အခန်း ၁၁၁
Vol. 12 Ch. 111
အခန်း (၁၁၁) တကယ့်စောက်ရူးဆိုတာ..
ချမ်းအေးလှသော ဆောင်းတွင်း၏ လတစ်လပင်… မိုးမလင်းတလင်း အစောပိုင်းအချိန်ဖြစ်ပြီး လေထုသည် အေးခဲနေကာ… နှင်းပွင့်ကြီးများသည် မြေပြင်တစ်ခုလုံး ဖြူဖွေးသွားအောင် အထပ်ထပ် အလိပ်လိပ် သိပ်သည်းစွာ ကျဆင်းနေသည်။
ယနေ့သည် တနင်္ဂနွေနေ့ ဖြစ်၏။ယခုကဲ့သို့ ရာသီဥတုမျိုးတွင် အိမ်ထဲ၌သာ အနွေးထည်လေးခြုံပြီး အောင်းနေရခြင်းသည် အကောင်းဆုံးပင်။ ‘တနင်္ဂနွေနေ့ကြီးပဲဟာ... ဒီလောက်အေးတဲ့နေ့မှာ စောစောထလို့ ဘာထူးမှာလဲ’ ဟု တွေးစရာ ရှိသော်လည်း ယနေ့မှာ ထူးခြားနေသည်။ အလွန်အေးစိမ့်နေသော်လည်း အိမ်တိုင်းအိမ်တိုင်းတွင် မီးများ စောစောစီးစီး လင်းထိန်နေကြ၏။
ဩော်... အဒေါ်ကြီးမေ့တို့အိမ်ကတော့ လျှပ်စစ်မီးဖိုး ချွေတာချင်လို့ မှောင်မည်းနေတုန်းပါပဲ…
ချန်ချင်းယွီတစ်ယောက် အိပ်ရာထဲတွင် ခွေလိပ်နေရင်းနှင့် မပီမသ ညည်းညူလိုက်သည်။
“ဘာလို့ ဒီလောက်တောင် စောစောထနေရတာလဲ အမေရဲ့...”
အဘွားကြီးကျောက် : “ဒီနေ့ ဟောက်ဖုန်းရဲ့ မင်္ဂလာဆောင်လေအေ၊ ငါသွားကြည့်ပေးမလို့”
ချန်ချင်းယွီမှာမူ အိပ်ရာထဲမှ လုံးဝမထချင်သေးသဖြင့် စိတ်ပျက်လက်ပျက် ရေရွတ်မိ၏။
“သူ့မင်္ဂလာဆောင်လည်း ဒီလောက်ကြီး စောစောထစရာ မလိုပါဘူး… သတို့သမီးကလည်း အခုလို အစောကြီး ရောက်လာမှာမှ မဟုတ်တာကို”
ဤကဲ့သို့ နှင်းတဖွေးဖွေးနှင့် အေးခဲနေသော ဆောင်းတွင်းကြီးတွင် အိပ်ရာထဲမှ ထွက်ရခြင်းမှာ တကယ့်ကို မချိမဆံ့ ဝေဒနာတစ်ရပ်ပင် မဟုတ်လော့။
သို့သော်လည်း အဘွားကြီးကျောက်သည်ကား တက်ကြွလွန်းနေသည်။
“သတို့သမီးက ဒီလောက်စောစော မလာတာ မှန်ပေမဲ့ မနက်ခင်းမှာ လုပ်စရာကိုင်စရာတွေက အများကြီးရှိတယ်လေ… ငါ သွားကြည့်လိုက်ဦးမယ်၊ သူတို့ ဒီမနက် ဟင်းချက်စရာတွေ ဝယ်ကြမှာ”
“သဘောပဲ…”
ချန်ချင်းယွီ ခပ်ပေါ့ပေါ့ ပြန်ပြောလိုက်သည်။ သူသည်ကား လုံးဝ ထဦးမည်မဟုတ်ပေ။
သူမသည် စောင်ပုံထဲတွင် ဆက်လက် ခွေလိပ်နေရင်း
“အမေ... မီးဖိုလေးကို တစ်ချက်လောက် ပြင်ပေးပါဦး။ အခန်းထဲမှာ ချမ်းလာပြီ”
အဘွားကြီးကျောက်သည်လည်း ချက်ချင်းပင် သဘောတူ လိုက်လျော၏။
ဤဆောင်းရာသီသည် ချန်ချင်းယွီအတွက် ယခုကမ္ဘာသစ်သို့ ရောက်ရှိလာပြီးနောက်ပိုင်း ပထမဦးဆုံး ရင်ဆိုင်ရသည့် ဆောင်းတွင်းဖြစ်သည်။ ခေတ်သစ်ကမ္ဘာမှ အဲယားကွန်းများ၊ အိမ်တွင်းအပူပေးစနစ်များနှင့် ယှဉ်လျှင် ယခုခေတ်တွင် အိမ်တိုင်း မီးဖိုကိုသာ အားကိုးနေရဆဲ ဖြစ်၏။ ချန်ချင်းယွီအဖို့ ဤအတွေ့အကြုံမှာ အသစ်အဆန်းဖြစ်ပြီး ယခုလိုခေတ်ကာလများ၏ ဆင်းရဲပင်ပန်းမှုကို နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရသည်။
၎င်းတို့မှာ အပူငွေ့ရရန် ကျောက်မီးသွေးမီးဖိုများကိုသာ မှီခိုနေရပြီး ညဘက်တွင် မီးပိတ်ဆို့ပိတ်လှောင်ထားလျှင် နောက်တစ်နေ့မနက် စောစောစီးစီး ပြန်လည်ရှင်းလင်း ပြာချရသည်။ သို့မှသာ အခန်းထဲတွင် လုံလောက်သော အပူငွေ့ကို ရရှိမည်ဖြစ်၏။
ထို့အပြင် ဆောင်းတွင်းရောက်တိုင်း မီးဖိုကြောင့် ကာဗွန်မိုနောက်ဆိုက် အဆိပ်သင့်သည့် ဖြစ်ရပ်များမှာလည်း မကြာခဏ ရှိတတ်သည်။
ချန်ချင်းယွီတို့ မိသားစုမှာ ယင်းကိစ္စကို အထူးဂရုစိုက်ကြ၏။ ချန်ချင်းယွီကိုယ်တိုင်သည်လည်း မိမိအသက်ကို အလွန်နှမြောသူ ဖြစ်သည်။ တနင်္ဂနွေနေ့ ဖြစ်သည့်အပြင် နှင်းများလည်း ထူထူထဲထဲ ကျနေသဖြင့် ပုံမှန်ဆိုလျှင် နေဖင်ထိုးသည်အထိ ဇိမ်ဆွဲအိပ်တတ်သော်လည်း ယနေ့တွင်မူ မတတ်နိုင်တော့ပေ။
အပြင်ဘက်တွင်မူ လူတို့၏ စကားပြောသံများ၊ လှုပ်ရှားသံများနှင့် ဆူညံပွက်လောရိုက်နေပြီ ဖြစ်သည်။ လူတိုင်း အဘွားကြီးကျောက်ကဲ့သို့ပင် အလုပ်လုပ်နိုင်ကြပြီး အထူးသဖြင့် သူတစ်ပါး မင်္ဂလာဆောင်ကိစ္စတွင် ပို၍ စိတ်လှုပ်ရှားကာ ပျော်ရွှင်နေကြပုံရသည်။
ချန်ချင်းယွီသည် အိပ်ရာထဲတွင် ခေတ္တမျှ ဆက်လှဲနေသော်လည်း ဆူညံသံများကြောင့် လုံးဝအိပ်မပျော်နိုင်တော့သဖြင့် မျက်နှာကို လက်နှင့်ပွတ်သပ်ကာ ထိုင်ချလိုက်ပြီး အဝတ်အစားများ စတင်ဝတ်ဆင်လိုက်၏။ ဂွမ်းကပ်အင်္ကျီအထူ၊ ဂွမ်းကပ်ဘောင်းဘီရှည်နှင့် ခြေအိတ်အထူကြီးများကို အထပ်ထပ် ဝတ်ဆင်လိုက်ရသည်။
“ဟူး... ချမ်းလိုက်တာ...”
သူမ အိပ်ရာကထပြီး မိမိကိုယ်တိုင်အတွက် မုယောစပါးနို့မှုန့်တစ်ခွက် ဖျော်သောက်လိုက်သည်။
‘ဟူး… ဘာမှမဟုတ်တဲ့ ဒီနို့မှုန့်က ဘယ်တုန်းကတည်းက ဒီလောက်တောင် သောက်လို့ကောင်းတဲ့အရာ ဖြစ်သွားရတာလဲ… ဆင်းရဲလိုက်တာ… အရာအားလုံးက ဆင်းရဲလွန်းလို့ပဲ’
နို့ပူပူလေး သောက်လိုက်ရသဖြင့် ကိုယ်ခန္ဓာတစ်ခုလုံး သိသိသာသာ နွေးထွေးသွားကာ အပြင်ခန်းသို့ ထွက်လာခဲ့သည်။ အဘွားကြီးကျောက်မှာ အပြင်ဘက်မှ ပွဲလမ်းသဘင်ကို သွားရောက်ငေးမောနေဆဲ ဖြစ်၏။ ချန်ချင်းယွီ ဖက်ထုပ်စွပ်ပြုတ် ချက်ရန် ဆုံးဖြတ်လိုက်ပြီးနောက် ပြင်ဆင်ကာ ဂျင်းများကို အားကြိုးမာန်တက် စဉ်းလိုက်သည်။
ယခုကဲ့သို့ အေးစိမ့်သော ရာသီဥတုတွင် စွပ်ပြုတ်ထဲ ဂျင်းလေးနည်းနည်း ထည့်လိုက်ခြင်းမှာ ကိုယ်ခန္ဓာကို အများကြီး အထောက်အကူပြု၏။
အပြင်မှပြန်လာသော အဘွားကြီးကျောက်မှာ
“နင်... ဘာလို့ ထလာတာလဲ”
ချန်ချင်းယွီ : “အပြင်မှာ ဒီလောက်တောင် စည်ကားနေတာလေ... ကျွန်မ ထလာတာ ပုံမှန်ပဲ မဟုတ်ဘူးလား”
“အေး... အဲဒါလည်း ဟုတ်တာပါပဲ။”
ချန်ချင်းယွီ ဆက်ပြီးမေးမြနမးလိုက်၏။
“အမေ... မင်္ဂလာဆောင်အတွက် လက်ဖွဲ့ငွေ ဘယ်လောက်ပေးဖို့ စဉ်းစားထားလဲ”
အဘွားကြီးကျောက် : “တစ်မောက် (၁၀ ပြား)”
ချန်ချင်းယွီ မျက်ခုံးတစ်ဖက် ပင့်
တက်သွားပြီး ရယ်မောကာ
“အို... ဟုတ်ပြီ... ကျွန်မကတော့ အမေ ငါးပြားပဲ ပေးမယ် အောက်မေ့နေတာ”
ထိုအခါ အဘွားကြီးကျောက်သည် နှမြောတသဖြစ်နေသော မျက်နှာထားဖြင့် သက်ပြင်းချလေသည်။
“နင်နဲ့ ကျန့်ဝမ် မင်္ဂလာဆောင်တုန်းကလည်း သူတို့က ၁၀ ပြားပဲ လာဖွဲ့တာလေ၊ အခုတော့ ငါလည်း အဲဒီအတိုင်း ပြန်ပေးရမှာပေါ့။ ဟူး...”
ချန်ချင်းယွီ တခစ်ခစ်နှင့် ရယ်မောနေမိ၏။
အဘွားကြီးကျောက် : “ကဲ... ငါ မီးမွှေးလိုက်ဦးမယ်၊ နင် သွားမျက်နှာသစ်ချင် သစ်လိုက်လေ”
“ကောင်းပြီ”
ချန်ချင်းယွီ ပျော်ပျော်ရွှင်ရွှင် တုံ့ပြန်လိုက်သည်။
ယခုကဲ့သို့ အေးခဲနေသည့် ရာသီဥတုမျိုးတွင် ချန်ချင်းယွီတစ်ယောက် ရေအေးကို လုံးဝမထိရဲပေ။ ယခင် လက်များ နှင်းကိုက်ဖူးသည့်ဒဏ်ကြောင့် ရာသီဥတုအေးလာလျှင် လက်ဖျားများ အနည်းငယ် ယားယံတတ်၏။
ကံကောင်းသည်မှာ သူမကိုယ်တိုင် နွေးနွေးထွေးထွေးရှိအောင် အထူးဂရုစိုက်သောကြောင့် ရောဂါပြန်မထခြင်း ဖြစ်သည်။
ချန်ချင်းယွီ သတိထားမိသလောက်ဆိုလျှင် ၎င်းတို့နေထိုင်ရာ ဝင်းကြီးတစ်ခုလုံးရှိ လူအတော်များများတွင် နှင်းကိုက်နာများ ဖြစ်နေကြ၏။ အပြင်ထွက် အလုပ်လုပ်ကြရင်း၊ တစ်ခါတရံ ရေအေးများကို ကိုင်တွယ်ကြရင်းနှင့် မဖြစ်မနေ ကိစ္စများကြောင့် ဤရောဂါသည် ရှောင်လွှဲရခက်ပုံရသည်။
သို့သော် ချန်ချင်းယွီမှာ ထိုသူများကဲ့သို့ မဟုတ်ပေ။ အပြင်ထွက်တိုင်း၊ အလုပ်လုပ်တိုင်း လက်အိတ်ကို အမြဲဝတ်ဆင်၏။ သူမ ခံယူချက်မှာ…
‘ကိုယ့်ကိုယ်ကိုယ်မှ မမြတ်နိုးရင် သူတစ်ပါးက ကိုယ့်ကိုမြတ်နိုးလိမ့်မယ်လို့ ဘယ်လိုလုပ် မျှော်လင့်လို့ရမှာလဲ’
ချန်ချင်းယွီ : “အမေ... နံနံပင်လေးပါ နည်းနည်းဆွတ်ပြီး ထည့်လိုက်ဦးနော်”
အဘွားကြီးကျောက်က “အေးအေး... ရတယ်...”
ပြီးခဲ့သည့် နွေဦးရာသီ၌ ပန်းအိုးများထဲတွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးကြစဉ်က မည်သူမျှ သိပ်ပြီး သတိမထားမိခဲ့ကြချေ။ ယခု ဆောင်းတွင်းသို့ ရောက်လာသောအခါမှသာ ယင်း၏ အကျိုးကျေးဇူးကို လူတိုင်း အထင်အရှား မြင်တွေ့ကြရတော့သည်။ ချန်ချင်းယွီ စိုက်ပျိုးထားသည့် ပန်းအိုးကြီး ရှစ်အိုးအနက် လေးအိုးတွင် နံနံပင်များ၊ ကျန်လေးအိုးတွင် ငရုတ်သီးစိမ်းလေးများ ဖြစ်ထွန်းနေ၏။
၎င်းတို့အားလုံးက အလွန်အသုံးတည့်လှသည်။
မူလက တံခါးဝတွင် ထားရှိသော်လည်း ယခုအခါ အပြင်ခန်းထဲသို့ ပြောင်းရွှေ့ထားရ၏။ ဟင်းချက်သည့်အခါ လိုသလောက်လေး ဆွတ်ယူထည့်ရုံဖြင့် ဟင်းခတ်အမွှေးအကြိုင် အရသာကို အဆမတန် တိုးမြင့်စေသည်။ အခန်းတွင်း အပူချိန်သည် အပြင်ဘက်နှင့် ကွာခြားသောကြောင့် ပန်းအိုးထဲရှိ အသီးအနှံများမှာ လတ်ဆတ်ကျန်းမာစွာ ရှိနေကြ၏။ ဆောင်းတွင်း၌ ဟင်းသီးဟင်းရွက် စိမ်းစိမ်းလန်းလန်းများမှာ အလွန်စျေးကြီးပြီး ဟင်းခတ်နံနံပင်ဆိုလျှင်လည်း စျေးမပေါ့ပေ။ ထို့ကြောင့် ဝင်းထဲမှ ‘အစ်မကြီးဖန်’ ကဲ့သို့သော လူအချို့မှာ အလွန်အားကျပြီး အမြတ်ထုတ်ချင်သဖြင့် စကားနာထိုးကာ အရိပ်အမြွက် တောင်းဆိုဖူးကြသည်။ သို့သော် မြည်းစမ်းဖို့ စကားဦးပင် သမ်းခွင့်မရရှာပေ။ အစ်မကြီးဖန်တစ်ယောက် လာရောက်စကားကမ်းလှမ်းစဉ် အဘွားကြီးကျောက်မှာ တံခါးဝတင် ပိတ်ဆို့ပြီး ပက်ပက်စက်စက် မောင်းထုတ်ပစ်ခဲ့ဖူး၏။
ငါတို့ဆီကနေ အလကားလာနှိုက်ချင်တာလား... ဝေးသေးတယ်...
