← Chapters

အခန်း ၁၅၀၄

Vol. 102 Ch. 1504

အခန်း ၁၅၀၄

Vol. 102 Ch. 1504

အခန်း ၁၅၀၄ နောက်ကွယ်မှ ပညာရှင် (၂/၁၀)

"ယောက်ဖ ယောက်ဖက ကိုယ်ပိုင် ကုန်တင်လေကြောင်းကုမ္ပဏီ တည်ထောင်ဖို့ အကြံအစည် ဘယ်လိုလုပ်ပြီး ရလာတာလဲဆိုတာ အသေးစိတ်လေး ပြောပြပါဦး" အိမ်သို့ရောက်ပြီးနောက် ဖုန်းယွီက လေးနက်စွာ မေးမြန်းလိုက်သည်။

တကယ်တမ်းတွင် ဖုန်းယွီကိုယ်တိုင်ကလည်း လေကြောင်းကုမ္ပဏီတစ်ခု တည်ထောင်ရန် အမြဲတမ်း စဉ်းစားနေခဲ့ပြီး ပထမဆုံး အရှင်းလင်းဆုံး အချက်မှာ သူ၏ ကိုယ်ပိုင်လေယာဉ်ကို နိုင်ငံတော် လေကြောင်းလိုင်းအောက်တွင် မှတ်ပုံတင်ထားရန် မလိုတော့ဘဲ ခရီးသွားလာရာတွင် များစွာပိုမိုအဆင်ပြေလာမည် ဖြစ်သည်။

ဒုတိယအချက်မှာ TaihuaHolding အုပ်စု၏ အဆင့်မြင့်အရာရှိများ ခရီးထွက်တိုင်း အထူးသဖြင့် စီးပွားရေး စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရာတွင် အဖွဲ့လိုက် လေယာဉ်စင်းလုံးငှားရလေ့ရှိရာ ထိုငွေများဖြင့် ကိုယ်ပိုင် စီးပွားရေးသုံး လေကြောင်းလိုင်း လုပ်ငန်းကို လည်ပတ်ခြင်းက ပို၍ တွက်ခြေကိုက်မည်ဖြစ်ပြီး ဖုန်းယွီ Holding အုပ်စုသည် အမေရိက၌ ကုမ္ပဏီတွင်း ခရီးသွားလာမှု အဆင်ပြေစေရန် အဓိက ရည်ရွယ်၍ အသေးစား လေကြောင်းကုမ္ပဏီ တစ်ခုကို ဝယ်ယူထားပြီး ဖြစ်သည်။

အမေရိကဘက်တွင် အဓိက သယ်ယူပို့ဆောင်ရေး နည်းလမ်းမှာ လေယာဉ်နှင့် မော်တော်ကား ဖြစ်ပြီး ရထားနှင့် ပတ်သက်၍မူ အမေရိက၏ ရထားများကို မိမိတို့ ပြည်တွင်းရှိ အစိမ်းရောင် ရထားများ သို့မဟုတ် အနှေးရထားများဟု နားလည်ထားနိုင်ပေသည်။

ဖုန်းယွီအတိတ်သို့ ပြန်လည်မရောက်ရှိလာမီ အချိန်အထိ အမေရိကတွင် အမြန်ရထားဟူ၍ မရှိခဲ့ပေ။ ၎င်းတို့၏ ကောင်းမွန်သော ကားလမ်းများနှင့် များပြားလှသော လေကြောင်းကုမ္ပဏီများက အမြန်ရထားများအတွက် ရပ်တည်ရှင်သန်ရန် နေရာ လုံးဝ မရှိဖြစ်စေခဲ့သည်။

ဥပမာအားဖြင့် တရုတ်တွင်သာ လူဦးရေ သန်းတစ်ထောင့်နှစ်ရာခန့် လျော့နည်းသွားပါက ရထားများလည်း ထိုမျှလောက် ကြိတ်ကြိတ်တိုး စည်ကားနေတော့မည် မဟုတ်ပေ။ တရုတ်တွင်သာ ထိုမျှများပြားသော အောင်မြင်သည့် လေကြောင်းကုမ္ပဏီများ ရှိနေပါက ရထားများကိုလည်း အမြန်နှုန်း တိုးမြှင့်ရန် လိုအပ်မည် မဟုတ်တော့ချေ။

