အခန်း ၁၁၃
Vol. 12 Ch. 113
အခန်း (၁၁၃) အတွက်အချက်
ချန်ချင်းယွီသည် အခြေအနေကို ကြည့်ပြီး ခပ်ဖြည်းဖြည်းချင်း အောက်သို့ ဆင်းရန် ဆုံးဖြတ်လိုက်သည်။
သို့သော်လည်း သူမ အောက်သို့ မဆင်းရသေးမီမှာပင် လူများ ထပ်မံ ဝင်ရောက်လာကြပြန်၏။
အယ်… ဒီအချိန်ကြီးမှာ အမိုးပေါ်ကနေ ဝုန်းခနဲ ခုန်ဆင်းလိုက်ရင် မဟုတ်တရုတ် အတင်းအဖျင်း စကားတွေ ထွက်ကုန်မှာ စိုးရတယ်၊ ကဲပါလေ… ဒီအတိုင်းပဲ ဆက်အောင်းနေလိုက်တော့မယ်…
ချန်ချင်းယွီတစ်ယောက် ကိုယ်ကို ဆက်လက် ကျုံ့ထားလိုက်သည်။
အင်း… ခြေထောက်တွေတောင် ကျဉ်တက်ကုန်ပြီ…
ချန်ချင်းယွီ စိတ်ပိုင်းဖြတ်ပြီးသည်နှင့် အထဲသို့ လူများ အရှိန်အဟုန်ဖြင့် ဝင်လာကြရာ လှုပ်ရှားမှုမှာ တကယ့်ကို သွက်လက်လှပေသည်။ ယခုတစ်ကြိမ် ဝင်လာသူမှာ ယွမ်ဟောက်ဖုန်း ဖြစ်နေလိမ့်မည်ဟု သူမ မထင်မှတ်ထားမိပေ။ သို့သော် သူသည် တစ်ယောက်တည်း မဟုတ်ကာ၊ ကွမ်ထင်းထင်းနှင့်အတူ တွဲ၍ ဝင်လာခြင်း ဖြစ်၏။
ချန်ချင်းယွီ : ‘ဟိုလီရှစ်…’
သောက်ကျိုးနည်း… ဒါကြီးက ဘာကြီးလဲ…
စောစောလေးတင် ဝင်လာတဲ့သူက ကွမ်မေ့မေ့… အခုတစ်ခါကျတော့ ကွမ်ထင်းထင်း ဖြစ်နေပြန်ပြီ… ဗုဒ္ဓေါ…
ယွမ်ဟောက်ဖုန်းနှင့် ဤညီအစ်မနှစ်ယောက်၏ ပတ်သက်မှုမှာ အမှန်တကယ် စိတ်ဝင်စားစရာ ကောင်းလှပေသည်။ သို့သော်လည်း…
ဘာဖြစ်လို့ ကွမ်ထင်းထင်း ဖြစ်နေရတာလဲ…
ဒါဆို… ကွမ်ထင်းထင်းက ယွမ်ဟောက်ဖုန်းနဲ့ သူမရဲ့ အစ်မဖြစ်သူတို့ ကြားက အကြောင်းအရာတွေကို သိသွားလို့များလား…
အတင်းအဖျင်း သတင်းများကို စူးစမ်းရသည်ကို ဝါသနာပါသော ချန်ချင်းယွီတစ်ယောက် တွေးတော တွက်ချက်နေ၍ သူမ ခန့်မှန်းမရသေးခင် ယွမ်ဟောက်ဖုန်း စကားစတင် ပြောကြားလိုက်၏။
“မင်းနဲ့ မင်းအစ်မ မျက်နှာချင်းဆိုင် တိုးမိကြသေးလား၊ မင်းအစ်မ ကြောက်သွားပုံရလား”
ကွမ်ထင်းထင်း နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း
“ဘယ်ကသာ၊ သူမရဲ့ စိတ်ဓာတ်က တကယ့်ကို မာကျောလွန်းပါတယ်… ဘာမှမဖြစ်ခဲ့သလို ပုံစံမျိုးနဲ့ အေးဆေး နေပြသွားတာ၊ ပြီးတော့ ကျွန်မကို ပြုံးပြုံးရွှင်ရွှင်နဲ့ ဘာလို့ အပြင်ထွက်လာတာလဲလို့ တောင် လာမေးသေးတယ်… ကျွန်မကတော့ အိမ်သာသွားဖို့ ထွက်လာတာပေါ့၊ မဟုတ်ရင် ဘာလုပ်ဖို့ ထွက်လာရမှာလဲ… ကျွန်မကို သူ့လိုမျိုး အပြင်ထွက်ပြီး ခိုးစားနေတယ်လို့ ထင်နေတာလား၊ အရှက်မရှိလိုက်တာ”
ယွမ်ဟောက်ဖုန်း ခပ်ပြုံးပြုံး လုပ်နေသဖြင့် ကွမ်ထင်းထင်းစိတ်ကောက်သည့် ပုံစံဖြင့် နှုတ်ခမ်းလေး စူလိုက်ပြီး သူ့ကို ခိုးကြည့်လိုက်သည်။ ယွမ်ဟောက်ဖုန်း စကားပြန်မပြောသည့်အတွက် သူမသည် သူ့ကို တစ်ချက် တွန်းလိုက်ရင်း မနေနိုင်ဘဲ မေးမြန်းလိုက်ပြန်၏။
ကွမ်ထင်းထင်း မျက်ခုံးပင့်ကာ
“ကျွန်မ အစ်မက ရှင့်ကို ဘာတွေ လာပြောသွားသေးလဲ”
အမိုးပေါ်ရှိ ချန်ချင်းယွီမှာမူ…
"ဒါပဲလေ… အကွက်က ကွက်တိပဲ........."
စိတ်ထဲမှ ကြွေးကြော်ရင်း၊ နားကိုစွင့်ကာ မျက်လုံးအစုံမှာလည်း ကြောင်မျက်လုံးကဲ့သို့ အရောင်တောက်ပ၍ ပြူးကျယ်လျက် နားထောင်နေတော့သည်။
ယွမ်ဟောက်ဖုန်း : “ဘာရှိရမှာလဲ၊ အရင်ပြောနေကျ အကြောင်းအရာတွေပါပဲ၊ ဘာလဲ… မင်း သဝန်တိုနေတာလား”
ကွမ်ထင်းထင်း ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး
“ကျွန်မက ဘာလို့ သဝန်တိုရမှာလဲ၊ ကျွန်မတို့က လင်မယားတွေလေ၊ တစ်စိတ်တစ်ဝမ်းတည်း ရှိတာပဲ… အဲဒီလို အချိန်ဖြုန်းနေမယ့်အစား တို့တွေ အကွက်ဆင်ပြီး ပစ္စည်းတွေ ပိုရအောင် တွက်ချက်တာကမှ ပိုမြတ်ဦးမယ်… ကျွန်မက သဝန်တိုရအောင် အရူးမှ မဟုတ်တာ၊ ဒီတိုင်း မေးကြည့်တာပါ”
ယွမ်ဟောက်ဖုန်းသည်လည်း လေသံကို ရှည်ရှည်ဆွဲကာ “အော်…” ဟုကျီစယ်လိုက်စဉ်၊ ကွမ်ထင်းထင်း သူ့ကို တစ်ချက် ဆိတ်လိုက်ပြန်
သဖြင့် သူသည် အနည်းငယ်အော်လိုက်၏။
“အား… နာတယ်”
“ရှင် ပြောမှာလား၊ မပြောဘူးလား...”
“ပြောမယ် ပြောမယ်၊ အသေအချာ ပြောမှာပေါ့… ငါက မင်းကို ဘာလို့ ဖုံးကွယ်ထားရမှာလဲ… မင်းအစ်မက ပြောတယ်… ငါတို့ကို ကလေး အမြန်မွေးခိုင်းတယ်၊ ကလေးမွေးပြီးရင် ချက်ချင်း ကွာရှင်းလိုက်ပါတဲ့”
သူသည် နံရံကို မှီလိုက်ရင်း
“သူမက မင်းအပေါ်မှာ ညီအစ်မ သံယောဇဉ် တကယ်ကို မရှိတာပဲ”
ကွမ်ထင်းထင်း သရော်ပြုံး ပြုံးလိုက်ပြီး
“ကျွန်မကတော့ အစတည်းက သိပြီးသားပဲ၊ သူက ကျွန်မကို ညီမအရင်းတစ်ယောက်လို တကယ် သဘောထားတယ်လို့ ရှင် ထင်နေတာလား…သူက ကျွန်မကို သူ့ရဲ့ ယောက်ျားနဲ့ ငြိစွန်းသွားမှာ စိုးရိမ်နေတာပဲ၊ လူဆိုတာ ကိုယ့်မှာ မရှိတဲ့အရာကို ပိုပြီး စိုးရိမ်တတ်ကြတာပဲလေ… သူက သိက္ခာကို အရမ်း ဂရုစိုက်တာဆိုတော့ ကျွန်မက သူ့ရဲ့ ယောက်ျားဖြစ်တဲ့ ထိပ်ပြောင် ဝက်သိုးကြီးနဲ့ ပတ်သက်သွားမှာကို ဘယ်လိုမှ ခွင့်ပြုမှာ မဟုတ်ဘူး၊ အဲဒါက သူ့မျက်နှာကို ဖြတ်ရိုက်သလို ဖြစ်သွားမှာပေါ့.. ဒါပေမဲ့လည်း ကောင်းတာပေါ့၊ ကျွန်မတို့က ဒါကို အသုံးချပြီး ကိုယ်လိုချင်တာကို တောင်းဆိုရုံပဲ၊ ကျွန်မက တကယ်ပဲ သူ့ရဲ့ ထိပ်ပြောင်နေတဲ့ ယောက်ျားကို မျက်စိကျနေတယ်လို့ ထင်နေတာလား… ကျွန်မ ကွမ်ထင်းထင်းက အစာမရွေးတဲ့ မိန်းမ မဟုတ်ဘူး”
ထို့နောက် ဆက်လက်၍
“အခုတလော ကျွန်မက ပိုပြီး ပြဿနာရှာ စိတ်ကောက်ပြနေရတော့ ရှင်လည်း အတော်လေး စိတ်ညစ်ရမှာပဲ၊ ခဏလောက်တော့ သည်းခံပေးဦးနော်…”
ယွမ်ဟောက်ဖုန်း သူမ၏ လက်ကလေးကို ဆုပ်ကိုင်လိုက်ကာ
“မင်းကလည်း ဘာတွေ လာပြောနေတာလဲ၊ ဘာမှ စိတ်မညစ်ရပါဘူး၊ ငါတို့ ဒီလိုမျိုး သရုပ်ဆောင်ပြရုံနဲ့ အကျိုးအမြတ်တွေ ဒီလောက် ရနေတာပဲ၊ ဘာလို့ မလုပ်ရမှာလဲ… မင်း မသိလို့ပါ၊ မင်း အခုလို ပြဿနာရှာလေ… လူတွေက ငါ့ကို ပိုပြီး သနားလေပဲ၊ တွေ့တယ်မလား… ဇီးပန်းပွင့်တံဆိပ် နာရီအသစ်စက်စက်လေး တောင် ရလာပြီ”
ကွမ်ထင်းထင်း သဘောကျစွာ ရယ်မောရင်း
“ဒါဆို ကျွန်မတို့တွေ ကောင်းကောင်းကြီး ဆက်ပြီး သရုပ်ဆောင်ကြရအောင်..ဒါပေမဲ့ ရှန့်ရှန့်ဆိုတဲ့ မိန်းမက မြေခွေးအိုကြီးလိုပဲ အရမ်းလည်တာ၊ ရှင် သတိထားဦးနော်၊ အကွက် ပေါ်မသွားစေနဲ့… အခြားမိန်းမတွေကိုတော့ ကျွန်မ မကြောက်ပါဘူး၊ သူတို့က အချစ်ငတ်နေတဲ့ မိန်းမတွေချည်းပဲ… အိမ်အခြေအနေ နည်းနည်းကောင်းတာနဲ့ ဘဝင်ခိုက်နေကြတာ၊ ရှင် သူတို့ကို ထိန်းထားဖို့ မခက်ပါဘူး… ဒါပေမဲ့ ရှန့်ရှန့်က ဒီအလုပ်ကို လုပ်လာတာ ကြာပြီဆိုတော့ ရှင်ဘက်က အမှားမပြမိစေနဲ့”
ယွမ်ဟောက်ဖုန်း : “အဲဒါ ငါသိပါတယ်၊ ငါက သူမကို ယှဉ်နိုင်တာ မဟုတ်ဘူး… ပိုလုပ်လေ ပိုမှားလေ ဖြစ်မှာမို့လို့ ဘာမှမလုပ်ဘဲ ငြိမ်နေလိုက်တာ၊ အဲဒါဆို ဘာအမှားမှ ရှာမရတော့ဘူးလေ… ငါတို့က မကောင်းတာ လုပ်နေတာမှ မဟုတ်တာ၊ သနားစရာပုံစံ လုပ်ပြနေရုံပဲ၊ ရှန့်ရှန့်ရိပ်မိရင်တောင် ငါ့ကို ဖော်ကောင်လုပ်မှာ မဟုတ်ဘူးလို့ ငါယုံကြည်တယ်… ငါက သူမကို ဒုက္ခပေးဖို့ ကြံနေတာမှ မဟုတ်တာ”
ကွမ်ထင်းထင်း သူ့ကို မျက်စောင်းထိုးရင်း
“ရှင်က သူမအကြောင်းကို အတော်လေး သိနေတာပဲနော်”
ယွမ်ဟောက်ဖုန်း ကျီစယ်လိုက်ကာ
“မင်းကပဲ သဝန်မတိုဘူးလို့ ပြောနေသေးတယ်”
ကွမ်ထင်းထင်း တုံ့ပြန်မပြောမီပင် အမိုးပေါ်ရှိ ချန်ချင်းယွီမှာ မျက်လုံးလှန်လိုက်မိ၏။
ဒီယွမ်ဟောက်ဖုန်း… သူ ညီအစ်မနှစ်ယောက်လုံးကို ပြောတဲ့ စကားတွေက တစ်ပုံစံတည်းပဲ... စကားလုံးလေးတောင် မလဲဘူး… ဒါ တကယ်ကို ဘယ်လိုကောင်မျိုးပါလိမ့်… ဒါပဲပြောတတ်တာလား…
သို့သော်လည်း ကွမ်ထင်းထင်းမှာ ယွမ်ဟောက်ဖုန်း၏ ခါးကို နွဲ့ဆိုး ဆိုးဟန်ဖြင့် ဖက်လိုက်ပြီး
“ဘာပဲဖြစ်ဖြစ် ရှင်က ကျွန်မယောက်ျားပဲလေ… ကျွန်မက ရင်တစ်ခုလုံး အကွဲခံပြီး ရှင့်ကို အဲဒီမိန်းမတွေနဲ့ ပတ်သက်ခွင့်ပြုထားတာ၊ ရှင် သူတို့အပေါ် တကယ်ကြီး စိတ်မပါသွားရဘူးနော်”
ယွမ်ဟောက်ဖုန်း သူမ၏ ဆံပင်လေးများကို အသာအယာ ပွတ်သပ်ပေးရင်း
“ကောင်မလေးရယ်… ငါက ရူးနေလို့လို့ အဲဒီ ဘွားတော်ကြီးတွေကို စိတ်လာပါရမှာလား…သူတို့ အသက်က ဘယ်လောက်ရှိပြီလဲ၊ ငါ့အသက်ကရော ဘယ်လောက်မို့လိုလဲ…ငါ ရူးသွားရင်တောင် အဲဒီလို စိတ်ကူးရှိမှာ မဟုတ်ဘူး၊ ငါတို့က ပြဇာတ်ကပြနေတာလေ၊ မင်းက ကိုယ်တိုင်တောင် ယုံသွားပြီလား၊ ငါက မင်းလိုမျိုး ငယ်ရွယ်ချောမောပြီး ထက်မြက်တဲ့၊ ငါနဲ့ တစ်စိတ်တစ်ဝမ်းတည်းရှိတဲ့ ဇနီးကောင်းလေးကို ထားခဲ့ပြီး အဲဒီ ဘွားတော်ကြီးတွေကို ရွေးမလား၊ ငါ့မျက်စိက ကန်းနေလို့လား… မင်းတစ်ယောက်တည်းပဲ ငါ့နှလုံးသားထဲမှာ ရှိတာပါ”
ကွမ်ထင်းထင်း နှုတ်ခမ်းလေးကို ကိုက်ရင်း
“ကျွန်မလည်း တူတူပါပဲ၊ ရှင့်ကို ပထမဆုံး စတွေ့ကတည်းက သဘောကျခဲ့တာ”
သူမ မော့ကြည့်ရင်း
“ကျွန်မတို့နှစ်ယောက်ရဲ့ အနာဂတ်ဘဝအတွက် ရှင့်ကို တကယ် အားနာရတယ်”
ယွမ်ဟောက်ဖုန်း : “ဒါက ဘာဆန်းလို့လဲ၊ ငါလည်း မင်းကို မြင်မြင်ချင်း ချစ်မိသွားတာပဲလေ.. အဲဒီနေ့က မင်းအစ်မကို အိမ်လိုက်ပို့ပြီး မင်းအစ်မတို့ အိမ်အောက်မှာ မင်းကို စတွေ့ကတည်းက ငါ မင်းကို အများကြီး သဘောကျသွားတာ၊ ငါ စဥ်းစားမိတယ်… ဒီလောက် ကောင်းတဲ့ မိန်းကလေးက နောင်ကျရင် ဘယ်သူ့ကို လက်ထပ်ရမှာလဲ၊ ငါလိုလူမျိုးက မင်းနဲ့ ဘယ်လိုလုပ် တန်ပါ့မလဲလို့… ဒါပေမဲ့ မင်း ငါ့ကို ကြည့်တဲ့အချိန်မှာ မင်းလည်း ငါ့အပေါ် စိတ်ရှိနေတယ်ဆိုတာ ငါသိလိုက်တယ်၊ အဲဒါက စိတ်ချင်း ဆက်သွယ်မိသွားတဲ့ ခံစားချက်မျိုးပဲ… ဒါကြောင့် ငါ မင်းဆီ ချက်ချင်း လာခဲ့တာပေါ့”
“ကျွန်မလည်း တူတူပဲ...”