နွေရာသီတုန်းကတောင် အဖျား ငှက်အနား မခံခဲ့တာ... အခုလို အဘက်ဘက်က ရှားပါးငတ်မွတ်နေတဲ့ ဆောင်းတွင်းကြီးမှာတော့ လာပြီး အမြတ်ထုတ်ဖို့ လုံးဝမကြံစည်နဲ့…
“ဩော်... ကျွန်မ စွပ်ပြုတ်ထဲ ကြက်ဥထည့်ဖို့ မေ့သွားတယ်၊ နှစ်လုံးလောက် ခေါက်ထည့်လိုက်ပါဦး”
“အေးအေး... ထည့်လိုက်မယ်”
ပြောရင်းဖြင့် မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်သွားတော့သည်။
အဘွားကြီးကျောက်မှာ တစ်ဖက်တွင် အလုပ်ရှုပ်နေရင်း ပါးစပ်သည်လည်း မနားတမ်း ပွစိပွစိ ပြောနေလေ၏။
“ဒီလူတွေထဲမှာ ဟောက်ဖုန်း ပထမဆုံး အိမ်ထောင်ပြုတာကိုတော့ ငါ မအံ့ဩပါဘူး… တကယ် အံ့ဩဖို့ကောင်းတာက သူက ကွမ်ထင်းထင်းနဲ့ လက်ထပ်လိုက်တာပဲ၊ တကယ့်ကို မယုံနိုင်စရာပဲအေ… တစ်ယောက်နဲ့တစ်ယောက် ကြိုက်ကြတာလည်း မဟုတ်ဘဲနဲ့ အခုလို ယူလိုက်တော့ ဘာတွေ ဆက်လုပ်ကြမလဲ မသိဘူး”
သူတို့နှစ်ယောက် ကြင်ဖက်တွေ့စဉ် သဟဇာတဖြစ်ခဲ့ပုံကို ကြည့်ပြီး ယုံမိလျှင် မှားမည်သာ… နောက်ပိုင်းတွင် အခြေအနေများ ပြောင်းလဲသွားခဲ့သည်။
ကွမ်ထင်းထင်းမှ ‘ဒါလိုချင်တယ်၊ ဟိုဟာလိုချင်တယ်’ စပြီး တောင်းဆိုသည်နှင့် ယွမ်ဟောက်ဖုန်းတစ်ယောက် စိတ်မချမ်းမသာ ဖြစ်လာခဲ့၏။
သူတို့နှစ်ယောက် မည်သို့သော အကြောင်းကြောင့် ပြန်အဆင်ပြေသွားကြသည်ကို သေချာမသိသော်လည်း သူတို့အချင်းချင်း အဆင်မပြေဖြစ်နေကြသည်ကို ဝင်းထဲရှိလူတိုင်း သိကြသည်။
ထိုအခြေအနေကို ချန်ချင်းယွီတစ်ယောက်တည်း မြင်ခဲ့သည်မဟုတ်၊ အခြားသူများလည်း မြင်ခဲ့ကြ၏။ ရက်ပိုင်းအတွင်းမှာတင် သူတို့နှစ်ယောက် ရန်ဖြစ်နေကြသည်ကို ဝင်းထဲမှလူတော်တော်များများ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်။ သူတို့နှစ်ယောက်သည် ဆုံမိသည်နှင့် ချက်ချင်း ရန်ပွဲစနိုင်သည့်ပုံစံမျိုး ဖြစ်နေ၏။
အဘွားကြီးကျောက် : “ငါတော့ ဒီလိုမောင်နှံမျိုး တစ်ခါမှမမြင်ဖူးဘူး”
သူ့သားနှင့်ချွေးမတုန်းကဆိုလျှင်... အင်း... ထိုစဉ် ချွေးမဖြစ်သူကို သူမ သဘောမကျခဲ့သော်လည်း သူတို့နှစ်ယောက်မှာ အချစ်ကြောင့် လက်ထပ်ခဲ့ကြသည်ကို သူမ ဝန်ခံရမည်ဖြစ်သည်။ အချင်းချင်း ကြည့်လိုက်သည့် အကြည့်များမှအစ ကွာခြားလွန်း၏။
အခု ဒီနှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက် အကြည့်နဲ့တင် သတ်ဖြတ်တော့မယ့်အတိုင်းပဲ… ဘုရားရေ…
ကြည့်ရသည်မှာ ပေါက်ကွဲလုနီးပါး ရန်ပွဲအရှိန်အဝါများဖြင့် ပြည့်နှက်နေသကဲ့သို့ ရှိသည်။
အဘွားကြီးကျောက် : “ဩော်... ဒါနဲ့၊ ဟောက်ရွှယ် အမြဲတမ်းဝန်ထမ်း ဖြစ်သွားတဲ့အကြောင်း နင် ငါ့ကို ပြောဖူးတယ်မလား၊ မှတ်မိသေးလား”
ချန်ချင်းယွီ : “မှတ်မိတာပေါ့၊ ကိစ္စက ပြီးသွားပြီလား”
“ပြီးပြီလေ၊ ငါ့မှာ အတွင်းသတင်းရှိတယ်၊ သူ အလုပ်ရသွားပြီ… တနင်္လာနေ့၊ မနက်ဖြန်ကျရင် သူ ရပ်ကွက်ရုံးနဲ့ စက်ရုံကိုသွားပြီး အလုပ်ခန့်အပ်တဲ့ တရားဝင်လုပ်ထုံးလုပ်နည်းတွေ သွားလုပ်ရတော့မယ်… သိတဲ့အတိုင်း ယွမ်ဟောက်ရွှယ်က တော်တော်လေး အရည်အချင်းရှိတယ်လေ၊ အဆက်အသွယ်ရှိတဲ့သူတွေ ဒီလောက်အများကြီးထဲမှာ သူက ပထမဆုံး အမြဲတမ်းဝန်ထမ်း ဖြစ်သွားတာ”
ချန်ချင်းယွီ ပြုံးလိုက်ကာ
“သူ့မှာ အစ်ကိုကောင်းတစ်ယောက် ရှိလို့နေမှာပေါ့...”
“ဟယ်... နင်က ဟောက်ဖုန်းကြောင့်နဲ့ပဲ သူ အမြဲတမ်းဝန်ထမ်း ဖြစ်သွားတယ်လို့ ပြောချင်တာလား”
ချန်ချင်းယွီ : “ဒေါ်လေးမေ့ ဆိုလိုတာကလည်း အဲဒီအဓိပ္ပာယ်ပဲလို့ ကျွန်မထင်တယ်”
အဘွားကြီးကျောက် သက်ပြင်းချရင်း
“အခုခေတ်မှာ ယောက်ျားတွေက ဘာလို့ ဒီလောက်တောင် တန်ဖိုးတက်နေရတာလဲ၊ ငါ တကယ်ကို နားမလည်နိုင်တော့ဘူး… ဘာလို့ ယောက်ျားကောင်းတွေ ဒီလောက်တောင် ရှားပါးနေရတာလဲမသိ… ပြည်သူ့သမ္မတနိုင်ငံ မတည်ထောင်ခင်တုန်းကဆိုရင် အဲဒီပြည့်တန်ဆာအိမ်က ယောက်ျားတွေက တန်ဖိုးရှိတာ မဟုတ်ဘူး… ဒါပေမဲ့ အခုကြည့်ဦး၊ အခုကျတော့ တကယ့်ကို ရှားပါးပစ္စည်းဖြစ်လို့ တန်ဖိုးတွေ မိုးပျံနေလိုက်တာ၊ ကွမ်ထင်းထင်းကတော့ သူပဲ အမြတ်ရလိုက်တယ်လို့ ထင်နေတာ၊ တကယ်တော့ သူ့ယောက်ျားက တစ်ဖက်က လုံးဝအရည်အသွေး အမြတ်ထုတ်ခံထားရတာ မသိရှာဘူး”
ချန်ချင်းယွီမှာမူ ယွမ်ဟောက်ဖုန်းနှင့် ကွမ်ထင်းထင်းတို့၏ အိမ်ထောင်ရေးတွင် တစ်ခုခုလွဲမှားနေသည်ဟု အမြဲခံစားခဲ့ရသဖြင့်
“ဒါက ပြောရခက်ပါတယ်၊ သူတို့နှစ်ယောက်ကြားထဲ ဘာတွေဖြစ်နေလဲ ဘယ်သူသိမှာလဲ.. စောင့်ကြည့်ကြသေးတာပေါ့”
“အေး... အဲဒါလည်း ဟုတ်တာပါပဲ”
“ကျွန်မ ကလေးတွေကိုနှိုးပြီး ထမင်းစားခိုင်းလိုက်ဦးမယ်”
“အေးအေး”
ကလေးနှစ်ယောက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေစဉ် ပါးပြင်ပေါ်၌ ယားကျိကျိ ခံစားချက်ကြောင့် နိုးလာကြသည်။
ရှောင်ယွမ် မျက်လုံးဖွင့်ကြည့်လိုက်သောအခါ သူမ၏မိခင်သည် ပါးပြင်ကို ခိုးနမ်းနေသည်ကို မြင်လိုက်ရသဖြင့် “မေမေ~” ဟု ချွဲနွဲ့သောအသံလေးဖြင့် ခေါ်လိုက်၏။
ချန်ချင်းယွီ : “ထတော့၊ ထမင်းစားမယ်... ဒီနေ့ အလယ်ဝင်းက ဦးလေးယွမ် မင်္ဂလာဆောင်တယ်လေ…အစောကြီးထပြီး သွားမကြည့်ချင်ဘူးလား”
“ကြည့်ချင်တယ်...”
ကောင်မလေး၏ မျက်လုံးများ ချက်ချင်း တောက်ပသွားပြီး လူးလဲထိုင်လိုက်တော့သည်။
သူမမှာ သူမ၏အစ်ကိုကိုလည်း “ကိုကို ~~ ထတော့” ဟု လှမ်းဆွဲရန် မမေ့ပေ။
အိပ်ချင်မူးတူးနှင့် နိုးလာသော ခွေးပေါက်လေး ရှောင်ကျားမှာမူ စကားကို သဲသဲကွဲကွဲ မပြောနိုင်သေးပေ။
“ဟင်း~”
“ပွဲသွားကြည့်မယ်လေ...”
“ဩော်... ဩော်...”
ဤမျှလောက် သေးငယ်လှသော အကောင်ပေါက် ကလေးနှစ်ဦးမှာပွဲကြည့်ချင်မှန်း သိနေရှာ၏။
ကလေးငယ်နှစ်ယောက် ထိုင်လိုက်ပြီး အဝတ်အစားများကို ကိုယ်တိုင် ဝတ်ဆင်ကြသည်။
ချန်ချင်းယွီ : “မေမေ ရေနွေးယူပေးမယ်… မျက်နှာသစ်ပြီးရင် ဘေဘီခရင်မ်ကို ကိုယ့်ဘာသာကိုယ် လိမ်းကြနော်”
“ဟုတ်ကဲ့...”
ဆောင်းတွင်းအေးအေးတွင် ရာသီဥတုဒဏ်ကြောင့် ပါးပြင်များ နီမြန်းကာ အသားပတ်နေတတ်သည့် အခြားကလေးများနှင့် ယှဉ်လျှင် ရှောင်ကျား နှင့် ရှောင်ယွမ်တို့မှာ ဖြူစင်သန့်ရှင်းနေကြသည်။ နွေရာသီ၌ မိခင်နှင့်အတူ ငါးဖမ်းထွက်ရင်း နေလောင်ထားသမျှ အမည်းကွက်များမှာလည်း ကွယ်ပျောက်သွားခဲ့ပြီး ယခုအခါ ကလေးငယ်များမှာ ဖြူဝင်းနုနယ်နေကြပြီ ဖြစ်၏။
ချန်ချင်းယွီ : “လက်ကလေးတွေကိုလည်း စင်ကြယ်အောင် သုတ်ဦးနော်၊ အပြင်ထွက်ကစားရင် လက်အိတ်ဝတ်ဖို့ မမေ့နဲ့ဦး”
“သိပါတယ်မေမေ”
အဘွားကြီးကျောက် : “အခုခေတ်မှာတော့ ဒီလို ရှေးရိုးကိစ္စတွေကို ပေါ်ပေါ်ထင်ထင် လုပ်ခွင့်မရှိတော့ဘူး… တော်လှန်ရေး ရဲဘော်ရဲဘက်ချင်း သံယောဇဉ် တည်ဆောက်ကြတာပဲ ရှိတော့တယ်၊ ရှေးခေတ်တုန်းကဆိုရင် မင်္ဂလာဆောင်ရင် ကုတင်ပေါ် တက်နင်းပေးရတဲ့ ကောင်လေး (မင်္ဂလာကုတင်နင်းသည့် ဓလေ့) ရှိရတယ်လေ… ငါတို့ ကလေးတွေက အမြွှာမောင်နှမဆိုတော့ အဲဒီလိုကိစ္စမျိုးတွေ သေချာပေါက် ကြုံရမှာ၊ စာအိတ်နီ (မုန့်ဖိုး) လည်း ရမှာပဲ…အခုတော့ အဲဒါတွေ မလုပ်ကြတော့တာ နှမြောစရာပဲအေ”
ချန်ချင်းယွီ ရယ်မောလိုက်ကာ
“ကျွန်မကပဲ အမေရမယ့် စာအိတ်နီကို ကြားကဖြတ်ပိတ်လိုက်သလို ဖြစ်သွားတာလား”
“တကယ်တော့ အဲဒါတွေက အယူအဆအဟောင်းတွေ ဆိုပေမဲ့ ငါကတော့ ကောင်းတယ်လို့ပဲ မြင်တာပဲ။ မင်္ဂလာဆောင်ဆိုတာ စည်စည်ကားကားနဲ့ ပျော်စရာကောင်းတာပေါ့”
ချန်ချင်းယွီ တခစ်ခစ် ရယ်မောလိုက်သည်။
သူမသည် အပူပေးထားသော အုတ်ခုတင်ပေါ်သို့ သွားကာ စောင်များကို ခေါက်လိုက်၏။ မနက်စာ အဆင်သင့်ဖြစ်ပြီးနောက် အိမ်တွင်းကို သပ်သပ်ရပ်ရပ် ရှင်းလင်းလိုက်သည်။ အိမ်ကျဉ်းသဖြင့် မိသားစုတစ်ခုလုံး ခုတင်ပေါ်၌ပင် စုထိုင်ကာ မနက်စာ စားကြရ၏။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာပန်းကန်လုံးကြီးတစ်လုံးစီ ကိုင်ကာ မြိန်ရေရှက်ရေ စားသောက်နေကြသည်။
“မေမေ... သတို့သမီးက အလှဆုံးပဲလားဟင်”
ချန်ချင်းယွီ : “မေမေလည်း မသိသေးဘူးကွယ်။ သတို့သမီး ရောက်လာတဲ့အခါကျရင် သားတို့ သမီးတို့ ကိုယ်တိုင်ပဲ ကြည့်ကြပေါ့”
“မေမေ... မင်္ဂလာဆောင်မှာ သကြားလုံးတွေ ဝေမှာလားဟင်”
“ဝေမှာပေါ့... သူတို့ သကြားလုံးတွေ ဝယ်ထားတာ မေမေ မြင်သားပဲ”
သူမ ကလေးများကို ပြုံး၍ ပြန်ဖြေလိုက်လေ၏။
အော်... အကြောင်းစုံကို ပြန်ပြောရလျှင် ချန်ချင်းယွီတစ်ယောက် ယွမ်ဟောက်ဖုန်းတို့အိမ်၏ မင်္ဂလာရေးကိစ္စကို တစ်ခုခုလွဲမှားနေသည်ဟု ခံစားရခြင်းမှာ အခြားကြောင့်မဟုတ်ပေ။ ထိုအိမ်သည် မင်္ဂလာဆောင်အတွက် အရာရာကို အလွန် လျင်လျင်မြန်မြန်နှင့် ပြည့်ပြည့်စုံစုံ ပြင်ဆင်နိုင်ခဲ့သောကြောင့် ဖြစ်သည်။ ယွမ်ရှောင်ချွေ အိမ်မှထွက်သွားစဉ် အိမ်ရှိ ပစ္စည်းပစ္စယ တော်တော်များများကို သယ်ဆောင်သွားခဲ့သဖြင့် ၎င်းတို့မှာ အစအဆုံး တစ်ခုချင်း ပြန်လည်ဝယ်ယူဖြည့်တင်းရမည်ကို လူတိုင်းသိကြ၏။
ဤသည်မှာ ပိုက်ဆံရှိခြင်း၊ မရှိခြင်း ပြဿနာတင်မကဘဲ အဓိကမှာ…ပစ္စည်းဝယ်ယူခွင့်လက်မှတ် မရှိခြင်းပင်။
ထို့အပြင် ယွမ်ဟောက်ဖုန်းတို့အိမ်သည် ချန်ချင်းယွီတို့အိမ်ကိုလည်း လစဉ်ကြွေးမြီအချို့ ပြန်ဆပ်နေရသေးသည်။
သို့သော် ယခုကဲ့သို့ အခြေအနေမျိုးတွင်ပင် သုံးလေးလအတွင်း၌ မင်္ဂလာပစ္စည်း အဝတ်အထည်မှစ၍ အရာရာကို အစုံအလင် ဖြည့်တင်းနိုင်ခဲ့ကြ၏။ ကျောက်ရုံကိုယ်တိုင် ပြောပြချက်အရမူ ၎င်းတို့အိမ်သည် ယွမ်ရှောင်ချွေကြောင့် သူတစ်ပါးထံမှ ပစ္စည်းလက်မှတ်များကို လှည့်ပတ်ချေးငှားထားပြီး တဖြည်းဖြည်းချင်း ပြန်ဆပ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။
သို့ဆိုလျှင် မေးစရာမေးခွန်းတစ်ခု ရှိလာပြီဖြစ်၏။
အခု မင်္ဂလာဆောင်ဖို့ ဝယ်လိုက်တဲ့ ပစ္စည်းတွေအတွက် လက်မှတ်တွေကကော... လေထဲကနေ လွင့်ကျလာတာလား...
ဘာပဲဖြစ်ဖြစ် ချန်ချင်းယွီကတော့ဒီကိစ္စက လုံးဝမရိုးသားဘူးလို့ ခံစားနေတယ်…
‘နေစမ်းဦး... ယွမ်ဟောက်ဖုန်းက မိန်းမဆီကနေ အချောင်နှိုက်တာ တကယ်ပဲ ဒီလောက်တောင် အများကြီး ရနိုင်လို့လား... အဲဒီရှန့်ရှန့်ဆိုတဲ့ မိန်းမကို ကြည့်ရတာလည်း အချစ်ကြောင့် မျက်စိကန်းနေတဲ့ ပုံစံမျိုး မဟုတ်ပါဘူး… ပေးချင်ရင်တောင် ဘာလို့ ဒီလောက်အများကြီး ပေးရမှာလဲ...’
တွေးလို့မရ၊ စဉ်းစားလို့ လုံးဝမတတ်နိုင်တော့ဘူး…
သာမန်အရပ်သူအရပ်သားများ အိမ်ထောင်ပြုကြလျှင် အစီအစဉ်ကို အလျင်စလို မလုပ်ကြခြင်းမှာ မင်္ဂလာပစ္စည်း မစုံလင်သေးခြင်းကြောင့်လည်း ပါဝင်၏။ ပစ္စည်းဝယ်ယူခွင့် လက်မှတ်များကို တဖြည်းဖြည်းချင်း စုဆောင်းရပြီး အိမ်နီးနားချင်းများထံမှ လှည့်ပတ်လဲလှယ်လျှင်ပင် အချိန်အတိုင်းအတာတစ်ခုအထိ စုရသဖြင့် မင်္ဂလာရက်ကို အလောတကြီး မသတ်မှတ်ကြပေ။
သို့သော် ယွမ်ဟောက်ဖုန်းတို့အိမ်မှာမူတကယ့်ကို အလျင်စလို ဖြစ်နေကြသည်။
“မေမေ... ဘာတွေ တွေးနေတာလဲဟင်”
“မေမေက ဒီနေ့မနက်စာစားရင်း နေ့လယ်ကျရင် ဘာဟင်းတွေ ပါမလဲလို့ တွေးနေတာပါ”
ချန်ချင်းယွီ လွှတ်ခနဲ ပြန်ပြောလိုက်၏။
“အသားဟင်း သေချာပေါက် ပါမှာပဲနော်”
“ငါးဟင်းလည်း ပါမှာ သေချာတယ်”
“ငါးဟင်းကတော့ ရိုးနေတာပါပဲနော်...”
