← Chapters

အခန်း ၁၅၁၀

Vol. 102 Ch. 1510

အခန်း ၁၅၁၀

Vol. 102 Ch. 1510

အခန်း ၁၅၁၀ ပန်းတိုင်က နံပါတ်တစ် (၈/၁၀)

ဤကိစ္စကို သဘောတူလိုက်ပြီးနောက် ဖုန်းယွီက ဟောက်ဟိုင်ထောင်း နှင့် ဌာနချုပ်မှူးနျိုတို့အား လေကြောင်းကုမ္ပဏီ ကိစ္စကို ဆက်လက် ဆွေးနွေးစေလိုက်သည်။ သူကမူ ဤနေရာတွင် ဆက်မနေချင်တော့ချေ၊ ရင်နာလွန်းသောကြောင့် ဖြစ်သည်။

ကိုယ်တိုင် အလွန်သဘောကျသော လေယာဉ်တစ်စင်း ဖြုတ်ချခံရတော့မည်ဆိုရာ မည်သူ့နေရာတွင်မဆို ဝမ်းနည်းမိမည်သာ ဖြစ်သည်။

ဤကိစ္စကို ညီလေးကီ မသိသေးချေ။ ဖုန်းယွီအား သူ လက်ဆောင်ပေးထားသော သမ္မတအဆင့် စီးတော်ယာဉ်ကြီး ဖြုတ်ချခံလိုက်ရသည်ကို သူသာ သိသွားပါက မည်သို့ တွေးမည်ကို မသိနိုင်တော့ပေ။

တိုက်တိုက်ဆိုင်ဆိုင်ပင် ဖူကွမ်းကျန့်နှင့် ဖူကွမ်းဝေတို့ မြို့တော်သို့ ရောက်ရှိနေကြရာ ဖုန်းယွီလည်း စိတ်ပြေလက်ပျောက် ဖြစ်စေရန် သူတို့ထံ သွားရောက်ခဲ့သည်။

"ဟူး… မတက်တော့ဘူး မတက်တော့ဘူး။ တက်လို့ မရတော့ဘူး" ဖူကွမ်းဝေသည် အိန္ဒြေကို ဂရုမစိုက်နိုင်တော့ဘဲ လှေကားထစ်ပေါ်သို့ ဖင်ထိုင်ချလိုက်ကာ တစ်ဖက်မှ အမောတကော အသက်ရှူရင်း လက်ကာပြလိုက်သည်။

"ဝေကျိုက်ရာ ငါက မင်းကို အပြစ်တင်ပြောဆိုနေတာ မဟုတ်ပါဘူး။ မင်းရဲ့ ကိုယ်ကာယ ကြံ့ခိုင်မှုက အရမ်းကို ညံ့လွန်းနေပြီ ကွမ်းကျန့်ကိုတောင် မမီပါလား" ဖုန်းယွီက အမောအပန်းခံနိုင်သော အေးဆေးတည်ငြိမ်သည့်ဟန်ဖြင့် ဆုံးမစကား ပြောဆိုလိုက်သည်။

သူသည် နေ့စဉ် အားလပ်ချိန်များတွင် ကိုယ်လက်လှုပ်ရှား အားကစား လုပ်ရသည်ကို သဘောကျသည်။ သူ၏ သက်တော်စောင့်များ အားလုံးမှာလည်း ကင်းထောက်တပ်မှ ထွက်လာသူများဖြစ်ကြရာ သူနှင့်အတူ လေ့ကျင့်ခန်း လုပ်ကြချိန်တွင် သူ့ကို မကြာခဏ အားကျစရာများ ဖြစ်စေခဲ့သည်။

သို့သော် ဖုန်းယွီက ထိုလူများနှင့် သွားရောက် ယှဉ်ပြိုင်ရန် မရည်ရွယ်ထားပေ။ ထိုလူများ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ သားရဲတိရစ္ဆာန်များနှင့်ပင် တူညီနေပေသည်။ သို့သော် သာမန်လူများနှင့် ယှဉ်မည်ဆိုပါက ဖုန်းယွီ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ အလွန်တရာ ကောင်းမွန်သည်ဟု ဆိုရပေမည်။