'ငါက ကားထဲမှာ မရှိသင့်ဘူး… ကားအောက်ခြေမှာပဲ ရှိသင့်တယ်…'
ချန်ချင်းယွီ၏ ဦးနှောက်ထဲတွင် ဤသီချင်းစာသားသည် ရုတ်တရက် ပေါ်လာသည်။ သူမ ကားအောက်တွင် မဟုတ်ဘဲ အိမ်သာအမိုးပေါ်တွင် ရှိနေခြင်း ဖြစ်သော်လည်း၊ လက်ရှိ အခြေအနေအရ သူမ ရှိနေခြင်းသည် အတော်လေး လူပိုဖြစ်နေလေပြီ… ထို့အပြင် ကြက်သီးမွေးညင်းများပင် ထလာရ၏။ ဤလူနှစ်ယောက်မှာ တကယ့်ကို အီစီကလီ လုပ်လွန်းလှသည်။
သို့သော်လည်း သူတို့နှစ်ယောက်မှာ အကွက်ဆင် သရုပ်ဆောင်ရာတွင် အလွန် တော်ကြပေ၏။ သူတို့နှစ်ယောက်သည် အောင်သွယ်ပေးသည့်နေ့မှ သိကြခြင်း မဟုတ်သည်မှာ ထင်ရှားနေလေသည်။
ဒါဆို… အောင်သွယ်ပေးတဲ့နေ့က ဖြစ်ပျက်သမျှ အရာအားလုံးက သရုပ်ဆောင်နေကြတာပေါ့... ဒီလူနှစ်ယောက်က ကွမ်မေ့မေ့ရဲ့ ပစ္စည်းတွေကို ပူးပေါင်းပြီး လိမ်ညာဖို့အတွက် ဒီပြဇာတ်ကို ကပြခဲ့ကြတာလား…တကယ့်ကို မခေတဲ့ လူတွေပဲ
သူမ လုံးဝ မရိပ်မိခဲ့ပေ…
ငါတင် မရိပ်မိတာ မဟုတ်ဘူး၊အိမ်ရာဝင်းထဲက အဘွားကြီးတွေလည်း လုံးဝ မရိပ်မိကြဘူး… ဒီလောက် ဝါရင့်နေတဲ့ မြေခွေးအိုကြီးတွေတောင် တစ်ယောက်မှ မရိပ်မိကြဘူးဆိုတော့ သူတို့ သရုပ်ဆောင်တာ တကယ် ပိုင်နိုင်
လွန်းလို့ပဲ…
ချန်ချင်းယွီတစ်ယောက် စိတ်ထဲမှတတွတ်တွတ် ဝေဖန်ပုတ်ခတ်နေမိ၏။
ကွမ်ထင်းထင်း : “ကျွန်မတို့ ပြန်ကြစို့၊ ခဏနေရင် ရှင်က စိတ်ကို အောင့်အီးသည်းခံနေရတဲ့ ပုံစံမျိုး ထပ်ပြီး သရုပ်ဆောင်ပြဦး၊ ကျွန်မကတော့ ဒေါသတကြီး ပုံစံ လုပ်ပြမယ်”
“ကောင်းပြီ...”
ယွမ်ဟောက်ဖုန်း : “ဒါဆို မင်းရဲ့ နာမည်ပျက်ရပြန်ဦးမှာပဲ”
ကွမ်ထင်းထင်း : “ဒါက ဘာမှမဟုတ်ပါဘူး၊ ကျွန်မ ပိုပြီး ဆိုးပြလေ… ကျွန်မ အစ်မတို့က ရှင့်ကို ပိုပြီး သနားလေပဲ.. ခဲအိုဖြစ်တဲ့ အဲဒီနှာဘူးကြီးကလည်း ကျွန်မကို ပိုပြီး မျက်စိနောက်လေပေါ့၊ ဘာမှ မနစ်နာပါဘူး၊ တောက်… စဥ်းစားကြည့်တိုင်း ရွံဖို့ကောင်းလိုက်တာ၊ ကျွန်မကို အရူးအောက်မေ့နေလားမသိဘူး… ကျွန်မကို ဘာရာထူး ရာခံမှမပေးဘဲ သူ့နောက် လိုက်ဖို့ လာပြီး ဖျောင်းဖျနေသေးတယ်၊ စဥ်းစားမိတိုင်း အော့အန်ချင်တယ်”
ယွမ်ဟောက်ဖုန်း : “ကဲပါ… တော်ပြီ တော်ပြီ၊ စိတ်မဆိုးပါနဲ့တော့၊ မင်း ခက်ခဲနေမှန်း ငါသိပါတယ်… ဒါပေမဲ့ သူတို့အားလုံးက ငါတို့ရဲ့ လက်ခုပ်ထဲက ရေတွေပါပဲ၊ ငါတို့ ရမယ့် အကျိုးအမြတ်တွေက ပိုပြီး များလာမှာ အသေအချာပဲ”
ထိုအကြောင်းကို ပြောလိုက်သည်နှင့် ကွမ်ထင်းထင်း၏ မျက်နှာတွင် အပြုံးပန်းများ ပွင့်လန်းသွားကာ
“ဒါပေါ့… ဟားဟားဟား၊ ရှန့်ရှန့်က ရှင် သူမကို လက်ထပ်ချင်တယ်လို့ ကြားလိုက်ရင် ဘယ်လောက်တောင် လန့်သွားမလဲဆိုတာ စဥ်းစားကြည့်ရုံနဲ့တင် ရယ်ချင်နေပြီ… သူမက ရှင့်ကို အမြန်ဆုံး လက်ထပ်စေချင်နေတာ၊ ကျွန်မအစ်မကလည်း ပိုဆိုးတာပေါ့၊ သူမက ပြဿနာ အေးသွားအောင် ရှင့်ကို ကျွန်မနဲ့ အတင်း လက်ထပ်ခိုင်းနေတာလေ။ သူတို့အားလုံးရဲ့
ရင်ထဲမှာ ရှင့်အပေါ် အကြွေးတင်နေတယ်လို့ ခံစားနေရမှာ အသေအချာပဲ”
ယွမ်ဟောက်ဖုန်း နှုတ်ခမ်းစွန်းကို ပင့်ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်ပြီး
“ဒါက ဘာဆန်းလို့လဲ၊ သူတို့က ဒီလောက် ချမ်းသာနေတာပဲ.. ငါတို့ အိမ်ထောင်စုလေးအတွက် ပစ္စည်းပစ္စယလေးတွေ ပံ့ပိုးပေးတာကလည်း ဖြစ်သင့်တာပဲလေ”
“ရှင်ကတော့လေ…”
“ဟားဟား”
သူတို့နှစ်ယောက် ခေတ္တမျှ ရယ်မောလိုက်ကြပြီးနောက် လူမိသွားမည်ကို စိုးရိမ်သဖြင့် ချောင်းတစ်ချက် ဆိုးကာ စိတ်ကို ပြန်ထိန်းလိုက်ကြသည်။
“ကဲ… ပြန်ကြစို့”
“ကောင်းပြီ”
သူတို့နှစ်ဦး အတူတူ ထွက်သွားကြပြီးနောက် ချန်ချင်းယွီသည် ခေတ္တမျှ စောင့်ဆိုင်းလိုက်၏။ ခြေသံများ လုံးဝ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သေချာမှသာ ကိုယ်ဟန်အနေအထားကို ပြောင်းလဲလိုက်ပြီး၊ လေဝင်လေထွက် အပေါက်ကတစ်ဆင့် အပြင်ဘက်ကို လှမ်းကြည့်ကာ လူမရှိသည်ကို အတည်ပြုပြီးနောက် အမိုးပေါ်မှအသာအယာ ဆင်းလိုက်သည်။
"ဟူး… တကယ်ကို ပင်ပန်းသွားတာပဲ..."
သူမ ခေတ္တမျှ အမောဖြေလိုက်ပြီးမှ ဝင်းကြီးဆီသို့ ခပ်သွက်သွက် ပြန်လာခဲ့၏။ သူမ အိမ်သို့ တန်းမပြန်ဘဲ ထမင်းစားပွဲရှိရာဘက်သို့ လာခဲ့စဉ် လူတိုင်းမှာ စားသောက်ပြီးစီး၍ စကားလက်ဆုံကျနေကြပြီ ဖြစ်သည်။
ဟဲဟဲ… ဒါဆို အိမ်မှာ မီးမွှေးစရာ မလိုတော့ဘူးပေါ့၊ ကျောက်မီးသွေး ဖိုးလေး သက်သာသွားတာပေါ့…ဒီမှာပဲ အေးဆေး စကားဝိုင်းထဲ ဝင်ထိုင်လိုက်တော့မယ်…
မည်သို့ပင်ဖြစ်စေ ယနေ့ ကုန်ကျစရိတ်အားလုံးကို ကျောက်ရုံ ကုန်ကျခံထားခြင်းဖြစ်သဖြင့် မည်သူမျှ အိမ်သို့ မပြန်ချင်ကြသေးပေ။
အဘွားကြီးဟွမ် မျက်ခုံးပင့်ကာ
“ဟယ်… ကျန့်ဝမ်မိန်းမ၊ ညည်း အိမ်သာထဲ ကျနေတာလား…ဒီလောက်တောင် ကြာနေရတယ်လို့”
ချန်ချင်းယွီ ချက်ချင်းပင် လိမ်ညာလှည့်ပတ်ကာ
“ကျွန်မ စောစောကတည်းက ထွက်လာတာပါ… အပြင်ရောက်တော့ ကြက်ဥတစ်တောင်းကြီး သယ်ပြီး ပစ္စည်းလိုက်လဲနေတဲ့ လူတစ်ယောက်ကို တွေ့တာနဲ့ အိမ်အတွက် နည်းနည်းပါးပါး လဲမလို့ သွားတာလေ… ဒါပေမဲ့ သူက ကျွန်မကို မြင်တာနဲ့ လန့်ပြီး ထွက်ပြေးတော့တာပဲ… ကျွန်မကလည်း ပစ္စည်းလဲချင်ရုံတင်ပါလို့ ရှင်းပြမလို့ နောက်ကလိုက်တာကို သူက ပိုပြီး သုတ်ခြေတင်ပြေးတော့တာ၊ ဒါနဲ့ပဲ လူလည်း အမီမလိုက်နိုင်ဘဲ ခြေထောက်တွေပဲ ညောင်းကုန်တာပေါ့”
မျက်တောင်မခတ်တမ်း လိမ်ညာလိုက်သည်။
သူမ၏ အပြောမှာ အလွန် ပိုင်နိုင်လွန်းသဖြင့် မည်သူမျှ သံသယမဝင်ကြပေ။
အကြောင်းမူကား ဤကဲ့သို့ တစ်လမ်းဝင် တစ်လမ်းထွက် ပစ္စည်းလိုက်လဲခြင်းမှာ ခေတ်ကာလအရ တရားမဝင် စီးပွားရေးလုပ်ငန်း ဖြစ်သဖြင့်၊ ချန်ချင်းယွီ ယခုကဲ့သို့ ကိစ္စမျိုးကို အသုံးချပြီး လိမ်ပြောရဲလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားပေ။
အမှန်တကယ်တွင်လည်း စေ့စေ့စပ်စပ် တွေးနေစရာ မလိုအပ်ပေ။ ပစ္စည်းဝယ်ယူသည့် ကိစ္စမှာ သေးငယ်လှပြီး အိမ်တိုင်းလည်း တိတ်တဆိတ် ဝယ်ယူနေကြသည်သာ ဖြစ်သည်။ ထို့အပြင် သူမလည်း ဘာမှ ဝယ်မလာနိုင်ခဲ့ဘဲ လက်ဗလာဖြင့် ပြန်လာသည်ကို ရှေ့ဝင်းတွင်ရှိသော လူအားလုံး မြင်တွေ့ခဲ့ကြရ၏။
“ကြက်ဥတစ်တောင်းကြီးလား၊ လဲနိုင်ရင် တကယ်ကောင်းတာ။ အဲဒါနဲ့ နေပါဦး… အဲ့လူက ဘာလို့ ထွက်ပြေးရတာလဲ၊ ထူးဆန်းလိုက်တာ”
ကြက်ဥမရသဖြင့် နှမြောတသဖြစ်နေသော အဘွားကြီးဟွမ် ဆိုသည်။ မကြာသေးမီက ရာသီဥတု အေးလာသဖြင့် အိမ်တိုင်းရှိ ကြက်များပင် ဥမဥကြတော့ပေ။
ချန်ချင်းယွီ : “ကျွန်မလည်း အဲဒါပြောတာပေါ့”
ထိုစဉ် အားလုံးသိ အဘွားကြီးကျောက် ဝင်ရောက်၍ ရှင်းပြလေ၏။
“ညည်းတို့က တကယ်ပဲ တုံးအလွန်းတာပဲ... စဥ်းစားကြည့်လေ… ကားအကောင်းစားကြီးက တံခါးဝမှာ ရပ်ထားတာကိုး၊ ပစ္စည်းလိုက်လဲတဲ့လူက မြင်တာနဲ့ ဒီနေရာမှာ သာမန်လူတွေ နေတာမဟုတ်မှန်း သိတာပေါ့၊ ဘယ်လောက်တောင် ကြောက်သွားမလဲ… ညည်းက နောက်ကပါ လိုက်ပြေးတော့ သူတို့က ပိုပြီး ထိတ်လန့်ကုန်တာပေါ့”
ချန်ချင်းယွီ ချက်ချင်းပင်
“အော်… ဟုတ်သားပဲနော်”
“ဟုတ်ပ၊ အဒေါ်ကြီးကျောက် ပြောတာ တကယ်မှန်တယ်”
“ငါလည်း ပြောသားပဲ… အဲဒီလူက ဘာလို့ ပြေးရတာလဲလို့၊ အခုမှပဲ သဘောပေါက်တော့တယ်… အဘွားကြီးကျောက်ပြောတာ လုံးဝ အမှန်ပဲ၊ အဲ့လူက ကားကြီးကို မြင်ပြီး စိတ်မချလို့ ပြေးတာပဲ ဖြစ်ရမယ်”
“ဟုတ်တယ်၊ ဟုတ်တယ်”
ထိုသို့ ဘေးလူများ ဝိုင်းဝန်း ထောက်ခံပေးလိုက်ကြသဖြင့် ချန်ချင်းယွီ၏ မုသားစကားမှာ တကယ့်အရှိတရားကဲ့သို့ ပိုမို ပီပြင်သွားတော့သည်။
“ဒါပေမဲ့… ကားလေးက တကယ်ကောင်းတာပဲနော်၊ ငါဆို ကားတစ်ခါမှ မစီးဖူးသေးဘူး”
“ဘယ်သူစီးဖူးမှာလဲ၊ မြင်တောင် သေချာမမြင်ဖူးကြတာကို”
“တံခါးဝမှာ ကလေးတွေ ကားကို ဝိုင်းအုံကြည့်နေကြလောက်ပြီ ထင်တယ်”
ချန်ချင်းယွီ ခေါင်းခါပြရင်း
“မရှိပါဘူး၊ ကျွန်မ အပြင်ထွက်တုန်းကော ပြန်လာတုန်းကော ဘယ်ကလေးမှ မတွေ့ပါဘူး”
အဘွားကြီးကျောက်သည် ဤလူများ၏ ဉာဏ်ရည်မှာ မိမိကို မမီဟု တွေးကာ စိတ်ထဲမှ ကဲ့ရဲ့နေမိ၏။ သူမ မျက်စောင်းတချက် ထိုးလိုက်ရင်း
“ညည်းတို့ ဘာတွေ တွေးနေကြတာလဲ… အဲဒါက တော်လှန်ရေးကော်မတီရဲ့ ကားလေ၊ ဘယ်သူက သွားထိရဲမှာလဲ၊ အဝေးကြီးကတည်းက ရှောင်သွားကြတာပေါ့၊ ဘယ်သူက ပြဿနာအိုးကြီးကို သွားပြီး လက်တို့ချင်မှာလဲ”
ထိုနေရာမျိုးသည် သာမန်လူများ မပတ်သက်ရဲသည့် နေရာဖြစ်သဖြင့် အားလုံး ဝေးဝေးက ရှောင်ကွင်းသွားကြသည်သာ…
“အဲဒါလည်း ဟုတ်တာပါပဲ”
လင်စန်းရှင်း စကားဝိုင်းထဲ ဝင်လာပြီး
“ဒါနဲ့ပြောရရင်… ကွမ်ထင်းထင်းရဲ့ အစ်မနဲ့ ခဲအိုက ကြည့်ရတာ တကယ်ကို မလိုက်ဖက်ဘူးနော်”
တကယ်တမ်း သူမမှာ လုံးဝ မအပ်စပ်ဟု ပြောချင်သော်လည်း ပြဿနာတက်မည် စိုးသဖြင့် စကားလုံးကို ထိန်းပြောလိုက်ခြင်း ဖြစ်သည်။
“ကွမ်ထင်းထင်းရဲ့ အစ်မက တကယ်ချောတာပဲ၊ ရုပ်ရှင်မင်းသမီးကျနေတာပဲ”
“ဟုတ်ပ… ငါ့အမြင်ပြောရရင် ရုပ်ရှင်မင်းသမီး တချို့ထက်တောင် ပိုပြီး ချောသေးတယ်၊ တကယ့်ကို သွယ်လျလှပတာ”
အဘွားကြီးဝမ် : “အဲဒီလို ချောလို့လည်း အခြေအနေကောင်းတဲ့ အိမ်ထောင်ဘက်နဲ့ ညားတာပေါ့၊ အသက်ချင်းက နည်းနည်း ကွာတယ်ဆိုပေမဲ့ ယောက်ျားကြီးတော့ မယားငယ် ဆိုတာလည်း ရှိတာပဲလေ… သူတို့နှစ်ယောက်ကတော့ ဖူးစာဖက်အစစ်ပဲ”
သူမ ပြောလိုက်သော်လည်း၊ နားထောင်လေလေ စကားမှာ အလွန် ထူးဆန်းလေလေပင်။
“ကွမ်ထင်းထင်းရဲ့ အစ်မက ကျောက်ရုံရဲ့ အတန်းဖော်နဲ့ သိတာ ထင်တယ်နော်… သူတို့နှစ်ယောက် တိုးတိုးတိုးတိုးနဲ့ အတော်လေး စကားကောင်းနေကြတာ တွေ့မိတယ်”
“အယ်… ကျောက်ရုံရဲ့ အတန်းဖော်က ဘာလုပ်တာလဲ မသိဘူးနော်၊ ကြည့်ရတာ တကယ့်ကို ဂုဏ်သရေရှိ လူကြီးလူကောင်း ပုံစံပဲ”
လူတိုင်း ထိုအကြောင်းအရာများကို တက်ကြွစွာ ဝိုင်းဝန်း ဆွေးနွေးနေကြသော်လည်း၊ ချန်ချင်းယွီမှာ ဘေးမှ နားထောင်နေရုံသာ ရှိပြီး စကားသိပ်မပြောချင်ပေ။ သူမကဲ့သို့ပင် စကားနည်းပြီး ငြိမ်သက်နေသူမှာ လီလင်းလင်း ဖြစ်သည်။ လီလင်းလင်း ပုံစံသည် မျက်နှာငယ်လေးဖြင့် စိတ်မကောင်းခြင်း၊ ဝမ်းနည်းခြင်းများ စုပြုံနာကျင်ခံစားနေရရှာ၏။
ချန်ချင်းယွီက လီလင်းလင်းကို တစ်ချက်လှမ်းကြည့်ရင်း စိတ်ထဲတွင်….
