← Chapters

အခန်း ၁၅၀၉

Vol. 102 Ch. 1509

အခန်း ၁၅၀၉

Vol. 102 Ch. 1509

အခန်း ၁၅၀၉ လေယာဉ် ဖြုတ်ချခြင်း (၇/၁၀)

"ဒါက ဗဟိုဌာနချုပ်လား ကြည့်ရတာ သိပ်မထူးခြားလှပါဘူး" ဖုန်းယွီက နှုတ်ခမ်းတစ်ချက် တွန့်လိုက်ကာ အထင်သေးသော အမူအရာဖြင့် ပြောလိုက်သည်။

ဟောက်ဟိုင်ထောင်း၏ နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်ကွေးသွားခဲ့ကာ မင်းလို တကယ့် သူဌေးကြီး မျက်လုံးထဲမှာတော့ ဘယ်သူ့ကို ကြည့်ကြည့် တောသားလိုပဲ မြင်နေမှာပေါ့။

"မန်နေဂျာဖုန်းရေ ဒီနေ့ ငါတို့က ကိစ္စရှိလို့ လာတာလေ။ ဘာပဲဖြစ်ဖြစ် ငါရဲ့ အချိန်တွေက တန်ဖိုး မရှိပါဘူး။ မင်းကသာ အချိန်ဆွဲတာကို လက်ခံနိုင်တယ်ဆိုရင် ငါက မင်းကို အရင်ဆုံး ဒီနေရာကို လိုက်ပြပေးလို့ ရတယ်"

"ဟွန့်… ဒီနေရာက ဘာများ လိုက်ကြည့်စရာ ကောင်းလို့လဲ။ မြန်မြန်လုပ်ပါ သူတို့ ဌာနချုပ်မှူးနဲ့ ချိန်းထားတယ်ဆို ဒီဌာနချုပ်မှူးက ဘာကိစ္စရှိလို့ ကျွန်တော်နဲ့ ကိုယ်တိုင်ကိုယ်ကျ ဆွေးနွေးချင်နေရတာလဲ"

ဖုန်းယွီ လေကြောင်းကုမ္ပဏီ ဖွင့်လှစ်လိုခြင်းကို ဟောက်ဟိုင်ထောင်းက ကူညီမေးမြန်းပေးခဲ့သည်။ ဖုန်းယွီက တစ်ဦးတည်းပိုင် လုပ်ကိုင်လိုသည် ဆိုသော်လည်း လက်ရှိ မူဝါဒများအရ လုံးဝမဖြစ်နိုင်သည်တော့ မဟုတ်ပေ။

အထူးသဖြင့် ၎င်းတို့က ဖုန်းယွီအနေဖြင့် ဤလေကြောင်းကုမ္ပဏီမှ အမြတ်အစွန်း ရယူရန် မရည်ရွယ်ထားဘဲ ကုမ္ပဏီ၏ အဆင့်မြင့် အရာရှိများ သို့မဟုတ် ဝန်ထမ်းများ ခရီးသွားလာရာတွင် အသုံးပြုရန်သက်သက်သာဖြစ်ပြီး သေချာပေါက် အရှုံးပေါ်မည်ဖြစ်ရာ နိုင်ငံတော် ရန်ပုံငွေက အဘယ်ကြောင့် ဝင်ရောက်စွက်ဖက်နေဦးမည်နည်းဟု သိရှိသွားသောအခါ ပို၍ပင် အဆင်ပြေသွားခဲ့သည်။

နောက်ထပ် အကြောင်းရင်းတစ်ခုမှာ ဖုန်းယွီ၏ အဆင့်အတန်းမှာ အတော်လေး ထူးခြားနေပြီး အခြားသူများက တစ်ဦးတည်းပိုင် လုပ်ကိုင်၍ မရနိုင်သော်လည်း ဖုန်းယွီမှာမူ သေချာပေါက် ပြဿနာမရှိပေ။ စာချုပ်ထဲတွင် ဤလေကြောင်းကုမ္ပဏီသည် ပြင်ပသို့ စီးပွားရေး လုပ်ငန်းများ ဝန်ဆောင်မှု မပေးကြောင်းကို ရှင်းလင်းစွာ ရေးသားထားသရွေ့ အထက်မှ သဘောမတူစရာ အကြောင်းမရှိဘဲ ပုဂ္ဂလိက ကိုယ်ပိုင် လေယာဉ်နှင့် အတူတူပင် ဖြစ်ပေသည်။

