အခန်း ၁၅၀၆
Vol. 102 Ch. 1506
အခန်း ၁၅၀၆ ကိုယ်ပိုင် အသုံးပြုရန် (၄/၁၀)
ဟောက်ဟိုင်ထောင်းက ဖုန်းယွီသည် လီရှိချန်ကို အကြံဉာဏ်ပေး ကူညီရန် လာရောက်သည်ဟု မူလက ထင်မှတ်ထားခဲ့သည်။ ဖုန်းယွီ၏ အတွေးအခေါ်များက ပိုမိုသွက်လက်ထက်မြက်သည့်အပြင် ဖုန်းယွီ၏ လက်အောက်တွင် အရည်အချင်းရှိသူ အများအပြား ရှိနေသောကြောင့် ၎င်းတို့ မမြင်တွေ့ရသော အားနည်းချက် အချို့ကို မြင်တွေ့နိုင်မည်ဟု ယူဆထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ဖုန်းယွီကိုယ်တိုင်လည်း လေကြောင်းကုမ္ပဏီ ဖွင့်လှစ်လိုလိမ့်မည်ဟု သူ လုံးဝထင်မှတ်မထားခဲ့ဘဲ ကုန်တင်ရန် မဟုတ်ဘဲ ခရီးသည်တင်ရန်ပင် ဖြစ်နေသေးသည်။
"မန်နေဂျာဖုန်း တရုတ်မှာ ပုဂ္ဂလိကက ရှယ်ယာအများစု ပိုင်ဆိုင်တဲ့ လေကြောင်းကုမ္ပဏီတစ်ခု အခုလေးတင် ဖွင့်လိုက်တယ်ဆိုတာ ခင်ဗျား သိတယ် မဟုတ်လား။ အဲဒီကုမ္ပဏီကလည်း လုံးဝ ပုဂ္ဂလိကပိုင် မဟုတ်သေးဘူး။ နိုင်ငံတော် လေကြောင်းလိုင်းရဲ့ ရှယ်ယာတွေလည်း ပါဝင်သေးတယ်။ ခင်ဗျားက လုံးဝတစ်ဦးတည်းပိုင် လုပ်ချင်တယ်ဆိုရင်တော့ လုပ်ရကိုင်ရ နည်းနည်း ခက်ခဲလိမ့်မယ်"
"အဲဒီကုမ္ပဏီက ပုဂ္ဂလိကက ရှယ်ယာအများစု ပိုင်ဆိုင်ရုံပဲလား။ တစ်ဦးတည်းပိုင် လုပ်လို့ မရဘူးလား" ဖုန်းယွီမှာ အနည်းငယ် မကျေမနပ် ဖြစ်သွားကာ ရှယ်ယာ ပိုင်ဆိုင်ရမည်ဆိုလျှင်လည်း လုံးဝအပြည့်အဝ ထိန်းချုပ်နိုင်သည့် လုပ်ပိုင်ခွင့်မျိုး ရရှိမှသာ ဖြစ်မည်။
သေချာပေါက် တစ်ဦးတည်းပိုင် ဆိုလျှင်တော့ ပို၍ကောင်းမွန်ပေသည်။ သူ၏ ဤလေကြောင်းကုမ္ပဏီသည်လည်း ကြီးကြီးမားမား အမြတ်အစွန်း ရရှိရန် ရည်ရွယ်ထားခြင်း မဟုတ်ဘဲ အဓိကအားဖြင့် မိမိကိုယ်တိုင် အဆင်ပြေစေရန်သာ ဖြစ်သည်။
"တစ်ဦးတည်းပိုင် ဆိုရင်တော့ မန်နေဂျာဖုန်း ကိုယ်တိုင် ထွက်ရှင်းရင် ပြဿနာ မရှိနိုင်ပါဘူး။ ဒါပေမဲ့ ခင်ဗျားက ဒီလေကြောင်းကုမ္ပဏီကို ဘာလုပ်ဖို့ ဖွင့်မှာလဲ။ အခု လေကြောင်းလုပ်ငန်းတွေက ပိုပိုပြီး တိုးတက်လာတယ် ဆိုပေမယ့် လေကြောင်းကုမ္ပဏီတွေက သိပ်ပြီး အမြတ်ရတာ မဟုတ်ဘူးလေ။ မန်နေဂျာဖုန်းက နောက်နှစ်အနည်းငယ်အတွင်းမှာ လေကြောင်းကုမ္ပဏီတွေက အမြတ်ကြီးကြီး ရနိုင်မယ်လို့ ထင်နေလို့လား"