ခုနတင် ထမင်းစားတုန်းကတော့ နင် ဒီလောက် ဝမ်းနည်းမနေပါဘူး… တုတ်တုတ် တုတ်တုတ်နဲ့ တူကို သုတ်ခြေတင်နေအောင် နှိုက်နေလိုက်တာ မြန်မှမြန်…
သူမသည် စောစောပိုင်းတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ပြန်လည်တွေးတောမိ၏။ ယွမ်မိသားစုသည် လီလင်းလင်းတို့နှင့် တန်းညှိ၍မရနိုင်လောက်အောင် အဆင့်အတန်း ကွာခြားလွန်းလှသဖြင့် လီလင်းလင်းကို သူတို့ဘက်မှ လုံးဝစိတ်ဝင်စားမည်မဟုတ်ကြောင်း စိတ်ထဲမှ တွေးကာ လှိုက်လှိုက်လှဲလှဲ သက်ပြင်းချမိသည်။ ထို့အပြင် ယွမ်ဟောက်ဖုန်းနှင့် လီလင်းလင်းတို့ကြားတွင် မည်သည့်ပတ်သက်မှုမျှ မရှိနိုင်ကြောင်း သူမ အသေအချာ ပြောရဲ၏။ အဓိကမှာ ယွမ်ဟောက်ဖုန်းသည် အပြင်လောကတွင် လူမှုရေးကိစ္စများနှင့် အလွန်အလုပ်ရှုပ်နေသူဖြစ်ရာ… ရုပ်ရည်မှာလည်း သာမန်မျှသာရှိပြီး ငွေရေးကြေးရေးအရလည်း ဘာအကျိုးအမြတ်မှ မပေးနိုင်သည့် လီလင်းလင်းကဲ့သို့ မိန်းကလေးမျိုးအတွက် အချိန်ပေးနေမည် မဟုတ်ပေ။ သူ အပြင်မှာ ဗျာများနေရသည်နှင့်တင် လီလင်းလင်းအတွက် အချိန်ရှိလိမ့်မည်မဟုတ်ရာ၊ သူတို့နှစ်ယောက် ဖြစ်နိုင်ခြေမှာ တစ်သောင်းပုံတစ်ပုံပင် မရှိပေ။ ထိုသို့ဖြစ်ပါလျက်နှင့် လီလင်းလင်းတစ်ယောက် စိတ်ပျက်လက်ပျက် ဖြစ်နေသည့် အမူအရာကို မြင်ရသည်မှာ တကယ်ကို မျက်စိနောက်စရာ ကောင်းလှသည်။
ယွမ်ဟောက်ဖုန်းမှာ လူကောင်းမဟုတ်သလို၊ လီလင်းလင်း၏ အပြုအမူသည်လည်း တကယ်ကို အောက်တန်းကျလှ၏။
ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို လိုက်နှောင့်ယှက်တာက စိတ်ပျက်စရာကောင်းသလို၊ မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို လိုက်ကပ်နေတာကလည်း တူတူပဲ… စိတ်ကုန်စရာ ကောင်းတာချည်းပဲ…
လီလင်းလင်းသည် ချန်ချင်းယွီ၏ စိတ်အကြံကို မသိရှာဘဲ စကားဝိုင်းထဲ ဝင်ပြောလိုက်သည်။
“ကျွန်မ ခုနတင် ဟောက်ဖုန်းနဲ့ ကွမ်ထင်းထင်းတို့ အပြင်ကနေ အတူတူ ပြန်လာတာ မြင်လိုက်တယ်။ နှစ်ယောက်လုံး မျက်နှာက မကောင်းကြဘူး…ဒီလို မင်္ဂလာရှိတဲ့နေ့မျိုးမှာ ကွမ်ထင်းထင်းက မျက်နှာကြီး စူပုပ်ပြီး တစ်ယောက်ယောက်ကို ပြဿနာရှာတော့မယ့် ပုံစံမျိုး လုပ်နေတာ၊ တကယ့်ကို ဆိုးဆိုးရွားရွားပဲ… ဒေါ်လေးကျောက်ရုံက သူမရဲ့ ဘာကို သဘောကျသွားလဲမသိဘူး၊ ဘာလို့ ဒီလိုမိန်းမမျိုးကို ရွေးလိုက်ရတာလဲ…ဒီလိုလူမျိုးက လက်ထပ်ပေါင်းသင်းရမယ့် လူစားမျိုး မဟုတ်ဘူး”
လူတိုင်း ချက်ချင်းပင် လီလင်းလင်းဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
လီလင်းလင်း စိုးရိမ်တကြီးဖြင့် မိမိအဝတ်စွန်းကို လိမ်ကျစ်နေမိသော်လည်း ချက်ချင်းပင် စကား ထပ်ဆင့်လိုက်၏။
“မိန်းမဆိုတာ ယောက်ျားရဲ့ အလိုကို အမြဲတမ်း လိုက်ရမှာလေ… သူကတော့ ဇာတ်လမ်းဆင်ပြီး ဆိုးပြနေတာ၊ နောင်ကျရင် အစ်ကိုဟောက်ဖုန်းရဲ့ ဘဝကတော့ လွယ်မှာမဟုတ်ဘူး”
လင်စန်းရှင်းသည်လည်း ဝင်ရောက်ထောက်ခံကာ
“ငါလည်း အဲလိုပဲ ထင်တာပဲအေ… မင်္ဂလာဦးနေ့မှာတင် မျက်နှာကြီး စူပုပ်နေတာ တကယ့်ကို ကံမကောင်းတဲ့ နိမိတ်ပဲ”
ဒီသားအမိနှစ်ယောက်ကတော့ တကယ့်ကို အကွက်ကျကျ ပူးပေါင်းနေကြတော့ပဲ…
အဘွားကြီးကျောက် နှုတ်ခမ်းကို မဲ့လိုက်ရင်း သရော်တော်တော်လေသံဖြင့် လှမ်း၍ ပက်ခနဲ ပြောလိုက်၏။
“ညည်းတို့ကတော့ တကယ့်ကို ထူးဆန်းတဲ့ လူတွေပဲ… သူများက ဘယ်လိုလူကို ရွေးရွေး၊ မိဘအရင်းတွေထက်တောင် ပိုပြီး ပူပန်ပေးနေကြသေးတယ်၊ အဲဒီအချိန်ရှိရင် ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်ကြစမ်းပါ”
လင်စန်းရှင်း မျက်ရည်ဝဲလျက် ထိရှလွယ်သော မိန်းမပျိုလေးတစ်ဦးကဲ့သို့ လေသံဖြင့်
“တို့တွေက အိမ်ရာတစ်ခုတည်းမှာ နေကြတဲ့သူတွေပဲလေ၊ တစ်ယောက်ကိုတစ်ယောက် ချစ်ခင်ကြတာပေါ့.. ကျွန်မက ဟောက်ဖုန်းကြီးလာတာကို မြင်ခဲ့ကြည့်ခဲ့ရသူပဲ… နှစ်ပေါင်းများစွာ သံယောဇဉ်ရှိခဲ့တာပေါ့… အခုလို ဖြစ်နေတာကို မြင်တော့ ကျွန်မ ဘယ်လိုလုပ် စိတ်မကောင်းမဖြစ်ဘဲ နေနိုင်မှာလဲ”
ချန်ချင်းယွီ : "……"
ရှင်က သူ့အတွက် စိတ်မကောင်းဖြစ်နေတာ ဟုတ်စ... သူက အခု ပျော်လွန်းလို့ သေတော့မယ်... ဒီမင်္ဂလာပွဲကနေ သူ ဘယ်လောက်တောင် ပိုက်ဆံတွေ အမြတ်ထွက်သွားလဲ သိရဲ့လား…
ဟိုလင်မယားနှစ်ယောက်က အချစ်တွေ ပိုနေကြတာ၊ ရှင့်တို့ကို ပိုက်ဆံလိမ်ဖို့အတွက် ပြဇာတ်ကပြနေတာလေ၊ ငတုံးတွေရဲ့...
ချန်ချင်းယွီသည် ခေတ္တမျှ ဆက်ထိုင်နေပြီးနောက် ရှောင်ကျားနှင့် ရှောင်ယွမ်တို့၏ ခေါင်းလေးများ ငိုက်စိုက်ကျလာသည်ကို မြင်သဖြင့်
“သားတို့ အိပ်ချင်ပြီလား… မေမေ အိမ်လိုက်ပို့ပြီး သိပ်မယ်လေ၊ ဟုတ်ပြီလား”
“ဟုတ်ကဲ့ မေမေ”
ကလေးနှစ်ယောက်မှာ အဝစားထားသဖြင့် အိပ်ချင်မူးတူး ဖြစ်နေကြပြီဖြစ်သည်။
ချန်ချင်းယွီ : “ဒါဆို ကျွန်မ အိမ်ပြန်နှင့်တော့မယ်နော်၊ ဒေါ်လေးတို့ ဆက်ပြီး စကားပြောကြပါဦး”
ဤလူများမှာ အခြေအနေမှန်ကို သူမလောက် ဘာမှမသိကြသဖြင့် ဆက်ကြည့်နေလည်း စိတ်လှုပ်ရှားစရာ ဘာမှမရှိတော့ဟု ချန်ချင်းယွီ ခံစားရသည်။
သူမသည် ကလေးများကို ပွေ့ချီကာ အိမ်သို့ ပြန်လာခဲ့၏။ ရှောင်ကျားနှင့် ရှောင်ယွမ် ကလေးနှစ်ယောက်မှာ အိပ်ရာနေရာကို ကိုယ်တိုင်ပြင်ဆင်ကြသည်။ ကလေးများ အလွန်အိပ်ချင်နေသည်ကို မြင်သဖြင့် ချန်ချင်းယွီ ခပ်သွက်သွက် ကူညီပေးကာ၊ ကလေးနှစ်ယောက် အိပ်ရာထဲ ဝင်နိုင်ရန် အပြင်အင်္ကျီများကို ချွတ်ပေးလိုက်၏။ အိမ်ထဲတွင် မီးဖိုမထားသဖြင် အနည်းငယ် ချမ်းစိမ့်စိမ့် ဖြစ်နေသောကြောင့် ချန်ချင်းယွီ ရေနွေးအိတ်နှစ်အိတ်ကို ကလေးများ၏ အိပ်ယာထဲသို့ ထည့်ပေးလိုက်ရင်း
“ဘယ်လိုလဲ သားတို့၊ နွေးရဲ့လား”
“နွေးတယ် မေမေ”
ကလေးများ ပြန်ဖြေကြသည်။
ချန်ချင်းယွီ ရယ်မောလိုက်မိ၏။
ရေနွေးအိတ် ထည့်ပေးကာစရှိသေးတာကို ဘယ်လောက်တောင် နွေးသွားမှာမို့လို့လဲ… ဒီကလေးတွေကတော့…
“မေမေ မီးမွှေးလိုက်ဦးမယ်၊ ခဏလေးပဲနော်…သားတို့ အိပ်နှင့်ကြတော့”
“ဟုတ်ကဲ့”
ချန်ချင်းယွီသည် မီးမွှေးရန် ဆောင့်ကြောင့်ထိုင်လိုက်ရင်း မိမိ၏ ပါရမီပါပုံကို ကိုယ်တိုင် ချီးကျူးမိနေ၏။
ဘဝအဆက်ဆက်က ပါရမီတွေထင်ပါရဲ့… မီးမွှေးရတဲ့ အလုပ်ကို ဘယ်လိုများ ဒီလောက်အလျင်အမြန် တတ်မြောက်သွားပါလိမ့်… မဟုတ်ရင် ဆောင်းတွင်းကျ ကူညီမယ့်သူမရှိဘဲ မိသားစုတစ်ခုလုံး အေးခဲသေဆုံးကုန်မှာ အသေအချာပဲ…
ဤခေတ်ကာလသည် ရိုးရှင်းပြီး ၎င်း၏ ကိုယ်ပိုင်ဆွဲဆောင်မှု ရှိသည်ဆိုသော်လည်း ခေတ်သစ်လူနေမှုဘဝ၏ သက်တောင့်သက်သာရှိမှုနှင့် လျင်မြန်ချောမွေ့မှုကိုမူ မမီနိုင်ပေ။
ချန်ချင်းယွီ ရေနွေးဓာတ်ဗူးထဲသို့ ရေနွေးများ ဖြည့်လိုက်ပြီး ရေနွေူကို ထပ်မံ တည်လိုက်သည်။ သူမ၏ ယောက္ခမဖြစ်သူမှာ မင်္ဂလာဆောင်မှ ကျန်သော ဟင်းကျန်များကို ညစာအဖြစ် ထုပ်ပိုးလာရန် မူလက စီစဥ်ထားခဲ့သော်လည်း၊ သူမ အလွန်အကျွံ စိတ်ကူးယဉ် မိခြင်းသာ ဖြစ်ပေလိမ့်မည်။ ဟင်းကျန်ဟူ၍ ဘာမှမရှိတော့ဘဲ ပန်းကန်များအားလုံး ပြောင်စင်နေခဲ့ပြီ ဖြစ်၏။
ချန်ချင်းယွီကိုယ်တိုင်လည်း ဝအောင် မစားခဲ့ရပေ။ သူမသည် ကန်စွန်းဥအချို့ကို ထုတ်ယူကာ အကွင်းလိုက်လှီးပြီး မီးဖိုပေါ်တွင် ကင်လိုက်သည်။ ထို့နောက် တနင်္ဂနွေနေ့ အဘွားကြီးကျောက် အိမ်မှာရှိမည့်အချိန်တွင် ပေါက်စီအမြောက်အမြား လုပ်ရန်အတွက် ဂျုံမှုန့်များကို နယ်လိုက်၏။ ရာသီဥတု အေးသဖြင့် ပုပ်သိုးသွားရန် အကြောင်းမရှိပေ။
ပြတင်းပေါက်အပြင်ဘက်တွင် အေးခဲအောင် ထားရှိပြီးနောက် အမိုးပေါ်ရှိ ခြင်းတောင်းထဲတွင် ချိတ်ဆွဲထားကာ စားချင်သည့်အချိန်မှ ထုတ်ပြီး ပေါင်းစားရုံသာ ဖြစ်၍ အလွန်ပင် အဆင်ပြေလှသည်။
ချန်ချင်းယွီသည် အိမ်အလုပ်များကို တစ်ယောက်တည်း ဗျာများအောင် လုပ်ကိုင်နေသော်လည်း စိတ်ပျက်ခြင်း လုံးဝမရှိပေ။
၎င်းမှာ ချန်ချင်းယွီ၏ စရိုက်ပင် ဖြစ်၏။ မိမိအတွက် အရသာရှိသော အစားအစာများကို ပြင်ဆင်ရခြင်းကို ဘယ်သောအခါမျှ ခက်ခဲပင်ပန်းသည်ဟု မမှတ်ယူပေ။ သို့သော်လည်း အပြင်မှာ ဝယ်ယူ၍ ရနိုင်မည်ဆိုပါက ကိုယ်တိုင်လုပ်စားသည်ထက် အပြင်မှာ ဝယ်စားရသည်ကို ပို၍ သဘောကျသည်မှာ အမှန်ပင်။
ဒါပေမဲ့လည်း...
