အခန်း ၁၁၆
Vol. 12 Ch. 116
အခန်း (၁၁၆) တခြားသူကို ပါဝါပြခြင်း
ချန်ချင်းယွီ ယွမ်ရှောင်ချွေထံ စာရေးလိုက်ချင်မိ၏။
ရေးချင်လွန်း၍ အသဲတယားယား ဖြစ်နေရလေသည်။
သို့သော် ယွမ်ရှောင်ချွေ၏ ဝင့်ကြွားလွန်းသော အကျင့်ကို ပြန်စဉ်းစားကြည့်မိသောအခါ ချန်ချင်းယွီ မရေးရန်သာ ဆုံးဖြတ်လိုက်၏။
အကယ်၍ သူမ စာရေးလိုက်လျှင် ယွမ်ရှောင်ချွေ၏အကျင့်အရ တစ်လောကလုံး တစ်ကမ္ဘာလုံးသိအောင် ဖြန့်ပေလိမ့်မည်။ ချန်ချင်းယွီသည် အရာရာကို နောက်ကွယ်မှ လျှို့ဝှက်မွှေရသည်ကိုသာ သဘောကျသည့်အတွက် ဤသည်မှာ သူမကဲ့သို့ နှိမ့်နှိမ့်ချချ သိုသိုသိပ်သိပ် နေချင်သော စရိုက်နှင့် မကိုက်ညီပေ။
နမူနာအားဖြင့် လက်ရှိ ကျောက်ရုံ၏ အဖြစ်အပျက်ကိုကြည့်လျှင် သိနိုင်ပေသည်~~~ အရာအားလုံးကို သူမ မွှေခဲ့ခြင်းဖြစ်၏။ သို့သော် ချန်ချင်းယွီသည်လည်း အရာအားလုံး ထိုးထွင်းမြင်နိုင်သည် မဟုတ်ပေ။ ပြီးခဲ့သည့် တစ္ဆေပုံပြင်ကိစ္စ၊ ကျန်းရှင်းဖှ အိမ်သာတွင် ပြဿနာတက်သည့် ကိစ္စ၊ ယခု ကျောက်ရုံ၏ အရှုပ်တော်ပုံကို ဖော်ထုတ်လိုက်သည့် ကိစ္စ~~ ကိစ္စတော်တော်များများမှာ သူမထံမှ စတင်ခဲ့ခြင်း ဖြစ်သော်လည်း အရာအားလုံးသည် သူမစိတ်တိုင်းကျ ထိန်းချုပ်၍ရသည့် အခြေအနေမျိုး မဟုတ်ခဲ့ပေ။
တချို့ကိစ္စများသည် သေးသေးမွှားမွှားဖြင့် ပြီးဆုံးသွားပြီး၊ တချို့မှာမူ ကြီးကျယ်သွားတတ်သည်။
ဤသည်မှာ ကာယကံရှင်များ အနေဖြင့် မိမိတို့ မည်မျှအထိ ပြဿနာလုပ်ထားသည် အပေါ်တွင်သာ မူတည်နေလေ၏။
ချဲယုံဖုန်းကို ဥပမာယူနိုင်ပေသည်။ သူသည် အကျင့်စာရိတ္တပျက်ပြားသူ ဖြစ်နေသော်လည်း ကြီးကြီးမားမား ပြဿနာ မရှာထားသည့်အတွက် စက်ရုံတွင် ဆက်လက် အလုပ်လုပ်နိုင်၏။
လျိုကျင့် ယောကျာ်းကဲ့သို့သော အရှုပ်တော်ပုံ ကိစ္စမျိုးမှာမူ ကြုံတောင့်ကြုံခဲ အတော်လေး ရှာပါးသော ဖြစ်ရပ်ဟုသာ ဆိုရပေမည်။
အင်း… ဒီတစ်ခေါက် ရလဒ်ကတော့ ဘယ်လိုထွက်လာဦးမလဲ မသိဘူး…
မည်သို့ပင်ဖြစ်စေ ချန်ချင်းယွီမှာ ဘာမှမဖြစ်ခဲ့သည့်နှယ် ဟန်ဆောင်နေခဲ့သည်။ သူမသည် ဇွတ်တရွတ် လုပ်တတ်သူ မဟုတ်၍ ပုံမှန်မဟုတ်သော အခြေအနေကို မည်သူမှ သတိမထားမိကြပေ။
လူအများကို ဖမ်းခေါ်သွားသည်မှာ နှစ်ရက်တိုင်တိုင် ရှိပြီဖြစ်သော်လည်း ပြန်ရောက်မလာကြသေးပေ။
အိမ်ထောင်ရေးဖောက်ပြန်တာ ဖမ်းတဲ့ ကိစ္စလေးကို ဘယ်သူကများ ဒီလောက်အထိ အုတ်အော်သောင်းနင်း ဖြစ်အောင် လုပ်လို့လဲ…
ဒါမျိုး တစ်ခါမှကို မမြင်ဖူးပါဘူး...
အင်း… တကယ်တော့ သူတို့သာ ရဲတွေကို အင်အားသုံးပြီး ပြန်မချခဲ့ရင် ဒီလောက်အထိ ပြဿနာကြီးမှာ မဟုတ်ဘူး… ဒါပေမဲ့ ဟိုအဘွားကြီးကလည်း တကယ့်ကို မောက်မာလွန်းတယ်~~~ ဘာမဆို လုပ်ရဲတာပဲ...
ဖြစ်နိုင်သည်မှာ သူမ၏ ယခင်
အလုပ်အကိုင် ရာထူးသည် သူမကို ယုံကြည်မှုများ ပေးထားပုံရပြီး၊ ယခုတိုင် မောက်မာ၍ရဆဲဟု ထင်နေပုံပင်။
ဒါပေမဲ့ ကိစ္စတွေက ထင်သလောက်တော့ မရိုးရှင်းပုံရဘူး…
ချန်ချင်းယွီတို့ကဲ့သို့ သာမန်အရပ်သူအရပ်သားများ အနေဖြင့် အများကြီး မသိကြပေ။ ကျောက်ရုံတစ်ယောက် နှစ်ရက်တိုင် ပြန်မလာသေးသည်ကိုသာ သိကြ၏။ သို့သော်လည်း သူမ၏ ကျန်မိသားစုဝင်တွေများမှာ အိမ်တွင် ရှိနေကြဆဲပင်။ အခြားလူများ တိုးတိုး တိုးတိုးနှင့် အတင်းပြောနေကြပြီး အနားကို မသွားချင်ကြသော်ငြား ပိုင်ဖုန်းရှန်းမှာမူ ဝင်းတာဝန်ခံ၏ မိန်းမဖြစ်၍ စတင်ပြီး အစပျိုးကာ ထွက်သွားခဲ့သည်။
သူမအနေနဲ့ ဘာတွေဖြစ်နေလဲဆိုတာကို သွားပြီး စုံစမ်းရမှာပေါ့….
ယွမ်ဟောက်မင်၏ လေသံသည် သိပ်မကောင်းလှပေ။ သူသည် စိတ်မရှည်သလိုဖြင့်
"ကျုပ်တို့အိမ်မှာ ဘာမှမဖြစ်ဘူး…ခင်များတို့တွေ အလကား လျှောက်တွေးနေတာ၊ ကျောက်ရုံက မကြာသေးခင်ကမှ သူမရဲ့ မိဘအိမ်ကို ပြန်သွားတာ"
ပိုင်ဖုန်းရှန်း: "........."
ပိုင်ဖုန်းရှန်းမှာ ကြောင်အသွားရ၏။
သူမ တကယ်ပင် လှမ်းမေးလိုက်ချင်တော့သည်။
နင်က ငါ့ကို လူအလို့ ထင်နေတာလား…
ဝင်းထဲက လူတိုင်းက ကျောက်ရုံ ရဲဖမ်းခေါ်သွားတာကို မျက်ဝါးထင်ထင် မြင်လိုက်ရတာလေ… အခုကျမှ နင်က သူမ မိဘအိမ်ပြန်သွားတာလို့ ပြောနေတယ် ဟုတ်လား...
ဒါက တကယ့်ကို လွန်လွန်းတယ်... အကြောင်းပြချက် ပေးရင်တောင် နည်းနည်းပါးပါး ဦးနှောက်သုံးပြီး ပေးဦးမှပေါ့...
ပိုင်ဖုန်းရှန်းတစ်ယောက် လုံးဝကို ပြောစရာ စကားမဲ့သွားရ၏။
ယနေ့ခေတ်လူများသည် စကားပြောလျှင် လိမ္မာပါးနပ်စွာ အလိုက်သင့် ပြောတတ်ကြသည် မဟုတ်ပေ။ ယခုခေတ် စကားဖြင့်ပြောရလျှင် စည်းလွတ်ဘောင်လွတ် ပြောတတ်ကြသည်။
အဘွားကြီးပိုင် တဲ့တိုးပင် ပြောချင်ရာပြောချလိုက်၏။
"ဘာဖြစ်လို့ လိမ်ပြောနေတာလဲ... အဲ့ဒီနေ့က ရဲစခန်းကို သွားတာကို ငါကိုယ်တိုင် မြင်ခဲ့တာ… တကယ်လို့ မပြောချင်ဘူးဆိုရင်လည်း နေပေါ့၊ အမှန်အတိုင်းပဲ ပြောစမ်းပါ... ဒါက တကယ့်ကို ရယ်စရာကောင်းလွန်းတယ်... ငါက စပ်စုချင်လို့ မဟုတ်ဘူး၊ ဝင်းထဲက လူတိုင်းက ဝေခွဲမရ ဖြစ်နေကြလို့… လူတိုင်းက ကြားကနေ အမှုပတ်ကုန်ကြတာကို ဘာတွေဖြစ်နေလဲဆိုတာ မသိရဘူး၊ ဒါက ဖြစ်သင့်လို့လား..."
ယွမ်ဟောက်မင်လည်း အနည်းငယ် အရှက်ရသွားရလေသည်။
သူသည် စကားများ ထစ်အငေါ့ငေါ့ဖြစ်ကာ တစ်စုံတစ်ခုကို ပြောချင်နေသော်လည်း၊ မာနသည် ရှေ့တန်းတင်နေသဖြင့် အရှက်ကွဲမှာကို မလိုလားကာ ဇွတ်အတင်း ငြင်းဆိုလိုက်သည်။
"ဒါက တစ်ယောက်ယောက်က သူမကို မဟုတ်မမှန် စွပ်စွဲတာပဲ… သူမက အပြင်မှာ တခြားလူ ရှိနေစရာ အကြောင်းမရှိပါဘူး၊ သူမ ပြန်လာတာ ကြာပါပြီ; ပြီးတော့မှ မိဘအိမ်ကို ပြန်သွားတာ"
ယွမ်ဟောက်မင်ကတော့ မျက်နှာပြောင်တိုက်ပြီး လိမ်ပြောနေတာပဲ…
သူသည် သူ့၏ မျက်နှာရမှု ဂုဏ်သိက္ခာကို အလွန်အမင်း ဂရုစိုက်သူဖြစ်ရာ၊ ယခုကဲ့သို့ သိက္ခာကျသွားရသည့်အတွက် ကျောက်ရုံကို အသေအလဲ မုန်းတီးနေမိသည်။ သို့သော်လည်း၊ မိမိကိုယ်ကိုယ် အရှက်မကွဲစေရန်အတွက်သာ အတင်းအကြပ် တည်ငြိမ်အောင် ဟန်ဆောင်နေရခြင်း ဖြစ်၏။
ယွမ်ဟောက်မင် : "အဒေါ်ကြီးပိုင်၊ စိတ်မပူပါနဲ့…ငါတို့မိသားစု ဘာမှမဖြစ်ပါဘူး”
ယခုကဲ့သို့ အချိန်မျိုး၌ပင် သောက်ရေးမပါသည်များကို ဤကဲ့သို့သော စကားမျိုး ပြောနေဆဲဖြစ်ပြီး သူမကို လူအ သဖွယ် ဆက်ဆံနေသည်ကို ပိုင်ဖုန်းရှန်း မြင်သောအခါ၊ ဆက်ပြီး စကားပြောမနေချင်တော့သဖြင့် နှာခေါင်းတစ်ချက် ပြင်းပြင်းရှုံ့လိုက်ကာ လှည့်ထွက်ခဲ့တော့သည်။ သူမ မကျေမနပ်ဖြင့် လှည့်ထွက်သွားရင်း တိုးတိုးရေရွတ်ကာ
"နင်တို့အိမ်က ကိစ္စတွေကို ငါကပဲ အလကား ဝင်ပါချင်နေတယ် ထင်နေလား... ငါက ဝင်းထဲက လူတွေအတွက် တွေးပေးလို့ဟဲ့… လူတိုင်းက ဝင်းတစ်ခုတည်းမှာ အတူတူ နေကြတာ၊ ဘယ်သူကမှ စိတ်အေးလက်အေး မရှိကြရဘူရ… ငါသာ ဝင်းတာဝန်ခံရဲ့ မိသားစုဝင်သာ မဟုတ်ရင် နင်တို့ကို ဘယ်သူက ဂရုစိုက်နေမှာလဲ..."
အဘွားကြီးပိုင် ဆက်ပြီး ပြောနေ၏။
"ဒါက ဘာလဲ... လိမ်တောင် လိမ်နေသေးတယ်"
ပိုင်ဖုန်းရှန်းသည် ယွမ်ဟောက်မင် ပြောခဲ့သော စကားများကို အခြားသူများထံ မြန်မြန် ဖြန့်ဝေချင်နေတော့သည်။ ကြားရသည့်သူတိုင်းမျက်နှာပျက်ကာ မချိပြုံး ပြုံးလိုက်ကြ၏။
ဒါက တကယ့်ကိုပဲ... ဒီလူဦးနှောက်ထဲမှာ ဘာတွေ တွေးနေတာလဲမသိဘူး… လိမ်ပြောတာတောင်
အကွက်မစေ့ဘဲ လိမ်တာပဲ… တကယ့်ကိုပဲ ထူးဆန်းလှပါပေတယ်…
လူတိုင်း အတင်းအဖျင်း ဆွေးနွေးနေကြသည်။ အဘွားကြီးကျောက် အလုပ်မှ အိမ်ပြန်လာပြီး ထိုအကြောင်း ကြားရသောအခါ၊ ချန်ချင်းယွီကို တိုးတိုးလေး ကပ်ပြော၍
"ငါ သတိထားမိတာတော့ နင်က အမြဲတမ်း ကိစ္စတွေကို ပိုပြီး ကြီးကျယ်အောင် လုပ်နိုင်တာပဲ"
ချန်ချင်းယွီမှာ လုံးဝကို အပြစ်ကင်းစင်သော မျက်နှာလေးဖြင့် ပုခုံးနှစ်ဖက်ကို တွန့်ပြလိုက်ရင်း
"ကျွန်မက ဘယ်လိုလုပ်ပြီး ကြိုတင် ထင်မှတ်ထားမှာလဲရှင်..."
အဘွားကြီးကျောက် ချန်ချင်းယွီကို သံသယစိတ်ဖြင့် အထက်အောက် စုံဆန် အကဲခတ်လိုက်သည်။
ချန်ချင်းယွီ : "ကျွန်မ တကယ်ကို မသိတာပါ... အခြေအနေတွေက ဒီလိုမျိုး ဖြစ်သွားလိမ့်မယ်လို့ ကျွန်မ ဘယ်လိုလုပ်ပြီး ကြိုတွက်နိုင်မှာလဲ... သူတို့ဘာသာသူတို့ နောက်ကြောင်း မရှင်းတာပဲ နောက်ကြောင်းက မဖြူစင်တာ…ကျွန်မနဲ့ ဘာဆိုင်လို့လဲ..."
အဘွားကြီးကျောက် : "ဒါမျိုးအကြိမ်ပေါင်း မနည်းတော့ဘူးနော်”
ချန်ချင်းယွီတစ်ယောက် ပြောစရာ စကားလုံး မရှိတော့ပေ…
အမေရေ... ကျွန်မ တကယ်ကို အပြစ်ကင်းပါတယ်ရှင်...
လီတာ့ရှန်း၏ အိမ်ကို သရဲတစ္ဆေယောင်ဆောင်ပြီး သွားခြောက်လှန့်ခဲ့ခြင်းမှာ အရှက်မရှိသည့် ထိုလင်မယားကို ပညာပေးချင်ရုံသက်သက်သာ ဖြစ်၏။ သို့သော်လည်း ထိုလူသည် စိတ်ဓာတ်ကြံ့ခိုင်မှု ဤမျှအထိ ပျော့ညံ့လိမ့်မည်ဟု မည်သူကြိုတင်တွေးဆထားမိမည်နည်း။ မိမိကိုယ်မိမိ ပြန်လည်ခြောက်လှန့်မိကာ စိတ်ရူးပေါက်သွားခဲ့ရသည်။ ချဲယုံဖုန်းတို့တစ်သိုက်မှာမူ လက်ဖျားနှင့်ပင် မတို့ရသေးဘဲ ထိုအမှုပတ်ထဲသို့ ဆွဲသွင်းခံလိုက်ရကာ ရှိသမျှအရာအားလုံးကို ဆုံးရှုံးလုနီးပါး ဖြစ်သွားခဲ့ရရှာ၏။
ကျန်းရှင်းဖှကို ပစ်မှတ်ထားခဲ့ရခြင်းမှာလည်း သူသည် သူမအား မရိုးမသား သွားရည်ကျမတတ် အမြဲတစေ စိုက်ကြည့်နေတတ်ပြီး၊ အဘွားကြီးကျောက်ကိုပါ ဒုက္ခပေးရန် မကောင်းသော ရည်ရွယ်ချက်များ ကိန်းအောင်းနေသောကြောင့် ပညာပေးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ကျန်းရှင်းဖှ၏ ကြံရာပါမှာ သစ္စာဖောက်သူလျှိုတစ်ဦး ဖြစ်နေလိမ့်မည်ဟု မည်သူ ထင်မှတ်ထားမည်နည်း။ ဤသည်မှာ ကံတရား၏ စီမံမှုအလှည့်အပြောင်းတစ်ခုဖြစ်ပြီး လူထုအတွက် ဘေးရန်ဆူးငြောင့်တစ်ခုကို ဖယ်ရှားပေးလိုက်နိုင်ခြင်းပင်…
ယခုတစ်ကြိမ်တွင်မူ သူမ၏ ရည်ရွယ်ချက်မှာ ကျောက်ရုံတစ်ယောက် နူးညံ့သိမ်မွေ့သော ဟန်ဆောင်မှုများသုံး၍ လူအများကို ဆက်လက်မလှည့်စားနိုင်စေရန်နှင့် သူမ၏ နာမည်ဂုဏ်သတင်းကို ဖျက်ဆီးပစ်ရန်သာ ဖြစ်သည်။ သို့မှသာ အပြစ်မဲ့သော မိန်းမပျိုလေးများ သူမ၏ သားကောင်အဖြစ်သို့ ထပ်မံမကျရောက်တော့မည် မဟုတ်လော့။ သို့သော်လည်း သူတို့၏ ဖောက်ပြန်မှုကို လက်ပူးလက်ကျပ် မိသွားသော အဘွားကြီးသည် ရဲတပ်ဖွဲ့ဝင်များကိုပါ ပြန်လည်တိုက်ခိုက်လိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့မိပေ။ အခြေအနေသည် ထိန်းမနိုင်သိမ်းမရ ဖြစ်ကာ တောမီးပမာ ကူးစက်သွားခဲ့ရပြန်လေပြီ….