ဟောက်ဟိုင်ထောင်း၏မျက်လုံးများ အရောင်လက်သွားခဲ့ကာ အကယ်၍ လေကြောင်းကုမ္ပဏီများသာ နောက်နှစ်အနည်းငယ်အတွင်း အမြတ်ကြီးကြီး ရနိုင်မည်ဆိုပါက သူ ဖုန်းယွီကို သွားကူညီလျှင် သေချာပေါက် ငွေပိုရနိုင်ပေလိမ့်မည်။
"ကျွန်တော် အဲဒီလို မထင်ပါဘူး။ လေကြောင်းကုမ္ပဏီတွေက ပိုပိုပြီး တိုးတက်လာမယ်လို့ ကျွန်တော် ထင်ပေမယ့် ခင်ဗျား စဉ်းစားကြည့်လေ.. လေထဲမှာ ပျံသန်းနေရတာက လူတော်တော်များများကို လုံခြုံစိတ်ချမှု မရှိဘူးလို့ ခံစားရစေတယ်။ နိုင်ငံခြားမှာ အမြဲတမ်း လေယာဉ်ပျက်ကျတဲ့ ရုပ်ရှင်ကားကြီးတွေ ရှိနေတော့ လူတွေကို ထွက်ပြေးလွတ်မြောက်ဖို့ လုံးဝ မဖြစ်နိုင်တော့ဘူးဆိုတဲ့ မျှော်လင့်ချက် ကင်းမဲ့တဲ့ ခံစားချက်မျိုး ပေးစွမ်းနေတာမို့ ပြည်တွင်းက လူတော်တော်များများက လေယာဉ်စီးရမှာကို ကြောက်ကြတယ်"
"ကျွန်တော် ဒီလေကြောင်းကုမ္ပဏီ ဖွင့်ချင်တာက အဓိက ကျွန်တော်တို့ ကုမ္ပဏီတွင်းက လူတွေ ခရီးသွားလာဖို့ အဆင်ပြေအောင်ပါ။ မတတ်နိုင်ဘူးလေ ကုမ္ပဏီက ကြီးလာတော့ ခရီးထွက်ရတာ ပိုများလာတယ်။ အထူးသဖြင့် တစ်ခါတလေ ခရီးထွက်မယ့်သူ အရမ်းများလာတဲ့အခါ လေယာဉ်စင်းလုံးငှားဖို့ လိုအပ်တယ်။ လေယာဉ်စင်းလုံးငှားရတဲ့ ငွေကလည်း မနည်းဘူးဆိုတော့ ကိုယ်ပိုင် လေကြောင်းကုမ္ပဏီလေး တစ်ခု ဖွင့်လိုက်တာကမှ ပိုကောင်းဦးမယ်"
ဟောက်ဟိုင်ထောင်း၏ မျက်နှာပေါ်တွင် ဝေခွဲမရဖြစ်နေသော အမူအရာ ပေါ်လွင်လာကာ "ဒါဆို မင်း ဒီလေကြောင်းကုမ္ပဏီကို ဖွင့်ချင်တာက အဓိက ... ကိုယ်ပိုင် အသုံးပြုဖို့ပေါ့"
ကိုယ်ပိုင် အသုံးပြုရန်အတွက် လေကြောင်းကုမ္ပဏီတစ်ခု ဖွင့်လှစ်တဲ့သူ ရှိလား။
ရှိလား။ ဒီလို သူမျိုး ရှိလား။
ယခင်က ရှိမရှိ သူ မသိသော်လည်း မကြာမီတွင် ရှိလာတော့မည် ဖြစ်သည်။
"မန်နေဂျာဖုန်း ခင်ဗျားဆီမှာ ကိုယ်ပိုင် လေယာဉ် ရှိတယ်လို့ ကျွန်တော် မှတ်မိနေပါသေးတယ်" ဤလေယာဉ်အတွက် စာရွက်စာတမ်း ကိစ္စများကို ဟောက်ဟိုင်ထောင်းပင် ကူညီလုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
"ပြောရဦးမယ် အခု အဲဒီလေယာဉ်က ပင်းဖေး စက်ရုံကနေ Shenhangရဲ့ အောက်ကို ရောက်သွားပြီလေ။ အကယ်၍ ကျွန်တော့်မှာသာ ကိုယ်ပိုင် လေကြောင်းကုမ္ပဏီ ရှိလာရင် ကိုယ့်ကုမ္ပဏီအောက်မှာ တိုက်ရိုက် ထားလိုက်လို့ရတော့ ဘယ်လောက်တောင် အဆင်ပြေလိုက်မလဲ"