သို့သော် ဤအချိန်တွင် တရုတ်လေကြောင်း စက်မှုလုပ်ငန်း ဒီဇိုင်းအင်စတီကျု မှ လူများထံမှ သတင်းတစ်ပုဒ် ထွက်ပေါ်လာခဲ့ရာ ထိုစဉ်က ဖုန်းယွီ ယူဆောင်လာပေးခဲ့သော ပုံစံကြမ်းများမှာ သိပ်ပြီး မပြည့်စုံလှသဖြင့် တရုတ်၏ လေယာဉ်ကြီး နည်းပညာ တိုးတက်မှုမှာ တွေးဆထားသလောက် မကြီးမားခဲ့ကြောင်း သိရသည်။

သေချာပေါက် လေယာဉ်တစ်စင်းတွင် အရေးအကြီးဆုံးမှာ အင်ဂျင်နှင့် အီလက်ထရောနစ် ကိရိယာများ ဖြစ်သည်။ ထိုအထဲမှ ယခင် ဆိုဗီယက်၏ အီလက်ထရောနစ် ကိရိယာများမှာ မူလကတည်းက သိပ်မကောင်းလှသဖြင့် တရုတ်က ကိုယ်တိုင်ကြီးမားလှသော ရန်ပုံငွေများ အကုန်အကျခံကာ နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီပြီး ပိုမိုထူးချွန်သောအရာကို အသစ်တဖန် သုတေသနပြု ဒီဇိုင်းဆွဲခဲ့သည်။

အင်ဂျင်နှင့် ပတ်သက်၍မူ တရုတ်အနေဖြင့် အဆင့်မြှင့်တင်မှု အများအပြား ပြုလုပ်နိုင်ခြင်း မရှိခဲ့ဘဲ မူလအရာနှင့် ကြီးမားသော ကွာခြားချက် မရှိခဲ့ချေ။

သို့သော် ယခင် ဆိုဗီယက်၏ အကြီးစား စက်မှုထုတ်ကုန်များတွင် အလွန်တရာ ကြီးမားသော ပြဿနာတစ်ခု ရှိနေခဲ့ရာ ယင်းမှာ ယေဘုယျအားဖြင့် အတော်လေး ကြမ်းတမ်းစွာ ဖန်တီးထားခြင်း ဖြစ်သည်။ သို့သော် အားသာချက်များလည်း ရှိနေသေးရာ ဥပမာအားဖြင့် အသေးအဖွဲ ပြဿနာအချို့ ဖြစ်ပွားခဲ့လျှင်ပင် ဆက်လက်၍ အလုပ်လုပ်နိုင်သေးခြင်း ဖြစ်သည်။

တရုတ်၏ လေယာဉ်ကြီးများထဲတွင် အသေးဆုံး အဆင့်ဟု သတ်မှတ်နိုင်သော ဤလေယာဉ်သစ်မှာ ယခင် ဆိုဗီယက်၏ Tu စီးရီးများထက် များစွာပိုမိုထူးချွန်သော စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့သည်။

သို့သော် ဤလေယာဉ်မှာ အနည်းငယ် သေးငယ်နေသေးပြီး အကြီးမားဆုံး ပြဿနာမှာ ခရီးသည်အပြည့် တင်ဆောင်ထားချိန်တွင် တိုက်ရိုက် ပျံသန်းနိုင်သော အကွာအဝေးမှာ အလွန်တရာ တိုတောင်းလွန်းနေပြီး Boeingနှင့် Airbusတို့နှင့် လုံးဝ နှိင်းယှဉ်၍ မရနိုင်ချေ။

ယခုလက်ရှိတွင် ဤပြဿနာကို ဖြေရှင်းရန် အဓိက နည်းလမ်းအချို့ ရှိနေသည်။ တစ်ခုမှာ ဆီတိုင်ကီကို ကြီးမားအောင် ပြုလုပ်ပြီး ပျံသန်းနိုင်စွမ်းကို မြှင့်တင်ရန် ဖြစ်ပြီး အခြားတစ်ခုမှာ လေယာဉ်ကိုယ်ထည် အလေးချိန်ကို လျှော့ချ၍ ပျံသန်းနိုင်စွမ်းကို မြှင့်တင်ရန် ဖြစ်ကာ နောက်တစ်နည်းမှာ အင်ဂျင်နှင့် အပြင်ခွံ စသည်တို့ကို အဆင့်မြှင့်တင်၍ ပျံသန်းမှု အမြန်နှုန်းကို တိုးမြှင့်ရန်ပင် ဖြစ်သည်။

