အခန်း ၁၁၄
Vol. 12 Ch. 114
အခန်း (၁၁၄) ကျောက်ရုံရဲ့လမ်းကြောင်းတော့ ပျက်စီးသွားပြီ
လတ်တတော၌ ဝင်းထဲတွင် အလွန် စည်ကားနေလေ၏။
ယွမ်ဟောက်ဖုန်း အိမ်ထောင်ကျပြီးချိန်မှစ၍ ဇနီးမောင်နှံအသစ်စက်စက်လေးသည် တစ်ချိန်လုံး ရန်ဖြစ်နေကြပြီး၊ ၎င်းတို့၏ ဆန်းပြားလှသည့်လုပ်ရပ်များမှာလည်း တော်တော်လေးကို ပွက်ပွက်ညံလျက် ရှိလှသည်။
ကွမ်ထင်းထင်းသည် အနည်းငယ်မျှ သဘောထားကွဲလွဲရုံဖြင့် စိတ်ဆိုးမာန်ဆိုးနှင့် အိမ်ပေါ်မှ ဝုန်းဒိုင်းကြဲဆင်းသွားတတ်ရာ၊ လူတိုင်းမှာ “ဇနီးကောင်း ရမှ၊ မဟုတ်ရင် ဒုက္ခလှလှတွေ့ရလိမ့်မယ်” ဟူသော ရှေးလူကြီးများ၏စကားမှာ အမှန်ပင်ဖြစ်ကြောင်း သက်ပြင်းချရင်း ပြောဆိုနေကြတော့၏။ ဤဇနီးသည်၏ မိသားစု နောက်ခံကောင်းမွန်ပြီး ချမ်းသာကြွယ်ဝခြင်းမှာလည်း ကောင်းလှသည်တော့မဟုတ်ပေ။
ကွမ်ထင်းထင်းသည် အမှန်တကယ်ပင် ပြဿနာရှာတတ်သူတစ်ဦး ဖြစ်သည်။
သို့သော် သူမသည် ဤကဲ့သို့သောသူမျိုး ဖြစ်နေသည်ကို ယခင်က အဘယ်ကြောင့် မည်သူမျှ မသိရှိခဲ့ကြသနည်း။
အစောပိုင်း ကနဦးတွေ့ဆုံချိန်များတွင် လူတိုင်း ဟန်ဆောင်ဖုံးကွယ်ထားကြ၍ ဖြစ်ပုံရသည်၊ သို့သော် ယခုအချိန်တွင် ကွမ်ထင်းထင်း ဟန်ဆောင်နေခြင်းဖြစ်သည်ဟု မည်သူမျှ ထည့်မတွေးခဲ့ကြပေ။ သရုပ်မှန်ဟုသာ ထင်နေကြ၏။
ချန်ချင်းယွီ စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည် ~~
“တောက်... လူတိုင်းက မူးနေကြပြီး ငါတစ်ယောက်တည်းပဲ အသိသတိရှိနေတာပဲ”
သူမသည် မိမိကိုယ်မိမိ ‘တံတိုင်းစောင့် နတ်သမီး’ ဟူ၍ အမည်ပြောင်တစ်ခု ပေးသင့်သည်ဟု ခံစားနေရ၏။
မဟုတ်လျှင် တံတိုင်းပေါ်တွင် ခွထိုင်ရင်းနှင့် ဤကဲ့သို့သော အတင်းအဖျင်း ကောလာဟလများကို အဘယ်ကြောင့် ချောင်းမြောင်းနားထောင်နိုင်ပါမည်နည်း။
ကံတရားပဲ…
သို့သော်လည်း လတ်တလောတွင် ချန်ချင်းယွီသည် ကျောက်ရုံကို စောင့်ကြည့်နေရသဖြင့် အတော်လေး အလုပ်ရှုပ်နေခဲ့သည်။ အဘွားကြီးကျောက်၏ ကူညီပံ့ပိုးမှုကြောင့် ပုံမှန်မဟုတ်သောအရာကို တခြားလူများ သတိမပြုမိကြပေ။ ထို့အပြင် ဆောင်းရာသီတွင် လူအားလုံးမှာ ဝင်းထဲ၌ စကားစမြည် မပြောဆိုကြကာ၊ မိုးချုပ်လည်း စောသဖြင့်၊ ချန်ချင်းယွီအတွက် သွားလာလှုပ်ရှားရသည်မှာ ပို၍ပင် လွယ်ကူချောမွေ့နေစေ၏။
တစ်ခုတည်းသော အားနည်းချက်မှာ ချမ်းလွန်းလှခြင်းပင်၊ တကယ့်ကို အေးစိမ့်လှသည်။
သူမ၏ ယခင်ဘဝမှာ မြောက်ပိုင်းသူတစ်ဦး ဖြစ်ခဲ့ဖူးသော်လည်း၊ ချန်ချင်းယွီသည် အလွန်အမင်း အေးစိမ့်လှသည်ဟု ခံစားနေရဆဲဖြစ်၏။ သူမသည် ကြောင်တစ်ကောင်ကဲ့သို့ ခြေဖွဖွနင်း၍ သွားလာခဲ့ပြီး၊ ကျောက်ရုံနောက်သို့ တစ်လနီးပါးခန့် လိုက်လံစောင့်ကြည့်ပြီးနောက်တွင် ကျောက်ရုံနှင့် ပတ်သက်၍ အခြေအနေ အရပ်ရပ်ကို အကြမ်းဖျင်းအားဖြင့် သဘောပေါက် နားလည်သွားခဲ့ပြီ ဖြစ်သည်။
ချန်ချင်းယွီသည် မိမိကိုယ်မိမိ ဟောင်ကောင်သို့ ကူးပြောင်းဝင်စားခြင်း မရှိခဲ့သည်ကို ညည်းတွားမိ၏။ အကယ်၍ သူမသာ ဟောင်ကောင်တွင် ရှိနေခဲ့ပါက ယခုအချိန်တွင် အလုပ်အကိုင်တစ်ခု ရရှိနေလောက်ပြီဖြစ်ကာ၊ ပုဂ္ဂလိက စုံထောက်တစ်ဦးပင် သေချာပေါက် ဖြစ်နေလောက်ပြီဖြစ်သည်။ ၎င်းသူဌေးကြီးများ၏ အကြောင်းကိုလည်း သေသေချာချာ ထိုးထွင်းသိမြင်နိုင်မည် ဖြစ်၏။
သူမသည် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတစ်စောင်ပင် ရေးသားနိုင်ပေလိမ့်မည်။ သို့သော်လည်း...
သူမ အတွေးလွန်နေခြင်းသာ…
နှစ်ကုန်ပိုင်း နီးကပ်လာသည်နှင့်အမျှ၊ ချန်ချင်းယွီသည် နောက်ဆုံးတွင် ပိုက်ကွန်ကို အပြီးသတ် ရုတ်သိမ်းရန် အဆင်သင့် ဖြစ်နေပြီဖြစ်သည်။
အမှန်ပင် ထိုနေ့ညနေ၌ သူမသည် အပြင်မှ ဆန်တစ်အိတ်ကို ထမ်း၍ ပြန်လာခဲ့၏။ အိပ်မပျော်သေးသော အဘွားကြီးကျောက်သည် အပြင်ခန်းထဲသို့ အဝတ်အစားများ မလဲရသေးသော အခြေအနေဖြင့် ဝင်လာပြီး အသံတိုးတိုးဖြင့် ကပ်မေးလေသည်။
“ဘာလို့ ဒီနေ့ ဒီလောက်စောစော ပြန်လာတာလဲ”
ချန်ချင်းယွီ : “ဒီထက်တောင် ပိုစောစော ပြန်လာသင့်တာ၊ ဒါပေမဲ့ မှောင်ခိုဈေးကိုလည်း တစ်ခေါက်သွားခဲ့သေးလို့။ ရော့... ဒါကို သိမ်းထားလိုက်ဦး”
သူမနှင့် အဘွားကြီးကျောက်တို့သည် အစပိုင်းတွင် ပစ္စည်းများကို အချင်းချင်း ဝှက်ဖွက်ကာ အပြန်အလှန် သံသယဝင် စောင့်ကြည့်ခဲ့ကြသည့် အခြေအနေနှင့် နှိုင်းယှဉ်လျှင် ယခုအခါတွင် အခြေအနေများမှာ များစွာ တိုးတက်ကောင်းမွန်လာခဲ့ပြီ ဖြစ်၏။ လူအချင်းချင်း ပေါင်းသင်းဆက်ဆံရာတွင် ဤကဲ့သို့ပင်တည်း ~~ အကယ်၍ လူတိုင်း တစ်ဦးကိုတစ်ဦး မျက်နှာသာပေး အလျှော့အတင်းလုပ်ကြလျှင် လူမှုဘဝသည် ပိုမို သဟဇာတဖြစ်လာပေလိမ့်မည်။
အဘွားကြီးကျောက်သည် အိတ်ထဲတွင် ဘာရှိသလဲဆိုသည်ကို စစ်တောင်မစစ်ဆေးဘဲ ဗီရိုထဲသို့ အသာအယာ ထည့်လိုက်ပြီး စပ်စုတော့ငည်။
“ဒီည နင် ကျောက်ရုံနောက်ကို လိုက်မသွားဘူးလား၊ ဘာဖြစ်လို့လဲ… ငါ့ကို ဖုံးကွယ်မထားပါနဲ့ဦး”
ချန်ချင်းယွီ : “ကျွန်မကို ရေနွေးကြမ်းလေး တစ်ခွက်လောက် သွားဖျော်ပေးပါဦး၊ ဒီညတော့ ပွဲကြီးပွဲကောင်း ကြည့်ရတော့မယ်”
အဘွားကြီးကျောက်သည် ချက်ချင်းပင် စိတ်အားထက်သန်သွားပြီး အလွန်အမင်း ဖားယားကာ အလုပ်ရှုပ်သွားလေ၏။
“နင် ဗိုက်ဆာနေပြီလား… ငါ ခေါက်ဆွဲပြုတ် ပေးရမလား”
ချန်ချင်းယွီ : “မလိုပါဘူး၊ အရမ်းနောက်ကျနေပြီ… ဗီရိုထဲမှာ မုန့် ရှိတယ်မဟုတ်လား၊ ကျွန်မ အဲဒါပဲ စားလိုက်မယ်”
ဤအရာများသည် သူမ ဝယ်ယူလာခဲ့သည့် ဘီစကစ်မုန့်များဖြစ်ပြီး၊ ရေနွေးကြမ်းနှင့် သောက်ရန် အလွန် အဆင်ပြေလှသည်။
ချန်ချင်းယွီသည် မျက်နှာသစ်ရန်နှင့် ခြေထောက်စိမ်ရန်အတွက် ရေနွေးပူပူကို လောင်းထည့်လိုက်ပြီး၊အတန်ငယ် ပိုမို နွေးထွေးလာသည်ဟု ခံစားလိုက်ရ၏။
“ဒီည ပွဲရှိနေတာဆိုတော့၊ သူ့နောက်ကို ဆက်ပြီး လိုက်နေဖို့ မလိုတော့ဘူးပေါ့ ဟုတ်လား”
အဘွားကြီးကျောက် မေးမြန်းလိုက်သည်။
ချန်ချင်းယွီ ခေါင်းညိတ်ပြကာ
“ဟုတ်တယ်… လွန်ခဲ့တဲ့ ရက်အနည်းငယ်က တကယ်ကို အေးခဲနေတာပဲ… တခြားလူတွေက အိမ်ထဲမှာ ကောင်းကောင်းမွန်မွန် စားသောက်နေကြချိန်မှာ၊ ကျွန်မကတော့ အပြင်ဘက် မြောက်လေထဲမှာ နှာရည်တရွှဲရွှဲနဲ့ ရပ်နေရတာ၊တကယ်ကို သနားစရာကောင်းလိုက်တာ၊ ဒါပေမဲ့ တော်သေးတာပေါ့ ကျွန်မ အခြေအနေကို အကုန်လုံး သဘောပေါက်သွားပြီ”
သူမနောက်သို့ ဤမျှကြာအောင် လိုက်လံစောင့်ကြည့်ပြီးနောက်တွင်၊ ချန်ချင်းယွီသည် နောက်ဆုံး၌ ကျောက်ရုံနှင့် ပတ်သက်၍ ဖြစ်ပျက်နေသည်များကို အလုံးစုံ နားလည်သွားခဲ့ပြီ ဖြစ်သည်။
ဘယ်လိုပြောရမလဲ…
အချို့သောအရာများသည် တစ်ကြိမ်တစ်ခါ စတင်မိပါက ရပ်တန့်ရန် ခဲယဉ်းလှသည်ဟုသာ ပြောရပေလိမ့်မည်။
ကျောက်ရုံသည်လည်း ထိုကဲ့သို့ပင် ဖြစ်၏။ ဖြစ်နိုင်သည်မှာ ယခင်က သူမ၏ သမီးဖြစ်သူ မြို့တွင် ဆက်လက်နေထိုင်နိုင်ရေးအတွက် အပြင်ဘက်တွင် အမျိုးမျိုးသော ကိစ္စရပ်များကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်သော်လည်း~~ ယခုအခါတွင် ယွမ်ဟောက်ရွှယ်သည် အမှန်တကယ်ပင် မြို့၌ ဆက်လက်နေထိုင်ခွင့် ရရှိသွားခဲ့ပြီ ဖြစ်သည့်တိုင် သူမသည် ရပ်တန့်ခြင်းမရှိဘဲ ရှန့်ရှန့်၏ နေရာသို့ သွားလာနေဆဲပင် ဖြစ်သည်။
အမှန်စင်စစ် ရှန့်ရှန့်သည်လည်း လူကောင်းတစ်ယောက် လုံးဝမဟုတ်ပေ၊ သူမသည် ကြေးစား ပြည့်တန်ဆာ ခေါင်းတစ်ယောက် ဖြစ်၏။
ချန်ချင်းယွီသည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူမကို စောင့်ကြည့်ရာမှတစ်ဆင့် ၎င်းအမျိုးသမီးအကြောင်းကို ပိုမိုသိရှိလာခဲ့ရသည်။
ဤအမျိုးသမီးသည် နုပျိုချောမောပြီး၊ ဆွဲဆောင်မှုရှိကာ စကားအပြောအဆို ချိုသာသော အမျိုးသမီးမျိုးစုံကို အတွင်းရေးမှူး ကျန်းတို့ကဲ့သို့သော လူများနှင့် မိတ်ဆက်ပေးလေ့ရှိ၏။ သို့သော်လည်း အတွင်းရေးမှူး ကျန်းနှင့် ဒုတိယ စက်ရုံမှူး ဟယ်တို့မှာ အတော်လေး သတိကြီးကြပြီး၊ လာရောက်လည်ပတ်မှု အကြိမ်ရေ အတော်လေး နည်းပါးလှသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူမသည် ညတိုင်း စောင့်ကြည့်ခဲ့သော်လည်း၊ ၎င်းတို့နှစ်ဦးကို နှစ်ကြိမ်မျှသာ တွေ့မြင်ခဲ့ရ၏။ ကျောက်ရုံသည်လည်း ညတိုင်း အပြင်သို့ သွားလေ့မရှိပေ။ ချန်ချင်းယွီသည် ကျောက်ရုံကို စောင့်ကြည့်နေခြင်း မဟုတ်ဘဲ ရှန့်ရှန့်ကိုသာ စောင့်ကြည့်နေခြင်း ဖြစ်သည်။
၎င်းတို့ ရှန့်ရှန့်ထံသို့ လာမည့်အချိန်ကို စောင့်ဆိုင်းခြင်းသည် ကျောက်ရုံနောက်သို့ တိုက်ရိုက်လိုက်လံ စောင့်ကြည့်ခြင်းထက် ပိုမိုစိတ်ချရပြီး အဆင်ပြေစေကာ၊ အချက်အလက်များကို ပိုမိုသိရှိစေသည့်အပြင် ၎င်းတို့၏ ကိစ္စရပ်များကို ပိုမိုကောင်းမွန်စွာ ခွဲခြမ်းစိတ်ဖြာနိုင်စေ၏။ ချန်ချင်းယွီသည် မိမိကိုယ်မိမိ ဉာဏ်ပြေးသူ သို့မဟုတ် လှည့်ကွက်ဆင်ရာတွင် ကျွမ်းကျင်သူတစ်ဦးအဖြစ် မယူဆပေ။ ထို့ကြောင့် သူမအနေဖြင့် တတ်နိုင်သမျှ အချက်အလက်များကို အများဆုံး စုဆောင်းရန်သာ ကြိုးပမ်းနိုင်ခဲ့သည်။
သူမ မြင်တွေ့ခဲ့ရသည့်အရာများမှာ အမှန်တကယ်ပင် တုန်လှုပ်ခြောက်ခြားဖွယ် ကောင်းလှ၏။
ရိုးရိုးသားသား ပြောရလျှင်၊ အဘွားကြီးကျောက်သည် အမှားအယွင်း တစ်စုံတစ်ရာ ပြုလုပ်မိပြီး ပြဿနာ ရှာမိမည်ကို စိုးရိမ်သဖြင့်၊ သူမသည် အဘွားကြီးကျောက်ကို အသေးစိတ် အချက်အလက်များအထိ ပြောပြရန် မဝံ့ရဲခဲ့ပေ။
ရှန့်ရှန့်၏ လုပ်ငန်းမှာ အလွန်ပင် အောင်မြင်ဖြစ်ထွန်းနေသည်၊ သူမသည် စကားချိုချိုနှင့် ရုပ်ရည်ချောမောလှပသူများကိုသာမက ရိုးရိုးသာမန် အမျိုးသမီးများကိုပါ လူများနှင့် မိတ်ဆက်ပေးနိုင်၏။ ကျောက်ရုံသည် အထူးတလည် လှပနေခြင်း သို့မဟုတ် နုပျိုနေခြင်း မရှိသော်လည်း၊ သူမကဲ့သို့သော အမျိုးသမီးကို နှစ်သက်သဘောကျသည့်သူများ အမြဲတစေ ရှိနေတတ်သည်။ ချန်ချင်းယွီသည် ထိုအကြောင်းအရာများကို အများကြီး နားမလည်သော်လည်း၊ ရှန့်ရှန့်၏ စကားများကိုမူ ချောင်းမြောင်းကြားသိခဲ့ရ၏။
“ကျောက်ရုံက အသက်ကြီးပြီဆိုပေမဲ့၊ သူက အတွေ့အကြုံရှိပြီး ဘယ်လို ကစားရမလဲဆိုတာကို ကောင်းကောင်းသိတယ်”
ဤစကားမှာ အလွန်ပင် နက်နဲလှသည်။
နားလည်သူများကသာ နားလည်နိုင်ပေလိမ့်မည်။
ထို့ကြောင့် ကျောက်ရုံသည် ရက်အနည်းငယ်လျှင် တစ်ကြိမ်ကျစီ ရှန့်ရှန့်ထံသို့ လာရောက်လေ့ရှိသည်။ ချန်ချင်းယွီသည် ကျောက်ရုံအနေဖြင့် မည်သည့်အကျိုးအမြတ်ကိုမျှ ချက်ချင်းရရှိသွားသည်ကို မတွေ့မြင်ရသော်လည်း၊ ကျောက်ရုံသည် ထိုအလုပ်ကို ဆက်တိုက် လုပ်ဆောင်နေဆဲပင်။ သို့သော်လည်း ချန်ချင်းယွီသည် ယာယီအကျိုးအမြတ် အနည်းငယ်မျှမှာ ဘာမျှမဟုတ်ကြောင်းကို မကြာမီပင် သဘောပေါက်သွားခဲ့၏။ ကျောက်ရုံ အမှန်တကယ် လိုလားတောင့်တနေသည်မှာ ရင်းနှီးသော အဆက်အသွယ် ဆက်ဆံရေးများ ဖြစ်သည်။ တစ်စုံတစ်ယောက်သည် အထူးတလည် စွမ်းဆောင်နိုင်ရည်မရှိလျှင်ပင်၊ အဆင့်နိမ့် အရာရှိတစ်ဦးမှ ၎င်းတို့အတွက် ကိစ္စရပ်များကို ဆောင်ရွက်ပေးနိုင်ပြီး၊ အချို့သော သက်ကြီးရွယ်အို အဘိုးကြီးများတွင် အဆက်အသွယ် လမ်းကြောင်းများစွာ ရှိနေတတ်၏။ ဤဖောက်ပြန်မှု၏ စိတ်လှုပ်ရှားဖွယ်ရာများအပြင်၊ ကျောက်ရုံ အလွန်အမင်း မက်မောနေသည်မှာ ၎င်းအဆက်အသွယ် လမ်းကြောင်းများပင် ဖြစ်သည်။
ချန်ချင်းယွီသည် ကျောက်ရုံနှင့် မည်သူက အရင်းနှီးဆုံးဖြစ်သည်ကို သိရှိထားပြီးဖြစ်ကာ၊ ၎င်းတို့အား စောင့်ကြည့်နေခဲ့၏။
သူမ၊ ချန်ချင်းယွီက...