သူတို့အိမ်တွင် ငါးကို မကြာခဏ စားရသဖြင့် ကလေးငယ်နှစ်ဦးစလုံး ငါးဟင်းကို အလွန်ထူးဆန်း အဖိုးတန်သည့်အရာဟု မထင်ကြတော့ပေ။ အသက် သုံးနှစ်ကျော် အရွယ်သာ ရှိသေးသော်လည်း ငါးကို ခဏခဏ စားဖူးကြသဖြင့် ကလေးနှစ်ယောက်စလုံး ငါးအရိုးကို သေချာနွှင်တတ်နေကြပြီ ဖြစ်သည်။
၎င်းတို့မှာ ချန်ချင်းယွီကို လုံးဝစိတ်မပူစေရကာ တူလေးများဖြင့် အရိုးများကို စင်ကြယ်အောင် ဖယ်ရှားပြီးမှသာ ပါးစပ်ထဲသို့ စနစ်တကျ ထည့်လေ့ရှိကြ၏။
အဘွားကြီးကျောက် : “ဟယ်... တော်တော်လေး တတ်နိုင်နေကြပါလား၊ ငါးဟင်းက ရိုးရိုးပဲ ဟုတ်လား... နင်တို့ အပြင်ထွက်ပြီး စုံစမ်းကြည့်လိုက်ဦး၊ ငါးဆိုတာ အလွန်ကောင်းတဲ့ အရာဟဲ့၊ စျေးလည်း မပေါဘူး… နင်တို့အမေက ငါးမျှားတာ တော်လို့သာ ငါတို့အိမ်က အများကြီး စားရတာ၊ မဟုတ်ရင် ဒီလိုအခွင့်အရေးမျိုး ဘယ်ရှိမလဲ၊ ဒီအတိုင်း လစာလေးနဲ့တင် ငါးဟင်းကို မကြာခဏ စားချင်တယ်ဆိုရင်တော့ အိပ်မက်မက်နေလိုက်တာပဲ ကောင်းတယ်”
ကလေးနှစ်ယောက်စလုံး
မျက်နှာလေးများ ပင့်ကာ သဘောကျစွာ ရယ်မောလိုက်ကြ၏။
ချန်ချင်းယွီ : “မေမေ တော်တယ်မလား”
“တော်တယ်...”
ကလေးများ ပြိုင်တူ အော်ကြသည်။
မိသားစုတစ်ခုလုံး မနက်စာကို လျင်လျင်မြန်မြန် စားသောက်ပြီးနောက် ကလေးငယ်များမှာ မင်္ဂလာပွဲသို့ ပထမဦးဆုံးအကြိမ် တက်ရောက်ဖူးခြင်းဖြစ်၍ စိတ်လှုပ်ရှားစွာဖြင့် အပြင်ဘက်သို့ ခုန်ပေါက်ပြေးထွက်သွားကြတော့၏။
“ကျွန်မ အပြင်ထွက်ပြီး အိမ်သာ ခဏသွားလိုက်ဦးမယ်”
ချန်ချင်းယွီ ဆိုကာ လက်ကလေးပိုက်လျက် အပြင်သို့ ထွက်လာခဲ့သည်။
သူမ ရှေ့ဝင်းသို့ ရောက်လာသောအခါ လင်စန်းရှင်းသည် တံခါးဝတွင် ရပ်လျက် ဝင်းကြီးအတွင်းသို့ အလိုမကျသော မျက်လုံးများဖြင့် ငေးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။ ဤနေရာမှနေ၍ အလယ်ဝင်းကို လုံးဝမမြင်ရသော်လည်း လင်စန်းရှင်းမှာမူအတွင်းဘက်သို့ စူးစိုက်ကြည့်ရင်း ပူဆွေးသောကရောက်နေသော မျက်နှာထား ဖြစ်နေရှာသည်။
ချန်ချင်းယွီ ပုခုံးကို တစ်ချက်တွန့်လိုက်ပြီး သာမန်အတိုင်း နှုတ်ဆက်လိုက်သည်။
“စားပြီးပြီလား ဒေါ်လေး”
ယခုခေတ်တွင် လူချင်းဆုံလျှင် ဤစကားစုဖြင့်သာ နှုတ်ဆက်လေ့ရှိကြ၏။
ထိုအခါမှ လင်စန်းရှင်း လှည့်ကြည့်လာပြီး မပြယ်နိုင်သော သောကအပြည့်ဖြင့် ညည်းတွားရှာသည်။
“ငါ့မှာ ဘယ်လိုလုပ်ပြီး စားဝင်နိုင်မှာလဲ”
ချန်ချင်းယွီ: “...ဩော်။”
သူမသည် လူကို ချော့မော့နှစ်သိမ့်ရာတွင် အလွန်ညံ့ဖျင်းသူ ဖြစ်၏။
‘ဒီလိုအခြေအနေမျိုးကို ငါက ဘယ်လိုလုပ်ပြီး နှစ်သိမ့်ရမှာလဲ’
‘ကိုယ်သဘောကျနေတဲ့ သမက်လောင်းက အခြားသူနဲ့ လက်ထပ်သွားပေမဲ့လည်း ရှေ့ကိုပဲ ဆက်ကြည့်ရမှာပေါ့၊ နောက်တစ်ယောက်က ဒီထက် ပိုကောင်းလာမှာပါလို့ ပြောလိုက်ရမလား’
အင်း … အဲ့လိုပြောပြန်ရင်လည်း ရန်စသလို ဖြစ်မသွားပေဘူးလား...
ထို့ကြောင့် ချန်ချင်းယွီ
ဘာမှဆက်မပြောတော့ကာ သွက်သွက်လက်လက်ပင် အပြင်သို့ ထွက်လာခဲ့၏။
လင်စန်းရှင်းမှာ တစ်ချက်ပြီးတစ်ချက် သက်ပြင်းချနေဆဲ ဖြစ်သည်။ ယွမ်တို့မိသားစု၏ မင်္ဂလာပွဲ စီစဉ်ပုံမှာ အဘယ်ကြောင့် ဤမျှ မြန်ဆန်နေရသည်ကို သူမ လုံးဝနားမလည်နိုင် ဖြစ်နေရ၏။
ဟောက်ဖုန်းလို လူရည်မွန်ကောင်လေးက ဘာဖြစ်လို့ ဒီလိုဒင်္ဂါးမျက်စိပေါက်နေတဲ့ (ငွေမက်တဲ့) မိန်းမမျိုးကိုမှ ရွေးချယ်လိုက်ရတာလဲ…ကျောက်ရုံကလည်း ထက်မြက်တဲ့ အသွင်အပြင်ရှိပြီး ဘာလို့ ဒီလောက်တောင် အူတူတူနိုင်ရတတာလဲ….
လင်မယားယူလျှင် အကျင့်စာရိတ္တကောင်းမွန်မှုကို ကြည့်ရမည်ဟူသော အချက်ကို သူမ အဘယ်ကြောင့် နားမလည်ရသနည်း။
ကွမ်ထင်းထင်း ဆိုတဲ့မိန်းမက အလုပ်တစ်ခုရှိတာကလွဲရင် ဘယ်နေရာက သာလို့လဲ။
မိမိတို့အိမ်ရှိ လင်းလင်းကို တစ်ဝက်တောင် မမီပေ။
လင်စန်းရှင်းတစ်ယောက် တကယ်ကို ရင်ထုမနာ ဖြစ်နေရသည်။ ဤရက်ပိုင်းအတွင်း ထမင်းပင် စားမဝင်နိုင် ဖြစ်နေကာ တစ်ခုခုလုပ်ရန် ကြံစည်ပြန်လျှင်လည်း မဝံ့မရဲ ဖြစ်နေပြီး၊ လက်လွှတ်လိုက်ရန်ဆိုသည်မှာလည်း ယွမ်ဟောက်ဖုန်းထက် သာလွန်ကောင်းမွန်သောသူကို ရှာတွေ့ရန် ခက်ခဲလိမ့်မည်ဟု ခံစားနေရ၏။ ဤသို့ဖြင့် သားအမိနှစ်ယောက်စလုံး ပစ်ရမှာလည်း အဆီတဝင်းဝင်း စားရမှာလည်း သဲတရှပ်ရှပ် ဆိုသကဲ့သို့ စိတ်ဒုက္ခရောက်နေကြခြင်း ဖြစ်သည်။
ချန်ချင်းယွီမှာ လင်စန်းရှင်း၏ အပြုအမူကို တကယ့်ကို လက်မြှောက်ထားရ၏။
သူမ အိမ်သာသွားရင်း စိတ်ထဲတွင် ရေရွတ်မိသည်မှာ လင်စန်းရှင်း၏ သနားစဖွယ် ပူဆွေးနေသော ပုံစံသည် မသိလျှင် ကွမ်ထင်းထင်းမှ လီချန်ရွှမ်းကို လုယူသွားသည့်အတိုင်းပင် ဖြစ်နေလေသည်။
တကယ့်ကို ဒုက္ခရှာနိုင်လွန်းတာပဲ…
ချန်ချင်းယွီကိုယ်တိုင် အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း ဤကိစ္စတွင်မူ ယွမ်ဟောက်ဖုန်းတွင် အပြစ်ရှိသည်ဟု မထင်ပေ။ ဝင်းတစ်ခုတည်းတွင် အတူနေထိုင်ကြသဖြင့် အခြေအနေအရပ်ရပ်ကို အထင်အရှား မြင်တွေ့နေရသည်။ ယွမ်ဟောက်ဖုန်းသည် လုံးဝသန့်ရှင်းစင်ကြယ်သော လူတစ်ယောက် မဟုတ်သော်ငြား… လီလင်းလင်းနှင့် ပတ်သက်သည့် ကိစ္စတွင်မူ တကယ်ပင် အဖြူထည်သက်သက် ဖြစ်၏။ သူသည် လီလင်းလင်းအပေါ် ဘာသံယောဇဉ်မျှ မရှိခဲ့ကာ၊ လူတိုင်းကို လိုက်လံဂရုစိုက်တတ်သည့် လူမျိုးလည်း မဟုတ်ပေ။ လီလင်းလင်းနှင့် ဆုံတွေ့ဖူးသမျှမှာ လမ်းတွင်တွေ့၍ နှုတ်ဆက်ရုံသာ ရှိပြီး ပုံမှန်အားဖြင့် မည်သည့်ဆက်ဆံရေးမျှ မရှိခဲ့ပေ။ သို့ပါလျက်နှင့် လီလင်းလင်းတို့ သားအမိသည် သူတစ်ပါး မင်္ဂလာဆောင်သည့်နေ့တွင် မိမိတို့သာ အစွန့်ပစ်ခံလိုက်ရသကဲ့သို့ ပူဆွေးသောကရောက်ပြနေခြင်းမှာ တကယ့်ကို လူမြင်မတော်စရာ ကောင်းလှသည်။
ချန်ချင်းယွီ ခေါင်းကို ခါယမ်းလိုက်မိ၏။
‘ဒါကြောင့်မို့လည်း ငါက လင်စန်းရှင်းလို စရိုက်မျိုးနဲ့ အဆင်မပြေတာနေမှာ၊ တကယ့်ကို ရင်မဆိုင်နိုင်စရာပဲ’
သူတို့လုပ်နေပုံတွေက တကယ့်ကို အဓိပ္ပာယ်မရှိဘူး… ဘယ်လိုခေါင်းစဉ်တပ်ရမှန်းကို မသိတော့ဘူး…
ချန်ချင်းယွီတစ်ယောက် စိတ်ထဲမှ တိတ်တဆိတ် သရော်ပြီးနောက် အိမ်သာအထွက်တွင် စက်ဘီးအနည်းငယ် စီးနှင်လာသည့်သူများနှင့် ကွက်တိတိုးတော့သည်။ ၎င်းတို့မှာ မီးရထားဌာန၏ ယူနီဖောင်းများကို ဝတ်ဆင်ထားကြသဖြင့် ယွမ်ဟောက်ဖုန်းထံသို့ လာရောက်ကာ သတို့သမီးကြိုဆိုပွဲတွင် လိုက်ပါကူညီကြမည့်သူများ ဖြစ်ပုံရ၏။ ယခုခေတ်ကာလတွင် လုပ်ငန်းခွင်ဝတ်စုံ (ယူနီဖောင်း) သည် အကောင်းဆုံး အလှဆင်ဝတ်စုံပင် ဖြစ်နေသည်။
အလုပ်သမားလူတန်းစားသည် အပြောင်မြောက်ဆုံး ဖြစ်၏။
သို့သော် ယနေ့ကျဆင်းနေသော နှင်းများမှာ ပို၍ပင် ထူထပ်လာပြီး လေလည်း တိုက်ခတ်လာသဖြင့် ဆံပင်များပင် လေထဲ၌ လွင့်ပျံနေသည်။
ထိုလူအုပ်စုသည် မမျှော်လင့်ဘဲ လှည့်ကြည့်လိုက်ရာ ချန်ချင်းယွီကို လှမ်းမြင်သွားပြီး အံ့ဩလွန်း၍ အသက်ရှူပင် မှားမတတ် ဖြစ်သွားကြ၏။
“အမလေး... တကယ့်ကို လှလွန်းလိုက်တာဗျာ”
“ဟုတ်ပဗျာ... အင်း... တကယ့်ကို အလှကြီး လှတာပါပဲ”
“မင်းက လူပျိုပဲဟာ... ပြန်ကျရင် ယွမ်ဟောက်ဖုန်းကို ဒီမိန်းကလေးအကြောင်း လှမ်းမေးကြည့်ပါလား”
“အဆင်ပြေနိုင်တယ်လို့ ငါထင်တယ်”
၎င်းတို့သည် အချင်းချင်း တိုးတိုးတိတ်တိတ် တီးတိုးပြောဆိုရင်း ဝင်းကြီးထဲသို့ လျင်မြန်စွာ ဝင်သွားကြသည်။
ချန်ချင်းယွီလည်း ဝင်းကြီးထဲသို့ ပြန်ဝင်လာရာ ရှောင်ကျားမှာ “မေမေ...” ဟု လှမ်းခေါ်၏။
ချန်ချင်းယွီ : “ဘာဖြစ်တာလဲ”
ခွမ်း...~~ ဒါကတော့ နှလုံးသား ကြေကွဲသွားတဲ့ အသံပါပဲ…
စောစောပိုင်းတွင် တီးတိုးရေရွတ်နေကြသော လူပျိုများမှာ ယခုအခါတွင်မူ နှလုံးသားများ တစ်စစီ ကြေကွဲသွားကြရှာသည်။
‘တကယ်ပါပဲလား... လှတဲ့လူတွေက အိမ်ထောင်စောကြတယ်’ ဆိုတာ…
ရှောင်ကျား စိတ်လှုပ်ရှားစွာဖြင့်
“မေမေ... မမနာ့နာ ပြောတယ်၊ မင်္ဂလာဆောင်ရင် ဓာတ်ပုံရိုက်ကြတယ်ဆို၊ ဟုတ်လားဟင်”
ချန်ချင်းယွီ : “ဟုတ်တာပေါ့၊ သားတို့ သမီးတို့လည်း ဓာတ်ပုံရိုက်ချင်လို့လား... ရိုက်ချင်ရင် မေမေ မနက်ဖြန် သားတို့ သမီးတို့ကို ခေါ်ပြီး ဓာတ်ပုံသွားရိုက်ပေးမယ်လေ”
“ရိုက်ချင်တယ်...”
ပြတ်ပြတ်သားသား အဖြေထွက်လာ၏။
ဒီလိုကိစ္စမျိုးကို ဘယ်သူက မလိုချင်ဘဲ နေပါမလဲနော်…
ချန်ချင်းယွီ ရယ်မော၍ ဆိုလေသည်။
“ဒါဆိုရင် မနက်ဖြန် သွားကြတာပေါ့”
“ဟုတ်ကဲ့...”