ထိုစဉ်က ဖုန်းယွီက Tu စီးရီး တစ်ခုတည်းကိုသာ ယူဆောင်လာပေးခဲ့ခြင်း မဟုတ်ဘဲ Ilစီးရီးများလည်း ပါဝင်ခဲ့သည်။ အားလုံးက အဆင့်အမြင့်ဆုံး မဟုတ်ကြသော်လည်း စီးရီးတစ်ခုတည်း ဖြစ်နေသောကြောင့် နည်းပညာ အများအပြားမှာ တူညီနေကြပေသည်။

တရုတ်သည် Airbus သို့မဟုတ် Boeingစီးရီးများနှင့် ဆင်တူသော လေယာဉ်ကြီး တစ်စင်းကို သုတေသနပြု တီထွင်ကာ လေယာဉ်ကြီး ဈေးကွက် ယှဉ်ပြိုင်မှုထဲသို့ ဝင်ရောက်လာရန် ရည်ရွယ်ထားသည်။ သေချာပေါက် တရုတ်ကိုယ်တိုင်လည်း ဤအရာနှင့် ပတ်သက်၍ အတော်လေး လိုအပ်ချက် ရှိနေပြီး ယခုအခါ တရုတ်တွင် နှစ်စဉ် နိုင်ငံခြားသို့ ခရီးသွားရန် သို့မဟုတ် အလုပ်ကိစ္စဖြင့် သွားရောက်သူ အများအပြား ရှိနေကာ အနာဂတ်တွင်လည်း သေချာပေါက် ပိုမို များပြားလာမည် ဖြစ်သည်။

Boeingနှင့် Airbusတို့က လေယာဉ်ကြီး ဈေးကွက်ကို လုံးဝနီးပါး လက်ဝါးကြီးအုပ်ထားကြပြီး ရုရှား၏ လေယာဉ်ကြီးများမှာမူ လွတ်လပ်သော ဓနသဟာယ နိုင်ငံများသို့သာ ရောင်းချနိုင်သဖြင့် ဈေးကွက်မှာ ပိုပိုပြီး ကျဉ်းမြောင်းလာခဲ့သည်။

တကယ်တမ်းတွင် တရုတ်၌ နောက်ထပ် ရွေးချယ်စရာ တစ်ခု ရှိနေသေးရာ ယင်းမှာ ရုရှားနှင့် ပူးပေါင်းဆောင်ရွက်ခြင်း သို့မဟုတ် ယူကရိန်း၊ဘီလာရုစ် စသည်တို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ယခင်က ဧရာမ လေယာဉ် တည်ဆောက်ရေး စက်ရုံကြီးများကို အမွေမရခဲ့သော်လည်း ထိုစဉ်က နိုင်ငံခွဲဝေချိန်တွင် နည်းပညာ အချက်အလက်များကိုလည်း အများအပြား သိမ်းဆည်းသွားခဲ့ကြသည်။

အချို့သော လွတ်လပ်သည့် ဓနသဟာယ နိုင်ငံများမှာ ပင်လယ်နှင့် လုံးဝ မထိစပ်သော်လည်း လေယာဉ်တင် သင်္ဘော၏ နည်းပညာ အချက်အလက် အချို့ကို ပိုင်ဆိုင်ထားကြသည် မဟုတ်ပါလော အဘယ်ကြောင့်ဆိုသော် ထိုစဉ်က အချက်အလက် အများအပြားကို မူလကတည်းက ခွဲခြား၍ သုတေသန ပြုလုပ်ခဲ့ကြသောကြောင့် ဖြစ်သည်။

ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်မီ တရုတ်အနေဖြင့် လေယာဉ်ကြီးများကို ကိုယ်တိုင် သုတေသနပြု တီထွင်နိုင်စွမ်း ရှိမှသာ တစ်ဖက်လူနှင့် တန်းတူညီမျှ ပူးပေါင်းဆောင်ရွက်ခွင့်ကို ရရှိနိုင်မည် ဖြစ်သည်။ အကယ်၍ ယခင်ကသာဆိုလျှင် တရုတ်က ရုရှားနှင့် ပူးပေါင်းဆောင်ရွက်လိုပါကလည်း ရုရှားက သဘောတူမည် မဟုတ်ပေ။

