အခန်း ၁၁၇
Vol. 12 Ch. 117
အခန်း (၁၁၇) ကယ်တင်ခြင်း
ချန်ချင်းယွီ လက်ရှိခေတ်ကို ကူးပြောင်းရောက်ရှိလာစဉ်တွင် မတ်လဖြစ်ပြီး၊ ယခုအခါ နှစ်သစ်ကူးကာလကို ရောက်ရှိနေပြီဖြစ်သည်။
တစ်နှစ်တိတိ မပြည့်သေးသော်လည်း ပြည့်ခါနီးနေပြီဖြစ်၏။ တစ်နှစ်ဟု သတ်မှတ်လိုက်လျှင်ပင် သူတို့၏ဘဝများ တည်ငြိမ်ပြီး ပုံမှန်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ ချန်ချင်းယွီသည် သူမကိုယ်သူမ တော်တော်လေး စွမ်းဆောင်နိုင်သည်ဟု ခံစားရပြီး~~ အဟမ်း ဧကန်မုချ စွမ်းဆောင်နိုင်ရမှာပေါ့… စဉ်းစားကြည့်လျှင် သူမ စတင်ကူးပြောင်းလာခါစက အခြေအနေအရပ်ရပ်မှာ အဆိုးရွားဆုံးဖြစ်ခဲ့သည်။
သို့သော် ယခုအခါ သူမသည် အစစအရာရာ ချောမွေ့ပြီး အောင်မြင်သော အခြေအနေဖြင့် နေထိုင်နေရပြီဖြစ်၏။
သူမဘေးနားက အားကိုးမရတဲ့လူတွေတောင်မှ ငြိမ်ကုပ်သွားကြပြီလေ…
သာမန်လူဆိုသည်မှာ မိမိနှင့်နီးစပ်သူများနှင့်သာ ထိတွေ့ဆက်ဆံကြသည်သာ…
သူတို့နေထိုင်ရာ ဝင်းကြီးထဲရှိ ကိစ္စရပ်များလည်း ငြိမ်သက်သွားခဲ့လေပြီ… သူတို့နှင့် ပဋိပက္ခအနက်ရှိုင်းဆုံးမိသားစုမှာ အမှန်တကယ်တွင် ဒုတိယဝင်းမှဖြစ်သော ရွှီကောင်းမင်၏ မိသားစုဖြစ်သည်။ သူတို့သည် မုဆိုးမနှင့် မိဘမဲ့ကလေးကို အနိုင်ကျင့် နှိပ်စက်ပြီး အမြဲတမ်း အခွင့်ကောင်းယူရန် ကြိုးစားခဲ့ကြ၏။ သို့သော် ရွှီကောင်းမင်၏ မိသားစုသည်ပင် ပထမဆုံး နောက်ဆုတ်လက်လျော့ သွားခဲ့သည်။ ချန်ချင်းယွီသည် ထိုမိသားစုမှာ အယူသည်းလွန်းသည်ကို သတိပြုမိခဲ့၏~~ သူတို့၏ သရဲခြောက်သည့်ဖြစ်ရပ် ဖြစ်ပွါးပြီးချိန်မှစ၍ ထိုလင်မယားမှာ အလွန်အမင်း လိမ္မာရိုသေသွားကြသည်။ တစ်ခါက ချန်ချင်းယွီသည် ရှီကျန့်ရှန်းတစ်ယောက် လင်းကျန့်ဝမ်အတွက် စက္ကူငွေများကို တိတ်တဆိတ် မီးရှို့ပေးနေသည်ကိုပင် မြင်တွေ့ခဲ့ရရာ၊ ထိုမိသားစုမှာ သရဲတစ္ဆေများကို မည်မျှအထိ အမှန်တကယ် ကြောက်လန့်နေကြသည်ကို သိသာစေ၏။
ရွှီကောင်းမင်၏ မိသားစုမှာ အထူးသဖြင့် ကောက်ကျစ်စဉ်းလဲသော်လည်း၊ "ဉာဏ်အမြော်အမြင်အရှိဆုံးလူများက အရာရာကို အမြန်ဆုံးတွေးတောနားလည်နိုင်ကြသည်" ဟူသော ဆိုရိုးစကားအတိုင်းပင် ဦးဆုံးလက်လျော့သွားသူများ ဖြစ်ကြသည်။
ထို့နောက် ကျန်းမိသားစု ရှိသေး၏။ ကျန်းရှင်းဖှ သည် ကာမရာဂရမ္မက်ကြီးပြီး အခွင့်ကောင်း ယူချင်သူဖြစ်သော်လည်း၊ သူသည် သူလျှိုအရေးအခင်းကြောင့် အမှန်တကယ် ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး နောက်ထပ် ဗြောင်မကျရဲတော့ပေ။ အကြိမ်အနည်းငယ် အရိုက်ခံရပြီးနောက်တွင် သူ ငြိမ်ကျသွားခဲ့သည်။ သူသည် ယခုတိုင် ဆေးရုံ၌ ရှိနေသေး၏။
ထိုစဉ်က အမှောင်ထုကြီးစိုးနေသဖြင့် သူ့ကို မည်သူ ဝင်တိုက်သွားမှန်း သူ လုံးဝမသိခဲ့ပေ။
ထို့အပြင် အဓိကမှာ အဘွားကြီးလျန်နှင့် သူမ၏မိသားစုဝင်များသည် အလွန်အမင်း မောက်မာလွန်းသောကြောင့်ဖြစ်သည်၊ သာမန်ထိရုံမျှဖြင့် အဘယ်ကြောင့် လူတစ်ယောက်ကို ရိုက်နှက်ရသနည်း။ ကျန်းရှင်းဖှ ခံရသည့်အရိုက်အနှက်မှာ မသက်သာလှပေ၊ သူတို့ သောင်းကျန်းနေချိန်တွင် သွားတိုက်မိပြီး သူကိုယ်တိုင်လည်း အရိုက်ခံရလိမ့်မည်ကို သူ မတွေးမိခဲ့ပေ။
ပတ်သက်ဆက်နွှယ်သူများအပြင် ကျန်းရှင်းဖှနှင့် ဝမ်တာ့ချွေတို့သည် ဒဏ်ရာအပြင်းထန်ဆုံးရရှိခဲ့သူများဖြစ်ကြသည်~~ တစ်ယောက်က ကူညီရင်း၊ နောက်တစ်ယောက်ကတော့ မတော်တဆ လမ်းကြုံဝင်မိရင်းပေါ့…
အချုပ်ဆိုရလျှင် နှစ်ယောက်စလုံး ဆေးရုံအခန်းတစ်ခုတည်းမှာပင် အတူတူရှိနေကြပြီး လုံးဝ စိတ်ဓာတ်ကျ အားငယ်နေကြသည်။
ကျန်းရှင်းဖှသည် နေ့တိုင်း ကျိန်ဆဲနေပြီး ထိုမောက်မာသောမိသားစုကို ကျိန်ဆဲနေခြင်းဖြစ်၏။ ထိုမိသားစုသည် ဆေးဖိုးဝါးခနှင့် အာဟာရပြည့်စုံစေရန် စရိတ်စကများ ပေးဆောင်နေသော်လည်း မိမိတို့ခံရသည့်ဒဏ်ရာများမှာ မည်သို့လျှင် မနာကျင်ဘဲ ရှိမည်နည်း။ ထို့အပြင် သူတို့ ဆေးရုံတက်နေရပြီဖြစ်၍ လက်စားချေခံရမည်ကိုလည်း မကြောက်တော့ကာ၊ လူနာဆောင်ထဲတွင် နေ့ရက်များကို အော်ဟစ်ကျိန်ဆဲရင်း ကုန်ဆုံးစေကာ ထိုသူတို့၏ ဘိုးဘွားဘီဘင်များကိုပါ စော်ကားပုတ်ခတ်နေတော့သည်။
သူသည် ထိုသူတို့၏အိမ်ကို မစင်ဖြင့်ပင် လှမ်းပစ်ချင်စိတ် ပေါက်နေ၏။
နောက်ထပ် ဆေးရုံတက်နေရသည့် လူနာတစ်ယောက်မှာ ဝမ်တာ့ချွေ ဖြစ်သည်။ ဝမ်တာ့ချွေမှာ မကျိန်ဆဲပေ~~~ အင်း သူကတော့ အမြဲတမ်း ငိုယိုနေရုံသာ၊ ငိုရင်း ငိုရင်းနှင့်ပင်…
ဤထွားကျိုင်းသန်မာသော ယောက်ျားကြီးသည် သနားစရာကောင်းသော ဂေါ်ဖီထုပ်ကလေးတစ်လုံးအဖြစ် ပြောင်းလဲသွားခဲ့ရ၏။ ဝမ်တာ့ချွေမှာ ရင်နာနေရသည်။ အရိုက်ခံရခြင်းသည် ကြောက်စရာ မဟုတ်ပေ။ သူကဲ့သို့ ယောက်ျားတစ်ယောက်မှာ ထိုအရာကို မကြောက်တတ်ပေ။ သို့သော် သူ၏ ၁၄ နှစ်၊ ၃ လနှင့် ၂၈ ရက်တိုင်တိုင် ရရှိထားခဲ့သော "ရက်မှန်အလုပ်တက်စံချိန်" ကြီးမှာ ပျက်စီးသွားခဲ့ရရှာလေပြီ……
ကြေမွပျက်စီးသွားခဲ့ပြီ...
ဝမ်တာ့ချွေသည် သူ၏ဘဝကြီး ပြိုလဲပျက်စီးသွားသည့်နှယ် ခံစားရသည်၊ ထိုအကြောင်းကို တွေးမိတိုင်း မရပ်မနား တောက်လျှောက် ငိုကြွေးနေတော့၏။
အစပိုင်းတွင် ကျန်းရှင်းဖှ သူ့ကို နှစ်သိမ့်ရန် ကြိုးစားနိုင်ခဲ့သော်လည်း၊ နောက်ပိုင်းတွင် သူသည် ရွဲ့စောင်းပြောဆိုလာကာ ဆဲဆိုကျိန်ဆဲလာပြီးနောက်… ကောင်းပြီ၊ ဒါပါပဲ~~~ ကျန်းရှင်းဖှကိုယ်တိုင်ပင် အရှုံးပေးကာ တောင်းပန်တိုးလျှိုးခဲ့ရသည်။
"အစ်ကိုကြီးရာ၊ မငိုပါနဲ့တော့… အစ်ကို ဒီလို ဆက်ငိုနေရင် ကိုယ့်ကိုယ်ကိုယ် သိက္ခာချနေသလိုပဲ ဖြစ်နေမှာ"
ဝမ်တာ့ချွေ : "ငါ့ရဲ့ ရက်မှန်အလုပ်တက်စံချိန်ကြီး မရှိတော့ဘူး၊ မရှိတော့ဘူး၊ မရှိတော့ဘူး..."
ကျန်းရှင်းဖှ : "..."
နင့်မေကလွှားထဲမှ အလုပ်သွားရတာ ဘာလို့ အဲ့လောက်တောင် အရေးကြီးနေရတာလဲ...
အဲ့လောက်ကြီးလည်း အရေးမကြီးပါဘူးကွာ...
ကျန်းရှင်းဖှ လုံးဝ နားမလည်နိုင်ခဲ့ပေ၊ သို့သော် ဝင်းထဲရှိ အိမ်နီးနားချင်းတစ်ယောက်
အနေဖြင့် ဝမ်တာ့ချွေကို ကျန်းရှင်းဖှကို နားလည်၏။ ဝမ်တာ့ချွေသည် အစာအဆိပ်သင့်နေသည့်တိုင် အလုပ်သွားရန် ဇွတ်အတင်းလုပ်ခဲ့သူဖြစ်ပြီး၊ ၁၄ နှစ်ကျော်တိုင်တိုင် တစ်ရက်မျှ ခွင့်မယူခဲ့ဖူးပေ…
သူ စိတ်ဒဏ်ရာရသွားတာက ပုံမှန်ပဲမဟုတ်လား…
ကျန်ရှင်းဖှ သေချာနားမလည်နိုင်သော်လည်း၊ အနည်းငယ်တော့ နားလည်ပေးနိုင်ပုံရသည်။
ကျန်းရှင်းဖှမှာ ဆေးရုံ ဆင်းရမည့်ရက်ကိုသာ မစောင့်နိုင်အောင် ဖြစ်နေရ၏။ သူ ဝမ်တာ့ချွေကို လုံးဝ သည်းမခံနိုင်တော့ပေ။
ကျုပ် မတတ်နိုင်တော့ပါ၊ လုံးဝ မတတ်နိုင်တော့ပါဘူး…
သို့သော် ဝမ်တာ့ချွေသည်ကား ဆက်၍ ငိုနေဆဲပင်။
ပတ်ဝန်းကျင်ရှိလူတိုင်းလည်း ဤအကြောင်းကို သိကြ၏။
လာမမေးပါနဲ့…အံ့ဩတုန်လှုပ်စရာ ကောင်းလွန်းလို့ပါ…
လူသန်ကြီးတစ်ယောက်အဘယ်ကြောင့် နေ့တိုင်း စိတ်ပျက်အားလျော့ကာ ငိုကြွေးနေရသနည်းဆိုသည်ကို လူတိုင်း နားမလည်နိုင်ကြသော်လည်း၊ သူ၏ ၁၄ နှစ်ကြာ စံချိန်ကျိုးပျက်သွားသည်ကို ကြားသိရသောအခါတွင်မူ သူတို့ နားလည်သွားကြပုံရ၏။
၎င်းမှာ အနည်းငယ် ချဲ့ကားလွန်းသည်ဟု ထင်ရသော်လည်း၊ သူ၏ နာကျင်မှုကိုတော့ နားလည်ပေး၍ ရသည်သာ~~~ အဟမ်း… ဟုတ်တယ်မလား...
ပြောရလျှင် ဝမ်တာ့ချွေသည် လတ်တလောအတွင်း တော်တော်လေး ရေပန်းစားသော အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။ စက်ရုံမှလူများပင် သူတို့ထံ လာရောက်ကြည့်ရှုအားပေးခဲ့ကြ၏။ သူတို့ ဆေးရုံတက်ရခြင်းမှာ စက်ရုံနှင့် ဘာမှမဆိုင်သော်လည်း၊ ၁၄ နှစ်ကျော် ခွင့်မယူဘဲ အလုပ်လုပ်ခဲ့သူတစ်ယောက် ဒဏ်ရာကြောင့် ငိုကြွေးနေရသည်ဟူသော အချက်ကြောင့် ဖြစ်သည်။
လူတိုင်းက စုစုစပ်စပ် ဖြစ်နေကြသည်... အော် မဟုတ်ပါဘူး~~ ဂရုစိုက်စိုးရိမ်နေကြခြင်း ဖြစ်၏။
ဘာပဲဖြစ်ဖြစ် ဝမ်တာ့ချွေကတော့ တကယ်ကို ဟိုးဟိုးကျော် သတင်းကြီးသွားခဲ့လေပြီ…
နှစ်ကုန်ပိုင်းကို ရောက်လာပြီဖြစ်သော်လည်း ဝင်းကြီးထဲတွင် စည်ကားမြိုင်ဆိုင်နေဆဲပင်။
ဆေးရုံတက်နေရသူ နှစ်ယောက်စလုံး နှစ်သစ်ကူးအတွက် ပြန်လာကြမည်မဟုတ်ပေ။ အမှန်တွင် သူတို့ ဆေးရုံမှာ ဤမျှအထိ ကြာမြင့်စွာ နေရန်မလိုသော်လည်း၊ သူတို့၏ ကျန်းမာရေးစစ်ဆေးချက်များတွင် အားနည်းချက်အချို့ တွေ့ရှိရခြင်းနှင့် အခြားတစ်ယောက်မှ ဆေးဖိုးဝါးခများ ပေးချေမည်ဟု တွေးမိခြင်းကြောင့် ဆက်နေရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူ့ရဲ့ ရက်မှန်အလုပ်တက်စံချိန်ကြီးကတော့ ကျိုးပျက်သွားခဲ့ပါပြီ၊ အီးဟီးဟီး~~
သူတို့ ဆေးရုံက မဆင်းရသေးသော်လည်း၊ လူတိုင်း၏ လူနေမှုဘဝအပေါ် သက်ရောက်မှုမရှိပေ။
လူတိုင်း မိမိတို့အလုပ်ကို ပုံမှန်အတိုင်း ဆက်လုပ်နေကြသည်...
ပြန်တွေးကြည့်လျှင် ဝင်းထဲတွင် ဒုက္ခအပေးဆုံးလူများမှာ အဘွားကြီးကျောက်နှင့် အဘွားကြီးဟွမ်တို့ဖြစ်၏။ အဘွားကြီးကျောက်သာ ပြဿနာမရှာလျှင် ပြဿနာ၏ ထက်ဝက်ခန့်မှာ လျော့နည်းသွားပုံရသည်။ အဘွားကြီးဟွမ်သာ ပြဿနာမရှာလျှင် ကျန်သည့်ထက်ဝက်ပါ မရှိနိုင်တော့ပေ။ အခြားမိသားစုများတွင်လည်း မိမိတို့ကိုယ်ပိုင် အစီအစဉ်များ ရှိကြသော်လည်း သူတို့သည် ပြဿနာအကြီးအကျယ် ရှာတတ်သည့် အမျိုးအစားများ မဟုတ်ကြပေ။
ကျောက်ရုံ၏ ပတ်သက်မှုသည် အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ခဲ့သော်လည်း၊ ၎င်းမှာ အမှန်တကယ်တွင် ဝင်းကြီးကို ပိုမိုငြိမ်းချမ်းသွားစေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဤဖြစ်ရပ်ကြောင့် လူတိုင်း သူတို့ကို အမြင်စောင်းကာ ကြည့်ရှုကြပြီး၊ သူတို့ဝင်းကြီးကိုလည်း အမင်္ဂလာရှိသော နေရာတစ်ခုအဖြစ် မြင်ကြသောကြောင့် သဘာဝကျကျပင် လူတကာမှ ဝေးဝေးရှောင်ကြ၏။
ချန်ချင်းယွီသည် သူမ၏ လုပ်ရပ်များအတွက် နောင်တမရခဲ့ပေ~~~ နောင်တရစရာ ဘာရှိလို့လဲ...
