အခန်း ၁၅၀၂
Vol. 102 Ch. 1502
အခန်း ၁၅၀၂ သူဌေးကြီးများအတွက် ပြောင်းလဲ ဒီဇိုင်းဆွဲခြင်း (၁၀/၁၀)
ကီရီလန်ကိုမှာလည်း ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကာ ဤစမတ် ထိန်းချုပ်မှုစနစ် တစ်စုံအတွက် အမေရိကန်ဒေါ်လာ သန်းသုံးဆယ် ပေးရလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။
အမေရိကန်ဒေါ်လာ သန်းသုံးဆယ်ဆိုလျှင် မည်မျှ ကြီးမားသော ခြံဝင်းကြီးတစ်ခုကို ဝယ်ယူနိုင်မည်နည်း။
"လောင်ကျန်း ငါ မေးတာက ကုန်ကျစရိတ်ကို ပြောတာပါ" ဖုန်းယွီက သတိပေးလိုက်သည်။
ဤအရာကို ဒီဇိုင်းဆွဲ တီထွင်ရခြင်းက နည်းပညာကို လေ့ကျင့်ပေးရာ ရောက်သည်ဖြစ်ရာ ကိုယ့်လူအချင်းချင်းကို အမြတ်အစွန်းများစွာ မတင်သင့်ပေဘူး မဟုတ်ပါလော။ အထူးသဖြင့် ဤအရာကို ဖုန်းယွီကိုယ်တိုင် ငွေစိုက်ထုတ်ကာ ကီရီလန်ကိုအား လက်ဆောင်ပေးရန် ရည်ရွယ်ထားခြင်းဖြစ်ရာ ဈေးနှုန်းကို ပိုမို ပြောဆိုနေရန် မလိုအပ်ပေ။
ထိုစဉ်က ကီရီလန်ကိုအတွက် ကားရှည်ကြီး တစ်စီးကို ဒီဇိုင်းဆွဲ တည်ဆောက်ပေးခဲ့စဉ်ကလည်း ကုန်ကျစရိတ်ကိုသာ ယူခဲ့ပြီး ဒီဇိုင်းခများ မယူခဲ့ဘဲ အဓိကအားဖြင့် လုပ်အားခ ကုန်ကြမ်းဖိုးနှင့် စက်ယန္တရားများ၏ ကုန်ကျစရိတ်များကိုသာ ယူခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုကားသည်ပင် ဤမျှလောက်အထိ ဈေးမကြီးခဲ့ချေ။
ကီရီလန်ကို သည် ဆိုဖာပေါ်တွင် ပြန်လည် မှီထိုင်လိုက်ကာ ဤမျှလောက်အထိ ဈေးကြီးရန် မဖြစ်နိုင်ဘူးဟု ဆိုနေပါသည်။ တကယ်တော့ ပြောလိုက်သည့် ဈေးနှုန်းမှာ ကုန်ကျစရိတ် မဟုတ်ခဲ့ခြင်းကိုး။
ကျန်းဝမ်မုန့်က သတိထား၍ ပြောလေသည်။ "မန်နေဂျာဖုန်း ကျွန်တော် ပြောတာက ကုန်ကျစရိတ်ကို ပြောတာပါ"
"ငါ ပြောတာက သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကုန်ကျစရိတ်တွေ မပါဘဲ သက်သက် ကုန်ကျစရိတ် အရင်းကို ပြောတာ" ဖုန်းယွီက ထပ်မံ အလေးအနက်ထား ပြောဆိုလိုက်သည်။
"ဒါပေမဲ့ ဒီစနစ်ရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကုန်ကျစရိတ်တွေကိုတော့ ထည့်တွက်ရမှာပေါ့။ ပြီးတော့ ဒီအထဲက လျှပ်စစ်ပစ္စည်းတွေ အားလုံးက ပြုပြင်မွမ်းမံထားတာတွေချည်းပဲလေ။ ပြီးတော့ ဒီထိန်းချုပ်ရေး ကိရိယာတွေကလည်း ကုန်ကျစရိတ် ကိုယ်တိုင်ကကို ဒီလောက် မြင့်မားနေတာပါ"
"မန်နေဂျာဖုန်း စဉ်းစားကြည့်လေ ဘီလ်ဂိတ်ရဲ့ အစောပိုင်းနှစ်တွေတုန်းက ခြံဝင်းကြီးမှာ စမတ် ထိန်းချုပ်မှုစနစ် တပ်ဆင်တာ ငွေဘယ်လောက်တောင် ကုန်ကျခဲ့လဲဆိုတာ ကျွန်တော်တို့ရဲ့ ဒီစနစ်က သူတို့ထက် ပိုကောင်းတယ်ဆိုတာကို အာမခံနိုင်တော့ သဘာဝကျကျပဲ ပိုပြီး ဈေးကြီးရမှာပေါ့" ကျန်းဝမ်မုန့်က ရှင်းပြလေသည်။
ကျွတ်….
