အခန်း ၁၅၀၅
Vol. 102 Ch. 1505
အခန်း ၁၅၀၅ ပုဂ္ဂလိက လေကြောင်းလိုင်း (၃/၁၀)
"ဒီလောင်ဟောက်ကတော့လေ အငြိမ်းစားယူပြီး ပင်းချန်ကို ပြန်ရောက်နေတာတောင် ကျွန်တော့်ဆီ ဖုန်းတစ်ချက် မဆက်ဘူး။ ဘယ်လိုလဲ အငြိမ်းစားဘဝက အကျင့်မပါဖြစ်နေတယ် မဟုတ်လား" ဖုန်းယွီသည် ဟောက်ဟိုင်ထောင်းကို မြင်တွေ့လိုက်သည်နှင့် အရင်ဆုံး အပြစ်တင်လိုက်သည်။
"ဟားဟားဟား ဘာပဲဖြစ်ဖြစ် ငါက လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက နောက်တန်းကို ရောက်နေခဲ့ပြီပဲလေ။ အခု အငြိမ်းစားယူရတာလည်း ဘာမှ အကျင့်မပါစရာ မရှိပါဘူး။ မင်းလို အလုပ်များနေတဲ့လူကို ငါက မနှောင့်ယှက်ရဲပါဘူးကွာ… ငါက ဒီကို ပြန်လာပြီး အလည်အပတ် လာရင်းနဲ့ ဥက္ကဋ္ဌလီနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံမိတာနဲ့ စကားနည်းနည်းပါးပါး ပြောရင်း အဆင်ပြေသွားတာပါ" ဟောက်ဟိုင်ထောင်းက ရယ်မောကာ ပြောလေသည်။
မိတ်ဆွေဟောင်းများ ဖြစ်ကြသည်နှင့်အညီ ဖုန်းယွီမှာ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်နေသော်လည်း မောက်မာသည့် ဟန်ပန်မျိုး မရှိဘဲ သူ့ကို အရင်ဆုံး နှုတ်ဆက်လိုက်သဖြင့် သူ၏စိတ်ထဲရှိ စိမ်းသက်နေသော ခံစားချက်များမှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
"ဟယ် ခင်ဗျားက စကားနည်းနည်းပါးပါး ပြောရုံပဲ ဟုတ်လား။ စကားနည်းနည်းပါးပါး ပြောရုံနဲ့ ကျွန်တော့် ယောက်ဖက လေယာဉ် ဝယ်ချင်သွားတာလား။ လေကြောင်းကုမ္ပဏီတောင် တည်ထောင်ချင်နေသေးတယ်လေ။ ကျွန်တော် ကြည့်ရတာ ခင်ဗျား စိတ်ထဲမှာ ဒီအကြံအစည် ရှိနေတာ ကြာပြီထင်တယ်" ဖုန်းယွီက တမင်သက်သက် ပြောဆိုလိုက်သည်။
စကားအနည်းငယ် ပြောရုံဖြင့် လီရှိချန်ကို နားချနိုင်ခဲ့သည်ဆိုခြင်းကို ဖုန်းယွီက သိပ်ပြီး မယုံကြည်ချေ။ အမှန်တကယ် ပြောရမည်ဆိုလျှင် လီရှိချန်နှင့် ဟောက်ဟိုင်ထောင်းတို့မှာ ထိုမျှလောက် ရင်းနှီးကျွမ်းဝင်သူများ မဟုတ်ကြပေ။
ထို့အပြင် ဟောက်ဟိုင်ထောင်းအနေဖြင့် အသေးစိတ် အချက်အလက်များ အားလုံးကို တွေးမိထားနိုင်သည်ဖြစ်ရာ မည်သို့လုပ် ရုတ်တရက် စိတ်ကူးပေါက်လာခြင်း ဖြစ်နိုင်မည်နည်း။ သေချာပေါက် အချိန်အတော်ကြာအောင် စဉ်းစားတွေးတောထားခဲ့ခြင် ဖြစ်ပြီး ပူးပေါင်းမည့်သူတစ်ဦး လိုအပ်နေခြင်းသာ ဖြစ်ပေမည်။