ကျွန်မ တကယ်ကို၊ တကယ်ကို ဘာတစ်ခုမှ မသိရှိခဲ့ရိုး အမှန်ပါရှင်…
"ကျွန်မ အဲဒီလောက်အထိ မစွမ်းဆောင်နိုင်ပါဘူးနော်"
ချန်ချင်းယွီ ငြင်းပယ် ပြောလိုက်သည်။
အဘွားကြီးကျောက်
မျက်မှောင်ကုတ်လျက် မင်္သကာဟန်ဖြင့်
"တကယ်လား... နင်ပြောတာကို ငါတော့ မယုံပါဘူးအေ"
ချန်ချင်းယွီ : “…”
‘အလိုလေး… လူကိုအကြားအမြင် ရနေတယ်ထင်နေလား ဒီအဘွားကြီးကတော့’
ပုံစံကိုက…
သူမ စိတ်ထဲမှ ခပ်ရွဲ့ရွဲ့ တွေးလိုက်မိသည်။
ဤကဲ့သို့သော အကြည့်နှင့် အမူအရာကို ကြည့်ပြီး သူမဆက်ပြောလိုက်ကာ
"သွားပါ... ကျွန်မကို လာမပြောပါနဲ့တော့… သူတို့ဘာသာသူတို့ ပြဿနာရှာပြီး ဆူဆူပူပူ လုပ်ကြတာပဲဥစ္စာ၊ မနေ့က ရဲအရာရှိတွေကိုပဲ သနားပါတယ်၊ အဲဒီလို ရူးသွပ်နေတဲ့ မိန်းမကြီးနဲ့ သွားတိုးရတာ တကယ့်ကို ကံဆိုးတာပဲ"
တကယ့်ကို မမျှော်လင့်ဘဲ ကြုံတွေ့လိုက်ရသော ဘေးဆိုးတစ်ခုပင်…
အစိုးရဝန်ထမ်းများကိုပင် ရဲရဲဝံ့ဝံ့ ပြန်တိုက်ရဲသည်အထိ ရက်စက်
ကြမ်းကြုတ်သောလူ ရှိလိမ့်မယ်ဟု ရဲများလည်း အိမ်မက်ထဲ၌ပင် ထည့်မက်ဖူးကြမည် မဟုတ်ပေ။
အသက်အန္တရာယ်ရှိနိုင်အထိ အတင့်ရဲလွန်းလှသည်။
"ငါ... ဟေ့... ဟိုမှာကြည့်စမ်း၊ ကျောက်ရုံ ပြန်လာပြီ..."
အဘွားကြီးကျောက် လှမ်းမြင်လိုက်သဖြင့် ရုတ်တရက် အလန့်တကြား အော်ပြောလိုက်၏။
ထိုစကားကို ကြားကြားချင်းပင် ချန်ချင်းယွီသည် တံခါးဝဆီသို့ လေပွေတစ်ခုကဲ့သို့ လျင်မြန်စွာ ပြေးထွက်သွားတော့သည်။
ကျောက်ရုံ၏ ပုံပန်းသဏ္ဌာန်မှာ အတော်ပင် နွမ်းလျပင်ပန်းနေပြီး ဆံပင်များမှာလည်း ဖရိုဖရဲ ဖြစ်နေကာ အချို့နေရာများတွင် ဆံပင်များ ကျွတ်ထွက်နေသည်ကို တွေ့ရ၏။ သူမ၏ ခြေလှမ်းများမှာလည်း ယိုင်တိယိုင်တိုင် ဖြစ်နေသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က အရိုက်ခံထားရသည့် ဒဏ်ရာများမှာ မသက်သာသေးဘဲ မျက်နှာတစ်ခုလုံး ညိုမည်းယောင်ကိုင်းနေဆဲပင်။
"ကျောက်ရုံ..."
တစ်ခြံဝင်းလုံးတွင် မျက်စိအရှင်ဆုံးဖြစ်သော အဘွားကြီးကျောက်မှ ပထမဆုံး စတင်အော်ဟစ်လိုက်ခြင်း ဖြစ်၏။
သူမ၏ အော်သံသည် တော်တော်ပင် ကျယ်လောင်လှသဖြင့် အိမ်နီးနားချင်းများအားလုံး လေပြင်းမုန်တိုင်းတစ်ခု ကျရောက်လာသကဲ့သို့ အိမ်ပြင်သို့ ဝုန်းခနဲ ပြေးထွက်လာကြတော့သည်။
"ကျောက်ရုံ... နင် ပြန်လာပြီလား... နင့်ကို ဘာတွေဖြစ်လာတာလဲ... သူတို့က နင့်ကို အမှုမဖွင့်တော့ဘူးလား..."
"ကျောက်ရုံ... နင်လုပ်ထားတဲ့ အရှုပ်ထုပ်ကိုလည်း ပြန်ကြည့်ဦး... နင် ဘယ်လိုတောင် လုပ်ရက်ရတာလဲဟင်..."
"ကျောက်ရုံ... ယွမ်ဟောက်မင်က တကယ့်လူကောင်းဗျာ၊ ရုပ်လည်းချော၊ အရည်အချင်းလည်း ရှိတယ်။ တက္ကသိုလ်ဘွဲ့ရတစ်ယောက်ကို... နင်က ဘာလို့ အခြေမကျချင်ရတာလဲ... အခု နင်ရှာထားတဲ့ ကောင်ကို ကြည့်ဦး၊ ပုပုတိုတိုနဲ့ ဂတုံးပဲ..."
"နင် သိရဲ့လား... နင့်ကြောင့်နဲ့ ကျန်းရှင်းဖှ ခမျာ အရိုက်ခံရလို့ အခု ဆေးရုံတင်ထားရတယ်"
အားလုံးမှာ ကျန်းရှင်းဖှကို အလွန် ကံဆိုးသူတစ်ယောက်အဖြစ် သတ်မှတ်နေကြသည်။ ချဲ့ကားပြောနေခြင်း မဟုတ်ပေ၊ ယခုနှစ်အတွင်း သူ ဆေးရုံဘယ်နှစ်ကြိမ် တက်ခဲ့ရသည်ကို ပြန်ရေတွက်ကြည့်ရုံဖြင့် သိနိုင်၏။ ဆေးရုံသွားရသည်မှာ မြို့တော်တံခါးဝကို ဖြတ်သန်းရသကဲ့သို့ပင် ဖြစ်နေပြီး အဝင်အထွက် မပြတ်တော့ပေ။
ယခုလည်း ဒဏ်ရာအပြည့်ဖြင့် ဆေးရုံသို့ ထပ်မံရောက်ရှိသွားပြန်လေပြီ…
ဒီနှစ်ထဲမှာတော့ သူက ဆေးရုံအတွက် အကြီးမားဆုံးသော အလှူရှင်ကြီး ဖြစ်နေတော့တာပါပဲ..
အိမ်ထောင်ရေး ဖောက်ပြန်မှုကို မိသွားသည့် လူအုပ်ကြီး၏ ရိုက်နှက်ပွဲအကြား ဤလူသည် ကြားညှပ်ကာ ဒဏ်ရာရသွားရခြင်းမှာ တကယ့်ကို သနားစရာ ကောင်းလှပေသည်။
"ကျွန်မ ထင်တာတော့... တစ်ခုခု အထင်လွဲတာ ရှိလို့နေမှာပါ..."
ကျောက်ရုံ ဖျော့တော့အားနည်းစွာ ပြုံးရင်း တိုးတိုးလေး ဆင်ခြေပေးရှာသည်။
သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ မည်သူကမျှ သူမ၏စကားကို မယုံကြတော့ပေ။ မည်မျှပင် အူအူအအ ဖြစ်ပါစေ၊ ကျောက်ရုံသည် အပြစ်ကင်းစင်သူတစ်ယောက် မဟုတ်ကြောင်း လူတိုင်း ရိပ်မိနေကြပြီဖြစ်၏။ ထို့အပြင် လတ်တလောကာလအတွင်း ကျောက်ရုံသည် မကြာခဏ အပြင်ထွက်လေ့ရှိရာ ထိုအပြုအမူသည် ပုံမှန်မဟုတ်သည်မှာ အမှန်ပင်။ လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ နှုတ်ခမ်းကို မဲ့လိုက်ကြသည်။
"အပြောကတော့ ရွှေမန်းပါပဲ"
"ဘာအထင်လွဲတာလဲ... တကယ်သာ အထင်လွဲတာဆိုရင်... သန်းခေါင်ယံအချိန်ကြီး ဆွဲခေါ်ခံရပါ့မလား..."
"ငါလည်း အဲဒီလိုပဲ ထင်တယ်..."
ချန်ချင်းယွီသည် တံခါးဝတွင် လက်ပိုက်ရပ်လျက် ထိုရုန်းရင်းဆန်ခတ် အခြေအနေကို စောင့်ကြည့်နေခဲ့သည်။ သူမ ဝင်ရောက် စွက်ဖက်ခြင်း မပြုခဲ့ပေ၊ အမှန်တွင် လူအများ၏ ဆူညံသံများကြား၌ စကားတစ်လုံးမျှပင် ဝင်ပြောခွင့် မရနိုင်ခြင်းကြောင့်လည်း ဖြစ်၏။
လူတိုင်း ပြိုင်တူ စကားဝိုင်းဖွဲ့ အပြစ်တင်နေကြသဖြင့် သူမအတွက် ပြောစရာ စကားမရှိပေ။
ကျောက်ရုံ၏ မျက်နှာမှာ ပိုမိုဖြူဖျော့သွားခဲ့၏။ သူမသည် ကိုယ်အလေးချိန် အတော်ပင် ကျဆင်းသွားပြီး ယခုရက်ပိုင်းအတွင်း ပို၍ အားနည်းပိန်ချုံးသွားပုံရသည်။ သူမသည် ခါးသီးသော လေသံဖြင့် ခေါင်းမော့ကာ ပြောလိုက်၏။
"ကျွန်မတို့ ဒီခြံဝင်းထဲမှာ အတူနေလာတာ ဒီလောက်တောင် ကြာပြီပဲဥစ္စာ... ကျွန်မ ဘယ်လိုလူစားလဲဆိုတာ ရှင်တို့အားလုံး မသိကြဘူးလား..."
"လူ့မျက်နှာသာ မြင်ရတာ စိတ်ကူးကိုတော့ မသိနိုင်ဘူးအေ"
"ပြီးခဲ့တဲ့အကြိမ်တုန်းကလည်း နင် ယွမ်ရှောင်ချွေကို အဲဒီလိုပဲ ပြောခဲ့တာ မဟုတ်လား"
"ဟီးဟီးဟီးဟီး..."
လူအုပ်ကြီးက လှောင်ပြောင် သရော်လျက် ရယ်မောလိုက်ကြသည်။ ကျောက်ရုံမှာမူ နှုတ်ခမ်းကို တင်းတင်းကိုက်ထားရုံမှတစ်ပါး မတတ်နိုင်ရှာပေ။
"ကျောက်ရုံ... နင်လို ဖာသည်မ... နင် ပြန်လာရဲသေးတယ်ပေါ့လေ... ငါ နင့်ကို အရိုက်သေရစေမယ်..."
အပြင်မှ ပြန်လာသော အဘွားအိုတစ်ဦး၏ စူးရှသော အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။ အဘွားကြီးဟွမ်သည် အပြင်မှ ပြန်ရောက်လာပြီး ကျောက်ရုံကို မြင်မြင်ချင်းပင် သွေးရူးသွေးတမ်း အော်ဟစ်တော့၏။
"နင်လို မိန်းမယုတ်... နင့်ကြောင့်နဲ့ ငါ့သား ဒဏ်ရာရသွားတာ... ကြည့်စမ်း... ငါပါ အရိုက်ခံလိုက်ရတယ်... နင့်ကို ငါတို့က ဘာတွေလုပ်မိလို့လဲ... ငါတို့မိသားစုက ဘာလို့ ဒီအမှုထဲ ကြားညှပ်ပြီး ဆွဲသွင်းခံရရတာလဲ..."
သူမသည် ရှေ့သို့ ဒေါသတကြီး ပြေးဝင်သွားပြီး ကျောက်ရုံ၏ ဆံပင်ကို ဆွဲကာ ပါးကို တဖြန်းဖြန်း ရိုက်နှက်တော့သည်။
ဖျန်း... ဖျန်း... ဖျန်း...
ပြင်းထန်လှသော ပါးရိုက်သံ သုံးချက်သည် ကျောက်ရုံ၏ မျက်နှာပေါ်သို့ ကျရောက်သွားခဲ့၏။
အဘွားကြီးဟွမ်သည် ဒေါသကြောင့် မျက်လုံးများ နီမြန်းလျက်
"ငါ့သား ဆေးရုံမှာ တစ်လလောက် တက်ရတော့မယ်၊ ဒါတွေအားလုံး နင့်ကြောင့်ဖြစ်တာ... အဲဒီလူတွေကို နင်ပဲ ခေါ်လာတာ၊ နင်က အိမ်ထဲကို ဝံပုလွေ သွင်းလိုက်တာပဲ၊ ဒါတွေအားလုံး နင့်အပြစ်တွေ... နင်လို မိန်းမယုတ်... ငါ နင့်ကို ရိုက်သတ်ပစ်မယ်..."
ပုံမှန်အားဖြင့် ကျန်းရှင်းဖှသည် တစ်ခုခုဖြစ်လျှင် ဒေါသထွက်တတ်သော်လည်း ယခုအကြိမ်ကဲ့သို့ ပြင်းထန်လွန်းခြင်း မရှိဖူးပေ။အဘယ်ကြောင့်ဆိုသော် ယခင် ဖြစ်ပွားခဲ့သော ကိစ္စရပ်များတွင် ကျန်းရှင်းဖှတွင်လည်း အပြစ်အနည်းနှင့်အများ ရှိနေသောကြောင့် ဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ သူတို့မိသားစုသည် လုံးဝ အပြစ်မဲ့သော သားကောင်များ ဖြစ်သွားခဲ့ရ၏။
မှောင်မိုက်နေသောအမှောင်ထဲတွင် ကျန်းရှင်းဖှသည် တစ်စုံတစ်ဦး၏ တိုက်မိခြင်းကို ခံရကာ လူအုပ်ကြီးကြားထဲသို့ လွင့်စင်သွားခဲ့ပြီး... ထို့နောက်... လက်လွန်အောင် အရိုက်ခံလိုက်ရခြင်း ဖြစ်သည်။
တကယ့်ကို သနားစရာ ကောင်းလှပေစွ။
သူသည် တကယ့်ကို အပြစ်မဲ့သော ဘေးထိုင်ဖျာခင်း သားကောင်သက်သက်သာ ဖြစ်၏။
အနည်းဆုံး အဘွားကြီးဟွမ်နှင့် ကျန်းရှင်းဖှတို့ ထိုသို့ တွေးထင်ထားကြသောကြောင့် ယခုကဲ့သို့ ဒေါသပေါက်ကွဲနေကြခြင်း ဖြစ်သည်။
အဘွားကြီးဟွမ် : "နင်လို မြေခွေးမ... နင် အပြင်မှာ အရှုပ်အထုပ်တွေလုပ်ပြီး လူဆိုးတွေကို ဆွဲခေါ်လာတယ်၊ ပြီးတော့ ငါတို့မိသားစုကိုပါ ဖျက်ဆီးတယ်... ငါ နင့်ကို ရိုက်သတ်ပစ်မယ်..."
ကျောက်ရုံသည် အဘွားကြီးဟွမ် ဤမျှအထိ ရူးသွပ်စွာ အော်ဟစ်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။ သူမသည် ရုန်းကန်ရင်း အော်ဟစ်လိုက်ကာ
"ရှင် ဘာလုပ်တာလဲ... ကျွန်မကို မရိုက်နဲ့... အား... အဒေါ်ကြီး... တကယ့် မိန်းမယုတ်ကြီးပဲ၊ ကျွန်မ သူ့ကို မရိုက်ပါဘူးနော်... ကျွန်မကို ဘာလို့ လာပြီး အပြစ်ပုံချရတာလဲ... ကျွန်မလည်း နစ်နာရတဲ့သူပဲဥစ္စာ..."
"နစ်နာရတဲ့သူ ဟုတ်လား... နင့်ဖင်ပဲ..."
အဘွားကြီးဟွမ်က ကျောက်ရုံ၏ မျက်နှာကို တံတွေးဖြင့် ထွေးလိုက်သည်။
ထို့နောက် ဒေါသတကြီးဖြင့်
"နင်လို မြေခွေးမ... နင် ဘာတွေလုပ်ထားလဲဆိုတာ ငါတို့မသိဘူး ထင်နေလား... လူတွေက ငါတို့အိမ်တံခါးဝအထိ လာခေါက်နေကြပြီ။ သူတို့သာ ဒေါသမထွက်ရင်... ဘယ်သူက ဒီလောက်အထိ ရူးသွပ်ပြီး လာလုပ်ပါ့မလဲ..."
ထိုလူများသည် ရဲကိုပင် ပြန်လည်တိုက်ခိုက်ရဲသည့်အထိ အလွန်အမင်း ရူးသွပ်နေကြသည်မှာ အမှန်ပင်ဖြစ်သော်လည်း၊ ၎င်းကပင် သူတို့ မည်မျှအထိ ဒေါသချောင်းချောင်းထွက်နေသည်ကို သက်သေပြနေသည် မဟုတ်လော့။ ကျောက်ရုံသာ ထိုအဘိုးကြီးနှင့် တကယ် ဖောက်ပြန်မနေခဲ့လျှင် ထိုအဘွားအို ဒေါသတကြီးဖြင့် ယခုကဲ့သို့ ရူးသွပ်သွားမည် မဟုတ်ပေ။
"အရှက်မရှိတဲ့မိန်းမ... အပြင်ပန်းတော့ သိက္ခာရှိသလိုလိုနဲ့ ကွယ်ရာကျတော့ မဟုတ်တာတွေချည်း လုပ်နေတာ... နင် ငါ့သားကို ဘာတွေလုပ်လိုက်လဲ ကြည့်ဦး... နင့်မှာ လူသားဆန်မှု မရှိဘူး..."
အဘွားကြီးဟွမ် ပြောဆိုကာ ကျောက်ရုံကို ဆွဲ၍ ပါးကို အဆက်မပြတ် ရိုက်နှက်တော့သည်။
ကျောက်ရုံ ရှောင်ကွင်းရင်း အော်ဟစ်အကူအညီတောင်းရှာ၏။
"တော်စမ်းပါ... တကယ်ကို တော်လောက်ပြီ... ကျွန်မတို့က တစ်ခြံဝင်းတည်းသားတွေပဲဥစ္စာ... အပြင်လူက ကျွန်မကို နှိပ်စက်တာကို... အခု ရှင်ကပါ လာပြီး နှိပ်စက်နေတာလား... ကယ်ကြပါဦး... ကယ်ကြပါဦး..."