ဖုန်းယွီမှာ သွားစွယ်ကို စုပ်သပ်လိုက်မိကာ ခင်ဗျားတို့ရဲ့ ဒါက အရမ်းကို ဈေးကြီးလွန်းနေပါတယ်ဗျာ။
သေချာပေါက် ဖုန်းယွီကိုယ်တိုင်ကမူ ငွေသုံးရန် လုံးဝ ဝန်လေးမည် မဟုတ်ပေ။ သို့သော် ကီရီလန်ကို သာမကဘဲ ဖူကွမ်းကျန့်နှင့် လီဇီခိုင်တို့ကပါ တစ်စုံစီ ဝယ်ယူလိုကြောင်း ပြောဆိုထားကြသည်။
ထို့နောက် ခါမီဒါ မာဆာအို၊ ကျုံးချင်းရှန်တို့ကပါ ကြားသိသွားပြီး စိတ်ဝင်စားကြရာ ထိုစဉ်က ဖုန်းယွီက လက်ယမ်းကာ ၎င်းတို့ အားလုံးကို တစ်စုံစီ လက်ဆောင်ပေးမည်ဟု ပြောခဲ့သည်။ အစ်မနှင့် ယောက်ဖတို့ဆီကိုလည်း တစ်စုံ ပေးပို့ရမည် မဟုတ်ပါလော။
တွက်ချက်ကြည့်လိုက်ရာ အနည်းဆုံး ကိုးစုံခန့်တော့ ပြုလုပ်ရမည် ဖြစ်သည်။ ထို့အပြင် တစ်စုံစီတိုင်း၏ စနစ်များကိုလည်း အနည်းငယ် ပြောင်းလဲရမည်ဖြစ်ရာ စနစ်၏ ကုန်ကျစရိတ်များက ထပ်မံတိုးလာဦးမည်ဖြစ်ပြီး အားလုံး ပေါင်းလိုက်ပါက အနည်းဆုံး အမေရိကန်ဒေါ်လာ သန်းရာနှင့်ချီ၍ ကုန်ကျမည် ဖြစ်သည်။
တကယ်တမ်းတွင် ဤငွေကြေးများမှာ ဖုန်းယွီအတွက် သိပ်မများပြားလှပေ လူတစ်ယောက် အိတ်ကပ်ထဲတွင် ယွမ်ရာဂဏန်း သို့မဟုတ် ထောင်ဂဏန်း ရှိနေချိန်၌ သူငယ်ချင်းများကို အချိုရည် တိုက်ရသကဲ့သို့ပင် နှမြောတွန့်တိုနေမည် မဟုတ်ပေ။
သို့သော် ဤထုတ်ကုန်က ဤမျှလောက် ဈေးကြီးနေလိမ့်မည်ဟု ဖုန်းယွီ ထင်မှတ်မထားခဲ့ရာ အသေးစား သူဌေးလေးများမှာ သေချာပေါက် ဝယ်ယူနိုင်မည် မဟုတ်ဘဲ ဤသည်က နာမည်ရ သူဌေးကြီးများကိုသာ ဦးတည်ရပေတော့မည်။
ထိုစဉ်က သူသည် မိမိကိုယ်တိုင် အသုံးပြုရန်အတွက်သာ ဒီဇိုင်းဆွဲလိုခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင်မှ ကျန်းဝမ်မုန့်က အချောသတ် ထုတ်ကုန်တစ်စုံကို တီထွင်ဖန်တီးပြီးနောက် ပြန်လည်ရောင်းချရန်နှင့် တစ်စုံစီတိုင်းကို အနည်းငယ် ကွဲပြားအောင် ပြုလုပ်ခြင်းဖြင့် ခွဲခြားနိုင်သလို လုံခြုံရေးကိုလည်း တိုးမြှင့်နိုင်မည်ဟု အကြံပြုခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ရောင်းချခြင်းမှတစ်ဆင့် အမြတ်အစွန်းများကိုလည်း ရရှိနိုင်ပေသည်။
