန်တော် လုပ်ပေးဖို့ လိုအပ်တဲ့ ကိစ္စတစ်ခုခု ရှိနေလို့လား" ဖုန်းယွီသည် ကျန့်ရွေ့ချန်ဤနေရာတွင် ရှိနေသည်ကို မြင်လိုက်ရကတည်းက မည်သည့်ကိစ္စဖြစ်ကြောင်းကို ခန့်မှန်းမိပြီး ဖြစ်သည်။
သူ၏အကြံပြုချက်တစ်ခုကို လောင်ကျန့်က ရှအကြီးအကဲထံအထိ တင်ပြလိုက်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
သို့သော် ဤသို့ဖြစ်ခြင်းကလည်း ကောင်းမွန်ပေသည် အကယ်၍ ရှအကြီးအကဲက သဘောတူလိုက်ပါက ဤကိစ္စမှာ အခြေခံအားဖြင့် အတည်ဖြစ်သွားမည် ဖြစ်သည်။ ဤသို့ဆိုလျှင် နိုင်ငံတော်၏ အိမ်ခြံမြေ လုပ်ငန်းများ လမ်းမှားရောက်မှု နည်းပါးသွားစေနိုင်ပြီး ပုံမှန်မဟုတ်သော ဖွံ့ဖြိုးတိုးတက်မှုမျိုးကို ရှောင်ရှားနိုင်မည် ဖြစ်သည်။
"မန်နေဂျာဖုန်း ကျွန်တော်တို့ နိုင်ငံရဲ့ အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်ပြီး မင်းရဲ့အမြင်တချို့ကို ရွေ့ချန် ပြောပြလို့ ငါ ကြားသိရပါတယ်။ ငါ့ဘက်က သေသေချာချာ မေးချင်တဲ့ မေးခွန်းတချို့ ရှိနေပါတယ်"
ဖုန်းယွီသည် ပြီးခဲ့သည့်တစ်ကြိမ် ရှအကြီးအကဲနှင့် တွေ့ဆုံစဉ်က ခေါင်းဆောင်ကြီးအနေဖြင့် သူ၏နာမည်ကိုသာ တိုက်ရိုက်ခေါ်ရန် ပြောခဲ့သော်လည်း ခေါင်းဆောင်ကြီးက ရယ်မောကာ မင်းကလည်း ငါ့နာမည်ကို တိုက်ရိုက် ခေါ်လေ ဟု ပြန်ပြောခဲ့သည်။
နောက်ပိုင်းတွင်မူ ဤသို့ ဖြစ်သွားခဲ့ပြီး ဤပုဂ္ဂိုလ်၏နှုတ်မှ မန်နေဂျာဖုန်းဟု ခေါ်ဆိုလာခြင်းက ဖုန်းယွီ၏စိတ်ထဲတွင်လည်း တိတ်တဆိတ် ကျေနပ်မှုကို ဖြစ်ပေါ်လာစေခဲ့သည်။
"ရှအကြီးအကဲ မေးပါ။ ကျွန်တော် သိသမျှ အကုန်လုံးကို ဖုံးကွယ်မထားဘဲ အကုန် ဖြေကြားပေးပါ့မယ်"
"ထျယ်ဝမ် ပြောပြတာကတော့ သူ မင်းနဲ့ အိမ်ခြံမြေ ကိစ္စတွေကို ဆွေးနွေးဖူးတယ်တဲ့.. မင်းက အဲဒီတုန်းက အိမ်ခြံမြေ လုပ်ငန်းဟာ အဓိက စီးပွားရေး မဏ္ဍိုင် မဖြစ်နိုင်ဘူးလို့ ပြတ်ပြတ်သားသား ပြောခဲ့တဲ့အပြင် အိမ်ခြံမြေ လုပ်ငန်းလောကထဲက အကျင့်ဆိုး တချို့ကိုလည်း ပြောပြခဲ့သေးတယ်ဆို"
"အဲဒီအကျင့်ဆိုးတွေကို ငါတို့ကလည်း ကန့်သတ်ချက်တွေ လုပ်ထားပါတယ်။ လုံးဝပပျောက်သွားပြီလို့တော့ မပြောရဲပေမယ့် ဘာမှသိပ်မရှိတော့ဘူးလို့တော့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဒီအထဲမှာ မထင်မှတ်ထားတဲ့ လှည့်ကွက်တွေ အများကြီး ရှိနေသေးတာကို ငါတို့က ပေါ့ဆသွားခဲ့တယ်"