သို့သော်လည်း လူတိုင်း ရပ်ကြည့်နေကြပြီး မည်သူမျှ ရှေ့သို့တက်၍ ကူညီခြင်း မပြုကြပေ။
ယခင်က ကျောက်ရုံကို အမြဲကူညီပေးလေ့ရှိသော ဝမ်တာ့ချွေမှာမူ ယခုအခါ ဒဏ်ရာများဖြင့် ဆေးရုံတင်ထားရရှာသည်။ ဆယ်စုနှစ်တစ်ခုကျော်ကြာ ထိန်းသိမ်းလာခဲ့သော ခွင့်မယူဖူးသည့် စံချိန်ကောင်းကြီးမှာလည်း လုံးဝ ပျက်စီးသွားခဲ့ရလေပြီ…
ဝမ်တာ့ချွေသည် အလွန်ကို စိတ်ဓာတ်ကျကာ အသည်းကွဲနေရှာ၏။ သူခမျာ အတော်ကို စိတ်ဆင်းရဲစရာ အခြေအနေသို့ ဆိုက်ရောက်နေရသည်။
"ရှင်တို့ ကျွန်မကို ယုံပေးကြပါ၊ ကျွန်မ တကယ် အပြစ်ကင်းပါတယ်... အဲဒီအဘွားကြီးက အထင်လွဲသွားတာပါ။ ကျွန်မတို့မိသားစုက ဆင်းရဲတာလည်း မဟုတ်ဘူး၊ ကျွန်မ ဘာအကြောင်းပြချက်နဲ့ အဲဒီလိုလုပ်ရမှာလဲ... တကယ် ပြောတာပါ..."
ထိုစဉ် လူအုပ်ထဲမှ တစ်စုံတစ်ဦးသည် "ဘယ်သူသိမှာလဲ... နင်က သူ့ပစ္စည်းတွေကို မက်မောလို့နေမှာပေါ့..." ဟု တိုးတိုးလေး ကဲ့ရဲ့လိုက်ရာ ကျောက်ရုံကို ဒေါသအိုး ပေါက်ကွဲလုနီးပါး ဖြစ်သွားစေ၏။
ဘယ်သူကများ အဲဒီလို အဘိုးကြီးအိုကြီးကို မက်မောပါ့မလဲ…
ဤသည်မှာ သူမအပေါ် တကယ့်ကို စော်ကားလိုက်ခြင်းပင် ဖြစ်သည်။
"ရှင်တို့တွေ လွန်လွန်းနေပြီ..."
"နင်လုပ်တဲ့ကိစ္စကျတော့ မလွန်ဘူးလား… ငါတို့က စကားနည်းနည်း ပြောတာကျတော့ လွန်တယ်ဖြစ်ရလား... ဘယ်လို ယုတ္တိမရှိတဲ့ စကားလဲ..."
"ဟုတ်တတ်... နင့်ကြောင့်နဲ့ ငါတို့ခြံဝင်းကို လူတွေက လက်ညှိုးထိုး ကဲ့ရဲ့နေကြပြီ"
"လက်ညှိုးထိုးရုံတင် ဘယ်ကမလဲ... ငါ့သားက လူပျိုကြီးဖြစ်ပြီး အိမ်ထောင်ဖက်ရှာရတာ ခက်နေတာ၊ လူတွေက ငါ့သား ဒီခြံဝင်းထဲမှာ နေတယ်လို့ ကြားတာနဲ့ တွေ့တောင်မတွေ့ချင်ကြတော့ဘူး… ဒါတွေအားလုံး နင့်အပြစ်တွေ မဟုတ်ဘူးလား..."
ရှီကျန့်ရှန်း ထိုအကြောင်းကို တွေးမိလေ ဒေါသထွက်လေ ဖြစ်နေသည်။ မိသားစုနှစ်ခုသည် ယခင်က ရင်းနှီးသော ဆက်ဆံရေး ရှိခဲ့သော်လည်း ကျောက်ရုံ၏ အရှုပ်တော်ပုံ ပေါ်ပေါက်လာပြီးနောက်တွင် ရှီကျန့်ရှန်းသည် ဆက်ဆံရေးကို လုံးဝ ဖြတ်တောက်ရန် ဆုံးဖြတ်လိုက်တော့၏။ သို့မဟုတ်ပါက သူတစ်ပါး မိမိတို့မိသားစုကိုပါ သိက္ခာမရှိသော မိသားစုဟု ထင်မြင်သွားကြပေမည်။
ထို့အပြင် သူမသည် လိမ်ညာပြောဆိုနေခြင်းလည်း မဟုတ်ပေ။ ဤကိစ္စသည် သူမ၏သားဖြစ်သူ၏ ကြင်ဖက်တွေ့ပွဲများကို အမှန်တကယ်ပင် ထိခိုက်စေခဲ့သဖြင့် ရှီကျန့်ရှန်းသည် တကယ့်ကို ဒေါသထွက်နေရခြင်း ဖြစ်ပေသည်။
ခြံဝင်းတစ်ခုလုံး ရုန်းရင်းဆန်ခတ် ဖြစ်နေသော်လည်း မာကျန့်ယီမှာ ကြားဝင်စေ့စပ်ပေးဖို့ ထွက်မလာခဲ့ပေ။
သူ အလုပ်မှ ပြန်ရောက်နေပြီ ဖြစ်သော်လည်း အပြင်ထွက်မလာခြင်းမှာ ဤမျှဆူညံပွက်လောရိုက်နေသည့် အခြေအနေကို သူကိုယ်တိုင်လည်း မထိန်းချုပ်နိုင်မှန်း သိနေ၍ပင်…
အခြားတစ်ဖက်တွင်မူ ချိုက်မင်မင်နှင့် ပိုင်ဖုန်းရှန်းတို့သည် ပွဲကြည့်ရန် ထွက်လာကြ၏။ အဘွားကြီးဟွမ်သည် တကယ့် လက်ရဲဇက်ရဲ မိန်းမကြီးဖြစ်ရာ ပညာတတ်တစ်ယောက်ဖြစ်သည့် ကျောက်ရုံထက် အဆပေါင်းများစွာ ပို၍ လက်ဆရှိလှသည်။ သူမသည် ကျောက်ရုံ၏ မျက်နှာကို တဖြန်းဖြန်း အဆက်မပြတ် ရိုက်နှက်နေရုံတင်မက၊ နှုတ်မှလည်း ပိုမိုရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုရင်း ကျောက်ရုံ၏ ဘိုးဘေးဘီဘင်များကိုပါ တိုက်ရိုက် စော်ကားနေ၏။
ဘေးမှ ရပ်ကြည့်နေသူအားလုံးမှာ ထိုမြင်ကွင်းကို ကြည့်ပြီး မျက်နှာပျက်နေကြရရှာသည်။
ချိုက်မင်မင် ချန်ချင်းယွီ အနီးသို့ တိုးကပ်လာပြီး
"ဒါ ဖြစ်နေတာ ဘယ်လောက်တောင် ကြာပြီလဲ..."
ချန်ချင်းယွီ : "ခဏတော့ ရှိပြီ"
ယခင်ကတည်းက ညိုမည်းယောင်ကိုင်းနေသော ကျောက်ရုံ၏ မျက်နှာမှာ ယခုအခါ ပို၍ပင် ဆိုးဝါး ပုံပျက်ပန်းပျက် ဖြစ်သွားခဲ့ရ၏။
ချိုက်မင်မင် : "မြို့ကလူတွေကတော့... တကယ့်ကို ထူးဆန်းအံ့ဩဖို့ ကောင်းတာပဲနော်"
ချန်ချင်းယွီမှာမူ ဘာပြန်ပြောရမှန်းမသိဘဲ ဆွံ့အသွားရရှာသည်။ သူတို့ခြံဝင်းအတွင်း ဖြစ်ပွားလေ့ရှိသည့် ထူးဆန်းထွေလာ အဖြစ်အပျက်များကြောင့် ချိုက်မင်မင်၏ မြို့ပြနှင့် ကျေးလက် ကွာခြားချက်အပေါ် နားလည်သဘောပေါက်မှုမှာ အလွန်အမင်း လွဲမှားနေပြီဟု သူမ ခံစားလိုက်ရ၏။
တကယ့်ကို လွဲမှားချက်တွေ အများကြီး၊ အများကြီး…
သို့သော်လည်း ချန်ချင်းယွီ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး
"ဒါနဲ့... ဒဏ်ရာရတဲ့လူတွေရဲ့ ဆေးရုံစရိတ်ကို ဘယ်သူစိုက်ပေးတာလဲ..."
ချိုက်မင်မင် ဤအကြောင်းကို ကောင်းကောင်းသိရှိထား၏။အဘယ်ကြောင့်ဆိုသော် သူမ၏ ယောက္ခမသည် ဝင်းတာဝန်ခံ ဖြစ်၍ ထိုနေ့က ရဲစခန်းသို့ သွားခဲ့ရသောကြောင့်ပင်… သူမက လျင်မြန်စွာပင်
"ကျွန်မသိတယ်၊ မနေ့က ပြဿနာရှာဖို့ လူစုခေါ်လာတဲ့ အဘွားကြီး လျန်လေ... သူတို့မိသားစုက စိုက်ပေးတာ"
ချန်ချင်းယွီ ခဏမျှ စဉ်းစားလိုက်ပြီး
"ဒါဆိုလည်း ဟုတ်သားပဲ.. လူတွေကို ရိုက်နှက်ခဲ့တာ သူတို့ပဲဥစ္စာ၊တကယ်လို့ ဆေးရုံစရိတ်သာ မပေးရင် နောက်ထပ် ပြဿနာတွေ အများကြီး တက်လာဦးမှာ၊ သူတို့ဘာသာသူတို့ ပေးလိုက်တာပဲ ကောင်းပါတယ်… အနည်းဆုံးတော့ တခြား အထွေထွေ အရှုပ်အရှင်းတွေ နည်းသွားတာပေါ့"
"ဒါကတော့ သေချာတာပေါ့"
ချိုက်မင်မင် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် အသံကို တိုးလျက် ပြောပြပြန်သည်။
"တကယ်တော့ အဲဒီထဲက အတော်များများ ဒဏ်ရာရကြပေမယ့် သိပ်တော့မပြင်းထန်ပါဘူး..အဆိုးဆုံး ဒဏ်ရာရတဲ့လူကတော့ ကျောက်ရုံနဲ့ ဖောက်ပြန်တဲ့ အဘိုးကြီးပဲ၊ ကြားတာတော့ သူက အကန်ခံရပြီး သူ့ညီလေးကတော့ တစ်စစီ ကွဲကြေသွားတယ်တဲ့"
ချန်ချင်းယွီ၏ မျက်လုံးများမှာ ချက်ချင်းပင် အဝိုင်းသား ဖြစ်သွားရ၏။
သူမသည် နောက်သို့ လှည့်ကာ အဘွားကြီးကျောက်ကို လှမ်းကြည့်ချင်စိတ်ကို မနည်း ထိန်းချုပ်လိုက်ရရှာသည်။
‘ဒါ အဘွားကြီး ကန်လိုက်တာပဲ...’
သူမ ကောင်းကောင်း သိနေသည် မဟုတ်လော့။
ချန်ချင်းယွီ စိတ်ထဲမှ အော်ဟစ်မိသည်။
‘ဘုရားရေ... ယောက္ခမကတော့ ရန်ဖြစ်ပြီဆိုရင် အားနည်းချက်ရှိတဲ့ နေရာတွေကိုပဲ အမြဲ ရွေးတိုက်ခိုက်တတ်တာပဲ… အခုတော့ သူမရဲ့ နတ်ဘုရားကန်ချက် မြင့်မြတ်တဲ့ပညာရပ်ကို အဆုံးစွန်အထိ တတ်မြောက်သွားပြီ ထင်တယ်။ ဒါကတော့ လင်မယားကွာရှင်းနည်း လက်စွဲစာအုပ်ပဲ... ဒါပေမဲ့ ဒါက ယောက်ျားတွေကို နှိမ်နင်းဖို့ သီးသန့်ပညာရပ်ပဲဖြစ်ရမယ်’
ချန်ချင်းယွီ : "..."
ထို့နောက် အတော်ကြာအောင် တိတ်ဆိတ်မှုကြီး လွှမ်းမိုးသွားခဲ့သည်။ ဘေးပတ်ဝန်းကျင်မှ လူအချို့ထံမှလည်း အလန့်တကြား အသက်ရှူသံများ ထွက်ပေါ်လာ၏။
လူတိုင်း သွေးလန့်သွားကြရသည်။
"တစ်စစီ ကွဲကြေသွားတယ်... ဟုတ်လား။ ကောင်းတယ်... နောက်တစ်ခါ အရှုပ်ထုပ်တွေ လျှောက်လုပ်ရဲဦးမလား ကြည့်ကြသေးတာပေါ့..."
"ကျွန်မထင်တာတော့... အဲဒါ အဘိုးကြီးရဲ့ အဘွားကြီး ကိုယ်တိုင် လုပ်တာ ဖြစ်ရမယ်၊ ဘာပဲဖြစ်ဖြစ် သူကလည်း ဒီလောက် အသက်ကြီးနေပြီပဲ၊ ကိုယ်ကိုယ်တိုင်လည်း သုံးစားလို့ ရတော့တာ မဟုတ်ဘဲနဲ့ အပြင်မှာ လျှောက်ဖောက်ပြန်နေသေးတယ်၊ အဲဒီတော့ သင်းကွပ်ပစ်လိုက်တာပဲ အကောင်းဆုံးပဲ"
"မိန်းမတွေရဲ့ စိတ်ထားက တကယ့်ကို အဆိပ်အတောက် အပြင်းဆုံးပဲ"
"အဲဒါ ဘာဖြစ်လဲ... ကျွန်မကတော့ ဒါကို ကောင်းတယ်လို့ ထင်တယ်။ ဒီတစ်ကြိမ် ခံရပြီးရင်တော့... သူ နောက်ဆို ငြိမ်ကုပ်နေတော့မှာ သေချာတယ်"
လူတိုင်း ပြိုင်တူ ဝိုင်းဝန်း ဆွေးနွေးနေကြသော်လည်း အဘွားကြီးကျောက်မှာ ပုံမှန်နှင့်မတူ စကားတစ်လုံးမျှ ဝင်မပြောဘဲ နှုတ်ဆိတ်နေခဲ့သည်။
ဘုရားရေ... အဲဒါ သူမကိုယ်တိုင် လုပ်ခဲ့တာပဲဥစ္စာ...
သူမ ဘာများ ပြောနိုင်ပါဦးမည်နည်း။
သို့သော်လည်း ….
ကောင်းကင်ကြီးက သက်သေပါပဲ၊ အဲ့တုန်းက သူမ တကယ် ကန်ချင်ခဲ့တာက ကျောက်ရုံကိုပါ…
သူမ ကျောက်ရုံ၏ တင်ပါးကို ချိန်ပြီး ကန်လိုက်ခြင်းဖြစ်ရာ ထိုအဘိုးကြီးသည် ကျောက်ရုံ၏ ရှေ့မှ ဝင်ခံလိုက်မည်ဟု မည်သူ သိနိုင်ခဲ့မည်နည်း။ တကယ့်ကို... ဘာပဲဖြစ်ဖြစ် သူမကတော့ အပြစ်ကင်းစင်သူတစ်ယောက်ပါပဲ…
ယခုအချိန်တွင် အဘွားကြီးကျောက်သည် ထိုစဉ်က သူမ၏ ချွေးမဖြစ်သူ ချန်ချင်းယွီ၏ အကြံဉာဏ်ကို နားထောင်ခဲ့မိသည်မှာ မှန်ကန်လှသည်ဟု ခံစားလိုက်ရသည်။
ကြည့်စမ်း... ချန်ချင်းယွီသာ လူတိုင်းကို မီးပိတ်ပစ်ရန် အတင်းအကျပ် မတောင်းဆိုခဲ့လျှင် သူမ ကန်လိုက်သည်ကို လူတိုင်း မြင်သွားကြမည် ဖြစ်သည်။
ယခုမူ ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်အတိ ကျနေခဲ့သည် မဟုတ်လော့။
မည်သူမျှ ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရဘဲ ရမ်းသန်း ရိုက်နှက်ခဲ့ကြခြင်းသာ ဖြစ်သည်။
ဤအဖြစ်အပျက်များနှင့် သူမတွင် မည်သည့်ပတ်သက်မှုမျှ မရှိသဖြင့် မည်သူမှ သူမကို သံသယဝင်ကြမည် မဟုတ်ပေ။ အကယ်၍ ဦးနှောက်ကို အစွမ်းကုန် ညှစ်ထုတ်ပြီး စဉ်းစားလျှင်ပင် သူမ၏ လက်ချက်ဟု မည်သူမျှ ရိပ်မိကြမည် မဟုတ်ပေ။
အဘွားကြီးကျောက်: ‘ဟူး... ဟူး... ဟူး...’
အသက်ကို ပြင်းပြင်းရှူသွင်း၊ ရှူထုတ် လိုက်သည်။
‘စိတ်အေးအေးထားစမ်း...’
‘စိတ်ကို ငြိမ်ငြိမ်ထားစမ်း...’
မိမိကိုယ်မိမိ စိတ်ဓာတ်ပြန်လည် ထိန်းချုပ်ရာတွင် အလွန်ကျွမ်းကျင်သော အဘွားကြီးကျောက်သည် လျင်မြန်စွာပင် ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားခဲ့၏။
ခဏမျှ ထိတ်လန့်တုန်လှုပ်သွားပြီးနောက်၊ သူမသည် အဖြစ်အပျက်ကို စိတ်ဝင်တစားဖြင့် ပြန်လည် စောင့်ကြည့်နေပြန်သည်။
"တော်လောက်ပြီ..."
သူမ စိတ်ပါလက်ပါ ကြည့်နေနိုင်သော်လည်း လူတိုင်း ထိုသို့ မဟုတ်ပေ။ ယွမ်ဟောက်မင်သည် နောက်ဆုံးတွင် အိမ်ထဲမှ ထွက်လာခဲ့လေပြီ… သူသည် ရှေ့ခြံဝင်းသို့ လျှောက်လာပြီး သူ၏ မျက်ဝန်းများမှာ မှေးမှိန်အုံ့မှိုင်းနေကာ ဘေးမှ ရပ်ကြည့်နေသူများကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက် ဖရိုဖရဲ ဖြစ်နေသော ကျောက်ရုံကို ကြည့်ကာ
"အိမ်ထဲဝင်ရအောင်"
ကျောက်ရုံ နှုတ်ခမ်းကို တင်းတင်းကိုက်လျက် သက်ပြင်းတစ်ချက်ချကာ သူ့နောက်သို့ လိုက်သွား၏။
အဘွားကြီးဟွမ်မှာ "နင်..." ဟု ဒေါသတကြီး ရေရွတ်လိုက်စဉ်၊
လင်စန်းရှင်း အသံကိုနှိမ့်ကာ တိုးတိုးလေး ဝင်ပြောရှာသည်။
"အဘွားကြီးဟွမ်... တော်လိုက်ပါတော့ရှင်၊ ဒါက သူတို့အိမ်တွင်းရေးကိစ္စပဲဥစ္စာ၊ ကျွန်မတို့ အပြင်လူတွေ ဝင်ပါလို့ ရတဲ့ကိစ္စ မဟုတ်ပါဘူး… တကယ်တော့ ရှင်တို့မိသားစုလည်း နစ်နာလှတာ မဟုတ်ပါဘူး"
အဘွားကြီးဟွမ် ချက်ချင်း ဒေါသပုန်ထသွားပြီး
"ငါ့မိသားစုက မနစ်နာဘူး ဟုတ်လား... ငါ့သား ဆေးရုံတက်နေရတာ မဟုတ်ဘူးလား... ပြီးတော့ ငါ့မျက်နှာကိုလည်း ပြန်ကြည့်ဦး၊ ငါကိုယ်တိုင်လည်း အရိုက်ခံထားရတာ။ ဒါကို ငါက မနစ်နာဘူး ဟုတ်လား... နေဦး... ဒါက နင်နဲ့ ဘာဆိုင်လို့လဲ... ယွမ်ဟောက်ဖုန်းကလည်း အိမ်ထောင်ကျသွားပြီပဲဥစ္စာ... နင်က ဘာတွေကို မျှော်လင့်ပြီး စိတ်ကူးယဉ်နေသေးတာလဲ... ဘာလဲ... ယွမ်ဟောက်ဖုန်းက မိန်းမနဲ့ကွာရှင်းပြီး နင့်သမီးကို ပြန်ကောက်လိမ့်မယ်လို့ မျှော်လင့်နေတာလား... တစ်နေ့တစ်နေ့ သူတို့မိသားစုဘက်ကနေချည်း လိုက်ပြောပေးနေရတာ... နင့်ရုပ်လေးကိုလည်း ပြန်ကြည့်ဦး"
လင်စန်းရှင်းမှာ မျက်ရည်ဝဲလျက်
"ရှင် ဘာလို့ ဒီလို စကားမျိုး ပြောရတာလဲ..."
