အခန်း ၁၁၈
Vol. 12 Ch. 118
အခန်း (၁၁၈) အမြတ်များစွာထွက်
မိမိဘာသာ ငါးသွားမျှားရင်းနှင့် လူတစ်ယောက်ကိုပါ လမ်းကြုံကယ်တင်လိုက်ရလိမ့်မည်ဟု ချန်ချင်းယွီကိုယ်တိုင်လည်း ထင်မထားခဲ့ပေ။
အင်း~~ ဒါကလည်း သူမတစ်ယောက်တည်းရဲ့ ကောင်းမှုကြောင့်တော့ မဟုတ်ပါဘူးလေ… အားလုံးဝိုင်းဝန်းကူညီကြလို့ပါ…. အားလုံး စုစုစည်းစည်း ရှိခဲ့ကြလို့လည်း တော်သေးတာပေါ့~~
ဤကဲ့သို့ ကိစ္စကြီးတစ်ခု ဖြစ်ပွားခဲ့သော်လည်း ချန်ချင်းယွီမှာ ချက်ချင်းအိမ်ပြန်ရန် စိတ်မစောကာ၊ ကမ်းစပ်တွင် ထိုင်ကာ ငါးဆက်မျှားနေခဲ့သေးသည်။ သို့သော်လည်း ယနေ့ ရလဒ်သည် သိပ်မကောင်းလှကာ ညနေမိုးချုပ်ခါနီးအထိ ငါး လေးငါးကောင်ခန့်သာ ရခဲ့၏။ ယခင်နေ့ရက်များနှင့် နှိုင်းယှဉ်လျှင် များစွာနည်းပါးလှပေသည်။
ဆောင်းတွင်းကြီး ချမ်းအေးလှသော်လည်း ရေခဲပြင်ကို အပေါက်ဖောက်ပြီး ငါးမျှားခြင်းသည် နွေရာသီထက် ပို၍ ရလဒ်ကောင်းတတ်၏။
ယနေ့ ထင်သလောက် မရသဖြင့် ချန်ချင်းယွီ အနည်းငယ် နှမြောမိသော်လည်း မည်သို့ပင်ဆိုဆို ရလဒ်ရှိခဲ့သဖြင့် မရှုံးဟု ဆိုရပေမည်။
သူမသည် စက်ဘီးကို ခပ်သွက်သွက်နင်းကာ အိမ်သို့ ပြန်လာခဲ့သည်။ အချိန်မှာ နေမဝင်သေးကာ၊ အိမ်အဝင်ဝတွင် အပြင်မှ ပြန်လာကြသည့် ဝမ်မေ့လန်တို့ လင်မယားနှင့် ကံအားလျော်စွာ ဆုံတွေ့ခဲ့ကြသဖြင့် အချင်းချင်း နှုတ်ဆက်လိုက်ကြ၏။ ချန်ချင်းယွီ ပြုံးပြလိုက်ကာ
"နှစ်သစ်ကူးပစ္စည်းတွေ သွားဝယ်တာလား အစ်မမေ့လန်"
ဝမ်မေ့လန် : "ဟုတ်ပါပေ့အေ... နင်ကတော့ ငါးသွားမျှားတာလား။ တကယ်ပဲ ဒီအလုပ်ကို ဝါသနာကြီးတာပဲ"
ချန်ချင်းယွီ : "ငါးမျှားရတာ စွဲလမ်းသွားလို့ပါ"
"ပြီးတော့ ကြည့်ဦးလေ၊ ဒါဆိုရင် ဟင်းဖိုးလည်း သက်သာတာပေါ့ မဟုတ်ဘူးလား"
ဝမ်မေ့လန် သဘောတူသည့်အနေဖြင့် ခေါင်းငြိတ်လိုက်သည်။ ချန်ချင်းယွီသည် အလုပ်မရှိသဖြင့် ယခုကဲ့သို့ မကြာခဏ ငါးမျှားပြီး အိမ်စရိတ်ကာမိအောင် လုပ်ခြင်းမှာလည်း ကောင်းသောအချက်ပင်။ သူမသည် ယောက်ျားဖြစ်သူကို လှမ်းပြောကာ
"ရှင်တို့ အဝယ်တော်ဌာနက ပုံမှန်ဆိုရင်လည်း ဒါတွေဟိုကဝယ် ဒီကဝယ် လုပ်နေတာပဲ မဟုတ်လား… ရှင့်လူကြီးကို မေးကြည့်ပါဦး၊ ငါးတွေ ဘာတွေ လိုချင်လားလို့… စကားကောင်းလေးဘာလေး ပြောပေးပြီး ချင်းယွီလေးရဲ့ ငါးတွေကို အကုန်ဝယ်ပေးလိုက်ရင် သူလည်း အိမ်စရိတ် ပိုရတာပေါ့။ တစ်ခြံထဲသားအချင်းချင်း ကူညီကြတာပေါ့ရှင်"
နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ပိုက်ဆံ ပြန်ရနိုင်သည် မဟုတ်လော့…
ဝမ်မေ့လန် စေတနာနှင့် ပြောခြင်းဖြစ်သော်လည်း ဝမ်ကျန့်ကော်မှာ ထိုသို့ မတွေးပေ။ သူ၏ မျက်ဝန်းများ ဝေ့ဝဲသွားပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် ချန်ချင်းယွီသည် လက်ကာပြလျက် ချက်ချင်း ငြင်းဆိုလိုက်သည်ကို တွေ့လိုက်ရ၏။
"မလိုပါဘူး၊ မလိုပါဘူး၊ အစ်မမေ့လန်ရဲ့ စေတနာကို တကယ်ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ တကယ်မလိုပါဘူးရှင့်… ကျွန်မ ငါးခဏခဏ မျှားတယ်ဆိုပေမဲ့ အမြဲတမ်း သွားနေတာ မဟုတ်တော့ လက်တွေ့မှာ သိပ်အများကြီး မရှိပါဘူး… ပုံမှန်ဆိုရင် အိမ်မှာတင် ချက်စားလိုက်တာနဲ့တင် ကုန်နေလို့ ရောင်းဖို့အထိ မပိုပါဘူး၊ အစ်မရဲ့ စေတနာကို နားလည်ပါတယ်၊ ဒါပေမဲ့ တကယ်ပဲ မလိုပါဘူးရှင်"
ဝမ်မေ့လန် : "ကြည့်စမ်း... ပိုက်ဆံနဲ့ လဲလို့ရတဲ့ အခွင့်အရေးရှိရင် ပိုက်ဆံလဲလိုက်တာ ပိုကောင်းတာပေါ့..."
ချန်ချင်းယွီ ပြတ်ပြတ်သားသား ခေါင်းခါပြကာ
"တကယ် မလိုပါဘူးရှင့်။ ကျွန်မတို့အိမ်မှာက လူကြီးရယ်၊ ကလေးရယ်ပဲ ရှိတာဆိုတော့ ငါးလေးဘာလေး စားရမှ အာဟာရပြည့်မှာပါ။ ပိုက်ဆံနဲ့ လဲဖို့ တကယ်မလိုပါဘူး…ပိုက်ဆံရှာတယ်ဆိုတာလည်း သုံးဖို့ပဲ မဟုတ်လား၊ အဲ့ဒါထက်စာရင် တန်းပြီး စားသောက်လိုက်တာက ပိုကောင်းပါတယ်"
သူမ၏ အသံသည် ညင်သာ၍ နုနုရွရွလေးဖြစ်သော်လည်း လေသံမှာ အလွန်ပြတ်သားလှသည်။
ဝမ်မေ့လန်လည်း သူမ ဤမျှ ငြင်းဆန်နေသည်ကို မြင်သောအခါ
"ကဲ... ဒါဆိုလည်း ပြီးရောလေ… နင်ပိုက်ဆံလေး ဘာလေး ရမလားလို့ တွေးပေးမိတာ"
ချန်ချင်းယွီ သဘောကျစွာ ရယ်မောရင်း
"အစ်မက စေတနာနဲ့ ပြောမှန်း ကျွန်မသိပါတယ်၊ ဒါပေမဲ့ တကယ်မလိုလို့ပါရှင့်"
ချန်ချင်းယွီ အတင်းငြင်းဆန်နေသဖြင့် ဝမ်မေ့လန်လည်း ထပ်မံမတိုက်တွန်းတော့ပေ။ အကယ်၍ သူမယောက်ျား သွားမေးပေးလျှင်လည်း အားနာစရာ ဖြစ်ရဦးမည်ဖြစ်ရာ၊ ဤသို့ ကိစ္စမရှိတော့သည်မှာလည်း ကောင်းပေသည်။
၎င်းတို့နှစ်ဦး စကားအနည်းငယ် ထပ်မံပြောဆိုပြီးနောက် ချန်ချင်းယွီ စက်ဘီးကို တွန်းကာ အိမ်ထဲသို့ ဝင်သွားခဲ့၏။ ဝမ်မေ့လန်မှာ သက်ပြင်းချရင်း
"ချင်းယွီလေးကတော့လေ... သူက ငါတို့ကို ဒုက္ခမပေးချင်လို့ နေမှာပါ"
"မင်းကပဲ သိနေပြန်ပြီ"
ဝမ်ကျန့်ကော် တည်ငြိမ်စွာ ဆိုလိုက်သည်။
"သူက စိတ်ထားကောင်းလို့လေ"
ဝမ်မေ့လန်သည် ချန်ချင်းယွီကို အမြဲတမ်း လူကောင်းတစ်ဦးဟု ထင်မြင်ယူဆထားသူ ဖြစ်သည်။
သို့သော်လည်း ၎င်းတို့အချင်းချင်း ဆက်ဆံမှုမှာ သိပ်မများလှပေ။
ဘာပဲဖြစ်ဖြစ် ဝမ်မေလန်ကလည်း အလုပ်လုပ်ရသူ မဟုတ်လား…
သူမ ဆက်လက်၍ ဆိုပြန်၏။
"ချင်းယွီလေးရဲ့ စရိုက်က ရိုးသားဖြောင့်မတ်တယ်"
ဝမ်ကျန့်ကော်မှာ ထိုစကားအပေါ် ဘာမျှ ထောက်ခံခြင်း မပြုပေ။
ပြီးခဲ့သည့်အကြိမ်မှ ကိစ္စကို ဖျက်ဆီးမိကတည်းက သူနှင့် အတွင်းရေးမှူးပိုင်တို့ဘက်မှာ ဆက်သွယ်မှု နည်းပါးသွားခဲ့သည်။တစ်ဖက်မှ လူကြီးများသည်လည်း ဤကဲ့သို့သော ကိစ္စသေးလေးများကို အမြဲတမ်း လိုက်လံပြဿနာလုပ်နေမည် မဟုတ်ပေ။ အဓိကမှာ ချဲယုံဖုန်း၏ ကိုယ်ကျင့်တရား ပြဿနာ ပေါ်ပေါက်သွားခဲ့သဖြင့် ကျန်းမိသားစုကို ဒေါသထွက်စေခဲ့၏။ ထို့ကြောင့် သူ့အတွက် လက်စားချေပေးမည့် ကိစ္စကိုလည်း သေချာပေါက် ဆက်လုပ်စရာ မလိုတော့ပေ။
သို့သော်လည်း ဝမ်ကျန့်ကော်သည် ချဲယုံဖုန်းနှင့် အဆက်အသွယ်အချို့ ရှိနေခဲ့သည်။ ထိုစဉ်က ၎င်းတို့နှစ်ဦးမှာ ဆေးရုံတွင် တစ်ခန်းတည်း အတူတူတက်ခဲ့ရသဖြင့် အနည်းနှင့်အများ ဆက်ဆံမှု ရှိခဲ့ကြခြင်း ဖြစ်၏။ သို့သော်လည်း ဝမ်ကျန့်ကော်သည် အလွန်သတိထားပြီး ဝမ်မေ့လန်ကိုမူ ၎င်းတို့နှင့် လုံးဝ အကပ်မခံပေ။
သူ သိတာပေါ့... ယောက်ျားဆိုတာမျိုးက ဘယ်နှစ်ယောက်ကများ ရိုးသားလို့လဲ၊ ဘယ်သူ့မှာမဆို မကောင်းတဲ့ စိတ်ကူးတွေ ရှိကြတာချည်းပဲ….
ချဲယုံဖုန်းကဆိုရင် ညီအရင်းခေါက်ခေါက်ရဲ့ မိန်းမကိုတောင် မျက်စိကျနေခဲ့တာ၊ ပြီးခဲ့တဲ့အကြိမ်က သူ့မိန်းမကို ကြည့်တဲ့ အကြည့်တွေကတောင် တစ်မျိုးကြီးပဲ…
ထို့ကြောင့် ဝမ်ကျန့်ကော်သည် ချဲယုံဖုန်း၏ ကိုယ်ကျင့်တရားကို လုံးဝ အထင်မကြီးရဲဘဲ အလွန်အမင်း သတိထား ဆက်ဆံခဲ့၏။
သူကတော့ ဂျိုအပေါက်မခံနိုင် (မိန်းမအဖောက်ပြန်မခံနိုင်) ပါဘူး…
ကျောက်ရုံ၏ကိစ္စ ဖြစ်ပွါးပြီးချိန်မှစ၍ သူသည် မိမိမိန်းမကို ပိုမိုတင်းကျပ်စွာ စောင့်ကြည့်လာခဲ့သည်။ ယောက်ျားရင့်မကြီးတစ်ယောက်အနေဖြင့် အရှက်ခွဲခံရခြင်းသည် အလွန်သိက္ခာကျစရာ ကောင်းလှပေ၏။ သူ မှတ်မိနေသည်မှာ မိမိမိန်းမသည် ကျောက်ရုံအပေါ် အထင်ကြီးစိတ်ရှိပြီး အဆက်အသွယ်လည်း အတော်များများ ရှိခဲ့ဖူးသည်။ ထို့ကြောင့် ဝမ်ကျန့်ကော် အထူးတလည် သတိကြီးစွာ ထားရှိကာ၊ မကြာသေးမီကစ၍ အချိန်ရတိုင်း ဝမ်မေ့လန်နှင့်အတူ အမြဲတမ်း အတူတူ သွားလာနေခဲ့၏။ သူမကို လုံးဝ အခွင့်အရေး မပေးပေ။
ဝမ်မေ့လန်မှာမူ မိမိယောက်ျားသည် ကျောက်ရုံကဲ့သို့ ဖြစ်သွားမည်ကို စိုးရိမ်နေသည်ဟု မသိရှာဘဲ၊ ဝမ်ကျန့်ကော်က မိမိအပေါ် အလွန်ကောင်းသည်ဟု ထင်မှတ်ကာ စိတ်ထဲတွင် အလွန်ကြည်နူးနေပြီး၊ လတ်တလော နေ့ရက်တိုင်းတွင် ပျော်ရွှင်မြူးထူးနေခဲ့၏။
"ကျွန်မတို့ နှစ်သစ်ကူးရင် အသားလုံးလေးတွေ ကြော်ကြရအောင်၊ရှင့်အမေကလည်း တကယ်ပဲ... ကျွန်မဖြင့် လက်လျှော့လိုက်ပါပြီ… နှစ်သစ်ကူးလက်ဆောင် အဲ့လောက်အများကြီး တောင်းရလား၊ လူအိုကြီး နှစ်ယောက်တည်း စားလို့ ကုန်မှာမို့လို့လား"
"ငါ့အမေက ဒီလိုပါပဲကွာ၊ မင်းလည်း နည်းနည်း သည်းခံပေးလိုက်ပါ၊သူတို့က ဆင်းရဲတဲ့ခေတ်ကို ဖြတ်သန်းလာရတာဆိုတော့ ဒီလိုအရာတွေကို ပိုပြီး တန်ဖိုးထားတတ်ကြတာ… ဒါပေမဲ့ ငါတို့အိမ်မှာ သားဆိုလို့ ငါတစ်ယောက်တည်း ရှိတာလေ၊ ငါ့ညီမကလည်း တခြားမြို့ကို လင်နောက်လိုက်သွားပြီ… အမှန်အတိုင်း ပြောရရင် သူတို့ သေသွားတဲ့တစ်နေ့ကျရင် ဒီပစ္စည်းတွေက ငါတို့ဆီပဲ ပြန်ရောက်မှာပဲ မဟုတ်လား၊ အခုကတော့ သူ့သဘောအတိုင်း ထားလိုက်တာက သူတို့ကို ပျော်ရွှင်စေတာပေါ့… သူ စုဆောင်းထားတဲ့အရာတွေက အနှေးနဲ့အမြန် ငါတို့အပိုင် ဖြစ်လာမှာပါပဲ"
ဝမ်ကျန့်ကော် ရယ်မောကာ ချော့မော့ပြောဆိုလိုက်သည်။
ဝမ်မေ့လန် : "ကျွန်မ သိပါတယ်၊ ကျွန်မလည်း ပြဿနာရှာချင်လို့ မဟုတ်ပါဘူး… ဒါပေမဲ့ သူတို့က အမြဲတမ်း ဒီလိုပဲဆိုတော့ စိတ်ထဲ မတင်မကျ ဖြစ်ရတာပေါ့၊ ကြည့်စမ်း... ဘယ်ယောက္ခမကများ ဒီလိုလုပ်လို့လဲ"
ဝမ်ကျန့်ကော် ရယ်မောကာ
"ငါတို့က အတူတူနေတာမှ မဟုတ်တာ၊ တစ်ခါတလေ ဖြစ်တာကို မင်း သည်းခံလိုက်ပါ၊ ကြည့်ဦးလေ... ချန်ချင်းယွီဆိုရင် ယောက္ခမနဲ့ အတူတူနေရတာ ပိုပြီး ဆင်းရဲဒုက္ခရောက်တာ မဟုတ်ဘူးလား"
ဤသို့ နှိုင်းယှဉ်လိုက်သောအခါ ဝမ်မေ့လန်လည်း စိတ်ထဲတွင် များစွာ သက်သာရာရသွားတော့သည်။
လူဆိုသည်မှာ နှိုင်းယှဉ်စရာရှိမှသာ ကျေနပ်တတ်ကြသည် မဟုတ်ပါလား~~
သူမသည် နှုတ်ခမ်းကို စေ့လိုက်ပြီး
"အင်း... ဟုတ်တော့ဟုတ်တယ်…အဘွားကြီးကျောက်ကတော့ တကယ်ပဲ... သူ့ကို ယောက္ခမတော်ရတဲ့ ဘယ်သူမဆို တကယ့်ကို ကံဆိုးတာပဲ"