ကလေးများ ဝမ်းသာအားရ ပြန်တုံ့ပြန်ကြ၏။
ချန်ချင်းယွီသည် အိမ်သို့ ချက်ချင်းမပြန်သေးဘဲ အားလုံးနှင့်အတူ ပွဲလမ်းသဘင်ကို ငေးမောရန် လိုက်ပါလာခဲ့သည်။ ယွမ်ဟောက်ဖုန်း၏ မင်္ဂလာပွဲတွင် စားပွဲဝိုင်း ဆယ်ဝိုင်း ပြင်ဆင်ထား၏။ ယခုခေတ် အခြေအနေအရဆိုလျှင် ဤမျှပမာဏသည် အတော်လေး ခမ်းနားကြီးကျယ်သည်ဟု ဆိုရမည်။ ပုံမှန်အားဖြင့် မင်္ဂလာဆောင်လျှင် ဤသို့အများကြီး မလုပ်ကြပေ၊ အရာရာကို အကျဉ်းချုံးလုပ်ဆောင်ရန်သာ ခေတ်စားနေသည့် ခေတ်ဖြစ်၍ ပုံကြီးချဲသည်မှာ ရှားပါး၏။
သို့သော် ယွမ်တို့မိသားစုတွင်လည်း အခက်အခဲ ရှိသည်။ ၎င်းတို့၏ ဝင်းကြီးထဲတွင် လူဦးရေသည် အလွန်များပြားသဖြင့် လူမှုရေးအရ ထည့်မတွက်ဘဲ နေ၍မရပေ။
အကယ်၍ အိမ်တိုင်းကို လိုက်လံအကြောင်းကြားပြီး ‘တစ်အိမ်ကို တစ်ယောက်ပဲ လာပါ’ ဟု ကန့်သတ်လျှင်လည်း ၎င်းတို့မျက်နှာ ပျက်ရလိမ့်မည်…
ထို့အပြင် ယွမ်ဟောက်ဖုန်းကိုယ်တိုင်၌လည်း လုပ်ဖော်ကိုင်ဖက် အလုပ်သမားများ ရှိသေးပြီး၊ ကျောက်ရုံနှင့် ယွမ်ဟောက်မင်တို့တွင်လည်း လုပ်ဖော်ကိုင်ဖက်များနှင့် အတန်းဖော်အချို့ ရှိသေးသဖြင့် အားလုံးကို ထည့်သွင်းတွက်ချက်ရ၏။ ထို့ကြောင့် ဆယ်ဝိုင်းဆိုသည်မှာပင် တကယ့်ကို အကျပ်အတည်း ဖြစ်နေရှာသည်။ အမှန်အတိုင်း ပြောရလျှင် သာမန်လူများသည် မင်္ဂလာဆောင်လျှင် နွေရာသီကိုသာ ရွေးချယ်လေ့ရှိကြ၏။
ဘာကြောင့်လဲဆိုတော့... အစစအရာရာ ပေါများတော့ အဆင်ပြေလို့ပေါ့…
နွေရာသီဆိုလျှင် ဝင်းကြီးထဲ၌ ဖြန့်ခင်းပြီး ကျွေးမွေးလိုက်ရုံဖြင့် အရာရာ အဆင်ပြေချောမွေ့သွားသည်။
သို့သော် ဆောင်းတွင်း၌မူ ထိုသို့လုပ်၍ မရပေ။
ထမင်းပင် မစားရသေးခင် လူကော ဟင်းပါ ခဲသွားနိုင်ခြေ ရှိ၏။
၎င်းတို့ ဆောင်းတွင်း၌ မင်္ဂလာဆောင်ရန် ဆုံးဖြတ်ထားကြသဖြင့် မင်္ဂလာစားပွဲဝိုင်းများကို သူတစ်ပါးအိမ်များတွင် ခွဲဝေချထားရတော့သည်။ ယွမ်တို့မိသားစုကိုယ်တိုင်မှာ နှစ်ဝိုင်းစာ နေရာယူထားပြီး ကျန်ဝိုင်းများကိုမူ အိမ်နီးနားချင်းများ၏ နေရာကို အသုံးချရ၏။ ဥပမာ ‘မာကျန့်ယီ’ နှင့် ‘ရွှီကောင်းမင်’ တို့၏ အိမ်များတွင် နှစ်ဝိုင်းစီ ခွဲဝေချထားသည်။
စတုတ္ထဝင်းရှိ ‘ဝမ်တာ့ချွေ’၊ ရှေ့ဝင်းမှ ‘ဝမ်ကျန့်ကော်’ နှင့် အခြားအိမ်အချို့လည်း နေရာချေးငှါးပေးခဲ့ရ၏။
၎င်းတို့၏ နေအိမ်များမှာ အနည်းငယ် ပိုကျယ်ဝန်းကြသောကြောင့်ပင်… ချန်ချင်းယွီတို့အိမ်ကဲ့သို့ သိပ်မကျယ်သော အိမ်မျိုးကိုမူ မငှါးကြပေ။ အမှန်တကယ်၌ ဝမ်တာ့ချွေ၏ အိမ်မှာ သိပ်မကျယ်လှသော်လည်း သူသည် လူပျိုကြီးတစ်ဦးတည်း နေထိုင်သဖြင့် အိမ်ထဲတွင် နေရာလွတ်ကာ အဆင်ပြေနေခြင်း ဖြစ်သည်။
ယခုအချိန်တွင် ရွှီကောင်းမင်တို့အိမ်၌ မီးဖိုများ စတင်အပူပေးနေပြီ ဖြစ်၏။ ဆယ်ဝိုင်းစာ ချက်ပြုတ်ရမည်ဖြစ်ပြီး ဆောင်းရာသီတွင် ဟင်းလျာများ အေးစက်သွားမည်ကို စိုးရိမ်သဖြင့် မီးဖိုသုံးခုကို တစ်ပြိုင်နက် အသုံးပြုနေကြသည်။ အဘွားကြီးကျောက်သည်လည်း နေရာယူထားပြီးဖြစ်ပြီး
“ဒီနေ့ အဓိကဟင်းက ဘာလဲဟေ့”
“ဒီနေ့ ငါးကော၊ အသားကော၊ ကြက်ဥကော ပါတယ်မလား”
“သကြားလုံးတွေကော ပြင်ထားပြီလား”
“ဆီကြော်ဟင်းတွေ ပါသေးလား”
တကယ့်ကို အားမနားတမ်း မေးမြန်းစုံစမ်းနေ၏။
အစ်မကြီးဖန် မေးမြန်းသည့်
အချက်မှာ အခြားအရာ ဖြစ်သည်။
“ဒီနေ့ စားပွဲမှာ အရာရှိကြီးတွေ လာမှာလား”
“ကျောက်ရုံရဲ့ အတန်းဖော်တွေ ဘာတွေ လာကြမလားဟင်.. သူ့အတန်းဖော်အချို့က တော်တော်လေး နေရာရနေကြတယ်လို့ ငါကြားဖူးတယ်၊ သူတို့ မင်္ဂလာပွဲလာမှာလား”
“သတို့သမီးရဲ့ ခယ်အိုက တော်လှန်ရေးကော်မတီရဲ့ ဒုတိယဥက္ကဋ္ဌမလား… ဒီတစ်ခေါက် လာမှာလားဟင်… ဒါဆို စက်ရုံကကော ဘယ်သူတွေ လာကြမလဲ”
အစ်မကြီးဖန်မှာ အခွင့်အာဏာရှိပြီး အရည်အချင်းရှိသော လူကြီးလူကောင်းများ လာရောက်ရန်သာ မျှော်လင့်နေရှာသည်။ သို့မှသာ အဆက်အသွယ်ရှာပြီး ကျေးလက်ဘက်တွင် ဆင်းရဲပင်ပန်းစွာ လုပ်ကိုင်နေရသော မိမိသားဖြစ်သူကို ပြန်ခေါ်နိုင်မည် မဟုတ်လော့။ သားဖြစ်သူ ကျေးလက်ဘက်တွင် အလွန်ဆင်းရဲဒုက္ခရောက်နေရသည်ကို တွေးမိတိုင်း သူမ နှလုံးသားတစ်ခုလုံး ကြေကွဲမတတ် ခံစားရသဖြင့် မည်သည့်အခွင့်အရေးကိုမဆို ဆုပ်ကိုင်ရန် အားခဲထားခြင်း ဖြစ်၏။
ရှီကျန့်ရှန်း : “ဟဲ့... ညည်းမေးနေတဲ့အချက်တွေကို ငါက ဘယ်လိုလုပ် သိမှာလဲ… ညည်း ကျောက်ရုံကိုပဲ သွားမေးပါလား၊ နေဦး... မမေးနဲ့ဦး၊ ကျောက်ရုံက ဒီနေ့ သတို့သားအမေဖြစ်လို့ အလွန်အလုပ်ရှုပ်နေတာ… ဘာပဲဖြစ်ဖြစ် ခဏနေ လူတွေရောက်လာရင် ညည်းသိရမှာပဲ”
“ညည်းတို့အိမ်က အဘိုးကြီးရွှီကော”
ရှီကျန့်ရှန်း ဂုဏ်ယူဝင့်ကြွားစွာဖြင့်
“သူက မင်္ဂလာလက်ဖွဲ့စာရင်း မှတ်ပေးဖို့ သွားလေရဲ့… ငါတို့ဝင်းထဲမှာ ဒီလိုအလုပ်မျိုး လုပ်နိုင်တာ သူကလွဲရင် ဘယ်သူရှိဦးမှာလဲ၊ သေချာပေါက် သူပဲ ဖြစ်ရမှာပေါ့”
သူမ မျက်နှာတွင် ဂုဏ်ယူရိပ်များ ယှက်သန်းနေသော်လည်း ခဏအကြာတွင်မူ စိတ်ထဲ၌ တစ်မျိုးကြီး ဖြစ်လာပြန်၏။
သူတစ်ပါးသားတွေ တောင် အိမ်ထောင်ကျကုန်ပြီ၊ ကိုယ့်အိမ်က သားကတော့ အရိပ်အယောင်တောင် မရှိသေးဘူး…
ထို့အပြင် ထိုအူတူတူသားဖြစ်သူသည် ဘာမှမသိဘဲ အားရပါးရ ပြုံးပျော်လျက် သတို့သမီးကြိုဆိုသည့်အဖွဲ့ထဲ လိုက်ပါရန် ပြင်ဆင်နေလေသည်။
ရွှီကောင်းမင် ဇနီးမောင်နှံနှင့် ယှဉ်လျှင် သူတို့၏ သားဖြစ်သူမှာ အမှန်တကယ်ကို ဉာဏ်နည်းသည့်အထဲတွင် ပါဝင်၏။
သို့သော်လည်း ထို တတိယမြောက် သားဖြစ်သူ ရွှီရှောက်စန်းခမျာ မိမိဘာသာ အလွန်ပျော်ရွှင်နေပြီး ချန်ချင်းယွီတို့အိမ်မှ စက်ဘီးကိုပင် ဦးဆောင်ကာ သွားရောက်ချေးငှါး၍ ယွမ်ဟောက်ဖုန်းနှင့်အတူ သတို့သမီးကြိုရန် လိုက်သွားရှာသည်။
ရှီကျန့်ရှန်းအဖို့ ထိုအခြေအနေကို တွေးမိသည်နှင့် စကားလုံးဖြင့် ဖော်ပြရန်ပင် ခက်ခဲလှသွားရ၏။
‘နင်က ဘာလို့ ဒီလောက်တောင် ပျော်နေရတာလဲ’
‘အိမ်ထောင်ပြုတာက သူတစ်ပါးလေ’
‘ကျန်းရှင်းဖှ’ ကို ကြည့်ဦး... ဩော်... ဟဲ့ … ကျန်းရှင်းဖှလည်း လိုက်သွားတာပဲ..
မိမိတို့ဝင်းထဲရှိ အမျိုးသားများမှာ တကယ့်ကို အခြေအနေကို သတိမထားမိကြကာ မိမိကိုယ်မိမိ လူလွတ်ကြီးဖြစ်မှန်းမသိ ဖြစ်နေကြာင်းကို သတိမမူမိကြပေ။သူတစ်ပါး အိမ်ထောင်ပြုသည်ကိုသာ ဝင်ရောက်ဆူညံပတ်သက်နေကြသည်။
အမှန်တွင် ကျောက်ရုံတို့ ဇနီးမောင်နှံသည် ‘ကျန်းရှင်းဖှ’ လိုက်လာသည်ကို လုံးဝသဘောမကျကြပေ။ ကျန်းရှင်းဖှ၏ အကျင့်စရိုက်သည် အလွန်ဆိုးရွားပြီး မျက်နှာပျက်စရာ ကောင်းလှ၏။ သူရှိနေလျှင် အမျိုးသမီးများတင်မက အမျိုးသားများပါ ဖင်တုန်အောင် လန့်ကြရသည်။ သို့သော်လည်း ယနေ့ကဲ့သို့ မင်္ဂလာ့မင်္ဂလာနေ့ကြီးတွင် ပြဿနာအဖြစ်မခံနိုင်သဖြင့် ကျောက်ရုံမှာ ဇွတ်မှိတ်ပြီးသာ ဟန်ဆောင်ပြုံးနေရတော့သည်။
သူမသည် ဝမ်တာ့ချွေကို ဆွဲခေါ်ကာ တိုးတိုးတိတ်တိတ် မှာကြားရ၏။
“တာချွေရေ... အစ်မကြီး ကျောက် မင်းကို အကူအညီတစ်ခု တောင်းပါရစေ၊ မင်းလည်း သတို့သမီးကြိုတဲ့အဖွဲ့ထဲ လိုက်သွားပေးပါဦး… အစ်မကြီး တကယ်ပဲ ကျန်းရှင်းဖှကို စိတ်မချလို့ပါ၊ မင်း လိုက်သွားပြီး သူ့ကို သေချာစောင့်ကြည့်ပေးပါဦး၊ ဘာပြဿနာမှ ပေးမရှာပါစေနဲ့၊ ဒီနေ့က ဟောက်ဖုန်းရဲ့ မင်္ဂလာနေ့ကြီးလေ၊ အကယ်၍ တစ်ခုခုဖြစ်သွားရင် တကယ့်ကို ကြည့်ရဆိုးလိမ့်မယ်”
ဝမ်တာ့ချွေ ကတိပေးကာ
“ရပါတယ်... ဒီကိစ္စကို ကျွန်တော့်အပေါ်သာ လွှဲထားလိုက်ပါ”
အမှန်တကယ်၌ ဝမ်တာ့ချွေအဖို့ ဤနေရာတွင် ရှိနေရခြင်းသည် အနည်းငယ် မျက်နှာပူစရာ ကောင်းသည်။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်လည်း ကွမ်ထင်းထင်းနှင့် ကြင်ဖက်တွေ့ဖူးပြီး ထိုစဉ်မှအခြေအနေမှာ အတော်လေး ကြည့်ရဆိုးခဲ့သောကြောင့်တည်း။ ထုံးစံအရဆိုလျှင် သူ မလာသင့်ပေ။ သို့သော်လည်း အစ်မကြီးကျောက် ကိုယ်တိုင်အကူအညီတောင်းလာသဖြင့် သူ မကူညီဘဲ မနေနိုင်ပေ။ ဝမ်တာ့ချွေသည် ကျောက်ရုံအပေါ် အထင်ကြီးလေးစားမှု ရှိ၏။ သူမ၏ အကျင့်စရိုက်နှင့် ပတ်သက်၍ အတင်းအဖျင်း ကောလာဟလအချို့ ရှိနေသော်လည်း ဝမ်တာ့ချွေ လုံးဝမယုံကြည်ပေ။
ထိုအရာများမှာ ယွမ်ရှောင်ချွေ၏ မနာလိုစိတ်ဖြင့် တိုက်ခိုက်မှုသာ ဖြစ်ပြီး ဉာဏ်ရှိသူတိုင်း သေချာပေါက် ယုံကြည်ကြမည် မဟုတ်ပေ….
ဘာပဲဖြစ်ဖြစ် သူကတော့ မယုံကြည်ပါဘူး…
ဝမ်တာ့ချွေသည် လျင်မြန်စွာပင် အဖွဲ့ထဲသို့ ဝင်ရောက်လိုက်ပါသွားသည်။ ကျန်းရှင်းဖှသည် ဝမ်တာ့ချွေကို မြင်သောအခါ မထီမဲ့မြင်ပြုသော အကြည့်ဖြင့် မျက်စောင်းထိုးလိုက်၏။
‘သူ့လို ဝတ်စုတ်စုတ် ညစ်ပတ်စုတ်ပြတ်နေတဲ့ ပုံစံမျိုးနဲ့ အပြင်ကို လိုက်ရဲသေးတယ်... အပြင်ထွက်ပြီး အရှက်ခွဲမလို့လား’
ဝင်းထဲရှိ အမျိုးသားများထဲတွင် ဝမ်တာ့ချွေသည် အညစ်ပတ်ဆုံး ဖြစ်၏။ ယနေ့ကဲ့သို့ သတို့သမီးကြိုသည့် နေ့ကြီးတွင်ပင် ထိုပုံစံအတိုင်း လာခဲ့ပြီး ၎င်း၏ ဂွမ်းကပ်အင်္ကျီမှာ ညစ်ပတ်လွန်း၍ ပြောင်လက်နေကာ မနှစ်ကတည်းက မလျှော်ရသေးသည့် ပုံစံမျိုး ဖြစ်နေသဖြင့် ကျန်းရှင်းဖှ နှာခေါင်းရှုံ့မိသည်။ သို့သော်လည်း သူသည် ဝမ်တာ့ချွေ၏ ဘေးတွင်သာ ကပ်ရပ်ရန် ဆုံးဖြတ်လိုက်၏။
‘ဟဲဟဲ... ဉာဏ်ရှိတဲ့လူဆိုတာ နှိုင်းယှဉ်ပြရမယ့် အကွက်ကို သိရတယ်လေ’
မိမိမှာ အခြားလူများရှေ့တွင် ရပ်လျှင် ထူးခြားသော အားသာချက်မရှိသော်လည်း ဝမ်တာ့ချွေ၏ ဘေးတွင်ရပ်လိုက်ပါက ဝမ်တာ့ချွေ၏ ပုံစံကြောင့် မိမိမှာ ပို၍ သန့်ရှင်းသပ်ရပ်သော လူချောလေးတစ်ဦးအဖြစ် ထင်ပေါ်သွားမည်သာ…
ဟဲဟဲ...
