အခန်း ၁၁၂
Vol. 12 Ch. 112
အခန်း (၁၁၂) သေလောက်အောင် အံ့ဩရခြင်း
ချန်ချင်းယွီ ရေရွတ်လိုက်မိ၏။
“ဘုရားရေ… ကျောက်ရုံက တကယ်ကို ဉာဏ်များတာပဲ”
သူမက အရာရာတိုင်းကို အစွမ်းကုန် အသုံးချတတ်တာပဲ… ကျန်းမုန့်မုန့်ကလည်း အဲဒီလိုလူစားမျိုး၊ သူမကို စားစရာလေးပေးလိုက်ရုံနဲ့ ဘာမဆို လုပ်ပေးမယ့်သူ…
နောက်ဆုံး သူမကို ဘာမှမခိုင်းရင်တောင်မှ သူမဘာသာသူမ ပစ္စည်းအသေးအဖွဲလေးတွေ ခိုးတတ်
သေးတာပဲ…
မိမိတို့အိမ်တွင် အဘွားကြီးကျောက်ကဲ့သို့ ဘာကိုမှ ဂရုမစိုက်တတ်သူ ရှိနေ၍ တော်သေးသည်ဟု ဆိုရမည်။ သူမသည် မျက်နှာပျက်ရမည်ကိုလည်း ဂရုမစိုက်ပေ။ သူမဘက်မှ နည်းနည်းလေး ဆုံးရှုံးရပြီဆိုလျှင် ကြက်သွန်မြိတ်တစ်ပင် ဖြစ်လင့်ကစား သူမသည် အိမ်ရှေ့ထိ ရန်သွားရှာမည့်သူဖြစ်၏။ အဘွားကြီးကျောက်၏ နာမည်ဆိုးသည် အလွန်ကျော်ကြားလှ၍ ကျန်းမုန့်မုန့်ပင် ချန်ချင်းယွီတို့အိမ်နား မကပ်ရဲရှာပေ။
သူမက မသိဘူးလို့ ထင်နေတာလား... ကျန်းမုန့်မုန့်တစ်ယောက် ဒုတိယမြောက်ဝင်းနဲ့ အလယ်ဝင်းကြားက စင်္ကြံလမ်းမှာ ဆောင့်ကြောင့်ထိုင်ပြီး သူ့ရဲ့ ကြက်မကြီးကို တံတွေးတမြှားမြှားနဲ့ ငေးကြည့်နေခဲ့တာ….
သူမရဲ့ ယောက္ခမရှိနေတာ တကယ်ကို ကံကောင်းတာပဲ…
ဒါပေမဲ့ ဒီကလေးက အခု ကြားစီးပွားရေးပါ လုပ်နေလိမ့်မယ်လို့ မထင်ထားမိဘူး…
တကယ်ပဲ ကျန်းမိသားစုကလူတွေဟာ ထူးဆန်းတဲ့ မျိုးနွယ်စုတွေချည်းပဲ…
ချန်ချင်းယွီ ချောင်းနားထောင်ပြီး ကျောက်ရုံကို တစ်ချက် ထပ်ကြည့်လိုက်သည်။ ကျောက်ရုံ၏ မျက်နှာ အနည်းငယ် ပျက်ယွင်းသွား၏။ သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့ရင်း ကျန်းမုန့်မုန့်ကို ပြန်လွှတ်လိုက်ပြီး ယွမ်ဟောက်ရွှယ်ကို တိုးတိုးတိတ်တိတ် တစ်ခုခုပြောရန် အိမ်ထဲသို့ ပြန်ဝင်သွားသည်။ ချန်ချင်းယွီလည်း တိတ်တဆိတ် ထွက်ခွါခဲ့၏။
လင်စန်းရှင်းနှင့် သူမ၏ သမီးဖြစ်သူတို့ ယွမ်မိသားစုကို ဒုက္ခပေးချင်ကြသော်လည်း ကျောက်ရုံကိုယှဉ်နိုင်စွမ်း မရှိကြပေ။
ချန်ချင်းယွီသည် ကျောက်ရုံအကြောင်းကို ကောင်းကောင်းသိသည်။ သူမမှာ တကယ့်ကို ရက်စက်ပြီး အကွက်ချစီစဉ်ရာမှာ ကျွမ်းကျင်သူ ဖြစ်၏။ လင်စန်းရှင်း ဆယ်ယောက်ရှိလျှင်ပင် ကျောက်ရုံကို နိုင်မှာမဟုတ်ပေ။ လင်စန်းရှင်းသည် လူများကို သွယ်ဝိုက်ပြီး စိတ်အနှောင့်အယှက်ပေးခြင်းနှင့် ဖြစ်နိုင်ခြေအနည်းငယ်လေးပေါ် မူတည်ပြီး လှည့်ပတ်ကြံစည်ရဲရုံသာ ရှိကာ အလွန်အကျွံ လုပ်ဖို့ မဝံ့ရဲရှာပေ။ သူတွင် ရည်မှန်းချက် ရှိသော်လည်း သူရဲဘောကြောင်သည်။
ဒါပေမဲ့ ကျောက်ရုံက ဘယ်လိုလူလဲ... အိုဘုရားသခင်… သူမက ဥပဒေကိုတောင် ချိုးဖောက်ရဲတဲ့သူ...
ယွမ်ရှောင်ချွေကို မူးအောင်တိုက်ပြီး ယောက်ျားတစ်စုရဲ့ ကုတင်ပေါ် ပို့ဖို့ စီစဉ်တာက ရာဇဝတ်မှုပဲလေ…
လင်စန်းရှင်းနှင့် သူမ သမီးဒုက္ခရောက်တော့မည်ဖြစ်ကြောင်း ချန်ချင်းယွီ ခံစားမိ၏။
အင်း… ဘယ်လိုနည်းနဲ့လဲ ဆိုတာကိုပဲ သူမ မသိတာ…
သူမအနေဖြင့် ဤကိစ္စတွင် သိပ်ပြီး ပါဝင်ပတ်သက်ခြင်း မရှိခဲ့ကာ၊ ယင်းမှာ သူမနှင့်လည်း မဆိုင်ပေ။ အရာရာတိုင်း လိုက်စွက်ဖက်နေလျှင် သူမ,သာ မောပန်းရလိမ့်မည်။ သူမအနေနှင့် မိမိကိုယ်ပိုင်မိသားစုကိုသာ အရင်ဆုံး ဂရုစိုက်သင့်သည်။
ချန်ချင်းယွီ ရှေ့ဝင်းဘက်သို့ တစ်ဖန် အမြန်ပြေးသွားပြန်၏။
အချိန်ကိုက်ပင်၊ သတို့သမီးကို တင်ဆောင်လာသည့် စက်ဘီးများ ပြန်ရောက်လာသည်။ အပြင်ဘက်တွင် ဆူညံသံများနှင့် သီချင်းဆိုသံများဖြင့် အလွန်စည်ကား သိုက်မြိုက်နေ၏။ အဘွားကြီးကျောက် ဖျတ်လတ်စွာဖြင့် အပြင်သို့ ပြေးထွက်သွားရင်း အော်ဟစ်လိုက်သည်။
"သတို့သမီး ပြန်ရောက်ပြီဟေ့"
လမ်းကြားတစ်ခုလုံးတွင် လာရောက်ကြည့်ရှုသူများနှင့် ပြည့်နှက်နေသည်။ အခြားမင်္ဂလာဆောင်များ ယခင်က ရှိခဲ့ဖူးသော်လည်း၊ ယခုပွဲသည် ယွမ်မိသားစု သားဖြစ်သူအတွက် အခမ်းနားဆုံး ပွဲတစ်ခုဖြစ်၏။ စက်ဘီးတစ်စီးတည်းနှင့်တင် အားလုံး အားကျ မနာလိုရန် လုံလောက်နေလေပြီ….
‘လည်စရာသုံးခုနဲ့ အသံတစ်
သံ’(ရိုးရာမင်္ဂလာ အသုံးအဆောင်ဖြစ်တဲ့ စက်ဘီး၊ နာရီ၊ အပ်ချုပ်စက်နဲ့ ရေဒီယို) ကိုမူ ပြောနေစရာပင် မလိုတော့ပေ။ မြို့ပြမိသားစုတိုင်း ချမ်းသာသည်ဟု ထင်လျှင် မှားမည်သာ… မြို့ခံများထဲတွင်ပင် မင်္ဂလာဆောင်အတွက် ၎င်းတို့ကို ဝယ်နိုင်ဖို့ဆိုသည်မှာ ရှားပါးလှ၏။
သတို့သမီးသည် အနီရောင် အင်္ကျီနှင့် ဘောင်းဘီကို ဝတ်ဆင်ထားပြီး၊ အနီရောင် ကက်ရှ်မီးယား ကုတ်အင်္ကျီကို ထပ်ဝတ်ထားကာ၊ သူမ၏ ဆံပင်ကိုအနီရောင် ပန်းပွင့်ကြီးတစ်ပွင့်ဖြင့် အပေါ်ထုံး ထုံးထားသည်။
အာ…. ဒါကြီးက…
ဝတ်စုံသည် ယခုခေတ်မှာ ခေတ်စားနေသည် မှန်သော်လည်း၊ ခေါင်းအစ ခြေအဆုံး၊ အတွင်းရော အပြင်ပါ အနီရောင်များချည်း ဖြစ်နေ၏။ ပထမဆုံး မြင်လိုက်ရချိန်တွင် အနည်းငယ် တောက်ပလွန်းသည်ဟု ခံစားရသည်။
သို့သော်လည်း လူအများစုသည် အားကျနေကြဆဲပင်။ ယခုကဲ့သို့ တောက်ပသော အနီရောင်ဝတ်စုံမျိုးကို ဝယ်ယူရန် မလွယ်ကူလှပေ။
အဆက်အသွယ် မရှိဘဲနဲ့ ရနိုင်ပါ့မလား... ဘယ်လိုမှ မဖြစ်နိုင်ပါဘူး…
"သတို့သမီး လာပြီဟေ့"
အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီးနောက်၊ မီးရှူးမီးပန်းများ တဖောက်ဖောက် ပေါက်ကွဲသံများ လိုက်ပါလာသည်။ ချန်ချင်းယွီ တံခါးဝတွင် ကပ်ရပ်ရင်း ဇနီးမောင်နှံအသစ်ကို စောင့်ကြည့်နေခဲ့၏။
အင်း… ဘယ်လို ပြောရမလဲ...
ယွမ်ဟောက်ဖုန်း၏ အပြုံးသည်အနည်းငယ် တောင့်တင်းနေပြီး၊ သတို့သမီး၏ မျက်နှာမှာ ပို၍ပင် အေးစက်နေသည်။
ချန်ချင်းယွီ : "ဒါက..."
သတို့သမီးကို သွားရောက်ခေါ်ဆောင်ပေးခဲ့ကြသည့် အခြားသူများကို ကြည့်ရသည်မှာလည်း အားလုံး နေရခက်ပြီး မျက်နှာပျက်နေကြ၏။ မင်္ဂလာလှည့်လည်ပွဲအတွင်း တစ်ခုခု မှားယွင်းသွားခဲ့သည်ဟု ချန်ချင်းယွီ ခန့်မှန်းလိုက်သည်။
"သတို့သမီး ရောက်ပြီ… ဇနီးမောင်နှံအသစ်တို့၊ အထဲကို ဝင်ခဲ့ပါ..."
ထိုစကားအဆုံးတွင် မင်္ဂလာသကြားလုံးများကို ကြဲပက်လိုက်ကြ၏။ တစ်စုံတစ်ဦးသည် ဇနီးမောင်နှံအသစ်ထံသို့ အိတ်တစ်အိတ် ကမ်းပေးလိုက်ပြီး ယွမ်ဟောက်ဖုန်းနှင့် ကွမ်ထင်းထင်းတို့ သကြားလုံးများကို စတင် ကြဲပက်တော့သည်။
ဝှီး…...
အခြေအနေက ပို၍ပင် ရုန်းရင်းဆန်ခတ် ဖြစ်သွား၏။
အားလုံး တိုးဝှေ့နေကြပြီး၊ ခဏမျှ မှင်တက်သွားပြီးနောက် သကြားလုံးများကို ကောက်ယူရန် ချက်ချင်း ဆောင့်ကြောင့်ထိုင်ချကာ အလုအယက် လုယူကြတော့သည်။
အိုဘုရားသခင်… အိမ်အဝင်ဝကတည်းက သကြားလုံးတွေ စပြီး ကြဲပက်တဲ့ အခုလို ရက်ရောတဲ့ မင်္ဂလာဆောင်မျိုးကို သူတို့တစ်ခါမှ မကြုံဖူးဘူး…
တကယ့်ကို ရက်ရောလွန်းလှချည်လား…
ယနေ့ခေတ်တွင် ပစ္စည်းပစ္စယများရှားပါးလွန်း၍ ဤသည်မှာ တကယ့်ကို ရှားရှားပါးပါး ဖြစ်ရပ်တစ်ခုပင်။
ဇနီးမောင်နှံအသစ်လေးမှာ အထဲသို့ လျှောက်လှမ်းဝင်လာရင်း လမ်းတစ်လျှောက်လုံး သကြားလုံးများကို ကြဲပက်လာခဲ့သည်။ ချန်ချင်းယွီမှာ မိမိ၏ ကလေးငယ်များ လူနင်းမိမည်စိုးရိမ်နေ၏။ လူတိုင်းသည်လည်း သကြားလုံးကောက်ရန် အလုအယက် တိုးဝှေ့နေကြသည်။ သူမ ကလေးများကို လှမ်းမြင်လိုက်သဖြင့် ချက်ချင်း အမြန်ပြေးသွားပြီး အထဲသို့ တွဲခေါ်လာခဲ့၏။ ထိုသို့ လုပ်နေစဉ်အတွင်းမှာပင် သူမလက်တစ်ဖက်ဖြင့် သကြားလုံး အနည်းငယ်ကို ဖမ်းမိလိုက်ပြီး ကလေးနှစ်ယောက်ကို ပေးလိုက်သည်။
သူမကိုယ်တိုင် ငုံ့မကောက်ခဲ့သော်လည်း ကြဲပက်လိုက်စဉ်မှာတင် လက်ထဲသို့ မင်္ဂလာသကြားလုံး အနည်းငယ် ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။
ဟဲဟဲ… မင်္ဂလာအငွေ့အသက်လေး ရတာပေါ့…
ပြီးတော့ သိတယ်မလား... ဒီနေ့မှာ မင်္ဂလာအငွေ့အသက်ကို မျှဝေခံစားချင်ကြတဲ့သူတွေ တော်တော်များများ ရှိနေကြတာလေ…
လူတိုင်း တစ်ယောက်ကိုတစ်ယောက် တွန်းထိုးရင်း သကြားလုံးများကို ရူးသွပ်မတတ် အလုအယက် ကောက်နေကြသည်။
"ဒါ ငါ့ဟာ... နင် ဘာလုပ်တာလဲ... ငါ့လက်ထဲကဟာကို ဘာလို့ လာလုတာလဲ... ဖယ်စမ်း"
"အား… ဘယ်သူ ငါ့ကို နင်းတာလဲ... ဒါ ငါ့ဟာနော်"
"ငါ တစ်စေ့မှ မရသေးဘူး၊ နင်တို့အားလုံး ဘာလို့ လုနေကြတာလဲ... လောလောဆယ် လောက်လောက်ငင ရှိပါတယ်..ယူချင်သလောက် ယူကြစမ်းပါ"
"ငါ့ဟာကို မယူနဲ့..."
...
စကားသံများ ကြွက်ကြွက်ညံကာ ရုတ်ရုတ်သဲသဲ ဖြစ်မှုများ ဆက်လက်၍ ဖြစ်ပွားနေဆဲ ဖြစ်၏။ ချန်ချင်းယွီသည် မိမိ၏ ယောက္ခမဖြစ်သူ အိတ်ကပ်များ ဖောင်းကားလျက် ဇနီးမောင်နှံအသစ်၏ နောက်မှ ထပ်ချပ်မကွာ လိုက်ပါသွားသည်ကို ငေးကြည့်နေမိသည်။
‘အမလေး... ဒီအဘွားကြီးကတော့ တကယ့်ကိုပဲရှင်’
သူမမှာ တကယ့်ကို အစွမ်းအစ ရှိပါပေတယ်…
“အားလုံးပဲ စိတ်အေးအေးထားကြပါ... စိတ်အေးအေးထားကြပါ... ဇနီးမောင်နှံအသစ်ကို တိုးမဝှေ့ကြပါနဲ့ဦး၊ သတိထားကြဦး...”
ဝမ်တာ့ချွေ အခြေအနေကို ဝိုင်းဝန်းထိန်းသိမ်းပေးနေ၏။ သူသည် အူတူတူလူကြီး ဖြစ်သော်လည်း ကျောက်ရုံမှာ သူ့ကို လုံးဝစည်းရုံးသိမ်းသွင်းထားနိုင်သဖြင့် စိတ်ရင်းမှန်ဖြင့် ဝိုင်းကူပေးနေခြင်း ဖြစ်သည်။
“မင်းတို့ကလည်း ဘာလုပ်နေကြတာလဲ… ဒါမျိုးတစ်ခါမှ မမြင်ဖူးကြဘူးလား၊ သကြားလုံး နည်းနည်းပါးပါးလေးကို ဘာလို့ ဒီလောက်တောင် လုယက်နေကြတာလဲ…အိန္ဒြေလေး ဘာလေး စောင့်ကြပါဦး...”
“မင်းတို့အားလုံးက အလုပ်သမားတွေချည်းပဲဟာ၊ တစ်လုပ်စာလေးအတွက်နဲ့ အတင်းမလုကြပါနဲ့ဦး၊ အပြင်လူတွေ ရယ်စရာ ဖြစ်ကုန်လိမ့်မယ်၊ အရှက်လေးလည်း ရှိကြပါဦး...”