လင်မယားနှစ်ယောက် ကွယ်ရာတွင် အဘွားကြီးကျောက် အကြောင်း အတင်းပြောနေကြသော်လည်း၊ အဘွားကြီးကျောက်မှာ ၎င်းတို့ကို ရန်မစအားပေ။ သူမသည် ပျော်ရွှင်မြူးထူးစွာဖြင့် ချန်ချင်းယွီနှင့်အတူ ငါးအကြေးခွံများ ခွါနေခဲ့၏။
"ဒါကိုတော့ သတိထားမှဖြစ်မယ်၊ မဟုတ်ရင် ငါးအရိုးက ကလေးကို စူးမိသွားနိုင်တယ်… အထူးသတိထားရမယ်နော်"
ချန်ချင်းယွီ အထပ်ထပ် မှာကြားနေသည်။
အဘွားကြီးကျောက် : "ဒါကို ငါမသိဘဲ နေမလား… ငါ့ရဲ့ ဘဝအတွေ့အကြုံက ညည်းထက် အများကြီး ပိုပါတယ်"
"ကြည့်စမ်း... ငါ တော်တော်များများ ထုပ်ပြီးပြီ မဟုတ်လား…ဒါကို ဒီနေ့ညနေပဲ ပြုတ်စားကြရအောင်"
ချန်ချင်းယွီ : "ကောင်းသားပဲ”
"မနက်ဖြန်ဆိုရင် နှစ်သစ်ကူးမတိုင်ခင် နောက်ဆုံး အလုပ်ဆင်းရမယ့်ရက်ပဲ… စက်ရုံက ဘာတွေများ လက်ဆောင်ထုတ်ပေးမလဲ မသိဘူး၊ စက်ရုံကလည်း တကယ်ပဲ... အချိန်ဆွဲလွန်းတယ်၊ စောစောထုတ်ပေးရင် မရဘူးလား… အခုအထိ အချိန်ဆွဲနေတာကို ငါဖြင့် လက်လျှော့လိုက်ပါပြီ"
အဘွားကြီးကျောက် ညည်းတွားပြန်သည်။
ချန်ချင်းယွီ : “…”
အဘွားကြီးကျောက် : "ဒါပေမဲ့ မထုတ်ပေးသေးဘူးဆိုပေမဲ့ ငါကြားတာတော့ ဒီတစ်ခေါက် အသားရယ်၊ ပန်းသီးရယ်၊ တောတောင် ဒေသထွက်ကုန်တွေရယ် ထုတ်ပေးမယ်လို့ ကြားတယ်"
ချန်ချင်းယွီ : "ဒါဆိုရင်တော့ အဆင်ပြေတာပေါ့… ကျွန်မတို့အိမ်မှာ နှစ်သစ်ကူးအတွက် သစ်သီးတွေ မပြင်ရသေးဘူး"
အမှန်တွင် ချန်ချင်းယွီ သစ်သီးအချို့ ဝယ်ယူလိုသော်လည်း သမဝါယမ အရောင်းဆိုင်ရှိ ပစ္စည်းများမှာ တကယ်ပင် မကောင်းလှသဖြင့် သူမ ဝယ်ယူခြင်း မပြုခဲ့ပေ။
"ကျွန်မ သမဝါယမဆိုင်ကို အကြိမ်ကြိမ် သွားကြည့်ပြီးပြီ၊ အားလုံးက လူတွေ ရွေးပြီးသား အညံ့တွေပဲ ကျန်တော့တာမို့လို့ မဝယ်ခဲ့ဘူး။ ဒီနေ့ညနေ မှောင်ရင် မှောင်ခိုဈေးဘက် သွားကြည့်ဦးမယ်… စက်ရုံက ထုတ်ပေးတယ်ဆိုရင်တောင် အများကြီး ဖြစ်မှာမဟုတ်တော့ ကျွမ်မတို့ဘာသာ အပိုနည်းနည်း ပြင်ထားရမယ်"
"ဟွန်း... ညည်းက ငါမသိဘူး ထင်နေလား… အဲ့ဒီ သမဝါယမဆိုင်က ပန်းသီးကောင်းကောင်းတွေကို အတွင်းလူတွေက အကုန်ရွေးသွားကြတာလေ၊ ဒုတိယအဆင့် အကောင်းတွေကိုကျတော့ အဆက်အသွယ်ရှိတဲ့လူတွေနဲ့ သတင်းစောစောရတဲ့လူတွေက ထပ်ရွေးသွားကြတာ… တန်းစီပြီး ဝယ်ရတဲ့လူတွေကျတော့ မကောင်းတဲ့အပဲ့အစုတ်တွေပဲ ကျန်တော့တာပေါ့၊ ညည်း မှောင်ခိုဈေးဘက် သွားကြည့်လိုက်ပါ၊ ပိုက်ဆံမလောက်ရင် ငါ့ဆီမှာ ရှိတယ်"
ချန်ချင်းယွီသည် အဘွားကြီးကျောက်ကို အံ့ဩတကြီး ကြည့်လိုက်မိသည်။
အမယ်လေး…ဒီအဘွားကြီး ဒီလို လူလိုသူလို စကားမျိုး ပြောနိုင်လိမ့်
မယ်လို့ ထင်တောင်မထင်မိဘူး…
မယုံနိုင်စရာပါလား…
မယုံနိုင်အောင် ဖြစ်ရပြီး တကယ့်ကို အံ့ဩစရာပင်။
အဘွားကြီးကျောက် မျက်နှာပူပူဖြင့်
"နှစ်သစ်ကူးပစ္စည်း ဝယ်တာပဲ၊ ငါကလည်း အမြဲတမ်း တွက်ကပ်စေးနဲနေလို့ ဘယ်ဖြစ်မလဲ"
ချန်ချင်းယွီ အဓိပ္ပာယ်ပါပါ ပြုံးလိုက်၏။
အဘွားကြီးကျောက် : "ညည်းက ဘာလို့ ရယ်တာလဲ၊ဒီအပြုံးက တကယ့်ကို မရိုးသားဘူး… ငါက လူဆိုးမဟုတ်ပါဘူးနော်"
ချန်ချင်းယွီမှာ ဆက်လက်၍ ပြုံးနေဆဲပင်။
အဘွားကြီးကျောက် သက်ပြင်းချရင်း
"အခု ငါတို့တွေက တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် အမှီသဟဲပြုပြီး နေနေကြရတာပဲလေ၊ ငါက ညည်းကိုပဲ ယုံကြည်ရတော့တာပေါ့"
ချန်ချင်းယွီ : "ကဲပါ... ရှင့်ရဲ့ စေတနာကို ကျွန်မသိပါတယ်။ လောလောဆယ်တော့ မလိုသေးပါဘူး၊ ကျွန်မလက်ထဲမှာ ပိုက်ဆံရှိပါတယ်"
အဘွားကြီးကျောက် မနေနိုင်ဘဲ မေးမြန်းလိုက်မိ၏။
"ညည်း ငါးရောင်းတာ ပိုက်ဆံဘယ်လောက်တောင် ရလို့လဲ..."
"ကျွန်မရဲ့ ကိစ္စတွေကို အဘွား သိပ်ဝင်မစွက်စမ်းပါနဲ့"
ချန်ချင်းယွီ ပြောဆိုကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
"အော်... ဟုတ်သားပဲ၊ ကျွန်မ ဒီနေ့ လူတစ်ယောက်ကိုလည်း ကယ်ခဲ့သေးတယ်..."
အဘွားကြီးကျောက် : "ဘာ... ဘာပြောတယ်..."
ဤမျှ ကြီးမားသည့် ကိစ္စရပ်ကို ချန်ချင်းယွီ ယခုမှ ထုတ်ပြောလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ~~
"ညည်း ရူးနေတာလား၊ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ... ညည်းက ဘာလို့ ကိစ္စတိုင်းမှာ ဝင်ပါရဲရတာလဲ… ညည်းဘာမှမဖြစ်ဘူး မဟုတ်လား"
ချန်ချင်းယွီ ခေါင်းခါပြကာ
"ကျွန်မ ဘာမှမဖြစ်ပါဘူး၊ အဆင်ပြေပါတယ်"
သူမသည် ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုပ် ပြောပြပြီးနောက် အေးအေးဆေးဆေး ပြောလိုက်သည်။
"စိတ်ချပါ၊ ဘာမှ စိုးရိမ်စရာ မရှိပါဘူး"
သို့သော်လည်း အဘွားကြီးကျောက်မှာ အလွန်အန္တရာယ်များလှသည်ဟု ခံစားရသဖြင့်
"နောက်ဆိုရင် အဲ့ဒီ ရေခဲပေါက်တွေနား သိပ်မသွားပါနဲ့အေ၊ တကယ် အန္တရာယ်ကြီးလွန်းလို့ပါ..."
ချန်ချင်းယွီ : "အဆင်ပြေပါတယ်"
"ညည်းက ပေါ့ပေါ့ဆဆ မလုပ်နဲ့လေ… အကယ်၍ ညည်းသာ တစ်ခုခုဖြစ်သွားရင် ဒီမိသားစုလေးက ပျက်စီးသွားမှာပေါ့၊ ညည်း ပေါ့ဆလို့ မဖြစ်ဘူးနော်… အဲ့ဒီ လူသားချင်းစာနာပြီး ကူညီတဲ့အလုပ်တွေကို သူများတွေကိုပဲ လုပ်ခိုင်းလိုက်၊ ညည်း သွားမလုပ်နဲ့…ကြားလား..."
အဘွားကြီးကျောက် ချန်ချင်းယွီ၏ လက်ကို ဆွဲကာ အတင်းမှာကြားနေတော့၏။
သူမသည် ချန်ချင်းယွီပါ တစ်ခုခုဖြစ်သွားမည်ကို အမှန်တကယ်ပင် ထိတ်လန့်နေမိသည်။ ၎င်းတို့၏ မိသားစုလေးမှာ အမှန်တကယ်ပင် လှိုင်းလေထန်နေရသည် မဟုတ်လော့…
"ငါတို့ရဲ့ ဘဝလေးက အခုမှ အခြေတကျ ရှိခါစပဲ ရှိသေးတာ၊ ညည်း လူကောင်း သွားမလုပ်စမ်းပါနဲ့… သူများတွေ သေသေရှင်ရှင် ငါတို့နဲ့ မဆိုင်ဘူး၊ ကိုယ့်ဘဝကိုယ် အေးအေးဆေးဆေး ဖြတ်သန်းတာကမှ အမှန်ကန်ဆုံးပဲ…ကြည့်ဦးလေ... ကျန့်ဝမ်ဆိုရင်လည်း လူကောင်းသွားလုပ်ရင်းနဲ့ ဘာဖြစ်သွားလဲ၊ သူ မရှိတော့ဘူးလေ... မရှိတော့ဘူး..."
ဤသို့ ပြောရင်းနှင့် အဘွားကြီးကျောက်၏ စိတ်ထဲတွင် ဝမ်းနည်းပူဆွေးမှုများ ပြန်လည်ပေါ်ပေါက်လာခဲ့သည်။
ချန်ချင်းယွီ အဘွားကြီးကျောက်၏ လက်ကို အသာအယာ ပုတ်
ပေးလိုက်ရင်း
"ကျွန်မ သိပါတယ် အမေရဲ့"
"ဒီနေ့ည မှောင်ခိုဈေး သွားရင်လည်း သတိထားဦးနော်။"
ချန်ချင်းယွီ ခေါင်းငြိတ်ပြကာ
"ဟုတ်ပါပြီ"
သူမသည် ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ၊ အပြင်ဘက်တွင် လေပြင်းများ စတင်တိုက်ခတ်နေသည်ကို တွေ့လိုက်ရ၏။
ချန်ချင်းယွီ : "ဒီနေ့ည မှောင်ခိုဈေးမှာ လူ တော်တော်စည်လိမ့်မယ်လို့ ကျွန်မထင်တယ်.. အမေအရင်အိပ်နှင့်တော့၊ ကျွန်မကို စောင့်မနေနဲ့၊ တံခါးကိုတော့ စေ့ရုံလေး စေ့ထားပေးပါဦး"
အဘွားကြီးကျောက် : "အေးပါအေ"
ထို့နောက် ဆက်လက်၍
"ညည်း သွားစရာရှိတာ သွားပါ၊ ငါ ဒီနေ့ည ဖက်ထုပ်တွေ ထပ်လုပ်ထားလိုက်မယ်… အများကြီး ပြင်ထားမှ နှစ်သစ်ကူးရက်ကျရင် ဘာမှလုပ်စရာ မလိုတော့မှာ"
ချန်ချင်းယွီ : "ငါးအစာသွတ်ကိုတော့ မနက်ဖြန်မှ ကျွန်မလုပ်လိုက်မယ်၊ ညဘက်ကျရင် ငါးအရိုးတွေကို သေချာမမြင်ရမှာစိုးလို့… အမေက ဒီနေ့ည သကြားပန်ကိတ်လေးတွေ ပေါင်းထားလိုက်ရင် ဘယ်လိုလဲ"
အဘွားကြီးကျောက် : "ဒါလည်း ကောင်းသားပဲ..."
"ငါတို့မိသားစုက ဒီနှစ် နှစ်သစ်ကူးဖို့ စားစရာတွေ အများကြီး ရှိနေပါလား"
သူမ ဝမ်းသာအားရ ရေရွတ်မိ၏။
ချန်ချင်းယွီ : "နှစ်သစ်ကူးတာပဲ... သေချာပေါက် ကောင်းကောင်းမွန်မွန် စားသောက်ရမှာပေါ့"
"ဒါပေါ့... အမှန်ပဲ..."
အဘွားကြီးကျောက် ထောက်ခံလေသည်။
ထိုနေ့ညတွင် သမီးယောက္ခမနှစ်ဦးသည် မုန်ညှင်းဖြူနှင့် ဝက်သားအစာသွတ် ဖက်ထုပ်များကို ပြုတ်စားကြရာ တစ်မိသားစုလုံး ပျော်ပျော်ရွှင်ရွှင်နှင့် အားရပါးရ စားသောက်ခဲ့ကြသည်။ အမှန်အတိုင်းပြောရလျှင် ချန်ချင်းယွီသည် ဆောင်းရာသီကို တော်တော်သဘောကျ၏။ဆောင်းတွင်း၌ တံခါးနှင့် ပြတင်းပေါက်များကို ပိတ်ထားလေ့ရှိသဖြင့် ဆီပြန်ဟင်းများ သို့မဟုတ် အသားချက်သည့် အနံ့များမှလွဲ၍ ကျန်သည့်အရာများ စားပါက အပြင်သို့ အနံ့သိပ်မထွက်လှပေ။
ယခု ဖက်ထုပ်ပြုတ်စားကြသကဲ့သို့ပင် အပြင်သို့ အနံ့အသက် လုံးဝမထွက်သဖြင့် အလွန်ကို အဆင်ပြေလှ၏။
မဟုတ်လျှင် ကိုယ်ကောင်းကောင်းမွန်မွန် စားတိုင်း နေ့တိုင်း အကဲခတ်စောင့်ကြည့်နေမည့်သူများ ရှိနေပါက အလွန် စိတ်အနှောင့်အယှက်ဖြစ်ရပေလိမ့်မည်။
ယခုခေတ်ကာလတွင် မိမိ၏ ဝင်ငွေနှင့်မမျှဘဲ အမြဲတမ်း ကောင်းကောင်းမွန်မွန် ခိုးစားနေလျှင် အတင်းအဖျင်း အပြောခံရရုံတင်မကဘဲ လူများမှာ တကယ်ပင် တိုင်တန်းကြပေလိမ့်မည်။
ဘာပဲဖြစ်ဖြစ် လက်ရှိ လစာစံနှုန်းတွေကို လူတိုင်းက သိကြတာ မဟုတ်လား…
မိမိမိသားစု၏ ဝင်ငွေသည် ထိုစံနှုန်းနှင့် မကိုက်ညီလျှင် ဤပိုက်ဆံများ အဘယ်နေရာမှ ရောက်လာသနည်း။
၎င်းမှာ ရှင်းပြရန် ခက်ခဲလှပေသည်။
ထို့ကြောင့် ကောင်းကောင်းစားရလျှင်ပင် အမြဲတမ်း သတိထားရ၏၊
ကံကောင်းသည်မှာ သူတို့မိသားစု၏ အခြေအနေမှာ လူတိုင်းရှေ့တွင် "အလင်းပွင့်" နေသဖြင့် ဘဝသည် ယခင်ကထက် များစွာ သာလွန်ကောင်းမွန်လာသော်လည်း မည်သူမှ အံ့ဩခြင်း မရှိကြပေ။
မဟုတ်လျှင် မည်သူမှ ပြဿနာမရှာဘဲ နေကြမည်မဟုတ်ပေ။
ချန်ချင်းယွီသည် ဖက်ထုပ်ပန်းကန်အကြီးကြီး နှစ်ပန်းကန်ကို အားရပါးရ စားသောက်ပြီးနောက် ဖက်ထုပ်ပြုတ်ရည် တစ်ခွက်ကိုပါ မော့သောက်လိုက်သည်။
အဘွားကြီးကျောက် : "အိုးထဲမှာ ကျန်သေးတယ်နော်… ဗိုက်မဝသေးရင် ထပ်စားဦး"
ချန်ချင်းယွီသည် အစားကြီးသူဖြစ်သော်လည်း ညဘက်တွင်မူ အလွန်အမင်း အဝစားလေ့မရှိပေ။
အာ... အဟမ်း…ပန်းကန်ကြီး နှစ်ပန်းကန်ဆိုတာ သူ့အတွက်တော့ သိပ်အများကြီး မဟုတ်ပါဘူး...
