← Chapters

အခန်း ၂၂၀၁

Vol. 137 Ch. 2201

အခန်း ၂၂၀၁

Vol. 137 Ch. 2201

အခန်း (၂၂၀၁) ဝမ်ချောင်ပေါ်ထွက်လာပြီး၊ ဂူကောင်းကင်အဆင့် တိုက်ပွဲ

"ငါ့ အမိန့်ကို ထုတ်ပြန်လိုက်၊ ရွဲလော့ဟယ်တပ်ဖွဲ့ ကို ထွက်တိုက်ခိုင်းလိုက်တော့"

အန်းလုရှန်း၏ အသံနှင့်အတူ အမိန့်တစ်ခုမှာ အနောက်တန်းသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့ပြီး၊ မည်သည့် လှုပ်ရှားမှုမျှ မရှိဘဲ ရုပ်တုများအလား ငြိမ်သက်နေခဲ့သော ရွဲလော့ဟယ်သုံးသောင်းကျော်မှာ ချက်ချင်းပင် နိုးထလာသည့်အလား ဖြစ်သွားခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းသော သေခြင်းတရား၏ အရှိန်အဝါများမှာ သူတို့၏ ကိုယ်ပေါ်မှနေ၍ လျင်မြန်စွာ ပေါက်ကွဲထွက်ပေါ်လာကာ ပင်လယ်လှိုင်းကြီးများအလား အရပ်မျက်နှာ အားလုံးသို့ လွှမ်းခြုံသွားတော့သည်။

ထိုအခိုက်အတန့်၌ ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားခဲ့ပြီး ကြီးမားကျယ်ပြန့်လှသော မြေကြီးပင်လျှင် ဤရွဲလော့ဟယ်သုံးသောင်း၏ ကိုယ်တွင်းရှိ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားများကို မခံနိုင်တော့သည့်အလား ဖြစ်နေတော့သည်။

ဝုန်းခနဲ မြည်သံနှင့်အတူ တပ်ဖွဲ့ကြီး၏ အရှေ့ဆုံးတွင် ခန္ဓာကိုယ် တောင့်တင်းခိုင်မာပြီး မျက်လုံးများ နီရဲနေသော ရွဲလော့ဟယ်ခေါင်းဆောင်မှာ မျက်ဝန်းများ လှုပ်ရှားသွားခဲ့ပြီး တောင်ကျရေများအလား ရှေ့သို့ ရုတ်တရက် တဟုန်ထိုး ခုန်ထွက်သွားတော့သည်။ ဤရိုးရှင်းလှသော လှုပ်ရှားမှုလေးနှင့်အတူ အနောက်ဘက်တွင် ပြည့်နှက်နေသော ရွဲလော့ဟယ်စစ်သည်များမှာလည်း အနောက်မှနေ၍ တဟုန်ထိုး ပြေးထွက်လာကြတော့သည်။

အစွမ်းထက်လှသော ရွဲလော့ဟယ်သုံးသောင်းကျော်၏ ခန္ဓာကိုယ်များမှ ပေါက်ကွဲထွက်လာသော အရှိန်အဝါမှာ မီးတောင်ပေါက်ကွဲသည့်အလား ပြင်းထန်လှသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် စစ်မြေပြင်ပေါ်ရှိ နှစ်ဖက်စစ်သည် သန်းနှင့်ချီ၏ အရှိန်အဝါများကို လွှမ်းမိုးသွားတော့သည်။ ထုံလော့ သံချပ်ကာမြင်းတပ်၊ အန်ဂါရာ သံချပ်ကာမြင်းတပ်နှင့် ဝမ်ချောင်၏ ‘ကိုးကောင်းကင် ဆယ်ကမ္ဘာ နတ်ဘုရားနှင့် မိစ္ဆာ ချေမှုန်းရေး မဟာစစ်အစီအရင်’ တို့ပင်လျှင် ထိုအခိုက်အတန့်၌ လမင်းရှေ့မှ ပိုးစုန်းကြူးများအလား မှေးမှိန်သွားကြရသည်။

"ရွဲလော့ဟယ်"

တပ်ဖွဲ့ကြီးအတွင်း၌ ဝမ်ချောင်၏ လက်အောက်ရှိ အထက်တန်းလွှာ သံချပ်ကာမြင်းတပ် အများအပြားကို ဦးဆောင်နေသော စွန်ကျီမင်၏မျက်တောင်များ လှုပ်ခါသွားခဲ့ပြီး အဝေးဆီရှိ ကြောက်မက်ဖွယ် မြင်ကွင်းကို ကြည့်ရင်း မျက်နှာပေါ်၌ တုန်လှုပ်သော အမူအရာများ ပေါ်ထွက်လာတော့သည်။