“တောက်... ဘယ်ကောင် ငါ့ကို တွန်းလိုက်တာလဲ၊ မင်းတို့အားလုံး ငြိမ်ငြိမ်နေကြစမ်း... မင်းတို့လည်း ဇနီးမောင်နှံအသစ်ကို သေချာကာကွယ်ပေးထားကြလေ၊ တကယ်ပဲကိုး...”
ဝမ်တာ့ချွေသည် ပါးစပ်မှပြောရုံတင်မကဘဲ လက်ပါ သုံးလိုက်သေးသည်။ ဇနီးမောင်နှံအသစ်၏ အနားသို့ တိုးကပ်လာသူမှန်သမျှကို ဘေးသို့ တွန်းဖယ်ပစ်လိုက်၏။ သူသည် တူကြီးဆွဲကာထုရသည့် အလုပ်သမား ဖြစ်သဖြင့် မွေးရာပါ ခွန်အားအလွန်ကြီးမားလှသည်။ ဝမ်တာ့ချွေ ရှိနေ၍သာ တော်သေးသည် ဆိုရမည်… သူ၏ အပြုအမူမှာ အနည်းငယ် ကြမ်းတမ်းရိုင်းစိုင်းသည်ဟု ထင်ရသော်လည်း အခြေအနေကိုထိန်းသိမ်းနိုင်ခဲ့၏။ မဟုတ်လျှင် သကြားလုံးလုရင်း လူအုပ်ပိသည့် ဖြစ်ရပ်မျိုး သေချာပေါက် ဖြစ်ပွားသွားနိုင်သည်။
ချန်ချင်းယွီသည် မိမိ၏ အခန်းထဲတွင် အောင်းလျက် တံခါးကြားမှနေ၍ အပြင်သို့ ချောင်းကြည့်နေမိ၏။ သူမ စိတ်ထဲတွင် အကြီးအကျယ် အံ့ဩတုန်လှုပ်သွားရသည်။
‘ဒီအစီအစဉ်တစ်ခုလုံးကို ဘယ်သူကများ ရေးဆွဲလိုက်တာလဲမသိဘူး… တကယ့်ကို ပွဲမပျက်ပျက်အောင် တမင်လုပ်နေတဲ့အတိုင်းပဲ...’
ယခုခေတ်ကာလတွင် ပစ္စည်းဥစ္စာ ရှားပါးလှသဖြင့် လူတိုင်း သကြားလုံးကို အလွန်မက်မောကြမှန်း သိသာလှ၏။ အလကားရမည့်အရာကို မည်သူ မလုဘဲ နေပါမည်နည်း။ ဤသို့ သကြားလုံးကို ကြဲပက်လိုက်လျှင် ရုတ်ရုတ်သဲသဲ ဖြစ်သွားမည်မှာ မြေကြီးလက်ခတ်မလွဲပင်။ ဤကိစ္စတစ်ခုလုံးမှာ တကယ့်ကို...
‘မင်္ဂလာပွဲကို ပုံစံတကျ ဖြစ်သွားမှာ စိုးရိမ်နေကြတာလားမသိဘူး’
ချန်ချင်းယွီတစ်ယောက် ဝေခွဲမရ ဖြစ်နေပြီး လုံးဝ အံ့ဩမှင်သက်နေမိသည်။
ဤကဲ့သို့ အကွက်မျိုးကို အဘယ်ကြောင့် စီစဉ်ရသည်ကို သူမ နားမလည်နိုင်သော်လည်း လူတိုင်း အလုအယက် လုနေကြသည့် အချက်ကိုမူ သူမ ကိုယ်ချင်းစာ၍ ရလေ၏။
ဒီအပိုင်းကတော့ တကယ်ကို မလိုအပ်တဲ့ အပိုအလုပ်ပဲ… ဒီတိုင်းဝေလည်း ရရဲ့သားနဲ့ ဘာလုပ်တာပါလိမ့်…
မြင်ကွင်းတစ်ခုလုံး အော်ဟစ်သံများ၊ ဆဲဆိုသံများဖြင့် အမှန်တကယ်ကို ဖရိုဖရဲ ဖြစ်နေတော့သည်။ ဇနီးမောင်နှံအသစ်၏ မျက်နှာများမှာ ပို၍ပင် မည်းမှောင်နေကြ၏။ ကံကောင်းသည်မှာ ၎င်းတို့သည် အလယ်ဝင်းတွင် နေထိုင်ကြခြင်း ဖြစ်ပြီး၊ အကယ်၍ နောက်ဝင်းတွင်သာ နေထိုင်ကြပါက သကြားလုံးလုသည့် ပြဿနာကြောင့် ဖရိုဖရဲဖြစ်မှုသည် ယခုထက်မက ပိုမိုကြီးမားသွားပေလိမ့်မည်။ ချန်ချင်းယွီ အိမ်ထဲတွင် ရပ်နေခြင်း ဖြစ်သဖြင့် ဘေးကင်းလုံခြုံလှသည်။
လူအုပ်ကြီးနှင့် ဖရိုဖရဲ ဖြစ်ပွါးခြင်း ရလဒ်မှာ မည်သို့မှ မကောင်းပေ။
ချန်ချင်းယွီသည် အဘိုးကြီးကျန်း အစ်မကြီးဖန်၏ ဖင်ကို တိတ်တဆိတ် နှိုက်လိုက်သည်ကိုပင် မြင်လိုက်ရသေး၏။
ချန်ချင်းယွီ: “...”
‘ဒါ ဘာတွေလဲဟေ... တကယ့်ကို ဝရုန်းသုန်းကားနိုင်လွန်းတယ်...’
ကံကောင်းသည်မှာ သူမသည် အခြေအနေ မကောင်းမှန်း ရိပ်မိသည်နှင့် ချက်ချင်းပင် ထွက်ပြေးခဲ့ပြီး အလယ်ဝင်းသို့ ဦးတည်သွားခဲ့ခြင်း ဖြစ်သည်။ သို့သော် အလယ်ဝင်းတွင်လည်း အလွန်ပင် စည်ကားနေပြီး ဒုတိယမြောက်ဝင်းတွင်လည်း လူအတော်များများ ရှိနေကာ အားလုံးသည် မုခ်ဦးဝတွင် စုပြုံနေကြ၏။ ကလေးအချို့မှာမူ ရှေ့ဝင်းနှင့် ဒုတိယမြောက်ဝင်းတို့တွင် ကျန်ရစ်နိုင်ခြေရှိသော သကြားလုံးများကို အသည်းအသန် ရှာဖွေနေကြဆဲ ဖြစ်သည်။
“လမ်းဖယ်ပေးကြပါဦး... လမ်းဖယ်ပေးကြပါဦး... သတို့သမီးရဲ့ ဆွေမျိုးတွေ နောက်မှာ ရောက်နေပြီဗျို့...”
ကျောက်ရုံသည် လူကောင်း တစ်ယောက် မဟုတ်စေကာမူ ကိစ္စရပ်များကို စီစဉ်ညွှန်ကြားသည့်နေရာတွင် သူမ၏ လင်ယောကျာ်းထက် အများကြီး ပိုမိုစွမ်းဆောင်နိုင်စရာ ရှိ၏။ ယွမ်ဟောက်မင်မှာမူ လုံးဝ အသုံးမကျငည့်အပြင် ဂုဏ်မောက်သည့် အမူအရာမျိုး ဖမ်းလျက် ဘာမှမလုပ်ဘဲ နေတတ်ရာ၊ ကျောက်ရုံသည်သာ ကိစ္စအဝဝကို ဦးဆောင်ကိုင်တွယ်နေခြင်း ဖြစ်သည်။ ယခုအခါတွင်လည်း သူမသည် သတို့သမီး၏ ဆွေမျိုးများကို ကြိုဆိုရန် လူအုပ်ကို ဦးဆောင်၍ ထွက်လာခဲ့၏။
၎င်းတို့မှာလည်း ကားဖြင့် ရောက်ရှိလာကြခြင်း ဖြစ်ပြီး အနည်းငယ်သာ နောက်ကျခဲ့ခြင်း ဖြစ်သည်။
ကျောက်ရုံ လူအုပ်ကို ဦးဆောင်၍ ထွက်လာသောအခါ မြင်ကွင်းတစ်ခုလုံး ပြန်လည် စည်ကားသက်ဝင်လာသဖြင့် ချန်ချင်းယွီလည်း အခြေအနေကို ကြည့်ရှုရန် လျင်မြန်စွာပင် ထွက်လာခဲ့၏။
ဒါက ၁၉၇၀ ပြည့်လွန်နှစ်တွေက မင်္ဂလာဆောင်ပွဲပဲ...
ကျန်းရှင်းဖှ : “အမလေး... ငါ့ဘဝမှာ အစုံမြင်ဖူးသွားပြီဗျာ... ငါ ပြောပြမယ်၊ ယွမ်ဟောက်ဖုန်းကတော့ နောင်ကျရင် ဒုက္ခရောက်တော့မှာ သေချာတယ်… ‘အိမ်ထောင်တစ်ခုမှာ မိန်းမကောင်းရဖို့ လိုတယ်’ ဆိုတဲ့ ရှေးလူကြီးတွေ စကားက တကယ်ပဲ မှန်တာဗျ၊ အဲဒီအိမ်က ရွေးလိုက်တဲ့ မိန်းမက လုံးဝ အေးဆေးတဲ့ မိန်းမစားမျိုး မဟုတ်ဘူး”
“ဘာဖြစ်လို့လဲ... မင်္ဂလာဆောင်တဲ့နေ့မှာ တစ်ခုခု ဖြစ်လို့လား...”
ကျန်းရှင်းဖှ : “တစ်ခုခု ဖြစ်တာတင် ဘယ်ကမလဲဗျာ...”
သူသည် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားမည့်လူ မဟုတ်ပေ။ လတ်လတ်ဆတ်ဆတ် ရရှိထားသော သတင်းဦးကို ကြားထားရသဖြင့် သူခမျာ မအောင့်နိုင်ဘဲ မနားတမ်း ပြောတော့သည်။
“ငါတို့ အိမ်တံခါးထဲတောင် မဝင်ရသေးဘူး၊ သတို့သမီးက အနီရောင်စာအိတ် (မုန့်ဖိုးအိတ်) တောင်းနေပြီလေ... ပေးကိုပေးရမယ်တဲ့ဗျာ…ဘယ်သူကများ မင်္ဂလာပွဲ နှုတ်ခမ်းဝကျမှ စာအိတ်နီ လာတောင်းနေမှာလဲ… ယွမ်ဟောက်ဖုန်းကလည်း ဘာမှ ပြင်မလာခဲ့ဘူးလေ... ကံကောင်းတာက ကွမ်ထင်းထင်းရဲ့ မိဘတွေက လူမှုရေး နားလည်ပြီး သမီးဖြစ်သူကို ဖျောင်းဖျနိုင်လို့ တော်တော့တယ်၊ ဒါပေမဲ့ ဖျောင်းဖျပြီးတာတောင် ကွမ်ထင်းထင်းက ထပ်ပြီး ကဂျီကချောင်ကျပြန်ရော… သူမက ယွမ်ဟောက်ဖုန်းကို ဆွေမျိုးတွေအားလုံးရဲ့ ရှေ့မှာ ဒူးထောက်ခိုင်းပြီး သူမအပေါ် အမြဲတမ်း အကောင်းဆုံး ဆက်ဆံပါ့မယ်လို့ ကျိန်ဆိုခိုင်းသေးတယ်ဗျာ… ယွမ်ဟောက်ဖုန်းက မကျိန်ဆိုမချင်း အိမ်ကနေ ထွက်ခွင့်မပေးဘူးဆိုပြီး လုပ်နေတာ”
“ဒါ... ဒါက... ဘယ်ယောကျာ်းကများ သတို့သမီးရှေ့မှာ ဒူးထောက်ရမှာလဲ...... သူ တကယ်ကြီး ဒူးထောက်လိုက်တာလား......”
လူတိုင်း အကြီးအကျယ် တုန်လှုပ်သွားကြပြီး အထူးသဖြင့် ရွှီကောင်းမင်နှင့် မာကျန့်ယီ ကဲ့သို့သော လူကြီးပိုင်းများမှာ မျက်မှောင်ကြုတ်သွားကြတော့သည်။
လူတိုင်း၏ အံ့ဩမှင်သက်နေသော မျက်နှာများကို ကြည့်ပြီး ချန်ချင်းယွီမှာ ခေတ်ကာလ နောက်ခံချင်း မတူညီသဖြင့် ကြီးကြီးမားမား တွေးမနေတော့ပေ။ ဤသို့ ပြုမူခြင်းသည် ခေတ်သစ်ကာလတွင် ပုံမှန်ဖြစ်ရပ်မျိုး ဖြစ်သော်လည်း ယခုကဲ့သို့ ဖိုဝါဒီ ကြီးစိုးသော ခေတ်ကာလတွင်မူ ထိုသို့ တောင်းဆိုခြင်းမှာ အလွန်အမင်း ထင်သာမြင်သာရှိပြီး လူပြောစရာ ဖြစ်စေ၏။
ကျန်းရှင်းဖှ စကားကို အားရပါးရ ဆက်ပြောပြန်သည်။
“သူ ဒူးတော့မထောက်လိုက်ပါဘူး…ကွမ်ထင်းထင်းရဲ့ အစ်မဖြစ်သူက တော်တော်လေး အမြင်ရှိတယ်ဗျ၊ သူမက ညီမဖြစ်သူကို ဆူပူလိုက်လို့.. ဒါပေမဲ့ ဒူးမထောက်ရဘူးဆိုပေမဲ့ အခြားဟာတွေ လုပ်ခိုင်းသေးတယ်လေ၊ သတို့သမီးကြိုတဲ့ အဖွဲ့ထဲက အမျိုးသားတွေအားလုံးကို သီချင်း အတူတူဆိုခိုင်းတယ်၊ ပြီးတော့ ‘ချင်းယွမ်ချွန်း ရေခဲပြင်’ ကဗျာကို အတူတူ ရွတ်ခိုင်းသေးတယ်.. အဲဒီကဗျာကို ရွတ်တာက ပြဿနာမရှိပေမဲ့ မင်္ဂလာလှည့်လည်တဲ့ လမ်းခုလတ်မှာ ဘာလို့ လာရွတ်ခိုင်းရတာလဲဗျာ၊ ပြီးတော့ ဒိုက်ထိုးတာတွေလည်း လုပ်ခိုင်းသေးတယ်၊ ငါတို့ကို တကယ့်ကို အကြီးအကျယ် နှိပ်စက်တာပဲ... ကံကောင်းလို့ အမကြီးကွမ်က ကြားဝင်တားဆီးပေးလို့၊ မဟုတ်ရင် ငါတို့ ဒီထက်မက ခံရဦးမှာ၊ အားလုံးပဲ ပင်ပန်းလွန်းလို့ အသက်ရှူသံတွေတောင် မမှန်တော့ဘူး၊ ကြည့်ကြဦးဦး...”
“အမလေး... ဘုရားရေ...”