ရှအကြီးအကဲက လုပ်ငန်းလောက၏ လက်ရှိအခြေအနေကို သိရှိလိုပါက စုံစမ်းစစ်ဆေးရသည်မှာ အလွန်တရာ မြန်ဆန်လှပေသည်။ သေချာပေါက်ပင် သူ မြင်တွေ့ရသော မြင်ကွင်းများထဲတွင် အောက်လူများက သူ့ကို မြင်တွေ့စေလိုသော မြင်ကွင်းများလည်း ပါဝင်နေနိုင်ပေသည်။
ထို့ကြောင့် ရှအကြီးအကဲက ဖုန်းယွီကို ခေါ်ယူကာ ဖုန်းယွီမြင်တွေ့ထားသော အခြေအနေများမှာ တကယ်တမ်း မည်သို့ ရှိသနည်း ဆိုသည်ကို သိရှိလိုခြင်း ဖြစ်သည်။ ဖုန်းယွီပြောသကဲ့သို့ လူတစ်ယောက်တည်းတွင် အိမ်အလုံးပေါင်း ဆယ်နှင့်ချီ၍ ရှိနေသည်ဆိုသည်မှာ တကယ်ပဲ ဟုတ်ပါသလော။ ဖုန်းယွီပြောသကဲ့သို့ လူမနေသော မြို့ပျက်ကြီးများ တကယ်ပဲ ရှိနေပါသလော။
"ဒါဆို မင်း ပြောကြည့်ပါဦး၊ ငါတို့ရဲ့ အိမ်ခြံမြေ လုပ်ငန်းက ဘယ်လို ဖွံ့ဖြိုးတိုးတက်သင့်သလဲ။ မင်းက ဖိနှိပ်ထိန်းချုပ်ဖို့ ပြောနေတာဆိုရင် ဘာဖြစ်လို့ မင်းရဲ့Taihuaအိမ်ခြံမြေကုမ္ပဏီရဲ့ အရွယ်အစားကတော့ ပိုပိုပြီး ကြီးမားလာနေရတာလဲ"
ဖုန်းယွီက ပြုံးလိုက်ပြီး ပြောလေသည်။ "အခု ပြည်သူတွေကြားထဲမှာ အိမ်ခြံမြေ ကစားတဲ့ အဖွဲ့ဆိုတဲ့ အဖွဲ့အစည်းတစ်ခု ရှိနေပါတယ်။ သူတို့က လူတချို့ စုပေါင်းပြီး အဆောက်အအုံ တစ်လုံးကို အတူတူ ဝယ်ယူကြတာပါ။ အိမ်တစ်လုံးတည်းကို ဝယ်တာ မဟုတ်ဘဲ အဆောက်အအုံ တစ်လုံးလုံးကို တိုက်ရိုက် ဝယ်ယူကြတာပါ။ သူတို့က ဈေးနှုန်းကို ဆွဲတင်ကစားကြပြီး တစ်ဆင့်ပြန်ရောင်းကာ အမြတ်ထုတ်ကြတာပါ။ လူတစ်ယောက်တည်း ဆိုရင်တော့ မလုပ်နိုင်ပေမယ့် လူတစ်စုဆိုရင်တော့ လုပ်နိုင်သွားပါပြီ"
ဝိန်ကျိုးအိမ်ခြံမြေ ကစားသည့် အဖွဲ့သည် ယခင်ဘဝတွင်ဖြစ်စေ ယခုလက်ရှိတွင်ဖြစ်စေ အလွန်တရာ နာမည်ကျော်ကြားလှပေသည်။ ယခုအချိန်မှာ အဆိုးရွားဆုံးအချိန် မရောက်သေးသော်လည်း ယခင်ဘဝက လူမနေသော မြို့ပျက် တစ္ဆေမြို့ (လူမရှိ) အမှောင်မြို့ (မီးရောင်မရှိ) နှင့် အိပ်စက်မြို့ (အိပ်စက်ရန် သင့်တော်လောက်အောင် တိတ်ဆိတ်လွန်းသည်) များစွာမှာ ဤလူများ၏ လက်ရာများပင် ဖြစ်သည်။
"ကျွန်တော်တို့ လုပ်ရမှာက ဒီလူတွေ အိမ်ခြံမြေ ကစားတာကို ထိန်းချုပ်ဖို့ပါပဲ။ တကယ် အိမ်လိုအပ်နေတဲ့ လူတွေကို အရင်ဆုံး ဖြည့်ဆည်းပေးရမှာဖြစ်ပြီး ဒေသအသီးသီးရဲ့ အိမ်ရာ ခွင့်ပြုချက်တွေကလည်း လူဦးရေနဲ့ ကိုက်ညီမှု ရှိရပါမယ်။ ဒီမြို့လေးက လူဦးရေ ငါးသိန်းပဲ ရှိတာကို အိမ်အလုံးပေါင်း တစ်သန်းလောက် ဖန်တီးထားလို့ မရဘူးလေ မဟုတ်ဘူးလား။ ကျန်နေတဲ့ အိမ်တွေကို ဘယ်သူက လာနေမှာလဲ"