တကယ်တမ်းတွင် ရထားလမ်း ဖောက်လုပ်ရာ၌ ရင်းနှီးမြှုပ်နှံရခြင်းမှာ လေကြောင်းကုမ္ပဏီ တည်ထောင်ရန် ရင်းနှီးမြှုပ်နှံရခြင်းထက် များစွာ ပိုမိုကုန်ကျစရိတ် ကြီးမားလှသော်လည်း ငြင်းပယ်၍မရနိုင်သော အချက်မှာ ရထား၏သယ်ယူပို့ဆောင်နိုင်စွမ်းသည် လေကြောင်းကုမ္ပဏီများထက် များစွာသာလွန်နေပြီး တရုတ်၌ ဤမျှလူဦးရေများပြားနေသဖြင့် လေကြောင်းကုမ္ပဏီများအနေဖြင့် တကယ်ပင် နိုင်အောင် တာဝန်ယူနိုင်မည် မဟုတ်ပေ။

လီရှိချန်က ဆေးလိပ်ပြာကို ခါချလိုက်ပြီး စကားစလိုက်သည်။ "ငါ သတင်းထဲမှာ တွေ့လိုက်လို့လေ ငါတို့ နိုင်ငံရဲ့ ပထမဆုံး ပုဂ္ဂလိက လေကြောင်းကုမ္ပဏီ စတင် လည်ပတ်နေပြီဆိုတာကို သူတို့က RMB သန်းသုံးရာပဲ အသုံးပြုပြီး လေကြောင်းကုမ္ပဏီကို လည်ပတ်နိုင်ခဲ့တာ။ ငါ တွက်ကြည့်လိုက်တော့ ငါ့ဆီက ငွေနဲ့လည်း လောက်လောက်ငင ရှိပါတယ်"

"Shunfeng Logisticsက လေကြောင်း သယ်ယူပို့ဆောင်ရေး ရှိလာပြီးကတည်းက တောင်ဘက်မှာ စာတိုက်လုပ်ငန်းထက်တောင် အရောင်းအဝယ် ပိုကောင်းနေတယ်။ ငါတို့က မြောက်ဘက်မှာ စာတိုက်လုပ်ငန်းနဲ့ ရင်ပေါင်တန်းနိုင်ရုံ အဆင့်မှာပဲ ရှိနေသေးတာ။ အကယ်၍ လေကြောင်း သယ်ယူပို့ဆောင်ရေးသာ ရှိလာရင် ငါတို့က မြောက်ဘက် တစ်ခွင်လုံးကို လွှမ်းမိုးနိုင်မှာဖြစ်ပြီး အလယ်ပိုင်းနဲ့ တောင်ပိုင်း ဈေးကွက်တွေကိုပါ လုယူနိုင်မှာပါ"

တစ်ချိန်က လီရှိချန်သည် တစ်လလျှင် ယွမ်သုံးရာပင် မရှာနိုင်ခဲ့သော်လည်း ယခုအခါ RMB သန်းသုံးရာကိုပင် သူ အရေးမစိုက်တော့ချေ။

ထိုစဉ်က ဖုန်းယွီနှင့် စီးပွားခွဲချိန်တွင် သူသည် ဤထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီကိုယူခဲ့ပြီး ယခုအခါ အလွန် နာမည်ကြီးသော သူဌေးကြီးတစ်ဦး ဖြစ်နေလေပြီ။ ဤယောက်ဖလေးကို တစ်သက်လုံး ကျော်ဖြတ်နိုင်မည် မဟုတ်ကြောင်းကို သူ သိထားသော်လည်း လုပ်ငန်းလောကတွင် နံပါတ်တစ် ဖြစ်လာရန်မှာလည်း သူ၏ ဆန္ဒတစ်ခုပင် ဖြစ်သည်။