"ငါ ဘယ်လိုပြောလို့လဲ... ဟဲဟဲ"
အဘွားကြီးဟွမ် လင်စန်းရှင်းကို မထင်မဲ့မြင် အကြည့်ဖြင့် ကြည့်ကာ
"နင်ကလည်း အောက်တန်းစား အရှက်မရှိတဲ့ မိန်းမပဲ၊ ဝေးဝေးသွားစမ်း"
လင်စန်းရှင်း : "ရှင်က တကယ့်ကို အကျိုးအကြောင်း မရှိတဲ့လူပဲ"
သူမ ခံပြင်းဝမ်းနည်းစွာဖြင့် လှည့်ထွက်သွားခဲ့သည်။ အဘွားကြီးဟွမ်ကဲ့သို့သော လူစားမျိုး ရှိနေနိုင်သည်ကို သူမ တကယ်ကို နားမလည်နိုင်တော့ပေ။ အဘိုးကြီးကျန်း သူမကို ကွာရှင်းချင်နေရခြင်းမှာလည်း မဆန်းပေ။ ထိုကဲ့သို့ မိန်းမကြမ်းကြီးကို တကယ်ပင် သည်းခံနိုင်စွမ်း မရှိကြ၍ ဖြစ်ပေလိမ့်မည်။
သူတို့နှစ်ဦး၏ ကြားဖြတ် ရန်ပွဲလေးကို မည်သူကမျှ စိတ်မဝင်စားကြပေ။ ကျောက်ရုံသည် ယွမ်ဟောက်မင်၏ နောက်သို့လိုက်ကာ အိမ်ထဲသို့ ဝင်သွားသည်ကို မြင်သောအခါ လူအုပ်ကြီးမှာလည်း ဝုန်းခနဲ လိုက်ပါသွားကြ၏။ ချန်ချင်းယွီသည်လည်း အလွန် သိချင်စိတ်ပြင်းပြလှသဖြင့် အပြေးအလွှား လိုက်သွားခဲ့သော်လည်း၊ ယွမ်ဟောက်မင်သည် သူတို့ကို အိမ်တွင်းရေး အရှုပ်အထုပ်များဆက်လက် စောင့်ကြည့်ခွင့် မပေးခဲ့ပေ။ သူသည် အိမ်တံခါးကို ဝုန်းခနဲ ပိတ်ပစ်လိုက်ရုံတင်မက၊ လိုက်ကာများကိုပါ တင်းတင်းကြပ်ကြပ် ဆွဲပိတ်ပစ်လိုက်လေသည်။
လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ကြောင်အမ်းအမ်း ဖြစ်သွားကြ၏။
"... ဘာတွေဖြစ်နေတာလဲဟင်..."
"သူက ကျွန်မတို့ကို ပွဲပေးမကြည့်ချင်တာပေါ့"
"တကယ်ပဲ... သူတို့အိမ်တွင်းရေးကို လူတိုင်း သိနေကြပြီဥစ္စာ... ဒါကို ဘာတွေ ဖုံးဖုံးဖိဖိ လုပ်နေဦးမှာလဲ..."
"ဟုတ်တတ်"
ဘာတစ်ခုမှ မမြင်ရတော့သဖြင့် ချန်ချင်းယွီမှာမူ အမိုးပေါ်သို့ တက်၍ ချောင်းမြောင်း နားထောင်ချင်စိတ်ပင် ပေါက်လာမိ၏။
သူမ တကယ်ကို စိတ်မရှည် ဖြစ်နေရပြီ… အရမ်း စိတ်လှုပ်ရှားနေပြီလေ…
ဘာမှ မမြင်ရတော့သော်လည်း မည်သူမျှ ချက်ချင်း ပြန်မသွားကြသေးဘဲ တံခါးဝတွင်သာ နားစွင့်နေကြသည်။
အမှန်အတိုင်း ပြောရလျှင် ယွမ်ဟောက်မင်သည် သူတို့ခြံဝင်းအတွင်း တော်တော်ပင် နာမည်ကြီးပြီး လူလေးစားခံရသူတစ်ဦး ဖြစ်၏။
သူ့တွင် ကောင်းမွန်သော အလုပ်အကိုင်ရှိပြီး ရုပ်ရည်လည်း သန့်ပြန့်ကာ သားတစ်ယောက်၊ သမီးနှစ်ယောက်နှင့် မိသားစုစုံလင်လှသည်။ ထို့အပြင် သူသည် တက္ကသိုလ်ဘွဲ့ရတစ်ဦးလည်း ဖြစ်ရာ... ထိုခေတ်အခါက တက္ကသိုလ်ဘွဲ့ရဆိုသည်မှာ တကယ့်ကို ရှားပါးလှသဖြင့် ယွမ်ဟောက်မင်ကို ဤဒေသတွင် အထက်တန်းလွှာ ပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ထားကြခြင်း ဖြစ်၏။
ထိုကဲ့သို့သော လူကောင်းတစ်ယောက်ကိုမှ အိမ်ထောင်ဖက်သည် ဖောက်ပြန်ခဲ့သည်ဆိုသည်မှာ တကယ့်ကို မယုံနိုင်စရာပင်။
ကျောက်ရုံတစ်ယောက် ဘာတွေ တွေးတောနေခဲ့သည်ကို တကယ်ကို နားမလည်နိုင်တော့ပေ…
သို့သော်လည်း ထိုပုပုတိုတို ဂတုံးအဘိုးကြီး၏ အဆင့်အတန်းနှင့် အသိုင်းအဝိုင်းကို ပြန်လည် တွေးဆကြည့်သောအခါတွင်မူ၊ ကျောက်ရုံသည် မည်သည့်အရာကို မက်မောပြီး ဖောက်ပြန်ခဲ့သည်ကို လူတိုင်း ကောင်းကောင်း သဘောပေါက်သွားကြ၏။
အပြင်ဘက်တွင် လူအုပ်ကြီးမှာ တိုးမပေါက်အောင် စုပြုံတိုးဝှေ့နေကြသော်လည်း၊ အိမ်ထဲတွင်မူ ယွမ်ဟောက်မင်သည် ကျောက်ရုံကို ဒေါသတကြီး ခက်ထန်သောအကြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။ အမှန်တွင် ယွမ်မိသားစုဝင် အခြားလူများလည်း အိမ်မှာတင် ရှိနေကြသော်လည်း အားလုံး အလွန်အရှက်ရနေကြသဖြင့် အိမ်ထဲသို့ ခြေဖွဖွနင်းကာ တိတ်တဆိတ် ဝင်သွားကြပြီး အခန်းအပြင်သို့ ထွက်မလာကြခြင်း ဖြစ်၏။
ယခုအခါ ကျောက်ရုံ တစ်ယောက် အိမ်သို့ ပြန်ရောက်လာပြီ ဖြစ်သဖြင့် အခန်းထဲမှ လူအချို့ ထွက်လာကြပြီး သူမကို ရန်လိုသောအကြည့်များဖြင့် စိုက်ကြည့်ကြတော့သည်။
တကယ်တမ်း ကျောက်ရုံ လုပ်ခဲ့သည်များကို အားလုံးကောင်းကောင်း သိရှိထားကြ၏။
ယွမ်ဟောက်ရွှယ်သည် ရှန့်ရှန့်တို့အိမ်တွင် သွားရောက်တည်းခိုခဲ့ပြီး မိခင်ဖြစ်သူအတွက် ဆင်ခြေဆင်လက်များဖြင့် ဖုံးဖိပေးခဲ့ဖူးသည်။ ယွမ်ဟောက်ဖုန်း အနေဖြင့်မူ ယခင်က အသေအချာ မသိခဲ့သော်လည်း၊ ရှန့်ရှန့်နှင့် သူ၏ ဆက်ဆံရေးကြောင့် အတော်များများကို ရိပ်မိထားခဲ့ပြီး သံသယအနည်းငယ် ရှိနေခဲ့၏။
ကွမ်ထင်းထင်းသည်လည်း လုံးဝ ဘာမှမသိသည့် အူလည်လည် ဖြစ်နေသူ မဟုတ်ပေ။
ဤမိသားစုထဲတွင် တစ်ခုမှ မသိဘဲ အပြစ်ကင်းစင်နေသူဟူ၍ ဟောက်ယွဲ့ တစ်ယောက်သာ ရှိ၏။
သူတို့ ဒေါသထွက်နေရခြင်းမှာ ကျောက်ရုံ လုပ်ခဲ့သည့် လုပ်ရပ်ကြောင့် မဟုတ်ဘဲ၊ သူမသည် လက်ပူးလက်ကျပ် မိသွားခဲ့ကာ လူတကာရှေ့တွင် သိက္ခာကျစရာ အရှက်ခွဲသလို ဖြစ်သွားခဲ့ရခြင်းကြောင့်သာတည်း။
ယွမ်ဟောက်မင်သည် ကျောက်ရုံကို အတော်ကြာအောင် စိုက်ကြည့်နေပြီးနောက်
"မင်း အခုတော့ ကျေနပ်ပြီလား... ဒီလို နာမည်ဆိုးကြီး ထွက်သွားရတာကို မင်း တကယ်ပဲ ဝမ်းသာနေတာလား..."
ကျောက်ရုံ ခေါင်းငုံ့ထားရင်း မျက်ဝန်းများ နီမြန်းလျက်
"ကျွန်မလည်း ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ မရည်ရွယ်ခဲ့ပါဘူး..."
ယွမ်ဟောက်မင် ဒေါသတကြီးဖြင့်
"မရည်ရွယ်ခဲ့ဘူး၊ မရည်ရွယ်ခဲ့ဘူး၊ မရည်ရွယ်ခဲ့ဘူး... မင်း အပြင်မှာ လျှောက်အရှုပ်ရှုပ်နေတုန်းက ငါ့ရဲ့ ခံစားချက်ကိုကော ထည့်စဉ်းစားခဲ့ရဲ့လား... ငါ့အကြောင်းကိုကော တွေးခဲ့မိရဲ့လား... မင်း ရှန့်ရှန့်တို့အိမ်ကို သွားတာဟာ ဒီလိုကိစ္စမျိုးအတွက်လို့ ငါ အိမ်မက်ထဲတောင် ထည့်မမက်ဖူးဘူး။ ငါသိခဲ့ရင် မင်းကို လုံးဝ ပေးသွားမှာ မဟုတ်ဘူး... ငါတို့မိသားစုက ဆင်းရဲဒုက္ခရောက်နေတာလည်း မဟုတ်ဘဲနဲ့၊ မင်းက ဘာတွေ ဒီထက်ပိုပြီး လိုချင်နေသေးတာလဲ... ဟမ်... ဒါတွေက တကယ်ပဲ တန်လို့လား... မင်း ငါ့အကြောင်းကိုကော နည်းနည်းလောက် တွေးခဲ့ရဲ့လား ကျောက်ရုံ၊မင်း ငါ့ကိုရော၊ ကလေးတွေကိုရော သစ္စာဖောက်လိုက်တာပဲ၊ အဲဒါကို မင်း သိရဲ့လား... အခုတော့ ငါတို့တွေ လူတကာရှေ့မှာ ဘယ်လိုမျက်နှာပြရတော့မလဲ..."
ကျောက်ရုံ : "ကျွန်မ တကယ်ကို မျှော်လင့်မထားခဲ့ဘူး..."
"မျှော်လင့်မထားရင်လည်း ဒါမျိုးကို မလုပ်ခဲ့သင့်ဘူး..."
ယွမ်ဟောက်မင်၏ အော်ဟစ်သံသည် မတိုးလှသဖြင့် အပြင်ဘက်မှ လူတိုင်း အသေအချာ ကြားနေရပြီး အားလုံး တိတ်ဆိတ်သွားကြသည်။
"တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်… ကျွန်မက အခြေအနေတွေ ပိုကောင်းလာစေချင်လို့ပါ..."
ဖျန်း...
ယွမ်ဟောက်မင် သူမ၏ပါးကို ပြင်းထန်စွာ တစ်ချက် ရိုက်လိုက်ပြီး ဆဲဆိုလိုက်၏။
"မင်း တကယ်ကို မိုက်မဲတာပဲ..."
ကျောက်ရုံမှာ ငိုချလိုက်တော့သည်။
သူမသည် အပြင်တွင် ရှိစဉ်က အောင့်အည်းသည်းခံနိုင်ခဲ့သော်လည်း၊ ယခုအခါတွင်မူ မျက်နှာကို လက်ဝါးဖြင့်အုပ်ကာ ကြမ်းပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် ရှိုက်ကြီးတငင် ငိုကြွေးလေ၏။
ယွမ်ဟောက်ဖုန်း သက်ပြင်းတစ်ချက်ချပြီး
"အခုအချိန်မှာ ဒါတွေ လျှောက်ပြောနေလို့ ဘာထူးမှာလဲ... ဒါကို ဘယ်လို ဖြေရှင်းမလဲဆိုတာပဲ စဉ်းစားရအောင်"
အပြင်ဘက်တွင် လူများ ချောင်းမြောင်း နားစွင့်နေကြသည်ကို သူသိသဖြင့် အသံကို တတ်နိုင်သမျှ တိုး၍ ပြောခြင်း ဖြစ်သည်။
ယွမ်ဟောက်မင် : "ဘာလုပ်လို့ ရဦးမှာလဲ... အခြေအနေတွေက လက်လွန်ကုန်ပြီဥစ္စာ။ ဒါနဲ့... မင်းက ဘယ်လိုဖြစ်ပြီး ပြန်လွတ်လာတာလဲ... ဘာမှမဖြစ်ဘူးလား... ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ဖြေရှင်းခဲ့လဲ..."
ကျောက်ရုံ မျက်ရည်များ ဝဲလျက် ခေါင်းမော့ကာ
"ရှန့်ရှန့်က ကျွန်မကို ကူညီပေးခဲ့တာပါ… ကျွန်မ ဘာမှမဖြစ်ပါဘူး၊ သူတို့ဘက်ကလည်း ဒါဟာ အထင်လွဲမှုတစ်ခုပါလို့ ဝန်ခံပေးခဲ့ကြတယ်…အဲဒါကြောင့် ကျွန်မ ပြန်လွတ်လာတာ"
အကယ်၍ အကျင့်စာရိတ္တ ပျက်ပြားမှုဖြင့်သာ အဖမ်းခံရပါက ထောင်ကျနိုင်ခြေ ရှိသည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် အခြေအနေတစ်ခုလုံး လုံးဝ ပျက်စီးမသွားသေးသရွေ့ လှည့်ပတ်ဖြေရှင်းရန် အခွင့်အရေး ရှိနေသေး၏။
ယွမ်ဟောက်မင် နှုတ်ခမ်းကို တင်းတင်းစေ့လျက် သက်ပြင်းချကာ
"ရှန့်ရှန့်ကတော့ တကယ့်ကို ကိုယ်ချင်းစာပြီး ကူညီတတ်ရှာတယ်"
ယွမ်ဟောက်ဖုန်း ဝင်ပြောလိုက်ကာ
"ကျွန်တော်ကိုယ်တိုင် သူမဆီ သွားပြီး အကူအညီတောင်းခဲ့တာပါ"
ထိုအခါ အခန်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
သို့သော်လည်း ကျောက်ရုံမှာ ထပ်မံ၍ ရှိုက်ကြီးတငင် ငိုကြွေးပြန်ကာ
"သား... ငါ့သားလိမ္မာလေး၊ အမေ သိနေခဲ့ပါတယ်... ဒါဟာ သားရဲ့လက်ချက်ပဲ ဖြစ်ရမယ်လို့..."
ကျောက်ရုံသည် အလွန်ပင် စိတ်လှုပ်ရှား ဝမ်းသာသွားခဲ့ရသည်။ ယောက်ျားများမှာ အားကိုး၍ မရနိုင်သော်လည်း၊ သားဖြစ်သူမှာ အမှန်တကယ်ကို အားကိုးထိုက်ပေ၏။
အဲဒါကြောင့်မို့လို့ သားတစ်ယောက်ရှိဖို့က တကယ့်ကို အရေးကြီးတာပေါ့…
သူတို့ အသံတိုးတိုးဖြင့် စကားပြောနေကြသော်လည်း ကျောက်ရုံ၏ ငိုကြွေးမြည်တမ်းသံသည် တော်တော်ပင် ကျယ်လောင်လှသဖြင့် အပြင်ဘက်မှ လူများက ခပ်ဝါးဝါး ကြားနေရသည်။
ထို့ကြောင့် လူအုပ်ကြီး တိုးတိုးတိုးတိုးဖြင့် ထပ်မံ ဝိုင်းဝန်းအတင်းတုပ်ကြပြန်၏။
"သူတို့ ဘာတွေ ပြောနေကြတာလဲဟင်... ဘာကြားလဲ..."
"ယွမ်ဟောက်ဖုန်းက တစ်စုံတစ်ဦးကို အကူအညီတောင်းပြီး ဖြေရှင်းပေးလိုက်ပုံရတယ်။ ကျောက်ရုံ ပြောတာကို ငါ အဲဒီလိုပဲ ကြားလိုက်တယ်"
"ဝိုး... တော်တော်လေး စွမ်းတာပဲ"
"အဲဒါကြောင့်မို့လို့ လူတွေက သားတစ်ယောက်တော့ ရှိရမယ်လို့ ပြောကြတာပေါ့"
ထိုစကားကို ကြားသောအခါ လီချန်ရွှမ်းနှင့် လင်စန်းရှင်းတို့၏ မျက်နှာအမူအရာများမှာ ချက်ချင်းပင် ပျက်ယွင်းသွားကြ၏။ အကြောင်းမူကား သူတို့တွင် သားယောက်ျားလေး မရှိကြ၍ပင်။
လင်စန်းရှင်းသည် လီချန်ရွှမ်းထက် ပို၍ပင် စိတ်မကောင်းဖြစ်နေမိသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ သမီးဖြစ်သူသည် ဤမျှအထိ အရည်အချင်းရှိပြီး အားကိုးရသည့် သမက်မျိုးကို လက်လွတ် ဆုံးရှုံးခဲ့ရ၏။
ဘာလို့များ ဒီလောက်တောင် မိုက်မဲခဲ့ရတာလဲ…
လင်စန်းရှင်း လီလင်းလင်းကို ဒေါသတကြီး စိုက်ကြည့်လိုက်ရာ၊ လီလင်းလင်းသည်လည်း အလွန်အမင်း ဝမ်းနည်းခံပြင်းစွာဖြင့် ခေါင်းကို အမြန်ငုံ့ချလိုက်ရှာသည်။
ချန်ချင်းယွီမှာ ထိုသို့ တင်းမာနေသော အခြေအနေကို ကြည့်ပြီး မျက်လွှာချလိုက်၏။
အိမ်ထဲတွင်မူ စကားဝိုင်းမှာ ဆက်လက် ဖြစ်ပွားနေဆဲပင်။
ယွမ်ဟောက်ဖုန်း : "ရှန့်ရှန့်က စက်ရုံ ဒုတိယညွှန်ကြားရေးမှူး လုနဲ့ ကျွန်တော်တို့အတွက် စကားပြောပေးထားပြီးပြီ… သူတို့နှစ်ယောက်စလုံးက ဒါကို အထင်လွဲမှုတစ်ခုအနေနဲ့ပဲ ဇွတ်အတင်း ပြောဆိုထားကြတယ်၊ ခိုင်လုံတဲ့ သက်သေမရှိရင် ဒီလိုကိစ္စမျိုးရဲ့ သဘောသဘာဝကို အပြစ်ရှာဖို့ ခက်ခဲပါတယ်… ဒါကြောင့် အမေ ဘာမှမဖြစ်တော့ပါဘူး"
ကျောက်ရုံသည် နောက်ဆုံးတွင် စိတ်သက်သာရာရကာ သက်ပြင်းချနိုင်ခဲ့သော်လည်း၊ လျင်မြန်စွာပင် စိုးရိမ်တကြီး မေးမြန်းပြန်သည်။
"ဒါဆို... စက်ရုံကိစ္စကျတော့ကော..."