သူမသည် ကျောက်ရုံ လူတကာကို လှည့်စားနေခြင်းကို အမှန်တကယ်ပင် တားဆီးချင်ခဲ့ခြင်း ဖြစ်သည်။
ချန်ချင်းယွီသည် ကျောက်ရုံ၏ မျက်နှာဖုံးအစစ်ကို ခွာချလိုက်နိုင်သဖြင့် ယခုတစ်ကြိမ်တွင် ကျောက်ရုံတစ်ယောက် လှိုင်းတံပိုးများကို ကြံ့ကြံ့ခံကျော်ဖြတ်နိုင်ခဲ့သည်ဆိုသော်လည်း သူမ၏ နာမည်ဂုဏ်သတင်းမှာမူ အဖတ်ဆယ်မရအောင် ပျက်စီးသွားခဲ့ရလေ၏။ ထို့ကြောင့် ကျောက်ရုံတို့အိမ်တွင် နေ့စဉ်ရက်ဆက် ဆူညံပွက်လောရိုက်နေတော့သည်။ သို့သော်လည်း ထိုအရာများမှာ ချန်ချင်းယွီနှင့် ဘာမျှမသက်ဆိုင်တော့ပေ။ သူမ အစိုးရိမ်ဆုံးဖြစ်ခဲ့သည်မှာ ကျောက်ရုံတစ်ယောက် အမျိုးသမီးများကို ဖျက်ဆီးမည့် အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်မည်ကို ဖြစ်သော်လည်း၊ ယခုအခါတွင်မူ ကျောက်ရုံ မည်သို့သောအမျိုးသမီးမျိုးဖြစ်သည်ကို လူတိုင်းသိရှိသွားကြပြီဖြစ်ရာ စိုးရိမ်စရာ မရှိတော့ပေ။
"ဒီလိုအခြေအနေမျိုးမှာတောင် ကျောက်ရုံရဲ့ လှည့်စားမှုကို ခံနေရဦးမယ်ဆိုရင်တော့ ငါလည်း ဝင်ပါပြီး အချိန်ဖြုန်းမနေတော့ဘူး။ အဲ့ဒါကတော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ ဖြစ်လိမ့်မယ်"
ချန်ချင်းယွီ တွေးတောမိ၏။
ထောင်ထဲသို့ ရောက်ရှိသွားသည့် ထိုမိသားစုမှာလည်း... ၎င်းတို့ကိုယ်တိုင် ထိုမကောင်းမှုများကို မလုပ်ဆောင်ခဲ့လျှင် မည်သူမှ အတင်းအကျပ် တွန်းပို့နိုင်ခဲ့မည် မဟုတ်ပေ။
ခြံဝင်းကြီးအတွင်း လျင်မြန်စွာ ပြန်လည်အေးချမ်းသွားပြီးနောက် ချန်ချင်းယွီတို့၏ နေ့ရက်များမှာ ပိုမိုပေါ့ပါးလွတ်လပ်လာခဲ့သည်။
မကြာမီ နှစ်သစ်ကူးကာလသို့ ရောက်ရှိလာ၍ သူတို့အိမ်တွင်လည်း နှစ်သစ်ကူးအတွက် ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများကို ပြည့်စုံကြွယ်ဝစွာ ဝယ်ယူစုဆောင်းထားခဲ့ကြ၏။
အဘွားကြီးကျောက်သည် အိမ်တွင်းရှိ ပစ္စည်းများကို စီစဉ်သိမ်းဆည်းရင်း ဝမ်းသာအားရ ပြောဆိုလေသည်။
"ငါဖြင့် ဒီလောက် ရိက္ခာတွေလျှံနေတဲ့ နှစ်သစ်ကူးမျိုး တစ်ခါမှမကြုံဖူးသေးဘူး"
ချန်ချင်းယွီ ပြုံးလိုက်ရုံမျှသာ ပြုပြီး ဘာမှ ပြန်မပြောခဲ့ပေ။
အဘွားကြီးကျောက် ပျော်ရွှင်မြူးထူးစွာဖြင့်
"ငါတို့ ပြီးခဲ့တဲ့တစ်ခေါက်ကလိုပဲ မုန့်တွေကို အများကြီး ကြိုလုပ်ထားကြရအောင်။ နှစ်သစ်ကူးကျရင် နွှေစားရုံပဲ၊ ခဏခဏ အလုပ်ရှုပ်မနေတော့ဘူးပေါ့"
ချန်ချင်းယွီ သဘောတူကာ
"ကောင်းသားပဲ နှစ်သစ်ကူးကျရင်လည်း ထွေထွေထူးထူး အလုပ်ရှိတာမဟုတ်ဘူး… နှစ်သစ်ကူးရက်ကျရင် ကျွန်မတို့ ဟောက်ဟိုင်ဘက်ကို ရေခဲပြင်လျှောစီးသွားကြမလား"
ထိုစကားကို ကြားသည်နှင့် ကလေးငယ်များဖြစ်ကြသည့် ရှောင်ကျားနှင့် ရှောင်ယွမ်တို့၏ နားရွက်ကလေးများမှာ စွင့်ခနဲ ဖြစ်သွားကြပြီး၊ ချန်ချင်းယွီ့အနားသို့ ဝူးခနဲ ပြေးကပ်လာကာ မျက်နှာလေးများ မော့၍ မျှော်လင့်တကြီး ကြည့်ကြလေ၏။
ချန်ချင်းယွီ : "သားတို့ သမီးတို့ ရော သွားချင်လား"
"သွားချင်တယ်..."
ကလေးများ ပြိုင်တူအော်ကြလေသည်။
မသွားချင်ဘဲ နေပါ့မလား…
ကလေးငယ်များမှာ သွားလေးများ ပေါ်သည်အထိ ဝမ်းသာအားရ ပြုံးဖြဲနေကြတော့သည်။
ချန်ချင်းယွီ သဘောကျစွာ ရယ်မောရင်း
"ဒါဆိုရင်တော့ အဲ့ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်ပြီနော်"
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ စိတ်လှုပ်ရှားစွာဖြင့် ထခုန်ကြပြီး အပြင်ရှိ အပေါင်းအသင်း ကလေးများကို သွားရောက်ကြွားဝါရန် ပြင်ကြတော့၏။
"သိပ်အဝေးကြီးမသွားနဲ့ဦးနော်၊ ခဏနေရင် ထမင်းစားတော့မယ်"
ချန်ချင်းယွီ လှမ်းအော်ပြောရာ ကလေးများမှာ "သိပါပြီ..." ဟု ပြန်အော်ကာ ခုန်ပေါက်ရင်း ထွက်သွားကြလေသည်။
အဘွားကြီးကျောက် : "နင် အခုနှစ် နှစ်သစ်ကူးမှာ မိဘအိမ်ပြန်ဦးမလား… ငါတို့ ဘာပစ္စည်းတွေ ပြင်ဆင်ရမလဲ"
ချန်ချင်းယွီ ပြတ်ပြတ်သားသားပင်
"ကျွန်မ မပြန်ဘူး..."
အတိတ်က ချန်ချင်းယွီ အစစ်ပင် နှစ်သစ်ကူးတွင် မိဘအိမ်သို့ မပြန်ခဲ့ရာ၊ ယခုကဲ့သို့ လူစားလဲထားသည့် သူမအနေဖြင့် မည်သည့် အတွက်ကြောင့် ပြန်ရမည်နည်း။
"နှစ်သစ်ကူးကြီးမှာ ကိုယ့်ကိုယ်ကိုယ် စိတ်အနှောင့်အယှက်အဖြစ်ခံပြီး ဘာလို့သွားရမှာလဲ၊ ကျွန်မကလည်း သူတို့ကို မမြင်ချင်သလို၊ သူတို့ကလည်း ကျွန်မကို သိပ်မြင်ချင်တာ မဟုတ်ဘူး။ တစ်ယောက်လမ်းတစ်ယောက်လျှောက်ပြီး အေးအေးဆေးဆေး နေကြတာ မကောင်းဘူးလား… တွေ့မိရင်လည်း စိတ်ပျက်စရာတွေပဲ ဖြစ်လာမှာ"
ချန်ချင်းယွီသည် သူမ၏ ဖခင်အရင်းအပေါ်တွင် သံယောဇဉ် လုံးဝမရှိသကဲ့သို့၊ မိထွေးနှင့် ဖအေတူမအေကွဲ မောင်လေးအပေါ်တွင်လည်း စိုးစိမျှ သံယောဇဉ် မရှိပေ။ ၎င်းတို့နှင့် ယှဉ်လျှင် ယွီမေကျွမ်းကပင် သာဦးမည်ဖြစ်သည်။
ပြောရလျှင် ယွီမေကျွမ်းသည် မည်သူ့ထံမှ လမ်းညွှန်ချက် ရရှိခဲ့သည်မသိ၊ ယခုအခါတွင် လူပီသအောင် နေတတ်လာခဲ့၏။ ပြီးခဲ့သည့်အကြိမ်က သူတို့အိမ်သို့ အကူအညီတောင်းပြီးနောက် တောတောင်ထွက် စားသောက်ဖွယ်ရာအချို့ကို ပါဆယ်ပို့ပေးခဲ့ပြီး၊ ယခုနှစ်သစ်ကူးတွင်လည်း ပစ္စည်းအချို့ ထပ်မံပေးပို့လာခဲ့ပြန်သည်။
ပစ္စည်းပမာဏ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ စေတနာအရင်းခံရှိလာခြင်းပင် ဖြစ်၏။ ထို့ပြင် ယွီမေကျွမ်း ပို့လိုက်သည့် ပစ္စည်းများမှာ နည်းလှသည်မဟုတ်ကာ အိတ်ကြီးတစ်အိတ်စာပင် ရှိသည်။
အရှေ့မြောက်ပိုင်း ကျေးလက်ဒေသများတွင် တောတောင်ထွက်ပစ္စည်းများမှာ ဆန်းပြားလှသည်မဟုတ်သော်လည်း ပေကျင်းတွင်မူ ရှားပါးပြီး တန်ဖိုးရှိလှပေသည်။ အရှေ့မြောက်ပိုင်းမှ ပေကျင်းသို့ ပို့ဆောင်ရသည့် သယ်ယူပို့ဆောင်ခမှာလည်း မနည်းလှပေ။
"ယွီမေကျွမ်း ဒီလောက် ရက်ရက်ရောရော ရှိလှတာ ကြည့်ရင် တစ်ယောက်ယောက်က နောက်ကွယ်ကနေ သေချာသင်ပေးလိုက်တာ ဖြစ်ရမယ်။ မဟုတ်ရင်တော့... ဟဟ..."
ချန်ချင်းယွီ စိတ်ထဲမှ ကျိတ်၍ ရယ်မိသည်။ ယွီမေကျွမ်းဆိုသည်မှာ လူမှုဆက်ဆံရေး အရည်အချင်း မြင့်မားလှသူ မဟုတ်ပေ။
ချန်ချင်းယွီသည် အတော်ကြာ ချိန်ဆတွေးတောပြီးနောက် နှစ်သစ်ကူးမုန့်အချို့နှင့် အခြားပစ္စည်းအနည်းငယ်ကို ပြန်လည်ပေးပို့ခဲ့ရာ၊ နှစ်သစ်ကူးအမီ အချိန်ကပ်၍ ရောက်ရှိသွားမည်ဖြစ်သည်။ သူမအနေဖြင့် ယွီမေကျွမ်းနှင့် ပြန်လည်ဆက်ဆံနိုင်ခြင်းမှာ အဓိကအားဖြင့် ယွီမေကျွမ်းသည် သူမနှင့် တိုက်ရိုက်ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်း အလွန်နည်းပါးသောကြောင့် ဖြစ်သည်။ ထို့ပြင် ယွီမေကျွမ်း၏ ဘဝမှာလည်း သူမထက် များစွာသာလွန်နေခြင်း မရှိပေ။ သေချာတွေးကြည့်လျှင် ချန်ချင်းယွီ၌ အဘိုးနှင့် အဘွား၏ စောင့်ရှောက်မှု ရှိသော်လည်း၊ ယွီမေကျွမ်းမှာမူ ထိုအိမ်တွင်း၌ပင် ရုန်းကန်ခဲ့ရ၏။ မိခင်ဖြစ်သူသည် သားများ ဆက်တိုက်မွေးဖွားလာပြီးနောက် သမီးအပေါ်ထားရှိသည့် စေတနာမှာ အစစ်အမှန် မဟုတ်တော့ပေ။
ချန်ချင်းယွီနှင့် ယှဉ်လျှင် ယွီမေကျွမ်းမှာ အိမ်တွင်သာ အမြဲနေထိုင်ရသဖြင့် မောင်ငယ်များကို ထိန်းကျောင်းရင်း အိမ်မှုကိစ္စများကို ပိုမိုလုပ်ကိုင်ရလေသည်။ ထို့ကြောင့် သူမသည်လည်း ထိုအိမ်၏ "အောက်ခြေအဆင့် အလုပ်သမား" တစ်ဦးမျှသာ ဖြစ်ခဲ့၏။ သူမသည် ချန်ချင်းယွီနှင့် သဘောထားချင်း မတိုက်ဆိုင်ခဲ့သော်လည်း အချင်းချင်း ထိတွေ့ဆက်ဆံရမှု နည်းပါးခဲ့သဖြင့် ချန်ချင်းယွီအနေဖြင့် သူမအပေါ် အမုန်းကြီး မမုန်းမိခြင်း ဖြစ်သည်။
"ဒုက္ခသည်အချင်းချင်းပဲ၊ ဘယ်သူက ဘယ်သူ့ကို အပြစ်ပြောနိုင်မှာလဲ"
နေ့စဉ်ရက်ဆက် တွေ့ဆုံနေရသည် မဟုတ်သဖြင့် ရံဖန်ရံခါ ပစ္စည်းအပြန်အလှန် ပေးပို့ရုံမျှကို ချန်ချင်းယွီ စိတ်ထဲမထားတော့ပေ။
အဘွားကြီးကျောက် သစ်ကြားသီးများကို ခွာရင်း
"အေ... နင့်အဖေနဲ့ မိထွေးကတော့ တကယ့်ကို အံ့ဩစရာပဲ။ ယွီမေကျွမ်းလောက်တောင် အသိတရားမရှိဘူး… ယွီမေကျွမ်းကတောင် ငါတို့အိမ်ကို သစ်ကြားသီးတွေ၊ သစ်အယ်စေ့ တွေ ပို့ပေးသေးတယ်။ နင့်အဖေကို ကြည့်ပါဦး"
တောတောင်ထွက် အစေ့အဆန်များမှာ ဝါး၍ကောင်းသဖြင့် စားရင်းစားရင်းနှင့် လက်မလွှတ်နိုင်အောင် ဖြစ်ရလေသည်။
ချန်ချင်းယွီ : "သူတို့အကြောင်း ဘာလို့ လာပြောနေတာလဲ၊ စားစရာရှိတာစားပြီး ပါးစပ်ပိတ်ထားစမ်းပါ"
ထိုစကားကြောင့် အဘွားကြီးကျောက် မျက်စောင်းခဲလျက် နှာခေါင်းရှုံ့လိုက်လေသည်။
သို့သော် မကြာမီမှာပင် အဘွားကြီးကျောက်က ပြန်လည်ပျော်ရွှင်သွားပြီး
"ဒါနဲ့ နင့်ကို သတင်းကောင်းတစ်ခု ပြောရဦးမယ်"
"ပြောလေ"
အဘွားကြီးကျောက် တဟီးဟီးရယ်ကာ
"နောက်နှစ် အလုပ်ဆင်းရင် ငါ ထမင်းဘူး သယ်သွားလို့ရပြီဟေ့"
ချန်ချင်းယွီ အံ့ဩတကြီးဖြင့်
"ဘာဖြစ်လို့လဲ"
အဘွားကြီးကျောက် ရှင်းပြလေသည်။
"အရင်တုန်းကတော့ ဒီလို ပိုတဲ့ဟင်းတွေကို မီးဖိုချောင်က စားဖိုမှူးကြီးတွေပဲ ယူပိုင်ခွင့်ရှိတာ… ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းက တတိယထမင်းစားဆောင်ရဲ့ သီးသန့်မီးဖိုချောင်မှာ ဝေစုမမျှလို့ဆိုပြီး ရိုက်ပွဲဖြစ်ကြတယ်လေ.. ကိစ္စက ကြီးသွားတော့ လူတော်တော်များများ အပြစ်ပေးခံလိုက်ရတယ်.. ဒါနဲ့ ငါတို့ ထမင်းစားဆောင်က စားဖိုမှူးကလည်း ငါတို့တွေ မကျေနပ်လို့ ဆူပူအုံကြွမှာ ကြောက်ပြီးတော့ မှာထားတယ်။ နောက်ဆို ထမင်းစားဆောင်မှာ ပိုတဲ့ထမင်းဟင်းတွေကို လူတိုင်း မျှဝေယူကြရမယ်တဲ့၊ နည်းတာများတာ ပဓနပေါ့၊ ဘာပဲဖြစ်ဖြစ် ရမှာပဲ"