လူတိုင်း တအံ့တဩ ရေရွတ်လိုက်ကြသည်။
ချန်ချင်းယွီမှာမူ မျက်လုံးဝိုင်းလေးများဖြင့် ပွဲကြည့်ရသည်ကို သဘောကျနေရှာ၏။ အခြားသူများမှာ အတော်အတန် အံ့ဩတုန်လှုပ်နေကြသည်။
၎င်းတို့အနေဖြင့် မင်္ဂလာဆောင်ပွဲများတွင် ဤကဲ့သို့ ကိစ္စမျိုး တစ်ခါမျှ မကြုံဖူးကြချေ~~ အင်း... အခုတော့ ကြုံဖူးသွားပြီပေါ့…
ထိုအခိုက်အတန့်တွင် ချန်ချင်းယွီသည် ကွမ်ထင်းထင်းတစ်ယောက် ဘဝတစ်ပါးမှ ပြန်လည်မွေးဖွားလာသူ သို့မဟုတ် သူမကဲ့သို့ ခေတ်ကူးလာသူ ဖြစ်နေမလားဟု ခေတ္တမျှ တွေးမိသွား၏။ သို့သော်လည်း ချက်ချင်းပင် ခေါင်းခါယမ်းလျက် မဖြစ်နိုင်ဟု ဆုံးဖြတ်လိုက်သည်။ အကယ်၍ သူမသည်သာ ခေတ်ကူးလာသူ ဖြစ်ပါက အတိုင်းအတာတစ်ခုအထိ အရည်အချင်း ပြသနိုင်ရမည် ဖြစ်သော်လည်း သူမနှင့် ထိတွေ့ဖူးသူ မည်သူမျှ ထိုသို့သော အရိပ်အယောင်မျိုး မတွေ့ရှိရပေ။
ထို့အပြင် သူမသည် တကယ်ကြီး ခေတ်ကူးလာသူ ဖြစ်လျှင် ရဲစခန်းမှ စက်ရုံသို့ အလုပ်ပြောင်းရွှေ့ခံရမည့် အခြေအနေမျိုး ဖြစ်လာစရာ အကြောင်းမရှိပေ။
၁၉၉၀ ပြည့်လွန်နှစ်များတွင် နိုင်ငံပိုင်လုပ်ငန်းများ တဖြည်းဖြည်း ကျဆင်းလာပြီး စက်ရုံများတွင် လူအစုလိုက်အပြုံလိုက် အလုပ်ထုတ်ခံရမည့်အရေးကို လူတိုင်း သိကြ၏။ သူမ၏ အသက်အရွယ်နှင့်ဆိုလျှင် အနားယူရန် အလှမ်းဝေးသေးပြီး အသက်လေးဆယ်ကျော်အရွယ်၊ အထက်တွင် အိုမင်းသောအမိအဖနှင့် အောက်တွင် ငယ်ရွယ်သော သားသမီးများကို လုပ်ကျွေးနေရချိန်တွင် အလုပ်ပြုတ်သွားပါက အလွန်ပင် ခက်ခဲသွားပေလိမ့်မည်။
အကယ်၍ သူမတွင် တကယ့်ကို ထူးခြားဆန်းပြားသော ဘဝအတွေ့အကြုံမျိုး (ခေတ်ကူးလာခြင်းမျိုး) ရှိခဲ့လျှင် ရဲစခန်းမှာသာ ဆက်နေမည်သာ… အနည်းဆုံး ထိုနေရာသည် ပို၍ စိတ်ချရ၏။
ဤသို့ တွေးမိလိုက်ပြီးမှ ချန်ချင်းယွီသည် စိတ်အေးသွားကာ ပွဲကို ဆက်လက်ငေးကြည့်နေတော့သည်။
ကျန်းရှင်းဖှ မနားတမ်း ရေရွတ်ပွစိပွစိ ပြောနေဆဲ ဖြစ်၏။ သူသည် အဖော်မဲ့နေခဲ့ရသည်မှာ ကြာပြီဖြစ်၍ အတော်လေး စိတ်လှုပ်ရှားနေပုံရကာ တတွတ်တွတ် ပြောမဆုံး ရှိနေလေသည်။
“ဒီသကြားလုံးတွေကလည်း ကွမ်ထင်းထင်း တောင်းဆိုလို့လေ… သူမက အိမ်ကနေ ယူလာတာ၊ ကြားရသလောက်တော့ သူ့အစ်မမင်္ဂလာဆောင်တုန်းကလည်း ဒီလိုသကြားလုံးတွေ ရှိခဲ့လို့ သူမကလည်း မရမက တောင်းတာတဲ့ဗျာ.. ကျုပ်အထင်တော့ သူမရဲ့ မိဘနှစ်ပါးစလုံးက တော်တော်လေး စိတ်သဘောထားကောင်းကြပြီး ကတ်သီးကတ်သတ်နိုင်တဲ့ လူစားမျိုးတွေ မဟုတ်ဘူး၊ လူမှုရေးလည်း နားလည်ကြတယ်… သူမရဲ့ အစ်ကိုနဲ့ အစ်မက ဆိုရင် ပိုတောင် တော်သေးတယ်၊ သူမ တစ်ယောက်တည်း ဘာဖြစ်လို့ ဒီလို ကမူးကရူးဖြစ်နေလဲ မသိဘူး”
“သူ့ရဲ့ အစ်မက တကယ့်ကို လှပပြီး ပညာတတ် ဆန်တယ်၊ ယဉ်ကျေးပျူငှာမှုလည်း ရှိတယ်… ကျုပ်တို့ကိုလည်း အတော်လေး လေးလေးစားစား ဆက်ဆံတယ်၊ ကျုပ်တို့ မင်္ဂလာလှည့်လည်ပေးလို့ ဆိုပြီး ကျေးဇူးတင်တဲ့အနေနဲ့ တစ်ယောက်ကို သကြားလုံး တစ်ဆုပ်စီ လိုက်ပေးသေးတာ… တကယ်ကို စိတ်သဘောထား ကောင်းတာဗျာ၊ ကွမ်ထင်းထင်းရဲ့ မိဘတွေကလည်း သဘောကောင်းကြပါတယ်၊ ကျုပ်တို့ ရောက်သွားတာနဲ့ လူတိုင်းကို စီးကရက် လိုက်တိုက်ပြီး ရာသီဥတုကလည်း အေးတယ်၊ ပင်ပန်းကြရပါတယ်ဆိုပြီး လိုက်ပြောရှာတာ”
လူတိုင်း သဘောကောင်းကြသော်လည်း ကွမ်ထင်းထင်း တစ်ယောက်တည်းသာလျှင် တကယ့်ကို အဖေခေါ်ရမည့် မိန်းမစားမျိုး ဖြစ်နေသည်။
“ဒီသကြားလုံးတွေကို သူမတို့အိမ်ကပဲ အကုန် အကုန်အကျခံတာလား...”
“ဒါပေါ့... ကွမ်ထင်းထင်းက ဇွတ်တောင်းဆိုလွန်းလို့ သူမတို့မိသားစုကလည်း သမီးဖြစ်သူရဲ့ ဆန္ဒကို မလွန်ဆန်နိုင်တာနဲ့ သဘောတူလိုက်ရတာတဲ့”
ကျန်းရှင်းဖှသည် ကွမ်မိသားစု သူတို့သမီးဖြစ်သူအပေါ် မည်မျှအလိုလိုက်ကြောင်းကို အံ့ဩတကြီးဖြစ်နေတော့သည်။ သို့သော်လည်း သူကိုယ်တိုင်မူ ကွမ်ထင်းထင်းကဲ့သို့သော မိန်းမမျိုးကို လက်ထပ်ရန် လုံးဝ အစီအစဉ်မရှိပေ။
အစပိုင်းတွင် သူသည် ကွမ်ထင်းထင်းကို အချောင်နှိုက်၍ လုယူချင်စိတ် ရှိခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း ကြုံတွေ့ခဲ့ရပြီးနောက်တွင်မူ သူမနှင့် ဝေးဝေးနေချင်စိတ်သာ ပေါက်သွားတော့၏။
ယခုရက်ပိုင်း မင်္ဂလာပွဲအတွက် ပြင်ဆင်နေစဉ်အတွင်း ကွမ်ထင်းထင်း မည်မျှ ပြဿနာရှာခဲ့သည်ကို သူ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်။ ဒီနေ့ မင်္ဂလာလှည့်လည်ပွဲတွင်လည်း ထိုနည်းအတိုင်းပင် ဖြစ်၏။
အကယ်၍ ကွမ်ထင်းထင်း၏ အစ်မကဲ့သို့သော မိန်းမမျိုးဆိုလျှင်မူ သူ ဝမ်းမြောက်ဝမ်းသာ ကူညီပေးမိမည် ဖြစ်သော်လည်း ကွမ်ထင်းထင်းနှင့် ဆိုလျှင် ပိုက်ဆံပေးလျှင်ပင် သူ မလုပ်ပေ။ သူမသည် အပြင်ပန်းကြည့်လျှင် လူကောင်းလေးတစ်ယောက်ပုံစံ ဖြစ်သော်လည်း…
အမယ်လေး… ဘာလို့ဒီလောက် ဇီဇာကြောင်နိုင်ရတာလဲ မသိဘူး… ကြောက်စရာပဲ…
ကျန်းရှင်းဖှတစ်ယောက် သတို့သမီးအိမ်အကြောင်းကို အတင်းအဖျင်း ပြောနေစဉ် သတို့သမီးဘက်မှဆွေမျိုးများနှင့် အခြားဧည့်သည်များ ရောက်ရှိလာကြသည်။ ယွမ်ဟောက်မင်နှင့် ကျောက်ရုံတို့နှစ်ဦးစလုံးသည် စက်ရုံတွင် အလုပ်လုပ်ကြသူများ ဖြစ်သဖြင့် ၎င်းတို့၏ ရုံးခန်းမှ လုပ်ဖော်ကိုင်ဖက်များနှင့် ဌာနမှူးတို့ပါ ရောက်ရှိလာကြ၏။
ရွှီကောင်းမင်သည် ရှေ့ဆုံးမှနေ၍ လျင်မြန်စွာ ပြေးထွက်သွားပြီး လူတိုင်းကို မိတ်ဆက်ပေးလျက် မိမိ၏ အထက်လူကြီးများရှေ့တွင် အလွန်အမင်း ဖားယား နှိမ့်ချနေတော့သည်။
အကြောင်းစုံ မသိသောလူဆိုလျှင် သူ့သား မင်္ဂလာဆောင်နေသည်ဟု ထင်မှတ်မှားစရာပင်။
သတို့သမီးဘက်မှ မိသားစုလည်း ရောက်ရှိလာ၏။ ကျန်းရှင်းဖှ၏ စကားများကို ကြားထားရသဖြင့် လူတိုင်းက ကွမ်ထင်းထင်း၏ အစ်မအပေါ် စူးစမ်းလိုစိတ် ပြင်းပြနေကြသည်။ သေချာပေါက်ပင်... ကွမ်ထင်းထင်း၏ အစ်မသည် ပို၍ လှပကာ ကွမ်ထင်းထင်းနှင့် လုံးဝ မတူကွဲပြားလှပေ၏။
သူမသည် နူးညံ့သိမ်မွေ့ပြီး ချိုသာသောအသွင် ရှိကာ အသက်သုံးဆယ်နီးပါး ရှိနေပြီဟု လုံးဝ ထင်ရက်စရာ မရှိပေ။ သူမ၏ ဆံပင်များကို လှိုင်းတွန့်အကောက်ကြီးများ ပုံဖော်ထားပြီး နောက်သို့ သေသပ်စွာ သိမ်းစည်းထားရာ နူးညံ့ပြီး ဆွဲဆောင်မှုရှိသော အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။
တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် လူတိုင်း ချန်ချင်းယွီကို မသိမသာ လှမ်းကြည့်မိကြပြန်၏။
၎င်းတို့နှစ်ဦး ရုပ်ချင်းဆင်တူနေ၍ မဟုတ်ဘဲ အလှတရား၏ ဆန့်ကျင်ဘက် အစွန်းနှစ်ဖက်ကို ကိုယ်စားပြုနေကြ၍ ဖြစ်သည်။
ချန်ချင်းယွီတွင် နူးညံ့သိမ်မွေ့ပြီး နတ်သမီးလေးကဲ့သို့ ညို့ငင်နိုင်သော အလှတရားမျိုး ရှိကာ ကွမ်ထင်းထင်း၏ အစ်မတွင်မူ ထင်ရှားပြတ်သားပြီး ညှို့ငင်ရဲရင့်သော ရုပ်ရည်သွင်ပြင်မျိုး ရှိ၏။ လူများအနေဖြင့် စကားလုံးဖြင့် တိတိကျကျ မဖော်ပြနိုင်သော်လည်း ၎င်းတို့နှစ်ဦး၏ ကွဲပြားခြားနားမှုကို ချက်ချင်း သိသာမြင်သာနိုင်လှသည်။
ကွမ်ထင်းထင်း၏ အစ်မသည် လူတိုင်း၏ အကြည့်များအတိုင်း လိုက်ကြည့်လိုက်ရာ ခေတ္တမျှ မှင်သက်သွားပြီးနောက် ပြုံးလျက် မျက်နှာလွှဲသွားတော့၏။ သူမ၏ မျက်ဝန်းထဲတွင်မူ အနည်းငယ် မနှစ်မြို့သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ကျောက်ရုံ : “ခမည်းခမက်တို့... အထဲကို ကြွပါဦးရှင်… ဒါ ခမည်းခမက်တို့ ဒီကို ပထမဆုံးအကြိမ် လာဖူးတာနော်၊ ကျွန်မတို့ရဲ့ ဝင်းကြီးက ခမည်းခမက်တို့ရဲ့ တိုက်ခန်းအိမ်ရာလောက် မကောင်းတာတော့ သေချာပေမဲ့ အတော်အတန်တော့ အဆင်ပြေပါတယ်ရှင်၊ သမီးလေး ကျွန်မတို့အိမ်ကို လက်ထပ်လာတဲ့အတွက် စိတ်ချလက်ချ ရှိပါနော်.. ကျွန်မက ထင်းထင်းကို သမီးအရင်းလေးလိုပဲ သေချာပေါက် သဘောထားမှာပါ… ကျွန်မက ချွေးမကို နှိပ်စက်တတ်တဲ့ မိန်းမစားမျိုး မဟုတ်ပါဘူး၊ ဒါကြောင့် စိတ်အေးအေးထားပါရှင်”
“အို... ခမည်းခမက်ကလည်း ဘာတွေ ပြောနေတာလဲရှင်... ကျွန်မက ခမည်းခမက်ကို သေချာပေါက် ယုံကြည်တာပေါ့… မဟုတ်ရင် ကျွန်မသမီးကို ဒီအိမ်ကို ပေးစားပါ့မလား၊ ကျွန်မသမီးက ဒီလို အခြေအနေကောင်းတဲ့ အိမ်မျိုးနဲ့ ဖူးစာဆုံရတာ ကံကောင်းတာပါပဲ… ကျွန်မ ခမည်းခမက်ရဲ့ စရိုက်ကို ယုံကြည်ပါတယ်၊ ကြားရသလောက်တော့ ခမည်းခမက်က တက္ကသိုလ်ဘွဲ့ရတစ်ယောက်ဆိုပဲ... တကယ့်ကို လေးစားစရာကောင်းလိုက်တာရှင်...”
နှစ်ဦးနှစ်ဖက်စလုံးသည် ရင်းနှီးဖော်ရွေသော စကားဝိုင်းလေးအတွင်း၌ တစ်ယောက်နှင့်တစ်ယောက် လျင်မြန်စွာပင် ရင်းနှီးနွေးထွေးသွားကြတော့သည်။
“ဒါ မေ့မေ့ ဖြစ်ရမယ်၊ ဟုတ်တယ်မလား.. ထင်းထင်း ပြောတာ ခဏခဏ ကြားဖူးပါတယ်။ တကယ့်ကို အားကျစရာကောင်းလောက်အောင် လှတဲ့ မိန်းမလှလေးပဲနော်”
ကွမ်မေ့မေ့မှာ ပြုံးလိုက်ပြီး
“ချီးမွမ်းလွန်းလို့ မျက်နှာတောင် ပူလာပါပြီရှင်”
ကျောက်ရုံ အကဲခတ်သည့်သဘောဖြင့်
“ထင်းထင်းရဲ့ ခဲအိုကော လိုက်မလာဘူးလားရှင့်။ အလုပ်တွေ သိပ်များနေလို့လား...”
“သူ ခဏနေရင် ကားမောင်းပြီး လာခဲ့ပါလိမ့်မယ်ရှင်… သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် အချို့က ကျွန်မတို့ မိသားစုနဲ့ အသိတွေဖြစ်နေလို့ အားလုံး အတူတူ လာကြမှာမို့လို့ပါ”
“အို... ဟုတ်လား၊ ဟုတ်လား...”
ကျောက်ရုံ၏ အပြုံးများ ပို၍ ပြန့်ကားသွားပြီး မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားသည့် အရိပ်အယောင်များ အတိုင်းသား ပေါ်လွင်နေ၏။
ကွမ်မေ့မေ့၏ အမျိုးသားသည် တော်လှန်ရေးကော်မတီ၏ ဒုဥက္ကဌဖြစ်သည်။ လူများအနေဖြင့် ထိုဌာနအပေါ် စိတ်ထဲမှ အတော်လေး မကျေမနပ် ဖြစ်နေကြသော်လည်း အပြင်ပန်းတွင်မူ အလွန်ပင် ဖော်ရွေပြကြရ၏။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော လူမျိုးကို သွား၍ မစရဲကြ၍ပင်…
(တော်လှန်ရေးကော်မတီဆိုတာ လက်ပတ်နီတွေကိုပြောတာပါ အဲ့ခေတ်မှာ အဲ့ကောင်တွေက ရဲတွေ စစ်သားတွေထက် တန်ခိုးထွားတယ်)
အခြေအနေကို နားမလည်သော အစ်မကြီးဖန်သည် ရှေ့သို့ တိုးထွက်လာပြီး
“ဒါမေ့မေ့ကိုး... တကယ့်ကို လှလိုက်တာရှင်... ကျွန်မကို မှတ်မိသေးရဲ့လား… ဟိုးအရင်က ကျွန်မ ရှင့်တို့အိမ်ကို လာဖူးသေးတယ်လေ၊ ဟားဟား... အဲဒီတုန်းက အထင်လွဲစရာလေးတွေ နည်းနည်းရှိခဲ့လို့ ရှင့်တို့မိသားစုကို တောင်းပန်ပါတယ်ရှင်”
ဤဇာတ်လမ်းသည် ကျေးလက်တောရွာသို့ အလုပ်ဆင်းရသည့် ကိစ္စနှင့် ပတ်သက်နေ၏။ ထိုစဉ်က အစ်မကြီးဖန်သည် သူမ၏သားကို မြို့ပေါ်တွင် ကျန်ရစ်စေချင်သဖြင့် ရည်းစားရှာပေးရန်၊ အလုပ်ရှာပေးရန်နှင့် ထို့နောက် အိမ်ထောင်ချပေးရန် ကြံစည်ခဲ့ဖူးသည်။ သူမ သိကျွမ်းသည့် အလုပ်လုပ်ကိုင်သော အမျိုးသမီး အများအပြား မရှိသဖြင့် ကွမ်ထင်းထင်းတို့အိမ်သို့ သွားရောက် စုံစမ်းခဲ့ဖူးလေ၏။
ထိုစဉ်က သူမသည် အရိုက်ခံရပြီး အိမ်ပြင်သို့ပင် မောင်းထုတ်ခြင်း ခံခဲ့ရသေးသည်။
သို့သော် ယခုအခါတွင်မူ သူမသည် လေသံပြောင်းလျက် အခွင့်အရေးတစ်ခုခု ရနိုးဖြင့် ဖားယားနေ၏။
ကြည့်ရသည်မှာ တကယ့်ကို အော့နှလုံးနာစရာ ကောင်းလှပေသည်။
အစ်မကြီးဖန်၏ ဖားယားအောက်ကျို့မှုသည် အလွန်ပင် ကြည့်ရဆိုးပြီး စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှ၏။
တီ တီ တီ...
“ကားတစ်စီး လာနေပြီဟေ့... မြန်မြန်လာကြဦး၊ ကားတစ်စီး ရောက်လာပြီ...”
မြင်ကွင်းတစ်ခုလုံး ချက်ချင်းပင် ပြန်လည် ရုတ်ရုတ်သဲသဲ ဖြစ်သွားပြန်သည်။ ချန်ချင်းယွီသည် ဘာမှမတတ်နိုင်တော့ကာ ကလေးများကို အိမ်ထဲသို့ ဆွဲခေါ်ခဲ့ရတော့၏။
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ မျက်နှာလေးများ မော့လျက်
“မေမေ... သမီးတို့က ဘာလို့ အထဲဝင်ရတာလဲဟင်...”
ချန်ချင်းယွီ : “လူအုပ်ကြီးကြားထဲ လူတွေ နင်းမိကုန်ရင် ဘယ်လိုလုပ်မလဲ...”
ကလေးများ : “...ဩော်”
နားလည်သွားပြီ...