"ဟားဟားဟား တကယ်တော့ ငါ မနှစ်ကတည်းက ဒီအကြံအစည် ရှိနေခဲ့တာပါ။ ဒါပေမဲ့ အဲဒီတုန်းက အလုပ်မအားသေးသလို ကိစ္စကလည်း အဲဒီလောက် မရိုးရှင်းဘူးလို့ ထင်မိလို့ပါ"
"ဒါပေမဲ့ အခုက အငြိမ်းစားယူလိုက်ပြီလေ… မင်းပြောတာ တကယ်ပဲ မမှားပါဘူး ငါက အားလပ်နေရတာကို မနေနိုင်တဲ့သူပါ။ နိုင်ငံတော်က ငါ့ကို ပေးထားတဲ့ အငြိမ်းစား ခံစားခွင့်တွေက အရမ်းကောင်းတယ်။ စားဝတ်နေရေးအတွက် ပူပန်စရာ မလိုဘူး။ သားသမီးတွေရဲ့ အလုပ်အကိုင်တွေကလည်း အတော်အသင့် ကောင်းမွန်တော့ ငါ ပူပန်ပေးစရာ မလိုပါဘူး။ ဒါပေမဲ့ ငါက ဘာမှ လုပ်စရာ မရှိတော့ဘူးလေ… ငါ့ကို နေ့တိုင်း တခြားအငြိမ်းစား အရာရှိကြီးတွေလိုပဲ တခြားလူတွေနဲ့ မာကျောက်ကစား စစ်တုရင်ကစား ဒါမှမဟုတ် ထိုက်ချိ ကျင့်နေရမှာလား"
"ခင်ဗျား ကွင်းပြင်အက ကလို့ ရသေးတယ်လေ" ဖုန်းယွီက ပါးစပ်ကနေ အလွယ်တကူ ပြောလိုက်သည်။
"ဟင် ဘာအကလဲ" ဟောက်ဟိုင်ထောင်းမှာ ကြောင်အသွားခဲ့ကာ ကွင်းပြင်အက ဆိုသည်မှာ မည်သည့် အကမျိုးနည်း။
"အင်း ကျွန်တော် ဆိုလိုတာက ပန်းခြံတွေထဲမှာ အဘိုးကြီး အဘွားကြီးတွေ အတူတူ ကကြတဲ့ လူမှုရေးအက မျိုးကို ပြောတာပါ" ဖုန်းယွီက အလျင်အမြန်ပင် ဆင်ခြေတစ်ခု ရှာလိုက်ရသည်။ ယခုအချိန်တွင် ယခင်ဘဝက တရုတ်တစ်ဝန်းလုံး ခေတ်စားခဲ့သော ကွင်းပြင်အကမျိုး မရှိသေးချေ။
ဟောက်ဟိုင်ထောင်း ဤစကားကို ကြားလိုက်ရသောအခါ မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး "ငါ့ကို လာနောက်နေပြန်ပြီ။ ငါသာ အရင်တုန်းက နည်းပညာပိုင်းကို လုပ်ခဲ့မယ်ဆိုရင် ဘယ်လောက်ကောင်းမလဲလို့ စဉ်းစားကြည့်ပါ။ အခုအချိန်မှာ အကျိုးပြုနိုင်စွမ်းတချို့ ရှိနေဦးမှာပဲ။ ဒါပေမဲ့ ငါက အစောကြီးကတည်းက အုပ်ချုပ်ရေးပိုင်းကို ပြောင်းသွားခဲ့တော့ အခုဆို နည်းပညာပိုင်းမှာ လုံးဝနီးပါး သံချေးတက်နေလောက်ပြီ"
"ဘာမှ လုပ်စရာ မရှိတော့… ဒီကိစ္စကို သတိရလာတာနဲ့ တစ်နေ့က ပြန်လာပြီး အလည်အပတ်လေး ဘာလေး လာရင်း လုပ်ငန်းခွင်ဟောင်းက လုပ်ဖော်ကိုင်ဖက်ဟောင်းတွေ မိတ်ဆွေဟောင်းတွေကို လာတွေ့တာ။ တိုက်တိုက်ဆိုင်ဆိုင် သူတို့ထဲက လူတော်တော်များများလည်း အားနေကြတာဆိုတော့ ငါတို့အားလုံး အတူတူ လုပ်စရာ ကိစ္စလေးတစ်ခုလောက် ရှာလုပ်ရင် ကောင်းမယ်လို့ ငါ တွေးမိသွားတယ်"