အန်းလုရှန်း၏ လက်အောက်ရှိ အတော်ဆုံးသော ရွဲလော့ဟယ်တပ်ဖွဲ့မှာ ဝမ်ချောင်ဘက်တွင်မူ လျှို့ဝှက်ချက်တစ်ခု လုံးဝမဟုတ်ခဲ့ပါချေ၊ အဆင့်မြင့် ဗိုလ်ချုပ်များ အားလုံးနီးပါး သိရှိထားကြပြီး ဖြစ်သည်။

အစောကြီးကတည်းက ကြားသိထားခဲ့ပြီး ဖြစ်သည် ဆိုသော်ငြားလည်း၊ ထိုကြမ်းတမ်းပြီး ပြိုင်ဘက်ကင်းလှသော အရှိန်အဝါကြီးကို အမှန်တကယ် ခံစားလိုက်ရသည့်အခါမှသာ ဤ ရွဲလော့ဟယ်များမှာ သူ ယခင်က တွေးတောထားခဲ့သည်ထက် ပိုမိုကြောက်မက်ဖွယ် ကောင်းပြီး ပိုမိုအစွမ်းထက်နေကြောင်းကို စွန်းကျိမင် သတိပြုမိသွားတော့သည်။

ရွဲလော့ဟယ်တစ်ဦးချင်းစီတိုင်းက စွန်းကျိမင်ကို ပေးစွမ်းသော ခံစားချက်မှာ တပ်ဖွဲ့ အတွင်းရှိ ဗိုလ်ချုပ် တစ်ဦးနှင့် အဆင့်တူညီလုနီးပါးပင် ဖြစ်နေတော့သည်။

မြေကြီးများ တုန်ခါသွားခဲ့ပြီး ရွဲလော့ဟယ်များ၏ စစ်မြင်းများ နင်းချေမှုကြောင့် မြေပြင်ပေါ်ရှိ ထူထပ်လှသော နှင်းများမှာ ပေ ဆယ်ကျော်ခန့် အမြင့်သို့ လွင့်စင်ထွက်သွားခဲ့ရာ၊ နှင်းမြူများ ဖုံးလွှမ်းသွားပြီး ဤရွဲလော့ဟယ်များ၏ ပုံရိပ်များကို ဝေဝါးသွားစေကာ ပိုမို၍ရက်စက်ကြမ်းတမ်းပြီး ကြောက်မက်ဖွယ် ကောင်းသွားစေတော့သည်။

"သတိထား"

"ခံစစ် ပြင်ထားကြ"

အရပ်မျက်နှာ အားလုံးမှနေ၍ တောင်ပြိုသံ၊ ပင်လယ်လှိုင်းသံများအလား တဟုန်ထိုး ပြေးဝင်လာသော ရွဲလော့ဟယ်သုံးသောင်းကို မြင်တွေ့လိုက်ရသည့်အခါ ဝမ်ကျုံးစစ်၊ ကျန်းရှို့ကွေး၊ ပါဟရာမ်၊ အာပုစစ် အစရှိသော ဗိုလ်ချုပ်များ အားလုံးမှာလည်း မျက်နှာအမူအရာများ ပြောင်းလဲသွားကြရတော့သည်။

လူတိုင်း ယခင်က ရရှိထားခဲ့သော သတင်းအချက်အလက်များအရ အန်းလုရှန်း၏ လက်အောက်ရှိ ရွဲလော့ဟယ်အရေအတွက်မှာ အများဆုံး ငါးထောင်၊ ခြောက်ထောင်ခန့်သာ ရှိသည်။ သို့သော် ယခုကြည့်ရသည်မှာ ထိုထက် အဆများစွာ ပိုမိုများပြားနေတော့သည်။

‘ထုံလော့ စစ်သည် တစ်သောင်း မပြည့်ဘူး၊ တစ်သောင်း ပြည့်ရင် မတိုက်နဲ့’ ဟူသော စကားအတိုင်း ယခင်က ထုံလော့ သံချပ်ကာမြင်းတပ်များမှာ တစ်သောင်းမျှဖြင့် တစ်လောကလုံး၌ ကျော်ကြားခဲ့ဖူးသည်။ လက်ရှိ ရွဲလော့ဟယ်များမှာမူ ထုံလော့ သံချပ်ကာမြင်းတပ် များထက်ပင် အစွမ်းပိုထက်ပြီး အရေအတွက်လည်း ပိုများနေသေးရာ၊ ဤအရာက လူတိုင်း၏ ရင်ထဲ၌ ပြင်းထန်လှသော ခြိမ်းခြောက်မှုကြီးတစ်ခုကို ခံစားလိုက်ရစေတော့သည်။