ပုဂ္ဂလိက စုံထောက်တစ်ဦး ဖြစ်လာဖို့ အမှန်တကယ်ကို သင့်တော်တာပဲ…
သူမသည် လက်ထဲတွင် ရေနွေးကြမ်းခွက်ကို ကိုင်ထားရင်း
“ကျောက်ရုံရဲ့ ရည်းစားတွေထဲက တစ်ယောက်က ပလတ်စတစ်စက်ရုံရဲ့ ဒုတိယ စက်ရုံမှူးပဲ၊ သူက ကြည့်ရတာ အသက်ခုနစ်ဆယ်လောက် ရှိနေပြီ၊ ကြည့်ရတာ မျက်စိစပါးမွှေးစူးစရာကြီး~~ ဒါပေမဲ့ ရုပ်ကအိုပေမယ့် အဲဒီလောက်လည်း အသက်မကြီးသေးပါဘူး၊ ဒီနှစ်ကုန်ရင် အနားယူတော့မယ်လို့ ပြောကြတယ်… သူ့မိန်းမကတော့ နာမည်ကြီး ကျားမကြီးတစ်ယောက်ပဲ၊ ပြီးတော့ ဒီလူက သူ့ရဲ့ ရာထူးနေရာကို ယောက္ခမရဲ့ အရှိန်အဝါနဲ့ ရခဲ့တာလို့ ပြောကြတယ်၊ သူ့ယောက္ခမက ကွယ်လွန်သွားပြီဆိုပေမဲ့၊ သူ့မိန်းမရဲ့ မောင်နှမတွေက ရှိနေသေးပြီးတော့ သူတို့ကလည်း အလွယ်တကူ ရှုပ်လို့ရတဲ့သူတွေ မဟုတ်ဘူး… ဒီမိန်းမကြီးက ကလေးလည်း တအားရတတ်တယ်၊ ကြားရသလောက်တော့ သားငါးယောက် ရှိတယ်တဲ့~~ သူတို့အားလုံးက သူတို့အမေဘက်ကပဲ ရပ်တည်ကြတာဆိုတော့၊ အဲဒီလူက အိမ်မှာ ဘာအဆင့်အတန်းမှ မရှိဘူး၊ အဲဒါကြောင့် သူက ကျောက်ရုံ သူ့ကို အလိုလိုက်အကြိုက်ဆောင်ပြီး နူးနူးညံ့ညံ့ ချော့မြူပေးတာကို မတရားတွေ နှစ်သက်တာ… ကျောက်ရုံက သူ့ဆီက ဘာကိုမှ မတောင်းဆိုဘူး၊ စကားကောင်းကောင်း ပြောတတ်ပြီး ဘယ်လိုချော့ရမလဲဆိုတာ သိတော့၊ သူက အရမ်း ပျော်နေတာပေါ့… အဲဒါကြောင့် သူက ကျောက်ရုံနဲ့ ခဏခဏ တွေ့ဖြစ်နေတာ၊ ဒါပေမဲ့ သူက လူမိသွားမှာ ကြောက်ပုံရတယ်၊ အဲဒါကြောင့် များသောအားဖြင့် ရှန့်ရှန့်ရဲ့ နေရာကိုပဲ သွားတတ်တယ်၊ ဒီတစ်ကြိမ်တော့ ကျွန်မ သူ့ကို ကောင်းကောင်းကြီး စောင့်ကြည့်ထားတယ်”
“နင်က သူ့မိန်းမကို အကြောင်းကြားလိုက်ပြီပေါ့ ဟုတ်လား”
အဘွားကြီးကျောက်သည် ရှုပ်ထွေးလှသော အခြေအနေများကို ဖြတ်သန်းလာခဲ့သည့် အတွေ့အကြုံရင့် လူတစ်ယောက် ဖြစ်သည့်အတိုင်း၊ ချက်ချင်းပင် ရိပ်မိသွားခဲ့သည်။
ချန်ချင်းယွီ : “ဟုတ်တယ်၊ ကျွန်မ သူ့အိမ်တံခါးဝမှာ စာတစ်စောင် သွားညှပ်ထားခဲ့တယ်… သူ စာကို အိမ်ထဲ ယူသွားတာကိုလည်း ကျွန်မအတည်ပြုခဲ့ပြီးပြီ၊ ပြီးတော့ သူက သူ့သားတွေ၊ မြေးတွေနဲ့ သူ့မောင်နှမ အုပ်စုကြီးကို ဦးဆောင်ပြီး ရှန့်ရှန့်ရဲ့ နေရာကို သွားကြပြီ”
“ငါတို့ရဲ့ ဝင်းကြီး ထဲထဲဝင်ဝင် ပရမ်းပတာ ဖြစ်တော့မယ်ဆိုတာ နင် ဘယ်လိုလုပ် သိတာလဲ”
ချန်ချင်းယွီ : “ကျွန်မ စာထဲမှာ ကျောက်ရုံရဲ့ လိပ်စာကို ရေးပေးလိုက်တယ်… သူတို့ အမှန်တကယ်ပဲ ဒီကိုလာပြီး ပြဿနာရှာကြလိမ့်မယ်”
အဘွားကြီးကျောက် : “အဲဒါက အမြဲတမ်းတော့ မမှန်နိုင်ပါဘူး… နင်က ငယ်သေးတော့ နားမလည်သေးဘူး.. အချို့လူတွေက အရမ်း သည်းခံနိုင်ကြတယ်၊ ယွမ်ရှောင်ချွေရဲ့ အမေကိုပဲ ကြည့်လေ၊ သူမက အဲဒီလိုလူ မဟုတ်ဘူးလား~~ သူမ လင်ယောက်ျား ပညာသင်ဖို့အတွက် အပြင်းအထန် ကြိုးစားပံ့ပိုးပေးခဲ့တာ၊ ဒါပေမဲ့ အဲဒီလူက နှလုံးသားမရှိတဲ့ ရက်စက်တဲ့သူ ဖြစ်သွားခဲ့တယ်၊ ဒါပေမဲ့ သူမကတော့ တစ်ချက်ကလေးတောင် မညည်းညူဘဲ အားလုံးကို သည်းခံခဲ့တာပဲ”
ချန်ချင်းယွီ : “အဲဒါက သူမက အူအူအအ ပျော့ညံ့တတ်လို့ပါ… ကျွန်မ ဒီအမျိုးသမီးကို ဒီလောက်အကြာကြီး စောင့်ကြည့်ခဲ့တာ အလကားတော့ မဟုတ်ဘူး…သူ သေချာပေါက် ပြဿနာရှာလိမ့်မယ်ဆိုတာ ကျွန်မ ယုံကြည်တယ်~~ လူတစ်ယောက်ချင်းစီမှာ ပင်ကိုယ်စရိုက်ချင်း မတူကြဘူး၊ ပြီးတော့ ဒီအမျိုးသမီးကတော့ လုံးဝ အလျှော့ပေးမယ့်သူ မဟုတ်ဘူး၊ ဒါ့အပြင် သူ့လင်ယောက်ျားက ရက်အနည်းငယ်အတွင်း အနားယူတော့မှာ… နှစ်ကုန်ဖို့ဆိုတာ ရက်အနည်းငယ် တစ်လနီးပါး အဲဒီလောက်ပဲ လိုတော့တာ၊ သူတို့မှာ အဆက်အသွယ် ရှိနေသရွေ့တော့၊ ပြဿနာရှာရင်တောင်မှ ဌာနက သူတို့ကို အပြစ်ပေးမှာ မဟုတ်ဘူး၊ အလွန်ဆုံးရှိလှ စောစော အနားယူခိုင်းလိုက်ရုံပဲ၊ ဒါပေမဲ့ သူ့မိန်းမက ဘာလို့ ဒီအတိုင်း လွှတ်ထားပါ့မလဲ.. သေချာပေါက် ဒေါသတွေကို လာပြီး ပုံချပေါက်ကွဲလိမ့်မယ်”
ချန်ချင်းယွီသည် ဤကဲ့သို့သော ကိစ္စရပ်များတွင် အမှားအားလုံးသည် အမျိုးသားများတွင်သာ ရှိသည်ဟု အမြဲ ခံစားခဲ့ရသည်၊ ဤကဲ့သို့သော ကိုယ်ကျင့်တရား ပျက်ပြားမှုကို အိမ်ထောင်ပြင်ပရှိ အမျိုးသမီးများအပေါ်တွင်သာ ပုံချ အပြစ်တင်မရဘဲ၊ အမျိုးသားများသည်သာ ပို၍ အပြစ်ရှိသည်ဟု ယူဆ၏။
သို့သော်လည်း ကျောက်ရုံ၏ အခြေအနေမှာ ကွဲပြားခြားနားသည်။ ၎င်းသည် တစ်ကိုယ်ရေ ကိုယ်ကျင့်တရားဆိုင်ရာ ကိစ္စရပ်မျှသာ မဟုတ်ပေ၊ ထိုအသေးစိတ် အချက်အလက်များမှာ အမှန်စင်စစ် အရေးမကြီးလှပေ။ အဓိက သော့ချက်မှာ ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုတွင် အာဏာနှင့် အကျိုးအမြတ် လဲလှယ်မှုများ ပါဝင်နေခြင်းပင် ဖြစ်သည်။
ထိုအချက်မှာ ကိစ္စရပ်၏ အဓိက အနှစ်သာရ ဖြစ်၏။
ရှန့်ရှန့်သည် ထိုအမျိုးသားများအတွက် ရှာဖွေပေးသည့် နုပျိုသောအမျိုးသမီးများ ဖြစ်စေ၊ သို့မဟုတ် ခေါင်းဆောင်များ၏ အထီးကျန်နေသော ဇနီးသည်များအတွက် သူမ ရှာဖွေပေးသည့် အမျိုးသားများ ဖြစ်စေ၊ ထိုနုပျိုသော အမျိုးသမီးများနှင့် အမျိုးသားများအားလုံးသည် မိမိတို့ အလိုအလျောက် သဘောတူ ပါဝင်ကြသူများ ဖြစ်ကြပြီး၊ မည်သည့် အဓမ္မ စေခိုင်းမှုမျှ မရှိခဲ့ပေ။
ရှန့်ရှန့်သည် အမှန်ပင် စည်းကမ်းဘောင် လုံးဝမရှိသောသူ ဖြစ်သည်။
နှစ်ဦးစလုံးမကောင်းမှုများကို ပြုလုပ်နေကြသော်လည်း၊ သူမသည် ကျောက်ရုံလောက် ယုတ်မာ ဆိုးသွမ်းခြင်း မရှိပေ။
ကျောက်ရုံသည် အမြဲတမ်း ကောက်ကျစ် ဉာဏ်ဆင်ပြီး လူအများကို လှည့်စားခြယ်လှယ်နေတတ်ကာ၊ သူမ မအောင်မြင်ခဲ့လျှင်ပင် ထိုသို့လုပ်ရန် ရည်ရွယ်ချက် အပြည့်ရှိသည်။ပြတ်ပြတ်သားသား ပြောရလျှင် သူမသည် လူများကို ပြည့်တန်ဆာလုပ်ရန် အဓမ္မ စေခိုင်းနေခြင်း ဖြစ်၏။ အခြားတစ်ဖက်တွင်မူ ရှန့်ရှန့်သည် အပြန်အလှန် အကျိုးအမြတ်ကိုသာ စဉ်းစားပြီး၊ အဓမ္မ စေခိုင်းခြင်းမျိုးကိုမူ အသုံးမပြုခဲ့ပေ။
ထို့ကြောင့် ရှန့်ရှန့်၏ လုပ်ရပ်များသည် ကိုယ်ကျင့်တရား ပျက်ပြားမှုသက်သက်ကြောင့်ဟု လုံးဝ သတ်မှတ်၍မရဘဲ၊ ၎င်းမှာ အာဏာနှင့် အကျိုးအမြတ် လဲလှယ်မှုသာဖြစ်ပြီး ထိုအရာမှာ တကယ်ကို ကြောက်စရာကောင်းလှသည်ဟု ချန်ချင်းယွီ ခံစားမိ၏။ သူမအနေဖြင့် များစွာ မတတ်နိုင်သော်လည်း၊ ယခုတစ်ကြိမ်တွင် ကိစ္စရပ်များကို မွှေနှောက်လိုက်ခြင်းမှာ တရားမျှတမှုအတွက် အနည်းငယ် ဆောင်ရွက်ပေးလိုက်ခြင်း ဖြစ်သည် မဟုတ်လော့။
သူမသည် ထိုကျားမကြီးကို အကြောင်းကြားလိုက်သည်၊ အကယ်၍ သူမသာ ရှန့်ရှန့်၏ နေရာသို့ သွားရောက်ပြီး ပြဿနာရှာပါက၊ ထိုလူစုမှာ ပရမ်းပတာ ဖြစ်သွားကြပေလိမ့်မည်။ ဤကဲ့သို့သော ကိစ္စရပ်များ ရပ်တန့်သွားလိမ့်မည်ဟု မဆိုလိုပေ~~ ၎င်းမှာ သေချာပေါက် ထပ်မံ ဖြစ်ပွါးဦးမည်သာ… ဤကဲ့သို့သော အရာများသည် မည်သည့်အခါမျှ အမှန်တကယ် ပြီးဆုံးသွားခြင်းမရှိသော်လည်း၊ အနည်းဆုံးမူ ၎င်းတို့သည် အချိန်အတော်ကြာအောင် သေချာပေါက် ငြိမ်သက်သွားကြပေလိမ့်မည်။
ထို့အပြင် တစ်စုံတစ်ယောက် ပြဿနာရှာနေခြင်းကြောင့် ရှန့်ရှန့်၏ နေရာသည်လည်း ထိုမျှ စိတ်မချရတော့ကြောင်း သေချာသွားသဖြင့်၊ ၎င်းတို့သည် မိမိတို့အတွက် နေရာအသစ်တစ်ခုကို ရှာဖွေကြပေလိမ့်မည်၊ ထိုအခါ ၎င်းတို့၏ ရွံရှာဖွယ် အကြံအစည်များလည်း လျော့ပါးသွားပေလိမ့်မည်။
အလုပ်ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ သူမသည် အနည်းဆုံးတော့ ကိစ္စရပ်များကို မွှေနှောက်လိုက်နိုင်ခဲ့သဖြင့်၊ ကောင်းမှုတစ်ခု ပြုလုပ်လိုက်ခြင်းဟု မှတ်ယူနိုင်၏။
ချန်ချင်းယွီသည် သာမန်လူတစ်ယောက်မျှသာ ဖြစ်ပြီး၊ ခြေလှမ်းသုံးလှမ်းကြို၍ စီမံကိန်းချနိုင်သူ မဟုတ်ပေ။ သူမသည် မိမိကိုယ်မိမိ လူမိမသွားစေရန်သာ ကြိုးပမ်းနေခြင်း ဖြစ်သည်။ သူမအနေဖြင့် ထိုထက်ပို၍ လုပ်ဆောင်နိုင်ရန်လည်း မမျှော်လင့်ခဲ့ပေ။ ဤမျှကြီးမားသော ကိစ္စရပ်ကြီးတွင် အခြားမည်သည့် မရိုးမသား လုပ်ရပ်များ ပါဝင်ပတ်သက်နေသည်ကို သူမ အမှန်တကယ် မသိရှိနိုင်ကာ၊ အပေါ်ယံ လက်ရှိ အခြေအနေကိုသာ မြင်တွေ့နိုင်ခြင်း ဖြစ်၏။
ရှန့်ရှန့်သည် ကိုယ်ကျင့်တရား မရှိသော်လည်း လူများကို ပြည့်တန်ဆာလုပ်ရန် အဓမ္မ မစေခိုင်းခဲ့ပေ၊ ၎င်းတို့ ပါဝင်ပတ်သက်နေသည့် ကိစ္စရပ်များမှာ အမှန်စင်စစ် မိမိတို့ကဲ့သို့သော သာမန်လူများ လက်လှမ်းမမီနိုင်သော အရာများ ဖြစ်သည်။
သို့သော် ကျောက်ရုံသည်မူ သူမ ပတ်ဝန်းကျင်ရှိ လူတိုင်းကို အမြဲတမ်း အကောက်ကြံ ဉာဏ်ဆင်ကာ လှည့်စားခြယ်လှယ်နေတတ်၏။ အခြားလူများ သူမ၏ လှည့်ကွက်များထဲသို့ မကျရောက်စေရန်အတွက် ဤအကြောင်းကို လူတိုင်း သိရှိအောင် သူမ သေချာပေါက် လုပ်ဆောင်ရမည် ဖြစ်သည်။
ထို့အတူ အကယ်၍ တစ်စုံတစ်ယောက် ပြဿနာရှာလာပါက၊ ကျောက်ရုံသည်လည်း လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ထိုကျားမကြီးသည် မိမိ၏ လင်ယောက်ျားအပေါ် အလွန်အမင်း တင်းကျပ်သူ ဖြစ်သည်။ သူမသည် ကျောက်ရုံအတွက် ပြဿနာကို မလွဲမသွေ ဖန်တီးပေးလိမ့်မည်။
ထိုအခါ ကျောက်ရုံ၏ ပင်ကိုယ်ရုပ်စွယ်အမှန်မှာ ပေါ်လွင်လာပေလိမ့်မည်။
ဤသည်မှာ ချန်ချင်းယွီ အမှန်တကယ် မျှော်လင့်ထားသည့် ရလဒ်ပင် ဖြစ်၏။ သူမသည် တရားမျှတမှုအတွက် တိုက်ပွဲဝင်နေသည့် သူရဲကောင်းတစ်ဦး မဟုတ်သော်လည်း၊ ကျောက်ရုံသည် လူများကို လှည့်ဖြားရန် အမြဲတမ်း နူးညံ့သိမ်မွေ့သော ဟန်ဆောင်မှုကို အသုံးပြုတတ်သည်။ နောင်အနာဂတ်တွင် အချို့သော လူများသည် အမှန်တကယ်ပင် လှည့်စားခံရနိုင်ပေ၏။ သူမ မည်ကဲ့သို့သော လူစားမျိုးဖြစ်သည်ကို လူတိုင်း သိရှိစေရန်နှင့် သူမ၏ ပင်ကိုယ်ရုပ်စွယ်အမှန်ကို လုံးဝ...