"စားစမ်းပါ၊ စားစမ်းပါ။ ခဏနေရင် အပြင်သွားရဦးမှာကို ဗိုက်ဆာလို့ ဘယ်ဖြစ်မလဲ"
ချန်ချင်းယွီ ခဏမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းငြိတ်ကာ
"ဒါဆိုရင် နောက်တစ်ပန်းကန် ထပ်ထည့်ပေးပါဦး"
တစ်မိသားစုလုံး ညစာစားပြီးနောက် အဘွားကြီးကျောက် အလုပ်များနေပြန်ပြီး ချန်ချင်းယွီသည် အဝတ်အစားလဲကာ တိတ်တဆိတ် အပြင်သို့ ထွက်လာခဲ့သည်။ ဤကမ္ဘာသို့ ရောက်ရှိလာခဲ့သည်မှာ တစ်နှစ်နီးပါး ရှိပြီဖြစ်ရာ၊ သူမသည် ကွယ်ဝှက် သွားလာလှုပ်ရှားရခြင်း၌ အလွန် ကျွမ်းကျင်နေပြီ ဖြစ်၏။ သူမသည် ပတ်ဝန်းကျင်ကို သေချာစွာ အကဲခတ်ပြီးနောက် တစ်ချက်တည်းနှင့် လျှပ်ခနဲ အပြင်သို့ ထွက်ခွာလာခဲ့သည်။
သူမ၏ အရှိန်အဟုန်မှာ အလွန်ပင် မြန်ဆန်လှ၏။
အမှန်အတိုင်း ပြောရလျှင် ချန်ချင်းယွီ ဤမျှ စောစောစီးစီး အပြင်ထွက်လာရခြင်းမှာ အိမ်ဟောင်းသို့ သွားရောက်ရန် ဖြစ်သည်။
ဟုတ်ပါသည်၊ သူမ၏ အဘိုးအဘွားများ ပိုင်ဆိုင်ခဲ့သည့် အိမ်ဟောင်းပင်…
ချန်ချင်းယွီသည် ထိုအိမ်၏ အဆောက်အအုံဖွဲ့စည်းပုံမှာ ပုံမှန်မဟုတ်ဟု အမြဲခံစားရသဖြင့် ဧည့်ခန်းထဲရှိ တိုင်လုံးကြီးကို ရိုက်ခွဲပြီး ဘာရှိလဲဆိုသည်ကို ကြည့်ချင်နေခဲ့သော်လည်း ယခုအထိ မလုပ်ဖြစ်သေးပေ။ သူမလက်ထဲတွင် ပိုက်ဆံရှိသဖြင့် အလောတကြီး မလိုသော်လည်း၊ အကယ်၍ အချိန်ဆွဲနေပါက အပြောင်းအလဲတစ်ခုခုဖြစ်ပြီး ချန်ရိကျွင်း အခွင့်ကောင်း ယူသွားမည်ကိုလည်း စိုးရိမ်မိသည်။
ချန်ချင်းယွီသည် ထိုအဘိုးကြီးကို အမှန်တကယ် စိတ်ကုန်မိ၏။
သူမ၏ သွေးသားအရ ဖခင်အရင်းဖြစ်သော်လည်း ၎င်းတို့အကြား မည်သည့် သံယောဇဉ်မျှ မရှိကြပေ။
အော်... ပြောရလျှင် ခန္ဓာကိုယ်ပိုင်ရှင် အရင်းသည်လည်း သူ့အပေါ် မည်သည့် သံယောဇဉ်မျှ မရှိခဲ့ကာ၊ သူ့အကြောင်း ကြားရုံနှင့်တင် နာကျည်းမှုကိုသာ ခံစားရလေသည်။ သူမအနေဖြင့် ချန်ရိကျွင်းကို မိမိအပေါ် ထပ်မံအခွင့်ကောင်းယူခွင့် လုံးဝမပေးနိုင်သည့်အပြင် သူ့ကို ပိုက်ဆံတစ်ပြားတစ်ချပ်မျှလည်း ပေးမည်မဟုတ်ပေ။
ချန်ချင်းယွီသည် အခြားသူတစ်ဦးဦးက မိမိထက် လက်ဦးမှုရသွားမည်ကို မလိုလားသဖြင့် သေချာစွာ စဉ်းစားပြီးနောက် ဤနေရာသို့ လာရောက်စစ်ဆေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။ သူမသည် မှောင်ခိုဈေးသို့ တန်းမသွားဘဲ အိမ်ဟောင်းဘက်သို့ အရင်ဦးတည်ခဲ့သည်။ နံရံကို ရိုက်ခွဲရန်အတွက် တူကြီးတစ်ချောင်းကိုပါ တစ်ပါတည်း ယူဆောင်လာခဲ့သေး၏။
ချန်ချင်းယွီသည် တံခါးကို တွန်းဖွင့်လိုက်သည်။ ဆောင်းတွင်းတစ်ခုလုံး ဤနေရာသို့ သူမ သိပ်မလာဖြစ်ခဲ့သော်လည်း၊ ဝင်လိုက်သည်နှင့် ချက်ချင်းပင် တစ်ခုခု မှားယွင်းနေကြောင်း အာရုံခံမိလိုက်သည်။
တစ်ယောက်ယောက် ဒီနေရာသို့ လာသွားခဲ့တာပဲ…
သူမ ဤနေရာသို့မလာသည်မှာ ကြာပြီဖြစ်သော်လည်း၊ ပြီးခဲ့သည့်အကြိမ် လာစဉ်၌ အခြေအနေမှာ ဤသို့မဟုတ်ပေ။
သူမသည် ဓာတ်မီးပင် လှမ်းထိုးမကြည့်ရသေးသော်လည်း ဧည့်ခန်းကြမ်းပြင်ကြီးတစ်ခုလုံး အနည်းဆုံး မီတာဝက်ခန့်အထိ အနက်တူးဆွခံထားရပြီး၊ မြေကြီးများကိုလည်း ဘေးတစ်ဖက်တွင် ပုံထားသည်ကို မြင်တွေ့လိုက်ရသည်။
တကယ့်ကိုပဲ... မြေလှန်ပြီး ရှာဖွေထားကြတာပဲ…
ချန်ချင်းယွီ လှောင်ပြုံးတစ်ချက် ပြုံးလိုက်မိ၏။ သူမ သိတာပေါ့... သူမထံမှ ပစ္စည်းများကို ဤမျှအထိ ဇွဲနပဲကြီးစွာ လာရောက်ရှာဖွေနေမည့်သူဆို၍ ချန်ရိကျွင်း တစ်ယောက်တည်းသာ ရှိပေမည်။
ထို့ပြင် သူမ၏ အဘိုးအဘွားများပိုက်ဆံများ ဝှက်ထားခဲ့သည်ဟု တထစ်ချ ယုံကြည်နေသူမှာလည်း ချန်ရိကျွင်း တစ်ဦးတည်းသာ ဖြစ်သည်။
အခြားသူများမှာ အပေါ်ယံကိုသာ မြင်ကြသော်လည်း၊ သမက်ဖြစ်သူ ချန်ရိကျွင်းသည်ကား အတွင်းရေးကို ကောင်းစွာ သိရှိထားလေ၏။ ကျန်းမိသားစုသည် လွန်ခဲ့သည့် ဆယ်နှစ်ကျော်မှစ၍ တဖြည်းဖြည်း ဆင်းရဲမွဲတေသွားခဲ့သဖြင့် ပြင်ပလူများမှာ ၎င်းတို့ထံတွင် ပိုက်ဆံအမြောက်အမြား ရှိလိမ့်မည်ဟု မည်သို့မျှ ရိပ်မိကြမည်မဟုတ်ပေ။ သို့သော် ချန်ရိကျွင်းသည် အမှန်တရားကို သေချာပေါက် သိနေသည်။ ချန်ချင်းယွီ လှောင်ပြုံးပြုံးရင်း ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ မည်သူ့ကိုမျှ မတွေ့ရပေ။
(T/N အတွင်းရေးမှူးကျန်းတို့ မျိုးရိုးနဲ့ ချန်ချင်းယွီ အမေတို့မျိုးရိုးက မြန်မာလို အသံထွက်တူနေတာပါ၊ လွဲမှာစိုး တရုတ်စာလုံးမှာက မတူပါဘူး)
ဒါပေါ့... ဤကဲ့သို့သော အချိန်မျိုးတွင် မည်သူမျှ ရှိနေမည်မဟုတ်ပေ။ ပုံမှန်လူဆိုလျှင် ဤနေရာသို့ လာကြမည်မဟုတ်ပေ။
ချန်ချင်းယွီသည် မြေပုံကြီးကို ကြည့်ကာ ဤအိမ်ဟောင်း၏ ဆိုးရွားလှသည့် ကံကြမ္မာကို တွေးတောရင်း သက်ပြင်းချလိုက်မိသည်။
တော်လှန်ရေးကော်မတီသည်လည်း တစ်ကြိမ် မြေလှန်ရှာဖွေပြီးမှ ပြန်ဖို့ပေးခဲ့ကာ၊ ယခုမူ နောက်တစ်ကြိမ် ထပ်မံ၍ မြေလှန်တူးဆွခံထားရပြန်၏။
နေဦး... ချန်ရိကျွင်းက ရူးနေတာလား…
ထိုစဉ်က တော်လှန်ရေးကော်မတီပင် ဤနေရာကို တူးဆွပြီးပြီဖြစ်ရာ၊ အကယ်၍ မြေအောက်တွင် တစ်ခုခု မြှုပ်နှံထားခဲ့လျှင် ထိုစဉ်ကတည်းက တွေ့ရှိသွားရမည် ဖြစ်သည်။
သူက ဘာလို့ ဒုတိယအကြိမ် ထပ်တူးနေရသေးတာလဲ…
ပထမအကြိမ်တုန်းက ဘာမှမတွေ့ခဲ့တာကို၊ အခု ဒုတိယအကြိမ် ထပ်တူးနေတာ... သူ တကယ်ပဲ စိတ်မမှန်တော့တာ နေမှာ…
ဒါမှမဟုတ် ပိုပြီး နက်နက်တူးရင် တစ်ခုခု တွေ့နိုင်လိမ့်မယ်လို့ သူ ထင်နေတာလား…
ရူးနေတာ... သေချာပေါက် ရူးနေတာပဲ…
ချန်ချင်းယွီသည် မျက်လုံးကို ဝေ့ဝဲလိုက်ပြီးနောက်၊ သူမ၏ အိတ်ကပ်ထဲမှ တူကြီးတစ်ချောင်းကို ထုတ်ယူကာ ဧည့်ခန်းထဲရှိ တိုင်လုံးကြီးဆီသို့ လျှောက်လှမ်းသွားခဲ့သည်။ ဧည့်ခန်းကြမ်းပြင်တစ်ခုလုံး တူးဆွခံထားရသဖြင့် ထိုတိုင်လုံးကြီးမှာ ကြည့်ရသည်မှာ ချာတူးလန်နေပြီး ခိုင်ခံ့မှု မရှိသည့်အလား ဖြစ်နေ၏။
ချန်ချင်းယွီသည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး၊ တူကို မြှောက်ကာ ဝုန်းကနဲ မြည်အောင် ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
ဒိုင်း...
ဒိုင်း... ဒိုင်း... ဒိုင်း...
"ရှစ်ဆယ်... ရှစ်ဆယ်... ရှစ်ဆယ်..."
ချန်ချင်းယွီက ပါးစပ်မှ တိုးတိုးလေး ရေရွတ်နေမိသည်။ တူအသေးနဲ့ဆို လေးဆယ်၊ တူအကြီးနဲ့ဆို ရှစ်ဆယ်...
အင်း... ဒါက အလိုအလျောက် ထွက်လာတဲ့ တုံ့ပြန်မှုပဲ...
ချန်ချင်းယွီသည် အကြိမ်ပေါင်းများစွာ ပြင်းထန်စွာ ထုရိုက်လိုက်၏။ သူမသည် မူလကတည်းက ခွန်အားကြီးမားသူဖြစ်ရာ အနည်းငယ် ထုရိုက်ရုံနှင့်တင် တိုင်လုံးကြီးမှာ အက်ကွဲသွားခဲ့ရသည်။ ဘိလပ်မြေတုံးအချို့ မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီးနောက်၊ ချန်ချင်းယွီက နောက်ထပ် နှစ်ချက်ခန့် ထပ်မံထုရိုက်လိုက်ပြန်၏။
ဟား...
၎င်းမှာ အမှန်တကယ်ပင် အတွင်း၌ အခေါင်းပွ ဖြစ်နေခဲ့သည်တကား...
ဟားဟား ငါ သိနေခဲ့တာပဲ….
သူမ၏ အဘိုးအဘွားများမှာ ဗိသုကာပညာရပ်ဆိုင်ရာ ကျောင်းသားများဖြစ်ခဲ့ကြပြီး၊ တက္ကသိုလ် ဗိသုကာဌာန၏ ပါမောက္ခများလည်း ဖြစ်ကြရာ၊ ဤမျှလောက် အရုပ်ဆိုးလှသည့်အရာကို မည်သို့လျှင် လုပ်ထားကြပါမည်နည်း။ အကယ်၍ မူလကတည်းက ရှိနေခဲ့လျှင် နားလည်ပေး၍ ရသော်လည်း၊ ဤအရာမှာ ၎င်းတို့ကိုယ်တိုင် ပြန်လည်မွမ်းမံပြင်ဆင်ထားခဲ့သည့် အရာ ဖြစ်နေသည်သာ…
၎င်းတို့၏ ပရော်ဖက်ရှင်နယ် အရည်အချင်းသည် ဤမျှလောက်အထိ ညံ့ဖျင်းလိမ့်မည်ဟု သူမ မယုံကြည်ခဲ့ပေ။
ထင်တဲ့အတိုင်းပဲ...
ထင်တဲ့အတိုင်း ဖြစ်လာပြီပဲ...
ဤတိုင်လုံးကြီးမှာ အဆောက်အအုံတစ်ခုလုံးကို ထားရှိပံ့ပိုးပေးရသည့် အဓိကတိုင်လည်း မဟုတ်ရာ၊ တစ်ခုခုတော့ သေချာပေါက် မှားယွင်းနေခဲ့ကြောင်း သိသာနေသည်။
ချန်ချင်းယွီသည် ဓာတ်မီးကို မြှောက်ကာ သေချာစွာ လိုက်လံရှာဖွေလိုက်သည်။
ဟော...
ထိုအခေါင်းပွ တိုင်လုံးကြီးအတွင်း၌ သစ်သားသေတ္တာတစ်လုံး အမှန်တကယ် ရှိနေပြီး၊ ယခင်က သူမ ရှာဖွေတွေ့ရှိခဲ့သည့် သေတ္တာများနှင့် ပုံစံချင်း ထပ်တူထပ်မျှပင် ဖြစ်၏။ချန်ချင်းယွီသည် ၎င်းကို အပြင်သို့ ဆွဲထုတ်ရန် ကြိုးစားသော်လည်း အထဲတွင် မြဲမြံစွာ တစ်ဆို့နေသဖြင့်၊ စဉ်းစားမနေတော့ဘဲ တူနှင့် နောက်ထပ် နှစ်ချက်ခန့် ခပ်ကြမ်းကြမ်း ထုရိုက်ပစ်လိုက်သည်။
ကံကောင်းချင်သောအခါ ဤအိမ်သည် သီးသန့်အိမ်တစ်အိမ် ဖြစ်နေသည့်အပြင်၊ ယနေ့ တိုက်ခတ်နေသည့် လေပြင်းများကြောင့် ထွက်ပေါ်လာသည့် အသံအတော်များများကို ဖုံးကွယ်ပေးထားခဲ့၏။
ချန်ချင်းယွီ နံရံကို ဆက်လက်ရိုက်ခွဲလိုက်ရာ ~~ ဝုန်း...
အပေါ်ဘက်မှ နောက်ထပ် သေတ္တာတစ်လုံး ပြုတ်ကျလာခဲ့သည်။
"........."