ဟောက်ဟိုင်ထောင်းက ဖုန်းယွီလေကြောင်းကုမ္ပဏီ ဖွင့်လှစ်လိုခြင်းမှာ ဤအကြောင်းရင်းလည်း ပါဝင်လောက်သည်ဟု စိတ်ထဲမှ တွေးလိုက်မိသည်။
"ပြီးတော့ ကျွန်တော့်ရဲ့အဲဒီရဟတ်ယာဉ်တွေ ဘာတွေကိုလည်း လေကြောင်းကုမ္ပဏီအောက်မှာ ထားလိုက်ရင် ပိုပြီး အဆင်ပြေသွားတာပေါ့"
"ဘာပဲဖြစ်ဖြစ် ခင်ဗျား ကျွန်တော့်ကို နည်းနည်းလောက် မေးပေးပါ။ အကယ်၍ မခက်ခဲဘူးဆိုရင် ကျွန်တော် လေကြောင်းကုမ္ပဏီ တစ်ခု ဖွင့်လိုက်ပြီး လေယာဉ်ငယ်တချို့ ဝယ်လိုက်မယ်။ လေယာဉ်ကြီး တစ်စင်းတောင် ဝယ်ချင်ဝယ်ရဦးမှာ… ကုမ္ပဏီက ကိုယ်ပိုင် သုံးဖို့ပါ။ အကယ်၍ ခက်ခဲမယ်ဆိုရင်လည်း ဘယ်လောက်တောင် ခက်ခဲမလဲဆိုတာ ကျွန်တော့်ကို ပြောပြပါ ဖြေရှင်းလို့ ရမရ ကျွန်တော် ကြည့်ကြည့်ရအောင်"
ဖုန်းယွီက ကိုယ်တိုင် ထွက်ရှင်းပါက စာရွက်စာတမ်း ကိစ္စများကို သေချာပေါက် ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်သော်လည်း ထိုသို့ဆိုပါက လူမှုရေး အကြွေး တင်သွားပေလိမ့်မည်။ အကယ်၍ လောင်ဟောက်က ကူညီဖြေရှင်းပေးနိုင်ပါက လောင်ဟောက်ကိုသာ လုပ်ခိုင်းလိုက်မည်ဖြစ်ပြီး လောင်ဟောက်ကိုလည်း ငွေအနည်းငယ် ပိုရစေနိုင်ပေသည်။
"မန်နေဂျာဖုန်း ခင်ဗျားရဲ့ဒီလေကြောင်းကုမ္ပဏီက အပြင်ကို တကယ်ကြီး ဝန်ဆောင်မှု မပေးတော့ဘူးလား။ ကုမ္ပဏီအတွင်းမှာပဲ အသုံးပြုဖို့ သက်သက်လား" ဟောက်ဟိုင်ထောင်းက အသေးစိတ် မေးမြန်းလိုက်သည်။
"အပြင်ကို ဝန်ဆောင်မှု ပေးပြီး ဘာလုပ်ရမှာလဲ။ ကျွန်တော့် ကုမ္ပဏီ ကိုယ်ပိုင် သုံးဖို့ပါပဲ" ကုမ္ပဏီတွင် ဝန်ထမ်းများစွာရှိပြီး အဆင့်မြင့် စီမံခန့်ခွဲသူများပင် မနည်းမနောရှိရာ မိမိတို့ ကိုယ်တိုင် အသုံးပြုလျှင် လုံလောက်ပြီဖြစ်ပြီး အပြင်လူများကို ဂရုစိုက်နေရန် မလိုအပ်တော့ချေ။
ထို့အပြင် ဤအရာကို ကုမ္ပဏီ၏ ဝန်ထမ်း ခံစားခွင့်အဖြစ်ပင် သတ်မှတ်ထားနိုင်သေးရာ ဥပမာအားဖြင့် မိုတုမှ မြို့တော်သို့ သွားရောက်ရာတွင် အကယ်၍ တစ်ဦးဦးက ခွင့်ယူလိုခြင်း ဆွေမျိုးများထံ သွားလည်လိုခြင်း သို့မဟုတ် ခရီးသွားလိုခြင်းများရှိပါက လျှောက်လွှာတင်ပြီး လေယာဉ်ကို လိုက်ပါစီးနင်း သွားရောက်နိုင်ပေသည်။
ဤကဲ့သို့သော ဝန်ထမ်း ခံစားခွင့်မျိုး မည်သည့်ကုမ္ပဏီတွင် ရှိပါသနည်း။
"မန်နေဂျာဖုန်း ခင်ဗျား စဉ်းစားကြည့်ဖူးလား။ လေယာဉ်ငယ်လေး ဆိုရင်တောင် ခရီးတို ပျံသန်းဖို့အတွက် နှစ်နာရီကို ကုန်ကျစရိတ် ယွမ်ခုနစ်သောင်း ရှစ်သောင်းလောက် ရှိတယ်နော်"
