အခန်း ၁၄၉၈
Vol. 102 Ch. 1498
အခန်း ၁၄၉၈ တင်းကျပ်စွာ စစ်ဆေးရမည် (၆/၁၀)
ဖုန်းယွီက များစွာပြောဆိုခဲ့ရာ ထိုအထဲမှ အချို့မှာ သူကိုယ်တိုင် တွေးမိထားခြင်းဖြစ်ပြီး အချို့မှာ အခြားသူများ ပြောသည်ကို ကြားဖူးထားခြင်း ဖြစ်ကာ အချို့ကိုမူ အင်တာနက်ပေါ်တွင် မြင်တွေ့ခဲ့ရခြင်းပင် ဖြစ်သည်။
ဤအကြံပြုချက်များကို ရှအကြီးအကဲက သေချာပေါက် အလေးအနက် စဉ်းစားပေးလိမ့်မည်ဟု ဖုန်းယွီက ယုံကြည်ထားကာ ကိစ္စရပ်များစွာမှာ မလုပ်နိုင်၍ မဟုတ်ဘဲ မလုပ်ဘဲ နေခဲ့ကြခြင်းသာ ဖြစ်ပေသည်။ ထို့အပြင် ကိစ္စရပ်အချို့ကို လုပ်ဆောင်လိုက်ပါက အကျိုးကျေးဇူးများမှာ ဤမျှမက ရှိနေဦးမည် ဖြစ်သည်။
ဥပမာအားဖြင့် ထိုအိမ်ခြံမြေ အချက်အလက်များကို နိုင်ငံတစ်ဝန်း ကွန်ရက်ချိတ်ဆက်လိုက်ခြင်းသည် ထိုအိမ်ခြံမြေ ကစားသူများကို တားဆီးနိုင်ရုံသာမက နိုင်ငံ့ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ နာမည်အောက်တွင် အိမ်အလုံးပေါင်း မည်မျှရှိနေသနည်း ဆိုသည်ကိုပါ စစ်ဆေးနိုင်မည် ဖြစ်သည်။
လူအများအပြားမှာ ဒေသတွင်း၌ အလွန်တရာ ဖြောင့်မတ်တည်ကြည်ကြသော်လည်း အခြားဒေသတွင် လာဘ်ပေးလာဘ်ယူ ပြုလုပ်သည့် နည်းလမ်းတစ်မျိုး ရှိနေပေသည်။ မင်းက (A) မြို့မှာ အလုပ်လုပ်နေချိန် ငါက မင်းအတွက် (B) မြို့မှာ အိမ်တစ်လုံး ဝယ်ပေးထားမယ်။ ဒါမှမဟုတ် မင်းဇနီးနဲ့ ကလေးတွေရဲ့ နာမည်နဲ့ ထားရှိပေးမယ် ဖြစ်သည်။
ဤကဲ့သို့သော ကိစ္စမျိုးသည် ပထမတစ်ကြိမ် ရှိခဲ့ပါက ဒုတိယတစ်ကြိမ် အကြိမ်ပေါင်းများစွာ ရှိလာမည်ဖြစ်ပြီး ထို့နောက်တွင် တဖြည်းဖြည်းနှင့် ဖောက်ပြန်ပျက်စီးသွားလေတော့သည်။
ဤကဲ့သို့သော နိုင်ငံတစ်ဝန်း ကွန်ရက်ချိတ်ဆက်သည့် ပုံစံကို အိမ်ခြံမြေ ကဏ္ဍတွင်သာ အသုံးချနိုင်သည် မဟုတ်ဘဲ အခြားသော ကဏ္ဍများစွာတွင်လည်း လုပ်ဆောင်နိုင်ပေသည်။ ဥပမာအားဖြင့် တရားဝင် လက်ထပ်မှတ်ပုံတင်ခြင်း ကားဝယ်ယူခြင်း ကိုယ်ရေးအချက်အလက် မှတ်တမ်းတင်ခြင်း စသည့် ကဏ္ဍပေါင်းစုံတွင် ဖြစ်သည်။