ဖုန်းယွီကို မယှဉ်နိုင်ရင် တခြားလူတွေကိုရော မယှဉ်နိုင်တော့ဘူးလား။ စာတိုက်လုပ်ငန်းကို ရှုံးနိမ့်သွားလျှင် ထားလိုက်ပါတော့… အခြားသော ပုဂ္ဂလိက ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီတစ်ခုကို ရှုံးနိမ့်ရမည်ဆိုပါက သူ မည်သို့ ကျေနပ်နိုင်မည်နည်း။ ၎င်းတို့၏ Fengyu Logistics လုပ်ငန်းက ပို၍အစောကြီးကတည်းက ဖွင့်လှစ်ခဲ့သည် မဟုတ်ပါလော။

လေကြောင်း သယ်ယူပို့ဆောင်ရေး ဆိုတာလောက်ကတော့ မင်း လုပ်နိုင်ရင် ငါလည်း လုပ်နိုင်တယ်။ ပြီးတော့ ငါက မင်းထက် ပိုကောင်းအောင် လုပ်ပြဦးမယ်။

"ယောက်ဖ ကျွန်တော် တစ်ခုလောက် သတိပေးပါရစေ။ ငွေရှိပြီး လေယာဉ်ဝယ်နိုင်ရုံနဲ့ လေကြောင်း သယ်ယူပို့ဆောင်ရေးကို ကောင်းကောင်း လည်ပတ်နိုင်မှာ မဟုတ်ဘူး။ ပထမဆုံးအနေနဲ့ အတွေ့အကြုံရှိတဲ့ လေယာဉ်မှူးကောင်းတွေ ရှိဖို့ လိုအပ်တယ်"

လေကြောင်းကုမ္ပဏီ တစ်ခုအတွက် ငွေကြေး အင်အားရှိရန် အရေးကြီးသော်လည်း ဖုန်းယွီ၏ အမြင်တွင် အရေးအကြီးဆုံးမှာ လေကြောင်းလုံခြုံရေးကို တိုက်ရိုက်တာဝန်ယူရမည့် လေယာဉ်မှူးများသာဖြစ်ပြီး ဘတ်စ်ကား ယာဉ်မောင်းများတွင်ပင် ယာဉ်မောင်း သက်တမ်း မည်မျှရှိရမည်ဟု တောင်းဆိုချက် ရှိသကဲ့သို့ ဖြစ်သည်။

လေကြောင်းကုမ္ပဏီများ၏ လေယာဉ်မှူးများမှာ ထိုမျှလောက် အလွယ်တကူ လေ့ကျင့်မွေးမြူနိုင်သည် မဟုတ်ဘဲ အဆင်မပြေပါက နိုင်ငံတော် လေကြောင်းလိုင်းမှ လူများကို လိုက်လံ ဆွဲဆောင်ရမည် ဖြစ်သည်။

သေချာပေါက် တွဲဖက် လေယာဉ်မှူးကိုမူ ကိုယ်တိုင် လေ့ကျင့်မွေးမြူ၍ ရနိုင်ပေသည်။

ကုန်တင် လေယာဉ် တစ်စင်းပေါ်တွင် လူနှစ်ဦး သုံးဦးခန့် ရှိလျှင် လုံလောက်ပြီ ဖြစ်သည်။ သို့သော် လေယာဉ်မှူးကြီးမှာ သေချာပေါက် အတွေ့အကြုံ ရှိရမည်ဖြစ်ပြီး ဤငွေကြေးကိုမူ လုံးဝ နှမြော၍ မရနိုင်ချေ။

"ငါ သိပါတယ် ငါတို့ ပင်းဖေး စက်ရုံဘက်မှာ နည်းပြ တချို့ ရှိနေတယ်။ မဟုတ်လား အခုအဲဒီဘက်က ဧရာမ လေယာဉ်ကြီးတွေရဲ့ လုပ်ငန်းတွေ မရှိတော့ဘဲ လေယာဉ်ငယ်တွေနဲ့ ရဟတ်ယာဉ်တွေကိုပဲ အဓိကထားနေတော့ နည်းပြတချို့က အခု အားလပ်နေကြပြီး အငြိမ်းစားယူရမယ့် အရွယ်လည်း မရောက်ကြသေးဘူးလေ။ သူတို့ထဲက အများစုက အလတ်စားနဲ့ အကြီးစား လေယာဉ်တွေကို မောင်းနှင်ဖူးတဲ့ အတွေ့အကြုံတွေ ရှိကြတော့ ဒီကိုလာပြီး လေယာဉ်မှူးကြီး လုပ်ဖို့ ဆိုတာက လုံးဝ ပြဿနာ မရှိပါဘူး"