"အဲဒီ အိမ်ခြံမြေ ကစားတဲ့သူ တော်တော်များများက ဘဏ်ချေးငွေကတစ်ဆင့် လုပ်ဆောင်ကြတာမို့ ဒီအပိုင်းမှာဆိုရင် သူတို့ ချေးငွေကတစ်ဆင့် အိမ်ခြံမြေ ကစားတာ၊ ဈေးနှုန်း ဆွဲတင်တာတွေ မလုပ်နိုင်အောင် ပြင်းထန်တဲ့ ကန့်သတ်ချက် နည်းလမ်းတချို့ ချမှတ်ပေးသင့်ပါတယ်"
"နောက်တစ်ခုက အိမ်ခြံမြေ ဈေးနှုန်းက ဒေသတစ်ခုရဲ့ ဝင်ငွေ စံနှုန်းနဲ့ ကိုက်ညီရပါမယ်။ ဝင်ငွေနည်းပါးသူတွေလည်း အိမ်ဝယ်နိုင်စွမ်း ရှိသင့်ပါတယ်။ အိမ်ဆိုတာက ဝင်ငွေမြင့်မားသူတွေရဲ့ ရင်းနှီးမြှုပ်နှံမှု ကိရိယာတစ်ခု ဖြစ်မသွားစေရဘူး ဝင်ငွေနည်းပါးတဲ့ သူတွေကို အိမ်ပဲ ငှားနေရပြီး နှစ်တွေသာ ကြာသွားတယ်။ ကနဦးပေးချေငွေတောင် မစုမိတဲ့ အဖြစ်မျိုး မရောက်စေရပါဘူး"
"ပြီးတော့ ဒေသအသီးသီးက အစိုးရတွေ မြေရောင်းပြီး ဝင်ငွေရှာတဲ့ လုပ်ရပ်ကိုလည်း ကန့်သတ်ရပါမယ်။ အစိုးရ တစ်ရပ်က မြေရောင်းခြင်းအားဖြင့်ပဲ ဝင်ငွေရှာနိုင်တယ်ဆိုရင် ဒီအစိုးရ အဖွဲ့ရဲ့ စွမ်းဆောင်ရည်က အရမ်း ညံ့ဖျင်းလွန်းလှပါတယ်။ ပင်းချန်ကို ဥပမာပေးရရင် အဲဒီဘက်က မြေကွက် ဈေးနှုန်းတွေက အမြဲတမ်း အရမ်းကို သင့်တင့်မျှတပါတယ်။ ပြီးတော့ ပင်းချန်ဆိုတာ လူဦးရေ ဆယ်သန်းရှိတဲ့ မြို့ကြီး တစ်မြို့ပါ"
"အကယ်၍ လူဦးရေ စံနှုန်းအရ တွက်ချက်မယ်ဆိုရင် ပင်းချန်ရဲ့ အိမ်ခြံမြေ ဈေးနှုန်းတွေက နိုင်ငံတစ်ဝန်းလုံးမှာ ထိပ်တန်း ဆယ်မြို့စာရင်းဝင် ဖြစ်သင့်ပေမယ့် တကယ်တမ်းမှာ ပင်းချန်ရဲ့ အိမ်ခြံမြေ ဈေးနှုန်းက အရမ်းကို သင့်တင့်မျှတပါတယ်။ ဒါက အစိုးရရဲ့ အုပ်ချုပ်မှု ရလဒ်ပါပဲ"
ကျန့်ရွေ့ချန်သည် ဣန္ဒြေရရ ထိုင်နေရင်း ဖုန်းယွီက သူ၏ကိုယ်စား လေလုံးထွားပေးနေသည်ကို အနည်းငယ် အပြစ်တင်မိသော်လည်း တစ်ချိန်တည်းမှာပင် စိတ်ထဲ၌ အနည်းငယ် ကျေနပ်နေမိသည်။ ဤသည်မှာ သူ၏ သိပ်ပြီး "မထင်ရှားသော" နိုင်ငံရေး စွမ်းဆောင်မှုများထဲမှ တစ်ခု အမှန်တကယ်ပင်ဖြစ်ပြီး သေချာပေါက် ဖုန်းယွီ၏ လမ်းညွှန်မှုကိုလည်း ရရှိခဲ့ခြင်း ဖြစ်သည်။
ပို၍အရေးကြီးသည်မှာ သူ အုပ်ချုပ်နေစဉ် ကာလအတွင်း ပင်းချန်၏ စီးပွားရေးလုပ်ငန်း အခွန်ငွေများ စသည်တို့မှာ နှစ်စဉ် ဆက်တိုက်တိုးတက်နေခဲ့ပြီး သူသည်လည်း မြေရောင်း၍ ငွေရှာရန် မလိုအပ်ခဲ့ချေ။
ပြောရမည်ဆိုလျှင် အကယ်၍ ဖုန်းယွီကသာ ကူညီပြီး ပင်းချန်ကို ခိုင်မာသော အခြေခံအုတ်မြစ်တစ်ခု တည်ဆောက်မပေးခဲ့ပါက သူကိုယ်တိုင်လည်း ဤလမ်းကြောင်းပေါ်သို့ မဖြစ်မနေ လျှောက်လှမ်းခဲ့ရနိုင်ပေသည်။
"ဒေသတစ်ခုရဲ့ အကောင်းဆုံး အဆောက်အအုံဆိုတာ ကျောင်းတွေ ဖြစ်သင့်ပြီး အစိုးရ ရုံးအဆောက်အအုံတွေ မဖြစ်သင့်ပါဘူး"
******