ယခုအချိန်တွင် သူမ၌ ထိုသို့သော ရွေးချယ်ခွင့် မရှိပေ။
အပြင်မှာ ဝယ်စားချင်လျှင်ပင် အမြောက်အမြား ဝယ်ယူ၍မရနိုင်ချေ။ ဤပစ္စည်းအတွက်လည်း လက်မှတ်လို၊ ဟိုပစ္စည်းအတွက်ကလည်း လက်မှတ်လိုနှင့် ဖြစ်နေ၍ သောက်ဇယားရှုပ်လှ၏။
ထို့ကြောင့် လက်တွေ့အခြေအနေသည် ခွင့်မပြုသဖြင့် ကိုယ်တိုင်သာ လုပ်ဆောင်ရတော့သည်။
ချန်ချင်းယွီသည် ဂျုံမှုန့် ဇလုံအကြီး သုံးဇလုံစာကို အားရပါးရ နယ်လိုက်ပြီးနောက်၊ ဂျုံမှုန့်များ ပွလာစေရန် ဇလုံများကို မီးဖိုအနီးတွင် ချထားလိုက်၏။ ထို့နောက် ကင်ထားသော ကန်စွန်းဥများကို စတင် စားသောက်လေသည်။ အွန်း… တကယ် အရသာရှိလှပါဘိ..
ယခုခေတ်တွင် ဟင်းခတ်အမွှေးအကြိုင်များ သိပ်မစုံလင်သော်လည်း သဘာဝစစ်စစ် အရသာကိုမူ အပြည့်အဝ ရရှိနိုင်သည်။ ဤကန်စွန်းဥများသည် အသားမထူသော်လည်း အရသာ အလွန်ရှိလှပြီး၊ ဆိမ့်အိနေသည့် အရသာမျိုး ဖြစ်၏။
ချန်ချင်းယွီသည် ကန်စွန်းဥ လေးလုံးကို မြိန်ရေယှက်ရေ စားပစ်လိုက်သည်။
‘ဟူး… ဒီလောက် အစားကြီးတာ ပိုက်ဆံရှိလို့ တော်တော့တယ်၊ မဟုတ်လို့ ရိက္ခာပေးစနစ်အတိုင်းသာ ဆိုရင်တော့ မနက်တစ်နပ် ညတစ်နပ်နဲ့ ငတ်သေမှာ အသေအချာပဲ…’
သို့သော်လည်း ပူပူနွေးနွေး ကန်စွန်းဥကင်လေးများကို စားလိုက်ရသဖြင့် ဗိုက်လည်းပြည့်၊ ကိုယ်လည်း နွေးသွားရ၏။
ချန်ချင်းယွီသည် ထရပ်ကာ အသားအချို့ ထုတ်လိုက်သည်။ ရာသီဥတုမှာ အေးစိမ့်နေသော်လည်း ချန်ချင်းယွီသည် ရက်ပိုင်းခြားတစ်ခါ မှောင်ခိုဈေးသို့ သွားမြဲပင်… သူမ စတင်ကူးပြောင်းလာခါစတွင် မှောင်ခိုဈေးကဲ့သို့ အန္တရာယ်များတဲ့နေရာမျိုးကို အဝေးကရှောင်မည်ဟု ကျိန်ဆိုခဲ့ဖူး၏။ သို့သော် တကယ်တမ်း ခေတ်ကျော်အချိန်ခရီးနှင်လာပြီးနောက်တွင်မူ ခေတ်သစ်လူသားတစ်ယောက်အနေဖြင့် မှောင်ခိုဈေးသို့ မသွားဘဲနေလျှင်သာ ထူးဆန်းနေမည်ဖြစ်ကြောင်း သူမ သဘောပေါက်သွားခဲ့သည်။ လူနေမှုဘဝသည် အလွန်ကို ချို့တဲ့လွန်းလှ၏။ ပုံသေကားချပ် စည်းကမ်းများကြားထဲ နေထိုင်နေရသဖြင့် ပါးစပ်မှလည်း တံတွေးများပင် ခြောက်ခမ်းလုနီးပါးဖြစ်ကာ ဆာလောင်မွတ်သိပ်မှုကြောင့် စိတ်မသက်မသာ ဖြစ်ရသည်။
ပိုက်ဆံရှိရင် ဘယ်သူကကော ကိုယ့်ဘဝကိုယ် မမြှင့်တင်ချင်ဘဲ နေမလဲ...
ကံကောင်းထောက်မစွာဖြင့် ချန်ချင်းယွီသည် ရောင်းဝယ်ဖောက်ကားမှုကြီးကြီးမားမား လုပ်ဖို့မဝံ့ရဲသလို၊ ယခုကဲ့သို့ ခေတ်ကာလမျိုးတွင် ပြဿနာရှာချင်စိတ်လည်း မရှိပေ။ သူမသည် အဓိကအားဖြင့် ပစ္စည်းဝယ်ယူရုံသာ လုပ်သဖြင့် အန္တရာယ်ကို များစွာလျှော့ချနိုင်ခဲ့သည်။ သို့သော်လည်း သွားရမည့်အကြိမ်ရေကို လျှော့ချနိုင်ရန်အတွက် သွားသည့်အခါတိုင်း ချန်ချင်းယွီသည် ပစ္စည်းများကို အများအပြား အမြဲဝယ်လေ့ရှိ၏။
ဆန်၊ ဂျုံမှုန့်၊ ဆီ၊ အသားနှင့် ကြက်ဥ စသည်တို့သည် တွေ့ရခဲသဖြင့် တွေ့လျှင်မလွတ်တမ်း ဝယ်ရမည့်အရာများ ဖြစ်သည်၊ အထူးသဖြင့် အေးစိမ့်သောရာသီဥတုတွင် ပုပ်သိုးမသွားနိုင်ခြင်းကြောင့်လည်း ပါ၏။ ထို့ကြောင့် ချန်ချင်းယွီသည် ပုံမှန်အားဖြင့် အများအပြားဝယ်ယူပြီး အေးဆေးစွာ ချက်ပြုတ်စားသောက်လေ့ရှိသည်။
အခြားမိသားစုများတွင် ရိက္ခာစုဆောင်းထားခြင်း မရှိသော်လည်း ချန်ချင်းယွီ၏ အိမ်တွင်မူ အလျှံပယ်ရှိ၏။ သူမသည် အိုးထဲမှ မုန်ညင်းချဉ်အချို့ကိုလည်း ထုတ်လိုက်သည်၊ မုန်ညင်းချဉ်နှင့် ဝက်သားအစာသွတ်ပေါက်စီ တွဲဖက်သည် အလွန် အရသာရှိလှပေလိမ့်မည်။ ကလေးများ အိပ်ပျော်နေသေးသဖြင့် ချန်ချင်းယွီသည် အစာသွတ်ရန်အတွက် ချက်ချင်းပင် မစဉ်းစားသေးဘဲ အကြောဆန့်ရင်း လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားလိုက်သည်။
သူမ ခဏလောက် လှဲလျောင်းအနားယူရန် ပြင်နေစဉ်မှာပင် ကျောက်ရုံ လီလင်းလင်းကို ခေါ်ဆောင်ကာ အလယ်ဝင်းဘက်သို့ လျှောက်သွားနေသည်ကို မြင်လိုက်ရသည်။
ချန်ချင်းယွီ: "........."
ဘာတွေဖြစ်နေတာလဲ...
ကျောက်ရုံ ထိုနေရာသို့ မည်သည့်အချိန်က သွားလိုက်သည်ကို သူမ သတိမထားမိလိုက်သော်လည်း၊ လီလင်းလင်းသည် အဝတ်အစားသစ်များ လဲလှယ်ထားကာ ဆံပင်ကို ပြန်တင်စည်းထားပြီး မျက်နှာတွင်လည်း မှုန်နံသာများ လိမ်းခြယ်ထားသည်မှာ~~ သူတို့ ထမင်းစားနေကြစဉ်နှင့် လုံးဝကို ကွဲပြားခြားနားနေ၏။
ချန်ချင်းယွီ ရင်ထဲတွင် မကောင်းသော အတိတ်နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။
အင်း... ဘယ်လိုပြောရမလဲ...
ကြည့်ရတာ အရင်က လှည့်စားခံလိုက်ရတဲ့ ယွမ်ရှောင်ချွေရဲ့ ပုံစံနဲ့ မတူဘူးလား...
ယွမ်ရှောင်ချွေသည်လည်း ထိုစဉ်က ဤအတိုင်းပင် လုပ်ဆောင်ခဲ့ဖူး၏။
ကျောက်ရုံက လှည့်ကွက်ဟောင်းကို ထပ်သုံးဖို့ ကြံစည်နေတာလား... ဒီမိန်းမကတော့ တကယ်ကို အရှက်မရှိတာပဲ…
ချန်ချင်းယွီ ခဏမျှ တွေဝေသွားပြီးနောက် ထိုသူနှစ်ဦး အလယ်ဝင်းသို့ သွားသည်ကို စောင့်ကြည့်နေလိုက်သည်။ ထို့နောက် တံခါးကို ပိတ်ကာ ရှေ့ခြံဝင်းထဲသို့ ထွက်လာခဲ့၏။ အိမ်ထဲသို့ ဝင်လာရင်း သူမ စူးစမ်းလိုစိတ်ဖြင့်
"အမေ.. လီလင်းလင်းက ဘာလို့ အလယ်ဝင်းဘက် သွားတာလဲ... သေသေချာချာ ပြင်ဆင်ဝတ်ဆင်ထားတာ တွေ့လို့"
အဘွားကြီးကျောက် စက်ဆုပ်ရွံရှာဖွယ် အကြည့်ဖြင့် လင်စန်းရှင်းကို ဘေးစောင်းကြည့်ကာ
"အချို့အမေတွေကတော့ သမီးဖြစ်သူရဲ့ သိက္ခာကို နည်းနည်းမှ ထည့်မတွက်ကြဘူး"
လင်စန်းရှင်းသည် အရှက်ရသွားသော်လည်း
"ကျွန်မက သမီးကောင်းစားဖို့အတွက် လုပ်ပေးနေတာပါ… ဒါနဲ့ သိက္ခာနဲ့ ဘာဆိုင်လို့လဲ... ဖျော်ဖြေတင်ဆက်တာက သိက္ခာမရှိဘူးဆိုရင် အနုပညာအဖွဲ့ထဲကလူတွေ အားလုံး သိက္ခာမရှိကြတော့ဘူးပေါ့... ရှင်က လူတွေကို ရှေးရိုးစွဲအမြင်နဲ့ပဲ ကြည့်နေတာ၊ ကျွန်မကတော့ ဒါက အခွင့်အရေးကောင်းတစ်ခုလို့ မြင်တယ်… သမီးသာ ကောင်းကောင်းဖျော်ဖြေနိုင်ရင် အလုပ်တောင် ရနိုင်တယ်၊ ကျောက်ရုံရဲ့ အတန်းဖော်အချို့ မင်္ဂလာဆောင်ကို လာကြတယ်၊ သူတို့အားလုံးက တော်ကြတဲ့သူတွေ၊ ပုံမှန်ဆိုရင် ရင်းနှီးခွင့်ရဖို့ မလွယ်ဘူး… အခုတော့ သူတို့ရှေ့မှာ သမီးက စွမ်းရည်ပြခွင့်ရတာပေါ့.. ဒါက အခွင့်အလမ်းကောင်းတစ်ခုပဲလေ”
သူမသည် အဘွားကြီးကျောက်၏ စကားကို မကျေမနပ်ဖြစ်ပုံရပြီး ရန်စသည့်လေသံဖြင့်
"ကျောက်ရုံက ရှောင်ချန်ကိုလည်း လာခဲ့ဖို့ ခေါ်ခိုင်းသေးတယ်၊ ဒါပေမဲ့ ရှင်က ငြင်းလွှတ်လိုက်တာလေ… တကယ်တော့ အဲဒီလောက်အထိ လုပ်ဖို့ မလိုပါဘူး..."
"ပါးစပ်ပိတ်ထားစမ်း... ညည်းဘာသာ ညည်းလုပ်လို့ ပျော်နေရင်လည်း လုပ်၊ ငါတို့မိသားစုအကြောင်း လာမပြောနဲ့… ငါတို့က ဒါကို မကြိုက်ဘူး။ ငါ့ချွေးမက ဘယ်သူ့ဆီကမှ အလုပ်ရှာပေးဖို့ မမျှော်လင့်ဘူး…သူသာ အလုပ်သွားလုပ်ရင် အိမ်ကို ဘယ်သူကြည့်မလဲ... ညည်းအလုပ် ညည်းပဲ အာရုံစိုက် စမ်း”
အဘွားကြီးကျောက် နှာခေါင်းရှုံ့ကာ ဆက်ပြောသည်မှာ…
"ပြီးတော့ အလုပ်ရှာရတာ အဲဒီလောက် လွယ်နေရင် ဘာလို့ လူတွေအများကြီး ကျေးလက် ဆင်းနေကြရမလဲ... ညည်းကိုယ်ညည်း တကယ့်လူကြီးလူကောင်း ထင်နေတာလား.. လူတွေက ညည်းတို့ကို ဖျော်ဖြေရေးသက်သက် သဘောထားပြီး ကစားနေကြတာ၊ ကိုယ့်ကိုယ်ကိုယ်ပဲ လှည့်စားနေတာ.. အလုပ်ရမယ် ဟုတ်လား... အဲဒါကို ညည်းကိုယ်တိုင်ကော ယုံရဲ့လား၊ ဟားဟား”
"ဒါပေမဲ့ ကျွန်မတို့ ကြိုးစားကြည့်သင့်တာပဲလေ၊ တကယ်ပဲ အလုပ်ဖြစ်သွားရင် ဖြစ်သွားမှာပေါ့..."