ရှအကြီးအကဲက မျက်မှောင်ကြုတ်လိုက်ကာ ပြောလေသည်။ "မန်နေဂျာဖုန်း မင်း ပြောတဲ့ ဒီနိုင်ငံတစ်ဝန်း ကွန်ရက်ချိတ်ဆက်တယ် ဆိုတာက ရင်းနှီးမြှုပ်နှံရမယ့် ရန်ပုံငွေက နည်းနည်းနောနော မဟုတ်ဘူးနော်။ ဒါတောင် လူ့စွမ်းအားအရင်းအမြစ်နဲ့ ပစ္စည်းအရင်းအမြစ်တွေကို မထည့်တွက်ရသေးဘူး"
ကိစ္စရပ်များစွာမှာ အပေါ်ယံတွင် မြင်ရသကဲ့သို့ ရိုးရှင်းစွာ ဖြေရှင်းနိုင်သည်မျိုး မဟုတ်ဘဲ အချက်အလက်များ ကောက်ယူ ထည့်သွင်းခြင်း တစ်ခုတည်းကပင် အလွန်တရာ ရှုပ်ထွေးလှရာ စနစ်များကို ကွန်ရက်ချိတ်ဆက်ရမည် ဆိုသည်မှာမူ ဆိုဖွယ်ရာပင် မရှိတော့ချေ။
ထို့အပြင် ဤစနစ်ကို ဖော်ထုတ်ခြင်း လည်ပတ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း တို့အတွက်လည်း ငွေကြေးများစွာ ရင်းနှီးမြှုပ်နှံရမည် မဟုတ်ပါလော။ ဤငွေများကို မည်သည့်နေရာမှ ရလာမည်နည်း။
"ရှအကြီးအကဲ ခုနတုန်းက ကျွန်တော် ပြောခဲ့ပြီးပြီလေ။ ဒီနည်းလမ်းက အခြားဒေသကနေ လာဘ်စားထားတဲ့ အကျင့်ပျက် အရာရှိတချို့ကို ဖမ်းဆီးနိုင်ပါတယ်။ သူတို့ဆီက သိမ်းဆည်းရမိတဲ့ ပိုင်ဆိုင်မှုတွေကလည်း နည်းနည်းနောနော ဖြစ်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ဒီစီမံကိန်းက ပြည်သူတွေကို အကျိုးပြုတဲ့ စီမံကိန်းတစ်ခု ဖြစ်လို့ နိုင်ငံတော်က ရင်းနှီးမြှုပ်နှံသင့်ပါတယ်။ အကယ်၍ ငွေမလုံလောက်ဘူးဆိုရင် ကျွန်တော်က တစ်ဖုံတစ်မည် လှူဒါန်းနိုင်ပါတယ်"
တကယ်တမ်းတွင် ဖုန်းယွီက အကယ်၍ မရပါက ထိုအိမ်ခြံမြေ ကစားသူများနှင့် မြေကွက် ကစားသည့် ကုမ္ပဏီများကို ဒဏ်ရိုက်နိုင်ကြောင်းနှင့် ယင်းကလည်း သေချာပေါက် ငွေကြေးအမြောက်အမြား ဖြစ်လာမည်ဖြစ်ကြောင်း ထပ်မံပြောဆိုချင်နေသေးသည်။
ဤကိစ္စကို အမှန်တကယ်ပင် အလျင်အမြန် တွန်းအားပေး လုပ်ဆောင်ရမည်ဖြစ်ကာ အလင်းဖိုက်ဘာ ကေဘယ်ကြိုးများစွာ ထပ်မံသွယ်တန်းရန် လိုအပ်ပြီး တရုတ်၏ အင်တာနက် အမြန်နှုန်းကို မြှင့်တင်ပေးလိုက်ပါက လူအများအပြား၏ သဘောကျ နှစ်သက်မှုကို ရရှိလာမည် ဖြစ်သည်။