သူတို့က ငယ်သေးလို့ကိုး...
ကွမ်မေ့မေ့ : “အခုလေးတင် အထဲဝင်သွားတာ ဘယ်သူလဲဟင်...”
အစ်မကြီးဖန် : “ဪ သူ့ကို ပြောတာလား ရှောင်ချန်လေ အဒေါ်ကြီးကျောက်ရဲ့ ချွေးမလေးရှင့်… အဲဒီ ယောက္ခမမိန်းမကြီးက လူကောင်းမဟုတ်ဘူး၊ တကယ့်ကို စိတ်ပုပ်စိတ်ယုတ်နဲ့ ကတ်သီးကတ်သတ်နိုင်လွန်းတယ်။ အခုလေးတင် ဝင်သွားတဲ့ နှစ်ယောက်က သူမရဲ့ ကလေးတွေ၊ အမြွှာလေးတွေလေ… ကျွန်မ ပြောပြမယ်၊ သူမနဲ့ ဝေးဝေးနေတာ ပိုကောင်းလိမ့်မယ်… သူမက တစ်ရွာလုံးသိတဲ့ ကံဆိုးမရှင့်၊ သူမအနား ကပ်တဲ့လူမှန်သမျှ အကုန် ဒုက္ခရောက်တာချည်းပဲ”
အစ်မကြီးဖန်သည် သူမ၏သားကို မြို့ပြန်တက်ခွင့်ရမည့် အခွင့်အရေးတစ်ခုခု ပြန်ရနိုးဖြင့် ကွမ်မေ့မေ့၏ အလိုကျဖြစ်စေရန် အစွမ်းကုန် ကြိုးစားဖားယားနေခြင်း ဖြစ်၏။
ထို့ကြောင့်ပင် သူမသည် မိမိရင်ထဲရှိသမျှ အပုပ်နံ့များကို အကုန်အန်ထုတ်နေတော့သည်။
ကွမ်မေ့မေ့ : “အခုခေတ်ကာလမှာ အယူသီးတဲ့ ကိစ္စတွေကို လျှောက်မပြောရဘူးလေ”
“မဟုတ်ဘူး၊ အဲလို အယူသီးတာ မဟုတ်ဘူးရှင်… သူမက တကယ့်ကို ကံဆိုးမ အစစ်မို့လို့ပါ၊ သူမရဲ့ အမေ ဆုံးတယ်၊ ဦးလေး ဆုံးတယ်၊ အဘိုးအဘွားတွေ ဆုံးတယ်၊ နောက်ဆုံး လင်ယောကျာ်းပါ ဆုံးသွားတယ်~~ သူမအပေါ် ကောင်းတဲ့လူမှန်သမျှ အကုန် အသက်ပျောက်ကုန်တာ”
အစ်မကြီးဖန် ဆက်၍
“သူမမှာ အရင်က ကံဆိုးမ ဆိုတဲ့ အမည်ပြောင် ရှိခဲ့ဖူးတယ်၊ ဒါပေမဲ့ နောက်ပိုင်းကျတော့ သူမရဲ့ သေသွားတဲ့ လင်ယောကျာ်း လင်းကျန့်ဝမ် အကြောင်းကိုပဲ တတွတ်တွတ် လျှောက်ပြောနေလို့၊ လူတွေက ကွယ်ရာမှာ သူမကို လင်တရူးမ၊ အချစ်ရူးမလို့ အုပ်စုဖွဲ့ ပြောကြတာ..ရှန့်လင်ရဲ့ ဇနီးလိုပဲ... သူမရှေ့မှာ လင်းကျန့်ဝမ် အကြောင်း သွားပြောလို့မရဘူး၊ သွားပြောမိရင် ငယ်ငယ်ကတည်းက အကြောင်းတွေကို မရပ်မနား တတွတ်တွတ် လျှောက်ပြောတော့တာ.. သူမက ပုံမှန်ဆိုရင် ရိုးရိုးအေးအေး လူကောင်းပါ၊ ဒါပေမဲ့ လင်းကျန့်ဝမ် နဲ့ ပတ်သက်လာရင်တော့ ရူးသွပ်သွားတာပဲ… အရင်ကဆို ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့အထိ ကြံစည်ဖူးသေးတယ်၊ ကြွက်သတ်ဆေးကိုတောင် ကောက်စားရဲတဲ့ တကယ့် အရူးမပါရှင်”
အစ်မကြီးဖန်သည် ကွမ်မေ့မေ့တစ်ယောက် ချန်ချင်းယွီအပေါ် အနည်းငယ် သတိထားစောင့်ကြည့်နေသည်ဟု ခံစားမိသဖြင့် သူမကို ပို၍ အထင်သေးသွားစေရန် အစွမ်းကုန် မကောင်းပြောနေခြင်း ဖြစ်သည်။
အမှန်တော့ ရုပ်ရည်လှပသူအချင်းချင်းသည် အခြားလှပသူများကို မနာလိုဖြစ်တတ်သည် မဟုတ်ပါလား…
အရာရာက နှိုင်းယှဉ်မှုအပေါ်မှာပဲ မူတည်နေတာလေ…
အစ်မကြီးဖန်သည် အခြားသူများ ကြားမည်ကိုပင် ဂရုမစိုက်ဘဲ အတင်းအဖျင်းများကို မနားတမ်း ပြောနေတော့၏။ အမှန်အတိုင်း ပြောရလျှင် ထိုစကားများကို ကြားရသောအခါ လူတိုင်း သူမကို စက်ဆုပ်ရွံရှာသော မျက်လုံးများဖြင့် ကြည့်မိကြသည်။
‘ဖားချင်ရင်လည်း ဖားပေါ့၊ ဒါပေမဲ့ ရှောင်ချန်ကို ဘာဖြစ်လို့ ဒီလောက်တောင် နှိမ်ချပြီး ပြောရတာလဲ… သူမက နင့်ကို ဘာလုပ်မိလို့လဲ’
နောက်ဆုံးတွင် အဒေါ်ကြီးမေ့မှာ မခံမရပ်နိုင်ဖြစ်ကာ မျက်လုံးစောင်းပစ်လိုက်တော့သည်။
ဝမ်မေ့လန်သည်လည်း မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်လျက် အစ်မကြီးဖန်ကို စူးစိုက်ကြည့်နေပြီး စကားပြောရန် တုံ့ဆိုင်းနေမိ၏။ အကယ်၍ ဤနေရာတွင် အပြင်လူများ ရှိမနေပါက၊ သို့မဟုတ် မင်္ဂလာဆောင်ပွဲသာ မဟုတ်ပါက သူမ ဆူပူကြိမ်းမောင်းမိမည်မှာ ကြာလှပြီ ဖြစ်သည်။ ထိုစကားများသည် တကယ့်ကို နားမခံသာအောင် ဆိုးဝါးလွန်းလှ၏။
ကွမ်မေ့မေ့မှာ “ဩော်...” ဟုသာ ခပ်အေးအေး တုံ့ပြန်လိုက်ပြီး အခြားအရာများကို ထပ်မံ၍ မေးမြန်းခြင်း မပြုတော့ပေ။
အမှန်တကယ်၌ အစ်မကြီးဖန်တစ်ယောက် အတွေးလွန်နေခြင်း ဖြစ်သည်။ ကွမ်မေ့မေ့သည် ချန်ချင်းယွီကို ကြည့်မိသည်မှာ ချန်ချင်းယွီ အလွန်လှပနေသောကြောင့်သာ ဖြစ်၏။ မိမိကဲ့သို့ပင် လှပသောအခြားသူများကို သူမ မနှစ်မြို့သည်မှာ မှန်သော်လည်း ရန်သူကဲ့သို့ သဘောထားသည်အထိ မဟုတ်ပေ။
လှပသောလူများစွာ ရှိသော်လည်း ဦးနှောက်နှင့် အခွင့်အရေးကောင်းများ မရှိပါက ရေရှည်ခံမည် မဟုတ်ပေ။
ထို့ကြောင့် သူမ မနာလို မဖြစ်မိပေ။
ထို့ကြောင့်ပင် အစ်မကြီးဖန်၏ စကားများကို စိတ်ထဲမထားတော့ကာ
“ကဲ... သွားကြစို့၊ သတို့သမီးကို သွားကြည့်ရအောင်”
“ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ အထဲကို ကြွပါရှင်၊ အပြင်မှာ အတော်လေး အေးပါတယ်”
ယနေ့ နှင်းမကျသော်လည်း အအေးဆုံး ဆောင်းရက်သတ္တပတ် ဖြစ်သဖြင့် မည်သို့လျှင် မအေးဘဲ နေမည်နည်း။
အချို့မှာ သတို့သမီးဘက်ရှိ မိသားစုကို ဧည့်ခံနေစဉ်မှာပင် ကျောက်ရုံသည် ကွမ်မေ့မေ့၏ အမျိုးသားကို ကြိုဆိုရန် အပြင်သို့ ထွက်သွားခဲ့သည်။
ချန်ချင်းယွီမှာ အိမ်ထဲသို့ ပြန်လှည့်
ဝင်သွားခဲ့၏။ ရှေးစကားပုံတစ်ခု ရှိသည် မဟုတ်လား…
‘ပညာရှိ သတိဖြစ်ခဲ၊ ပြိုလဲတော့မယ့် တံတိုင်းအောက်မှာ မရပ်နဲ့’ …
ထိုလူများသည် အရှက်မရှိသူများ၊ လောဘကြီးသူများနှင့် ရာဂရမ္မတ်ထူသူများ ဖြစ်မှန်း သူမ သိသည်။ သူမကိုယ်တိုင်မှာလည်း အတော်လေး လှပသူဖြစ်သဖြင့် မိမိကိုယ်ကို ထိုကဲ့သို့သော ဘေးအန္တရာယ်နှင့် စိန်ခေါ်ရန် လုံးဝ အစီအစဉ်မရှိပေ။
သူမ မည်သည့်အရာကိုမျှ ကြောက်ရွံ့နေခြင်း မဟုတ်ပေ၊ အကယ်၍ မည်သူမဆို သူမကို လာရောက် ရန်စပါက ကွယ်ရာတွင် သေသေချာချာ တုံ့ပြန်ပစ်မည် ဖြစ်၏။
သို့သော် ဤကိစ္စသည် ကျန်းရှင်းဖှကို ရိုက်နှက်ဆုံးမခဲ့သည့် ကိစ္စနှင့် မတူပေ။ ဤကဲ့သို့သော လူစားမျိုးနှင့် ဆိုလျှင် နောက်ဆက်တွဲ ပြဿနာများ သေချာပေါက် ရှိလာနိုင်ပေသည်။ ထိုသို့ဖြစ်လျှင် အလွန်ပင် အလုပ်ရှုပ်သွားပေလိမ့်မည်။
ထို့ကြောင့် ပြဿနာကို တတ်နိုင်သမျှ ရှောင်ရှားခြင်းသည် အကောင်းဆုံး ဖြစ်ပြီး၊ အထူးသဖြင့် သူမတွင် ကလေးနှစ်ယောက် ရှိနေ၍ ဖြစ်၏။
ယခုကဲ့သို့ ခေတ်ကာလတွင် တော်လှန်ရေးကော်မတီ ဆိုသည်မှာ သွား၍ ရန်စရမည့် အဖွဲ့အစည်းမျိုး လုံးဝ မဟုတ်ပေ။
ချန်ချင်းယွီသည် တခါတရံ စိတ်လိုက်မာန်ပါ ပြုမူတတ်သော်လည်း အမြဲတမ်း ဦးနှောက်ရှိရှိနှင့် ရှင်းရှင်းလင်းလင်း တွေးတောတတ်သူ ဖြစ်သည်။
သူမသည် ဝင်းထဲရှိ ရုတ်ရုတ်သဲသဲ ဖြစ်မှုများကို ဆက်၍ မကြည့်ချင်တော့သဖြင့် အိမ်ထဲသို့ တန်းတန်းမတ်မတ် ဝင်သွားခဲ့၏။
သို့သော်ငြားလည်း သူမသည် ပြတင်းပေါက်ထောင့်လေးမှနေ၍ အပြင်သို့ မသိမသာ ချောင်းကြည့်လိုက်မိသေးသည်။
အာ...
အပြင်မှ ရောက်လာသူမှာ သူမ ယခင် မြင်ဖူးခဲ့သော ဒုတိယညွှန်ကြားရေးမှူး ဖြစ်နေသည်မှာ အမှန်ပင်။ ချန်ချင်းယွီသည် ထိုလူ၏ မျိုးရိုးအမည်ကို မမှတ်မိတော့သော်လည်း သူသည် အတွင်းရေးမှူးကျန်းနှင့် အပေါင်းအပါများ ဖြစ်ကြောင်း သိနေ၏။
ဒီလို လူယုတ်မာတွေ... နောင်ကျရင်တော့ သေချာပေါက် ဝဋ်လည်ကြမှာပါပဲ…
ချန်ချင်းယွီသည် အပြင်သို့ ထွက်မပြသော်လည်း အခြားသူများအားလုံးမှာမူ အလယ်ဝင်းထဲသို့ တိုးဝှေ့စုပြုံသွားကြသည်။ အပြင်ဘက်ရှိ ရုတ်ရုတ်သဲသဲ ဖြစ်မှုများမှာ အလွန်ပင် ပြင်းထန်လှရာ အဘွားကြီးကျောက်သည်လည်း ထိုဘက်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။ သို့သော် ကလေးနှစ်ယောက်မှာမူ အတော်လေး လည်ဝယ်ကြပြီး အပြင်သို့ သွားကြည့်လျှင် လူအုပ်ပိနင်းခံရမည်ကို သိကြသည်။
ထို့ကြောင့် သူတို့သည် အဒေါ်ကြီးမေ့တို့အိမ်သို့ ပြေးသွားကြပြီး ထိုအိမ်၏ နောက်ပြတင်းပေါက်မှနေ၍ အလယ်ဝင်းထဲရှိ မြင်ကွင်းကို လှမ်းကြည့်နေကြတော့၏။
မင်္ဂလာပွဲသည် မြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် လျင်မြန်စွာပင် စတင်လာခဲ့ပြီး ရယ်မောသံများ လေထုထဲတွင် ပျံ့လွင့်နေသည်။ ချန်ချင်းယွီမှာမူ ခေါင်းကိုကုတ်ရင်း စိတ်မရှည်သလို ညည်းတွားမိ၏။
‘အဟင်း... ငါလည်း ပွဲကြည့်ချင်တာပေါ့...’
‘ဒါပေမဲ့ ပြဿနာတော့ အဖြစ်မခံနိုင်ဘူး...’
တက်ကြွမြိုင်ဆိုင်သော သီချင်းသံများ အလယ်ဝင်းတစ်ခုလုံးတွင် ပြည့်နှက်နေပြီး လူများမှာ ဒုတိယမြောက်ဝင်းအထိ တိုးဝှေ့နေကြရာ ပွဲလမ်းကြီးအလား သက်ဝင်လှပေသည်။ အတန်ကြာ ရုတ်ရုတ်သဲသဲ ဖြစ်ပြီးနောက် နောက်ဆုံးတွင် မင်္ဂလာစားပွဲ စတင်တော့၏။ အဘွားကြီးကျောက်သည် အပြေးအလွှား ပြန်လာပြီး လှမ်းအော်လေသည်။
“ချွေးမ... ချွေးမရေ၊ လာ လာ၊ ရှေ့ဝင်းက ဝမ်မေ့လန်တို့အိမ်မှာ ထမင်းသွားစားရအောင်”
ချန်ချင်းယွီ : “ဟုတ်ကဲ့ပါ အမေ”
မင်္ဂလာပွဲသည် အလယ်ဝင်းတွင် ဖြစ်သဖြင့် အရေးကြီးသော စားပွဲဝိုင်းများအားလုံး ထိုနေရာတွင် ရှိနေပြီး အမျိုးသမီးများကိုလည်း ထိုနေရာ၌ပင် နေရာချထားပေးခဲ့သည်။
အဘွားကြီးကျောက် : “မြန်မြန်လုပ်၊ နေရာက သိပ်မရှိဘူး၊ ထိုင်ခုံလုရအောင် အမြန်သွားမှ ဖြစ်မယ်”
ချန်ချင်းယွီ : “…”
အင်း… ဒီအဘွားကြီးကတော့
မိသားစုလေးယောက်သား အလွန်လျင်မြန်စွာ လှုပ်ရှားခဲ့ကြပြီး ချန်ချင်းယွီတို့ ရှေ့ဝင်းသို့ ရောက်ရှိသွားသောအခါ လင်စန်းရှင်းတို့အိမ်ရှေ့တွင် အတော်လေး အသက်ကြီးသောအမျိုးသမီးတစ်ဦး ထိုင်နေသည်ကို တွေ့လိုက်ရသည်။ လင်စန်းရှင်းနှင့် သူမ၏သမီးဖြစ်သူတို့သည် အတူတူ ရပ်နေကြပြီး ၎င်းတို့၏ မျက်နှာများမှာ အတော်လေး ကြည့်မကောင်းလှပေ။
ထူးဆန်းပါတယ်ထင်နေတာ… ဒီသားအမိကို မတွေ့ဖြစ်လို့… လက်စသတ်တော့ စောင့်ကြည့်ခံနေရတာကိုး…
ထို့ပြင် အံ့ဩစရာကောင်းသည်မှာ ချန်ချင်းယွီသည် ထိုမိန်းမကို မှတ်မိနေ၏။
သူမသည် ထိုမိန်းမကို ယခင်က မြင်ဖူးခဲ့သည်၊ သူမှာ ရှန်ရှန့်၏ အိမ်မှ ထမင်းချက်အဒေါ်ကြီး ဖြစ်သည်။ ကျောက်ရုံနှင့် ယွမ်ရှောင်ချွေတို့ နောက်သို့ သူမ လိုက်သွားခဲ့သည့်နေ့တွင် တွေ့ခဲ့ရခြင်း ဖြစ်၏။
ထို့ထက်မက... တကယ့်လက်တွေ့တွင် တက္ကသိုလ်အောင်မြင်ခဲ့သည့် မိန်းကလေးမှာ ယခုမိန်းမကြီးဖြစ်ကြောင်းကိုလည်း သူမ သိထားသေးသည်။ မည်သည့်အကြောင်းကြောင့်ရယ်မသိ... သူမသည် မိမိ၏ တက္ကသိုလ်နေရာကို ရှန်ရှန့်ထံ ပေးအပ်ခဲ့ပြီး ရှန်ရှန့်မှာ သူမ၏အမည်ကို အသုံးပြုကာ ကျောင်းတက်နေခဲ့ခြင်း ဖြစ်၏။ သူမကိုယ်တိုင်မှာ ရှန့်ရှန့်၏အနားတွင် အစေခံတစ်ဦးအဖြစ်သာ နေထိုင်ခဲ့သည်။
ထိုနေ့က သူမနှင့် ယွမ်ရှောင်ချွေတို့သည် အိမ်သာထဲတွင် ပုန်းအောင်းလျက် ချောင်းမြောင်းနားထောင်ခဲ့ကြသဖြင့် အကြောင်းစုံကို အတိုင်းသား ရှင်းရှင်းလင်းလင်း ကြားခဲ့ရ၏။
ရှန့်ရှန့်အနေဖြင့် သူတစ်ပါးအမည်ကို အယောင်ဆောင်အသုံးပြုထားခြင်းအတွက် အပြစ်တင်စွပ်စွဲခံရမည်ကို မကြောက်ရွံ့ခြင်းမှာလည်း ဤအမျိုးသမီးနှင့် သက်ဆိုင်နေပေသည်။
‘ငါတော့ ဘယ်လိုမှ နားမလည်နိုင်တော့ဘူး...’