ထို့အပြင် ဖူကွမ်းဝေမှာ ယခုအချိန်ထိ အတည်တကျ ရည်းစား မရှိသေးဘဲ ကာမဂုဏ် အာရုံများနောက်သို့ လိုက်ပါပျော်ပါးနေသူဖြစ်ရာ ခန္ဓာကိုယ်မှာ လုံးဝပြိုလဲသွားပြီဟု မဆိုနိုင်သော်လည်း သေချာပေါက် အားနည်းနေမည်သာ ဖြစ်သည်။

"ဒီမဟာတံတိုင်းကလည်း ဘာမှစိတ်ဝင်စားစရာ မကောင်းပါဘူး။ မင်းက ဒါကို အပျော်ဆုံး မဟာတံတိုင်းလို့တောင် ပြောခဲ့သေးတယ်။ ဒီတံတိုင်းကြီးကလွဲလို့ ဘာရှိသေးလို့လဲ"

ဖူကွမ်းဝေသည် ဖုန်းယွီ၏ လှည့်စားခေါ်ဆောင်မှုကြောင့် မဟာတံတိုင်းသို့ လာရောက်တောင်တက်ခဲ့ရခြင်း ဖြစ်သည်။ သေချာပေါက် အကျော်ကြားဆုံးဖြစ်သော ပါတားလင်းမဟုတ်ဘဲ လူနည်းပါးပြီး အများပြည်သူကို တရားဝင် ဖွင့်လှစ်မပေးရသေးသော အခြားအပိုင်းတစ်ခုသို့ ဖြစ်သည်။

အကယ်၍ ဖူကွမ်းကျန့်သာ လျန်ယင်နှင့် လက်ထပ်ပြီးနောက် စိတ်တည်ငြိမ်မသွားခဲ့ပါက ဖူကွမ်းဝေလောက်ပင် စွမ်းဆောင်နိုင်မည် မဟုတ်ချေ။

"ဒါက ပြည်မကြီးကွ မင်းက ဟောင်ကောင်လို ပွင့်လင်းလွတ်လပ်တယ်လို့ ထင်နေတာလား။ မင်းက ပျော်ချင်ပါးချင်တယ်ဆိုရင် နောက်တစ်ခါ အမေရိက ဒါမှမဟုတ် ဂျပန်နိုင်ငံကို သွားပြီး ခါမီဒါ မာဆာအိုကို မင်းနဲ့အတူ လိုက်ခေါ်သွားခိုင်းလိုက်ပါ" ဖုန်းယွီက ခေါင်းခါပြလိုက်ကာ ဟောင်ကောင် ကောင်လေး ငါတို့ ပြည်မကြီးက မိန်းကလေးတွေကိုတော့ လာပြီး ဒုက္ခမပေးပါနဲ့ဟု တွေးလိုက်သည်။

"ဟာ ဒါဆို ငါက နောက်ပိုင်းကျရင် ဒီလိုနေရာမျိုးမှာပဲ နှစ်ရှည်လများ အလုပ်လုပ်ရတော့မှာလား" ဖူကွမ်းဝေမှာ မျက်နှာရှုံ့မဲ့သွားကာ ဘဝကို စိတ်ကုန်သွားသည့်ဟန်ဖြင့် ပြောလိုက်သည်။

သူသည် Taihua စူပါမားကတ်၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့ရာ CEO နေရာကိုမူ သဘာဝကျကျပင် လီမိသားစုက ရယူသွားခဲ့သည်။ ဖူမိသားစုမှာမူ ယခုအခါ အလွန်တရာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြပြီး ထိုစဉ်က ပြည်မကြီး၏ စက်မှုလုပ်ငန်းများအပေါ် အကောင်းမြင်ခဲ့ခြင်းမှာ တကယ်ပင် လမ်းကြောင်းမှား မရွေးချယ်ခဲ့မိကြောင်း တွေးနေကြသည်။

ဖူကွမ်းဝေ၏ ဖခင်က သူ့အား ဟောင်ကောင်ဘက်မှ မိသားစု ပိုင်ဆိုင်မှုများမှာ အနာဂတ်တွင် မင်းအပိုင် ဖြစ်လာမည်ဖြစ်သော်လည်း ယခု မင်းအတွက် အရေးအကြီးဆုံးမှာ ပြည်မကြီးရှိ ဤလုပ်ငန်းများကို အထူးသဖြင့် Taihuaစူပါမားကတ်ကို သေချာစွာ စောင့်ရှောက်ရန် ဖြစ်သည်ဟုပင် ပြောဆိုခဲ့သေးသည်။