ချန်ချင်းယွီ : "ဒါဆိုရင်တော့ ကောင်းတာပေါ့"
သူမအနေဖြင့် ထမင်းစားဆောင်မှ ပိုလျှံသည့် ထမင်းဟင်းများကို စက်ဆုပ်ရွံရှာခြင်း မရှိပေ။ ၎င်းတို့မှာ လူများစားကြွင်းစားကျန်များ မဟုတ်ဘဲ၊ ထမင်းအိုးကြီးထဲတွင် ကျန်ရစ်ခဲ့သည့် အစားအစာများ သို့မဟုတ် ကြိုတင်ချန်ထားသည့် သန့်ရှင်းသော အစားအစာများသာ ဖြစ်၏။
ချန်ချင်းယွီ ပြုံးရွှင်စွာဖြင့်
"အဲ့ဒီလို ချကြတာလည်း တစ်မျိုးတော့ ကောင်းသားပဲ"
အဘွားကြီးကျောက် : "အေးလေ၊ အဓိကကတော့ သူတို့ မီးဖိုချောင်က သီးသန့်ပွဲတွေ ချက်ရတာများတော့ အကောင်းစားတွေ အမြဲရှိတာကိုး… စားဖိုမှူးတွေက အကုန်သိမ်းသွားပြီး အောက်ကလူတွေကို ဘာမှမပေးတော့ ရေရှည်မှာ မနာလိုဖြစ်ပြီး ပြဿနာတက်ကြတာပေါ့။ ငါတို့မီးဖိုချောင်ကတော့ သီးသန့်ပွဲနည်းပြီး အိုးကြီးချက်ပဲ များတာ… လူတွေက စိတ်ထဲက တွက်ချက်နေပေမယ့် ကွာခြားချက်က သိပ်မကြီးတော့ အဆင်ပြေနေတာ၊ အခုတော့... ငါတို့အိမ်လည်း စရိတ်စက ပိုသက်သာသွားတာပေါ့"
ချန်ချင်းယွီ သဘောကျစွာ ရယ်မောရင်း
"ကျွန်မတို့အိမ်ရဲ့ နေ့ရက်တွေကတော့ တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာမှာ သေချာတယ်"
"ဒါပေါ့... သေချာတာပေါ့"
အဘွားကြီးကျောက်က ထောက်ခံပြီးနောက်၊ အိမ်တွင်းရှိ ပစ္စည်းများကို သေချာစစ်ဆေးကာ လေသံတိုးတိုးဖြင့် မေးမြန်းလိုက်လေသည်။
"ဒါနဲ့... နှစ်ကုန်ခါနီးပြီဆိုတော့ နင်မှောင်ခိုဈေးဘက်ကို တစ်ခေါက်လောက် သွားဦးမလား"
ယခုအခါ အိမ်တွင် ရိက္ခာအလုံအလောက် ရှိနေပြီဖြစ်သော်လည်း ဝါရင့်အိမ်ရှင်မတစ်ဦးဖြစ်သည့် အဘွားကြီးကျောက်အနေဖြင့် နှစ်သစ်ကူးကာလအတွက် ကြိုတင်ပြင်ဆင်မှုများကို အလေးထား ဂရုပြုနေဆဲပင် ဖြစ်၏။
နှစ်သစ်ကူးပြီးသွား၍ ပထမလ မကုန်မချင်း အရာရာသည် ကောင်းကောင်းကန်းကန်း ဝယ်ဖို့ တော်တော်မလွယ်တော့ပေ။
မှောင်ခိုဈေးတောင် အတူတူပဲ~~
လူတိုင်းက နှစ်သစ်ကူးမတိုင်ခင်မှာပဲ ရှိရှိမရှိရှိ အကောင်းဆုံး ပြင်ဆင်ကြတာလေ~~
"ပိုက်ဆံရှိရှိ မရှိရှိ နှစ်သစ်ကူးကိုတော့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းမယ်" ဆိုသည်မှာ လူအများစု၏ အတွေးပင်။ ထို့ကြောင့် အားလုံးသည် နှစ်မကူးခင် ပစ္စည်းများဝယ်ကြပြီး၊ နှစ်ကူးပြီးသောအခါ သိပ်မရောင်းကြတော့ပေ။ အနည်းဆုံး နှစ်ကူးပြီး တစ်လလောက်၊ ပထမလလောက်တွင် မည်သည့်ပစ္စည်းမှ ဝယ်မရပေ။
မှောင်ခိုဈေးတောင် မရနိုင်ဘူး…
လူတော်တော်များများလည်း ဆိုင်ထွက်မခင်းကြပေ။
ဆိုရသော် ဆိုင်ထွက်လျှင်လည်း အရောင်းအဝယ် မကောင်းကာ၊ နှစ်သစ်ကူးချိန်တွင် အကုန် ဝယ်ယူထားကြပြီးဖြစ်၍ မထွက်ဘဲ နေခြင်းမှ ပိုကောင်းလေသည်။ ရာသီဥတုသည်လည်း အလွန်အေးလှ၏။
ချန်ချင်းယွီ : "ကောင်းပြီလေ… ဒါဆို ကျွန်မတစ်ခေါက် သွားလိုက်ဦးမယ်"
ယနေ့သည် လူနာပြက္ခဒိန် ၂၈ ရက်ရှိပြီဖြစ်ပြီး သဘက်ခါဆိုလျှင် နှစ်သစ်ကူးပေတော့မည်။ ခန့်မှန်းရသေလောက်ဆိုလျှင် မနက်ဖြန်၊ သဘက်ခါဆိုလျှင်ပင် ဘာပစ္စည်းမှ ကျန်ရှိတော့မည် မဟုတ်ပေ။
ချန်ချင်းယွီ : “ကျွန်မ ဒီနေ့ည သွားလိုက်မယ်”
အဘွားကြီးကျောက် : "အေး... ကောင်းပြီ..."
"ဒါနဲ့... ငါတို့ ဒီနေ့မွန်းလွဲပိုင်းကတည်းက စပြီး ဖက်ထုပ်တွေ ကြိုလုပ်ထားကြရင် မကောင်းဘူးလား။ မဟုတ်ရင် မနက်ဖြန် ငါ အလုပ်ဆင်းရဦးမှာ၊ အဲ့ကျရင် အလုပ်တွေက နင်တစ်ယောက်တည်း ဖြစ်ကုန်လိမ့်မယ်"
ချန်ချင်းယွီလည်း စဉ်းစားကြည့်သောအခါ ဟုတ်နေသဖြင့် ခေါင်းငြိတ်ကာ သဘောတူလိုက်၏။
"ကောင်းသားပဲ..."
အဘွားကြီးကျောက် : "ဒါဆို ငါ အခုပဲ သွားပြီး ဂျုံနယ်လိုက်တော့မယ်..."
ချန်ချင်းယွီသည် အစားကြီးသူဖြစ်ပြီး နှစ်သစ်ကူးရက်သည်လည်း ရက်အကြာကြီးဖြစ်၍ တော်တော်လေး အားစိုက်ပြီး အများကြီး ပြင်ဆင်ရဦးမည်။
အဘွားကြီးကျောက် တတွတ်တွတ်နှင့် ညည်းတွားနေလေသည်။
"ဒီနေ့က တနင်္ဂနွေနေ့ ဖြစ်နေတာ တိုက်ဆိုင်လိုက်တာ… တကယ်လို့ မနက်ဖြန်သာ တနင်္ဂနွေနေ့ဖြစ်ရင် နှစ်သစ်ကူးပိတ်ရက်နဲ့ တစ်ဆက်တည်း ဖြစ်သွားမှာ၊ အခုတော့ ဒီနေ့နားပြီး မနက်ဖြန် တစ်ရက် အလုပ်ပြန်ဆင်းရဦးမယ်…အလုပ်ကို နှောင့်နှေးစေတာပဲ"
ချန်ချင်းယွီသည် နောင်နှစ်ပေါင်းများစွာ ကြာပြီးနောက် ပေါ်လာမည့် 'အလုပ်ပိတ်ရက် အစားထိုးညှိနှိုင်းမှု' ကို တွေးမိကာ စိတ်ပျက်လက်ပျက်ဖြင့်
"အလုပ်ပိတ်ရက်ကို ညှိပြီး ပိတ်ပေးရင် ဘယ်လောက်ကောင်းမလဲ"
"အေးလေ... ဟုတ်ပ"
ချန်ချင်းယွီ : "ကဲပါ... ကဲပါ... အလုပ်လုပ်ကြရအောင်… ကျွန်မတို့ ဘာအစာသွတ်ဖက်ထုပ် လုပ်ကြမလဲ"
"အဲ့ဒါကတော့ မုန်ညင်းဖြူပေါ့။ မုန်ညင်းဖြူဆိုတာ 'ရာသက်ပန် ချမ်းသာခြင်း' နဲ့ အသံထွက်တူတယ်လေ… နှစ်သစ်ကူးမှာ နိမိတ်ကောင်းတာကို အလေးထားရတယ်… နှမြောစရာကောင်းတာက နင် ဆောင်းတွင်းမှာ ကြက်သွန်မြိတ် မစိုက်ထားမိတာပဲ… မဟုတ်ရင် အစာသွတ်တာလည်း လုပ်လို့ရတယ်၊ ကြက်သွန်မြိတ် အသံထွက်ကရေရှည်ချမ်းသာခြင်းနဲ့ တူတယ်လေ… နှစ်သစ်ကူးရင် ဒါကို စားရတာ"
ချန်ချင်းယွီ ခပ်ဖွဖွ ပြုံးလိုက်ပြီး
"ဒါဆို ငါးလေးနည်းနည်း ထည့်မလား… နှစ်တိုင်း ပိုလျှံကြွယ်ဝတာပေါ့ (年年有余 - နျန်နျန်ယိုယွီ)"
"ဒါ ကောင်းတယ်... ဒါပေမဲ့ သေချာတော့ သတိထားဦး၊ ငါးအရိုးတွေ မပါစေနဲ့နော်"
ချန်ချင်းယွီ : "သတိထားပြီး လုပ်မှာပေါ့"
အဘွားကြီးကျောက် : "အေး... ကောင်းပြီ..."
"ငါ ငါးနှစ်ကောင် သွားထုတ်ပြီး ရေခဲဖျော်ထားလိုက်ဦးမယ်"
ထို့နောက် အဘွားကြီးကျောက် ဆိုကာ ယောက္ခမနှင့် ချွေးမ နှစ်ယောက်သား စတင်အလုပ်ရှုပ်ကြတော့သည်။
လူနာပြက္ခဒိန် ၂၈ ရက်
ရှေးလူကြီးတွေ ပြောလေ့ရှိတဲ့ စကားက ဘာလဲ...
"၂၈ ရက်မှာ ဂျုံနယ်ပါ...”
ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် အားလုံး နှစ်သစ်ကူးအတွက် အလုပ်ရှုပ်နေကြသည်။ ဤအချိန်မှာ နှစ်သစ်ကူးရသည်မှာ တကယ့်ကို ရိုးရာဓလေ့ အခမ်းအနားတစ်ခုလို ဖြစ်ပြီး တစ်နှစ်တာအတွင်း အပျော်ရွှင်ရဆုံး အချိန်ပင် ဖြစ်၏။
ကျေးလက်သို့ ဆင်းသွားကြသည့် ပညာတတ်လူငယ်များပင်လျှင် ချွင်းချက်မရှိပေ။
အရှေ့မြောက်ပိုင်း ကျိလင်ပြည်နယ် အောက်ရှိ ကျေးရွာလေးတစ်ရွာတွင် ယွီမေကျွမ်းသည် လက်ကလေးများကို ပွတ်သပ်ရင်း မီးမွှေးနေပြီး၊ အခြားပညာတတ်လူငယ်အချို့မှာ ဂျုံနယ်နေကြသည်။ ၎င်းတို့နယ်နေသည်မှာ ဂျုံမှုန့်အစစ်မဟုတ်ဘဲ ပြောင်းမှုန့်နှင့် ဂျုံမှုန့်ရောထားသည့် ဂျုံပြောင်းမှုန့် ဖြစ်၏။ နှစ်သစ်ကူးတော့မည်ဖြစ်သော်လည်း အိမ်မှ သူမအတွက် ဘာမှ ပို့မပေးခဲ့ပေ။ သို့သော် သူမလည်း အံ့ဩမနေတော့ပေ။ ကျေးလက်သို့ ရောက်ရှိလာသည်မှာ နှစ်အတော်ကြာပြီဖြစ်ပြီး၊ တတိယမြောက်နှစ်တွင် မိခင်ဖြစ်သူသည် ချန်ချင်းယွီ၏ အဝတ်ဟောင်းအချို့ ပို့ပေးခဲ့သည်မှလွဲ၍ သူမသည် မည်သည့်အရာမျှ ထပ်မံမရရှိခဲ့တော့ပေ။
သို့သော်လည်း ယခင်နှစ်များ၌ သူမ၏ မောင်လေးသည် ပစ္စည်းများ ရရှိတတ်သည်။ သို့သော် ယခုနှစ်တွင်မူ မောင်လေးလည်း ဘာမှမရရှိခဲ့ပေ။
ထိုမောင်လေးမှာ ကျေးလက်သို့ ဆင်းလာသည့် ယွီမေကျွမ်း၏ ဒုတိယမောင်လေး ဖြစ်၏။
အော်... ပြောရရင် ချန်ချင်းယွီနှင့် ဖအေတူမအေကွဲ မောင်လေးလည်း ဖြစ်သည်။
ဝေရှု့ဖန်းသည် အိမ်ထောင်ပြုပြီးနောက် သားသုံးယောက် မွေးဖွားခဲ့၏။ သားအကြီးဆုံးသည် သားဦးဖြစ်၍ မရက်စက်နိုင်၊ သားအငယ်ဆုံးသည် သားထွေးဖြစ်၍ မရက်စက်နိုင် နောက်ဆုံး အလယ်မှ သားဖြစ်သူအပေါ်ကိုမူ အချစ်လျော့ကာ မတတ်သာသည့်အဆုံးတွင် ထိုသားအလတ်သည် ကျေးလက်သို့ ဆင်းခဲ့ရသည်။
သို့သော်လည်း သားယောက်ျားလေးဖြစ်သဖြင့် ကျေးလက်ဆင်းရသည်ဆိုသော်လည်း မိဘများမှ ပိုက်ဆံပေး၊ လူရှာပြီး ယွီမေကျွမ်းနှင့် တစ်ရွာတည်းတွင် နေထိုင်စေခဲ့သည်။ ရည်ရွယ်ချက်သည် ယွီမေကျွမ်းကို မောင်ဖြစ်သူအား ပြုစုစောင့်ရှောက်စေချင်၍ပင်။ ထိုကောင်လေးသည် ကျေးလက်ရောက်သော်လည်း ပြဿနာပေါင်းစုံ ရှာခဲ့၏။ သို့သော် ချန်ရိကျွင်းသည် သူ့ထံ ပိုက်ဆံအမြဲပို့ပေးသဖြင့် ဘဝက အဆင်ပြေနေခဲ့သည်။
ဘာပဲဖြစ်ဖြစ် ပိုက်ဆံရှိရင် ပြဿနာ ပြေလည်သည်လေ…
ချန်ရိကျွင်းသည် သားဖြစ်သူထံ ပိုက်ဆံပို့ပေးသော်လည်း ယွီမေကျွမ်းကိုမူ ဂရုမစိုက်သလောက်ပင်။
ယွီမေကျွမ်းသည် ငယ်စဉ်ကတည်းက အိမ်တွင် အစေခံတစ်ဦးလို လုပ်ကိုင်ခဲ့ရသည်။ ကလေးဆိုသည်မှာ လူကြီးလုပ်သည်ကို လိုက်ကြည့်တတ်သည် မဟုတ်လော့။ ချန်ရိကျွင်းမှာ ယွီမေကျွမ်းကို လျစ်လျူရှုထားပြီး၊ ဝေရှု့ဖန်းသည်လည်း သားကိုသာ အလေးသာသဖြင့် ထိုမောင်လေးသည်လည်း ယွီမေကျွမ်းအပေါ် သိပ်မခင်တွယ်ပေ။ ကျေးလက်ရောက်သည့်တိုင် သူမကို သိပ်စကားမပြောချင်ပေ။
၎င်းတို့နှစ်ဦးမှာ မောင်နှမအရင်းဖြစ်သည်ကို အားလုံး သိကြသော်လည်း ယွီမေကျွမ်းနှင့် မောင်ဖြစ်သူတို့ သံယောဇဉ်မရှိသည်ကိုလည်း သိကြ၏။ ယွီမေကျွမ်းသည်သာ အဝတ်လျှော်ပေးခြင်း…. အစရှိသည့် ဟိုဟာဒီဟာ ကူညီလုပ်ကိုင်ပေးသော်လည်း မောင်ဖြစ်သူမှာ သူမအပေါ် အေးစက်စက်နိုင်လှပြီး အရာရာကို ခံယူသင့်သည်ဟုသာ တွေးထားသည်။ သို့သော် ဤကဲ့သို့သော ကိစ္စမျိုးကို လူတိုင်း မြင်သာနေရ၍ မဆန်းတော့ပေ။
မိသားစုတော်တော်များများသည် ဤသို့ပင် မဟုတ်လော…