ဖော်ထုတ်ပစ်လိုက်ခြင်းမှာ ပို၍ ကောင်းမွန်ပေလိမ့်မည်။
မဟုတ်လျှင် ကျောက်ရုံသည် ဟန်ဆောင်ရာတွင် အလွန် ထူးချွန်လွန်းလှသည်။ ယွမ်ရှောင်ချွေသည် ရထားဘူတာရုံတွင် ထိုမျှအထိ သောင်းကျန်းခဲ့သည့်တိုင် သူမသည် လူများ၏ စိတ်နှလုံးကို အတော်အတန် ပြန်လည်သိမ်းပိုက်နိုင်ခဲ့သေး၏။
သူမသည် ဟန်ဆောင်ရာတွင် အလွန် ကျွမ်းကျင်လှသည်၊ အမည်းကို အဖြူ ဖြစ်အောင် လုပ်နိုင်သူ ဖြစ်သည်။
သူမအကြောင်း သေချာပေါက် ဖော်ထုတ်ရမယ်…
ချန်ချင်းယွီ : “စောင့်ကြည့်ကြတာပေါ့… ကျွန်မ ထင်တာတော့ အဲဒီမိသားစုက ဝုန်းဒိုင်းကြဲ ပြဿနာရှာကြလိမ့်မယ်”
ထိုကျားမကြီးသည် ၎င်းလူရှုပ်လူပွေကို တစ်သက်လုံး နှိပ်ကွပ်လာခဲ့သူဖြစ်သည်။ ယခုအခါ သူ့တွင် အခြားလှည့်ကွက်များ ရှိနေသည်ကို ရုတ်တရက် သိရှိသွားရာ~~ သူမအနေဖြင့် သည်းခံနိုင်လိမ့်မည်ဟု မယုံကြည်ပေ။
ချန်ချင်းယွီ : “ကျွန်မကတော့ အစက ပြဿနာ ဖြစ်ပွားတဲ့နေရာမှာ ရလဒ်ကို ကိုယ်တိုင် သွားကြည့်ချင်တာ၊ ဒါပေမဲ့ သူတို့ လူအုပ်ကြီးက ကျွန်မကို မြင်သွားမှာလည်း ကြောက်တာမို့၊ သတိထားတဲ့အနေနဲ့ ပြန်လာခဲ့တာ”
အဘွားကြီးကျောက် : “အဲဒါ အမှန်ပဲ၊ ငါတို့က အဲ့ဒီလူတွေနဲ့ ပတ်သက်မနေသင့်ဘူး… ငါတို့က ကျောက်ရုံကိုပဲ ရှင်းရုံပဲ”
သူမသည် လက်နှစ်ဖက်ကို ပွတ်သပ်ရင်း
“ဘုရားရေ... ငါကိုယ်တိုင် မမြင်ခဲ့ရပေမဲ့၊ တွေးကြည့်ရုံနဲ့တင် ရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာ။ ဟင်း... ကျောက်ရုံက အမြဲတမ်း မကောင်းတာပဲ လုပ်နေတာ၊ အခုတော့ သွားပြီမဟုတ်လား… နောင်အနာဂတ်ကျရင် ဒင်း လူတွေကို ဘယ်လို လှည့်စားဦးမလဲ ကြည့်ကြသေးတာပေါ့… သူ့မှာ ကိုယ်ပိုင် အကြံအစည်တွေ ရှိတာက သူ့အပိုင်းပဲ၊ ဒါပေမဲ့ ဘာလို့ ငါတို့ကို လာပြီး ဉာဏ်ဆင်ရတာလဲ~~ ငါတို့က သူ့ကို ဘာမှမလုပ်ဘူးလေ… သူက တကယ့်ကို ရက်စက်တဲ့ မိန်းမပဲ”
ချန်ချင်းယွီ : “လူ့မျက်နှာသာ မြင်ရပြီး၊ စိတ်ကိုတော့ မသိနိုင်ဘူး ဆိုတာ ဒါမျိုးပေါ့”
အဘွားကြီးကျောက်ခေါင်းညိတ်ထောက်ခံကာ
“အတိအကျပဲ”
၎င်းတို့၏ မိသားစုနှစ်စုမှာ အချင်းချင်း စွက်ဖက်ခြင်းမရှိဘဲ မိမိတို့ဘာသာ အေးအေးလူလူ နေထိုင်ကြခြင်း ဖြစ်သော်လည်း၊ ဤကိုယ်ကျင့်တရားမရှိသော မိန်းမသည် သူမ၏ ချွေးမကို ဉာဏ်ဆင်ရန် ကြံစည်နေခဲ့၏။
ဘာလဲ... ရုပ်ချောတာက ပြစ်မှုတစ်ခုလား….
ထိုနေ့က သွားခဲ့သူမှာ လီလင်းလင်း ဖြစ်၍သာ~~ လီလင်းလင်း၏ ရုပ်ရည်မှာ သာမန်မျှသာ ဖြစ်ကြောင်း လူတိုင်း သိကြပြီး၊ကျောက်ရုံ၏ အကြံအစည်များမှာ အရာမထင်ခဲ့ပေ။
သို့သော် အကယ်၍သာ ချန်ချင်းယွီ ဖြစ်နေခဲ့လျှင် ~~ သူမသည် ယွမ်ဟောက်ရွှယ်ထက် များစွာ ပို၍ ချောမောလှပ၏။
ကျောက်ရုံ၏ အကြံအစည်မှာ အောင်မြင်သွားနိုင်ပေသည်။
မိသားစုတွင် အားကိုးရမည့် လင်ယောက်ျား မရှိဘဲ၊ မုဆိုးမတစ်ဦးနှင့် သူမ၏ ကလေးသာ ရှိသဖြင့်၊ မိမိတို့မှာ သေချာပေါက် နှောင့်ယှက်စော်ကားခံရပေလိမ့်မည်။ လွတ်မြောက်နိုင်လျှင်ပင် တော်တော်လေးကို ဒုက္ခများပေလိမ့်မည်။
ထို့ကြောင့် အဘွားကြီးကျောက်နှင့် ချန်ချင်းချင်းတို့သည် ကျောက်ရုံကို အလွန်အမင်း မုန်းတီးကြလေသည်။ သူမသည် အမှန်တကယ်ပင် ရက်စက်လှ၏။
အကြောင်းရင်းမရှိဘဲ မိမိတို့၏ မိသားစုကို ဒုက္ခရောက်အောင် ပြုလုပ်ရန် ကြိုးပမ်းနေခြင်းသာ ဖြစ်သည်။
ချန်ချင်းယွီ : “ကျွန်မကတော့ အဲ့ဒီကျားမကြီးက သူ့ကို လွယ်လွယ်နဲ့ လွှတ်ပေးလိမ့်မယ်လို့ မယုံဘူး”
သူမသည် ပတ်ဝန်းကျင်တွင် စုံစမ်းမေးမြန်းခဲ့ရာ၊ ထိုအမျိုးသမီး၏ မျိုးရိုးအမည်မှာ လျန်ဖြစ်ပြီး၊ သူမ၏ ကျားမကြီးကဲ့သို့သော ကြမ်းတမ်းရက်စက် ကျော်ကြားမှုမှာ ဘေးပတ်ဝန်းကျင်တွင် ပြန့်နှံ့နေကာ၊ အဘွားကြီးကျောက်၏ မိန်းမကြမ်းဟူသော ကျော်ကြားမှုထက်ပင် ပိုမိုနာမည်ကြီးလေသည်။
ဟဟ… သူတို့ သောင်းကျန်းပါစေ.. ဒါမှ ကျောက်ရုံရဲ့ စရိုက်အစစ်အမှန်ကို ဖော်ထုတ်နိုင်မှာ… ဒါမှလည်း တခြားသူတွေ လှည့်စားမခံရအောင် တားပေးနိုင်မှာ…
“ဟေး... ချွေးမ၊ သူတို့က တကယ်ပဲ ဝင်းထဲအထိ လာပြီး ပြဿနာရှာနိုင်မယ်လို့ ထင်လား… အကယ်၍ သူတို့ တကယ် လာလုပ်ရင်၊ ငါတို့ရဲ့ ဝင်းကြီးက တစ်ခါ ပြန်ပြီး နာမည်ပျက်ဦးမှာ မဟုတ်လား”
ချန်ချင်းယွီ ခေါင်းညိတ်ပြကာ
“ကျွန်မကတော့ သူတို့ တကယ်လာပြီး ပြဿနာရှာတာကို ပိုလို့တောင် မျှော်လင့်သေးတယ်… ဒါက ဝင်းရဲ့ နာမည်ဂုဏ်သတင်းအတွက် မကောင်းနိုင်ပေမဲ့၊ ဒီလိုမျိုး တွေးကြည့်လေ~~ ဒီကိစ္စရပ်မျိုးက ရှားမှရှားဆိုတော့… အကယ်၍ သူတို့ တကယ်ပဲ ဝုန်းဒိုင်းကြဲ သောင်းကျန်းရင်၊ လူတိုင်းရဲ့ အာရုံစိုက်မှုက ကျွန်မတို့ ဝင်းအပေါ်မှာပဲ ရှိနေလိမ့်မယ်…တစ်ယောက်ယောက်က မကောင်းတဲ့ ရည်ရွယ်ချက် ရှိနေရင်တောင်မှ၊ သူတို့ရဲ့ စိတ်ကို ထိန်းထားကြရလိမ့်မယ်… ဘာလို့လဲဆိုတော့ လူတိုင်းရဲ့ အာရုံစိုက်မှုက ကျွန်မတို့ ဝင်းအပေါ်မှာပဲ ရှိနေလို့ပဲ၊ ကိုယ့်ကိုယ်ကိုယ် နည်းနည်း ကြွားရရင်၊ ကျွန်မက ရုပ်ချောတယ်၊ ပြီးတော့ မိသားစုမှာ ယောက်ျားသား တစ်ယောက်မှ တကယ် မရှိဘူး… အချိန်ကြာလာတာနဲ့အမျှ၊ တစ်စုံတစ်ယောက်က မကောင်းတဲ့ အကြံအစည်တွေ ရှိမလာဘူးလို့ ဘယ်သူမှ အာမမခံနိုင်ဘူး၊ အမေက အရမ်း ပြတ်သားတုန်း ထက်မြက်တုန်းဆိုတာ သိပါတယ်၊ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ အမေရဲ့ ခြောက်လှန့်နိုင်စွမ်းကလည်း အလိုလို လျော့နည်းလာမှာပဲ~~ အဲဒါကြောင့် လူတိုင်းရဲ့ အာရုံစိုက်မှုကို ကျွန်မတို့ ဝင်းအပေါ်မှာပဲ စုစည်းထားတာ ပိုကောင်းတယ်၊ လူတိုင်းက ဝင်းကို စောင့်ကြည့်နေကြမယ်ဆိုရင် တစ်ယောက်ယောက်က အကြံအစည် ရှိနေရင်တောင်မှ၊ လူမိသွားမှာကို ကြောက်လို့ ဘာမှ ရမ်းရမ်းကားကား မလုပ်ရဲတော့ဘူး… သူတို့ရဲ့ မကောင်းတဲ့ ရည်ရွယ်ချက်တွေကို ဖုံးကွယ်ထားကြရလိမ့်မယ်”
“နင်ပြောတာ မှန်တယ်”
အဘွားကြီးကျောက်က နက်နက်ရှိုင်းရှိုင်း ခံစားချက်ဖြင့် ပြောဆိုလိုက်၏။
“မုဆိုးမတစ်ဦးနဲ့ ကလေးတစ်ယောက်ရဲ့ ဘဝက တကယ်ကို ခက်ခဲတာ.. နင် မသိပါဘူး၊ ငါ အစောပိုင်း မုဆိုးမ စဖြစ်တုန်းက၊ ငါ့ကို လာပြီး ဖြားယောင်းဖို့ ကြိုးစားတဲ့သူ မရှိဘူးလို့ မထင်နဲ့.. စတုတ္ထမြောက် အိမ်ရာဝင်းထဲက အဘိုးကြီးကျန်းဆို ပိုဆိုး… အခု သူ့ကိုကြည့်ဦး၊ ငါ့ကို ရွံရှာပြနေပေမဲ့၊ အဲဒီတုန်းက သူက ငါ့တင်ပါးကိုတောင် ကိုင်ခဲ့သေးတာ၊ ဒါပေမဲ့ ငါက သူ့ကို တုတ်ကြီးနဲ့ လိုက်ရိုက်လို့သာ သူ ရပ်သွားခဲ့တာ၊ အချို့ယောက်ျားတွေက အမျိုးသမီးတစ်ယောက်က ချောသည်ဖြစ်စေ၊ မချောသည်ဖြစ်စေ ဂရုမစိုက်ဘူး၊ အမျိုးသမီး ဖြစ်နေဖို့ပဲ လိုတာ~~ ငါက ဒီလောက် ရုပ်ဆိုးတာတောင်မှ လူတွေက ငါ့အပေါ် အကြံအစည် ရှိကြသေးတာပဲ၊ နင့်လို ချောတဲ့သူဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ဘူး”
အဘွားကြီးကျောက် သက်ပြင်းချရင်း
“ငါတို့ရဲ့ ဘဝတွေက ခက်ခဲတော့မှာပဲ”
ချန်ချင်းယွီသည် ဤစကားကို သေသေချာချာ မကြားလိုက်သည့်အလား အဘွားကြီးကျောက်ကို တုန်လှုပ်ခြောက်ခြားစွာဖြင့် ကြည့်လိုက်ကာ
“အဘိုးကြီးကျန်းက အမေကို ဖြားယောင်းဖို့ ကြိုးစားခဲ့တာလား..ဘုရားရေ..”