Taihuaစူပါမားကတ် အုပ်စုသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့်ပင် နာမည်စာရင်း ဝင်နေပြီဖြစ်ကာ နေ့စဉ် ဖောက်သည် ဝင်ထွက်သွားလာမှု ပမာဏက Carrefour နှင့် Walmart တို့ကိုပင် အလွန်တရာ အားကျစေခဲ့သည်။ မတတ်နိုင်ပေ။ တရုတ်တွင် လူဦးရေ အလွန်များပြားနေသည် မဟုတ်ပါလော။

Taihuaစူပါမားကတ်သည် လွန်ခဲ့သော နှစ်အနည်းငယ်က ဘဏ်ချေးငွေများဖြင့် တိုးချဲ့ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ထိုစဉ်က ချေးငွေများမှာလည်း အကုန်နီးပါး ပြန်ဆပ်ပြီးသွားခဲ့ပြီ ဖြစ်သည်။ ၎င်းတို့သည် တတိယနှင့် စတုတ္ထအဆင့်ရှိ မြို့များသို့ စတင် ချဲ့ထွင်နေကြပြီဖြစ်ကာ ဧရာမ ကုန်တိုက်ကြီးများ ဖွင့်လှစ်ရန် မသင့်တော်ပါက အနည်းငယ် သေးငယ်သော ကုန်တိုက်များကို ဖွင့်လှစ်ပြီး အကယ်၍ အနည်းငယ် သေးငယ်သည်ကပင် မသင့်တော်သေးပါက သာမန် Taihuaစူပါမားကတ် တစ်ခုသာ ဖွင့်လှစ်လိုက်လေသည်။

ယခုအခါ တရုတ်ရှိ မြို့နေလူထုကို မေးကြည့်လိုက်ပါ။ Taihuaစူပါမားကတ်ကို မကြားဖူးသူဟူ၍ မည်သူ ရှိပါသနည်း။ ကျေးလက်နေ ပြည်သူ အများအပြားပင်လျှင် မြို့ထဲရှိ ထိုTaihuaစူပါမားကတ်သည် နေရာလည်းကျယ် ပစ္စည်းလည်း ဈေးသက်သာသဖြင့် အလွန်ကောင်းမွန်ကြောင်း သိရှိနေကြပေသည်။

ဤကဲ့သို့သော ကမ္ဘာ့ထိပ်တန်း လက်လီလုပ်ငန်းစုကြီး၏ ဥက္ကဋ္ဌ ဖြစ်လာခြင်းက သူ၏ဖခင်ဖြစ်သူ ဟောင်ကောင်တွင် အဆင့်အတန်း မြင့်မားလာစေရန်လည်း အထောက်အကူ ပြုနိုင်ပေသည်။

ဖူကွမ်းဝေ၏ မိသားစုပိုင် စူပါမားကတ်မှာ ဟောင်ကောင်သာမက အရှေ့တောင်အာရှတွင်ပါ အတော်လေး အခြေအနေ ကောင်းမွန်သော်လည်း Taihuaစူပါမားကတ် အုပ်စုနှင့် နှိုင်းယှဉ်ပါကမူ များစွာ ကွာခြားလှပေသည်။

ဤတစ်ကြိမ်တွင် ဖူကွမ်းဝေ အနေဖြင့် Taihuaစူပါမားကတ် အုပ်စု၏ ဥက္ကဋ္ဌ ဖြစ်လာနိုင်ခဲ့ခြင်းမှာ သူ၏ဖခင်ဖြစ်သူက အရေးကြီးသော ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်သောကြောင့် ဖြစ်သည်။ ယင်းမှာ ဖူမိသားစု၏ စူပါမားကတ် လုပ်ငန်းစုကို Taihuaစူပါမားကတ် အုပ်စု၏ လက်အောက်သို့ ပေါင်းစည်းလိုက်ခြင်းပင်ဖြစ်ရာ ဤသည်က Taihuaစူပါမားကတ် အုပ်စုအား ပြည်မကြီးမှနေ၍ အရှေ့တောင်အာရှအထိ တိုးချဲ့နိုင်ရန် ကူညီပေးလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။

