← Chapters

အခန်း ၁၂၀

Vol. 12 Ch. 120

အခန်း ၁၂၀

Vol. 12 Ch. 120

အခန်း (၁၂၀) ငါးနှစ်အတွင်း ပြောင်းလဲမှုများ

လောကကြီးသည် ပြက်ချော်ချော် အလွန်လုပ်တတ်လှ၏။

လူဟူသည် မိမိအလိုချင်ဆုံးအရာကို မျှော်ကိုးလေလေ၊ ၎င်းအရာနှင့် ဝေးကွာလေလေ ဖြစ်တတ်စမြဲပင်။

လီချန်ရွှမ်းတစ်ယောက် သားဆုပန်ရလွန်း၍ စိတ်နောက်ကိုယ်ပျက် ဖြစ်လုနီးပါး ရှိနေပြီဖြစ်သော်လည်း ယခုထက်တိုင် သားသမီးအရိပ်အယောင်မျှ မမြင်ရသေးပေ။ မရှိသည်မှ လုံးဝကို မရှိခြင်း ဖြစ်သည်။

သူတစ်ပါး မိသားစုများတွင် သားယောက်ျားလေးများ တပြွတ်ပြွတ် မွေးဖွားနေသည်ကို မျက်ဝါးထင်ထင် မြင်တွေ့နေရသဖြင့် သူသည် ဒေါသအိုးပေါက်ကွဲမတတ် မနာလိုဖြစ်နေရှာ၏။

“တခြားအိမ်တွေကျတော့ မွေးချင်တိုင်း မွေးနိုင်ကြပြီး ငါ့ကျမှ ဘာလို့ မရရတာလဲ” ဟူ၍လည်း သူ လုံးဝ နားမလည်နိုင်အောင် ဖြစ်ရသည်။ သူသည် နေ့စဉ်ရက်ဆက် သူတစ်ပါးအိမ်မှ ကလေးငယ်များကိုသာ စိုက်ကြည့်နေတတ်သဖြင့် သားယောက်ျားလေး မွေးထားသည့် အိမ်အချို့မှာ သူ့ကိုမြင်လျှင် အထူးပင် သတိထားနေကြရ၏။ သူ စိတ်ရူးပေါက်ပြီး ကလေးကို တစ်ခုခု လုပ်လိုက်မည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။

အမှန်တကယ်လည်း သူသည် သားလိုချင်ဇောဖြင့် စိတ်အခြေအနေမှာ တဖြည်းဖြည်း ပိုမိုဆိုးရွားလာနေပြီ ဖြစ်၏။ ဤဝင်းကြီးထဲ၌ မည်သူမဆို သားယောက်ျားလေး မွေးဖွားသည်နှင့် သူသည် မိမိဇနီးသည်ကို ရိုက်နှက်တော့သည်သာ။

ယခင်က လူကောင်းတစ်ယောက်နှယ် ဟန်ဆောင်နိုင်ခဲ့သော်လည်း ယခုမူ သူ၏ ပုပ်စပ်သော စရိုက်အမှန်မှာ လုံးလုံးလျားလျား ပေါ်သွားခဲ့ပြီ ဖြစ်သည်။

၎င်းသည် အိမ်ဝင်သားမက် တစ်ယောက်မျှသာ ဖြစ်သော်လည်း လင်စန်းရှင်းကို နှိပ်စက်ရိုက်နှက် ပြုရာတွင်မူ သနားကြင်နာမှုဟူ၍ အလျင်းမရှိချေ။ သို့သော်လည်း ဤကိစ္စကို ပတ်ဝန်းကျင်မှ ဝင်ရောက်

စွက်ဖက်၍မရပေ။ လင်စန်းရှင်းကိုယ်တိုင်သည်ပင် မိမိလင်သားကို အကာအကွယ်ပေးနေသောကြောင့် ဖြစ်၏။

“ဒီလောက် အဆိုးအသွမ်းချင်းတူတာ... အိုးပဲ့နဲ့ စလောင်းရွဲ့ အံကိုက်နေတာပဲ” ဟုသာ ဆိုရချေမည်။

သူသည် သူတစ်ပါးကို မနာလိုဝန်တိုစိတ် ပြင်းထန်နေပြီး လောကကြီးသည် မတရားပါတကားဟုလည်း အဖန်ဖန် ညည်းတွားနေလေသည်။

ဥပမာအားဖြင့် ရွှီကောင်းမင်တို့ မိသားစုကိုကြည့်လျှင် သားရော မြေးပါ ထွန်းကားလှ၏။ ထို့ကြောင့် တတိယမြောက်ချွေးမ မွေးဖွားမည့်အချိန်တွင် သားမွေးမွေး၊ သမီးမွေးမွေး အကြောင်းမဟုတ်ပေ။ သားယောက်ျားလေးမွေးလျှင် ပို၍ ဝမ်းမြောက်စရာ ဖြစ်သော်လည်း သမီးမိန်းကလေး မွေးလာခဲ့လျှင်လည်း စိတ်မကောင်းဖြစ်ကြမည်

မဟုတ်ပေ။ အကြောင်းမူကား သူတို့အိမ်တွင် မြေးယောက်ျားလေးများ မရှားပါးသောကြောင့်တည်း။

မာကျန်းတို့ မိသားစုတွင်လည်း မာကျန်းမှာ အသက်အရွယ် မငယ်တော့ပြီ ဖြစ်ရာ မိသားစုတစ်ခုလုံး၏ မျှော်လင့်ချက်မှာ ကလေးမွေးနိုင်လျှင်ပင် တော်လှပြီဟူ၍ ဖြစ်သည်။ ယောက်ျားလေး ဖြစ်စေ၊ မိန်းကလေး ဖြစ်စေ တစ်ယောက်တည်း မွေးဖွားပြီး ကောင်းမွန်စွာ သွန်သင်ဆုံးမနိုင်လျှင်၊ အချစ်ရူးမဖြစ်လျှင်ပင် မာမိသားစု အစဉ်အဆက်၏ ဆန္ဒ ပြည့်ဝပြီ ဖြစ်၏။

သို့သော် မျှော်လင့်မထားဘဲ ကိုယ်ဝန်ရလာသည့်အခါ၊ ယခုခေတ်တွင် ကိုယ်ဝန်ဖျက်ချခြင်းမျိုး မရှိသဖြင့် သဘာဝအတိုင်း မွေးဖွားကြရမည်သာ။

ထို့ပြင် ယွမ်ဟောက်မင်နှင့် ကျောက်ရုံတို့ မိသားစုကို ကြည့်ပြန်လျှင်လည်း သူတို့သည် သားယောက်ျားလေးကို ပိုမိုနှစ်သက်ကြသည်မှာ အမှန်ပင်။ သို့သော် ကျောက်ရုံသည် အနည်းဆုံး သုံးလေးငါးယောက် မွေးရမည်ဟု တွေးထားသဖြင့် ယောက်ျားလေး၊ မိန်းကလေးဟူ၍ သဲသဲမဲမဲ ခွဲခြားမနေခဲ့ပေ။ သူတို့သည် ဇွတ်တရွတ် အတင်းအဓမ္မ မတောင်းတခဲ့ကြသော်လည်း အိမ်တိုင်း၌ သားယောက်ျားလေးများ တဖွဲဖွဲ မွေးဖွားလာကြသည်။

ထို့ကြောင့်ပင် လီချန်ရွှမ်းတစ်ယောက် စိတ်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရနေခြင်း ဖြစ်၏။

သူ့နည်းတူ စိတ်ဆင်းရဲနေရသူမှာ အဘွားကြီးဝမ် ဖြစ်သည်။ သူတို့နှစ်ဦးသည် ရံဖန်ရံခါ အတူတကွ ရပ်တန့်၍ တီးတိုးတီးတိုးဖြင့် မကျေမချမ်း ရေရွတ်နေတတ်ကြရာ သားယောက်ျားလေး မွေးထားသည့် မိသားစုများမှာ သူတို့ကို မြင်လျှင် အလွန်တရာ ထိတ်လန့်ကြရ၏။

“အမလေး... သူတို့တွေ စိတ်ရူးပေါက်ပြီး ကလေးတွေကို ရန်ရှာကြမလားမသိဘူး။ ဘာပဲဖြစ်ဖြစ် သတိထားတာ အကောင်းဆုံးပဲ”

ငါးနှစ်တာ ကာလသည် ကုန်လွန်ခဲ့လေပြီ။ ဤဝင်းကြီးအတွင်း၌ ကြီးကြီးမားမား ပြောင်းလဲမှု မရှိသော်လည်း ကလေးငယ်များမှာမူ အတော်ပင် ကြီးပြင်းလာခဲ့ကြသည်။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် ကိုးနှစ်အရွယ်သို့ ရောက်ရှိနေပြီ ဖြစ်၏။ ချန်ချင်းယွီ ဤကမ္ဘာသို့ ကူးပြောင်းလာစက ၎င်းကလေးနှစ်ဦးမှာ မိခင်မဲ့ကာ အားကိုးရာမဲ့နေသည့် သနားစရာ ကလေးငယ်လေးများ ဖြစ်ကြပြီး ပိန်လှီညှိုးနွမ်းနေခဲ့ကြသည်။ ချန်ချင်းယွီသည် တစ်နှစ်အတွင်း၌ ကလေးနှစ်ဦးကို ကျန်းမာဝဖြိုးလာအောင် ပြုစုပျိုးထောင်ပေးခဲ့ပြီး ယခု နောက်ထပ် ငါးနှစ် ကုန်လွန်သွားသောအခါ ကလေးနှစ်ဦးစလုံး အရပ်အမောင်း မြင့်မားသွက်လက်လာကြပြီ ဖြစ်၏။

ချန်ချင်းယွီတို့ မိသားစုသည် အိမ်ခန်းအသစ် မရရှိခဲ့သဖြင့် နေထိုင်စရာ နေရာမှာ အကန့်အသတ် ရှိနေဆဲပင်။ ဤကဲ့သို့သော အိမ်ရာအခက်အခဲသည် နောက်ထပ် ဆယ်စုနှစ်ပေါင်းများစွာအထိ ကြပ်တည်းနေဦးမည် ဖြစ်သကဲ့သို့ ယခုခေတ်တွင်လည်း ထို့အတူပင် ကြပ်တည်းလှသည်။

သူတို့၏ အခြေအနေအရ အိမ်ခန်းအသစ် ခွဲတမ်းရရန် မဖြစ်နိုင်ပေ။သို့သော်လည်း ရှောင်ကျားမှာ ယောက်ျားလေးတစ်ယောက် ဖြစ်သဖြင့် သူတို့နှင့်အတူ တစ်အိပ်ရာတည်း အတူအိပ်ရန် မသင့်တော်တော့ပေ။ ထို့ကြောင့် ချန်ချင်းယွီသည် ခုတင်တစ်လုံး ဝယ်ယူကာ အခန်းဝ၏ အခြားတစ်ဖက်၊ အုတ်ခုတင်နှင့် မျက်နှာချင်းဆိုင်တွင် ထားရှိခဲ့၏။

ညအချိန် အိပ်စက်သည့်အခါ ခုတင်နှင့် အုတ်ကုတင်တွင် လိုက်ကာများ ဆွဲထားတတ်သဖြင့် ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အတိုင်းအတာတစ်ခုအထိ အာမခံချက် ပေးနိုင်ခဲ့သည်။

အခန်းထဲ၌ ခုတင်တစ်လုံး ထပ်မံဖြည့်စွက်လိုက်သဖြင့် နေရာ ပိုမိုကျဉ်းမြောင်းသွားရာ ချန်ချင်းယွီသည် အုတ်ကုတင်ပေါ်တွင် တင်ရသည့် ဘီရိုတစ်လုံးကိုသာ အစားထိုး အသုံးပြုခဲ့၏။ ကံကောင်းသည်မှာ မိန်းမသား သုံးဦးတည်းသာ ရှိသဖြင့် အိပ်စက်ရန် နေရာလောက်ငပေသည်။ ချန်ချင်းယွီသည် အုတ်ကုတင်၏ အစွန်းဘက်တွင် အဝတ်အစားနှင့် အိပ်ရာခင်းများ ထည့်စရာ ဘီရိုကို ထားရှိခဲ့၏။ အိမ်တွင်း၌ အလွန် ကြပ်တည်းနေသည်ဟု ထင်ရသော်လည်း ချန်ချင်းယွီအတွက်မူ အဆင်ပြေလှသည်ဟု ခံစားရသည်။

ကံကောင်းသည်မှာ ရှောင်ကျားသည် ကိုးနှစ်သားသာ ရှိသေးသဖြင့် အလွန်အမင်း မကြီးသေးခြင်းပင်။ ဤနှစ်နှစ်အတွင်း သူမသည် စည်းကမ်းနည်းလမ်းတကျနှင့် ငွေအဝင်လမ်းကြောင်းတစ်ခု ဖန်တီးကာ ငွေကြေးများကို လူသိရှင်ကြား သုံးစွဲနိုင်အောင် ကြိုးပမ်းရမည် ဖြစ်ပြီး ထို့နောက်မှသာ အိမ်တစ်လုံး ဝယ်ယူနိုင်မည် ဖြစ်၏။ ထိုအချိန်ကျမှသာ လျှင် သူတို့သည် အိမ်ရာကြပ်တည်းသည့် ဒုက္ခမှ အပြီးတိုင် လွတ်မြောက်နိုင်ကြပေလိမ့်မည်။

ငွေကြေးများကို တရားဝင် ဖြစ်အောင် လုပ်ဆောင်ရမည့်အပြင် အိမ်ကောင်းတစ်လုံး ရရှိနိုင်ရန်လည်း လိုက်လံစုံစမ်းရဦးမည် ဖြစ်သည်။

ယခုခေတ်တွင် ငွေရှိရုံမျှဖြင့် အိမ်ဝယ်၍မရနိုင်ပေ။ မိသားစုတိုင်းနီးပါး အိမ်ရာကြပ်တည်းမှုနှင့် ရင်ဆိုင်နေရသဖြင့် ပုံမှန်အားဖြင့် မည်သူမျှ အိမ်မရောင်းကြချေ။ အိမ်ရှာဖွေရသည်မှာ အလွန် ခက်ခဲလှ၏။

သို့သော်လည်း ချန်ချင်းယွီ၏ လက်ထဲတွင် ငွေကြေးအလုံအလောက် ရှိနေသည်မှာ ကံကောင်းခြင်းတစ်ရပ် ပေတည်း။

မှန်ပေသည်။ ဤငါးနှစ်တာ ကာလအတွင်း၌ သူတို့မိသားစုတွင် ထူးခြားချက်တစ်ခု ရှိခဲ့လျှင် ၎င်းမှာ ချန်ချင်းယွီသည် သူမ၏ အဘိုးနှင့် အဘွားတို့ ချန်ထားရစ်ခဲ့သော သေတ္တာငယ်အားလုံးကို ရှာဖွေတွေ့ရှိခဲ့ခြင်းပင်။ သေတ္တာ ကိုးလုံးစလုံးကို သူမ ရှာတွေ့ခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့်ပင် ချန်ချင်းယွီသည် မိမိကိုယ်ကိုယ် ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်သာ ဖြစ်ပြီး မတော်တဆမှုတစ်ခုကြောင့် မှတ်ဉာဏ်ပျောက်ဆုံးသွားခြင်းသာ ဖြစ်သည်ဟု ယူဆထားခဲ့၏။

ဖြစ်နိုင်ခြေမရှိသည်များကို ဖယ်ထုတ်လိုက်လျှင် ကျန်ရှိနေသည့် တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ ဤအချက်သာ ရှိတော့သည်။

“ငါက တကယ့် ချန်ချင်းယွီအစစ်ပဲ”

ဤသို့ တွေးတောမိသဖြင့် ချန်ချင်းယွီသည် သေချာစွာ ပြန်လည်စဉ်းစားပြီး မိမိ၏ အတွေးစအတိုင်း လိုက်လံတွေးတောကြည့်ရာ အတိတ်ဘဝမှ အဖြစ်အပျက်အချို့ကိုပင် ပြန်လည်မှတ်မိလာခဲ့သည်။ ဤအတွေးလမ်းကြောင်းအတိုင်း ရှာဖွေခဲ့သဖြင့် ကျန်ရှိသော သေတ္တာများကို အမှန်တကယ်ပင် ထပ်မံရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်၏။

မူလက ချန်ချင်းယွီသည် သေတ္တာအားလုံးကို အလျင်စလို ယူမလာခဲ့ပေ။ အိမ်တွင် ငွေကြေးအမြောက်အမြား ဝှက်ထားခြင်းမှာ စိတ်မချရသကဲ့သို့ ချန်ရိကျွင်းသည်လည်း ရှာတွေ့နိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။ သို့သော် ထိုနှစ်က ငလျင်လှုပ်ခတ်ခဲ့ရာ ၎င်းတို့ဒေသတွင်လည်း တုန်ခါမှုကို သိသိသာသာ ခံစားခဲ့ရပြီး အချို့သောအိမ်များပင် ပြိုကျပျက်စီးခဲ့၏။ သူမ အဘိုးအဘွားတို့၏ အိမ်ဟောင်းမှာ မူလကပင် ယိုင်နဲ့နဲ့ ဖြစ်နေသဖြင့် ယခုအကြိမ်တွင်မူ လုံးဝ ပြိုကျပျက်စီးသွားခဲ့ရသည်။

ချန်ချင်းယွီသည် ထိုအချိန်က ရှုပ်ထွေးပွေလီနေသည့် အခြေအနေကို အခွင့်ကောင်းယူကာ အိမ်ဟောင်းသို့ အမြန်သွားရောက်ပြီး ကျန်ရှိနေသော သေတ္တာလေးလုံးကိုပါ အားလုံး သိမ်းဆည်းယူဆောင်ခဲ့၏။

သူမသည် သေတ္တာကဲ့သို့ ထင်ရှားသော အရာများကို ပေါ်ပေါ်ထင်ထင် သယ်ဆောင်ခြင်းမပြုဘဲ ယူသင့်ယူထိုက်သည်များကိုသာ လုံခြုံစွာ သယ်ဆောင်ခဲ့သည်။