အဘွားကြီးကျောက် : “ဘာဖြစ်လဲ… ငါ့ကို ဖြားယောင်းလို့မရဘူးလား… ငါက ရုပ်မချောပေမဲ့၊ ဖြားယောင်းတာကို မခံရဘူးလို့ မဆိုလိုပါဘူး ဟုတ်လား.. ငါ အဲဒီတုန်းက နားမလည်ခဲ့တော့၊ သူ့ခေါင်းကို တိတ်တိတ်လေး အိတ်နဲ့ စွပ်ခဲ့ပြီး ရိုက်ခဲ့တာ.. အခုတော့ နင် ပြောတဲ့ အချက်ကို ငါ သဘောပေါက်ပြီ၊ ပိုပြီး ပွင့်လင်းမြင်သာလေလေ၊ ပိုပြီး ဘေးကင်းလေလေပဲ”
ထိုနှစ်ဦးသည် ဘီစကစ်မုန့်များကို စားရင်း၊ ရေနွေးကြမ်းကို သောက်ရင်းဖြင့် အတော်လေး စိတ်လှုပ်ရှား ခံစားနေကြရသည်။
ချန်ချင်းယွီ : “ကိစ္စမရှိပါဘူး… အခုတော့ ကျွန်မတို့ရဲ့ ဓားတွေကို ပူးပေါင်းလိုက်ပြီဆိုတော့၊ သူတို့ကို ကြောက်စရာမလိုဘူး”
ချန်ချင်းယွီ : “ကျွန်မ အားလုံးကို အသေအချာ တွေးတောပြီးပြီ။ ကျွန်မတို့ရဲ့ အခြေအနေက သိပ်ပြီး မဆိုးလှပါဘူး… အနည်းဆုံးတော့ အများပြည်သူ ရှေ့မှောက်က ပုံရိပ်က တော်တော်လေး တည်ငြိမ်နေတာပဲလေ… ကျွန်မတို့ကသာ ဝုန်းဒိုင်းကြဲ သောင်းကျန်းလိုက်ရင်၊ တခြားလူတွေက ကျွန်မတို့နဲ့ ပတ်သက်ချင်ကြမှာ မဟုတ်ဘူး၊ ဘာပဲဖြစ်ဖြစ် ကျွန်မတို့က တိုက်ခိုက်နိုင်တယ်၊ ရန်ဖြစ်နိုင်တယ်၊ ပြီးတော့ ပြဿနာရှာနိုင်တယ်~~ စိတ်မထင်ရင် မထင်သလို ရူးသွပ် သောင်းကျန်းတတ်တဲ့သူတွေ ဖြစ်နေတာဆိုတော့ လူဆိုးတွေတောင်မှ ကြောက်လန့်ပြီး ထွက်ပြေးကြရလိမ့်မယ်၊ သူတို့က ကျွန်မတို့ကို ဉာဏ်ဆင်ဖို့အတွက် ရွေးချယ်ကြမှာ မဟုတ်ဘူး”
“နင်ပြောတာ မှန်တယ်၊ သူတို့က ရူးသွပ်နေတဲ့ မိန်းမတွေထက်စာရင် ရိုးသားတဲ့သူတွေကိုပဲ သေချာပေါက် အနိုင်ကျင့်ချင်ကြမှာ”
အဘွားကြီးကျောက်သည် ချန်ချင်းယွီကို နက်နက်ရှိုင်းရှိုင်း ကြည့်
လိုက်၏။
ကြားတယ်မဟုတ်လား… ကြားတယ်မလား… ရူးသွပ်နေတဲ့ မိန်းမဆိုတာ၊ ညည်းကို ပြောနေတာ…
ချန်ချင်းယွီ : “ဟဲဟဲ”
သူမသည် အဘွားကြီးကျောက်ကို တစ်ချက် လှမ်းကြည့်လိုက်စဉ်
အဘွားကြီးကျောက်သည် ချက်ချင်းပင် ခေါင်းငုံ့ကာ ရေနွေးကြမ်းကို သောက်လိုက်ပြီး၊ လိမ္မာရို့ကျိုးသွား၏။
သူမကို သွားမရှုပ်နဲ့… သူမကို သွားမရှုပ်နဲ့…
သူမသည် ထိုရူးသွပ်နေသော မိန်းမ၏ ရိုက်နှက်မှုများမှာ မည်မျှ နာကျင်လှကြောင်းကို မှတ်မိနေဆဲ ဖြစ်သည်၊ ထိုအရူးမသည် အမှန်တကယ်ပင် အစွမ်းကုန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။
ချန်ချင်းယွီသည်လည်း ခေါင်းငုံ့ကာ ရေနွေးကြမ်းကို သောက်လိုက်သည်။ နှစ်ဦးသားမှာ ခေတ္တမျှ တိတ်ဆိတ်သွားကြ၏။
ရုတ်တရက် အပြင်ဘက်မှ ဆူညံသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ချန်ချင်းယွီသည် ပြတင်းပေါက်ထံသို့ အပြေးအလွှား သွားလိုက်ပြီး၊ အက်ကြောင်းတစ်ခုမှတစ်ဆင့် အပြင်သို့ ချောင်းကြည့်လိုက်သော်လည်း၊ ဆောင်းရာသီတွင် ပြတင်းပေါက်များကို ပလတ်စတစ်စက္ကူ သုံးလွှာဖြင့် ဖုံးအုပ်ထားသဖြင့်၊ ဘာကိုမျှ မြင်တွေ့နိုင်ခြင်း မရှိပေ။
အဘွားကြီးကျောက် : “နင် အဲဒီလို လုပ်လို့မရဘူး”
သူမသည် အပြင်ခန်းသို့ အပြေးအလွှား သွားလိုက်ပြီး၊ အပြင်ဘက်ကို ကြည့်ရန် တံခါး၏ မှန်သားပြင်ပေါ်သို့ သူမ၏ မျက်နှာကို ကပ်လိုက်သည်။
ဟင်း... သူမလည်း ဘာကိုမျှ မမြင်ရဘူး…
ဒုန်း... ဒုန်း... ဒုန်း...
တံခါးကို အပြင်းအထန် ထုရိုက်သံမှာ နားကွဲလုမတတ် ဆူညံလှ၏။
အဘွားကြီးကျောက်နှင့် အခြားလူများမှာ မအိပ်ရသေးသဖြင့် ချက်ချင်း တုံ့ပြန်နိုင်ခဲ့ကြပြီး၊ အိပ်ပျော်နေခဲ့ကြသူများသည်လည်း ယခုအချိန်တွင် နိုးထလာကြပြီဖြစ်ကာ၊ ဝင်းအတွင်းရှိ အိမ်တိုင်းအိမ်တိုင်း၏ မီးများမှာ တစ်အိမ်ပြီးတစ်အိမ် လင်းထိန်လာခဲ့ကြသည်။
ရှေ့ဝင်းထဲမှ လင်စန်းရှင်းသည် ရုတ်တရက် နိုးလာခဲ့၏။ သူမသည် သူမဘေးရှိ လီချန်ရွှမ်းကို တွန်းဆွလိုက်ပြီး
“ယောကျာ်း... အပြင်က ဆူညံသံကို နားထောင်ကြည့်ဦး…တစ်ခုခု ဖြစ်လို့လား မသိဘူး”
ပုံမှန်ဆိုလျှင် သူမသည် ချက်ချင်း အပြင်သို့ ထွက်သွားလောက်ပြီ ဖြစ်သော်လည်း၊ ယနေ့တွင်မူ တံခါးကို အပြင်းအထန် ထုရိုက်နေကြ၍ လန့်နေမိသည်။
၎င်းမှာ သေးငယ်သော ကိစ္စတစ်ခုဟုတ်ဟန် မပေါ်ပေ။
လီချန်ရွှမ်းသည် လုံးဝ ထမလာဘဲ၊ တစ်ဖက်သို့ စောင်းကာ ပြန်လည်
အိပ်စက်လိုက်ပြီး
“ဘာပဲဖြစ်ဖြစ် ဂရုမစိုက်ဘူး။ သွားချင်ရင် သွားလေ၊ ဒါမှမဟုတ် တစ်စုံတစ်ယောက်က တံခါးဖွင့်ပေးတာကို စောင့်ပေါ့”
နွေရာသီတွင် လျိုကျင့်၏ မတော်တဆမှုနှင့် ကိုယ်ဝန်ဖျက်ချမှု ဖြစ်ပွားခဲ့ပြီးကတည်းက၊ သူသည် အရာရာကို စိတ်မဝင်စားတော့ကာ တစ်ပိုင်းသေကဲ့သို့သော အခြေအနေတွင် ရှိနေခဲ့၏။ သူသည် လျိုကျင့်ကို ထိုမျှအထိ ချစ်မြတ်နိုးခဲ့ခြင်း မဟုတ်ပေ။ သူ စိတ်ထိခိုက်ရခြင်းမှာ ကလေးအတွက် ဖြစ်၏။
သားလေး… သူ့သားလေး…
ထိုကလေးသည် သူ့အတွက် အမှန်တကယ်ပင် သားဦး ဖြစ်လာနိုင်ပေသည်။
ကျန်းမာသန်စွမ်းသော ယောက်ျားလေးတစ်ဦး ဆုံးရှုံးသွားခဲ့ရပြီး၊ လီချန်ရွှမ်းအနေဖြင့် နောက်ထပ် သားတစ်ယောက် ရရှိနိုင်မည့် အခွင့်အလမ်းလည်း ဆုံးရှုံးသွားခဲ့ရသဖြင့်၊ သူသည် သိသိသာသာပင် မည်သည့်အရာကိုမျှ အားစိုက်ထုတ်နိုင်ခြင်း မရှိတော့ပေ။
လီချန်ရွှမ်းသည် အလွန်အမင်း စိတ်ထိခိုက်ကာ စိတ်ဓာတ်ကျနေခဲ့သဖြင့်၊ ထပ်မံ စုံစမ်းမေးမြန်းခြင်း မပြုခဲ့ပေ။ လျိုကျင့်ယောကျာ်း၏ မြုံနေခြင်းမှာ ၎င်းဇနီးမောင်နှံနှစ်ဦးသည် သတိမထားမိသော အမျိုးသားများကို အသုံးချကာ ငွေကြေးလိမ်လည်ရန်အတွက် တမင်တကာ လုပ်ဆောင်ထားခြင်းဖြစ်ကြောင်း သူ မသိရှိခဲ့ပေ။ အမှန်စင်စစ် ထိုလူတွင် ကလေးရနိုင်စွမ်း ရှိ၏။ ထို့အပြင် လျိုကျင့် ဖျက်ချလိုက်သည့် ကလေးမှာ မိန်းကလေးတစ်ဦးဖြစ်သည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သည်။
သို့သော် ကလေး၏လိင်အမျိုးအစားသည် မည်သို့ပင်ဖြစ်စေ လျိုကျင့်အတွက်မူ ထိုသူလျှို သစ္စာဖောက်ကိုသာ မုန်းတီးခြင်းဖြစ်၏။ ထိုသို့သစ္စာဖောက်သူလျှိုနှင့် ရသောကလေးမျိုးကို သူမ မလိုချင်ပေ။ တစ်ယောက်နှင့်ပင် လုံလောက်ပြီဖြစ်သည်။ ဆိုရသော် ရတနာလေးအလား တန်ဖိုးထားခဲ့ရသည့် သူမ သားကြီးဖြစ်သူမှာလည်း လူငယ်ထိန်းသိမ်းရေးစခန်းတွင် အကျဉ်းကျနေဖြစ်၏။ သူ့အား သေလူအဖြစ်သာ သူမ သတ်မှတ်ထားလိုက်တော့သည်။
ထိုသို့ မကောင်းမှုများ လုပ်ဆောင်ခဲ့ပြီးနောက်၊ ၎င်းမှာ ကလေးတစ်ဦးမျှသာ ဖြစ်နေပါစေ~~ သူမသည် မိခင်တစ်ဦးအနေဖြင့် ခွင့်လွှတ်လိမ့်မည် မဟုတ်ပေ။
သူမ နှလုံးသားမရှိသူ ဖြစ်နေ၍ မဟုတ်ပေ။ သို့သော် သူမ၏ မျိုးဆက်မှ လူအများစုမှာ ထိုသူလျှိုများနှင့် ပက်သက်၍ နက်ရှိုင်းလှသော မုန်းတီးမှုများကို ရင်ဝယ်ပိုက်ထားကြရသည်။ လျိုကျင့်တွင်လည်း ထိုသို့သော မုန်းတီးမှုတစ်ခု ရှိနေခဲ့၏။
ထို့ကြောင့် သူမသည် ဤသားကို ရိုးရှင်းစွာပင် စွန့်ပယ်လိုက်ခြင်း ဖြစ်သည်။
သူမ၏ ကိုယ်ပိုင် အပြုအမူများမှာ မေးခွန်းထုတ်စရာ ရှိနေသော်လည်း၊ ဤကိစ္စရပ်တွင်မူ သူမသည် ပြတ်သားလှ၏။
သို့သော် လီချန်ရွှမ်းသည် ဤအကြောင်းကို ဘာမျှမသိရှိပေ၊ သူသည် မိမိ၏ သားလေး ဆုံးရှုံးသွားခဲ့ရပြီဟုသာ ခံစားရပြီး၊ အလွန်အမင်း စိတ်ဓာတ်ကျနေခဲ့သည်။
လီချန်ရွှမ်း သူမကို လျစ်လျူရှုလိုက်၍ လင်စန်းရှင်းသည် ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ၊ ထကာ တံခါးကို ဖွင့်လိုက်ပြီး
“ကျွန်မ သွားကြည့်လိုက်ဦးမယ်”
ဒုန်း... ဒုန်း...
တံခါးမှာ ပြိုလဲလုမတတ် အပြင်းအထန် ထုရိုက်ခံနေရ၏။
“တံခါးဖွင့်စမ်း… တံခါးဖွင့်စမ်း… ယွမ်မိသားစုကို အပြင်ထွက်ခိုင်းလိုက်စမ်း”
လင်စန်းရှင်းသည် ထိုအော်ဟစ်ကြိမ်းမောင်းသံများကို သတိထားမိသွား၏။ ရှေ့ဝင်းထဲမှ အခြားမိသားစုအချို့လည်း ထွက်လာကြပြီ ဖြစ်သည်။ လူများထွက်လာသည်ကို မြင်ရလျှင် အဘွားကြီးကျောက်သည်လည်း သူမ၏တံခါးကို အလျင်အမြန် ဖွင့်လိုက်တော့သည်၊ တံခါးပိတ်ထားပါက ဘာကိုမျှ မြင်တွေ့နိုင်ခြင်း မရှိသောကြောင့်ပင်…
ဆောင်းရာသီတွင် ပြတင်းပေါက်များကို နွေးထွေးစေရန် ပလတ်စတစ်များဖြင့် ဖုံးအုပ်ထားတတ်ရာ၊ အခန်းတွင်း အပူချိန်ကို ထိန်းညှိပေးနိုင်သော်လည်း ပွဲကြီးပွဲကောင်း ချောင်းကြည့်ရန်အတွက်မူ တကယ့်ကို အဆင်မပြေလှပေ။
အဘွားကြီးကျောက် ထွက်လာခဲ့သည်၊ အဒေါ်ကြီးမေ့ ထွက်လာခဲ့သည်၊ ရှီကျန့်ရှန်းနှင့် သူမ၏ ခင်ပွန်းလည်း ထွက်လာကြပြီး၊ အစ်မကြီးဖန်သည်လည်း ထုံးစံအတိုင်း အပြင်သို့ ထွက်လာခဲ့၏။
ဒုတိယဝင်းအတွင်းရှိ အိမ်ထောင်စုတိုင်းနီးပါး အပြင်သို့ ထွက်လာကြပြီး ရှေ့သို့ စုရုံးလျှောက်လှမ်းခဲ့ကြသည်။ ရှေ့ဝင်းမှ ဝမ်ကျန့်ကော်တို့ မိသားစုလည်း တံခါးဝသို့ ရောက်ရှိလာကြပြီ ဖြစ်၏။ ဤကဲ့သို့ လူအုပ်ကြီး ရှိနေသဖြင့် ၎င်းတို့သည် နောက်ဆုံးတွင် အတန်ငယ် စိတ်အေးသွားကြတော့သည်။
“ဘယ်သူလဲဟ… သန်းခေါင်ယံအချိန်ကြီး လာပြီး ပြဿနာရှာနေတာ၊ ဒီနေရာက မင်းတို့ သောင်းကျန်းဖို့ နေရာမဟုတ်ဘူး၊ မင်းတို့ ဒီလိုပဲ ဆက်လုပ်နေရင်တော့ ငါတို့ လူခေါ်ရလိမ့်မယ်”
ဝမ်ကျန့်ကော် အော်ဟစ်မေးမြန်းလိုက်၏။
“ယွမ်ဟောက်မင်ကို ထွက်လာခဲ့ခိုင်းစမ်း… ယွမ်ဟောက်မင်နဲ့ သူ့မိသားစုတစ်စုလုံးကို အပြင်ထွက်ခဲ့ခိုင်း၊ သူက သူ့မိန်းမကို ဘယ်လိုတောင် ဆုံးမထားလို့လဲ… အဲဒီမိန်းမက ငါ့လင်ကို ခိုးနေတာဟဲ့.. ငါ့ကို အနိုင်ကျင့်ရလွယ်တယ်လို့ ထင်နေတာလား၊ ငါ လျန်ကွေ့လန်က အလကားနေရင်း လင်ခိုးခံရမယ့်သူမျိုး မဟုတ်ဘူးဆိုတာ သူ မသိဘူးလား… ယွမ်ဟောက်မင်ကို ထွက်လာခဲ့ခိုင်းပြီး သူ့ရဲ့ အရှက်မရှိတဲ့ မိန်းမကို ပြန်ခေါ်သွားခိုင်းစမ်း”
လူတိုင်း : “ဟား... အောင်မလေး။”
လူတိုင်း အံ့အားသင့် တုန်လှုပ်သွားကြသည်။
ဒါက ဘာကိစ္စကြီးလဲ…
သူတို့ နားလည်လိုက်ကြပြီ… ဒါပေမဲ့လည်း... ဒါပေမဲ့လည်း... ဒါပေမဲ့လည်း ကျောက်ရုံတဲ့လား… ဘုရားရေ…
အယ်...