မိန်းကလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကို ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ…
၎င်းတို့၏ ပညာတတ်လူငယ်စခန်းမှ မိန်းကလေးအများစုမှာ ယွီမေကျွမ်းကဲ့သို့ပင် မိသားစု၏ အရေးစိုက်မှုကို မခံရသူများ ဖြစ်ကြသည်။ အိမ်မှ ပစ္စည်းပို့ပေးဖို့ဆိုသည်မှာ ဝေးစွ။ အချို့ဆိုလျှင် အိမ်သို့ ပိုက်ဆံပြန်ပို့နေရသေး၏။
တွက်ကြည့်လျှင် ၎င်းတို့ပညာတတ်လူငယ် မိန်းကလေးအများစုမှာ ဒေသခံမိန်းကလေးများလောက်ပင် ဘဝက မချမ်းသာကြပေ။
သို့သော် ယခုနှစ်တွင် အခြေအနေများ ပြောင်းလဲသွားခဲ့သည်။ ယခုနှစ် အစပိုင်းမှစ၍ ချန်ရိကျွင်းသည် ပိုက်ဆံမပို့တော့ပေ။ ချန်ဒုတိယမောင်လေးသည် အိမ်သို့ ပိုက်ဆံတောင်းသည့် စာအမြောက်အမြား ရေးခဲ့သော်လည်း ချန်ရိကျွင်းသည် ၁၀ ယွမ်သာ ပို့ပေးခဲ့ရုံတင်မက၊ ချန်ဒုတိယမောင်လေးကို "ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်စမ်း" ဟု ပြင်းပြင်းထန်ထန် ဆဲဆိုစာရေးခဲ့သည်။
ယခုနှစ်သစ်ကူးတွင်လည်း ထိုသားဖြစ်သူထံ ဘာမှ ပို့မပေးခဲ့ပေ။
အိမ်သည် ၎င်းတို့ကို ပစ်ထားသဖြင့် ချန်ဒုတိယမောင်လေးသည် လအတော်ကြာ စိတ်ဓာတ်ကျနေခဲ့ပြီးနောက်၊ အခန်းဖော် အစ်ကိုကြီးတစ်ဦး၏ ဖျောင်းဖျမှုကို ခံရကာမှ ဘဝကို ကောင်းမွန်စွာ ဖြတ်သန်းရန် စိတ်ပြန်မွေးနိုင်ခဲ့၏။ သူသည် အခြားယောက်ျားလေး ပညာတတ်လူငယ်အချို့နှင့်အတူ တောင်ပေါ်သို့ ယုန်ထောင်ရန် လိုက်သွားခဲ့သည်။ သို့သော် ကံမကောင်းစွာဖြင့် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုဖြစ်ပွားကာ ၎င်းတို့အုပ်စု တောင်ပေါ်တွင် ပိတ်မိပြီး အသက်ဘေးနှင့် ရင်ဆိုင်ခဲ့ရ၏။ လူပါ ဆုံးရှုံးလုနီးပါးဖြစ်ခဲ့ရသဖြင့် ကျေးရွာအုပ်ချုပ်ရေးသည် အိမ်သားများထံ အကြောင်းကြားခဲ့ရသည်။ သို့သော်လည်း ချန်ရိကျွင်းနှင့် ဝေရှု့ဖန်း ဇနီးမောင်နှံနှစ်ဦးမှာ သားဖြစ်သူကို လာကြည့်ဖို့ နေနေသာသာ၊ ထိုအကြောင်းပြချက်ဖြင့် ရွာထံမှ ပိုက်ဆံညှစ်ရန်ပင် ကြံစည်ခဲ့ကြသေး၏။ နောက်ပိုင်းတွင် ၎င်းတို့ဘာသာ သဘောအလျောက် တောင်ပေါ်တက်ခြင်းဖြစ်ကြောင်း သိရမှသာ ငြိမ်သက်သွားခဲ့ကြသည်။ ၎င်းတို့နှစ်ဦးမှာ အကျိုးအမြတ်မရသဖြင့် ဒေါသတကြီးဖြင့် ယွီမေကျွမ်းကိုသာ "မောင်လေးကို မစောင့်ရှောက်တတ်ဘူး" ဟု ဆဲဆိုကြပြီး၊ ပိုက်ဆံပေးဖို့ ကိစ္စကိုမူ လုံးဝ စကားမဟကြတော့ပေ။
ဤတစ်နှစ်ပတ်လုံး ၎င်းတို့၏ လုပ်ရပ်များကို ကြည့်ပြီး ယွီမေကျွမ်းသာမက ချန်ဒုတိယမောင်လေးကိုယ်တိုင်လည်း မိဘများသည် သူ့ကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း သိသွားခဲ့ရ၏။
ပိုက်ဆံမပို့ခြင်းသည် အစပြုခြင်းဖြစ်သည်ဆိုလျှင်၊ သူ အသက်အန္တရာယ်နှင့် ကြုံနေရချိန်၌ပင် ၎င်းတို့ ဂရုမစိုက်ခဲ့ကြခြင်းမှာ စဉ်းစားစရာပင် မလိုတော့ပေ။
သူသည် ဝေးလံလှသည့် အရှေ့မြောက်ပိုင်း ကျေးလက်တွင် ရှိနေပြီး၊ အိမ်ရှိ သားအကြီးနှင့် သားအငယ်သည် သူ့ထက် ပိုမိုအချစ်ခံရသဖြင့် အချိန်ကြာလာသည်နှင့်အမျှ သံယောဇဉ်က ပိုမိုပါးလျသွားခဲ့သည်။ ယခုအခါတွင်မူ သူ့အတွက် ပိုက်ဆံအကုန်အကျခံရန် မလိုလားကြတော့ကာ သူ့ကို လုံးဝ ပစ်ပယ်ထားလိုက်ကြပြီ ဖြစ်၏။
အမှန်တွင် ချန်ရိကျွင်း ပိုက်ဆံမပို့တော့ခြင်းမှာ သူ၏ ကိုယ်ပိုင်
လျှို့ဝှက်ငွေစုဘူး မရှိတော့သောကြောင့်ဖြစ်သည်ကို သူ မသိပေ။ ထို့ပြင် ချန်ရိကျွင်းသည် သားကြီးနှင့် သားငယ်ကို ပိုချစ်သဖြင့်၊ သားအကြီးမှ "ပိုက်ဆံတွေ ဖြုန်းမနေပါနဲ့" ဟု ဖျောင်းဖျသည်ကို ထိုတစ်ကိုယ်ကောင်းဆန်သည့် အဘိုးကြီးမှာ နားထောင်ခဲ့ခြင်း ဖြစ်သည်။
ဘာပဲဖြစ်ဖြစ်... ဘေးနားမှာ သားနှစ်ယောက် ရှိနေသေးတာပဲလေ…
ချန်ဒုတိယမောင်လေးသည် သေဘေးမှ သီသီလေးလွတ်ခဲ့ပြီး မိဘများ မိမိကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း သိရှိသွားပြီးနောက် နောက်တစ်ကြိမ် စိတ်ဓာတ်ကျပြန်သည်။
သူ စိတ်ပြန်လည်လာရခြင်းမှာ ရွာထဲမှ လူလေလူလွင့် တစ်ယောက်က ယွီမေကျွမ်းကို နှောင့်ယှက်ဖျက်ဆီးရန် ကြံစည်ခဲ့သောကြောင့်ပင်~~ အတိတ်က အိမ်ထောင်ရေးလိမ်လည်မှု ကိစ္စကြောင့် ယွီမေကျွမ်း၏ နာမည်ဂုဏ်သတင်းမှာ မကောင်းလှပေ။ သူမသည် ရွာအတွက် အလုပ်အချို့ လုပ်ပေးခဲ့ဖူးသည်ဆိုသော်လည်း အခြေအနေမှာ ပုံမှန်မျှသာ ရှိသေးသည်။
အိမ်ထောင်ရေးလိမ်လည်မှုနှင့် ပတ်သက်နေသဖြင့် ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ အားနည်းချက်ရှိသည်ဟု ထင်မြင်ကာ ရွာထဲရှိလူလေလူလွင့်သည် သူမအပေါ် အမြတ်ထုတ်ရန် ကြံစည်ခဲ့ခြင်း ဖြစ်၏။ ၎င်းကို ချန်ဒုတိယမောင်လေး မြင်သွားခဲ့သည်။ သူသည် အစ်မအပေါ် သံယောဇဉ် သာမန်မျှသာရှိသော်လည်း ယွီမေကျွမ်းသည် သူ့အပေါ် ကောင်းမွန်ခဲ့သည်ကို သူသိ၏။ ထို့ပြင် မည်သို့ပင်ဖြစ်စေ ဆွေမျိုးသားချင်းဖြစ်ရာ သူ လျစ်လျူရှုမထားနိုင်ပေ။
သူသည် စိတ်ဆတ်ပြီး ရန်ဖြစ်တတ်သူဖြစ်သော်လည်း ဤကဲ့သို့သော လုပ်ရပ်မျိုးကိုမူ မကြည့်ရက်ပေ။ သူစိမ်းဆိုလျှင်ပင် သူ ကူညီမိမှာဖြစ်ရာ ယွီမေကျွမ်းအတွက်မူ ပြောနေစရာပင် မလိုတော့ပေ။
မိသားစုအပေါ် စိတ်ပျက်အားငယ်နေမှုကြောင့် ဖြစ်ရမည်၊ သူသည် ဘာကိုမျှ ဂရုမစိုက်တော့ဘဲ ထိုလူလေလူလွင့်ကို အသေအလဲ ရိုက်နှက်ခဲ့သည်။ သူသည် "ငါ့ကိုလည်း ဘယ်သူမှ မချစ်တာ၊ ဒီကောင်ကြီးကို သတ်ပစ်ပြီး အသက်ချင်း လဲလိုက်မယ်" ဟုပင် တွေးခဲ့၏။
အလွန်ပြင်းထန်စွာ ရိုက်နှက်ခဲ့သောကြောင့် ထိုလူလေလူလွင့်၏ မိသားစုသည် အလျှော့မပေးကာ တရားစွဲသဖြင့် ချန်ဒုတိယမောင်လေးတစ်ယောက် ထောင်ထဲ ရောက်လုနီးပါး ဖြစ်ခဲ့ရသည်။
နောက်ဆုံးတွင် ယွီမေကျွမ်းသည် မိမိ၏ သိက္ခာကို ရင်းပြီး ပညာတတ်လူငယ်ရုံးခန်းနှင့် ခရိုင်ရုံးအထိ သွားရောက် ဆူပူဆန္ဒပြခဲ့သဖြင့် ကိစ္စက ပိုမိုကြီးထွားလုနီးပါး ဖြစ်ခဲ့၏။
အမှန်တွင် လူလေလူလွင့်သည် သူမအပေါ် မကောင်းကြံစည်ခြင်းဖြစ်ပြီး၊ မောင်ဖြစ်သူသည် မတရားမှုကို ဝင်ရောက်ကူညီခြင်းသာ ဖြစ်သည်။
ရွာမှာလည်း ကြောက်ရွံ့သွားခဲ့ပြီး အကယ်၍ ပညာတတ်လူငယ်တစ်ဦးကို အကျပ်ကိုင်ပြီး သေကြောင်းကြံစည်စေခဲ့လျှင် ၎င်းတို့ရွာ၏ နာမည်ဂုဏ်သတင်းမှာ ဘယ်တော့မှ ကောင်းတော့မည်မဟုတ်ပေ။
အထူးသဖြင့် ယွီမေကျွမ်းသည် ရွာအတွက် အကျိုးပြုဖူးသူလည်း ဖြစ်သည်။ ဤကိစ္စကြီးထွားသွားပါက ၎င်းတို့ရွာသည် မည်သည့် ဂုဏ်ထူးဆောင်ဆုကိုမျှ ဘဝဆက်တိုင်း ရရှိတော့မည်မဟုတ်ပေ။
ဂုဏ်ထူးဆောင်ဆု မရရုံတင်မက၊ ၎င်းတို့၏ ခေါင်းဆောင်များပါ ရာထူးထိခိုက်နိုင်ခြေ ရှိ၏။
ထို့ကြောင့် ရွာကော်မတီ၏ ပြတ်သားစွာ ဝင်ရောက်စွက်ဖက်မှုအောက်တွင် ဤကိစ္စမှာ ဘာမျှမဖြစ်ခဲ့သလိုပင် ပြီးဆုံးသွားခဲ့ရလေသည်။
ဤအဖြစ်အပျက်ကြောင့် ကျေးရွာအတွင်း၌ ယွီမေကျွမ်းနှင့် သူမ၏မောင်ဖြစ်သူတို့၏ နာမည်ဂုဏ်သတင်းမှာ ပိုမိုဆိုးဝါးသွားခဲ့သည်ဆိုသော်လည်း မောင်နှမအချင်းချင်းကြား သံယောဇဉ်မှာမူ ပိုမိုခိုင်မြဲလာခဲ့သည်။ ထို့ပြင် ပညာတတ်လူငယ်စခန်းအတွင်း၌လည်း ၎င်းတို့အပေါ်ထားရှိသည့် အမြင်များမှာ အတိုင်းအတာတစ်ခုအထိ ကောင်းမွန်လာခဲ့၏။ ယခင်တွင် လူတိုင်းမှာ ယွီမေကျွမ်းသည် ရွာအတွက် အကျိုးအမြတ်အချို့ ရှာဖွေပေးရင်း လူကောင်းဟန်ဆောင်ကာ အိမ်ထောင်ရေးလိမ်လည်မှု လုပ်ရပ်ကို ကျူးလွန်ခဲ့သည်ဟု ထင်မြင်ကြသဖြင့် ၎င်းတို့မောင်နှမကို အသုံးမကျသူများအဖြစ် အထင်သေးခဲ့ကြခြင်း ဖြစ်သည်။
သို့သော်လည်း ယွီမေကျွမ်း၏ ပြတ်သားသော ပေါက်ကွဲဆန္ဒပြမှုကြီး အပြီးတွင်မူ သူမသည် အမှန်တကယ် စိတ်ထားကောင်းသူတစ်ဦးဖြစ်ကြောင်း လူတိုင်း လက်ခံသွားကြတော့သည်။ မိမိ၏ ဂုဏ်သိက္ခာပိုင်း ထိခိုက်သွားခဲ့ရသော်လည်း ဤလုပ်ရပ်သည် ပညာတတ်လူငယ် အမျိုးသမီးများအတွက်မူ သွယ်ဝိုက်သောနည်းဖြင့် အကျိုးကျေးဇူး ဖြစ်ထွန်းစေခဲ့၏။ ၎င်းတို့ကို နှောင့်ယှက်တတ်သည့် လူမိုက်များမှာ နောက်ထပ် ရောက်မလာကြတော့ကာ၊ ရိသဲ့သဲ့ စကားဆိုသူများလည်း သိသိသာသာ နည်းပါးသွားခဲ့သည်။ လူတိုင်း ယွီမေကျွမ်းကဲ့သို့ စိတ်ပေါက်လျှင် အသက်နှင့်လဲ၍ ပြန်လည်တိုက်ခိုက်မည့်သူမျိုးနှင့် ထိပ်တိုက်တွေ့မည်ကို ကြောက်ရွံ့သွားကြသောကြောင့် ဖြစ်သည်။
ထိုရွာ၌ပင် အိမ်ထောင်ပြုကာ အခြေချနေထိုင်လိုသူများမှာလည်း စိတ်အေးသွားကြရပြီး၊ မြို့ပြသို့ ပြန်ချင်စိတ် ရှိနေဆဲဖြစ်သူများလည်း သက်ပြင်းချကာ စိတ်သက်သာရာ ရသွားကြ၏။
ချန်ဒုတိယမောင်လေး၏ နာမည်မှာလည်း ပိုမိုကောင်းမွန်လာခဲ့သည်။ သူသည် ရန်ဖြစ်ရသည်ကို ဝါသနာပါသူဖြစ်သော်လည်း ယခုမူ ယောက်ျားကောင်းတစ်ယောက်အဖြစ် သတ်မှတ်ခြင်း ခံရလေသည်။ သူ ထိုလူလေလွင့်ကို ရိုက်နှက်စဉ်က ရူးသွပ်စွာဖြင့် အော်ဟစ်ခဲ့သည့် စကားကို လူတိုင်း ကြားခဲ့ကြရသည် မဟုတ်လော့။
"ယွီမေကျွမ်းက ငါ့အစ်မကြီးဖြစ်နေလို့တင်မကဘူး၊ တကယ်လို့ သူက သူစိမ်းမိန်းကလေးတစ်
ယောက် ဖြစ်နေရင်တောင် ငါ-ိုမသား... မင်းကို ငါ ဒီလိုပဲ တက်ရိုက်မှာပဲကွ... မိန်းမတစ်ယောက်ကို နှောင့်ယှက်တဲ့ကောင်က ယောက်ျားလားကွ... မင်းကို ငါ အသေသတ်မယ်... အားလုံး အတူတူ သေကြတာပေါ့ကွာ..."
ထိုစကားကို လူအများအပြား ကြားခဲ့ကြသဖြင့် သူ့အပေါ် ထားရှိသည့် အမြင်များ ပြောင်းလဲသွားခဲ့ကြသည်။
"ဒါက တကယ့်ယောက်ျားကွ..."