ဖုန်းယွီမှာ အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး ယောက်ဖဖြစ်သူမှာ စိတ်ကူးပေါက်ရာ လုပ်နေခြင်း မဟုတ်ဘဲ အချိန်အတော်ကြာအောင် စဉ်းစားတွေးတောထားခဲ့ပုံ ရပေသည်။

"ယောက်ဖက ပင်းဖေး စက်ရုံ တစ်ခုတည်းကိုပဲ ဆက်သွယ်ထားတာ မဟုတ်လောက်ဘူးနော်" ဖုန်းယွီက ရယ်မောကာ မေးမြန်းလိုက်သည်။

"ဒါပေါ့ ငါက လေကြောင်းကုမ္ပဏီ တော်တော်များများက လူတွေကို ဆက်သွယ်ထားပြီးပြီ။ ပြီးတော့ ငါတို့က တက္ကသိုလ်တွေဆီ သွားပြီးတော့လည်း အလုပ်ခေါ်ယူနိုင်သေးတယ်။ သူတို့ကို ဒီကိုလာပြီး တွဲဖက် လေယာဉ်မှူးအဖြစ် လုပ်ခိုင်းထားမယ်ဆိုရင် နောက်ဆယ်နှစ်လောက် ကြာတဲ့အခါ သူတို့က အရမ်းတော်တဲ့ လေယာဉ်မှူးကြီး အဖွဲ့တစ်ဖွဲ့ ဖြစ်လာမှာပဲ"

လီရှိချန်မှာ အလွန်တရာ စိတ်လှုပ်ရှားနေပြီး ဤအရာများကို သူ အချိန်အတော်ကြာအောင် စဉ်းစားတွေးတောခဲ့ကာ တကယ်ပင် ဖြစ်နိုင်ချေရှိသည်ဟု ယူဆထားသည်။ ထို့အပြင် ၎င်းတို့က ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းကို လုပ်ကိုင်ခြင်းဖြစ်ရာ ခရီးသည် မရှိမည်ကို စိုးရိမ်ရန် မလိုအပ်သလို မီးရထားဌာနနှင့် ချုပ်ဆိုထားသော အမှာစာများမှာလည်း နောက်နှစ်တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ရာ ထိုအချိန်သို့ ရောက်လျှင် အနည်းငယ် လျှော့ချလိုက်ပါက ကုန်စည် သယ်ယူပို့ဆောင်ရန် မရှိမည်ကို ကြောက်စရာ မလိုတော့ချေ။

ဖုန်းယွီက အသေးစိတ် ဆက်လက် မေးမြန်းလိုက်သည်။ "ယောက်ဖ ဒါဆို အတွေ့အကြုံရှိတဲ့ လေယာဉ်မောင်းသူ ဘယ်လောက် အများဆုံး ခေါ်ယူနိုင်မလဲ"

"ဟင် ငါတို့ အခုလောလောဆယ် ခုနစ်ယောက် ရှစ်ယောက်လောက်ဆို ရပြီ မဟုတ်ဘူးလား။ အကြမ်းဖျင်း အစီအစဉ်အရတော့ ငါတို့က ကုန်တင်လေယာဉ် ခြောက်စင်းကနေ ရှစ်စင်းအထိ ဝယ်မှာပါ။ အကယ်၍ တောင်ဘက်က ဖြန့်ချိရေး လမ်းကြောင်းတွေကို ချဲ့ထွင်နိုင်ခဲ့ရင် လေယာဉ် အရေအတွက်ကို နှစ်ဆ တိုးလို့ ရပါတယ်" လီရှိချန်က ဖုန်းယွီကို နားမလည်နိုင်စွာဖြင့် ကြည့်လိုက်ကာ ဤသည်က လူအများကြီး လိုအပ်သလော။ တွဲဖက် လေယာဉ်မှူးများကို လူသစ်များ သို့မဟုတ် အတွေ့အကြုံ သိပ်မရှိသေးသူများဖြင့် အစားထိုး အသုံးပြုနိုင်သည်ဟု ပြောထားသည် မဟုတ်ပါလော။