လူတိုင်း အချင်းချင်း မျက်လုံးပြူးကာ ကြည့်လိုက်ကြရင်း ကြောင်အသွားကြတော့၏။
“တံခါးဖွင့်စမ်း၊ အခုချက်ချင်း တံခါးဖွင့်”
“မင်းတို့က ငါတို့ကို တားမလို့လားတံခါးဖွင့်စမ်း”
“တံခါးဖွင့်”
အော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်နေသော်လည်း လူတိုင်း တွန့်ဆုတ်နေကြသည်။ ၎င်းတို့ ဤမျှအထိ ဝုန်းဒိုင်းကြဲ သောင်းကျန်းနေကြရာ၊ မြင်မြင်သမျှလူကို လိုက်ရိုက်နေလျှင် မခက်ပေလော့။
အဘွားကြီးကျောက် : “နင်တို့ကလည်း ဘာရပ်ကြည့်နေကြတာလဲ… တံခါးကို မြန်မြန်ဖွင့်ပေးလိုက်စမ်းပါ၊ မဟုတ်လို့ တံခါးသာ ပျက်စီးသွားရင်၊ ငါတို့တစ်အိမ်တက်ဆင်း ပိုက်ဆံလိုက်ကောက်ပြီး ပြန်ပြင်နေရဦးမယ်”
အဒေါ်ကြီးမေ့သည် လန့်ဖြန့်သွားပြီး ချက်ချင်းပင်
“အဘွားကြီးကျောက်ပြောတာ အလွန်မှန်တယ်၊ တံခါးကို မြန်မြန်ဖွင့်ပေးလိုက်။”
သူမ၏ မိသားစုသည် ထိုပိုက်ဆံကို တစ်ပြားတစ်ချပ်မျှ အကုန်အကျ မခံနိုင်ပေ။
အဒေါ်ကြီးမေ့၏ မိသားစုမှာ အဆင်းရဲဆုံးဖြစ်သဖြင့် ဤကဲ့သို့သော ကိစ္စရပ်များကို အလွန်အမင်း ဂရုစိုက်လှသည်။ ၎င်းတို့သည် ပိုက်ဆံတစ်ပြားကို နှစ်ခြမ်းခွဲ၍ သုံးချင်လောက်အောင် ကပ်စေးနှဲကြသဖြင့်၊ ဤသို့ အလဟဿ ပိုက်ဆံကုန်မည့်အဖြစ်မျိုးကို လုံးဝ ခွင့်မပြုနိုင်ပေ။
“ဖယ်ကြ၊ ဖယ်ကြ၊ နင်တို့မဖွင့်ရင် ငါဖွင့်မယ်… ဒါက ငါတို့နဲ့ ဘာမှမဆိုင်ဘူး၊ ငါတို့ ကြားထဲက မညှပ်ချင်ဘူး”
အဘွားကြီးကျောက် : “မှန်တယ်၊ ငါတို့က အိမ်နီးနားချင်းတွေပဲ၊ ကြားထဲက ဝင်မပါကြနဲ့”
ထိုအဘွားအိုနှစ်ဦးသည် တံခါးကို အလျင်အမြန် ဖွင့်ပေးလိုက်ကြရာ မည်သူမျှ တားဆီး၍ မရလိုက်ပေ။
အော်... မေ့လို့… အမှန်စင်စစ် သူတို့သည် တားဆီးရန် အစီအစဉ်လည်း မရှိကြပေ။ မိမိတို့နှင့် ဘာမှမဆိုင်သည့် ကိစ္စဖြစ်ရာ အဘယ်ကြောင့် တားဆီးမည်နည်း။ သူတို့သည်လည်း တံခါးပြင်ရန်အတွက် ပိုက်ဆံ အကောက်မခံနိုင်ပေ။
“ဂျိန်း...”
တံခါးပွင့်သွားသည်နှင့် လူတိုင်း လန့်ဖျတ်သွားကြတော့သည်။
အဘွားကြီးကျောက် : “အမေလေး... ဘုရား ဘုရား”
အပြင်ဘက်တွင် လူပေါင်းသုံးဆယ်ခန့် အုပ်စုလိုက်ကြီး ရပ်နေကြပြီး၊ ၎င်းတို့ကို ဦးဆောင်လာသူမှာ မျက်လုံးစွေစွေ၊ ဆံပင်ဖြူဖြူတိုတိုနှင့် ခက်ထန်ကြမ်းတမ်းသော မျက်နှာထားရှိသည့် အဘွားအိုတစ်ဦး ဖြစ်၏။ ထိုနေရာတွင် ရပ်နေရုံမျှဖြင့် သူမသည် အယုတ်မာဆုံးသော အဘွားအိုတစ်ဦး၏ ပုံစံကို အပြည့်အဝ ဖော်ဆောင်နေပေသည်။
အဘွားကြီးကျောက်သည် မိမိကိုယ်မိမိပင် ရှက်စိတ်ဝင်သွားမိ၏။
သူမ စိတ်ထဲမှ ~~
“အလိုလေး... ငါတို့ ချွေးမက တကယ့်ကို လူရွေးတတ်တာပဲ၊ သူတို့ ဘယ်လိုဖြစ်ပြီး ဒီလို မိသားစုနဲ့ သွားတိုးရတာလဲ၊ ဒါက တကယ့်ကို... ကောင်းလွန်းလှချည်လား…ဟိဟိ အကဲခတ်ရသလောက်တော့ သူတို့က လွယ်လွယ်နဲ့ ရင်ဆိုင်လို့ရမယ့်သူတွေ မဟုတ်ဘူး”
“မမကျောက်...”
လင်စန်းရှင်း အော်ဟစ်လိုက်သည်။
ထိုအခါမှသာ အဘွားကြီးကျောက်သည် ထိုအဘွားအို၏ ဘေးနား၊ သိပ်မဝေးလှသော နေရာ၌ သက်လတ်ပိုင်း အမျိုးသမီးနှစ်ဦး၏ ဆွဲခေါ်ခြင်းကို ခံနေရသည့်၊ ဖရိုဖရဲ ဆံပင်များနှင့် အမျိုးသမီးမှာ ကျောက်ရုံဖြစ်ကြောင်း သတိပြုမိတော့သည်။
ကျောက်ရုံသည် စွပ်ကျယ်အင်္ကျီတစ်ထည်နှင့် ဘောင်းဘီရှည်တစ်ထည်သာ ဝတ်ဆင်ထား၏။
ဤမျှအထိ အေးခဲလှသော ရာသီဥတုကြီးထဲတွင်...
အဘွားကြီးကျောက်က ကျောက်ရုံတစ်ကိုယ်လုံး ရေခဲရိုက်နေလောက်ပြီဟု တွေးလိုက်မိသည်။
သို့သော် ယခုအချိန်တွင် အလယ်ဝင်းနှင့် နောက်ဘက်ဝင်းနှစ်ခုလုံးမှ လူများလည်း ထွက်လာကြပြီ ဖြစ်၏။ ဤမျှအထိ ဆူညံသံများကြောင့် လူတိုင်း ကြားသိသွားခဲ့ကြပြီ ဖြစ်သည်။
ဘေးမှ ကြည့်ရှုနေသူများကို ဂရုမစိုက်ဘဲ အဘွားကြီးလျန်သည် တိုက်ရိုက်ပင် မေးမြန်းလေ၏။
“ကျောက်ရုံတို့ မိသားစုက ဘယ်မှာ နေတာလဲ”
လူတိုင်း ကြောက်လန့်တုန်လှုပ်ကာ တိတ်ဆိတ်နေကြသော်လည်း၊ လင်စန်းရှင်း တုန်တုန်ရင်ရင်ဖြင့်
“ဟို... အလယ်ဝင်းထဲမှာပါ”
အဘွားကြီးလျန်သည် ကျောက်ရုံ၏ ဆံပင်ကို ဆွဲကိုင်ကာ အထဲသို့ ဆွဲခေါ်သွားတော့သည်။
ကျောက်ရုံ : “အား...”
“လွှတ်ပါဦး… ရှင်... ရှင်တို့ ကျွန်မကို နားလည်မှုလွဲနေတာပါ…ရှင်တို့...”
သူမ အော်ဟစ် ညည်းတွားလိုက်၏။
ဖြောင်း...
ပြင်းထန်လှသော ပါးရိုက်သံတစ်ခုသည် ကျောက်ရုံ၏ မျက်နှာပေါ်သို့ ကျရောက်သွားခဲ့သည်။
လူတိုင်း : “အားပါးပါး...”
ကြည့်ရတာ အတော်နာမယ့်ပုံပဲ…
အဘွားကြီးလျန် ဒေါသတကြီး ကြိမ်းမောင်းတော့သည်။
“ညည်းက နာကျင်ခံရခက်နေသေးတယ်ပေါ့… ညည်းက နားလည်မှုလွဲတာလို့ ထင်နေသေးတာလား၊ ညည်းလို အရှက်မရှိတဲ့ ပြည့်တန်ဆာမ၊ ညည်းက ငါ့လင်ကို ဖြားယောင်းတယ်၊ ငါကိုယ်တိုင် ညည်းတို့နှစ်ယောက်ကို အိပ်ရာထဲမှာ လက်ပူးလက်ကျပ် မိခဲ့တာဟဲ့၊ အခုထိ လူကောင်းဟန်ဆောင်ချင်သေးတယ်ပေါ့… အစောပိုင်းတုန်းကတော့ ဘာလို့ တစ်ခွန်းမှ မပြောရဲတာလဲ၊ အခု ညည်းတို့ ဝင်းထဲ ပြန်ရောက်ပြီဆိုတော့၊ ညည်းက ဆရာကြီး ပြန်လုပ်ချင်တာလား… ညည်းလို ဖာသည်မ၊ အရှက်မရှိတဲ့ဟာမ… ငါ့လင်က အသက်ခြောက်ဆယ် ရှိနေပြီ… ညည်းက သူ့ကို ဘယ်လိုတောင် လုပ်ရဲတာလဲ… ညည်းလို ဖာသည်မ၊ ညည်းရဲ့ သားသမီးတွေလည်း အကုန် အရွယ်ရောက်ကုန်ပြီ၊ ညည်းက အပြင်မှာ ဒီလိုမျိုး သောင်းကျန်းနေတုန်းပဲ…. လာကြည့်ကြစမ်း၊ အားလုံးပဲ လာကြည့်ကြစမ်း၊ ဒါက ရှင်တို့ ဝင်းက ကျောက်ရုံပဲ၊ အရှက်မရှိတဲ့ကောင်မက ငါ့အဘိုးကြီးကို တကယ်ပဲ ဖြားယောင်းခဲ့တာ… ညည်းက တကယ့်ကို အမှိုက်ကအစ အကုန်စားတာပဲ၊ ငါ့အဘိုးကြီးက အသက်ရှူရပ်လုမတတ် ဖြစ်နေတာ၊ စက္ကန့်သုံးဆယ်တောင် မလုပ်နိုင်တဲ့သူကို ညည်းက အိပ်နေသေးတယ်၊ ဘယ်လောက်တောင် အရှက်မရှိလိုက်သလဲ… ကျောက်ရုံရဲ့ မိသားစုဝင်တွေ ထွက်လာခဲ့ကြစမ်း၊ အားလုံး အပြင်ထွက်ခဲ့ကြ၊ ယွမ်ဟောက်မင်၊ ထွက်လာခဲ့စမ်း၊ နင့်ရဲ့ ဇနီးကောင်းကြီးကို ကြည့်ဦး၊ နင်လို အသုံးမကျတဲ့ လင်ငယ်ခံရတဲ့အကောင်၊ ကိုယ့်မိန်းမကိုယ်တောင် မဆုံးမနိုင်တဲ့ လေလွင့်အမှိုက်ကောင်”
သူမသည် ဒုတိယဝင်းထဲတွင် ရပ်ရင်း ဟစ်အော်ကြိမ်းမောင်းနေခဲ့သည်။
အဘွားကြီးကျောက် တိုးတိုးလေး သတိပေးကာ
“ဒါက ဒုတိယဝင်းလေ၊ အလယ်ဝင်း မဟုတ်ဘူး… ဒါက ဝင်းငါးခုရှိတဲ့ လူနေဝင်းကြီး၊ သူ့မိသားစုက အလယ်ဝင်းထဲမှာ နေတာ”
အဘွားကြီးလျန်သည် ကြောင်သွားပြီးနောက် ကျောက်ရုံကို အလယ်ဝင်းဘက်သို့ ဆွဲခေါ်သွားတော့သည်။
ကျန်ရှိသော လူအုပ်ကြီးသည်လည်း အလျင်အမြန် လိုက်ပါသွားကြ၏။ ဘေးပတ်ဝန်းကျင် ဝင်းအသီးသီးမှ လူများသည်လည်း ပြေးထွက်လာကြပြီး၊ ၎င်းတို့၏ တံခါးဝများမှတစ်ဆင့် ချောင်းကြည့်ကြကာ၊ အချို့ဆိုလျှင် အတွင်းထဲသို့ ဝင်ရောက်လာရန်ပင် ကြံစည်နေကြသည်။
ဘုရားရေ... သူတို့ ဒီလိုပွဲကြီးပွဲကောင်းမျိုးကို တစ်ခါမျှ မမြင်ဖူးဘူး…
ချန်ချင်းယွီသည်လည်း တံခါးကို ချက်ချင်း ပိတ်လိုက်ပြီး အပြင်သို့ ထွက်လာခဲ့၏။ လူအုပ်ထဲသို့ တိုးဝှေ့ဝင်ရောက်ရင်း၊ သူမသည် ကျောက်ရုံကို တစ်ချက်လှမ်းကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။
‘လူတွေကို အမြဲတမ်း ဉာဏ်ဆင်ဖို့ပဲ ကြံစည်နေတာ၊ ခံရတာ ထိုက်တန်ပါတယ်’
အကယ်၍ ကျောက်ရုံသာ စည်းမဲ့ကမ်းမဲ့ မလုပ်ဆောင်ခဲ့လျှင်၊ ချန်ချင်းယွီအနေဖြင့် ဂရုစိုက်နေမည် မဟုတ်ပေ။
သို့သော် သူမသည် အခြားလူများကို ဒုက္ခပေးရန် ကြံစည်နေခဲ့သဖြင့်၊ ထိုအရာကို ခွင့်မပြုနိုင်ပေ။
‘နင်က ငါ့ကိုလာထိရဲမှတော့ ငါက ပြန်ပြီး နင့်သရုပ်မှန်ကို ပြပေးလိုက်တာ မလွန်ဘူးမလား’
ချန်ချင်းယွီသည် ဤပွဲကြီးပွဲကောင်းကို မလွတ်တမ်း ကြည့်ရှုလိုသဖြင့် အားတက်သရော လိုက်ပါသွားခဲ့သည်။ ၎င်းတို့၏ ဝင်းကြီးသည် တစ်ဖန် ပြန်လည် ကျော်ကြားတော့မည်ကို သူမ ဧကန်မုချ သိရှိထား၏။
၎င်းမှာ ကောင်းမွန်သော ကျော်ကြားမှုမျိုး မဟုတ်သော်လည်း၊ ဤဖြစ်ရပ်သည် ကျောက်ရုံ၏ ဂုဏ်သတင်းကို ဖျက်ဆီးပစ်လိုက်ပြီဖြစ်ရာ၊ သူမအနေဖြင့် မည်သူ့ကိုမျှ ထပ်မံ ဉာဏ်ဆင်နိုင်တော့မည် မဟုတ်ပေ။
အဘွားကြီးလျန်သည် ကျောက်ရုံကို ဆွဲကိုင်ထားရင်း
“ယွမ်ဟောက်မင်၊ အပြင်ထွက်ခဲ့စမ်း… နင့်ရဲ့ ဇနီးကောင်းကြီးကို ကြည့်ဦး… ငါ နင့်ကို မေးချင်တာက၊ နင့်မိန်းမ ဘာတွေလုပ်ထားလဲဆိုတာ နင် သိရဲ့လား”
ဤအချိန်တွင် ယွမ်မိသားစုဝင်များသည် အပြင်သို့ ထွက်လာကြသော်လည်း၊ ၎င်းတို့၏ မျက်နှာများမှာ ပျက်ယွင်းနေခဲ့၏။ ယွမ်ဟောက်မင်သည်လည်း ထပ်မံ ဖုံးကွယ်ထား၍ မရတော့ပေ။
“အစ်မကြီး... ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ ကျွန်တော် မသိပါဘူး၊ ဒါပေမဲ့ တစ်စုံတစ်ခု နားလည်မှုလွဲတာ ဖြစ်နိုင်တယ်လို့ ထင်ပါတယ်...”
“နားလည်မှုလွဲတာလား၊ အလကားစကားတွေ… ငါ့ဖင်ကြီးကို နားလည်မှုလွဲတာလား.. တင်မသိဘူးလို့ ငါ့ကို လာမပြောနဲ့၊ ကိုယ့်မိန်းမ ညဘက်တွေမှာ အိမ်မှာမရှိတာ၊ သူမ အပြင်မှာ လင်ငယ်နေတာကို နင်မသိဘူးလား… အဲဒါကို နားလည်မှုလွဲတာလို့ ခေါ်သလား၊ အမျိုးတို့တွေ၊ သူ့အိမ်ထဲ ဝင်ပြီး အကုန် ဖျက်ဆီးပစ်ကြစမ်း”
“အား... မလုပ်ပါနဲ့၊ အိမ်ကို ဖျက်လို့မရပါဘူး”
ယွမ်ဟောက်မင်သည် အလျင်အမြန်ပင် တားဆီးလိုက်ကာ
“ခင်များတို့... အား...”