ချန်ချင်းယွီ တစ်ယောက် ကြောင်အသွား၏။
သူမသည် အောက်ဘက်တွင် ရှိနေသည့် သေတ္တာကိုပါ အမြန်ဆွဲထုတ်လိုက်သည်။
ဤတိုင်လုံးကြီးအတွင်း၌ သေတ္တာနှစ်လုံး ဝှက်ထားခြင်းဖြစ်ပြီး၊ တစ်လုံးသည် အပေါ်ဘက်တွင် တစ်ဆို့နေကာ အခြားတစ်လုံးမှာ အောက်ဘက်တွင် ရှိနေခြင်း ဖြစ်သည်။ ချန်ချင်းယွီသည် သော့ခလောက်ကို တူနှင့် အတင်းထုခွဲပစ်လိုက်၏~~ သူမ၏ ပုံစံမှာ ဤသို့လျှင် ကြမ်းတမ်းလှပေသည်။
သူမအနေဖြင့် သော့ကို လိုက်ရှာနေရန် လုံးဝ မလိုပေ။
ဟင်း... ဟုတ်သားပဲ…
သော့ခတ်ထားတယ်ဆိုပေမဲ့ သော့ကို လိုက်ရှာနေစရာ မလိုတဲ့ပုံပဲ…
ချန်ချင်းယွီသည် သေတ္တာများကို ဖွင့်ကြည့်လိုက်ရာ၊ သေတ္တာတစ်လုံးစီ၏ အထဲတွင် ပိုက်ဆံများ ပြည့်နှက်နေခဲ့သည်။ ယခင်က သူမ တွေ့ခဲ့သည့် သေတ္တာများအတိုင်းပင် ဖြစ်၏။
ဤခေတ်ကာလတွင် မိသားစုတစ်စု၌ ယွမ်တစ်ထောင် သို့မဟုတ် ရှစ်ရာခန့် စုဆောင်းမိထားလျှင်ပင် အလွန်ချမ်းသာသည်ဟု သတ်မှတ်၍ ရပေသည်။ ၎င်းမှာ တကယ့် ရွှေထုပ်ငွေထုပ်ဖြစ်ပြီး လူအများစုထက် များစွာ သာလွန်လှပေ၏။ ချန်ချင်းယွီသည် သေတ္တာများကို ပြန်လည်ကြည့်ရှုရင်း မိမိကိုယ်မိမိ မည်မျှအထိ ချမ်းသာနေပြီလဲဆိုသည်ကို တွေးတောကာ အံ့ဩမိသွားသည်။
ဤသေတ္တာများထဲမှ တစ်လုံးတည်းကို ရှာတွေ့လျှင်ပင် တစ်ဘဝလုံး သက်တောင့်သက်သာနှင့် အေးဆေးစွာ နေထိုင်သွားနိုင်ပေ၏။
သူမ၏ အဘိုးအဘွားများသည် သူမအတွက် ကိုးလုံးအထိ ပြင်ဆင်ပေးခဲ့ကြသည်။
ယခုအထိဆိုလျှင် ချန်ချင်းယွီသည် လေးလုံးမြောက်အထိ ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်၏။ အမှန်အတိုင်း ပြောရလျှင် ကျန်ရှိနေသည့် သေတ္တာများကို ရှာမတွေ့တော့လျှင်ပင် ယခုရှိနေသည့် အရင်းအနှီးနှင့်တင် နောက်ပိုင်း ခေတ်စနစ် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒ စတင်ချိန်တွင် စီးပွားရေးလုပ်ရန် လုံလောက်လှပြီ ဖြစ်သည်။ သူမ ဘာမှမလုပ်ဘဲ ပုံမှန်အတိုင်း ဘဝကို ဖြတ်သန်းပြီးနောက်၊ အိမ်ခြံမြေများကို လွတ်လပ်စွာ အရောင်းအဝယ် ပြုလုပ်နိုင်သည့် ခေတ်ရောက်မှ အိမ်အနည်းငယ် ဝယ်ယူကာ အိမ်ငှါးစားပြီး အေးဆေး သက်သာစွာ နေထိုင်သွား၍ပင် ရ၏။
ချန်ချင်းယွီသည် နတ်သိကြားများကို သော်လည်းကောင်း၊ ကံကြမ္မာကို သော်လည်းကောင်း ကျေးဇူးတင်မနေဘဲ၊ မိမိ၏ မှတ်ဉာဏ်ထဲရှိ အဘိုးအဘွားများကိုသာ အသည်းထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိ၏။ ၎င်းတို့သည် သူမအတွက် အစစအရာရာ အားသွန်ခွန်စိုက် စီမံပေးခဲ့ကြခြင်း ဖြစ်သည်။
နောက်ဆုံး ထွက်သက်အချိန်အထိပင် သူမအရေးကို တွေးတောပေးခဲ့ကြ၏။
ချန်ချင်းယွီသည် သေတ္တာ၏ အောက်ခြေအလွှာကို ဖွင့်ကြည့်လိုက်ရာ၊ ထင်သည့်အတိုင်းပင် အတွင်းခံအလွှာထဲ၌ ရွှေပြားတစ်ပြား တိတ်တဆိတ် ဝှက်ထားသည်ကို တွေ့ရပြန်သည်။
၎င်းမှာ တန်ဖိုးအားဖြင့် အတော်အတန် များပြားလှ၏။
သို့သော်လည်း ချန်ချင်းယွီ ၎င်းကို ထုတ်ရောင်းရန် အစီအစဉ် မရှိပေ။
အဲ့ဒါက ရူးသွပ်ရာမကျဘူးလား…
သူမက ပိုက်ဆံပြတ်လတ်နေသူမှ မဟုတ်တာ…
သူမ လုပ်ဆောင်ရန် လိုအပ်သည်မှာ တည်ငြိမ်မှု ရှိရန်သာ ဖြစ်သည်။
အဘိုးအဘွားများတောင် တည်ငြိမ်နိုင်ခဲ့ကြတာ…သူမက ဘာလို့ မတည်ငြိမ်နိုင်ရမှာလဲ…
သို့သော်လည်း ချန်ချင်းယွီသည် တိုင်လုံးကြီးကို ကြည့်ရှုစစ်ဆေးနေရင်းနှင့် စိတ်ထဲတွင် မတင်မကျ ဖြစ်ရသည့် အမူအရာတစ်ခု စတင်ခံစားလာရသည်။ အကယ်၍ သူမသည် ပြင်ပလူတစ်ယောက်သာဆိုလျှင် ဤသို့ တွေးမိမည်မဟုတ်သော်လည်း၊ သူမသည် မူလပိုင်ရှင်၏ မှတ်ဉာဏ်အချို့ ရှိနေသည့် ချန်ချင်းယွီ ဖြစ်၏။ ထို့ကြောင့် သူမ၏ အဘိုးအဘွားများသည် အနာဂတ် ဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သက်၍ အလွန် တိကျပြတ်သားသည့် ကြိုတင်မြော်မြင်မှုများ ရှိခဲ့ကြသည်ဟု ခံစားမိလာရသည်။
၎င်းတို့သည် အထက်တန်းလွှာ ချမ်းသာသူများအဖြစ် သတ်မှတ်မခံရခင်ကတည်းက အိမ်များကို ကြိုတင်ရွှေ့ပြောင်းခဲ့ကြသည်။ ၎င်းတို့မိသားစု ဆင်းရဲသွားခြင်းမှာလည်း ရုတ်တရက်ကြီး မဟုတ်ဘဲ၊ တစ်နှစ်ထက်တစ်နှစ် တဖြည်းဖြည်းနှင့် ခပ်မှန်မှန်လေး ဆင်းရဲသွားခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် တော်လှန်ရေး လှိုင်းဂယက်ကြီး ရိုက်ခတ်လာချိန်တွင် ၎င်းတို့မိသားစုသည် ကနဦး၌ သိပ်ပြီး ထိခိုက်မှု မရှိခဲ့ပေ၊ မည်သို့ဖြစ်စေ ထိုအချိန်တွင် ၎င်းတို့မှာ ချမ်းသာသည့် မိသားစု မဟုတ်တော့ပေ။
ပြီးတော့ ဒီအိမ်ကြီး ~~ ၎င်းကို လွန်ခဲ့သည့် တစ်ဆယ့်ခုနစ်၊ တစ်ဆယ့်ရှစ်နှစ်ခန့်က ပြန်လည်မွမ်းမံပြင်ဆင်ခဲ့ခြင်းဖြစ်ရာ၊ ဆိုလိုသည်မှာ ထိုစဉ်ကတည်းက ဤသေတ္တာများကို အထဲတွင် ဝှက်ထားခဲ့ခြင်း ဖြစ်သည်။ သူမ၏ အဘိုးအဘွားများသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက ယနေ့လိုနေ့မျိုး ဖြစ်လာမည်ကို ကြိုတင်သိမြင်နေခဲ့ကြလေသလော့…
၎င်းမှာ နှစ်ပေါင်း ၂၀ စာအတွက် ကြိုတင်စီမံထားခဲ့သကဲ့သို့ပင် ဖြစ်သည်။
ချန်ချင်းယွီသည် မိမိ၏ အဘိုးအဘွားများကို မကောင်းသူများဟု သေချာပေါက် မတွေးမိပေ။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့သည် အနာဂတ်တွင် ဘာဖြစ်လာမည်ကို သိရှိနေကြသော်လည်း အပြည့်အဝ မသေချာသဖြင့်၊ မျှော်လင့်ချက်အချို့ ထားရှိရင်းနှင့် ယခုကဲ့သို့ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်ဟု ခံစားမိ၏။
မဖြစ်နိုင်တာ... သူမရဲ့ အဘိုးအဘွားတွေက ပြန်မွေးဖွားတဲ့သူတွေ ဒါမှမဟုတ် ခေတ်ကူးပြောင်းလာသူတွေတော့ မဟုတ်လောက်ပါဘူးနော်~~
မဟုတ်ဘူး... ပြန်လည်မွေးဖွားလာတဲ့သူတော့ မဖြစ်နိုင်ဘူး…
အကယ်၍ ပြန်လည်မွေးဖွားလာသူသာဆိုလျှင် သူမ၏ အမေလည်း သေဆုံးလိမ့်မည်မဟုတ်သလို၊ ဦးလေးဖြစ်သူလည်း သေဆုံးလိမ့်မည်မဟုတ်ပေ။
အကယ်၍ ခေတ်ကူးပြောင်းလာသူဆိုရင်လည်း... ဘာတွေဖြစ်လာနိုင်လဲဆိုတာကို ဒီထက်ပိုပြီး ကောင်းကောင်း သိထားကြရမှာပေါ့~~~
သူတို့နှစ်ဦးလုံးက အထက်တန်းစားမျိုးနွယ်တွေလေ… နိုင်ငံခြားမှာ ပညာသင်ကြားခဲ့ဖူးတဲ့အပြင် တက္ကသိုလ်ပါမောက္ခတွေလည်း ဖြစ်ကြသေးတယ်~~~ ဘာပဲဖြစ်ဖြစ် သူတို့မှာ ပိုက်ဆံတစ်ပြားမှ မရှိရင်တောင် ဒီတော်လှန်ရေး လှိုင်းဂယက်ကြီးကို ရှောင်လွှဲနိုင်မှာ မဟုတ်ဘူး… သူတို့ ဒီမှာ ဆက်နေနေကြမှာ မဟုတ်ဘူး~~ ဟောင်ကောင်ကိုသာ ကြိုတင်ထွက်ပြေးသွားခဲ့ရင် ပြဿနာအတော်များများ သက်သာသွားမှာပေါ့…
ထို့ကြောင့် ၎င်းတို့သည် ခေတ်ကူးပြောင်းလာသူများလည်း မဖြစ်နိုင်ပေ။
ဆိုရသော် ကမ္ဘာပေါ်တွင် ပြန်လည်မွေးဖွားခြင်းနှင့် ခေတ်ကူးပြောင်းခြင်းများသည် ဤမျှလောက်အထိ မပေါများနိုင်ပေ။
သူမကိုယ်တိုင်သည် ခေတ်ကူးပြောင်းလာသူ ဖြစ်သည်... ဒါဆို သူမရဲ့ မိသားစုမှာ မျိုးရိုးလိုက်တဲ့ ခေတ်ဖြတ်ကူးခြင်း အစဉ်အလာများ ရှိနေလို့လား~~
မဖြစ်နိုင်တာ...
အမှန်တွင် သူမ၏ အဘိုးအဘွားများသည် ထူးဆန်းနေရုံတင်မကဘဲ၊ သူမကိုယ်တိုင်လည်း တော်တော်လေး ထူးဆန်းနေသည်ဟု ခံစားရ၏။
သူမသည် သေချာပေါက် ခေတ်ဖြတ်ကူးလာသူဖြစ်သော်လည်း၊ အချက်အလက် တော်တော်များများတွင် မူလပိုင်ရှင် ချန်ချင်းယွီနှင့် အလွန်အမင်း ဆင်တူလှပြီး၊ အကြိုက်ချင်းကအစ ထပ်တူကျနေခဲ့သည်။
၎င်းတို့၏ စရိုက်လက္ခဏာများ ကွဲပြားသော်လည်း၊ အမူအရာအသေးအမွှားလေးများ၊ အလေ့အထများနှင့် ဝါသနာများမှအစ အတူတူပင် ဖြစ်၏။
ထို့ကြောင့်ပင် သူမ၏ စရိုက်သည် ကြီးကြီးမားမား ပြောင်းလဲသွားခဲ့သော်လည်း အဘွားကြီးကျောက် မည်သည့်အရာကိုမျှ သံသယမဝင်ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် သူမသည် အဘိုးအဘွားများ ပစ္စည်းဝှက်ထားသည့် နေရာများကို တိကျစွာ မြော်မြင်နိုင်စွမ်း ရှိနေ၏။ ဤတိုင်လုံးကြီးကဲ့သို့ပင် အထဲတွင် တစ်ခုခုရှိနေသည်ဟု သူမ ခံစားရလျှင် တကယ်ပင် ရှိနေတတ်သည်။ အကယ်၍ ချန်ချင်းယွီကိုယ်တိုင် ပစ္စည်းတစ်ခုခုကို ဝှက်ချင်သည်ဆိုရင်လည်း ဤကဲ့သို့သော နေရာမျိုးမှာသာ ဝှက်မိမှာ သေချာ၏။
ထို့ကြောင့်ပင် သူမသည် မူလပိုင်ရှင် ချန်ချင်းယွီသည် မိမိ၏ အတိတ်ဘဝ ဖြစ်နေမလားဟု သံယောဇဉ်ဖြစ်ကာ သံသယဝင်မိခြင်း ဖြစ်သည်၊ မဟုတ်လျှင် ၎င်းတို့၏ အတွေးအခေါ် ပုံစံချင်း အဘယ်ကြောင့် ဤမျှလောက်အထိ ဆင်တူနေရပါမည်နည်း။
ချန်ချင်းယွီသည် နှုတ်ခမ်းကို ကိုက်လိုက်ပြီးနောက်၊ ချက်ချင်း ထရပ်ကာ ခြံဝင်းထဲရှိ အိမ်သာဆီသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားခဲ့သည်။ ၎င်းတို့၏ အိမ်ရာဝင်းကြီးများနှင့်မတူဘဲ ဤနေရာတွင် ခြံဝင်းအတွင်း၌ သီးသန့်အိမ်သာတစ်ခု ရှိနေ၏။ ချန်ချင်းယွီသည် တံခါးကို တွန်းဖွင့်လိုက်သည်။ အိမ်သာရှိနေသော်လည်း ဤနေရာတွင် လူမနေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ရာ အတွင်း၌ လုံးဝ ဟောင်းလောင်းဖြစ်နေ၏။
အိမ်သာထဲတွင် ရပ်နေရင်းနှင့် ချန်ချင်းယွီသည် ရုတ်တရက် တူကို မြှောက်ကာ ပြတင်းပေါက်ဘောင်ဆီသို့ ပြင်းထန်စွာ လွှဲရိုက်ချလိုက်တော့သည်။
အိမ်သာတွင် ဘောင်ကွက်လေးများပါသည့် ပြတင်းပေါက်အသေးလေးတစ်ခုနှင့် ပြတင်းပေါက်ဘောင်ရှိနေ၏။
ဤအချက်ကြောင့်ပင် အတိတ်က ချန်ရိကျွင်းသည် ၎င်းမှာ အပေါ်ယံ အလှအပသက်သက်သာဖြစ်ပြီး ဘာမှအသုံးမဝင်သည့် အရာဟု ကွယ်ရာတွင် အမြဲ အပြစ်ပြောလေ့ရှိသည်။
သို့သော် ဤသို့ ထုရိုက်လိုက်သောအခါ... ချန်ချင်းယွီသည် သေတ္တာတစ်လုံးကို အမှန်တကယ် မြင်တွေ့လိုက်ရ၏။
ချန်ချင်းယွီသည် အသက်ကို ပြင်းထန်စွာ ရှူသွင်းလိုက်ပြီးနောက်၊ ပြတင်းပေါက်ဘောင်အတွင်းမှ သေတ္တာကို ဆွဲထုတ်လိုက်သည်။
ဒါကတော့ ငါးလုံးမြောက် သေတ္တာပင် ဖြစ်ပေသည်...
သူမ၏ မျက်နှာတစ်ခုလုံး ချက်ချင်းပင် သွေးဆုတ်ဖြူလျော်သွားခဲ့ရ၏။
သူမသည် မိမိ၏ ကလေးဘဝကို ပြန်လည်တွေးတောမိသွားသည်~~~ မူလပိုင်ရှင်၏ ကလေးဘဝမဟုတ်ဘဲ၊ သူမကိုယ်တိုင်၏ ကလေးဘဝ ဖြစ်သည်။ သူမသည် မိဘမဲ့ဂေဟာတွင် ကြီးပြင်းခဲ့ရသူ ဖြစ်၍ မိဘမဲ့ဂေဟာက ၎င်းတို့ကို ကောင်းစွာ စောင့်ရှောက်ပေးခဲ့သော်လည်း အရင်းအမြစ်များသည်ကား အကန့်အသတ် ရှိလှ၏~~ ဆရာ၊ ဆရာမ နည်းပါးပြီး ကလေးများပြားလှကာ၊ ဘတ်ဂျက်မှာလည်း ကျပ်တည်းလှသည်။ ဆရာမများ ဂရုမစိုက်ခြင်းမဟုတ်ဘဲ၊ လက်တွေ့တွင် ကလေးများပြားလွန်းသဖြင့် အစစအရာရာ မနိုင်မနင်း ဖြစ်ရခြင်း ဖြစ်၏။
ထို့ကြောင့် ကလေးများအကြားတွင် ရန်ပွဲများနှင့် မတင်မကျဖြစ်မှုများ ခဏခဏ ဖြစ်ပွားလေ့ရှိသည်။ ချန်ချင်းယွီသည် တစ်ခါတလေတွင် မိမိ၏ ပစ္စည်းလေးများကို တိတ်တဆိတ် ဝှက်ထားတတ်သော်လည်း၊ တစ်ခါတရံတွင် ခိုးယူခြင်း ခံရတတ်၏။
သူမသည် တစ်ကြိမ်တွင် ညည်းတွားခဲ့ဖူးသည် ~~
"အကယ်၍ ငါသာ ဘယ်သူမှ ရှာမတွေ့နိုင်မယ့် နေရာမျိုးမှာ ပစ္စည်းဝှက်ချင်တယ်ဆိုရင်၊ အိမ်သာထဲမှာ ဝှက်ပြီး ဘိလပ်မြေနဲ့ ပိတ်ပစ်လိုက်မယ်။ ဘယ်သူမှ ရှာမတွေ့နိုင်စေရဘူး... လုံးဝပဲ..."
၎င်းမှာ သူမ၏ ငယ်စဉ်က ဖြုစင်ရိုးသားစွာ တွေးတောခဲ့ဖူးသည့် ကလေးအတွေးလေး ဖြစ်သည်။
သို့သော်လည်း... သူမ၏ အဘိုးအဘွားများသည် ယခု ဤနေရာတွင် ပစ္စည်းကို အမှန်တကယ် လာရောက်ဝှက်ထားခဲ့ကြသည်တကား။
ချန်ချင်းယွီ တစ်ယောက် ဆွံ့အသွားရသည်။
သူမသည် နားထင်ကို ခပ်ဖွဖွလေး နှိပ်လိုက်မိပြီး၊ မျက်နှာမှာ ပို၍ပင် ဖြူလျော်သွားခဲ့၏။
သူမသည် တစ်ခုခုကို သက်သေပြချင်သဖြင့် ဤနေရာသို့ လာရောက်ထုခွဲခဲ့ခြင်းဖြစ်သော်လည်း၊ ဤသက်သေပြချက်မှာ ချန်ချင်းယွီကို တကယ့်ကို မိန်းမောတွေဝေသွားစေခဲ့သည်။
မဖြစ်နိုင်တာ... သူမက တကယ်ပဲ မူလပိုင်ရှင် ချန်ချင်းယွီ ဖြစ်နေခဲ့တာလား~~
ဒါပေမဲ့ သူမက (အတိတ်က) ဘာလို့ ဒီလောက်အထိ အားနွဲ့ပြီး အနိုင်ကျင့်ခံနေခဲ့ရတာလဲ…
သူမက ဘာလို့ အဘိုးအဘွားတွေကို ဒီကနေ ကြိုတင်ထွက်ပြေးဖို့ အကြံမပေးခဲ့တာလဲ…
ချန်ချင်းယွီသည် ခေါင်းကို ခပ်ဖွဖွပွတ်ကာ၊ ကြမ်းပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ရင်း သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်မိတော့သည်။
သေတ္တာ သုံးလုံး တပြိုင်နက်တည်း ရှာတွေ့ခဲ့သော်လည်း၊ ချန်ချင်းယွီ၏ စိတ်ထဲတွင် အထူးတလည် ပျော်ရွှင်ခြင်း မရှိလှပေ။
သူမသည်... မိမိကိုယ်မိမိ တကယ်ပဲ ချန်ချင်းယွီ ဖြစ်နေမလားဟု အကြီးအကျယ် သံသယဝင်လာခဲ့၏။
အား... တကယ်ပဲလား...
ဒါဆိုရင် သူမ ခေတ်ကူးပြောင်းလာရတာက လင်းကျန့်ဝမ် သေဆုံးသွားလို့ မဟုတ်ဘူးပေါ့...