"ဒါပေမဲ့ ဒီကုန်တင် လေကြောင်းကုမ္ပဏီကို တည်ထောင်ဖို့ ရင်းနှီးမြှုပ်နှံရမယ့် ငွေက နည်းနည်းနောနော မဟုတ်ဘူးဆိုတာကို ငါတို့ တွေ့ရှိသွားတယ်။ ငါတို့ ဒီလူတွေ အားလုံးပေါင်းလိုက်ရင်တောင် လေယာဉ်တစ်စင်းစာ ငွေကို စုလို့ မရနိုင်ဘူးလေ။ အဲဒါနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဥက္ကဋ္ဌလီနဲ့ ဆုံမိတာနဲ့ ငါ့ရဲ့ အကြံအစည်ကို ဥက္ကဋ္ဌလီနဲ့ ဆွေးနွေးဖြစ်သွားတာပါ"
ဟောက်ဟိုင်ထောင်း ရှင်းပြပြီးသွားသည်နှင့် လီရှိချန်ကလည်း ပြောလေသည်။
"ရှောင်ယွီ လောင်ဟောက်ရဲ့ အကြံအစည်က တကယ်ကို ဖြစ်နိုင်ချေ ရှိတယ်လို့ ငါ ထင်တယ်။ သူ့မှာ အဆက်အသွယ် ရှိတယ်။ အတွေ့အကြုံ ရှိတယ်။ ငါ့ဆီမှာ ငွေကြေး ရှိတယ်။ ကုန်စည် အရင်းအမြစ် လမ်းကြောင်း ရှိတယ်ဆိုတော့ ဒါကို လုပ်ရင် အရှုံးမပေါ်နိုင်လောက်ပါဘူး"
ဖုန်းယွီမှာ လီရှိချန်ကို မတတ်နိုင်သော အကြည့်ဖြင့် ကြည့်လိုက်မိကာ ယောက်ဖရေ စီးပွားရေး ဆွေးနွေးတာ ခင်ဗျားလိုမျိုး ဆွေးနွေးလို့ ရပါ့မလား။ ခင်ဗျား ဒါကို လုပ်ချင်နေတယ် ဆိုတာကို ကျွန်တော် သိသလို ဒါက မဆိုးဘူးလို့လည်း ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ ခင်ဗျားက လောလောဆယ်ဆယ် ဖြစ်နေတဲ့ ပုံစံမျိုးကို ပြသနေလို့ မရဘူးလေ။
ခင်ဗျား ဒီလိုပုံစံမျိုး ဖြစ်နေရင် သူတို့ကို ပေးရမယ့် လစာနဲ့ ခံစားခွင့်တွေ ဆွေးနွေးတဲ့အခါ အများကြီး ပိုပေးရတော့မှာ မဟုတ်ဘူးလား။
"ယောက်ဖ ဒီလေကြောင်းကုမ္ပဏီကို တည်ထောင်ဖို့ စာရွက်စာတမ်း ကိစ္စတွေ ဘာတွေကို လောင်ဟောက်ရဲ့ အဆက်အသွယ်တွေနဲ့ သွားလုပ်ပြီး ကျွန်တော်ကပါ ကူညီပေးလိုက်မယ်ဆိုရင် ခြောက်လအတွင်း ပြီးပြတ်သွားနိုင်ပါတယ်။ အမှာစာတွေနဲ့ ပတ်သက်လို့ကတော့ ကျွန်တော် မပူပါဘူး။ Fengyu Logistics လုပ်ငန်းရဲ့ နာမည်ဂုဏ်သတင်းက အမြဲတမ်း အရမ်းကောင်းမွန်နေသလို အခု အင်တာနက် ဈေးဝယ်စင်တာတွေကလည်း အရှိန်ရလာပြီဆိုတော့ ပါဆယ်ထုပ် အမျိုးမျိုးကလည်း ပိုပိုပြီး များပြားလာနေတာမို့ ယောက်ဖတို့ အရောင်းအဝယ် လိုအပ်နေမှာ မဟုတ်ပါဘူး"