ထိုအချိန်ကျလျှင် အိမ်ထောင်ဖက် ရှာမရမှာကို စိုးရိမ်စရာ လိုဦးမည်လော့…
ကျန်းရှင်းဖှ လက်ရှိအလိုချင်ဆုံးအရာမှာ အိမ်ထောင်ဖက် ရှာဖွေရန် ဖြစ်သည်။ သို့သော် သူ၏ နာမည်ပျက်ကြီးမှာ ကျော်ကြားလှပြီး သူကိုယ်တိုင်သည်လည်း ဇီဇာကြောင်လွန်းသဖြင့် ရှာရခက်နေသောကြောင့် မိမိအတွက် အခွင့်အလမ်းများကို တတ်နိုင်သမျှ ရှာဖွေရမည် ဖြစ်၏။ ကွမ်ထင်းထင်းကတော့... အိမ်ထောင်ကျသွားပြီ ဖြစ်သော်လည်း သူမ၏ ဘေးနားတွင် အခြား မိန်းကလေးပျိုလေးများ ရှိနေနိုင်လေသည်။
ဒီနေ့တော့ သေချာပေါက် အသီးအပွင့် ခံစားရနိုင်ကောင်းပါရဲ့…
ကျန်းရှင်းဖှသည် မိမိကိုယ်မိမိ အလွန်ကျေနပ်အားရနေ၏။ သူ မိန်းမနှင့် ဝေးကွာနေခဲ့ရသည်မှာ ကြာလှပြီ ဖြစ်သည်။ မတတ်နိုင်ပေ… ယခင်တွင် သူသည် စွန့်စားရဲသူ ဖြစ်ခဲ့သော်လည်း ယခုမူ မဝံ့ရဲတော့ပေ။ ပြီးခဲ့သည့်တစ်ခေါက် သူလျှိုကိစ္စတွင် သူ တကယ့်ကို အကြီးအကျယ် လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားခဲ့ရ၏။ ရဲတပ်ဖွဲ့၏ စောင့်ကြည့်ခြင်းကို ထပ်မံခံရမည်ကို တကယ် ကြောက်ရွံ့နေသဖြင့် မည်သည့်မိုက်ရူးရဲဆန်မှုမျိုးကိုမျှ မလုပ်ဝံ့တော့ပေ။
သူသည် တုန်လှုပ်ချောက်ချားနေပြီး လျိုကျင့်ထံသို့လည်း ထပ်မံမသွားရဲတော့ပေ။
လျိုကျင့်မှာမူ သူမလင်ယောကျာ်း၏ သူလျှိုမှုကြောင့် ယခုအခါ အခြေအနေ သိပ်မကောင်းလှပေ။ ကျန်းရှင်းဖှတွင် သတ္တိရှိလျှင်ပင် လျိုကျင့်ဘက်မှလည်း လက်ခံလိမ့်မည် မဟုတ်ပေ။ ကျန်းရှင်းဖှ ကြောက်နေသကဲ့သို့ လျိုကျင့်သည်လည်း ကြောက်နေသည်။ ထို့အပြင် ယခုအခါ လင်ယောကျာ်းနှင့် သားဖြစ်သူ မရှိတော့သဖြင့် သူမကိုယ်တိုင် အလုပ်လုပ်ကာ ငွေကြေးကို စိတ်ကြိုက်စီမံခန့်ခွဲခွင့်ရ၍ ဘဝသည် ယခင်ထက် အဆပေါင်းများစွာ ပိုမိုကောင်းမွန်လာခဲ့၏။ လျိုကျင့်သည် ထိုကိစ္စတွင် ပါဝင်ပတ်သက်မှုကြောင့် အလုပ်ရုံမှနေ၍ သန့်စင်ခန်းဆေးကြောသည့်နေရာသို့ ပြောင်းရွှေ့ခံလိုက်ရသော်လည်း လစာမှာ အရင်အတိုင်းပင် ဖြစ်သည်။
သူမသည် အလုပ်ရုံတွင်ရှိစဉ် ရာထူးတိုးစာမေးပွဲကို မအောင်မြင်ခဲ့သဖြင့် သူမ၏လစာမှာ အမြဲတမ်း အဆင့် (၂) တွင်သာ ရှိခဲ့ပြီး ယင်းမှာပင် သူမ၏အပျော်လင်မှ ကူညီပေးခဲ့၍ သီသီလေးအောင်မြင်ခဲ့ခြင်း ဖြစ်၏။ သို့သော် ရာထူးကြီးကြီးမားမားကို မယူဝံ့ကြပေ… အလွန်အမင်း ထင်သာမြင်သာရှိလွန်း၍တည်း။ ထို့ကြောင့် လျိုကျင့်သည် အဆင့် (၂) တွင်သာ တန့်နေခဲ့သည်။
ယခုအခါ သန့်စင်ခန်းနှင့် မိလ္လာကျင်းများ ဆေးကြောရခြင်းမှာ ညစ်ပတ်လှသော်လည်း ထောက်ပံ့ပို့ဆောင်ရေးဌာန၏ လစာသည်အတော်အတန်ကောင်းမွန်သဖြင့် သူမ၏ အဆင့် (၂) လစာနှင့် တန်းတူပင် ဖြစ်၏။ လျိုကျင့်သည် မိမိရှာ မိမိသုံးစွဲခွင့်ရနေပြီး ကျန်းမာရေးချို့တဲ့၍ အားဆေးတိုက်ရမည့် လင်ယောကျာ်းလည်း မရှိ၊ အသားဟင်း အမြဲတမ်းကျွေးရမည့် သားဖြစ်သူလည်း မရှိတော့သဖြင့် ယခင်ထက်စာလျှင် ပိုမိုကောင်းမွန်စွာ စားသောက်နိုင်ကာ ငွေပင်စုဆောင်းနိုင်နေပြီ ဖြစ်သည်။
ဤအကြောင်းပြချက်တစ်ခုတည်းနှင့်တင် လျိုကျင့်သည် အခြားအမျိုးသားများထံမှ အကူအညီကို သေချာပေါက် ရှာဖွေတော့မည် မဟုတ်ပေ။
ရည်းစားဟောင်းများနှင့် လျိုကျင့်တို့ မရှိတော့သည့်နောက်တွင် ကျန်းရှင်းဖှသည် အိမ်ထောင်အသစ်ထူထောင်ရန် အလွန်ပင် ပြင်းပြနေခဲ့၏။ သို့သော် …
‘အခုခေတ် မိန်းမတွေက ဘာလို့ ဒီလောက်တောင် ပစ္စည်းမက်ကြတာလဲ… ငါ့ကိုကျတော့ ဘာလို့ သဘောမကျကြတာလဲ’
ကျန်းရှင်းဖှ နားမလည်နိုင်အောင် ဖြစ်ရသည်။ သို့သော်လည်း သူသည် မိမိဘာသာ ဦးဆောင်လှုပ်ရှားရန် ဆုံးဖြတ်လိုက်၏။
ကျန်းရှင်းဖှသည် မိမိကိုယ်မိမိ ပိုမိုထင်ပေါ်စေရန်အတွက် ဝမ်တာ့ချွေ၏ ဘေးနားသို့ တိုးကပ်သွားတော့သည်။
ဝမ်တာ့ချွေက မျက်မှောင်ကြုတ်လျက် “...”
သူသည် ကျန်းရှင်းဖှကို ကြည့်
လိုက်စဉ် မျက်ခုံးနှစ်ဖက်မှာ ယင်ကောင်တစ်ကောင်ကိုပင် ညှပ်ပိတ်ထားနိုင်လောက်အောင် အပြင်းအထန် တွန့်ကွေးနေ၏။
‘ဒီလူကြီးက ငါ့နားကို ဘာလို့ လာကပ်နေတာလဲ… ငါတို့က အဲဒီလောက်လည်း မရင်းနှီးပါဘူး’
ဝင်းတစ်ခုတည်းတွင် အတူနေကြပြီး စတုတ္ထမြောက်ဝင်းတွင် အတူရှိနေကြသော်လည်း လူမှုဆက်ဆံရေးဟူသည်မှာ စရိုက်ချင်းတည့်မှသာ အဆင်ပြေကြခြင်း ဖြစ်သည်။ ၎င်းတို့နှစ်ဦးမှာ ပုံမှန်အားဖြင့် လုံးဝဆက်ဆံရေး မရှိသလောက်ပင်။ ယခုအခါ ကျန်းရှင်းဖှသည် အနားသို့ တိုးကပ်လာသဖြင့် အမှန်အတိုင်း ပြောရလျှင် ဝမ်တာ့ချွေ၏ ရင်ထဲတွင် ဒိန်းခနဲ ဒုန်းခနဲ တုန်လှုပ်သွားရ၏။
ကျိုးကြောင်းဆင်ခြင်ကြည့်လျှင် သူ့ကဲ့သို့ ထွားကြိုင်းသန်မာသော ယောကျာ်းကြီးတစ်ယောက်အနေဖြင့် မည်သည့်အရာကိုမျှ ကြောက်စရာမလိုသော်လည်း~~
ဒီကောင်က ယောကျာ်းကော မိန်းမကော နှစ်မျိုးစလုံး ကြိုက်တတ်တဲ့ နှစ်ဖက်ချွန်ကောင်ဆိုတာ လူတိုင်းသိနေတာကြီးလေ…
ဤသို့ဆိုလျှင် မည်သူ
မကြောက်ဘဲ နေနိုင်မည်နည်း။
သူတို့အားလုံးသည် လျိုကျင့်၏လင်ဖြစ်သူ၊ သူလျှိုကောင်ကို မြင်ဖူးကြသည်။ ထိုလူသည်လည်း ရုပ်ဆိုးဆိုးနှင့် စုတ်စုတ်ပြတ်ပြတ် ရှိလှသဖြင့် ဝမ်တာ့ချွေအနေဖြင့် ‘သူက ငါ့လိုလူကို မျက်စိကျမှာ မဟုတ်ပါဘူး’ ဟု တွေး၍မရပေ~~ သေချာပေါက် မျက်စိကျသွားနိုင်ခြေ ရှိ၏။
ဝမ်တာ့ချွေမှာ စိတ်ထဲတွင် မလုံမလဲ ဖြစ်လာပြီး စိုးရိမ်စိတ်ဖြင့် မိမိ၏ဖင်ပိုင်းကို တိတ်တဆိတ် ကာကွယ်ရင်း အနည်းငယ် ဘေးသို့ တိုးဖယ်လိုက်သည်။
သို့သော်လည်း ကျန်းရှင်းဖှမှာ အလိုက်မသိ နောက်သို့ ထပ်မံတိုးကပ်လာပြန်၏။
အခြားအမျိုးသားများ: “...”
လူတိုင်း တိတ်တဆိတ်ပင် အနည်းငယ် ပို၍ ဝေးဝေးသို့ တိုးဖယ်သွားကြတော့သည်။
ဘာပဲဖြစ်ဖြစ် ဒီလူနှင့် ဝေးဝေးနေမှ စိတ်ချရမယ်…
‘ကောလာဟလတွေက တကယ်ပဲကိုး၊ ကျန်းရှင်းဖှက တကယ်ကြီး ထူးဆန်းနေတာပဲ...’
‘ငါတို့အားလုံးက ယောကျာ်းတွေချည်းပဲဟာ... သူက ဘယ်လိုလုပ်ပြီး ဒီလိုမျိုး လုပ်ရဲရတာလဲ...’
ကံကောင်းသည်မှာ ဒုက္ခပေးခံရသူသည် သူတို့ကိုယ်တိုင် မဟုတ်ပေ။
ထို့ကြောင့် လူတိုင်း၏ သနားကရုဏာသက်သော အကြည့်များ ဝမ်တာ့ချွေ၏ပေါ်သို့ စုပြုံကျရောက်သွားလေ၏။
ဝမ်တာ့ချွေခမျာ အသက်ရှူပင် ကျပ်မတတ် ခံစားလိုက်ရသည်။
“ယွမ်ဟောက်ဖုန်းကော…ငါတို့ ဘယ်တော့ ထွက်ကြမှာလဲ၊ ဒီအတိုင်းကြီး ရပ်စောင့်နေလို့တော့ မဖြစ်ဘူးမလား”
သူ စိတ်မရှည်စွာ ညည်းညူလိုက်၏။
“အခုပဲ ချက်ချင်း သွားကြမယ်လေ။”
ဤတိုတောင်းလှသော အခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ရွှီကောင်းမင်၏ အငယ်ဆုံးသားဖြစ်သူသည် ဝင်းထဲသို့ အပြေးအလွှား ရောက်လာကာ သတင်းပေးတော့သည်။
“သတင်းကြီးဟေ့... သတင်းကြီး... ကျန်းရှင်းဖှက ဝမ်တာ့ချွေကို မျက်စိကျသွားပြီ ထင်တယ်ဗျို့…ကော်နဲ့ ကပ်ထားတဲ့အတိုင်း တကပ်ကပ် လုပ်နေတာ...”
ထို့နောက် သူသည် ထွက်ခွါဖို့ပြင်ဆင်မှုများ လုပ်ဆောင်ရန် အပြေးအလွှား ပြန်သွားပြန်၏။
ဟင်...
လူတိုင်း အံ့ဩလွန်း၍ အာမေဍိတ်သံများ ပြိုင်တူ ထွက်ပေါ်သွားကြသည်။
ဒါက တကယ့်ကို...
မကြုံစဖူး ထူးဆန်းလှသော ကိစ္စပင်၊ ဤမျှဆိုးရွားလှသော အာရုံခံစားမှုမျိုးကို တကယ်ကို မကြားစဖူး အကြားထူးနေရလေပြီ…
သို့သော် ဤကိစ္စမှာ ကျန်းရှင်းဖှအပေါ်တွင် ဖြစ်ပျက်ခြင်း ဖြစ်သဖြင့် အလွန်အကျွံ အဓိပ္ပာယ်မရှိဟုပြော၍မရပေ။
ဝင်းတစ်ခုလုံး အချင်းချင်း ကြည့်လိုက်ကြရင်း အကြီးအကျယ် တုန်လှုပ်သွားကြသော်လည်း... ဘာဖြစ်လို့ စိတ်ထဲမှာ သဘာဝကျသလို ဖြစ်နေရတာလဲမသိဘူး…
အဘွားကြီးကျောက်သည် ဝင်းနှစ်ခု၏ အစပ်သို့ လျင်မြန်စွာ ပြေးသွားပြီး အလယ်ဝင်းအတွင်းသို့ လှမ်း၍ ချောင်းကြည့်တော့သည်။ သူမအနေဖြင့် ပေါ်ပေါ်ထင်ထင် သွားကြည့်လျှင် ရသော်လည်း ဤသို့ တိတ်တဆိတ် ချောင်းကြည့်ရခြင်းမှာ ပို၍ စိတ်ဝင်စားစရာ ကောင်းလှ၏။
သေချာပေါက်ပင်... ဟိုမှာ ကြည့်ဦး~~ ကျန်းရှင်းဖှက ဝမ်တာ့ချွေ၏ အနားသို့ ပိုပြီး တိုးကပ်သွားပြန်ပြီ…
ဝမ်တာ့ချွေမှာမူ ထုံးစံအတိုင်း ခက်ထန် တည်တင်းသော မျက်နှာထားဖြင့် မိမိ၏ ရပ်တည်ချက်နေရာကို ပြောင်းလဲလိုက်သည်။
ကျန်းရှင်းဖှ နောက်ထပ်တစ်ကြိမ် အနားသို့ တိုးကပ်သွားပြန်၏။
ဝိုး… ဝိုး…
လူတိုင်း ရင်တမမ ဖြစ်သွားကြသည်။ အဘွားကြီးကျောက် တစ်ဦးတည်း ချောင်းကြည့်နေခြင်း မဟုတ်ဘဲ ချန်ချင်းယွီနှင့် အဖွဲ့သားများပါ စုပြုံရောက်ရှိလာကြကာ အံ့ဩလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။
အဘွားကြီးကျောက်တစ်ယောက် တကယ့်ကို ဝေခွဲမရ ဖြစ်နေရှာသည်။
‘ငါက သူ့ကို သိက္ခာချချင်လို့ အတင်းအဖျင်း သတင်းလွှင့်လိုက်တာ... မမျှော်လင့်ဘဲ အမှန်တရားကို ဖော်ထုတ်လိုက်သလို ဖြစ်သွားတာလား... ဒီလူကြီးက တကယ်ပဲ နှစ်မျိုးစလုံး ကြိုက်တာလား... မဟုတ်ရင် သူ့ရဲ့ အခုလို အပြုအမူကို ဘယ်လိုရှင်းပြရမလဲ’
ထို့အတူ ချန်ချင်းယွီလည်း စဉ်းစားခန်း ဝင်နေမိ၏။ သူမ ကျန်းရှင်းဖှကို ခွေးသူလျှိုကောင်နှင့် တွဲပေးလိုက်ခြင်းမှာ သက်သက်မဲ့ ရွံရှာစေချင်၍ ဖြစ်သည်။
‘ငါက စားကျင်းထဲကို ကြွက်ပစ်ထည့်လိုက်သလို ဖြစ်ပြီး သူ့ကို သဘောကျအောင် လုပ်ပေးမိလိုက်တာလားမသိဘူး’
အို...
အချုပ်အားဖြင့်ဆိုရသော် ကျန်းရှင်းဖှ၏ လက်ရှိ အပြုအမူကို ကြည့်ခြင်းဖြင့် သူသည် မိန်းမကိုသာ ကြိုက်နှစ်သက်သည့် စစ်မှန်သော ယောကျာ်းပီသသူတစ်ဦးဟု မည်သူမျှ ပြောနိုင်တော့မည် မဟုတ်ပေ။
ရှီကျန့်ရှန်း သက်ပြင်းချရင်း
“သူကတော့ ဟန်တောင်မဆောင်တော့ဘူးပဲ… ဘာပဲဖြစ်ဖြစ် ငါ့ယောက်ျားကိုတော့ နောက်နောင် သူ့နား မကပ်ခိုင်းတော့ဘူး”
“ကျွန်မလည်း အတူတူပဲ”
“ဟုတ်ပါ့ မဟုတ်ရင် ဘယ်လိုလုပ်မလဲ”
အဘွားကြီးကျောက် : “ဒါဆိုရင် မိန်းမတွေက ဘေးကင်းသွားပြီလို့ ပြောလို့ရမလား... သူက အခုတစ်လော အောင်သွယ်တာတွေကို အရမ်းစိတ်အားထက်သန်နေတာဆိုတော့ မိန်းမတွေကို မကြိုက်ဘူးလို့လည်း မပြောဖူးဘူးလေ… သူ့ရည်းစားဟောင်းတွေကလည်း သူ့ကို လမ်းခွဲသွားကြပြီ… ငါ့အထင်တော့ သူ တကယ်ကို ငတ်မွတ်နေတာ ထင်တယ်”
လူတိုင်း ကြက်သီးတဖြန်းဖြန်း ထသွားကြသည်။ မည်သို့ပင်ဖြစ်စေ ယောကျာ်းကော မိန်းမပါ မည်သူမဆို သူ့ထံမှ ဝေးဝေးနေခြင်းမှာ အကောင်းဆုံး ဖြစ်၏။
အလွန်အန္တရာယ်များလှပါဘိ…
“ပြည်သူ့သမ္မတနိုင်ငံမတည်ထောင်ခင်တုန်းက အချို့ယောက်ျားတွေက အခြားယောက်ျားတွေနဲ့ ဆက်ဆံရေးရှိကြတာက မတတ်သာလို့ (အခြေအနေအရ) လုပ်ကြတာ… ဒါပေမဲ့ တကယ်ကြီး စိတ်ထဲကနေ ကြိုက်နှစ်သက်တဲ့ လူမျိုးကိုတော့ မြင်ရခဲတယ်အေ”
“ဟုတ်ပဗျာ... ဘယ်သူက ငြင်းနိုင်မှာလဲ”
ဤအခိုက်အတန့်တွင် အစ်မကြီးဖန်မှာ မိမိ၏ သားကြီး ကျေးလက်သို့ အလုပ်ဆင်းရခြင်းသည် ထင်သလောက် မဆိုးလှဟု အတွေးဝင်လာမိသည်။
ဘာပဲဖြစ်ဖြစ် သူ့သားက တော်လည်းတော်၊ ရုပ်လည်းချောဆိုတော့….