"ဒါတွေအားလုံးက အထင်လွဲမှုလို့ သတ်မှတ်လိုက်ပြီဆိုမှတော့ စက်ရုံကလည်း အမေ့ကို အပြစ်ပေးမှာ မဟုတ်တော့ပါဘူး"
ကျောက်ရုံ ထပ်မံ၍ စိတ်အေးသွားရပြန်၏။
ကွမ်ထင်းထင်းသည် သူမ ယောက္ခမ၏ အမူအရာကို ကြည့်ပြီး နှာခေါင်းရှုံ့လျက် ခနဲ့လိုက်သည်။
"ဒါနဲ့ပဲ အားလုံး ပြီးသွားပြီလို့ ထင်နေတာလား... အမေတို့ဘက်က ဒါကို ဖုံးဖိထားနိုင်တယ်ဆိုပေမယ့်၊ ဘယ်သူကမှ အမေ့ကို ယုံမှာမဟုတ်ဘူး၊ ပြီးတော့ အတင်းအဖျင်း စကားတွေလည်း အများကြီး ထွက်လာဦးမှာပဲ။ ကျွန်မဖြင့် ဒီလိုမိသားစုထဲကို လက်ထပ်ဝင်ရောက်မိပြီး ဒီလိုမျိုး ယောက္ခမနဲ့ လာတိုးရတာ တကယ့်ကို ကံဆိုးတာပဲ"
"ထင်းထင်း..."
ယွမ်ဟောက်ဖုန်း ဒေါသတကြီး လှမ်းဟန့်လိုက်သည်။
ကွမ်ထင်းထင်း ပြန်လည် အော်ဟစ်ကာ
"ကျွန်မ ပြောတာ မှားလို့လား... အမေတို့က အသက်ကြီးပြီဆိုတော့ ဒါတွေကို ဂရုမစိုက်ဘူး ထားဦး၊ ကျွန်မတို့က ငယ်ငယ်ရွယ်ရွယ်ပဲ ရှိသေးတာ။ ကျွန်မက ကျွန်မကိုယ်တိုင်အတွက် ပြောနေတာ မဟုတ်ဘူး၊ ဟောက်ရွှယ်အတွက် ပြောနေတာ… ကျွန်မနဲ့ ကျွန်မယောက်ျားက သည်းခံနိုင်တယ် ဆိုဦးတော့၊ ဟောက်ရွှယ်က အိမ်ထောင်မကျသေးဘူးလေ။ အမေ့မှာ ဒီလို နာမည်ဆိုးကြီး ရှိနေမှတော့ သူမ ဘယ်လိုလုပ် အိမ်ထောင်ပြုလို့ ရတော့မှာလဲ... ပြီးတော့ ဟောက်ယွဲ့လည်း ရှိသေးတယ်၊ သူမက ကျောင်းတက်နေတုန်းပဲဥစ္စာ၊ ကျောင်းကလူတွေက သူမကို ဘာတွေ လျှောက်ပြောကြမလဲ... အမေက ဘာတစ်ခုမှ ထည့်မစဉ်းစားတော့ဘူးလား..."
ကျောက်ရုံသည် အခြေအနေများ ဤမျှအထိ ဆိုးဝါးသွားလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။ အမှန်တကယ် အခွင့်အရေးကောင်းကြီးတစ်ခုမှာ လုံးဝ ပျက်စီးသွားခဲ့ရလေပြီ…
သူမသည် ဟောက်ရွှယ်နှင့် ဟောက်ယွဲ့တို့ကို စိုးရိမ်ပူပန်စိတ်ဖြင့် လှမ်းကြည့်လိုက်သည်။
ဟောက်ရွှယ်မှာ မျက်နှာသေဖြင့်
"ပြီးခဲ့တဲ့ရက်ပိုင်းက အလုပ်ခွင်မှာ လူတိုင်းက ရိုင်းရိုင်းစိုင်းစိုင်းတွေ လျှောက်ပြောနေကြတာ… လူတွေအများကြီးက ကျွန်မကို အဲဒီလို ညစ်ညမ်းတဲ့ ပြက်လုံးတွေနဲ့ လာနောက်ပြောင်နေကြတယ်"
"တောက်... ဘယ်သူလဲ... ငါ သွားပြီး ရှင်းပစ်မယ်"
"အဖေက ဘယ်လိုသွားရှင်းမှာလဲ…ဒါတွေအားလုံးက အမေ့ကြောင့်မို့လို့ ကျွန်မ ဒီလောက်အထိ ကံဆိုးနေရတာ..."
ယွမ်ဟောက်ရွှယ်သည် နှုတ်ခမ်းကို တင်းတင်းကိုက်လျက် ခံပြင်းစွာဖြင့် ငိုချလိုက်တော့သည်။
"ကျွန်မက အပြစ်မရှိပါဘဲနဲ့ အပြင်ကလူတွေက ကျွန်မကို အဲဒီလိုမျိုးတွေ လျှောက်ပြောနေကြတာ။ ကျွန်မ ဘာဆက်လုပ်ရတော့မှာလဲ..."
ကွမ်ထင်းထင်း၏ မျက်လုံးများ အရောင်တောက်သွားပြီး
"ကျွန်မထင်တာတော့... ဟောက်ရွှယ်ကို တတ်နိုင်သမျှ အမြန်ဆုံး အိမ်ထောင်ချပေးလိုက်တာ အကောင်းဆုံးပဲ… သူမ အိမ်ထောင်ကျသွားရင်တော့ လူတွေက သူမအကြောင်းကို ပြောတာ နည်းသွားလိမ့်မယ်"
"ဒါပေမဲ့ အဲဒီလို သင့်တော်မယ့်လူမျိုးကို ဘယ်မှာ သွားရှာရမလဲ..."
ကျောက်ရုံသည် မိမိသမီးကို အသိုင်းအဝိုင်းကောင်းကောင်းထဲ ပေးစားပြီး သားဖြစ်သူကို ပြန်လည် ထောက်ပံ့ကူညီနိုင်စေရန် မျှော်လင့်နေဆဲပင် ဖြစ်သည်။
ကွမ်ထင်းထင်း : "အောင်သွယ်တွေကိုသာ ပိုပြီး အကူအညီတောင်းလိုက်ပါ"
သူတို့မိသားစုတွင် ကြီးမားလှသော အရှုပ်တော်ပုံကြီး ဖြစ်ပွားခဲ့သော်လည်း၊ အခြားမိသားစုများကဲ့သို့ စိတ်ဓာတ်ပြိုကွဲပြီး သွေးရူးသွေးတမ်း ဖြစ်မသွားခဲ့ကြပေ။ သူတို့သည် အခြေအနေနှင့်အညီ အတော်ပင် လျင်မြန်စွာ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲနိုင်ခဲ့ကြသည်။ မူလက အိမ်နီးနားချင်းများမှာ သူတို့အိမ်တွင် ရုန်းရင်းဆန်ခတ် အကြီးအကျယ် ဖြစ်ပွားလိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသော်လည်း၊ မမျှော်လင့်ဘဲ မည်သည့်ပြဿနာမျှ ဖြစ်မလာခဲ့ပေ။
ထို့ကြောင့် ပွဲကြည့်ချင်လှသော သူတို့၏ သိချင်စိတ် ပြင်းပြပြင်းပြကြီးမှာ ပူဖောင်းလေးတစ်ခုပမာ ဝုန်းခနဲ ပေါက်ကွဲပျောက်ကွယ်သွားခဲ့ရလေသည်။
ခဏမျှ နားစွင့်နေပြီးနောက် ဘာသံမျှ ထပ်မကြားရတော့သဖြင့် လူအုပ်ကြီး တိုးတိုးတိုးတိုးဖြင့် ပြန်လည် ဝိုင်းပြောကြပြန်၏။
"သူက ပြန်လာတာ အပြစ်မရှိလို့တဲ့လားဟင်..."
"နင်ကကော အဲဒါကို ယုံလို့လား..."
"အဲ..."
"ဘာပဲဖြစ်ဖြစ် ငါကတော့ မယုံဘူး.. ပြီးခဲ့တဲ့အကြိမ်တုန်းက ယွမ်
ရှောင်ချွေရဲ့ ကိစ္စဖြစ်ပြီးကတည်းက ငါ သူမကို လုံးဝ မယုံတော့တာ၊ အခုတော့ သူတို့ ယုံချင်ယောင်ဆောင်နေကြတာပဲ၊ သူမ လုပ်ခဲ့တဲ့ အရှုပ်ထုပ်တွေကို ဖုံးဖိလို့ ရမှာမဟုတ်ပါဘူး… သူမက အပြစ်ကင်းစင်ချင်ယောင် ဆောင်နေလည်း အလကားပါပဲ၊ လူတိုင်းရဲ့ မျက်လုံးတွေက ကွက်ကွက်ကွင်းကွင်းကြီး မြင်တာပဲဥစ္စာ"
"ဟုတ်တယ်၊ ဟုတ်တယ်"
"ဟေး... နေဦး၊ ယွမ်ရှောင်ချွေကတော့ သူတို့မိသားစုကို အသည်းထဲကနေ နာကျည်းနေမှာ သေချာတယ်။ အခုလို ဖြစ်သွားတာကို သိရင်တော့ သေချာပေါက် ဝမ်းသာလုံးဆို့နေတော့မှာပဲ..."
"ဟားဟားဟား… အဲတော့ကော ဘာဖြစ်လဲ... နင်က ယွမ်ရှောင်ချွေဆီ စာရေးပြီး သွားပြောမလို့လား..."
"ငါ့မှာ အဲဒီလို အပိုသုံးဖို့ ပိုက်ဆံမရှိပါဘူးအေ"
ချန်ချင်းယွီ၏ နားရွက်များ လှုပ်ခတ်သွားခဲ့သည်။
ကြည့်စမ်း... ကြည့်စမ်း... လူတိုင်းက ထိုသို့ပင် တွေးတောနေကြသည် မဟုတ်ပါလား…
ထူးထူးခြားခြား ပွဲကြီးပွဲကောင်း မမြင်ရတော့သဖြင့် လူအုပ်ကြီးမှာလည်း တစ်စစဖြင့် လူစုကွဲသွားကြ၏။ ချန်ချင်းယွီသည် အဘွားကြီးကျောက် နောက်သို့လိုက်ကာ အိမ်သို့ ပြန်လာခဲ့သည်။ အဘွားကြီးကျောက် အံ့ဩတုန်လှုပ်စွာဖြင့်
"သူမက အခြေအနေတွေကို ဒီလောက်အထိ အေးအေးဆေးဆေး ငြိမ်းချမ်းသွားအောင် လုပ်နိုင်လိမ့်မယ်လို့ ငါ တကယ်ကို မျှော်လင့်မထားခဲ့ဘူး"
ချန်ချင်းယွီ : "ဒါကတော့ သူတို့က အကျင့်စာရိတ္တ ပျက်ပြားမှု ပြဿနာအပေါ်ကို ဇောင်းမပေးဘဲ ဖြေရှင်းလိုက်လို့ ဖြစ်ပါမယ်"
အမှန်အတိုင်း ပြောရလျှင် အစိုးရဘက်မှ ပြင်းပြင်းထန်ထန် နှိမ်နင်းခြင်း မပြုသရွေ့ ဤကဲ့သို့သော ပြဿနာမျိုးမှာ အလွန်အမင်း ဆိုးဝါးသည့် အခြေအနေသို့ ရောက်ရှိခဲလှသည်။ ဤကဲ့သို့သော အမှုကိစ္စမျိုး၏ သဘောသဘာဝကို အပြစ်သတ်မှတ်ရန် တကယ်ကို ခက်ခဲလှသည် မဟုတ်လော့။ သို့သော်လည်း အဘွားကြီးလျန်တို့ မိသားစုသည်ကား ဤအမှုမှ လွယ်လွယ်ကူကူ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။
အခြေအနေချင်းမှာ လုံးဝ သဘာဝ မတူတော့ပေ။
ဘာဖြစ်ခဲ့လဲ သိရဲ့လား…
ချန်ချင်းယွီ ခန့်မှန်းခဲ့သည့်အတိုင်းပင် ဖြစ်၏။ ကျောက်ရုံ ပြန်လွတ်လာခဲ့သော်လည်း၊ အဘွားကြီးလျန်တို့ မိသားစုဝင် အားလုံးမှာ ဖမ်းဆီးထိန်းသိမ်းခြင်း ခံလိုက်ရသည်။ ယင်းမှာ ရဲတပ်ဖွဲ့ဝင်များကို ရိုက်နှက်စော်ကားသည့် အမှုသက်သက်တင် မဟုတ်တော့ပေ။ကြားရသလောက် သူတို့မိသားစုအတွင်းရှိ အခြားသော အရှုပ်အရှင်း ပြဿနာအချို့နှင့်ပါ ဆက်စပ် ပတ်သက်နေပုံရ၏။
ယခုအခါ သူတို့အားလုံး ရာထူးမှ ပြုတ်ကာ ဖမ်းဆီးခြင်း ခံလိုက်ရလေပြီ… အဘယ်ကြောင့်ဆိုသော် သူတို့သည် ရဲအရာရှိ အများအပြားကို ပြန်လည်တိုက်ခိုက်ခဲ့ကြသဖြင့် ဖမ်းဆီးခံရပြီးနောက်တွင် စစ်ဆေးမေးမြန်းမှုမှာ အလွန်အမင်း ပြင်းထန် တင်းကြပ်လှသည်။ သူတို့ကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ... အကယ်၍ လူတိုင်းသာ သူတို့ကဲ့သို့ အတင့်ရဲပြီး ရိုင်းစိုင်းကြမ်းတမ်းနေကြမည်ဆိုလျှင် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် မည်သို့ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်ပါတော့မည်နည်း။ နောင်ဆိုလျှင် တာဝန်ထမ်းဆောင်ဖို့ အပြင်ထွက်ရသည်မှာ အမှန်တကယ် အသက်အန္တရာယ် ရှိလာနိုင်၏။
သူတို့သည် မိမိ၏သေတွင်းကို ကိုယ်တိုင်တူးနေကြခြင်းသာ ဖြစ်သည်။
စစ်ဆေးရေးအရာရှိများသည် သူတို့မိသားစုအား ဤမျှအထိ အတင့်ရဲရခြင်း၏ နောက်ကွယ်မှ အကြောင်းရင်းကို သိရှိနိုင်ရန် အသေးစိတ် အစုံအလင် စစ်ဆေးမေးမြန်းခဲ့ကြ၏။ အကယ်၍ တစ်ခုခုသာ အမှားအယွင်း ရှိခဲ့လျှင် သူတို့ကို ပြင်းထန်စွာ အပြစ်ပေး အရေးယူတော့မည် ဖြစ်သည်။
ထို့နောက်တွင်တော့... ဝုန်းခနဲ အားလုံး ပြိုလဲပျက်စီးသွားခဲ့ရ၏။
သူတို့မိသားစုသည် တကယ်ကို အစစ်ဆေးမခံနိုင်သော မိသားစုဖြစ်သည်။ သူတို့အဘိုးဖြစ်သူ ဆုံးပါးသွားခဲ့သည်မှာ နှစ်အနည်းငယ်ကြာပြီဆိုသည်ကို ဘေးဖယ်လိုက်လျှင်ပင်၊ အဘွားကြီးလျန် ကိုယ်တိုင်သည် တော်လှန်ရေးကော်မတီမှာ အလုပ်လုပ်စဉ် တန်ဖိုးကြီးပစ္စည်း အမြောက်အမြားကို တိတ်တဆိတ် အလွဲသုံးစားလုပ် ခိုးယူထားခဲ့ဖူး၏။ ထို့အပြင် သူမ၏မောင်နှမသားချင်းများသည်လည်း အာဏာအလွဲသုံးစားလုပ်ပြီး လူတကာကို နှိပ်စက်ညှဉ်းပန်းခဲ့သည့် အမှုအခင်းများစွာ ရှိနေခဲ့သေးသည်။
ထို့ကြောင့်ပင်... စုံစမ်းစစ်ဆေးရေးအဖွဲ့ ဆွဲထုတ်လိုက်လေလေ၊ အရှုပ်ထုပ်များ ပို၍ပို၍ ထွက်လာလေလေ ဖြစ်နေ၏။
ကြည့်ရတာတော့ သူတို့တစ်သိုက် ဆယ်နှစ်၊ ရှစ်နှစ်လောက်တော့ ထောင်ထဲမှာ သွားပြီး သောင်တင်နေမှာပေါ့…
သို့သော်ငြားလည်း ထူးဆန်းသည်မှာ ထိုဒုတိယ စက်ရုံမှူးသည် ကျောက်ရုံကို အမှုထဲ ဆွဲမသွင်းခဲ့ခြင်းပင် ဖြစ်သည်။ လူတိုင်းမှာ... ‘ဒါဟာ တကယ့်အချစ်စစ်များလား’ ဆိုပြီး အကြီးအကျယ် သံသယဝင်နေကြ၏။ အကယ်၍သာ သာမန်လူတစ်ယောက်ဆိုလျှင် သူလည်း ကောင်းကောင်းမွန်မွန် နေရမှာမဟုတ်၍ ကျောက်ရုံလည်း လွတ်မြောက်သွားနိုင်စရာ အကြောင်းမရှိပေ။
ဘာပဲဖြစ်ဖြစ် ဒါတွေအားလုံးဟာ ကျောက်ရုံနဲ့ ဖောက်ပြန်ခဲ့တဲ့ အရှုပ်တော်ပုံကနေ စတင်ခဲ့တာ မဟုတ်လား…
သို့သော်လည်း ထိုပုပုတိုတို ဂျပု ဒုတိယ စက်ရုံမှူးသည် တကယ့်ကို သစ္စာရှိလှပြီး ကျောက်ရုံကို ဘာတစ်ခုမှ လျှောက်မပြောဘဲ ကာကွယ်ပေးသွားခဲ့သည်။
ယင်းမှာ ရှန့်ရှန့်၏ အသိုင်းအဝိုင်း နောက်ခံ အားကောင်းလွန်း၍လား၊ သို့မဟုတ် ကျောက်ရုံသည်လည်း ထိုလူ့အပေါ် တကယ်ပင် သံယောဇဉ် ရှိခဲ့၍လား သို့မဟုတ် နှစ်ခုစလုံးကြောင့်လားဆိုသည်ကို မည်သူမျှ မသိနိုင်ပေ။
ဘာပဲဖြစ်ဖြစ် မိသားစုတစ်ခုလုံးနီးပါးကတော့ ထောင်ထဲသို့ ရောက်ရှိသွားကြရလေပြီ...။
လဆန်း ၂၃ ရက်နေ့တွင် သကြားမုန့်ချောင်းများ ပြင်ဆင်ကြပြီး၊ ၂၄ ရက်နေ့ ရောက်သောအခါ...