"ဒါပေမဲ့ ဒီတစ်ကြိမ် ရင်းနှီးမြှုပ်နှံမှုက နည်းနည်းနောနော မဟုတ်ဘူးနော် အနည်းဆုံး လေယာဉ် ခြောက်စင်း ခုနစ်စင်းလောက် ဝယ်ရဦးမယ်။ ပြီးတော့ တခြား အပိုင်းတွေမှာလည်း ရင်းနှီးမြှုပ်နှံရဦးမယ်။ နောက်ပြီး ယောက်ဖက တောင်ပိုင်းက ကုန်စည်ပို့ဆောင်ရေး ဈေးကွက်ကို ချဲ့ထွင်ချင်တယ်ဆိုရင် အဲဒီဘက်မှာလည်း ကုန်တင်ကားတွေ မနည်းမနော ရှိဖို့ လိုသလို ယာဉ်မောင်းတွေ ပစ္စည်းပို့ပေးမယ့် သူတွေ ခေါ်ယူရဦးမယ်။ ပြီးတော့ အရောင်းကိုယ်စားလှယ်ဆိုင်တွေလည်း တည်ဆောက်ရဦးမယ်ဆိုတော့ ရင်းနှီးမြှုပ်နှံရမယ့် ပမာဏက နည်းမှာ မဟုတ်ဘူး"
"အခု Fengyu Logistics လုပ်ငန်းမှာ လည်ပတ်ငွေ ဘယ်လောက် ရှိလဲ။ ယောက်ဖတို့ရဲ့ စီမံခန့်ခွဲရေး ဝန်ထမ်းတွေ လုံလောက်မှု ရှိရဲ့လား။ ဈေးကွက်သစ်ကို ချဲ့ထွင်ဖို့ဆိုတာ ပြီးတော့ အဲဒီဘက်မှာ အင်အားကြီးမားတဲ့ ယှဉ်ပြိုင်ဘက် တစ်ခုလည်း ရှိနေသေးတယ်ဆိုတော့ အဲဒီလောက် မလွယ်ကူဘူးနော်"
"ဒီအချက်ကို ငါ သေချာပေါက် စဉ်းစားထားပြီးပါပြီ။ ဈေးကွက်သစ်ကို ချဲ့ထွင်ဖို့ဆိုရင် အဲဒီဘက် ဈေးကွက်ကို ကျွမ်းကျင်တဲ့လူတွေ သေချာပေါက် ရှိဖို့ လိုအပ်တယ်။ ငါက အဲဒီဘက်မှာ အရွယ်အစား မဆိုးလှတဲ့ ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီနှစ်ခုကို တိုက်ရိုက် ပေါင်းစည်းဝယ်ယူဖို့ ရည်ရွယ်ထားတယ် ပြီးရင် သူတို့ကို ရှယ်ယာတချို့ ပေးပြီး အဲဒီဘက် ဈေးကွက်ကို စီမံခန့်ခွဲခိုင်းမယ်။ Fengyu Logistics လုပ်ငန်းရဲ့ အမှတ်တံဆိပ် ခြေကုပ်ရသွားပြီ ဆိုမှ သူတို့ကို တခြားနေရာ ပြောင်းရွှေ့လိုက်မယ်"
"ရန်ပုံငွေနဲ့ ပတ်သက်လို့ကတော့ အခု Fengyu Logistics လုပ်ငန်း စာရင်းထဲမှာ RMB သန်းငါးရာ နီးပါး ရှိတယ် ငါ့ဆီကလည်း ငွေတချို့ ထုတ်လို့ရသေးတော့ အကြမ်းဖျင်း သန်းခြောက်ရာလောက် စုလို့ရပါတယ်။ အဲဒီ ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီ နှစ်ခုကို ဝယ်ယူပြီးရင် ကျန်တဲ့ငွေကို ကုမ္ပဏီသစ် ဖွင့်ဖို့ အသုံးပြုမယ်။ ငါ တွက်ကြည့်ပြီးပြီ လောက်ပါတယ်။ အကယ်၍ မလောက်သေးဘူးဆိုရင်လည်း ချေးငွေ သွားယူလို့ ရတယ်။ ဒါမှမဟုတ် အဆင့်မြင့် စီမံခန့်ခွဲသူတွေကို ငွေထုတ်ခိုင်းပြီး ကုမ္ပဏီရဲ့ ရှယ်ယာနဲ့ အစားထိုးပေးလို့လည်း ရပါတယ်"