ဒါဆို သူမက ဘာလို့ ကိုယ့်ရဲ့ အတိတ်မှတ်ဉာဏ်တွေကို မမှတ်မိရတာလဲ…
ချန်ချင်းယွီ တစ်ယောက် တကယ့်ကို ဇဝေဇဝါ ဖြစ်ရပြီး အတွေးများ ရှုပ်ထွေးနေတော့သည်။
မူလပိုင်ရှင်က တကယ့်ကို အားနွဲ့ပြီး စိတ်ဓာတ်ပျော့ညံ့တဲ့လူစားမျိုးလေ၊ ဘယ်လိုလုပ်ပြီး ငါ ဖြစ်နေနိုင်ပါ့မလဲ…
ဤသို့ သံသယများ ရှိနေသော်လည်း ချန်ချင်းယွီတွင် နားမလည်နိုင်သည့် အချက်အလက်များစွာ ရှိနေဆဲပင်… ယခုအချိန်တွင် သူမ၏ မေးခွန်းများကို အဖြေပေးမည့်သူ မရှိသဖြင့် မိမိဘာသာ မှတ်မိလာအောင်သာ ကြိုးစားရမည်ဖြစ်သော်လည်း၊ ၎င်းမှာ ဖြစ်နိုင်ခြေ အလွန်နည်းပါးလှ၏။ ချန်ချင်းယွီသည် နှုတ်ခမ်းကို စေ့လိုက်ပြီး ခဏမျှ ဝေခွဲမရဖြစ်နေသော်လည်း၊ မကြာမီမှာပင် စိတ်ဓာတ်ကို ပြန်လည် မြှင့်တင်လိုက်နိုင်သည်။
သူမသည် မူလပိုင်ရှင် ဖြစ်စေ၊ မဖြစ်စေ ဘဝသည်ကား ပုံမှန်အတိုင်း ရှေ့ဆက်ရမည်သာ ဖြစ်၏။ ထိုအရာများအားလုံးသည် အတိတ်မှာ ကျန်ရစ်ခဲ့ပြီဖြစ်ရာ၊ သူမအနေဖြင့် ရှေ့သို့သာ လျှောက်လှမ်းရပေလိမ့်မည်။
ထိုအတိတ်က ကိစ္စရပ်များ၊ လွန်ခဲ့ပြီးသော နေ့ရက်များနှင့် ပတ်သက်၍မူ လောလောဆယ် ဘေးဖယ်ထားလိုက်တော့မည်။ ၎င်းတို့ကို တနုံ့နုံ့တွေးနေခြင်းသည် အကျိုးမရှိလှပေ၊ မည်သည့် အချိန်ကျမှ နားလည်နိုင်မည်ကိုလည်း မည်သူသိနိုင်မည်နည်း။ သူမ ပထမဆုံး ခေတ်ကူးပြောင်း လာချိန်ဟု ထင်မှတ်ထားသောအချိန်မှာ ပထမဆုံး ခေတ်ကူးလာခြင်း မဟုတ်သည့်အပြင် သူမမှာ အစစ်အမှန် ချန်ချင်းယွီကိုယ်တိုင် ဖြစ်နေလိမ့်မည်ဟုလည်း ထင်မှတ်မထားခဲ့ဖူးပေ။
သူမအနေဖြင့် အပြည့်အဝ မသေချာသော်လည်း၊ စိတ်ထဲတွင် ထိုသို့သော ခံစားချက်မျိုး ရှိနေသည်။
သူမသည် နှုတ်ခမ်းကို စေ့လိုက်မိ၏။
စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းချုပ်ပြီးနောက်၊ ပျက်စီးသွားသည့် နေရာများကို ချက်ချင်းပင် လိုက်လံရှင်းလင်းရန် ဆုံးဖြတ်လိုက်သည်၊ မဟုတ်လျှင် ချန်ရိကျွင်း သိသွားပါက သေချာပေါက် သံသယဝင်ပေလိမ့်မည်။
ချန်ရိကျွင်း မြေလှန်တူးဆွထားသည်ဟု သူမ ရိပ်မိသကဲ့သို့ပင်၊ သူမ ထုခွဲဖျက်ဆီးသွားသည်ကိုလည်း သူ သေချာပေါက် ရိပ်မိသွားနိုင်၏။
နှစ်ပေါင်းများစွာ လူသူကင်းမဲ့ပြီး သရဲခြောက်သည်ဟု နာမည်ကြီးနေသည့် ဤအိမ်စုတ်ကြီးထဲသို့ ပြင်ပလူတစ်ယောက် ပစ္စည်းလာရှာစရာ အကြောင်းမှ မရှိပေ။
သူမ ခဏမျှ စဉ်းစားလိုက်ပြီးနောက်၊ ဝှက်ထားသည့် ပစ္စည်းများ၏ သဲလွန်စများကို ဖုံးကွယ်ရန်အတွက် အဆောက်အအုံ ပျက်စီးယိုယွင်းမှုကြောင့် ဖြစ်ပေါ်လာသည့် သဘာဝကျကျ ပုံစံမျိုးဖြစ်အောင် နောက်ထပ် အကြိမ်အနည်းငယ် ထပ်မံထုရိုက်ပစ်လိုက်သည်။
ထို့နောက် အတွင်းဘက်သို့ ဝင်လာခဲ့ပြီး၊ အတွင်းပိုင်းကို ရှင်းလင်းရသည်မှာ ပို၍ပင် လွယ်ကူလှပေ၏။ ချန်ချင်းယွီသည် တိုင်လုံးတစ်လုံးကို ရိုက်ခွဲလိုက်ရာ အပျက်အစီးအစအနများ ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲသွားခဲ့သည်။
ဤသည်မှာလည်း ချန်ရိကျွင်း မြေကြီးများကို တူးဆွထားခဲ့ခြင်းကြောင့် အောက်ခြေဖောင်ဒေးရှင်း ပျက်စီးကာ တိုင်လုံးများ ပြိုကျပျက်စီးသွားရသည့် သဘာဝပုံစံမျိုး ဖြစ်သွားစေ၏။
မထွက်ခွာမီ ချန်ချင်းယွီသည် ပြတင်းပေါက်ကို ဖွင့်ထားခဲ့လိုက်သည်။ မကြာသေးမီရက်ပိုင်းက နှင်းများ ကျဆင်းနေခဲ့သဖြင့်၊ နိမ့်ကျသည့် ဤနေရာတွင် ရေများ သေချာပေါက် ဝပ်လာနိုင်ပြီး၊ ကျောက်တိုင်ကြီးများ ပြိုကျပျက်စီးသွားခြင်းကို ပို၍ပင် သဘာဝကျသွားစေလိမ့်မည်။
ချန်ချင်းယွီ သက်ပြင်းချလိုက်မိသည်။ အမှန်အတိုင်းပြောရလျှင် မိမိပစ္စည်းကို မိမိပြန်ရှာဖွေရန်အတွက် ဤမျှအထိ ဒုက္ခခံနေရသည်မှာ တကယ့်ကို မလွယ်ကူလှပေ။
သူမသည် ပိုက်ဆံများနှင့် ရွှေပြားများကို သိမ်းဆည်းရင်း ပွစိပွစိ ရေရွတ်ကာ၊ တူကိုကောက်၍ သစ်သားသေတ္တာကိုပါ ရိုက်ခွဲပစ်လိုက်၏။ သို့သော်လည်း ၎င်းကို ဤနေရာတွင် ချန်ထားခဲ့ခြင်းမရှိဘဲ တံခါးအပြင်ဘက်သို့ တစ်ပါတည်း သယ်ထုတ်လာခဲ့သည်။ ချန်ချင်းယွီသည် အိမ်ထဲသို့ဝင်လျှင် ရှေ့တံခါးမှ ဝင်လေ့ရှိပြီး ထွက်လျှင် နောက်တံခါးမှ ထွက်လေ့ရှိသော်လည်း၊ ယနေ့တွင်မူ ထိုသို့မလုပ်ခဲ့ပေ။ သူမသည် နံရံပေါ်သို့ တွားတက်ကာ အမိုးစွန်းအတိုင်း လျှောက်လှမ်းခဲ့သည်။ ထိုအမြင့်မှ လှမ်းကြည့်လိုက်လျှင် သူမ၏ ဘယ်ဘက်ရှိ အိမ်တွင် မီးလင်းနေသည်ကို မြင်တွေ့ရသည်။ ဆိတ်ငြိမ်သည့် ခြံဝင်းတစ်ခုဖြစ်ပြီး လေပြင်းများက အသံကို ဖုံးကွယ်ပေးထားသည်ဆိုသော်ငြား တစ်ခုခုကို ပြင်းထန်စွာ ထုခွဲလိုက်သည့် အသံသည် အနည်းနှင့်အများ ထွက်ပေါ်သွားနိုင်ပေ၏။
သူမ တံခါးမှ ထွက်မသွားသဖြင့်၊ တစ်ယောက်ယောက် ချောင်းမြောင်းကြည့်ရှုနေလျှင်ပင် မည်သည့်အရာကိုမျှ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။
ချန်ချင်းယွီသည် တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။
သူမသည် ထိုနေရာတွင် အတော်ကြာအောင် အချိန်ဖြုန်းခဲ့ပြီးဖြစ်သဖြင့်၊ မှောင်ခိုဈေးဘက်သို့ ခပ်သွက်သွက်လေး ပြေးလာခဲ့၏။ လမ်းတွင် အမှိုက်ပုံးတစ်ခုကို ဖြတ်ကျော်စဉ် ပျက်စီးသွားသည့် သစ်သားသေတ္တာအကျိုးအပဲ့များကို အထဲသို့ ပစ်ထည့်လိုက်ပြီးနောက်၊ နောက်ဆုံးတွင် မှောင်ခိုဈေးအတွင်းသို့ ဝင်ရောက်လာခဲ့တော့သည်။ အချိန်မှာ တော်တော်လေး နောက်ကျနေပြီ ဖြစ်သော်လည်း မှောင်ခိုဈေးအတွင်း၌ လူများဖြင့် တိုးဝှေ့စည်ကားနေဆဲပင် ဖြစ်၏။
ဒါကတော့ သဘာဝကျပါတယ်~~ ယနေ့နှင့် မနက်ဖြန်သည် နှစ်သစ်ကူးမတိုင်ခင် နောက်ဆုံး နှစ်ရက်ဖြစ်သဖြင့် သေချာပေါက် လူစည်ကားနေမည်သာ…
ချန်ချင်းယွီသည် သူမ၏ မျက်နှာကို ဖုံးကွယ်ထားပြီး၊ အလွန်အမင်း သတိကြီးစွာ ဝတ်ဆင်ထားဆဲဖြစ်ကာ၊ အသားတန်းဆီသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားခဲ့သည်။ မှန်၏~~ ဤအသားသည် ယခင်က ချဲယုံဖုန်းညီအစ်ကိုများနှင့် ရန်ပွဲဖြစ်ခဲ့သည့် အသားသည်ပင် ဖြစ်သည်။ ထိုစဉ်က သူ အတော်အတန် အရှုံးပေါ်ခဲ့သော်လည်း၊ ယခုအထိ ဤနေရာ၌ ဆက်လက် အရောင်းအဝယ် လုပ်ရဲနေသေးသည်မှာ သူ့တွင် နောက်ခံအဆက်အသွယ် ကောင်းကောင်းရှိကြောင်း ပြသနေ၏။
ချန်ချင်းယွီ : "ကျွန်တော် အသား ကျင်း ၂၀ လောက် လိုချင်တယ်"
ဤကဲ့သို့သော ပစ္စည်းမျိုးသည် ဘယ်လောက်ရှိရှိ မများလွန်းလှပေ။
မည်သို့ပင်ဖြစ်စေ နှစ်သစ်ကူးပြီးပါက မှောင်ခိုဈေးသည် အတန်ကြာအောင် တိတ်ဆိတ်သွားမည်သာ…
"ကောင်းပါပြီ၊ ဘယ်အခြမ်းကို လိုချင်လဲ…ကျွန်တော် ဖြတ်ပေးမယ်"
အများကြီး ဝယ်ယူသူဖြစ်သဖြင့် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုကို ရရှိခြင်းမှာ မဆန်းပေ။
ချန်ချင်းယွီ တိုးတိုးလေး ကပ်မေးလိုက်၏။
"နှစ်သစ်ကူးပြီးရင်လည်း အသား ဆက်ရောင်းဦးမှာလား"
"နှစ်သစ်ကူးပြီးရင်တော့ ရက်အနည်းငယ် နားဦးမှာဗျ… လူတွေက နှစ်သစ်ကူးမတိုင်ခင်မှာ ပိုက်ဆံတွေ အကုန်သုံးပစ်လိုက်ကြတော့၊ ပြီးရင် အရောင်းအဝယ်က သိပ်မရှိတော့ဘူး~~ ရာသီဥတုကလည်း ဒီလောက်ချမ်းတာ၊ အိမ်မှာပဲ အိပ်နေတာ ပိုကောင်းပါတယ်၊ အကယ်၍ ခင်ဗျား ပိုလိုချင်ရင် အခုပဲ ပိုဝယ်ထားလိုက်~~ နှစ်သစ်ကူးပြီးရင်တော့ ကျွန်တော်တို့ သေချာပေါက် ရက်အနည်းငယ် ပိတ်မှာ၊ အဲ့ဒီအချိန်ကျရင် မှောင်ခိုဈေးမှာ ဈေးသည်တွေ သိပ်ရှိမှာ မဟုတ်ဘူး၊ ကျွန်တော် သိသလောက်တော့ လူတော်တော်များများက နှစ်သစ်ကူးပြီးရင် အနည်းဆုံး အလုပ်နားကြလိမ့်မယ်၊ တစ်လခွဲလောက်အထိ ကြာနိုင်တယ်"
အသားသည်မှာ ပြန်ပြောလေသည်။
ချန်ချင်းယွီ : "ဒါဆိုရင် နောက်ထပ် ၅ ကျင်း ထပ်ပေးပါဦး"
ဆောင်းတွင်းကြီးမို့လို့ အသားတွေ ပုပ်သိုးမသွားနိုင်ပါဘူးလေ…
ချန်ချင်းယွီ မနေနိုင်ကာ
"နောက်ထပ် ၅ ကျင်း ထပ်ထည့်ပေးပါဦး"
"ကောင်းပါပြီဗျာ"
သူမသည် တစ်ပြိုင်နက်တည်း အသား ၃၀ ကျင်း အထိ ဝယ်ယူလိုက်ခြင်း ဖြစ်ရာ၊ ၎င်းမှာ တစ်ခါမှ မကြားဖူးလောက်အောင် အလွန် ရှားပါးလှသည့် ကိစ္စပင် ဖြစ်သည်။
လူအများစုမှာ နှစ်သစ်ကူးရက်ကြီးတွင်ပင် အသား တစ်ကျင်း သို့မဟုတ် နှစ်ကျင်းသာ ဝယ်ယူတတ်ကြပြီး၊ ပုံမှန်ရက်များတွင်မူ အောင်စအနည်းငယ် (နှစ်လျန်) ခန့်သာ ဝယ်ယူလေ့ရှိကြသည် မဟုတ်လော့…
တစ်ခါတည်းနဲ့ ကျင်း ၃၀ အထိ ဝယ်ယူတာကြီးက တကယ့်ကို အံ့ဩစရာပဲ~~
သို့သော်လည်း ထိုအသားသည်မှာ ဘာမျှ ထပ်မံမမေးမြန်းခဲ့ပေ။ ဘာပဲဖြစ်ဖြစ် ချန်ချင်းယွီသည် ဤမှောင်ခိုဈေးထဲတွင် အတော်အတန် နာမည်ကြီးနေသူ ဖြစ်သည်။
လူတွေ သူမအပေါ် ထားရှိသည့် အထင်အမြင်ကတော့ ~~
လူကောင်သေးသော်လည်း ခွန်အားကြီးမားပြီး၊ အိမ်တွင် လူဦးရေ အမြောက်အမြား ရှိသည့် ယောက်ျားတစ်ဦး ~~~ဟူ၍ ဖြစ်၏။
ဘာကြောင့်လဲဆိုသော် သူ (သူမ) သည် အမြဲတမ်း ပစ္စည်းများကို အမြောက်အမြား ဝယ်ယူလေ့ရှိပြီး၊ မကြာခဏလည်း ပြန်လာတတ်လေသည်။ ၎င်းမှာ အိမ်တွင် လူဦးရေ အများကြီး မရှိလျှင် ဤမျှလောက်အထိ အစားအသောက် ကုန်နိုင်စရာ အကြောင်းမရှိပေ။
သို့သော်လည်း သူသည် အမြဲတမ်း ပစ္စည်းအများကြီး ဝယ်ယူလေ့ရှိသဖြင့် လူတိုင်း သူ့ကို မှတ်မိနေကြခြင်း ဖြစ်၏။
ထို့ပြင် သူ၏ ခွန်အားကြီးမားမှုကြောင့် လူကောင်သေးသော်လည်း မည်သူမှ သူမကို အမျိုးသမီးတစ်ဦး ဖြစ်လိမ့်မည်ဟု သံသယ မဝင်ခဲ့ကြပေ။
ချန်ချင်းယွီသည် အသားများကို ဝယ်ယူပြီးနောက်၊ ထုံးစံအတိုင်း ဆန်နှင့် ဂျုံမှုန့်များကိုပါ ဆက်လက်ဝယ်ယူခဲ့သည်။ သူမ ဤမှောင်ခိုဈေးတွင် ပစ္စည်းများ စတင်ဝယ်ယူချိန်မှစ၍ ၎င်းတို့အိမ်တွင် ဂျုံမှုန့်အိတ်များ လုံးဝ ပြတ်လတ်ခြင်း မရှိခဲ့ပေ။ ချန်ချင်းယွီသည် အမြဲတမ်း အိတ်လိုက် အပြည့် ဝယ်ယူလေ့ရှိ၏။ ချန်ချင်းယွီသည် လက်တစ်ဖက်စီတွင် အိတ်ကြီးအိတ်ငယ်များကို ဆွဲလျက်၊ ဂျုံမှုန့်အိတ် အချို့ကိုပါ သယ်ဆောင်ရင်း မှောင်ခိုဈေးအတွင်း လှည့်လည်ကြည့်ရှုနေခဲ့သည်။
ဒါက တကယ့်ကိုပဲ...
ဖြတ်သန်းသွားလာသမျှ လူတိုင်းသူမကို လှည့်ကြည့် လှည့်ကြည့် လုပ်နေကြရ၏။
ဒါကတော့ တကယ့်ကို ပုံကြီးချဲ့လွန်းရာ ကျနေပြီ…
အခြေအနေကို မသိသည့်လူဆိုလျှင် သူမသည် ကမ္ဘာပျက်မည့် ကိစ္စကြီးတစ်ခုခုအတွက် ရိက္ခာများ ကြိုတင်စုဆောင်းနေသည်ဟုပင် ထင်မှတ်ကြပေလိမ့်မည်။
ချန်ချင်းယွီသည် ဈေးဝယ်နေရင်းနှင့် အသိအကျွမ်း အချို့နှင့်ပင် ရုတ်တရက် ဆုံတွေ့ခဲ့သေးသည်။
အင်း... ကြည့်ရတာ နှစ်သစ်ကူးမှာ ကောင်းကောင်းမွန်မွန် ဖြတ်သန်းချင်ကြတဲ့ လူတိုင်းကတော့မှောင်ခိုဈေးနဲ့ မကင်းနိုင်ကြပါလား~~
သူမသည် ဟိုဟိုဒီဒီ သတိထားကြည့်ရှုနေသည့် ဝမ်မေ့လန်ကို မြင်တွေ့လိုက်ရသည်...