"လျှောက်မပြောနဲ့... အလုပ်ရမှာက စိတ်ကူးယဉ်တာ... ဘယ်သူက ယုံမှာလဲ..."
အဘွားကြီးကျောက် သူမ၏စကားကို ဖြတ်ပြောလိုက်ကာ
"ဒီအဘွားကြီးကို လာပြီး လှည့်စားဖို့မကြိုးစားနဲ့… ပြီးတော့ ညည်းလည်း ငါနဲ့ ငါ့ချွေးမကြားထဲ ရန်တိုက်ပေးဖို့ မကြိုးစားနဲ့၊ ငါ့ချွေးမက အသိဉာဏ်အရှိဆုံးပဲ… သူက ညည်းလို ခေါင်းထဲမှာ အမှိုက်တွေပဲ ပြည့်နေတဲ့လူမျိုး မဟုတ်ဘူး"
"ရှင်......"
"ဘာ ရှင် လဲ... ညည်းကို ငါက ကြောက်နေရမှာလား..."
အဘွားကြီးကျောက်သည် မျက်လုံးများ ပြူးကျယ်လာကာ ခါးထောက်လျက် စူးစိုက်ကြည့်နေ၏။
လင်စန်းရှင်းသည် သက်ပြင်းအရှည်ကြီးတစ်ချက်ချကာ
"ကျွန်မ ရှင်နဲ့ စကားမများချင်ဘူး"
"ဟက်၊ ညည်းပြောရင်လည်း ငါ့ကို နိုင်မှာမဟုတ်ပါဘူး..."
အဘွားကြီးကျောက် တဲ့တိုးပင် ပြန်ပက်လိုက်သည်။ အခြားသူများလည်း ငြိမ်မနေကြပေ။
အဘွားကြီးဝမ် : "လင်စန်းရှင်း၊ အဒေါ်ကြီးကျောက် စကားကြမ်းတာကို အပြစ်မတင်ပါနဲ့၊ ဒါပေမဲ့ သူပြောတာ မှန်တယ်လို့ ငါထင်တယ်... ပုံမှန်အလုပ်ကောင်းတစ်ခုရဖို့ဆိုတာ အဲဒီလောက် မလွယ်ကူဘူး"
လူတိုင်း သူမတို့မိသားစုကဲ့သို့ လင်ရောမယားပါ နှစ်ယောက်စလုံး အလုပ်လုပ်နိုင်ကြသည် မဟုတ်ပေ။ လီလင်းလင်းမှာ သူ့ချွေးမအဆင့်ကို မမှီသေးပေ။
ဒီလို ရိုးရှင်းတဲ့အရာလေးတစ်ခုနဲ့ အလုပ်ရလိမ့်မယ်လို့ သူမ ထင်နေတာလား... ငါ… အဘွားကြီးကတော့ မယုံပါဘူး…
အဘွားကြီးဝမ်လည်း မယုံကြည်ပေ။
အဘွားကြီးဟွမ်လည်း မယုံကြည်ပေ။
"ငါလည်း အဲဒီလိုပဲ ထင်တယ်၊ ပုံမှန်အလုပ်တစ်ခုရဖို့က မလွယ်ဘူး…ညည်း စိတ်ကူးယဉ်နေတာပဲ"
ရှီကျန့်ရှန်းသည်လည်း ယင်းကို ထောက်ခံ၏။
လင်းစန်းရှင်းသည် လူတိုင်း၏ ဝေဖန်မှုများကြောင့် အနည်းငယ် အရှက်ရသွားသော်လည်း
"မလွယ်ဘူးဆိုတာ ကျွန်မ သိပါတယ်၊ ဒါပေမဲ့ ဘယ်လိုအခွင့်အရေးပဲဖြစ်ဖြစ် ဆုပ်ကိုင်ထားရမှာပဲလေ… ဘယ်သူသိမလဲ၊ တကယ်ပဲ အဆင်ပြေသွားရင် ပြေသွားမှာပေါ့... သေးငယ်တဲ့ အခွင့်အရေးလေးကိုတောင် လက်လွှတ်လိုက်ရင်တော့ ဘာမှ မျှော်လင့်လို့မရတော့ဘူး၊ ကျွန်မတို့က ဘယ်လို အရှိန်အဝါရှိတဲ့လူကိုမှ မသိတော့ ကိုယ့်ဘာသာကိုယ်ပဲ ကြိုးစားရမှာပေါ့”
"ဒါလည်း ဟုတ်တာပါပဲ၊"
ချန်ချင်းယွီ ဝင်ပြောလိုက်ကာ
"ဒါနဲ့ လီလင်းလင်းက သူတို့အတွက် ဘာလို့ သွားပြီး ဖျော်ဖြေပေးရတာလဲ..."
"… စောစောက ကျောက်ရုံ နင့်ကိုလာရှာသေးတယ်၊ လူတိုင်း ပျော်ရွှင်စေဖို့အတွက် သီချင်းဆို ကပြခိုင်းချင်လို့ဆိုပြီး လာပြောတာ… နင်သိလား၊ သူ့အတန်းဖော်က အနုပညာဌာနရဲ့ ခေါင်းဆောင်လေ၊ ဟို ခေတ်မီတဲ့ သက်လတ်ပိုင်း အမျိုးသမီးကြီး၊ အဲဒါသူပဲ… ဖျော်ဖြေတာ ကောင်းရင် အလုပ်ရနိုင်တယ်၊ အမြဲတမ်းဝန်ထမ်း မဟုတ်ရင်တောင် ယာယီဝန်ထမ်း ဖြစ်ဖြစ်ပေါ့... အားလုံးလည်း ပျော်ရ၊ နှစ်ဦးနှစ်ဖက် အကျိုးရှိတာပေါ့တဲ့.. သူတို့ မင်္ဂလာဆောင်ကလည်း နည်းနည်း စည်ကားနေတော့၊ နင်မျက်နှာပြပြီး အခွင့်အရေး ယူလို့ရတာပေါ့လို့ ပြောတယ်… အဲဒါကို အဒေါ်ကြီးကျောက်က ဆူလွှတ်လိုက်တာ…အကယ်၍ ငါ့ယောက္ခမသာ တားမပေးရင်၊ အဒေါ်ကြီးကျောက်က..."
ချိုက်မင်မင် အဒေါ်ကြီးကျောက်ကို တစ်ချက်ကြည့်ကာ
"အဒေါ်ကြီးကျောက်က ကျောက်ရုံကို ပါးရိုက်လုနီးပါးဖြစ်သွားတာ၊ ကံကောင်းလို့ လူတွေက ဝိုင်းတားလိုက်ကြတာ… ဒါက ပျော်စရာကောင်းတဲ့ နေ့ထူးနေ့မြတ်မို့လို့ ပြဿနာမတက်အောင်လို့လေ.. အဲဒါပြီးတော့မှ ကျောက်ရုံက လီလင်းလင်းဆီ သွားရှာတာ"
ချန်ချင်းယွီ၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွား၏။
သေချာတာပေါ့၊ ကျောက်ရုံက သူမကို လှည့်စားဖို့ ကြံစည်နေတုန်းပဲ…ဒင်းက တကယ်ပဲ ပါးရိုက်ခံရသင့်တာ…
လင်စန်းရှင်း လေသံနှိမ့်ကာ ရှင်းပြလေ၏။
"ကျန့်ဝမ်မိန်းမက လက်မခံလို့ ငါတို့ လင်းလင်းကို တောင်းဆိုတာမျိုး မဟုတ်ပါဘူး… ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ကလည်း တစ်ယောက်ယောက်ကို ရှာပေးကြမှာပဲလေ၊ ဘယ်သူကမှ ဘယ်သူ့ရဲ့ အစားထိုးမှ မဟုတ်ဘူး၊ အားလုံးက အတူတူပါပဲ… ကျောက်ရုံပြောတာ မှန်တယ်လို့ ထင်တယ်၊ သူက သူ့မှာ အတ္တအချို့ရှိတယ်၊ မင်္ဂလာဆောင်ကို ပိုပြီး စည်စည်ကားကားနဲ့ လှလှပပ ဖြစ်စေချင်လို့ပါလို့ ပြောတယ်၊ ဒါပေမဲ့ ဖျော်ဖြေတဲ့သူတွေအတွက်လည်း မဆိုးပါဘူး… အဲဒီမှာ လူကြီးလူကောင်းတွေ အများကြီးပါတယ်လေ၊ အကယ်၍ တစ်ယောက်ယောက်ရဲ့ မျက်စိကျခြင်းကို ခံရရင် အလုပ်တောင် ရနိုင်သေးတယ်။ အဲဒါက ယုတ္တိရှိတယ်လို့ ငါထင်တယ်”
ချန်ချင်းယွီ: "ဟီးဟီး"
သေချာတာပေါ့၊ ဒါက ကျောက်ရုံ လုပ်မယ့်အလုပ်ပဲ၊ သူက စကားပြော အင်မတန် ကောင်းလွန်းတာ…
"ညည်းက မသွားပေမဲ့ ငါ့လင်းလင်းကတော့ သွားမှာ… ညည်း မနာလိုဖြစ်ပြီး အဲဒီလို မသင့်တော်တဲ့ စကားတွေကို လျှောက်မပြောပါနဲ့”
အဘွားကြီးကျောက် ပြန်ပက်လိုက်ကာ
"ပါးစပ်ပိတ်ထားစမ်း၊ ဒီဦးနှောက်မရှိတဲ့ အရူးမ... မနာလိုဖြစ်တယ် ဟုတ်လား... ငါက ညည်းကို မနာလိုဖြစ်ရမယ်... ညည်းကိုယ်ညည်း အဲဒီလိုဖြစ်ဖို့ ထိုက်တန်ရဲ့လားတောင် မသိဘူး... ညည်းက အရမ်းအူတူတူနိုင်လွန်းလို့ သူများကိုတောင် မနာလိုဖြစ်နေတယ်လို့ စွပ်စွဲရဲသေးတယ်… သွားချင်တဲ့သူ သွားပစေ၊ အကယ်၍ ကျောက်ရုံက တကယ်ပဲ စည်ကားစေချင်ရင် ဘာလို့ သူ့သမီးအရင်းကို သွားမခိုင်းတာလဲ... ကဲပါလေ၊ ညည်းတို့ သွားချင်တာ ညည်းတို့ကိစ္စပဲ၊ ညည်းတို့ ရူးချင်တာ ညည်းတို့ကိစ္စပဲ… ငါလည်း ညည်းကို စကားပြောရတာ ငြီးငွေ့လှပြီ၊ ညည်းက ငါ့ကိုပါ လိုက်ပြီး အူကြောင်ကြောင် ဖြစ်အောင် လုပ်နေတယ်"
အဘွားကြီးကျောက် သူမ၏ လက်မောင်းနှင့် ခြေထောက်များကို ပုတ်ခါရင်း
"ညည်းဆီက အူတူတူအငွေ့အသက်တွေ ပြည့်နေတာပဲ…
ငါ့ဆီ လာမကူးစက်စေနဲ့"
"ဟားဟား"
ချိုက်မင်မင် မအောင့်နိုင်ဘဲ ရယ်ချလိုက်မိပြီးမှ ချက်ချင်းပင် ပါးစပ်ကို ပြန်ပိတ်လိုက်၏။
လင်စန်းရှင်း၏ မျက်ဝန်းများသည် မခံချင်စိတ်ကြောင့် နီမြန်းလာပြီး
"ရှင်မပြောတဲ့ စကားတွေက တကယ်ကို ရိုင်းစိုင်းလွန်းပါတယ်"
"ရိုင်းတော့ ဘာဖြစ်လဲ..."
"ကဲပါ၊ ကဲပါ၊ ဒါတွေကို ဆက်မပြောကြပါနဲ့တော့.. သွားချင်ရင်သွား၊ မသွားချင်ရင် မသွားနဲ့… ဘာပဲဖြစ်ဖြစ်"
ပိုင်ဖုန်းရှန် အခြေအနေကို ထိန်းရန် ကြိုးစားလိုက်သည်။ တကယ်တမ်း သူမလည်း ဤသည်ကို အကြံကောင်းတစ်ခုဟု မထင်မိပေ။ ရိုးရိုးသားသား ပြောရလျှင် ဖျော်ဖြေခြင်းအားဖြင့် အခွင့်အလမ်းများ ပိုရလာလိမ့်မည်ဆိုသည်ကို သူမ မယုံကြည်ပေ။ ယခုခေတ်တွင် သီဆိုကပြ ဖျော်ဖြေခြင်းသည် မကောင်းဟု မဆိုလိုသော်လည်း… မည်သည့်အလုပ်မှ အနိမ့်စားဟူ၍ မရှိသော ခေတ်ဖြစ်သော်လည်း… အခြားသူများအားလုံး ထမင်းစားနေကြချိန်တွင် မိမိမှာ ယောက်ျားတစ်စုရှေ့၌ သီချင်းဆို ကပြနေရသည်မှာ တစ်မျိုးကြီး ဖြစ်နေ၏။ အကယ်၍ ကျောက်ရုံ ပြောသကဲ့သို့ အမှန်တကယ်သာ ကောင်းနေလျှင် အဘယ်ကြောင့် သူ့သမီးကို သီချင်းဆိုမကခိုင်းသနည်း။
မည်သို့ပင်ဖြစ်စေ ပိုင်ဖုန်းရှန်မှာ အကြံကောင်းမဟုတ်ဟု ထင်သော်လည်း လင်စန်းရှင်း ကိုယ်တိုင်သည် ပျော်နေပြီး လီလင်းလင်းသည်လည်း ပျော်နေ၏။
အခြားသူများ ပြောစကားက ဘာအသုံးဝင်တော့မည်နည်း...
အဘွားကြီးကျောက် စေတနာနှင့် ပြောခဲ့သော်လည်း လင်စန်းရှင်းသည် မနာလိုဖြစ်သည်ဟု ထင်နေသည်မဟုတ်လော... အဓိပ္ပာယ်မရှိလိုက်တာ…
အဘွားကြီးပိုင် : "ထားလိုက်ပါတော့၊ ထားလိုက်ပါတော့..ဟေး၊ ငါတို့ သွားကြည့်ကြမလား..."
"အေးလေ၊ သွားကြည့်ရအောင်လေ။"
လူတိုင်း စိတ်လှုပ်ရှားသွားကြသည်။ လင်စန်းရှင်းသည် အနည်းငယ် နေရခက်သွား၏။ သူမသည် သမီးဖြစ်သူ အရှိန်အဝါရှိသူများရှေ့တွင် ဖျော်ဖြေခွင့်ရသည့်အတွက် ဝမ်းသာသော်လည်း…
ဒီဝင်းထဲကလူတွေ လာကြည့်ပိုင်ခွင့်ရှိဖို့ ဘာလို့ လိုအပ်မှာလဲ...
သူမ သိပ်မလိုလားသဖြင့် တုံ့ဆိုင်းတုံ့ဆိုင်းနှင့်
"မသွားဘဲ နေလိုက်တာ ပိုကောင်းမယ် ထင်တယ်… ဟိုဘက်က နေရာက သိပ်မကျယ်ဘူး၊ လူတွေအများကြီး သွားရင် ရှုပ်ယှက်ခတ်ကုန်လိမ့်မယ်။ ငါတို့ဝင်းထဲကလူတွေ ယဉ်ကျေးမှုမရှိဘူးလို့ သူများတွေ ထင်ကုန်ပါဦးမယ်”
"အဲဒါက ဘာဖြစ်လို့လဲ... မင်္ဂလာဆောင်ရဲ့ အဓိကအချက်က စည်ကားဖို့ မဟုတ်ဘူးလား... ကျောက်ရုံကလည်း စည်ကားဖို့အတွက်ပဲ ညည်းသမီးကို ဖိတ်တာမဟုတ်လား..."
"ဟုတ်ပ၊ သွားကြည့်ရအောင်… ဟေး၊ ညည်းတို့ လီလင်းလင်းမှာ ဒီလို အနုပညာပါရမီရှိတာ ငါ တစ်ခါမှ မကြားမိပါလား"
"ငါ့သမီးက သီချင်းဆိုတတ်တယ်၊ အဲဒါ ဘာခက်လို့လဲ... ဟောက်ရွှယ်လည်း သိပါတယ်”
လူတိုင်း တစာစာနှင့် ပြောဆိုနေကြစဉ် အဘွားကြီးကျောက်
လှည့်ကြည့်ကာ
"ညည်းက ဘာလို့ ဒီမှာ ရှိနေသေးတာလဲ... ကလေးသွားကြည့်ဖို့ အိမ်ကို မြန်မြန်ပြန်စမ်း… တကယ်ပါပဲ၊ အိမ်ကို မစောင့်ရှောက်ဘဲ ဘာလို့ လျှောက်သွားနေတာလဲ... လုပ်စရာမရှိရင် အိမ်ပြန်ပြီး အလုပ်တစ်ခုခုလုပ်၊ ဆောင်းတွင်းမှာ အလုပ်မရှိဘူးလို့ မထင်နဲ့… ပွဲကြည့်ဖို့ ဟုတ်လား၊ ညည်းမှာကြည့်ဖို့ နေရာကော ရှိလို့လား... အိမ်ပြန်ပြီး အလုပ်လုပ်နေလိုက်စမ်း..."