လူတိုင်း ချီးကျူးကြလေ၏။
မူလတွင် ချန်ဒုတိယမောင်လေးသည် မိဘများ၏ စွန့်ပယ်မှုကို ခံရသဖြင့် စိတ်ဓာတ်များ အကြီးအကျယ် ကျဆင်းနေခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ်ပါကလည်း လူလေလူလွင့်ကို သတ်ပစ်ပြီး အသက်ချင်းလဲရန်အထိ တွေးတောမိမည် မဟုတ်ပေ။ သို့သော်လည်း ယွီမေကျွမ်းသည် မိမိ၏ နာမည်ပျက်မည့်အရေးကိုပင် ဂရုမစိုက်ဘဲ သူ့အတွက် မမောမပန်း ကြိုးပမ်းပေးခဲ့သည်ကို မြင်တွေ့ရသောအခါ သူ စိတ်ဓာတ်ပြန်လည် တက်ကြွလာခဲ့ရ၏။
ပညာတတ်လူငယ်စခန်းရှိ လူများ၏ နှစ်သိမ့်အားပေးမှုများကြောင့် သူသည် နေကောင်းထိုင်ကောင်း ပြန်ဖြစ်လာခဲ့သည်။
၎င်းတို့နှစ်ဦးမှာ စခန်းတွင်းရှိ လူမှုအဖွဲ့အစည်းနှင့် တစ်သားတည်း ဖြစ်သွားခဲ့ကြပြီး၊ အချို့သည် အထင်သေးနေကြဆဲ ဖြစ်သော်လည်း ၎င်းတို့တွင် သူငယ်ချင်းအချို့ ရရှိလာကာ ကိုယ်ပိုင်အသိုက်အဝန်းတစ်ခု ထူထောင်နိုင်ခဲ့ကြသည်။ ယွီမေကျွမ်းအနေဖြင့် ချန်ချင်းယွီနှင့် ပြန်လည်ဆက်သွယ်လာခြင်းမှာလည်း အခြားသူတစ်ဦး၏ အကြံပြုချက်ကြောင့် ဖြစ်ပေ၏။
ထိုအကြံကို ပေးခဲ့သူမှာ ချန်ဒုတိယမောင်လေး မဟုတ်ကြောင်း သေချာသည်။ သူသည် လူဆိုးတစ်ယောက်မဟုတ်သော်လည်း စိတ်လိုက်မာန်ပါ လုပ်တတ်ပြီး အမျှော်အမြင်မရှိသူ ဖြစ်၏။
သူ့တွင် ချန်ချင်းယွီနှင့် ပတ်သက်သည့် အမှတ်တရဟူ၍ မရှိသလောက်ပင်။ အကြောင်းမှာ ချန်ချင်းယွီသည် ငယ်စဉ်ကတည်းက အဘိုးအဘွားများနှင့်သာ အနေများပြီး အိမ်သို့ ပြန်လာခဲလှ၏။ သို့သော် ချန်ချင်းယွီ အိမ်သို့ ပြန်လာသည့် အကြိမ်တိုင်းတွင် အိမ်၌ ရုန်းရင်းဆန်ခတ်ဖြစ်ကာ ရန်ပွဲများဖြင့်သာ ပြီးဆုံးလေ့ရှိသည်။ ထိုစဉ်က ကလေးငယ်တစ်ဦးမျှသာ ဖြစ်သဖြင့် သူ ကောင်းကောင်းနားမလည်ခဲ့ဘဲ "သူ ပြန်လာရင် ပြဿနာပဲ တက်တယ်" ဟုသာ မှတ်ယူထားသဖြင့် ချန်ဒုတိယမောင်လေးသည် ချန်ချင်းယွီကို သိပ်မကြိုက်ခဲ့ပေ။
ထို့ကြောင့် ကျေးလက်သို့ ဆင်းလာပြီးနောက်တွင် ချန်ချင်းယွီအပေါ် ထားရှိသည့် သူ၏အမြင်မှာ ပိုမိုဝေဝါးသွားခဲ့ရသည်။
ယွီမေကျွမ်းကို အကြံပေးခဲ့သူမှာ သူမနှင့် အခန်းဖော်ဖြစ်သည့် စခန်း၏ အစ်မကြီး (အကြီးဆုံး ပညာတတ်လူငယ်) ဖြစ်၏။ သူမသည် ကျေးလက်သို့ ရောက်နေသည်မှာ အတော်ကြာပြီဖြစ်သော်လည်း အိမ်ထောင်မပြုဘဲ မြို့ပြန်ရမည့်ရက်ကိုသာ ခိုင်ခိုင်မာမာ စောင့်ဆိုင်းနေသူ ဖြစ်သည်။ သူမသည် ညဘက် စကားစမြည် ပြောဆိုကြစဉ်အတွင်း ယွီမေကျွမ်းအား ဤအစ်မအလတ် (ချန်ချင်းယွီ) နှင့် ပိုမိုရင်းနှီးအောင် နေထိုင်ရန် တိုက်တွန်းခဲ့၏။
"တကယ်တော့ ညည်းတို့အချင်းချင်း ရန်သူလို သဘောထားနေစရာ မလိုပါဘူးအေ… အဲ့ဒီမိသားစုထဲမှာ ညည်းတို့နှစ်ယောက်လုံးက အပယ်ခံတွေပဲ မဟုတ်ဘူးလား၊ အခြေအနေချင်း တူလေလေ ညည်းတို့ ပိုပြီး စည်းလုံးရလေလေပေါ့၊ သတင်းအချက်အလက်ချင်း ဖလှယ်ကြတော့ နစ်နာစရာ မရှိဘူးလေ"
"သူက မြို့မှာ ကျန်ခဲ့တာ၊ ပြီးတော့ သူ့အိမ်မှာလည်း အလုပ်သမားတွေ ရှိတယ်… ညည်းတို့ အချင်းချင်း ပိုပြီး ကူးလူးဆက်ဆံကြရင် ပစ္စည်းချင်း ဖလှယ်လို့ရတာပေါ့၊ ဒါက ထွက်ပေါက်တစ်ခုပဲလေ၊ သူငယ်ချင်းများလေ လမ်းစများလေပဲ… မြို့မှာ လက်မှတ်တွေ ဖလှယ်ပေးနိုင်မယ့် အမျိုးတစ်ယောက်ရှိတာ မဆိုးပါဘူး~~ ငါ့အမြင်တော့ သူက ညည်းမိဘတွေထက် ပိုအားကိုးရလိမ့်မယ်၊ ညည်း အမြဲပြောနေတဲ့ သူ့ယောက္ခမအဘွားကြီးက လူဆိုးကြီးဆိုတာလေ၊ ဘယ်လောက်ပဲ ဆိုးဆိုး ညည်း စာရေးပြီး အကူအညီတောင်းတုန်းက လမ်းစရှာပေးခဲ့တာပဲ မဟုတ်လား၊ ဒါကြောင့် သူက နှုတ်ကြမ်းပေမယ့် စိတ်ကောင်းရှိတဲ့သူပဲ၊ မဟုတ်ရင် ညည်း အခုထိ ချေးကျုံးတဲ့အလုပ်ပဲ လုပ်နေရဦးမှာ၊ ညည်းအမေကတော့ ညည်းအမေအရင်းသာဆိုတယ် ညည်းကို အကျိုးမျှော်တဲ့ အိမ်ထောင်ရေးထဲ တွန်းပို့ပြီး ဘဝတစ်ခုလုံး ဖျက်ဆီးခဲ့တာတောင် အခု ကြည့်ဦး... ညည်းကို လုံးဝ ပစ်ထားတာလေ... ညည်းလည်း အမှားအမှန်ကို ခွဲခြားသိတတ်ဖို့ လိုပြီ"
"သူတို့ဆီကနေ အလကားရဖို့ပဲ မတွေးနဲ့… ငါတို့ဆီမှာ တောတောင်ထွက်ပစ္စည်းတွေ အများကြီးရှိတာပဲ၊ သူတို့ဆီကိုလည်း နည်းနည်းပါးပါး ပို့ပေးပေါ့၊ ဘာပဲဖြစ်ဖြစ် ဆွေမျိုးတွေပဲဟာ~~ အမှန်အတိုင်း ပြောရရင် သူတို့က မြို့တော်မှာ နေတာဆိုတော့ သတင်းအချက်အလက် ပိုစုံတယ်၊ သူတို့အိမ်တွေမှာ အလုပ်သမားတွေရှိတယ်၊ ငါတို့ ကျေးလက်မှာကျတော့ လက်မှတ် မရှိဘူးလေ။ တစ်ခါတလေ ပစ္စည်းပြတ်လပ်တဲ့အခါ အချင်းချင်း ဆက်သွယ်ပြီး ဖလှယ်ကြရင် ဘဝက ပိုအဆင်ပြေသွားမှာပေါ့"
"အခု ညည်းနဲ့ ညည်းမောင်လေး ကျေးလက်ကို ရောက်နေပြီဆိုတော့ မိဘတွေကို အားမကိုးနဲ့တော့… သူတို့ဘေးမှာ သားနှစ်ယောက် ရှိနေတာဆိုတော့ ညည်းတို့ကို သိပ်ဂရုစိုက်မှာ မဟုတ်ဘူး၊ အခုအချိန်ခဏလေးအတွင်းမှာတင် ညည်းမောင်လေးကိုတောင် စွန့်လွှတ်လိုက်ကြပြီလေ။ စောင့်ကြည့်လိုက်၊ သူတို့တွေ ပိုပြီး စိမ်းကားလာလိမ့်မယ်… ညည်းတို့ဆီကနေ ပစ္စည်းလှမ်းမတောင်းရင်ပဲ ကံကောင်းလှပြီ၊ ငါတို့ စခန်းမှာ အဲ့လိုလူတွေ အများကြီး တွေ့ဖူးတယ်၊ အူကြောင်ကြောင်နဲ့ အိမ်ကို ပစ္စည်းတွေ လှမ်းလှမ်းပို့ကြတာလေ၊ တွေ့လား... ကိုယ်ပဲ နစ်နာတာ၊ လူတွေက ကိုယ့်ကို ဂရုမစိုက်ဘူး၊ တန်ဖိုးမထားဘူးဆိုရင် ကိုယ့်ဘဝကိုကိုယ်ပဲ ကြည့်ရတော့မယ်~~ အိမ်က ချိုသာတဲ့ စကားလုံးအချို့ ပြောရုံနဲ့တင် စိတ်အကုန်ပုံမပေးလိုက်နဲ့ဦး၊ ညည်းအဖေက အလုပ်သမား၊ ညည်းမောင်ငယ်ကလည်း အလုပ်သမားဆိုတော့ ဘာပဲဖြစ်ဖြစ် သူတို့က သာတာပေါ့..."
"ရွာထဲမှာ ညည်းရဲ့ အလုပ်လုပ်ရတဲ့ အခြေအနေက အများကြီး ပိုကောင်းပါတယ်… ငါ ကျေးလက်စဆင်းတုန်းက ဆိုရင် ငါတို့ဝင်းထဲမှာ အလုပ်သမားတစ်ယောက်တည်းက လူ ခုနစ်ယောက် ရှစ်ယောက်ကို လုပ်ကျွေးနေရတာ၊ ညည်းတို့အိမ်မှာ လူလေးယောက်ရှိတာကို အလုပ်သမား နှစ်ယောက်တောင် ရှိတာပဲ၊ ဘဝက ဘယ်လောက်အထိ ဆိုးရွားသွားနိုင်မှာလဲ~~ ညည်းအမေရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမယောင်နဲ့၊ ညည်း ဒီမှာပဲ ပိုက်ဆံနည်းနည်း စုထား၊ ကောင်းကောင်းစား၊ ကောင်းကောင်းသောက်၊ ကျန်းမာရေး ထိခိုက်အောင် မလုပ်နဲ့~~ ငါ့အိမ်ကို ကြည့်ဦး၊ ငါ့ဆွေမျိုးအရင်းတွေတောင် ယောက်ျားလေးကို ပိုမျက်နှာသာပေးပြီး ငါ့ဆီက ဟိုဟာဒီဟာ တောင်းကြတယ်၊ နောက်ပြီး တင်တောင်းငွေရဖို့ ငါ့ကို ဒီရွာမှာပဲ အိမ်ထောင်ချပေးဖို့ ကြံစည်ကြသေးတယ်။ ငါကတော့ သူတို့စကားကို ဘယ်တော့မှ နားမထောင်ဘူး… ငါတို့တွေ ကျေးလက်ရောက်လာကြပြီပဲ၊ အူကြောင်ကြောင် မလုပ်နဲ့၊ ကိုယ့်အတွက်ကိုယ်ပဲ တွေးရမယ်"
ထိုအစ်မကြီး၏ စကားများသည် ယွီမေကျွမ်း၏ ရင်ထဲကို ကောင်းကောင်းကြီး ထိမှန်သွားခဲ့ရသည်။
သူမသည် အလွန်အမြော်အမြင်ရှိသူ မဟုတ်သော်လည်း ဤစကားများမှာ သူမ၏ စိတ်ကို နိုးကြားသွားစေသည့် ခေါင်းလောင်းသံကဲ့သို့ ဖြစ်ခဲ့၏။
"ဟုတ်သားပဲ၊ ငါသာ အခု ကိုယ့်အတွက်ကိုယ် မတွေးရင် မိဘတွေကို ဘယ်လိုလုပ် အားကိုးလို့ရမှာလဲ။ ချန်ရိကျွင်းက ငါ့ပထွေးပဲ၊ ပြီးတော့ ငါ့အမေအရင်းကလည်း သားတွေကိုပဲ အလေးပေးတာ… သားယောက်ျားလေးဖြစ်တဲ့ ငါ့မောင်လေးကိုတောင် ဒီလောက်လွယ်လွယ်နဲ့ စွန့်လွှတ်နိုင်တာ၊ ငါ့အပေါ်မှာတော့ ဘယ်လိုလုပ် ကောင်းနိုင်ပါတော့မလဲ"
ယွီမေကျွမ်းသာမက ထိုအခန်းထဲရှိ အခြားပညာတတ်လူငယ် မိန်းကလေးအချို့လည်း သေချာနားထောင်ပြီး စဉ်းစားကြည့်ရာ အလွန်မှန်ကန်ကြောင်း သဘောပေါက်သွားကြသည်။
၎င်းတို့သည် အမျိုးသားများလောက် ကံကောင်းခြင်း မရှိသည့်အပြင် လက်တွေ့တွင်မူ ၎င်းတို့၏ ဘဝအခြေအနေသည် ပိုမိုခက်ခဲလှပေ၏။
ထို့ကြောင့် ၎င်းတို့အားလုံး ထိုအစ်မကြီး၏ စကားကို အမှန်တကယ် သဘောတူလက်ခံခဲ့ကြသည်။
ဤအစ်မကြီး၏ အကြံပေးချက်ကြောင့်ပင် ယွီမေကျွမ်းသည် ချန်ချင်းယွီနှင့် ပြန်လည်ဆက်သွယ်ရန် စတင်အစပြုခဲ့ခြင်း ဖြစ်သည်။
ဘာပဲဖြစ်ဖြစ်... တဖြည်းဖြည်းချင်းပဲ သွားကြတာပေါ့…
သူမနှင့် ချန်ချင်းယွီကြားတွင် ရန်သူလို နေနေကြစရာ အကြောင်းမရှိတော့ပေ။
၎င်းတို့နှစ်ဦးလုံးသည် အိမ်တွင် အပယ်ခံများသာ မဟုတ်လော့။
အပေါ်ယံကြည့်လျှင် သူမသည် မိခင်ဖြစ်သူ၏ အကာအကွယ်ကို ရရှိပြီး ချန်ချင်းယွီထက် ဘဝက ပိုသာသည်ဟု ထင်ရသော်လည်း၊ လက်တွေ့တွင်မူ သူမသည် ချန်ချင်းယွီထက် အိမ်မှုကိစ္စများကို ပိုမိုလုပ်ကိုင်ခဲ့ရ၏။ အကြောင်းမှာ ချန်ချင်းယွီ တစ်ခုခု ထိခိုက်တိုင်း သူမ၏ အဘိုးနှင့် အဘွားတို့မှာ အိမ်သို့ ရောက်လာတတ်သောကြောင့် ဖြစ်သည်။ ၎င်းတို့တွင် ပိုက်ဆံရှိသဖြင့် သူမကို အိမ်ပြန်ခေါ်ရန် ပိုက်ဆံပေးတတ်ကြပြီး၊ ချန်ချင်းယွီသည် တစ်ခါပြန်လျှင် လပေါင်းများစွာ ကြာတတ်၏။
ထို့နောက် အိမ်သို့ တစ်ပတ် သို့မဟုတ် နှစ်ပတ်ခန့် ပြန်လာပြီးနောက် ထိုသံသရာသည် ထပ်မံလည်ပတ်လေ့ရှိပြန်သည်။
အပေါ်ယံတွင်မူ ချန်ချင်းယွီမှာ အမြတ်ထုတ်ခံနေရသည်ဟု ထင်ရသော်လည်း သေချာကြည့်လျှင် သူမသည် အိမ်တွင် နေထိုင်ခဲလှ၏။ သူမသည် အပေါ်ယံတွင် မိခင်၏ အကာအကွယ်ကို ရရှိထားသော်လည်း အိမ်မှုကိစ္စ မည်မျှအထိ လျှော့လုပ်ခွင့်ရခဲ့သနည်း။ သူမ၏ မိခင်သည် ကလေးတစ်ယောက်ပြီးတစ်ယောက် မွေးဖွားခဲ့သဖြင့် သူမမှာ အစေခံမလေးတစ်ဦးကဲ့သို့သာ နေထိုင်ခဲ့ရသည်။
ထို့ကြောင့် သူမသည် အတိတ်က ချန်ချင်းယွီကို အလွန်မနာလိုဖြစ်ခဲ့ပြီး အထင်သေးခဲ့ခြင်း ဖြစ်မည်။
သို့သော် ယခု သေချာပြန်တွေးကြည့်လျှင် ချန်ချင်းယွီသည်လည်း ဆင်းရဲဒုက္ခ ခံခဲ့ရရှာ၏။ သူမသည် ပိုက်ဆံသုံးပြီးမှသာ ထိုနေရာမှ ထွက်ခွာနိုင်ခဲ့ခြင်း ဖြစ်သည်။ သူမသည် ကလေးငယ်တစ်ဦး မဟုတ်တော့ဘဲ အရွယ်ရောက်လာပြီဖြစ်ရာ ပိုက်ဆံသည် မည်မျှအရေးကြီးကြောင်း ကောင်းကောင်း သိရှိနေပြီဖြစ်၏။
"ဟေး... သတိထားဦး၊ မီးပွားတွေ လွင့်စင်တော့မယ်"
"သိပါတယ်"
ယွီမေကျွမ်း အသိဝင်ကာ ချက်ချင်းပင် ပြန်ပြောလိုက်သည်။
"ဘာတွေ တွေးနေတာလဲ…စိုးရိမ်မနေပါနဲ့၊ အဲ့ဒီကောင်တွေ တောင်ပေါ်တက်တာ အဆင်ပြေမှာပါ၊ တောနက်ထဲအထိ သွားကြမှာ မဟုတ်ဘူး"