ဆယ့်နှစ်လပိုင်း လဆန်း ၂၅ ရက်နေ့ဝန်းကျင်လောက်မှာတင် ထိုမိသားစု တရားဝင် ပြစ်ဒဏ်စီရင်ခြင်း ခံလိုက်ရသည်ဟူသော သတင်းဆိုးကြီး ထွက်ပေါ်လာခြင်း ဖြစ်၏။ အမှုတွဲကို တော်တော်လေး လျင်လျင်မြန်မြန် ကိုင်တွယ်ဖြေရှင်းခဲ့ကြခြင်းပင်။
ထိုသတင်း ရောက်လာသောအခါ တစ်ခြံဝင်းလုံးရှိ လူများအားလုံး အတော်ကြာအောင် ဆွံ့အ တိတ်ဆိတ်သွားကြရသည်။
ဖောက်ပြန်မှုလေးတစ်ခု စတင်ခဲ့ရာကနေ အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံကြီးအထိ ဖြစ်သွားရတာလား… ဒါက အမှုကြီးအဆင့် ရောက်သွားတာပဲ မဟုတ်လား...
ဒါဟာ... ရဲတပ်ဖွဲ့အတွက်တော့ တကယ့်ကို ထူးချွန်ပြောင်မြောက်တဲ့ အောင်မြင်မှုကြီး (ဘွဲ့တံဆိပ်ရမယ့် အမှုကြီး) တစ်ခုပဲ…
လူတိုင်း ဘာပြန်ပြောရမှန်းမသိ ဆွံ့အသွားကြရသော်လည်း၊ စက်မှုစက်ရုံ၏ လုံခြုံရေးဌာနအတွက်မူ မသိမသာ ရင်ထဲ၌ ဝမ်းသာပီတိ ဖြစ်နေကြသည်။
ယခင်လည်း စက်ရုံလုံခြုံရေးဌာနသည် ကျန်းရှင်းဖှနှင့် လျိုကျင့်တို့လင်မယား ခိုးစားသောနေရာကို သွားရောက်စုံစမ်းရာမှ ထိုသူသည်တိုင်းပြည်သစ္စာဖောက် သူလျှိုတစ်ယောက်ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။
အဲဒီကနေ သဲလွန်စနောက် လိုက်ရင်းနဲ့ သူလျှိုဂိုဏ်းတစ်ခုလုံးကို လက်ပူးလက်ကျပ် မိခဲ့တာ... တကယ့်ကို ဘွဲ့တံဆိပ်ရမယ့် အမှုကြီးပဲ မဟုတ်လား...
ယခုတစ်ကြိမ်မှာလည်း သူတို့ရဲစခန်းသည် ကျောက်ရုံ၏ ဖောက်ပြန်မှုမှတစ်ဆင့် ရဲများကို ပြန်လည်တိုက်ခိုက်သည်ရုန်းရင်းဆန်ခတ်မှုကြီး ဖြစ်ပွါးခဲ့ပြီး၊ တစ်ဖက်မိသားစု၏ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုနှင့် အများပိုင်ပစ္စည်းများကို ကိုယ်ကျိုးရှာ အလွဲသုံးစားလုပ်မှုများကိုပါ ဖော်ထုတ်နိုင်ခဲ့ပြန်ကာ...
တကယ့်ကို ဘွဲ့တံဆိပ်ရမယ့် အမှုကြီး ဖြစ်သွားပြန်ပြီ...
သူတို့လည်း ဘွဲ့တံဆိပ် ထပ်ရပြန်ပြီပေါ့…
ဆိုတော့... ဒီခြံဝင်းထဲကလူတွေက ပြဿနာရှာရင် သူတို့ကတော့ ဘာမှမဖြစ်ဘဲ ဘေးကင်းကျန်ရစ်ခဲ့ပြီး၊ ဘေးနားကလူတွေကိုကျတော့ အမှုကြီးပတ်ပြီး ဒုက္ခတွင်းထဲ ဆွဲချသွားတတ်တာလား...
ဒါကတော့ တကယ်ကို မယုံနိုင်စရာ ကောင်းလွန်းလှချည်လား…
လူတိုင်း ဆွံ့အသွားကြရသည်။ သူတို့ ခံစားရသည်မှာ ဤအဖြစ်အပျက်များသည် ထူးဆန်းအံ့ဩစရာကောင်းပြီး ကျောချမ်းစရာ ကောင်းလှသည်ဟူ၍ပင်…
ဘယ်လိုဖြစ်ပြီး ဒီလိုကိစ္စမျိုးတွေချည်း ဆက်တိုက် ဖြစ်ပွါးနေရတာလဲ…
မကြာသေးမီမှစပြီး သူတို့ခြံဝင်းကို လူအများ ပိုမိုအာရုံစိုက်လာကြသော်လည်း၊ အချို့လူများမှာ ခပ်ခွာခွာသာ နေကြတော့သည်။
ဘာလို့လဲဆိုတော့...
သူတို့မှာ ပြဿနာများ ရှာဖွေခဲ့ကြသော်လည်း သူတို့ကိုယ်တိုင်မူ အပြစ်မရှိ အကောင်းပကတိ ကျန်ရစ်ခဲ့ပြီး၊ တခြားလူများသည်ကား အကြီးအကျယ် ဒုက္ခရောက် ဘဝပျက် သေကြေပျက်စီးစေခဲ့ခြင်းကြောင့်တည်း။ ကွယ်ရာမှာ မကောင်းမှုလုပ်ထားဖူးသော မည်သူမဆို ထိုခြံဝင်းနားသို့ မကပ်ရဲကြတော့ပေ။
သူတို့ဆီက ကံဆိုးမှုတွေ ကူးစက်လာမလားဆိုတာ ဘယ်သူသိနိုင်မလဲ…
အယူသီးတဲ့ လူတွေရဲ့အမြင်အရဆိုရင်တော့... သူတို့ကို ကံဆိုးစေတဲ့သူတွေလို့တောင် သတ်မှတ်လို့ရနေပြီ…
ဝေးဝေးရှောင်၊ ဝေးဝေးရှောင်ကြတာ အကောင်းဆုံးပဲ…
ချန်ချင်းယွီတို့ မိသားစုမှာ မည်သို့မျှ ထိခိုက်မှုမရှိသော်လည်း၊ အခြားမိသားစု အတော်များများသည် ထိုဒဏ်ကို သိသိသာသာ ခံစားနေကြရ၏။ အထူးသဖြင့် ကျောက်ရုံတို့ မိသားစုမှာမူ အလွန်အမင်း စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေကြရရှာသည်။
အဘွားကြီးကျောက်နှင့် ချန်ချင်းယွီတို့သည် ဤခြံဝင်းအတွင်းရှိ သာမန်အရပ်သားများသာ ဖြစ်ကြပြီး၊ မိမိတို့ဘာသာ အေးအေးဆေးဆေး နေထိုင်ကာ အတင်းအဖျင်း စကားများကို ဂရုမစိုက်ဘဲ နေကြ၏။ ယခင်လည်း အချို့လူများသည် သူမကို ကံဆိုးစေသူဟု ခေါ်ဝေါ်ခဲ့ကြဖူးရာ၊ ယခုအခါတွင်မူ ထိုနာမည်ဆိုးသည် တစ်ခြံဝင်းလုံး၏ အမည်အဖြစ် ပျံ့နှံ့သွားခဲ့ရသည်။
ထို့ကြောင့်လည်း သူမအနေဖြင့် ဘာမှ ထူးခြားသည်ဟု မခံစားရကာ စိတ်ထဲလည်း ထည့်မနေပေ။
နှစ်ကုန်ပိုင်း ရောက်လာပြီဖြစ်သဖြင့် ပြင်ဆင်စရာ၊ ဝယ်ယူစရာများစွာ ရှိနေခဲ့၏။ ချန်ချင်းယွီသည် ယခုရက်ပိုင်းအတွင်း နေ့တိုင်းလိုလို အပြင်ထွက်နေခဲ့ရသည်။ သူမခမျာ အအေးဒဏ်ကို အန်တုချင်လွန်း၍ မဟုတ်ဘဲ၊ ကုန်ပစ္စည်း ရှားပါးနေသောကြောင့်သာ ဖြစ်၏။ တစ်ခါတစ်ရံတွင် ပိုက်ဆံနှင့် လက်မှတ်များ ရှိနေလျှင်ပင် လိုချင်သည့် ကုန်ပစ္စည်းအားလုံးကို အလွယ်တကူ ဝယ်မရနိုင်ပေ။ထို့ကြောင့် ကုန်ပစ္စည်းအသစ်များ ဖြည့်တင်းမည့်အချိန်ကို စောင့်ဆိုင်းကာ တတ်နိုင်သမျှ အများဆုံး ဝယ်ယူနိုင်ရန်အတွက် သူမ အပြင်သို့ မကြာခဏ ထွက်နေရခြင်း ဖြစ်သည်။
ချန်ချင်းယွီသည် တစ်နေ့လျှင် အကြိမ်ပေါင်း ရှစ်ရာလောက် အပြင်ထွက်နေရသကဲ့သို့၊ ခြံဝင်းထဲရှိ အခြားလူများလည်း ထိုနည်းတူစွာပင် အလုပ်ရှုပ်နေကြရ၏။
သူမသည် ချိုက်မင်မင်နှင့်အတူ မကြာခဏ လမ်းကြုံသွားလေ့ရှိရာ၊ ချိုက်မင်မင် သူမကို လာရောက်ခေါ်ယူလေသည်။
"ချင်းယွီလေး... သမဝါယမဆိုင်ကို သွားကြမလား..."
ချန်ချင်းယွီ : "ဟုတ်ကဲ့၊ သွားမယ်လေ"
သူမ အိမ်ထဲသို့ လှမ်း၍ မှာကြားလိုက်သည်။
"ရှောင်ကျားနဲ့ ရှောင်ယွမ်တို့... အိမ်မှာပဲ ငြိမ်ငြိမ်လေး ဆော့နေကြနော်။ ရေတွေ၊ မီးတွေနဲ့ လျှောက်မဆော့ရင် ရပြီ၊ တခြားဟာတွေကတော့ ကြိုက်သလိုဆော့"
"ဟုတ်ကဲ့ပါ~"
အဒေါ်ကြီးမေ့ ထိုစကားကို ကြားသောအခါ
"သွားကြပါ... ငါ ဒီကနေ ကောင်းကောင်း စောင့်ကြည့်ပေးထားပါ့မယ်"
ချန်ချင်းယွီ ခေါင်းငြိတ်ပြလျက်
"ဟုတ်ကဲ့ ကျေးဇူးပါဒေါ်လေး~"
သူတို့နှစ်ဦး အတူတူ အပြင်သို့ ထွက်လာကြစဉ် ချိုက်မင်မင်သည် စကားစမြည် ပြောလာသည်။
"မနေ့က ငါ သမဝါယမဆိုင်မှာ ပစ္စည်းသွားဝယ်တာလေ… နောက်က တန်းစီနေတဲ့ အမေကြီးတစ်ယောက်က ငါ့ကို ဘယ်မှာနေလဲလို့ လှမ်းမေးတာနဲ့... ဒီဘက်က ခြံဝင်းမှာနေတယ်လို့ ပြောလိုက်တာ။ အဲဒီမှာတင် ဘုရားရေ... ကျွန်မဘေးနားက လူတွေအားလုံးက ဝုန်းခနဲ လမ်းဖယ်ပေးပြီး ထွက်ပြေးကြတာလေ… ဒါက ဘယ်လို အခြေအနေကြီးလဲ မသိပါဘူး၊ဒါပေမဲ့ မကောင်းတာတော့ မဟုတ်ပါဘူးလေ… လူတိုင်းက လမ်းဖယ်ပေးလိုက်ကြတော့ ကျွန်မပဲ ပထမဆုံး အရင်ဆုံး ဝယ်လိုက်ရတာပေါ့"
ချန်ချင်းယွီ၏ နှုတ်ခမ်းများမှာ မသိမသာ မဲ့ရွဲ့သွားခဲ့ရသည်။
ချိုက်မင်မင် : "ငါ့ဖြင့် ဘာပြန်ပြောရမှန်းတောင် မသိတော့ဘူး"
ချန်ချင်းယွီ ရယ်မောလျက်
"အစ်မကတော့ အမြတ်ထွက်သွားတာပဲ မဟုတ်လား... ဒီလောက် လူအများကြီးထဲကနေ ပထမဆုံး ဝယ်ခွင့်ရတာဆိုတော့ တော်တော်လေး မဆိုးဘူးပဲ"
ချိုက်မင်မင် : “နင် ပြောတာလည်း ဟုတ်တာပါပဲ"
ထို့နောက် သူမသည် အသံကိုနှိမ့်ကာ လျှို့ဝှက်စွာဖြင့် လှမ်းပြောပြပြန်၏။
"ဟေး... ငါ နင့်ကို သတင်းကြီးတစ်ခု ပြောပြမယ်၊ နင် သိမှာမဟုတ်ဘူး၊ ငါတို့အားလုံးက အလယ်ခြံဝင်းထဲမှာ အတူနေကြတာ မဟုတ်လား... တခြားလူတွေ မသိရင်နေမယ်၊ ငါကတော့ ကောင်းကောင်းသိတယ်။ ယွမ်ဟောက်မင်က သူ့မိန်းမကို ရိုက်နှက်တတ်တယ်အေ... လူတွေရဲ့ အပြင်ပန်းသဏ္ဌာန်က တကယ်ပဲ ယုံရတာမဟုတ်ဘူးနော်"
ချန်ချင်းယွီအံ့ဩသွားပြီး
"ရိုက်တယ်... ဟုတ်လား..."
ချိုက်မင်မင် ခေါင်းငြိတ်ပြ၍
"သူက ညဘက်ရောက်ရင် ကွယ်ရာမှာ အမြဲတမ်း တိတ်တဆိတ် ရိုက်နှက်တာ... နင်က ဘာအကြည့်နဲ့ လာကြည့်နေတာလဲ... အဲဒီလို လင်မယားကိစ္စမျိုး မဟုတ်ပါဘူးအေ၊ သူက တကယ်ကို ရိုက်နှက်တာ… ပြီးတော့ မျက်နှာကိုလည်း မရိုက်ဘူး၊ သူတစ်ပါး မမြင်နိုင်တဲ့ ကွယ်ရာနေရာတွေကိုပဲ ရွေးရိုက်တာ"
ချန်ချင်းယွီ : "အစ်မက ဘယ်လိုဖြစ်ပြီး သိတာလဲ..."
ချိုက်မင်မင် အသံကို ပို၍ တိုးလိုက်ပြီး
"တစ်ရက်က ညနေစောင်းမှာ သူတို့အိမ်ကနေ ထူးဆန်းတဲ့ အသံတွေ ထွက်လာတာနဲ့ တစ်ခုခု ဖြစ်နေပြီလို့ ထင်ပြီး... ငါ့ယောက်ျား မာကျန်းက သွားပြီး ချောင်းကြည့်တာလေ။ ပြန်လာတော့ မျက်နှာတစ်ခုလုံး ဖြူဖျော့နေပြီး ပြောပြတာက... ယွမ်ဟောက်မင်က ကျောက်ရုံကို ဆွဲဆိတ်ပြီး ကန်ကျောက်နေတာတဲ့…ရိုက်နှက်တဲ့နေရာတွေကလည်း ခါးတို့၊ ဗိုက်တို့လို အဝတ်အစားနဲ့ ဖုံးထားလို့ သူတစ်ပါး မမြင်နိုင်တဲ့နေရာတွေကိုပဲ ရွေးရိုက်နေတာတဲ့အေ"
ချန်ချင်းယွီသည် ထိုစကားကို ကြားသောအခါ မျက်မှောင်ကုတ်လိုက်မိ၏။
"ဒါက သူတို့အိမ်မှာ ပထမဆုံးအကြိမ် ဖြစ်တာ မဟုတ်ဘူးနော်။ ကျောက်ရုံရဲ့ ဖောက်ပြန်မှု ပေါ်ပေါက်ပြီးကတည်းက အခုလို ဖြစ်နေတာ အကြိမ်ပေါင်းများစွာ ရှိနေပြီ… ဒါပေမဲ့ ကျောက်ရုံရဲ့ အပြင်ပန်း အမူအရာကို ကြည့်ရင်တော့ ဘာတစ်ခုမှ ရိပ်မိနိုင်မှာ မဟုတ်ဘူး"
ချန်ချင်းယွီ ; "ဒါဆို ကျောက်ရုံရဲ့ မိသားစုဝင်တွေဖြစ်တဲ့ ဟောက်ဖုန်းနဲ့ ဟောက်ရွှယ်တို့ကော... သူတို့က ဘာမှ ဝင်မပြောကြဘူးလား..."