ငါတို့ နှစ်နိုင်ငံလုံးမှာ ကိုယ်ပိုင် သုတေသနပြု တီထွင်နိုင်စွမ်း ရှိနေပြီဖြစ်ပြီး ပူးပေါင်းဆောင်ရွက်လိုက်မယ်ဆိုရင် ရန်ပုံငွေကိုလည်း သက်သာစေသလို နည်းပညာတွေကိုလည်း မြှင့်တင်နိုင်မယ် ပြီးတော့ ငါတို့ နိုင်ငံနှစ်ခုရဲ့ ဖြန့်ချိရေး လမ်းကြောင်းတွေနဲ့လည်း ရောင်းချနိုင်မယ် ဒီလိုမှသာ အကောင်းဆုံး ဖြစ်မှာပေါ့။

ယခုအခါ တရုတ်တွင် နည်းပညာများ ရှိနေပြီဖြစ်ရာ ရုရှားနှင့် ပူးပေါင်းဆောင်ရွက်ကာ လေယာဉ်ကြီး ဈေးကွက်အတွင်း အကျိုးအမြတ် တစ်စိတ်တစ်ပိုင်းကို လုယူရန် အကြံအစည်များ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

ယနေ့ ဌာနချုပ်မှူးနျိုက ဖုန်းယွီကို ဖိတ်ခေါ်လိုက်ခြင်းမှာ ဤကိစ္စကို ဆွေးနွေးလိုသောကြောင့် ပင်ဖြစ်သည်။

ဌာနချုပ်မှူးနျို၏စကားကို ကြားပြီးနောက် ဖုန်းယွီ၏ မျက်နှာပေါ်တွင် ဝေခွဲမရဖြစ်နေသော အမူအရာ ပေါ်လွင်လာကာ "ဌာနချုပ်မှူးနျို ကျွန်တော်တို့ရဲ့ ဒီနည်းပညာက တကယ်တမ်း ဘယ်ကနေ ရလာလဲဆိုတာကို ခင်ဗျား မသိတာတော့ မဟုတ်ပါဘူးနော်"

ယခင် ဆိုဗီယက်ထံမှ ယူဆောင်လာခဲ့သည်မှာ ရှင်းလင်းနေပါလျက်နှင့် ခင်ဗျားက ဒါကို ကိုင်ပြီး ရုရှားနဲ့ သွားရောက် ပူးပေါင်းဆောင်ရွက်မယ်ဆိုတာက မျက်နှာကို ဖြတ်ရိုက်သလို ဖြစ်မနေဘူးလား။

"မန်နေဂျာဖုန်း ကျွန်တော်တို့လည်း ဆန်းသစ်တီထွင်မှုတွေ အများကြီး လုပ်ထားပါတယ်လေ။ ဥပမာ ကျွန်တော်တို့ရဲ့ ဒီအီလက်ထရောနစ် ကိရိယာတွေဆိုရင် ရုရှားထက် အများကြီး ပိုခေတ်မီပါတယ်။ သူတို့ အခု သုံးနေတာ တော်တော်များများက ဥရောပနဲ့ အမေရိကရဲ့ နည်းပညာတွေပါ။ ကျွန်တော်တို့ကတော့ RMB သန်းတစ်ထောင်ကျော် အကုန်ခံပြီး သုတေသန လုပ်ထားရတာလေ"

"ပြီးတော့ အဲဒီချိန်က ခင်ဗျား ရလာခဲ့တဲ့ နည်းပညာ ပုံစံကြမ်းတွေကလည်း အပြည့်အစုံ မဟုတ်ဘူးလေ။ Il-96 ရဲ့ ပုံစံကြမ်းတွေဆို မပါခဲ့ဘူး မဟုတ်လား။ ကျွန်တော်တို့ အများကြီး ခေါင်းစားခဲ့ရတယ်။ အကယ်၍ အဲဒီလို ပုံစံကြမ်းမျိုး ရှိနေမယ်ဆိုရင် ကျွန်တော်တို့ ကိုယ်တိုင် သုတေသန လုပ်ရင်လည်း ပြဿနာ မရှိပါဘူး"

ဖုန်းယွီက ဌာနချုပ်မှူးနျိုကို အေးစက်စက် ကြည့်ကာ မေးလိုက်သည်။ "ခင်ဗျား ဆိုလိုတာက ကျွန်တော် လုပ်ခဲ့တာ မှားသွားတယ်ပေါ့"