ချန်ချင်းယွီတစ်ယောက် လုံးဝကို ဝေခွဲမရ ဖြစ်သွားရ၏။
အင်း... သူမ နားမလည်နိုင်သည့်အရာတွေက တကယ်ကို များလွန်းလှချည်လား…
အမှန်ပင်... လူသားတို့၏ ဆက်ဆံရေးဆိုသည်မှာ အရှုပ်ထွေးဆုံးအရာ ဖြစ်ပေ၏။
သို့သော် ယခုအခြေအနေကို ကြည့်ရုံဖြင့် ဤမိန်းမသည် လင်စန်းရှင်းတို့ သားအမိကို စောင့်ကြည့်ရန် ကျောက်ရုံ စီစဉ်ထားခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။
‘ဟင်း... ဒါက တကယ့်ကို ကျောက်ရုံလုပ်မယ့် အလုပ်မျိုးပဲ’
ချန်ချင်းယွီတို့အဖွဲ့သည် အိမ်ထဲသို့ လျင်မြန်စွာ ဝင်ခဲ့ကြ၏။ သူတို့ လျင်မြန်လှပြီဟု ဆိုသော်လည်း သူတို့ထက် ပိုမိုမြန်ဆန်သူများ ရှိနေသေးသည်~~~ အဘွားကြီးဟွမ်နှင့် ရှီကျန့်ရှန်းတို့မှာ နေရာယူထားပြီး ဖြစ်သည်။ ထို့ကြောင့် သူတို့အဖွဲ့လည်း ကမန်းကတန်း နေရာဝင်ထိုင်လိုက်ကြ၏။
ချန်ချင်းယွီ မျှော်လင့်တကြီး ကြည့်လျက် စူးစမ်းလိုစိတ်ဖြင့် တိုးတိုးလေး မေးလိုက်သည်။
“ဘာဖြစ်လို့လဲဟင်.. နေရာတွေ မလောက်လို့လား...”
ထိုစကားကို ကြားသောအခါ လူတိုင်း စိတ်ဝင်စားသွားကြပြီး အားတက်သရော ခေါင်းငြိမ့် ထောက်ခံကြတော့၏။
“လူတွေက အများကြီးပဲလေ၊ စားပွဲဝိုင်း ဆယ်ဝိုင်းနဲ့ မလောက်ဘူး… အခု အစ်မကြီးဖန်တို့အိမ်မှာပါ စားပွဲဝိုင်းတွေ ထပ်တိုးထားရတယ်၊ ဒါပေမဲ့ ဟင်းတွေက မလောက်ဘူးဖြစ်နေတာ၊ ကြားရသလောက်တော့ ပစ္စည်းတွေ ထပ်သွားဝယ်နေကြတယ်တဲ့၊ အဲဒါ အဆင်ပြေသွားရင်တောင်မှ သူတို့ကတော့ တခြားလူတွေထက် နောက်ကျမှ စားရမှာ သေချာတယ်၊ ငါတို့ကတော့ နောက်ဆုံးကျန်တဲ့ စားပွဲဝိုင်းနှစ်ဝိုင်းဆီ မသွားချင်ပါဘူး”
“စားပွဲဝိုင်း နှစ်ဝိုင်းတောင် ထပ်တိုးရတယ်လား... သူတို့မိသားစုက လူအတော်များတာပဲ”
“ဟေး... နင်တို့ မြင်လိုက်ကြလား၊ သူတို့က တကယ့်ကို အဆက်အသွယ် ရှိတာဗျာ၊ တော်လှန်ရေးကော်မတီက လူအတော်များများ တောင် လာကြတာ”
“အေးပေါ့ ဘယ်သူ သိမလဲ”
“ငါတို့တွေ သူတို့နဲ့ နည်းနည်း ဝေးဝေးမှာ နေကြရအောင်၊ အဲဒီလူတွေက သွားပြီး စနောက်ရမယ့် လူစားမျိုးတွေ မဟုတ်ဘူး”
ချွေးမဖြစ်သူကို ဦးဆောင်၍ ဝင်လာသော ပိုင်ဖုန်းရှန်း ကြားဖြတ်၍ စကားဆိုလိုက်သည်။
အံ့ဩစရာကောင်းသည်မှာ ထိုကဲ့သို့သော လူမျိုးနှင့် ပတ်သက်လာလျှင် လူတိုင်း တစ်ဦးတစ်ယောက်မျှ ကန့်ကွက်ခြင်းမရှိကာ တညီတညွတ်တည်း ခေါင်းငြိမ့်ထောက်ခံကြခြင်း ဖြစ်၏။ ၎င်းတို့သည် နေ့စဉ်ရက်ဆက် ရန်ဖြစ်ငြင်းခုံနေကြသော်လည်း ဤကဲ့သို့သော လူစားမျိုးနှင့် ပတ်သက်လာပါက စိတ်သဘောထားချင်း လုံးဝ တိုက်ဆိုင်နေကြတော့သည်။
‘ဟဲဟဲ... အဲဒီလို လူတွေကို ဘယ်သူက မမုန်းဘဲ နေမှာလဲ… ထုတ်မပြောရဲကြလို့သာပေါ့၊ ထုတ်ပြောရင် ပြဿနာ တက်ကုန်လိမ့်မယ်’
ချိုက်မင်မင် တိုးတိုးလေး ကပ်ပြောကာ
“ငါ ငါ့မိဘတွေအိမ်မှာ ရှိနေတုန်းကလည်း အဲဒီလူတွေ လာပြီး စစ်ဆေးဖူးတယ်… ငါ့တူလေး ဝတ်ထားတဲ့ ငွေလက်ကောက်လေးဆိုရင် ငါ့ယောင်းမတို့ မိသားစုဘက်က အစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့ အမွေပစ္စည်းလေးလေ… အဲဒါကို ဒါမျိုးတွေ ဝတ်ခွင့်မရှိဘူးဆိုပြီး အတင်း သိမ်းသွားကြတာ... ဟင်း...”
အမှန်တကယ်၌ ထိုပစ္စည်းများသည် တန်ဖိုးရှိသော အရာများဖြစ်ကြောင်း မည်သူ မသိဘဲ နေမည်နည်း။
၎င်းတို့က သိမ်းဆည်းသွားသည်ဟု ဆိုသော်လည်း နောက်ဆုံးတွင် ထိုပစ္စည်းများ မည်သည့်နေရာသို့ ရောက်ရှိသွားသည်ကိုမူ ၎င်းတို့ကိုယ်တိုင်သာလျှင် သိပေလိမ့်မည်။
ဤလူများသည် တကယ့်ကို မတရားသဖြင့် စီးပွားရှာပြီး ချမ်းသာနေကြခြင်း ဖြစ်ရာ အလွန်ပင် မတရားလှပေ။
“ငါ့အထင်တော့ ကွမ်မေ့မေ့က အသက်သိပ်မကြီးသေးဘူး၊ ဒါပေမဲ့ သူမရဲ့ လင်ယောကျာ်းကတော့ တော်တော်လေး အသက်ကြီးနေပြီ”
ထို ဒုတိယ ဥက္ကဌ၏ ရုပ်ရည်မှာ ကွမ်မေ့မေ့၏ အဖေအရွယ်ခန့် ရှိနေပြီ ဖြစ်သည်။
အဘွားကြီးဝမ် နှာခေါင်းရှုံ့လျက် အထင်သေးသော လေသံဖြင့် ဆို၏။
“မာနမရှိတဲ့ဟာတွေ”
“ကဲပါ၊ ကဲပါ၊ အဲဒါမျိုးတွေ လျှောက်မပြောကြပါနဲ့… ဝင်းထဲမှာ အပြင်လူတွေ ရှိနေတာ၊ စကားတွေ ပေါက်ကြားသွားရင် မကောင်းဘူး”
ပိုင်ဖုန်းရှန်းမှာ လင်စန်းရှင်း၏ အိမ်တံခါးဝတွင် အပြင်လူ ရှိနေသည်ကို အချက်ပြသည့်အနေဖြင့် မျက်စိမှိတ်ပြလိုက်သည်။
အဘွားကြီးဝမ် : “လင်စန်းရှင်းကလည်း... နင်တို့ သိတဲ့အတိုင်းပဲ၊ ဒီကိစ္စတစ်ခုလုံးက... သူမတို့ မိသားစုက တကယ်ကို...”
အဘွားကြီးကျောက် : “သူမက စိတ်ကသိကအောက် ဖြစ်နေတာ”
သူမသည် လင်စန်းရှင်းကို လုံးဝ သဘောမကျသည်မှာ သေချာလှသည်။ အဘွားကြီးကျောက်သည် စိတ်ကောင်း မရှိလှသော်လည်း ယောက်ျားကို ဘုရားတစ်ဆူလို ကိုးကွယ်တတ်သည့် မိန်းမစားမျိုး မဟုတ်ပေ။
သူမသည် လင်စန်းရှင်းကို မနှစ်မြို့ပေ…
လင်စန်းရှင်းက သူမအတွက် ဘာမို့လို့လဲ…
“သူမကတော့ တကယ်ပဲ ဝက်ချေးစားထားတာ၊ ဦးနှောက်ထဲမှာ ဝက်ချေးနံ့တွေ နံနေတာပဲ”
ချန်ချင်းယွီ တားလိုက်ရ၏။
“အမေရယ်... ကျွန်မတို့ ခဏနေရင် ထမင်းစားရဦးမှာလေ”
အဘွားကြီးကျောက် : “အေးပါ၊ အေးပါ၊ ငါ သိပါတယ်၊ ငါ ဘာမှမပြောတော့ဘူး၊ ဟုတ်ပြီလား...”
မင်္ဂလာဆောင်ပွဲကြီးမှာ အလွန်ပင် စည်ကားသိုက်မြိုက်လှပေသည်။ ၎င်းတို့ စကားစဖြတ်လိုက်ကြသော်လည်း လင်စန်းရှင်း ရောက်ရှိလာခဲ့၏။ သူမနှင့် လီလင်းလင်းတို့၏ မျက်နှာအမူအရာမှာ သိပ်မကောင်းလှသော်လည်း မကြာမီမှာပင် စားပွဲနှစ်ဝိုင်းစလုံး လူအပြည့် ဖြစ်သွားတော့သည်။ ထို့နောက်တွင် အဘွားကြီးဟွမ်သည် အံ့ဩတုန်လှုပ်စွာဖြင့် လူတိုင်းကို သတင်းပေးပြန်၏။
“ဟေး... နင်တို့ သိလား၊ အဆက်အသွယ် ရှိတာချင်းကတော့ တကယ်ကို ကွာခြားတယ်ဟဲ့… စောစောကတင် စားပွဲဝိုင်းတွေ မလောက်ဘူးလို့ ပြောနေကြတာ မဟုတ်လား…ဟင်းသီးဟင်းရွက်တွေ အလုံအလောက် မဝယ်နိုင်ဘဲ ဟင်းတွေ မလောက်မှာကို စိုးရိမ်နေကြတာလေ… အဲဒါကို သတို့သမီးရဲ့ ခယ်အိုဖြစ်သူက ချက်ချင်း ကြားဝင်ကူညီ ဖြေရှင်းပေးလိုက်လို့ မင်္ဂလာစားပွဲကို အချိန်မှန်စတင်နိုင်ခဲ့တာ…တကယ့်ကို အစွမ်းထက်လိုက်တာနော်”
“ဟုတ်ပ၊ အစွမ်းထက်လိုက်တာ”
ချန်ချင်းယွီခေါင်းငြိမ့်ထောက်ခံလိုက်သည်။
သူမကတော့ လူတိုင်းကို တော်တော်လေး ဝိုင်းဝန်းပံ့ပိုးပေးနေတာပါ…
အဘွားကြီးဟွမ် : “ဟေး... ငါပြောပြမယ်၊ အရင်က ငါ့ရဲ့ ရှင်းဖှအတွက် အိမ်ထောင်ဖက်ရှာရမှာကို တော်တော်လေး စိတ်ပူခဲ့တာ… ဒါပေမဲ့ ဒီနေ့ ကွမ်ထင်းထင်းရဲ့ ခဲအိုဖြစ်သူကို မြင်ပြီးတဲ့နောက်မှာတော့ ငါ စိတ်မပူတော့ဘူး၊ ယောကျာ်းဆိုတာ အရည်အချင်းသာ ရှိရင် အသက် ၈၀ ရောက်ရင်တောင် အသက် ၁၈ နှစ်အရွယ် မိန်းကလေးကို လက်ထပ်နိုင်သေးတာပဲ.. ကွမ်ထင်းထင်းရဲ့ အစ်မနဲ့ ခဲအိုကိုပဲ ကြည့်လေ… ငါ့ရဲ့ ရှင်းဖှကလည်း အရည်အချင်း ရှိတာပဲဟာ… နောင်ကျရင် သေချာပေါက် ဒီထက်သာတဲ့ မိန်းမမျိုးကို ရှာနိုင်မှာပါ”
လူတိုင်း နှာခေါင်းရှုံ့လိုက်ကြ၏။
‘နင်က ငါတို့ကို လာလိမ်လို့ရမလား… နင့်ရဲ့ ကျန်းရှင်းဖှက ဘာမှ မျှော်လင့်ချက်မရှိတဲ့ကောင်လေ…သူကများ တစ်ချိန်ကျရင် ကြီးပွါးတိုးတက်ဦးမတဲ့လား… အံ့ဩပါ့’
အဘွားကြီးဟွမ် : “ငါ့ကို လာပြီး သံသယမဝင်ကြနဲ့၊ ငါ့ရဲ့ ရှင်းဖှက တစ်နေ့ကျရင် သေချာပေါက် အောင်မြင်မှာ… ရှေးလူကြီးတွေ ပြောဖူးတဲ့ စကားပုံ ရှိတယ် မဟုတ်လား၊ လူငယ်တစ်ယောက်ရဲ့ အနာဂတ်ကို လျှော့မတွက်နဲ့တဲ့”
ချန်ချင်းယွီ: “...”
‘ရှင့်ရဲ့ ကျန်းရှင်းဖာက အသက် ၃၀ နီးပါး ရှိနေပြီဥစ္စာ၊ ဘယ်လိုလူငယ်မျိုးလဲ… လူငယ်တွေကို လာပြီး မစော်ကားပါနဲ့လား… လူငယ်ဆိုတာ အဒေါ်ကြီးမေ့ရဲ့ သားလိုလူမျိုးကို ခေါ်တာ’
ချန်ချင်းယွီသည် ပြန်၍ စကားမဆိုသော်လည်း မသိမသာ လှမ်းကြည့်လိုက်ရာ ကျန်းမုန့်မုန့်နှုတ်ခမ်းကိုစေ့လျက် အသည်းအသန် နားစွင့်နေသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။
‘အာ... ဒါ... သူမက ဒီကို တစ်ခါပြန်ပြီး သူလျှိုလုပ်ဖို့ ရောက်နေတာလားမသိဘူး… ဒီကလေးမလေးကတော့ တကယ်ကို မလွယ်ဘူးပဲ...’