ဖုန်းယွီသည် ဆိုဖာပေါ်တွင် မှီထိုင်လိုက်ကာ "ဟုတ်တယ်လေ အကယ်၍ ကျွန်တော် လေယာဉ်စင်းလုံးငှားမယ်ဆိုရင် တစ်နာရီကို ယွမ်တစ်သိန်း ပေးရတယ်လေ။ တစ်နာရီ ကုန်ကျစရိတ်က ယွမ်လေးသောင်းတောင် မပြည့်ဘဲနဲ့ကို။ ကျွန်တော့် ကုမ္ပဏီက တစ်နှစ်ကို လေယာဉ်စင်းလုံးငှားရတဲ့ အကြိမ်ရေ ဘယ်လောက်ရှိလဲဆိုတာ ခင်ဗျား သိလား"
"ပြီးတော့ ကျွန်တော်တို့ ကိုယ်ပိုင် လေကြောင်းကုမ္ပဏီ ဆိုရင် အများကြီး ပိုပြီး သက်သောင့်သက်သာ ရှိတာပေါ့…. ကျွန်တော်တို့ ကုမ္ပဏီက အဆင့်မြင့် စီမံခန့်ခွဲသူ တော်တော်များများက ဆေးလိပ် အရမ်းသောက်ကြတဲ့သူတွေချည်းပဲ… လေယာဉ်စင်းလုံးငှားတာတောင် ဆေးလိပ်သောက်ခွင့် မပြုတော့ သူတို့က လုံးဝမကျေနပ်ကြဘူးလေ။ ကျွန်တော်တို့ ကိုယ်ပိုင်ဆိုရင် ဆေးလိပ်သောက်လို့ ရတဲ့အပြင် အရက်သောက်တာ ဖဲကစားတာ စကားပြောတာတွေပါ လုပ်လို့ရတော့ ဘယ်လောက်တောင် ကောင်းလိုက်လဲ"
"ပြီးတော့ အခုနိုင်ငံတော်လေကြောင်းလိုင်းက လေယာဉ်မယ် တော်တော်များများရဲ့ ဝန်ဆောင်မှု အမူအကျင့်တွေက သိပ်အဆင်မပြေဘူး။ ကျွန်တော်တို့ ကုမ္ပဏီက ရုပ်ချောတဲ့ ကောင်လေးတွေကို မြင်တာနဲ့ ဖုန်းနံပါတ်တွေ လာတောင်းနေကြတာ ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ"
ဟောက်ဟိုင်ထောင်း ၏ မျက်နှာမှာ အနည်းငယ် ရှက်ရွံ့သွားခဲ့ကာ "ဒါကလည်း တစ်ယောက်တလေပါ။ ဘယ်လုပ်ငန်းမှာမှ ဝန်ထမ်းတွေအားလုံးရဲ့ အရည်အသွေးက လုံလောက်တဲ့ အမြင့်မှာ ရှိနေမယ်လို့ အာမမခံနိုင်ဘူးလေ"
"ထားလိုက်ပါတော့ ခင်ဗျားလည်း အဲဒီမှာ အလုပ်မလုပ်တော့တာကို သူတို့အတွက် ရှင်းပြမနေပါနဲ့တော့။ ပြီးတော့ ကိုယ်ပိုင် လေယာဉ် ရှိလာပြီဆိုရင် ကျွန်တော်တို့က စီးပွားရေး လျှို့ဝှက်ချက် စာရွက်စာတမ်း တချို့ကို သယ်ယူပို့ဆောင်တဲ့ အခါမှာလည်း ပိုပြီး လုံခြုံစိတ်ချရသွားမယ်။ အရေးကြီးတဲ့ ဖောက်သည်တွေကို ကြိုပို့လုပ်ဖို့လည်း အသုံးပြုလို့ ရတယ်ဆိုတော့ ဘာတွေများ မကောင်းလို့လဲ"
"ခင်ဗျား ပြောတဲ့ တခြား ကုန်ကျစရိတ် တွေနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်လည်း သိပါတယ်။ ကျွန်တော့်မှာ ကိုယ်ပိုင် လေယာဉ် ရှိတယ်လေ။ အဲဒီလေယာဉ်မှူးတွေ လေယာဉ်မယ်တွေရဲ့လစာတွေ အရမ်းမြင့်တယ် ဆိုတာကိုလည်း ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ကိုယ့်လူကို သုံးလို့ရနေတာကို ဘာဖြစ်လို့ အပြင်လူကို သုံးရမှာလဲ"