ဌာနချုပ်မှူးနျိုက အလျင်အမြန်ပင် ရယ်မောလိုက်ကာ "မန်နေဂျာဖုန်း ကျွန်တော် အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး။ ကျွန်တော် ဆိုလိုတာက ကျွန်တော်တို့ရဲ့ နည်းပညာ တချို့က ရုရှားကို မမီသေးသလို Airbusနဲ့ Boeingတို့ကိုလည်း မမီသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ ရှိတဲ့ နည်းပညာ တချို့ကလည်း သူတို့ထက် လုံးဝ မညံ့ပါဘူး"

"ရုရှားရဲ့ ထုတ်ကုန် ဒီဇိုင်းတွေက သုံးစွဲသူအတွက် သိပ်အဆင်မပြေဘူး။ ပြီးတော့ တော်တော်များများက သိပ်ပြီး သေသပ်မှု မရှိဘူး။ ဒီအချက်ကို ကျွန်တော်တို့က ဖြည့်ဆည်းပေးလို့ ရပါတယ်။ ကျွန်တော်တို့ ပူးပေါင်းလိုက်မယ်ဆိုရင် Boeingနဲ့ Airbusတို့ကို ယှဉ်ပြိုင်နိုင်မှာဖြစ်ပြီး နှစ်ဖက်စလုံးလည်း အရှုံးမပေါ်နိုင်ပါဘူး"

"ဒါဆို ဒီကိစ္စကို ကျွန်တော့်ကို လာရှာပြီး ဘာလုပ်မလို့လဲ။ အထက်က ရုရှားအစိုးရနဲ့ တိုက်ရိုက် သွားရောက် ဆွေးနွေးသင့်တာပေါ့" ဖုန်းယွီက ဌာနချုပ်မှူးနျိုကို သံသယဝင်နေသော အကြည့်ဖြင့် ကြည့်လိုက်သည်။

"အဲဒါက ကျွန်တော်တို့ဆီမှာ ပိုကောင်းတဲ့ ခရီးရှည် လေယာဉ်ကြီးတွေကို တည်ဆောက်နိုင်စွမ်း ရှိတယ်ဆိုတာကို သက်သေပြဖို့ အချက်အလက် တချို့ လိုအပ်နေလို့ပါ။ အကယ်၍ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်တို့က လက်တွေ့ သုတေသန တချို့ လုပ်ချင်ပါတယ်"

"ဒါဆိုရင် သွားဝယ်လေ.. ဒီကိစ္စကိုများ ကျွန်တော့်ကို လာရှာနေသေးတယ်။ ဘာလဲ ကျွန်တော့်ဆီက အလှူငွေ လာကောက်ချင်နေတာလား" ဒီလောက်လေးက ငွေသိပ်ပြီး ကုန်မှာ မဟုတ်ဘူး မဟုတ်လား။ အထက်က ထုတ်မပေးနိုင်ဘူးလား။

သဘောဆန္ဒအလျောက် အလှူငွေ ထည့်ဝင်ခြင်းနှင့် အတင်းအဓမ္မ ထည့်ဝင်ခိုင်းခြင်းမှာ မတူညီသော သဘောတရား နှစ်ခု ဖြစ်သည်။

"မန်နေဂျာဖုန်း နားလည်မှု လွဲနေပါပြီ။ ကျွန်တော်တို့က ခင်ဗျားကို ငွေထုတ်ခိုင်းဖို့ မရည်ရွယ်ထားပါဘူး။ ဒီအတွက် ဘတ်ဂျက်ကို အထက်က ချပေးထားပြီးပါပြီ။ ကျွန်တော်တို့မှာ လက်တွေ့ ပစ္စည်း မရှိတာပါ။ ဝယ်လို့လည်း မရဘူးလေ"

"မန်နေဂျာဖုန်း ကျွန်တော် မှတ်မိသလောက်ဆိုရင် ခင်ဗျားရဲ့ အဲဒီသီးသန့် လေယာဉ်က Il-96 ကို ပြုပြင်မွမ်းမံထားတာ မဟုတ်လား"

သောက်ကျိုးနည်း… ဒီကောင်က ငါ့ရဲ့သီးသန့် လေယာဉ်ကို ဖြုတ်ချင်နေတာပဲ။

"ခင်ဗျား ဘာလုပ်ချင်တာလဲ ကျွန်တော့် လေယာဉ်ကို ဖြုတ်မလို့လား"