သူသည် ပြင်းထန်စွာ တွန်းထုတ်ခြင်းခံလိုက်ရပြီး မျက်နှာချင်းအပ်လျက် လဲကျသွားတော့သည်။
“ဘာလုပ်တာလဲ”
“အဖေ”
ယွမ်ဟောက်ဖုန်းသည် အော်ဟစ်လိုက်ပြီး၊ သူ့ကို အလျင်အမြန် ဆွဲထူလိုက်၏။ ဤအခိုက်အတန့်တွင် ကွမ်ထင်းထင်းသည် အခြေအနေကို ရိပ်မိသွားပြီး၊ အိမ်ထဲသို့ ပြေးဝင်ကာ တံခါးကို အတွင်းမှ ဂျက်ထိုးပိတ်လိုက်တော့သည်။
“တံခါးဖွင့်…အခုချက်ချင်း တံခါးဖွင့်စမ်း”
ကွမ်ထင်းထင်း ကြောက်လန့်တုန်လှုပ်နေခဲ့သည်။ သူမသည် ပုံမှန်အားဖြင့် မာနထောင်လွှားတတ်သော်လည်း ယခုအချိန်တွင်မူ လုံးဝကို သွေးပျက်နေပြီ ဖြစ်၏။ သူမ၏ ပုံမှန် မောက်မာရိုင်းစိုင်းမှုနှင့် ဘဝင်မြင့်မှုများမှာ ဟန်ဆောင်မှုသက်သက်သာဖြစ်ပြီး၊ လူအများ ယွမ်ဟောက်ဖုန်းအပေါ် သနားစိတ်ဝင်လာစေရန်နှင့် ထိုမှတစ်ဆင့် အကျိုးအမြတ်ရယူရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ၎င်းမှာ အစစ်အမှန် မဟုတ်ပေ။
သူမသည် တုန်တုန်ရင်ရင်ဖြင့် ထစ်ထစ်အအဖြင့် အလျင်အမြန် ပြောဆိုလိုက်၏။
“ရှင်... ရှင်တို့ တံခါးကို လာမထုကြပါနဲ့.. ရန်ကြွေးမှာ အကြောင်းရှိတယ်၊ အကြွေးမှာ အရှင်ရှိတယ်…အကယ်၍ ကျွန်မ ယောက္ခမမှာ အမှားရှိတယ်လို့ ထင်ရင် သူမနဲ့ပဲ ရှင်းကြပါ၊ သူမနဲ့ပဲ ပြောကြပါ…ဘာလို့ ကျွန်မတို့အိမ်ကို လာဖျက်ဆီးနေရတာလဲ၊ ကျွန်မ ယောက္ခထီးနဲ့ ကျွန်မတို့ကလည်း နစ်နာခံရတဲ့ သားကောင်တွေပဲလေ.. သူမ အပြင်မှာ ဘာတွေလုပ်နေလဲဆိုတာ ကျွန်မတို့ လုံးဝမသိပါဘူး၊ မသိပါဘူး”
သူမသည် ထိန်းမနိုင်သိမ်းမရအောင် စကားများ ထစ်အနေခဲ့သည်။
“ညည်းက လျှောက်လည်ပြီး အဓိပ္ပာယ်မရှိတာတွေ ပြောနေတာပဲ၊ညဘက်ကြီး အိမ်မပြန်တာကို ညည်းတို့က ဘာမှ မရိပ်မိဘူး ဟုတ်လား… ငါ့အမြင်တော့ မင်းတို့အားလုံးက မြွေတွေ ကင်းမြီးကောက်တွေလို တစ်အုပ်စုတည်းပဲ”
ယွမ်ဟောက်မင် : “ကျွန်တော် တကယ် မသိတာပါ”
သူ အော်ဟစ်လိုက်ကာ
“ကျွန်တော့်မိန်းမက မကြာသေးခင်က သူ့အတန်းဖော်ဟောင်း အိမ်မှာ သွားနေတာလေ၊ ကျွန်တော်က ဘယ်လိုလုပ် သိမှာလဲ၊ ဘယ်လိုလုပ် သိမှာလဲ… မကြာသေးခင်က သူမ အတန်းဖော်ဟောင်းတစ်ယောက် နှောင့်ယှက်ခံနေရလို့ ကြောက်နေတာနဲ့၊ ကျွန်တော့်မိန်းမကို အဖော်သွားလုပ်ပေးဖို့ တောင်းဆိုခဲ့တာ၊ ဒီလိုမျိုး... ဒီလိုမျိုး ဖြစ်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ ကျွန်တော် တကယ် မသိခဲ့ပါဘူး”
ယွမ်ဟောက်မင် ဟစ်အော်လိုက်သည်။
အဘွားကြီးလျန် : “ဟင်း... နင်လို လူအ လူတွေပြောသမျှ အကုန်ယုံနေတာပဲ။ နင်က တကယ့်ကို အသုံးမကျတဲ့ ယောက်ျားပဲ… ဒီလို လှည့်ကွက်
အသေးအဖွဲလေးကိုတောင် နင်က ထိုးထွင်းမမြင်နိုင်ဘူး၊ နင်ကတော့ လင်ငယ်ခံရတာ ထိုက်တန်တဲ့ အသုံးမကျတဲ့ကောင်ပဲ”
သူမသည် ဒေါသအလွန်ထွက်နေသော်လည်း၊ အံ့ဩစရာကောင်းသည်မှာ ရှန့်ရှန့်၏ အမည်ကိုမူ စိုးစိမျှ ထုတ်မပြောခဲ့ပေ။
ချန်ချင်းယွီသည် မျက်ခုံးတစ်ချက် ပင့်လိုက်မိပြီး၊ အဘွားကြီးလျန်အနေဖြင့် ကြိုတင်သိရှိခဲ့သည်ဖြစ်စေ၊ မသိရှိခဲ့သည်ဖြစ်စေ၊ ၎င်းတို့ကို လက်ပူးလက်ကျပ် မိပြီးနောက်တွင် ရှန့်ရှန့်ဘက်မှ အခြေအနေများကို သေချာပေါက် သိရှိသွားခဲ့ပြီဟု ခန့်မှန်းလိုက်သည်။ သူမ နှုတ်ဆိတ်နေခြင်းမှာ ရှန့်ရှန့်ကို ပါဝင်ပတ်သက်မှု မရှိစေရန် ရှောင်လွှဲခြင်း ဖြစ်ပေလိမ့်မည်။
အမှန်ပင် ဤလူများသည် အားလုံး တစ်ကျောင်းတည်းဆင်းများ ဖြစ်ကြ၏။
ချန်ချင်းယွီသည် နှုတ်ခမ်းကို တစ်ချက် ပြန်လည်တင်းတင်းစေ့လိုက်ပြီး ချမ်းလွန်းသဖြင့် တုန်တုန်ရီရီ ဖြစ်နေသော ကျောက်ရုံကို လှမ်းကြည့်လိုက်သည်။
“ဘာလုပ်တာလဲ… မမကျောက်ကို လွှတ်လိုက်စမ်းပါ၊ မမကျောက်က အဲဒီလို လူစားမျိုးလို့ ကျွန်တော် မယုံဘူး”
ဝမ်တာ့ချွေသည် ဝင်းအတွင်း၌ အရိုးအဆုံး ယောက်ျားတစ်ဦး ဖြစ်နိုင်ပြီး၊ ယခုအချိန်အထိ ကျောက်ရုံကို ယုံကြည်နေဆဲပင်…
“ခင်များတို့တွေ လွန်သွားပြီ၊ မမကျောက်ရဲ့ ဂုဏ်သတင်းကို ဒီလိုမျိုး ဘယ်လိုလုပ်ပြီး လာစွပ်စွဲနိုင်ရတာလဲ… အပြင် ထွက်ပြီး စုံစမ်းကြည့်လိုက်၊ မမကျောက်က ဘယ်လောက် ကောင်းတဲ့သူလဲဆိုတာ လူတိုင်း သိကြတယ်”
“အဓိပ္ပာယ်မရှိတာတွေ လာမပြောနဲ့။ နင်က ကိုယ့်ကိုယ်ကိုယ် ဘာကောင်ထင်နေတာလဲ ဘာလဲ... နင်ကလည်း ကျောက်ရုံနဲ့ ဖောက်ပြန်နေတာလား”
ဝမ်တာ့ချွေသည် ဒေါသကြောင့် တုန်တုန်ရီရီဖြစ်သွားကာ
“ပေါက်ကရတွေ.. ခင်များတို့တွေ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာပဲ၊ ကျွန်တော့်ရဲ့ ဂုဏ်သတင်းကို ဒီလိုမျိုး ဘယ်လိုလုပ်ပြီး လာဖျက်ဆီးနိုင်ရတာလဲ၊ ကျွန်တော်က အပြစ်ကင်းတဲ့ ယောက်ျားတစ်ယောက်ပါ၊ မမကျောက်နဲ့ ကျွန်တော်က လုံးဝ အပြစ်ကင်းစင်ပါတယ်… ခင်များတို့ ဒီလိုမျိုး မဟုတ်မမှန် စွပ်စွဲပုတ်ခတ်တာတွေကို ကျွန်တော် လုံးဝ သည်းမခံနိုင်ဘူး”
“ယွမ်ဟောက်ရွှယ်... မင်းတို့တွေ ဘာရပ်ကြည့်နေကြတာလဲ၊ မင်းတို့အမေအတွက် အဝတ်အစား အမြန် သွားရှာပေးလေ၊ မင်းတို့တွေ ဒီလိုမျိုး ဘယ်လိုလုပ်ရက်ရတာလဲ”
လူတိုင်း ဝမ်တာ့ချွေကို ကြည့်လိုက်ကြသည်။
“သူကတော့ တကယ့်ကို ခေါင်းမာတဲ့ ငတုံးပဲ”
အဘွားကြီးကျောက် သက်ပြင်းချလိုက်၏။
ကျန်ရှိသော လူများမှာလည်း တိတ်ဆိတ်စွာဖြင့် ခေါင်းညိတ်ထောက်ခံကြသည်။
လက်ရှိ အခြေအနေတွင်မူ ကျောက်ရုံ၌ အပြစ်ရှိကြောင်းကို မည်သူမဆို မြင်တွေ့နိုင်၏။
မဟုတ်လျှင် ဤမျှအထိ အုန်းအုန်းကျွက်ကျွက် ပြဿနာတက်မည် မဟုတ်ပေ။
ကျောက်ရုံတွင်လည်း တာဝန်ရှိသလို၊ တစ်ဖက်အမျိုးသားတွင်လည်း တာဝန်ရှိသည်၊ သို့သော်လည်း ၎င်းတို့မှာ ဝုန်းဒိုင်းကြဲ ပြဿနာရှာနေကြ၍ သူတို့ကို လက်ပူးလက်ကျပ် မိခဲ့ခြင်းမှာ ထင်ရှားလှ၏။
ကျောက်ရုံကိုယ်တိုင်ပင် မည်သည့်စကားမျှ ထပ်မံ မပြောရဲတော့ပေ။
သို့သော် ဝမ်တာ့ချွေမှာ သူမတွင် အပြစ်မရှိကြောင်း ပြောဆိုရန် ဝံ့ရဲနေဆဲပင် ဖြစ်သည်။
တကယ့် ခေါင်းမာသည့် ငတုံးကြီး…
အဘွားကြီးလျန် : “ဒီငတုံးက ဘယ်က ထွက်လာတာလဲ… မင်း စိတ်မမှန်ရင် ဒီနေရာကနေ ထွက်သွားစမ်း၊ ဒါက မင်းနဲ့ ဘာဆိုင်လို့လဲ.. သွားစမ်း”
“မရဘူး… ခင်များတို့ မမကျောက်ကို လွှတ်ပေးရမယ်... အား”
အဘွားကြီးလျန် သူ့ကို လှမ်းကုတ်ဆွဲကာ
“ဒီခွေးကောင်... ငါ မင်းကို မျက်နှာပေးထားတာနော်… ဒါက ငါ့ကိစ္စပဲ၊ မင်းနဲ့ ဘာဆိုင်လဲ၊ မင်းကို ငါ ကုတ်သတ်ပစ်မယ်… အစ်ကိုကြီး၊ အစ်ကိုလတ်... သူ့ကို ရိုက်ကြစမ်း”
“အား”
လူငယ်အချို့သည် ရှေ့သို့ အပြေးအလွှား တိုးဝင်သွားကြသည်။
မာကျန့်ယီ အော်ဟစ်ကာ
“မရိုက်ပါနဲ့တော့… မရိုက်ပါနဲ့တော့၊ငါတို့ ကောင်းကောင်းမွန်မွန် စကားပြောကြရအောင်”
“ကောင်းကောင်းမွန်မွန် ပြောရမယ် ဟုတ်လား…သူ့ကို ရိုက်စမ်း”
“နင်က ကိုယ့်ကိုယ်ကိုယ် ဘာကောင်ထင်နေလဲ… ငါ့လင်ကိုတောင် ငါ ပြန်ရိုက်တာဟဲ့၊ ငါ့ကို လာတားတဲ့သူမှန်သမျှ အကုန်ရိုက်မယ်… တောက်... ငါက ဒီလောက် အသက်ကြီးမှ လင်ခိုးခံရတယ်လို့၊အား... ဒေါသထွက်လိုက်တာ”
အခင်းဖြစ်ပွားရာ နေရာသည် ချက်ချင်းပင် ပရမ်းပတာ ဖြစ်သွားတော့၏။ ဤခက်ထန် ကြမ်းတမ်းလှသော အဘွားကြီး၏ တိုက်ခိုက်နိုင်စွမ်းမှာ အဘွားကြီးကျောက်နှင့် ရင်ဘောင်တန်းနိုင်ပေသည်။ သူမသည် ရှေ့သို့ တိုးဝင်ကာ ကျောက်ရုံကို ဖမ်းဆွဲပြီး သူမ၏ တင်ပါးကို ကန်ထုတ်လိုက်၏။ သူမ၏ ကျန်ရှိသော မိသားစုဝင်များသည်လည်း ပြေးဝင်လာကြပြီး ယွမ်မိသားစု သားအဖနှစ်ဦးကို လက်သီးဖြင့်ထိုး၊ ခြေထောက်ဖြင့် ကန်ကြတော့သည်။ ယွမ်ဟောက်ရွှယ်သည် သူမ၏ ညီမငယ်၏ လက်ကို ဆွဲကိုင်ထားရင်း မည်သည့်စကားမျှ မပြောရဲကာ ထောင့်တစ်နေရာ၌ ကပ်နေခဲ့၏။
သူမသည် အစမှအဆုံးတိုင် မည်သည့်အသံမျှ မထွက်ဝံ့ပေ။ ကွမ်ထင်းထင်းမှာလည်း အိမ်ထဲ၌ ပုန်းအောင်းနေသဖြင့် ဤဘေးဒုက္ခမှ လွတ်မြောက်ခဲ့သည်။
“ဟောက်ဖုန်း... ဟောက်ဖုန်း... ကျေးဇူးပြုပြီး ဟောက်ဖုန်းကို မရိုက်ကြပါနဲ့... ဟောက်ဖုန်းက ဘာမှ လုံးဝ မသိပါဘူး...”
ကွမ်ထင်းထင်း အထဲမှ အော်ဟစ်ငိုယိုနေခဲ့၏။
“မချကြနဲ့တော့၊ မချကြနဲ့တော့…မင်းတို့က ငါတို့ ဝင်းထဲအထိ လာပြီး ဘယ်လိုတောင် သောင်းကျန်းရဲရတာလဲ”
“ဘုရားရေ... အမေလေး”
အခင်းဖြစ်ပွားရာ နေရာသည် ကသောင်းကနင်း ဖြစ်နေခဲ့သည်။ ချိုက်မင်မင် လက်လှမ်းပြကာ
“ရှောင်ချန်... ငါ့အိမ်ထဲ လာခဲ့၊ ငါ့အိမ်ထဲ လာခဲ့”
ချန်ချင်းယွီသည် လူအုပ်ထဲသို့ တိုးဝင်သွားသော်လည်း၊ ချိုက်မင်မင်မှာ
“အိမ်ထဲမှာက ပိုပြီး ဘေးကင်းပါတယ်၊ အလိုလေး... မြို့ကလူတွေက တကယ်ကို ကြောက်စရာကောင်းတာပဲ”
ချန်ချင်းယွီ : “...”
အဘွားကြီးလျန်ဟူသော ထိုကျားမကြီးမှာ လွယ်လွယ်နှင့် ရင်ဆိုင်ရမည့်သူ မဟုတ်ပေ။ သူမသည် ကျောက်ရုံကို ဖမ်းဆွဲကာ ရိုက်နှက်နေခဲ့ပြီး၊ ကျောက်ရုံမှာမူ ပြန်လည်တိုက်ခိုက်နိုင်စွမ်း မရှိဖြစ်နေရှာ၏။
သူမသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ
“အားလုံးပဲ လာကြည့်ကြစမ်း ဒီကျောက်ရုံဆိုတဲ့ မိန်းမကို မှတ်ထားကြဟေ့… သူက အသက်လည်း မငယ်တော့ဘူး၊ သားသမီးတွေလည်း အကုန် အရွယ်ရောက်ကုန်ပြီ၊ ဒါပေမဲ့ မရိုးမသား ဖြစ်နေတုန်းပဲ… သူက ငါ့အဘိုးကြီးကို တကယ်ပဲ ဖြားယောင်းခဲ့တာ… ငါကိုယ်တိုင် အရှက်မရှိတဲ့ အဲ့ဒီနှစ်ယောက်ကို အိပ်ရာထဲမှာ လက်ပူးလက်ကျပ် မိခဲ့တာဟဲ့၊ သူတို့က ဘယ်လောက်တောင် ဝံ့ရဲလိုက်သလဲ၊ ငါ မိတဲ့အချိန်တုန်းက သူတို့က ပျော်ပါးနေကြတာ… တောက်... ဒီနှစ်ယောက် ဘယ်လောက်တောင် ယုတ်မာညစ်လိုက်လဲဆိုတာ…. နှစ်ယောက်လုံးက အသုံးမကျဘဲ အိုစနာကျလို့ ဆေးကိုပဲ အားကိုးနေရတဲ့သူတွေ၊ ဒါပေမဲ့ အပြင်မှာ သောင်းကျန်းဖို့ကျတော့ လက်မနှေးကြဘူး… ငါ သူတို့ကို မရိုက်ရင် ဘယ်သူ့ကို သွားရိုက်ရမလဲ”
သူမ ဆက်လက်၍
“ကျောက်ရုံက နူးညံ့သိမ်မွေ့တယ် ဟုတ်လား… အလိုလိုက်အကြိုက်ဆောင်တတ်တယ် ဟုတ်လား… ညည်းက လူကောင်းယောင် ဟန်ဆောင်နေတယ်ပေါ့ ဟုတ်လား… ညည်းက ဟန်ဆောင်တာ အရမ်းကျွမ်းကျင်တယ်ပေါ့… ဒါပေမဲ့ ညည်းကို ငါ ရိုက်သတ်ပစ်မယ်၊ ရိုက်သတ်ပစ်မယ်”
ကျောက်ရုံသည် အပြင်းအထန် ရိုက်နှက်ခြင်း ခံလိုက်ရသဖြင့် ပြန်လည်တိုက်ခိုက်ရန် မဝံ့ရဲသလို၊ ဆူညံသံပင် မပြုလုပ်ရဲရှာပေ။
သူမသည် သူမ၏ ခေါင်းကို အုပ်ထားရင်း တရှုံ့ရှုံ့ ငိုကြွေးနေခဲ့သည်။
“ညည်းမှာ နာမည်ကောင်း ရှိတယ်လို့ ငါကြားမိတယ်၊ တောက်... လူတိုင်းက ညည်းရဲ့ လှည့်စားမှုကို ခံခဲ့ရတာပဲ… ညည်းလို နှလုံးသားမရှိတဲ့ သရုပ်ပျက်မ၊ ညည်းရဲ့ လင်ပါသမီးလေးက မထွက်ခွာခင်မှာ ညည်းကို ဖော်ထုတ်သွားတာ အံ့ဩစရာ မရှိတော့ပါဘူး၊ ညည်းတို့ မိသားစုက တကယ်ကို ယုတ်မာညစ်ပတ်ကြတာ… ငါ့အမြင်တော့ အဲဒီမိန်းကလေးက လူကောင်းပဲ၊ သူမက အမှန်အတိုင်း ပြောခဲ့တာ… ဒီငတုံးတွေက စိတ်ထဲမထားကြတာ နှမြောစရာပဲ၊ ညည်းကတော့ လူလိမ်မကြီး… ဟန်ဆောင်တာ ဘယ်လိုတောင် ကျွမ်းကျင်လိုက်သလဲ၊ ညည်းကို ငါ ရိုက်သတ်ပစ်မယ်…ညည်းကို ငါ ရိုက်သတ်ပစ်မယ်၊ ဖာသည်မ”
ဖြောင်း... ဖြောင်း... ဖြောင်း...