သို့သော် သူတို့သည် အကြာကြီး စကားမပြောဖြစ်ကြပေ။ မကြာမီမှာပင် ဟင်းပွဲများကို စတင်ပြင်ဆင်ပေးတော့သည်။ ပုံမှန်ဆိုလျှင် ဝင်းထဲရှိ အိမ်နီးနားချင်းတစ်ဦးဦး မင်္ဂလာပွဲကျင်းပပါက အထူးသဖြင့် အမျိုးသမီးများသည် ဟင်းပွဲများ ကူသယ်ပေးခြင်းနှင့် အခြားအလုပ်များကို ဝိုင်းဝန်းကူညီပေးလေ့ရှိကြ၏။ သို့သော် ဤဝင်းထဲရှိ လူများမှာမူ အတ္တကြီးကြသူများ ဖြစ်သဖြင့် ထမင်းစားချိန် လွတ်သွားမည်ကို လူတိုင်း စိုးရိမ်နေကြကာ စားပွဲဝိုင်းတွင် စောစီးစွာ နေရာယူထားကြခြင်း ဖြစ်သည်။ ကံကောင်းသည်မှာ ကျောက်ရုံသည် ထိုလူများ မည်ကဲ့သို့သော လူစားမျိုးဖြစ်ကြောင်း သိရှိထားသဖြင့် အပြင်မှ ကူညီမည့်သူများကို တိုက်ရိုက် ငှါးရမ်းထားခဲ့၏။ ၎င်းတို့ မည်သို့ ညှိနှိုင်းခဲ့ကြသည်ကိုမူ မသိရသော်လည်း မည်သို့ပင်ဆိုစေ ထမင်းချက်တစ်ဦးနှင့် အကူလေးဦးတို့မှာ အခြေအနေကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခဲ့ကြသည်။
အဘွားကြီးကျောက် : “နင်တို့ သိလား၊ အရင်တုန်းက ကျောက်ရုံက ဒီလောက်အထိ အစွမ်းထက်ပုံမရပါဘူး၊ အခု သူ့သား မင်္ဂလာဆောင်တော့မှပဲ သူ့မှာ မိသားစုနောက်ခံကောင်းပြီး အဆက်အသွယ် အတော်လေး များတာကို သိရတော့တယ်”
“အမှန်ပဲ… ထမင်းချက်တစ်ယောက်နဲ့ အကူလေးယောက်အထိ ပါတာမျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး”
“အရည်အချင်း ရှိတာတော့ သေချာပါတယ်… သူက ဒီလို လုပ်ပြလိုက်တော့ နောက်ပိုင်း အခြားမိသားစုတွေအနေနဲ့ ဒီလောက်အထိ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲမျိုး လုပ်နိုင်ဖို့ မလွယ်တော့ဘူး”
“သေချာပေါက်ပေါ့... ဒါက ဒီတစ်ဝိုက်မှာ အတုမရှိတာ၊ တခြားမိသားစုတွေ လိုက်မှီဖို့ တော်တော်ခက်လိမ့်မယ်”
“ရှီကျန့်ရှန်း... နင့်သား မင်္ဂလာဆောင်ရင်ကော ဒီလိုအဆင့်မျိုးအထိ လုပ်နိုင်ပါ့မလား...”
နေပါဦး… ဒီကိစ္စကို ဘာဖြစ်လို့ လာပြီး ဆွဲထည့်ရတာလဲ…
ရှီကျန့်ရှန်း စိတ်ကသိကအောက်ဖြင့်
“ငါ့မိသားစုက အဲဒီလို အပိုအလုပ်တွေအပေါ် ဂရုမစိုက်ပါဘူး”
“ဟဲဟဲ... နင်က သူ့ရဲ့ အရည်အချင်းကို မပြိုင်နိုင်လို့ မဟုတ်လား”
အဘွားကြီးဟွမ် လှောင်ပြောင်လိုက်သည်။
ရှီကျန့်ရှန်း ပြန်ပက်ကာ
“ဘာတွေ လျှောက်ပြောနေတာလဲ.. နင့်မိသားစုကော ဘယ်လောက်အထိ တတ်နိုင်လို့လဲ။ နင့်မိသားစုအရေးကိုပဲ နင် စိတ်ပူစမ်းပါ”
“ဟင်းပွဲတွေ ရောက်ပြီဗျို့...”
အဘွားကြီးကျောက် ကြားဖြတ်၍ စကားဆိုရန် ပြင်နေစဉ်မှာပင် ချန်ချင်းယွီ ရုတ်တရက် လှမ်းပြောလိုက်ရာ သေချာပေါက်ပင် ဟင်းပွဲများကို စတင်ချပေးနေပြီ ဖြစ်သည်။ မကြာမီမှာပင် လူတိုင်းသည် စကားပြောရန်ပင် အချိန်မရတော့ကာ အလုပ်ရှုပ်သွားကြတော့သည်~~~ ဘာပဲဖြစ်ဖြစ် ပြောစရာလည်း ဘာမှမရှိတော့ဘူး…
ယခုအခါတွင်မူ ထမင်းစားရမည့်အချိန် ဖြစ်၏။
“ဒီဟင်းပွဲတွေက တကယ့်ကို အနှစ်တွေချည်းပဲဟေ့...”
“သူတို့မှာ သားတစ်ယောက်တည်း ရှိတာလေ၊ ဒါကြောင့် သေချာပေါက် ကောင်းကောင်းမွန်မွန် ဧည့်ခံချင်မှာပေါ့”
ကျောက်ရုံ၏ မိသားစုသည် တကယ့်ကို အထင်ကြီးစရာကောင်းလှပေသည်၊ ၎င်းတို့၏ မင်္ဂလာပွဲသည် အခြားသူများအားလုံးထက် သာလွန်ထူးကဲနေသည်။ ၎င်းတို့ ပြင်ဆင်ထားသော ဟင်းပွဲများကို
ကြည့်ရုံဖြင့် သိနိုင်၏~~~ ဝက်သားနီချက်၊ ငါးပေါင်း၊ အသားလွှာ၊မုန်ညင်းချဉ်ဟင်းရည်နှင့် အခြားဟင်းပွဲများ... တကယ့်ကို ရက်ရက်ရောရော ပြင်ဆင်ထားခြင်း ဖြစ်ပြီး ယခုကဲ့သို့ ကောင်းမွန်သော ဟင်းပွဲမျိုးမှာ အလွန်ပင် ရှားပါးလှပေသည်။
ချန်ချင်းယွီသည် အဘွားကြီးကျောက်၏ ဘေးတွင် ထိုင်နေခြင်း မဟုတ်ဘဲ ၎င်းတို့နှစ်ဦးကြားတွင် ကလေးငယ်နှစ်ဦး ရှိနေ၏။ ချန်ချင်းယွီသည် မိမိ၏ တူကို လျင်မြန်စွာ ကောက်ကိုင်လိုက်သည်။ ကလေးငယ်များသာ ဟင်းကို မြန်မြန်မနှိုက်ပါက စားရတော့မည် မဟုတ်ပေ~~ ယင်းမှာ အဘွားကြီးကျောက်နှင့် ချန်ချင်းယွီတို့ ကြိုတင်တိုင်ပင်ထားသည့် ဗျူဟာ ဖြစ်၏။ သူမအနေဖြင့် အနည်းငယ် ရှက်ရွံ့မိသော်လည်း တစ်ဖက်တွင်လည်း စိတ်လှုပ်ရှားမိသည်။ အဘွားကြီးကျောက်သည်လည်း ကလေးများကို မေ့မထားကာ သူတို့နှစ်ဦးစလုံးက ကလေးများအတွက် ဟင်းများကို လိုက်ထည့်ပေးကြ၏။ မည်သနု့ပင်ဖြစ်စေ… အသားကို အရင်ဆုံး စားကြရမည်၊ ချန်ချင်းယွီကိုယ်တိုင်လည်း ထိုနည်းအတိုင်းပင်။ အခြားနည်းလမ်းမရှိပေ… ယခုခေတ်ကာလတွင် အသားသည် အလွန်ပင် ရှားပါးလှသည်။ ဝယ်ယူခွင့်လက်မှတ် မရှိလျှင် ဝယ်ရန် ခက်ခဲပြီး မှောင်ခိုဈေးကွက်သို့လည်း နေ့တိုင်း မသွားနိုင်ပေ။ မည်သူ အသားကို မစားချင်ဘဲ နေမည်နည်း။
“ဒါက ဘာဟင်းလဲဟင်…ကြာဆံလား...”
“ကျွန်မ သိတယ်၊ ဒါကို ‘သစ်ပင်တက်တဲ့ ပုရွက်ဆိတ်တွေ’ လို့ ခေါ်တာ၊ ကြာဆံပေါ်မှာ အသားမှုန့်တွေ တင်ထားတာလေ”
“ဝါး~ ဒါက တကယ့်ကို အနှစ်ပဲဗျာ...”
“ဒီမင်္ဂလာပွဲက တကယ့်ကို အဆင့်အတန်းရှိလှပါတယ်”
“ဟုတ်ပ”
ချန်ချင်းယွီ စိတ်ထဲတွင်~~~
‘ငါကတော့ ဆက်စားနေမှာပဲ’
အဘွားကြီးကျောက် : “အင်း... အရသာရှိလိုက်တာ၊ ဒီ ‘သစ်ပင်တက်တဲ့ ပုရွက်ဆိတ်တွေ’ ဟင်းကလည်း တကယ့်ကို အရသာရှိတာပဲ”
အခြားသူများလည်း လျင်မြန်စွာ မြည်းစမ်းကြည့်ကြပြီး အားလုံး ထောက်ခံသည့်အနေဖြင့် ခေါင်းငြိမ့်ကြတော့သည်။
“ဒီနေ့ ထမင်းမရှိဘူးလားဟင်...”
“မရှိပါဘူး၊ ပေါက်စီပဲ ရှိတယ်…ထမင်းချက်ရတာက အလုပ်ရှုပ်လွန်းလို့လေ၊ အုန်းအုန်းကျွက်ကျွက်နဲ့ ဘယ်လောက်တောင် ချက်ရမလဲ၊ အိုးထဲမှာလည်း နေရာအကျယ်ကြီး ယူတယ်၊ ပေါက်စီကျတော့ ပေါင်းရတာချင်း တူပေမဲ့ စားရတာ ပိုလွယ်ပြီး ပန်းကန်ထဲမှာလည်း နေရာအများကြီး မယူဘူးလေ”
“ဩော်... ဒါကြောင့်ကိုး”
ချန်ချင်းယွီသည် စကားမဆိုဘဲ တိတ်တဆိတ်သာ ဆက်စားနေမိ၏။
ယခုရက်ပိုင်းအတွင်း မည်သည့်ရုံးပိတ်ရက် ပွဲတော်ရက်မှ မရှိသဖြင့် လူတိုင်းမှာ အသားဟင်းနှင့် ဝေးကွာနေခဲ့ရသည်မှာ ကြာပြီဖြစ်သည်။ ဤကဲ့သို့ ရှားရှားပါးပါး ကျွေးမွေးသည့်ပွဲ ဖြစ်သဖြင့် အားလုံး မြိန်ရည်ယှက်ရည် စားသောက်ကြ၏။ ဟင်းပွဲများကို ရက်ရက်ရောရော ပြင်ဆင်ပေးထားသော်လည်း လူတိုင်း ပန်းကန်ပြောင်အောင် စားကြရာ၊ ကျန်းမုန့်မုန့်ဆိုလျှင် ပန်းကန်ကိုပင် ပြောင်စင်နေအောင် လျှာဖြင့် လျက်လိုက်သေးသည်။
အဘွားကြီးဟွမ် ဂုဏ်ယူဝင့်ကြွားစွာဖြင့်
“ငါ့မြေးမလေးက တကယ့်ကို လည်လိုက်တာ၊ ကြည့်စမ်းဦး”
အဘွားကြီးဝမ် : “...မိန်းကလေးပျိုလေးတစ်ယောက် ဖြစ်ပြီးတော့ ဒီလိုလုပ်တာက တကယ့်ကို အကျည်းတန်လွန်းပါတယ်အေ”
“နင်က ငါ့မြေးမလေး ပန်းကန်ပြောင်အောင် လျက်နိုင်တာကို မနာလိုဖြစ်ပြီး ကလေးကို လာပြီး အခွင့်ကောင်းယူ နှိမ်နေတာမလား”
“နင့်ဘာသာနင် ထင်တာတွေ လျှောက်မပြောနဲ့..”
၎င်းတို့ တတွတ်တွတ်ဖြင့် ဆက်လက်ငြင်းခုံနေကြစဉ်၊ ရှောင်ကျားနှင့် ရှောင်ယွမ် ကလေးငယ်နှစ်ဦးမှာမူ ဗိုက်ကလေးများကို ပွတ်သပ်လျက် အုတ်ကုတင်ပေါ်တွင် ထိုင်ကာ အလွန်ပင် ဗိုက်ပြည့်ဝပြီး စိတ်ကျေနပ်နေကြရှာ၏။
ချန်ချင်းယွီ ပြုံးလျက် ကလေးငယ်နှစ်ဦး၏ ပါးပြင်လေးများကို အသာအယာ တို့ထိလိုက်ပြီး
“သားတို့ သမီးတို့ အိပ်ချင်ရင် အိမ်ပြန်ပြီး ခဏအိပ်လိုက်ကြနော်၊ မအိပ်ချင်ရင်တော့ ဒီမှာပဲ ဆော့နေကြ… မေမေ သန့်စင်ခန်း ခဏသွားလိုက်ဦးမယ်”
“ဟုတ်ကဲ့ပါ မေမေ...”
သူမ၏ သားသမီးလေးများမှာ တကယ့်ကို စကားနားထောင်ပြီး ထိန်းရလွယ်ကူလှသည်။ ချန်ချင်းယွီသည် သူမ၏ ဂွမ်းကပ်အင်္ကျီအထူကြီးကို သေသေချာချာ ထပ်ဆင့်ခြုံလိုက်ပြီး ဝင်းထဲမှ တစ်ယောက်တည်း ထွက်လာခဲ့သည်။ ယခုမှာ ထမင်းစားချိန် ဖြစ်သဖြင့် လမ်းကြားထဲတွင် လူသူကင်းမဲ့လုနီးပါး ဖြစ်နေ၏။ သို့သော် ၎င်းတို့၏ ဝင်းကြီးထဲတွင်မူ မင်္ဂလာပွဲကျင်းပနေသဖြင့် သောက်စားပျော်ပါးသံများဖြင့် အလွန်ပင် ဆူညံလျက် ရှိနေဆဲ ဖြစ်သည်။
ချန်ချင်းယွီသည် အိမ်သာသို့ တစ်ယောက်တည်း လာခဲ့ကာ အထဲတွင် မည်သူမျှ မရှိပေ။
သူမသည် ပုံမှန်အားဖြင့် အစားအသောက် အတော်လေး အာဟာရရှိအောင် စားတတ်သူဖြစ်၍ ‘ဒီနေ့ ဟင်းတွေက အဆီများသွားလို့ ငါ့ဗိုက်က မခံနိုင်တာများလား’ ဟု တွေးနေမိ၏။
ရာသီဥတုသည် အတော်လေး အေးစက်နေပြီး အိမ်သာထဲတွင်လည်း နွေးထွေးမှုမရှိသဖြင့် ချန်ချင်းယွီသည် လျင်မြန်စွာပင် အပြင်ထွက်ရန် ပြင်လိုက်သည်။ သို့သော် သူမ အပြင်သို့ မထွက်ရသေးမီမှာပင် သတို့သားဖြစ်သူနှင့် ကွမ်မေ့မေ့တို့သည် ဘေးဘီဝဲယာကို ခိုးကြောင်ခိုးဝှက် ကြည့်ရှုရင်း တစ်ယောက်နောက် တစ်ယောက် အမီလိုက်လျက် ဤဘက်သို့ လျှောက်လှမ်းလာကြသည်ကို မြင်လိုက်ရ၏။
ချန်ချင်းယွီ: “...”
၎င်းတို့နှစ်ဦး၏ အမူအရာမှာ တစ်ခုခု ပုံမှန်မဟုတ်မှန်း သိသာလှသည်။
ချန်ချင်းယွီသည် ခေတ္တမျှ တွန့်ဆုတ်သွားပြီး~~~
‘ငါ အခုအတိုင်း အပြင်ထွက်သွားရင် သူတို့နဲ့ ထိပ်တိုက်တိုးပြီး အခြေအနေ မကောင်းဖြစ်ကုန်လိမ့်မယ်’
ထို့ကြောင့် သူမသည် နောက်သို့ ဆုတ်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ကာ နံရံကို ခြေကုပ်ယူလျက် အမိုးပေါ်သို့ လျင်မြန်စွာ တွားတက်သွားခဲ့၏။ သူမသည် ထောင့်စွန်းတစ်ခုတွင် ပုန်းအောင်းရင်း၊ ခြေထောက်များကို နံရံတွင် ကပ်ထားကာ ကိုယ်ကို တတ်နိုင်သမျှ ကျုံ့ထားလိုက်မိသည်။
ဤအခိုက်အတန့်တွင်မူ သူမသည် ယခင်ဘဝ၌ မိမိပိုင်ဆိုင်ခဲ့သည့် အရပ်ရှည်ရှည်၊ ခြေတံရှည်ရှည် ခန္ဓာကိုယ်မျိုးကို လုံးဝ တမ်းတခြင်း မရှိတော့ပေ။
အကယ်၍ ထိုသို့သော ခန္ဓာကိုယ်မျိုးသာ ဆိုလျှင် ယခုလို နေရာမျိုးတွင် ပုန်းကွယ်နိုင်ရန် မည်သို့မျှ မဖြစ်နိုင်ပေ။
သေးသွယ်ပုပြတ်သော ကိုယ်လုံးလေး ရှိခြင်းသည်လည်း ၎င်း၏ အားသာချက်နှင့် ၎င်း ရှိနေသည်သာ…
ချန်ချင်းယွီသည် အမိုးပေါ်တွင် ပုန်းနေရင်း၊ အားလုံး ကွယ်ဝှက်သွားကြပြီးနောက် မိမိကိုယ်မိမိ အနည်းငယ် ဆွံ့အမိသွားသည်။
‘နေပါဦး... ငါက ဘာဖြစ်လို့ ပုန်းနေရတာလဲ...’
သို့သော် ချန်ချင်းယွီ အခြားအရာများကို ထပ်မံ မတွေးတောနိုင်ခင်မှာပင် ကွမ်မေ့မေ့ အထဲသို့ ဝင်လာခဲ့သည်။ သူမသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုပြီးနောက် လေသံကို နှိမ့်လျက် လှမ်းပြောလိုက်၏။
“အထဲဝင်ခဲ့၊ လူမရှိဘူး”
ချန်ချင်းယွီ: “.........”
‘ဒါ... ဒါက ဘာအကွက်လဲ......’
သေချာပေါက်ပင် ချန်ချင်းယွီ ခန့်မှန်းထားသည့်အတိုင်း အထဲသို့ လျှောက်လှမ်းဝင်လာသူမှာ ယွမ်ဟောက်ဖုန်း ဖြစ်နေတော့သည်။
၎င်းတို့နှစ်ဦးသည် အထဲသို့ ရောက်သည်နှင့် ချက်ချင်းပင် တစ်ယောက်ကိုတစ်ယောက် ဖက်လှဲတကင်း ပွေ့ဖက်လိုက်ကြပြီး တိုးတိုးတိတ်တိတ်ဖြင့် ချစ်စကား ကလူစကားများ ဆိုကြလေ၏။
ချန်ချင်းယွီ: “...”