ဝင်းထဲတွင်ရှိနေလျှင် ကျန်းရှင်းဖှ၏ မျက်စိကျခြင်းကို အလွယ်တကူ ခံရနိုင်၏။ ယခုမူ ကျေးလက်သို့ ရောက်နေသဖြင့် အဝေးကြီးဖြစ်နေပြီး ဘေးကင်းလုံခြုံနေပြီ ဖြစ်သည်။
မဟုတ်လျှင် ဝမ်တာ့ချွေကဲ့သို့ ပစ်မှတ်ထားခံရပြီး နောက်ပိုင်းတွင် မည်သို့ မိန်းမ ရှာရတော့မည်နည်း။
‘အခု ကျေးလက်မှာ နေရတာ ဆင်းရဲပင်ပန်းတယ်ဆိုပေမဲ့ အနည်းဆုံးတော့ အဖြူထည် သန့်သန့်လေး ရှိနေသေးတာပေါ့’
“ကျေးလက်ကို သွားရတာလည်း ကောင်းတာပါပဲ... အင်း... သွားတာလည်း ကောင်းတဲ့အချက် ရှိသားပဲ”
အစ်မကြီးဖန်တစ်ယောက် မိမိကိုယ်မိမိ အဓိပ္ပာယ်မရှိ ဆွဲတွေးကာ နှစ်သိမ့်နေရှာတော့သည်။
လူတိုင်း စိတ်ထဲမှနေ၍ ကျန်းရှင်းဖှကို တိတ်တဆိတ် ဝေဖန်ပြစ်တင်နေကြသော်လည်း သတို့သမီးကြိုမည့် အဖွဲ့ကြီးမှာမူ လျင်မြန်စွာပင် အဆင်သင့်ဖြစ်၍ ထွက်ခွါသွားလေ၏။ အဖွဲ့၏ ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ယွမ်ဟောက်ဖုန်း ဖြစ်ပြီး အနီရောင် ပန်းပွင့်ကြီး ဆင်ယင်ထားသည့် စက်ဘီးကို စီးနင်းထားသည်။ သူသည် ရင်ဘတ်တွင်လည်း ပန်းပွင့်တစ်ပွင့် ထိုးထားကာ အလွန်သန့်ပြန့်ခန့်ညားစွာ ဝတ်ဆင်ထား၏။ ယခုကဲ့သို့ အေးခဲလှသော ရာသီဥတုတွင် သူသည် ဂွမ်းကပ်အင်္ကျီအထူကြီးကို မဝတ်ဆင်ဘဲ ဆွယ်တာအင်္ကျီနှင့် ကက်ရှ်မီးယား ကုတ်အင်္ကျီအပါးကိုသာ ဝတ်ဆင်ထားသဖြင့် ဂွမ်းကပ်အင်္ကျီလောက် အနွေးဓာတ် မရနိုင်ဟု ထင်ရသော်လည်း သူ့ကို ကြည့်ရသည်မှာ ထူးခြားစွာ တက်ကြွလန်းဆန်းနေပုံရသည်။
လူတိုင်းတွင် စက်ဘီးတစ်စီးစီ ရှိကြပြီး အဖွဲ့ကြီးသည် ခမ်းနားထည်ဝါစွာဖြင့် စီတန်းထွက်ခွါသွားကြ၏။
၎င်းတို့ လမ်းကြားထဲမှ မထွက်ရသေးမီ အချိန်၌ပင် လမ်းဘေးဝဲယာမှ ငေးမောကြည့်ရှုသူ လူအုပ်ကြီးကို ဆွဲဆောင်နိုင်ခဲ့ရာ တကယ့်ကို အားကျအတုယူစရာ အခမ်းအနားတစ်ခုပင် ဖြစ်သည်။
ချန်ချင်းယွီ စိတ်ထဲတွင် ရေရွတ်မိသည်မှာ ယခုခေတ်ကာလတွင် စက်ဘီးအစီးရေအများကြီးဖြင့် မင်္ဂလာလှည့်လည်ခြင်းသည် နောက်နောင်ခေတ်ကာလများတွင် မာဆာရက်တီ ကားတန်းကြီးဖြင့် မင်္ဂလာဆောင်သည်နှင့် အလားသဏ္ဌာန်တူပေလိမ့်မည်….
သတို့သမီးကြိုသည့်အဖွဲ့တွင် ပါဝင်သူအားလုံးသည် ခေါင်းကို မော့၊ ရင်ကိုကော့ကာ အလွန်ပင် ဂုဏ်ယူဝင့်ကြွားနေကြသည်။
လူတိုင်း ထိုမြင်ကွင်းကို စိတ်ဝင်တစား ငေးမောနေကြစဉ် ချန်ချင်းယွီ လှည့်ကြည့်လိုက်ရာ လီလင်းလင်းသည် ယွမ်ဟောက်ဖုန်းကို သံယောဇဉ်အပြည့်ရှိသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။ သို့သော် ခဏအကြာတွင် သူမ၏ မျက်ဝန်းအစုံသည် နီရဲလာပြီး မိမိအပယ်ခံလိုက်ရသကဲ့သို့ ပူဆွေးသောကရောက်နေသော ပုံစံ ဖြစ်သွားရှာသည်။
ဤအချက်မှာ ချန်ချင်းယွီကို ချက်ချင်း သံသယ ဝင်သွားစေ၏။
‘သူတို့နှစ်ယောက် တကယ်ပဲ တွဲခဲ့ကြတာလား… မဟုတ်ရင် လီလင်းလင်းက ဘာလို့ ဒီလိုမျိုး ဖြစ်နေရတာလဲ’
သူတို့ တိတ်တဆိတ် ခိုးတွဲနေခဲ့ကြတာကို အခြားသူတွေ မသိတာများလား...
မဟုတ်ရင် လီလင်းလင်းက ဘာဖြစ်လို့ ဒီလိုအမူအရာမျိုး ပြနေရမှာလဲ…
ချန်ချင်းယွီ ခေါင်းကို ကုတ်လျက် လုံးဝဝေခွဲမရ ဖြစ်နေမိ၏။
လီလင်းလင်း၏ မိခင်ဖြစ်သူ လင်စန်းရှင်းမှာလည်း သမီးဖြစ်သူထက် မသာရုံတမယ်ဖြစ်နေပြီး သားအမိနှစ်ယောက်စလုံး စိတ်မချမ်းမြေ့စရာ မျက်နှာထားများ ဖြစ်နေကြသည်။
ဝမ်ကျန့်ကော်၏ မိခင်ဖြစ်သူတ အဘွားကြီးဝမ်မှာလည်း ထိုအခြေအနေကို မြင်သွားသဖြင့် မနေနိုင်ဘဲ လှမ်းပြောတော့၏။
“သူတစ်ပါးတွေ မင်္ဂလာဆောင်နေတာကို ညည်းတို့က သေတော့မယ့် ရုပ်မျိုးတွေ လုပ်ပြနေကြတာပဲ၊ ဒီလို မင်္ဂလာရှိတဲ့နေ့ကြီးမှာ တကယ့်ကို နိမိတ်မကောင်းဘူးအေ… ဒါ ဇနီးမောင်နှံအသစ်ကို ဒုက္ခရောက်အောင် တမင်သက်သက် လုပ်နေတာ မဟုတ်ဘူးလား… လူတွေ မြင်ရင် ညည်းနဲ့ ယွမ်ဟောက်ဖုန်းကြားထဲ တစ်ခုခု ရှိနေတယ်လို့ ထင်ကုန်ကြဦးမယ်၊ ဘာမှမရှိရင်လည်း ဒီလိုမျိုး လာမလုပ်ပြနဲ့ဦး… ငါတော့ ဒီလိုကိစ္စမျိုး တစ်ခါမှ မမြင်ဖူးပါဘူးအေ၊ တကယ့်ကို ဘယ်လိုလူတွေလဲ မသိဘူး”
ဝင်းထဲရှိလူတိုင်းတွင် ကိုယ်ပိုင်အစီအစဉ်ကိုယ်စီ ရှိကြပြီး အားလုံးမှာ စိတ်ကောင်းနှလုံးကောင်း ရှိကြသူများ မဟုတ်ကြသည့်တိုင် ယခုကဲ့သို့ မင်္ဂလာနေ့ထူးနေ့မြတ်မျိုးတွင်မူ မည်သူမှ ပြဿနာအဖြစ်မခံကြပေ။ အမှန်တွင် ထိုသားအမိ၏ ပြုမူပုံကို လူတိုင်းက အော့နှလုံးနာနေကြခြင်း ဖြစ်သည်။
သူတစ်ပါး မင်္ဂလာဆောင်မှာ ဘယ်သူက လာပြီး ပြဿနာရှာရဲမှာလဲ…
လူ့ဘဝတွင် အိုခြင်း၊ နာခြင်း၊ သေခြင်း တရားများ ရှိ၏။
မင်္ဂလာပွဲနှင့် နာရေးပွဲ~~~ စိတ်ထဲတွင် မည်မျှပင် မကျေနပ်စရာ ရှိနေပါစေ၊ လူတို့သည် လူမြင်ကွင်းတွင် ပြဿနာမရှာဘဲ အောင့်အီးသည်းခံတတ်ကြသည်။ ၎င်းမှာ လူပီသမှု၏ အနိမ့်ဆုံး စည်းကမ်းချက်ပင်။ ရှေးပဝေသဏီကတည်းကပင် ယခုကဲ့သို့ မင်္ဂလာနေ့မျိုးတွင် လာရောက်နှောင့်ယှက်ဖျက်ဆီးသည့် ဓလေ့မျိုး မရှိခဲ့ပေ။ သို့သော် လင်စန်းရှင်း သားအမိ၏ အပြုအမူသည်ကား တကယ့်ကို အောက်တန်းကျလွန်းလှ၏။
အစ်မကြီးဖန်မှာလည်း ဝင်ရောက်ပြောဆိုကာ
“ဟုတ်ပ… ညည်းတို့ လုပ်နေပုံက အကြောင်းစုံ မသိတဲ့လူဆိုရင် ယွမ်ဟောက်ဖုန်းနဲ့ ညည်းတို့နဲ့က အဆင်ပြေနေကြတယ် ထင်ရအောင် တမင်သက်သက် လုပ်နေတာ မဟုတ်ဘူးလား… ဒါ မျက်စိစပါးမွေးစူးအောင် တမင်လုပ်တာပဲ၊ တကယ့်ကို အညစ်အကြေးတွေ… ဒါကြောင့်မို့လည်း သူက ညည်းကို သဘောမကျတာပေါ့”
အစ်မကြီးဖန်သည် ထိုမိသားစုကို အမုန်းဆုံး ဖြစ်ပြီး ၎င်းတို့အချင်းချင်း ကျောင်းတော်ကရန်စများ ရှိခဲ့ကြသည်။
မှန်၏~~ အကြောင်ကား လီလင်းလင်း အခြားတစ်ယောက်ကို စိတ်ဝင်စားသွားခဲ့၍ပင်…
ရှီရှောင်ဝေ လီလင်းလင်းကို သဘောမကျခဲ့သော်လည်း လီလင်းလင်းဘက်မှ ရှီရှောင်ဝေကို ပြန်လည်စိတ်မဝင်စားတော့သည့် အချက်သည် မိခင်ဖြစ်သူ အစ်မကြီးဖန်ကို အကြီးအကျယ် ဒေါသထွက်စေခဲ့၏။
ထို့အပြင် လင်စန်းရှင်းသည် ရှီရှောင်ဝေအပေါ် မိမိ၏ မနှစ်မြို့မှုကို အထင်အရှား ပြသခဲ့ဖူးသဖြင့် အစ်မကြီးဖန်သည် ထိုမိသားစုအပေါ် အလွန်အမင်း ရန်လိုနေခြင်း ဖြစ်သည်။
ချန်ချင်းယွီမှာ ဘေးမှ ငေးကြည့်ရင်း ‘ဒီလူတွေအားလုံးကတော့ စိတ်မမှန်ကြဘူးပဲ’ ဟု တွေးမိ၏။
အစ်မကြီးဖန်သည်လည်း သားဖြစ်သူ ရှီရှောင်ဝေ လီလင်းလင်း၏ အထင်သေးခံရမှုကြောင့် ရူးသွပ်နေလေသည်…
လင်စန်းရှင်းနှင့် လီလင်းလင်း သားအမိနှစ်ယောက် တကယ့်ကို နှလုံးသားကြေကွဲပြီး မတရားခံရသကဲ့သို့ ပုံစံမျိုး လုပ်ပြနေခြင်းသည်လည်း တကယ့်ကို စိတ်မမှန်သည့် အပြုအမူပင်။
ရှီကျန့်ရှန်းမှာလည်း ဝင်ရောက်၍
“ဒါက သူတို့ မင်္ဂလာဆောင်လေ၊ ညည်းတို့လည်း နည်းနည်းပါးပါးတော့ ထောက်ထားသင့်တာပေါ့”
၎င်းတို့သာ ဤဝင်းကြီးထဲတွင် အမြဲတမ်း အတူနေထိုင်သူများ မဟုတ်ကြပါက သူတို့နှစ်ဦးကြားထဲ တစ်ခုခု ရှိနေသည်ဟု တကယ်ပင် အထင်လွဲသွားနိုင်စရာ ရှိ၏။ ထိုသားအမိ ယခုကဲ့သို့ ဟန်ဆောင်ပန်ဆောင် လုပ်ပြနေမှုများမှာ တကယ့်ကို ပြဿနာရှာနေခြင်းသာ ဖြစ်သည်။
လင်စန်းရှင်း : “အစ်မကြီးတို့ကလည်း ဘာလို့ ဒီလိုပြောရတာလဲ… ကျွန်မတို့မိသားစုက မကောင်းတဲ့ စိတ်ရည်ရွယ်ချက် မရှိပါဘူ… ကွန်ေမတို့က ယွမ်ဟောက်ဖုန်းရဲ့ မင်္ဂလာပွဲအတွက် စိတ်ရင်းမှန်နဲ့ ဆုတောင်းပေးနေတာပါ”
“ဒီလို ရုပ်မျိုးကြီးနဲ့ ဘယ်သူက ဆုတောင်းပေးမှာလဲ။ ဟားဟား... ရယ်စရာကောင်းလိုက်တာ”
အစ်မကြီးဖန် တီးတိုးလှောင်ပြောင်လိုက်၏။
လင်စန်းရှင်း နှုတ်ခမ်းကို တင်းတင်းစေ့လျက် အစ်မကြီးဖန်ကို အပြစ်တင်စောင်းမြောင်းသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
အစ်မကြီးဖန် : “ငါ့ကို အဲဒီလို လာမကြည့်နဲ့… ငါက ဟိုအူတူတူ အဘိုးကြီးတွေလို မဟုတ်ဘူး၊ တကယ့်ကို စက်ဆုပ်စရာပဲ”
“အစ်မကြီးဖန်... ညည်း ပြောတာ လွန်လွန်းပြီနော်”
“သူတစ်ပါး မင်္ဂလာဆောင်တဲ့နေ့မှာ ပြဿနာလာရှာနေတဲ့ ညည်းတို့ကကော မလွန်ဘူးလား... သူက ညည်းသမီးကို သဘောမကျရင်လည်း ငြိမ်ငြိမ်ဆိမ်ဆိမ် နေပေါ့.. အခုတော့ ကွယ်ရာမှာ ဒီလို လူအမြင်ကတ်စရာတွေပဲ လိုက်လုပ်နေတယ်၊ ငါ ညည်းတို့အကြောင်းကို ကောင်းကောင်းသိတယ်ာာာ တကယ်ပဲ တတ်နိုင်တယ်ဆိုရင် ဘာလို့ သူ့ရှေ့တည့်တည့်သွားပြီး မပြောရဲရတာလဲ… ကွယ်ရာမှာတော့ ဒါမျိုးတွေပဲ လုပ်တတ်တယ်”
“ညည်း...”