ထိုအချိန်က ဖုန်းယွီက သူဌေးကြီးများကို ဦးတည်ရမည်။ သာမန်လူတွေက ဘယ်သူကများ ဒါကို ဝယ်မှာလဲ။ ဒီလောက်အထိလည်း မပျင်းကြပါဘူး ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။
တကယ်တမ်းတွင် စမတ် အိမ်သုံးပစ္စည်း စနစ်ဆိုသည်ကို ဥရောပနှင့် အမေရိကဘက်တွင် အစောကြီးကတည်းက သုတေသနပြု တီထွင်ထားနိုင်ခဲ့ပြီး ဖြစ်သော်လည်း အနည်းငယ် ရိုးရှင်းပေသည်။
ဥပမာအားဖြင့် အဝေးထိန်းခလုတ် တစ်ခုတည်းဖြင့် အိမ်သုံး လျှပ်စစ်ပစ္စည်း အများအပြားကို ထိန်းချုပ်နိုင်ခြင်းမျိုးဖြစ်ကာ ဤသည်ကိုလည်း စမတ် အိမ်သုံးပစ္စည်း တစ်မျိုးဟု သတ်မှတ်နိုင်ပေသည်။
ဘီလ်ဂိတ်၏ ထိုစမတ် အိမ်သုံးပစ္စည်းမှာမူ လူအများအပြား၏ အားကျမှုကို ရရှိထားခဲ့သည်။ ထိုစဉ်က ဖုန်းယွီလုပ်ဆောင်လိုခဲ့ခြင်းမှာ ဘီလ်ဂိတ်၏ အရာထက် ပိုမိုကောင်းမွန်အောင် ပြုလုပ်ကာ အကောင်းဆုံးသော စမတ် အိမ်သုံးပစ္စည်း စနစ်ကို တရုတ်လူမျိုးများက ဖန်တီးထားခြင်းဖြစ်ကြောင်းနှင့် အမေရိက၏ အရာမှာ ဘာမှမဟုတ်ကြောင်းကို ကမ္ဘာကြီးအား သိရှိစေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
ဤအရာက အလွန်တရာ ဈေးကြီးမည်ကို ဖုန်းယွီတွေးမိခဲ့သော်လည်း ဤမျှလောက်အထိ ဈေးကြီးနေလိမ့်မည်ဟုမူ မထင်ထားခဲ့ချေ။
"ဒီအထဲမှာ ဘယ်အရာက အဈေးအကြီးဆုံးလဲ" ဖုန်းယွီက အသေးစိတ် မေးမြန်းလိုက်သည်။
ကျန်းဝမ်မုန့်က ဧည့်ခန်း ဆိုဖာ၏ ရှေ့ရှိ ဤပင်မ ထိန်းချုပ်ရေး ကိရိယာကို လက်ညှိုးထိုးပြကာ ပြောလေသည်။ "ဒါက အဈေးအကြီးဆုံးပါပဲ သူတစ်ခုတည်းရဲ့ တည်ဆောက်မှု ကုန်ကျစရိတ်တင် အမေရိကန်ဒေါ်လာ သန်းဆယ်ဂဏန်းလောက် ရှိပါတယ်"
ကီရီလန်ကို ၏ မျက်နှာပေါ်တွင် မယုံနိုင်သော အမူအရာများ ပေါ်လွင်နေကာ "ဒီအကောင်သေးသေးလေးက အမေရိကန်ဒေါ်လာ သန်းဆယ်နဲ့ချီ တန်တယ် ဟုတ်လား"