‘တောက်... သောက်ကျိုးနည်း… ဒါ ဘာတွေလုပ်နေကြတာလဲ...’
‘နင်တို့တွေ ဘာလုပ်နေကြတာလဲ...’
‘ဒီနေရာက အိမ်သာကြီးလေ၊ ဟိုတယ် မဟုတ်ဘူးဟဲ့.. အိန္ဒြေလေး ဘာလေးတော့ ရှိကြဦးမှပေါ့...’
‘အမလေး... နေပါဦးရှင်...’
‘ယွမ်ဟောက်ဖုန်း... နင်က ဒီနေ့ပွဲရဲ့ သတို့သားလေ...’
‘ကွမ်မေ့မေ့... နင်က သတို့သမီးရဲ့ အစ်မ သတိုးသား မရီးလေ...’
‘နင်တို့တွေ ဘာတွေ လာလုပ်နေကြတာလဲ......’
ချန်ချင်းယွီသည် ရင်ထဲမှအသည်းအသန် အော်ဟစ်မိတော့သည်။
‘ဘုရားရေ… ငါကများ အတင်းအဖျင်း သတင်းတွေကို ဆွဲဆောင်တတ်တဲ့ သဘာဝမျိုး ရှိနေတာလား… ငါကိုယ်တိုင်တောင် မသိလိုက်ဘဲနဲ့ တစ်စုံတစ်ရာ အစွမ်းမျိုး ရှိနေလို့လား’
သို့မဟုတ်လျှင် သူမသည် အဘယ်ကြောင့် ဤကဲ့သို့သော ကိစ္စရပ်မျိုးများနှင့် အမြဲတမ်း လာပြီး ထိပ်တိုက်တိုးနေရပါသနည်း။
ပြီးခဲ့သည့်အကြိမ်တွင်လည်း ကျောက်ရုံနှင့် ရှန်ရှန့်တို့ တိတ်တဆိတ် ပူးပေါင်းကြံစည်နေသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရ၏။
ထိုမတိုင်ခင်လည်း ကျောက်ရုံနှင့် ယွမ်ဟောက်မင်တို့ အိမ်တွင် ကြံစည်နေကြသည်ကို တွေ့ခဲ့ရသည်။
ပြီးတော့ ထိုမတိုင်ခင်မှလည်း...
အချုပ်အားဖြင့်ဆိုရသော် သူမသည် ဤဝင်းကြီးထဲမှ အတင်းအဖျင်း အရှုပ်ထုပ်မှန်သမျှကို အမြဲတမ်းလိုလို မတော်တဆ သိရှိသွားတတ်၏။
ချန်ချင်းယွီသည် အတွေးကမ္ဘာထဲတွင် လွင့်မျောနေမိရာမှ စိတ်ထဲတွင် ပြန်လည် ရေရွတ်မိပြန်သည်။
‘ဒီနှစ်ယောက်က တကယ်ကြီး ဤနေရာမှာ အချစ်တိုက်ပွဲ အချီသုံးရာ ဆင်နွှဲကြတော့မှာလား...’
‘ငါကတော့ တကယ်ကြီး မကြည့်ချင်ဘူးနော်...’
‘နင်တို့နှစ်ယောက်လုံးက ကြည့်ရဆိုးတဲ့ ရုပ်မျိုးမဟုတ်ဘဲ တော်တော်လေး ရုပ်ချောကြတယ်ဆိုပေမဲ့၊ ဒီလောက်အေးတဲ့ ရာသီဥတုကြီးမှာ ဒါမျိုးကို လာပြီး ချောင်းကြည့်နေရတာ တကယ့်ကို မတန်ဘူး...’
‘မမေးပါနဲ့တော့... အဖြေကတော့ နောင်တပါပဲ.. ငါ အစကတည်းက မပုန်းခဲ့သင့်ဘူး...’
‘ငါ့ဘာသာ အိမ်တန်းပြန်လိုက်ရင် ပြီးနေတာကို… သူတို့နဲ့ ထိပ်တိုက်တိုးရင်ကော ဘာဖြစ်မှာမို့လို့လဲ...’
“ဒါ ဘာအရှုပ်ထုပ်ကြီးလဲဆိုတာ ရှင်းပြစမ်းပါဦး”
ချန်ချင်းယွီသည် စိတ်ပျက်လက်ပျက်ဖြင့် တစ်ကိုယ်တည်း ရေရွတ်မိတော့သည်။
ကံကောင်းသည်မှာ ထိုနှစ်ဦးသည် သန့်စင်ခန်းထဲတွင် ထိုမျှအထိ အောက်ခြေလွတ်အောင် ရမ္မက်မီး မတောက်ခဲ့ကြပေ။ နောက်ဆုံးတွင် တစ်ယောက်ကိုတစ်ယောက် ခွာလိုက်ကြပြီးနောက် ကွမ်မေ့မေ့မှာ တိုးတိုးလေး ဆိုသည်။
“နင့်ကို စိတ်ဆင်းရဲအောင် လုပ်မိပြီ”
ယွမ်ဟောက်ဖုန်းသည် ကွမ်မေ့မေ့ကို ပွေ့ဖက်လိုက်ပြီး
“ကျွန်တော် ဒါကို မမအတွက်ကြောင့်နဲ့ပဲ လက်ခံခဲ့တာ၊ ဒါပေမဲ့ မမရဲ့ညီမကတော့ မမနဲ့ ယှဉ်ရင် ဘာမှမဟုတ်ဘူး”
ကွမ်မေ့မေ့ ခပ်တိုးတိုး ရယ်မောလိုက်ပြီး
“ငါ သိပါတယ်၊ နင် သူ့ကို သဘောမကျမှန်း ငါ သိတာပေါ့… ဒါကို ငါ့ကို ကူညီတဲ့အနေနဲ့ပဲ သဘောထားပေးပါ၊ နောင်ကျရင် အကျိုးအမြတ် တစ်ခုခုရှိလာရင် နင့်ကို ငါ လုံးဝ မမေ့ပါဘူး… နင် သူ့ကို လက်ထပ်လိုက်ရင် ငါတို့က ဆွေမျိုးတွေ ဖြစ်သွားကြပြီလေ၊ အဲဒီအခါကျရင် ငါတို့ရဲ့ ဆက်ဆံရေးကလည်း လုံးဝ တရားဝင်သွားပြီ… အဲဒီကောင်စုတ်ကလည်း ဘာမှ ရိပ်မိမှာ မဟုတ်တော့ဘူး၊ ပြီးတော့ သူမ အိမ်ထောင်ကျသွားတာကို မြင်ရတော့မှပဲ ငါလည်း စိတ်အေးရတော့မယ်… မဟုတ်ရင် အဲဒီကောင်စုတ်က သူ့အပေါ် အမြဲတမ်း မျက်စိကျနေတာ၊ တကယ့်ကို စိတ်အနှောင့်အယှက် ဖြစ်ရတယ်… နင်လည်း သိတဲ့အတိုင်းပဲ... တကယ်တော့ ထင်းထင်းက ရုပ်ရည်က သာမန်ပါပဲ၊ အဲဒီကောင်ရဲ့ အမြင်က ဘယ်လောက်တောင် အောက်တန်းကျလိုက်သလဲ… ငါ့အထင်တော့ သူက ထင်းထင်းကို ငါ့ရဲ့ ညီမဖြစ်နေလို့ပဲ သဘောကျနေတာ၊ သူ့မှာ မရိုးသားတဲ့ ရည်ရွယ်ချက် ရှိနေတာ… သူက ခဲအိုနဲ့ ခယ်မ ကလူရတဲ့ အရသာမျိုးကို ခံစားချင်နေတာလေ၊ တကယ့်ကို ရွံစရာကောင်းတဲ့ အကောင်...”
“သူ့အကြောင်း တွေးမိရုံနဲ့တင် ငါ အော့အန်ချင်လာပြီ… ထင်းထင်းက လူမမယ်သေးဘူးဆိုပေမဲ့ သူက ငါ့ရဲ့ ညီမအရင်းပဲလေ၊ အဲဒီကောင်စုတ်နဲ့ ပတ်သက်မိအောင် ငါ ဘယ်လိုမှ အဖြစ်မခံနိုင်ဘူး… စိတ်ပျက်စရာကောင်းတာက ငါ ဘယ်လောက်ပဲ ဖျောင်းဖျဖျောင်းဖျ ထင်းထင်းကတော့ ငါက သူ့ရဲ့ ငယ်ရွယ်နုပျိုမှုကို မနာလိုဖြစ်နေတယ်လို့ပဲ ထင်ပြီး အဲဒီကောင်စုတ်နဲ့ ဝေးဝေးမနေဘူးလေ… ငါ တော်တော်လေး စိတ်ပူမိတယ်၊ သူမက တကယ့်ကို ဦးနှောက်မရှိတဲ့ အရူးမလေးပဲ”
ယွမ်ဟောက်ဖုန်း : “စိတ်မကောင်း မဖြစ်ပါနဲ့တော့… အနည်းဆုံးတော့ အခု ကျွန်တော် သူမကို လက်ထပ်လိုက်ပြီဆိုတော့ မမအပေါ်က ဖိအားတွေ နည်းနည်း လျော့သွားတာပေါ့”
“နင်က တကယ်ကို စိတ်သဘောထား ကောင်းတာပဲ”
ယွမ်ဟောက်ဖုန်း : “ကျွန်တော်တို့ရဲ့ ဆက်ဆံရေးနဲ့ ဒီစကားတွေကို ဘာလို့ လာပြောနေတာလဲ… အကယ်၍ မမကြောင့်သာ မဟုတ်ရင် ကျွန်တော် သူ့ကို လုံးဝ လက်ထပ်မှာ မဟုတ်ဘူး၊ ပြီးတော့ မမက မိန်းမကောင်းတစ်ယောက်ဆိုတာ ကျွန်တော် သိပါတယ်၊ ညီမဖြစ်သူအတွက် ဒီလောက်တောင် အနစ်နာခံပေးခဲ့တာကို သူက အသိအမှတ်မပြုဘူးလေ… သူက တကယ့်ကို ကလေးဆန်လွန်းတယ်”
သူသည် ကွမ်ထင်းထင်းကို အလွန်အထင်သေးပုံရပြီး သူမအကြောင်း ပြောသည့်အခါတိုင်း မျက်နှာသည် မကျေမနပ် ဖြစ်လျက် ရှုံ့မဲ့နေတတ်သည်။
သို့သော်လည်း အမိုးပေါ်ရှိ ချန်ချင်းယွီမှာမူ တစ်ဖန် ထပ်မံ၍ ဆွံ့အမှင်တက်သွားရပြန်၏။
‘ငါ တကယ်ပဲ အတင်းအဖျင်း မှော်အစွမ်းကို အသက်သွင်းလိုက်မိပြီထင်တယ်~~ နင်တို့နှစ်ယောက်က တကယ်ကြီး ဖောက်ပြန်နေကြတာပဲ...’
ချန်ချင်းယွီ: “...”
သူမအနေဖြင့် ၈၀၊ ၉၀ ခုနှစ်များရှိ ဟောင်ကောင်ကို ကူးပြောင်းမသွားမိသည်မှာ တော်သေးသည်ဟု တွေးမိသည်။ မဟုတ်လျှင် ဤကဲ့သို့သော အစွမ်းအစမျိုး၊ အတင်းအဖျင်းများနှင့် အမြဲတမ်း တိုးတတ်သည့် ကံကြမ္မာမျိုးနှင့်ဆိုလျှင် ပါပါရာဇီတစ်ယောက် ဖြစ်သွားလောက်ပြီး၊ ကိစ္စအဝဝကို အလွန်အကျွံ သိရှိထားသူ ဖြစ်သဖြင့် အမြဲတမ်း အမဲလိုက် သတ်ဖြတ်ခြင်းကို ခံနေရလောက်ပြီဖြစ်၏။
တကယ့်ကို အများကြီး သိလွန်းနေပြီ…
“အပ်ချုပ်စက်နဲ့ ရေဒီယိုအကြောင်းကို ထင်းထင်းကို ဘာမှ မပြောနဲ့ဦး…နင့်ဘာသာနင် ဝယ်တာလို့ပဲ ပြောလိုက်”
ယွမ်ဟောက်ဖုန်း : “ဒါပေမဲ့ ဒါက မမအတွက် မတရားဘူးလေ… ကျွန်တော်တို့ မင်္ဂလာဆောင်အတွက် မမပဲ ပိုက်ဆံစိုက်ထုတ်ပေးခဲ့တာကို...”
ချန်ချင်းယွီ: ‘အလိုလေး... အံ့ဩပါ့... ဒါကြောင့်ကိုး...’
ကျောက်ရုံမှာ ဤမျှအထိ မတတ်နိုင်မှန်း သူမ သိထားခဲ့သော်လည်း တကယ်တမ်းတွင် ကွမ်မေ့မေ့မှပိုက်ဆံစိုက်ထုတ်ပေးခဲ့ခြင်း ဖြစ်နေသည်။
ဒါနဲ့ နေပါဦး... ဒီနှစ်ယောက်က ဘယ်တုန်းကတည်းက ငြိစွန်းနေကြတာလဲ… သူတို့ ကြိုတင်ပြီး ပတ်သက်နေခဲ့ကြတာကတော့ အထင်အရှားပဲ…
မဟုတ်လျှင် ဤသို့ ဖြစ်လာစရာ အကြောင်းမရှိပေ။
သူမသည် နားရွက်ကလေးများကို စွင့်လျက် အသည်းအသန် ဆက်၍ နားစွင့်နေမိသည်။
“အဲဒီလို မပြောပါနဲ့… နင်က ငါ့ကို ကူညီတဲ့အနေနဲ့ အိမ်ထောင်ပြုလိုက်တာပဲ၊ ငါ့ကို ကူညီဖို့သာ မဟုတ်ရင် နင် သူ့ကို လက်ထပ်မှာ မဟုတ်သလို၊ ဒါတွေအားလုံးကိုလည်း ဝယ်စရာ လိုမှာမဟုတ်ဘူး… ဒါတွေအားလုံးက ငါ့အတွက်ကြောင့်ပဲဥစ္စာ၊ အဲဒီတော့ ငါက ပိုက်ဆံနဲ့ လုပ်အား စိုက်ထုတ်ပေးတာ ဘာမှမမှားပါဘူး၊ ငါ အကျိုးရှိအောင်လို့ နင့်ကို ငါနဲ့ မိတ်ဆက်ပေးခဲ့တဲ့ အစ်မရှန့်ရှန့်ကိုပဲ တကယ် ကျေးဇူးတင်ရမယ်၊ မဟုတ်ရင် ငါ တကယ့်ကို အခက်အခဲ ကြီးကြီးမားမားနဲ့ ရင်ဆိုင်ရတော့မှာ”
ယွမ်ဟောက်ဖုန်းသည်လည်း
“ကျွန်တော်လည်း မမနဲ့ ဆုံခွင့်ရအောင် လုပ်ပေးခဲ့တဲ့ သူမကို ကျေးဇူးတင်ပါတယ်”
ထိုနှစ်ဦးသည် အလွန်ပင် ချစ်ကြည်နူးနေကြ၏။
ချန်ချင်းယွီ: ‘အလိုလေး... အံ့ဩပါ့...’
ဤနှစ်ဦး မည်သို့ ဆုံစည်းခဲ့ကြသလဲဟု သူမ တွေးတောနေခဲ့စဉ်~~
ရှန့်ရှန့်ကတစ်ဆင့် အဆက်အသွယ် ရခဲ့ကြတာကိုး... အာ... ဒီခေတ်ကြီးထဲမှာ လူတွေက ဒီလောက်တောင် ရှုပ်ပွေနေကြတာလား…
ရှန့်ရှန့်နှင့် ယွမ်ဟောက်ဖုန်းတို့ ဖောက်ပြန်နေကြသည်ကို သူမ သိထားသည် မဟုတ်လော့။
ယခုအခါ ချန်ချင်းယွီသည် မိမိကိုယ်မိမိ ဘာမှမသိသည့် တောသားလေးတစ်ယောက်ကဲ့သို့ ခံစားလိုက်ရလေသည်။
“ဒါနဲ့... နင့်မင်္ဂလာဆောင်အတွက် သူက ဘာလက်ဆောင်ပေးလဲ… တန်ဖိုးနည်းတဲ့အရာဆိုရင်တော့ ငါ သူ့ကို လှောင်ပြောင်လိုက်ဦးမယ်”
ယွမ်ဟောက်ဖုန်း: “သူက ကျွန်တော့်ကို နာရီတစ်လုံး ပေးတယ်”
“အလုပ်ရှင်ဌာနမှူးကလည်း နင့်ကို အရင်က တစ်လုံး ပေးထားပြီးပြီ မဟုတ်လား”
“ဒီတစ်လုံးက ပိုကောင်းတယ်လေ… ပထမတစ်လုံးကိုတော့ ကျွန်တော့်အဖေကို ပေးလိုက်ပြီ”
ကွမ်မေ့မေ့: “အဲဒါမှ ဟုတ်တာပေါ့”
ထို့နောက် သူမ ထပ်မံ မေးမြန်းလိုက်၏။
“အစ်မကျန်းကရော”
ယွမ်ဟောက်ဖုန်း မြတ်နိုးတန်ဖိုးထားသည့် အမူအရာဖြင့် ပြုံးလျက်
“မမ သဝန်တိုနေတာလား...”