"မဟုတ်ဘူး ယောက်ဖ ကျွန်တော် ဆိုလိုတာက အများဆုံး ဘယ်နှစ်ယောက်လောက်ကို ခေါ်ယူနိုင်မလဲ လို့ မေးတာ။ ကျွန်တော် ပြောတာက သေချာပေါက် ရနိုင်မယ့် အများဆုံး အရေအတွက်ကို ပြောတာ"

"အများဆုံး ဆိုရင်တော့ ငါက လူလွှတ်ပြီး လေကြောင်းကုမ္ပဏီ တချို့ကို ဆက်သွယ်ထားတယ်။ ပြီးတော့ ပင်းဖေး စက်ရုံဘက်က နည်းပြတွေ ဘာတွေနဲ့ဆိုရင် ဆယ့်ငါးယောက် ဆယ့်ခြောက်ယောက်လောက်တော့ ခေါ်လို့ ရနိုင်လောက်ပါတယ်။ ဘာဖြစ်လို့လဲ လေယာဉ်တစ်စင်းပေါ်မှာ အတွေ့အကြုံကြွယ်ဝတဲ့ လေယာဉ်မှူး နှစ်ယောက် လိုအပ်လို့လား။ အရင်တုန်းက လောင်ဟောက်က ငါ့ကို ဒီလို မပြောခဲ့ပါဘူး"

"လောင်ဟောက် ဟုတ်လား.. ဘယ်က လောင်ဟောက်လဲ" ဖုန်းယွီက လီရှိချန်၏ နောက်ကွယ်တွင် ပညာရှင်တစ်ဦး အကြံပေးနေကြောင်းကို လျင်မြန်စွာ ရိပ်မိသွားခဲ့သည်။

"သြော် ပင်းဖေး စက်ရုံက အရင် စက်ရုံမှူးလေ။ မင်းလည်း သိတယ် မဟုတ်ဘူးလား… သူက ဒီနှစ် မတ်လမှာတင် အငြိမ်းစားယူသွားတာလေ"

ဟောက်ဟိုင်ထောင်း လား…။ ဒီကိစ္စကို သူက နောက်ကွယ်ကနေ အကြံပေးနေခြင်းလား။ ယောက်ဖဖြစ်သူက လေယာဉ်မှူး ထိုမျှများပြားစွာကို ဆက်သွယ်နိုင်ခဲ့သည်မှာ အဆန်းမဟုတ်တော့ချေ။ လောင်ဟောက်၏ အဆက်အသွယ်များကြောင့်သာ ဖြစ်ဖို့ များပေသည်။

လောင်ဟောက် အငြိမ်းစား ယူသွားကြောင်းကို ဖုန်းယွီတကယ်ပင် မသိထားခဲ့ချေ။ ပြီးခဲ့သည့်အကြိမ် ဖုန်းဆက်ဖြစ်ခဲ့သည်မှာ နှစ်သစ်ကူး အချိန်တုန်းကဟု ထင်ရသည်။

"သူလား အကယ်၍ သူကများ ယောက်ဖကို လာကူညီပေးမယ်ဆိုရင် ဒီကိစ္စက အများကြီး လွယ်ကူသွားပြီလို့ ကျွန်တော် ထင်ပါတယ်။ ဒါနဲ့ လောင်ဟောက်က ပင်းချန်မှာ ရှိလား" ဖုန်းယွီ စဉ်းစားကြည့်လိုက်ရာ လောင်ဟောက်နှင့် တွေ့ဆုံစကားပြောမဖြစ်သည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။

"ရှိတယ်လေ… ငါ သူ့ဆီ ဖုန်းဆက်ပြီး ထွက်လာခဲ့ဖို့ ပြောလိုက်ရမလား။ အတူတူ ထမင်းစားကြတာပေါ့"

"ရတယ် ကွက်တိပဲ… သူနဲ့ သေသေချာချာ ဆွေးနွေးရမယ်" ဖုန်းယွီတွင်လည်း အကြံအစည် အချို့ ရှိနေပြီး ဤကျွမ်းကျင်ပညာရှင်ကို တိုင်ပင်ဆွေးနွေးရန် လိုအပ်ပေသည်။