ကီရီလန်ကို၏ မျက်နှာပေါ်တွင် သံသယဖြစ်နေသော အမူအရာများ ပေါ်လွင်နေသည်ကို မြင်လိုက်ရသောအခါ ကျန်းဝမ်မုန့် မှာ မျက်နှာရဲလာကာ အလျင်အမြန်ပင် ရှင်းပြလေသည်။ "ဒါက ဆာဗာ တစ်လုံးရဲ့ လုပ်ဆောင်ချက်တွေထက် လုံးဝမညံ့ပါဘူး။ ပိုအရေးကြီးတာက ဒီလောက်အထိ သေးငယ်ကျစ်လျစ်အောင် လုပ်ထားရတော့ သေချာပေါက် ဈေးကြီးမှာပေါ့။ အကယ်၍ လုပ်ဆောင်ချက်ကိုပဲ လိုအပ်ပြီး အရွယ်အစားကို မကန့်သတ်ဘူးဆိုရင် ဒီဆိုဖာထက် နည်းနည်း ပိုကြီးတဲ့ အရွယ်အစားမျိုးနဲ့ဆို တည်ဆောက်မှု ကုန်ကျစရိတ်ကို တစ်ဝက်ကျော်အထိ လျှော့ချလို့ ရပါတယ်"
ဤသည်မှာ ကျန်းဝမ်မုန့် လိမ်ညာပြောဆိုနေခြင်း လုံးဝ မဟုတ်ပေ ဥပမာအားဖြင့် 32G USB တစ်ခု၏ ဈေးနှုန်းမှာ 32G Mechanical Hard Disk၏ ဈေးနှုန်းထက် အဆပေါင်းများစွာ သေချာပေါက် ပိုမို ကြီးမြင့်မည်သာ ဖြစ်သည်။
သေးငယ်ကျစ်လျစ်ရန် ဆိုသည်မှာ ဖုန်းယွီ၏တောင်းဆိုချက် မဟုတ်ပါလော။
ဖုန်းယွီက ခေါင်းခါလိုက်ကာ တတ်နိုင်စရာ မရှိချေ။ ယခုလက်ရှိ နည်းပညာက ထိုမျှလောက် ခေတ်မီဆန်းသစ်မှု မရှိသေး၍သာ ဖြစ်သည်။ အကယ်၍ ထိုမျှလောက် ကြီးမားသော အရာကြီးကို တီထွင်လိုက်မည်ဆိုပါက တကယ်တမ်းတွင် မဖြစ်နိုင်သည်တော့ မဟုတ်ဘဲ ဗဟို ထိန်းချုပ်ရေး အခန်းအဖြစ် သီးသန့် အခန်းတစ်ခန်း ဖန်တီးပေးရန်သာ လိုအပ်မည် ဖြစ်သည်။
"ကောင်းပြီလေ အကယ်၍ ပိုပြီးသေးငယ်အောင် လုပ်နိုင်မယ်ဆိုရင် ပိုပြီး သေးငယ်အောင်သာ ဆက်လုပ်ပါ။ ဒီအထဲမှာ ခင်ဗျားတို့ စဉ်းစားလို့ရတဲ့ လုပ်ဆောင်ချက်တွေ အားလုံးကို ကျွန်တော့်အတွက် ထည့်ပေးပါ ရှုပ်ထွေးသွားမှာကို မကြောက်နဲ့ ငွေကုန်မှာကိုလည်း မကြောက်နဲ့" ဖုန်းယွီက သန္နိဋ္ဌာန်ချကာ ပြောဆိုလိုက်သည်။
အလှူငွေ ထည့်ဝင်ရာတွင် ဖုန်းယွီသည် မည်သည့်အခါမျှ နှမြောတွန့်တိုလေ့ မရှိဘဲ ဘဝသစ် တစ်ကြိမ် ပြန်လည် ရရှိလာသည်ဖြစ်ရာ ကောင်းမှုကုသိုလ်များ များများ ပြုလုပ်သင့်သည်ဟု အမြဲတမ်း ခံစားရသည်။ တကယ်တမ်းတွင် သူသည် မူလကတည်းက အယူသီးသူတစ်ဦး မဟုတ်သလို မည်သည့် ဘာသာရေး ယုံကြည်မှုမျှလည်း မရှိခဲ့ပေ။
သို့သော် ဤဘဝတွင်မူ သူသည် အလှူငွေ ထည့်ဝင်ရသည့် ခံစားချက်ကို မထင်မှတ်ဘဲ သဘောကျ နှစ်သက်လာခဲ့သည်။ သူတစ်ပါးက သူ၏ရုပ်ရည်သွင်ပြင်ကို မသိရှိသော်လည်း သူ့ကို မျက်နှာချင်းဆိုင် ကျေးဇူးမတင်နိုင်လျှင်ပင် ဖုန်းယွီမှာ အလွန်တရာ ပျော်ရွှင်နေမိသည်။