"မန်နေဂျာဖုန်း စိတ်ချပါ။ ကျွန်တော်တို့ ပြီးသွားရင် သေချာပေါက် မူလအတိုင်း ပြန်တပ်ဆင်ပေးပါ့မယ်။ ဒါက တောင်းဆိုချက်တစ်ခုပါ။ ကျွန်တော် ကိုယ်တိုင်နဲ့ ကျွန်တော်တို့ အင်ဂျင်နီယာ အများအပြားရဲ့ တောင်းဆိုချက်ပါ။ ကျွန်တော်တို့က ရုရှားနဲ့ နည်းပညာ ကွာဟချက်ကို ကျဉ်းမြောင်းအောင် လုပ်နိုင်မှသာ ပိုကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရရှိနိုင်မှာပါ"

ဖုန်းယွီက မျက်စောင်းတစ်ချက် ထိုးလိုက်ကာ သူကိုယ်တိုင်လည်း ပစ္စည်းအချို့ကို ဖြုတ်ဖူးပြီးနောက် ပြန်တပ်ဆင်ခဲ့ဖူးသည်။ အပြင်ပန်းမှ ကြည့်ပါက မူလအတိုင်း ဘာမှမကွာခြားသော်လည်း အပိုပစ္စည်း အများအပြား ပိုထွက်လာခဲ့ဖူးသည်။

ကျွမ်းကျင်ပညာရှင်များဖြစ်လျှင်ပင် နည်းပညာကို လုံးဝနားလည်ထားခြင်း မရှိဘဲ ပုံစံကြမ်းလည်း မရှိသော လေယာဉ်တစ်စင်းကို ဖြုတ်ချပြီးနောက် တစ်ပုံစံတည်း ပြန်လည် တပ်ဆင်နိုင်မည်ဟု မည်သူမျှ အာမမခံနိုင်ပေ။

"မဖြစ်မနေ ဒီလိုလုပ်ရမှာလား"

"မန်နေဂျာဖုန်း ကျွန်တော်က တကယ်ပဲ ကိုယ်ကျိုးအတွက် လုပ်နေတာ မဟုတ်ပါဘူး။ ခင်ဗျား ကျွန်တော့် အသက်အရွယ်ကို ကြည့်ပါ။ ကျွန်တော်က ဒီနေရာမှာပဲ ရပ်တန့်သွားတော့မှာပါ။ ထပ်ပြီး ရာထူးတက်ဖို့ မရှိတော့ပါဘူး။ နာမည်ကျန်ရစ်မယ့် အခွင့်အရေးကလည်း ကျွန်တော်နဲ့ မဆိုင်ပါဘူး။ ဒါက အင်ဂျင်နီယာတွေရဲ့ ကိစ္စပါ။ ကျွန်တော်က တစ်ခုခု လုပ်ပေးချင်ရုံ သက်သက်ပါ။ ခင်ဗျားလည်း ကျွန်တော်တို့နိုင်ငံရဲ့ ကောင်းကင်ယံမှာ နိုင်ငံခြားသားတွေ တည်ဆောက်ထားတဲ့ လေယာဉ်တွေချည်းပဲ ပျံသန်းနေတာကို အမြဲတမ်း မြင်တွေ့ချင်မှာ မဟုတ်ပါဘူးနော်"

ဤစကားက ဖုန်းယွီ၏ စိတ်ကို လှုပ်ရှားသွားစေခဲ့ပြီး မော့ကြည့်လိုက်ရာ ယခင် ဆိုဗီယက်ထုတ်များနှင့် အမေရိက ထုတ်များမှလွဲ၍ အခြားမရှိခြင်းက တကယ်ပင် လူကို စိတ်အနှောင့်အယှက် ဖြစ်စေပေသည်။

ဖုန်းယွီက အံကြိတ်လိုက်ပြီး "ကောင်းပြီ မနက်ဖြန်ကျရင် လေယာဉ်ကို ခင်ဗျားတို့ သွားရောက် လွှဲပြောင်းယူကြပါ။ ဖြုတ်ချင်ရင်လည်း ဖြုတ်လိုက်ပါ။ ပြီးရင် မြန်မြန်ဆန်ဆန် ပြန်တပ်ဆင်ပေးဖို့တော့ အာမခံရမယ်နော်။ အော် ဒါနဲ့ ကျွန်တော့် ယောက်ဖရဲ့ လေကြောင်းကုမ္ပဏီ အတွက် စာရွက်စာတမ်း ကိစ္စတွေကိုတော့ ခင်ဗျားပဲ ကြည့်ရှင်းလိုက်တော့"

……

******

All Chapters