ဤစကားကို ဟောက်ဟိုင်ထောင်း လည်း တကယ်ပင် မည်သို့ ပြန်ဖြေရမည်ကို မသိတော့ချေ ဖုန်းယွီတွင် ငွေရှိပြီး သုံး၍ပင် မကုန်နိုင်အောင် ငွေများပြားနေသည်ဖြစ်ရာ ကိုယ်တိုင် အဘယ်ကြောင့် ဝင်ရောက် ပူပန်ပေးနေရမည်နည်း။
ထို့နောက် သူတို့ သုံးဦးသည် ကုန်တင် လေကြောင်းကုမ္ပဏီ ကိစ္စကို ထပ်မံ၍ ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး ဖုန်းယွီသည် လီရှိချန်နှင့် ဟောက်ဟိုင်ထောင်းတို့ အားလုံး စဉ်းစားတွေးတောထားပြီးဖြစ်သည်ကို မြင်တွေ့လိုက်ရသဖြင့် သူလည်း များများစားစား ထပ်မပြောတော့ချေ။ အကယ်၍ ပြဿနာ တစ်ခုခု ပေါ်လာခဲ့လျှင်ပင် ဖုန်းယွီက အချိန်မရွေး ကူညီပေးနိုင်ပေသည်။
ထို့အပြင် ဖုန်းယွီတွင် နောက်ဆုံး အသုံးပြုရန် လျှို့ဝှက်လက်နက် တစ်ခု ရှိနေသေးရာ ယင်းမှာ Shunfeng Logisticsမှ ဝမ်ဝေသည် သူ၏ ကျေးဇူးကြွေးကို အမြဲတမ်း တင်ရှိနေခြင်းပင် ဖြစ်သည်။
ဖုန်းယွီက လီရှိချန်ကို ဝမ်ဝေနှင့် ဆက်သွယ်ကြည့်ရန်နှင့် နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုအချို့ ပြုလုပ်ရန် အကြံပြုခဲ့သည်။ ယှဉ်ပြိုင်ရမည်ဆိုလျှင်ပင် ကျန်းမာသော ယှဉ်ပြိုင်မှုမျိုးသာဖြစ်သင့်ပြီး အခြားသော စီးပွားရေးလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်လာမည့် အခွင့်အရေးထပ်မံ မပေးသင့်တော့ချေ။
သူတို့နှစ်ဦး ပူးပေါင်းလိုက်ပါက စာတိုက်လုပ်ငန်းနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိသွားပေမည်။ အခြားသော ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီများမှာမူ ပြိုင်ဘက် လုံးဝ မဟုတ်တော့ချေ။ တစ်ဖက် ကုမ္ပဏီကို ဒေဝါလီခံသွားစေမည်ဟု အသေအချာ မပြောနိုင်သော်လည်း တစ်ဖက်ကုမ္ပဏီ ချဲ့ထွင်လာမည်ကိုမူ ပူးပေါင်း၍ တားဆီးနိုင်ပေသည်။