ကွမ်မေ့မေ့ နှာခေါင်းရှုံ့လိုက်သော်လည်း လျင်မြန်စွာပင် ပြန်၍ ဆိုသည်။
“သဝန်တော့ တိုတာပေါ့၊ ဒါပေမဲ့ ငါတို့အားလုံးက ရုန်းကန်နေကြရတာဆိုတာ ငါ သိပါတယ်… ကောင်းမွန်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ခွင့်ရဖို့က အရေးကြီးဆုံးပဲ၊ သူတို့နဲ့ အဆက်အသွယ် မဖြတ်လိုက်နဲ့ဦး… ရှန့်ရှန့် ဘေးနားမှာ ရှိတဲ့လူတွေက အတော်လေး အရည်အချင်း ရှိကြတာ၊ အစ်မကျန်းက အတွင်းရေးမှူးကျန်းရဲ့ သမီးပဲ… နင်က သူ့ကို အသုံးချလို့မရပေမဲ့ နင့်မိဘတွေနဲ့ နင့်ညီမက စက်ရုံမှာ ရှိနေတာဆိုတော့ သူတို့အတွက် အသုံးဝင်တယ်… နင့်ညီမက သူကြောင့်မို့လို့ အမြဲတမ်းဝန်ထမ်းအဖြစ် ရာထူးရခဲ့တာလေ၊ သူတို့နဲ့ ဆက်ဆံရေးကို ကောင်းကောင်း ထိန်းသိမ်းထားတာက နင့်အတွက် အကျိုးရှိလိမ့်မယ်၊ ငါက နင့်အတွက် အကောင်းဆုံးဖြစ်စေချင်လို့ပါ… ငါလည်း ရှန့်ရှန့်က အဲဒီလူတွေနဲ့ မိတ်ဆက်ပေးခဲ့လို့သာ ငါ့မိသားစုရဲ့ အခြေအနေကို ပြောင်းလဲနိုင်ခဲ့ပြီး ငါ့ယောကျာ်းကို ဖမ်းဆွဲထားနိုင်ခဲ့တာ… ဒါပေမဲ့ သူတို့ကလည်း အခုဆို လည်နေကြပြီ၊ လှည့်စားဖို့ မလွယ်တော့ဘူး… နင်က ငါ့ထက် ပိုပြီး ရုန်းကန်ရပေမဲ့ ငါ့ဘဝထက်စာရင်တော့ ပိုပြီး လွယ်ကူပါတယ်၊ မိန်းမတွေက စိတ်ပျော့တတ်ကြတာမို့လို့၊ နည်းနည်းလောက် ချော့မြှူလိုက်ပြီး နင် ရနိုင်မယ့် အကျိုးအမြတ်တွေကိုပဲ ယူထားလိုက်”
ယွမ်ဟောက်ဖုန်း: “နင် ငါ့အကျိုးအတွက် လုပ်ပေးနေတာကို ငါ သိပါတယ်”
ထိုနှစ်ဦးသည် တစ်ဖက်ကလည်း ထပ်မံ၍ ပွေ့ဖက်လိုက်ကြပြန်သည်။
ချန်ချင်းယွီ: ‘အလိုလေး... ဒါကြောင့်ကိုး၊ ဒါကြောင့်ကိုး...’
ချန်ချင်းယွီသည် သူမ၏ ခေါင်းကို ကုတ်လိုက်မိပြီး အမိုးပေါ်တွင် တွဲလောင်းခိုလျက် ဘာမှနားမလည်ကာခေါင်းကုတ်နေသည့် ငှက်အူတူတူလေးတစ်ကောင်ကဲ့သို့ ဖြစ်နေ၏။ ၎င်းတို့ ပြောဆိုနေသည့် စကားများ၏ အဓိပ္ပာယ်ကို သူမ ချက်ချင်း သဘောမပေါက်နိုင် ဖြစ်နေရသည်၊ သို့မဟုတ် အဓိပ္ပာယ်ကို နားလည်သော်လည်း ယုံကြည်ရခက်ခဲ ဖြစ်နေခြင်း ဖြစ်သည်။
ဒါဆို...
ယွမ်ဟောက်ဖုန်းနဲ့ ရှန့်ရှန့်တို့က ဖောက်ပြန်နေကြတာ… ရှန့်ရှန့်ကလည်း ယွမ်ဟောက်ဖုန်းကို တစ်ယောက်တည်း အပိုင်သိမ်းမထားဘဲ အခြားအမျိုးသမီးတွေနဲ့ပါ မိတ်ဆက်ပေးခဲ့တာပေါ့...
အမျိုးသမီး စုံစိနေအောင် မိတ်ဆက်ပေးခဲ့တာလား... အတွင်းရေးမှူးကျန်းရဲ့ သမီးဆိုတာ... ချဲယုံဖုန်းရဲ့ မိန်းမ မဟုတ်လား...
ဒါဆို အဲဒီအမျိုးသမီးကလည်း အပြင်မှာ ဖောက်ပြန်နေတာပေါ့...
မော်ကွန်းတင်လောက်ပါပေရဲ့၊ သူမက ချဲယုံဖုန်းရဲ့ အရှုပ်ထုပ်တွေကို ဂရုမစိုက်သလို ကွာလည်းမကွာရှင်းတာ ဒါကြောင့်ကိုး…
ကဲ... ဟုတ်ပါပြီ…
နင်တို့တွေက တကယ့်ကို အံ့ဩစရာကောင်းတဲ့ လူတွေပဲ၊ ငါတော့ တော်တော်လေး နားမလည်နိုင်တော့ဘူး…
ငါ ပိုပြီး နားမလည်နိုင်တာကတော့ ဒီနှစ်ယောက်ပဲ၊ သူတို့က တစ်ယောက်ရဲ့ ဖောက်ပြန်မှုကို တစ်ယောက်က သိနေကြပါလျက်နဲ့ ဘာဖြစ်လို့ ဂရုမစိုက်ကြတာလဲ...
ရိုးသားလှပါတယ်ဆိုတဲ့ ဒီခေတ်ကြီးက ဘာဖြစ်သွားတာလဲ...
ဒါတွေက ဘာတွေလဲကွယ်ရို့…
ချန်ချင်းယွီသည် တကယ့်ကို ကြီးစွာသော တုန်လှုပ်မှုကို ခံစားလိုက်ရသည်။
သူမ၏ ဆင်ခြင်တုံတရားကြောင့်သာ အမိုးပေါ်မှ လိမ့်မကျသွားခြင်း ဖြစ်၏။ သို့သော် ငြင်းပယ်၍မရသည်မှာ ကျောက်ရုံတွင် အထိန်းအကွပ် မရှိသကဲ့သို့… သူမ၏ သားသမီးတွင်လည်း ထိုနည်းအတိုင်းပင်။ ယွမ်ဟောက်ဖုန်းသည် ကွယ်ရာတွင် ဤကဲ့သို့သော လူစားမျိုး ဖြစ်နေလိမ့်မည်ဟု လူတိုင်း သေချာပေါက် ထင်မှတ်ထားကြမည် မဟုတ်ပေ။
လူဆိုတာ ‘မျက်နှာသာမြင်ရပြီး စိတ်ကိုတော့ မမြင်နိုင်ဘူး’ ဆိုတာ ဒါမျိုးပေါ့…. ဒီယောကျာ်းက ကောင်မလေးတွေဆီက ကပ်စားတဲ့ ပိုင်းလုံးကောင်ပဲ၊ ပြီးတော့ သူမရဲ့ အုပ်ထိန်းမှုအောက်ကိုလည်း ဒီလောက်မြန်မြန် ရောက်သွားရတယ်လို့…
“နောင်ကျရင် ငါတို့တွေ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း ရှိလို့ရပြီ… ဘာကိုမှ စိတ်မပူနဲ့၊ငါတို့တွေ သတိထားပြီး လျှို့ဝှက်ထားသရွေ့တော့ ရှန့်ရှန့်ကလည်း ဘာမှပြောမှာ မဟုတ်ဘူး။ သူမက ဒါမျိုးလုပ်လာတာ နှစ်တွေအတော်ကြာပြီမို့လို့ တော်တော်လေး နားလည်မှုရှိပါတယ်.. ဒါပေမဲ့ နင့်မိသားစုကိုတော့ လုံးဝ အသိမပေးမိစေနဲ့”
ကွမ်မေ့မေ့က မှာကြားလိုက်သည်။
ယွမ်ဟောက်ဖုန်း : “ကျွန်တော် ဘာမှမပြောပါဘူး… အခြားလူတွေကို စိတ်မပူပေမဲ့ အမေကတော့ တစ်ခုခုကို ရိပ်မိနေလောက်ပြီ၊ ဒါပေမဲ့ ဘာမှဖွင့်မပြောထားလို့ စိတ်မပူပါနဲ့… အမေ သိသွားရင်တောင် သူကဖော်ကောင်လုပ်မှာ မဟုတ်ဘူး… သူက ကျွန်တော့်ကို အချစ်ဆုံးပဲဥစ္စာ”
ကွမ်မေ့မေ့: “ကောင်းပြီ၊ ငါ နင့်ကို ယုံတယ်”
ထို့နောက် သူတို့နှစ်ဦးသည် ခရုလေးတစ်ကောင်ကို စုပ်ယူနေသကဲ့သို့ တစ်ဖန် ပြန်လည်၍ အနမ်းခြွေကြပြန်၏။
ချောင်းမြောင်းနားစွင့်နေသည့် ချန်ချင်းယွီမှာမူ: “...”
‘ဟေး... နင်တို့ တကယ်ပဲ မင်္ဂလာဆောင်တဲ့နေ့ကြီးမှာ လူတွေအများကြီး ရှေ့မှောက်မှာ ဒါတွေကို လာပြောနေဖို့ လိုလို့လား...’
‘သူများတွေ ကြားသွားမှာကို မကြောက်ကြဘူးလား...’
‘တကယ်ကြီး ဒီလို လုပ်ဖို့ လိုအပ်လို့လား...’
ချန်ချင်းယွီအနေဖြင့် ဘယ်လိုမှ နားမလည်နိုင်တော့ပေ။ ဤကဲ့သို့သော ကိစ္စရပ်များကို မင်္ဂလာပွဲ မတိုင်ခင် သို့မဟုတ် မင်္ဂလာပွဲ ပြီးမှ ဖြစ်စေ၊ အခြားအချိန်တစ်ခုခုတွင် ဆွေးနွေးတိုင်ပင်၍ ရနိုင်ပါလျက်နှင့်~~~ သူတို့သည် အခြားအချိန်ကို မရွေးချယ်ကာ ယနေ့ကဲ့သို့ နေ့ထူးနေ့မြတ်တွင် အိမ်သာထဲ၌ တိတ်တဆိတ် ပုန်းအောင်းကာ ဤကိစ္စကို လာရောက်ပြောဆိုနေကြသည်။
ဒါက~~~ နင်တို့နှစ်ယောက်ရဲ့ ဘယ်လို ဝါသနာမျိုးလဲ... နင်တို့တွေက ဒီလို ပုန်းလျှိုးကွယ်လျှိုး လုပ်ရတာကို သဘောကျနေတာများလား...
ရင်ခုန်စိတ်လှုပ်ရှားမှုကို ရှာဖွေနေကြတာလား...
စိတ်လှုပ်ရှားမှုကို ရှာဖွေနေကြတာ မဟုတ်လား...
ဟုတ်တယ်မလား၊ ဟုတ်တယ်မလား...
ချန်ချင်းယွီခမျာ ထိုသို့ ဖြစ်နိုင်ခြေ အလွန်များအံ့ဟု တွေးမိသည်။
ထိုနှစ်ဦးသည် ခေတ္တမျှ ထပ်မံ အနမ်းခြွေပြီးနောက်၊ ကွမ်မေ့မေ့မှာ
“အခု နင်လည်း အိမ်ထောင်ကျသွားပြီဆိုတော့ မြန်မြန် ကလေးယူဖို့ ပြင်တော့… ကလေးရသွားပြီဆိုရင်တော့ နင် ထင်းထင်းနဲ့ အတူနေလို့ မရတော့ဘူး”
ယွမ်ဟောက်ဖုန်း ခပ်တိုးတိုး ရယ်မောလိုက်ပြီး
“မမ စောစောကတင် သဝန်မတိုဘူးလို့ ပြောထားပြီးတော့...”
“ငါ အဲဒီလို မပြောပါဘူး… ငါ သဝန်တိုတယ်၊ ဒါပေမဲ့ သည်းခံနိုင်တယ်လို့ပဲ ပြောတာ”
သူမ ဆက်၍ ဆိုလေသည်။
“ဘာပဲဖြစ်ဖြစ် ငါ့စကားကိုနားထောင်၊ မြန်မြန် ကလေးယူလိုက်… ကလေးရပြီးလို့မှ အဆင်မပြေရင် ကွာရှင်းလိုက်ပေါ့… ထင်းထင်းရဲ့ စရိုက်က တကယ်ကို ဆိုးလွန်းလို့… နင့်ကို တစ်သက်လုံး သည်းခံနေဖို့ ငါ မပြောပါဘူး၊ ဒါပေမဲ့ ကလေးကို ပြုစုစောင့်ရှောက်ရတာက အားအင်တွေ အများကြီး ကုန်ခမ်းစေလိမ့်မယ်၊ အဲဒီအခါကျရင် သူမက အခုလို လှပနေတော့မှာ မဟုတ်ဘူး.. အဲဒီအချိန်ကျရင် ငါ့ယောကျာ်းကလည်း သူမကို လှည့်ကြည့်တော့မှာ မဟုတ်သလို၊ နင်လည်း ကွာရှင်းလို့ရပြီအရှင်းဆုံးပြောရရင် ငါ့ယောကျာ်းက ငါ့ညီမနဲ့ ပတ်သက်ပြီး ငါ့ကို အရှက်ခွဲတာမျိုး ငါ ဘယ်လိုမှ အဖြစ်မခံနိုင်ဘူး… သူတို့နှစ်ယောက် လုံးဝ ပတ်သက်လို့ မရဘူး”
ယွမ်ဟောက်ဖုန်း : “ကောင်းပါပြီ၊ ကျွန်တော် မမ စကားကို နားထောင်ပါ့မယ်”
ချန်ချင်းယွီ: “...”
သူမမှာ စောစောလေးတင် ကွမ်မေ့မေ့သည် လူယုတ်မာတစ်ယောက် ဖြစ်သော်လည်း အနည်းဆုံးတော့ ညီမဖြစ်သူအပေါ် စေတနာထားသေးသည်ဟု တွေးမိခဲ့၏။
ဒါပေမဲ့... ဒါက... ဒါက ဘာလဲ.........
ကြည့်ရတာ သူမက ညီမဖြစ်သူအပေါ် ဘာသံယောဇဉ်မျှ ရှိပုံမရပေ…
အကယ်၍ သံယောဇဉ်သာ ရှိပါက ဤကဲ့သို့သော စကားမျိုးကို ပြောလိမ့်မည် မဟုတ်ပေ…
ချန်ချင်းယွီ: “...”
သူမသည် အမိုးပေါ်တွင် ကုပ်ကုပ်လေး ပုန်းနေရင်း မိမိကိုယ်မိမိ မည်မျှအထိ လောကကြီးအကြောင်း မသိနားမလည်သေးကြောင်း သဘောပေါက်လိုက်မိသည်။
သူမသည် ယခုအခါ ကွမ်ထင်းထင်းကိုပင် သနားမိသလိုလို ဖြစ်သွားရ၏~~~ ဒီလို အစ်မမျိုး ရှိနေရတာကတော့ တကယ့်ကို ကံဆိုးတာပဲ...
ချန်ချင်းယွီသည် စိတ်ထဲကနေ တစ်ကိုယ်တည်း ရေရွတ်မိနေသော်လည်း၊ မကြာမီမှာပင် သူမ၏ ထိုအတွေးကို ပြန်လည်ရုပ်သိမ်းရတော့မည်ကို သူမကိုယ်တိုင် မသိရှိသေးပေ။ ကွမ်ထင်းထင်းအပေါ် ထားရှိသည့် သူမ၏ သနားဂရုဏာမှာ တကယ်တမ်းတွင် လုံးဝ မလိုအပ်သောအရာ ဖြစ်နေ၏။ သို့သော် ဤအခိုက်အတန့်တွင်မူ ချန်ချင်းယွီသည် သူမကို အနည်းငယ် သနားမိနေဆဲ ဖြစ်သည်။
ထိုနှစ်ဦးသည် ခေတ္တမျှ ပွေ့ဖက်ကြပြီးနောက်၊ ကွမ်မေ့မေ့မှာ စကားဆိုကာ
“ကဲ... ငါ ပြန်တော့မယ်… ငါ ဒီမှာ အကြာကြီး နေနေရင် လူတွေ ရိပ်မိကုန်လိမ့်မယ်”
ယွမ်ဟောက်ဖုန်း : “ဒါဆို မမ အရင်သွားနှင့်၊ ကျွန်တော်တို့တွေ အတူတူ ထွက်မသွားတာ ကောင်းမယ်”
“ကောင်းပါပြီ”
ကွမ်မေ့မေ့ ထွက်ခွာသွားပြီးနောက်၊ ယွမ်ဟောက်ဖုန်းသည်လည်း အမျိုးသမီးအိမ်သာထဲမှ ထွက်လာခဲ့သော်လည်း ထွက်မသွားသေးပေ။ ထိုအစား သူသည် အိမ်သာတံခါးဝတွင် ရပ်လျက် နှာခေါင်းရှုံ့ကာ လှောင်ပြုံး ပြုံးနေတော့သည်။
ချန်ချင်းယွီ: “.........”
သူမက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရင်း~~
‘ဒီကောင် ဘာဖြစ်လို့ ထွက်မသွားသေးတာလဲ......’
သူမ၏ ခြေထောက်များမှာလည်း ထုံကျင်ကိုက်ခဲလာပြီ ဖြစ်၏။
အတင်းအဖျင်း သတင်းကို ခိုးကြောင်ခိုးဝှက် ချောင်းကြည့်ရသည်မှာ တကယ့်ကို ပင်ပန်းလှပေသည်။
ချန်ချင်းယွီသည် စိတ်ထဲမှ တတွတ်တွတ် ညည်းတွားနေမိစဉ်၊ သူမ အမိုးပေါ်မှ အောက်သို့ မဆင်းရသေးမီ… မမျှော်လင့်ထားသော အခြားလူတစ်ယောက် ထပ်မံ ရောက်ရှိလာခဲ့ပြန်သည်...