ဤအချက်ကို အားကိုး၍ ဖူကွမ်းဝေ ၏ ရှယ်ယာ ပိုင်ဆိုင်မှုမှာလည်း မြင့်တက်လာခဲ့သလို Taihuaစူပါမားကတ်၏ အင်အားမှာလည်း ပိုမိုကြီးမားလာခဲ့ရာ လီမိသားစုမှာလည်း ဖူကွမ်းဝေ ထံမှ ဤဥက္ကဋ္ဌနေရာကို လုယူရန် မျက်နှာပူသွားခဲ့ရသည်။

မင်းတို့ လီမိသားစုက လုယူချင်တယ် ဆိုရင်လည်း ရတာပေါ့လေ… မင်းတို့ မိသားစုပိုင် Watsonsကို လက်အောက်ခံအဖြစ် ပေါင်းစည်းပေးလိုက်ပါလား။

ဖူကွမ်းဝေသည် ငယ်စဉ်ကတည်းက မြင်တွေ့ ကြားသိခဲ့ရသဖြင့် မူလကတည်းက စူပါမားကတ် လုပ်ငန်းများကို အတော်လေး ကျွမ်းကျင်ပေသည်။ ထို့အပြင် ဖခင်ဖြစ်သူကလည်း လူလွှတ်၍ ကူညီပေးကာ ကိုယ်တိုင်လည်း လမ်းညွှန်မှုများ ပေးခဲ့သဖြင့် ဖူကွမ်းဝေအနေဖြင့် ဤဥက္ကဋ္ဌ နေရာအတွက် အတော်လေး အရည်အချင်း ပြည့်မီသည်ဟု ဆိုရပေမည်။

Taihua စူပါမားကတ်၏ အရွယ်အစားမှာ စဉ်ဆက်မပြတ် ကြီးမားလာခဲ့ရာ ဖူကွမ်းဝေ၏ ကြိုးပမ်းအားထုတ်မှုကလည်း တကယ်ပင် မသေးငယ်လှချေ။

လီညီအစ်ကိုသည်လည်း ပြည်မကြီးသို့ မကြာခဏ လာရောက်တတ်သော်လည်း ယခုအခါတွင်မူ Taihuaစူပါမားကတ်၏ လည်ပတ်မှုတွင် ဝင်ရောက် စွက်ဖက်ခြင်း သိပ်မရှိတော့ချေ။ ၎င်းတို့သည် အာဏာနှင့် အကျိုးအမြတ်များကို လုယူခြင်းက မိမိတို့အတွက် မည်သည့် အကျိုးကျေးဇူးမျှ မရှိကြောင်းကို အလွန် ရှင်းလင်းစွာ သိထားကြသည်။

ထို့အပြင် လီမိသားစု၏ ကိုယ်ပိုင် လုပ်ငန်းများတွင်ပင် အလုပ်ရှုပ်စရာ ကိစ္စများစွာ ရှိနေသေးသည် မဟုတ်ပါလော။ လီဇီခိုင် တည်ထောင်ထားသော ထိုPCCW အုပ်စု တစ်ခုတည်းကပင် လီဇီခိုင်၏ အချိန်နှင့် ခွန်အား အများစုကို ဆွဲယူထားပြီး ဖြစ်သည်။

လီဇီကျွီမှာမူ မိမိတို့ မိသားစုပိုင် ကုမ္ပဏီတွင်သာ စိတ်အေးလက်အေး အလုပ်လုပ်နေပြီး အနာဂတ်တွင် လုပ်ငန်းများကို ဆက်ခံရန် ပြင်ဆင်နေသည်။ ယခုအခါ Hutchison Whampoa မှ ရှယ်ယာရှင်များ အားလုံးကလည်း သူ့အပေါ် အတော်လေး ကျေနပ်နေကြပြီဖြစ်ရာ အကယ်၍ တစ်နေ့နေ့တွင် လီဇီကျွီက ဥက္ကဋ္ဌ ဖြစ်လာခဲ့လျှင်ပင် သူတို့အနေဖြင့် သိပ်ပြီး အံ့သြနေမည် မဟုတ်ချေ။

ဟောင်ကောင်ရှိ ထိုမိသားစုကြီးများထဲမှ မည်သူကမျှ ဖူမိသားစုသည် ဤမျိုးဆက်တွင် အရည်အချင်းရှိသူ အများဆုံး ဖြစ်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြချေ။ ဖုရုံချီ၏ သားနှစ်ဦးမှာ အတော်လေး တော်ကြသည်ဟု ဆိုထားပါတော့ ဖူကွမ်းကျန့်နှင့်ဖူကွမ်းဝေ ဟူသော ကောင်လေး နှစ်ဦးမှာမူ ထိုစဉ်က သူတို့ထဲမှ မည်သူကမျှ သိပ်ပြီး အောင်မြင်ကြီးပွားလာလိမ့်မည်ဟု ထင်မထားခဲ့ကြသော်လည်း ယခုအခါ သူတို့ကို မဖြစ်မနေ အထင်ကြီးလေးစားစွာ ကြည့်လာရအောင် လုပ်ပြနိုင်ခဲ့ပေသည်။