အဘွားကြီးကျောက်မှာ ချန်ချင်းယွီကို အော်ငေါက်လိုက်ခြင်းဖြစ်ပြီး သူမ၏လေသံသည် သိပ်မကောင်းလှပေ။
ချန်ချင်းယွီသည် ချက်ချင်းပင် ခေါင်းငုံ့ကာ လိမ္မာရို့ကျိုးစွာဖြင့်
"ဟုတ်ကဲ့ပါ"
သူမသည် အမြီးကုပ်ကာ ခပ်သွက်သွက်လေး ထွက်ခွာသွားခဲ့ပြီး အလွန်ပင် ရို့ကျိုးသောပုံစံ ပေါက်နေ၏။
ချန်ချင်းယွီ ခပ်မြန်မြန် ထွက်သွားသဖြင့် ချိုက်မင်မင်စိတ်ပူသွားကာ
"ကျွန်မ သူ့ဆီ သွားကြည့်လိုက်ဦးမယ်"
အဘွားကြီးဟွမ် နှာခေါင်းရှုံ့ကာ တွေးလိုက်သည်။
ဟွန်း၊ လူတိုင်းက သူမအကြောင်း မကောင်းပြောကြတာ… ကြည့်စမ်းပါဦး… သူတို့ဝင်းထဲမှာ အဆိုးဆုံး ယောက္ခမက အဘွားကြီးကျောက်ပဲ၊ ကြည့်စမ်းဦး... အမြဲတမ်း အော်ဟစ်ငေါက်ငမ်းနေတာ၊ လုံးဝ လူကောင်းမဟုတ်ဘူး...
အခြားသူများ၏ အမူအရာတွင်လည်း ဤအမြင်မျိုး အနည်းငယ် ပေါ်လွင်နေသည်။
အဘွားကြီးဝမ်မှာမူ စိတ်ထဲတွင်
'အဘွားကြီးကျောက်နဲ့ ယှဉ်ရင် ငါကတော့ တကယ်ကို ရှားမှရှားတဲ့ ယောက္ခမကောင်းတစ်ယောက်ပဲ'
တိုက်တိုက်ဆိုင်ဆိုင်ပင် ပိုင်ဖုန်းရှန်းသည်လည်း ထိုအတိုင်းပင် တွေးနေမိ၏။
ချန်ချင်းယွီသည် အိမ်သို့ တန်းတန်းမတ်မတ် ပြန်လာခဲ့စဉ် ချိုက်မင်မင်က နောက်မှ လိုက်လာကာ
"ရှောင်ချန် အဆင်ပြေရဲ့လား..."
ချန်ချင်းယွီသည် ချိုက်မင်မင် လိုက်လာလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ပြုံးကာ
"အဆင်ပြေပါတယ်၊ ဘာကိစ္စရှိလို့လဲ... ကျွန်မယောက္ခမက မကောင်းတဲ့သူ မဟုတ်ပါဘူး”
ချိုက်မင်မင်: "..."
ချန်ချင်းယွီ : "ကျွန်မ အတွက် စိတ်မပူပါနဲ့၊ တကယ်အဆင်ပြေပါတယ်…ဟိုဘက်ကို သွားပြီး ဘာတွေဖြစ်နေလဲ သွားကြည့်လိုက်ဦး၊ ပြီးမှ ကျွန်မကို ပြန်ပြောပြပေါ့"
ချိုက်မင်မင်: "အာ... အော်၊ ဟုတ်ပြီလေ..."
"ဒါဆို ငါ သွားပြီနော်..."
ချန်ချင်းယွီ: "သွား၊ သွား"
ထိုအချိန်တွင် အမျိုးသမီးများ အားလုံး ထွက်လာကြပြီဖြစ်ရာ ချိုက်မင်မင်သည်လည်း ဘာတွေဖြစ်နေသည်ကို သိနိုင်ရန် သူတို့နှင့်အတူ လိုက်သွားခဲ့သည်။ ချန်ချင်းယွီသည် တခစ်ခစ်ရယ်ကာ ခေါင်းခါရင်း အထဲခန်းသို့ တန်းတန်းမတ်မတ် ဝင်သွားခဲ့၏။ သူမသည် ဤပွဲကြည့်ရမည့်နေရာသို့ တကယ် မသွားနိုင်ပေ။
အဘွားကြီးကျောက်နှင့် အခြားသူများ ဘာဖြစ်နေသည်ကို အတူတူ သွားကြည့်ကြစဉ် တံခါးဝသို့ ရောက်သည်နှင့် လီလင်းလင်း သီချင်းဆိုနေသံကို ကြားလိုက်ရသည်။ ထူးထူးခြားခြား မဟုတ်ပေ။ ကျောင်းတွင် သင်ယူခဲ့ဖူးသောအရာမျှသာ ဖြစ်ပြီး သူမ၏အသံသည်လည်း သိပ်မကျယ်လှပေ။
အဘွားကြီးကျောက် : "ဒီသီချင်းဆိုတာက သာမန်ပါပဲလား..."
"မဟုတ်တာ၊"
ရှန့်ရှန့် ဝင်ပြောလိုက်ကာ
"ကျွမ်းကျင်တဲ့ အနုပညာရှင် အများအပြားက ပိုကောင်းအောင် ဆိုနိုင်ကြပေမဲ့ သူတို့မှာ ဒီလို စစ်မှန်ပြီး သဘာဝကျတဲ့ အရည်အသွေးမျိုး မရှိကြဘူး… လင်းလင်းရဲ့ သီချင်းဆိုတာက သန့်စင်ပြီး သဘာဝကျတယ်၊ အဲဒီ စစ်မှန်မှုက ရှားပါးတယ်၊ ဟန်ဆောင်လို့ မရဘူး… အချို့လူတွေက ပရော်ဖက်ရှင်နယ် သီချင်းဆိုတာကို ပိုကြိုက်ကြပေမဲ့၊ အချို့ကကျတော့ ဒီလို စစ်မှန်ပြီး သဘာဝကျတဲ့ သီချင်းဆိုတာကို ပိုနှစ်သက်ကြတယ်"
ရှန့်ရှန့်သည် အဘွားကြီးကျောက်ကို မမှတ်မိသော်လည်း လီလင်းလင်းဘက်မှ ပြောပေးလိုက်ခြင်း ဖြစ်သည်။
လီလင်းလင်း မျက်နှာလေး နီမြန်းသွားသော်လည်း ပျော်ရွှင်သော အပြုံးလေးတစ်ခု ပေါ်လာ၏။
အဘွားကြီးကျောက် မျက်စောင်း ထိုးလိုက်မိသည်။ ကျောက်ရုံတွင် မရိုးသားသော ရည်ရွယ်ချက်ရှိကြောင်း သူမ သိ၏။ ထို့ကြောင့် စားပွဲရှိ အမျိုးသားများကို လှမ်းကြည့်လိုက်သော်လည်း၊ ယခုတစ်ကြိမ်တွင်မူ သူမ စိတ်သက်သာရာရသွားသည်။ ကြည့်ရတာ လီလင်းလင်းသည် ထူးထူးခြားခြား ဆွဲဆောင်မှုရှိမနေသဖြင့် မည်သူမျှ သူမကို အာရုံမစိုက်ကြဘဲ တစ်နားကဝင် တစ်နားကထွက် သဘောမျိုးသာ သဘောထားနေကြပုံရ၏။
ကျောက်ရုံသည် ဤအဘွားကြီးများကို ထိုနေရာတွင် မရှိစေချင်သဖြင့်
"အားလုံးပဲ၊ ဘာလို့ ဒီကို စုလာကြတာလဲ... အိမ်ကို မြန်မြန်ပြန်ကြပါတော့… ဒီမှာ လာစုနေတော့ ရှုပ်ကုန်တာပေါ့”
"ဟုတ်တယ်၊ အားလုံးပဲ လူစုခွဲပေးကြပါ… ငါတို့ ထမင်းစားတာကို မနှောင့်ယှက်ပါနဲ့၊ ဝင်းရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်”
အဘွားကြီးကျောက်နှာခေါင်းရှုံ့ကာ
"ညည်းကတော့ စကားလုံးတွေ လုပ်ကြံပြောရာမှာ တကယ်တော်တာပဲ၊ ပုံရိပ်ကိုပါ ဆွဲထည့်ရဲသေးတယ်၊ ဒါပေမဲ့ အဲဒါက ဘာနဲ့ဆိုင်လို့လဲ..."
အဘွားကြီးကျောက်သည် တိုးတိုးရေရွတ်လိုက်သော်လည်း ထိုကိစ္စကို ဆက်ပြီး ဇွတ်တရွတ် မလုပ်တော့ပေ။ သူများမင်္ဂလာရက်ဖြစ်၍ ပြဿနာရှာခြင်းမှာ ကိုယ်ကျင့်တရား အလွန်ပျက်ပြားရာ ရောက်ပေလိမ့်မည်၊ သူမ ထနုကဲ့သို့ မလုပ်နိုင်ပေ။
အဘွားကြီးကျောက် : "ငါ အိမ်ပြန်ပြီး တစ်ရေးလောက် အိပ်လိုက်ဦးမယ်"
"ဒါဆို ကျွန်မလည်း ပြန်တော့မယ်"
လူတိုင်း လူစုခွဲသွားကြ၏။
အဘွားကြီးကျောက်သည် ရှေ့ခြံဝင်းဘက်သို့ မပြန်ဘဲ အိမ်သို့ တန်းတန်းမတ်မတ် ပြန်လာခဲ့သည်၊ သူမ၏ချွေးမ အပြင်မှာ အကြာကြီး ပျောက်နေခဲ့သည့်အကြောင်းကို စူးစမ်းမေးမြန်းရန် ရည်ရွယ်ချက်ရှိပုံရ၏။ ကြက်ဥရောင်းသူနောက် လိုက်သွားသည်ဟူသော ချွေးမဖြစ်သူ၏ စကားကို သူမ မယုံကြည်ပေ။
ဟေး၊ ညည်းတို့ သိလား… တကယ်တော့ ငါက ချန်ချင်းယွီကို အတော်လေး ကောင်းကောင်းသိတာအေ့…အခြားသူတွေက သူမ လိမ်ပြောနေတာကို ရိပ်မိချင်မှ ရိပ်မိလိမ့်မယ်… ဒါပေမဲ့ ငါကတော့ ရိပ်မိတယ်အေ့…
ကဲပါလေ… အမှန်ပြောရရင် တကယ်တော့ သူမ ရိပ်မိတာလည်း မဟုတ်ပါဘူး… လုံးဝကို မရိပ်မိတာပါ… ဒါပေမဲ့ ကြက်ဥရောင်းတဲ့သူနောက် လိုက်ဖမ်းရင်း ခြေကျင်းဝတ် လိမ်လုနီးပါးဖြစ်သွားတယ်ဆိုတဲ့ စကားက ယုံချင်စရာ လုံးဝမရှိလွန်းလို့လေ…
ချန်ချင်းယွီက အမီမလိုက်နိုင်ဘူး ဟုတ်လား...
အမီမလိုက်နိုင်ဘူး... ရယ်စရာပဲ...
သူမသည် အိမ်ထဲသို့ အေးအေးလူလူ လျှောက်ဝင်လာစဉ် ချန်ချင်းယွီလည်း တစ်ရေးတစ်မော အိပ်ရန် ပြင်နေသည်ကို မြင်လိုက်ရသည်။ အပြင်ခန်းတွင် ဇလုံတစ်ခု ရှိနေ၏။
“နင် ပေါက်စီ လုပ်မလို့လား..."
မေးလိုက်ပြီးခါမှ မုန်ညင်းချဉ်ကို သတိပြုမိသွားသည်။
ချန်ချင်းယွီသည် ခေါင်းငြိမ့်ကာ
"ကျွန်မ နားပြီးရင် အများကြီး လုပ်လိုက်မယ်…နောက်မှ ပေါင်းကြတာပေါ့"
"ရတာပေါ့… ဟေး၊ စောစောက နင် အပြင်ထွက်သွားတာ၊ တစ်ခုခု ဖြစ်လို့လား..."
ချန်ချင်းယွီ ခေါင်းငြိမ့်ပြလိုက်သည်။ သူမ မျက်ရိပ်တစ်ချက် ပြလိုက်သဖြင့် အဘွားကြီးကျောက်သည် တံခါးကို ဂျက်ထိုးကာ၊ ပြတင်းပေါက်ကို စစ်ဆေးပြီးနောက် "ဘယ်သူမှ မရှိဘူး" ဟု ပြောလိုက်၏။
ချန်ချင်းယွီ : "နောက်ခါကျရင် စကားပြောရင် သတိထားဦး။ ဒီနေ့ လင်စန်းရှင်းကို စောင့်ကြည့်ဖို့အတွက် ကျောက်ရုံက ကျန်းမုန့်မုန့်ကိုတောင် လာဘ်ထိုးထားတာ"
"တောက်..."
အဘွားကြီးကျောက် တောက်ခေါက်ကာ
"သူတို့က တကယ့်ကို ကောက်ကျစ်တာပဲ... အဲဒီကလေးကို ဘယ်သူက စောင့်ကြည့်နိုင်မှာလဲ... သူတို့မိသားစုက တကယ်ကို အကွက်ချစီစဉ်တတ်တာပဲ"
ချန်ချင်းယွီ : "ဒါကြောင့် နောက်ခါကျရင် စကားပြောရင် သတိထားရမယ်… အခုက နွေရာသီလည်း မဟုတ်တော့ဘူး၊ အရင်ကတော့ ပြတင်းပေါက်အပြင်ဘက်မှာလည်း ပစ္စည်းတွေ အပြည့်ပဲဆိုတော့… လူတွေက အနားကို ကပ်မလာနိုင်ဘူး၊ အကယ်၍ တစ်ယောက်ယောက် ကပ်လာရင် အသံမြည်မှာပဲ.. အခု ကျွန်မတို့ အထဲကို ပြောင်းရွှေ့ထားတော့ ပြတင်းပေါက် အပြင်ဘက်မှာ လူရပ်နေလားဆိုတာတောင် မသိနိုင်ဘူး… ကလေးတွေက ပုန်းရလွယ်တော့ ကျွန်မတို့ သတိထားတာ ပိုကောင်းမယ်"
"အေးပါ၊ ငါ နားလည်ပါပြီ"
အဘွားကြီးကျောက် ထပ်မံစစ်ဆေးပြီးနောက် ပြောလိုက်သည်။
"ဘယ်သူမှ မရှိဘူး"
ချန်ချင်းယွီသည် ကလေးငယ်နှစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခြင်း ရှိမရှိကို သေချာအောင် စစ်ဆေးပြီးမှ ယနေ့ ဖြစ်ပျက်ခဲ့သည်များကို စတင်ပြောပြလေသည်...
အဘွားကြီးကျောက် : "ဘုရားရေ..."
အဘွားကြီးကျောက် : "အလိုလေး... အဲဒီညီအစ်မနှစ်ယောက်က ယောက်ျားတစ်ယောက်တည်းနဲ့ တွဲနေကြတာလား... သူတို့ ဘယ်လိုလုပ်ကြမလဲ... မိသားစုချင်း တွေ့ကြတဲ့အခါ နေရခက်စရာ မဖြစ်ပေဘူးလား..."
အဘွားကြီးကျောက် : "သူတို့ရဲ့ လုပ်ရပ်တွေက ဟန်ဆောင်မှုသက်သက်ပဲလား... တကယ့်ကို အကွက်ချတွက်ချက်တတ်တာပဲ... ယွမ်မိသားစုက ဖြစ်လာတာ မဆန်းပါဘူး၊ သူတို့ထဲက တစ်ယောက်မှ လူကောင်းမပါဘူး၊ အားလုံးက ကျောက်ရုံလိုပဲ ကောက်ကျစ်စဉ်းလဲကြတာ"
အဘွားကြီးကျောက် : "ဒါပေမဲ့ အဲဒီလင်မယားက ပိုက်ဆံအများကြီး တကယ်ပဲ လိမ်လည်လှည့်ဖြားခဲ့တာပဲ၊ ဒါက တကယ်ကို..."