ဖုန်းယွီအတွက် အကျိုးကျေးဇူးမှာ ဂိမ်းဆော့ရာတွင် ထပ်မံ၍ ထစ်ငေါ့နေတော့မည် မဟုတ်သလို အင်တာနက် မကြာခဏ ကျတတ်သည့် အသင်းဖော်များ၏ ဒုက္ခပေးခြင်းမျိုးကိုလည်း ကြုံတွေ့ရတော့မည် မဟုတ်ချေ။
အခြားသော ကိစ္စရပ်များနှင့် ပတ်သက်၍မူ ဖုန်းယွီအပေါ် ကြီးမားသော သက်ရောက်မှု မရှိလှပေ။
အကယ်၍ နိုင်ငံတော်က ဤလုပ်ငန်းကို ပုဂ္ဂလိကများထံ လုံးဝ လွှဲပြောင်းပေးမည် မဟုတ်ကြောင်း သေချာမနေပါက ဖုန်းယွီကိုယ်တိုင်ပင် ရင်းနှီးမြှုပ်နှံချင်နေခဲ့သည်။
အမေရိကဘက်တွင် အလင်းဖိုက်ဘာ ကေဘယ်ကြိုးများ သွယ်တန်းခဲ့ခြင်းကြောင့် ကုမ္ပဏီတစ်ခု၏ အခြေခံ အဆောက်အအုံများ ပိုလျှံသွားခဲ့ကာ ဝင်ငွေနှင့် ထွက်ငွေ မမျှတဖြစ်ပြီးနောက် မတတ်သာဘဲ စာရင်းလိမ်များ ပြုလုပ်ခဲ့ရရာ ဖုန်းယွီက ဖွင့်ချလိုက်ပြီးနောက် ဒေဝါလီခံသွားခဲ့ရသည်။
သို့သော် ဖုန်းယွီမှာ ဤအရာများကို စိုးရိမ်ပူပန်နေရန် လုံးဝမလိုအပ်ပေ။ ကုမ္ပဏီကို မပြောနှင့် ဖုန်းယွီတစ်ဦးတည်းပင် ဤငွေကြေးများကို ထုတ်ယူ၍ ရင်းနှီးမြှုပ်နှံနိုင်ပေသည်။ အကျိုးအမြတ် ပြန်လည်ရရှိမှုနှင့် ပတ်သက်၍မူ အကယ်၍ ဤအရာကို သူ့ထံ အမှန်တကယ် လွှဲအပ်ပေးမည်ဆိုပါက China Unicomနှင့် China Telecom တို့ကိုပင် ဖယ်ရှားပစ်နိုင်မည်ဟု ဖုန်းယွီက ယုံကြည်ချက် အပြည့် ရှိနေသည်။
သို့သော် ဤသည်မှာ သူ စိတ်ကူးယဉ်ကြည့်ရုံမျှသာ ဖြစ်ပြီး နိုင်ငံတော်က ဤမျှအရေးကြီးသော သတင်းအချက်အလက် လမ်းကြောင်းများကို ပုဂ္ဂလိကများထံ လွှဲအပ်ပေးမည် မဟုတ်ချေ။
ရှအကြီးအကဲက မျက်မှောင်ကို တင်းကျပ်စွာ ကုတ်လိုက်ပြီး မေးလိုက်သည်။ "မင်း ဆိုလိုတာက အဲဒီ အကျင့်ပျက် အရာရှိတွေကို စစ်ဆေးအရေးယူလိုက်ရင် ပိုင်ဆိုင်မှု ယွမ်ဘီလီယံ တစ်ဆယ်ကျော်လောက် သိမ်းဆည်းရမိနိုင်တယ်ပေါ့"
သူ အုပ်ချုပ်နေစဉ် ကာလအတွင်း အကျင့်ပျက် ခြစားမှုများက ဤမျှအထိ ဆိုးရွားနေလိမ့်မည်ဟု သိလိုက်ရသဖြင့် သူ၏မျက်နှာမှာလည်း မကောင်းလှပေ။ သူ့ကို အမကျေနပ်ဆုံး ဖြစ်စေသည့်အချက်မှာ ဤကိစ္စက သူ တွေးဆထားသည်ထက် များစွာ ပိုမိုဆိုးရွားနေခြင်းပင် ဖြစ်သည်။
ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံ၏ အစိုးရမဆို အစဉ်အမြဲ အဂတိကင်းစင်နေမည်ဟု အာမခံနိုင်စွမ်း မရှိကြပေ။ ကမ္ဘာပေါ်ရှိ ဝင်ငွေမြင့်မားသော ဖွံ့ဖြိုးပြီး နိုင်ငံများပင် ဖြစ်စေကာမူ ခံစားခွင့်နှင့် ထောက်ပံ့ကြေးများက တရုတ်ကို လမ်းများစွာ ကျော်ဖြတ်သွားနိုင်သော နေရာမျိုးများတွင်ပင် ဤကဲ့သို့သော အခြေအနေမျိုးကို လုံးဝပပျောက်သွားအောင် မလုပ်နိုင်ကြချေ။
လူသားများ၏လောဘကို လုံးလုံးလျားလျား တားဆီးဟန့်တားရန် ဆိုသည်မှာ မဖြစ်နိုင်ပေ။
တရုတ်မှ အရာရှိများ၏ အကြီးမားဆုံး ပြဿနာမှာ ၎င်းတို့၏ လက်တွေ့ ဝင်ငွေနှင့် ၎င်းတို့ စီမံခန့်ခွဲနိုင်သော ရန်ပုံငွေတို့ကြားတွင် ကြီးမားလှသော ကွာဟချက်ကြီး ရှိနေခြင်းပင် ဖြစ်သည်။
ဥပမာအားဖြင့် လောင်ကျန့်၏လစာမှာ မည်မျှ ရှိသနည်း။ Taihua Holding လက်အောက်ခံ ကုမ္ပဏီခွဲတစ်ခု၏ အလယ်အလတ်အဆင့် စီမံခန့်ခွဲသူ တစ်ဦးကိုပင် မမီချေ။ သေချာပေါက် အခြားသော ခံစားခွင့်နှင့် ထောက်ပံ့ကြေး အပိုင်းများတွင်မူ အနည်းငယ် ပိုကောင်းသော်လည်း ထိုခံစားခွင့်များမှာလည်း ထိုပုဂ္ဂလိက ကုမ္ပဏီများ၏ အဆင့်မြင့် အရာရှိများလောက် မကောင်းမွန်ပေ။
သို့သော် လောင်ကျန့်က ကလောင်တစ်ချက် လှုပ်လိုက်ရုံဖြင့် ရွှေ့ပြောင်းနိုင်သော ရန်ပုံငွေများမှာ ယွမ်သန်းဆယ်ဂဏန်းမှ ဘီလီယံချီ၍ ရှိနေကာ ထိုပုဂ္ဂလိက ကုမ္ပဏီများ၏ အဆင့်မြင့် အရာရှိများထက် များစွာ အင်အားကြီးမားပြီး လုပ်ပိုင်ခွင့် အာဏာလည်း များစွာ ကြီးမားလှပေသည်။
ထိုပုဂ္ဂလိက ကုမ္ပဏီများ၏ အဆင့်မြင့် အရာရှိများမှာ အပြင်ထွက်လျှင် ဇိမ်ခံကားများ စီးကြသည် အိမ်ကြီးအိမ်ကောင်းများတွင် နေထိုင်ကြသည်။ တောင်ပေါ်နှင့် ပင်လယ်ထွက် ရှားပါး ဟင်းလျာများကို စားသောက်ကြသည်။ သားသမီးများကို အသိအမြင် ကျယ်လာစေရန် နိုင်ငံခြားသို့ ကျောင်းလွှတ်နိုင်ကြပြီး သားသမီးများက ဖခင်၏စီးပွားရေးကိုပင် ဆက်ခံခွင့် ရှိကြသည်။