သေချာပေါက်ပင် ဤထုတ်ကုန်ကို ဖုန်းယွီကိုယ်တိုင် အသုံးပြုမည်ဖြစ်ရာ သူက သေချာပေါက် အကောင်းဆုံးကိုသာ အသုံးပြုရပေမည်။ အထူးသဖြင့် ဤစနစ်သည် သူ၏ အိမ်လုံခြုံရေးကိုပါ ကာကွယ်ပေးရမည်ဖြစ်ရာ သူ၏ မိသားစုဝင်များကို ကာကွယ်ပေးရမည် မဟုတ်ပါလော။
ငွေနည်းနည်း ပိုကုန်သွားလည်း ကိစ္စမရှိပေ။ ဘာပဲဖြစ်ဖြစ် ဤငွေများကို ဖုန်းယွီက လုံလောက်အောင် သုံးစွဲနိုင်စွမ်း ရှိပေသည်။
ဖုန်းယွီ၏ ဤစကားကို ကြားလိုက်ရသည့်အခါ ကျန်းဝမ်မုန့် မှာ ချက်ချင်းဆိုသလို အလွန်တရာ စိတ်လှုပ်ရှားလာခဲ့ကာ "အရမ်းကောင်းတာပေါ့ ကျွန်တော်တို့ဆီမှာ စိတ်ကူးသစ် တချို့ ရှိနေပေမယ့် သုတေသန လုပ်ဖို့ ရန်ပုံငွေ မရှိဖြစ်နေတာ။ ဥပမာ နေရောင်ခြည် စွမ်းအင်တို့… အဝေးထိန်း စနစ်ကို မြှင့်တင်တာတို့… ရေဖြန်းစနစ်တို့ စတာတွေပေါ့။ ဒါတွေ အားလုံးက ရန်ပုံငွေ လိုအပ်ပါတယ်"
"ကောင်းပြီ သုတေသန လုပ်ကြတာပေါ့။ ငွေလိုရင် အချိန်မရွေး ဖုန်းဆက်လိုက်ပါ"
ဖုန်းယွီက ခေါင်းလှည့်ကာ ကီရီလန်ကိုကို မေးမြန်းလိုက်သည်။ "ညီလေးကီ မင်းက အခုပဲ ဒီစနစ်ကို လိုချင်တာလား ဒါမှမဟုတ် တခြား စနစ်တွေ အကုန် ထွက်လာတဲ့အထိ စောင့်ပြီးမှ တပ်ဆင်မလား"
ကီရီလန်ကို ၏ အိမ်မှာ ခြံဝင်းကြီးတစ်ခု ဖြစ်ရာ ရေဖြန်းစနစ်နှင့် နေရောင်ခြည် စွမ်းအင် စသည်တို့မှာ ပို၍ပင် လိုအပ်နိုင်ပေသည်။
ကီရီလန်ကို စကားမပြောရသေးမီမှာပင် ကျန်းဝမ်မုန့်က ပြောလေသည်။ "ကိစ္စမရှိပါဘူး။ အခု ဒါတွေကို အရင်တပ်ဆင်ထားလို့ ရပါတယ်။ နောက်မှ အဲဒါတွေကို ထပ်ပေါင်းထည့်တဲ့အခါ စနစ်ကို အဆင့်မြှင့်တင်လိုက်ရုံနဲ့ အဆင်ပြေသွားမှာပါ"
"ကောင်းပြီလေ ညီလေးကီ ဒါဆို နောက်ကျရင် လောင်ကျန်းကို လူလွှတ်ပြီး ခင်ဗျားဆီမှာ အရင် သွားတပ်ဆင်ခိုင်းလိုက်မယ်။ စနစ် ကိုယ်တိုင်က Lenovo- Yinshan ကို အပ်နှံပြီး ဖော်ထုတ်ထားတာဖြစ်ပြီး ခင်ဗျားတို့ဘက်က ရုံးခွဲကလည်း ပါဝင်ပူးပေါင်းထားတာဆိုတော့ သူတို့ဆီမှာ ရုရှားဘာသာစကား ဗားရှင်း ထိန်းချုပ်ရေးစနစ် ရှိလောက်ပါတယ်"