အကယ်၍ ဖူကွမ်းဝေသည် မိသားစု၏ အရှိန်အဝါကို အတော်လေး အားကိုးခဲ့ရသည်ဟုဆိုလျှင် ဖူကွမ်းကျန့်ကမူ အများစုမှာ သူကိုယ်တိုင်၏ ကြိုးပမ်းအားထုတ်မှုအပေါ် မှီခိုခဲ့ရခြင်းဖြစ်ပြီး သို့မဟုတ် ကံကောင်းမှု အချို့လည်း ပါဝင်ပေလိမ့်မည်။

ဤကောင်စုတ်လေးက ဘယ်လိုလုပ် ဤမျှလောက် ကံကောင်းပြီး ဖုန်းယွီနှင့် သူငယ်ချင်း ဖြစ်သွားခဲ့ရသနည်း။ အကယ်၍ ဤသို့သာ မဟုတ်ခဲ့ပါက သူသည် ဘာကို အားကိုးပြီး ရင်းနှီးမြှုပ်နှံသမျှ လုပ်ငန်းတိုင်းကနေ အမြတ်အစွန်းတွေ ရရှိနေရုံသာမက အလွန်တရာ ကြီးမားသော အမြတ်အစွန်းများကိုပါ ရရှိနေရပါသနည်း။

ထို့အပြင် ဤကောင်လေးက ပါမောက္ခလျန်၏ သမီးကိုပါ အရယူနိုင်ခဲ့သေးသည်။ ပါမောက္ခလျန်ဆိုသည်မှာ သူတို့ အားလုံး အပြိုင်အဆိုင် ခေါ်ယူချင်နေကြသော ဘဏ္ဍာရေး ပညာရှင်ကြီးတစ်ဦးဖြစ်ရာ ဤတစ်ကြိမ်တွင်မူ သူတို့ ယှဉ်ပြိုင်၍ မရနိုင်တော့ချေ။ တစ်ဖက်လူက သူ၏ကိုယ်ပိုင် သမက်ကို မကူညီဘဲ နေပါမည်လော။

ဤကောင်လေး နှစ်ဦး၏ အောင်မြင်ထွန်းပေါက်လာမှုကို အားကိုး၍ ဖူမိသားစုသည် ထိုစဉ်က ဟောင်ကောင်၏ နံပါတ်တစ် မိသားစုကြီးဟူသော ခေတ်ကောင်းသို့ တိတ်တဆိတ် ပြန်လည်ရောက်ရှိသွားခဲ့ပြီး ယခုအခါ ဖူမိသားစုသည် ဟောင်ကောင်တွင် လီမိသားစုနှင့်ပင် ရင်ပေါင်တန်းနိုင်နေပြီ ဖြစ်သည်။

ဟောင်ကောင်ရှိ သူဌေးကြီး အများအပြားမှာ ၎င်းတို့၏ မိသားစု စီးပွားရေး လုပ်ငန်းများကို မည်သူ့ထံ လက်ဆင့်ကမ်း ပေးအပ်ရမည်နည်းဟု ညည်းတွားနေကြသည်။ မိသားစုလုပ်ငန်းကို ဆက်လက် ကြီးပွားတိုးတက်အောင် လုပ်ဆောင်နိုင်ရန် မတောင်းဆိုလျှင်ပင် လုံးဝပျက်စီးသွားအောင်တော့ မလုပ်သင့်ပေဘူး မဟုတ်ပါလော။