ဘိုးဘွားနှစ်ဦး ချန်ထားရစ်ခဲ့သော ငွေကြေး၊ ရွှေငွေရတနာများကြောင့် ချန်ချင်းယွီ၏ လူနေမှုဘဝမှာ အတော်ပင် ပြေလည်ချမ်းသာနေခဲ့၏။ ဤမျှနှစ်ပေါင်းများစွာ ကြာမြင့်လာသောအခါ အဘွားကြီးကျောက်သည်လည်း တစ်စုံတစ်ခုကို ရိပ်မိလာခဲ့ပြီ ဖြစ်သည်။ အကြောင်းမူကား ပုံမှန်ရရှိသော လစာငွေမျှဖြင့် ဤမျှကြာအောင် ကောင်းမွန်သော လူနေမှုဘဝကို ထိန်းသိမ်းထားနိုင်ရန် မဖြစ်နိုင်သောကြောင့် ဖြစ်၏။ ငလျင်လှုပ်သည့်နှစ်တွင် ချန်ချင်းယွီ အိမ်ပြင်သို့ ဇွတ်အတင်း ထွက်သွားချင်နေခဲ့သည်ကို အဘွားကြီးကျောက် မှတ်မိနေသေး၏။ ထိုစဉ်က ချန်ချင်းယွီသည် အိမ်ဟောင်းသို့ သွားရောက်ကြည့်ရှုလိုခြင်းဖြစ်ကြောင်း ပြောခဲ့သည်။ ထိုအချိန်က အဘွားကြီးကျောက် အများကြီး မတွေးမိခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်စဉ်းစားကြည့်သည့်အခါ သံသယဝင်လာမိ၏။

“ကောင်းကောင်းမွန်မွန် ရှိနေတာကို... သူက ဘာလို့ ပြိုပျက်နေတဲ့ အိမ်ဟောင်းဆီ သွားရတာလဲ”

သို့သော်လည်း နောက်ပိုင်းတွင် အဘွားကြီးကျောက်သည် စပ်စုမေးမြန်းခြင်း မပြုခဲ့ပေ။

ဤမျှနှစ်ပေါင်းများစွာ ကြာခဲ့သော်လည်း ချန်ချင်းယွီ၏ စရိုက်မှာ မပြောင်းလဲခဲ့ပေ။ သူမသည် လူကို အမှန်တကယ် ကိုယ်ထိလက်ရောက်ရိုက်နှက်တတ်သူ ဖြစ်သည်။ ထို့ကြောင့် အဘွားကြီးကျောက်သည် မိမိကိုယ်မိမိ ပြဿနာရှာမည့်အလုပ်ကို မလုပ်တော့ပေ။ မည်သို့ပင်ဆိုစေ... သူမကိုယ်တိုင်လည်း အကျိုးအမြတ်အချို့ ခံစားနေရသည် မဟုတ်ပါလော့~~

အကျိုးကျေးဇူး ခံစားနေရသဖြင့် နှုတ်ပိတ်နေခြင်းသည် အကောင်းဆုံး ဖြစ်၏။

အဘွားကြီးကျောက်သည် အခြေအနေကို နားလည်တတ်ပြီး အတ္တကြီးသော လူစားမျိုး ဖြစ်သည်။ မိမိဘဝကို အဆင်ပြေအောင် နေထိုင်နိုင်လျှင်ပင် ကျန်သည့်ကိစ္စများကို တွေးတောပူပန်မနေတော့ပေ။

ချန်ချင်းယွီသည် အဘွားကြီးကျောက်နှင့် အမိုးတစ်ခုတည်းအောက်တွင် အတူတကွ နေထိုင်ရသူ ဖြစ်သဖြင့် ၎င်းအဘွားကြီး ဘာတွေးနေသည်ကို ရိပ်မိသော်လည်း မိမိဘက်မှ စတင်၍ မည်သည့်အရာကိုမျှ ဖွင့်ဟပြောဆိုခြင်း မရှိခဲ့ပေ။ တိုက်ဆိုင်လေစွ... သူမသည်လည်း အဘွားကြီးကျောက်နှင့် အတွေးချင်း တူညီနေသည်။

‘ရှင်လည်း အကျိုးအမြတ် ရနေတာပဲ... ငြိမ်ငြိမ်လေး နှုတ်ပိတ်နေစမ်း။ တကယ်လို့ ရှင်သာ စပ်စုပြီး လာမေးရင်တော့ ကျွန်မက အားနာနေမှာ မဟုတ်ဘူး’

နှစ်ဦးနှစ်ဖက်စလုံး၏ နားလည်မှုရှိသော နှုတ်ဆိတ်ခြင်းအောက်တွင် မည်သူမျှ စကားပိုမပြောကြပေ။

ယခုအခါတွင်မူ... တစ်စုံတစ်ယောက် ထုတ်ဖော်ပြောဆိုလာခဲ့လျှင်ပင် ချန်ချင်းယွီသည် မည်သည်ကိုမျှ ကြောက်ရွံ့နေတော့မည် မဟုတ်ပေ။ ခေတ်စနစ်နှင့် မူဝါဒများက ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။

၎င်းတို့၏ ဝင်းကြီးအတွင်း၌ ကလေးအသစ်များ တိုးပွားလာခြင်းမှတစ်ပါး အခြားသော ပြောင်းလဲမှု မရှိသလောက်ပင် ဖြစ်သော်လည်း ပြင်ပလောကတွင်မူ ပြောင်းလဲမှုများစွာ ရှိနေပြီ ဖြစ်သည်။ ပညာတတ်လူငယ်များ မြို့ပြသို့ ပြန်လာကြသည်မှာ ပိုမိုများပြားလာသဖြင့် နေရာတိုင်းတွင် စည်ကားသိုက်မြိုက်လာသည်ဟု ခံစားရ၏။ ၎င်းတို့၏ စက်ရုံတွင်လည်း ယာယီအလုပ်သမားအချို့ကို လက်ခံခဲ့သော်လည်း လိုအပ်ချက်ကို ပြည့်မီအောင် မဖြည့်ဆည်းနိုင်သေးပေ။

ပညာတတ်လူငယ်များ မြို့ပြန်လာသည့် ကိစ္စနှင့် ပတ်သက်၍ ချန်ချင်းယွီ မျှော်လင့်မထားသည့်အချက်မှာ ယွမ်ရှောင်ချွေတစ်ယောက် ပြန်မလာသေးခြင်းပင်။

ဤနှစ်များအတွင်း အချင်းချင်း စာပေးစာယူ ရှိခဲ့ကြရာ ယွမ်ရှောင်ချွေ၏ စာထဲတွင် သူမ ပြန်လာရန် ရည်ရွယ်ချက် ရှိသော်လည်း လောလောဆယ်တွင် အလျင်မလိုသေးကြောင်း ရေးသားခဲ့၏။ သေချာစွာ ပြင်ဆင်ပြီးမှသာ ပြန်လာမည် ဖြစ်ကြောင်း၊ အကြောင်းမူကား ပြန်ရောက်လျှင် ကျောက်ရုံတို့နှင့် ထိပ်တိုက်ရင်ဆိုင်ရမည် ဖြစ်သောကြောင့် ဖြစ်သည်။ ပညာတတ်လူငယ်များ မြို့ပြန်လာရာတွင် မူလနေရပ်သို့သာ ပြန်ကြရစမြဲ ဖြစ်ပြီး သူမ မသွားခင်က အိမ်ထောင်စုစာရင်းမှာ ဤနေရာ၌ပင် ရှိသဖြင့် ပြန်လာလျှင် ဤနေရာသို့ပင် ပြန်ရမည် ဖြစ်၏။ ယွမ်ရှောင်ချွေသည် မသွားခင်က ယွမ်ဟောက်မင်နှင့် ကျောက်ရုံတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့သဖြင့် ပြန်လာလျှင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဆင်နွှဲရမည်မှာ သေချာလှသည်။ ထို့ကြောင့် ယွမ်ရှောင်ချွေသည် အဘက်ဘက်မှ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပြီးမှသာ ပြန်လာရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။

ချန်ချင်းယွီသည် ထိုမိန်းကလေး မည်သို့ ပြင်ဆင်နေသည်ကို အတိအကျမသိသော်လည်း လူတစ်ယောက်တွင် ကြိုတင်ကြံစည်တွေးဆမှု ရှိခြင်းက ကောင်းမွန်သောအချက်ပင် ဖြစ်သည်။

ယွမ်ရှောင်ချွေနှင့် သူမ၏ ရက်စက်သော ဖခင်၊ မိထွေးတို့အကြားတွင်မူ ဖြေဖျောက်၍မရနိုင်သော ရန်ငြိုးရန်စများ ရှိနေကြပြီ ဖြစ်၏။

ဤနှစ်များအတွင်း ကျောက်ရုံသည် အမြီးဝှက်၍ ငြိမ်ငြိမ်ကုပ်ကုပ် နေထိုင်ခဲ့သော်လည်း သူမသည် သဘောကောင်းသူတစ်ဦး မဟုတ်သည်မှာ အမှန်ပင်…

ပညာတတ်လူငယ်များ မြို့ပြသို့ ပြန်လာသည့် လှိုင်းလုံးကြီးထဲတွင် ရှီရှောင်ဝေသည်လည်း ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ယွမ်ရှောင်ချွေမှာ ပြန်လာရန် အလျင်မလိုသေးသော်လည်း ချန်ချင်းယွီ၏ မိထွေးပါသမီး ဖြစ်သော အစ်မကြီး ယွီမေကျွမ်းမှာမူ ပြန်လည်ရောက်ရှိလာခဲ့လေပြီ~~ ကြားသိရသရွေ့မူ ချန်မိသားစုအိမ်တွင်း၌ နေ့စဉ်ရက်ဆက် သွေးချောင်းစီးမတတ် ရန်ပွဲကြီးများ ဆင်နွှဲနေကြသည်ဟု ဆို၏။ ဤသည်မှာ အနည်းငယ်မျှ ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။ ယွမ်မေကျွမ်းနှင့် ဒုတိယမြောက်မောင်လေးမှာ တစ်ဖက်၊ အိမ်ရှိ ကျန်ရှိသောသူများမှာ တစ်ဖက် ဖြစ်ကာ အုပ်စုဖွဲ့၍ တိုက်ပွဲဝင်နေကြခြင်း ဖြစ်သည်။

ချန်အိမ်မှ သားကြီးမှာမူ အိမ်ထောင်ကျသွားခဲ့လေပြီ… သို့သော် သူ လက်ထပ်လိုက်ရသည့် မိန်းကလေးမှာ ထိုစဉ်က သူ အသည်းအသန် လိုက်ကပ်ခဲ့သော မိန်းကလေးမဟုတ်ပေ။ ထိုမိန်းကလေးသည် ဂုဏ်ပစ္စည်း အခြေအနေကိုသာ ကြည့်သူဖြစ်သဖြင့် သားကြီးမှာ လက်လွှတ်ခဲ့ရသည်။

သူ လက်ထပ်လိုက်ရသူမှာ တိုက်တိုက်ဆိုင်ဆိုင်ပင် ချန်ချင်းယွီနှင့် ရင်းနှီးပြီးသားသူ ဖြစ်နေ၏။ ထိုစဉ်က ဘတ်စကားပေါ်တွင် ချန်သားကြီးဘက်မှနေ၍ အဓိပ္ပာယ်မရှိ အကာအကွယ်ပေးခဲ့ပြီး သူ၏ အချစ်ဇာတ်လမ်းကို ကြည့်ကာ မျက်ရည်လည်ရွဲ ဆို့ခဲ့ဖူးသည့် မိန်းကလေးပင် ဖြစ်သည်။ သူမသည် ချန်သားကြီးနောက်သို့ တကောက်ကောက် လိုက်လံပိုးပန်းခဲ့ပြီးနောက် နောက်ဆုံးတွင်မူ ဇနီးအရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။

အမှန်တွင် ထိုမိန်းကလေးသည်လည်း အိမ်တွင် ဆူပူသောင်းကျန်းပြီးမှ မိဘထံမှ အလုပ်အကိုင် ရာထူးကို ဆက်ခံခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

ချန်မိသားစု၏ သားကြီးတစ်ယောက် “အချစ်စစ်ကြောင့် စိတ်လှုပ်ရှားသွားရသည်” ဆိုခြင်းမှာ ထိုမိန်းကလေး အတင်းအဓမ္မ ဝန်းရံပိုးပန်းလွန်း၍ အမှန်တကယ်ပင် စိတ်လှုပ်ရှားသွားရခြင်းလော၊ သို့မဟုတ် ထိုမိန်းကလေးတွင် အလုပ်အကိုင် ရှိသွားသောကြောင့်လော ဆိုသည်မှာမူ ဝေခွဲရန် ခက်လှပေ၏။

“ဘယ်လိုပဲဖြစ်ဖြစ်... သူတို့နှစ်ယောက် ညားသွားကြတာကတော့ အမှန်ပဲပေါ့”

ထိုစဉ်က ချန်ရိကျွင်း၏ လျှို့ဝှက်ငွေထုပ်လေးကို ချန်ချင်းယွီ အမြစ်ပြတ် သိမ်းကျုံးယူသွားခဲ့သဖြင့် ချန်မိသားစု၏ စီးပွားရေးမှာ အတော်ပင် ကျပ်တည်းသွားခဲ့ရသည်။ သားကြီး၏ ကြားဖောက်ကုန်းတိုက်မှုများကြောင့် ချန်ရိကျွင်းလင်မယားသည် တောရွာသို့ ရောက်နေသည့် ဒုတိယသားကို လုံးဝ ပစ်ပယ်ထားလိုက်ကြတော့၏။ ယွီမေကျွမ်းကိုမူ... သူတို့သည် အစကတည်းကပင် အဖတ်မလုပ်ဘဲ စွန့်ပစ်ထားခဲ့ကြပြီးသား ဖြစ်သည်။

ယခုတွင် မြို့ပြသို့ ပြန်လည်ရောက်ရှိလာကြသည့်အခါ ထိုမောင်နှမနှစ်ဦးစလုံး တောရွာ၌ အိမ်ထောင်ရက်သား မကျခဲ့ကြချေ။ ဝေရှု့ဖန်းသည် ယွီမေကျွမ်းကို အမြန်ယောင်္ကျားပေးစား၍ တင်တောင်းငွေ ဖြတ်စားရန် ကြံစည်နေဆဲပင်။ သို့သော် ကျေးလက်တွင် နှစ်ပေါင်းများစွာ ဒုက္ခဆင်းရဲ ခံခဲ့ရသည့် ယွီမေကျွမ်းသည် မိခင်အရင်းဖြစ်သူကိုပင် မယုံကြည်တော့ပေ။

မိခင်ဖြစ်သူ သူမကို အတင်းအဓမ္မ အိမ်ထောင်ချပေးရန် ကြံစည်နေသောကြောင့် ယွီမေကျွမ်းသည် အမျိုးသမီးရေးရာသမဂ္ဂသို့ သွားရောက်တိုင်ကြားခဲ့ရာ ဝေရှု့ဖန်းမှာ ပြင်းပြင်းထန်ထန် သတိပေး ဆုံးမခြင်း ခံခဲ့ရသကဲ့သို့ ချန်ရိကျွင်းပင်လျှင် စက်ရုံမှ ပြစ်တင်ဝေဖန်ခြင်း ခံခဲ့ရသည်။

ထိုအချိန်ကျမှသာ ၎င်းတို့ဇနီးမောင်နှံသည် ယွီမေကျွမ်းတို့ မောင်နှမနှစ်ယောက်မှာလည်း အကြောတင်းပြီး လွယ်ကူသည့် လူစားများ မဟုတ်ကြမှန်း သိရှိသွားကြတော့၏။

“အစွန့်ပစ်ခံ နှစ်ယောက်အုပ်စု” နှင့် “မြို့ကျန် လေးယောက်အုပ်စု” တိုက်ပွဲမှာ နေ့စဉ်ရက်ဆက် ပြင်းထန်လှပေသည်။

အတန်ကြာသည်အထိ ချန်ရိကျွင်းလင်မယားသည် ဒုတိယသားနှင့် ယွီမေကျွမ်းတို့ကို မည်သို့မျှ နိုင်အောင်မတိုက်နိုင် ဖြစ်နေကြရ၏။

ချန်ချင်းယွီသည် ချန်မိသားစုကိစ္စကို အထူးတလည် စိတ်မဝင်စားသော်လည်း ယွီမေကျွမ်းတို့ မောင်နှမ မြို့သို့ ပြန်ရောက်စက သူမထံ လာရောက်နှုတ်ဆက်ခဲ့ကြသဖြင့် အနည်းငယ် စကားစမြည် ပြောဖြစ်ခဲ့ကြသည်။ ချန်ချင်းယွီသည် မူလကတည်းကပင် ချန်မိသားစုနှင့် အဆက်အသွယ်ဖြတ်ထားသူ ဖြစ်ရာ မိထွေးပါသမီး ယွီမေကျွမ်းနှင့် ဖြစ်စေ၊ အဖေတူအမေကွဲ မောင်ဖြစ်သူ ချန်ဒုတိယနှင့် ဖြစ်စေ ပြောစရာစကား သိပ်မရှိလှပေ။

အမှန်တွင် ၎င်းတို့သည်လည်း ထို့အတူပင် ဖြစ်ကြသဖြင့် တစ်ဦးနှင့်တစ်ဦး ဝတ္တရားအရ နှုတ်ဆက်စကား အနည်းငယ် ပြောကြားပြီးနောက် လမ်းခွဲခဲ့ကြသည်။

ဤနှစ်များအတွင်း ၎င်းတို့သည် ချန်ချင်းယွီနှင့် တစ်စုံတစ်ရာသော နားလည်မှု ရရှိခဲ့ကြ၏။

၎င်းတို့သာမက ယွမ်ရှောင်ချွေသည်လည်း ချန်ချင်းယွီနှင့် လျှို့ဝှက်နားလည်မှုတစ်ခု ရှိခဲ့သည်။

ချန်ချင်းယွီသည် မိမိ၏ ငွေကြေးနှင့် လက်မှတ်အချို့ကို အသုံးပြု၍ တောရွာမှ ထွက်ကုန် အစားအစာများနှင့် လဲလှယ်လေ့ရှိရာ နှစ်ဦးနှစ်ဖက်စလုံး အဆင်ပြေ ဝမ်းမြောက်ကြရ၏။

ယခုလည်း ယွီမေကျွမ်းတို့ မြို့ပြန်လာစဉ် အိတ်အမြောက်အမြား သယ်ဆောင်လာခဲ့ရာ ၎င်းတို့အနက် တောတောင်ထွက် စားသောက်ဖွယ်ရာ အိတ်ကြီးနှစ်အိတ်ကို ချန်ချင်းယွီအား ပေးခဲ့သည်။ ချန်ချင်းယွီသည်လည်း တန်ရာတန်ကြေး ငွေနှင့် လက်မှတ်များကို ပေးအပ်ခဲ့ရာ မြို့သို့ အသစ်ပြန်လည် ရောက်ရှိလာသည့် ၎င်းတို့မောင်နှမအတွက် အလွန်ပင် အသုံးတည့်လှ၏။

ချန်ချင်းယွီ၏ ခံယူချက်မှာ “ငါလည်း နင့်ဆီက အလကားမယူဘူး၊ နင်လည်း ငါ့ဆီက အလကားမရစေရဘူး။ အပြန်အလှန် ပေးကမ်းရုံနဲ့တင် နှစ်ဦးစလုံး စိတ်ချမ်းသာဖို့ ကောင်းတယ်” ဟူ၍ပင်…

ယွီမေကျွမ်းနှင့် ဆက်ဆံရေး အနည်းငယ် ရှိနေသောကြောင့် ချန်မိသားစုအတွင်း နေ့စဉ်ရက်ဆက် ဆူပူသောင်းကျန်းနေသည်ကို သူမ သိရှိနေခြင်း ဖြစ်သည်။

ဘယ်သူက ဒုက္ခခံပြီး ငြိမ်ခံနေမှာလဲ...

အချုပ်ဆိုရသော် ချန်မိသားစုအိမ်ကြီးသည် ဇာတ်ခုံကြီးတစ်ခုကဲ့သို့ အမြဲ သောသောညံနေတော့၏။

ချန်ချင်းယွီသည် ချန်ရိကျွင်းကဲ့သို့ ရက်စက်ယုတ်မာပြီး အသည်းနှလုံးမရှိသော လူစားမျိုးကို အပြတ်အသတ် မနှိမ်နင်းနိုင်သေးသော်လည်း၊ မည်သို့ပင်ဆိုစေ သွေးသားတော်စပ်သည့် အဖေအရင်း ဖြစ်နေသေးသဖြင့် စောင့်ကြည့်နေရဆဲပင်။ သို့သော် အခွင့်အရေးရလျှင်မူ သူမသည် အနာဆားပက်ရန် ဝန်မလေးသကဲ့သို့ ၎င်းတို့ ပျက်စီးဆိုးဝါးသွားသည်ကို ကြည့်ရသည်မှာလည်း အလွန် အရသာရှိလှပေသည်။

ဤနှစ်များအတွင်း ချန်ရိကျွင်းသည် ချန်ချင်းယွီထံ အကြိမ်အနည်းငယ် လာရောက်ခဲ့သေး၏။ သူသည် ချန်ချင်းယွီထံမှ အကျိုးအမြတ်တစ်ခုခု နှိုက်ယူရန် ကြံစည်နေဆဲ ဖြစ်သည်။

သို့သော်လည်း လာသမျှအကြိမ်တိုင်း၌ သူသည် ကံဆိုးမိုးမှောင်ကျကာ ဆေးရုံတက်၍ ငွေကုန်ကြေးကျ များရုံသာ အဖတ်တင်ခဲ့သဖြင့် ယခုအခါ ချန်ရိကျွင်းနှင့် ဝေရှု့ဖန်းတို့သည် သူမ၏ အိမ်တံခါးဝသို့ပင် မလာရဲကြတော့ပေ။ ဝေးဝေးမှ ချန်ချင်းယွီကို မြင်လျှင်ပင် လမ်းဘေးသို့ ရှောင်ကွင်းသွားကြတော့၏။

“ဒီလူနှစ်ယောက်က သူတို့ကံဆိုးတာကို လောကဓာတ်ပညာကြောင့်လို့ ထင်နေတာလား၊ ဒါမှမဟုတ် ငါက ကွယ်ရာကနေ နှက်နေမှန်း သိသွားကြတာလားတော့ မသိဘူး”

မည်သို့ပင်ဖြစ်စေ... ၎င်းတို့ အကြိမ်အနည်းငယ် ကံဆိုးပြီးနောက်ပိုင်းတွင် ချန်ချင်းယွီ၏ ရှေ့မှောက်သို့ ပေါ်မလာကြတော့သဖြင့် ချန်ချင်းယွီလည်း စိတ်အေးလက်အေး ရှိသွားရသည်။

ဤနှစ်များအတွင်း ၎င်းအခြေအနေများ သိပ်မပြောင်းလဲသော်လည်း စက်ရုံအတွင်း၌မူ အပြောင်းအလဲအချို့ ရှိခဲ့၏။

အတွင်းရေးမှူးကျန်း ရာထူးမှ အနားယူသွားခဲ့ရသည်။ သို့သော် သူကိုယ်တိုင် အလိုအလျောက် အနားယူခြင်းမျိုး မဟုတ်ပေ။ ပုံမှန်အားဖြင့် ဆိုပါက သူ၏ အသက်အရွယ်အရ ၁၉၇၇ ခုနှစ်ကုန်ပိုင်းတွင်မှ အငြိမ်းစားယူရမည် ဖြစ်၏။ သို့သော် လောကကြီး၏ ဟာသတစ်ခုကဲ့သို့ပင် ၁၉၇၆ ခုနှစ်၌ မူဝါဒများ ပြောင်းလဲသွားခဲ့ရာ အငြိမ်းစားယူရန် တစ်နှစ်ခန့်သာ လိုတော့သည့်အချိန်တွင် သူသည် အတင်းအဓမ္မ “အနားယူခိုင်းခြင်း” ကို ခံလိုက်ရသည်။

အနားယူသည်ဟု ဆိုသော်လည်း အမှန်စင်စစ်မူ သူ့အတွက် မျက်နှာပန်းလှအောင် သုံးနှုန်းလိုက်ခြင်းသာ ဖြစ်ပြီး ရာထူးမှ ထုတ်ပယ်လိုက်ခြင်း (အလုပ်ဖြုတ်လိုက်ခြင်း) ပင် ဖြစ်၏။

ဤသည်မှာပင် လူအများအပြား ကြားထဲမှ ဝိုင်းဝန်းညှိနှိုင်းပေးခဲ့၍ ရလဒ်ကောင်း ထွက်လာခြင်း ဖြစ်သည်။

မဟုတ်ပါက သူသည် ထောင်ထဲသို့ပင် ရောက်သွားနိုင်ချေ ရှိ၏။

ကြားသိရသရွေ့မူ သူ၏ နောက်ကြောင်းတွင် မစင်ကြယ်သော ကိစ္စရပ်များစွာ ရှိနေခဲ့သည်။ သို့သော် ထိုသူသည် စက်ရုံအတွက် အလုပ်အကျွေးပြုခဲ့သူ ဖြစ်သကဲ့သို့ ကောင်းကင်ပြိုမတတ် ယုတ်မာကောက်ကျစ်သော အမှုကြီးများကိုမူ ကျူးလွန်ခဲ့ခြင်း မရှိပေ။ သူ၏ အဓိက ပြဿနာမှာ အချက်နှစ်ချက်ရှိရာ ပထမအချက်မှာ ရာထူးအာဏာကို အလွဲသုံးစားလုပ်၍ ကိုယ်ကျိုးရှာခြင်း ဖြစ်သည်။ ၎င်းကိုလည်း အလွန်အကျွံ မလုပ်ခဲ့သကဲ့သို့ ထိုစဉ် ကာလမှာ ရှုပ်ထွေးလှသဖြင့် လူတိုင်းနီးပါး မစင်ကြယ်ကြရာ သူသည်လည်း ထိုအထဲမှ တစ်ယောက်မျှသာ ဖြစ်၏။ ဒုတိယအချက်မှာမူ အကျင့်စာရိတ္တပိုင်းဆိုင်ရာ ပြဿနာ ဖြစ်သည်။ သူ၏ ဖောက်ပြန်မှုများမှာမူ အလွန် ထင်ရှားလှပေ၏။

ထို့ကြောင့်ပင် သူသည် ရာထူးမှ အတင်းအဓမ္မ ဖယ်ရှားခြင်း ခံခဲ့ရသည်။

သူသည် မိမိအတွက် နောက်ဆုတ်လမ်း ချန်ထားခဲ့လိုသဖြင့် မိမိ၏ လက်သပ်မွေး တပည့်ရင်းဖြစ်သူ ဒုတိယစက်ရုံမှူး ဟယ်ကို ရာထူးတက်ရန် အစွမ်းကုန် မြှောက်ပင့်ပေးခဲ့၏။ သို့သော် ဒုတိယစက်ရုံမှူး ဟယ်သည်လည်း မအောင်မြင်ခဲ့ဘဲ သူ၏ နောက်ကြောင်းရာဇဝင်များပါ အခွံနွှာ၍ အဖော်ခံလိုက်ရသည်။ သူသည် အတွင်းရေးမှူးကျန်းလောက် ပြဿနာမများသကဲ့သို့ မာနကြီးသော်လည်း ပိုမိုပါးနပ်သူ ဖြစ်သဖြင့် ကိုယ်ကျိုးရှာသည့် ကိစ္စများကို ဘယ်သောအခါမျှ မလုပ်ခဲ့ပေ။ သူ၏ ပြဿနာမှာလည်း အကျင့်စာရိတ္တပိုင်းဆိုင်ရာ ဖောက်ပြန်မှုသာ ဖြစ်၏။

သို့သော်လည်း သူ့ကို အငြိုးအတေးဖြင့် လာရောက်တိုင်ကြားမည့်သူ မရှိကာ၊ အတွင်းရေးမှူးကျန်းကြောင့် အနည်းငယ် ရိုက်ခတ်မှု ရှိခဲ့သော်လည်း ကြီးကြီးမားမား ထိခိုက်ခြင်း မရှိ၍ ဒုတိယစက်ရုံမှူးအဖြစ် ဆက်လက် တည်ရှိနေခဲ့သည်။ သို့သော် ရာထူးတက်ရန်မူ ဘယ်လိုမှ မဖြစ်နိုင်တော့ပေ။ စက်ရုံသို့ အထက်မှ စက်ရုံမှူးအသစ်တစ်ဦး အမိန့်ဖြင့် စေလွှတ်လိုက်ပြီ ဖြစ်၏။

ဤကိစ္စရပ်များကို အဘွားကြီးကျောက် စက်ရုံမှ ကြားသိလာရသဖြင့် အိမ်ပြန်ရောက်လျှင် တတွတ်တွတ်နှင့် လာရောက်ပြောပြခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ဤအရာများသည် ချန်ချင်းယွီတို့ မိသားစုနှင့် မည်သို့မျှ မသက်ဆိုင်ပေ။

သက်ဆိုင်သည်ဟု ဆိုလျှင်လည်း ကျောက်ရုံတို့ မိသားစုနှင့်သာ သက်ဆိုင်ပေလိမ့်မည်။

ကျောက်ရုံ ချွေးမ ဖြစ်သူ ကွမ်ထင်းထင်း၏ ခဲအိုတော်စပ်သူ (အစ်မ၏ ခင်ပွန်း) မှာ တော်လှန်ရေးကော်မတီ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်ပြီး၊ ယခုအကြိမ်တွင် ဥက္ကဋ္ဌနှင့်အတူ လက်တွဲ၍ ထောင်ထဲသို့ ဝင်သွားခဲ့ရလေပြီ… အမှန်၌ ဤနေရာတွင် အလုပ်လုပ်သူတိုင်း ထောင်ကျသည် မဟုတ်ဘဲ အများစုမှာ ပုံမှန်အလုပ်လုပ်ကြသူများ ဖြစ်ကြသဖြင့် ကော်မတီ ဖျက်သိမ်းလိုက်သည့်အခါ အခြားနေရာများသို့ ရာထူးအပြောင်းအလဲ လုပ်ကြရုံသာ ဖြစ်သည်။

သို့သော်လည်း ဥက္ကဋ္ဌ လီနှင့် ၎င်းဒုတိယဥက္ကဋ္ဌတို့မှာမူ နောက်ကွယ်၌ မကောင်းမှု အမှုတွဲပေါင်းများစွာ ရှိနေခဲ့ကြ၏။

ကြားသိရသရွေ့မူ ၎င်းတို့သည် သူတစ်ပါးကို မဟုတ်မတရား စွပ်စွဲ၍ ပစ္စည်းဥစ္စာများကို သိမ်းပိုက်ခဲ့ကြသည်ဟု ဆိုသည်။

၎င်းတို့သည် သိမ်းဆည်းရမိသော ပစ္စည်းများကို ကိုယ်ကျိုးအတွက် လျှို့ဝှက်ဝှက်သိမ်းထားခဲ့ကြသည်ဟု ဆို၏။

၎င်းတို့သည် အပျော်မယားများစွာ ထားခဲ့ကြသည်ဟုလည်း ဆိုသည်။

ကြီးမားလှသော အမှုကိစ္စများစွာနှင့် ယှဉ်လိုက်လျှင် ဤအကျင့်စာရိတ္တ ပျက်ပြားမှုမှာ အသေးအဖွဲမျှသာ ဖြစ်သွားတော့သည်။

အချုပ်ဆိုရသော် ၎င်းတို့ကို ဖမ်းဆီးသည့်အခါ ၎င်းတို့ ဝှက်ထားသော ဂိုဒေါင်အတွင်းမှ မတရားသော နည်းလမ်းဖြင့် ရယူထားသည့် သေတ္တာပေါင်း ရာချီ၍ သယ်ထုတ်ခဲ့ကြရ၏။ ဤမကောင်းမှုများကြောင့် အချို့သော မိသားစုများမှာ အိမ်ထောင်ရေးပျက်ပြားကာ ဘဝပျက်ခဲ့ကြရသည်။

ဤသည်မှာ လွန်ခဲ့သော နှစ်အနည်းငယ်က အဖြစ်အပျက်များ ဖြစ်ပြီး ယခုအခါတွင်မူ ၎င်းတို့သည် ငရဲပြည်၌ လူပြန်ဝင်စားနေကြပြီ ဖြစ်လိမ့်မည်။

သို့သော်လည်း ၎င်းတို့၏ နှိပ်စက်မှုကို ခံခဲ့ရသူများမှာမူ ဘယ်သောအခါမျှ ပြန်လည်အသက်ရှင်မလာနိုင်တော့ပေ။

ပြောရလျှင် ၎င်းတို့ ရာထူးမှ ပြုတ်ကျသွားခြင်းကြောင့်ပင် အတွင်းရေးမှူးကျန်းပါ ရိုက်ခတ်မှု ရှိခဲ့ခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ထိုဥက္ကဋ္ဌ လီဆိုသူမှာ အတွင်းရေးမှူးကျန်း၏ တူအရင်း ဖြစ်နေသောကြောင့်တည်း။ အတွင်းရေးမှူးကျန်းမှတစ်ဆင့် ဒုတိယစက်ရုံမှူး ဟယ်ပါ ဆက်စပ်သွားခဲ့ခြင်း ဖြစ်၏။

ချန်ချင်းယွီသည် မူလက ၎င်းတို့အားလုံးမှာ တစ်အိုးတည်းသောက် တစ်လှေတည်းစီးများ ဖြစ်ကြသဖြင့် အမှုကြီးလိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း၊ နောက်ပိုင်းတွင် အရေးယူ ဆောင်ရွက်ပုံများကို ကြည့်ရသလောက် အတွင်းရေးမှူးကျန်းနှင့် ဒုတိယစက်ရုံမှူး ဟယ်တို့မှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်မှု မရှိသည်ကို တွေ့ရသဖြင့် အတော်ပင် အံ့အားသင့်မိရသည်။

“တကယ်ကို မြေခွေးအိုကြီးတွေပဲ”

ချန်ချင်းယွီတို့သည် ၎င်းလူကုံထံများနှင့် မည်သို့မျှ ပတ်သက်မှု မရှိသော်လည်း၊ ယွမ်ဟောက်မင်နှင့် ကျောက်ရုံတို့၏ ဘဝမှာမူ ပိုမိုကျပ်တည်း ဆိုးဝါးလာခဲ့၏။ ၎င်းဒုတိယဥက္ကဋ္ဌမှာ ကွမ်ထင်းထင်း၏ ခဲအိုဖြစ်သဖြင့်၊ သူမသည် ထိုအရှိန်အဝါကို အမှီပြု၍ ကျားသေကို အသက်သွင်းကာ အခွင့်အရေးနှင့် အကျိုးအမြတ်များစွာကို သိမ်းပိုက်ခဲ့ဖူးသည်။

ထို့ပြင် ခဲအိုဖြစ်သူ၏ ရာထူးအာဏာကြောင့် လင်ပါအိမ်တွင် ဩဇာအာဏာ ကြီးမားကာ စကားတစ်ခွန်းဆို တစ်ခွန်း ဖြစ်ခဲ့သော်လည်း ယခုအခါတွင်မူ...

အချုပ်ဆိုရသော် ၎င်းတို့မိသားစု၏ ကွမ်ထင်းထင်းအပေါ် ထားရှိသော သဘောထားမှာ ယခင်ကဲ့သို့ မဟုတ်တော့ဘဲ ပြောင်းလဲသွားခဲ့လေပြီ~~ သုံးရက်တစ်ခါ ငါးရက်တစ်ခါ ဆိုသလို ၎င်းတို့အိမ်မှ ရန်ဖြစ်ဆူပူသံများကို ကြားနေရတတ်သည်။ လူတိုင်း အပျော်သဘောဖြင့် စောင့်ကြည့်နေကြသော်လည်း လီလင်းလင်း တစ်ယောက်သာလျှင် ရံဖန်ရံခါ အလယ်ဝင်းဘက်သို့ ငေးမောကြည့်ရှုရင်း စိတ်မကောင်းစွာဖြင့် သက်ပြင်းချနေတတ်၏။

ချန်ချင်းယွီအနေဖြင့်မူ လုံးဝ နားမလည်နိုင်ပေ။ ယခင်ကလည်း လီလင်းလင်းသည် ယွမ်ဟောက်ဖုန်းကို ဤမျှလောက် နှစ်သက်မြတ်နိုးခဲ့သည်ဟု မထင်ခဲ့မိပေ။

သူမ အစဦးဆုံး သဘောကျခဲ့သည်မှာ ရှီရှောင်ဝေ မဟုတ်လော့…

နောက်ပိုင်းတွင် ယွမ်ဟောက်ဖုန်းကို သဘောကျခဲ့သည့်တိုင်အောင်လည်း မည်သည့်အခါမျှ အလိုအလျောက် စတင်တုံ့ပြန်ခြင်း မရှိခဲ့ရာ၊ ယခုအခါ သူမ မည်သူ့ကို ပြလို၍ ဤကဲ့သို့သော အမူအရာမျိုး လုပ်နေသည်ကို မသိတော့ပေ။

ချန်ချင်းယွီသည် ၎င်းတို့မိသားစု၏ အတွေးအခေါ် လမ်းကြောင်းကို အမှန်တကယ်ပင် နားမလည်နိုင် ဖြစ်နေ၏။

တကယ်ကို ဆန်းကြယ်လှသော လူများပင် ဖြစ်သည်။

“မရနိုင်မှန်း သိလို့ ဇွတ်အတင်း တောင်းတနေမိတဲ့ စွဲလမ်းမှုမျိုး ဖြစ်သွားတာတော့ မဟုတ်ပါဘူးနော်”

တွေး၍မရနိုင်တော့ပေ~~

ငါးနှစ်တာ ကာလအတွင်း ပြောင်းလဲမှုများမှာ ကြီးမားလှပေသည်။ မူဝါဒများ ပြောင်းလဲသွားခဲ့သကဲ့သို့ ပြင်ပပတ်ဝန်းကျင်လည်း ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။

သို့သော်လည်း ပြောင်းလဲမှု မရှိသလောက် သေးငယ်သည်ဟု ဆိုလျှင်လည်း ရပေသည်။

အလွန်အမင်း ကြီးမားလှသော ကွာခြားချက်မျိုး ရှိမနေခဲ့သကဲ့သို့ပင်။

ချန်ချင်းယွီသည် အတွေးစကို အမြန်ပြန်ရုပ်သိမ်းလိုက်၏။ ငါးနှစ်ဟူသော အချိန်သည် တကယ်ကို လျင်မြန်လှပေစွ။

“မေမေ... မေမေ ရေ~”

ရှောင်ကျားသည် အိမ်သာသွားရာမှ အပြေးအလွှား ပြန်ရောက်လာပြီး အိမ်ထဲသို့ပင် မဝင်သေးဘဲ အော်ဟစ်လိုက်သည်။

“မေမေ...~”

ချန်ချင်းယွီ : “နင်ကတော့ အော်ဟစ်နေတာပဲ ... ဘာဖြစ်လို့လဲ”

ရှောင်ကျားသည် အပြေးအလွှား ဝင်လာခဲ့သည်။ အသက်ကြီးပြီဟု ဆိုရသော်လည်း ကိုးနှစ်သားအရွယ် ကလေးငယ်မျှသာ ရှိသေးသည် မဟုတ်လော့။

ရှောင်ကျားက စိတ်လှုပ်ရှားစွာဖြင့်

“မေမေ... သား ခုနက အိမ်သာသွားတုန်း ကြားခဲ့ရတာ၊ ဒီနေ့ ရုပ်ရှင်ရုံမှာ ရုပ်ရှင်ပြမယ်တဲ့… ကျွန်တော်တို့ ရုပ်ရှင်သွားကြည့်ရအောင်လေ”

ချန်ချင်းယွီ အံ့အားသင့်သွားပြီး

“ဒီနေ့ ရုပ်ရှင်ပြတယ် ဟုတ်လား... ဒီနေ့က အလုပ်ပိတ်ရက် မဟုတ်ဘူးလေ”

“မပိတ်ဘူးတဲ့... ရုပ်ရှင်ရုံက ဖွင့်ထားတုန်းပဲလို့ ပြောတယ်”

ရှောင်ကျားသည် မိခင်ဖြစ်သူကို မျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့်ရင်း

“အချိန်က စောပါသေးတယ်... သွားကြည့်ရအောင်လေနော်.. နှစ်သစ်ကူးကြီးမှာ ပျော်ပျော်ရွှင်ရွှင် ဖြစ်သွားတာပေါ့”

ရှောင်ယွမ်သည်လည်း အုတ်ကုတင်ပေါ်မှ ချက်ချင်း ခုန်ဆင်းလာပြီး မိခင်ဖြစ်သူကို မျက်တောင်မခတ် စိုက်ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် ဝိုင်းဝန်းတောင်းဆိုလေသည်။

“မေမေ... သွားရအောင်လေ... သွားရအောင်နော်”

ချန်ချင်းယွီသည် ၎င်းတို့နှစ်ဦး၏ အမူအရာကို ကြည့်ကာ

“ကောင်းပြီလေ... ဒါပေမဲ့ ဘာရုပ်ရှင်ပြမလဲတော့ မသိဘူးနော်”

“ကျွန်တော်လည်း မသိဘူး... ဘာရုပ်ရှင်ပဲဖြစ်ဖြစ် သေချာပေါက် ကြည့်လို့ကောင်းမှာပါ”

“ကဲ ဟုတ်ပါပြီ... အနွေးထည်တွေ လဲဝတ်ကြ... သွားကြစို့”

အဘွားကြီးကျောက်သည် ဤအခြေအနေကို မြင်သောအခါ အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပြီး

“အမလေး... အခုခေတ်က တကယ်ကို နေလို့ကောင်းလာပြီပဲ၊ အရင်တုန်းကဆို နှစ်သစ်ကူးမှာ အိမ်ထဲမှာတင် စကားစမြည်ပြောပြီး ပြီးသွားတာ၊ အခုခေတ် လူနေမှုဘဝကို ကြည့်ပါဦး... ကြည့်ပါဦး... တကယ်ကို ကောင်းလွန်းပါတယ်”

ချန်ချင်းယွီတို့ မိသားစုလေးဦး အပြင်သို့ ထွက်လာကြစဉ် အဒေါ်ကြီးမေ့တစ်ယောက် သူတို့အားလုံး အပြင်ထွက်လာကြပြီး အိမ်တံခါးကိုပင် သော့ခတ်နေသည်ကို မြင်သောအခါ အံ့အားသင့်စွာဖြင့်

“ညမိုးချုပ်ကြီး... နင်တို့အားလုံး ဘယ်လဲလဲ”

ရှောင်ကျား : “အဘွားမေ့ .. ကျွန်တော်တို့ ရုပ်ရှင်သွားကြည့်မလို့ပါ”

ကလေးသဘာဝ အသံကြည်ကြည်လေးဖြင့် ပြန်ပြောလိုက်၏။

အဒေါ်ကြီးမေ့ : “အာ... ရုပ်ရှင်ပြလို့လား”

သူမ နောက်ထပ် ထပ်မမေးရသေးမီမှာပင် သူမ၏ သားကြီးဖြစ်သူ အိမ်ထဲမှ ပြေးထွက်လာပြီး ခေါင်းပြူကာ

“တကယ်ပဲ ရုပ်ရှင်ပြတာလား... သတင်းက သေချာရဲ့လား”

ရှောင်ကျား : “……”

သူ ခေါင်းညိတ်ပြရင်း

“တကယ်ပြတာပါ”

အဒေါ်ကြီးမေ့၏ သားကြီးဖြစ်သူမှာ ရှောင်ထောင်း ဖြစ်ပြီး သူသည် ဤသတင်းကို ကြားသည်နှင့် မျက်လုံးများ တောက်ပသွားကာ “ရှောင်ကွမ်... ရှောင်ကွမ်...” ဟု အော်ခေါ်တော့သည်။

ရှောင်ကွမ်ဆိုသည်မှာ ရှီရှောင်ဝေ၏ ညီဖြစ်သူ ရှီရှောင်ကွမ် ဖြစ်၏။

၎င်းတို့အိမ်မှ ရှောင်ကွမ်သည် မိမိအစ်ကိုဖြစ်သူနှင့် အဆင်မပြေကာ တွေ့လျှင်တွေ့ချင်း ရန်ဖြစ်တတ်သော်လည်း အဒေါ်ကြီးမေ့၏ သားကြီး ရှောင်ထောင်းနှင့်မူ အလွန်ပင် ရင်းနှီးကျွမ်းဝင်လှသည်။

ရှီရှောင်ကွမ် : “အစ်ကိုထောင်း... လာပြီဗျာ... ဘာဖြစ်လို့လဲ”

ရှောင်ထောင်း : “မြန်မြန်လာပြီး ငါ့ကို ဖရုံစေ့လှော်ကူဦး... မြန်မြန်လုပ်... ရုပ်ရှင်ရုံမှာ ရုပ်ရှင်ပြနေပြီ။ ငါတို့ အမြန်သွားရအောင်... ဒီနှစ် လမ်းဘေးဈေးသည် နည်းလိမ့်မယ်”

ရှောင်ကွမ် : “လာပြီဗျို့...”

ချက်ချင်းပင် လှုပ်ရှားသွားကြ၏။

ဤလှုပ်ရှားသံများကို ကြားရသော အပြင်ဝင်းမှ လူအားလုံးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။

ဒီနေ့က နှစ်ဆန်းတစ်ရက်နေ့ကြီးလေ... နင်တို့က ဈေးသွားရောင်းကြဦးမလို့လား~~ ပုံမှန်ရက်တွေမှာ အရှက်မရှိ ဈေးရောင်းတာကို ထားပါဦး... နှစ်သစ်ကူးကြီးမှာတောင် သွားကြဦးမလို့လား~~

သို့သော်လည်း ကာယကံရှင်များမှာ သူတစ်ပါး မည်သို့တွေးသည်ကို အရေးမစိုက်ကြပေ။

အရှက်ကွဲတော့ ဘာဖြစ်လဲ... ဘယ်သူက သူတို့ကို သိမှာမလို့လဲ… သူတို့မှာ ဘာမျက်နှာပန်း လှစရာ ရှိလို့လဲ…

ငွေမရှိဘဲ ဆင်းရဲဒုက္ခရောက်ဖူးမှသာလျှင် ဝမ်းစာပြတ်လပ်ခြင်းသည်သာ အမှန်တကယ် ဆင်းရဲဒုက္ခဖြစ်ကြောင်း သိရှိနိုင်ပေသည်။

သူတို့နှစ်ဦးသည် သူတစ်ပါး မည်သို့ထင်သည်ကို ဂရုမစိုက်ကြပေ။ သူတို့၏ “ဈေးရောင်းအဖွဲ့” တွင် လူသုံးဦး ရှိရာ၊ ရှောင်ထောင်း၊ အလုပ်မရှိသေးသော သူ၏ ညီမလတ်နှင့် အလုပ်မရှိသေးသော ရှီရှောင်ကွမ်တို့ ဖြစ်ကြသည်။ လူသုံးဦးစလုံး အလွန်အမင်း အလုပ်ရှုပ်သွားကြ၏။

“သူတို့တွေ တကယ်ကို ပါးနပ်ကြတာပဲ။ ငယ်ရွယ်သူတွေမို့ တုံ့ပြန်မှုက တကယ်ကို မြန်ဆန်တယ်”

ချန်ချင်းယွီ ချီးကျူးမိသည်။

ရှောင်ထောင်း : “အစ်မချန်တို့ ခဏနေရင် ကျွန်တော်တို့ ဆိုင်ဘက်ကို လာခဲ့ဦးနော်... ကျွန်တော် ဖရုံစေ့တစ်ဆုပ်လောက် လက်ဆောင်ပေးမယ်”

ချန်ချင်းယွီ : “ဒါတော့မဖြစ်ဘူး... နင်တို့က ရောင်းရမှာလေ၊ ငါတို့စားချင်ရင်လည်း ဝယ်စားမှာပေါ့... အလကားတော့ မယူပါဘူး… မဟုတ်ရင် ဒီဝင်းကြီးထဲကလူတွေ အားလုံးက တစ်ဆုပ်စီ လာယူနေကြရင် နင်တို့ ဘယ်လိုလုပ် စီးပွားရေးလုပ်လို့ ရတော့မှာလဲ”

ရှောင်ထောင်း : “အစ်မချန်ကတော့ တကယ့်ကို လူမှုရေး သိတတ်တာပဲ”

ဤဝင်းကြီးအတွင်း၌ ရှောင်ထောင်းတို့ကဲ့သို့ အသေးစား စီးပွားရေးလုပ်သူများ အနှစ်သက်ဆုံးလူမှာ ချန်ချင်းယွီပင် ဖြစ်၏။

အစ်မချန်မှာ စကားပြောဆိုရာတွင် နားဝင်ချိုလှသည်။ အခြားသူများမှာ သူတို့ကို အလုပ်အကိုင်မရှိ လမ်းဘေးဈေးသည်များဟု လှောင်ပြောင်ကြသော်လည်း အစ်မချန်တစ်ဦးတည်းသာလျှင် သူတို့ကို ပါးနပ်ပြီး တုံ့ပြန်မှုမြန်ဆန်သူများဟု ချီးမွမ်းတတ်၏။ ထို့ပြင် ၎င်းမှာ စိတ်ရင်းအမှန်ဖြင့် ပြောခြင်းလည်း ဖြစ်သည်။ ဤသည်မှာပင် သူတို့အတွက် များစွာသော အားအင်များကို ဖြစ်ပေါ်စေခဲ့၏။ စိတ်ရင်းဖြင့် ပြောခြင်း ဟုတ်မဟုတ်ကို သူတို့ ခွဲခြားသိမြင်နိုင်ကြပေသည်။

ထို့ပြင် အချို့သော အားနာစရာ စကားများကို အစ်မချန် ဤကဲ့သို့ ပြောဆိုပေးလိုက်သဖြင့် မည်သူ အလကား လာတောင်းရဲတော့မည်နည်း။ သူတို့အတွက် အမှန်တကယ်ပင် အဆင်ပြေသွားစေ၏။

ချန်ချင်းယွီ : “ငါတို့ သွားပြီနော်”

“ဟုတ်ကဲ့... ဟုတ်ကဲ့... အမြန်သွားကြပါ”

ချန်ချင်းယွီတို့လည်း အချိန်မဆိုင်းဘဲ အတူတကွ ထွက်လာကြရာ ရှောင်ကျား ချန်ချင်းယွီ၏ အနားသို့ တိုး၍ တီးတိုးပြောသည်။

“မေမေ... မနေ့ကတင် ရှေ့ဝင်းက ဝအဘွားဝမ်က အစ်ကိုရှောင်ထောင်းတို့ကို အဆင့်မရှိတဲ့ အလုပ်တွေ လုပ်နေကြတာ၊ အနာဂတ်မရှိတဲ့ ကောင်တွေလို့ ပြောနေတာကို သား ကြားခဲ့ရတယ်”

ချန်ချင်းယွီ : “နင်က သူမ လျှောက်ပြောနေတဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမထောင်နဲ့၊ ဘာကို အဆင့်မရှိတဲ့ အလုပ်လို့ ခေါ်တာလဲ… ဘယ်သူကကော ဂုဏ်သရေရှိရှိနဲ့ ငွေအများကြီး ရှာပြီး ကောင်းမွန်တဲ့ ဘဝကို မပိုင်ဆိုင်ချင်ဘဲ နေမလဲ.. ဒါပေမဲ့ မိသားစုတိုင်းရဲ့ အခြေအနေက မတူကြဘူး၊ ပြီးတော့ အခု မြို့ပြန်လာတဲ့ ပညာတတ်လူငယ်တွေ အများကြီးပဲ... အားလုံးမှာ အလုပ်အကိုင် မရှိကြဘူး။ အကယ်၍ ကိုယ့်ဘာသာ နည်းလမ်းမရှာရင် ဘယ်လိုလုပ်မလဲ… အိမ်မှာပဲ ထိုင်ဆော့နေရမလား၊ အလကား ထိုင်စားနေရမလား~ ဒီဝင်းကြီးထဲမှာ ဘယ်မိသားစုကမှ ဘာမှမလုပ်ဘဲ ထိုင်စားနိုင်လောက်အောင် မချမ်းသာကြဘူး၊ နင့်အဘွားမေ့တို့ မိသားစုက လူဦးရေများတော့ နေထိုင်ရတာ ခက်ခဲတယ်… ရှောင်ထောင်းက ကိုယ့်ဘာသာ နည်းလမ်းရှာပြီး ငွေရှာတယ်... ဘဝကို ပိုကောင်းအောင် လုပ်တာ ဘာမှမမှားဘူး၊ ကဲ... နင်ပြောကြည့်ဦး... မျက်နှာပန်းလှဖို့က အရေးကြီးသလား၊ ဝဝလင်လင် စားသောက်ရဖို့က အရေးကြီးသလား”

“ဝဝလင်လင် စားသောက်ရဖို့က ပိုအရေးကြီးပါတယ်”

ကလေးနှစ်ဦးစလုံး အသံပြိုင် ထွက်လာကြသည်။

ချန်ချင်းယွီ : “ဒါပေါ့... ပြီးတော့ အလုပ်အကိုင်မှာ အနိမ့်အမြင့်၊ အမြတ်အစွန်း ခွဲခြားထားတာ မရှိပါဘူး… မူဝါဒတွေက အမြဲတမ်း ပြောင်းလဲနေတာပဲ... ဘာမှ အဆင့်မရှိတာ မဟုတ်ဘူး၊ အချို့သောသူတွေက ယုတ်ညံ့တဲ့ ကိစ္စတွေကို လုပ်နေပြီး ကိုယ့်ကိုယ်ကိုယ် အရှက်မရှိဘူးလို့ မထင်ကြဘဲ၊ သူတစ်ပါးက ကိုယ့်လုပ်အားနဲ့ကိုယ် ရိုးရိုးသားသား ငွေရှာနေတာကိုကျတော့ အဆင့်မရှိဘူးလို့ ထင်နေကြတာ... အဲဒီလို စရိုက်မျိုးရှိတဲ့ လူတွေကမှ အဆင့်မရှိတဲ့ လူတွေ ဖြစ်ကြတာ”

ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် တွေးတောဆင်ခြင်ပြီးနောက် မိခင်ဖြစ်သူ၏ စကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြကြ၏။

အဘွားကြီးကျောက် ; “နင်ကလည်း... ဘယ်ဘက်ကြည့်ကြည့် အဆင့်မရှိဘူးလို့ပဲ ပြောနေတော့ ငါတောင် ခေါင်းမူးသွားပြီ၊ ဒါပေမဲ့ ရှောင်ကျား၊ ရှောင်ယွမ်... နင်တို့ မေမေပြောတာ မှန်တယ်၊ ကိုယ့်အရည်အချင်းနဲ့ကိုယ် ငွေရှာတာ... ဘာမှ ပြောစရာ မရှိဘူး၊ နင်တို့တွေ ငတ်မွတ်တဲ့ ဒုက္ခကို မကြုံဖူးလို့ မသိကြတာ~~ ဝဝလင်လင် စားရဖို့ ရှေ့မှောက်မှာ ကျန်တဲ့အရာတွေက ဘာမှ အရေးမကြီးဘူး… နင့် အစ်ကိုရှောင်ထောင်းသာ အားမထုတ်ရင် သူတို့မိသားစု ထမင်းဝအောင် စားရမှာ မဟုတ်ဘူး၊ သူတို့ တစ်မိသားစုလုံးမှာ တစ်ယောက်တည်းပဲ ငွေရှာနိုင်တာမို့ ဘဝက မလွယ်ကူဘူး”

ရှောင်ကျား လေးနက်စွာဖြင့်

“ကျွန်တော် သိပါပြီ”

အဘွားကြီးကျောက် : “အဘွားကြီးဝမ်ရဲ့ ပါးစပ်ကတော့ တကယ်ပဲ... ဒေါသကြီးတဲ့ လူနဲ့သာ တွေ့ရင် ပါးစပ်ကို ဖြတ်ရိုက်တာ ခံရမှာ ကြာပြီ”

“ဟားဟား...”

ရှောင်ယွမ် ရယ်မောလိုက်မိ၏။

အဘွားကြီးကျောက် : “နင်က ရယ်နေသေးတယ်.. သူ့ပါးစပ်က တကယ့်ကို ယုတ်မာတာ... ဒါပေမဲ့ သူမ ငါ့ကို လာမရှုပ်လို့ပေါ့၊ တကယ်လို့ ငါ့ကို လာရှုပ်ရင်တော့ ငါကတော့ အလွတ်ပေးမှာ မဟုတ်ဘူး”

ချန်ချင်းယွီ သူမကို တစ်ချက်စောင်းကြည့်ရင်း

“ဘယ်သူကကော ရှင့်ကို လာစိန်ခေါ်ရဲမှာလဲ”

အဘွားကြီးကျောက်သည် မိမိ၏ လူမိုက်ဆန်သော ကျော်ကြားမှုကြောင့်ပင် ဤနယ်ပယ်၌ နေရာတစ်ခု ရရှိထားခြင်း မဟုတ်လော့။

အဘွားကြီးကျောက် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရင်ဘတ်ကိုပင့်လိုက်ပြီး

“ငါ မှန်တယ်... ဒီလိုပဲ ဖြစ်သင့်တာ၊မဟုတ်ရင် သူတို့က ငါတို့ကို အနိုင်ကျင့်လို့ရတယ်လို့ ထင်နေကြဦးမယ်”

ချန်ချင်းယွီ : “ဒါလည်း ဟုတ်တာပဲ”

မိသားစုတစ်ခုလုံး ရုပ်ရှင်ရုံတံခါးဝသို့ ရောက်ရှိလာကြသည်။

“ဟင်... ဒီမှာလည်း ရှောင်ထောင်းနဲ့ အတွေးအခေါ်ချင်း တူတဲ့လူ ရှိနေတာပဲလား… ပစ္စည်းတွေ လာရောင်းနေကြပြီပဲ”

ထို့ကြောင့် မည်သည့်ခေတ်ကာလတွင်မဆို၊ စီးပွားရေးအခွင့်အလမ်းကို လျင်မြန်စွာ ဖမ်းဆွဲနိုင်သည့်သူများ အမြဲတမ်း ရှိနေတတ်စမြဲ ပင်။

ရုပ်ရှင်ရုံတံခါးဝတွင် အမှန်တကယ်ပင် အခြားသော ဈေးရောင်းသူတစ်ဦး ရှိနေသေးသည်။ တစ်ယောက်တည်းသာ ရှိသော်လည်း မည်သို့ပင်ဆိုစေကာမူ ဉာဏ်ပြေးသူများ ရှိနေဆဲဖြစ်ကြောင်း သက်သေပြနေပေ၏။ ၎င်းလူရောင်းချနေသည်မှာ သကြားအုပ်ထားသည့် ရဲရဲနီသော ဆီးသီးထုတ်ထိုး (ထန့်ဟုလူ) ဖြစ်ပြီး၊ ချန်ချင်းယွီသည် ရှေ့သို့လှမ်း၍ လေးချောင်း ဝယ်ယူလိုက်စဉ် ရောင်းသူရော ဝယ်သူပါ နှစ်ဦးစလုံး ပြုံးပျော်သွားကြတော့သည်။

နှစ်သစ်ကူး အခါကြီးရက်ကြီးတွင် ရုပ်ရှင်လာကြည့်နိုင်သူမှန်သမျှ ငွေမသုံးရဲလောက်အောင် ဆင်းရဲမွဲတေနေသူများ မဟုတ်ကြေပေ။

“နှစ်သစ်ကူးကြီးမှာပဲဟာ...” ဆိုသည့် စကားအတိုင်းပင် မဟုတ်လော့…

ထို့ကြောင့် ဆီးသီးသကြားလုံးထုတ်ထိုးများမှာ အတော်ပင် အရောင်းသွက်လှပေ၏။

ချန်ချင်းယွီတို့တစ်သိုက် ဆီးသီးသကြားလုံး ထုတ်ထိုးများကို ကိုင်ဆောင်ကာ အတွင်းသို့ ဝင်လာကြစဉ် ရုပ်ရှင်ရုံထဲ၌ လူအများအပြား ရောက်ရှိနေကြပြီ ဖြစ်ပြီး နေရာအပြည့်နီးပါး ဖြစ်နေချေပြီ~~ ရုပ်ရှင် စတင်ရန် အချိန်

အတော်လေး လိုသေး၏။ လူအတော်များများ၏ လက်ထဲတွင်လည်း ဆီးသီးသကြားလုံး ထုတ်ချောင်းများကို ကိုင်ထားကြသည်ကို တွေ့ရသည်။

အဘွားကြီးကျောက် : “အမလေး... ဘုရားရေ၊ နှစ်သစ်ကူးနေ့ကြီးမှာ ငါလည်း အပြင်ထွက်ပြီး ရုပ်ရှင်ကြည့်နိုင်လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ… မနက်ဖြန်ကျရင်တော့ အဘွားကြီးပိုင်တို့အုပ်စုကို သွားပြီး ကြွားလုံးထုတ်ရမယ်၊ သူတို့ အားကျလို့ သေသွားစေရမယ်”

ချန်ချင်းယွီ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး ရုတ်တရက်

“ဟိုမှာကြည့်စမ်း... အဲဒါ ဘယ်သူလဲလို့”

အဘွားကြီးကျောက် လှည့်ကြည့်

လိုက်ရာ

“ဟယ်... ပိုင်ဖုန်းရှန်း နင်ပါလား၊ဘာလို့ ရောက်လာတာလဲ”

အဘွားကြီးပိုင်သည် လိုက်ကာကို မကာ အပြေးအလွှား ဝင်ရောက်လာခြင်း ဖြစ်သည်။

သူမ အမောတကောဖြင့်

“ငါတို့ အပြေးအလွှား လိုက်လာတာတောင် နင်တို့ကို မမှီဘူး၊ နင်တို့ ရုပ်ရှင်ကြည့်ဖို့ ထွက်သွားကြတယ်ဆိုတာနဲ့ ငါတို့လည်း လိုက်လာခဲ့တာပဲ… အိမ်မှာနေလည်း ပျင်းပျင်းရှိတာနဲ့၊ ဒါနဲ့ ဒီနေ့ ဘာရုပ်ရှင်ပြမှာလဲ”

အဘွားကြီးကျောက် : “မသိသေးဘူးအေ... မစသေးဘူး”

အဘွားကြီးပိုင်တို့ မိသားစုတစ်ခုလုံး ရောက်ရှိလာကြခြင်း ဖြစ်၏။

ချန်ချင်းယွီ ပတ်ပတ်လည်ကို မျှော်ကြည့်ရင်း

“အိမ်က ကလေးအသေးလေးတွေကော ဘာလို့မပါလာတာလဲ”

သူမ၏ မြေးအငယ်နှစ်ဦးမှာ တစ်ယောက်က လေးနှစ်၊ တစ်ယောက်က နှစ်နှစ်သာ ရှိသေးသည်။ ၎င်းကလေးငယ်နှစ်ဦးစလုံး ပါမလာခဲ့ကြပေ။

ကျန်ရှိသောသူများသာ အားလုံး ရောက်နေကြ၏။

အဘွားကြီးပိုင် : “ကလေးတွေက ငယ်လွန်းတော့ ရုပ်ရှင်ကြည့်လို့ မရဘူးလေ။ ဒါနဲ့ပဲ အဒေါ်ကြီးမေ့ဆီမှာ အပ်ခဲ့ရတယ်”

နှစ်သစ်ကူး အခါကြီးရက်ကြီး ဖြစ်သော်လည်း အကျိုးအမြတ်ရမည့် အလုပ်မျိုးကိုမူ အဒေါ်ကြီးမေ့ အလျင်း ငြင်းပယ်လေ့မရှိပေ။ သူမသည် ဤကဲ့သို့သော အလုပ်မျိုးကို ပို၍ပင် လိုလားနေသေးသည်။

“ကဲ... အမြန် နေရာရှာပြီး ထိုင်ကြရအောင်”

ချိုက်မင်မင် : “ငါ နင့်ဘေးမှာ ထိုင်မယ်နော်”

သူတို့မိသားစုနှင့် အဒေါ်ကြီးမေ့တို့ မိသားစုသည် ဆက်ဆံရေး အလွန်ကောင်းမွန်ကြ၏။ အဒေါ်ကြီးမေ့၏ သားကြီး ရှောင်ထောင်း လမ်းဘေးဈေးသည်လုပ်ရာတွင် အမျိုးစုံရောင်းချပြီး တောတောင်တွင်းထွက် ပစ္စည်းများကိုပါ မချန် ရောင်းချလေသည်။ ၎င်းပစ္စည်းများကို ချိုက်မင်မင်၏ မိဘများထံမှ ရယူခြင်း ဖြစ်ပြီး ရှောင်ထောင်းဟူသော ဤကလေးမှာ အမှန်တကယ်ပင် စွမ်းဆောင်ရည် ရှိလှ၏။ စက်ရုံအသီးသီးသို့ သွားရောက်ကာ မြောက်ပိုင်းသို့ ကုန်ပစ္စည်းသယ်ဆောင်သည့် ကုန်တင်ကားကြီးမောင်းသူများကို လိုက်လံရှာဖွေပြီး ကူညီပေးမည့်သူကို ရအောင် ရှာဖွေနိုင်ခဲ့သည်။

ထိုဘက်ကို ငွေပေးရသည် ဆိုသော်လည်း စာတိုက်မှတစ်ဆင့် ပါဆယ်လ်ပုံး ပို့သည်ထက်စာလျှင်မူ အဆင်ပြေ လောက်ငလှပေ၏။

ဤကိစ္စအတွက် သူသည် တစ်လနီးပါးခန့် အပြေးအလွှား လုပ်ဆောင်ခဲ့ရသော်လည်း ကံကောင်းစွာဖြင့် ရလဒ်ကောင်း ထွက်ပေါ်လာခဲ့သည်။

မှန်ပေသည်၊ သူ ဤကဲ့သို့ လုပ်ဆောင်နိုင်ခြင်းမှာ မိသားစုတစ်ခုလုံး၏ ပံ့ပိုးမှုကြောင့်လည်း ပါ၏။ သူ၏ အရင်းအနှီး မလုံလောက်သဖြင့် အဒေါ်ကြီးမေ့လင်မယားမှာ အပြင်သို့ သွားရောက်ကာ ငွေလိုက်လံချေးငှားပေးခဲ့ရသည်။ ၎င်းတို့လင်မယားမှာ လူချစ်လူခင်များသဖြင့် ငွေကြေးအချို့ စုဆောင်းပေးနိုင်ခဲ့၏။ ဩော်... စုဆောင်းပေးနိုင်ခဲ့သည်ဆိုသည်မှာ ကုန်ပစ္စည်းဖိုး အားလုံးမဟုတ်ဘဲ ထက်ဝက်မျှသာ ဖြစ်သည်။

ကျန်ရှိသော ထက်ဝက်ကိုမူ တစ်လကြာမှ ပေးချေရန် ကတိကဝတ် ပြုထားကြ၏။

ချိုက်မင်မင်သည် ရှောင်ထောင်းကို ယုံကြည်သဖြင့် ကြားထဲမှ ကူညီပြောဆိုပေးခဲ့ရာ နှစ်ဦးနှစ်ဖက်စလုံး ကျေနပ် အဆင်ပြေခဲ့ကြသည်။

တောင်ပေါ်ဒေသတွင် ဤကဲ့သို့သော ပစ္စည်းများ ပေါများလှသော်လည်း ဒေသတွင်း၌ ဈေးကောင်းမရပေ။ အပြင်ထွက်ရောင်းရန်ကျပြန်တော့လည်း ရွာသားများတွင် ထိုကဲ့သို့သော စွမ်းဆောင်ရည် မရှိကြပေ။ချိုက်မင်မင်မှာ ရွာအတွက် ကူညီရောင်းချပေးနိုင်သဖြင့် ၎င်းမှာ အလွန်တရာ ကောင်းမွန်သော ကိစ္စရပ်ကြီး ဖြစ်ပေသည်။ ၎င်းတို့ရွာမှ လူတိုင်း ချိုက်မိသားစုသည် ရတနာတစ်ပါးကို ရရှိထားခြင်းဖြစ်ကြောင်း ချီးကျူးနေကြ၏။

အထူးသဖြင့် ယခု၌ ပညာတတ်လူငယ်များ မြို့ပြသို့ ပြန်လာကြသည့်အခါ၊ လင်သားနှင့် သားသမီးများကို ပစ်ပယ်ခဲ့ကြသူများ၊ ဇနီးနှင့် သမီးငယ်ကို စွန့်ပစ်ခဲ့ကြသူများမှာ အနည်းငယ်မျှ မဟုတ်ဘဲ ရွာတိုင်းရွာတိုင်း၌ ဤကဲ့သို့သော အဖြစ်ဆိုးများ ရှိနေကြသည်။ ထို့ကြောင့်ပင် မာကျန်း ထိုစဉ်က မြို့ပြန်လာချိန်တွင် ချိုက်မင်မင်ကို အတူတကွ ခေါ်ဆောင်လာခဲ့ခြင်းမှာ မည်မျှလောက် သံယောဇဉ်ကြီးမားပြီး ကတိသစ္စာ တည်ကြည်ကြောင်း ထင်ရှားစေ၏။

ထို့ပြင် ထိုစဉ်က ချိုက်မင်မင်တွင် ကလေးမမွေးနိုင်ဟူသော အသံမျိုးလည်း ထွက်နေခဲ့သေးသည်သာ…

သို့သော်လည်း သူမသည် မြို့တော်သို့ ရောက်ရှိလာပြီးနောက်ပိုင်းတွင် ရောဂါပျောက်ကင်းသွားရုံသာမက သားတစ်ယောက် သမီးတစ်ယောက်ပါ ထွန်းကားလာခဲ့သည်။

ဤသည်မှာ အမှန်တကယ်ပင် သူတစ်ပါး အားကျစရာ ကံကြမ္မာကောင်းပင် ဖြစ်၏။

အကယ်၍ ပေကျင်းမြို့တော်သို့ မလာခဲ့လျှင်၊ အကယ်၍ ဆေးရုံကြီးသို့ သွားရောက်ကာ ဆရာဝန်ကြီးများနှင့် မပြခဲ့လျှင် သူမသည် တစ်သက်လုံး ကလေးရတော့မည် မဟုတ်ပေ။ သူမ၏ ကံတရားကိုသာ ချီးကျူးရပေလိမ့်မည်။

ဤနှစ်များအတွင်း လင်မယားနှစ်ဦးစလုံး နေရပ်သို့ ပြန်ခဲလှသော်လည်း ပွဲတော်ရက်များတွင် ပို့စရာရှိသည့် ပစ္စည်းများကိုမူ ပုံမှန် ပို့ဆောင်ပေးလေ့ရှိ၏။ ၎င်းတို့ရွာတွင် ရိက္ခာဆန် ရရှိမှု အဆင်ပြေလှသော်လည်း လက်မှတ်များ မရှိကြသဖြင့် အိမ်သုံးပစ္စည်း ဝယ်ယူလိုသည့်အခါ အလွန်ပင် ခက်ခဲကြရသည်။

ဥပမာအားဖြင့် မည်သည့်အိမ်မဆို သံဒန်အိုး ပျက်စီးသွားပါက အလွန် စိတ်ညစ်ကြရ၏။ အဘယ်ကြောင့်ဆိုသော် စက်မှုထုတ်ကုန်လက်မှတ်အမြောက်အမြား လိုအပ်သဖြင့် အချိန်တိုအတွင်း စုဆောင်းရန် မလွယ်ကူလှ၍ပင်။ အဝတ်အထည် လက်မှတ်များလည်း ထို့အတူပင် ရှားပါးလှသည်။

သို့သော်လည်း ချိုက်မင်မင်တစ်ယောက် မြို့သို့ အိမ်ထောင်ကျသွားခဲ့သဖြင့် ၎င်းတို့မိသားစုအတွက် လမ်းစပွင့်သွားခဲ့ရ၏။

ပုံမှန်အားဖြင့်လည်း ရှားပါးသော ပစ္စည်းအချို့ကို ပြန်လည်ပေးပို့တတ်သဖြင့် ချိုက်မိသားစုအတွက် အလွန်ပင် ဂုဏ်ယူစရာ ဖြစ်နေရသည်။

ယခုအခါ ပညာတတ်လူငယ်များ မြို့ပြန်ချိန်တွင် ပိုမိုထင်ရှားလှပြီး သားပစ် မယားပစ်များ အမြောက်အမြား ရှိနေကြရာ၊ ချိုက်မင်မင်၏ ကံကောင်းမှုကို ပိုမိုပေါ်လွင်စေသည်။ မာကျန်းကဲ့သို့သော ယောကျာ်းကောင်းနှင့် ဆုံတွေ့ရရုံသာမက ယခုအခါ ရွာအတွက်ပါ ကုန်ပစ္စည်းများ ကူညီရောင်းချပေးနိုင်သဖြင့် လူတိုင်း အားကျမဆုံး ဖြစ်နေကြရ၏။

ဤအကြောင်းရင်းများကြောင့် မာကျန်းလင်မယားနှင့် အဒေါ်ကြီးမေ့တို့ မိသားစုသည် ဆက်ဆံရေး ပိုမိုကောင်းမွန်လာခဲ့ပြီး ရံဖန်ရံခါ ကလေးများကို အပ်နှံထားတတ်ကြခြင်း ဖြစ်သည်။

ချိုက်မင်မင် : “ငါ့အိမ်က ကလေးအငယ်လေးတွေက ဒေါ်လေးမေတို့အိမ်က စတုတ္ထသမီးကို သိပ်ချစ်တာ။ သူမက ကလေးထိန်းတာ တကယ် တော်တယ်၊ ငါကတော့ အဲဒီလောက် စိတ်ရှည်လက်ရှည် မရှိဘူး”

ချန်ချင်းယွီ : “အစ်မလည်း အတော်လေး တော်ပါတယ်.. ဘယ်လောက်တောင် စိတ်ရှည်ချင်သေးလို့လဲ”

ချိုက်မင်မင် သဘောကျစွာ ရယ်မောလိုက်သည်။

ချန်ချင်းယွီ : “ဩော်... ဒါနဲ့ ရှောင်ကျား၊ နင် တံခါးဝကို သွားကြည့်ဦး... နင့် ဦးလေးရှောင်ထောင်းတို့ ရောက်လာပြီလားလို့၊ ရောက်လာရင် ဝယ်စရာရှိတာ တစ်ခုခု ဝယ်ခဲ့ဦး… ရုပ်ရှင်ကြည့်တဲ့အခါ အစားအသောက်မပါရင် တစ်ခုခု လိုအပ်နေသလိုပဲ”

“နင့်လက်ထဲမှာ ဆီးသီးတုတ်ထိုးရှိနေတာပဲ မဟုတ်လား”

ချန်ချင်းယွီ : “ဒါက ခဏလေးနဲ့ စားလို့ကုန်သွားမှာ... တခြား အဆာပြေမုန့်လေးတွေ ရှိဦးမှဖြစ်မှာ”

ရှောင်ကျား : “ဟုတ်ကဲ့ပါ”

ချိုက်မင်မင် ရှောင်ကျား၏ ကျောပြင်ကို အားကျစွာ စိုက်ကြည့်ရင်း

“နင့်အိမ်က ကလေးတွေက တကယ် ကျန်းမာဝဖြိုးတာပဲ... ကြည့်ရတာ အနာဂတ်မှာ အရပ်အမောင်း ကောင်းမယ့် ပုံပဲ”

ချန်ချင်းယွီ : “ကျွန်မကတော့ ကလေးတွေ ကျွန်မလို သေးကွေးပုဗြက်သွားမှာ စိုးရိမ်တာနဲ့... တတ်နိုင်သမျှ ကောင်းကောင်းကျွေးပြီး အာဟာရပြည့်ဝအောင် လုပ်ပေးတာ၊ ဒါမှ ပိုပြီး အဆင်ပြေမှာမို့လို့ပါ”

“ဟုတ်တာပေါ့... အဲဒါ အမှန်ပဲ”

“အေး... ဒါနဲ့ ငါ နင့်ကို ကိစ္စတစ်ခု ပြောပြရဦးမယ်”

ချိုက်မင်မင်သည် ချန်ချင်းယွီ၏ နားအနားသို့ တိုးကပ်၍ တီးတိုးပြောလေသည်။

“ရှီရှောင်ဝေက ယွမ်ဟောက်ရွှယ်ကို ပြန်ပြီး သဘောကျဖို့ ကြံစည်နေပြန်ပြီအေ… ၂၉ ရက်နေ့ ညနေစောင်းတုန်းက သူက ယွမ်ဟောက်ရွှယ်ကို အတင်းဆွဲထားပြီး လက်ထပ်ခွင့် တောင်းနေတာ”

“ဘာပြောတယ်”

ချန်ချင်းယွီ အံ့အားသင့်သွား၏။

ချိုက်မင်မင် : “အသံတိုးတိုးလုပ်ပါအေ... ဒါက ဟောက်ရွှယ်ရဲ့ သိက္ခာနဲ့ ဆက်စပ်နေလို့ ငါ နင့်ကိုပဲ လျှို့ဝှက်ပြောပြတာ၊ အသံကို ထိန်းဦး”

ချန်ချင်းယွီ : “ယွမ်ဟောက်ရွှယ်က လွန်ခဲ့တဲ့ နှစ်အတော်ကြာကတည်းက သူ့ကို ငြင်းပယ်ခဲ့ပြီးပြီ မဟုတ်လား၊ သူက ဘာလို့ အခြေအနေကို နားမလည်နိုင်သေးတာလဲ”

ချိုက်မင်မင် ; “ငါလည်း ကြားတာပဲ”

ထိုစဉ်က သူမ မြို့သို့ မရောက်သေးသော်လည်း ယောက္ခမဖြစ်သူ ပြောပြ၍ ကြားသိခဲ့ရခြင်း ဖြစ်၏။ သူမ ခေါင်းခါရင်း

“သူ ဘာတွေ တွေးနေလဲ ဘယ်သူသိမှာလဲ… သူက ယွမ်ဟောက်ရွှယ်ကို တစ်သက်လုံး ကောင်းကောင်း စောင့်ရှောက်ပါ့မယ် တဲ့၊ ပြီးရင် နှစ်ယောက်သား လက်ထပ်ပြီး၊ ဟောက်ရွှယ်က အိမ်မှာပဲ လင်ဝတ်ပြု သားသမီးထိန်းပြီး နေပေါ့၊ သူကတော့ အလုပ်သွားလုပ်ပြီး အိမ်ထောင်ကို အကောင်းဆုံး ဦးဆောင်ပါ့မယ်တဲ့၊ နင်ပြောကြည့်ဦး... ရယ်စရာ မကောင်းဘူးလား၊ သူက ဘာမှမဖြစ်သေးခင်ကတည်းက ယွမ်ဟောက်ရွှယ်ရဲ့ အလုပ်ရာထူးကို သိမ်းပိုက်ဖို့ တွက်ချက်နေတာ”

ချန်ချင်းယွီ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားရသည်။

“……”

ရှောင်ကျားနှင့် ရှောင်ယွမ်တို့ပင် ကြီးပြင်းလာခဲ့ကြပြီ ဖြစ်သော်လည်း၊ ရှီရှောင်ဝေမှာမူ ယခင်အတိုင်း ရှီရှောက်ဝေ ဖြစ်နေဆဲပင်။ ဦးနှောက်ထဲတွင် ရေဝင်နေဆဲ ဖြစ်သော ရှီရှောင်ဝေ၊ မိန်းမကို အမှီပြု၍ အလုပ်ရာထူး ရယူလိုဆဲဖြစ်သော ရှီရှောင်ဝေသာ ဖြစ်သည်။

“သူက ပြောသေးတယ်... ယွမ်ဟောက်ရွှယ် အခုလို နှစ်ပေါင်းများစွာ အိမ်ထောင်မပြုတာက သူ့ကို စောင့်နေတာ တဲ့။ ယွမ်ဟောက်ရွှယ်ကတော့ ‘သွားစမ်း’ လို့ မောင်းထုတ်လိုက်တာပဲ... ဟားဟား၊ ထွက်သွား လို့ ပြောလိုက်တာ”

ချန်ချင်းယွီ : “…… နင်ကတော့ တကယ့်ကို သတင်းစုံတာပဲ”

ချိုက်မင်မင် : “သေချာတာပေါ့... သူတို့က ငါ့အိမ် ပြတင်းပေါက်အောက်မှာ ပြောနေကြတာလေ။ ငါနဲ့ ငါ့ယောကျာ်းနဲ့ အစအဆုံး အကုန် မြင်လိုက်ရတာ”

ချန်ချင်းယွီ : “……”

ချန်ချင်းယွီသည် တကယ့်ကို ဆွံ့အသွားရကာ

“သူ ကျေးလက်ကို ဆင်းသွားတာ ငါးနှစ်လောက် ရှိပြီ မဟုတ်လား... ဘာဖြစ်လို့ တစ်စက်ကလေးမှ တိုးတက်မလာရတာလဲ”

ကြည့်ရသည်မှာ ယွီမေကျွမ်းနှင့် ချန်ဒုတိယတို့ ကျေးလက်သို့ ဆင်းသွားခဲ့ကြပြီး၊ ကျေးလက်မှ ဆင်းရဲဒုက္ခများသည် သူတို့၏ အရိုးကို လဲလှယ်ပေးလိုက်သကဲ့သို့ ယခင်နှင့် လုံးဝ ခြားနားသွားစေခဲ့၏။

ထို့အတူ ယွမ်ရှောင်ချွေသည်လည်း ကျေးလကမသို့ ရောက်ရှိသွားပြီး၊ အချင်းချင်း စာပေးစာယူ ရှိနေကြသဖြင့် ယွမ်ရှောင်ချွေသည် တဖြည်းဖြည်း ပိုမိုရင့်ကျက် တည်ငြိမ်လာပြီး မိမိဘဝအတွက် ကြိုတင်ပြင်ဆင်တတ်လာကြောင်း ခံစားမိသည်။ ယွမ်ရှောင်ချွေ ပြင်ဆင်ခဲ့သော အကြီးမားဆုံး ကိစ္စရပ်တစ်ခုမှာ ဂျင်ဆင်းတစ်မြစ်ကို အသုံးပြု၍ ချန်ချင်းယွီထံမှ ငွေလေးရာနှင့် လဲလှယ်ခဲ့ခြင်းပင် ဖြစ်၏။

ဤကိစ္စကိုမူ အဘွားကြီးကျောက်

ပင်လျှင် မသိပေ။

ပြောရလျှင် ချန်ချင်းယွီသည် ယခင်ကတည်းက ယွမ်ရှောင်ချွေ၌ တစ်စုံတစ်ရာသော ကံတရားမျိုး ရှိနေသည်ဟု ထင်မှတ်ခဲ့ဖူးရာ အမှန်ပင် ထိုအတိုင်း ဖြစ်ခဲ့လေသည်။ ၎င်းမှာ ယွမ်ရှောင်ချွေ ကျေးလက်သို့ ဆင်းသွားပြီး နှစ်နှစ်ခန့်အကြာက ဖြစ်၏။ သူမသည် တောင်ပေါ်သို့ တက်ရာမှ မျှော်လင့်မထားဘဲ ဂျင်ဆင်း တစ်မြစ်ကို တူးဖော်ရရှိခဲ့သည်။

ဤသည်မှာလည်း ယွမ်ရှောင်ချွေ ဖြစ်နေ၍သာ တော်တော့၏။ အကယ်၍ အခြားသူသာဆိုလျှင် စနစ်တကျ ကိုင်တွယ်နိုင်ပါ့မလား မသေချာပေ။ ယွမ်ရှောင်ချွေ၏ မိခင်အရင်းမှာ ယခင်က ဆေးဘက်ဝင်အပင် စိုက်ပျိုးသူ ဖြစ်ခဲ့ဖူးသကဲ့သို့ ဆေးဆိုင်တွင်လည်း အလုပ်လုပ်ခဲ့ဖူးသဖြင့် ယွမ်ရှောင်ချွေသည် ငယ်စဉ်ကတည်းက မြင်နေကြားနေရကာ ဤကဲ့သို့သော အရာများကို အခြားသူများထက် ပိုမို၍ အလေးဂရုပြုမိခြင်း ဖြစ်သည်။

ထို့ပြင် သူမသည် ဆေးမြစ်ကို စနစ်တကျ အခြောက်လှန်း ပြုပြင်ခြင်းကိုလည်း တတ်မြောက်ထားသေး၏။

ထို့ကြောင့်ပင် သူမသည် ကံကောင်းထောက်မစွာဖြင့် ဂျင်ဆင်းတစ်မြစ် ထပ်မံတူးဖော်ရရှိခဲ့ပြီး၊ သေသေချာချာ ပြုပြင်ပြီးနောက် ချန်ချင်းယွီအား မြို့တော်၌ ဝယ်ယူမည့်သူ ရှာဖွေပေးရန် အကူအညီတောင်းခံခဲ့ခြင်း ဖြစ်သည်။

ယွမ်ရှောင်ချွေ၏ အတွေးမှာ ရိုးရှင်းလှပေ၏။ အဘွားကြီးကျောက်သည် စက်ရုံ ထမင်းချက်ဆောင်တွင် အလုပ်လုပ်နေသဖြင့် ၎င်းဆေးမြစ်ကို လိုချင်မည့် အထက်လူကြီးများနှင့် ထိတွေ့နိုင်ချေ ရှိသည်ဟု တွေးဆကာ ၎င်းတို့ထံ အပ်နှံခဲ့ခြင်း ဖြစ်သည်။

မိမိဘာသာ အဘယ်ကြောင့် ချန်မထားသနည်း ဆိုသော်လည်း သူမ၏ အတွေးမှာ ပို၍ ရိုးရှင်းပါသေးသည်။ သူမ၏ လက်ထဲတွင် တစ်မြစ် ရှိနေပြီးသား ဖြစ်ရာ ဤကဲ့သို့သော အရာမျိုးကို အရေးပေါ်သုံးရန် တစ်မြစ်ရှိလျှင်ပင် လောက်ငှပြီဖြစ်၏။ ကျန်ရှိသောအရာကိုမူ ငွေကြေးအဖြစ် လဲလှယ်လိုက်ခြင်းသည် လူနေမှုဘဝကို ပိုမိုသက်တောင့်သက်သာ ဖြစ်စေလိမ့်မည် ဖြစ်သည်။

ငွေရှိခြင်းနှင့် ငွေမရှိခြင်း၏ လူနေမှုဘဝမှာ လုံးဝ ကွာခြားလှပေ၏။ သူမသည် လယ်ယာလုပ်ငန်းကိုလည်း အားစိုက်မလုပ်နိုင်သဖြင့် နှစ်စဉ် ရိက္ခာဆန်ကို ငွေပေးဝယ်နေရရာ လက်ထဲတွင် ငွေ သိပ်မရှိတော့ပေ။

ချန်ချင်းယွီသည် စာကို လက်ခံရရှိသည့်အခါ ခေတ္တမျှ တွေဝေသွားသော်လည်း၊ ချက်ချင်းပင် မိမိဘာသာ သိမ်းဆည်းရန် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း သူမသည် မိမိကိုယ်တိုင် ဝယ်ယူခြင်းဖြစ်ကြောင်း ထုတ်မပြောဘဲ ဝယ်လိုသူ ရှိသည်ဟုသာ အကြောင်းပြန်ခဲ့၏။ နှစ်ဦးစလုံး စာဖြင့်သာ ဆက်သွယ်ကြပြီး ဈေးဆွေးနွေးညှိနှိုင်းခြင်းလည်း မရှိခဲ့ဘဲ နောက်ဆုံးတွင် ငွေယွမ်လေးရာဖြင့် အတည်ပြုခဲ့ကြသည်။

၎င်းဂျင်ဆင်းမြစ်မှာ မသေးလှဘဲ သက်တမ်းအားဖြင့် အနှစ်ခုနစ်ဆယ်၊ ရှစ်ဆယ်ခန့် ရှိပေလိမ့်မည်။

ငွေလေးရာဆိုသည်မှာ တကယ့်ကို တန်လွန်းလှပေသည်။

ချန်ချင်းယွီသည်လည်း အလွန် သင့်တော်သည်ဟု ခံစားရ၏။

ယွမ်ရှောင်ချွေမှာလည်း အလွန် သင့်တော်သည်ဟု ထင်မြင်သည်။ အဘယ်ကြောင့်ဆိုသော် ယခုခေတ် စံနှုန်းများအရ အစိုးရ အဝယ်ဒိုင်သို့ သွားရောက်ရောင်းချလျှင်ပင် ငွေလေးရာ ရရှိနိုင်မည်မဟုတ်သောကြောင့်တည်း။

ထို့ပြင် သူမသည် မိမိ ဂျင်ဆင်းရောင်းချသည်ကို ရွာသားများ သိရှိသွားမည်ကိုလည်း စိုးရိမ်နေသေးသည်။ ထိုအချိန်ကျမှ ရွာသားများမှာ ၎င်းသည် ဘုံပိုင်ပစ္စည်းဖြစ်သည်ဟု ဇွတ်အတင်း ပြောဆိုလာကြလျှင် ဒုက္ခရောက်ပေလိမ့်မည်။ ထို့ကြောင့် သူမသည် အဝယ်ဒိုင်သို့ သွားရောက်ရောင်းချရန် မဝံ့ရဲခဲ့ပေ။ သတင်းပေါက်ကြားသွားမည်ကို စိုးရိမ်ခြင်း ဖြစ်၏။ ရွာမှ မုဆိုးများ တောဝက်တစ်ကောင် ပစ်ခတ်ရမိလျှင်ပင် မိမိဘာသာ အားထုတ်ခဲ့ခြင်း ဖြစ်သော်လည်း ရွာလုံးကျွတ် ခွဲဝေပေးကြရစမြဲ ဖြစ်သည်။

ထို့ကြောင့် ယွမ်ရှောင်ချွေသည် ကြိုတင်ကာကွယ်သည့်အနေဖြင့် ချန်ချင်းယွီကို ရှာဖွေခဲ့ခြင်း ဖြစ်ပြီး၊ ထိုဘက်မှလည်း ငွေလေးရာအထိ အဆင်ပြေအောင် ကူညီပေးခဲ့သည်။ ဤမျှကြီးမားသော ငွေကြေးအရောင်းအဝယ်တွင် နှစ်ဦးစလုံး မရိုးမသား လုပ်ဆောင်ခြင်း မရှိခဲ့ကြသဖြင့် အချင်းချင်း ယုံကြည်မှု ပိုမိုတိုးပွါးလာခဲ့၏။ ထိုအချိန်မှစ၍ တစ်စုံတစ်ခုသော ပစ္စည်းကောင်း ရရှိတိုင်း ယွမ်ရှောင်ချွေသည် စာရေး၍ လှမ်းမေးလေ့ရှိသည်။

ချန်ချင်းယွီနှင့် ယွမ်ရှောင်ချွေတို့အကြားတွင်မူ ပုံမှန် အရောင်းအဝယ်ပြုလုပ်သည့် ဆက်ဆံရေးမျိုး ဖြစ်တည်သွားခဲ့၏။

ဂျင်ဆင်းမြစ်ကိုမူ ချန်ချင်းယွီသည် မိမိဘာသာ လုံခြုံစွာ သိမ်းဆည်းထားခဲ့သည်။ ဤကဲ့သို့သော အရာမျိုးမှာ ရှာမှရှား၊ ကြုံတောင့်ကြုံခဲ မဟုတ်လော့။ သဘာဝအတိုင်း ပေါက်ရောက်သော ပစ္စည်းကောင်းကို ရရှိခဲလှသဖြင့် ချန်ချင်းယွီသည် သဘာဝအတိုင်း သိမ်းဆည်းထားမည်သာ။ မည်သည့်အချိန်တွင် အရေးတကြီး အသုံးချရမည်ကို မည်သူ သိနိုင်မည်နည်း။

သူမသည် သေချာပေါက် ဝယ်ယူရမည်သာ…

ကြည့်ပါဦး... ယွမ်ရှောင်ချွေကဲ့သို့ မိန်းကလေးတစ်ဦးပင်လျှင် မိမိဘဝအတွက် ကြိုတင်တွေးဆ ပြင်ဆင်တတ်သေးသည်။ ရှီရှောင်ဝေမှာမူ ကျေးလက်သို့ တစ်ခေါက် ဆင်းသွားခဲ့ရသော်လည်း မကျေနပ်ချက်များ ပြည့်နှက်နေခြင်းမှတစ်ပါး မည်သည့် လူမှုဘဝ အတွေ့အကြုံမျှ ရရှိမလာခဲ့ပေ။ သူ၏ ဤကဲ့သို့သော အရည်အချင်းမျိုးနှင့်မူ ယွမ်

ဟောက်ရွှယ် သူ့ကို မည်သို့လျှင် သဘောကျနိုင်ပါအံ့နည်း။

ယွမ်ဟောက်ရွှယ်သည် မျက်စိကန်းနေသူ မဟုတ်ပေ။ အမှန်တွင် ဤနှစ်များအတွင်း သူမကို လိုက်လံပိုးပန်းသူများ ရှိခဲ့သော်လည်း ဂုဏ်ဒြပ်အခြေအနေမှာ ထိုမျှလောက် မကောင်းမွန်ကြရုံမျှသာ ဖြစ်သည်။

သို့သော်လည်း အခြေအနေ မည်မျှပင် မကောင်းစေကာမူ စက်ရုံမှ အလုပ်သမားများ ဖြစ်ကြရာ၊ အလုပ်အကိုင်မရှိသော လေလွင့်လူငယ် ရှီရှောင်ဝေနှင့်မူ နှိုင်းယှဉ်၍ပင် မရနိုင်ပေ။

ချန်ချင်းယွီ : “တကယ့်ကို ဖားသူငယ်က ရွှေဟင်္သာကို မှန်းနေတာပဲ”

“ဒါပေါ့အေ... ငါလည်း သူ့ရဲ့အမူအရာကို တကယ့်ကို ကြည့်မရတာ”

ချန်ချင်းယွီလည်း ကြည့်မရပေ။

စကားပြောနေစဉ်မှာပင် ရှောင်ကျား ပြန်လည်ရောက်ရှိလာခဲ့သည်။

“မေမေ... ဝယ်လာခဲ့ပြီ”

ချန်ချင်းယွီ : “ဘာတွေလဲ”

“ကျွန်တော် ဖရုံစေ့ နဲ့ ထင်းရှူးစေ့လှော် တစ်ကျင်းစီ ဝယ်လာခဲ့တယ်။ ဦးလေးရှောင်ထောင်းက အရင်းဈေးပဲ ယူမယ်ပြောတာကို ကျွန်တော် လက်မခံဘဲ သူများတွေကို ရောင်းတဲ့ဈေးအတိုင်းပဲ ပေးခဲ့တယ်”

ချန်ချင်းယွီ : “အေး... အဲဒီလိုလုပ်တာ အမှန်ပဲ… ကိစ္စတစ်ခုချင်းစီကို သဲသဲကွဲကွဲ လုပ်ရမယ်၊ သူတစ်ပါးက စီးပွားရေးလုပ်နေတာ... ငါတို့လည်း အလကား မယူသင့်ဘူး”

ချိုက်မင်မင် သဘောကျစွာ ရယ်မောရင်း

“နင့်အိမ်က ဤကလေးနှစ်ယောက်ကတော့... တစ်ခါကျ ဦးလေးခေါ်လိုက်၊ တစ်ခါကျ အစ်ကိုခေါ်လိုက်နဲ့... အစဉ်အဆက်တွေ ရှုပ်ထွေးကုန်ပြီ”

ရှောင်ကျား : “ဝင်းကြီးထဲမှာဆိုရင်တော့ ဦးလေးလို့ ခေါ်ရပေမဲ့ အပြင်ရောက်ရင်တော့ အစ်ကိုလို့ ခေါ်ရမှာပေါ့… မဟုတ်ရင် အစ်ကိုရှောင်ထောင်းကို အရွယ်ကြီးသွားအောင် လုပ်သလို ဖြစ်နေမှာပေါ့”

“ဟားဟာ”

“ကဲ... ရပြီ၊ စားကြရအောင်.. ငါ့ကို နည်းနည်းပေးဦး၊ မင်မင်... အစ်မလည်း နည်းနည်းစားဦးလေ”

“ငါမစားတော့ဘူး... တကယ်မစားတော့ဘူးနော်၊ အားနာလို့ ပြောတာမဟုတ်ဘူး... တကယ်ကို ဗိုက်ပြည့်နေလို့။ ငါတို့အိမ်က ညစာကို အကောင်းစား စားခဲ့တာလေ၊ ငါ အသားနဲ့ မုန်ညင်းထုတ် ပေါက်စီအကြီးကြီး တစ်လုံး အပြည့် စားခဲ့တာ”

မကြာမီမှာပင် ရုပ်ရှင် စတင်ပြသတော့သည်။ နှစ်သစ်ကူး ကာလ ဖြစ်သော်လည်း ပြသသည်မှာ ဇာတ်ကားဟောင်းများသာ ဖြစ်၏။

သို့သော်လည်း နှစ်သစ်ကူး ကာလ ဖြစ်သောကြောင့်ပင် ဟာသဇာတ်မြူးကားကို ပြသသဖြင့် ကြည့်ရှုသူတိုင်း ပျော်ရွှင်ရယ်မောကြရသည်။

ချန်ချင်းယွီသည် ဇာတ်လမ်းထဲသို့ အမြန်ပင် စိတ်ရောက်သွားခဲ့၏။ ယခုခေတ် ရုပ်ရှင်ဟောင်းများမှာ ရုပ်ထွက်အရည်အသွေး ညံ့ဖျင်းသော်လည်း အလွန်ပင် စိတ်ဝင်စားဖို့ ကောင်းလှသည်။ အဆက်မပြတ် ပေါ်ထွက်လာတတ်သော သူလျှိုဖမ်းသည့် ရုပ်ရှင်များပင်လျှင် ထူးခြားစွာ စိတ်ဝင်စားစရာ ကောင်းလှပေသည်။ လူတိုင်း ရုပ်ရှင်ကို အာရုံစိုက် ကြည့်ရှုနေကြသဖြင့် စကားပြောရန်ပင် သတိမရကြတော့ပေ။

ရုပ်ရှင်ရုံအတွင်း၌ လူအပြည့် ဖြစ်သွားခဲ့ပြီး နောက်ထပ်လည်း လူများ ဆက်တိုက် ဝင်ရောက်လာနေဆဲ ဖြစ်၏။ နေရာမရရှိသူများမှာ စင်္ကြံလမ်းဘေးတွင် ရပ်၍ ကြည့်နေကြရရာ လူအုပ်မှာ မနည်းမနောပင်။

ချန်ချင်းယွီသည် အလွန်ပင် စိတ်ပါဝင်စားစွာ စောင့်ကြည့်နေပြီး ရုပ်ရှင်ဇာတ်လမ်းနောက်သို့ လိုက်ပါကာ တစ်ချိန်လုံး ဟားတိုက်ရယ်မောနေခဲ့သည်။ နှစ်နာရီကြာမြင့်သော ရုပ်ရှင်ကားမှာ အချိန်ကုန်လွန်သွားခြင်း မြန်ဆန်လှပြီး ဘာမှမလုပ်ရသေးခင်မှာပင် ဇာတ်သိမ်းသွားခဲ့လေ၏။ ရုပ်ရှင်ပြီးသွားသည့်တိုင် လူတိုင်းမှာ အရှိန်မသေသေးကာ ကြည့်၍မဝနိုင်ကြသေးပေ။

“တကယ် စိတ်ဝင်စားဖို့ကောင်းတာပဲအေ”

“ဒါပေါ့... နှစ်သစ်ကူးမှာ ရုပ်ရှင်လာကြည့်ရတာ ခံစားချက် တကယ်ကောင်းတယ်”

“အဲဒါ ပြောတာပေါ့... နောက်တစ်ကား ရှိသေးလားမသိဘူး”

“အချိန်က မစောတော့ဘူး၊ ဆယ်နာရီတောင် ခွဲတော့မယ်... သေချာပေါက် မရှိတော့ဘူး”

“ဟာ... ဒီလောက်တောင် နောက်ကျသွားပြီလား……”

လူအများမှာ ဆူညံပွက်လောရိုက်နေကြသော်လည်း မည်သို့ပင်ဆိုစေကာမူ နောက်ထပ်ပြသမည့် ပွဲစဉ်မရှိတော့သဖြင့် လူအုပ်ကြီးနောက်သို့ လိုက်ပါကာ တစ်ယောက်ပြီးတစ်ယောက် အပြင်သို့ တိုးဝှေ့ထွက်ခဲ့ကြသည်။ ချန်ချင်းယွီသည် လက်ကိုဆန့်ထုတ်၍ ကလေးနှစ်ယောက်ကို ကာကွယ်ပေးထားပြီး ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာမူ တစာစာနှင့် စကားများ ပြောနေကြ၏။ ၎င်းတို့အပြင်သို့ ထွက်လာချိန်တွင် ရှောင်ထောင်းတို့အဖွဲ့ ရှိနေဆဲဖြစ်သည်ကို တွေ့ရသည်။ ရုပ်ရှင်ပြီးသွားသော်လည်း ပစ္စည်းဝယ်ယူသူများ ရှိနေဆဲပင်။

အဘယ်ကြောင့်ဆိုသော် လူအတော်များများ ရုံထဲဝင်စဉ်က ၎င်းတို့ ရောက်မလာသေး၍ ဝယ်မရသူ အတော်များ၏။

အထူးသဖြင့် စုံတွဲများမှာ တစ်ခုခုကို မဝယ်ဘဲမနေကြရာ ချန်ချင်းယွီ တစ်ချက်ဝေ့ကြည့်ပြီး ၎င်းတို့ ပစ္စည်းများ မကြာမီ ကုန်တော့မည်ဟု တွေးလိုက်မိသည်။

လူတိုင်း နှုတ်မှ လမ်းဘေးဈေးသည်လုပ်ခြင်းမှာ မျက်နှာငယ်စရာ မျက်နှာပျက်စရာဟု ပြောနေကြသော်လည်း ဝယ်ယူသည့်အခါတွင်မူ အလွန် ရိုးသားကြ၏။

ထို့ပြင် ငွေရသည်မှာလည်း တကယ့်ကို အရှိန်အဟုန်နှင့် ဖြစ်သည်။

ချန်ချင်းယွီသည် နိုင်ငံတော်မူဝါဒ အပြောင်းအလဲကိစ္စကို စဉ်းစားကာ အခြေအနေကို တွက်ဆပြီး ချိုက်

မင်မင်အား

“ကျွန်မ နောက်တစ်ချိန်ကျရင် တောင်ပိုင်းဘက်ကို သွားကြည့်မလို့ စိတ်ကူးထားတယ်”

ချိုက်မင်မင် : “ဟင်”

သူမသည် ချန်ချင်းယွီကို သရဲမြင်လိုက်ရသကဲ့သို့ ထိတ်လန့်တုန်လှုပ်စွာ စိုက်ကြည့်ရင်း

“နင်... နင်... နင်... တောင်ပိုင်းကို သွားမလို့လား။ တောင်ပိုင်းကို သွားပြီး ဘာလုပ်မလို့လဲ”

ချန်ချင်းယွီ : “အခု မူဝါဒတွေ ပြောင်းလဲကုန်ပြီ မဟုတ်လား၊ ကြားတာတော့ တောင်ပိုင်းဘက်က ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်

ဝါဒရဲ့ စမ်းသပ်မြို့တော်တွေ ဖြစ်နေပြီတဲ့… ကျွန်မလည်း သွားပြီး ဘယ်လိုပုံစံလဲဆိုတာ ကြည့်ချင်တယ်၊ ပစ္စည်းကောင်းလေးတွေ ရှိရင်လည်း နည်းနည်းယူပြီး ပြန်လာရင် လမ်းဘေးဈေးသည် လုပ်မလို့”

ချိုက်မင်မင်၏ မျက်လုံးအစုံမှာ ပြူးထွက်မတတ် ဖြစ်သွားရကာ မယုံကြည်နိုင်လောက်အောင်

“ဘာ... ဘာ... ဘာဖြစ်လို့လဲအေ”

“နင့်အိမ်က လူနေမှုဘဝက အဆင်ပြေနေတာပဲဥစ္စာ၊ လမ်းဘေးဈေးသည်လုပ်တာက ကြည့်လို့မကောင်းပါဘူး…… ပြီးတော့ နင်က မိန်းကလေးတစ်ယောက်တည်း ဖြစ်နေတဲ့အပြင် ဒီလောက်တောင် ချောမောလှပနေတာ၊ တစ်ယောက်တည်း ခရီးဝေးထွက်ဖို့က ဘယ်လောက် အန္တရာယ်များလဲ။ နင်က တကယ့်ကို သတ္တိခဲပဲ”

ဆက်လက်၍ သူမမှာ

“နင် ဒီလိုလုပ်တာကို ငါတော့ စိတ်မချနိုင်ဘူး”

ချန်ချင်းယွီ : “ဘာမှမဖြစ်ပါဘူးအေ... ကျွန်မမှာ အစီအစဉ်တွေ အကုန်ရှိပြီးသားမို့ ထွက်ရတာ ပြဿနာမရှိပါဘူး၊ အခု မူဝါဒကလည်း ခွင့်ပြုထားတာပဲ၊ ပြီးတော့ အိမ်က ကလေးတွေလည်း ကြီးကုန်ပြီဆိုတော့ ကျွန်မလည်း လုပ်စရာအလုပ်တစ်ခုခု ရှာရမှာပေါ့… အိမ်မှာပဲ ဆက်နေနေလို့တော့ မဖြစ်ဘူး… အိမ်ရှင်မ သက်သက်ပဲ လုပ်နေတာ ကြာလာရင် လူက စိတ်ဓာတ်တွေ မှေးမှိန်သွားတတ်တယ်၊ ကျွန်မ အားရင် ငါးမျှားထွက်တယ်ဆိုတာလည်း အိမ်စရိတ်လေး နည်းနည်းပါးပါး ကာမိရုံပဲရှိတာ၊ ငွေအမြောက်အမြား မရနိုင်ဘူး။ ကလေးတွေ ကြီးလာရင်တော့ ငွေပိုပြီး စုဆောင်းထားရမှာပဲ… ငွေစုပြီး အိမ်ကြီးကြီးတစ်လုံး ဝယ်ချင်သေးတာ၊ အဲဒီကျရင် တစ်ယောက်ကို အခန်းတစ်ခန်းစီနဲ့ ဘဝကို သက်တောင့်သက်သာ ဖြတ်သန်းရမှာပေါ့၊ ဘယ်သူက ပိုကောင်းတဲ့နေရာမှာ မနေချင်ဘဲ ရှိမလဲ… အစ်မ ကျွန်မရဲ့ အိမ်ခြေအနေကို ကြည့်ဦး... ရှောင်ကျားက ယောကျာ်းလေးဖြစ်နေတာကို ကျွန်မတို့နဲ့ အခန်းတစ်ခန်းတည်း အတူနေနေရတာ ဘယ်လိုပဲဖြစ်ဖြစ် နည်းနည်းတော့ အဆင်မပြေဘူး၊ ရှောင်ယွမ်လည်း ရှိသေးတယ်၊ သူမလည်း ကြီးလာပြီဆိုတော့ ကိုယ်ပိုင်အခန်းလေး တစ်ခန်းရှိရင် ပိုကောင်းတာပေါ့…အိမ်က ကျဉ်းလွန်းလို့ ကလေးတွေ စာကျက်ရင်တောင် အုတ်ကုတင်ပေါ်မှာ ထမင်းစားပွဲခုံချပြီး ရေးနေကြရတာ … အခြေအနေက တကယ့်ကို ဆိုးလွန်းပါတယ်၊ သူတို့ စာသိပ်မတော်ရင်တောင် အဲဒါ ဘဝက ဆင်းရဲလွန်းလို့ပဲ ဖြစ်ရမယ်၊ ကလေးတွေ ညံ့လို့တော့ လုံးဝမဟုတ်ဘူး၊ အခု မူဝါဒက လမ်းဖွင့်ပေးထားပြီဆိုမှတော့ ကျွန်မတို့လည်း လိုက်နာလုပ်ဆောင်ရမှာပေါ့၊ ကြည့်ဦး... ရှောင်ထောင်းတို့တောင် သူတစ်ပါးရဲ့ အကြည့်တွေကို ဂရုမစိုက်ဘဲ တက်ကြွစွာ လုပ်နေကြတာပဲ၊ ကျွန်မ ဘာကို ဂရုစိုက်နေရမှာလဲ၊ ပြီးတော့ ကျွန်မထင်တယ်... လမ်းဘေးဈေးသည်လုပ်ငန်းက အနာဂတ်မှာ ခေတ်စားလာမယ့် လမ်းစပဲ၊ လူ့အဖွဲ့အစည်းက လိုအပ်နေတာမို့ မကောင်းတာ ဘာမှမရှိပါဘူး”