သို့သော် သူတို့ကော.. လောင်ကျန့်၏သားမှာ ယခုအချိန်အထိ ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေရဆဲပင် ဖြစ်သည်။
ထိုယွမ်ဘီလီယံချီသော ရန်ပုံငွေများ လက်ထဲတွင် ဖြတ်သန်းသွားနေသည်ကို သူတို့ထဲမှ မည်မျှလောက်က စိတ်မလှုပ်ရှားဘဲ နေနိုင်ကြမည်နည်း။ မူလကတည်းက စိတ်လှုပ်ရှားရန် မရည်ရွယ်ခဲ့လျှင်ပင် လူအချို့က ရှေ့တိုးလာကာ လက်ဆောင်များ လာပေးနေကြသည်ကို သူတို့အနေဖြင့် မယူဘဲ တောင့်ခံထားနိုင်ပါမည်လော။
သူတို့ တောင့်ခံထားနိုင်လျှင်ပင် သူတို့၏ မိသားစုဝင်များကကော။ ခေါင်းဆောင် အများအပြား၏ မိသားစုဆက်ဆံရေးမှာ အထူးသဖြင့် သားသမီးများနှင့် ဆက်ဆံရေးမှာ သိပ်မကောင်းကြချေ။ ခေါင်းဆောင်အဖြစ် အလုပ်လုပ်ရသည်ကို အကျင့်ပါနေပြီး သူတစ်ပါးက ပြန်လည် ချေပပြောဆိုသည်ကို လုံးဝ မနှစ်သက်ကြရာ လူပျိုပေါက် အပျိုပေါက် အရွယ်ရှိ သားသမီးများနှင့် အဆင်ပြေအောင် နေထိုင်ရန်မှာ သေချာပေါက် ခက်ခဲလှပေသည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူတို့ကြားတွင် သေချာပေါက် မျိုးဆက် ကွာဟမှု ရှိနေပေသည်။ သားသမီးများကို အုပ်ထိန်းရန် လစ်ဟင်းသွားပါက လမ်းမှားသို့ ရောက်သွားနိုင်ချေ အလွန်ကြီးမားပေသည်။ ထို့အပြင် လူမှုအသိုင်းအဝိုင်းထဲသို့ ဝင်ရောက်လာချိန်တွင် အခြားသူများ၏ သွေးဆောင်ဖြားယောင်းမှုများကို ခံရကာ မိမိတို့၏ဖခင်ကို သတိမထားမိဘဲ ဒုက္ခတွင်းထဲသို့ ဆွဲချသွားနိုင်ပေသည်။
အပြင်ထွက်လည်သည့်အခါ လူအချို့က ကျွေးမွေးဧည့်ခံကာ စားသောက် ပျော်ပါးရန် ခေါ်ဆောင်သွားကြသည်ကို သူက သူငယ်ချင်းဟု ထင်မှတ်နေခဲ့သော်လည်း တကယ်တမ်းတွင်မူ ထိုလူများက သူ၏ဖခင်ကို ရည်ရွယ်၍ ရောက်လာကြခြင်း ဖြစ်ကြောင်းကို လုံးဝ မသိရှိခဲ့ပေ။ ဤကဲ့သို့သော သကြားအုပ်ထားသည့် အမြောက်ဆံများကြောင့် ဒုက္ခတွင်းထဲသို့ ကျရောက်သွားရသော မိသားစုဝင်များမှာ အလွန်တရာ များပြားလွန်းလှပေသည်။ ထို့နောက် မိသားစုဝင်များက အရာရှိကိုပါ ထပ်မံ၍ ဒုက္ခတွင်းထဲသို့ ဆွဲချသွားကြပြီး နောက်ဆုံးတွင် တစ်မိသားစုလုံး ဖောက်ပြန်ပျက်စီးသွားကြလေတော့သည်။