မိသားစုကြီးများမှာ လူအင်အား တောင့်တင်းပြီး စည်ကားသိုက်မြိုက်သည်ဟု ထင်ရသော်လည်း ပဋိပက္ခများလည်း များပြားလှပေသည်။ အချင်းချင်း အကောက်ကြံ တိုက်ခိုက်သူများရှိသည်။ မည်သည့် ပညာရပ်ကိုမျှ သင်ယူမထားဘဲ လက်ဖြန့်၍ ငွေတောင်းသုံးရန်သာ သိသူများ ရှိသည်။ ရည်မှန်းချက်သာ ကြီးမားနေပြီး အရည်အချင်း မရှိသူများ ရှိသည်။ သို့သော် ကြိုးကြိုးစားစားနှင့် နှိမ့်ချစွာ သင်ယူလိုစိတ်ရှိကာ အရည်အချင်း ထူးချွန်သူမျိုးကိုမူ အဘယ်ကြောင့် မတွေ့ရပါသနည်း။

သူတို့ သုံးဦးမှာ လှေကားထစ်ပေါ်တွင် ထိုင်၍ စကားပြောဆိုနေကြရာ မည်သူက မြင်တွေ့စေကာမူ ဤသူများမှာ သူဌေးကြီးသုံးဦး ဖြစ်နေပြီး ထိုအထဲမှ တစ်ဦးမှာ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်နေမည်ဟု ထင်မှတ်ထားနိုင်မည် မဟုတ်ချေ။

"ဖုန်း…အစ်ကို ပြောကြည့် ကျွန်တော်တို့ရဲ့ Taihuaစူပါမားကတ်က တစ်နေ့နေ့ကျရင် ကမ္ဘာ့အကြီးဆုံး စူပါမားကတ် ဖြစ်လာနိုင်မလား" ဖူကွမ်းဝေက ကောင်းကင်ကို မော့ကြည့်လိုက်ကာ ထိုနေ့ရက်ကို တမ်းတမျှော်လင့်နေသည့်ဟန်ဖြင့် မေးလိုက်သည်။

"ဘာဖြစ်လို့ မဖြစ်နိုင်ရမှာလဲ။ ငါတို့မှာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အမြန်ဆန်ဆုံး ဖွံ့ဖြိုးတိုးတက်နေတဲ့ ဈေးကွက် ရှိတယ်။ ပြီးတော့ အခုဆို အရှေ့တောင်အာရှ တစ်ခုလုံးဆီကိုပါ ချဲ့ထွင်နေပြီ။ ဥရောပနဲ့ အမေရိကဘက်မှာ စူပါမားကတ် လုပ်ငန်းက ပိုပြီးဖွံ့ဖြိုးတိုးတက်တာ မှန်ပေမယ့် ယှဉ်ပြိုင်ဘက် အရမ်းများလွန်းတာကလည်း သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကန့်သတ်ထားတယ်လေ"

"ကျွန်တော်တို့ကရော ဘယ်လိုလဲ။ ကျွန်တော်တို့နဲ့ ယှဉ်ပြိုင်နိုင်တဲ့ စူပါမားကတ် အုပ်စုဆိုတာ မရှိဘူးလေ။ သူတို့ရဲ့ အရွယ်အစားက ကျွန်တော်တို့ရဲ့ ဆယ်ပုံတစ်ပုံကိုတောင် မမီကြဘူး။ ကျွန်တော်တို့က အခုချိန်ထိ အလျင်အမြန် ချဲ့ထွင်နေဆဲ ကာလမှာပဲ ရှိနေသေးတယ်။ အခုလို ချဲ့ထွင်နေတဲ့ အမြန်နှုန်းမျိုးနဲ့တောင် စာရင်းဇယားမှာ အမြတ်ပြနေသေးတယ် ဆိုကတည်းက ကျွန်တော်တို့မှာ ကမ္ဘာ့နံပါတ်တစ် ဖြစ်လာနိုင်တဲ့ အလားအလာ ရှိတယ်ဆိုတာကို လုံလောက်စွာ သက်သေပြနေပြီပဲ"

"ငါ ယုံကြည်တယ်။ ဆယ်နှစ်တောင် အချိန်ယူစရာ မလိုဘဲ မင်းက ကမ္ဘာ့အကြီးဆုံး စူပါမားကတ် အုပ်စုကြီးရဲ့ ဥက္ကဋ္ဌ ဖြစ်လာတော့မှာပါ"

ဖူကွမ်းဝေ၏ မျက်လုံးများမှာ ပိုပိုပြီး တောက်ပလာခဲ့ကာ မျက်နှာပေါ်ရှိ ယုံကြည်မှုအပြည့်ရှိသော အမူအရာများမှာလည်း ပိုပိုပြီး နက်ရှိုင်းလာခဲ့လေတော့သည်။

******

All Chapters