ထို့ပြင် ဝမ်တာ့ချွေကိုလည်း မြင်တွေ့လိုက်ရသေးသည်၊ သူ၏ ရုပ်ဖျက်ထားမှုမှာ တကယ့်ကို ပေါ်လွင်လွန်းသဖြင့် အလွယ်တကူပင် မှတ်မိနိုင်ပေသည်...
နေဦး... ဝမ်တာ့ချွေက ဆေးရုံမှာ ရှိနေရမှာ မဟုတ်ဘူးလား…
ဒီကောင်က ကြည့်ရသလောက်တော့ သူ ပုံပန်းသဏ္ဍာန်အတိုင်း ရိုးသားတဲ့လူစားမျိုး မဟုတ်ဘူးပဲ~~
သူမသည် မာကျန်းကိုလည်း မြင်တွေ့လိုက်ရပြန်သည်...
တကယ့်ကို တိုက်ဆိုင်လွန်းလှ၏။ လူတိုင်း ဤမှောင်ခိုဈေးသို့ လာရောက်ပြီး ပစ္စည်းများ ဝယ်ယူနေကြသည့်ပုံပင်။
သို့သော် ၎င်းတို့ကို မြင်တွေ့ရခြင်းသည် ချန်ချင်းယွီကို မိမိ၏ ရုပ်ဖျက်ထားမှုအပေါ် ပိုမို၍ ယုံကြည်မှု ရှိသွားစေခဲ့သည်။
သူတို့ ရုပ်ဖျက်ထားတာကို ကြည့်ပါဦး… သောက်ကျိုးနည်း~~ ဒါကို ရုပ်ဖျက်တယ်လို့ ခေါ်လို့ရမလား…
သူတို့က လမ်းလျှောက်တဲ့ ပုံစံကိုတောင် မပြောင်းလဲကြဘူး၊ အဲ့ဒါကို လူတွေက ဘယ်လိုလုပ်ပြီး မမှတ်မိဘဲ နေမလဲ…
သူမသည် ပစ္စည်းများကို ခပ်သွက်သွက် ဝယ်ယူပြီးနောက် လူအုပ်ကြားထဲမှ တိုးဝှေ့ထွက်လာခဲ့ပြီး ဝယ်လာသည့် အထုပ်အပိုးများကို သယ်ဆောင်ကာ ထွက်ခွာလာခဲ့သည်။ လမ်းခရီးတွင် တစ်ဝင်းထဲရှိလူများနှင့် တိုးမိဆုံမိခြင်းမှ ရှောင်လွှဲနိုင်ရန်အတွက် သူမသည် လမ်းကြားလေးများထဲ သွက်လက်မြန်ဆန်စွာဖြင့် ဟိုကွေ့ဒီပတ် လျှောက်လှမ်းခဲ့၏။
ပစ္စည်းတွေ အများကြီး သယ်ထားရတယ်ဆိုပေမဲ့ သူမက ခွန်အားကြီးမားသူ မဟုတ်လား~~
ဘာမှ ပြဿနာမရှိပါဘူး…
ချန်ချင်းယွီသည် အခြားသူများထက်စော၍ အိမ်သို့ ပြန်ရောက်လာခဲ့သည်။
သူမသည် အိမ်၌ အနားမယူဘဲ ဝယ်လာသည့် ပစ္စည်းများကို ချက်ချင်းပင် စနစ်တကျ လိုက်လံသိမ်းဆည်းတော့သည်၊ သူမ တော်တော်များများ ဝယ်လာခဲ့သည် မဟုတ်လော့၊ အမျိုးအစားလည်း တကယ့်ကို စုံလင်လှ၏။
ချန်ချင်းယွီ ဝယ်လာခဲ့သည့်အရာများထဲတွင် အရှားပါးဆုံးပစ္စည်းမှာ ငှက်ပျောသီး ဖြစ်နိုင်ပေသည်။
နောက်ထပ် နှစ်ပေါင်းများစွာ ကြာသွားသည့်ခေတ်တွင် ငှက်ပျောသီးသည် ဘာမှမဟုတ်ဟု ထင်ရသော်လည်း၊ ယခုခေတ်တွင် ငှက်ပျောသီးကို အထူးသဖြင့် ဆောင်းရာသီတွင် အလွန်ရှားပါးသည့် သစ်သီးအဖြစ် သတ်မှတ်ထားကြ၍ အထင်မသေးသင့်ပေ။
အခြား သစ်သီးဝလံများကဲ့သို့ပင် ဆောင်းတွင်း၌ ၎င်းတို့၏ ဈေးနှုန်းမှာ အလွန်ပင် ကြီးမားလှ၏။
ချန်ချင်းယွီသည် ငှက်ပျောသီးများကို သေချာစွာ သိမ်းဆည်းလိုက်ပြီး၊ ကျန်သည့်အရာများကိုလည်း သက်ဆိုင်ရာ နေရာများသို့ အသီးသီး ပြန်လည်ထည့်သွင်းလိုက်သည်။
ယနေ့တွင် ဖက်ထုပ်များ အများကြီးလုပ်ခဲ့ပြီး ဂျုံမှုန့် တော်တော်များများ သုံးစွဲခဲ့သော်လည်း၊ သူမ ပြန်လည်ဖြည့်တင်းလိုက်သဖြင့် ဂျုံမှုန့်ပုံးကြီးမှာ ချက်ချင်းပင် ပြန်လည်ပြည့်လျှံသွားခဲ့၏။
သူမသည် ပစ္စည်းများကို မကြာခဏ ကြိုတင်စုဆောင်းတတ်သောကြောင့်၊ ပြီးခဲ့သည့် နွေရာသီကတည်းက တစ်ပတ်ရစ် ဗီရိုအိုကြီးတစ်လုံးကို ဝယ်ယူထားခဲ့သည်။ ၎င်းကြောင့် အိမ်ခန်းထဲတွင် အနည်းငယ် ကျဉ်းမြောင်းသွားသည်ဟု ခံစားရသော်လည်း ပစ္စည်းများ သိုလှောင်ရန်အတွက်မူ နေရာအမြောက်အမြား ရရှိစေခဲ့၏။ ထို့ပြင် ပစ္စည်းများကိုလည်း လူမမြင်အောင် လုံခြုံစွာ ဖုံးကွယ်ထားနိုင်သည်။
ညသန်းခေါင်ယံအချိန်တွင် ချန်ချင်းယွီတစ်ယောက် ပစ္စည်းများ သိမ်းဆည်းရင်း အလုပ်ရှုပ်နေစဉ်၊ အဘွားကြီးကျောက် အိပ်ချင်မူးတူးဖြင့် တိုးတိုးလေး ရေရွတ်မေးမြန်းလာ၏။
"ချွေးမလား..."
ချန်ချင်းယွီ : "ဟုတ်တယ် ကျွန်မပါ"
အဘွားကြီးကျောက် "အော်..." ဟု ဆိုကာ စိတ်အေးသွားသည့်အမူအရာဖြင့် တစ်ဖက်သို့ စောင်းကာ ဆက်လက်အိပ်ပျော်သွားခဲ့သည်။
ချန်ချင်းယွီသည် ပစ္စည်းအားလုံးကို စနစ်တကျ သိမ်းဆည်းပြီးစီးသွားသောအခါ စိတ်ထဲတွင် များစွာ ကျေနပ် အားရသွားမိ၏။
သူမသည် မိဘမဲ့တစ်ဦး ဖြစ်ခဲ့ဖူးခြင်းကြောင့် သော်လည်းကောင်း၊ သို့မဟုတ် သူမက အစားကြီးပြီး အမြဲတမ်း ဗိုက်ဆာတတ်ခြင်းကြောင့် သော်လည်းကောင်း ငယ်စဉ်ကတည်းက စိတ်လုံခြုံမှု ကင်းမဲ့ခဲ့ရသဖြင့် ပစ္စည်းများ၊ အထူးသဖြင့် စားစရာနှင့် သောက်စရာများကို စုဆောင်းသိမ်းဆည်းရခြင်း၌ ထူးခြားသည့် ဝါသနာတစ်ခု ရှိနေခဲ့သည်။ လျှံပယ်နေသည့် စားသောက်စရာများကို ကြည့်ရှုရင်း ချန်ချင်းယွီ၏ စိတ်ထဲတွင် ထူးခြားသည့် ပျော်ရွှင်မှုမျိုးကို ခံစားရ၏။
စားဝတ်နေရေးမှာ အသက်ရှင်သန်မှုအတွက် အဓိကအကျဆုံး အခြေခံဖြစ်သည်။
ဒီနေ့လည်း တကယ့်ကို ရလဒ်ကောင်းတဲ့ နေ့တစ်နေ့ပါပဲ~~
ချန်ချင်းယွီသည် အဝတ်အစားများကို ခပ်သွက်သွက် လဲလှယ်လိုက်ပြီးနောက် အိပ်ရာထဲသို့ ဝင်ခဲ့၏။ သူမ၏ အိပ်ရာထဲတွင် ရေနွေးပုလင်းလေး တစ်လုံး ရှိနေပြီး၊ သေးငယ်သော်လည်း အတန်အသင့် နွေးထွေးမှုကို ပေးစွမ်းနိုင်သဖြင့် ခန္ဓာကိုယ်ထဲမှ အအေးဓာတ်များကို ချက်ချင်းပင် မောင်းထုတ်ပေးလိုက်နိုင်သည်။ မျက်ခွံများ လေးလံကာ အိပ်ချင်စိတ် ပေါ်လာသောအခါ၊ ချန်ချင်းယွီသည် ဘေးသို့စောင်းကာ ကလေးနှစ်ယောက်ကို စောင် သေချာခြုံပေးလိုက်ရင်း ~~~
မိမိကိုယ်မိမိ မူလပိုင်ရှင် ချန်ချင်းယွီ တကယ်ပဲ ဖြစ်နေမလားဆိုသည့် အသိက ပိုမိုပြင်းထန်လာခဲ့၏။
အကယ်၍ သူမသာ ချန်ချင်းယွီ အစစ်အမှန်မဟုတ်ပါက၊ ရှောင်ကျားနှင့် ရှောင်ယွမ်တို့အပေါ် အဘယ်ကြောင့် ဤမျှအထိ ကြင်နာသနားစိတ် ရှိနေပါမည်နည်း။ ထိုအရာမှာ ၎င်းတို့အပေါ် မသိစိတ်မှ မြစ်ဖျားခံလာသည့် ကြင်နာယုယမှုမျိုး ဖြစ်၏။
သူမသည် အခြားသူ၏ ခန္ဓာကိုယ်ထဲတွင် ရောက်ရှိနေခြင်းကြောင့် ကလေးများကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ရမည်ဟု အမြဲပြောလေ့ရှိသော်လည်း၊ လက်တွေ့တွင် သူမ ဤမျှလောက်အထိ စိတ်ရှည်တတ်သူ မဟုတ်ပေ။ သူမ၏ ကလေးဘဝ အတွေ့အကြုံများကြောင့် အမှန်တိုင်းပြောရလျှင် သူမသည် ကလေးများကို သိပ်သဘောမကျတတ်ပေ။
သို့သော်လည်း သူမသည် ရှောင်ကျားနှင့် ရှောင်ယွမ်တို့အပေါ်တွင်မူ ထူးခြားစွာဖြင့် အလွန်အမင်း စိတ်ရှည်ပေးနိုင်ခဲ့သည်... ကောင်းပြီလေ~~ ၎င်းမှာ ထိုကလေးများသည် သူမကိုယ်တိုင် မွေးဖွားခဲ့သည့် ကလေးများဖြစ်နေခြင်းကြောင့် သော်လည်းကောင်း၊ မသိစိတ်ထဲမှ ၎င်းတို့အပေါ် နူးညံ့ကြင်နာသည့် သံယောဇဉ် ရှိနေခြင်းကြောင့် သော်လည်းကောင်း ဖြစ်နိုင်ပေ၏။
မည်သို့ဆိုစေကာမူ ၎င်းတို့သည် သူမကိုယ်တိုင် ကြီးမားလှသည့် အခက်အခဲများကို ကျော်ဖြတ်ပြီး အသက်နှင့်လဲကာ ဤလောကထဲသို့ သယ်ဆောင်လာခဲ့ရသည့် ရင်သွေးငယ်လေးများသာ…
ချန်ချင်းယွီ၏ အတွေးများ လွင့်ပျံနေခဲ့ပြီး မိမိ၏ အတွေးသည်လည်း အတော်အတန် အဓိပ္ပာယ်ရှိသည်ဟု ခံစားမိသည်။
သို့သော်လည်း သူမတွင် နားမလည်နိုင်သည့် အချက်အလက်များစွာ ရှိနေဆဲပင်...
အကယ်၍ သူမသာ တကယ်ပဲ ချန်ချင်းယွီ ဖြစ်ခဲ့မယ်ဆိုရင်… အတိတ်တုန်းက သူမက ဘာလို့ ဒီလောက်ထိ အားနွဲ့သည့် ပုံစံမျိုး ဖြစ်နေခဲ့ရတာလဲ…
အကယ်၍ သူမသာ တကယ်ပဲ ချန်ချင်းယွီ ဖြစ်ခဲ့မယ်ဆိုရင်~~ သူမက ဘာလို့ ကိုယ့်ရဲ့ အတိတ်မှတ်ဉာဏ်တွေကို မမှတ်မိဘဲ ခေတ်ကူးပြောင်းလာခဲ့တာလို့ပဲ အမြဲတမ်း တွေးနေခဲ့ရတာလဲ~~
အကယ်၍ သူမသာ တကယ်ပဲ ချန်ချင်းယွီ ဖြစ်ခဲ့မယ်ဆိုရင် ~~ သူမရဲ့ အဘိုးအဘွားတွေက ဘာလို့ ဒီကနေ ကြိုတင်မထွက်ခွါသွားခဲ့ကြတာလဲ…
သူမ၏ ဦးနှောက်တစ်ခုလုံး အတွေးများ ရှုပ်ထွေးနေရင်းနှင့်ပင်~~
ချန်ချင်းယွီသည် တဖြည်းဖြည်းနှင့် အိပ်ပျော်သွားခဲ့တော့သည်။
"နေ့ခင်းဘက် စိတ်စွဲလမ်းတာတွေက ညဘက် အိမ်မက်ထဲမှာ ပေါ်လာတတ်တယ်" ဆိုသကဲ့သို့ပင် ထိုနေ့ည၌ ချန်ချင်းယွီသည် အိမ်မက်ဆိုးများကို ဆက်တိုက်မက်ခဲ့၏။ သူမသည် အတိတ်က ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကို အိမ်မက်ထဲတွင် ထပ်ခါတလဲလဲ မြင်မက်နေခဲ့သည်~~ ကြောက်ရွံ့အားနွဲ့နေပုံများ၊ အတန်းဖော်များ၏ အနိုင်ကျင့်ခြင်းကို ခံရပုံများ၊ စရိုက်ဆိုးလှသည့် ဖခင်ဖြစ်သူနှင့် မိထွေးဖြစ်သူတို့၏ နှိပ်စက်မှုကို ခံရပုံများ၊ အဘွားကြီးကျောက်၏ အနိုင်ကျင့်ခြင်းကို ခံရပုံများ...
သို့သော်လည်း ထိုအိမ်မက်ဆိုးများထဲတွင် သူမ၏ အဘိုးအဘွားများက သူမအပေါ် မည်မျှအထိ ကောင်းမွန်ခဲ့ကြပုံနှင့် လင်းကျန့်ဝမ် သူမအပေါ် ဘယ်လောက်အထိ ကြင်နာခဲ့ပုံများကိုပါ တစ်ပါတည်း မြင်မက်ခဲ့ရသည်။
ကောင်းကွက်နှင့် ဆိုးကွက် နှစ်ခုလုံး ရှိနေသဖြင့် ၎င်းကို အစစ်အမှန် အိမ်မက်ဆိုးကြီးတစ်ခုဟု အပြည့်အဝ ဆို၍မရပေ။
၎င်းမှာ သူမကိုယ်တိုင် ဖြတ်သန်းခဲ့ရသည့် ဘဝအတွေ့အကြုံများနှင့် ပို၍ တူလှပေ၏။
ချန်ချင်းယွီသည် အိပ်မက်များပြီးနောက် အလွန်အမင်း နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့ပြီး၊ နံနက်ခင်းတွင် နိုးလာသောအခါ နေမှာ အတော်ပင် မြင့်နေပြီ ဖြစ်သည်။
"အခု ဘယ်နှစ်နာရီ ရှိပြီလဲ ကလေးတို့"
သူမ၏ အချိန်အတော်ကြာ သင်ကြားပေးမှုကြောင့် ကလေးနှစ်ယောက်မှာ နာရီကြည့်တတ်နေပြီ ဖြစ်သည်။
ရှောင်ကျား တိုးတိုးလေး ပြန်ပြောကာ
"ကိုးနာရီ ရှိပြီ မေမေ"
ချန်ချင်းယွီ ချက်ချင်းပင် ထထိုင်
လိုက်မိကာ
"ဗိုက်ဆာနေကြပြီလား"
ရှောင်ကျား : "မဆာပါဘူး၊ သားတို့ ကြက်ဥ ပြုတ်စားပြီးပြီ"
ရှောင်ယွမ်ကလည်း တိုးညင်းသည့် အသံလေးဖြင့်
"တစ်ယောက်တစ်လုံး စားရတယ်"
ချန်ချင်းယွီသည် မျက်နှာကို ခပ်ဖွဖွပွတ်ကာ အဝတ်အစားများ လဲလှယ်ရင်း
"ဒါနဲ့တင် မလောက်ပါဘူး၊ ခဏနေရင် မေမေ မနက်စာ ထပ်လုပ်ပေးမယ်"
မနေ့ညက အိပ်ရာဝင်နောက်ကျခဲ့သဖြင့် နံနက်ခင်းတွင် ဤမျှအထိ နောက်ကျမှ နိုးရခြင်းပင်…
"အဘွားကတော့ အလုပ်သွားပြီ"
ချန်ချင်းယွီ : "မေမေ သိပါတယ်"
၁၂ လပိုင်း ၂၉ ရက် (နှစ်သစ်ကူးမတိုင်ခင် တစ်ရက်အလို) သို့ ရောက်ရှိလာခဲ့ပြီဖြစ်ရာ၊ လူတိုင်း
နှစ်သစ်ကူးပွဲတော်အတွက် အသီးသီး အလုပ်ရှုပ်နေကြ၏။
ချန်ချင်းယွီ ကလေးများအတွက် မနက်စာ ပြင်ဆင်ပေးလိုက်ပြီးနောက် ကလေးလေးနှစ်ယောက်မှာ စားသောက်၍ ချက်ချင်းပင် အပြင်သို့ တပြိုင်နက် ပြေးထွက်သွားကြသည်။ လမ်းကြားထဲတွင် အစ်ကိုကြီး၊ အစ်မကြီး အတော်များများ မီးရှူးမီးပန်းများ ဖောက်နေကြသော်လည်း၊ အသက် သုံးနှစ်အရွယ်သာ ရှိသေးသည့် ကလေးငယ်လေးများမှာမူ မီးပန်းသံကို ကြောက်လန့်သဖြင့် အနားသို့မကပ်ရဲဘဲ အဝေးမှသာ ပျော်ပျော်ရွှင်ရွှင်နှင့် ဝိုင်းဝန်းကြည့်ရှုနေခဲ့ကြ၏။
ချန်ချင်းယွီသည် ကလေးများ ထွက်ခွာသွားသည်ကို စောင့်ကြည့်ပြီးနောက်၊ မနေ့ညက မှောင်ခိုဈေးမှ သူမ ရရှိခဲ့သည့် ရိက္ခာများကို ပြန်လည်သိမ်းဆည်းလိုက်သည်။
သူမ၏ တွက်ချက်မှုအရ စက်ရုံမှ ခေါင်းဆောင်တစ်ဦးပင်လျှင် သူမလောက် ပိုက်ဆံအမြောက်အမြား ရှိလိမ့်မည်မဟုတ်ပေ။
သို့သော်လည်း ချန်ချင်းယွီ ဘဝင်မြင့်မသွားခဲ့ပေ…
သူမတွင် ပိုက်ဆံအများကြီးရှိသော်လည်း စိတ်ကို လွှတ်မထားဘဲ အမြဲတမ်း ထိန်းချုပ်ထား၏။
သူမက တကယ့်ကို ရိုးသားအေးဆေးစွာ နေထိုင်သူ မဟုတ်ပါလား…
ချန်ချင်းယွီသည် ပစ္စည်းအားလုံးကို သိမ်းဆည်းပြီးနောက်၊ ဂျုံမှုန့်ကို နောက်တစ်ကြိမ် နယ်ကာ ဖက်ထုပ်များ ဆက်လုပ်ရန် ပြင်ဆင်လိုက်သည်။
အများကြီးရှိလေ ပိုကောင်းလေပေါ့...