အဘွားကြီးကျောက်သည် အဆက်မပြတ် ရေရွတ်နေမိပြီး မျက်လုံးများပင် ပြူးကျယ်နေရ၏။ အဓိကအားဖြင့် သူမ လုံးဝ မျှော်လင့် မထားမိ၍ပင်… ထိုအိမ်ထောင်ရေးတွင် တစ်ခုခု လွဲမှားနေသည်ဟု သူတို့ ခံစားမိခဲ့ကြသော်လည်း၊ လင်မယားနှစ်ယောက်သည် မိမိတို့၏ အစ်မအရင်းအပေါ် ထောင်ချောက်ဆင်လိမ့်မည်ဟုမူ မတွေးမိခဲ့ပေ။
သူတို့က တကယ့်ကို ကောက်ကျစ်လွန်းလှချည်လား…
အဘွားကြီးကျောက် : "သူတို့မိသားစုက ဒီလောက်အထိ အကွက်ချစီစဉ်တတ်မှန်း ငါ တခါမှ မသိခဲ့ဘူး... တကယ်ကို အံ့ဩဘနန်း မြင်ဖူးတာပဲ... အော်၊ ဒါနဲ့၊ သူက ဒီနေ့ နင့်ကိုပါ ဆွဲခေါ်ဖို့ ကြိုးစားသေးတယ်…သူ့မှာ စေတနာကောင်း မရှိတာကို ငါ သိနေတာပဲ၊ သူက ဘယ်လိုလူစားမျိုးလဲ... ငါ မသိဘူးလို့ ထင်နေတာလား... အဲဒီ ဒုတိယဥက္ကဌဆိုတာ လုံးဝ လူကောင်းမဟုတ်ဘူး”
ချန်ချင်းယွီ သူမကို ထိုအကြောင်း ပြောပြထားပြီးဖြစ်သည်။
ဟွန်း၊ သူမ သိတာပေါ့…
ထိုလူသည် လူကောင်းမဟုတ်ပေ။
သူမ၏ချွေးမမှာ အလွန်ပင် ချောမောလှပလှရာ၊ ထိုနေရာသို့ သွားခြင်းသည် သိုးသူငယ်ကို သားသတ်ရုံသို့ ပို့လိုက်သကဲ့သို့ ဖြစ်ပေလိမ့်မည်။
သူတို့မှာ ပြဿနာကို မကြောက်ကြသော်လည်း၊ ကိုယ်တိုင် သွားပြီး အန္တရာယ်ဇုန်ထဲ တိုးဝင်စရာ မလိုပေ။ သူတို့အနေဖြင့် ပိုကောင်းအောင် လုပ်ဆောင်နိုင်၏။
ကျောက်ရုံကတော့ တကယ်ကို လူမဆန်တာပဲ…
ချန်ချင်းယွီ: "သူမမှာ အောက်ခြေစည်းဆိုတာ လုံးဝမရှိဘူး”
"ငါလည်း အဲဒီလိုပဲ ထင်တယ်…ဒါပေမဲ့ သူက ဒီနေ့ နင့်ကို ရည်ရွယ်ချက်ရှိရှိ လာရှာတာ၊ အကယ်၍ ငါသာ ရိုင်းရိုင်းစိုင်းစိုင်း မလုပ်ခဲ့ရင် သူက ဆက်ပြီး လာပတ်သက်နေဦးမှာ… ကံကောင်းလို့ ငါက စိတ်ဆတ်တဲ့သူမို့လို့ သူ ငါ့ကို လာမရင်ဆိုင်ရဲတာ… ဟေး၊ သူက ဘာလို့ ဒီလို ဖြစ်နေရတာလဲ... ဘာလို့ အောက်တန်းစား ပြည့်တန်ဆာခေါင်းလိုမျိုး ပြုမူနေရတာလဲ... သူ့အတန်းဖော် လုပ်တာက အဲဒါမျိုး မဟုတ်ဘူးလား... ဘာလဲ... သူပါ အဲဒီလုပ်ငန်းထဲ ဝင်ချင်လို့လား..."
အဘွားကြီးကျောက် နှာခေါင်းရှုံ့ကာ
"ငါက ခေတ်ဟောင်းကနေ ကြီးလာတာ၊ ဒီလိုလူစားမျိုးတွေ ဘယ်လောက် စက်ဆုပ်ရွံရှာဖို့ကောင်းလဲဆိုတာ ငါ အသိဆုံးပဲ…နင် စောင့်နေလိုက်၊ ငါ သူ့ခေါင်းကို အိတ်နဲ့စွပ်ပြီး ရိုက်ပစ်မယ်"
ချန်ချင်းယွီ : "မလိုပါဘူး၊ သူမကိုယ်တိုင်လည်း အပြစ်ကင်းတာမှ မဟုတ်တာ… အမေ ဘာမှလုပ်စရာမလိုပါဘူး၊ အခြားတစ်ယောက်ယောက်က လုပ်လိမ့်မယ်”
အဘွားကြီးကျောက်: "........."
ချန်ချင်းယွီ : "စိတ်မပူပါနဲ့၊ ကျွန်မပဲ ကိုင်တွယ်လိုက်ပါ့မယ်”
အဘွားကြီးကျောက်သည် ရုတ်တရက် စိတ်အေးသွားကာ
"အေးပါ၊ နင် ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့”
ဒီခေါင်းမာတဲ့ ချန်ချင်းယွီက သူမထက် အများကြီး ပိုပြီး ရက်စက်ပြတ်သားတယ်လေ…
အဘွားကြီးကျောက်သည် ဤအချက်တွင် ချန်ချင်းယွီကို ယုံကြည်သည်။
ချန်ချင်းယွီသည် အမြဲတမ်း ကလဲ့စားချေတတ်သူဖြစ်၏။ အကယ်၍ ကျောက်ရုံ သူမအပေါ် လှည့်ကွက်ဆင်ခဲ့လျှင် သူမသည် အလွတ်ပေးလိမ့်မည်မဟုတ်ပေ။ ထောင်ချောက်ထဲ မကျအောင် ရှောင်လွှဲနိုင်ခဲ့ခြင်းမှာ သူတို့၏ သတိကြီးမှုကြောင့်သာ ဖြစ်ပြီး၊ ကျောက်ရုံ၏ စိတ်ကောင်းစေတနာကြောင့် မဟုတ်ပေ။
ဟား... ကိုယ့်မှာဖြင့် မကောင်းတဲ့ သတင်းပုပ်တွေ ရှိနေပါလျက်နှင့် သူများကို ပြဿနာရှာရဲသေးတယ်ပေါ့…
ချန်ချင်းယွီသည် ကျောက်ရုံနောက်သို့ ရက်အနည်းငယ်မျှ လိုက်ကြည့်ရန် ဆုံးဖြတ်လိုက်၏။ကျောက်ရုံတွင်လည်း အပြင်ဘက်၌ မရိုးသားသော လျှို့ဝှက်ကိစ္စရပ်များ ရှိနေသည်သာ…
အကွက်ပဲ…
သူမသည် လူကောင်းတစ်ယောက်အနေနှင့် ကျောက်ရုံ၏ မိသားစုထံသို့ သတင်းပေးလိုက်မည်။
ဆုံးဖြတ်ချက် ချပြီးနောက်တွင် ချန်ချင်းယွီနှင့် မိသားစုမှာ အေးအေးဆေးဆေး ရှိနေကြ၏။ မွန်းလွဲပိုင်း မင်္ဂလာဧည့်ခံပွဲ ပြီးဆုံး၍ ဧည့်သည်များ ပြန်သွားကြပြီးနောက်၊ ချန်ချင်းယွီနှင့် သူမ၏ယောက္ခမတို့သည် အိမ်တွင် ပေါက်စီအစာသွတ်ရန် အသားများနုတ်နုတ်စင်းကာ ပေါက်စီများ စတင်ပြုလုပ်ကြသည်။ သူတို့၏ နေ့စဉ်ဘဝကို မည်သည့်အရာမှနှောင့်ယှက်ခြင်း မရှိစေရပေ။
သူများပွဲကို စောင့်ကြည့်ရခြင်းသည် ကောင်းသော်လည်း အဓိကစည်းကမ်းမှာ မိမိတို့၏ ကိုယ်ပိုင်ကိစ္စများကို မထိခိုက်စေရန်ပင်…
ကျောက်ရုံသည် လူတိုင်းထံမှ ငှားရမ်းထားသော စားပွဲ၊ ကုလားထိုင်၊ အိုးခွက်ပန်းကန်များကို လိုက်လံပြန်ပေးရန် အလုပ်ရှုပ်နေခဲ့သည်~~ ချန်ချင်းယွီတို့ မိသားစုမှလွဲ၍ပေါ့….
အကြောင်းမှာ သူမသည် အဘွားကြီးကျောက်ကဲ့သို့သော လူမျိုးနှင့် မပတ်သက်ချင်သောကြောင့် ဖြစ်၏။ သို့သော်လည်း အခြားသူများအားလုံးကိုမူ သူမ ပစ္စည်းများ အကုန်ပြန်ပေးခဲ့သည်။
ကျောက်ရုံသည် ဟန်ဆောင်မျက်နှာဖုံးစွပ်ရာတွင် အလွန်တော်လှပေသည်။
ယနေ့ မာကျန့်ယီ၏ အိမ်တွင် စားပွဲနှစ်လုံး ချထားခဲ့ပြီး ယခုအခါ အားလုံးကို သိမ်းဆည်း သန့်ရှင်းရေးလုပ်ပြီးသွားပြီ ဖြစ်၏။ ချိုက်မင်မင်သည် ရေနွေးဝတ်တစ်ခုကို ကိုင်ကာ ဝင်လာပြီး
"ရှင် အရက်တွေ အများကြီး သောက်ထားတယ် မဟုတ်လား... ကိုယ်ကိုယ်ကို သုတ်လိုက်ဦး"
မာကျန်း ခုတင်ခေါင်းရင်းကို မှီလျက်
"ငါ အဆင်ပြေပါတယ်၊ သောက်တာ သိပ်မများပါဘူး… ဒီလို အရသာရှိတဲ့ အစားအစာတွေကို မစားဘဲ အရက်ပဲ ထိုင်သောက်နေတဲ့သူက လူအပဲ"
"မင်းကော ကောင်းကောင်း စားခဲ့ရရဲ့လား... မင်းတို့စားပွဲက လူတွေက အကုန်လုံး အစားအသောက် ကျွမ်းကျင်သူတွေချည်းပဲ၊ မင်း အသားတွေ ဘာတွေ ရလိုက်လား..."
ချိုက် မင်မင် ရယ်မောကာ
"ရတာပေါ့၊ စိတ်မပူနဲ့၊ ကျွန်မ ဗိုက်ကို ပြည့်နေတာပဲ.. ယောက္ခမက ကျွန်မကို ကောင်းကောင်း ဂရုစိုက်ပေးရှာပါတယ်၊ ဒီလို ယောက္ခမမျိုး ရထားတာ ကျွန်မတကယ်ကို ကံကောင်းတာပဲ”
မာကျန်း : "ငါ့အမေက တော်တာပေါ့၊ ဒါပေမဲ့ မင်းက ဒါကို ဘာလို့ ရုတ်တရက် ထပြောတာလဲ... ဘယ်သူကကော မကောင်းလို့လဲ..."
"အဒေါ်ကြီးကျောက်လေ၊ သူက ရှောင်ချန် အပေါ် တကယ်ကို ရက်စက်တာ၊ စောစောကတင်..."
ဘလာ ဘလာ…
မာကျန်း တဟားဟားရယ်ကာ
"မိန်းမ၊ မင်းက တကယ်ကို ရိုးအတာပဲ… ဘာလို့ ဒီလောက်တောင် အူတူတူနိုင်ရတာလဲ... အဒေါ်ကြီးကျောက်က ချန်ချင်းယွီအပေါ် ရက်စက်တယ်လို့ မင်း ထင်နေတာလား..."
ချိုက်မင်မင် သံသယစိတ်ဖြင့် ပြန်မေးကာ
"မဟုတ်လို့လား..."
မာကျန်း အဓိပ္ပာယ်ပါပါဖြင့် ဆိုလိုက်၏။
"ငါကတော့ အဲဒီလိုမထင်ဘူး… သူက ချန်ချင်းယွီကို ရှေ့ဆက်သွားခွင့် မပေးချင်ရုံသက်သက်ပဲ"
မာကျန်းတစ်ယောက် စဉ်းစားလို့ လုံးဝမရနိုင်ဖြစ်နေ၏။ သူ တကယ်ကို နားမလည်နိုင်ဖြစ်နေရသည်။ ချန်ချင်းယွီနှင့် သူမယောက္ခမတို့၏ ဆက်ဆံရေးသည် သိသိသာသာကြီး ဆိုးရွားမနေပါလျက်နှင့်~~
ဘာဖြစ်လို့ လူတိုင်းက အဒေါ်ကြီးကျောက်က ချန်ချင်းယွီအပေါ် ရက်စက်တယ်လို့ပဲ တထစ်ချ တွေးနေကြတာလဲ... ချန်ချင်းယွီက အဲဒီလောက်အထိ ပျော့ညံ့တဲ့သူမှ မဟုတ်တာ…
လူတိုင်းရဲ့ အကဲဖြတ်ချက်တွေက ဘယ်လောက်တောင် လွဲမှားနေကြတာလဲ...
သူ၏ ပါးနပ်လှသော ဖခင်ကိုယ်တိုင်သည်ပင် ချန်ချင်းယွီကို ပျော့ညံ့ပြီး ကြောက်တတ်သော မုဆိုးမလေးတစ်ယောက်အဖြစ် ထင်နေခြင်းအပေါ် မာကျန်းအနေဖြင့် အလွန်ပင် ဇဝေဇဝါ ဖြစ်ရသည်။
ဒါက တကယ့်ကို ထူးဆန်းလွန်းလှချည်လား…
မာကျန်းအနေဖြင့် မိမိမှာ ကျေးလက်မှ ပြန်လာခါစဖြစ်ပြီး၊ ချန်ချင်းယွီတစ်ယောက် ဤနှစ်များအတွင်း မည်မျှပင်ပန်းဆင်းရဲခဲ့ရသော ကိုယ်တိုင်မမြင်ခဲ့ရသည့် ကိစ္စကိုမူ ထည့်မတွက်မိခဲ့ပေ။ သူသည် လက်ရှိ ချန်ချင်းယွီကိုသာ မြင်တွေ့ရသဖြင့် အခြေအနေကို ပိုမို ရှင်းရှင်းလင်းလင်း မြင်နိုင်ခြင်း ဖြစ်သည်။ အခြားသူများမှာမူ ထိုနေရာတွင် ကိုယ်တိုင်ရှိနေခဲ့ကြသူများဖြစ်၍၊ နှစ်ပေါင်းများစွာအတွင်း မိမိတို့ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့ ကြုံတွေ့ခဲ့ရသည်များကိုသာ ပို၍ ယုံကြည်ကြသည်မှာ သဘာဝပင်။
ထို့ကြောင့်လည်း လူတိုင်းမှာ အမြင်အမျိုးမျိုး ရှိနေကြခြင်း ဖြစ်၏။
မာကျန်း : "ကျောက်ရုံက စေတနာကောင်းနဲ့ လုပ်တာ မဟုတ်ဘူး"
"ဘာဖြစ်လို့လဲ..."
မာကျန်း : "ငါက သူတို့အိမ်က အပြင်ဘက်စားပွဲမှာ ထိုင်စားနေတာဆိုတော့ အကုန်လုံးကို အထင်အရှား မြင်လိုက်ရတယ်.. သတို့သမီးရဲ့ ယောက်ဖ၊ ဟိုထိပ်ပြောင်ပြောင် ဒုတိယဥက္ကဌဆိုတဲ့လူက တကယ့် နှာဘူးကောင်ကြီး… သူ့မိန်းမကိုယ်တိုင် အနားမှာ ရှိနေတာတောင် မျက်လုံးက ယွမ်ဟောက်ရွှယ်ဆီက မခွာဘူး၊ သူ အစားအသောက် လာချပေးတဲ့အချိန်မှာ လက်ကိုတောင် လှမ်းကိုင်ဖို့ ကြိုးစားသေးတာ… ငါ အသေအချာ မြင်လိုက်ရတယ်၊ တကယ် စက်ဆုပ်ဖို့မကောင်းဘူးလား... ကျောက်ရုံလည်း ဒါကို အကုန်မြင်တယ်၊ သူက သူ့သမီးကို ကာကွယ်ချင်တော့ အဲ့လူရဲ့ အာရုံကို လွှဲပစ်ဖို့ သဘာဝကျကျပဲ ကြံစည်တော့တာပေါ့… ဒါကြောင့်မို့လို့ လူတစ်ယောက်ကို အဖော်အဖြစ် လာခေါ်ပြီး ပွဲထုတ်ခိုင်းတာ၊ သူက တခြားလူကို အစားထိုးဓားစာခံ လုပ်ဖို့ ကြံစည်နေတာ..."
ချိုက်မင်မင်သည် ဒေါသတကြီးဖြင့် ဆဲရေးလိုက်တော့သည်။
"သူက ဘယ်လိုတောင် ကိုယ်ကျင့်တရား ပျက်ပြားရတာလဲ၊ တကယ့်ကို အသည်းနှလုံးမရှိတဲ့လူပဲ... ကိုယ့်လူအတွက်နဲ့ သူများကို သစ္စာဖောက်ရဲတယ်၊ သူက လူကော ဟုတ်ရဲ့လား... ဖာသည်မ..."
မာကျန်း : "အသံလျှော့ဦး"
ချိုက်မင်မင် : "ကျွန်မ စိတ်တိုလို့ပါ... ကျောက်ရုံက ရှောင်ချန်ကို သွားရှာတာ၊ ရှောင်ချန်ကို သူ့ရဲ့ ဓားစာခံအဖြစ် သုံးချင်လို့ပေါ့... ရှောင်ချန်က ကျွန်မ သူငယ်ချင်းလေ..."
မာကျန်း : "ချန်ချင်းယွီက လှတယ်လေ… သူက တကယ်တော့ ဟောက်ရွှယ်ထက်တောင် ပိုလှသေးတယ်၊ မလှရင် လူတွေရဲ့အာရုံကို ဘယ်လိုလုပ် ဆွဲဆောင်နိုင်မလဲ... ဒါပေမဲ့ ကျောက်ရုံက ချန်ချင်းယွီကို ခေါ်ချင်နေမှန်း ငါ ရိပ်မိသားပဲ.. ဒါပေမဲ့ မခေါ်နိုင်လောက်ဘူးဆိုတာလည်း ငါ ကြိုတွေးမိတယ်၊ သေချာတာပေါ့၊ နောက်ဆုံးတော့ လီလင်းလင်း ရောက်လာတာပဲ… ဒါပေမဲ့ လီလင်းလင်း ဖြစ်သွားတာကပဲ ကံကောင်းတယ်၊ သူက ရုပ်ရည်က သာမန်ဆိုတော့… လမ်းပေါ်မှာ ဒီလိုရုပ်မျိုးတွေ အပုံအပင်ရှိတယ်၊ အဲ့လူလည်း စိတ်ဝင်စားမှာ မဟုတ်ဘူး"
ချိုက်မင်မင်: "ရှင်က အခုတော့ အကုန်သိနေပြီပေါ့… ဒါတွေအားလုံးက အဒေါ်ကြီးကျောက်ရဲ့ ပြတ်သားမှုကြောင့် တော်သေးတာပေါ့… မဟုတ်ရင် ရှောင်ချန် ခမျာ လှည့်စားခံရတော့မှာ၊ ရှောင်ချန်က အရမ်းရိုးအလွန်းပါတယ်"
မာကျန်း : "..."
သူ့ရဲ့ အူတူတူ မိန်းမကတော့လေ…
ချန်ချင်းယွီက ငါးမျှားတာ ဘယ်လောက်တော်လဲ၊ ဒါပေမဲ့ ပိုက်ဆံကိစ္စတွေမှာ ဘယ်တော့မှ အမှုပတ်မခံဘူး… သူမက ဒီလောက်အထိ အပြစ်ကင်းစင်အောင် နေနိုင်ခဲ့တာ… သူမက ဘယ်လိုလုပ် ရိုးအတဲ့ မိန်းကလေး ဖြစ်နိုင်မှာလဲ…
အားးး…
လူတိုင်း မူးနေကြချိန်မှာ ငါတစ်ယောက်တည်းပဲ သတိရှိနေပါလား...
သူတို့ ယောက္ခမနဲ့ ချွေးမ ဘဝက အဒေါ်ကြီးကျောက်ရဲ့ ပြဿနာရှာတတ်တာနဲ့ ကံကောင်းခြင်းသက်သက်ကြောင့်တင် မဟုတ်ဘူး…
ချန်ချင်းယွီက အပြင်ပန်းက မြင်ရသလိုမျိုး လုံးဝ မဟုတ်တာ သေချာတယ်…
သူတို့မိသားစုကို စိတ်မချမ်းသာအောင် လုပ်တဲ့သူမှန်သမျှ အကျိုးဆက်ကို ခံစားရတာချည်းပဲ…
ဘာလဲ... ဒါတွေအားလုံးက ကံတရားကြောင့်လို့ပဲ လွှဲချလို့ရမလား...
မဖြစ်နိုင်တာ...
သို့သော်လည်း မာကျန်းထပ်ဆင့်တွေးမိသည်မှာ၊ အခြားသူများ ဘာဖြစ်ဖြစ် မိမိနှင့် မသက်ဆိုင်သဖြင့် ဝင်မစွက်ဖက်သင့်ပေ။ မဟုတ်လျှင် မိမိပါ ရုတ်တရက် "ကံဆိုး" ပြီး ဒုက္ခရောက်သွားနိုင်၏။ မိမိဘဝကိုယ်သာ အေးအေးဆေးဆေး ဖြတ်သန်းသည်မှာ အကောင်းဆုံးပင်။
"မဟုတ်ဘူး၊ ကျွန်မ မနက်ဖြန် ရှောင်ချန်ကို သွားပြောမှဖြစ်မယ်။ ကျွန်မတို့ ကျောက်ရုံကို သတိထားရမယ်… သူ့မိသားစုက တကယ်ကို ဆိုးလွန်းတယ်၊ ဟူး... ရှင် ထင်လား၊ သူ ရှောင်ချန်အပေါ် ထပ်ပြီး ကောက်ကျစ်ဦးမလား..."
မာကျန်း : "ငါ ဘယ်လိုသိမှာလဲ... ဒါပေမဲ့ သူမ ထပ်ပြီး လှည့်ကွက်ဆင်ဖို့ အခွင့်အရေးကတော့ သိပ်မများတော့ဘူးလို့ ထင်တယ်… သူမ တကယ် လုပ်ချင်ရင်တောင်မှ၊ အဒေါ်ကြီးကျောက်က အရမ်း ယုတ္တိမရှိ စိတ်ဆတ်လွန်းသလို၊ ချန်ချင်းယွီကလည်း ယောက်ျားအပေါ် အချစ်ကြီးရှာတယ်… အရေးကြုံလာရင် ချန်ချင်းယွီက တကယ်ပဲ ရူးသွပ်ပြရဲတဲ့သူမျိုး၊ကျောက်ရုံက လုပ်ချင်ရင်တောင် ရှေ့ဆက်တိုးရဲမှာ မဟုတ်တော့ဘူး၊ ဘာပဲဖြစ်ဖြစ် သူမက ကိစ္စရပ်တွေကို အေးအေးဆေးဆေးပဲ ပြီးသွားစေချင်တာ၊ ပြဿနာ ပိုကြီးအောင် လုပ်ချင်မှာ မဟုတ်ဘူး"
"ဒါဆိုရင်တော့ ကောင်းတာပေါ့... ရှောင်ချန်က တကယ့်လူကောင်းလေးပါ၊ သူမ အမြတ်ထုတ်ခံရလို့ မဖြစ်ဘူး"
"ဟေး၊ ဒါနဲ့၊ ငါတို့ဝင်းထဲမှာ လူတွေ အများကြီးရှိတာကို၊ မင်းက ဘာလို့ ချန်ချင်းယွီနဲ့ပဲ ပိုပြီး ပေါင်းချင်နေရတာလဲ... သူမ မကောင်းဘူးလို့ ပြောတာမဟုတ်ပါဘူး၊ ထူးဆန်းလို့ပါ… သူမရဲ့ ပျော့ညံ့ပြီး ဒွိဟဖြစ်တတ်တဲ့ ပုံစံက မင်းသဘောကျပြီး ပေါင်းမယ့် စရိုက်မျိုး မဟုတ်ဘူး မဟုတ်လား..."
ချိုက်မင်မင် : "သူမက လူကောင်းမို့လို့ပါ… အချို့လူတွေလို လူရာမသွင်းသလိုမျိုး မလုပ်ဘူး၊ အရမ်း စစ်မှန်တယ်… ပြီးတော့ သူမက အရမ်းလှတယ်လေ၊ သူမကို ကြည့်နေရရုံနဲ့တင် ကျွန်မ ထမင်းတစ်ပန်းကန် ပိုစားချင်စိတ် ပေါက်လာတယ်… သူမက ကျွန်မကို ဆရာဝန်ဆီ သွားပြဖို့တောင် သတိပေးခဲ့သေးတယ်၊ ဘယ်လောက်တောင် စိတ်ရင်းကောင်းလိုက်လဲ”
ထို့နောက် ဆက်ပြီး
"အကယ်၍ ရှောင်ချန်သာ ကျွန်မတို့ကို ဆရာဝန်ဆီ ထပ်သွားပြဖို့ သတိမပေးခဲ့ရင်၊ ကျွန်မတို့ လိမ်လည်လှည့်ဖြားခံရတော့မှာ"
ထိုအကြောင်းကို ပြောရင်း သူမ စိတ်တိုလာသည်။ အချို့လူများသည် ကျေးလက်မှ လူများကို ရိုးသားဖြောင့်မတ်ကြသည်ဟု ပြောကြသော်လည်း၊ သူမကိုယ်တိုင် ကျေးလက်မှ လာသူဖြစ်သဖြင့် တကယ်တမ်းကျ ထိုသို့ မဟုတ်မှန်း သိ၏။
မြို့မှာကော နယ်မှာကော လူကောင်း လူဆိုး ဆိုတာ နေရာတိုင်းမှာ ရှိစမြဲပဲ…
ရွာထဲမှာဆိုရင်လည်း မနာလိုဖြစ်တတ်သူ၊ အတ္တကြီးသူနဲ့ သူများကောင်းစားတာကို မကြည့်နိုင်တဲ့သူတွေ အပုံအပင် ရှိနေတာပဲ…
ယခုတစ်ကြိမ်တွင်လည်း သူတို့သည် ရွာထဲရှိ ဗိန္နောဆေးဆရာ၏ လိမ်လည်မှုကို ခံခဲ့ရသည်။
"မင်း အဖေဆီ စာရေးလိုက်ပြီလား..."
"အင်း.. အဖေက အဲဒီလူကို ကိုင်တွယ်လိုက်ပြီ၊ အဲဒီလူ လုပ်ခဲ့တဲ့ အရှုပ်ထုပ် သတင်းတွေကို အကုန် ဖြန့်လိုက်တာ၊ အခုတော့ သူ ရွာက ဆေးဆရာ ဆက်လုပ်လို့ မရတော့ဘူး… လူတိုင်းက သူ့ကို မုန်းနေကြတာ၊ သူကတော့ သူတကယ်ပဲ ရောဂါကို မမြင်မိတာပါလို့ ဆင်ခြေပေးနေတုန်းပဲ၊ ဒါပေမဲ့ ဘယ်သူက ယုံမှာလဲ... သေသေချာချာ စဉ်းစားကြည့်လေ၊ သူက လုံးဝ အရည်အချင်းမရှိတာတော့ မဟုတ်ဘူး၊ မဟုတ်ရင် ဒီလောက် နှစ်အကြာကြီး ဆေးဆရာ လုပ်နိုင်ပါ့မလား… မြို့က ဆရာဝန်တွေ အားလုံးက ကျွန်မတို့ရဲ့ ရောဂါအခြေအနေက မပြင်းထန်ဘူး၊ ကြည့်လိုက်တာနဲ့ ချက်ချင်း သိသာတယ်လို့ ပြောကြတယ်၊ ဒါပေမဲ့ သူကတော့ ကျွန်မတို့ကို အဆင်ပြေပါတယ်လို့ပဲ ပြောနေခဲ့တာ၊ ဒါက သိသိသာသာကြီး ကျွန်မတို့ ကုသမှုကို တမင်တကာ ကြန့်ကြာအောင် လုပ်ခဲ့တာပဲ… ရွာကလူတွေနဲ့ ပတ်ဝန်းကျင် ကျေးရွာအုပ်စုကလူတွေပါ သူ့ကို လိုက်ရှာနေကြတယ်လို့ ကြားတယ်၊ အရင်က သူတို့ရဲ့ ရောဂါတွေကိုလည်း လိမ်ထားတာလားလို့ သံသယဝင်နေကြတာ… အခုတော့ သူတို့အားလုံး ဒီအရှုပ်ထုပ်ထဲမှာ ပတ်သက်ကုန်ပြီး ဥပဒေကြောင်းအရ ပြဿနာတွေ အများကြီး တက်နေကြပြီ"
မာကျန်း : "မင်းအဖေကိုလည်း သတိထားဖို့ ပြောဦး၊ ဟိုလူက စိတ်လိုက်မာန်ပါ တဇွတ်ထိုး တစ်ခုခု လုပ်မသွားစေနဲ့"
"ဒါကတော့ ကျွန်မအဖေက သိတာပေါ့၊ သူ အကုန်အကွက်ချပြီးသား… စိတ်မပူပါနဲ့၊ အဖေက ဘယ်လိုလူလဲဆိုတာ ရှင်သိသားပဲ မဟုတ်လား... သူက အရမ်း သတိကြီးတဲ့သူ"
"ဒါဆိုရင်တော့ ကောင်းတာပေါ့။"
"ဒါကြောင့်မို့လို့ ဒါတွေအားလုံးက ချန်ချင်းယွီ သတိပေးခဲ့လို့ ကျေးဇူးတင်ရမှာ..."
ခေတ္တမျှ စကားစမြည်ပြောပြီးနောက်၊ ချိုက်မင်မင်က မအောင့်နိုင်တော့ကာ
"ရှင် ခဏလောက် မအိပ်ဘူးလား... ကျွန်မ ရှောင်ချန်ဆီ သွားပြီး စကားသွားပြောလိုက်ဦးမယ်"
မာကျန်း : "...အေးပါဗျာ။"
သူ့မိန်းမကတော့ တကယ်ကို စိတ်မြန်လက်မြန် ရှိလိုက်တာ…
သို့သော်လည်း သူ့ဇနီးသည်သည် စိတ်နှလုံးကောင်းရှိသူတစ်ဦးမှန်း သူ သိ၏။
ချိုက်မင်မင်: "ငါ ရှောင်ချန်ကို ချက်ချင်း သွားပြောပြရမယ်၊ ရှောင်ချန်ကို အနစ်နာခံလို့ မဖြစ်ဘူး”
မာကျန်း : "အေးပါ..."
ချိုက်မင်မင်သည် အိမ်ပြင်သို့ ထွက်ကာ ဒုတိယခြံဝင်းဘက်သို့ ခပ်မြန်မြန် လျှောက်လာခဲ့သည်။
ချန်ချင်းယွီနှင့် သူမ၏ယောက္ခမတို့မှာ အလုပ်ရှုပ်နေကြဆဲ ဖြစ်၏။
ချိုက်မင်မင်: "ဘုရားရေ၊ နင်တို့ ဘာတွေလုပ်နေကြတာလဲ..."
ပေါက်စီတွေကလည်း အများကြီးပါလား...
ချန်ချင်းယွီ : "အော်၊ အများကြီး လုပ်ထားတာလေ၊ ဘာပဲဖြစ်ဖြစ် ပုပ်သိုးမသွားနိုင်တော့ စားချင်တဲ့အချိန်ကျမှ ပြန်နွှေးစားလို့ ရတာပေါ့… ဒါနဲ့ အစ်မ ဘာလို့ ရောက်လာတာလဲ... ခဏလောက် မနားဘူးလား..."
"ငါ နင် ကို လာရှာတာ..."
ချိုက်မင်မင် မအောင့်နိုင်ဘဲ တတွတ်တွတ် ပြောတော့သည်။
"ငါ နင့်ကို ပြောပြမယ်၊ ငါ့မာကျန်း ပြောတာက အဲ့တုန်းက သူ... အဲဒီ ကျောက်ရုံက... ဘာပဲဖြစ်ဖြစ်၊ သတိထား၊ ကျောက်ရုံနဲ့ ပတ်သက်ရင် သတိထားဦး၊ အလှည့်စားမခံရစေနဲ့"
ချန်ချင်းယွီသည် ချိုက်မင်မင်၏ စိုးရိမ်တကြီး ဖြစ်နေသော မျက်နှာလေးကို ကြည့်ကာ ညင်သာစွာ ပြုံးလိုက်ပြီး…
"အင်း၊ ကျွန်မ သတိထားပါ့မယ်..."