"ရှအကြီးအကဲ စကားတစ်ခွန်း ပြောရရင် ခင်ဗျား သိပ်ပြီး နားထောင်လို့ ကောင်းမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကိစ္စတွေက ခင်ဗျား တွေးဆထားတာထက် ပိုပြီး ဆိုးရွားနေနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ အောက်ဘက်မှာ စကားတစ်ခွန်း ရှိတယ်။ ဌာနဆိုင်ရာ အကြီးအကဲက လက်ရှိတာဝန်ခံကို မမီဘူးတဲ့… အဲဒါက ယမမင်းကို ဖြတ်ကျော်ရတာ လွယ်ကူပေမယ့် တမန်တော်တွေကို ရင်ဆိုင်ရတာက ပိုပြီး ခက်ခဲတယ် ဆိုတဲ့ အဓိပ္ပာယ်ပါပဲ"
"ဥပမာအားဖြင့် ခရိုင်ထဲမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်တဲ့အခါ ခေါင်းဆောင်တွေက အခြေအနေ အမျိုးမျိုးကို ကတိပေးထားကြပေမယ့် ရင်းနှီးမြှုပ်နှံသူတွေ စက်ရုံတည်ဆောက်ပြီးတဲ့နောက်မှာ ရေပေးဝေရေး ကုမ္ပဏီကို လက်ဆောင်မပေးထားလို့ ရုတ်တရက် ရေပြတ်သွားတာကို တွေ့လိုက်ရတယ်။ ရေပေးဝေရေး ကုမ္ပဏီမှာက သင့်တော်တဲ့ အကြောင်းပြချက် ရှိနေတယ်လေ… ပိုက်လိုင်းတွေကို ပြုပြင်ထိန်းသိမ်းနေရတယ်။ ဒါက မဖြစ်မနေ လုပ်ရမယ့် ကိစ္စပဲလေ"
"အကယ်၍ ခင်ဗျားက လက်ဆောင်မပေးဘူးဆိုရင် သုံးရက်တစ်ခါ နှစ်ရက်တစ်ခါ ပြုပြင်ထိန်းသိမ်းနေမှာဖြစ်ပြီး အကြီးစား ပြုပြင်မှု တစ်ခုတောင် လုပ်လာနိုင်ပါသေးတယ်။ ခင်ဗျားက ရေဌာနကို လက်ဆောင်ပေးလိုက်ပြီးရင် လျှပ်စစ်ဌာနက မီးဖြတ်သွားပြန်ရော အကြောင်းပြချက်ကတော့ အတူတူပဲ ဓာတ်အားလိုင်းတွေ ပြုပြင်ထိန်းသိမ်းနေရတယ်တဲ့။ ပြီးတော့ လျှပ်စစ်လုပ်ငန်း ဌာနတော်တော်များများက ခရိုင်ရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ ရှိမနေဘူးလေ သူတို့က ကျွမ်းကျင်မှုပိုင်းကို အကြောင်းပြလာရင် ခရိုင်အနေနဲ့ ဘာများ ပြောထွက်နိုင်မှာလဲ"
"ဒီလို လူမျိုးက ဘယ်လောက်တောင် လာဘ်စားနိုင်မလဲလို့ ခင်ဗျား ထင်လဲ" ဖုန်းယွီက ယခင်ဘဝ သတင်းများထဲတွင် မြင်တွေ့ခဲ့ရသော ထိုရေဌာန အကြီးအကဲကို သတိရသွားကာ လူအားလုံးကို အံ့သြမှင်သက်သွားစေခဲ့သည် မဟုတ်ပါလော။