ရိုက်နှက်သံများမှာ နားကွဲလုမတတ် ဆူညံလှသည်။
“အဲဒီ အဘိုးကြီးစုတ် ဘယ်ရောက်သွားလဲ။ သူ ဘယ်ပြေးတာလဲ”
ထိုအဘွားအိုသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ပြီးနောက်၊ လူအုပ်ကြီး၏ နောက်ဘက်တွင် ကပ်နေသော အဘိုးကြီးတစ်ဦးကို ဖမ်းဆွဲလိုက်သည်။ လူတိုင်း လှမ်းကြည့်လိုက်ကြရာ ~~
အလိုလေး…
ဤအဘိုးကြီးသည် အပေါက်အပြဲများဖြင့် ပြည့်နှက်နေသော ဆွယ်တာအင်္ကျီတစ်ထည်နှင့် အတွင်းခံအင်္ကျီတို့ကို ဝတ်ဆင်ထား၏။
ဤဆွယ်တာင်္အကျီ... ဆုတ်ဖြဲခံထားရသည်မှာ မကြာသေးသည့် ပုံစံမျိုး ဖြစ်သည်။
သူသည် အလွန် ဆိုးဝါးသောအခြေအနေတွင် ရှိနေခဲ့ပြီး၊ ဆံပင်အများအပြားမှာ ဆွဲနှုတ်ခြင်း ခံထားရကာ၊ မျက်နှာတစ်ခုလုံးလည်း ဖူးရောင်ညိုမည်းနေခဲ့၏။
“နင်တို့လို အောက်တန်းစား ဖောက်ပြန်တဲ့စုံတွဲ၊ နင်တို့ကို ငါ ရိုက်သတ်ပစ်မယ်… နင်လို အရှက်မရှိတဲ့ကောင်၊ အိမ်မှာဆိုရင် အလုပ်တစ်ခုမှ မလုပ်ဘဲ၊ အပြင်မှာကျတော့ မှီဝဲပြီး အလုပ်ရှုပ်နေတယ် ဟုတ်လား… နင်က မယားငယ်ထားချင်ပေါ့… လာခဲ့စမ်း… နင်က လျှောက်ပွေရှုပ်ချင်တယ်ပေါ့… လာခဲ့စမ်း… အိမ်မှာကျတော့ ငြိမ်နေပြီး ဘာမှမလုပ်တတ်သလိုနဲ့ လာခဲ့စမ်း နင့်ကို ငါ ရိုက်သတ်ပစ်မယ်”
သူမသည် ထိုနှစ်ဦးကို ဖမ်းဆွဲကာ ထပ်ခါတလဲလဲ ဆက်တိုက် ရိုက်နှက်တော့သည်။
ဤစကားကို ကြားရလျှင် ထိုနေရာရှိ လူငယ်များမှာ မျက်နှာရဲသွားကြ၏။
အယ်... ရှင်တို့အားလုံးက ဒီလောက်အထိ အသက်ကြီးနေကြပြီကို၊ ဒီလိုမျိုး အရာတွေကို နှစ်သက်နေကြတုန်းပဲလား…
“နင် ငါ့အပေါ် သစ္စာဖောက်တာကို ငါ သင်ခန်းစာပေးပြမယ်”
“မရိုက်ပါနဲ့တော့… ဘာတွေဖြစ်နေတာလဲ၊ ငါတို့ ကောင်းကောင်းမွန်မွန် စကားပြောကြရအောင်… ဒီလောကမအထိ ဆူညံနေတာက ကိစ္စရပ်တွေကို ပိုပြီး ကြီးထွားစေလိမ့်မယ်၊ ပြီးတော့ ခင်များတို့အတွက်လည်း မကောင်းပါဘူး… အားလုံးပဲ ရပ်ကြပါတော့”
မာကျန့်ယီ၏ အသံမှာ အော်ဟစ်လွန်းသဖြင့် ပြာဝင်နေပြီဖြစ်သော်လည်း၊ မည်သူမျှ ဂရုမစိုက်ကြသလို၊ မည်သူမျှလည်း သူ့စကားကို နားမထောင်ကြပေ။
ဝင်းအတွင်းရှိ လူများသည်လည်း ကြားထဲဝင်၍ ဝင်မတားရဲကြပေ။
မမြင်ကြဘူးလား…
ဝမ်တာ့ချွေတောင် အလကားနေရင်း အမြည်းအဖြစ် ရိုက်နှက်ခံနေရတာလေ… မထိရဲပါဘူးဗျာ…
၎င်းတို့မှာ လူအများအပြား ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ပြီး လွယ်လွယ်နှင့် စနောက်၍ရမည့်သူများ မဟုတ်ပေ။ အမှန်စင်စစ် ဝင်းထဲတွင် လူအင်အား ပိုမိုများပြားပြီး အမျိုးသားဦးရေမှာ ပိုမိုများပြားသော်လည်း၊ ဤကဲ့သို့သော ကိစ္စရပ်မျိုးတွင် မည်သူ ရှေ့သို့ ပြေးထွက်ကာ ကူညီမည်နည်း။
ဒါကြီးက ရှက်စရာကြီးလေ…
အကယ်၍ တကယ် ကူညီလိုက်ပါက၊ လူအများသည် သူတို့အပေါ် မည်သို့ တွေးတောကြမည်နည်း။ သူတို့သည်ပင် ကျောက်ရုံနှင့် တစ်ခုခု ပတ်သက်မှု ရှိနေသည်ဟု ထင်မြင်သွားနိုင်ပေသည်။
ထို့ကြောင့် ဝင်း၏ တာဝန်ခံဖြစ်ပြီး ကူညီရန် အော်ဟစ်နေသော မာကျန့်ယီမှတစ်ပါး၊ အခြားမည်သူမျှ ရှေ့သို့ တိုးမလာဝံ့ကြပေ။
ခွမ်း...
ခွမ်း... ခွမ်း...
ယွမ်မိသားစုအိမ်၏ ပြတင်းပေါက်မှန်များအားလုံးသည် ရိုက်ခွဲခြင်း ခံလိုက်ရ၏။
ချိုက်မင်မင်သည် ချန်ချင်းယွီ၏ လက်ကို လှမ်းဆွဲလိုက်သည်။ သူမသည် ချန်ချင်းယွီထက် အသက်ကြီးသော်လည်း ယခုအခိုက်အတန့်တွင်မူ ချန်ချင်းယွီလောက် သတ္တိမရှိပေ။
“ဘုရားရေ... ပြတင်းပေါက်တွေကို ဒီလိုပဲ ရိုက်ခွဲပစ်လိုက်တာလား…မှန်တစ်ချပ်ကို အနည်းဆုံး နှစ်ယွမ် သုံးယွမ်လောက်တော့ ပေးရမယ် မဟုတ်လား”
ဒီအတိုင်းကြီး ရိုက်ခွဲပစ်လိုက်တာလား…
ဒါသာ သူတို့ကျေးရွာမှာဆိုရင်တော့ ကိစ္စအကြီးအကျယ် ဖြစ်နေလောက်ပြီ…
ချန်ချင်းယွီ : “ရပါတယ်၊ ဒါက ကိစ္စအကြီးကြီး မဟုတ်ပါဘူး… ပြတင်းပေါက် မှန်ခွဲတာက ကျွန်မတို့ဝင်းရဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ်ပဲလေ”
ချိုက်မင်မင် : “...”
သူမ တကယ့်ကို လောကကြီးကို အမြင်ကျဉ်းနေခဲ့တာပဲ…
မြို့ကလူတွေက တကယ် ကြောက်စရာကောင်းလိုက်တာ…
အဘွားကြီးလျန်နှင့် သူမ၏အုပ်စုသည် ပြတင်းပေါက်မှန်ကို ရိုက်ခွဲလိုက်ကြသော်လည်း အထဲသို့မူ ပြေးမဝင်ကြဘဲ ရပ်တန့်သွားခဲ့ကြသည်။
မည်သို့ပင်ဖြစ်စေ ယွမ်မိသားစု သားအဖနှစ်ဦးမှာ အလဲလဲအကွဲကွဲ အထုခံထားရပြီ ဖြစ်၏။
ကွမ်ထင်းထင်း အထဲတွင် ဝပ်နေပြီး၊ ယွမ်မိသားစု ညီအစ်မနှစ်ဖော်ဖြစ်သည့် ဟောက်ရွှယ်နှင့် ဟောက်ယွဲ့တို့မှာမူ လူအုပ်ကြီး၏ နောက်ဘက်တွင် ပုန်းအောင်းနေကြရာ ဘယ်ရောက်သွားမှန်းပင် မသိရတော့ပေ။ သူတို့အနေဖြင့် ယွမ်မိသားစု သားအဖကို အသေအရိုက်ခံ၍ မဖြစ်ပေ။
ချိုက်မင်မင် : “ဟေး... နေပါဦး... ဟောက်ရွှယ်နဲ့ ဟောက်ယွဲ့တို့ ဘယ်ရောက်သွားတာလဲ”
ချန်ချင်းယွီ : “မမြင်မိဘူး”
မာကျန်းမှာ တိုးတိုးလေး ပြောလိုက်၏။
“သူတို့ ဟိုမုခ်ဝဆီကနေ တွားသွားပြီး ထွက်ပြေးသွားတာ ငါမြင်လိုက်တယ်”
ချန်ချင်းယွီ : “သူတို့ ထွက်ပြေးသွားကြတာလား… တကယ့် သမီးလိမ္မာလေးတွေပဲ”
ချိုက်မင်မင် : “...ရှင်တို့ မြို့ကလူတွေက တကယ်ကို နက်နဲလွန်းတယ်…ရှုပ်ထွေးလွန်းတယ်”
ချန်ချင်းယွီ : “...”
ငါတို့က ရှုပ်ထွေးနေတာ မဟုတ်ဘူး၊ ယွမ်မိသားစုက တကယ့်ကို အတ္တကြီးလွန်းတာ…
ဒါက မျိုးရိုးလိုက်တာပဲ ဖြစ်ရမယ်…
ဤအခိုက်အတန့်တွင် ယွမ်ဟောက်မင်မှာ အော်ဟစ်ကာ
“မင်းတို့ အဓိက ဘာကို လိုချင်နေတာလဲ… ငါတို့ကလည်း နစ်နာခဲ့ရတဲ့ သားကောင်တွေပဲလေ၊ ဘာလို့ ငါ့ကို လာရိုက်ရတာလဲ… မင်းတို့က ဘာလို့ ဒီလောက်တောင် အကျိုးအကြောင်း မသ်ရတာလဲ”
“တောက်... ဟန်ဆောင်မနေနဲ့… နင်တို့က နစ်နာရတဲ့ သားကောင်တွေ ဟုတ်လား… နင့်မိန်းမက ငါ့အဘိုးကြီးစုတ်ကို ဖြားယောင်းတာ၊ သူမက ဘာအကျိုးအမြတ်မှ မရဘဲ လုပ်မလား… အိမ်ကိုရော ဘာမှ ယူမလာဘူးလား၊ နင်တို့အားလုံးက အကျိုးအမြတ် ရရှိခဲ့ကြတာပဲ၊ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အပြစ်ကင်းတယ်လို့ လာမပြောနဲ့… အပြစ်ကင်းတယ် ဟုတ်လား နင့်မေလင်ကို အပြစ်ကင်းတာလား… လာမပြောနဲ့ငါ လုံးဝမယုံဘူး”
အဘွားကြီးလျန်၏ အတွေးအခေါ် လော့ဂျစ်သည် အတော်လေး ရှင်းလင်းလှသည်။
သူမ ထပ်မံ အော်ဟစ်လိုက်ကာ
“နင်တို့ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ နင်တို့အားလုံးက အကျိုးအမြတ် ရရှိခဲ့ကြတာပဲ… ငါ နင်တို့ကို ရိုက်တော့ ဘာဖြစ်လဲ၊ အကယ်၍ နင်က ကိုယ့်မိန်းမကို ထိန်းသိမ်းခဲ့ရင်၊ ဒီလောက်အထိ ပြဿနာတွေ ရှိလာမှာ မဟုတ်ဘူး… ဩော်... ငါနားလည်ပြီ၊ နင်က နှလုံးသားမရှိတဲ့ ယောက်ျားပဲ၊ ဒါကြောင့် ဒီလိုအရာတွေကို ဂရုမစိုက်တာနေမှာပေါ့၊ ကိုယ့်ကိုယ်ကိုယ်ပဲ ဂုဏ်မောက်နေတာ… နင့်ရဲ့ ဂုဏ်သတင်းကလည်း ဘာမှ ပိုကောင်းမလာပါဘူး၊ ဟဲဟဲ... နင်တို့ မိသားစုရဲ့ ကိစ္စတွေကို လူတိုင်း သိကုန်ကြပြီ… ဘာလို့ လူကောင်းဟန်ဆောင်နေသေးတာလဲ..ထွီ”
သူမသည် အော်ဟစ်ဆဲဆိုပြီးနောက် ကျောက်ရုံကို တစ်ဖန် ပြန်လည်ဖမ်းဆွဲလိုက်၏။
“ညည်းက ဟန်ဆောင်တာ တကယ်တော်တာပဲ… လူတွေ ဘယ်လောက်တောင် အကောင်းမြင်အောင် လှည့်စားထားလဲ ကြည့်ဦး၊ ဒီလို ဂုဏ်သတင်းမျိုးကိုတောင် ပြောင်းပြန်လှန်နိုင်တယ်၊ ညည်းက တကယ် တော်တာပဲ… ဒါပေမဲ့ ငါ ညည်းကို ပြောလိုက်မယ်၊ ငါ ညည်းရဲ့ မျက်နှာဖုံးကို ခွာချပစ်မယ်… ညည်းက ဘယ်လိုလူစားမျိုးလဲဆိုတာ လူတိုင်းကို သိအောင် လုပ်မယ်၊ ယွမ်ဟောက်မင်... ငါ နင့်ကို ပြောလိုက်မယ်၊ နင့်မိန်းမက ငါ့အဘိုးကြီး တစ်ယောက်တည်းနဲ့ပဲ ဖောက်ပြန်နေတယ်လို့ ထင်နေတာလား… သူမမှာ အပြင်မှာ တခြားယောက်ျားတွေလည်း ရှိသေးတယ်၊ သူမက ယောက်ျားအများကြီးနဲ့ ဖောက်ပြန်နေတာ… သူတို့အားလုံးက နင်တို့ စက်ရုံကပဲ၊ သူမရဲ့ အသက်ကြီးတာကို ကြည့်မနေနဲ့… လူငယ်တွေကို ရှာမတွေ့ရင် အဘိုးကြီးတွေကို ရှာတာ၊ အကျိုးအမြတ်ရှိရင် ဘာမဆို လုပ်မယ့်သူမျိုးပဲ”
“ဟာ...”