"နောက်ဆုံးတော့ ထွက်လာပြီပေါ့"

ဝမ်ချောင်သည် လေထဲတွင် ရပ်တန့်နေလျက် ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းကာ ပင်လယ်လှိုင်းသံများအလား တဟုန်ထိုး ပြေးဝင်လာသော ရွဲလော့ဟယ်များကို ကြည့်ရင်း မျက်ဝန်းထဲ၌ စူးရှလှသော အလင်းတန်း တစ်ချက် လက်သွားတော့သည်။

ရွဲလော့ဟယ်…

ဝမ်ချောင်၏ရင်ထဲတွင်မူ ၎င်းတို့ကို တစ်ဝက်ကျူးကျော်သူတွေဟု ခေါ်ဆိုလိုပေသည်။

ဤစစ်ပွဲကြီးတွင် စုဆောင်းထားသော စစ်သည် သန်းနှင့်ချီ ဖြစ်စေ၊ ကိုးကောင်းကင် ဆယ်ကမ္ဘာ နတ်ဘုရားနှင့် မိစ္ဆာ ချေမှုန်းရေး မဟာစစ်အစီအရင်ဖြစ်စေ၊ အားလုံးမှာ ဝမ်ချောင်အနေဖြင့် သာမန် စစ်ပွဲများအတွက် ပြင်ဆင်ထားခဲ့ခြင်းသာ ဖြစ်သည်။ သူ အမှန်တကယ် အလေးထား ဂရုစိုက်နေသည်မှာ အမည်းရောင်ဝတ်စုံဝတ် အဖွဲ့အစည်းနှင့် အန်းလုရှန်းတို့ ဖန်တီးထားသော ဤတခြားကမ္ဘာကျူးကျော်သူများ တစ်ဝက် ပါဝင်သည့် တပ်ဖွဲ့ကြီးကိုပင် ဖြစ်တော့သည်။

ဝမ်ချောင် ရပ်နေသော နေရာမှနေ၍ လှမ်းကြည့်လိုက်မည်ဆိုပါက ရွဲလော့ဟယ်စစ်သည် သုံးသောင်း ထွက်ပေါ်လာပြီး မတိုက်ခိုက်ရသေးမီ အချိန်မှာပင်၊ အလွန်အမင်း ပြင်းထန်လှသော သတ်ဖြတ်လိုသည့် အရှိန်အဝါများနှင့် သေခြင်းတရား၏ အရှိန်အဝါများမှာ စစ်မြေပြင်တစ်ခုလုံးရှိ မရေမတွက်နိုင်သော စစ်မြင်းများကို ထိတ်လန့်တကြား ဟီသွားစေခဲ့ပြီး၊ ဟီးခနဲ မြည်သံများမှာ အရပ်မျက်နှာ အားလုံးမှနေ၍ ထွက်ပေါ်လာကာ ဝမ်ချောင်၏ ကိုးကောင်းကင် ဆယ်ကမ္ဘာ နတ်ဘုရားနှင့် မိစ္ဆာ ချေမှုန်းရေး မဟာစစ်အစီအရင်ကိုပင် သက်ရောက်မှု ရှိသွားစေတော့သည်။

ဤရွဲလော့ဟယ်သုံးသောင်း၏ခွန်အားကို သံသယဖြစ်ဖွယ် မလိုပါချေ၊ သို့သော် ဤ တပ်ဖွဲ့ကြီး အမှန်တကယ် ထွက်ပေါ်လာသည့် အချိန်ရောက်မှသာ ဝမ်ချောင်၏ရင်ထဲ၌ တည်ငြိမ်သွားခဲ့ပြီး ကျောက်တုံးကြီး တစ်တုံးကို ချလိုက်ရသကဲ့သို့ ပေါ့ပါးသွားရတော့သည်။

စစ်ပွဲများတွင် ဝမ်ချောင်သည် အစွမ်းထက်သော နည်းလမ်းများ ရှိသည့် ပြိုင်ဘက်များကို တစ်ခါမျှ မကြောက်ရွံ့ခဲ့ဖူးပါချေ။ သူ အမှန်တကယ် ဂရုစိုက်နေသည်မှာ တစ်ဖက်လူ၏ ