အခန်း ၁၁၉
Vol. 12 Ch. 119
အခန်း (၁၁၉) ငါးနှစ်ကြာပြီးနောက်
မတော်တဆ ကူညီလိုက်သည့် အပြုအမူလေးတစ်ခုသည် ဒုတိယစက်ရုံမှူး ဟယ်ထံမှ အကျိုးကျေးဇူး ပြန်လည်ရရှိစေလိမ့်မည်ဟု ချန်ချင်းယွီ တကယ်ပင် ထင်မှတ်မထားခဲ့မိပေ။ အမှန်အတိုင်းပြောရလျှင် သူမသည် သူ့အပေါ် စိုးရိမ်စိတ်ဖြင့် သတိကြီးစွာ ထားနေဆဲဖြစ်ပြီး၊ မိမိ၏ သတိထားမှုကို လူသိရှင်ကြား ပြသလိုက်ခြင်းမှာလည်း အခြားသူများအား သူမ၏ သဘောထား ရပ်တည်ချက်ကို သိရှိစေရန် လမ်းပြလိုက်ခြင်းပင် ဖြစ်သည်။
မည်သို့ဖြစ်စေ ဤအမျိုးသားသည် ကိုယ်ကျင့်တရား စံနှုန်းမရှိသူတစ်ဦး ဖြစ်ကြောင်း သူမ ကောင်းစွာ သိရှိထားသည်မဟုတ်လော့။
သူမသည် ယွမ်ရှောင်ချွေ၏ ကိစ္စရပ်တစ်ခုလုံးကို ကောင်းကောင်းကြီး မှတ်မိနေသေး၏။
သူသည် လူကောင်းတစ်ယောက် ဟုတ်မဟုတ် ဆိုသည်မှာမူ ပို၍ပင် ပြောရခက်လှပေသည်။ ထို့ကြောင့် ချန်ချင်းယွီသည် ဤကဲ့သို့သော လူစားမျိုးနှင့် အမှန်တကယ် ပတ်သက်မှုမရှိချင်ပေ။ အကောင်းဆုံးမှာ လုံးဝ မပတ်သက်မိခြင်းပင် ဖြစ်၏။ သူမကိုယ်သူမ လူအတစ်ယောက်ဟု မသတ်မှတ်ထားသော်လည်း၊ ဤမျှလောက်အထိ လှည့်ပတ်ကောက်ကျစ်လှသည့် မြေခွေးအိုကြီးကို ဉာဏ်ဆင်
အနိုင်ယူနိုင်မည်လား ဆိုသည်ကိုမူ မသေချာပေ။
သို့သော်လည်း ထိုအဘိုးကြီးကို ကယ်တင်ခဲ့မိသည့်အတွက်မူ ချန်ချင်းယွီ နောင်တမရပါပေ။
မိမိတွင် ကယ်တင်နိုင်စွမ်း ရှိနေပါလျက်နှင့် ဤကဲ့သို့သော အခြေအနေမျိုးကို မည်သို့လျှင် လျစ်လျူရှုထားနိုင်မည်နည်း။ တတ်နိုင်သရွေ့ ဝိုင်းဝန်းကူညီပေးရမည်သာ ဖြစ်သည်။ လူသားတစ်ယောက်အနေဖြင့် မိမိကိုယ်မိမိ အမှားအယွင်းမရှိ စိတ်သန့်ရှင်းစွာဖြင့် ပြုမူနေထိုင်သင့်သည်သာ။
ချန်ချင်းယွီသည် ၎င်းတို့ပေးအပ်ခဲ့သည့် လက်ဆောင်ပစ္စည်းအားလုံးကို လက်ခံလိုက်၏။ သူမ ဤမျှ လွယ်လွယ်ကူကူ လက်ခံလိုက်ရခြင်းမှာ ၎င်းသည် "ကိစ္စပြတ်သွားစေမည့်" နည်းလမ်းတစ်ခု ဖြစ်သည်ဟု ခံစားရသောကြောင့်ပင်။
ဆိုလိုသည်မှာ ကိစ္စအားလုံး ပြီးပြတ်သွားပြီဖြစ်၍ တစ်ဖက်လူလည်း စိတ်အေးသွားနိုင်ပေသည်။ မဟုတ်လျှင် ကျေးဇူးကြွေးဆိုသည်မှာ ဆပ်ရန် အခက်ခဲဆုံးအရာဖြစ်ကြောင်း သူမ ကောင်းစွာ နားလည်ထား၏။
၎င်းတို့သည် သူမတို့မိသားစု၏ အခြေအနေကို ကြိုတင်စုံစမ်းထားပုံရသဖြင့်၊ ယူဆောင်လာသည့် ပစ္စည်းများမှာ တကယ့်ကို လက်တွေ့အသုံးဝင်သည့် စားစရာနှင့် သောက်စရာများသာ အများစု ဖြစ်နေသည်။
ချန်ချင်းယွီတစ်ယောက် ပစ္စည်းများကို သိမ်းဆည်းနေစဉ်၊ ရှောင်ကျားနှင့် ရှောင်ယွမ်တို့ ပြေးဝင်လာကြပြီး တံခါးအက်ကွဲကြောင်းလေးမှတစ်ဆင့် ချောင်းကြည့်နေကြ၏။
ချန်ချင်းယွီ ခပ်ဖွဖွ ရယ်မောလိုက်
ရင်း
"ဘာလုပ်နေကြတာလဲ ကလေးတို့ရဲ့….ခိုးကြောင်ခိုးဝှက်နဲ့"
ကလေးငယ်နှစ်ယောက်သည် တံခါးခုံကို ကျော်ဖြတ်ဝင်ရောက်လာကြပြီး၊ မော့ကြည့်ကာ မေးမြန်းလာကြသည်။
"မေမေ... မမမုန့်မုန့်က ပြောတယ်၊ တစ်ယောက်ယောက်က သားတို့အတွက် အရသာရှိတဲ့ စားစရာတွေ လာပေးသွားတယ်ဆို"
ချန်ချင်းယွီ ခေါင်းငြိတ်ပြလိုက်ရင်း
"ဟုတ်တယ် ကလေးတို့ရေ၊ လာပေးသွားကြတယ်… မနေ့က မေမေ ငါးသွားမျှားတာ မှတ်မိလား၊ အဲ့ဒီမှာ ရေထဲပြုတ်ကျသွားတဲ့ အဘိုးအိုတစ်ယောက်နဲ့ ဆုံလို့ မေမေတို့အားလုံး ဝိုင်းပြီး ဆွဲတင်ပေးခဲ့ကြတာလေ၊ ဒါကြောင့် သူတို့က မေမေတို့ကို ကျေးဇူးတင်တဲ့အနေနဲ့ ပစ္စည်းတွေ လာပေးကြတာပေါ့"
"အာ..."
ကလေးနှစ်ယောက်စလုံး၏ မျက်လုံးလေးများ ဝိုင်းစက်သွားကြ၏။
ချန်ချင်းယွီ : "ဒါကြောင့်ပဲ မေမေက သားတို့သမီးတို့ကို ရေနားနီးတဲ့နေရာတွေနဲ့ ဝေးဝေးနေဖို့ အမြဲပြောနေတာပေါ့… လူကြီးတွေတောင် ရေနားသွားရင် အန္တရာယ်ရှိတာ၊ သားတို့လို ကလေးတွေအတွက်ဆို ပိုပြီးတော့တောင် အန္တရာယ်ကြီးသေးတယ်"
သူမ ဆုံးမစကား ဆိုလိုက်သည်။
"သားတို့ သိပါတယ် မေမေ"
ကလေးနှစ်ယောက်စလုံး အနည်းငယ် ကြောက်ရွံ့သွားသည့် ပုံစံမျိုးဖြင့် မိမိတို့၏ ရင်ဘတ်လေးများကို ခပ်ဖွဖွပုတ်ရင်း ကတိပေးကြ၏။
"မေမေ... သားတို့ ရေနားကို လုံးဝမသွားတော့ဘူးနော်"
ချန်ချင်းယွီ ပြုံး၍ ခေါင်းငြိတ်ပြလိုက်ကာ
"လိမ္မာတယ်ကွယ်… တို့ရဲ့ ရှောင်ကျားနဲ့ ရှောင်ယွမ်လေးက အသိဉာဏ်အရှိဆုံးပဲ"
"ကဲ... လာကြဦး၊ မေမေ သားတို့ကို မုန့်ကျွေးမယ်… သစ်သီးစားမလား"
"ပန်းသီးလားဟင်"
ရှောင်ကျား စူးစမ်းသလို မေးမြန်းလာသည်။
ချန်ချင်းယွီ : "ပန်းသီးမဟုတ်ပါဘူး၊ ငှက်ပျောသီးလေ"
"ငှက်ပျောသီး..."
ရှောင်ကျားသည် ငှက်ပျောသီးကို တစ်ခါမျှ မစားဖူးသဖြင့် မမှတ်မိပေ။
ရှောင်ယွမ်သည်လည်း ထို့အတူပင် မမှတ်မိပေ။ ထိုကောင်မလေးသည် ခေါင်းလေးစောင်းကာ သူမ၏ အစ်ကိုဖြစ်သူကို ကြည့်ပြီး
"ကိုကို... ငှက်ပျောသီးဆိုတာ ဘာလဲဟင်"
ရှောင်ကျား ခေါင်းခါပြ၏~~ သူလည်း မသိပါပေ…
ကလေးငယ်နှစ်ယောက်စလုံး ချန်ချင်းယွီကို ဝိုင်းဝန်းကြည့်ရှုလာကြသည်။
ချန်ချင်းယွီ : "ဒါက သစ်သီးတစ်မျိုးပဲဥစ္စာ…မေမေ တစ်ယောက်တစ်လုံး ခွာကျွေးမယ်နော်"
၎င်းမှာ အလွန် တိုက်ဆိုင်လွန်းလှသည်၊ မနေ့ညက သူမ မှောင်ခိုဈေးတွင် ငှက်ပျောသီးများ ဝယ်ယူလာခဲ့ခြင်းဖြစ်ပြီး၊ ယနေ့တွင် စက်ရုံမှူး ဟယ်တို့အဖွဲ့သည်လည်း ငှက်ပျောသီးများ ထပ်မံယူဆောင်လာခဲ့ပြန်၏။
ဤငှက်ပျောသီးများအားလုံးသည် ပေကျင်းမြို့ထဲသို့ တစ်ချိန်တည်းမှာပင် ရောက်ရှိလာခြင်း ဖြစ်ပေလိမ့်မည်ဟု သူမ ခန့်မှန်းလိုက်မိသည်။
ဒီခေတ်ကြီးထဲမှာ ဘယ်သူကများ ဒီပစ္စည်းတွေကို ခိုးထုတ်ပြီး လာရောက်အရောင်းအဝယ် လုပ်နေကြတာပါလိမ့်… သတ္တိရှိလှချည်လား…
ယခုကာလများတွင် ပေကျင်း၌ အတွေ့ရများဆုံး သစ်သီးဝလံများမှာ ပန်းသီးနှင့် သစ်တော်သီးများသာ ဖြစ်သည်။
သို့သော်လည်း ၎င်းတို့သည် ငှက်ပျောသီး လာပေးသွားခြင်းမှာ ကောင်းလှပေသည်၊ သူမ ကိုယ်တိုင်ဝယ်လာသည့် ပစ္စည်းများနှင့် ရောနှောထားလိုက်ပါက မည်သူမှ ရိပ်မိသံသယဝင်ကြမည် မဟုတ်သလို၊ သူမအနေဖြင့်လည်း ကလေးများကို ခိုးကြောင်ခိုးဝှက် ကျွေးမွေးနေစရာ မလိုတော့ပေ။ ချန်ချင်းယွီသည် ငှက်ပျောသီး နှစ်လုံးကို ဆိတ်ဖဲ့ယူလိုက်ပြီး
"ရော့... တစ်ယောက်တစ်လုံးစီ"
"မေမေ... ဒါက ငှက်ပျောသီးလားဟင်"
ချန်ချင်းယွီ : "ဟုတ်တယ်ကွယ်.. အပြင်ခွံကိုတော့ စားလို့မရဘူးနော်၊ အခွံကို ခွာပြီးတော့ အထဲကအသားကိုပဲ စားရတာ"
"အော်~"
ထိုကလေးမလေးသည် တိုးညင်းသောအသံလေးဖြင့် ဆိုကာ၊ နှုတ်ခမ်းလေးကို စူလိုက်မိသည်။
"မေမေ... မေမေကော မစားဘူးလားဟင်"
ချန်ချင်းယွီ : "စားမှာပေါ့၊ မေမေလည်း တစ်လုံးစားမယ်"
သူမသည် စားစရာရှိသမျှကို ကလေးများအတွက်သာ အကုန်ချန်ထားတတ်သည့် ငတုံးမတစ်ယောက် မဟုတ်ပေ။
ချန်ချင်းယွီသည် ဤခေတ်ကာလ၏ ငှက်ပျောသီးအရသာမှာ မည်သို့ရှိသည်ကို သိရှိနိုင်ရန်အတွက် မိမိအတွက်လည်း အလိုရှိသည်သာ ဖြစ်သည်။
သူတို့ သုံးဦးစလုံး တစ်ယောက်
တစ်လုံးစီ စားကြပြီး၊ ချန်ချင်းယွီမှာ အာလုပ်အနည်းငယ်ဖြင့်ပင် ကုန်အောင် စားပစ်လိုက်၏။
အင်း... တော်တော်လေး တူညီလှပါဘိ~~~အရသာကတော့ အတူတူပါပဲ။
"အရသာရှိရဲ့လား"
ကလေးများသည် ခပ်အေးအေးသာ စားနေကြသော်လည်း၊ ၎င်းတို့၏ မျက်ဝန်းလေးများမှာမူ ပျော်ရွှင်မှုကြောင့် မှေးစင်းနေခဲ့ကြသည်။
"အရသာရှိရဲ့လား ကလေးတို့"
"တကယ် အရသာရှိတယ် မေမေ..."
ကလေးနှစ်ယောက်စလုံး ပြိုင်တူ သွက်လက်စွာ ဖြေကြားကြသည်။
ချန်ချင်းယွီ ပြုံးလိုက်ပြီး သဘောတူသည့်အနေဖြင့် ညည်းညူလိုက်ရင်း
"အိမ်မှာ အများကြီး ကျန်သေးတယ်၊ သားတို့ စိတ်ကြိုက် စားနိုင်ပါတယ်နော်…မနက်ဖြန်ကျရင် မေမေ နောက်ထပ် ထပ်ယူပေးမယ်"
"ဝါး..."
ကလေးများ ဝမ်းသာအားရ အော်ဟစ်လိုက်ကြ၏။
ချန်ချင်းယွီသည် ထိုကလေးငယ်နှစ်ယောက်၏ ခေါင်းလေးများကို ချစ်မြတ်နိုးစွာဖြင့် ခပ်ဖွဖွ ပွတ်သပ်ပေးလိုက်မိသည်။
ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် အုတ်ကုတင်စွန်းတွင် ထိုင်ကာ ၎င်းတို့၏ ခြေထောက်သေးသေးလေးများကို လွှဲယမ်းရင်း အလွန်အမင်း ပျော်ရွှင်နေကြသည်။
"ပျိုးပင်ကောင်းရင် ပိုပြီး မြင့်မြင့်မားမားနဲ့ သန်သန်မာမာ ကြီးထွားလာလိမ့်မယ်" ဆိုသည့် ရှေးလူကြီးများ၏ စကားသည် တကယ့်ကို မှန်ကန်လှပေ၏။ တစ်နှစ်မပြည့်ခင် ကာလလေးအတွင်းမှာပင် ကောင်လေးနှင့် ကောင်မလေးနှစ်ယောက်စလုံး သိသိသာသာ အရပ်ရှည်လာပြီး ဝဝကစ်ကစ်လေး ဖြစ်လာကြသည်။
လူကောင်လေးက သေးသေးလေး ဆိုပေမဲ့ အသံကတော့ တကယ့်ကို အားကောင်းမောင်းသန် ရှိလှချည်ရဲ့ ဆိုသကဲ့သို့ပင်~~
ချန်ချင်းယွီ : "စားပြီးရင် သွားဆော့ကြတော့နော်၊ ဪ... ဒါနဲ့ မေမေ ဖက်ထုပ်လုပ်ပြီးရင် ကန်စွန်းဥလုံးလေးတွေ ကြော်မလို့၊ အကယ်၍ မြည်းစမ်းချင်ရင်တော့ ခြံထဲမှာပဲ ကစားရင်း စောင့်နေကြ"
"သားတို့ မြည်းစမ်းချင်တယ် မေမေ..."
ချန်ချင်းယွီ : "ကောင်းပါပြီ"
အမှန်တွင် အခြားမိသားစုများလည်း ပစ္စည်းများ စတင်ကြော်လှော်နေကြပြီဖြစ်ပြီး ချန်ချင်းယွီတို့ မိသားစုလည်း လွန်ခဲ့သည့်ရက်ပိုင်း၌ တစ်ကြိမ် ကြော်ခဲ့ဖူးသည်။
သို့သော်လည်း ဤရက်ပိုင်းအတွင်း အတော်များများ စားပစ်လိုက်ကြကာ၊ သူမသည် စားစရာအားလုံးကို နှစ်သစ်ကူးအထိ အကုန်ချန်မထားဘဲ စားနိုင်သမျှ စားခွင့်ပေးခဲ့၏။ ထို့ကြောင့် ယခုအခါ ဒုတိယအကြိမ်အဖြစ် ထပ်မံကြော်ရန် အချိန်ကျရောက်လာခြင်း ဖြစ်သည်။
"မုန်းလာဥနီနဲ့ အာလူးလုံးလေးတွေပါ ပြီးခဲ့တဲ့အကြိမ်ကလို နည်းနည်း ထပ်ကြော်ရင်ကော ဘယ်လိုလဲ ကလေးတို့"
"ကောင်းပါတယ် မေမေ..."
"မေမေ... ငါးလည်း ကြော်ပေးဦး၊ ငါးလည်း ကြော်ပေးဦး..."
ရှောင်ယွမ် ဝမ်းသာအားရ အော်ဟစ်လိုက်၏။
ထိုကလေးမလေးသည် အစောပိုင်းကဲ့သို့ ကြောက်တတ်လန့်တတ်သည့် မိန်းကလေးငယ်လေး မဟုတ်တော့ဘဲ၊ မိမိ၏ဆန္ဒကို ကောင်းစွာ ထုတ်ဖော်ပြောဆိုတတ်နေပြီ ဖြစ်သည်။
"ရှောင်ယွမ်လေးက ငါးကြော် ကြိုက်တာကိုး"
ချန်ချင်းယွီ : "ကောင်းပါပြီ၊ ငါးကြော်လည်း ပိုလုပ်ပေးမယ်နော်"
ချန်ချင်းယွီသည် ချက်ချင်းပင် အလုပ်စလုပ်တော့၏။ ဤရက်ပိုင်းအတွင်း ခြံဝင်းတစ်ခုလုံး၌ မျိုးစုံသော ဟင်းချက်နံ့များဖြင့် မွှေးကြိုင်နေခဲ့သည်။ ချန်ချင်းယွီတို့ မိသားစု ဤသို့လုပ်နေခြင်းသည် ဆန်းကြယ်သည့် ကိစ္စမဟုတ်ပေ၊ လူတိုင်း နှစ်သစ်ကူးအတွက် အပြိုင်အဆိုင် ပြင်ဆင်နေကြခြင်း ဖြစ်၏။ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ လူတိုင်းမှာ နှစ်သစ်ကူးပွဲတော်ကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းချင်ကြသည်သာ…
အဒေါ်ကြီးမေ့ လှမ်းမေးကာ
"ရှောင်ချန်... ညည်း ဟင်းတွေ ကြော်နေတာလား… လွန်ခဲ့တဲ့ ရက်ပိုင်းကတင် ကြော်ထားသေးတယ်လို့ ငါ မှတ်မိပါတယ်"
ချန်ချင်းယွီ : "ဟိုတစ်နေ့က ကြော်တာ သိပ်မလောက်လို့ပါ ဒေါ်လေးမေ့၊ ကျွန်မတို့လည်း နည်းနည်းစားလိုက်ကြတော့ အခု ပြန်ဖြည့်တဲ့အနေနဲ့ ထပ်ကြော်နေတာပါ…အာလူး၊ မုန်လာဥ၊ ကန်စွန်းဥနဲ့ မှိုတွေကို ကြော်နေတာရှင့်"
"ဟင်... မှိုကိုလည်း ကြော်လို့ရတာလားအေ"
"ရတာပေါ့ရှင့်၊ ကိုယ်က ကြော်ချင်တယ်ဆိုရင် ဘာမဆို ကြော်လို့ရတာပဲဥစ္စာ"
"ငါ့ တစ်ခါမှ မကြားဖူးပါဘူး... ဒါပေမဲ့ ညည်းရဲ့ လက်ရာကတော့ တကယ့်ကို ကောင်းမွန်လှတယ်၊ အနံ့လေးနဲ့တင်ကို မွှေးနေတာပဲ"
အဒေါ်ကြီးမေ့ ချီးကျူးစကား ဆိုသည်။
ချန်ချင်းယွီ ခပ်ဖွဖွ ရယ်မောလိုက်မိ၏။
ချန်ချင်းယွီ စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ ယခုလို ရိက္ခာပစ္စည်းများ အလွန်ရှားပါးလှသည့် ခေတ်ကြီးထဲတွင် လူတိုင်း အလွန်အမင်း ချွေတာကြပြီး၊ ဟိုဟာသုံးဖို့လည်း နှမြော၊ ဒီဟာသုံးဖို့လည်း ဝန်လေးနေကြ၏။ သူမမှာ ဟင်းခတ်အမွှေးအကြိုင်များကို ရက်ရက်ရောရော သုံးစွဲလိုက်သဖြင့်၊ မမျှော်လင့်ဘဲ ဟင်းချက်အလွန်ကောင်းသူဟူသည့် နာမည်ကောင်းကိုပါ ရရှိထားခဲ့သည်။
ချန်ချင်းယွီ : "ဒေါ်လေးမေ့တို့ကော ဘာမှမပြင်ဆင်ရသေးဘူးလားရှင့်"
"ပြင်ဆင်တာပေါ့အေ... နှစ်သစ်ကူးမှာ ဆီကြော်မုန့်လေးမှ မပါရင် ဘယ်လိုလုပ် ပြီးပြည့်စုံပါ့မလဲ၊ဪ... ဒါနဲ့ နေဦး၊ စောစောက အဲ့ဒီလူတွေ ညည်းတို့အိမ်ကို ဘာကောင်းကောင်းမွန်မွန်တွေ လာပေးသွားကြလဲ"
သူမမှာ ထုံးစံအတိုင်း သတင်းနှိုက်ရန်အတွက် ရောက်လာခြင်း ဖြစ်သည်။
တကယ့်ကို အတင်းအဖျင်း ပြောချင်လို့ အသက်ရှင်နေတဲ့ ဒေါ်ကြီးမေ့ပါပဲ…
ချန်ချင်းယွီ : "ကြက်ဥတစ်သေတ္တာ ပါတယ်ရှင့်၊ ကြည့်ရတာ ၅ ကျင်းလောက် ရှိမယ် ထင်တယ်… ငှက်ပျောသီးလည်း ပါတယ်၊ အသားအချို့နဲ့ ကြက်တစ်ကောင်၊ ပြီးတော့ ဆန်တစ်အိတ်နဲ့ ဂျုံမှုန့်တစ်အိတ်လည်း ပါတယ်ရှင့်"
၎င်းတို့သည် လက်ဆောင်ပေးရမည့် အကွက်ကို ကောင်းကောင်းကြီး သိကြပေသည်၊ ပစ္စည်းအားလုံးမှာ တကယ့်ကို လက်တွေ့အသုံးဝင်သည့် အရာများသာ ဖြစ်၏။
ဒါတွေက နေ့စဉ်ဘဝအတွက် ဘယ်တော့မှ မပြတ်လတ်သင့်သည့် ရိက္ခာများ မဟုတ်ပါလား…
"အမလေး... အများကြီးပါလားအေ... ဒါဆိုရင်... ပစ္စည်း စုစုပေါင်း ခြောက်မျိုးတောင်ပေါ့"
ချန်ချင်းယွီက ခေါင်းငြိတ်ပြရင်း
"ဟုတ်ပါတယ်ရှင့်၊ ခြောက်မျိုးပါ"
"ကြည့်စမ်း... တကယ့်ကို လူကြီးလူကောင်းတွေပီပီ ရက်ရောလိုက်ကြတာ... ညည်းတို့ လူအချို့ ဝိုင်းပြီး ကယ်လိုက်ကြတယ်လို့ ကြားတယ်၊ အဲ့ဒါဆိုရင် လူတိုင်းကို ဒီလောက်အထိ လိုက်ပေးနေရတာပေါ့…ဒါတွေအားလုံးအတွက် ပိုက်ဆံ ဘယ်လောက်တောင် ကုန်ကျသွားမလဲ မသိဘူး"
ချန်ချင်းယွီ : "သူတို့က မိဘအပေါ် သိတတ်တဲ့ သားသမီးတွေမို့လို့ သူများရဲ့ အကူအညီအပေါ် အထူးပဲ ကျေးဇူးတင်နေကြတာပါ… အမှန်တော့ အဲ့ဒီလို အခြေအနေမျိုးဆိုရင် ဘယ်သူမဆို ဝိုင်းကူကြမှာပဲဥစ္စာ၊ ကျွန်မတို့က ပြည်သူ့အကျိုးကို တရားဝင် သယ်ပိုးနေတဲ့ အလုပ်သမားတွေ မဟုတ်ကြဘူးဆိုပေမဲ့၊ ကောင်းမှုကုသိုလ်တစ်ခု လုပ်ခွင့်ရတာကတော့ အမြဲတမ်း မှန်ကန်တဲ့အရာပါပဲ"
ချန်ချင်းယွီ စကားကောင်းလေးများကို အကွက်ကျကျ ပြောဆိုတတ်လှပေသည်။
အဒေါ်ကြီးမေ့ ခေါင်းငြိတ်ပြလိုက်ရင်း
"ဟုတ်ပါရဲ့အေ"
"ညည်းတို့ မိသားစုကတော့ တကယ့်ကို အဆင်ပြေသွားတာပဲ၊ နှစ်သစ်ကူးအတွက် ဘာမှတောင် ထပ်ဝယ်နေစရာ မလိုတော့ဘူး"
သူမ ကောက်ချက်ချလိုက်၏။
ချန်ချင်းယွီ : "အဲ့ဒါတော့ ဟုတ်ပါတယ်ရှင့်"
အဒေါ်ကြီးမေ့သည် ပထမဆုံးသော အတွင်းသတင်းကို ရရှိသွားပြီးနောက်၊ ခြံဝင်းအပြင်သို့ သတင်းဖြန့်ရန်အတွက် ခပ်သွက်သွက်လေး ပြန်လည်ထွက်ခွာသွားခဲ့တော့သည်။
ချန်ချင်းယွီကတော့ ဂရုမစိုက်ပါဘူး… ဘာပဲဖြစ်ဖြစ် ဒီသတင်းက တဖြည်းဖြည်းနဲ့ လူတိုင်းသိသွားကြမှာပဲဥစ္စာ…
သူမသည် အပြင်ဘက်တွင်သာ ဆက်လက်အလုပ်ရှုပ်နေခဲ့ပြီး၊ မကြာမီမှာပင် အရသာရှိလှသည့် ဆီကြော်နံ့များက လေထုထဲတွင် ပျံ့လွင့်လာခဲ့သည်။
"ရှောင်ကျား... ရှောင်ယွမ်..."
သူမ လှမ်းခေါ်လိုက်ရာ ~~
ကလေးငယ်နှစ်ယောက်စလုံး ၎င်းတို့၏ ခြေတိုလေးများဖြင့် ဟိုပြေးဒီပြေး လုပ်ရင်းနှင့် ခပ်သွက်သွက်လေး ပြေးဝင်လာကြ၏။
ပတ်ဝန်းကျင်တစ်ခုလုံးတွင် ဗြောက်အိုးဖောက်သံများ တဒိုင်းဒိုင်းဖြင့် ဖုံးလွှမ်းနေပြီး၊ ကလေးအတော်များများလည်း လမ်းထဲတွင် ဗြောက်အိုးများ အပြိုင်အဆိုင် ဖောက်နေကြသည်။
ချန်ချင်းယွီ : "ကဲ... လာကြ"
ကလေးနှစ်ယောက်စလုံး သွားရည်တမြှားမြှားဖြင့် အလွန်အရသာရှိရှိ မြိန်ရေယှက်ရေ စားသောက်နေကြတော့၏။
ချန်ချင်းယွီတစ်ယောက် အိမ်မှာ အလုပ်ရှုပ်နေချိန်တွင် စက်ရုံ၌မူ ယနေ့သည် နှစ်ကုန်ရက် နောက်ဆုံးနေ့ဖြစ်သဖြင့် အဘွားကြီးကျောက်နှင့် အခြားသူများမှာ အလုပ်လုပ်ချင်စိတ် လုံးဝမရှိကြပေ။ လီချန်ရွှမ်းမှလွဲ၍ လူတိုင်းနှစ်သစ်ကူးအတွက် ဘာရိက္ခာများပြင်ဆင်ထားကြောင်း တက်တက်ကြွကြွဖြင့် ဝိုင်းဝန်းချက်ပြုတ်ပြောဆိုနေကြသည်။ လီချန်ရွှမ်းသည်ကား အသက်မပါသည့်နှယ် တစ်ပိုင်းသေနေသကဲ့သို့ ပုံစံမျိုးဖြင့် မှိုင်တွေနေခဲ့သည်။ သူ၏ "သားလေး" မရှိတော့ကတည်းက သူ ဤကဲ့သို့ ဖြစ်သွားခဲ့ခြင်းပင်…
လီချန်ရွှမ်းသည် လျိုကျင့်ကို ရက်စက်လွန်းလှသည်၊ ကလေးကို ဖျက်ချပစ်ရက်သည်ဟု စိတ်ထဲမှ ကြိတ်ပြီး အပြစ်တင်နေမိသော်လည်း၊ သူမထံ သူပေးထားခဲ့သည့် အာဟာရဖြည့်စွက်စာပစ္စည်းများကို ပြန်တောင်းဖို့ရန် မဝံ့ရဲပေ။
မဟုတ်လျှင် သူတို့နှစ်ဦး ခိုးစားနေသည့် ကိစ္စသည် ဘူးပေါ်ပေါ်သွားမည်သာ…
အမှန်တကယ်၌ လီချန်ရွှမ်းသည် လျိုကျင့်၏ လှည့်စားမှုကို သိပ်ပြီး ခံပြင်းနေခြင်းမဟုတ်ဘဲ၊ ရလာတော့မည့် သူ့သားလေး ဆုံးရှုံးသွားရခြင်းအပေါ်ကိုသာ ရင်ကျိုးမတတ် ခံစားနေရခြင်း ဖြစ်သည်။
လျိုကျင့်မှာ အဘယ်ကြောင့် မိမိတို့၏ သားလေးကို မမွေးပေးခဲ့တာလဲဆိုတာကို လီချန်ရွှမ်း ဘယ်လိုမှ တွေးလို့မရနိုင်အောင် ဖြစ်နေ၏။
အကယ်၍သာ သူမ ကလေးမွေးပေးခဲ့လျှင် သူ့ဘဝကြီးသည် ဒီထက်မက အဆင်ပြေချောမွေ့သွားမှာ သေချာသည်။ လီချန်ရွှမ်းတစ်ယောက် သက်ပြင်းကို အကြိမ်ကြိမ် ချလိုက်မိ၏။
အဘွားကြီးကျောက် သူ့ကို တစ်
ချက်လှမ်းကြည့်လိုက်ပြီး၊ သူ အဘယ်ကြောင့် ဤသို့ပုံစံ ပြန်ဖြစ်နေရပြန်သည်ကို လုံးဝ နားမလည်
နိုင်အောင် ဖြစ်နေသည်။
ထားပါတော့… ဘာပြဿနာမှ မရှိခင်ကတည်းက သူက မပျော်မရွှင် ဖြစ်နေတတ်သူပါပဲလေ…
အခုလို နှစ်သစ်ကူးကာလကြီးမှာ တကယ့်ကို ပုပ်သိုးခြောက်သွေ့နေတဲ့ မျက်နှာပေးမျိုး လုပ်ထားသေးတယ်…
"ဟေ့... လီချန်ရွှမ်း၊ နင့်ကြည့်ရတာ အဆင်ပြေရဲ့လား၊ ဘာလို့ အမြဲတမ်း ဒီလိုပုံစံ ဖြစ်နေရတာလဲအေ၊ ဘာလဲ... နှစ်သစ်ကူးဖို့ ပိုက်ဆံမရှိလို့လား"
လီချန်ရွှမ်း : "လျှောက်မပြောစမ်းပါနဲ့၊ ကျုပ်မိသားစုက ပိုက်ဆံပြတ်စရာလား… ကျုပ်အိမ်က ဝန်ထုပ်ဝန်ပိုးက အဲ့လောက်အထိ မကြီးပါဘူး"
"ဒါဆို ဘာတွေ စိတ်ပူနေတာလဲ၊နင့်သမီးအတွက် စိတ်ပူနေတာလား"
လီချန်ရွှမ်း : "သားသမီး မြေးမြစ်တွေမှာ သူတို့ကံနဲ့သူတို့ ရှိကြတာပဲဥစ္စာ"
သူကတော့ သမီးတစ်ယောက်အတွက် ဘယ်တော့မှ စိတ်ပူနေမယ့်သူ မဟုတ်ဘူး~~
သမီးဆိုသည်မှာ အချိန်တန်ရင် အခြားသူ့အိမ်ကို လက်ထပ်ပြီး ပါသွားမည့်သူသာ ဖြစ်သည်။ သူ အလိုရှိသည်မှာ သားတစ်ယောက်သာ ဖြစ်၏။
သူ၏ဟန်ပန်ကို ကြည့်ပြီး အဘွားကြီးကျောက်တစ်ယောက် ဘာဖြစ်နေမှန်း အကြမ်းဖျင်း ခန့်မှန်းမိသွားသည်။ သူမ နှာခေါင်းရှုံ့လိုက်ရင်း ခနဲ့တဲ့တဲ့အသံဖြင့်
"နှစ်သစ်ကူးကာလကြီးမှာ နင့်ကြည့်ရတာ ကံဆိုးမိုးမှောင်ကျမယ့် ရုပ်မျိုးနဲ့၊ နင့်မိသားစုကတော့ တကယ့်ကို ထူးဆန်းတဲ့လူတွေပဲအေ… တခြားလူတွေအားလုံးက နှစ်သစ်ကူးမလို့ ပျော်နေကြတာကို၊ နင့်အိမ်ကလူတွေကျတော့ အကုန်လုံး မျက်နှာညှိုးချနေကြတယ်… ငါတို့ဖြင့် ဘယ်လိုမှ နားမလည်နိုင်တော့ဘူး"
အမှန်အတိုင်းပင် လီချန်ရွှမ်းတင် မပျော်မရွှင် ဖြစ်နေရုံသာမက၊ လင်စန်းရှင်းနှင့် လီလင်းလင်းတို့ပါ စိတ်ညစ်နေကြခြင်း ဖြစ်သည်။
လီချန်ရွှမ်းမှာ သူ့သားလေးအတွက် စိတ်မကောင်းဖြစ်နေရပြီး၊ သားအမိမှာကား ယွမ်ဟောက်ဖုန်းကိစ္စကြောင့် စိတ်ရှုပ်နေကြခြင်းပင်။
လီချန်ရွှမ်း အဘွားကြီးကျောက်ကို ကြည့်ပြီး သက်ပြင်းချရင်း
"ခင်များကတော့ တကယ့်ကို နှုတ်သီးကောင်းလျှာပါး ထွက်လှချည်လား..."
သူ တကယ်ကို အငြင်းပွါးမနေချင်တော့ပေ။ စိတ်ထဲတွင် အတော်လေး ခံစားနေရပြီ ဖြစ်သည်။
အဘွားကြီးကျောက်သည် သူ့ပုံစံကို ကြည့်ပြီး အတော်လေး အံ့အားသင့်သွားမိ၏။ စိတ်ဒဏ်ရာ တကယ်အကြီးအကျယ် ရထားသည့်ပုံပင်။ တကယ့်ကို မျှော်လင့်ချက်မဲ့နေသည့် ရုပ်မျိုး ဖြစ်နေသည်။
လီချန်ရွှမ်း "ဟူး..." ခနဲ သက်ပြင်း ထပ်ချလိုက်မိ၏။
သူ့မှာ နောက်ထပ် သားတစ်ယောက် ရဖို့ဆိုတာ ဖြစ်နိုင်ပါ့ဦးမလား…
လျိုကျင့်... အကယ်၍ လျိုကျင်သာ သူ့ကို သားတစ်ယောက် မွေးပေးနိုင်ရင် ကောင်းမှာပဲ၊ ဒါပေမဲ့ ဒါက မလွယ်ကူမှန်း သူသိတာပေါ့…
လျိုကျင့်က ကွာရှင်းထားတဲ့ မိန်းမတစ်ယောက်ပဲဥစ္စာ၊ ဘယ်လိုလုပ်ပြီး အလွယ်တကူ ကိုယ်ဝန်ရနိုင်ပါ့မလဲ…
သို့သော်လည်း လီချန်ရွှမ်းတစ်ယောက် စိတ်ကူးယဉ်အိမ်မက် ဆောက်နေမိဆဲပင် ဖြစ်၏။
အဘွားကြီးကျောက်သည် သူ တစ်ယောက်တည်း အတွေးကမ္ဘာထဲ မျောနေသည်ကို ကြည့်ပြီး တကယ့်ကို နားမလည်နိုင်တော့ပေ။
ဒီလို ယောက်ျားတွေကတော့လေ... ဟူး...
လီချန်ရွှမ်း ဘာဖြစ်နေဖြစ်နေ အဘွားကြီးကျောက် ဂရုမစိုက်ပေ။ တစ်နေကုန် အလုပ်လုပ်ပြီးနောက် ဆင်းချိန်တန်သည်နှင့် ချက်ချင်းပင် သူမ၏ ပစ္စည်းများကို ကောက်သိမ်းကာ အိမ်သို့ အပြေးအလွှား ပြန်ခဲ့တော့သည်။ နှစ်ကုန်ခါနီး နောက်ဆုံရက်မှ နှစ်သစ်ကူးလက်ဆောင်
ပစ္စည်းများ လိုက်ဝေနေကြသဖြင့် တကယ့်ကို အလုပ်ရှုပ်လှ၏။ သို့သော်လည်း ပစ္စည်းရဖို့သည် အဓိကဖြစ်၍ ဘာပဲဖြစ်ဖြစ် အဆင်ပြေပါသည်။
ပြီးတော့ သိတယ်မဟုတ်လား…
အလုပ်တစ်ခု ရှိနေတာက တကယ့်ကို ကွာခြားလိုက်တာ…
အဘွားကြီးကျောက်တစ်ယောက် ခွန်အားတွေ ပြည့်ဝနေပြီး စိတ်ဓာတ်များပါ တက်ကြွနေခဲ့၏။
အိမ်အပြန်လမ်းတွင် လမ်းသွယ်ထဲသို့ပင် မဝင်ရသေးခင်မှာတင် ဗြောက်အိုးဖောက်သံများနှင့် ကလေးများ အော်ဟစ်ဆော့ကစားသံများကို အဆက်မပြတ် ကြားနေရသည်။ သဘာဝအတိုင်း ဤနေရာဝန်းကျင်၌ အလုပ်သမားလူတန်းစား မိသားစုများ အနေထိုင်များသည့်နေရာ ဖြစ်သဖြင့်၊ နှစ်သစ်ကူးအတွက် ဗြောက်အိုးအချို့ ဝယ်ယူနိုင်ကြခြင်းမှာ မထူးဆန်းလှပေ။
"အလို... အဘွားကြီးကျောက်၊ ဒါ... ဒါတွေက စက်ရုံက ပေးတာလားအေ"
"ညည်းတို့ မိသားစုကတော့ အခု တကယ့်ကို အဆင်ပြေ ချမ်းသာနေတာပဲနော်... ဒါက တကယ့်ကို စည်ကားသိုက်မြိုက်တဲ့ နှစ်တစ်နှစ်ပဲ၊ ညည်း မသိသေးဘူးလား… ဒီမနက်တင် စက်ရုံမှူးဟယ်က ညည်းတို့အိမ်ကို ပစ္စည်းအများကြီး လာပေးသွားတယ်အေ"
အဘွားကြီးကျောက် အံ့အားသင့်သွားမိသည်။
"ငါ့အိမ်ကို လာတယ် ဟုတ်လား၊ ဘာကိစ္စရှိလို့လဲ… ငါ့ကို လာပြီး အားပေးနှစ်သိမ့်တာလား"
"ညည်းကလည်း အတွေးလွန်နေပြန်ပြီ၊ ဘာအားပေးနှစ်သိမ့်တာလဲအေ~~ ညည်းရဲ့ ချွေးမလေးကို ကျေးဇူးလာတင်တာလေ၊ ကြားရသလောက်တော့ မနေ့က သူတို့ လူတစ်ယောက်ကို ကယ်လိုက်ကြတယ်ဆို၊ အဲ့ဒါ စက်ရုံမှူး ဟယ်ရဲ့ အဖေ ဖြစ်နေလို့တဲ့"
အဘွားကြီးကျောက် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ ချက်ချင်း သဘောပေါက်သွားကာ
"အော်... သူတို့ ကယ်လိုက်ကြတာကိုး၊ ငါ့ချွေးမဆီက ကြားတော့ ကြားလိုက်ပါတယ်၊ ဒါပေမဲ့ ငါလည်း သိပ်ပြီး စိတ်ထဲမထားမိလိုက်ဘူး"
"ကြည့်စမ်း... ညည်းကတော့ တကယ့်ကို ပေါ့ပေါ့ပါးပါးပဲနော်"
"အိမ်ပြန်ပြီး သွားကြည့်လိုက်ဦးအေ၊ ကောင်းတာတွေ အများကြီးပဲ"
"ဟုတ်ပအေ၊ ကြားရသလောက်တော့ ကြက်မကြီးတစ်ကောင်တောင် ပါသေးတယ်တဲ့.. ဒုတိယ စက်ရုံမှူးဟယ်က တကယ်ကို အလိုက်သိတတ်တာပဲ၊ နှစ်သစ်ကူးမှာ ကြက်စွပ်ပြုတ် ချက်သောက်ရရင် ဘယ်လောက်တောင် အရသာရှိလိုက်မလဲ..."
"ဒါပေါ့အေ... ဟုတ်ပ..."
အဘွားကြီးကျောက် : "အမလေး... ဖယ်ကြဦးအေ၊ ငါ အိမ်ကို မြန်မြန်ပြန်ရဦးမယ်"
အဘွားကြီးကျောက် အိမ်သို့ အပြေးအလွှား ပြန်လာခဲ့သည်၊ တစ်ယောက်ယောက် မိမိအိမ်ကို ပစ္စည်းများ လာပေးသွားသည်ဆိုသည်မှာ တကယ့်ကို ဝမ်းသာစရာပင်။ အဘွားကြီးကျောက်တစ်ယောက် မောမောဖြင့် အိမ်ထဲသို့ လှမ်းဝင်လာစဉ်၊ ခြံဝင်းထဲသို့ ရောက်သည်နှင့် တပြိုင်နက် မွှေးကြိုင်လှသည့် ဆီကြော်နံ့များလေထဲတွင် ပျံ့လွင့်နေခဲ့၏။
"ချွေးမရေ... ချွေးမ..."
သူမ လှမ်းခေါ်လိုက်ရာ ~~
ချန်ချင်းယွီ : "ကျွန်မ ဒီမှာ အလုပ်ရှုပ်နေတယ် အမေ၊ အဲ့ဒီလို လှမ်းမခေါ်ပါနဲ့ဦးရှင့်"
အဘွားကြီးကျောက် : "ညည်း ဘာတွေ ကြော်နေတာလဲအေ…ရှောင်ကျားလေး... စားလို့ ကောင်းရဲ့လား"
"တကယ် အရသာရှိတယ် အဘွား..."
အဘွားကြီးကျောက် : "ငါ ညည်းကို မေးမလို့လေ..."
သူမသည် အလွန်အမင်း စိတ်လှုပ်ရှားကာ ဝမ်းသာနေခဲ့သော်လည်း၊ ခြံဝင်းထဲမှ အခြားသူများကမူ မနာလိုဝန်တိုစိတ်များဖြင့် ပြည့်နှက်နေကြသည်။
ဘာဖြစ်လို့ သူတို့ကျတော့ ဒီလိုမျိုးကံကောင်းခြင်းမျိုးနဲ့ မဆုံတွေ့ခဲ့ရပါလိမ့်~~
အကယ်၍သာ သူတို့ ကယ်တင်ခွင့်ရခဲ့မယ်ဆိုလျှင်၊ လူကြီးလူကောင်းတစ်ယောက်နှင့် အဆက်အသွယ်ကောင်းများ တည်ဆောက်နိုင်ခဲ့မည်သာ…
သူတို့ တကယ်ကို နောင်တရနေကြ၏။
ငါးသွားမမျှားခဲ့မိသည့်အတွက် နောင်တရနေကြခြင်း ဖြစ်သည်။
အိမ်ထောင်စုတိုင်း၌ ကိုယ်စီကိုယ်ငှ ပွစိပွစိ ရေရွတ်သံများ ထွက်ပေါ်နေခဲ့၏။
ထိုအထဲတွင် စိတ်ရှုပ်ထွေးမှု အရှိဆုံးလူမှာ ကျောက်ရုံ ဖြစ်သည်။ မိမိကိုယ်ကို အရှက်ခွဲမိသည့် အဖြစ်အပျက်ပြီးကတည်းက ကျောက်ရုံသည် ခပ်ကုပ်ကုပ်သာ နေထိုင်ခဲ့ရ၏။ ဘာပဲဖြစ်ဖြစ် သူမ မည်မျှပင် ဟန်ဆောင်ကောင်းနေပါစေ၊ သူမ၏ ပုပ်စပ်လှသည့် စရိုက်အမှန်ကို လူတိုင်း သိရှိသွားကြပြီ ဖြစ်သည်။ ယခင်က သူမ၏ စရိုက်အမှန်ကို မသိကြသေးသော်လည်း၊ ယခုမူ အားလုံးက သိသွားကြပြီဖြစ်၏။
အခြားအရာများကို ဘေးဖယ်ထားလျှင်ပင်၊ အိမ်နီးနားချင်း မိန်းမများမှာ မိမိတို့၏ အမျိုးသားများကို မျက်ခြေမပြတ် စောင့်ကြည့်လာကြသည်။
၎င်းတို့၏ အမျိုးသားများကို ကျောက်ရုံနှင့် စကားအများကြီး မပြောမိစေရန် တားဆီးကြ၏။ အဘယ်ကြောင့်ဆိုသော် သူမသည် တကယ့်ကို မျှော်လင့်ချက်မဲ့ပြီး ရရာလက်ဆွဲမည့် အခြေအနေ ဖြစ်နေသောကြောင့်ပင်။
သို့သော်လည်း ထိုမိန်းမများသည် မိမိတို့၏ ယောက်ျားများကို အထင်ကြီးလွန်းနေကြခြင်း ဖြစ်၏။ ဂုဏ်ဒြပ်လည်းမရှိ၊ ရာထူးဌာနလည်းမရှိသည့် ထိုလူစားမျိုးများကို ကျောက်ရုံမှာ အဘယ်ကြောင့် စိတ်ဝင်စားရပါမည်နည်း။ ၎င်းတို့ တကယ်ကို အတွေးလွန်နေကြခြင်းသာ ဖြစ်သည်။
သို့သော် ကျောက်ရုံ၏ သံသယဖြစ်ဖွယ် အပြုအမူများသည် လူအများအပြားအကြား ရေပန်းစားစွာ ပြောဆိုစရာ ဖြစ်နေခဲ့၏။ သူမ၏ လုပ်ရပ်များကြောင့် မိသားစုတစ်ခုလုံး သိက္ခာကျခဲ့ရပြီး၊ အိမ်တွင်းလေထုမှာလည်း နှစ်သစ်ကူးကာလကြီး၌ အေးစက်ကာ စိတ်မချမ်းမြေ့စရာ ဖြစ်နေခဲ့သည်။ ဤကိစ္စ လူသိရှင်ကြား မဖြစ်လာခင်ကတည်းက မိသားစုဝင်များသည် ကြိုတင်မသိရှိခြင်း မဟုတ်ပေ။အသက်ဆယ်နှစ်အရွယ်သာ ရှိသေးသည့် ဟောက်ယွဲ့မှလွဲ၍ အားလုံး သိနေခဲ့ကြသည်သာ…
ယွမ်ဟောက်မင်ပင်လျှင် သံသယဝင်ခဲ့မိသော်လည်း၊ မိမိတို့ကိုယ်တိုင် ထိုကိစ္စမှတစ်ဆင့် အကျိုးအမြတ်များ ရရှိနေခဲ့ကြသဖြင့် မသိချင်ယောင်ဆောင်နေခဲ့ကြခြင်း ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူတို့က အကျိုးခံစားခွင့်ရှိသူတွေ ဖြစ်နေခဲ့ကြတာပဲ မဟုတ်လား…
သို့သော်လည်း ကိစ္စရပ်များသည် ကြီးထွားလာပြီး၊ သူမ အရိုက်အနှက်ခံရကာ အရှက်ခွဲခံလိုက်ရပြီးနောက်တွင်မူ အခြေအနေများပြောင်းလဲသွားခဲ့တော့သည်။
လူတိုင်း စိတ်အခြေအနေ ဆိုးရွားနေကြ၏။
အထူးသဖြင့် ဟောက်ရွှယ်အတွက်မူ ကွာခြားချက်သည် အကြီးမားဆုံး ဖြစ်နေခဲ့သည်။ သူမသည် စက်ရုံတွင် ယခင်က အလွန်ရေပန်းစားပြီး လူချစ်လူခင်များသူ ဖြစ်ခဲ့၏။ စက်ရုံသို့ ရောက်ရှိသည်မှာမကြာသေးသော်လည်း ဝါဒဖြန့်ချိရေးဌာနသို့ ရာထူးအဆင့်ဆင့် ချက်ချင်းတက်လှမ်းနိုင်ခဲ့ပြီး အမြဲတမ်းဝန်ထမ်း ဖြစ်လာခဲ့သည်။ သူမ၏ မိသားစုနောက်ခံသည်လည်း ပြည့်စုံကောင်းမွန်ပြီး၊ သူမကိုယ်တိုင်မှာလည်း ရုပ်ရည်ချောမောလှပသဖြင့် သဘာဝအတိုင်းပင် လူကြိုက်များခဲ့၏။ သူမကို လိုက်လံပိုးပန်းသူများစွာ ရှိခဲ့သော်လည်း၊ ရက်ပိုင်းမျှအတွင်းမှာတင် ထိုသူအားလုံး လစ်ပြေးသွားကြတော့သည်။
ယခုအခါ ထိုလူများထဲမှ အဆင့်အတန်းရှိသည့် အိမ်ထောင်ဖက်ကောင်းကို ရှာဖွေဖို့ရန် ဝေးစွ၊ သာမန်ရိုးသားသည့် အမျိုးသားများပင်လျှင် သူမသည် မိခင်ဖြစ်သူ၏ ခြေရာအတိုင်း လိုက်မည့်သူဖြစ်မှာကို စိုးရိမ်သဖြင့် သူမအနားသို့ မကပ်ရဲကြတော့ပေ။
ဟောက်ရွှယ်သည် လူအများ၏ လက်ညှိုးထိုးကဲ့ရဲ့ခြင်းနှင့် အတင်းအဖျင်း ပြောဆိုသံများကို အလူးအလဲ ခံစားခဲ့ရသဖြင့် အလွန်အမင်း စိတ်ဆင်းရဲနေခဲ့ရသည်။
သူမသည် နေ့စဉ်ရက်ဆက် မိမိကိုယ်ကို ကြံ့ကြံ့ခံနိုင်ရန် အားတင်းနေရသဖြင့်၊ သဘာဝအတိုင်းပင် အိမ်ပြန်ရောက်သည့်အခါ ကောင်းမွန်သော မျက်နှာပေးမျိုး မရှိနိုင်တော့ပေ။
မိမိကိုယ်တိုင် ကျေးလက်တောရွာသို့ အပို့ခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရစဉ်က မိခင်ဖြစ်သူ၏ အကူအညီကို လိုအပ်ခဲ့ပြီး၊ ကျောက်ရုံ ဖောက်ပြန်နေစဉ် သူမကိုယ်တိုင် ဖုံးကွယ်ကူညီပေးခဲ့ကြောင်းများကိုမူ သူမ လုံးဝကြီး မေ့လျော့သွားခဲ့လေပြီ~~
သူမ အရာအားလုံးကို မေ့ပစ်လိုက်၏။
သူမသည် အမြဲတမ်း စိတ်ဆိုးနေတတ်ပြီး၊ အခြားသူများလည်း ထို့အတူပင် စိတ်ရှုပ်နေကြသည်။ ၎င်းတို့နှင့် နှိုင်းယှဉ်ပါက အစကတည်းက ဟန်ဆောင်မှုများလှသည့် ကွမ်ထင်းထင်းသည် ဤမျှအထိ ထင်ထင်ရှားရှား ထိခိုက်မှုမရှိလှပေ။ ကျောက်ရုံသည်လည်း စိတ်ဓာတ်ကြံ့ခိုင်ပြီး မျက်နှာအရေထူသည့် မိန်းမတစ်ဦး ဖြစ်၏။ သူမသည် အခြားသူများထက် ပို၍အများပြားလှသော ကဲ့ရဲ့သံများနှင့် လက်ညှိုးထိုးမှုများကို ခံခဲ့ရသော်လည်း၊ ဘာမျှမဖြစ်ခဲ့သလိုမျိုး ဟန်ဆောင်နေနိုင်ဆဲပင်။
အလုပ်မှ အိမ်ပြန်ရောက်လျှင်ပင် အခြားသူများကို ပုံမှန်အတိုင်း နှုတ်ဆက်နိုင်သေးသည်။
သူမရဲ့ အရေထူပုံကတော့ ရှားမှရှားပဲ…
သို့သော်လည်း ဒုတိယစက်ရုံမှူးဟဠ်နှင့် သူ၏မိသားစုဝင်များ လာရောက်သွားကြောင်းကို သူမ သိရှိသွားခဲ့သည်။ သူမသည် သူ့ကို ကောင်းစွာသိရှိထားကာ သူသည် မာနကြီးပြီး ပေါင်းသင်းရခက်သူတစ်ဦး ဖြစ်သော်လည်း၊ လာရောက်လည်ပတ်စဉ်အလွန်ပင် ယဉ်ကျေးပျူငှါနေခဲ့ကြ၏။ ကျောက်ရုံ မျက်မှောင်ကြုတ်လိုက်မိပြီး၊ မနာလိုဝန်တိုစိတ်များနှင့် မနာခံချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာခဲ့သည်။
ဘာဖြစ်လို့ ဒီလိုကောင်းမွန်လှတဲ့ အခွင့်အရေးမျိုးက သူမအပိုင် မဖြစ်ခဲ့ရပါလိမ့်…
အကယ်၍သာ သူမ ရရှိခဲ့မည်ဆိုလျှင်၊ ၎င်းကို အသုံးချနိုင်မည့် အခွင့်အလမ်းများစွာ ရှိလာနိုင်မည် မဟုတ်လော့။
နှမြောစရာကောင်းလိုက်တာ... နှမြောစရာ တကယ်ကောင်းလိုက်တာ...
ကျောက်ရုံသည် ဤအရာမှာ တကယ့်ကို ဖြုန်းတီးပစ်လိုက်ခြင်းဖြစ်သည်ဟု ခံစားနေရ၏။
ထိုနိမိတ်မကောင်းသည့် အမင်္ဂလာမလေး ချန်ချင်းယွီ ဤမျှအထိ ကံကောင်းခြင်းမျိုး ရှိနေသည်ကို သူမ နားမလည်နိုင် ဖြစ်နေရသည်။
ဒါက တကယ့်ကို ဘုရားသခင်ရဲ့ ဘက်လိုက်မှုပဲ ဖြစ်ရမယ်…
သို့သော် ကျောက်ရုံသည် ချက်ချင်းပင် တွေးတောလိုက်မိသည်
မှာ~~~ ဒုတိယ စက်ရုံမှူးဟယ်ဆိုသည်မှာ ကိုယ်ကျင့်တရား သိပ်မကောင်းသူဖြစ်ပြီး၊ ချန်ချင်းယွီသည်လည်း ချောမောလှပသူဖြစ်ရာ၊ တစ်နေ့ကျရင်... သူမသည် စိတ်ထဲတွင် ယုတ်မာညစ်ထေးစွာ ခဏမျှ ကြံစည်တွေးတောလိုက်ပြီးနောက် တံတွေးတစ်ချက် ထွေးလိုက်၏။
သူမ စိတ်ထဲမှ ~~
"ဘယ်သူသိနိုင်မလဲ၊ မကြာခင်မှာ သူတို့နှစ်ယောက် တိတ်တိတ်ပုန်း ငြိစွန်းကြတာလည်း ဖြစ်နိုင်တာပဲ၊ ငါကတော့ စောင့်ကြည့်နေမှာ..."
အကယ်၍ ချန်ချင်းယွီသာ တစ်ခုခု အမှားအယွင်း ဖြစ်သွားခဲ့မည်ဆိုလျှင်၊ ကျောက်ရုံအနေဖြင့် လူတိုင်း သိရှိသွားအောင် သေချာပေါက် လုပ်ဆောင်မည်ဖြစ်ပြီး၊ သို့မှသာ လူအများ သူမ၏ ကိစ္စကို တဖွဖွ ပြောမနေကြတော့မည် ဖြစ်သည်။
ကျောက်ရုံသည် ဤအကြံအစည်မှာ အလွန်ကောင်းမွန်လှသည်ဟု တွေးကာ စိတ်ဓာတ်များ ပြန်လည်တက်ကြွလာပြီး၊ ချန်ချင်းယွီကို မျက်ခြေမပြတ် စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်၏။ သူမသည် ချန်ချင်းယွီ၏ အိမ်ဘက်သို့ ခိုးကြောင်ခိုးဝှက် လှမ်းကြည့်နေခဲ့သည်။ ထိုစဉ် ချန်ချင်းယွီသည် အမှိုက်ပစ်ရန် အပြင်သို့ ထွက်လာခဲ့ရာ ~~
သောက်ကျိုးနည်း… ဘာပါလိမ့်
ကျောက်ရုံ တစ်ယောက် ဘာလုပ်နေတာလဲ…
ဒါက ဘယ်လို အကြည့်ပါလိမ့်~~
ချန်ချင်းယွီ နှာခေါင်းရှုံ့လိုက်မိပြီး၊ သူမကို အာရုံစိုက်နေရန် ပျင်းရိလှသဖြင့် လျစ်လျူရှုထားလိုက်သည်။
အကယ်၍ သူမသာ တစ်ခုခု လုပ်ရဲမည်ဆိုလျှင်၊ မိမိဘက်မှလည်း အလွယ်တကူ အနိုင်ကျင့်ခံမည် မဟုတ်ပေ။
ချန်ချင်းယွီသည် အပြင်ပန်းတွင် သနားစရာ ယုန်သူငယ်လေးတစ်ကောင်ကဲ့သို့ ဟန်ဆောင်နေတတ်သော်လည်း၊ တစ်ခါတစ်ရံတွင်မူ သူမ၏ လက်သည်းများကို ထုတ်ပြတတ်ပေသည်...
ထို့အပြင် လူတို့၏ သဘာဝဗီဇအမှန်ဆိုသည်မှာ ဖုံးကွယ်ထားရန် ခက်ခဲလှသဖြင့်၊ တစ်ခါတစ်ရံတွင် ၎င်းမှာ အလိုအလျောက် ပေါ်ထွက်လာတတ်စမြဲ ဖြစ်၏။သို့သော်လည်း လူတိုင်းသည် ချန်ချင်းယွီအား သူရဲဘောကြောင်သူတစ်ဦး ဖြစ်သည်ဟု အခိုင်အမာ ယုံကြည်ထားကြသဖြင့်၊ အဘွားကြီးကျောက်ပင်လျှင် ပြောစကား မရှိတော့ဘဲ ဆွံ့အသွားခဲ့ရဖူးသည်။
ဒီမျက်စိကန်းနေတဲ့ လူတစ်စုကတော့လေ...
"ချန်ချင်းယွီ... ချင်းယွီရေ"
ချန်ချင်းယွီ : "ဘာဖြစ်လို့လဲ အမေ"
အဘွားကြီးကျောက် : "ဗြောက်အိုးအချို့ သွားဝယ်လိုက်ဦးအေ.. ငါတို့ရဲ့ ကလေးနှစ်ယောက်က တခြားလူတွေ ဆော့နေတာကို တကယ့်ကို မနာလိုတဲ့မျက်လုံးတွေနဲ့ ငေးကြည့်နေကြတာ တွေ့ခဲ့လို့… ငါတို့အိမ်က ဘာမှမပြတ်လတ်ပါဘူး၊ ကလေးတွေကို ပျော်ပျော်ရွှင်ရွှင် ဆော့ကစားခွင့် ပေးလိုက်ပါ"
ချန်ချင်းယွီ : "ကောင်းပါပြီ အမေ"
အဘွားကြီးကျောက် အသံကိုနှိမ့်ကာ တိုးတိုးလေး ကပ်ပြောလိုက်၏။
"နည်းနည်းပဲ ဝယ်ခဲ့နော်အေ၊ အရင်တုန်းက ငါ သိမ်းထားခဲ့တဲ့ ဗြောက်အိုးအချို့ ရှိသေးတယ် မဟုတ်လား"
ချန်ချင်းယွီ : "...ကျွန်မ သိပါတယ်ရှင့်"
၎င်းမှာ လင်းကျန့်ဝမ် ဆုံးပါးသွားစဉ် သူမ သိမ်းဆည်းထားခဲ့သည့် ဗျောက်အိုးမီးပန်းများ ဖြစ်သည်။
ချန်ချင်းယွီသည် ယွမ်ရှောင်ချွေကို ကူညီရန်အတွက်ပင် ထိုဗြောက်အိုးကို အသုံးပြုခဲ့သေးရာ၊ ယခုအခါ ယွမ်ရှောင်ချွေတစ်ယောက် ဘယ်လိုများ နေထိုင်နေပါလိမ့်ဟု တွေးတောမိလိုက်၏။
ချန်ချင်းယွီသည် လက်ကို သန့်စင်အောင် ဆေးကြောလိုက်ပြီးနောက်၊ အဝတ်အစားများကို သေသေချာချာ လဲလှယ်ဝတ်ဆင်ကာ လက်နှစ်ဖက်ကို အင်္ကျီအိတ်ကပ်ထဲ ထည့်လျက် အပြင်သို့ ထွက်လာခဲ့သည်။ ရှောင်ကျားနှင့် ရှောင်ယွမ် ကလေးငယ်နှစ်ယောက်မှာလည်း ချက်ချင်းပင် နောက်မှ လိုက်ပါလာကြ၍။ ချန်ချင်းယွီ ပြုံးလိုက်ရင်း
"ဘာလဲ... သားတို့က အိမ်မှာ စောင့်နေကြတာလား… ဘာလို့ မေမေ့နောက်ကို လိုက်လာကြတာလဲ"
"သား လိုက်ချင်လို့”
"သမီးလည်း လိုက်မယ်”
ချန်ချင်းယွီ ; "ကဲ... ဒါဆိုရင်လည်း အတူတူ သွားကြစို့..."
သူမသည် ထိုကလေးငယ်နှစ်ယောက်ကို ဦးဆောင်ကာ ဗြောက်အိုးရောင်းသည့် ဆိုင်တန်းဆီသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းခဲ့တော့သည်။
ချန်ချင်းယွီ : "တို့တွေ နှစ်သစ်ကူးပွဲတော်ကို ဘယ်နေရာမှာ ကျင်းပကြမလဲ…သေချာပေါက် ပျော်စရာကောင်းမှာပါ..."
"ဟုတ်ကဲ့ပါ မေမေ..."
ဖောက်... ဒိုင်း... ဖောက်... ဒိုင်း...
ဗြောက်အိုးဖောက်သံများက အဆက်မပြတ် ထွက်ပေါ်နေခဲ့၏။
လပြက္ခဒိန်အရ ၁၂ လပိုင်း ၂၉ ရက်နေ့သာ ရှိသေးသော်လည်း၊ အချို့လူများသည် ဗြောက်အိုးများကို စတင်ဖောက်နေကြပြီ ဖြစ်သည်။ လမ်းမပေါ်ရှိ လမ်းသွားလမ်းလာများသည် အလျင်အမြန် လျှောက်လှမ်းနေကြသော်လည်း၊ ၎င်းတို့၏ မျက်နှာထက်တွင်မူ ပွဲတော်ကာလ၏ ပျော်ရွှင်မှု အရသာများဖြင့် ပြည့်နှက်နေခဲ့၏။ ချန်ချင်းယွီသည် စက်ဘီးမစီးဘဲ၊ ကလေးငယ်နှစ်ယောက်၏ လက်ကလေးများကို တစ်ဖက်တစ်ချက်စီ ဆုပ်ကိုင်ထားခဲ့ရာ၊ ၎င်းမှာ တကယ့်ကို အိမ်မက်ဆန်လှသည့် ခံစားချက်မျိုး ဖြစ်နေခဲ့သည်။
ဖောက်... ဒိုင်း...
ဗြောက်အိုးသံများက အလွန်ကျယ်လောင်လှပြီး၊ ချန်ချင်းယွီသည် လေထုထဲ၌ ပျံ့လွင့်နေသည့် ယမ်းနံ့များကို ခံစားမိနေ၏။ ဤသည်မှာ သူမသည် ကူးပြောင်းရောက်ရှိလာပြီးနောက်ပိုင်း သူမ ကြုံတွေ့ရသည့် ပထမဦးဆုံးသော နှစ်သစ်ကူးပွဲတော် ဖြစ်ပေလိမ့်မည်…
အော်... ပထမဆုံးတော့ မဟုတ်နိုင်ပါဘူး…
သို့သော်လည်း သူမ၏ မှတ်ဉာဏ်ထဲတွင်မူ ဤအရာသည် သေချာပေါက် ပထမဦးဆုံးအကြိမ် ဖြစ်သည်။ သူမသည် အတော်လေး စူးစမ်းလိုစိတ် ဖြစ်ပေါ်နေ၏။
"မအေးဘူးလား ကလေးတို့"
"မအေးပါဘူး မေမေ..."
"မေမေ... တို့တွေ အများကြီး ဝယ်ကြမလားဟင်"
ချန်ချင်းယွီ : "ဒါပေါ့... အများကြီး ဝယ်တာပေါ့"
သူမသည် အဘွားကြီးကျောက်၏ စကားကို နားထောင်နေမည် မဟုတ်ပေ။
ချန်ချင်းယွီသည် ဗြောက်အိုးဖောက်ရခြင်းကို တကယ်ပင် နှစ်သက်လှပေသည်၊ ၎င်းမှာ ပွဲတော်၏ အငွေ့အသက်ကို ပိုမို ခံစားရစေ၏။
မိမိကိုယ်တိုင် မိဘမဲ့တစ်ဦး ဖြစ်ခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်သည်၊ ချန်ချင်းယွီသည် မီးရှူးမီးပန်းများနှင့် ဗြောက်အိုးများ၏ စည်ကားသိုက်မြိုက်လှသည့် အငွေ့အသက်ကို အလွန်နှစ်သက်မိ၏။ ဗြောက်အိုးဖောက်ခြင်းဆိုသည်မှာ တရုတ်နှစ်သစ်ကူးပွဲတော်၏ မရှိမဖြစ် အရေးပါလှသည့် အစိတ်အပိုင်းတစ်ခုပင် ဖြစ်သည်။
ချန်ချင်းယွီ : "မေမေ သားတို့ကို ဗြောက်အိုးဖောက်ဖို့ ခေါ်သွားမယ်၊ တို့တွေ ဒီနေ့ကစပြီး ဖောက်ကြတာပေါ့..."
"ဟုတ်ကဲ့ပါ မေမေ..."
ကလေးများ ဝမ်းသာအားရ ပြိုင်တူ အော်ဟစ်လိုက်ကြသည်။
နှစ်သစ်ကူးပွဲတော်၏ ပျော်ရွှင်ချမ်းမြေ့မှု အရသာသည် လူတိုင်းကို လွှမ်းခြုံထားခဲ့၏။ ချန်ချင်းယွီသည် ဗြောက်အိုးများ ဝယ်ယူလာခဲ့ပြီး၊ ထိုနေ့ညနေစောင်းတွင် ကလေးများကို ဦးဆောင်ကာ ခြံဝင်းတံခါးဝ၌ သွားရောက်ဖောက်ကြရာ၊ ပတ်ဝန်းကျင်မှ ကလေးအများအပြားကိုပါ လာရောက်ငေးကြည့်ရန် ဆွဲဆောင်နိုင်ခဲ့သည်။ ကလေးများမှာ ပျော်ရွှင်လွန်းသဖြင့် ဘေးပတ်ပတ်လည်တွင် ခုန်ပေါက်ပြေးလွှားနေကြ၏။
ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် အအေးဒဏ်ခံနိုင်ရန် အဝတ်အစားများကို နွေးထွေးစွာ ဝတ်ဆင်ထားကြသော်လည်း၊ ၎င်းတို့၏ မျက်ဝန်းလေးများမှာ တောက်ပကာ ရွှင်လန်းနေခဲ့ကြသည်။ အဘွားကြီးကျောက်သည်လည်း ဘေးမှဝင်ရောက်ကာ မျက်နှာတစ်ခုလုံး အပြုံးပန်းဆင်လျက် ပျော်ရွှင်နေခဲ့၏။
သူမသည် ယခင်က ဗြောက်အိုးနည်းနည်းပဲ ဝယ်ရန် ပြောခဲ့ဖူးသည်ကိုပင် စိတ်ထဲမရှိတော့ကာ… အတိုင်းထက်အလွန် ဝမ်းသာပီတိ ဖြစ်နေခဲ့သည်။
ဝူး... ဒိုင်း...
ဖောက်... ဖောက်... ဖောက်...
ဗြောက်အိုးသံများ အဆက်မပြတ် ထွက်ပေါ်နေခဲ့၏။
"မေမေ... မေမေ... မေမေ၊ ကြည့်ပါဦး၊ ဗြောက်အိုးသံက ဘယ်လောက်တောင် ကျယ်လဲလို့..."
"မေမေ..."
ချန်ချင်းယွီသည် သူမ၏ နားနှစ်ဖက်ကို လက်ဖြင့်အုပ်ထားရင်း၊ အမွှေးတိုင်တစ်ချောင်းကို မီးညှိကာ ဗြောက်အိုးများကို လှမ်း၍ မီးရှို့ပေးလိုက်စဉ် တဖြန်းဖြန်းနှင့် ထပ်မံပေါက်ကွဲသွားကြပြန်သည်။
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ခုန်ပေါက်မြူးထူးနေကြ၏။
ရှောင်ကျား : "မေမေ... မေမေ ကြောက်လို့လားဟင်"
ချန်ချင်းယွီ ပြုံးလိုက်ရင်း
"ဟုတ်တယ်ကွယ်၊ မေမေက အနားသွားဖို့ ကြောက်လို့… တို့ရဲ့ ရှောင်ကျားလေး လူလားမြောက်လို့ ကြီးပြင်းလာတဲ့အခါကျရင် မေမေ့အတွက် ဗြောက်အိုးတွေ လာဖောက်ပေးရမယ်၊ ဟုတ်ပြီလား"
"ဟုတ်ကဲ့ပါ မေမေ..."
"အလို... သားက အခုထိ သေးသေးလေး ရှိသေးတာကို၊ ဘယ်အချိန်ကျမှ ကြီးမှာလဲ"
"ကြီးမှာပါ၊ ကြီးမှာပါ... သား ထမင်းအများကြီး စားတယ်လေ၊ မကြာခင် အမြန်ကြီးလာမှာ… သား ကြီးလာရင် အများကြီး လုပ်နိုင်တယ်..."
ချန်ချင်းယွီ : "ဒါဆိုရင် တို့ရဲ့ ရှောင်ကျားလေးက ထမင်း ပိုစားရမယ်နော်"
ရှောင်ကျား : "ဟုတ်ကဲ့..."
"သမီးလည်း ပိုစားမယ်၊ သမီးလည်း အမြန်ကြီးချင်တယ်၊ သမီးကလည်း တော်တာပဲဥစ္စာ..."
ရှောင်ယွမ်လေးမှာလည်း လှမ်း၍ အော်ပြောသည်။
ချန်ချင်းယွီ : "ကဲပါ... ကဲပါ၊ တို့ရဲ့ ရှောင်ယွမ်လေးကလည်း တကယ်ကို တော်ပါတယ်ရှင်"
"သား/သမီးတို့တွေ အမြန်ကြီးချင်ပြီ..."
ကလေးနှစ်ယောက်စလုံး ပြိုင်တူ အော်ဟစ်ကြ၏။
ချန်ချင်းယွီ တောက်ပစွာ ပြုံးလိုက်ရင်း ဆုတောင်းပေးလိုက်မိသည်။
"ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာကြပါစေကွယ်~"
ဖောက်... ဒိုင်း... ဖောက်... ဒိုင်း...
ဗြောက်အိုးသံများ အဆက်မပြတ် ထွက်ပေါ်နေဆဲဖြစ်ပြီး၊ မိသားစုတစ်ခုလုံးသည် ခြံဝင်းတံခါးဝတွင် လက်ကလေးများကို နောက်ပစ်လျက် ရင်ခုန်ကြည်နူးစွာဖြင့် မီးပန်းစင်္ကြာလေးများကို ငေးမောကြည့်ရှုနေကြရာ၊ အချိန်များ တရိပ်ရိပ် ကုန်လွန်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ဗြောက်အိုးများ ပေါက်ကွဲသွားသည့် အကြိမ်တိုင်း၊ မီးပန်းများ လင်းလက်သွားသည့် အခါတိုင်းတွင် ၎င်းတို့သည် တစ်နှစ်ထက်တစ်နှစ် ပြောင်းလဲတိုးတက်ကာ ကြီးထွားလာကြသလိုပင်၊ လမ်းလျှောက်တတ်စ ကလေးငယ်ဘဝမှသည် လူလားမြောက်သည့် အရွယ်အထိ...
…
ငါးနှစ် ကုန်လွန်သွားပြီးနောက်~~~
ဗြောက်အိုးဖောက်သံများ တဒိုင်းဒိုင်း ညံစီနေဆဲဖြစ်ပြီး၊ ချန်ချင်းယွီသည် အိမ်သူအိမ်သား လူကြီးလူငယ်အပေါင်းကို ဦးဆောင်ကာ တံခါးဝ၌ ဗြောက်အိုးဖောက်ရန် ထွက်လာခဲ့၏။
သို့သော်လည်း ဤအကြိမ်တွင်မူ ဗြောက်အိုးဖောက်နေသူမှာ ကောင်လေးတစ်ဦး ဖြစ်ပြီး၊ လွန်ခဲ့သည့် ငါးနှစ်ခန့်က လမ်းလျှောက်တတ်စ ကလေးငယ် ရှောင်ကျား မဟုတ်တော့ပေ။ သူသည် ယခုအခါ ကိုးနှစ်အရွယ် ကောင်လေးတစ်ယောက် ဖြစ်နေပြီဖြစ်ကာ၊ မိခင်ဖြစ်သူသည်လည်း သူ့ကို လူပျိုပေါက်လေးတစ်ယောက် ဖြစ်နေပြီဟု ပြောလေ့ရှိသည်။ သို့သော်လည်း လူပျိုပေါက်လေး ဖြစ်နေပြီဆိုသော်ငြား သတိထားဖို့ လိုအပ်သေး၏။
ရှောင်ကျားသည် အဝေးမှလှမ်းပြီး ဗြောက်အိုးကို မီးညှိလိုက်ရာ၊ ကျယ်လောင်သည့် ပေါက်ကွဲသံကြီးသည် ပတ်ဝန်းကျင်၌ ဟိန်းထွက်သွားခဲ့သည်။
၁၉၇၄ ခုနှစ်၏ နှစ်သစ်ကူးကာလသည် စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်း ထင်ကျန်နေဆဲ ဖြစ်သော်လည်း၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ၁၉၇၉ ခုနှစ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ ယနေ့သည် လူနာပြက္ခဒိန်အရ နှစ်သစ်ကူး၏ ပထမဦးဆုံးသော နေ့ရက် (နှစ်ဆန်းတစ်ရက်နေ့) ဖြစ်သည်။ မနက်စောစောပိုင်းကတည်းက ချန်ချင်းယွီသည် ကလေးများကို အဝတ်အစားသစ်များ ဝတ်ဆင်ပေးကာ၊ ဆွေမျိုးမိတ်ဆွေများထံသို့ နှစ်သစ်ကူး ကန်တော့တောင်းဆုပြုရန် ဦးဆောင်သွားခဲ့၏။ ညနေပိုင်းတွင်မူ အခြားလုပ်စရာ အလုပ်မရှိသဖြင့် မိသားစုတစ်ခုလုံး ခြံဝင်းတံခါးဝသို့ ထွက်ကာ ဗြောက်အိုးဖောက်ကစားနေကြခြင်း ဖြစ်သည်။
နွေဦးပွဲတော်ကာလဆိုသည်မှာ ဤကဲ့သို့ပင် ~~စိတ်အပန်းဖြေကာ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားရုံသာဖြစ်ပြီး၊ အခြားအရာများကို အလေးအနက် တွေးတောနေစရာ မလိုအပ်ပေ။
နှစ်စဉ်နှစ်တိုင်း ချန်ချင်းယွီသည် ဗြောက်အိုးများကို အမြောက်အမြား ဝယ်ယူလေ့ရှိပြီး၊ လပြက္ခဒိန်အရ ၁၂ လပိုင်း ၂၈ ရက် သို့မဟုတ် ၂၉ ရက်နေ့ကတည်းက စတင်ကာ ကလေးများကို ခေါ်ဆောင်၍ နှစ်ဆန်း ၂ ရက်၊ ၃ ရက်နေ့အထိ ပျော်ပျော်ပါးပါး ကစားစေခဲ့သည်။ သူမသည် မိမိ၏ ကလေးများကို အလွန်ကို အလိုလိုက်လွန်းလှပေ၏။ နှစ်ကာလများ ကြာညောင်းလာသည်နှင့်အမျှ လူတိုင်းလည်း သူမ၏ စရိုက်ကို ပိုမိုနားလည်လာကြသည်။
၎င်းတို့၏ အိမ်ဝင်းကြီးထဲတွင်သာမက၊ ဤလမ်းမပေါ်ရှိ လူတိုင်း ချန်ချင်းယွီ၏ မိသားစုသည် ကလေးများကို အလိုအလိုက်ဆုံးအဖြစ် ကောင်းစွာ သိရှိထားကြ၏။
ရှောင်ကျားနှင့် ရှောင်ယွမ်တို့၏ အဝတ်အစားများသည် အကောင်းဆုံးအဆင့် မဟုတ်ကြသေးဟု ဆိုနိုင်သော်လည်း၊ ၎င်းတို့၏ စားသောက်မှုပုံစံသည် အမြဲတမ်း အထူးကောင်းမွန်လှပြီး၊ ထိုကလေးငယ်နှစ်ယောက်မှာလည်း အသက်တူ အခြားကလေးများနှင့် နှိုင်းယှဉ်လျှင် အရပ်အမောင်း ပိုမိုမြင့်မားကြသည်။
ချန်ချင်းယွီသည် ၎င်းတို့၏ အရပ်အမောင်းအပေါ် အလွန်ပင် စိတ်ကျေနပ်မှု ရှိလှ၏။ အမှန်တွင် လင်းကျန့်ဝမ်သည် ၁.၈ မီတာကျော်အထိ တော်တော်လေး အရပ်ရှည်သူတစ်ဦး ဖြစ်သည်။ သို့သော်လည်း ချန်ချင်းယွီကိုယ်တိုင်မှာ အရပ် ၁.၆ မီတာသာ ရှိသည်မဟုတ်လော့။
အမလေး... သူမ၏ အတိတ်ဘဝ၌ အရပ် ၁.၇၅ မီတာအထိ ရှိခဲ့သော်လည်း၊ ဤဘဝတွင်မူ ၁.၆ မီတာသာ ရှိတော့သည်။ သားသမီးဆိုသည်မှာ မိခင်နှင့် တူတတ်သည်ဟု ပြောလေ့ရှိကြသဖြင့်၊ ချန်ချင်းယွီသည် မိမိ၏ ကလေးများ အရပ်ပုသွားမည်ကို တကယ်ပင် စိုးရိမ်မိကာ၊ ၎င်းတို့ ငယ်စဉ်ကတည်းက နို့မှုန့်များကို တိုက်ကျွေးလာခဲ့၏။ ၎င်းတို့တွင် နို့မှုန့်ဝယ်ယူခွင့် လက်မှတ်များ မရှိကြသော်လည်း၊ မှောင်ခိုဈေးတွင်မူ ဝယ်ယူ၍ ရနိုင်ပေသည်။
ဤနေရာတွင် ဝန်ခံရမည်မှာ မြို့တော်ဆိုသည်မှာ မြို့တော်ပီပီ တခြားနေရာများနှင့် အစသ်အမှန် ကွာခြားလှပေ၏။ မှောင်ခိုဈေးတွင် ဝယ်ယူ၍မရနိုင်သည့် ပစ္စည်းဟူ၍ မရှိသလောက်ပင်။
မိမိသာ သေသေချာချာ ရှာဖွေပြီး ပိုက်ဆံအကုန်အကျခံဝံ့လျှင် သေချာပေါက် ရှာဖွေဝယ်ယူနိုင်ပေသည်။
ချန်ချင်းယွီသည် လတ်ဆတ်သည့် နွားနို့ သို့မဟုတ် ဆိတ်နို့များ ရရှိနိုင်လျှင် ကောင်းမည်ဟု တွေးခဲ့သော်လည်း၊ ကံဆိုးစွာဖြင့် ၎င်းတို့မှာ မရှိပေ။ ထို့ကြောင့် ချန်ချင်းယွီသည် နို့မှုန့်များကိုသာ စတင်ဝယ်ယူခဲ့ပြီး၊ အသား၊ ကြက်ဥနှင့် နို့ထွက်ပစ္စည်းများကိုပါ အမြောက်အမြား ဝယ်ယူကျွေးမွေးခဲ့၏။ ထို့အပြင် ချန်ချင်းယွီသည် မိမိ၏ ကလေးနှစ်ယောက်စလုံးမှာ သူမ၏ အားအင်ခွန်အားအချို့ကို အမွေဆက်ခံထားကြကြောင်း ရှာဖွေတွေ့ရှိခဲ့ရသည်~~~ ကလေးနှစ်ဦးစလုံးသည် အခြားကလေးများထက် ထူးထူးခြားခြား အားအင်သန်မာကြသည်။ အစွန်းရောက်ကြီး မဟုတ်သည့်တိုင်၊ သက်တူရွယ်တူများနှင့် နှိုင်းယှဉ်ပါက အများကြီး ပိုမိုသန်စွမ်းကြ၏။ ရှောင်ကျားကို ဥပမာထားရလျှင် ~~ ယနေ့သည် နှစ်ဆန်းတစ်ရက်နေ့ဖြစ်ပြီး သူသည် အသက်ကိုးနှစ်သားသာ ရှိသေးသော်လည်း၊ သူ၏ ခွန်အားမှာ အရွယ်ရောက်ပြီးသား အမျိုးသမီးတစ်ယောက်၏ အားအင်နှင့် နှိုင်းယှဉ်နိုင်စွမ်း ရှိနေပြီဖြစ်သည်။
ရှောင်ယွမ်သည်လည်း ထို့အတူပင် ဖြစ်၏~~ မောင်နှမနှစ်ယောက်စလုံး သူမ၏ ခွန်အားသန်မာမှုကို အမွေရရှိထားကြပေသည်။
သို့သော်လည်း ဤအဖြစ်အပျက်များသည် ချန်ချင်းယွီကို မိမိကိုယ်ကိုယ် တကယ့်မူလ ချန်ချင်းယွီစစ်စစ် ဖြစ်နေလိမ့်မည်ဟု ပို၍ပို၍ ခံစားလာရစေ၏။ သူမသည် မိမိ၏ အတိတ်သမိုင်းကြောင်း မည်သို့ရှိခဲ့သည်ကိုပင် ကောင်းစွာမသိရှိပေ။
လင်းကျန့်ဝမ် သေဆုံးသွားလို့ စိတ်ထိခိုက်ကာ အတိတ်မေ့သွားခြင်းမျိုးလား… ဒါမဟုတ် သက်တမ်းလွန် ကြွက်သတ်ဆေးကြောင့် ဦးနှောက်ထိခိုက်သွားခဲ့ခြင်းလား…
သူမ ဘယ်လိုမှ တွေးလို့မရနိုင်ပေ…
သူမသည် အတိတ်မှ အကြောင်းအရာများကို တကယ်ပင် တစ်ခုမျှ မမှတ်မိတော့ပေ။ ဘာတစ်ခုကိုမျှ ပြန်လည်မတွေးတောနိုင်ပေ။
သူမ မှတ်မိသည်မှာ အတိတ်ဘဝမှ အကြောင်းအရာများသာဖြစ်ပြီး၊ ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် သူမ၏ ခွန်အားသန်မာမှုကို အမွေဆက်ခံထားကြသည်မှာ တကယ့်ကို သေချာလှပေ၏။
ဤအချက်မှာ ငြင်းပယ်၍မရနိုင်သည့် အမှန်တရားပင်။
သူမသည် အမှန်စင်စစ် ဤခန္ဓာကိုယ်၏ မူလပိုင်ရှင် ချန်ချင်းယွီပင် ဖြစ်၏။ အတိတ်မေ့သွားသည့် ကိစ္စမှာလည်း သူမ၏ လက်ရှိဘဝအပေါ် သက်ရောက်မှုမရှိသဖြင့်၊ ချန်ချင်းယွီသည် မိမိကိုယ်ကိုယ် စိတ်ဒုက္ခပေးကာ အတင်းအကြပ် တွေးတောမနေတော့ပေ။
လက်ရှိဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းနိုင်လျှင်ပဲ လုံလောက်ပါပြီ…
မိမိကိုယ်ကိုယ် စိတ်ကျဉ်းကျပ်အောင် လုပ်ခြင်းသည် အခက်ခဲဆုံအရာပင်…
ဤအချက်တွင်မူ ချန်ချင်းယွီသည် တကယ့်ကို စိတ်သဘောထား ပွင့်လင်းသူတစ်ဦး ဖြစ်သည်။
၎င်းတို့ အားအင်သန်မာကြသဖြင့် သဘာဝအတိုင်း ထမင်းပိုစားကြရာ၊ ကလေးများသည် အခြားကလေးများထက် ပိုမိုစားသောက်ကြ၏။ ကံကောင်းသည်မှာ ဤမျှအထိ အများကြီး စားသော်လည်း ဝမလာကြကာ၊ အရပ်သာ ပိုရှည်လာကြခြင်းပင်။ ၎င်းတို့ထက် နှစ်နှစ်ခန့် အသက်ကြီးသည့် နာ့နာပင်လျှင် ဤမောင်နှမနှစ်ယောက်လောက် အရပ်မရှည်ပေ။
သူတို့သည် လက်ရှိတွင် စက်မှုစက်ရုံ မူလတန်းကျောင်း၌ ဒုတိယတန်း တက်ရောက်နေကြပြီး၊ နွေရာသီတွင် တတိယတန်းသို့ တက်ရောက်ကြတော့မည်ဖြစ်ကာ စာပေသင်ကြားမှုတွင်လည်း အလွန်ထူးချွန်ကြသည်။
ဒါကတော့ ချန်ချင်းယွီနဲ့ မတူတဲ့အချက်ပါပဲ…
လူကြီးများတွင် သိပ်မသိသာသော်လည်း၊ ကလေးများတွင်မူ ဤအချက်သည် အမြဲတမ်း ထင်ရှားလှပေသည်။ အကယ်၍ စားစရာမရှိခဲ့လျှင် ဤမျှအထိ အရပ်ရှည်လာကြမည် မဟုတ်ပေ။ ထို့ကြောင့် ၎င်းတို့မိသားစု စားကောင်းသောက်ဖွယ် စားရသည်ကို လူတိုင်း သိကြ၏။ သို့သော်လည်း ၎င်းမှာ ဆန်းကြယ်သည့်အရာ မဟုတ်ပေ။ ချန်ချင်းယွီသည် လွန်ခဲ့သည့်အချိန်ကတည်းက အခြေခံအုတ်မြစ်ကို ကြိုတင်ချမှတ်ထားခဲ့ခြင်း ဖြစ်သည်။ လင်းကျန့်ဝမ် သေဆုံးပြီး သိပ်မကြာခင်မှာပင် ချန်ချင်းယွီသည် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့၏။ သူမ၏ ယောက္ခမဖြစ်သူသည် ဘဝ၏ မမြဲခြင်းတရား (အနိစ္စသဘော) ကို အခိုင်အမာ ယုံကြည်သွားခဲ့သဖြင့် အခြေခံအားဖြင့် ပိုက်ဆံကို စုဆောင်းမထားတော့ကာ ရသမျှကို ချက်ချင်း သုံးစွဲပစ်လေ့ရှိသည်~~ ပိုက်ဆံဆိုသည်မှာ စားသောက်မှုနှင့် အခြားလိုအပ်ချက်များအတွက် အသုံးချနိုင်မှသာ တကယ့်ကို အဓိပ္ပာယ်ရှိသည်ဟု သူမ ယုံကြည်ထား၏။ မဟုတ်လျှင် လူက ပိုက်ဆံမသုံးလိုက်ရဘဲ သေဆုံးသွားခဲ့ပါက အမှန်တကယ် နှမြောစရာကောင်းလှပေမည်။
အကယ်၍ အခြားသူတစ်ယောက်ယောက်သာ ဤကဲ့သို့သော အတွေးအခေါ်မျိုး ရှိနေပါက ပြင်းပြင်းထန်ထန် ဝေဖန်ကဲ့ရဲ့ခြင်း ခံရမည်ဖြစ်သော်လည်း၊ ၎င်းမှာ သူတို့၏ လူနေမှုပုံစံ ဖြစ်နေခြင်းကြောင့် အခြားသူများလည်း သဘောမတူကြသည့်တိုင် ကွယ်ရာတွင်သာ တိုးတိုးတိတ်တိတ် ပြောဆိုကြပြီး အများစုမှာ နှုတ်ဆိတ်နေကြသည်။ သူတို့မိသားစုထဲမှ လူနှစ်ယောက်စလုံး သေဆုံးသွားခဲ့ကြပြီး၊ ၎င်းတို့ကိုယ်တိုင်လည်း ဘဝ၏ မမြဲခြင်းတရားကို လက်တွေ့ကြုံတွေ့ခဲ့ရသည် မဟုတ်လော့။
သူတို့သည် ဤသို့ နေထိုင်ဖြတ်သန်းနေကြခြင်းဖြစ်ရာ အခြားသူများအနေဖြင့်လည်း ဘာမှ ဝင်ရောက်ပြောဆို၍မရနိုင်ပေ။ တစ်ခါတစ်ရံတွင် ဤကဲ့သို့ပင် ဖြစ်တတ်၏။ အစကတည်းက အခြေခံအုတ်မြစ်ကို ခိုင်ခိုင်မာမာ ချမှတ်ထားခဲ့သဖြင့် ၎င်းတို့မိသားစု စားကောင်းသောက်ဖွယ် စားသောက်နေသည်ကို မည်သူမှ အံ့ဩခြင်းမရှိကြပေ။ အစားကောင်းကောင်းစားပြီး အရပ်ရှည်လာခြင်းမှာလည်း သဘာဝကျလှပေသည်။
နှစ်ကာလများ ကြာညောင်းလာသော်လည်း ၎င်းတို့မိသားစုတွင် ကလေးများ ကျောင်းတက်ရသည်မှလွဲ၍ အခြားကြီးကြီးမားမား ပြောင်းလဲမှုမရှိခဲ့သည့်တိုင် ပြင်ပကမ္ဘာကြီးမှာ သိသိသာသာ ပြောင်းလဲ တိုးတက်လာခဲ့၏။
ယခုအခါ ၁၉၇၉ ခုနှစ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ထိုမုန်တိုင်းထန်လှသည့် ကာလဆိုးကြီးသည် ၁၉၇၆ ခုနှစ်တွင် ပြီးဆုံးသွားခဲ့ပြီ~~~
လူအများအပြားသည် တဖြည်းဖြည်းနှင့် အပြစ်မဲ့ကြောင်း သက်သေပြကာ ဂုဏ်သိက္ခာပြန်လည်ရရှိခဲ့ကြပြီး၊ အခြားလူအများအပြားမှာလည်း ကွယ်လွန်ပျက်စီးသွားခဲ့ကြ၏။
သို့သော်လည်း ဤအရာသည် ချန်ချင်းယွီနှင့် သိပ်ပြီး သက်ဆိုင်မှုမရှိပေ။ သူမအနေဖြင့် စိတ်အေးသက်သာရာ ရရှိသွားခဲ့သည်ဟုသာ ပြောနိုင်၏။
တက္ကသိုလ်ဝင်ခွင့် စာမေးပွဲများကို ၁၉၇၇ ခုနှစ်တွင် ပြန်လည်စတင်ခဲ့သည်။ ကြေညာချက်ကို ကိုးလပိုင်းတွင် ထုတ်ပြန်ခဲ့ပြီး၊ စာမေးပွဲကို ဆောင်းတွင်း၌ ကျင်းပခဲ့၏။ ဆယ်စုနှစ်တစ်ခုကြာ ရပ်နားထားခဲ့ပြီးနောက် စာမေးပွဲကို နောက်ဆုံးတွင် ပြန်လည်ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့၏ အိမ်ရာဝင်းထဲမှ လူအတော်များများ ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းခဲ့ကြပြီး၊ ချန်ချင်းယွီသည်လည်း အမှန်တကယ် သတ်မှတ်ချက်များနှင့် ကိုက်ညီနေခဲ့သော်လည်း သူမ ဝင်ရောက်ဖြေဆိုခြင်းမပြုခဲ့ပေ။
လူတစ်ကိုယ် စိတ်တစ်မျိုးစီ မဟုတ်ပါလား…
သူမသည် မူလက အားကစားထူးချွန်သူတစ်ဦးအဖြစ်နှင့်သာ တက္ကသိုလ်တက်ရောက်ခဲ့ခြင်း ဖြစ်သဖြင့်၊ သူမ၏ စာပေပညာရပ်ဆိုင်ရာ အရည်အချင်းမှာ ထူးထူးခြားခြား ကောင်းမွန်မနေပေ။ သူမသည် မိမိ၏ အားသာချက်နှင့် အားနည်းချက်ကို ကောင်းစွာသိရှိထားသဖြင့် အတင်းအကြပ် တွန်းအားမပေးခဲ့ပေ။
ဘာဖြစ်လို့ မိမိကိုယ်ကိုယ် စိတ်ဒုက္ခပေးနေရမှာလဲ…
သူမသည် မိမိ၏ အတိတ်မေ့နေသည့် ပြဿနာကိုပင် ဘာကြောင့်ဖြစ်သည်ဟု အတင်းအကြပ် စဉ်းစားမနေကာ စိုးရိမ်ပူပန်ခြင်းမရှိ နေထိုင်ခဲ့သူဖြစ်၍ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကြောင့်နှင့် မိမိကိုယ်ကိုယ် စိတ်ကျဉ်းကျပ်အောင် လုပ်မည့်သူ မဟုတ်ပေ။
ချန်ချင်းယွီ စာရင်းမသွင်းခဲ့သော်လည်း၊ ၎င်းတို့ဝင်းထဲမှ စာရင်းသွင်း ဝင်ရောက်ဖြေဆိုခဲ့ကြသူ အားလုံးမှာ စာမေးပွဲကျရှုံးခဲ့ကြသည်။
နှစ်ကာလများစွာအတွင်း အစ်မကြီးဖန်သည် မိမိ၏ သားဖြစ်သူ မြို့သို့ ပြန်လာနိုင်ရန် မျှော်လင့်နေခဲ့ပြီး၊ မြို့ထဲတွင် ကျင်းပသည့် ဤတက္ကသိုလ်ဝင်ခွင့်စာမေးပွဲသည်လည်း အစ်မကြီးဖန် အမြဲတမ်း မျှော်လင့်စောင့်စားနေခဲ့သည့် အရာပင် ဖြစ်၏။ စာမေးပွဲမတိုင်ခင် သူမသည် ယုံကြည်မှုများ အပြည့်ရှိနေခဲ့သော်လည်း၊ စာမေးပွဲပြီးနောက်တွင်မူ… ရှီရှောင်ဝေသည်~~
အင်း… ဘာပဲဖြစ်ဖြစ် စာမေးပွဲမအောင်မြင်ခဲ့ပါဘူးလေ…
၎င်းတို့ဝင်းထဲမှ လူများ သို့မဟုတ် ကျေးလက်တောရွာသို့ အပို့ခံခဲ့ရသည့် လူငယ်များထဲမှ တစ်ဦးတစ်ယောက်မျှ စာမေးပွဲမအောင်မြင်ခဲ့ကြပေ။
ပြိုင်ဆိုင်မှုသည် တကယ့်ကို ပြင်းထန်လွန်းလှပေသည်။
ရှီရှောင်ဝေ စာမေးပွဲမအောင်မြင်ခဲ့သော်လည်း၊ မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
ဤသည်မှာ အစ်မကြီးဖန်အဆက်အသွယ်များ အသုံးပြုပြီး လုပ်ဆောင်ပေးခဲ့ခြင်းကြောင့် မဟုတ်ဘဲ၊ နိုင်ငံတော်၏ မူဝါဒလမ်းစဉ် ပြောင်းလဲသွားခဲ့ခြင်းကြောင့် ဖြစ်ကာ၊ ထိုစဉ်က ကျေးလက်သို့ သွားရောက်ခဲ့ကြသည့် ပညာတတ်လူငယ် အတော်များများမှာ အိမ်ထောင်မရှိသေးသူ ဖြစ်နေသရွေ့ မြို့သို့ ပြန်လည်လာခွင့် ရရှိနေကြပြီ ဖြစ်သည်။ ၎င်းတို့ဝင်းထဲမှ ကျေးလက်သို့ အပို့ခံခဲ့ရသည့် လူအချို့သည် ပြီးခဲ့သည့် ဆောင်းဦးရာသီကတည်းက တဖြည်းဖြည်းနှင့် မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ကြပြီ ဖြစ်၏။
ချန်ချင်းယွီသည် ပညာတတ်လူငယ်များကို ကျေးလက်သို့ ထပ်မံစေလွှတ်တော့မည်မဟုတ်ဟူသည့် သတင်းအပေါ် သိပ်ပြီး စိတ်ဝင်စားခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ မိသားစုဝင်များထဲတွင် ပညာတတ်လူငယ်ဟူ၍ မရှိ၍ပင်…
သူမ ပိုမိုစိတ်ဝင်စားသည်မှာ အခြားသော မူဝါဒလမ်းစဉ်တစ်ခု ဖြစ်ပြီး~~ ၎င်းမှာ ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ထွက်ပေါ်လာခဲ့သည့် "ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒ" ပင် ဖြစ်သည်။
ယခင်က အသေးစား ဈေးသည်အချို့ ခိုးကြောင်ခိုးဝှက်ဖြင့် ပစ္စည်းများ ရောင်းချနေခဲ့ကြသော်လည်း အမြဲတမ်း သတိထားနေခဲ့ရ၏။သို့သော် ဤမူဝါဒလမ်းစဉ်သည် အခြေအနေအားလုံးကို သေချာပေါက် ပြောင်းလဲပစ်တော့မည် ဖြစ်သည်။ ဤအရာသည် ချန်ချင်းယွီ အမြဲတမ်း စောင့်ဆိုင်းနေခဲ့သည့် အခွင့်အရေးပင်~~ သူမသည် တောင်ပိုင်းဒေသသို့ သွားရောက်ကာ အခြေအနေ မည်သို့ရှိသည်ကို လေ့လာစုံစမ်းရန် စီစဉ်ထား၏။
အကြီးစား စီးပွားရေးလုပ်ငန်းကြီးတစ်ခု လုပ်ဆောင်ရန် မဖြစ်နိုင်သေးသော်လည်း၊ လမ်းဘေးဈေးဆိုင်လေးတစ်ခု ဖွင့်လှစ်ခြင်းမှာ အဆင်ပြေလှပေသည်။
ချန်ချင်းယွီသည် ဤနည်းလမ်းဖြင့် ငွေအချို့ ရှာဖွေရန် စီစဉ်ထား၏။
သူမသည် အိမ်ရှင်မတစ်ယောက်အဖြစ် နေထိုင်လာခဲ့သည်မှာ ခြောက်နှစ်ခန့် ရှိပြီဖြစ်ရာ၊ အပြင်လောကကြီးသို့ ထွက်ကာ ဗဟုသုတ ရှာဖွေရန် အချိန်ကျရောက်လာပြီ ဖြစ်သည်။ သူမသည် ဇွဲထက်သန်သူတစ်ဦး ဖြစ်သော်လည်း ဤနှစ်များတစ်လျှောက်လုံးတွင်မူ မိမိကိုယ်ကိုယ် ထိန်းချုပ်ကာ အောင့်အီးနေခဲ့ရ၏။
ဟူး... အရင်ကတော့ ကုပ်ကုပ်လေး နေခဲ့ရတာ… အခုတော့…
သူမ၏ အဘိုးအဘွားများသည် ပြည်ပတွင် ပညာသင်ကြားခဲ့ဖူးသူများ ဖြစ်ကြရာ၊ ၎င်းတို့ ဆုံးပါးသွားခဲ့ကြပြီ ဖြစ်သော်လည်း သူမအနေဖြင့် ပေါ့ဆ၍မရနိုင်ပေ။
ယခုအခါ သူတို့၏ လုပ်ဖော်ကိုင်ဖက်ဟောင်းများ အားလုံး အပြစ်မဲ့ကြောင်း သက်သေပြကာ ဂုဏ်သိက္ခာ ပြန်လည်ရရှိခဲ့ကြပြီဖြစ်ပြီး၊ သူမ၏ အဘိုးအဘွားများကဲ့သို့ တရားဝင် ဂုဏ်သိက္ခာမရှင်းလင်းဘဲ ဆုံးပါးသွားခဲ့ကြသူများမှာမူ ပို၍ပင် သက်ရောက်မှုမရှိတော့ပေ။ထို့ကြောင့် ချန်ချင်းယွီသည် တကယ့်ကို စိတ်အေးသက်သာရာ ရရှိသွားခဲ့ပြီဖြစ်၏။
ချန်ချင်းယွီသည် ရာသီဥတု နွေးလာသည်နှင့် တပြိုင်နက် တောင်ပိုင်းဒေသသို့ ခရီးတစ်ခု သွားရောက်ရန် စီစဉ်ထားသည်။
လက်ရှိအချိန်သည် အကြီးအကျယ် တိုးချဲ့လုပ်ဆောင်ရန် အချိန်မဟုတ်သေးသော်လည်း၊ ကြိုတင်၍ လေ့ကျင့်
ပျိုးထောင်ထားခြင်းသည် အမြဲတမ်း ကောင်းမွန်လှ၏။
ချန်ချင်းယွီကိုယ်တိုင်လည်း သူမ၏ အတိတ်ဘဝတွင် ဤကဲ့သို့သော စီးပွားရေးမျိုးကို တစ်ခါမျှ မလုပ်ဖူးသဖြင့် အတွေ့အကြုံ သိပ်မရှိလှရာ၊ သေးငယ်သောအဆင့်မှသာ စတင်လုပ်ဆောင်မည် ဖြစ်သည်။
သို့သော်လည်း သူမသည် မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိလှ၏။
သူမတွင် တက်ကြွလှုပ်ရှားသည့် စိတ်ဓာတ်ရှိပြီး၊ မိမိကိုယ်ကိုယ် သေချာပေါက် လုပ်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။
တစ်ခုတည်းသော အားနည်းချက်မှာ ကဲ့ရဲ့ခံရနိုင်မည့် အခြေအနေပင်။
ယခုကာလများတွင် သာမန်ဈေးသည်ငယ်တစ်ဦးအဖြစ် လုပ်ကိုင်ခြင်းငည် အလွန်အရှက်ရစရာတစ်ခုအဖြစ် သတ်မှတ်ခံထားရဆဲ ဖြစ်သည်။ ချန်ချင်းယွီကိုယ်တိုင်မှာ ၎င်းကို ကြီးမားသည့် ကိစ္စတစ်ခုဟု မထင်မှတ်သော်လည်း၊ မိမိ၏ ကလေးများအပေါ် သက်ရောက်မှုရှိသွားမည်ကို စိုးရိမ်သဖြင့် ၎င်းတို့နှင့် သေသေချာချာ စကားပြောဆိုရန် စီစဉ်ထား၏။ ကံကောင်းသည်မှာ ဤနှစ်များတစ်လျှောက်လုံး ကလေးများကို သူမကိုယ်တိုင် ပြုစုပျိုးထောင်လာခဲ့ခြင်းဖြစ်၍ ၎င်းတို့သည် အလွန်အသိဉာဏ်ရှိပြီး လိမ္မာသိတတ်ကြသည်။
လူတိုင်း သူမကို ကလေးမျာအားအလိုလိုက်လွန်းသည်ဟု ပြောဆိုကြသော်လည်း၊ အကယ်၍ တကယ်သာ စည်းကမ်းမရှိ အလိုလိုက်ခဲ့မည်ဆိုပါက ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် ဤမျှအထိ အသိဉာဏ်ရှိလိမ္မာလာကြမည် မဟုတ်သည်ကို မည်သူမှ ထည့်သွင်းမတွေးတောကြပေ။ ချန်ချင်းယွီသည် ကလေးငယ်များကို အများကြီး သွန်သင်ဆုံးမထားခဲ့သည်။ သူမကိုယ်တိုင် မိဘမဲ့တစ်ဦး ဖြစ်ခဲ့ဖူးသဖြင့်၊ သဘာဝအတိုင်း မိမိ၏ ကလေးများကို ဤကဲ့သို့သော ဆင်းရဲဒုက္ခမျိုး မကြုံတွေ့စေလိုပေ။
၎င်းတို့တွင် ဖခင်ဖြစ်သူ မရှိကြသော်လည်း၊ မေတ္တာတရားများ ဝန်းရံလျက် ကြီးပြင်းလာခဲ့ကြရသဖြင့် လူမှုရေးဆိုင်ရာ စည်းကမ်းမူဝါဒများစွာကို ကောင်းစွာ နားလည်သဘောပေါက်ထားကြ၏။
ချန်ချင်းယွီသည် ကလေးများ မပျော်မရွှင် ဖြစ်သွားမည်ကို သိပ်ပြီး စိုးရိမ်ပူပန်ခြင်းမရှိပေ~~ သူမကိုယ်တိုင် ပြုစုပျိုးထောင်လာခဲ့သည့် ကလေးများဖြစ်ရာ အခြေအနေအားလုံးကို သူမ ကောင်းစွာ သိရှိနားလည်ထားသောကြောင့်
ဖြစ်သည်။
လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း ချန်ချင်းယွီသည် အိမ်မှုကိစ္စအဝဝကို စီမံခန့်ခွဲခဲ့ပြီး၊ အဘွားကြီးကျောက်မှာမူ စက်ရုံထမင်းစားဆောင်တွင် ဆက်လက်အလုပ်ဝင်ခဲ့၏။ သူမအနေဖြင့် အရည်အချင်းစစ်လက်မှတ်စာမေးပွဲကို ဝင်ရောက်မဖြေဆိုနိုင်ခဲ့သော်လည်း၊ လုပ်သက်ရင့် ဝန်ထမ်းတစ်ဦးဖြစ်သဖြင့် လစာအနည်းငယ် တိုးလာခဲ့သည်။ အလုပ်လုပ်နေခြင်းနှင့် အလုပ်မလုပ်ခြင်းသည် လူတစ်ယောက်၏ တက်ကြွမှုနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာကို တကယ်ပဲ ကွာခြားစေ၏။ ယခုအခါ အဘွားကြီးကျောက်သည် အားအင်များပြည့်ဝကာ တက်ကြွလန်းဆန်းနေဆဲတည်း။
ချန်ချင်းယွီ၏ မိသားစုသည် ဤနှစ်အနည်းငယ်အတွင်း ရိုးရှင်းသော်လည်း ကောင်းမွန်သော လူနေမှုဘဝကို ဖြတ်သန်းခဲ့ကြသည်။ ဝင်းထဲတွင် ရံဖန်ရံခါ ပြဿနာအနည်းငယ် ရှိနေသေးသော်လည်း၊ သူမ၏ မိသားစုမှာ တစ်ခါမှအနစ်နာခံ ထိခိုက်ရခြင်းမရှိပေ။ သူမနှင့် အဘွားကြီးကျောက်တို့သည် တစ်ဦးက အလင်းတွင်၊ တစ်ဦးက အမှောင်တွင်ဖြင့် အပေးအယူမျှမျှနှင့် အတူတကွ လက်တွဲလုပ်ဆောင်ခဲ့ကြ၏။
သို့သော်လည်း ငါးနှစ်တာကာလ ကုန်လွန်သွားခဲ့သော်ငြား၊ ခြံဝင်းထဲမှ အခြားမိသားစုများမှာမူ ထူးထူးခြားခြား ပြောင်းလဲသွားခြင်းမရှိလှပေ။
မင်္ဂလာဆောင်ခြင်းနှင့် ကလေးအသစ်တစ်ယောက် ရောက်ရှိလာခြင်းတို့ထက် မပိုခဲ့ပေ။ အခြားထူးခြားသည့်အရာ ဘာမျှမရှိခဲ့ပေ။
ရှေ့ခြံဝင်းထဲတွင်မူ လီချန်ရွှမ်း၏ မိသားစုသည် သားယောက်ျားလေးရရန် ဆက်လက်ကြိုးစားနေဆဲဖြစ်သော်လည်း ကံမလိုက်သေးချေ။ သို့သော်လည်း ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း သူသည် လင်စန်းရှင်းအပေါ် ပိုမို၍ ရန်လိုကြမ်းတမ်းလာခဲ့ပြီး၊ တစ်ခါတစ်ရံတွင် သူမကို အော်ဟစ်ဆဲဆိုကာ ရိုက်နှက်လေ့ရှိရာ၊ ထိုအသံများသည် ဒုတိယမြောက်ခြံဝင်းထဲအထိပင် ပျံ့လွင့်လာတတ်သည်။
လင်စန်းရှင်းကိုယ်တိုင်မှာလည်း လင်ဖြစ်သူကိုသာ အကာအကွယ်ပေး တုံ့ပြန်တတ်သဖြင့် မည်သူမှ ကြားဝင်စွက်ဖက်ခြင်း မပြုကြပေ။
လင်သန်းရှင်း သားယောက်ျားလေး မမွေးဖွားပေးနိုင်သည့်အတွက် လီချန်ရွှမ်း၏ သဘောထားမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားလာခဲ့သည်။ အခြားမိသားစုများတွင် သားယောက်ျားလေး ရရှိသွားကြသည်ကို မြင်တွေ့ရပြီးနောက် သူ၏ စိတ်စွဲလမ်းမှုသည် ပိုမိုပြင်းထန်လာခဲ့၏။ လင်စန်းရှင်း၏ လူနေမှုဘဝမှာ လွန်ခဲ့သည့် ငါးနှစ်ထက် အများကြီး ပိုမိုကျပ်တည်း ခက်ခဲလာခဲ့ပြီ ဖြစ်သည်။
သူတို့၏ သမီးဖြစ်သူ လီလင်းလင်းမှာလည်း ယခုထက်ထိ အိမ်ထောင်မရှိသေးပေ။
အမှန်တကယ် ငါးနှစ် ကုန်လွန်သွားပြီးနောက်တွင်လည်း လီလင်းလင်းသည် ထိုမျှအထိ အသက်မကြီးသေးပေ။ သူမသည် ယခုနှစ်တွင် အသက် ၂၄ နှစ်သာ ရှိသေး၏။ သို့သော် လီချန်ရွှမ်းနှင့် လင်စန်းရှင်းတို့မှာ မိုးပြိုကျတော့မည့်အလား တုန်လှုပ်ခြောက်ခြားနေကြပြီး၊ မိမိတို့၏ သမီးကို အမျိုးသားမျိုးစုံနှင့် လိုက်လံမိတ်ဆက်ပေးနေကြကာ၊ သူမကို ယနေ့ လူပျိုလူလွတ်နှင့် တွေ့ဆုံစေချင်၊ မနက်ဖြန် မင်္ဂလာဆောင်စေချင်ပြီး၊ သဘက်ခါတွင် ကလေးမွေးစေချင်နေကြ၏။
၎င်းတို့သည် တစ်ခုလပ် မုဆိုးဖိုများဖြစ်လျှင်ပင် ဂရုမစိုက်နိုင်တော့ပေ~~ ၎င်းတို့၏ တစ်ခုတည်းသော စိုးရိမ်ပူပန်မှုမှာ သမီးဖြစ်သူ အိမ်ထောင်ကျရေးသာ ဖြစ်သည်။
လွန်ခဲ့သည့် သုံးနှစ်ခန့်တွင် လီလင်းလင်းသည် လူတစ်ယောက်၏ အသက်ကို ကယ်တင်ခဲ့မိခြင်းကြောင့် ဝမ်မေ့လန်၏ စက်ရုံတွင် ယာယီဝန်ထမ်းအဖြစ် အလုပ်အကိုင်တစ်ခု ရရှိခဲ့၏။ သူမသည် ထမင်းစားဆောင်တွင် အထွေထွေကူညီရေးလုပ်သားအဖြစ် လုပ်ကိုင်ခဲ့ပြီး၊ တစ်လလျှင် ၁၅ ယွမ် ရရှိကာ ထိုငွေအားလုံးကို မိသားစုထံ အပ်နှံခဲ့ရသည်။
လီလင်းလင်းသည် လူတစ်ယောက်ကို ကယ်တင်ခဲ့၍ ယာယီအလုပ်တစ်ခု ရရှိခဲ့ခြင်းကြောင့်၊ လူအများသည် ချန်ချင်းယွီနှင့် သူမ၏အဖွဲ့သည်လည်း ယခင်က လူကယ်ခဲ့ဖူးသော်လည်း ဤကဲ့သို့သော အကျိုးခံစားခွင့်မျိုး မရရှိခဲ့ကြကြောင်း ပြန်လည်ပြောဆိုလာကြသည်။ နစ်နာသွားသည်ဟု ခံစားရသဖြင့် ၎င်းတို့ အတင်းအဖျင်း ပြောဆိုကြလေ၏။ သို့သော်လည်း ချန်ချင်းယွီမှာ ၎င်းကို စိတ်ထဲမထားပေ။
၎င်းတို့၏ အခြေအနေချင်းမှာ မတူညီကြပေ။ ချန်ချင်းယွီသည် အဖွဲ့နှင့် ကယ်တင်ခဲ့ခြင်းဖြစ်ပြီး၊ လီလင်းလင်းမှာ တစ်ဦးတည်း ကယ်တင်ခဲ့ခြင်း ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူမသည် ကလေးသူခိုးတစ်ဦး အခြားသူ၏ ကလေးကို လုယက်ရန် ကြိုးပမ်းနေသည်နှင့် တိုးခဲ့ပြီး၊ ထိုကလေးမှာ ဝမ်မေ့လန်၏ အထက်လူကြီး၏ ကလေး ဖြစ်နေခဲ့၏။ ဝမ်မေ့လန်သည် ယခင်က ထိုကလေးကို ကူညီပြုစုပေးဖူးပြီး မိမိ၏ သမီးနှင့် ဆော့ကစားရန် အိမ်သို့ ခေါ်ဆောင်လာဖူးသည်။ လီလင်းလင်းသည် အိမ်နီးနားချင်းဖြစ်သဖြင့် ထိုကလေးကို မှတ်မိနေခဲ့ကာ၊ ကြီးမားသည့် ကြေကွဲစရာ ဘေးဒုက္ခကြီးတစ်ခုကို ကြိုတင်ကာကွယ်ပေးနိုင်ခဲ့ခြင်း ဖြစ်၏။
ယင်းမှာ ကြီးမားလှသည့် ကျေးဇူးတရားတစ်ခု ဖြစ်သော်လည်း၊ တစ်ဖက်လူသည် အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ပေးနိုင်သည့် စွမ်းဆောင်ရည်မျိုး ရှိသည်ဟု မပြောခဲ့သဖြင့် ယာယီရာထူးတစ်ခုကိုသာ စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤအရာသည်ပင် လီလင်းလင်းကို ပျော်ရွှင်စေရန် လုံလောက်ခဲ့ပေသည်။ သူမအနေဖြင့် ဘာအမှားအယွင်းမျှ မလုပ်ဆောင်သရွေ့၊ သူမကို ကာကွယ်ပေးမည့်သူ ရှိနေသရွေ့အလုပ်မှ ထုတ်ပယ်ခံရမည် မဟုတ်ပေ။
ထို့ကြောင့် လီလင်းလင်းသည် အလွန်ဝီရိယရှိရှိဖြင့် ကြိုးစားအလုပ်လုပ်ခဲ့၏။
ယေဘုယျအရ အလုပ်အကိုင်တစ်ခု ရှိနေလျှင် အိမ်ထောင်ဖက်ကောင်းတစ်ဦး ရှာဖွေရန် မခက်ခဲသင့်သော်လည်း၊ လင်စန်းရှင်းမှာ မိမိ၏ သမက်ဖြစ်သူသည် ၎င်းတို့မိသားစုထဲသို့ သားသမက်အဖြစ် ဝင်ရောက်နေထိုင်ရမည် (မယားအိမ်လိုက်ရမည်) ဟု အတိအလင်း ကြေညာထားခဲ့သဖြင့် လီလင်းလင်းအတွက် အခွင့်အရေး မရှိသလောက် ဖြစ်သွားခဲ့သည်။ ယခုခေတ်ကာလတွင် လူများသည် ဤအရာကို ကန့်သတ်ချက် တစ်ခုအဖြစ် သတ်မှတ်ထားကြဆဲ ဖြစ်၏။
လီမိသားစု၏ အိမ်တွင်းလေထုမှာ တကယ့်ကို စိတ်ပျက်စရာ ကောင်းလှသလို၊ ဝမ်မေ့လန်၏ မိသားစုအခြေအနေသည်လည်း ထို့အတူပင် ဖြစ်သည်။
လီမိသားစုကဲ့သို့ပင် ဝမ်မေ့လန်၏ မိသားစုသည် အမှန်တကယ်၌ အတော်လေး ပြည့်စုံကြွယ်ဝပြီး၊ ထိုဒေသဝန်းကျင်တွင် အကောင်းဆုံးမိသားစုများထဲမှ တစ်ခုအဖြစ်ပင် သတ်မှတ်နိုင်၏။ ဝမ်ကျန့်ကော်သည် ဒုတိယဌာနခွဲမှူးအဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရပြီး၊ ၎င်းတို့၏ စီးပွါးရေးအခြေအနေသည် သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့သော်လည်း၊ သားယောက်ျားလေး မရှိသည့် ပြဿနာကိုမူ မကျော်လွှားနိုင်ခဲ့ကြပေ။
ချန်ချင်းယွီ ပထမဦးဆုံး ကူးပြောင်းရောက်ရှိလာစဉ်က ရှေ့ခြံဝင်းတစ်ခုလုံးသည် သားယောက်ျားလေး ရရှိရေးအတွက်သာ အာရုံစိုက်နေခဲ့ကြသည်။
ယခု ခြောက်နှစ် ကုန်လွန်သွားခဲ့သည့်တိုင်၊ ၎င်းတို့သည် သားယောက်ျားလေး ရရှိရေးအတွက် ဆက်လက်ပြိုင်ဆိုင်နေကြဆဲတည်း။
ဝမ်ကျန့်ကော်သည် ဝမ်မေ့လန်အပေါ် အတော်အတန် ကောင်းမွန်နေဆဲ ဖြစ်၏။ သူသည် ဟန်ဆောင်ကောင်းသူတစ်ဦး ဖြစ်သော်လည်း၊ ဝမ်မေ့လန်မှာမူ ယောက္ခမ၏ အထင်သေး နှိမ်ချခြင်းကို လက်တွေ့တွင် ခံနေရရှာသည်။ လွန်ခဲ့သည့် နှစ်နှစ်၌ ဝမ်ကျန့်ကော်၏ ဖခင်ဖြစ်သူ ကွယ်လွန်သွားခဲ့ပြီးနောက်၊ ဝမ်မေလန်၏ ယောက္ခမ အဘွားကြီးဝမ်သည် သူမ၏ သားဖြစ်သူနှင့်အတူ လာရောက်နေထိုင်ခဲ့၏။
သူ၏ မိသားစုသည် မူလက တိုက်ခန်းတစ်ခုကို ခွဲတမ်းရရှိထားခဲ့သော်လည်း၊ အဘွားကြီးဝမ်သည် ၎င်းကို အခြားသူတစ်ဦးနှင့် လဲလှယ်ခဲ့ပြီး၊ လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်ကာ ယခုအခါ ဤရှေ့ခြံဝင်းထဲ၌ လာရောက်နေထိုင်နေလေပြီ…
အဘွားကြီးကျောက် ချန်ချင်းယွီကို တစ်ခါက ပြောပြဖူး၏။ ဝမ်ကျန့်ကော် ဒုတိယဌာနခွဲမှူးအဖြစ် ရာထူးတိုးသွားခြင်းသည် ထိုတိုက်ခန်းလဲလှယ်မှုနှင့် သေချာပေါက် သက်ဆိုင်လိမ့်မည်ဟူ၍ပင်…
ယခုခေတ်ကာလတွင် တိုက်ခန်းများသည် ရှေးဟောင်းခြံဝင်းအိမ်များထက် အများကြီး ပိုမိုမျက်နှာပွင့်ပြီး တန်ဖိုးရှိလှပေသည်။ အဘွားကြီးဝမ်သည် တိုက်ခန်းနှစ်ခန်းကို ဤခြံဝင်းထဲမှ အခန်းနှစ်ခန်းနှင့် လဲလှယ်ခဲ့ပြီး၊ ဤအခန်းသည် ၅ စတုရန်းမီတာ သို့မဟုတ် ၆ စတုရန်းမီတာခန့်ပင် ပို၍သေးငယ်သေးသည်။
ဒါက ယုတ္တိရှိရဲ့လား…
အဘွားကြီးဝမ်သည် မိုက်မဲသူ မဟုတ်ပေ။ ဝမ်ကျန့်ကော်နှင့် သူ၏ဇနီးတို့သည်လည်း တကယ့်ကို ပါးနပ်မြော်မြင်သူများ ဖြစ်ကြရာ၊ ၎င်းတို့အနေဖြင့် မည်သို့လျှင် ဤမျှအထိ အရှုံးခံပါမည်နည်း။
ထိုသို့လဲလှယ်ပြီး သိပ်မကြာခင်မှာပင် ဝမ်ကျန့်ကော်သည် ဒုတိယဌာနခွဲမှူးအဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရသည်။
ဒါက တကယ့်ကို သံသယဖြစ်စရာကြီးလေ…
သို့သော်လည်း ၎င်းတို့သည် အပြင်ပန်းတွင် တရားဝင် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သဖြင့် အခြားသူများ၏ ထင်မြင်ချက်များမှာ အရေးမပါလှပေ။
၎င်းတို့၏ အိမ်သည် ပိုမိုကျယ်ဝန်းလာခဲ့သော်လည်း၊ အဘွားကြီးဝမ် ခြံဝင်းထဲသို့ ပြောင်းရွှေ့နေထိုင်လာကတည်းက၊ ဝမ်မေ့လန်၏ ဒုက္ခပင်လယ်ဝေသည့် နေ့ရက်များစတင်ခဲ့ရလေပြီ~~ ဤအဘွားအိုသည် သူမ၏ ချွေးမဖြစ်သူကို မည်သို့နှိပ်စက်ရမည်ကို အမှန်တကယ် ကောင်းစွာသိရှိပြီး၊ ဝမ်မေ့လန်နှင့် သူမ၏ သမီးသုံးယောက်အကြား သွေးခွဲစကားများပင် ပြောဆိုလေ့ရှိသည်။
အသက် ၁၃ နှစ် သို့မဟုတ် ၁၄ နှစ်ခန့်ရှိပြီဖြစ်သည့် နာ့နာသည် အပျိုဖော်ဝင်စ အရွယ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။ ငယ်စဉ်ကတည်းက အဘွားဖြစ်သူ၏ ပြုစုပျိုးထောင်မှုကို ခံခဲ့ရသဖြင့်၊ သူမသည် အဘွားကြီးဝမ်အပေါ် အထူးပင် ရိုသေနာခံပြီး၊ ဝမ်မေ့လန်ကိုမူ မကြာခဏ ပြန်လှန်အာခံလေ့ရှိသည်။ အဘွားကြီးဝမ်သည် အလွန်ပင် ကျေနပ်ဂုဏ်ယူနေခဲ၏။ ဝမ်မေ့လန်မှာမူ ပြဿနာပေါင်းစုံအကြား အမြဲတမ်း စိတ်သောကရောက်နေရသဖြင့်၊ အသက် ၃၅ နှစ် သို့မဟုတ် ၃၆ နှစ်အရွယ်သာ ရှိသေးသော်လည်း ဆံပင်ဖြူများစွာ ထွက်ပေါ်နေခဲ့ရရှာသည်။
ဝမ်ကျန့်ကော်၏ ချိုသာလှသည့် နှစ်သိမ့်စကားများပင်လျှင် အိမ်တွင်းရှိ များပြားလှသော ဒုက္ခပြဿနာများကို မဖုံးကွယ်နိုင်ခဲ့ကာ၊ ဝမ်မေလန်သည် ဤနှစ်အနည်းငယ်အတွင်း အလွန်ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရ၏။
ရှေ့ခြံဝင်းတစ်ခုလုံး သားယောက်ျားလေးရရှိရေးကိုသာ အာရုံစိုက်နေကြဆဲဖြစ်ပြီး၊ အလယ်ခြံဝင်းမှာ အလုပ်အကိုင်ရရှိရေးကို ထည့်သွင်းစဉ်းစားခြင်း မပြုကြတော့ပေ။
ရွှီကောင်းမင်၏ တတိယမြောက်သားဖြစ်သူသည် လွန်ခဲ့သည့် နှစ်နှစ်ခန့်၌ နောက်ဆုံးတွင် အိမ်ထောင်ကျသွားခဲ့၏။ အဖက်ဖက်မှ လိုက်လံရှာဖွေပြီးနောက် ရွှီကောင်းမင်နှင့် ရှီကျန့်ရှန်းတို့ အတော်အသင့် သဘောကျနှစ်ခြိုက်သည့် အမျိုးသမီးတစ်ဦးကို တွေ့ရှိခဲ့ကြသည်။ သူမသည် ရုပ်ရှင်ရုံတွင် လက်မှတ်ရောင်းသူအဖြစ် အလုပ်လုပ်ကိုင်သူ ဖြစ်ပြီး ထိုဇနီးငယ်လေးတွင် ထူးခြားသည့် စရိုက်တစ်ခုရှိသည်မှာ~~ သူမသည် ချန်ချင်းယွီ ဟန်ဆောင်ခဲ့ဖူးသည့် ဝေခွဲမရနိုင်ခြင်း (တွန့်ဆုတ်တွန့်ဆုတ် ဖြစ်ခြင်း) မျိုးထက်ပင် ပို၍ စိတ်မပြတ်သား ဝေခွဲမရ ဖြစ်တတ်ခြင်းပင်။
သို့သော်လည်း ရှီကျန့်ရှန်းသည် ဤချွေးမအငယ်ဆုံးလေးကို သဘောကျလှ၏။ အိမ်ထောင်ရှင်မ တစ်ဦးအနေဖြင့် သူမသည် ဤကဲ့သို့ နူးညံ့သိမ်မွေ့သည့် စရိုက်မျိုးကို သဘာဝအတိုင်း ပိုမိုနှစ်သက်မိသည်။ ရွှီမိသားစု၏ တတိယချွေးမလေးနှင့် အစွဲအလမ်းကြီးလှသော ချွေးမကြီး၊ ချွေးမလတ်တို့အကြား ကွာခြားချက်ရှိနေခြင်း၊ ထို့အပြင် ပြီးခဲ့သည့် ဆောင်းဦးရာသီတွင် တတိယချွေးမလေးသည်မြေးယောက်ျားလေးတစ်ဦး မွေးဖွားပေးခဲ့ခြင်းတို့ကြောင့် ချွေးမကြီးမှာ ပို၍ပင် စိတ်ယုတ်မာရှိကဲ့သို့ ဖြစ်လာခဲ့၏။
ယခုအခါ ရှီကျန့်ရှန်းသည် မိမိ၏ သားအငယ်ဆုံးအပေါ် ပေါ်ပေါ်ထင်ထင်ပင် ဘက်လိုက်နေခဲ့ပြီ ဖြစ်သည်။
သူမ ယခင်က သားအကြီးကို မျက်နှာသာပေးခဲ့စဉ်နှင့် မတူတော့ပေ။ လူ့စိတ်ဆိုသည်မှာ တကယ့်ကို အပြောင်းအလဲ မြန်လှ၏။
ရွှီမိသားစု၏ သားတတိယ ရွှီရှောင်စန်းတွင် သားယောက်ျားလေး မွေးဖွားလာခဲ့ရာ၊ ရွှီကောင်းမင်နှင့် သူ၏ဇနီးတို့ အောင်ပွဲမခံနိုင်ကြသေးခင်မှာပင် လီချန်ရွှမ်းတစ်ယောက် စိတ်ဓာတ်များ ပြိုလဲသွားခဲ့ရသည်။ ထိုနေ့မှာတင် သူသည် လင်စန်းရှင်းကိုပင် အသားကုန် ရိုက်နှက်ခဲ့သေး၏။
လီချန်ရွှမ်းနှင့် ပတ်သက်၍ အဘွားကြီးကျောက်၏ မှတ်ချက်စကားမှာမူ ~~ "သားယောက်ျားလေး မွေးတာက သူ့အတွက်တော့ ခွေးရူးပြန်ရောဂါ ထတာနဲ့ အတူတူပဲ" ဟူ၍ တည်း။
အခြားသူတစ်ဦးဦးတွင် သားယောက်ျားလေး မွေးဖွားလာသည့် အကြိမ်တိုင်း၊ သူသည် ခွေးရူးတစ်ကောင်ကဲ့သို့ ရူးသွပ်သောင်းကျန်းလေ့ရှိ၏။
ရွှီကောင်းမင်သည် လူကောင်းတစ်ယောက် မဟုတ်သော်လည်း၊ သူသည် လက်တွေ့ဆန်သူတစ်ဦး ဖြစ်သည်။ လွန်ခဲ့သည့် ငါးနှစ်ခန့် သရဲတစ္ဆေပုံပြင် (သရဲခြောက်သည့်ကိစ္စ) ဖြစ်ပွါးခဲ့ပြီးချိန်မှစ၍ သူသည် လူလိမ္မာလေးဖြစ်သွားကာ အရာရာကို သတိထားလုပ်ဆောင်လာခဲ့သဖြင့်၊ သူတို့မိသားစုသည် ဤနှစ်အနည်းငယ်အတွင်း အတော်အတန် အေးချမ်းသာယာခဲ့ရ၏။ ချန်ချင်းယွီကိုယ်တိုင်ပင်လျှင် ထိုကဲ့သို့ အတ္တကြီးပြီး ပါးနပ်မြော်မြင်တတ်သည့် လူမျိုးများမှာ တကယ့်ကို ပိုမိုကောင်းမွန်သည့် ဘဝကို ပိုင်ဆိုင်နိုင်ကြသည်ဟု မှတ်ချက်ပြုခဲ့ဖူးသည်။
သူ့မိသားစု အဆင်ပြေနေသကဲ့သို့၊ အစ်မကြီးဖန် မိသားစုသည်လည်း အမှန်တကယ် အခြေအနေကောင်းမွန်ကြ၏။ ၎င်းတို့၏ ဝင်းတစ်ခုလုံးတွင် အလုပ်သမားလူတန်းစား မိသားစုများသာ ရှိကြသဖြင့် မည်သူမျှ ငတ်ပြတ်မနေကြပေ။
အမှန်အတိုင်း ပြောရလျှင် အစ်မကြီးဖန်၏ တတိယမြောက်သားသည် အမှန်တကယ် ကံကောင်းလှပေသည်။
သူသည် လွန်ခဲ့သည့်နှစ်၌ အထက်တန်းကျောင်း ပြီးဆုံးခဲ့သော်လည်း တက္ကသိုလ်ဝင်ခွင့် မရရှိခဲ့သဖြင့် သဘာဝအတိုင်း ကျေးလက်တောရွာသို့ အပို့ခံရမည် ဖြစ်၏။ သို့သော် ကံကောင်းထောက်မစွာဖြင့် နိုင်ငံတော်မူဝါဒ ပြောင်းလဲသွားခဲ့ပြီး၊ ပညာတတ်လူငယ်များ ကျေးလက်သို့ သွားရောက်ရန် မလိုအပ်တော့ပေ။ သူသည် ကျေးလက်သို့ မသွားခဲ့ရသော်လည်း၊ သူ၏ အစ်ကိုဖြစ်သူ ရှီရှောင်ဝေမှာ ကျေးလက်မှ မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သို့သော် ၎င်းတို့၏ အစ်မကြီးမှာ ပြန်မလာခဲ့ပေ၊ ကြားသိရသရွေ့ သူမသည် ကျေးလက်ရွာတွင်ပင် အိမ်ထောင်ကျသွားခဲ့ပြီး မြို့သို့ ပြန်လာရန် အစီအစဉ်မရှိတော့ဟု ဆို၏။
ရှီရှန်းနှင့် အစ်မကြီးဖန်၏ သမီးအကြီးဆုံးသည် နှစ်ကာလများ ကြာညောင်းလာသည်နှင့်အမျှ မိဘများအပေါ် စိတ်ကုန်သွားခဲ့ကြပုံရပြီး မိသားစုနှင့် လုံးဝနီးပါး အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။ သို့သော်လည်း ချန်ချင်းယွီ၏ အကဲခတ်ချက်အရ ရှီမိသားစု၏ သားအငယ်လေးသည် သူ၏ အစ်မဖြစ်သူနှင့် တိုးတိုးတိတ်တိတ် ဆက်သွယ်မှုရှိနေခဲ့ပြီး နှုတ်မှ ထုတ်မပြောခြင်းသာ ဖြစ်၏။
ရှီမိသားစု၏ သားအငယ်သည် ကျေးလက်သို့ သွားရောက်ရမည့် တာဝန်မှ ကံကောင်းစွာ ကင်းလွတ်ခဲ့သော်လည်း၊ ရှီရှောင်ဝေ မြို့သို့ ပြန်ရောက်လာခြင်းကြောင့် ညီအစ်ကိုနှစ်ယောက်စလုံးတွင် အလုပ်အကိုင် မရှိကြသေးကာ အိမ်တွင်းလေထုမှာ သိပ်ပြီး မကောင်းမွန်လှပေ။
ရှီမိသားစု၏ သားအငယ်သည် တစ်နေ့ကုန် အချိန်များကို အဒေါ်ကြီးမေ့၏ သားအကြီးဆုံးနှင့်အတူ လိုက်လံသွားလာရင်း အချိန်ကုန်ဆုံးလေ့ရှိသည်။ ထိုသားအကြီးဆုံးသည် အထက်တန်းအောင်ပြီး သုံးနှစ်အကြာတွင် ကျေးလက်သို့ အပို့ခံခဲ့ရပြီး လွန်ခဲ့သည့်နှစ်တွင် မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့သူ ဖြစ်၏။
သို့သော် သူသည် ကျေးလက်သို့ သွားခဲ့ရ၍ စိတ်နာကျည်းမှုများ ပြည့်နှက်နေကာ အမြဲတမ်း မျက်နှာဆူပုပ်လျက် လူတိုင်း မိမိကို အကြွေးတင်နေသည်ဟု ခံစားနေရသည့် ရှီရှောင်ဝေနှင့် တခြားစီသာ…
အဒေါ်ကြီးမေ့၏ သားအကြီးဆုံးသည် ကျေးလက်မှ ပြန်လာစဉ် ငွေအချို့ကို စုဆောင်းမိလာခဲ့သည်။ ယင်းမှာ သူ၏ စရိုက်နှင့် တကယ့်ကို ကိုက်ညီလှ၏။ သူသည် ငယ်စဉ်ကတည်းက ပိုက်ဆံရှာဖွေရာတွင် တော်သူတစ်ဦး ဖြစ်ပြီး ယခုအခါ မြို့သို့ ပြန်ရောက်လာပြီဖြစ်ရာ သူသည် အရာရာကို ရင်ဆိုင်စွန့်စားရန် အသင့်ရှိနေခဲ့သည်။ သူသည် ရုပ်ရှင်ရုံအပြင်ဘက်တွင် နေကြာစေ့များကို လိုက်လံရောင်းချနေခဲ့၏~~ ၎င်းမှာ အနည်းငယ် အရှက်ရစရာ ဖြစ်နိုင်သော်လည်း၊ သူ၏လက်ထဲတွင်မူ ငွေကြေးပြတ်လတ်မှု မရှိပေ။
ရှီမိသားစု၏ သားအငယ်သည်လည်း သူ့နောက်သို့ တကောက်ကောက် လိုက်ပါနေခဲ့ရာ၊ ထိုနှစ်ယောက်မှာ တကယ့်ကို အပေးအယူမျှမျှနှင့် အဆင်ပြေနေကြသည်။ ရှီရှောင်ဝေသည် ၎င်းတို့၏ လမ်းဘေးဈေးရောင်းသည့် အလုပ်ကို အထင်သေး စက်ဆုပ်သော်လည်း၊ ၎င်းတို့မှာ မိမိကိုယ်ကိုယ်ပင် ရှာဖွေမကျွေးနိုင်သည့် ရှီရှောင်ဝေကို ပြန်လည်အထင်သေးကြ၏။
ဘာပဲဖြစ်ဖြစ် ၎င်းတို့အချင်းချင်း တစ်ဦးကိုတစ်ဦး လေးစားမှုမရှိကြပေ။
ပညာတတ်လူငယ်များ၏ ဤကဲ့သို့ အသေးစား လမ်းဘေးဈေးရောင်းသည့် ကိစ္စကို မည်သူမှ ဝင်ရောက်စွက်ဖက် အရေးယူခြင်း မပြုကြပေ။ မည်သို့ပင်ဖြစ်စေ မြို့သို့ ပြန်လည်ရောက်ရှိလာကြသည့် ပညာတတ်လူငယ် အရေအတွက်မှာ အလွန်ပင် များပြားလှသဖြင့်၊ ၎င်းတို့အားလုံးကို နေရာချထားပေးရန် အလုပ်အကိုင် အလုံအလောက်လည်း မရှိပေ။ ပညာတတ်လူငယ်များအတွက် စည်းရုံးလှုံ့ဆော်ရေး အစည်းအဝေးများစွာ ကျင်းပခဲ့ကြပြီး၊ ရပ်ကွက်ကော်မတီသည်လည်း ၎င်းတို့အား မြို့ပြလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ရန် စီစဉ်ပေးခဲ့ကြသော်လည်း ~~~
ဥပမာအားဖြင့် ချန်းမန်တွင် ရေနွေးကြမ်းပန်းကန်များ လိုက်လံရောင်းချခြင်းနှင့် ဟော်ဟိုင်တွင် ဖိနပ်ပြင်ဆိုင်လေးများ ဖွင့်လှစ်ပေးခြင်းမျိုး ဖြစ်သည်။ ၎င်းမှာလည်း လူတိုင်းကို နေရာချထားပေးရန် မဖြစ်နိုင်သေးပေ။ ထို့ကြောင့် ၎င်းတို့အနေဖြင့် မိမိဝမ်းစာအတွက် အသက်မွေးဝမ်းကျောင်း တစ်ခုခု ရှာဖွေလုပ်ကိုင်နိုင်နေသရွေ့ ရပ်ကွက်ကော်မတီသည်လည်း မသိချင်ယောင်ဆောင်ပြီး မျက်စိမှိတ်ပေးထားကြ၏။
သူတို့လည်း အခြား ဘာလုပ်နိုင်ဦးမှာလဲ… သူတို့မှ အလုပ်ရှာမပေးနိုင်တာ…
အဒေါ်ကြီးမေ့၏ မိသားစုတွင် သားအကြီးဆုံးတစ်ဦးသာ ကျေးလက်သို့ သွားခဲ့ရခြင်းဖြစ်ပြီး၊ ဒုတိယ၊ တတိယနှင့် စတုတ္ထကလေးများမှာ သွားရောက်ခဲ့ရခြင်း မရှိပေ။ ဒုတိယကလေးသည် ရှီမိသားစု၏ သားအငယ်နှင့် အသုတ်တူဖြစ်ပြီး၊ အရေးကြီးသည့် အလှည့်အပြောင်းကာလတွင် ကံကောင်းစွာဖြင့် ကျေးလက်သွားရမည့် တာဝန်မှ လွတ်မြောက်ခဲ့သည်။ သူမ၏ မိသားစုသည် ဤအိမ်ဝင်းထဲတွင် အဆင်းရဲဆုံး ဖြစ်နေဆဲဖြစ်ကာ၊ ကလေးအမြောက်အမြားရှိပြီး ကျောင်းထားနေရသဖြင့် အခြားတတ်နိုင်သည့် နည်းလမ်းမရှိပေ။ သို့သော်လည်း အဒေါ်ကြီးမေ့သည် လောကဓံကို အကောင်းမြင်တတ်သူတစ်ဦး ဖြစ်ပြီး၊ သူမ၏ ကလေးများသည်လည်း အခြားကလေးများထက် ပိုမိုအသိဉာဏ်ရှိပြီး လိမ္မာကြသဖြင့် ဘဝသည် ခက်ခဲကျပ်တည်းသော်လည်း ဆိုးဆိုးရွားရွားကြီးတော့ မဟုတ်ခဲ့ပေ။
ဒါကတော့ ဒုတိယမြောက်ခြံဝင်းအတွင်းရှိ အခြေအနေပါပဲ…
အလယ်ခြံဝင်းဘက်တွင်မူ၊ မာကျန့်ယီ၏ မိသားစုမှ မာကျန်းတွင် ယခုအခါ ကလေးနှစ်ယောက် ရှိနေပြီဖြစ်သည်။ ဆေးဝါးများ သောက်သုံးခဲ့ပြီးနောက် ချိုက်မင်မင်သည် ၁၉၇၄ ခုနှစ်၏ နှစ်ဝက်တွင် ကိုယ်ဝန်ရရှိခဲ့ကာ၊ နောက်တစ်နှစ်တွင် သမီးလေးတစ်ဦး မွေးဖွားခဲ့၏။ ၎င်းမှာ အဆင်ပြေလှပေသည်။ မာကျန်းနှင့် သူ၏ဇနီးတို့သည်လည်း ၎င်းတို့ကိုယ်တိုင် အသက်အရွယ် ရလာကြပြီဖြစ်သဖြင့် ကလေးတစ်ယောက်တည်းနှင့်တင် လုံလောက်ပြီဟု တွေးတောထားကြကာ ထပ်မံယူရန် အစီအစဉ်မရှိခဲ့ကြပေ။
မာကျန်းသည် ယောကျ်ားလေး/မိန်းကလေး ခွဲခြားတတ်သည့် စိတ်ဓာတ်မျိုး မရှိသူဖြစ်၏။
အဘိုးကြီးမာနှင့် သူ၏ဇနီးတို့သည်လည်း မြေးမလေးရလာခြင်းမှာ အဆင်ပြေသည်ဟု ခံစားရကာ၊ သားဖြစ်စေ သမီးဖြစ်စေ နှစ်ဦးစလုံးကို လက်ခံနိုင်ကြသည်။ ၎င်းတို့သည် ကျား/မ ခွဲခြားတတ်
သူများ မဟုတ်ကြကာ… သူတို့အတွက် အကြောက်ဆုံးအရာမှာ အချစ်ရူး ဖြစ်သွားမည်ကိုသာ ဖြစ်၏။
၎င်းကို အကြောက်ဆုံးပင်...