ယွီမေကျွမ်း : "အင်း... ဟုတ်ကဲ့"
သူမ၏ ဒုတိယမောင်လေးသည် နှစ်သစ်ကူးအတွက် ဟင်းတစ်ခွက်တိုးရန် ရည်ရွယ်ချက်ဖြင့် အခြားလူအချို့နှင့်အတူ တောင်ပေါ်သို့ လိုက်သွားခဲ့သည်။
"ယွီမေကျွမ်း... ယွီမေကျွမ်း ရှိလားဟေ့"
ယွီမေကျွမ်း တစ်ယောက် အမြန်ပြေးထွက်လာကာ
"ဘာကိစ္စလဲရှင့်"
ရောက်လာသူမှာ စာပို့သမား ဖြစ်၏။
"ခင်များအတွက် ပါဆယ်ထုပ်တစ်ခု ရှိလို့ ကျွန်တော်တစ်ပါတည်း ယူလာပေးတာ၊ ဒီမှာ လက်မှတ်ထိုးလိုက်ဦး"
အမှန်တကယ် ယေဘုယျအားဖြင့် ပါဆယ်ပစ္စည်းများကို စာတိုက်သို့ ကိုယ်တိုင်သွားရောက် ထုတ်ယူရခြင်း ဖြစ်သည်။ သို့သော်လည်း နွေရာသီ၌ ယွီမေကျွမ်းတစ်ယောက် သိက္ခာလည်းမငဲ့၊ အသက်လည်းမနှမြောဘဲ အကြီးအကျယ် ဆူပူသောင်းကျန်းခဲ့သဖြင့်၊ ပညာတတ်လူငယ်ရုံးခန်းသည် ကိစ္စကြီးထွားသွားမည်ကို စိုးရိမ်ခဲ့သလို၊ ရွာမှာလည်း ထိုအရာကို ပို၍ပင် ကြောက်ရွံ့ခဲ့ကြသည်။ ထို့ကြောင့် သူမနှင့် ပတ်သက်သည့် ကိစ္စရပ်များကို အထူးသတိထားပြီး ကိုင်တွယ်ဖြေရှင်းရန် အထက်က မှာကြားထားခဲ့ခြင်း ဖြစ်၏။
သူမသည် ကျေးရွာအုပ်စုတွင်ပင် နာမည်ပျက်ဖြင့် စာရင်းဝင်ထားသူဖြစ်ပြီး ယခုမူ သူမ၏ ပါဆယ်ပစ္စည်း ရောက်ရှိလာသောအခါ လမ်းကြုံ၍ တစ်ပါတည်း ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်၏။
မဟုတ်လျှင် ယနေ့ သူမ ပါဆယ်ထုတ်ယူခွင့် ကတ်ပြားကို ရရှိခဲ့သော်လည်း သွားနိုင်မည်မဟုတ်ပေ။ မနက်ဖြန်ကျမှ စာတိုက်ဘက်တွင် အကြောင်းတစ်ခုခုကြောင့် ပါဆယ်ထုတ်မရဖြစ်သွားပါက နှစ်သစ်ကူးပြီးမှသာ ထုတ်ယူနိုင်တော့မည်ဖြစ်ရာ အနည်းဆုံး ၁၀ ရက်ကျော် စောင့်ရပေလိမ့်မည်။ ထို့ကြောင့် နာမည်ကြီးနေသူဖြစ်ခြင်းကြောင့် အထူးအခွင့်အရေး ရရှိကာ လမ်းကြုံ၍ လာပို့ပေးခြင်း ဖြစ်သည်။
အကယ်၍ အချိန်အကြာကြီး ပါဆယ်ထုတ်မရဘဲနေလျှင် နောက်တစ်ကြိမ် ထပ်မံဆူပူသောင်းကျန်းမည်ကို စိုးရိမ်သောကြောင့်လည်းပါ၏။
ဘဝတွင် ဤသို့ပင် ဖြစ်တတ်သည်။ ဆူပူသောင်းကျန်းခြင်းသည် မျက်နှာပျက်စရာ ကောင်းသော်လည်း များသောအားဖြင့် အလုပ်ဖြစ်တတ်ပေ၏။
မိမိကိုယ်တိုင်က သိက္ခာကိုလည်း ရင်း၊ အသက်ကိုလည်း ဖလှယ်ပြီး အားသွန်ခွန်စိုက် တိုက်ပွဲဝင်သောအခါ အခြားသူများမှာ သတိထားပြီး ဆက်ဆံလာကြတော့သည်။
အကြောင်းမှာ အစွမ်းပြနိုင်သူသည်ပင် အသက်နှင့်လဲမည့်သူကို ကြောက်ရွံ့ရသောကြောင့် ဖြစ်၏။
ယွီမေကျွမ်း အံ့ဩတကြီးဖြင့်
"ကျွန်မရဲ့ ပါဆယ်လား"
သူမငုံ့ကြည့်ပြီး အမြန်လက်မှတ်ထိုးလိုက်ရင်း
"ကျေးဇူးတင်ပါတယ် အစ်ကို..."
"ရပါတယ်၊ မလိုပါဘူး"
စာပို့သမားခမျာ ပြဿနာမရှာလျှင်ပဲ တော်လှပြီဟု စိတ်ထဲမှ တွေးလိုက်သည်။
ထို့နောက် စာပို့သမားမှာ ထပ်လောင်းပြောကြားလိုက်၏။
"ပေကျင်းက လာတာဆိုတော့ ခင်များတို့ အိမ်က ဖြစ်လိမ့်မယ်"
ယွီမေကျွမ်း စဉ်းစားပင်မနေကာ ချက်ချင်း ငြင်းဆိုလိုက်သည်။
"မဖြစ်နိုင်တာ"
မောင်လေးအတွက်တောင် ပစ္စည်းမပို့ပေးတဲ့ မိဘတွေက သူမအတွက် ပို့ပေးစရာ အကြောင်းမရှိဘူး…
သူမတွင် ထိုမျှလောက် မျက်နှာပန်းပွင့်စရာ အကြောင်းမရှိပေ။
သူမသည် ပါဆယ်ထုပ်ကို ငုံ့ကြည့်လိုက်ရာ
"ချန်ချင်းယွီ... ဟုတ်သားပဲ၊ ငါတို့အိမ်က မဟုတ်ဘူး"
"အစ်မကြီး... ဘာလုပ်နေတာလဲ"
ချန်ဒုတိယမောင်လေးနှင့် အပေါင်းအသင်းများ တောင်ပေါ်မှ ပြန်လာကြစဉ် ဝေးဝေးကပင် ယွီမေကျွမ်းသည် အမျိုးသားတစ်ဦးနှင့် စကားပြောနေသည်ကို မြင်တွေ့ရသဖြင့်၊ သူမ အနိုင်ကျင့်ခံရမည်ကို စိုးရိမ်ကာ အမြန်ပြေးလာခဲ့ကြသည်။
"ဘာမှမဖြစ်ပါဘူး၊ စာပို့သမားအစ်ကိုက ငါ့ရဲ့ ပါဆယ်ကို တစ်ပါတည်း ယူလာပေးတာ"
ချန်ဒုတိယမောင်လေး : "အစ်မကြီးဆီကို ဘယ်သူက ပစ္စည်းလှမ်းပို့တာလဲ"
ယွီမေကျွမ်း : "ချန်ချင်းယွီလေ"
"..."
ချန်ဒုတိယမောင်လေး တစ်ယောက် ဆွံ့အသွားပြီး တိုးတိုးလေး ရေရွတ်လိုက်မိ၏။
"အစ်မအလတ်က ဘာလို့ အစ်မကြီးဆီ ပစ္စည်းပို့ရတာလဲ"
ထို့နောက်တွင်မှ ယွီမေကျွမ်းသည် ပြီးခဲ့သည့်အကြိမ်၌ တောတောင်ထွက်ပစ္စည်း အိတ်ကြီးတစ်အိတ် ပို့ပေးခဲ့သည်ကို သတိရသွားသည်။ ထိုစဉ်က သယ်ယူပို့ဆောင်ခ မလောက်သဖြင့် သူ့ထံမှ ပိုက်ဆံအချို့ တောင်းယူခဲ့သေးသည်။
အမှန်တကယ်၌ သူလည်း ပိုက်ဆံမရှိပေ။ ၎င်းမှာ ယခင်က မိဘများထံမှ တောင်းထားသည့် ပိုက်ဆံဖြစ်ပြီး၊ အကုန်မသုံးဘဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် တိတ်တဆိတ် ဝှက်ထားခဲ့ခြင်း ဖြစ်၏။ ထိုပိုက်ဆံသည် အမှန်တကယ်ပင် အသုံးဝင်လာလိမ့်မည်ဟု မထင်ခဲ့မိပေ။ မိဘများမှာ သူ့ကို အမှန်တကယ် ပစ်ပယ်လိုက်ကြပြီ ဖြစ်သည်။ သူသည် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်မိ၏။
"ကဲ... သွားကြစို့၊ အစ်မကြီးအတွက် ကျွန်တော် အထဲကို သယ်သွားပေးမယ်"
မောင်နှမနှစ်ယောက် အိမ်ထဲသို့ ဝင်လာပြီးနောက် ယွီမေကျွမ်း အိတ်ကို ဖောက်ရင်း အံ့ဩတကြီး ရေရွတ်လိုက်မိသည်။
"သူ ဘာတွေ ပို့လိုက်လဲ မသိဘူး။ သူ့ယောက္ခမ အဘွားကြီးက အရမ်းတွက်ကပ်စေးနဲတာဆိုတော့ တွေးရခက်... အာ့......"
သူမသည် ပါဆယ်အတွင်းရှိ ပစ္စည်းများကို ကြည့်ကာ မယုံနိုင်ဘဲ အော်လိုက်မိ၍။
"ဟယ်... ပွတာပဲ"
ချန်ဒုတိယမောင်လေးမှာလည်း
"အမလေး... ဟုတ်ပဗျာ”
ချန်ချင်းယွီ ပို့လိုက်သည်မှာ ငါးခြောက်လေးကောင် ဖြစ်ပြီး၊ သေးလှသည်မဟုတ်ပေ။ ယွီမေကျွမ်း၏ လက်မောင်းဆစ်ထက်ပင် ရှည်လျားလှသည်။
၎င်းတို့ဒေသမှာ ပင်လယ်နှင့် ဝေးလံသဖြင့် ဤငါးခြောက်များမှာ အလွန်ကောင်းမွန်သည့် စားသောက်ဖွယ်ရာများ ဖြစ်၏။
"အဲ့ဒီ ဆီစိမ်စက္ကူနဲ့ ထုပ်ထားတာက ဘာလဲ"
ချန်ဒုတိယမောင်လေး လှမ်းမေးလေသည်။
ယွီမေကျွမ်း အမြန်ဖောက်ကြည့်လိုက်ရာ အထဲတွင် နှစ်သစ်ကူးမုန့်ဖြစ်သော ကောက်ညှင်းမုန့်တစ်တုံး ဖြစ်နေ၏။
သူမ ချိန်ဆကြည့်လိုက်ရာ အနည်းဆုံး နှစ်ကျင်း (၁ ကီလိုဂရမ်ခန့်) ခန့် လေးလံလှသည်။
"ဒါက ဘာလဲ"
ချန်ဒုတိယမောင်လေးသည် နှစ်သစ်ကူးမုန့်အောက်တွင် ဖိညှပ်ထားသည့် စက္ကူထုပ်အသေးလေးကို လက်ညှိုးထိုးပြသည်။
ယွီမေကျွမ်းက ထပ်မံဖွင့်ကြည့်
လိုက်ရာ
"သကြားညိုတစ်ထုပ်လား"
ယခုတစ်ကြိမ်တွင်မူ သူမသည် အမှန်တကယ်ပင် အံ့ဩသွားရပြီး နှုတ်ခမ်းကို ကိုက်ကာ စိတ်ထဲမှကျိတ်၍ ချီးကျူးမိ၏။
"သူက ထင်ထားတာထက် ပိုပြီး အသေးစိတ် တွေးပေးတတ်တာပဲ"
ကောက်ညှင်းမုန့်ကို အငွေ့ပျံအောင် ပေါင်းပြီး သကြားဖြူးစားမှသာ အရသာရှိမည်ဖြစ်ပြီး၊ သူမတွင် သကြားလက်မှတ် အမှန်တကယ် မရှိပေ။
ကျေးလက်ရွာသားများ ရရှိသည့် သကြားလက်မှတ်မှာ အလွန်နည်းပါးပြီး၊ ပညာတတ်လူငယ်စခန်းတွင်မူ လုံးဝမရှိသလောက်ပင် ဖြစ်သည်။ ဤကဲ့သို့သော အရာများမှာ အလွန်အဖိုးတန်လှပြီး အထူးသဖြင့် သကြားညိုမှာ ပို၍ အဖိုးတန်၏။ အမျိုးသမီးများ ဓမ္မတာလာချိန်တွင် နေမကောင်းဖြစ်ပါက သကြားညိုပူပူလေး တစ်ခွက် ဖျော်သောက်လိုက်လျှင် ဗိုက်ထဲတွင် များစွာ သက်သာသွားတတ်သည်။
ဤသကြားညိုမှာ တကယ့်ကို အသုံးဝင်သည့် အရာကောင်းတစ်ခုဖြစ်ပြီး လူတိုင်း တန်ဖိုးထားကြ၏။
"ညည်းတို့ အိမ်က ပစ္စည်းပို့တာလား"
"မဟုတ်ဘူး၊ ငါ့ရဲ့ဒုတိယညီမလေ၊ ငါ အရင်က ပြောဖူးတဲ့တစ်ယောက်"
အားလုံး သဘောပေါက်သွားကြပြီးနောက်
"ကြည့်စမ်း... သူက စိတ်ကောင်းရှိသားပဲ။ ငါပြောသားပဲ၊ ညည်းတို့ချင်း ရန်သူလို နေနေစရာ မလိုပါဘူးလို့… အားလုံးက မိသားစုရဲ့ အပယ်ခံတွေချည်းပဲကို ဘာလို့ အချင်းချင်း မုန်းနေကြမှာလဲ"
ယွီမေကျွမ်း ခေါင်းငြိတ်လိုက်ပြီး စိတ်ဓာတ်များ ပြန်လည်တက်ကြွလာကာ
"ငါတို့ နှစ်သစ်ကူးရင် စားဖို့ ငါးရပြီဟေ့"
"အာ... ညည်းက အားလုံးနဲ့ တူတူစားဖို့ ထုတ်ပေးမလို့လား"
ယွီမေကျွမ်း : "ဒါပေါ့... သေချာတာပေါ့… ငါတို့ တစ်ကောင်ကို ပေါင်းစားကြရအောင်၊ ညည်းတို့လည်း ပစ္စည်းတွေ ထုတ်လာကြတာပဲ မဟုတ်လား"
ချက်ချင်းပင် မီးဖိုချောင်အတွင်း ဝမ်းသာအားရ ရယ်မောသံများဖြင့် ပြည့်နှက်သွားခဲ့သည်။
ယွီမေကျွမ်းသည် ပျော်ရွှင်စွာ ရယ်မောနေရင်းနှင့် အနည်းငယ် ငေးမောသွားကာ စိတ်ထဲတွင် တိုးတိုးလေး ရေရွတ်မိ၏။
"ချန်ချင်းယွီ... ညည်းက တကယ့်လူကောင်းတစ်ယောက်ပဲ..."
ထိုနည်းတူစွာ ပစ္စည်းရရှိသူမှာ ယွမ်ရှောင်ချွေလည်းပါသည်။ ယွမ်ရှောင်ချွေသည် ယွီမေကျွမ်းနှင့်မတူဘဲ ကျေးလက်သို့ စတင်ရောက်ရှိကတည်းကပင် မိမိသည် ထိမရသည့် မိန်းကလေးတစ်ဦးဖြစ်ကြောင်း ပြသခဲ့သည်။ ထို့ကြောင့် သူမ၌ ကျေးလက်တွင် သူငယ်ချင်း မရှိသလောက်ပင်။
သို့သော်လည်း သူမ၏ ဘဝမှာ ယွီမေကျွမ်းထက် များစွာသာလွန်လှ၏။ အကြောင်းမှာ ကျေးလက်သို့ မလာခင်ကတည်းက မိဘများထံမှ ပစ္စည်းအမြောက်အမြားကို အတင်းအကျပ် လုယူလာခဲ့၍ပင်။
လွန်ခဲ့သည့် ရက်ပိုင်းက ရှီရှောင်ဝေသည် တောင်တန်းများကို ဖြတ်ကျော်ကာ နေ့ဝက်ခန့် လမ်းလျှောက်ပြီး သူမထံ လာရောက်တွေ့ဆုံခဲ့သည်။ သူသည် သူမ၏ အိမ်တွင်းရေး ကိစ္စရပ်များကို အထူးတလည် လာရောက်ပြောပြခြင်း ဖြစ်၏။
အော်... ပြောရလျှင် အစ်မကြီးဖန် ရှီရှောင်ဝေထံ စာရေးပြီး ပြောပြခဲ့ခြင်းဖြစ်ပြီး၊ ရှီရှောင်ဝေမှာ ဤအကြောင်းကို ယွမ်ရှောင်ချွေအား သေချာပေါက် ပြောပြရမည်ဟု တွေးခဲ့သည်။ သူသည် ယွမ်ရှောင်ချွေ၏ အရှက်ရမှုကို ထိုင်ကြည့်ချင်ခဲ့ခြင်း ဖြစ်ပြီး ၎င်းမှာ ယွမ်ရှောင်ချွေ၏ အိမ်တွင်းရေး ပြဿနာဖြစ်သောကြောင့် အရှက်ရမည်ဟု ထင်ခဲ့၏။ သို့သော်လည်း ရှီရှောင်ဝေတစ်ယောက် တွက်ကိန်းမှားသွားလိမ့်မည်ဟု မထင်ခဲ့မိပေ။
သူသည် ယွမ်ရှောင်ချွေ အရှက်ရသည်ကို ကြည့်ချင်သဖြင့် တောင်ကျော်ကာ လမ်းအဝေးကြီး လျှောက်ပြီး သတင်းလာပေးခဲ့ခြင်းဖြစ်သော်လည်း၊ ယွမ်ရှောင်ချွေမှာမူ အရှက်ရခြင်း မရှိသည့်အပြင် တဟားဟား အော်ဟစ်ရယ်မောကာ အလွန်အမင်း ပျော်ရွှင်သွားခဲ့သည်။
ထို့တင်မကသေးဘဲ ရှီရှောင်ဝေကိုပါ ထမင်းတစ်နပ် အဝ ကျွေးမွေးခဲ့သေး၏။
ရှီရှောင်ဝေမှာမူ စိတ်ထဲတွင် ~~
"တကယ့်ကို ဒေါသထွက်စရာပဲ..."