“ကဲပါ... ကဲပါ... ရန်မဖြစ်ကြပါနဲ့တော့၊ ဒီနေ့က ဟောက်ဖုန်းရဲ့ မင်္ဂလာနေ့ကြီးလေ၊ အခြေအနေတွေ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ရင် ကြည့်လို့မကောင်းဘူး… အားလုံးပဲ စိတ်အေးအေးထားကြပါ”
ပိုင်ဖုန်းရှန်း လျင်မြန်စွာပင် ကြားဝင်ဖျန်ဖြေပေးပြီး အခြေအနေကို ထိန်းသိမ်းလိုက်သည်။ သူမသည် ရန်ပွဲကြီး ဖြစ်ပွားသွားမည်ကို စိုးရိမ်သဖြင့် အသည်းအသန် ဖျောင်းဖျနေရခြင်း ဖြစ်၏။
အမလေး... မင်္ဂလာဆောင်မှာ ရန်ပွဲဖြစ်တယ်ဆိုတာမျိုး သူမ တစ်ခါမှ မကြားဖူးဘူး…
ထို့ကြောင့် ပိုင်ဖုန်းရှန်း ဆက်လက်၍ ဖျောင်းဖျစကား ဆိုလေသည်။
“လင်စန်းရှင်း... ဒီနေ့က ဟောက်ဖုန်းရဲ့ မင်္ဂလာပွဲလေ.. နင်လည်း ဟောက်ဖုန်း ကြီးပြင်းလာတာကို မျက်မြင်ကိုယ်တွေ့ ကြည့်လာခဲ့တာပဲ၊ သူ့အတွက် ဝမ်းသာပေးရမှာပေါ့၊ အခုလို မျက်နှာဆူပုပ်ပုပ်ကြီး လုပ်မပြထားသင့်ဘူး… ဒါက အထင်လွဲစရာတွေ ဖြစ်စေတယ်၊ ငါတို့အားလုံးက ဝင်းတစ်ခုတည်းက အိမ်နီးနားချင်းတွေပဲဟာ... နင် အခုလို လုပ်ပြနေရင် အပြင်လူတွေ အထင်လွဲကုန်ကြလိမ့်မယ်၊ အဲဒါဆိုရင် ငါတို့ဝင်းရဲ့ နာမည်ကောင်းကို ထိခိုက်လိမ့်မယ်၊ နင့်မှာလည်း အိမ်ထောင်မကျသေးတဲ့ ကလေး ရှိသေးတယ်မဟုတ်လား…နာမည်ပျက်သွားရင် မကောင်းဘူးလေ”
ထို့နောက် သူမသည် အစ်မကြီးဖန်ကိုလည်း လှည့်၍ ဖျောင်းဖျပြန်၏။
“အစ်မကြီးဖန်... ညည်းလည်း အတူတူပဲ၊ ညည်း မကောင်းတဲ့ စိတ်မရှိမှန်း ငါသိပါတယ်၊ ဒါပေမဲ့ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ဦး… ညည်း ရုတ်ရုတ်သဲသဲ လုပ်လိုက်ရင် သူတစ်ပါး လှောင်စရာ ဖြစ်လိမ့်မယ်။ ညည်းရဲ့ ရှောင်ဝေ ပြန်လာတဲ့အခါကျရင်လည်း အိမ်ထောင်ပြုရဦးမှာ မဟုတ်လား၊ အကယ်၍ နာမည်ပျက်သွားရင် အောင်သွယ်တွေ လာမှာ မဟုတ်တော့ဘူး”
ရှီရှောင်ဝေ ပြန်လာမည့်ရက်မှာ မသေချာသေးသော်လည်း သူမ၏ စကားလုံးများသည် အစ်မကြီးဖန်၏ ရင်ထဲသို့ ကွက်တိထိမှန်သွားခဲ့သည်။
သူမ ခေါင်းညိတ်လျက်
“ကျွန်မ စကားကို နားထောင်ပါ့မယ်…ကျွန်မက အချို့လူတွေ တမင်သက်သက် ပြဿနာရှာနေတာကို ကြည့်မရရုံတင်ပါ၊ ဒါပေမဲ့ စိတ်မပူပါနဲ့၊ ကျွန်မက သူတစ်ပါး မင်္ဂလာဆောင်မှာ ပြဿနာရှာမယ့် လူစားမျိုး မဟုတ်ပါဘူး”
လင်စန်းရှင်းသည်လည်း နှုတ်ခမ်းကို ကိုက်လျက်
“ကျွန်မလည်း အတူတူပါပဲ…ရှင်တို့က ကျွန်မအပေါ် အထင်လွဲလွန်းကြတာပါ”
ဟင်း... ညည်းတို့ လုပ်နေတဲ့ အပြုအမူကိုက...
အဘွားကြီးများ အချင်းချင်း အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြသည်။
ချန်ချင်းယွီသည် မည်သည့်အချိန်ကတည်းက ရောက်ရှိလာမှန်းမသိသော ချိုက်မင်မင်၏ နားနားသို့ တိုးကပ်ကာ တိုးတိုးလေး ဆိုလိုက်၏။
“အစ်မရဲ့ ယောက္ခမကတော့ အစ်မယောက္ခထီးရဲ့ အတတ်ပညာတွေကို တကယ်ပဲ အမွေရထားတာပဲ၊ လူကို ဖျောင်းဖျနားချတဲ့နေရာမှာ တော်တော်လေး ကျွမ်းကျင်နေပြီ”
ချိုက်မင်မင်လည်း ဘာမှပြန်မပြောဘဲ တိတ်တဆိတ်သာ ခေါင်းညိတ်ပြလိုက်လေသည်။
အမှန်တွင် ချိုက်မင်မင်၏ ဖခင်ဖြစ်သူမှာလည်း ကျေးရွာအုပ်ချုပ်ရေးမှူး ရွာလူကြီးတစ်ဦး ဖြစ်၏။ သို့သော် သူသည် ကိစ္စရပ်များကို ပြတ်ပြတ်သားသား၊ တစ်ဆို တစ်၊ နှစ်ဆို နှစ် ရှင်းလင်းစွာ ကိုင်တွယ်တတ်သူ ဖြစ်သည်။ ထို့ကြောင့် သူမသည် ယောက္ခထီးဖြစ်သူ၏ ‘ရေလိုက်ငါးလိုက်’ ညှိနှိုင်းတတ်သော အလုပ်လုပ်ပုံစံနှင့် စတင်ထိတွေ့စဉ် တကယ့်ကို ကြောင်တောင်တောင် ဖြစ်သွားခဲ့ရသည်။ မမျှော်လင့်ဘဲ ယခုအခါ ယောက္ခမဖြစ်သူပါ ထိုနည်းအတိုင်း လိုက်လံလုပ်ဆောင်နေသည်ကို မြင်လိုက်ရ၏။
သို့သော်လည်း ကြာလာသောအခါ သူမခမျာ ကျင့်သားရသွားရှာသည်။
သူမသည် အင်္ကျီအိတ်ထဲမှ ဖရုံစေ့အချို့ကို နှိုက်ယူလိုက်ပြီး ချန်ချင်းယွီကို လှမ်းပေးလိုက်၏။
“ရော့... နင်လည်း နည်းနည်းစားဦး၊ တော်တော်စားလို့ကောင်းတယ်”
ချန်ချင်းယွီသည်လည်း အားနာမနေကာ“ကျေးဇူးပဲနော်” ဟု ဆို၍ ထဖရုံစေ့များကို လှမ်းယူလိုက်ပြီး တဖျောက်ဖျောက် ဝါးစားရင်း ဆက်လက်စောင့်ကြည့်နေတော့သည်။
‘တကယ်ပဲ... ဖရုံစေ့က နေကြာစေ့ထက် ပိုပြီး ဆိမ့်တာပဲလား’
“ရှောင်ချန်... ဒါနဲ့၊ လီလင်းလင်းနဲ့ ယွမ်ဟောက်ဖုန်းကြားထဲ တကယ်ပဲ ဘာမှမရှိတာ သေချာလို့လား”
ချိုက်မင်မင် အသံကိုနှိမ့်၍ တီးတိုးမေးရှာသည်။
ထိုအိမ်မှ ပြုမူပြနေသည့် ပုံစံကြောင့် လူတိုင်းပင် သံသယ ဝင်ကုန်ကြပြီ ဖြစ်၏။
ချန်ချင်းယွီ : “ဖြစ်နိုင်တာကတော့... ဘာမှမရှိတာပါပဲ”
သူမကိုယ်တိုင်လည်း ‘ငါမသိတဲ့ အကြောင်းအရာတွေ ရှိနေတာလား’ ဟု စဉ်းစားမိသော်လည်း သေချာပြန်လည်ဆန်းစစ်ကြည့်လျှင်မူ ဘာမှမရှိနိုင်ခြေမှာ ပိုများသည်။
ယခင်၌ ယွမ်ဟောက်ဖုန်းသည် ရထားအမှုထမ်း အဖြစ် လုပ်ကိုင်ခဲ့ပြီး ခရီးဝေးလိုင်းများကိုသာ လိုက်ပါစီးနှင်းခဲ့ရ၏။ တစ်ခါတရံ ပြန်လာလျှင်ပင် အဆောင်၌သာ အနားယူလေ့ရှိပြီး ဆယ်ရက်၊ တစ်လ ပြန်မလာသည်မှာလည်း ခဏခဏ ဖြစ်သည်။ ထိုစဉ်က လီလင်းလင်း၏ စိတ်ထဲတွင်လည်း ရှီရှောင်ဝေသာ ရှိနေသဖြင့် ၎င်းတို့အချင်းချင်း ဆက်ဆံရေး ရှိနိုင်မည်မဟုတ်ပေ။
နောက်ပိုင်းတွင်မူ ယွမ်ဟောက်ဖုန်းသည် ရှန့်ရှန့်နှင့် ငြိစွန်းသွားခဲ့သည်။
အခြားသူများ မသိကြသော်လည်း ချန်ချင်းယွီတို့ သမီးယောက္ခမှာ ကောင်းကောင်းသိကြ၏။ ထို့ကြောင့်ပင် သူ အလုပ်ပြောင်းရွှေ့နိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် တစ်ဖက်လူသည်လည်း သူ့ကို အလကား ကူညီပေးခဲ့ခြင်း မဟုတ်ပေ။ သူကိုယ်တိုင်လည်း ပေးဆပ်ခဲ့ရ၏။ သူသည် အလုပ်ဆင်းရသည့်အပြင် ‘အစ်မကြီး’ ထံသို့ သွားရောက်ကာ လူအားဖြင့် ပြုစုပေးဆပ်ရသေးသဖြင့် တွက်ချက်ကြည့်လျှင် လီလင်းလင်းနှင့် တိတ်တဆိတ် ပတ်သက်ရန် အချိန်မရှိနိုင်ခြေ ပိုများသည်။ ထို့အပြင် လီလင်းလင်းသည် အလုပ်မရှိသဖြင့် ဝင်းကြီးထဲတွင်သာ အဝင်အထွက် အမြဲရှိနေတတ်ရာ သူမ၏ သွားလာလှုပ်ရှားမှုများကို လူတိုင်း သိနေကြ၏။
ဤအချက်ကို တွေးမိပြီးမှ ချန်ချင်းယွီ ပြောလိုက်သည်။
“ကျွန်မအထင်တော့ ဘာမှမရှိတာ သေချာသလောက်ပါပဲ၊ ဒါပေမဲ့လည်း အပိုင်တော့ မပြောရဲဘူးပေါ့”
ချိုက်မင်မင် နှာခေါင်းရှုံ့ကာ
“...ဘာမှမရှိဘဲနဲ့ ဒီလောက်ကြီး ဖြစ်ပျက်နေကြတာ တကယ့်ကို စိတ္တဇတွေကြနေတာပဲ… ငါတို့ တောရွာက လူတွေတောင် ဒီလိုမျိုး မလုပ်ကြဘူး”
ချန်ချင်းယွီ မျက်ခုံးတစ်ဖက် ပင့်တက်သွားပြီး
“မြို့ပြဖြစ်ဖြစ်၊ တောရွာဖြစ်ဖြစ် လူမျိုးစုံ ရှိတာပဲလေ… လူဆိုတာ ဘယ်နေရာမှာ နေထိုင်လဲဆိုတဲ့ အချက်ပေါ်မူတည်ပြီး ဘယ်လိုလူစားမျိုးလဲလို့ သတ်မှတ်လို့ရတာမှ မဟုတ်တာ”
“အဲဒါလည်း ဟုတ်တာပါပဲ”
လူတိုင်း တစ်ယောက်တစ်ပေါက်နှင့် ပက်ပက်စက်စက် ဝေဖန်ပြောဆိုလိုက်ကြသဖြင့် လင်စန်းရှင်းသည် စိတ်မကောင်းဖြစ်နေသော်လည်း အနည်းငယ်တော့ ငြိမ်ကျသွားသည်။ လီလင်းလင်းမှာ ခေါင်းကို ငုံ့ထားပြီး လင်စန်းရှင်း သူမကို ဆွဲခေါ်ကာ မကျေမချမ်းဖြင့် အိမ်ထဲသို့ ဝင်သွားကြလေ၏။
ချိုက်မင်မင် တိတ်တဆိတ် ခေါင်းခါယမ်းလျက်
“နားမလည်နိုင်ဘူး၊ တကယ်ကို နားမလည်နိုင်တော့ဘူး… ကျွန်မ မြို့သားတွေရဲ့ စရိုက်ကို တကယ်ကို သဘောမပေါက်တော့ဘူး”
ချန်ချင်းယွီ စိတ်ထဲတွင်မူ…
‘နင်က မြို့သားတွေရဲ့ စရိုက်ကို နားမလည်တာ မဟုတ်ပါဘူး၊ လင်စန်းရှင်း သားအမိရဲ့ စရိုက်ကို နားမလည်တာပါ’
အဘွားကြီးကျောက် အနားသို့ တိုးကပ်လာပြီး တီးတိုးဆိုလေ၏။
“ငါ့အထင်တော့ လင်စန်းရှင်းက တမင်သက်သက် လုပ်တာပဲ”
“ဘာဖြစ်လို့လဲ”
“သူမက မင်္ဂလာဆောင်တဲ့နေ့မှာ တမင်သက်သက် ဒီလိုပုံစံမျိုး လုပ်ပြပြီး ပြဿနာရှာတာနေမှာ…သတို့သမီးဘက်က ရွံရှာသွားပြီး စိတ်ထဲမှာ တစ်ခုခု တင်ကျန်သွားရင် ပွဲချင်းပြီး လမ်းခွဲလိုက်မှာလေ၊ ဒါဆိုရင် သူတို့ သားအမိတွေ လိုချင်တဲ့အတိုင်း ဖြစ်သွားပြီပေါ့… မဟုတ်ရင် လီချန်ရွှမ်းက ဘာလို့ မြင်လျက်နဲ့ မမြင်ချင်ယောင်ဆောင်နေရမှာလဲ… လီချန်ရွှမ်းက ငထူမဟုတ်ဘူးလေ… ဒီနေ့ သူတို့ လုပ်ပြတဲ့ ပုံစံက သူတစ်ပါးကို သက်သက်မဲ့ စိတ်ဒုက္ခပေးတာပဲ… သူကအချောင်နှိုက်စားနိုင်တဲ့အထိ လည်တဲ့လူပဲ၊ လူအကြီး ဖြစ်နိုင်ပါ့မလား… ဒါတွေအားလုံးက သူတို့မိသားစု တိုင်ပင်ထားကြတာ သေချာတယ်”
အဘွားကြီးကျောက် ခွဲခြမ်းစိတ်ဖြာပြ၏။
ချန်ချင်းယွီ၏ မျက်နှာတွင် အံ့ဩတုန်လှုပ်မှုများ ပြည့်နှက်သွားတော့သည်။
အဘွားကြီးကျောက် ဆက်ပြီး သုံးသပ်ပြလေ၏။
“ဒါက အကွက်တစ်ကွက်ပဲ၊ ယွမ်ဟောက်ဖုန်းတို့အိမ်က မင်္ဂလာဆောင်ဖို့အတွက် အပ်ချုပ်စက်ကော၊ ရေဒီယိုကော၊ အဝတ်ဘီရိုတွေကော အများကြီး ပြင်ဆင်ထားတာလေ… အဲဒီပစ္စည်းတွေကို ပြန်အမ်းလို့ရတာမှ မဟုတ်တာ၊ သေချာပေါက် အိမ်ထောင်ပြုတဲ့နေရာမှာ သုံးရမှာပဲ… အကယ်၍ မင်္ဂလာပွဲက နေရာတင် ပျက်သွားမယ်ဆိုရင် သူတို့အိမ်က လီလင်းလင်းက အစားဝင်ပြီး အခမ်းအနားကို ထိန်းပေးလိုက်ရုံပဲလေ၊ ဒါဆိုရင် ဘာတောင်းဆိုချက်မှ မလုပ်ရဘဲနဲ့ အဲဒီပစ္စည်းတွေကို အလကား အချောင်ရသွားမှာ မဟုတ်ဘူးလား… အခမ်းအနားမှာ ဝင်မပါရရင်တောင် မင်္ဂလာပျက်လို့ စိတ်ဒဏ်ရာရနေတဲ့ ယွမ်ဟောက်ဖုန်းကို သွားပြီး နှစ်သိမ့်ပေးရင်းနဲ့ အခွင့်ကောင်းယူလို့ ရသေးတာပဲ၊ အခုလို ဘာအကွက်မှ မရှိဘဲ ထိုင်နေရတာထက်စာရင် အများကြီး သာတာပေါ့… ပြီးတော့ ယွမ်ဟောက်ဖုန်းရဲ့ မင်္ဂလာပွဲ ပျက်သွားရင် ဘာပဲဖြစ်ဖြစ် သိက္ခာကျသွားမှာပဲလေ၊ နောက်တစ်ခါ အိမ်ထောင်ဖက် ထပ်ရှာရင်လည်း အခုလောက် အခြေအနေကောင်းတဲ့လူကို ရဖို့ မလွယ်တော့ဘူး… သူတို့အိမ်က ယွမ်ဟောက်ဖုန်းရဲ့ စျေးကွက်တန်ဖိုး ကျသွားမယ့်အချိန်ကို မျှော်လင့်နေတာလည်း ဖြစ်နိုင်တာပဲ၊ ဒါမှ အလုပ်အကိုင်မရှိတဲ့ သူတို့သမီးနဲ့ တန်းတူဖြစ်သွားပြီး သဘောတူလို့ ရမှာလေ”
ဘေးမှ တိတ်တဆိတ် နားထောင်နေကြသော လူအချို့မှာ အကြီးအကျယ် ထိတ်လန့်သွားကြပြီး အဘွားကြီးကျောက်ကို မယုံနိုင်လောက်အောင် ငေးစိုက်ကြည့်မိကြ၏။
‘ဒါတွေကို ဘယ်လိုများ တွေးတောနိုင်ရတာလဲ...’
‘အမလေး... အမေရေ။’
သို့သော်လည်း... ‘မဟုတ်ဘူးလို့ ငြင်းလို့မရသလို၊ စဉ်းစားကြည့်ရင်လည်း တစ်မျိုးတော့ အဓိပ္ပာယ်ရှိသားပဲ’ ဟု တွေးမိကြပြန်၏။
ချန်ချင်းယွီ : “အာ... ဒါကတော့... မဖြစ်နိုင်လောက်ပါဘူး... စကားမစပ်၊ သူက ဒီလိုလုပ်ရုံနဲ့ ပွဲပျက်သွားမယ်ဆိုတာကို ဘယ်လိုလုပ် သေချာသိမှာလဲ”
အဘွားကြီးကျောက် နှာခေါင်းရှုံ့လျက်
“သူမက လောင်းကြေးထပ်တာပေါ့...”