ယခင်ဘဝက ပြည်တွင်းရှိ ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီများသည် အပြိုင်အဆိုင် များပြားလှသည်ဟု မဆိုနိုင်သော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ကိုင်သော ကုမ္ပဏီကြီး အများအပြား ရှိခဲ့ပြီး သေချာပေါက် စာတိုက်လုပ်ငန်းနှင့် Shunfengတို့က အဓိကဖြစ်ကာ Shentongကဲ့သို့သော ကုမ္ပဏီများက ဒုတိယအဆင့်တွင် ရှိကြပြီး ပြည်နယ်အဆင့် သို့မဟုတ် မြို့တော်အဆင့်ရှိ အသေးစား ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီငယ်များစွာလည်း ရှိနေကြသေးသည်။
စာတိုက်လုပ်ငန်း၏ အင်အားအကြီးမားဆုံး အချက်မှာ ကျေးရွာတိုင်းတွင် ထောက်ပံ့ပို့ဆောင်ရေး စခန်းများ ရှိနေခြင်းဖြစ်ပြီး Shunfeng၏ အင်အားကြီးမားသော အချက်မှာမူ နောက်တစ်နေ့ အရောက် ပို့ဆောင်ပေးနိုင်ခြင်းဖြစ်ကာ အချို့သော အရေးပေါ်ကိစ္စများဆိုလျှင် ထိုနေ့မှာပင် အရောက်ပို့ဆောင်ပေးနိုင်ခြင်း ဖြစ်သည်။
အကယ်၍ Fengyu Logistics လုပ်ငန်း ကသာ လေကြောင်း သယ်ယူပို့ဆောင်ရေး အပိုင်းကို ကိုယ်တိုင်လုပ်ကိုင်လိုက်မည်ဆိုပါက ထိုနေ့အရောက်ပို့ဆောင်ပေးသည့် အထူးဝန်ဆောင်မှုကို ချက်ချင်း မိတ်ဆက်နိုင်မည်ဖြစ်ပြီး ပိုမိုများပြားသော အသုံးပြုသူများကို ၎င်းတို့အား ရွေးချယ်လာစေမည်သာ ဖြစ်သည်။
ထမင်းစားပြီးနောက် ဟောက်ဟိုင်ထောင်းသည် အိမ်သို့ ပြန်ရောက်သည်နှင့် သူ၏ မိတ်ဆွေဟောင်းထံသို့ ချက်ချင်း ဖုန်းဆက်လိုက်သည်။
"လောင်ဝူ မင်းကို ကူညီခိုင်းစရာ ကိစ္စတစ်ခု ရှိလို့"
"ငါတို့ကြားမှာ အကူအညီ တောင်းစရာ လိုသေးလို့လား။ ဘာကိစ္စလဲ။ မင်းသာ ပြောလိုက်"
"ငါ့သူငယ်ချင်း တစ်ယောက်က လေကြောင်းကုမ္ပဏီ တစ်ခု ဖွင့်ချင်လို့တဲ့ သူ တစ်ဦးတည်းပိုင် လုပ်မှာ"
"ကျွတ်… အထက်က ခွင့်ပြုချက်တွေ ဖြေလျှော့ပေးလိုက်ပြီး ပုဂ္ဂလိက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အားပေးနေတယ်ဆိုပေမယ့် မင်းရဲ့ ဒီတစ်ဦးတည်းပိုင် ဆိုတာကတော့ နည်းနည်း ခက်ခဲလိမ့်မယ်။ ဒီလိုလုပ် ငါ မင်းကို မေးပေးမယ်။ အကယ်၍ မရဘူးဆိုရင် ငါတို့ တခြားနည်းလမ်း ပြန်စဉ်းစားကြတာပေါ့။ ဒါနဲ့ သူက ဘယ်လမ်းကြောင်းတွေကို ပြေးဆွဲဖို့ ရည်ရွယ်ထားတာလဲ။ သဘောသဘာဝက ဘယ်လိုမျိုးလဲ"
"ခရီးစဉ် လမ်းကြောင်းတွေ ဆိုရင်တော့ ပြည်တွင်းရော ပြည်ပရော အားလုံးရှိရင် အကောင်းဆုံးပဲ သူက အပြင်ကို ဝန်ဆောင်မှု ပေးမှာ မဟုတ်ဘူး။ ကုမ္ပဏီ အတွင်းမှာ ကိုယ်ပိုင် သုံးဖို့"
"ဘာကိစ္စ လေကြောင်းကုမ္ပဏီ တစ်ခု ဖွင့်ပြီး ကိုယ်ပိုင် သုံးမယ် ဟုတ်လား"
******