တိုက်ရိုက် ဝယ်ယူမည် ဟုတ်လ၏လား။ ဤသည်မှာ မဆိုးလှသော နည်းလမ်းတစ်ခုပင် ဖြစ်သည်။ ထို့အပြင် ထိုဘက်မှ ဈေးကွက်ကို လက်ဝါးကြီးအုပ်သွားမည်ကို ရှောင်ရှားနိုင်ရန် အချိန်အတိုင်းအတာတစ်ခု ကြာပြီးနောက် ၎င်းတို့ကို ပြောင်းရွှေ့ပစ်ခြင်းကလည်း ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်ပေသည်။
ထို့အပြင် ၎င်းတို့ကို Fengyu Logistics လုပ်ငန်း၏ ရှယ်ယာများကိုပါ ပေးအပ်ကာ ကုမ္ပဏီအပေါ် စိတ်ဝင်စားမှု ရှိလာစေပြီး သစ္စာရှိမှု သဘောတူညီချက် တစ်ခုကိုပါ ချုပ်ဆိုထားနိုင်ပေသည်။ ဥပမာ နှစ်မည်မျှအတွင်း အလားတူ ကုမ္ပဏီမျိုးတွင် တာဝန်ထမ်းဆောင်ခွင့် မရှိခြင်း အလုပ်ထွက်ပြီးနောက် အလားတူ ကုမ္ပဏီမျိုး ဖွင့်လှစ်ခွင့် မရှိခြင်း စသည်တို့ ဖြစ်သည်။
ထို့အပြင် ရန်ပုံငွေ ပမာဏမှာလည်း အတော်လေး လုံလောက်မှု ရှိကာ ရန်ပုံငွေ မလုံလောက်ချိန်အတွက် နည်းလမ်းကိုပင် စဉ်းစားထားခဲ့ပြီး ဖြစ်သည်။
တကယ်တမ်းတွင် ရန်ပုံငွေ ပြဿနာကို ဖုန်းယွီက ကူညီဖြေရှင်းပေးနိုင်ပေသည်။ သို့သော် လီရှိချန်၏ သဘောထားကို ကြည့်ရသည်မှာ သူ့ကို အကူအညီ တောင်းရန် ရည်ရွယ်ထားပုံ မပေါ်ချေ။
"ယောက်ဖ တကယ်တော့ လေယာဉ်ဝယ်မယ်ဆိုရင် အသစ်စက်စက် လေယာဉ်တွေ ဝယ်ဖို့ မလိုပါဘူး။ တစ်ပတ်ရစ် ခရီးသည်တင် လေယာဉ်တွေကို ဝယ်ပြီး နည်းနည်းလောက် ပြုပြင်မွမ်းမံလိုက်ရင် ကုန်တင်လေယာဉ်အဖြစ် အသုံးပြုလို့ ရနိုင်ပါတယ်။ ဒါက နိုင်ငံခြားက ကုန်တင် လေကြောင်းကုမ္ပဏီတွေ အတော်လေး အသုံးပြုလေ့ရှိတဲ့ နည်းလမ်းတစ်ခုပါပဲ။ ကုန်ကျစရိတ်ကို အများကြီး လျှော့ချပေးနိုင်သလို ရင်းနှီးမြှုပ်နှံမှု အန္တရာယ်ကိုလည်း လျှော့ချပေးနိုင်ပါတယ်"
"အကယ်၍ ကုမ္ပဏီရဲ့ အကျိုးအမြတ် ကောင်းမွန်မယ်ဆိုရင် အနာဂတ်ကျမှ လေယာဉ်အသစ်တွေကို ဝယ်ယူပြီး လုပ်ငန်းကို ချဲ့ထွင်လို့ ရပါတယ်။ အခုလောလောဆယ်မှာတောင် လေကြောင်းကုမ္ပဏီ တချို့နဲ့ ကုန်စည်ပို့ဆောင်ရေး သဘောတူညီချက် ချုပ်ဆိုထားလို့ ရပါတယ်။ ဒီလိုဆိုရင် ကုန်ကျစရိတ်ကို တိတိကျကျ တွက်ချက်နိုင်မှာပါ"
"တစ်ပတ်ရစ် လေယာဉ်တွေနဲ့ ပတ်သက်လို့ကတော့ ပြည်တွင်းမှာ ဝယ်လို့မရရင် အရှေ့ဥရောပ ဘက်ကနေ ခင်ဗျားအတွက် ကျွန်တော် ဆက်သွယ်ပေးလို့ ရပါတယ်။ ဒါမှမဟုတ် အမေရိကဘက်ကနေ ဆက်သွယ်ပေးလို့လည်း ရပါတယ်။ တစ်ပတ်ရစ် ဆိုရင် ဈေးနှုန်းက အများကြီး ပိုသက်သာနိုင်တယ်လေ"