"ရှောင်ချန် ... ရှောင်ချန်လေး... ညည်းကို လာရှာတဲ့လူ ရှိတယ်အေ"
အပြင်မှ ပြန်လာသည့် အဒေါ်ကြီးမေ့ တံခါးကို လာရောက်ခေါက်ကာ လှမ်းအော်လိုက်ခြင်း ဖြစ်၏။
ချန်ချင်းယွီ ဇဝေဇဝါဖြစ်စွာဖြင့် တံခါးကို ဖွင့်လိုက်ရင်း
"ကျွန်မကို လာရှာတာလား"
သူမ အလွန်အံ့ဩသွားပြီးနောက် အပြင်သို့ ခပ်သွက်သွက် လိုက်ထွက်လာခဲ့သည်။
ဘယ်သူကများ သူမကို လာရှာတာပါလိမ့်…
သို့သော် အပြင်သို့ ရောက်ရှိလာသောအခါ ချန်ချင်းယွီတစ်ယောက် ခဏမျှ မှင်တက်သွားရ၏။
လာရောက်သည့်သူမှာ ဒုတိယ စက်ရုံမှူးဟယ် ဖြစ်နေလိမ့်မည်ဟု သူမ လုံးဝ ထင်မထားခဲ့မိပေ။ သူ တစ်ယောက်တည်းလာခြင်းမဟုတ်ဘဲ သူနှင့်အတူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးပါ ပါရှိနေသေးသည်။
ထိုအမျိုးသမီးကိုမူ ချန်ချင်းယွီ မသိပေ၊ အသက် သုံးဆယ်နှောင်းပိုင်း သို့မဟုတ် လေးဆယ်နီးပါးခန့် ရှိမည့်ပုံပေါ်ပြီး သပ်ရပ်ကျနစွာ ဝတ်ဆင်ထား၏။ ကျန်ရှိနေသည့် အမျိုးသားတစ်ဦးကိုမူ ချန်ချင်းယွီ ကောင်းစွာမှတ်မိသည်။ လွန်ခဲ့သည့်အကြိမ် သူမကို လာရောက်စကားစမြည် ပြောခဲ့ဖူးသူပင်။
ထိုစဉ်က သူသည် သူမ၏ အဘိုးကို ဆရာကြီးကျန်း ဟု ခေါ်ဆိုခဲ့ပြီး၊ မိမိ၏အမည်မှာ ဟယ်ကျန့် ဟု မိတ်ဆက်ခဲ့၏။
(အရင်အပိုင်းမှာ ဟော်ကျင့်လို့ ပြန်မိထားတာထင်တယ် အမှန်က ဟယ်ကျန့်ပါ နောက်လည်း ဟယ်ကျန့်လိုပဲ သုံးမှာပါ)
ဒုတိယ စက်ရုံမှူးဟယ်... ဟယ်ကျန့် ကြည့်ရသည်မှာ ၎င်းတို့သည် ဆွေမျိုးတော်စပ်ကြသည့်ပုံပင်။
ချန်ချင်းယွီ အံ့ဩတကြီးဖြင့်
"ရှင်တို့က ကျွန်မကို လာရှာတာလား"
ဒုတိယ စက်ရုံမှူးဟယ်သည် ချန်ချင်းယွီ၏ လှပချောမောမှုကြောင့် အမှန်တကယ်ပင် အံ့အားသင့်သွားရပြီး ခဏမျှ ကြောင်ကြည့်နေမိသည်။ သို့သော်လည်း သူသည် စကားကို ချက်ချင်းပြန်ထိန်းလိုက်ပြီး
"မင်္ဂလာပါ ရဲဘော်ချန်၊ မနေ့က ကျွန်တော့်အဖေကို ကယ်တင်ခဲ့တာ ခင်ဗျား ဟုတ်တယ်မလား"
ချန်ချင်းယွီ : "ရေထဲပြုတ်ကျတဲ့လူကိုလားရှင့်"
ဒုတိယ စက်ရုံမှူးဟယ် ခေါင်းငြိတ်ပြကာ
"ဟုတ်ပါတယ်"
ချန်ချင်းယွီ လက်ကို ခါယမ်းပြရင်း ယဉ်ကျေးပျူငှာစွာဖြင့်
"သူ့ကိုကယ်တာ ကျွန်မ တစ်ယောက်တည်း မဟုတ်ပါဘူးရှင့်၊ အားလုံး ဝိုင်းဝန်းကူညီကြလို့ပါ… ကျွန်မက မိန်းမသားတစ်ယောက်ဆိုတော့ အများကြီးလည်း မကူညီနိုင်ခဲ့ပါဘူး"
"အားလုံး ဝိုင်းကူကြတာကို ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ ခင်ဗျားကိုလည်း တကယ်ပဲ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်… သူ့ကို ကမ်းပေါ်ရောက်အောင် ဆွဲတင်ပေးခဲ့တာ ခင်ဗျား မဟုတ်လား၊ အကယ်၍ ခင်ဗျားသာ မရှိရင် ရေခဲပြင်က ပိုပြီး အက်ကွဲသွားနိုင်ပြီး၊ နောက်ဆက်တွဲ ရလဒ်တွေကတော့ တွေးဝံ့စရာတောင် ရှိမှာမဟုတ်ဘူး"
ဒုတိယ စက်ရုံမှူးဟယ်မှာ
"ကျွန်တော်တို့ကို အိမ်ထဲပေးဝင်ပြီး အခြေအနေလေးဘာလေး စကားပြောခွင့် မပြုဘူးလား"
ချန်ချင်းယွီ : "အော်... ဝင်ခဲ့ကြပါရှင့်… ကျွန်မတို့အိမ်က ကျဉ်းကျဉ်းလေးမို့လို့ ဧည့်သည်လည်း သိပ်မလာဖူးဘူး~~ ကြွကြပါရှင်"
ဧည့်သည်များ ရောက်ရှိလာခြင်းကြောင့် ခြံဝင်းအတွင်းရှိ အခြားအိမ်ထောင်စုများမှ လူများလည်း အပြင်သို့ထွက်ကာ စပ်စုကြည့်ရှုနေကြသည်။
ဤနေရာသည် စက်မှုစက်ရုံ၏ ဝန်ထမ်းအိမ်ရာဝင်း ဖြစ်သဖြင့် လူတိုင်း ဒုတိယ စက်ရုံမှူးဟယ်ကို ကောင်းစွာ သိကြသည်သာ…
ထိုသူ သုံးဦးစလုံးသည် လက်ထဲတွင် လက်ဆောင်ပစ္စည်းများကိုယ်စီ ကိုင်ဆောင်ကာ အိမ်ထဲသို့ အတူတူ ဝင်ရောက်လာခဲ့ကြ၏။ ဒုတိယ စက်ရုံမှူးဟယ်သည် သူနှင့်အတူပါလာသည့် အမျိုးသမီးကို တစ်ချက်လှမ်းကြည့်လိုက်ရာ၊ ထိုအမျိုးသမီးသည် ချက်ချင်းပင် စကားဆိုလာခဲ့သည်။
"ဒီကိစ္စအတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်… အခုက နှစ်သစ်ကူးကာလလည်း နီးနေပြီဆိုတော့ ကူညီပေးခဲ့တဲ့လူတိုင်းဆီ လိုက်လံနှုတ်ဆက်ရင် ကောင်းမယ်လို့ တွေးမိလို့ပါ~~ ဒီပစ္စည်းတွေက ဘာမှမဟုတ်လှပေမဲ့ ကျွန်မတို့ရဲ့ လှိုက်လှဲတဲ့ ကျေးဇူးတင်လွှာ အထိမ်းအမှတ်လေးမို့လို့ ကျေးဇူးပြုပြီး လက်ခံပေးပါဦးရှင်"
ချန်ချင်းယွီ : "မလိုပါဘူးရှင့်၊ ကျွန်မ တကယ်ပဲ ဘာမှအများကြီး မလုပ်ခဲ့ရပါဘူး"
"ခင်ဗျား တော်တော်များများ ကူညီပေးခဲ့တာပါ"
ဒုတိယ စက်ရုံမှူးဟယ် ဆိုလေသည်။
"ခင်ဗျားသာ ဝိုင်းမကူညီပေးခဲ့ရင် ကျွန်တော့်အဖေက တကယ့်ကို အန္တရာယ်ကြီးနဲ့ ကြုံတွေ့သွားရနိုင်လို့ပါ"
သူ၏ လေသံအရ ၎င်းတို့သည် သူမတစ်ဦးတည်းအိမ်သို့ လာခြင်းမဟုတ်ဘဲ ကူညီပေးခဲ့သည့် အိမ်ထောင်စုတိုင်းဆီသို့ လိုက်လံနှုတ်ဆက်နေခြင်း ဖြစ်ကြောင်း ချန်ချင်းယွီ ရိပ်မိလိုက်၏။ သို့သော်လည်း ချန်ချင်းယွီသည် ဤအမျိုးသားနှင့် ပတ်သက်မှု သိပ်မရှိချင်ပေ။ သူမ သူ့အကြောင်းကို ကောင်းစွာ သိရှိထားပြီးသား ဖြစ်သည်။
ချန်ချင်းယွီ ယဉ်ကျေးသော်လည်း အနည်းငယ် စိမ်းကားအေးစက်သည့် လေသံဖြင့်
"ဒါက လုပ်သင့်လုပ်ထိုက်တဲ့ အရာပဲဥစ္စာ၊ အဲ့ဒီလို အခြေအနေမျိုးဆိုရင် ဘယ်သူမဆို ဝိုင်းကူကြမှာပါ၊ ကျွန်မလည်း တကယ် ဘာမှ ထူးထူးခြားခြား မလုပ်ခဲ့ရပါဘူး"
"အော်... ဟုတ်သားပဲ၊ ကျွန်မ မိတ်မဆက်ရသေးဘူး… မနေ့က ရေထဲပြုတ်ကျသွားတာက ကျွန်မအမျိုးသားရဲ့ အဖေအရင်းပါ၊ ဒါကတော့ ကျွန်မရဲ့ အမျိုးသားဖြစ်ပြီး၊ ဒါကတော့ ကျွန်မရဲ့ မတ်လေးပါ။ ညီအစ်ကိုနှစ်ယောက်စလုံးက ကူညီပေးခဲ့ကြတဲ့သူတွေကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ကျေးဇူးတင်ချင်ကြလို့ပါ… ပြီးတော့ ညီမတို့ မိသားစုရဲ့ အခြေအနေကိုလည်း ကျွန်မတို့ ကြားသိရပါတယ်၊ အကယ်၍ တစ်ခုခု အခက်အခဲရှိရင် ကျွန်မတို့ကို ပွင့်ပွင့်လင်းလင်း ပြောပါနော်… တတ်နိုင်သလောက် သေချာပေါက် ကူညီပေးပါ့မယ်"
ဤအမျိုးသမီးသည် ဒုတိယ စက်ရုံမှူးဟယ်၏ ဇနီးအရင်း ဖြစ်နေခဲ့သည်တကား~~ သို့သော် ၎င်းမှာ အံ့ဩစရာ မဟုတ်ပေ။
မိန်းမရှိရုံနဲ့ ကွယ်ရာမှာ အရှုပ်
ထုပ်တွေ မလုပ်ရဘူးလို့ စည်းကမ်းသတ်မှတ်ထားတာမှ မဟုတ်တာ…
ချန်ချင်းယွီ ပြုံးလိုက်သည်။
သူမ ခေါင်းခါပြရင်း
"ကျွန်မတို့မိသားစုက အဆင်ပြေပါတယ်၊ ဘာအကူအညီမှ မလိုပါဘူးရှင့်၊ ကျေးဇူးတင်ပါတယ်"
ဟယ်ကျန့် : "တကယ့်ကို တိုက်ဆိုင်လွန်းတာပဲ၊ လူတွေပြောနေကြတဲ့ ရှောင်ချန် ဆိုတာ မင်း ဖြစ်နေလိမ့်မယ်လို့ ကျွန်တော်ထင်မထားခဲ့ဘူး"
သူသည် အိမ်ခန်းဝန်းကျင်ကို လှည့်လည်ကြည့်ရှုလိုက်ပြီး၊ သူ၏ အကြည့်များက နံရံပေါ်တွင် ချိတ်ဆွဲထားသည့် ဓာတ်ပုံဆီသို့ ခဏမျှ ရောက်ရှိသွားကာ သက်ပြင်းချလိုက်ရင်း ရုတ်တရက် ဆိုလာခဲ့၏။
"မင်း အခု အလုပ်မရှိသေးဘူး မဟုတ်လား… ကျွန်တော် မင်းအတွက် အလုပ်တစ်ခု လမ်းညွှန်ပေးရမလား"
သောက်ကျိုးနည်း…
ချန်ချင်းယွီ တစ်ယောက် ဆွံ့အသွားရ၏။
သူမသည် ပြတ်ပြတ်သားသားပင် ခေါင်းခါပြလိုက်ပြီး
"မလိုပါဘူးရှင့်၊ ကျွန်မတို့အိမ်မှာ အလုပ်လုပ်တဲ့သူ တစ်ယောက်တည်းပဲ ရှိတယ်ဆိုပေမဲ့ ချွေတာသုံးစွဲရင် လောက်ငှပါတယ်၊ ပြီးတော့ ကျွန်မရဲ့ ကလေးကလည်း ငယ်သေးတော့ အကယ်၍ ကျွန်မသာ အလုပ်သွားလုပ်ရင် ကလေးကို စောင့်ရှောက်မယ့်သူ မရှိတော့ဘူး။ နောက်ထပ် နှစ်အနည်းငယ်လောက် ကြာမှပဲ အလုပ်ကိစ္စကို ပြန်စဉ်းစားတော့မယ်လို့ စိတ်ကူးထားပါတယ်"
ယခုမူ အခြားသူများ အံ့ဩသွားကြရမည့် အလှည့်ဖြစ်လာသည်။ ဤခေတ်ကာလတွင် မည်သူသည် ကမ်းလှမ်းလာသည့် အလုပ်အကိုင် အခွင့်အရေးကို ငြင်းပယ်ရဲမည်နည်း။
"ကျွန်မအထင်တော့ အလုပ်အကိုင်ဆိုတာ တကယ်လိုအပ်နေတဲ့သူတွေဆီမှာပဲ ရှိသင့်တာပါ… ကျွန်မတို့မိသားစုကတော့ တကယ်ပဲ အဆင်ပြေပါတယ်"
"အလုပ်ပေးတာကို ငြင်းတဲ့လူမျိုး ကြုံဖူးတာ ဒါပထမဆုံးပဲ"
ဟယ်ကျန့် ရေရွတ်လိုက်မိ၏။
ချန်ချင်းယွီ ရှက်ကိုးရှက်ကန်း အပြုံးလေးဖြင့်
"ကျွန်မက ဘာမှမလုပ်ဘဲနဲ့ သူများဆီက အလကားရတာတွေကို လက်မခံချင်လို့ပါ"
"မင်းကို ပြီးခဲ့တဲ့အကြိမ်က ငါတွေ့ဖူးသလိုပဲ… အခု ကြည့်ရတာ ပြီးခဲ့တဲ့အကြိမ်က ပုံစံနဲ့ နည်းနည်း ကွာခြားနေသလိုပဲနော်"
ဒုတိယ စက်ရုံမှူးဟယ် ထူးထူးဆန်းဆန်း လှမ်းပြောလိုက်လေသည်။
သူ့မှတ်ဉာဏ်ထဲတွင် လင်းကျန့်ဝမ်၏ ဇနီးသည်မှာ တကယ့်ကို အငိုသန်သူဖြစ်ပြီး၊ ရှန့်လင်၏ ဇနီးကဲ့သို့ အမြဲတမ်း ပွစိပွစိ ရေရွတ်တတ်သူ ဖြစ်၏။ ထိုစဉ်က သူ သူမ၏ မျက်နှာကို သေသေချာချာပင် မမြင်ခဲ့ရပေ။ ဤမုဆိုးမငယ်လေးသည် ဤမျှအထိ လှပချောမောနေလိမ့်မည်ဟု သူ ထင်မထားခဲ့မိသော်လည်း၊ ယနေ့တွင်မူ သူမ၏ ပုံစံသည် တစ်မျိုးကွဲပြားနေသကဲ့သို့ပင်။
သူမသည် ရှန့်လင်၏ ဇနီးကဲ့သို့ ပြုမူမနေတော့ကာ၊ တကယ့်ကို အေးစက်စိမ်းကားလွန်းလှ၏။
ပုံမှန်အားဖြင့် လူကြီးလူကောင်းတစ်ယောက် အိမ်အထိ လာရောက်လည်ပတ်လျှင် လူအများစုက ဤကဲ့သို့ တုံ့ပြန်ကြမည် မဟုတ်ပေ။
"ပြီးခဲ့တဲ့အကြိမ်က ကျွန်မ အဲ့လောက်တောင် အော်ဟစ်ငိုယိုနေခဲ့တာကို တွေ့ဖူးတယ် ဟုတ်လားရှင့်"
ချန်ချင်းယွီက ဆိုလာခဲ့ကာ
"အဲ့ဒါက ကျွန်မရဲ့ အမျိုးသား အနိုင်ကျင့်ခံရတာကို သိလိုက်ရလို့ပါ... သူက တကယ့်လူကောင်းတစ်ယောက်ပါ၊ စက်ရုံအတွက် အသက်ပေးသွားခဲ့ရတာတောင် နောက်ပိုင်းမှာ ဒီလောက်အထိ မတရားတာတွေ ကြုံခဲ့ရတာလေ… ကျွန်မ သေချာပေါက် ရင်ကွဲမတတ် ခံစားရတာပေါ့၊ အခုအချိန်အထိ တွေးမိရင်တောင် စိတ်မကောင်းဖြစ်ရတုန်းပဲ… ဒါပေမဲ့ အခုက နှစ်သစ်ကူးကာလ ဖြစ်နေပြီပဲဥစ္စာ၊ ဧည့်သည်တွေရှေ့မှာတော့ ထိုင်ငိုမနေနိုင်ဘူးလေ"