"ဝင်ပြောရမယ်... ဟုတ်လား... ဘာကိစ္စပြောမှာလဲ... ငါ့ထင်တာတော့ ဟောက်ဖုန်းကော၊ ဟောက်ရွှယ်ကော နှစ်ယောက်စလုံးက တကယ့်ကို အတ္တကြီးတဲ့ လူစားမျိုးတွေပဲ… တစ်ခြံဝင်းလုံးက လူတွေက ဟောက်ဖုန်းက မိခင်အပေါ် သိတတ်တယ်၊ လိမ္မာတယ်လို့ လျှောက်ပြောနေကြတာတွေကို မယုံနဲ့ဦး။ ငါ့အမြင်ကတော့ သူကလည်း အဲဒီလူစားမျိုးပဲ၊ လူကောင်းတစ်ယောက် မဟုတ်ပါဘူး… နင်က ငါ့ကို အူလည်လည် ထင်နေတာလား... ငါ့ရဲ့ မောင်နှမတွေအားလုံးကလည်း မိဘအပေါ် တကယ့်ကို သိတတ်ကြတာပဲ၊ ဒါပေမဲ့ တကယ့် မိဘအပေါ် သိတတ်တဲ့ စိတ်ဓာတ်က... သူ ပြုမူနေသလိုမျိုး လုံးဝ မဟုတ်ဘူးအေ"
ချိုက်မင်မင်သည် အခြားသော မိန်းကလေးများနှင့် မတူ ကွဲပြားခြားနားလှသည်။ သူမသည် စည်းလုံးညီညွတ်ပြီး မေတ္တာတရားကြီးမားသော မိသားစုတစ်ခုတွင် ကြီးပြင်းလာခဲ့ရခြင်း ဖြစ်၏။ ၎င်းမှာ အပြင်ပန်းဟန်ဆောင်ရုံသက်သက်သာဖြစ်သည့် ဟန်ပြစည်းလုံးမှုမျိုး မဟုတ်ဘဲ၊ သူတို့မိသားစုတစ်ခုလုံးသည် အစစ်အမှန် ရိုးသားဖြူစင်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ချစ်ခင်ကြင်နာကြခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် စစ်မှန်သော မေတ္တာတရား လွှမ်းမိုးသည့် မိသားစုတစ်ခု၏ သဘာဝကို သူမ ကောင်းကောင်း နားလည်သဘောပေါက်၏။ ယခု ယွမ်မိသားစုကဲ့သို့ ဟန်ဆောင်ကောင်းနေကြခြင်းမျိုး လုံးဝမဟုတ်ပေ။
"သူတို့မိသားစုရဲ့ ဆက်ဆံရေးက အပြင်ပန်းကြည့်ရင်တော့ အကောင်းသားပဲ… ဒါပေမဲ့ ငါဖြင့် ဟောက်ဖုန်းနဲ့ ဟောက်ရွှယ်တို့ ရန်ဖြစ်နေတာကို တိုက်တိုက်ဆိုင်ဆိုင် ကြားလိုက်သေးတယ်… ဟောက်ရွှယ်က သူမရဲ့ယောင်းမ ဖြစ်သူ ကွမ်ထင်းထင်းကို မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေပါတယ်ဆိုပြီး စွပ်စွဲနေတာ။ ကွမ်ထင်းထင်း မိတ်ဆက်ပေးတဲ့ ယောက်ျားတွေထဲမှာ တစ်ယောက်မှ လူကောင်းမပါဘူးတဲ့... အသက်ကြီးတဲ့လူကြီးတွေ၊ ရုပ်ဆိုးတဲ့လူတွေ၊ အိမ်ထောင်ကွဲတွေ၊ ဒါမှမဟုတ်လည်း ခြေပြတ်လက်ပြတ်တွေချည်းပဲတဲ့… ကွမ်ထင်းထင်းက အဲဒီလူတွေရဲ့ ငွေကြေးနောက်ခံ အခြေအနေကိုပဲကြည့်ပြီး လူ့စရိုက်ကိုတော့ ထည့်မစဉ်းစားဘဲ... ဟောက်ရွှယ်ကို ကုန်ပစ္စည်းတစ်ခုလို သဘောထားပြီး ရောင်းစားဖို့ လုပ်နေတာတဲ့…အဲဒါကို ဟောက်ဖုန်းက ပြန်ပြောတာကတော့... ဟောက်ရွှယ်ကို အတွေးလွန်မနေနဲ့၊ ယောင်းမဖြစ်သူက သူမရဲ့ ဘဝလေး ပိုပြီး အဆင်ပြေသွားအောင် စေတနာနဲ့ လုပ်ပေးနေတာပါတဲ့… ပြီးတော့ ကွမ်ထင်းထင်းကပါ ဟောက်ရွှယ်ကို ကျေးဇူးကန်းတဲ့မိန်းမလို့ ဆဲဆိုနေတာကိုလည်း ကြားလိုက်သေးတယ်၊ ဟောက်ဖုန်းက ဟောက်ရွှယ်အတွက် အလုပ်အကိုင်ရအောင် အားစိုက်ပြီး စီစဉ်ပေးခဲ့တာကို... သူမက ကျေးဇူးဆပ်ဖို့ မစဉ်းစားတဲ့အပြင် ပြဿနာပဲ လိုက်ရှာနေတယ်၊ တကယ့်ကို လူမိုက်မလေးပဲတဲ့"
ချန်ချင်းယွီ အံ့ဩသွားပြီး
"အစ်မက တော်တော်လေး အချက်အလက် စုံတာပဲနော်"
ချိုက်မင်မင် တဟားဟား ရယ်မောကာ
"ဒါပေါ့အေ၊ ငါတို့အားလုံးက အလယ်ခြံဝင်းထဲမှာ အတူတူ အလုပ်လုပ်နေကြတာဆိုတော့ တခြားလူတွေထက်စာရင် သူတို့နဲ့ ထိတွေ့မှု ပိုများတာပေါ့… သူတို့မိသားစုက တစ်ချိန်လုံး ဆူဆူပူပူ လုပ်နေကြတာဆိုတော့... ငါ့ယောက်ျား မာကျန်းကလည်း အမြဲတမ်း သွားပြီး ချောင်းမြောင်း နားစွင့်နေတတ်တယ်လေ"
ချန်ချင်းယွီ : "..."
သောက်ကျိုးနည်း… ငါထက်တောင် စပ်စုပါလား…
ထို့နောက် သူမ အသံကိုနှိမ့်ကာ တိုးတိုးလေး မေးလိုက်သည်။
"အစ်မရဲ့ မာကျန်းက သူတစ်ပါး အမိဖမ်းမိပြီး အရိုက်ခံရမှာကို မကြောက်ဘူးလားဟင်..."
"သူတို့က ရိုက်ရဲရုံတင် ဘယ်ကမလဲ... ဒါပေမဲ့ ငါ ရှိနေတာပဲဥစ္စာ။ ငါက ငါ့ယောက်ျားကို ကာကွယ်ပေးမှာပေါ့"
ချန်ချင်းယွီ သဘောကျကာ ရယ်မောလိုက်၏။
"ရှင်တို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ ဆက်ဆံရေးက တကယ့်ကို အားကျစရာကောင်းလောက်အောင် ကောင်းတာပဲနော်"
ချိုက်မင်မင် : "ဒါပေါ့... ငါ့ယောက်ျားကလည်း ငါ့အပေါ် တကယ့်ကို ကောင်းရှာတာ၊ နင်လည်း သိတဲ့အတိုင်း... ငါက ကျေးလက်အိမ်ထောင်စုစာရင်း ဖြစ်နေတော့ လက်မှတ် ရိက္ခာခွဲတမ်း မရဘူးလေ၊ ဒါကြောင့် ငါတို့မိသားစုက ဆန်ကို ဈေးကြီးပေးပြီး အပြင်ကနေ ဝယ်စားနေရတာ… ဒါပေမဲ့ သူတို့မိသားစုက ငါ့ကို နည်းနည်းလေးမှ အထင်မသေးကြဘူး၊ မာကျန်း အလုပ်ဝင်တဲ့ ပထမဆုံးနှစ်မှာ သူရတဲ့ လစာက ၂၂ ယွမ်ပဲရှိတာ၊ ယောက္ခမတွေက ငါတို့ကို လစဉ် ၁၀ ယွမ် စုခိုင်းတယ်၊ အဲဒီပိုက်ဆံက နောက်ကျရင် ကလေးမွေးလာတဲ့အခါ ငါတို့ကို ပြန်ပေးမယ့် ပိုက်ဆံပဲတဲ့… ပြီးတော့ အိမ်သုံးပစ္စည်းတွေနဲ့ ပတ်သက်ရင်လည်း အဝတ်အစားကလွဲလို့ ငါတို့ တစ်ပြားမှ အိတ်စိုက်သုံးစရာ မလိုဘူး… နင် ကြည့်ကြည့်လေ... ငါတို့သာ အဝတ်အစား မဝယ်ဖြစ်ရင် လစဉ် အပိုအသုံးစရိတ် လုံးဝ မကုန်ဘူး…မာကျန်းက ကျောင်းထမင်းစားဆောင်မှာပဲ နေ့လယ်စာ စားတာဆိုတော့ တစ်လကို ၅ ယွမ်ပဲ သုံးပြီး... ကျန်တဲ့ ၇ ယွမ်ကို ငါ့ကို အကုန်အပ်တာ… ငါ့ယောက်ျားကလေ..."
"သူပြောတာတော့... နောက်နှစ်ကျရင် သူ့လစာက ၂၅ ယွမ်အထိ တိုးတော့မှာဆိုတော့၊ အဲဒီကျရင် ငါတို့ တစ်လကို ၁၀ ယွမ်အထိ စုမိလိမ့်မယ်တဲ့အေ"
ချန်ချင်းယွီ ခပ်ပြုံးပြုံးဖြင့်
"ဒါဆို အစ်မတို့က အဝတ်အစားတွေကို လုံးဝ မဝယ်ကြဘူးလား...”
ချိုက်မင်မင် : "ယောက္ခမကတော့ အဝတ်အစားစရိတ် မပါဘူးလို့ ပြောထားတာ အမှန်ပဲ၊ ဒါပေမဲ့ ဟဲဟဲ... အမှန်တော့ ယောက္ခမတွေကပဲ ပိုက်ဆံစိုက်ထုတ်ပြီး ဝယ်ပေးကြတာ၊ လက်မှတ်တွေပါ အကုန်ပေးတာ… ငါ့မှာ ဆွယ်တာအင်္ကျီ မရှိတာကို မြင်တော့... ယောက္ခမဘက်ကပဲ သိုးမွေးချည်တွေ ဝယ်ပြီး သူတို့ဘာသာသူတို့ ကိုယ်တိုင် ထိုးပေးကြတာ… ချွေးမအပေါ်ကို ဒီလောက်အထိ အလိုက်သိပြီး ကောင်းပေးတဲ့ မိသားစုမျိုး တစ်ခါမှ မမြင်ဖူးဘူး။ ငါ့ ယောက္ခမက အမြဲတမ်း ငါ့ ယောက်ျားဘက်ကနေ ကာကွယ်ပေးတာ၊ တတိယမြောက်ကောင် အိမ်ပြန်လာရင်တော့ အမြဲတမ်း အဆူခံရတာပဲ၊ ငါတို့ကိုကျတော့ သူတို့ တစ်ခါမှ အဲဒီလိုမျိုး မဆက်ဆံဖူးဘူး"
ပီတိဖြစ်ကာ ပြောပြနေရှာ၏။
ချန်ချင်းယွီ : "..."
တကယ်တမ်းကြတော့ လူအချင်းချင်း နှိုင်းယှဉ်ခံရတာက ကြောက်စရာအကောင်းဆုံးပဲ…
အမှန်တကယ်တွင် ချန်ချင်းယွီ အနေဖြင့် ပိုင်ဖုန်းရှန်းသည် ဤချွေးမဖြစ်သူကို အသည်းစွဲလှသည်အထိ အလွန်အမင်း နှစ်သက်ခြင်းမျိုး မရှိသည်ကို ရိပ်မိထားသည်။ မြို့ပြရှိ လူအတော်များများ၏ အမြင်အရဆိုလျှင် ချိုက်မင်မင်၏ နောက်ခံအခြေအနေမှာ တကယ့်ကို သာမန်ကာလျှံကာမျှသာ ဖြစ်၏။ သို့သော်လည်း ချိုက်မင်မင်သည် အလွန် ကံကောင်းလွန်းလှသည်။ သူမသည် ဤကဲ့သို့သော မိသားစုအခြေအနေမျိုးနှင့် ကွက်တိ သွားတိုးခဲ့ခြင်းကြောင့်ပင်…
ထူးချွန်ပြောင်မြောက်လှသည့် ဒုတိယသမီးဖြစ်သူမှာမူ အချစ်ဇောဖြင့် နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့ပြီး၊ မိသားစုထံသို့လည်း ဘေးကင်းကြောင်း သတင်းပို့ရုံမှတစ်ပါး မည်သည့်အဆက်အသွယ်မျှ မလုပ်ခဲ့ပေ။
ထိုကဲ့သို့ ကောင်းမွန်ပြည့်စုံလှသော သားလူပျိုလေးမှာကား သားသမီးထပ်မမွေးနိုင်တော့သည့် မုဆိုးမတစ်ဦး၏ လင်အဖြစ်သို့ ခေါင်းမာမာဖြင့် ဇွတ်အတင်း ခံယူချင်နေ၏။
ထိုသူနှင့် နှိုင်းယှဉ်လိုက်ပါက ချိုက်မင်မင်သည် တကယ့်ကို စိတ်အေးရပြီး ပူပင်စရာမလိုသည့် ချွေးမလိမ္မာလေးတစ်ဦး ဖြစ်နေတော့သည်။
ထို့ကြောင့် ပိုင်ဖုန်းရှန်းအနေဖြင့် သူမအပေါ် သဘာဝကျကျပင် စိတ်ကျေနပ်မှု ရှိနေခြင်း ဖြစ်၏။
"ဒါနဲ့... အစ်မ သောက်နေတဲ့ ဆေးကော အခြေအနေ ဘယ်လိုလဲ..."
"ငါတို့ကတော့ ချင်းမင်းပွဲတော် (သင်္ချိုင်းကန်တော့ပွဲ) အထိ ဆက်သောက်ရဦးမှာ… ပြီးရင်တော့ သုံးလလောက် ဆေးခဏရပ်ရမယ်၊ အဲဒီနောက်ပိုင်းကျရင်တော့ ကလေးယူလို့ ရပြီပေါ့… ငါကတော့ နောက်နှစ်ထဲမှာ ကလေးတစ်ယောက် ယူဖို့ အစီအစဉ် ရှိတယ်"
ချိုက်မင်မင် မျှော်လင့်ချက်အပြည့်ဖြင့်
"ငါလည်း ကလေးတွေကို တအားချစ်တာ၊ ကလေးတစ်ယောက်လောက် ရချင်ပြီ ယောက္ခမကလည်း ကလေးမွေးလာရင် လာပြီး ဝိုင်းထိန်းပေးမယ်လို့ ပြောထားတယ်အေ"
ချန်ချင်းယွီ သဘောကျစွာ ပြုံးလိုက်မိသည်။
ချိုက်မင်မင် : "ငါ့ ယောက္ခမကို ကလေးထိန်းခွင့်ပေးရတာ တကယ်ကို ဝမ်းသာစရာပဲအေ… သူမ ထိန်းကျောင်းပေးခဲ့တဲ့ ကလေးတွေအားလုံးက တကယ့်ကို စာကြိုးစားကြတာ… ငါ့ယောက်ျားဆိုရင်လည်း အထက်တန်းအထိ အောင်မြင်ခဲ့တယ်၊ ပြီးတော့ သူ့ရဲ့ ညီမလေးကလည်း တကယ့် စာတော်တဲ့ ကျောင်းသူလေးပဲ… သူ့ရဲ့ ဒုတိယညီမဆိုရင် ပိုလို့တောင် စာတော်သေးတယ်... ငါ သူမနဲ့ တစ်ခါမှ မဆုံဖူးသေးပေမယ့်၊ သူမက နာမည်ကြီး တက္ကသိုလ်တစ်ခုကနေ ဘွဲ့ရထားတဲ့ ထူးချွန်ကျောင်းသူတစ်ယောက်ဖြစ်ပြီး စာဖတ်တာ၊ စာကျက်တာမှာ တကယ့်ကို ပါရမီပါတဲ့လူလို့ ကြားဖူးတယ်။ မိသားစုထဲမှာ စာသင်ရတာကို အမုန်းဆုံးဆိုတဲ့ တတိယလေးတောင်မှ အလယ်တန်းအထိ အောင်မြင်ခဲ့သေးတာပဲဥစ္စာ… ငါလည်း ငါ့ရဲ့ ကလေးတွေကို စာတော်တဲ့လူတွေ ဖြစ်စေချင်တယ်အေ၊ ဒါက တကယ်ကို ကောင်းတဲ့အရာပဲ မဟုတ်လား။ နင် ကြည့်လေ... ခြံဝင်းထဲကလူတွေကတော့ ငါ့ရဲ့ ဒုတိယ ယောင်းမက အချစ်ဇောမွှန်းပြီး သူ့ရည်းစားနောက်ကို အနောက်မြောက်ဘက်အထိ လိုက်သွားပြီး ဆင်းရဲဒုက္ခခံနေရတာ၊ နောက်ဆုံးကျတော့ အဲဒီယောက်ျားက သူမကို လမ်းခွဲသွားခဲ့တယ်လို့ အတင်းပြောနေကြပေမယ့်... စာတော်တာကတော့ သေချာပေါက် ကောင်းတဲ့အရာပဲ မဟုတ်လား။ ငါသိရသလောက်တော့ ဒုတိယယောင်းမက အဲဒီဒေသမှာ အလုပ်အကိုင် ကောင်းကောင်း ရထားတယ်တဲ့… နင် ကြည့်ဦးလေ... ပညာတတ်တဲ့ လူတွေကျတော့ ဘယ်လောက်ပဲ ဆင်းရဲပင်ပန်းတဲ့ နေရာကို ရောက်ရောက်၊ ပင်ပန်းကြီးစွာနဲ့ ကာယလုပ်အား အလုပ်တွေကို လုပ်စရာမလိုတော့ဘူး မဟုတ်လား... ဒါက တကယ့်ကို ကောင်းတာပေါ့၊ တကယ်လို့ ပညာသာမရှိရင်တော့ တစ်သက်လုံး ပင်ပန်းဆင်းရဲစွာနဲ့ ကာယအလုပ်တွေကိုပဲ လုပ်နေရမှာ… ငါကတော့ ငါ့ရဲ့ ကလေးတွေကို အဲဒီလိုမျိုး အဖြစ်မခံနိုင်ဘူး"
ချန်ချင်းယွီ ချက်ချင်းပင် သတိရသွားပြီး
"ဩော်... ဒါနဲ့၊ ဦးလေးမာရဲ့ ဒုတိယသမီးက အခုထိ အိမ်ထောင်မကျသေးဘူးလားဟင်..."
"ငါလည်း သေသေချာချာတော့ မသိဘူး… ကြည့်ရတာတော့ သူမက မိသားစုဆီကို လုံးဝ အဆက်အသွယ် မလုပ်တော့ဘူးထင်တယ်… လစဉ်လတိုင်း သူမရဲ့ လစာငွေတချို့ကို မိဘတွေဆီ ပို့ပေးရုံသက်သက်ပဲ လုပ်တာ၊ ယောက္ခမက ဒုတိယသမီးဆီကို စာရေးချင်တယ်လို့ ပြောပေမယ့်... သူမက စာလည်း လာမယူသလို၊ ပြန်လည်း မဖြေဘူးတဲ့၊ နင်လည်း သိတဲ့အတိုင်း... သူမက တော်တော်လေး ခေါင်းမာတဲ့လူစားမျိုးလေ"
ချန်ချင်းယွီ : "ဒါကတော့ ဘယ်သူသိနိုင်မှာလဲနော်"
သူမကိုယ်တိုင်သည်လည်း စာလေ့လာရသည်ကို သိပ်ပြီး မထူးချွန်ခဲ့သဖြင့်၊ စာတော်ပြီး ထက်မြက်စမတ်ကျသည့် လူများကို အမြဲတမ်း အားကျမိလေ့ရှိသည်။
"ဩော်... ဒါနဲ့၊ အစ်မရဲ့ ယောက်မ... ဦးလေးမာရဲ့ ဒုတိယသမီးက ဘယ်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တာလဲဟင်... ချင်းဟွာလား၊ ဒါမှမဟုတ် ပေကျင်းတက္ကသိုလ်လား..."
"ငါလည်း အသေအချာတော့ မသိဘူး… ချင်းဟွာတက္ကသိုလ် ထင်တာပဲ။ ငါမှတ်မိသလောက်တော့ သူမက ရုပ်ဝတ္ထုဗေဒ ( materials science) လိုမျိုး ဘာသာရပ်ကို သင်ယူခဲ့တာလို့ ကြားဖူးတယ်၊ ဒါပေမဲ့ ငါလည်း ကောင်းကောင်း နားမလည်ပါဘူးလေ။ ဘာပဲဖြစ်ဖြစ် ယောက္ခမကတော့ သူမကို ပညာတွေ အလဟဿ ဖြုန်းတီးပစ်တယ်ဆိုပြီး အမြဲ ဆဲဆိုနေတာ... အားကိုးလို့မရတဲ့ ယောက်ျားတစ်ယောက်နောက်ကိုပဲ တကောက်ကောက် လိုက်နေလို့တဲ့။ ဒါပေမဲ့ တစ်ခါတလေကျတော့လည်း... သူမက စာတတ်ပေတတ် ဖြစ်နေသေးလို့ တောထဲကို ရောက်သွားရင်တောင် ဒုက္ခရောက်မှာ မဟုတ်ပါဘူးလို့ ပြန်ပြောတတ်သေးတယ်..."