"သန်းသုံးဆယ် မဟုတ်လား။ မနက်ဖြန်ကျရင် ငါ ကုမ္ပဏီ အကောင့်ထဲကို လွှဲပေးလိုက်မယ်" ဖုန်းယွီက ကျန်းဝမ်မုန့်ကို ပြောလေသည်။
ကိုယ်ပိုင် အကောင့်နှင့် ကုမ္ပဏီ အကောင့်တို့ကို သီးခြားခွဲထားရမည်ဖြစ်ကာ ဖုန်းယွီက စည်းကမ်း ဖောက်ဖျက်မည် မဟုတ်ပေ။ သို့မဟုတ်ပါက ကုမ္ပဏီ၏ အခြားသော အဆင့်မြင့် အရာရှိများကလည်း ဤသို့ ပြုလုပ်လာကြပါက နောင်တွင် ကုမ္ပဏီကို မည်သို့ စီမံခန့်ခွဲမည်နည်း။
ကျန်းဝမ်မုန့်၏ မျက်နှာပေါ်တွင် အခက်တွေ့နေသော အမူအရာ ပေါ်လွင်လာကာ ပြောလေသည်။ "မန်နေဂျာဖုန်း ခုနတုန်းက ကျွန်တော် သေသေချာချာ ရှင်းမပြလိုက်မိတာ ဖြစ်မယ်။ ကျွန်တော် ပြောတဲ့ အမေရိကန်ဒေါ်လာ သန်းသုံးဆယ် ဆိုတာက ဒီပြခန်း အိမ်လေးထဲမှာ ရှိတဲ့ အရာအားလုံးကို ဆိုလိုတာပါ။ အကယ်၍ မစ္စတာကီရီလန်ကို ရဲ့ ခြံဝင်းကြီးမှာ တပ်ဆင်ရမယ်ဆိုရင်တော့ အဆောက်အအုံ တော်တော်များများကို ပြုပြင်မွမ်းမံဖို့ လိုအပ်မှာမို့ ဒီရန်ပုံငွေ ပမာဏထက် ပိုကုန်ကျနိုင်ပါတယ်"
ပြခန်း အိမ်လေးသည် သာမန် သုံးထပ် ဗီလာ တစ်လုံး၏ အရွယ်အစားခန့် ရှိနေပြီ ဖြစ်သော်လည်း ကီရီလန်ကို ၏ ခြံဝင်းကြီးနှင့် နှိုင်းယှဉ်ပါကမူ ဧရာမ ဆင်ကြီးနှင့် ဆိတ်ငယ်လေးကဲ့သို့ ကွာခြားနေဆဲပင် ဖြစ်သည်။
ဖုန်းယွီက ခေါင်းကို မော့ကာ ပြောလိုက်သည်။ "ငါ ပြောတာက စရန်ငွေကို ပြောတာလေ…. ကျန်တဲ့ငွေကိုတော့ တပ်ဆင် စမ်းသပ်ပြီးမှ ပေးချေရမှာ မဟုတ်ဘူးလား"
"ဟုတ်ကဲ့ ဟုတ်ကဲ့ ဒါဆို ကျွန်တော် သွားပြီး စီစဉ်လိုက်ပါတော့မယ်" ကျန်းဝမ်မုန့်က ရှက်ပြုံးပြုံးကာ ပြန်ဖြေလေသည်။
ဖုန်းယွီက လက်ယမ်းပြကာ ကျန်းဝမ်မုန့်ကို ထွက်သွားစေလိုက်သည်။ စိတ်လှုပ်ရှားနေသော ကီရီလန်ကိုက ဖုန်းယွီကို ဆွဲကာ ဤမျှ ပျော်စရာကောင်းသော အချိန်တွင် သေချာပေါက် အရက် အနည်းငယ် သောက်ရမည်ဟု ပြောလေသည်။
ဖုန်းယွီမှာ လန့်ဖျပ်သွားခဲ့ကာ ညီလေးကီ ငါက အခုလေးတင် မင်းကို ဒီလောက် ကြီးမားတဲ့ လက်ဆောင်ကြီး ပေးလိုက်တာကို မင်းက ဘာဖြစ်လို့ ငါ့ကို ဒုက္ခပေးချင်နေရတာလဲ။
ပြင်းအားများတဲ့ အရက်တွေ မသောက်ဘဲ နေလို့ မရဘူးလား။
……
******