သို့သော်လည်း ဤတစ်ခေါက် လာရခြင်းမှာ မရှုံးလှပေ။
၎င်းတို့နှစ်ဦးမှာ အချင်းချင်း ဖုံးကွယ်ထားခြင်း မရှိရာ၊ မကြာမီမှာပင် ပညာတတ်လူငယ်စခန်းတစ်ခုလုံး ယွမ်ရှောင်ချွေအိမ်၏ အရှုပ်ထုပ်များကို သိရှိသွားကြတော့သည်။ ယွမ်ရှောင်ချွေမှာ အရှက်ရသည်ဟု မထင်သည့်အပြင် စိတ်အားထက်သန်စွာဖြင့် အားရပါးရ ပြောဆိုနေ၏။
"ကျောက်ရုံ ကံဆိုးတာကို မြင်ရတာ ငါဖြင့် ပျော်ဖို့ကောင်းလိုက်တာ… ငါ့အဖေက ငါ့အမေကို စွန့်ပစ်ပြီး ဒီလို မိန်းမစားမျိုးကို ရှာတာ ခံရတာ ထိုက်တန်ပါတယ်၊ ငါ အရင်ကတည်းက ပြောသားပဲ၊ သူက မိန်းမကောင်း မဟုတ်ပါဘူးလို့၊ အခုတော့ တကယ့်ကို အရှက်မရှိတဲ့ မိန်းမဆိုတာ ပေါ်ပြီပေါ့"
သူမသည် အတိတ်က ကျောက်ရုံကို မည်မျှအထိ လေးစားအားကျခဲ့သနည်း၊ ယခု အမှန်တရားကို သိရှိသွားချိန်တွင် ထိုမျှလောက်ပင် ပိုမိုမုန်းတီးသွားခဲ့ရသည်။
၎င်းမှာ အနုပညာရှင်တစ်ဦးကို အကြိတ်အနယ် အားပေးရာမှ အမုန်းဆုံး ပရိသတ်အဖြစ် ပြောင်းလဲသွားသကဲ့သို့ပင် ~~
တကယ့်ကို အသည်းထဲမှ မုန်းတီးသွားခြင်း ဖြစ်ပေ၏။
ယွမ်ရှောင်ချွေ၏ ဤကဲ့သို့သော လုပ်ရပ်များကြောင့် ဘေးနားရှိ လူများမှာ သူမနှင့် ပိုမိုဝေးကွာသွားကြသည်။ လူတိုင်း သူမသည် ကျောက်ရုံကို မုန်းတီးခြင်းမှာ မှန်ကန်သည်ဟု ထင်ကြသော်လည်း ဖခင်အရင်းကိုပါ ရန်ငြိုးဖွဲ့ထားခြင်းမှာ မကောင်းဟု ယူဆကြ၏။
ယွမ်ရှောင်ချွေမှာမူ
"တောက်... ညည်းတို့က ဘာသိလို့လဲ... သူသာ ခွင့်မပြုရင် ကျောက်ရုံက ငါ့ကို ဒုက္ခပေးနိုင်မလား"
ဤကိစ္စတွင် အလွန် အမြင်ရှင်းလင်းလှ၏။
သို့သော် ထို့ကြောင့်ပင် သူမသည် ပညာတတ်လူငယ်စခန်းတွင် တစ်ယောက်တည်း အထီးကျန်စွာ နေထိုင်ရလေသည်။ သို့သော်လည်း ယွမ်ရှောင်ချွေသည် မိမိအနေဖြင့် ခြံဝင်းကြီးအတွင်း၌ သတင်းပေးတစ်ဦး ထားရှိရမည်ဟု စဉ်းစားမိ၏။ မဟုတ်ပါက သူမ၏ အဖေနှင့် ကျောက်ရုံတို့၏ အရှက်ရစရာ ဟာသများကို ကြားရတော့မည် မဟုတ်ပေ။ ရှီရှောင်ဝေသည်လည်း အကြိမ်တိုင်း လာနိုင်မည်မဟုတ်သလို၊ ယခုတစ်ကြိမ်တွင် သူမ စိတ်ဆိုးပြီး အရှက်ရသည်ကို မမြင်ခဲ့ရသဖြင့် နောက်နောင် ကိစ္စရှိလျှင်လည်း လာပြောတော့မည် မဟုတ်ပေ။
ထို့ကြောင့် သူမသည် ချန်ချင်းယွီတို့ မိသားစုထံသို့ တက်ကြွစွာ ပစ္စည်းလှမ်းပို့ခဲ့ခြင်း ဖြစ်သည်။
အင်း... တွက်ချက်ကြည့်လိုက်လျှင် ၎င်းတို့မိသားစုသည် ဆက်ဆံရန် အသင့်တော်ဆုံးနှင့် အားအကိုးရဆုံး ဖြစ်၏။
သို့သော်လည်း သူမ မမျှော်လင့်ထားခဲ့သည်မှာ တစ်ဖက်က ပစ္စည်းများ ပြန်လည်ပေးပို့လာခြင်းပင်…
သူမ ရရှိသည့် လက်ဆောင်မှာလည်း ယွီမေကျွမ်း ရရှိသည်နှင့် အတူတူပင် ဖြစ်သည်။
သူတို့နှစ်ဦး ပေးပို့လိုက်သည့် ပစ္စည်းများမှာလည်း တူညီကြပြီး တောတောင်ထွက်ပစ္စည်း အိတ်ကြီးတစ်အိတ်စီ ဖြစ်သောကြောင့် ဖြစ်၏။ ဤသည်မှာ တိုက်ဆိုင်သွားခြင်းဖြစ်ပြီး ချန်ချင်းယွီ ပြန်လည်ပေးပို့သည့် လက်ဆောင်မှာလည်း တန်ဖိုးအားဖြင့် အကြမ်းဖျင်း တူညီနေသည်။
အရှေ့မြောက်ပိုင်း ကျေးလက်ဒေသများတွင် တောတောင်ထွက်ပစ္စည်းများမှာ ပေါများလှပြီး ရွာထဲတွင် တန်ဖိုးမရှိဟု ယူဆကြသော်လည်း ပေကျင်းတွင်မူ တကယ်ပင် ဈေးကောင်းရလှပေသည်။
လူတွေက အူကြောင်ကြောင်မှ မဟုတ်ဘဲ၊ ဒီပစ္စည်းတွေက ကောင်းမှန်းသိကြတာပေါ့…
ထို့ပြင် ပေကျင်းတွင် တောနက်ကြီးများ မရှိသဖြင့် ဤကဲ့သို့သော ထွက်ကုန်များမှာ ရှားပါးလှသည်။
၎င်းမှာ ကျေးလက်တောရွာများတွင် ကန် သို့မဟုတ် ပင်လယ်မရှိသဖြင့် ငါးများ ဈေးမချိုလှသည်နှင့် အတူတူပင်…
ပေကျင်းတွင်လည်း သစ်ကြားသီး၊ သစ်အယ်သီးနှင့် မြေပဲကဲ့သို့သော အရာများမှာ ဈေးမပေါလှပေ။
ချန်ချင်းယွီ ပြန်လည်ပေးပို့သည့် လက်ဆောင်တန်ဖိုးမှာ ၎င်းတို့ပေးပို့လိုက်သည့် ပစ္စည်းတန်ဖိုးနှင့် အကြမ်းဖျင်း တူညီလှသည်။
သို့သော်လည်း ယွီမေကျွမ်းရော ယွမ်ရှောင်ချွေပါ ဤအချက်ကို သတိမထားမိကြပေ။
၎င်းတို့နှစ်ဦးလုံးမှာ မိမိတို့သည်သာ အမြတ်ရသွားသည်ဟု ထင်မှတ်ကြပြီး ချန်ချင်းယွီသည် တကယ့်ကို အူကြောင်ကြောင်နိုင်လွန်းသည်ဟု ရေရွတ်မိကြ၏။
"တကယ့်ကိုပဲ... သူမလို ကြောက်တတ်ပြီး အူကြောင်ကြောင်နိုင်တဲ့လူမျိုးက တကယ့်ကို အားကိုးလို့မရဘူး ဟူး… အနိုင်ကျင့် ခံရပြန်မှာ"
ဤလက်ဆောင်ပြန်လည်ပေးပို့မှုကြောင့် ချန်ချင်းယွီသည် သူမအတွက် အမြဲပူပန်ပေးမည့် အစ်မနှစ်ယောက်ကို ရရှိသွားခဲ့ရ၏။
အဝေးရောက်မှ သံယောဇဉ် ပိုသိသာလာတာမျိုးပေါ့…
အချင်းချင်း အနီးကပ် ဆက်သွယ်နေကြစဉ် မည်သူကမျှ ချန်ချင်းယွီနှင့် အထူးတလည် ရင်းနှီးသည်ဟု မပြောခဲ့ကြသော်လည်း၊ ယခုကဲ့သို့ ဝေးကွာသွားချိန်တွင်မူ သူမသည် လူကောင်းတစ်ဦးဖြစ်ကြောင်း အားလုံး လက်ခံလာကြသည်။
"သူမက တကယ့်ကို အပြစ်ကင်းစင်လွန်းတယ်..."
"ဒါပေမဲ့ သူက လူကို စိတ်ပူအောင် အမြဲလုပ်တယ်..."
တစ်ဖက်တွင်မူ ချန်ချင်းယွီမှာ "ဟတ်ချိုး..." ဟု နှာချေလိုက်မိ၏။
အဘွားကြီးကျောက်နှင့် ချန်ချင်းယွီတို့ နှစ်ယောက်သား ဖက်ထုပ်လုပ်နေကြစဉ် ချန်ချင်းယွီ ဆက်တိုက်နှာချေနေသည်ကို မြင်သောအခါ အဘွားကြီးကျောက်မှာ
"နှစ်သစ်ကူးကြီးမှာ အအေးမမိစေနဲ့ဦး… ဂျင်းပြုတ်ရည်လေး ဘာလေး သောက်ဦး"
ချန်ချင်းယွီ : "ဘာမှမဖြစ်ပါဘူး၊ နှာခေါင်းနည်းနည်း ယားလို့ပါ… ခဏနေမှ သောက်လိုက်ပါ့မယ်၊အခုတော့ နေလို့ကောင်းပါတယ်"
"တစ်ယောက်ယောက်က ကျွန်မအတင်း ပြောနေလို့ ထင်တယ်"
သူမ ပြုံးကာ နောက်ပြောင်လိုက်သည်။
"ဘယ်သူက ညည်းအတင်း ပြောမှာလဲ"
ချန်ချင်းယွီလည်း စဉ်းစားကြည့်သောအခါ ဟုတ်နေသဖြင့် ပြုံးလျက် ပခုံးတွန့်လိုက်မိ၏။
"အစ်မချန်... အစ်မချန်..."
အပြင်ဘက်မှ လှမ်းအော်သံတစ်ခု ကြားလိုက်ရ၍ ချန်ချင်းယွီ တစ်ယောက် ဇဝေဇဝါဖြင့် အပြင်ထွက်ကြည့်ရာ ခြံဝင်းတံခါးဝတွင် ကောင်လေးတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။
ချန်ချင်းယွီ : “ရှီးထို”
သူကား ဆရာယွီ၏ သားဖြစ်သူ ရှီးထိုပင် ဖြစ်သည်။
"အစ်မချန်...တစ်ယောက်ယောက်က ရေခဲပြင်ကို အပေါက်ဖောက်ထားတယ်ဗျ... မြန်မြန်လာဦး..."
ကလေးမှာ အလောတကြီး ပြောလေ၏။
ချန်ချင်းယွီ ချက်ချင်းပင်
"ငါ့ကိုခဏစောင့်၊ အခုချက်ချင်း လာခဲ့မယ်"
သူမ အထဲသို့ အမြန်ပြန်ဝင်လာရာ အဘွားကြီးကျောက်မှာ
"ညည်းသွား... ညည်းသွားသာသွား။ ဖက်ထုပ်ကို ငါ့ဘာသာ ဆက်လုပ်လိုက်မယ်၊ ညည်း သွားပြီး ငါးသွားဖမ်းချေ"
ချန်ချင်းယွီသည် သူမ၏ ခွန်အားအစစ်ကို အများမြင်မည်စိုးသဖြင့် မိမိဘာသာ ရေခဲပြင်ကို ဖောက်၍ ငါးမဖမ်းရဲသော်လည်း၊ အခြားသူတစ်ဦးဦး ဖောက်ထားသည်ဆိုလျှင်မူ ဝင်ရောက်အမြတ်ထုတ်ရန် သေချာပေါက် လက်မလွှတ်ပေ။
ချန်ချင်းယွီ၏ သတင်းအချက်အလက်မှာ အမြဲတမ်း စုံလင်လှသည် မဟုတ်သော်လည်း ယခုကဲ့သို့ ပိတ်ရက်ကာလမျိုးတွင် ကလေးငယ်များမှာ နေရာအနှံ့ လျှောက်ပြေးနေကြသည်။ ဆရာယွီ၏ သားဖြစ်သူမှာ အမြဲတမ်း တက်ကြွလှုပ်ရှားနေသူဖြစ်ရာ၊ သူသည် ချန်ချင်းယွီထံ သတင်းလာပေးလေ့ရှိပြီး တစ်ခါလာတိုင်း မုန့်ပဲသရည်စာလေး ဖြစ်စေ၊ ဘာဖြစ်စေ ရတတ်သဖြင့် နှစ်ဦးနှစ်ဖက် ပျော်ရွှင်ကြ၏။
ချန်ချင်းယွီသည် သူမ၏ ရေပုံးနှင့် ငါးမျှားတံကို ယူကာ စက်ဘီးတွင် ချိတ်ဆွဲပြီး အမြန်ထွက်လာခဲ့သည်။
"ရှီးထိုလေး၊ စက်ဘီးပေါ် တက်"
ရှီးထိုမှာ စက်ဘီးနောက်ခုံပေါ်သို့ ချက်ချင်း ခုန်တက်လိုက်ပြီး "သွားကြစို့..." ဟု စိတ်လှုပ်ရှားစွာ အော်လိုက်၏။
လင်စန်းရှင်းသည် အများသုံးအိမ်သာထဲမှ ထွက်လာစဉ် ၎င်းတို့ကို မြင်တွေ့သွားခဲ့ရသဖြင့် မနာလိုဝန်တိုစွာဖြင့်
"သူကတော့ ကလေးတွေကို အချိုသတ်ပြီး သတင်းနှိုက်ဖို့ပဲ သိတယ်"
လင်စန်းရှင်း၏ သဘာဝမှာ ထိုသို့ပင် ဖြစ်သည်။ ချန်ချင်းယွီ ဒုက္ခရောက်နေလျှင် သူမ သနားသလိုလိုနှင့် ကူညီနိုင်ခြင်းမရှိသော်လည်း စကားကောင်း ပြောရသည်ကို သဘောကျတတ်၏။ သို့သော် ချန်ချင်းယွီ ဘဝအဆင်ပြေနေလျှင်မူ သူမ၏ သဘောထားက ချက်ချင်းပြောင်းလဲသွားသည်။ အပေါ်ယံတွင် ဘာမျှမလုပ်ရဲသော်လည်း ကွယ်ရာတွင်မူ တတွတ်တွတ်နှင့် အပြစ်ပြောလေ့ရှိ၏။
"သူ့ယောက်ျားက သေသွားပြီပဲ၊ ဘယ်လိုလုပ် ဘဝက အဆင်ပြေနေရမှာလဲ"
"သူက ဆင်းရဲဒုက္ခရောက်ပြီး သနားစရာကောင်းနေရမှာလေ..."