မာမိသားစုသည် "အချစ်ရူးခြင်း" ကြောင့် လွန်ခဲ့သည့် အချိန်ကာလများစွာကတည်းက ဒုက္ခဝေဒနာများကို ခံစားခဲ့ရဖူးသည် မဟုတ်လော့။
သို့သော်လည်း မထင်မှတ်ထားသည်မှာ ချိုက်မင်မင်သည် လွန်ခဲ့သည့်နှစ်၏ နွေဦးကာလတွင် မျှော်လင့်မထားဘဲ မတော်တဆ ကိုယ်ဝန်ထပ်မံရရှိခဲ့ပြီး၊ ထိုနှစ်ကုန်ပိုင်းတွင် သားယောက်ျားလေးတစ်ဦးကို မွေးဖွားခဲ့လေသည်။
ပြောနေစရာပင် မလိုတော့ပေ~~ မာမိသားစုသည် အခြေအနေကို ချက်ချင်းတုံ့ပြန်နိုင်ခြင်းမရှိသေးခင်မှာတင် လီချန်ရွှမ်းတစ်ယောက် စိတ်ဓာတ်များ ထပ်မံပြိုလဲသွားခဲ့ရပြန်၏။
ဒါက လီချန်ရွှမ်း စိတ်ပျက်
အားငယ်ရတဲ့ ပထမဦးဆုံးအကြိမ်တော့ မဟုတ်ပါဘူးလေ…
ရွှီကောင်းမင်၏ မိသားစုတွင် မြေးယောက်ျားလေး ရစဉ်ကလည်း ထိုမြေးလေးသည် ဤကလေးငယ်ထက် ပို၍ငယ်သဖြင့်၊ လီချန်ရွှမ်းအတွက် တတိယမြောက်အကြိမ်မြောက် စိတ်ဓာတ်ပြိုလဲရခြင်း ဖြစ်၏။
လီချန်ရွှမ်း ပထမဦးဆုံးအကြိမ် စိတ်ဓာတ်ပြိုလဲခဲ့ရသည်မှာ ယွမ်ဟောက်ဖုန်းနှင့် ကွမ်ထင်းထင်းတို့တွင် သားယောက်ျားလေး မွေးဖွားခဲ့စဉ်က ဖြစ်သည်။
၎င်းတို့၏ အိမ်ဝင်းကြီးတွင် ဘာတွေမှားယွင်းနေသလဲဆိုသည်ကို သူတို့ နားမလည်နိုင်ကြပေ။
မိမိတို့၏ ကလေး ကျား/မ အမျိုးအစားအပေါ် စိတ်ထဲမထားကာ အတင်းအကြပ် မတောင်းဆိုတတ်သည့် လူများတွင်မူ သားယောက်ျားလေးများ တရစပ် မွေးဖွားလာကြပြီး၊ သားယောက်ျားလေးရရန် အသက်လုပြီး အသည်းအသန် လိုချင်တောင့်တနေသည့် လူများတွင်မူ လုံးဝမွေးဖွားမလာခဲ့ပေ။
ကံကြမ္မာဆိုသည်မှာ လူကို ပြက်ရယ်ပြု ကစားရတာကို အင်မတန် သဘောကျပုံရပေသည်။
ယွမ်ဟောက်မင်နှင့် ကျောက်ရုံတို့သည် လူကောင်းများ မဟုတ်ကြသော်လည်း၊ ကွမ်ထင်းထင်းကို သားယောက်ျားလေး မွေးပေးရမည်ဟု အတင်းအကြပ် ဖိအားမပေးခဲ့ကြပေ။ ကလေးဆိုသည်မှာ ထပ်မံယူ၍ရနိုင်သည်ဖြစ်၍ မည်သူမျှ ကလေးတစ်ယောက်တည်းနှင့် ရပ်တန့်မနေကြပေ။ ၎င်းတို့သည် လီချန်ရွှမ်းကဲ့သို့ အစွန်းရောက်အောင် ပြုမူခြင်းမျိုး မရှိကြပေ။
သို့သော်လည်း အမှန်စင်စစ် ကွမ်
ထင်းထင်းကိုယ်တိုင်သည်လည်း ၎င်းတို့၏ ထင်မြင်ချက်များကို ဂရုစိုက်ခြင်းမရှိပေ~~ သူမသည် မိမိ၏ ယောက္ခမများကို အထင်မြင်သေး စက်ဆုပ်သူ ဖြစ်သည်။
သူမကိုယ်တိုင် သူတို့အပေါ် စိတ်ဝင်စားမှုမရှိကာ လျစ်လျူရှုထားခဲ့၏။
အတိုချုပ်ပြောရလျှင် ခြံဝင်းထဲတွင် ကောင်လေးတစ်ယောက် မွေးဖွားလာသည့် အကြိမ်တိုင်း၊ လီချန်ရွှမ်းတစ်ယောက် စိတ်ရူးပေါက်ကာ စိတ်ဓာတ်ပြိုလဲလေ့ရှိသည်။
လီချန်ရွှမ်း၏ အရင်းနှီးဆုံးသော ရင်ဖွင့်ဖော် ရင်ဖွင့်ဖက်မှာမူ အဘွားကြီးဝမ်ပင် ဖြစ်၏။
ထိုနှစ်ယောက်မှာ ယခုအခါ ခွဲခွာ၍မရနိုင်လောက်အောင် ရင်းနှီးပူးကပ်နေကြပြီ ဖြစ်သည်။
မာကျန်းနှင့် ချိုက်မင်မင်တို့တွင် ယခုအခါ သားတစ်ယောက် သမီးတစ်ယောက်နှင့် ပြည့်စုံသွားခဲ့ပြီ ဖြစ်ပြီး၊ ကိုယ်တိုင်လည်း ကျေးလက်ပညာတတ်လူငယ်ဘဝမှ ပြန်လည်ရောက်ရှိလာခဲ့ကြသော်ငြား၊ မာကျန်း၏ ဒုတိယမြောက်ညီမမှာမူ မြို့သို့ ပြန်မလာခဲ့ဘဲ ယခုထက်ထိ အဆက်အသွယ် ပြတ်တောက်နေဆဲ ဖြစ်၏။ လူတိုင်းသည် သူမကို အချစ်အတွက်ကြောင့် ရူးသွပ်သွားခဲ့ရသူအဖြစ် ယုံကြည်ထားကြသော်လည်း၊ ချန်ချင်းယွီမှာမူ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားနေရဆဲဖြစ်ကာ၊ မည်သည့်အရာ ဖြစ်မည်ကိုတော့ အတိအကျ လက်ညှိုးထိုးပြနိုင်ခြင်း မရှိခဲ့ပေ…
သူမကိုယ်တိုင် ကိစ္စရပ်တစ်ခုအပေါ် အကြာကြီး တွေးတောပူပန်နေတတ်သည့် စရိုက်မျိုး မဟုတ်၍လည်း ပါ၏။
မာမိသားစု၏ တတိယသားမှာမူ ထိုမုဆိုးမနှင့် ယခုထက်ထိ ပတ်သက်ရှုပ်ထွေးနေဆဲဖြစ်ပြီး၊ စတုတ္ထကလေးမှာ ကျောင်းတက်နေဆဲ ဖြစ်သည်။
သားအကြီးဆုံးတွင် ကလေးရရှိခဲ့သည်မှလွဲ၍ သူ၏ မိသားစုတွင် ထူးထူးခြားခြား ပြောင်းလဲမှုမရှိဘဲ ယခင်အတိုင်းပင် ဖြစ်၏။
ယွမ်မိသားစုဘက်တွင်မူ၊ အချို့သောအကြောင်းအရာများသည် နှစ်ကာလများ ကြာညောင်းလာသည်နှင့်အမျှ တဖြည်းဖြည်း မှေးမှိန်သွားခဲ့ပြီ ဖြစ်သော်လည်း၊ လွန်ခဲ့သည့်အချိန်က ဖြစ်ပျက်ခဲ့သည်များကို မည်သူမျှ မေ့ပျောက်ခြင်းမရှိကြသေးသဖြင့်၊ ကျောက်ရုံသည် ပုံမှန်အားဖြင့် အိန္ဒြေရရနှင့်သာ နေထိုင်လေ့ရှိပြီး ခြံဝင်းထဲမှ လူများနှင့် ဆက်ဆံပြောဆိုမှု အလွန်နည်းပါးလှသည်။ သူမ၏ သားဖြစ်သူ ယွမ်ဟောက်ဖုန်းနှင့် သူ၏ဇနီးတွင်မူ ယခုအခါ လေးနှစ်အရွယ် သားလေးတစ်ဦး ရှိနေပြီ ဖြစ်၏။
ကွမ်ထင်းထင်းမှာမူ ဒုတိယမြောက်ကလေးကို လုံးဝ (လုံးဝ) ထပ်မံမယူတော့ဟု ပြတ်ပြတ်သားသား ဆုံးဖြတ်ထားသည်။
ကျောက်ရုံမှာ ဤအချက်အပေါ် မကျေနပ်သော်လည်း၊ သူမကိုယ်တိုင်တွင် မကောင်းသည့် အတိတ်သမိုင်းကြောင်း (သိက္ခာကျစရာကိစ္စ) ရှိခဲ့ဖူးသဖြင့်၊ ကွမ်ထင်းထင်းသည် သူမ၏ စကားကို နားထောင်ခြင်းမရှိပေ။
လီလင်းလင်းနှင့် ဟောက်ရွှယ်တို့သည် အသက်အရွယ်ချင်း အတူတူပင် ဖြစ်ကြပြီး နှစ်ယောက်စလုံး အိမ်ထောင်မရှိကြသေးကာ ၎င်းတို့သည် ဤနှစ်အနည်းငယ်အတွင်း ကောင်းမွန်သည့် အလုပ်အကိုင်များ ရရှိထားကြသော်လည်း၊ ယွမ်ဟောက်ရွှယ်မှာ ကျောက်ရုံကြောင့်နှင့်ပင် သူမ၏ ပတ်ဝန်းကျင်ရှိ မည်သည့်အမျိုးသားမျှ သူမအပေါ် အလေးအနက် သဘောမထားကြပေ။ သူမသည် တစ်ကိုယ်ရေဘဝဖြင့်သာ ဆက်လက်ရှိနေခဲ့ပြီး၊ ယခင်ကဲ့သို့ ဖော်ရွေပျူငှာခြင်းမရှိတော့ဘဲ… ယခုအခါတွင်မူ အေးစက်စက်နှင့် လူစိမ်းဆန်စွာ နေတတ်လာခဲ့သည်။
သူမသည် လူသိများလှသည့် "အေးစက်လှပသော မိန်းမလှလေး" တစ်ဦးအဖြစ် အသွင်ပြောင်းလဲသွားခဲ့၏။
အလယ်ခြံဝင်းကြီးမှာ သိသိသာသာ ပြောင်းလဲခြင်းမရှိကာ စတုတ္ထမြောက်ခြံဝင်းသည် ပို၍ပင် ပြောင်းလဲမှု နည်းပါးလှပေသည်။
ကျန်းမိသားစုသည် ယခင်အတိုင်းပင် ရှိနေဆဲ ဖြစ်ပြီး ကျန်းရှင်းဖှသည် တကယ်ပင် အိမ်ထောင်ဖက် ရှာမရနိုင်သေးပေ~~ မုဆိုးမများပင်လျှင် သူနှင့် တွဲခုတ်ရန် ငြင်းဆန်ကြ၏။
ဘယ်မိန်းမကများ အိမ်ထောင်ဖက်က နှစ်ဖက်ချွန်ဖြစ်နေတာကို လက်ခံမှာလဲ… ပြီးတော့ ဒီလောက်ဆိုးတဲ့ ယောက္ခမရှိမှာကို ဘယ်သူက လက်ခံနိုင်မှာလဲ…
ကျန်းရှင်းဖှသည် အိမ်ထောင်ဖက်တွေ့ရန် မျှော်လင့်ချက်ဖြင့် အပတ်တိုင်းလိုလို အပြင်သို့ ထွက်လေ့ရှိသော်လည်း အောင်မြင်မှုမရ ဖြစ်နေရှာ၏။
လွန်ခဲ့သည့်နှစ်အတွင်း ကျေးလက်မှ မြို့သို့ ပြန်လည်ရောက်ရှိလာကြသည့် လူငယ်များ ပိုမိုများပြားလာခဲ့သဖြင့်၊ သူ၏အတွက် အခွင့်အရေးများ ပိုမိုရရှိလာခဲ့လေသည်။ ယခုအခါ သူသည် နေ့တိုင်း အပြင်သို့ထွက်ကာ ဟော်ဟိုင်နှင့် ချန်းမန် ကဲ့သို့သော နေရာများတွင် လှည့်လည်သွားလာရင်း မိန်းမလှလေးတစ်ဦးကို တွေ့ရှိရန် မျှော်လင့်နေခဲ့၏။
ထို့အတူပင် ဝမ်တာ့ချွေသည်လည်း တစ်ကိုယ်ရေဘဝဖြင့်သာ ရှိနေဆဲ ဖြစ်သည်။ ဝမ်တာ့ချွေတွင် မြင့်မားလှသည့် စံနှုန်းသတ်မှတ်ချက်များ ရှိနေခဲ့ပြီး ၎င်းမှာ နှစ်ကာလများတစ်လျှောက် ပြောင်းလဲခြင်းမရှိခဲ့ပေ။ သို့သော် သူကိုယ်တိုင်လည်း အသက်အရွယ် ရလာပြီဖြစ်ရာ အိမ်ထောင်ဖက်ရှာရန် သဘာဝအတိုင်း ပိုမိုခက်ခဲလာခဲ့၏။
ထို့ကြောင့် စတုတ္ထမြောက်ခြံဝင်းသည် ပြောင်းလဲမှုအနည်းဆုံး ဖြစ်ခဲ့ရသည်။ နောက်ဘက်ခြံဝင်း အခြေအနေမှာမူ အခြေခံအားဖြင့် မိသားစုဝင် ကလေးအသစ်များ တိုးပွားလာခြင်းသာ ရှိခဲ့၏။
လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း ဤလူနေအိမ်ဝင်းကြီးထဲ၌ အကြီးမားဆုံးသော ကိစ္စရပ်က ဘာလဲဟု မေးလျှင် ~~ ကလေးငယ်များ ဖြစ်ပေသည်...
ဟုတ်ပါသည်၊ ကလေးငယ်များစွာ အမြောက်အမြား တိုးပွားလာခဲ့ခြင်းပင်။
နှစ်တိုင်းလိုလို ကလေးအသစ်တစ်ယောက် မွေးဖွားလာလေ့ရှိ၏။
ထိုသို့ မွေးဖွားလာသည့် အကြိမ်တိုင်းတွင်လည်း၊ ရှေ့ခြံဝင်းရှိ လီချန်ရွှမ်း စိတ်ရူးပေါက်ပြီး ရူးသွပ်လုနီးပါး အခြေအနေသို့ ရောက်ရှိသွားခဲ့ရသည်။
တကယ့်ကို မရှုမလှ ခံစားရခက်လွန်းနေရှာလေ၏…