“လင်စန်းရှင်းလို သတ္တိမရှိတဲ့ လူဖျင်းမတစ်ယောက်က ကြီးကြီးမားမား လုပ်ဝံ့တဲ့ သတ္တိရှိတာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ ကွယ်ရာကနေပဲ လူမြင်ကတ်စရာတွေ လုပ်ပြီး လောင်းကြေးထပ်ကြည့်တာ… တကယ့်ကို ပေါ်ပေါ်ထင်ထင် ထွက်ပြီး ဖျက်ဆီးဖို့ကျတော့လည်း သူမ မဝံ့ရဲဘူးလေ၊ ဝင်းထဲကလူတိုင်း သိကြတာပဲ၊ ယွမ်ဟောက်ဖုန်းနဲ့ ကွမ်
ထင်းထင်းက မင်္ဂလာဆောင်ဖို့ စီစဉ်ကတည်းက ဆုံတာနဲ့ ရန်ဖြစ်နေကြတာ… လင်စန်းရှင်းက ဒီနေ့ သူတို့ကို စိတ်အနှောင့်အယှက်ပေးလိုက်ရင် မင်္ဂလာပွဲ ဆက်မလုပ်နိုင်တော့ဘူးလို့ တွေးပြီး လောင်းကြေးထပ်တာနေမှာ”
“သူမက ဒါမျိုးအထိတော့ မလုပ်လောက်ပါဘူးနော်...”
“အဲဒါကတော့ ဘယ်ပြောနိုင်မလဲ”
လူတိုင်း တိုးတိုးတိတ်တိတ်ဖြင့် ထပ်မံဆွေးနွေးကုန်ကြသည်။ အဘွားကြီးကျောက် လမ်းစဖော်ပေးလိုက်သဖြင့် အခြားသူများမှာလည်း အတိုင်းအတာတစ်ခုအထိ အဓိပ္ပာယ်ရှိသည်ဟု ထင်မြင်ကြ၏။ ရှီကျန့်ရှန်း ဤစကားကို ကြားသောအခါ ချက်ချင်းပင် လှည့်ထွက်သွားပြီး ကျောက်ရုံထံသို့ သွားတော့သည်။ ၎င်းတို့နှစ်အိမ်သည် ဆက်ဆံရေး အသင့်အတင့်ရှိသဖြင့် ဤကိစ္စကို သတိပေးထားသင့်သည်သာ…
မဟုတ်လျှင် တကယ်ကြီး သိက္ခာကျစရာဖြစ်လာပါက မကောင်းပေ…
၎င်းတို့၏ ဝင်းကြီးထဲတွင် မင်္ဂလာပွဲပျက်သည့် ဖြစ်ရပ်မျိုး လုံးဝ အဖြစ်မခံနိုင်ပေ…
သူမ၏ သားပင် အိမ်ထောင်မကျသေး၍ ဝင်းကြီး၏ နာမည်ကောင်းကို လုံးဝ ဖျက်ဆီးမခံနိုင်ပေ။
တိုက်ဆိုင်စွာပင် ပိုင်ဖုန်းရှန်းသည်လည်း ထိုအတိုင်း တွေးမိသဖြင့် မိမိ၏ အဘိုးကြီးထံသို့ လျင်မြန်စွာ သွားရောက်အကြောင်းကြားတော့၏။
ဘာပဲဖြစ်ဖြစ် ဒီနေ့ မင်္ဂလာပွဲကတော့ အဆင်ပြေချောမွေ့ရမယ်… ဘယ်လိုပြဿနာမျိုးမှ ထပ်အဖြစ်မခံနိုင်ဘူး…
ချန်ချင်းယွီမှာ ဖရုံစေ့ကို ဝါးရင်းဖြင့် စိတ်ရင်းမှန်ဖြင့်
“အမေ... အမေသာ ဇာတ်ညွှန်းရေးဆရာ မလုပ်ရင် တကယ့်ကို ပညာဖြုန်းတီးရာ ရောက်လိမ့်မယ်”
အဘွားကြီးကျောက် ဂုဏ်ယူဝင့်ကြွားစွာဖြင့်
“ငါ့ရဲ့ ဒီဦးနှောက်ကတော့ အခြားဟာ မဆိုထားနဲ့ တွေးခေါ်နိုင်တာကတော့ အရမ်းမြန်တယ်… ညည်းက ငါ့စကားကို လျှောက်ပြောနေတာလို့ မထင်နဲ့ဦး၊ လင်စန်းရှင်းရဲ့ စရိုက်ကို သေချာပြန်စဉ်းစားကြည့်ပြီး ငါပြောတာ ဟုတ်မဟုတ် ပြန်သုံးသပ်ကြည့်လိုက်”
“ဟုတ်ပါတယ်... ကျွန်မလည်း ဟုတ်တယ်လို့ ထင်ပါတယ်”
ချန်ချင်းယွီ ထောက်ခံမပေးရသေးမီမှာတင် ဝမ်မေ့လန် အရင်ဆုံး ခေါင်းညိတ်ထောက်ခံလိုက်၏။
၎င်းတို့နှစ်အိမ်စလုံးသည် ရှေ့ဝင်းတွင် နေထိုင်ကြပြီး ချန်ချင်းယွီနှင့် အဒေါ်ကြီးမေ့တို့ အိမ်ကဲ့သို့ပင် ထောင့်ချိုးချင်း ကပ်လျက်ရှိသော အိမ်နီးနားချင်းများ ဖြစ်ကြသဖြင့် ပုံမှန်အားဖြင့် အဝင်အထွက်မရှိသည့်တိုင် အချင်းချင်းကို အသိဆုံး ဖြစ်ကြသည်။ ဝမ်မေ့လန်မှာ အဒေါ်ကြီးကျောက်၏ စကားသည် ကွတ်တိမှန်ကန်သည်ဟု ခံစားရ၏။
အဘွားကြီးကျောက်မှာ သူမကို ‘မင်းက အမြင်ရှိတဲ့လူပဲ’ ဟူသော အကြည့်မျိုး ပေးလိုက်သည်။
ဝမ်မေ့လန်မှာလည်း အလိုက်သင့်ပင် ‘အချင်းချင်းပါပဲ’ ဟူသော အကြည့်မျိုးဖြင့် တုံ့ပြန်လိုက်၏။
၎င်းတို့ အတွေးလွန်နေခြင်း မဟုတ်ပေ၊ အချို့လူများသည် ကွယ်ရာတွင် ဤကဲ့သို့ လူမသိသူမသိ အကွက်ရွှေ့တတ်ကြသည်။ အောင်မြင်နိုင်ခြေ မရှိသလောက် နည်းပါးသော်လည်း ပေါ်ပေါ်ထင်ထင်လည်း မလုပ်ရဲကြပေ။ ယင်းမှာ တကယ့်ကို လင်စန်းရှင်း၏ စရိုက်အစစ်အမှန်ပင် ဖြစ်၏။
ထိုအချိန်တွင် အိမ်ထဲသို့ ရောက်ရှိနေသော လင်စန်းရှင်းမှာမူ ပူဆွေးသောကရိပ်များ ပျောက်ကွယ်သွားပြီး အလိုမကျမှုများဖြင့် ပြည့်နှက်နေကာ တိုးတိုးလေး ညည်းတွားနေတော့သည်။
“တကယ်ပါပဲ... တစ်ယောက်တစ်ပေါက်နဲ့ သူတစ်ပါးကိစ္စကို လိုက်စွက်ဖက်နေကြတာ၊ သူတို့နဲ့ ဘာဆိုင်လို့လဲ… အိမ်နီးနားချင်းအချင်းချင်း ခမည်းခမက် တော်စပ်ကြရင် အများကြီး ပိုမကောင်းဘူးလား၊ အပြင်က မိန်းမတစ်ယောက် ရောက်လာတာကို ကြည့်ဦး၊ အဲဒီမိန်းကလေးက လုံးဝ မိန်းမကောင်း စရိုက်ရှိတဲ့ ပုံစံမျိုး မဟုတ်ဘူး… နောက်ကျရင် ဝင်းထဲမှာ ပြဿနာတွေ လိုက်ရှာနေမှ သူတို့ ပျော်ကြမှာလား၊ တကယ့်ကို အူတူတူတွေ၊ သူတစ်ပါးကိုလည်း ဖျက်ဆီး၊ မိမိလည်း အကျိုးမရှိတဲ့ အနှောင့်အယှက်တွေပဲ… ငါကလည်း ဟောက်ဖုန်းအတွက် စေတနာနဲ့ လုပ်ပေးတာကို လူတွေက ငါ့ရဲ့ စေတနာကို နားမလည်ကြဘူး”
သူမသည် လီလင်းလင်းကို ကြည့်ကာ မကျေမချမ်းဖြင့်
“ငါ ညည်းကို ပြောသားပဲ၊ ညည်းက ချန်ချင်းယွီလောက် ရုပ်မချောရင် ပိုပြီး ကြိုးစားရမှာပေါ့… ညည်းကတော့ ဘာမှလည်းမလုပ်၊ သူ့အနားကိုလည်း ကပ်မသွားရဲဘူး၊ အဲဒီတော့ ဟောက်ဖုန်းက ညည်း အကြောင်းကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ၊ အခုတော့ ကြည့်ဦး... သူတစ်ပါးက အိမ်ထောင်ပြုတော့မယ်၊ ညည်းကတော့ ငါ့ကို စိတ်ဆိုးအောင်ပဲ လုပ်တတ်တယ်”
လီလင်းလင်း၏ မျက်ဝန်းအစုံမှာ နီရဲနေပြီး ရင်ထဲတွင် အလွန် ခံရခက်နေရှာသည်။
အမှန်တော့ သူမလည်း အစ်ကိုဟောက်ဖုန်းနှင့် လက်ထပ်ချင်တာပေါ့…
ဒါပေမဲ့ ကိုယ်တိုင်ဦးဆောင်ပြီး သွားရောက်ပတ်သက်ရမယ် ဆိုတော့လည်း မဝံ့ရဲဘူး… ဒီခေတ်မှာ ဘယ်မိန်းကလေးကမှ အရင်သွားပြီး မပတ်သက်ရဲကြဘူးလေ…
လီလင်းလင်းသည် နှုတ်ခမ်းကို ကိုက်လျက် စကားမဆိုဘဲ ငြိမ်နေရှာ၏။
လင်စန်းရှင်း၏ စိတ်ကူးကို အဘွားကြီးကျောက်မှာ ရှစ်ပုံကိုးပုံခန့် မှန်ကန်အောင် ခန့်မှန်းနိုင်လိမ့်မည်ဟု မည်သူ ထင်မှတ်ထားမည်နည်း။ ဤကိစ္စသည် အပြင်လူအဖို့ အလွန်အဓိပ္ပာယ်မရှိ၊ မဖြစ်နိုင်ဟု ထင်ရသော်လည်း လင်စန်းရှင်း၏ စရိုက်မျိုးနှင့်ဆိုလျှင် ဤသို့လုပ်ဝံ့သည်မှာ မဆန်းပေ။
တကယ်ကြီး ရှေ့ထွက်ပြီး ရန်ရှာဖို့ဆိုသည်မှာ သူမ တကယ် မဝံ့ရဲပေ။
သို့သော် ကွယ်ရာမှ အစောင်းချိတ်လုပ်ဖို့မူကား တတ်နိုင်ပြန်သည်။
အောင်မြင်နိုင်ခြေ မရှိသလောက် နည်းပါးသော်လည်း စမ်းသပ်ကြည့်ချင်သည့် စိတ်သည် ရှိနေဆဲ ဖြစ်၏။ သို့သော် မမျှော်လင့်ဘဲ အပြင်မှလူတိုင်းသည် ကြည့်မရကာ ဝိုင်းဝန်းပြောဆိုကြလိမ့်မည်ဟု မထင်ထားခဲ့ပေ။
လင်စန်းရှင်း: “သူတစ်ပါးကိစ္စ လိုက်စွက်ဖက်နေကြတာ”
လင်စန်းရှင်း: “ညည်းက တကယ့်ကို အသုံးမကျတာ”
လင်စန်းရှင်း: “လင်ကျန့်ဝမ်တောင် သူ့အမေစကားကို ဆန့်ကျင်ပြီး ချန်ချင်းယွီကို အတည်ယူခဲ့သေးတာပဲ၊ ညည်းကျတော့ ယွမ်ဟောက်ဖုန်းကို ဘာလို့ အဲဒီလိုမျိုး ဖြစ်အောင် မလုပ်နိုင်ရတာလဲ… ယွမ်အိမ်ရဲ့ ပစ္စည်းတွေကို ကြည့်ဦး၊ အပ်ချုပ်စက်၊ ရေဒီယို၊ စက်ဘီး၊ လက်ပတ်နာရီ၊ မင်္ဂလာပစ္စည်း အစုံအလင် ရှိတာဟဲ့… ဒီလို အခြေအနေကောင်းတဲ့ အိမ်မျိုးကို ညည်း လက်လွှတ်လိုက်ရပြီ”
လင်စန်းရှင်း ဒေါသတကြီးဖြင့် ဆက်တိုက် ရေရွတ်ဆဲဆိုနေတော့သည်။
လီလင်းလင်းမှာမူ စားပွဲပေါ်တွင် မှောက်လျက် ခံပြင်းစွာဖြင့် ရှိုက်ကြီးတငင် ငိုကြွေးနေရှာ၏။
ရှိုက်ကြီးတငင် ငိုသံများ ထွက်ပေါ်နေသည်။
ကျန်းမုန့်မုန့် တံခါးပြတင်းပေါက်အောက်တွင် ဝပ်လျက် တစ်ဆုံးအထိ ခိုးနားထောင်ပြီးနောက် အလယ်ဝင်းသို့ တတ်နိုင်သမျှ မြန်မြန် ပြေးလာခဲ့၏။ ချန်ချင်းယွီမှာ သူမကို မြင်သွားသဖြင့် စူးစမ်းလိုစိတ်ဖြင့် နောက်ကနေ လိုက်လာခဲ့သည်။
‘ဒီကောင်မလေးက ဘယ်အချိန်ကတည်းက ရောက်နေတာလဲမသိဘူး’
ကျန်းမုန့်မုန့် အလယ်ဝင်းသို့ ရောက်လာပြီး စကားမဆိုသေးဘဲ မျက်လုံးလေး အဝိုင်းသားဖြင့် ကျောက်ရုံကို ကြည့်ကာ လက်လှမ်းပြလိုက်သည်။
ကျောက်ရုံမှာ “ရော့...” ဟု ဆိုကာ၊
သကြားလုံး အများကြီးကို လက်တစ်ဆုပ်စာ ချက်ချင်း ထုတ်ပေးလိုက်၏။
ကျန်းမုန့်မုန့် သကြားလုံးများကို အိတ်ထဲသို့ ထည့်လိုက်ပြီး ခေါင်းညိတ်ပြကာ ပါးစပ်ကလေး တပြင်ပြင်ဖြင့် လွှတ်ခနဲ ပြောတော့သည်။
“မင်္ဂလာပစ္စည်း အစုံအလင် ရှိတာကို ညည်းက ဒီအတိုင်း လက်လွှတ်လိုက်ရပြီ”
“ညည်းကို မြှူဆွယ်ခိုင်းတော့လည်း မတတ်ဘူး၊ ညည်းက ဘာလုပ်တတ်သေးလို့လဲ။ ညည်း သူ့ကို မြှူဆွယ်တာက သူ့ကို ကူညီပေးတာပဲလေ၊ ညည်းကော သူ့ကို မကောင်းစေချင်ဘူးလား… စရိုက်ကြမ်းတဲ့ မိန်းမတစ်ယောက်ကို ယူလိုက်ရင် သူလည်း ဆင်းရဲဒုက္ခရောက်မှာပေါ့၊ အဲဒီမိန်းမယုတ်က ဘာမို့လို့ ဒီအိမ်ကို လာရမှာလဲ… ဒီနေရာက ညည်းနေရာ ဖြစ်သင့်တာ”
“ကျောက်ရုံက တကယ့်ကို မျက်စိမရှိတဲ့လူပဲ၊ ငါ့သမီးရဲ့ အကောင်းကို မမြင်ဘဲနဲ့ အဲဒီလို ရိုင်းစိုင်းတဲ့ မိန်းမမျိုးကိုပဲ ရွေးတတ်တယ်… တစ်နေ့နေ့ကျရင် သူမ ငိုရမယ့်ရက် ရောက်လာမှာပဲ၊ ငါ စောင့်ကြည့်နေမယ်”
“ကြည့်နေလိုက်ပါ၊ သူတို့ သေချာပေါက် အဆင်မပြေနိုင်ဘူး၊ လက်ထပ်ပြီးရင်တောင် ကွာရှင်းကြမှာပဲ… အဲဒီအချိန်ကျရင် တစ်ခုလပ်တစ်ယောက်ကို ငါတို့အိမ်ကတောင် ပြန်မျက်စိကျမှာ မဟုတ်ဘူး… အဲဒီ ပစ္စည်းကောင်းတွေ နှမြောစရာပဲ၊ အဲ့ဒါတွေက သတို့သမီးနဲ့ကော ထိုက်တန်လို့လား”
“ညည်းပဲ... ညည်းပဲ... တကယ့်ကို အူတူတူနိုင်လွန်းတယ်၊ ခဏနေရင် သတို့သမီးရှေ့ သွားပြီး ငိုပြလိုက်၊ သတို့သမီးက ဒါကို ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ… ငါတော့ မယုံဘူး...”
...
ကျောက်ရုံတစ်ယောက် ဒေါသတကြီးဖြင့် တုန်လှုပ်သွားတော့သည်။
ချန်ချင်းယွီ ဘေးနားတွင် ခိုးနားထောင်ရင်း စိတ်ထဲတွင် ရေရွတ်မိ၏။
‘တကယ်ပဲ... လူကို အပြင်ပန်းသဏ္ဌာန်နဲ့ ဆုံးဖြတ်လို့မရပါလား...’
လင်စန်းရှင်းက တကယ့်ကို အံ့ဩစရာကောင်းတဲ့ လူထူးလူဆန်းတစ်ယောက်ပဲ ….
ဒါပေမဲ့ ကျန်းမုန့်မုန့်က ပိုပြီးတောင် အံ့ဩစရာကောင်းနေသေး…
ဒီလောက်ငယ်တဲ့ အရွယ်လေးနဲ့ ဒါမျိုးတွေကို လိုက်လုပ်နိုင်နေပြီလား...
ကြည့်ရသည်မှာ နောင်ကျလျှင်စကားပြောသည့်အခါ အထူးသတိထားရတော့မည်… မဟုတ်လျှင် သူတစ်ပါး ခိုးနားထောင်ပြီး လိုက်လံဖြန့်ဝေခြင်းကို ခံရနိုင်ခြေ ရှိ၏။
တကယ့်ကို မယုံနိုင်စရာ ကောင်းလှချည်လား… အာဂလူတွေ စုနေတဲ့နေရာပဲ…