"မိန်းမတစ်ယောက်က ယောက်ျားမရှိဘဲ ဘယ်လိုလုပ် အဆင်ပြေပြေ နေနိုင်မှာလဲ"
"ကောက်ကျစ်လိုက်တာ၊ ကလေးတွေကို လှည့်စားဖို့ပဲ ကြံနေတယ်"
လင်စန်းရှင်းမှာမူ ချန်ချင်းယွီတို့အိမ်၏ ကံကောင်းမှုများထဲတွင် ချန်ချင်းယွီ၏ ငါးဖမ်းကျွမ်းကျင်မှုလည်း ပါဝင်သည်ဟု တွေးတောကာ အလွန်အမင်း မနာလိုဝန်တိုဖြစ်နေမိသည်။ ထို့ကြောင့် အိမ်ပြန်ရောက်သည်နှင့် ညည်းတွားမြည်တမ်းတော့၏။
"လင်းလင်း... ညည်းလည်း ငါးသွားမျှားကြည့်ပါဦးအေ။ ချန်ချင်းယွီဆိုတာလည်း အရင်က ငါးမျှားတတ်တာ မဟုတ်ပါဘူး၊ စမ်းလုပ်ကြည့်ရင်းနဲ့မှ ပါရမီရှိမှန်း သိလာတာလေ။ ပြီးတော့ မျှားလေလေ ပိုတော်လာလေလေပဲ… ညည်းကျတော့ ဘာလို့မရရမှာလဲ… ညည်းလည်း လုပ်နိုင်မှာပါ၊ လေ့ကျင့်တာ မမှားပါဘူးအေ"
လီလင်းလင်းမှာ ဘာမျှပြန်မပြောဘဲ တိတ်ဆိတ်စွာ နေလေသည်။
"တကယ်ပဲ... ညည်းကတော့ ခေါင်းကို မာလွန်းတယ်"
လီလင်းလင်းသည် စကားတစ်ခွန်းမျှ ထပ်မံမဟပြန်ပေ။
"ညည်းက အမြဲတမ်း ဒီလိုပဲ၊ ဒီပုံစံနဲ့ဆို ရည်းစားဘယ်လိုရှာမလဲ… ရင်လေးစရာကြီး"
လင်စန်းရှင်းက တစ်ယောက်တည်း တတွတ်တွတ်နှင့် ဆက်လက်ရွှဲ့စောင်းပြောဆိုနေတော့သည်။
ထိုအချိန်တွင် ချန်ချင်းယွီသည် စက်ဘီးကို အားသွန်ခွန်စိုက်နင်းကာ ငါးဖမ်းရာနေရာသို့ ရောက်ရှိနေပြီ ဖြစ်၏။
"ဟိုမှာလေ... မြင်ရလား အစ်မ"
ချန်ချင်းယွီ : "အင်း... မြင်ရပြီ"
သူမ သက်ပြင်းချရင်း
"ဒီနေရာက တော်တော်လေး ဝေးတာပဲ၊ မြို့ပြင်နား ရောက်နေပြီ… လူလည်း သိပ်မရှိဘူး"
"ဟီးဟီး... သားက သတင်းစုံတယ်လေ"
သူမသည် စက်ဘီးပေါ်မှ ဆင်းကာ မီးရှူးမီးပန်းဘူးအသေးတစ်ဘူးကို ထုတ်၍ ရှီးထိုထံ ကမ်းပေးလိုက်ရင်း
"ရော့... ဒါက မင်းအတွက် နှစ်သစ်ကူးလက်ဆောင်ပဲ"
ရှီးထိုလေးသည် အံ့ဩဝမ်းသာစွာဖြင့် စက်ဘီးနောက်ခုံမှ ခုန်ဆင်းကာ
"ဟာ... ကျေးဇူးအများကြီးတင်ပါတယ် အစ်မချန်..."
သူသည် အစ်မချန်ထံ သတင်းလာပေးလျှင် အမြဲတမ်း အကျိုးအမြတ်ရတတ်သည်ကို သိသည်။
သူမအတွက် သတင်းစုံစမ်းပေးရကျိုး တကယ်နပ်ပေ၏။
သူ့မိသားစုသည် မီးရှူးမီးပန်း ဝယ်ပေးနိုင်သည်မဟုတ်ပေ။ မိဘများသည် ထိုအရာအတွက် ပိုက်ဆံအကုန်အကျခံမည်မဟုတ်သော်လည်း မည်သည့်ယောက်ျားလေးမဆို မီးရှူးမီးပန်းကို မနှစ်သက်သည် မရှိပေ။
"ကျေးဇူးတင်ပါတယ် အစ်မ"
ချန်ချင်းယွီ : "ကဲ... သွားကစားတော့၊ ဒါပေမဲ့ သတိထားဦးနော်"
"သားသိပါတယ် စိုးရိမ်မနေပါနဲ့"
ကောင်လေးငည် ပျော်ရွှင်မြူးထူးစွာဖြင့် မီးရှူးမီးပန်းကို ကိုင်ကာ ထွက်ခွာသွားတော့သည်။
တကယ့်ကို သာယာလှပတဲ့ နေ့တစ်နေ့ပါပဲ…
ဤနေရာတွင်လည်း ရေခဲပြင်ကို အပေါက်အချို့ ဖောက်ထားကြသည်။ ရေခဲပေါက်များ ရှိနေသော်လည်း ငါးမျှားနေသူ သိပ်မရှိဘဲ လူအနည်းငယ်သာ ဟိုတစ်စဒီတစ်စ ရှိနေကြ၏။
ဘာပဲဖြစ်ဖြစ် လူတိုင်းက သတင်းမစုံကြဘူးလေ…
"ချင်းယွီလေး... ဒီဘက်က နေရာက ပိုကျယ်တယ်"
ချန်ချင်းယွီ : "ဟုတ်ကဲ့ အဘ"
အမှန်တွင် ချန်ချင်းယွီသည် ဤငါးမျှားနေကြသည့် အဘိုးကြီးများနှင့် အလွန်အမင်း ရင်းနှီးလှသည် မဟုတ်ပေ။ သူမသည် အမျိုးသမီးငယ်တစ်ဦးဖြစ်ရာ ၎င်းတို့နှင့် စကားပြောစရာ သိပ်မရှိလှပေ။ ထို့ပြင် သူမကိုယ်တိုင်သည်လည်း စကားများသူ မဟုတ်ပေ။ သို့သော်လည်း ငါးမျှားရင်းနှင့် ခဏခဏ ဆုံတွေ့လေ့ရှိသဖြင့် အားလုံးမှာ သူမကို အထိုက်အလျောက် ရင်းနှီးနေကြပြီ ဖြစ်၏။
လူတော်တော်များများ သူမ၏ မျိုးရိုးအမည်မှာ 'ချန်' ဖြစ်ကြောင်း သိကြသည်။
ချန်ချင်းယွီ : "ဒီနေရာက ကောင်း... အား..."
ချန်ချင်းယွီ တစ်ယောက် နေရာသို့ မရောက်သေးခင်မှာပင် ငါးမျှားနေသည့် အဘိုးကြီးတစ်ဦးသည် ခြေချော်ကာ ရေထဲသို့ ပြုတ်ကျသွားခဲ့ရသည်။
"ဘုရားရေ..."
"အမလေး... သွားကယ်ကြဦး..."
"ကယ်ကြပါဦး... တစ်ယောက်ယောက် ကယ်ကြပါဦး..."
နှစ်သစ်ကူးခါနီးအချိန်ဖြစ်သဖြင့် ဘေးနားတွင် လူနည်းလှပြီး၊ နေရာမှာလည်း လူသူဝေးရာဖြစ်သောကြောင့် လူတိုင်း ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားကြ၏။
၎င်းတို့မှာ အတွေ့အကြုံများ အသက်အရွယ်ကြီးရင့်သူများဖြစ်သော်လည်း မတုန်လှုပ်ဘဲ မနေနိုင်ပေ။ ယခုကဲ့သို့ အရေးပေါ်အခြေအနေမျိုးတွင် မည်သူမဆို ကြောက်ကြသည်သာ…
"ကယ်ကြပါဦး..."
ဝုန်းကနဲ၊ ဒိုင်းကနဲနှင့် ရေပွက်သံများ ထွက်ပေါ်လာပြီးနောက် …
ခရက်... ခရက်...
ချန်ချင်းယွီသည် ရေခဲပြင် အက်ကွဲသံကို ကြားလိုက်ရသဖြင့် အလောတကြီးပင်
"ကမ်းဘက်ကို မြန်မြန်ဆုတ်ကြ... မြန်မြန်... မြန်မြန်... ရေခဲပြင်ကြီး ကျိုးတော့မယ်..."
လူတိုင်း ရေထဲမှ အမြန်ရုန်းထွက်ရန် ကြိုးစားကြသော်လည်း အချို့မှာ နေရာမှမရွေ့ဘဲ စိုးရိမ်တကြီးဖြင့် အော်ဟစ်ကာ လူကို ကယ်တင်ရန်သာ စိတ်စောနေကြသည်။
"အဘိုးကြီးဟယ်... အဘိုးကြီးဟယ်... ကြိုးကို မြဲမြဲကိုင်ထား..."
ချန်ချင်းယွီသည် ထိုနေရာသို့ ချက်ချင်းပြေးသွားပြီး ကြိုးကို လှမ်းဆွဲကာ
"ကျွန်မ ကူဆွဲပေးမယ်..."
ရေထဲရှိ အဘိုးကြီးမှာ ကြိုးကို မြဲမြဲကိုင်ထားရန် အသည်းအသန် ရုန်းကန်နေရပြီး၊ လူအများအပြား ဝိုင်းဆွဲနေကြသော်လည်း တော်တော်လေး ခက်ခဲလှပေသည်။ ဆောင်းတွင်းဖြစ်သဖြင့် အားလုံးမှာ ဂွမ်းကပ်အင်္ကျီအထူကြီးများ ဝတ်ဆင်ထားကြရာ ရေစိုသွားသောအခါ အလွန်အမင်း လေးလံလှ၏။ အပေါ်မှ ဆွဲနေသည့် လူများပင် ရေထဲသို့ ပြန်လည်ပါသွားလုနီးပါး ဖြစ်ခဲ့ရသည်။
ချန်ချင်းယွီ ဝင်ရောက်ကူညီလိုက်မှသာ အားလုံး ဟန်ချက်ပြန်ညီသွားခဲ့၏။
ခရက်... ခရက်...
ရေခဲပြင် အက်ကွဲသံမှာ ပိုမိုကျယ်လောင်လာခဲ့သည်။
ချန်ချင်းယွီ : "မြန်မြန်လုပ်ကြ... မဟုတ်ရင် ရေခဲပြင်ကျိုးကျပြီး အားလုံး ဒုက္ခရောက်ကုန်လိမ့်မယ်"
"ကဲ... တစ်၊ နှစ်၊ ဆွဲ... တစ်၊ နှစ်၊ ဆွဲ..."
လူတိုင်း အားသွန်ခွန်စိုက် ဝိုင်းဝန်းကူညီကြပြီး ချန်ချင်းယွီသည်လည်း အစွမ်းကုန် အားစိုက်ထုတ်ခဲ့သည်။ ဘေးနားရှိလူများမှာမူ စိတ်လောနေသဖြင့် အမျိုးသမီးတစ်ဦး ပါဝင်လာခြင်းကြောင့် ခွန်အားကွာခြားသွားသည်ဟု မခံစားမိကြပေ။
"မြန်မြန်..."
"ဟေ... ဟိတ်..."
လူတိုင်း တစ်ပြိုင်နက်တည်း အားစိုက်ကာ ဝိုင်းဆွဲလိုက်ကြရာ ဝုန်းကနဲ ဆွဲအားတစ်ခုနှင့်အတူ ထိုအဘိုးကြီး ရေထဲမှ ကုန်းပေါ်သို့ ရောက်လာခဲ့တော့သည်။
သူ့ဗိုက်ကို နှိပ်ပြီး ရေပြန်အန်ထုတ်စေရန်ပင် အချိန်မရတော့ပေ။
"မြန်မြန်... ကမ်းပေါ် သယ်သွားကြစို့... ကမ်းပေါ် တင်ပေးကြပါဦး..."
အုပ်စုတစ်ခုလုံးမှာ မဆိုင်းမတွဘဲ ကမ်းဘက်သို့ အမြန်ပြေးကြတော့သည်။ အခြေအနေကို ကြည့်ပြီး ချန်ချင်းယွီသည် ရေထဲပြုတ်ကျခဲ့သည့် အဘိုးကြီးကို ဆွဲမကာ ကမ်းပေါ်သို့ အမြန်တွဲခေါ်ခဲ့၏။ သူမသည် ထိုအဘိုးကြီးကို ကမ်းပေါ်သို့ အတင်းဆွဲခေါ်လာခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ ကုန်းပေါ်သို့ တက်မိသည်နှင့် ကွဲအက်သံတစ်ခု ထွက်ပေါ်လာပြီး အခြားရေခဲပြင်တစ်ချပ် ကျိုးကျသွားခဲ့ပြန်သည်။
"ဘုရားရေ..."
"အမလေး... ခြောက်ခြားစရာကောင်းလိုက်တာ"
"ငါတို့ မြန်မြန်ပြေးမိလို့ တော်သေးတာပေါ့။"
"အချိန်မဆွဲနဲ့တော့၊ သူ့ကို ဆေးရုံ အမြန်ပို့ရအောင်..."
ချန်ချင်းယွီ : "ဘယ်သူ အရေးပေါ်လူနာ ပြုစုနည်း တတ်လဲရှင့်၊မြန်မြန်... သူ့ဗိုက်ကို နည်းနည်း နှိပ်ပေးပါဦး..."
ထိုအဘိုးကြီးမှာ မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး မလှုပ်ရှားနိုင်တော့ပေ။
"ငါ လုပ်မယ်..."
"ငါ အရင်က လုပ်ဖူးတယ်..."
အဘိုးကြီးတစ်ဦး အမြန်ရှေ့တိုးလာပြီး ဗိုက်ကို ပြင်းပြင်းထန်ထန် နှိပ်ပေးလိုက်ရာ၊ နောက်ဆုံးတွင် အဘိုးကြီးဟယ်သည် ချောင်းဆိုးကာ ရေများကို ဝေါကနဲ အန်ထုတ်လိုက်နိုင်တော့သည်။
"ဆက်လုပ်... ဆက်လုပ်၊ မြန်မြန်..."
"အဆင်ပြေသွားပြီ..."
ကံကောင်းချင်သောအခါ ထိုအချိန်တွင် အဝေးမှ လူတစ်ယောက် အပြေးရောက်လာပြီး အလောတကြီး အော်ခေါ်လေသည်။
"အဖေ... အဖေ..."
"ရှောင်ဟယ် ... မြန်မြန်လုပ်၊ မင်းအဖေ အခုတင် ရေထဲပြုတ်ကျလို့၊ သူ့ကို ဆေးရုံ ချက်ချင်း ပို့မှဖြစ်မယ်”
အခင်းဖြစ်ပွားရာနေရာသည် ချက်ချင်းပင် ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့သည်။ ချန်ချင်းယွီသည် ထိုအဘိုးကြီးကို လူအချို့ တွဲခေါ်သွာပြီး အခြားလူအချို့လည်း နောက်မှ လိုက်သွားကြသည်ကို ကြည့်နေမိ၏။ ချန်ချင်းယွီသည် နှုတ်ခမ်းကို မသိမသာ စေ့လိုက်ပြီး နောက်မှ လိုက်မသွားရန် ဆုံးဖြတ်လိုက်သည်။ အကြောင်းမှာ... ထိုအဘိုးကြီးသည် ဒုတိယစက်ရုံမှူး ဟယ်၏ ဖခင် ဖြစ်နေသောကြောင့်ဖြစ်ပြီး၊ ချန်ချင်းယွီအနေဖြင့် သူ့ကို တတ်နိုင်သမျှ ရှောင်ရှားလိုသောကြောင့်ပင်။
ထို့ကြောင့် သူမသည် ဘေးနားတွင် ငြိမ်ငြိမ်လေး ကပ်ရပ်နေလိုက်၏။လူအချို့ ထွက်ခွာသွားကြပြီးနောက် ကျန်ရှိနေသူများမှာ သက်ပြင်းကိုယ်စီချကာ
"ဒီနေ့တော့ တကယ့်ကို ထိတ်လန့်စရာပဲဗျာ"
"ဒါက သိပ်အန္တရာယ်များလွန်းတယ်… နောက်ဆိုရင် ရေခဲပြင်ကို အပေါက်မဖောက်ခင် သေချာစဉ်းစားရမယ်… နေရာအနှံ့ လျှောက်ဖောက်လို့ မဖြစ်ဘူး၊ မဟုတ်ရင် မတော်တဆမှုတွေ ဖြစ်လွယ်တယ်"
"အဘိုးကြီးဟယ်က ဒီနေ့ ကံကောင်းလို့ပေါ့၊ လူတိုင်းက ဝိုင်းဆွဲပေးကြလို့။ နည်းနည်းလေးသာ နောက်ကျရင် အခြေအနေက တစ်မျိုးဖြစ်သွားနိုင်တယ်"
"ဟုတ်ပဗျာ"
ထို့နောက် လူတစ်ဦးသည် ချန်ချင်းယွီကို ကြည့်ကာ
"ချင်းယွီလေး... ညည်းလည်း ဒီနေ့ တော်တော်ကူညီပေးနိုင်ခဲ့တယ်နော်"
ချန်ချင်းယွီ သာမန်မျှသာ ပြုံးလိုက်ပြီး
"ကျွန်မလည်း လန့်သွားတာပဲ အဘရဲ့"
"ဒါပေါ့... ငါလည်း သေမတတ် ထိတ်လန့်သွားတာပဲ"
ချန်ချင်းယွီ နဖူးမှ ချွေးများကို သုတ်လိုက်ရင်း
"သူ အဆင်ပြေပါစေလို့ပဲ ဆုတောင်းရမှာပဲ"
"သေချာပေါက် အဆင်ပြေမှာပါ။"
ချန်ချင်းယွီသည် ရေကန်ကြီးကို ကြည့်ကာ
"အရာရာတိုင်းမှာ အန္တရာယ်ဆိုတာ ရှိနေတာပဲနော်"
လူတိုင်းသည်လည်း သူမ၏စကားကို ခေါင်းငြိတ်ကာ ထောက်ခံကြလေ၏။