"တန်ယင်း..ငါနဲ့ ရှောင်ယွီ ဒီည အိမ်မှာ ထမင်းမစားတော့ဘူး။ လောင်ဟောက်နဲ့ ကိစ္စတချို့ ဆွေးနွေးဖို့ ချိန်းထားလို့" လီရှိချန်က ဖုန်းဆက်၍ ဇနီးဖြစ်သူအား အကြောင်းကြားလိုက်သည်။

"ရှောင်ယွီ အခုလေးတင်မှ ပြန်ရောက်တာကို ရှင်က သူ့ကို ခေါ်ပြီး အရက်သွားသောက်မလို့လား ရှင်တို့နှစ်ယောက်စလုံး နည်းနည်းပဲ သောက်ကြနော်" ဖုန်းတန်ယင်းက သတိပေး မှာကြားလိုက်သည်။

"အစ်မ စိတ်ချပါ… ကျွန်တော် ယောက်ဖကို သေချာကြည့်ထားပါ့မယ်" ဖုန်းယွီက ဖုန်းထဲမှ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

မိမိ၏မောင်ဖြစ်သူမှာ အရက်သောက်ရသည်ကို သိပ်မနှစ်သက်ကြောင်းကို ဖုန်းတန်ယင်းက အလွန်ရှင်းလင်းစွာ သိထားပေသည်။ သူမက လီရှိချန်နှင့် စကားအနည်းငယ် ထပ်ပြောပြီးနောက် ဖုန်းချသွားခဲ့သည်။

"မင်း အစ်မက နေ့တိုင်း ဆေးရုံကိုပဲ အလုပ်သွားနေတာလေ။ ငါ့ရဲ့ တိုက်တွန်းမှုကြောင့် ကိစ္စတိုင်းကို ကိုယ်တိုင်ကိုယ်ကျ မလုပ်တော့တာ တော်သေးတာပေါ့" လီရှိချန် ဤစကားကို ပြောဆိုနေချိန်တွင် သူ၏ မျက်လုံးများထဲ၌ မေတ္တာတရားများ အပြည့်အဝ ရှိနေခဲ့သည်။

ဆေးရုံမှ အလုပ်များ အလွန်တရာ ရှုပ်ပွေနေလျှင်ပင် ဇနီးဖြစ်သူမှာ နေ့စဉ် အိမ်ပြန်၍ ထမင်းဟင်း ချက်ပြုတ်ခြင်း၊ အဝတ်လျှော်ခြင်းနှင့် အိမ်သန့်ရှင်းရေး လုပ်ခြင်းတို့ကို လုပ်ဆောင်ကာ အိမ်ကို လိုလေသေးမရှိ စောင့်ရှောက်ပေးလေ့ရှိပြီး အားလပ်နေရသည်ကို မနေနိုင်သူ တစ်ဦးကဲ့သို့ပင် ဖြစ်သည်။

သို့သော် သူကမူ ဇနီးဖြစ်သူ အလွန်တရာ ပင်ပန်းလွန်းသည်ဟု အမြဲခံစားနေရကာ အိမ်ဖော်တစ်ယောက် ငှားမည်ဆိုလျှင်လည်း ဇနီးဖြစ်သူက အိမ်တွင် သူစိမ်းများ ရှိနေသည်ကို အကျင့်မပါဟုဆိုကာ သဘောမတူခဲ့ပေ။ ဤကဲ့သို့သော လူနေမှုဘဝကလည်း တကယ်တမ်းတွင် အတော်လေး ကောင်းမွန်လှပေသည်။

"ယောက်ဖ ဘာတွေ တွေးနေတာလဲ" ဖုန်းယွီက လီရှိချန်၏ မျက်စိရှေ့တွင် လက်ကို တစ်ချက် ဝှေ့ယမ်းပြလိုက်သည်။

"ဘာမှ မတွေးပါဘူး။ ငါ လောင်ဟောက်ဆီ ဖုန်းဆက်ပြီး အချိန်ချိန်းလိုက်ဦးမယ်"

******

All Chapters