ချိုက်မင်မင်သည် တိတ်ဆိတ်သွားပြီးနောက် လေးနက်သော အသံဖြင့်

“နင့်အိမ်က ကလေးတွေက စာ တကယ်တော်ပါတယ်အေ”

ချန်ချင်းယွီ : “…… အဲဒါက အဓိက အချက်မို့လို့လား”

ချိုက်မင်မင် : “ဒါပေမဲ့ နင်က မိန်းကလေးတစ်ယောက် ဖြစ်နေတာကို... ခရီးဝေးကြီး သွားရမှာ……”

ချန်ချင်းယွီ သဘောကျစွာ ရယ်မောရင်း

“ကျွန်မမှာ သတိဝီရိယ ရှိပါတယ်”

သူမသည် ချိုက်မင်မင်အား ဤအကြောင်းအရာများကို ပြောပြခြင်းမှာ ပထမအချက်အနေဖြင့် ရှောင်ကျားနှင့် ရှောင်ယွမ်တို့ ကြားသိစေရန် ဖြစ်ပြီး၊ ဒုတိယအချက်အနေဖြင့် ချိုက်မင်မင်တွင် ဤကဲ့သို့သော စိတ်ကူးမျိုး ရှိ၊ မရှိ စမ်းသပ်လိုခြင်း ဖြစ်၏။

သူမ တစ်ယောက်တည်းဆိုလျှင်လည်း ဘာကိုမျှ မကြောက်ရွံ့သည့်တိုင် နှစ်ယောက်ဆိုပါက သေချာပေါက် ပို၍ အဆင်ပြေမည်။

သို့သော်လည်း သူမသည် စကားအဖြစ်သာ စကားစပ်မိ၍ ပြောဆိုခြင်း ဖြစ်ပြီး၊ အကယ်၍ ချိုက်မင်မင် စိတ်မဝင်စားပါက ရှေ့ဆက်၍ အများကြီး ပြောဆိုတော့မည် မဟုတ်ပေ။

သူမ ဝေ့ဝဲကြည့်လိုက်ရာ ရှောင်ကျားနှင့် ရှောင်ယွမ်တို့နှစ်ဦးစလုံး နားစွင့်၍ ခိုးနားထောင်နေကြသည်ကို တွေ့ရ၏။

ချန်ချင်းယွီ ဆက်လက်၍

“အကယ်၍ ခရီးထွက်ဖို့ ပြင်ဆင်ရင်တော့ ကျွန်မ သေချာပေါက် အစီအစဉ်တွေ အကုန်ဆွဲထားမှာပါ၊ မျက်နှာပျက်စရာ ကိစ္စလားဆိုတာကိုတော့ ကျွန်မ တကယ်ကို အများကြီး မတွေးထားပါဘူး၊ ကိုယ့်လုပ်အားနဲ့ကိုယ် ချမ်းသာအောင် လုပ်တာ ဘာရှက်စရာ ရှိလို့လဲ၊ ဟို အရှုပ်အထွေးလုပ်တဲ့သူတွေ၊ ချွေးမကို နှိပ်စက်တဲ့သူတွေ၊ မိန်းမကို ရိုက်နှက်တဲ့သူတွေတောင် တစ်ယောက်မှ မရှက်မကြောက် နေနိုင်ကြသေးတာပဲ၊ ကျွန်မက ဘာကို ရှက်နေရမှာလဲ… အနည်းဆုံးတော့ ကျွန်မလုပ်နေတာက နိုင်ငံတော်ရဲ့ မူဝါဒနဲ့ ကိုက်ညီနေတာပဲဥစ္စာ… ပြီးတော့ ဘယ်သူ အကျိုးအမြတ်ရလဲဆိုတာ ရတဲ့သူပဲ သိတာပေါ့၊ ကြည့်ဦး... ရှောင်ထောင်းတို့က သူတစ်ပါးရဲ့ ထူးဆန်းတဲ့ အကြည့်တွေကို အောင့်အီးပြီး တက်တက်ကြွကြွ လုပ်နေကြတာကို ကြည့်ရင် သေချာပေါက် ငွေရလို့ဆိုတာ သိသာတာပဲ”

ဤအချက်ကိုမူ ချိုက်မင်မင် သိရှိပေသည်။ အဘယ်ကြောင့်ဆိုသော် တောတောင် ဒေသထွက်ပစ္စည်းအချို့၏ အရင်းအနှီးဈေးနှုန်းကို သူမ သိရှိသောကြောင့်တည်း။

သူ့တွင် ကားငှားခများ ရှိနေဦးမည်၊ နောက်ပိုင်းတွင် လှော်ရသည့် စရိတ်စကများ ရှိနေဦးမည် ဆိုသော်လည်း ငွေရရှိသည်မှာ အမှန်ပင် ဖြစ်၏။

“ဒါကိုတော့ ငါသိပါတယ်၊ ငါက နင့်ကိုပဲ စိတ်မချလို့ပါ”

ချန်ချင်းယွီ : “ဘာမှမဖြစ်ပါဘူး၊ လောလောဆယ် စီမံကိန်းပဲ ဆွဲထားရသေးတာ၊ အသေးစိတ်ကိုတော့ နောက်ထပ် ရက်အနည်းငယ်လောက် စောင့်ကြည့်ရဦးမှာပါ”

ချိုက်မင်မင်က “နင့်သတ္တိကတော့ တကယ့်ကို ကြီးမားလွန်းတယ်”

သူမ မချီးကျူးဘဲ မနေနိုင်တော့ချေ။

ချန်ချင်းယွီ : “အတော်အသင့်ပါပဲ... ကျွန်မကတော့ အတော်လေး ပုံမှန်ပဲလို့ ထင်ပါတယ်”

လူတိုင်း တစ်လမ်းလုံး စကားစမြည် ပြောဆိုလာကြရာ အိမ်သို့ ရောက်ရှိချိန်တွင် ဆယ်နာရီကျော်သွားခဲ့ပြီ ဖြစ်သည်။

အဘွားကြီးကျောက် : “ချွေးမ... နင် တောင်ပိုင်းကို သွားချင်လို့လား”

ချန်ချင်းယွီ ခေါင်းငြိမ့်ပြကာ

“ဟုတ်ကဲ့၊ အမေ... အဝတ်အထည်တွေ သွားယူပြီး ပြန်လာရောင်းမလို့”

“ဟင်... အဲဒီလို လုပ်လို့ရလို့လား”

“မရစရာ ဘာရှိလဲ… အကယ်၍ ကျွန်မ အပြင်ထွက်သွားရင် အိမ်က ကိစ္စတွေကိုတော့ အမေပဲ ပိုပြီး စီမံခန့်ခွဲပေးရလိမ့်မယ်၊ ရှောင်ကျားနဲ့ ရှောင်ယွမ်တို့ကိုလည်း အမေ သေသေချာချာ ဂရုစိုက်ပေးရမယ်နော်”

အဘွားကြီးကျောက် : “ဒါကိုတော့ ငါသိပါတယ်”

သူမသည် ချန်ချင်းယွီကို လုံးဝ တားဆီးခြင်း မရှိပေ။

ဟာသပဲ... ချန်ချင်းယွီက တစ်စုံတစ်ရာ ဖြစ်သွားမယ် ဟုတ်လား….ကျွန်မကတော့ သူများအတွက်ပဲ စိုးရိမ်မိတယ်အေ…

သူတစ်ပါး သူမကို လာရောက်ရန်စလျှင် မည်သူ ဒုက္ခရောက်သွားမည်ဆိုသည်မှာ မသေချာလှပေ။ချန်ချင်းယွီသည် တိုက်ခိုက်ရေးစွမ်းရည် မြင့်မားရုံသာမက သူမသည် အလွန်လည်း သတိဝီရိယ ရှိလှပေသည်။

ဤနှစ်များအတွင်း သူမသည် ကလေးငယ်များကို ပုံပြင်ပြောပြရာတွင် လူလိမ်လူကောက်များ၏ လှည့်ကွက်ပေါင်းစုံအား မည်မျှလောက် ပြောပြခဲ့ဖူးသည်ကို မရေမတွက်နိုင်ပေ။

ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် ငယ်စဉ်ကတည်းက အမှန်တရားများစွာကို သိရှိထားကြသဖြင့် အလွန်တရာ ပါးနပ်လှကြ၏။

ဤအဘွားကြီးပင်လျှင် အများကြီး သင်ယူခဲ့ရသေးသည်။

ပုံပြင်ပြောပြသူဖြစ်သော ချန်ချင်းယွီသည် ထိုကဲ့သို့သော လှည့်ကွက်လေးများဖြင့် အလှည့်စားခံရပါ့မည်ဆိုပါက~~

ချီးစားပြောတောင် မယုံဘူး….

ထို့ပြင် သူမ၏ ကိုယ်ခံပညာ အစွမ်းအစနှင့်ဆိုလျှင် ယောကျာ်းရင့်မကြီးများကိုပင် ခွေးတစ်ကောင်ကဲ့သို့ အရိုက်ခံရအောင် လုပ်နိုင်စွမ်းရှိသဖြင့် လုံးဝ စိုးရိမ်စရာ မလိုချေ။

“နင် တကယ်ပဲ သွားချင်တယ်ဆိုရင်တော့ ငါ မတားပါဘူး။ ဒါပေမဲ့ ရှောင်ကျားနဲ့ ရှောင်ယွမ်တို့ဘက်ကတော့……”

“ကျွန်တော်တို့က မေမေ့စကားကိုပဲ နားထောင်မှာပါ”

ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် ဝင်းထဲတွင် မျက်နှာသစ်၊ သွားတိုက်နေကြရင်းမှ အခန်းတံခါးဝသို့ ခေါင်းပြူဝင်လာကြသည်။

“မေမေက အိမ်ဦးစီးပဲ... ကျွန်တော်တို့ အားလုံး မေမေ့စကားကို နားထောင်မယ်”

ကလေးငယ်နှစ်ဦးမှာ ချန်ချင်းယွီ ထင်ထားသည်ထက်ပင် ပိုမို၍ စကားပြောရ အဆင်ပြေလှသဖြင့် သူမ ငယ်စဉ်ကတည်းက ပျိုးထောင်လာခဲ့ရသော ကလေးငယ်များ ဖြစ်ကြသည့်အတိုင်းပင်….

တော်လှပေစွ…

ချန်ချင်းယွီ ပြုံးလိုက်ပြီး ကလေးငယ်နှစ်ဦး၏ ခေါင်းကို ပွတ်သပ်ပေးရင်း

“မေမေက သားတို့ လိမ္မာမှန်း သိပြီးသားပါ”

“မေမေ ငွေရှာလို့ရရင် သားတို့အတွက် အိမ်ကြီးကြီးတစ်လုံး လဲပေးမယ်နော်”

ရှောင်ကျား : “မေမေ... ကျွန်တော်တို့ အိမ်ကြီးကြီးထဲမှာ နေရတာ၊ မနေရတာက အရေးမကြီးပါဘူး၊ မေမေ ဘေးကင်းဖို့က အဓိကပါ”

ရှောင်ယွမ် ဘေးမှ ခေါင်းငြိမ့်ပြကာ

“မေမေ ဘေးကင်းတာက ဘာထက်မဆို ပိုကောင်းပါတယ်”

ချန်ချင်းယွီ လေးနက်စွာဖြင့် ပြန်ဖြေကာ

“ဟုတ်ပါပြီ”

“မေမေ သားတို့ကို အမှန်အတိုင်း ပြောပြမယ်... သူတစ်ပါးက မသိပေမဲ့ မင်းတို့အဘွားကတော့ သိတယ်၊ မေမေက အမှန်တော့ တကယ်ကို အစွမ်းထက်တာမို့ သားတို့ လုံးဝ စိတ်ချလို့ရတယ်”

ရှောင်ကျားနှင့် ရှောင်ယွမ်တို့တညီတညွတ်တည်း

“ကျွန်တော်တို့ သိပါတယ်၊ အကုန်သိပြီးသားပါ”

ချန်ချင်းယွီ မျက်ခုံးပင့်မိသွား၏။

ရှောင်ကျား : “မေမေ ကျွန်တော်တို့ကို နွေရာသီ ပျော်ပွဲစားတွေ၊ ဆောင်းဦး ပျော်ပွဲစားတွေ လိုက်ပို့တိုင်း အမြဲတမ်း အမဲလိုက်လို့ ရတတ်တယ်၊ သူများတွေဆို ဘာမှ မရကြဘူး”

ရှောင်ယွမ် : “မေမေက ကျောက်တုံးကြီးတွေကို အလွယ်တကူပဲ ဘေးကို ဖယ်ထုတ်ပစ်နိုင်တာ၊ သမီးရဲ့ ခွန်အားက ဒီလောက်ကြီးတာတောင်မှ ကိုကိုနဲ့ နှစ်ယောက်ပေါင်းတာတောင် မေမေ့ကို မယှဉ်နိုင်ဘူး… မေမေက တကယ့်ကို အစွမ်းထက်တာ”

ချန်ချင်းယွီ ထပ်မံ၍ ရယ်မောမိသွားကာ

“မင်းတို့လေးတွေ တော်တော်လေးကို အကဲခတ် စေ့စေ့စပ်စပ် ရှိကြတာပဲ”

ကလေးငယ်နှစ်ဦးသည် ချန်ချင်းယွီ၏ ဘေးသို့ တိုးကပ်လာပြီး

“ဘာလို့လဲဆိုတော့ မေမေက ကျွန်တော်တို့ရဲ့ မေမေ ဖြစ်နေလို့ပေါ့”

ရှောင်ယွမ် အသံတိုးတိုးဖြင့်

“သမီး သိသေးတယ်... မေမေ တကယ်လို့ ငါးမျှားလို့ နည်းနည်းပဲ ရရင် တခြားနေရာကနေ ဝယ်လာတတ်တယ်ဆိုတာ……”

ချန်ချင်းယွီ မျက်ခုံးပင့်လိုက်မိပြီး၊ ကလေးငယ်နှစ်ဦးမှာ အမှန်ပင် ဉာဏ်ပြေး၍ မျက်စိလျင်လှသည်ဟု စိတ်ထဲမှ တွေးလိုက်မိသည်။

သူတို့ ကျောင်းမတက်မီ ချန်ချင်းယွီသည် သူတို့ကို နေရာအနှံ့ ခေါ်ဆောင်သွားလေ့ရှိ၏။ သို့သော်လည်း မူကြိုကျောင်း တက်ပြီးနောက်ပိုင်းတွင် လျော့နည်းသွားခဲ့ပြီး၊ ယခု နှစ်နှစ်အတွင်း သူတို့ ကျောင်းတက်နေကြသဖြင့် သူမ သူတို့ကို ခေါ်မသွားတော့ပေ။သို့သော်လည်း သူတို့ ငယ်စဉ်က အကြောင်းအရာများကို မှတ်မိနေကြဆဲ ဖြစ်သည်။

သို့တိုင် သူမ လေးနက်စွာဖြင့် မှားကြားလိုက်၏။

“ဒီစကားတွေကို အပြင်မှာ သွားပြီး လျှောက်မပြောရဘူးနော်”

“မေမေ စိတ်ချပါ... ကျွန်တော်တို့က အကျိုးအကြောင်း မသိတဲ့ မိုက်မဲတဲ့ကလေးတွေ မဟုတ်ပါဘူး”

“ဟုတ်ပါတယ်”

ချန်ချင်းယွီသည် ကလေးငယ်နှစ်ဦးကို တို့ထိလိုက်ပြီး တီးတိုးဖြင့်

“အချို့သော ကိစ္စတွေကို... မင်းတို့ နောက်ထပ် နည်းနည်းလောက် ကြီးလာရင် မေမေ အသေးစိတ် ပြောပြမယ်၊ အခုတော့ မင်းတို့ ငယ်လွန်းသေးလို့ မေမေပြောပြရင်တောင် နားလည်ချင်မှ နားလည်မှာ။ အခုတော့ ဘာမှမသိသလိုပဲ နေကြပေါ့၊ မေမေ့စကားကို လိမ်လိမ်မာမာ နားထောင်ပြီး ပျော်ရွှင်စွာ ကြီးပြင်းလာကြ၊ ကျန်တာတွေကို ဂရုစိုက်စရာ မလိုဘူး”

“ဟုတ်ကဲ့ပါ”

ကလေးငယ်နှစ်ဦးမှာ လေးနက်စွာ ခေါင်းငြိမ့်ပြကြ၏။

ချန်ချင်းယွီသည် စိတ်သက်သာရာရစွာဖြင့် ပြုံးလိုက်မိသည်။

ဒီလောက် လိမ္မာသွက်လက်တဲ့ ကလေးလေးတွေက သူ့မိသားစုက ကလေးလေးတွေတဲ့လေ… ကြည့်ပါဦး…

သူမကတော့ ကလေးပြုစုပျိုးထောင်တဲ့နေရာမှာ ဘယ်လောက်တော်လိုက်လဲ… အမယ်လေး ကျွမ်းကျင်လှချည်လား…

All Chapters