"ဟူး... ရွာအကြောင်း ပြောရရင်တော့... မနေ့က အစ်မကြီးဖန်က သူမရဲ့ သားဖြစ်သူဆီကို နှစ်သစ်ကူး လက်ဆောင်ပစ္စည်းအချို့ လှမ်းပို့လိုက်သေးတယ်.."
ချန်ချင်းယွီသည် အစ်မကြီးဖန်၏ အငယ်ဆုံးသားဖြစ်သူက တံခါးဝတွင် ‘အမေက အဂတိလိုက်စားပြီး မျက်နှာလိုက်တယ်၊ အစ်ကိုကြီးဆီပဲ ပစ္စည်းတွေ လှမ်းပို့ပြီး အစ်မကြီးကိုကျတော့ ပစ်ထားတယ်’ ဟု တိုးတိုးတိုးတိုးဖြင့် မကျေမနပ် ညည်းတွားနေသည်ကို ကြားလိုက်ရသည်။
ထိုအခါ အစ်မကြီးဖန် တံမြက်စည်းတစ်ချောင်း ဆွဲကာ သားဖြစ်သူနောက်သို့ အတော်ကြာအောင် လိုက်ရိုက်သော်လည်း မထိမိခဲ့ပေ။
"ကျွန်မ သိတာပေါ့၊ ပြီးတော့ အစ်မကြီးဖန်က ကျောက်ရုံရဲ့ အရှုပ်တော်ပုံအကြောင်းကို သားဖြစ်သူဆီ စာရေးပြီး လှမ်းပြောပြသေးတယ်… သူမက တကယ့်ကို သူတစ်ပါး ပျက်စီးတာကို ဝမ်းသာအားရ ဖြစ်နေတာ၊ ကျောက်ရုံတို့အိမ်က ယွမ်ဟောက်ရွှယ်က သူမရဲ့သားကို သဘောမကျခဲ့တာကို အခုထိ ရန်ငြိုးဖွဲ့ စိတ်နာနေတုန်းပဲ… အစ်မကြီးဖန်ကတော့ တကယ်ကို ရယ်ချင်စရာကောင်းတယ်၊ သူတစ်ပါးက ကနုယ့်သားကို သဘောမကျရုံလေးနဲ့တင် မခံမရပ်နိုင် ဖြစ်နေတာ… အစ်မကြီးဖန် အမုန်းဆုံးက လင်စန်းရှင်းတို့ မိသားစုနဲ့ ကျောက်ရုံတို့ မိသားစုပဲ…ဒါတွေအားလုံးဟာ ရှီရှောင်ဝေ ကြောင့် ဖြစ်လာရတာ"
ချန်ချင်းယွီ၏ နှုတ်ခမ်းများမှာ မသိမသာ တွန့်လိမ်သွားပြီး ဆွံ့အသွားရ၏။
သူတစ်ပါးက မိမိကို သဘောမကျရုံလေးနဲ့တင် မခံမရပ်နိုင် ဖြစ်ရတယ် ဟုတ်လား...
တကယ့်ကို ထူးဆန်းတဲ့လူပဲ။
သူတို့နှစ်ဦးသည် နှစ်သစ်ကူးအတွက် လိုအပ်သည့် ကုန်ပစ္စည်းများကို ဝယ်ယူရင်း တစ်လမ်းလုံး အတင်းအဖျင်း စကားများကို မြိန်ရေရှက်ရေ ပြောဆိုလာခဲ့ကြသည်။ နှစ်သစ်ကူးရန် ရက်ပိုင်းမျှသာ လိုတော့သဖြင့် ဈေးဝယ်သူများဖြင့် စည်ကားတိုးဝှေ့နေတုန်းပင်။
ယခုအခါ သူတို့ခြံဝင်းထဲမှလူများသည် လူတကာ၏ မှတ်ချက်ပြုခြင်းကို ခံထားရသဖြင့်၊ သူတို့ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်း ကူးစက်ခံရမှာ ကြောက်သည့်အလား ဝုန်းခနဲ လမ်းဖယ်ပေးကြတော့၏။
ချန်ချင်းယွီ : "..."
‘သောက်ကျိုးနည်း… ငါတို့ကို ကာလဝမ်းရောဂါပိုး သယ်ဆောင်လာတဲ့လူတွေလို သဘောထားနေကြတာလား......’
သို့သော်လည်း ကိစ္စမရှိပါပေ… လူများ ဖယ်ပေးကြသဖြင့် ပစ္စည်းများကို တန်းစီစရာမလိုကာ အရင်ဦးဆုံး ဝယ်ယူခွင့်ရသည်မှာလည်း အဆင်ပြေလှ၏။
ချန်ချင်းယွီ : "မြန်မြန်လုပ်၊ မြန်မြန်လုပ်..."
သူတို့နှစ်ဦး ချက်ချင်းပင် အလုပ်ရှုပ်သွားကြတော့သည်။ ဤသည်မှာ ချန်ချင်းယွီအတွက် ကူးပြောင်းလာပြီးနောက် ပထမဆုံးအကြိမ် ဖြတ်သန်းရမည့် နှစ်သစ်ကူးပွဲတော် ဖြစ်သဖြင့် ပြင်ဆင်စရာများစွာ ရှိနေ၏။ သူတို့နှစ်ဦးစလုံး ပစ္စည်းအမြောက်အမြားကို ဝယ်ယူပြီးနောက် လူအုပ်ကြီးထဲမှ ပျော်ရွှင်စွာဖြင့် တိုးထွက်လာခဲ့ကြသည်။
ချန်ချင်းယွီ : "ကဲ... သွားကြစို့"
ချန်ချင်းယွီတို့ အိမ်တွင် စက်ဘီးရှိသော်လည်း သမဝါယမအရောင်းဆိုင်သည် အိမ်နှင့် သိပ်မဝေးသဖြင့် သူတို့ လမ်းလျှောက်လာခဲ့ကြ၏။
ဝယ်လာသည့် ပစ္စည်းများကို သယ်ဆောင်ရင်း ချန်ချင်းယွီမှာ
"ကျွန်မတို့အိမ်ကလည်း ပစ္စည်းတွေ တော်တော်များများ ဝယ်ပြီးပြီ၊ ကျွန်မ... ဟေး... ဟေး ဟေး ဟေး..."
သူမသည် စကားပြောနေရင်းမှ ချက်ချင်းပင် လမ်းကြားတစ်ခုထဲသို့ လျင်မြန်စွာ ကွေ့ဝင်သွားခဲ့သည်။
ချိုက်မင်မင် စိုးရိမ်တကြီးဖြင့် အနောက်မှ အပြေးအလွှား လိုက်လာရင်း
"ဘာဖြစ်လို့လဲ... ဘာဖြစ်လို့လဲ"
ချန်ချင်းယွီ : "ခဏလောက် စောင့်ဦး"
ထိုလမ်းကြားထဲရှိ လူ လှည့်ကြည့်လိုက်သောအခါ ချန်ချင်းယွီကို မြင်သည်နှင့် ချက်ချင်း ဝမ်းသာသွားပြီး
"အို... အစ်မ ဖြစ်နေတာပဲ"
ဤလူသည် အခြားသူမဟုတ်ဘဲ ချန်ချင်းယွီနှင့် တစ်ခါတစ်ရံ မတော်တဆ ဆုံတွေ့တတ်ပြီး ကွယ်ရာတွင် မုန့်များကို တိတ်တဆိတ် လှည့်လည်ရောင်းချနေသည့် အမျိုးသမီးငယ်လေးပင် ဖြစ်သည်။ ဤဒေသဝန်းကျင်တွင် စက်မှုစက်ရုံကြီး ရှိနေသဖြင့် ပိုက်ဆံသုံးနိုင်သည့် အလုပ်သမား အမြောက်အမြား ရှိ၏။ ထို့ကြောင့်ပင် သူမသည် ဤဒေသတစ်ဝိုက်တွင် ပစ္စည်းများကို မကြာခဏလာရောက် ရောင်းချလေ့ရှိရာ ချန်ချင်းယွီနှင့် အချိန်ကိုက် ဆုံတွေ့ရခြင်း ဖြစ်သည်။
ချန်ချင်းယွီ အသံကိုနှိမ့်ကာ တိုးတိုးလေး မေးလိုက်၏။
"ဒီနေ့ ဘာပစ္စည်းတွေ ပါလဲဟင်..."
"ကောက်ညှင်းမုန့် အစ်မ... ကြည့်ပါဦး... အပေါ်မှာ ပဲနီလေးတွေ ဖြူးထားတာ၊ မြင်လား... တော်တော်များများ ပါတယ်နော်။ ပြီးတော့ နှမ်းစေ့တွေလည်း ပါတယ်… ဒီမုန့်က အပြင်မှာ ဒီတိုင်းထားရင်တောင် ခြောက်လလောက်အထိ အထားခံပြီး မပုပ်မသိုးဘူးရှင့်၊ ဒါပေမဲ့ ဒီလောက်အထိတော့ အထားခံမယ် မထင်ပါဘူးလေ… နှစ်သစ်ကူးကျရင် ရေနွေးငွေ့နဲ့ ပြန်ပေါင်းပြီး သကြားလေးနည်းနည်း ဖြူးစားလိုက်ရင် တကယ့်ကို အရသာ ရှိတာအစ်မရဲ့..."
ချန်ချင်းယွီ : "ကျွန်မကို အကုန်ပေးပါ"
ချိုက်မင်မင် : “…”
သူမသည် တံတွေးကို အသာအယာ မျိုချရင်း ဘေးနားသို့ သတိကြီးစွာဖြင့် တိုးကပ်လာခဲ့သည်။ ဒါက...
သူမ တိုးတိုးလေး မေးလိုက်ကာ
"ငါကော နည်းနည်းလောက် ဝယ်လို့ရမလားဟင်..."
ချန်ချင်းယွီ : "ရတာပေါ့၊ ဘာလို့မရရမှာလဲ... ပစ္စည်းဝယ်တာကို တစ်ကမ္ဘာလုံး သိအောင် လျှောက်အော်ပြောနေရမှာမို့လို့လား။ အစ်မလိုချင်လား... တကယ်လို့ အစ်မမယူရင် ကျွန်မပဲ အကုန်လုံး ဝယ်လိုက်တော့မယ်နော်"
"ယူမယ်၊ ယူမယ်..."
ဒီလိုပစ္စည်းမျိုးကို မဝယ်ဘဲနေရင်တော့ ငတုံးမို့လို့ပေါ့…
သူတို့ ကျေးလက်တောရွာမှာ နေစဉ်၌ တစ်ခါတစ်ရံတွင် ယခုလိုမျိုး ကွယ်ရာမှာ ပစ္စည်းများကို တိတ်တဆိတ် ဝယ်ယူခဲ့ကြဖူးသည် မဟုတ်လော့။
ချိုက်မင်မင် အံကြိတ်ကာ
"ငါ့ကို တစ်ဝက်လောက် ခွဲပေးလို့ရမလားအေ..."
ချန်ချင်းယွီ : "ရတာပေါ့၊ ပြဿနာမရှိဘူး..."
သူတို့နှစ်ဦးစလုံး ချက်ချင်းပင် ရှိသမျှ ကောက်ညှင်းမုန့်အားလုံးကို ခွဲဝေကာ အပြတ်ဝယ်ယူလိုက်ကြသည်။ ထိုအမျိုးသမီးငယ်လေးမှာမူ ဝမ်းသာအားရဖြင့် မျက်နှာတစ်ခုလုံး ပြုံးပန်းပွင့်သွားတော့၏။ ချန်ချင်းယွီနှင့် ဆုံသည့်အကြိမ်တိုင်းတွင် ပစ္စည်းများကို လက်ကျန်မရှိ အကုန်အစင် ဝယ်ယူတတ်ခြင်းကြောင့် ဖြစ်နိုင်သည်၊ သူမသည် ချန်ချင်းယွီအပေါ် တကယ့်ကို ယုံကြည်စိတ်ချနေခဲ့ပြီ ဖြစ်သည်။
သူမသည် အသံကိုနှိမ့်ကာ လျှို့ဝှက်စွာ မေးလာ၏။
"ဒီလောက်ဆို လောက်ပါ့မလားရှင့်... တကယ်လို့ နောက်ထပ် လိုချင်သေးတယ်ဆိုရင်တော့ မနက်ဖြန် ဒီအချိန်လောက်မှာ ကျွန်မ ထပ်လာခဲ့ပါမယ်"
ချန်ချင်းယွီ : "ကောက်ညှင်းမုန့်ပဲလား..."
ထိုအမျိုးသမီးငယ်လေးမှာ ခေါင်းငြိတ်ပြကာ
"ဟုတ်တယ်… အခုရက်ပိုင်းမှာ ဒီမုန့်က အင်မတန် ရောင်းကောင်းတာရှင့်၊ အထူးသဖြင့် နှစ်သစ်ကူးကာလဆိုတော့ ပိုဆိုးတာပေါ့… ကောက်ညှင်းမုန့်မပါဘဲ နှစ်သစ်ကူးကို ဘယ်လိုလုပ် ဖြတ်သန်းလို့ ရမှာလဲနော်၊ ဒီမုန့်က ‘တစ်နှစ်ထက်တစ်နှစ် ဘဝအဆင့်အတန်း ပိုမိုမြင့်မားတိုးတက်လာခြင်း’ ကို ကိုယ်စားပြုတာလေ၊ ကြည့်ပါဦး... အပေါ်မှာလည်း နှမ်းစေ့လေးတွေ ဖြူးထားသေးတယ်"
ချန်ချင်းယွီ : "ဒါဆိုရင်တော့ မနက်ဖြန်ကျရင်လည်း ကျွန်မ ထပ်ယူမယ်..."
ချိုက်မင်မင်လည်း ခဏမျှ စဉ်းစားပြီးနောက်
"ဒါဆိုရင်တော့ ကျွန်မလည်း မနက်ဖြန်ကျရင် နည်းနည်းလောက် ထပ်ဝယ်ဦးမယ်"
နှစ်သစ်ကူးကာလတွင် ဆွေမျိုး မိတ်ဆွေများထံ သွားရောက်လည်ပတ်ရမည် ဖြစ်သဖြင့် ဤမုန့်သည် လက်ဆောင်ပေးရန်အတွက် အလွန်ကောင်းမွန်သော ပစ္စည်းတစ်ခု ဖြစ်ကြောင်း ယောက္ခမဖြစ်သူ ပြောပြဖူးသည်ကို သူမ သတိရသွားခြင်းကြောင့် ဖြစ်သည်။
ထိုအမျိုးသမီးငယ်လေးသည် ခေါင်းငြိတ်လျက်
"ကျွန်မအိမ်မှာ မြေပဲကြော်တွေလည်း ရှိသေးတယ်ရှင့်၊ အစ်မတို့ လိုချင်လားဟင်... အိတ်ကို သေသေချာချာ ချည်နှောင်ထားတာဆိုတော့ သယ်ရတာ အဆင်ပြေမှာပါ။ ဆီတွေ ဘာတွေလည်း ထပ်သုံးစရာမလိုဘူး၊ အကုန်လုံး အကြော်ခံပြီးသားတွေမို့ တကယ့်ကို ကြွပ်ရွပြီး စားလို့ကောင်းတယ်ရှင့်"
ချန်ချင်းယွီ ထပ်မံ၍ ခေါင်းငြိတ်ပြလိုက်၏။
သူတို့နှစ်ဦး သဘောတူ ကတိပြုပြီးနောက် လမ်းခွဲကာ အသီးသီး လျင်မြန်စွာ ထွက်ခွာခဲ့ကြသည်။
လမ်းတွင် ချိုက်မင်မင်သည် စိုးရိမ်စိတ်အနည်းငယ်ဖြင့် လှမ်းမေးကာ
"ချင်းယွီ... နင် ပစ္စည်းတွေ ဝယ်တဲ့အခါ ယောက္ခမကို အရင် ကြိုတင်အကြောင်းကြားဖို့ မလိုဘူးလားဟင်..."
ချန်ချင်းယွီ၏ မျက်ဝန်းများမှာ လှုပ်ခတ်သွားပြီးနောက် သူမ ပြန်ပြောလိုက်၏။
"မလိုပါဘူး… ဒီလိုပစ္စည်းမျိုးက ကြုံကြိုက်တဲ့အချိန်မှာ ချက်ချင်း ဆတ်ခနဲ ဝယ်ရတာမျိုးလေ၊ ဘယ်သူကမှ ကိုယ်နဲ့ ကြိုတင်ပြီး ချိန်းဆိုထားမှာ မဟုတ်ဘူး၊ ဒီနေ့က တိုက်ဆိုင်သွားလို့ပါ… ပုံမှန်ဆိုရင် ဒီလိုမျိုး ဆုံဖို့ မလွယ်ဘူးလေ… တကယ်လို့ ကျွန်မသာ ကိစ္စအရာရာတိုင်းကို ယောက္ခမကို လိုက်မေးနေရမယ်ဆိုရင် ဘာပစ္စည်းမှ ဝယ်ဖြစ်တော့မှာ မဟုတ်ဘူး၊ ပစ္စည်းကို တွေ့တာနဲ့ တန်းဝယ်လိုက်တာက လုံးဝ အရှုံးမရှိပါဘူး၊ စဉ်းစားကြည့်လေ... ဒီပစ္စည်းတွေက အလွယ်တကူ ပုပ်သိုးသွားတာမှ မဟုတ်တာ၊ ဒါကြောင့် ဝယ်ပြီး အိမ်မှာ သိုလှောင်ထားတာက အကောင်းဆုံးပဲ… မဟုတ်ရင် နောက်ကျရင် ပိုက်ဆံရှိရင်တောင် ဝယ်ချင်မှ ဝယ်ရတော့မှာ၊ အစ်မကသာ စိုးရိမ်ပြီး ကြောက်နေတာ၊ အမှန်တော့ ရောင်းတဲ့လူက ပိုပြီး အန္တရာယ်များလို့ သူတို့က ပိုတောင် ကြောက်နေဦးမယ်… ဒါကြောင့် ဘာမှ စိတ်ပူစရာမရှိပါဘူး"
ချိုက်မင်မင် ခေါင်းငြိတ်ကာ ထောက်ခံလိုက်ပြီး
"နင်ပြောတာ တကယ် ဟုတ်တာပဲ”
အမှန်တကယ်၌ လူအများမှာ ပစ္စည်းပြတ်လပ်လာသည့်အခါ ကွယ်ရာမှာ မှောင်ခိုဈေးသို့ သွားရောက်ပြီး ပစ္စည်းဝယ်ယူလေ့ ရှိကြသော်လည်း၊ မည်သူမှ အပြင်မှာ ဗြောင်မပြောရဲကြပေ။
"ဒီနေ့တော့ ငါတို့ တကယ့်ကို ပစ္စည်းတွေ အများကြီး အမြတ်ထွက်ခဲ့တာပဲနော်..."
ချန်ချင်းယွီ ခေါင်းငြိတ်ပြလိုက်ကာ ဆုတောင်းစကားဆိုလိုက်၏။
"ဒါပေါ့... ပျော်ရွှင်စရာ နှစ်သစ်ကူးလေး ဖြစ်ပါစေရှင်..."
"အေးပါ နင်လည်း တူတူပါပဲ..."