သူမသည် လက်ဆောင်ပစ္စည်းများကို တစ်ချက်လှမ်းကြည့်လိုက်ရင်း
"ဒီပစ္စည်းတွေကိုတော့ ကျွန်မ လက်ခံလိုက်ပါ့မယ်၊ ဒါပေမဲ့ စိတ်ထဲမှာ သိပ်ပြီး အလေးအနက်ကြီး သဘောမထားပါနဲ့ရှင်~~ ကျွန်မလုပ်ခဲ့တာက လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တစ်ခုပဲလေ၊ ဘယ်သူမဆို ဒီလိုပဲ ကူညီကြမှာပါ၊ ပြီးတော့ ကျွန်မက မိန်းမသားတစ်ယောက်မို့လို့ အများကြီးလည်း မတတ်နိုင်ခဲ့ပါဘူး… အမှန်တိုင်းပြောရရင် ကျွန်မတို့က အဘိုးဟယ်ရဲ့ ကျေးဇူးကြောင့် အများကြီး အကျိုးကျေးဇူး ခံစားရတာပါ၊ သူက ရေခဲပြင်ကို မကြာခဏ အပေါက်တွေ လိုက်ဖောက်ပေးတတ်တာ မဟုတ်လား"
သူမ နှုတ်ခမ်းကို ကွေးလိုက်ရင်း ပြုံးပြလိုက်ကာ
"ဆောင်းတွင်းမှာ ကျွန်မတို့ ဖမ်းမိတဲ့ ငါးအတော်များများက သူ့ကြောင့် ရတာလေ၊ ဒါကြောင့် ကျွန်မတို့က သူ့ကို တကယ်ပဲ ကျေးဇူးတင်နေတာပါ"
"ဟုတ်ပါတယ်၊ အဖေက အဲ့ဒီလို အလုပ်မျိုးကို တကယ် ဝါသနာပါတာဗျ… မင်းတို့အားလုံးက သူ့ကို ကျေးဇူးတင်နေကြတယ်ဆိုတာ သိရင် သူ သေချာပေါက် ဝမ်းသာနေမှာ~~ ဒါကိုပဲ ပြည်သူ့အကျိုး သယ်ပိုးတယ်လို့ ခေါ်တာ မဟုတ်လား"
ချန်ချင်းယွီ : "ဟုတ်ပါတယ်ရှင့်"
အားလုံး ရယ်မောလိုက်ကြသည်။
"မမရဲ့ မျိုးရိုးအမည်က ဟော် ပါ၊ မမဟော် လို့ပဲ ခေါ်နိုင်ပါတယ်။ ကလေးတွေက ဘယ်နှစ်နှစ် ရှိကြပြီလဲ"
ချန်ချင်းယွီ : "သုံးနှစ်ရှိပါပြီရှင့်… နှစ်သစ်ကူးကာလက မကြာခင် ရောက်တော့မှာဆိုတော့၊ နှစ်သစ်ကူးပြီးရင် လေးနှစ်ထဲ ဝင်မှာပါ"
ရှောင်ကျားနှင့် ရှောင်ယွမ်တို့၏ မွေးလများမှာ အနည်းငယ် နောက်ကျပြီး ၁၂ လပိုင်း (လူနာပြက္ခဒိန်အရ ပထမလ) ကုန်ခါနီးမှ ဖြစ်သဖြင့်၊ ၎င်းတို့၏ မွေးနေ့များမှာ နှစ်သစ်ကူးပြီးသည်နှင့် ချက်ချင်း ရောက်ရှိလာခြင်း ဖြစ်သည်။ ထို့ကြောင့် နှစ်သစ်ကူးကာလ ကုန်လွန်သွားသည်နှင့် ၎င်းတို့မှာ မကြာမီမှာပင် လေးနှစ် ပြည့်သွားကြပေလိမ့်မည်။
ယင်းမှာ ၁၂ လပိုင်းထဲမှာ မွေးဖွားပြီး တစ်လမပြည့်ခင်မှာတင် အသက်တစ်နှစ် ကြီးသွားသည့် အချို့ကလေးများနှင့် မတူပါပေ။
ဤကလေးနှစ်ယောက်မှာ တကယ့်ကို အသက်လေးနှစ် ပြည့်သွားကြပြီဖြစ်၏။
"သူတို့က ငယ်သေးတာပဲနော်၊ မူကြို မတက်ရသေးဘူးလား"
ချန်ချင်းယွီ : "ကျွန်မအထင်တော့ ငါးနှစ်လောက်မှ ထင်တယ်ရှင့်…အခုက အသက်မပြည့်သေးဘူး"
"မမမှတ်မိသလောက်တော့ ကလေးထိန်းကျောင်း အချို့ ရှိပါသေးတယ်… အကယ်၍ ညီမ ကလေးကို ထားချင်တယ်ဆိုရင် မမ မေးမြန်း စုံစမ်းပေးလို့ရပါတယ်၊ အဆင်ပြေပါတယ်"
ချန်ချင်းယွီ ခေါင်းခါပြရင်း ငြင်းပယ်ကာ
"မလိုပါဘူးရှင့်…ကျေးဇူးတင်ပါတယ်"
ချန်ချင်းယွီသည် ယဉ်ကျေးပျူငှာစွာ တုံ့ပြန်နေသော်လည်း၊ သူမမှာ ယဉ်ကျေးရုံသာ ယဉ်ကျေးပြနေခြင်းဖြစ်ပြီး စိတ်ထဲတွင်မူ အတော်လေး အကဲခတ်ရခက်ကာ စိုးရိမ်စိတ်ဖြင့် သတိကြီးစွာ ထားနေကြောင်း မည်သူမဆို မြင်တွေ့နိုင်ပေသည်။
ထိုသူ သုံးဦးစလုံးသည် ခဏမျှ ဆက်ထိုင်နေပြီးနောက်၊ နှုတ်ဆက်ကာ ပြန်ရန် ထရပ်လိုက်ကြ၏။
ချန်ချင်းယွီသည် ၎င်းတို့ကို အိမ်တံခါးအထိ လိုက်လံပို့ဆောင်ပေးခဲ့သည်။ ဒုတိယ စက်ရုံမှူးဟယ်သည် ချန်ချင်းယွီကို နောက်တစ်ကြိမ် လှည့်ကြည့်လိုက်ရာ၊ ချန်ချင်းယွီသည် သတိကြီးစွာဖြင့် နောက်သို့ တစ်လှမ်း ဆုတ်လိုက်မိ၏။
"ကဲပါ၊ အဝေးကြီး လိုက်မပို့နဲ့တော့၊ ပြန်ဝင်တော့နော်"
"ချင်းယွီလေး... အကယ်၍ တစ်ခုခု အကူအညီလိုရင် မမဆီ လာခဲ့နော်…မမက အလုပ်သမားသမဂ္ဂမှာ အလုပ်လုပ်တာပါ"
မမဟော်မှာ လှမ်းပြောလိုက်သည်။
ချန်ချင်းယွီ : "ဟုတ်ကဲ့ပါရှင့်~"
သူမ လက်ပြနှုတ်ဆက်လိုက်ပြီးနောက်၊ ထိုလူစုသည် ကားပေါ်သို့ အတူတူ တက်သွားကြတော့သည်။
ကားလေး တဖြည်းဖြည်း မောင်းထွက်သွားသည်နှင့် တပြိုင်နက်၊ လူတစ်စုသည် ချန်ချင်းယွီ၏ ဘေးပတ်ပတ်လည်သို့ ချက်ချင်းပင် ဝိုင်းအုံလာကြကာ
"ရှောင်ချန်... ဘာတွေဖြစ်လို့လဲအေ… အဲ့ဒါ စက်ရုံမှူးဟယ် မဟုတ်လား.. ကျန်တဲ့တစ်ယောက်ကော ဘယ်သူလဲ။"
"လူကယ်တဲ့ ကိစ္စလို့ ကြားလိုက်သလိုပဲ၊ ဘာလူကယ်တာလဲ”
"ဟုတ်ပအေ၊ ငါတို့ကိုလည်း ပြောပြဦး..."
"သူမက ညည်းတို့အိမ်ကို ပစ္စည်းတွေ လာပေးတာလား"
ချန်ချင်းယွီ : "မနေ့က ကျွန်မ ငါးသွားမျှားရင်းနဲ့ အဘိုးအိုတစ်ယောက် ရေခဲပေါက်ထဲ ပြုတ်ကျတာကို တွေ့လို့၊ အခြား အဘိုးတွေနဲ့ ဝိုင်းပြီး ကယ်လိုက်ကြတာပါ… အဲ့ဒီအဘိုးက စက်ရုံမှူးဟယ်ရဲ့ ဆွေမျိုးတော်စပ်သူ ဖြစ်နေလို့၊ သူ့မိသားစုက ကျေးဇူးလာတင်ကြတာရှင့်… ကျွန်မတစ်ယောက်တည်းကို လာပြီး ကျေးဇူးတင်တာ မဟုတ်ပါဘူး၊ ဝိုင်းကူညီပေးခဲ့ကြတဲ့ အိမ်ထောင်စုအားလုံးဆီကိုလည်း လိုက်လံနှုတ်ဆက်ကြလိမ့်မယ် ထင်ပါတယ်"
"ဟင်..."
"ညည်းက လူကယ်ခဲ့တာလား"
"သူမက ညည်းတို့အိမ်ကို ဘာတွေ ပေးသွားလဲ"
ချန်ချင်းယွီ : "လက်ဆောင်ပစ္စည်း အချို့ပါပဲရှင့်၊ ကျွန်မလည်း သေသေချာချာ မကြည့်ရသေးဘူး။ ကျွန်မက အနည်းအကျဉ်းပဲ ဝိုင်းကူပေးခဲ့တာပါ၊ အဓိကကတော့ အခြား အဘိုးတွေနဲ့ ဦးလေးတွေကပဲ အလုပ်လုပ်သွားကြတာ… ဘာမှ အရေးကြီးတဲ့ ကိစ္စမဟုတ်ပါဘူး၊ အားလုံးလည်း အိမ်ပြန်ကြပါတော့ရှင်"
"လုပ်ပါအေ... ပြောပြဦး..."
ချန်ချင်းယွီ ပုခုံးတွန့်ပြလိုက်ရင်း
"သူ့ကို ကြိုးနဲ့ ဆွဲတင်ပြီးတာနဲ့ ဆေးရုံကို ချက်ချင်း ပို့လိုက်ကြတာလေ~~ ကျွန်မလည်း အဲ့ဒါအပြင် တခြားဘာမှ မသိတော့ဘူး... အဲ့ဒီနောက်ပိုင်း ကျွန်မလည်း ငါးဆက်မျှားနေခဲ့တာဆိုတော့ နောက်ထပ် ဘာတွေဖြစ်ကုန်လဲဆိုတာ တကယ်မသိတော့ဘူး"
ကျန်တဲ့လူများ : "...ညည်းကလည်း တကယ့်ကို ပေါ့ဆလွန်းတာပဲ"
ချန်ချင်းယွီ မျက်တောင်လေး တဖျတ်ဖျတ် ခတ်လိုက်ရင်း
"ကျွန်မ လိုက်သွားရင်လည်း ဘာမှ ကူညီနိုင်မှာ မဟုတ်ဘူးလေဥစ္စာ"
အော်...
ဒါကလည်း ဟုတ်တာပါပဲ၊ ဒါပေမဲ့ ညည်းကတော့ တကယ့်ကို ဒီကိစ္စကို အရေးမစိုက်တဲ့ပုံပဲ…
"ကဲပါ... ကဲပါ၊ ကျွန်မ ဖက်ထုပ်
လုပ်ရဦးမယ်ရှင့်"
သူမ စကားလမ်းလွှဲလိုက်သည်။
"အော်... ဟုတ်သားပဲ၊ ငါလည်း အိမ်မှာ အလုပ်တွေ လုပ်စရာ ရှိသေးတယ်"
"ငါလည်း အိမ်ပြန်ပြီး အသားလုံး ကြော်ရဦးမယ်"
...
၎င်းတို့ စပ်စုချင်ကြသော်လည်း ချန်ချင်းယွီ ဘာမှ ထပ်မံမသိရှိတော့သဖြင့် ပြောစရာ စကား မရှိတော့ပေ။
မကြာမီ မောင်းထွက်သွားခဲ့သည့် ကားလေးအတွင်း၌မူ၊ ဟယ်ကျန့်သည် နှာခေါင်းရှုံ့လိုက်ရင်း ကဲ့ရဲ့လိုက်လေ၏။
"ဟေ့... အစ်ကို၊ အစ်ကို့ရဲ့ နာမည်ဂုဏ်သတင်းက ဘယ်လိုဖြစ်နေလို့လဲ… ဘာလို့ လူတိုင်းက အစ်ကို့ကို ဒီလောက်အထိ သတိကြီးကြီးနဲ့ ရန်သူလို ဆက်ဆံနေကြတာလဲ၊ အစ်ကိုက သူမကို တစ်ချက်လှမ်းကြည့်လိုက်တာနဲ့ သူမက နောက်ကို တစ်လှမ်း ဆုတ်သွားတာပဲ။ အစ်ကို့ရဲ့ စရိုက်ကတော့ တကယ့်ကို ဆိုးရွားလွန်းတယ်..."
ဒုတိယ စက်ရုံမှူး ဟယ် : "သူမက မုဆိုးမတစ်ယောက်ပဲဥစ္စာ၊ ဒီလောက်အထိ သတိထားတာက သဘာဝကျပါတယ် မဟုတ်လား၊ ငါ့ကိုပဲ အပြစ်မပြောပါနဲ့၊ မင်းသာ သူမကို နောက်ထပ် အကြိမ်အနည်းငယ် ထပ်ကြည့်ရင်လည်း သူမက ဒီလိုပဲ တုံ့ပြန်မှာပါပဲ"
သူ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက်
"ဒါနဲ့ မင်းက သူမကို ဘယ်လိုလုပ်ပြီး သိနေတာလဲ"
ဟယ်ကျန့် : "သူမရဲ့ အဘိုးအဘွားတွေက ကျွန်တော်တို့ တက္ကသိုလ်က ပါမောက္ခကြီးတွေလေ၊ ဒါပေမဲ့ ကျွန်တော့် ဘာသာရပ်က မဟုတ်ဘူး… ကျွန်တော်က သူတို့အတန်းတွေကို သွားပြီး နားထောင်ဖူးရုံပဲ၊ မှတ်မိသလောက်တော့ သူမက ကျောင်းကို မကြာခဏ လာပြီး သူတို့ကို လာတွေ့လေ့ရှိတယ်၊ ဒါကြောင့် နည်းနည်း မှတ်မိနေတာ… ဒါပေမဲ့ အဲ့ဒီပါမောက္ခ နှစ်ယောက်စလုံးက လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ဆုံးပါးသွားခဲ့ကြပြီ"
"တက္ကသိုလ် ပါမောက္ခတွေ ဟုတ်လား... ဒါက ကောင်းတဲ့ နောက်ခံသမိုင်းကြောင်းတော့ မဟုတ်ဘူးနော်…သူတို့က ယဉ်ကျေးမှုတော်လှန်ရေး ကာလတုန်းက သေဆုံးသွားခဲ့ကြတာလား"
"မဟုတ်ဘူး၊ ယဉ်ကျေးမှုတော်လှန်ရေး ကာလတုန်းက မဟုတ်ပါဘူး… ကြားရသလောက်တော့ မတော်တဆမှုတစ်ခုကြောင့်လို့ ပြောတာပဲ၊ ရာသီဥတု အေးစက်နေချိန်မှာ မီးဖိုထဲ ကျောက်မီးသွေးတွေ ထည့်မွှေးရင်း ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့ အဆိပ်သင့်ပြီး ဆုံးသွားတာ ထင်
တယ်"
ဟယ်ကျန့် ပြောပြလိုက်၏။
မမဟော် တိုးညင်းသည့်အသံဖြင့်
"သူမက တကယ့်ကို လှတာပဲနော်"
သူမ ဤသို့ပြောလိုက်စဉ်၊ မိမိ၏ အမျိုးသားဖြစ်သူကို သေသေချာချာ စိုက်ကြည့်နေခဲ့သည်။
ဒုတိယ စက်ရုံမှူး ဟယ် နှာခေါင်းရှုံ့လိုက်ရင်း
"သူက ငါတို့အဖေကို ကယ်တင်ခဲ့တဲ့သူပဲဥစ္စာ၊ ငါက အဲ့လောက်အထိ ကျေးဇူးကန်းတဲ့လူစားမျိုး မဟုတ်ပါဘူး"
မမဟော် : "ဒါလောက်တော့ သိရင် ပြီးတာပါပဲ”
(T/N ယဉ်ကျေးမှုတော်လှန်ရေးအကြောင်း သိချင်ရင် ထျန်းရှတိယိ page မှာသွားဖတ်လို့ရတယ်… ပညာတတ်လူတန်းစားတွေ၊ အရင်းရှင် လူတန်းစားတွေ ဘဝပျက်ရတဲ့အချိန်ပေါ့… မော်စီတုန်းခေတ်မှာ အဆိုးဝါးဆုံးတွေထဲက တစ်ခုပဲ… အထူးသဖြင့် ပညာတတ် ပါမောက္ခတွေ သေဆုံးကုန်တာ နှမြောစရာကြီး)