ထိုမျှလောက် သေးငယ်ပြီး မျက်စိကျစရာ မရှိသော ရာထူးတစ်ခုက မထင်မှတ်ဘဲ ထိုမျှလောက် များပြားစွာ အမြတ်ထုတ်နိုင်ခဲ့ပေသည်။
"မင်း ဆိုလိုတာက နိုင်ငံတော်က အလွန်တရာ ပြည့်စုံသေချာတဲ့ တင်းကျပ်တဲ့ စစ်ဆေးမှု တစ်ခု လုပ်သင့်တယ်ပေါ့" ရှအကြီးအကဲက ဤကိစ္စကို တင်ပြသင့် မတင်ပြသင့် စဉ်းစားနေခဲ့သည်။
"ဒီကိစ္စကိုတော့ ကျွန်တော် သေချာ မသိပါဘူး။ အထက်က သေချာပေါက် အလုံးစုံ စဉ်းစားတွေးတောထားတာတွေ ရှိမှာပါ။ ဒါပေမဲ့ အဲဒီလူတွေကို သတိပေးမှုတချို့ မလုပ်ဘဲ လက်ဖြန့်ရင် သေချာပေါက် အဖမ်းခံရမယ် ဆိုတာကို အသိမပေးထားဘူးဆိုရင် ကျွန်တော်တို့ရဲ့စီးပွားရေး ပိုပိုပြီး ကောင်းမွန်လာတာနဲ့အမျှ လက်ဖြန့်ရဲတဲ့ သူတွေလည်း ပိုပိုပြီး များပြားလာမှာကို စိုးရိမ်ရပါတယ်"
"ပြီးတော့ နိုင်ငံ့ဝန်ထမ်းတွေ နိုင်ငံပြင်ပကို ထွက်ခွာတာကို ကန့်သတ်ရုံသာမကဘဲ သူတို့ရဲ့ မိသားစုဝင်တွေ နိုင်ငံပြင်ပ ထွက်ခွာတာကိုပါ ကန့်သတ်သင့်ပါတယ်။ အခု လူတော်တော်များများကို အချည်းနှီး အရာရှိလို့ ခေါ်နေကြတာကို ခင်ဗျား သတိမထားမိဘူးလား"
"ကျွန်တော်တို့ နိုင်ငံရဲ့ ပြည်သူ့ဝန်ထမ်းတွေ ဖြစ်နေပါလျက်နဲ့ ဘာဖြစ်လို့ ဇနီးနဲ့ ကလေးတွေကို နိုင်ငံခြားကို လွှတ်ထားကြတာလဲ။ သူတို့က ကိုယ့်အတွက် နောက်ဆုတ်စရာ လမ်းတစ်လမ်း ချန်ထားခဲ့ကြတာပါ။ သူတို့မှာ ပြဿနာ တစ်ခုခု ဖြစ်သွားရင်တောင် သူတို့ရဲ့ မိသားစုဝင်တွေက ကောင်းမွန်တဲ့ လူနေမှုဘဝကို ရရှိနိုင်သေးတယ်လေ။ သူတို့ရဲ့မိသားစုဝင်တွေက ပြစ်မှုကျူးလွန်ထားခြင်း ရှိမရှိ ဆိုတာကို အသာထား အကျင့်ပျက် အရာရှိတွေ ယူဆောင်လာပေးတဲ့ အဆင်ပြေမှုတွေကို သူတို့ ခံစားခဲ့ကြရတယ် ဆိုကတည်းက ဒါက မှားယွင်းနေတာပါပဲ"
ရှအကြီးအကဲက အချည်းနှီး အရာရှိ ဟူသော စကားလုံး နှစ်လုံးကို ကြားလိုက်ရသည့်အခါ စိတ်ထဲတွင် အနည်းငယ် တုန်လှုပ်သွားခဲ့ပြီး ဤကိစ္စကို အစည်းအဝေးတွင် မဖြစ်မနေ တင်ပြရတော့မည်ဟု ထင်မြင်လိုက်သည်။
******