ဤသို့ဆိုလျှင် ကုန်တင်လေယာဉ် တစ်စင်း၏ ဈေးနှုန်းမှာ RMB ယွမ်သန်းနှစ်ဆယ် သုံးဆယ်ခန့်သာ ရှိမည်ဖြစ်ပြီး ခြောက်စင်း ခုနစ်စင်းဆိုပါက RMB ယွမ်သန်းနှစ်ရာကျော်မျှဆိုလျှင် လုံလောက်ပြီ ဖြစ်သည်။ အခြားသော ကုန်ကျစရိတ်အချို့ကိုပါ ထည့်ပေါင်းလိုက်လျှင်ပင် ဤကုန်တင် လေကြောင်းကုမ္ပဏီအတွက် ထိုမျှလောက် များပြားသော ငွေကြေးများကို ရင်းနှီးမြှုပ်နှံရန် မလိုအပ်တော့ဘဲ လီရှိချန်အနေဖြင့်လည်း ရှယ်ယာများစွာကို ဖယ်ပေးရန် မလိုအပ်တော့ချေ။
လီရှိချန်သည် ဖုန်းယွီ၏ လွှမ်းမိုးမှုကြောင့် ကုမ္ပဏီမှ အခြားသော အဆင့်မြင့် စီမံခန့်ခွဲသူများကို ရှယ်ယာအနည်းငယ် ခွဲဝေပေးခြင်းအပေါ် လက်ခံသဘောတူထားသော်လည်း အနည်းဆုံး ခြောက်ဆယ့်ခုနစ် ရာခိုင်နှုန်းသော ရှယ်ယာကိုမူ ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း ဖုန်းယွီ ပြောခဲ့ဖူးသည်ကို သူ အမြဲ မှတ်သားထားခဲ့ရာ ယင်းမှာ လုံးဝအပြည့်အဝ ထိန်းချုပ်ပိုင်ခွင့်ပင် ဖြစ်သည်။
ဤသို့ဆိုလျှင် ကုမ္ပဏီက မည်သို့ပင်ဖြစ်စေ နောက်ဆုံး ဆုံးဖြတ်ပိုင်ခွင့်မှာ သင်၏ လက်ထဲတွင်သာ ရှိနေမည်ဖြစ်ပြီး ထာဝရ သင်တစ်ဦးတည်းကသာ ဆုံးဖြတ်ရမည် ဖြစ်သည်။
"မန်နေဂျာဖုန်း ခင်ဗျားကသာ ပိုပြီး ဈေးသက်သာတဲ့ လေယာဉ်တွေကို ဝယ်ဖို့ ကူညီပေးနိုင်မယ်ဆိုရင် အရမ်းကောင်းတာပေါ့။ ကုမ္ပဏီရဲ့ ဖွံ့ဖြိုးတိုးတက်မှုက သေချာပေါက် ပိုမြန်ဆန်ပြီး ပိုကောင်းမွန်လာမှာပါ" ဟောက်ဟိုင်ထောင်းက အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ပြောလေသည်။
ဖုန်းယွီက ဟောက်ဟိုင်ထောင်းကို မျက်စောင်းတစ်ချက် ထိုးကြည့်လိုက်ရာ ယောက်ဖဖြစ်သူက သူ့ကို တစ်ခုခု ကတိပေးထားပြီးဖြစ်ပုံ ရပေသည်။
"လောင်ဟောက် ဒါတွေကို အရင် မပြောသေးဘဲ ကျွန်တော် ခင်ဗျားကို မေးကြည့်ချင်တယ်။ ပုဂ္ဂလိက ကုန်တင် လေကြောင်းလိုင်းအတွက် စာရွက်စာတမ်း ကိစ္စတွေကို ဘယ်လိုလုပ်ရမလဲ ဆိုတာကို ခင်ဗျား သိတယ်ဆိုတော့ ခရီးသည်တွေ တင်ဆောင်လို့ရတဲ့ ပုဂ္ဂလိက လေကြောင်းကုမ္ပဏီမျိုးဆိုရင် ဘာစာရွက်စာတမ်းတွေ လိုအပ်မလဲ"
ဟောက်ဟိုင်ထောင်းမှာ အနည်းငယ် ကြောင်အသွားခဲ့ကာ "ဟင် မန်နေဂျာဖုန်း ခင်ဗျားလည်း လေကြောင်းကုမ္ပဏီ ဖွင့်မလို့လား"
******