“ဟေး... နေပါဦး၊ ဒါက အဟုတ်လား၊ အလကားလား”
“ဘယ်သူသိမှာလဲ ကျောက်ရုံက အဲဒီလို လူစားမျိုး မဟုတ်လောက်ပါဘူးနော်… သူမမှာ အလုပ်အကိုင် ရှိတယ်၊ ပြီးတော့ အတော်လေးလည်း ကောင်းပါတယ်”
“ဘာတွေ ပြောနေတာလဲ… အဲ့ကျားမကြီး ပြောတာကို မကြားဘူးလား၊ အကျိုးအမြတ် ရှိနေသရွေ့တော့ ဘယ်သူက အကျိုးအမြတ် များတာကို ငြင်းမှာလဲ”
“နားလည်မှုလွဲတာများလား”
“ဘာ နားလည်မှုလွဲတာလဲ… ငါတော့ မထင်ဘူး၊ ဒီလောက်အထိ နားလည်မှုလွဲစရာတွေ မရှိပါဘူး၊ အကယ်၍ ဘာမှ မရှိရင် သူမက ဒီလောက်အထိ ဒေါသထွက်ပါ့မလား… ဟိုအဘိုးကြီး အထုခံထားရတာကို ကြည့်ဦး၊ သူမက ကိုယ့်လင်ကိုယ်တောင် မချန်ဘူး။ သူမက ကျောက်ရုံကို လွှတ်ပေးပါ့မလား.. ကျောက်ရုံမှာ အပြစ်မရှိဘူးလို့ ငါမထင်ဘူး”
“ဒါဆိုရင် ဒီလိုကြည့်ရင်၊ ယွမ်ရှောင်ချွေက ကျောက်ရုံအပေါ် စွပ်စွဲခဲ့တာတွေအားလုံးက တကယ်ပဲ ပုတ်ခတ်တာ မဟုတ်ဘူးပေါ့.. သူမက လူကောင်းမဟုတ်ဘူး၊ ယွမ်ရှောင်ချွေက သူမအကြောင်းကို ပိုပြီး သိနေတာပဲ”
“အမှန်ပဲ”
လူတိုင်း တဝီဝီဖြင့် ဝိုင်းဝန်းဆွေးနွေးနေကြပြီး၊ ယခုအခါ ၎င်းတို့၏ ဝင်းအတွင်း၌ လူများဖြင့် ပြည့်နှက်ညပ်ပိတ်နေခဲ့သည်။
ကျောက်ရုံသည် လုံးဝ စိတ်ပျက်
အားငယ်သွားခဲ့၏။ သူမသည် မိမိကိုယ်မိမိ ဤကဲ့သို့သော အခြေအနေမျိုးသို့ ရောက်ရှိလိမ့်မည်ဟု တစ်ခါမျှ မတွေးတောခဲ့မိပေ။ သူမသည် ရှန့်ရှန့်၏ နေရာကို အမြဲတမ်း ဘေးကင်းသည်ဟု ထင်မှတ်ခဲ့ပြီး၊ မည်သူမျှ ပြဿနာလာရှာဝံ့မည် မဟုတ်ဟု ယူဆကာ သိပ်ပြီး ဂရုမစိုက်ခဲ့ပေ။ ၎င်းတို့နှစ်ဦး ပျော်ပါးနေကြစဉ်တွင် ဤလူများ ရုတ်တရက် ဝင်ရောက်စီးနင်းခဲ့ကြခြင်း ဖြစ်သည်။
ထိုအချိန်၌ သူမသည် အထူးပင် ကြိုးစားအားထုတ်နေခဲ့ခြင်း ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ထိုအဘိုးကြီးသည် သူမအား ပလတ်စတစ်စက်ရုံတွင် တရားဝင်အလုပ်တစ်ခု ပေးခဲ့သောကြောင့် ဖြစ်သည်။
အလုပ်အကိုင် ရှားပါးနေချိန်တွင် အလုပ်တစ်ခု ရှာဖွေရန် မဖြစ်နိုင်သော်လည်း၊ ယခုအခါ သူမ၏ သမီးဖြစ်သူသည် အမြဲတမ်းဝန်ထမ်း ဖြစ်လာခဲ့ပြီဖြစ်ပြီး အခွင့်အလမ်းများ ပိုမိုများပြားလာခဲ့သည်။ သို့သော် သူမသည် ပိုမိုရရှိသည်ကို ငြင်းပယ်ရန် စိတ်ကူးမရှိပေ။ ဤအလုပ်ကို တစ်ထောင် သို့မဟုတ် ရှစ်ရာယွမ်ဖြင့် အလွယ်တကူ ပြန်လည်ရောင်းချနိုင်ရုံမျှမက၊ အခြားလူများထံမှ ကျေးဇူးတင်ခံရမှုများကိုလည်း အများအပြား ရရှိနိုင်ပေ၏။
လွန်ခဲ့သော နှစ်နှစ်အတွင်းကျေးလက်ဒေသ ကူညီရေး လုပ်ငန်းစဉ်များသည် ပိုမိုရေပန်းစားလာခဲ့ပြီး၊ ဤအလုပ်အကိုင်များအတွက် လိုအပ်သော ငွေကြေးများမှာလည်း ပိုမိုမြင့်တက်လာခဲ့သည်။
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်တွင် ရာဂဏန်းမျှသာ ရှိသော်လည်း၊ ယခုအခါ ပေကျင်းတွင် တစ်ထောင် သို့မဟုတ် ရှစ်ရာယွမ်အထိ ရှိနေပြီ ဖြစ်၏။
ထိုအဘိုးကြီးသည် အငြိမ်းစားယူတော့မည် ဖြစ်သော်လည်း၊ သူ အငြိမ်းစားမယူမီတွင် သူမအား ဤမျှကြီးမားသော အကျိုးအမြတ်ကို ပေးအပ်ခဲ့သဖြင့်၊ သူမအနေဖြင့် သဘာဝအတိုင်းပင် ကောင်းမွန်စွာ စွမ်းဆောင်လိုခဲ့သည်။
ဘယ်သူက ထင်မှာလဲ...
ကျောက်ရုံသည် လူများကို လှည့်စားရာတွင် အလွန်ကျွမ်းကျင်သော်လည်း၊ ယခုအချိန်တွင်မူ သူမသည် ဘာလုပ်ရမှန်းမသိ လမ်းပျောက်နေခဲ့၏။ ဤအခြေအနေမျိုးတွင် သူမအနေဖြင့် ရုန်းထွက်ရန် တကယ့်ကို ခက်ခဲလှသည်။ သူမ မည်သို့ပင် ပြောဆိုပါစေ အလဟဿ ဖြစ်ပေလိမ့်မည်။ ရှန့်ရှန့်ပင်လျှင် အရိုက်ခံခဲ့ရပြီး ရှန့်ရှန့်၏ အိမ်သည်လည်း မွှေနှောက်ဖျက်ဆီးခြင်း ခံခဲ့ရ၏။
ဤလူများသည် လက်လျှော့ခြင်းမရှိကြဘဲ၊ သူမ အိမ်အထိတိုင်အောင် ပြဿနာရှာဝံ့ကြသည်။
ကျောက်ရုံသည် ဒေါသအလွန်ထွက်မိ၏။
ကိုယ်ကျင့်တရား ကိစ္စက ဒီလောက်အထိ အရေးကြီးသလား…ဒါက ကိစ္စကြီးတစ်ခုမို့လို့လား..
သူတို့ ဤမျှအထိ လုပ်ဆောင်ကြသည်မှာ တကယ့်ကို ယုတ်မာလွန်းလှသည်။
ကျောက်ရုံသည် မုန်းတီးစိတ်များဖြင့် ပြည့်နှက်နေသော်လည်း၊ မိမိသည် ၎င်းတို့၏ လက်ထဲတွင် ရောက်ရှိနေသည်ကို သိရှိထား၏။ အကယ်၍ သူမ ပြန်လည်ငြင်းခုံပါက ပိုမိုပြင်းထန်စွာ ရိုက်နှက်ခံရမည်ဖြစ်သဖြင့်၊ တိတ်တိတ်နေခြင်းသည် ပို၍ ကောင်းမွန်ပေလိမ့်မည်။ ရှန့်ရှန့်... ရှန့်ရှန့်မှာ သူမကို သေချာပေါက် ကူညီပေးလိမ့်မည်။
ဘာပဲဖြစ်ဖြစ် ရှန့်ရှန့်က သူမဘက်က ရပ်တည်ပေးမှာပါ…
သူမအနေဖြင့်...
ယခုအချိန်တွင် သည်းခံရုံမျှသာ တတ်နိုင်တော့သည်။
သူမသည် လက်ရှိတွင် သည်းခံရုံမှတစ်ပါး အခြားမရှိပေ။
“နင်တို့အားလုံး နက်တို့ယောက်ျားတွေကို သေချာစောင့်ကြည့်ထားကြ… ဒီမိန်းမက အရှက်မရှိဘူး၊ ငါ့အဘိုးကြီးကို ကြည့်ဦး၊ သူမက ဒါကိုတောင် ကြိုက်သေးတာ… သူမက လုံးဝ အစား မရွေးဘူး… သူမကတော့...”
အဘွားကြီးလျန် အော်ဟစ်ဆဲဆိုနေခဲ့၏။
ထိုစဉ် အပြင်ဘက်မှ ဆူညံသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဖယ်ကြပါ၊ ဖယ်ကြပါ၊ အားလုံးပဲ ဖယ်ပေးကြပါ”
“ကျေးဇူးပြုပြီး ဖယ်ပေးကြပါ၊ ငါတို့က ရဲစခန်းကပါ...”
သန်းခေါင်ယံအချိန်ကြီးတွင် ဤကဲ့သို့သော အရာမျိုး ဖြစ်ပျက်လိမ့်မည်ဟု မည်သူက ထင်မှတ်ပါမည်နည်း။ သို့သော် တစ်စုံတစ်ယောက်သည် ရဲတိုင်ခဲ့သည်မှာ အမှန်ပင်။
သို့သော်လည်း အဘွားကြီးလျန်မှာ ယဉ်ကျေးပျော့ပျောင်းခြင်း မရှိခဲ့ပေ။
“ဒါက ငါတို့ မိသားစုကိစ္စပဲ… မင်းတို့ လာလည်း ဘာမှ အကူအညီမဖြစ်ဘူး… ဒီဖာသည်မက ငါ့အဘိုးကြီးကို ဖြားယောင်းခဲ့တာ၊ ငါ သူမကို မဆုံးမဘူးဆိုရင်… ငါ့မှာ ဘာမျက်နှာကျန်ဦးမှာလဲ၊ ငါ့ဘဝမှာ ဒီလိုမျိုး အရှုံးမခံဖူးဘူး… သူမက တကယ့်ကို စွမ်းတာပဲ… ငါ့အဘိုးကြီးကို ဒီလိုပဲ လှည့်စားသွားတာလား”
အဘွားကြီးလျန်သည် မြေပြင်ပေါ်တွင် ဝပ်နေသော အဘိုးကြီးကို စိုက်ကြည့်ရင်း
“ပြောစမ်း၊ နင် သူမကို ဘာအကျိုးအမြတ်တွေ ပေးခဲ့လဲ”
ချန်ချင်းယွီ : “......”
တကယ့်ကို သတ္တိရှိတာပဲ…
အဘွားကြီးလျန်သည် စဉ်းစားဆင်ခြင်ဉာဏ်မရှိဘဲ ပြောဆိုနေသဖြင့်၊ သူမ၏ ဘေးနားရှိ သက်လတ်ပိုင်း အမျိုးသားသည် ချက်ချင်းပင် ကြားဖြတ်တားဆီးလိုက်ကာ
“အမေ... ဒါတွေကို လျှောက်မပြောပါနဲ့၊ အဖေက သူမနဲ့ ဖောက်ပြန်တာပဲ၊ ဘာအကျိုးအမြတ် ရှိမှာလဲ… အဲဒါက ဘာမှ မဟုတ်တာ သေချာပါတယ်”
အဘွားကြီးလျန် : “ဟမ့်”
“ဒီအဘိုးကြီးက ခေါင်းဆောင်တစ်ယောက်လား”
“ဘယ်လိုလုပ်ပြီး အကျိုးအမြတ် မရှိနိုင်မှာလဲ… အာ... မင်းတို့ မှတ်မိလား၊ ယွမ်ဟောက်ရွှယ်က ရာထူးတိုးတာ စောတယ်လေ...”
“ဒါပေမဲ့ ဒီအဘိုးကြီးက ငါတို့စက်ရုံက မဟုတ်ဘူးလေ”
“ဒါဆိုရင် ကျောက်ရုံက စက်ရုံက လူတစ်ယောက်ယောက်နဲ့လည်း ဖောက်ပြန်နေတာ ဖြစ်နိုင်တာပဲ...”
“အလိုလေး... အမေရေ”
ဤစကားကို ကြားရလျှင် ကျောက်ရုံသည် အတန်ငယ် ကြောက်လန့်သွားပြီး အော်ဟစ်ငိုယိုတော့သည်။
“အဓိပ္ပာယ်မရှိတာတွေ လာမပြောကြပါနဲ့… ကျွန်မသမီးက သူမရဲ့ ကြိုးစားအားထုတ်မှုနဲ့ ရလဒ်ကောင်းတွေကြောင့် ရာထူးတိုးတာပါ၊ သူမအပေါ် နားလည်မှုမလွဲကြပါနဲ့၊ ကျွန်မ... ကျွန်မ အမှားလုပ်ခဲ့မှန်း သိပါတယ်၊ ဒါပေမဲ့ ကျွန်မက ဖောက်ပြန်နေတာ မဟုတ်ပါဘူး… ကျွန်မတို့က ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေပါ… စကားပဲ ပြောဖြစ်ကြတာ၊ ဘာမှ မလုပ်ခဲ့ကြပါဘူး.. အစ်မကြီး... ရှင် တကယ်ပဲ နားလည်မှုလွဲနေတာပါ၊ ရှင် လုံးဝ နားလည်မှုလွဲနေတာ၊ ကျွန်မနဲ့ အစ်ကိုကြီးကြားမှာ ဘာမှ မရှိပါဘူး”
“ညည်းက ပြောရဲသေးတယ်...”
“အမေ”
ထိုခက်ထန်သော အမေကြီးအား သူမ၏ သားဖြစ်သူက ထပ်မံ၍ တားဆီးလိုက်ပြန်၏။ သူသည် သူမအား မျက်ရိပ်တစ်ချက် ပြလိုက်ရာ၊ အဘွားကြီးလျန်သည် နောက်ဆုံးတွင် ရဲများ ရှိနေသဖြင့် ဤကဲ့သို့သော လူမိုက်ဆန်ဆန် လုပ်ရပ်များကို ဆက်လက် လုပ်ဆောင်၍ မရတော့ကြောင်း သဘောပေါက်သွားခဲ့သည်။
“တကယ်ပဲ ဘာတွေဖြစ်ပျက်ခဲ့တာလဲ”
ရဲအရာရှိကြီးသည်လည်း ဘာမှတတ်နိုင်ခြင်း မရှိပေ။ ၎င်းတို့သည် ဤကဲ့သို့သော ကိစ္စရပ်များကို ကိုင်တွယ်ရသည်ကို အမုန်းဆုံး ဖြစ်၏။ အကြောင်းမှာ ထိုကိစ္စမျိုးသည် စကားတစ်မျိုးပြောပြီးနောက် နောက်တစ်မျိုး ပြောင်းလဲသွားတတ်သောကြောင့် ဖြစ်သည်။
“သူတို့ ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ ရန်ဖြစ်ကြရတာလဲ”
ယွမ်ဟောက်ဖုန်းသည် အလွန် နာကျင်နေသော်လည်း၊ ဇွတ်အတင်းပင်
“ကျွန်တော်တို့ကြားမှာ နားလည်မှုလွဲတာအချို့ ရှိခဲ့လို့ ပဋိပက္ခ ဖြစ်ပွားခဲ့တာပါ၊ ဒါပေမဲ့ ကျွန်တော်တို့ နှစ်ဦးစလုံးက ဘာအန္တရာယ်ပြုလိုတဲ့ ရည်ရွယ်ချက်မှ မရှိကြပါဘူး။ ကျွန်တော်တို့ဘာသာ ဖြေရှင်းလိုက်ပါ့မယ်”
သူသည် ကိစ္စရပ်များကို ပိုမိုကြီးထွားအောင် ခွင့်ပြု၍ မရကြောင်း သဘောပေါက်၏။
ယခုအခါ လူတိုင်း၏ စကားပြောသံများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ချိုက်မင်မင် သံသယစိတ်ဖြင့်
“ဘယ်လိုဖြစ်ပြီး အခြေအနေတွေက ဒီလောက်အထိ မြန်မြန်ဆန်ဆန် ပြောင်းလဲသွားရတာလဲ.. သူတို့ရဲ့ ပါးစပ်တွေက ကျုံ့လိုက်ဆန့်လိုက် ခါးပတ်ကြိုးတွေလိုပဲ၊ ခုနကတော့ ဆဲဆိုနေပြီး အခုကြတော့ ယဉ်ကျေးနေပြန်ရော”
ချန်ချင်းယွီ : “ဘာလို့လဲဆိုတော့ ရဲတွေ ရောက်နေလို့လေ၊ သူတို့က ကိစ္စရပ်တွေကို ပိုပြီး မကြီးထွားစေချင်တော့ဘူး”
အကယ်၍ အမှန်တကယ်ပြင်းပြင်းထန်ထန် စုံစမ်းစစ်ဆေးပါက၊ သူတို့သည် ထောင်ကျနိုင်ပေသည်။
သူတို့အနေဖြင့် ထိုအရာကို လုံးဝ အလိုမရှိကြပေ။
ချိုက်မင်မင် : “နင်တို့ မြို့ကလူတွေက တကယ်ကို ရှုပ်ထွေးလွန်းတယ်နော်”
ချန်ချင်းယွီ : “ဟဲဟဲ... အစ်မကလည်း ဒါပဲ ပြောနိုင်တာပဲလား”
ချိုက်မင်မင် : "ငါက တကယ်ကို မျက်စိပွင့်နားပွင့် ဖြစ်သွားလို့ပါဟာ”
မတိုင်ခင်က ဒီလိုမျိုးတွေ တစ်ခါမှ မမြင်ဖူးဘူးလေ…
ဗဟုသုတအသစ်တွေ ရကုန်ပါပြီ…
ချန်ချင်းယွီ လေသံ တိုးတိုးလေးဖြင့်
“ကျွန်မအထင်တော့ သူတို့က ဒါကို အမှု သေးငယ်အောင် လုပ်ပြီး ဖျောက်ပစ်လိုက်ကြလိမ့်မယ် ထင်တယ်”
ချိုက်မင်မင် : “လူတိုင်းက သူတို့ ဘာတွေ ကြံစည်နေလဲဆိုတာ သိကြတာပဲ၊ ပြီးတော့ သူတို့ ဒါကို အမှုသေးအောင် လုပ်မယ်ဆိုတာလည်း လူတိုင်း သိကြမှာပဲ မဟုတ်လား”
ချန်ချင်းယွီ တည်ငြိမ်စွာဖြင့်
“အင်း... ဒါက ဒီလိုမျိုးပဲ”
၎င်းတို့တွင် ရှန့်ရှန့်၏ နောက်ခံအဆက်အသွယ်များ ရှိနေသဖြင့်၊ ၎င်းတို့အား ထောင်ထဲဆွဲသွင်းရန် မဖြစ်နိုင်ပေ။
ကျောက်ရုံကတော့ တကယ့်ကို ကံဆိုးတာပဲ…
သူမအနေဖြင့် မည်သူ့ကိုမျှ ထပ်မံ လှည့်စားနိုင်တော့မည် မဟုတ်ပေ။
ဒီနေ့ပွဲကို ကြည့်ရသလောက် ငါ.. ချန်ချင်းယွီ တစ်လလုံးကြိုးစားခဲ့တာ အလကား မဟုတ်ခဲ့ဘူးပဲ…
တန်ပါတယ်… ထိုက်တန်ပါတယ်…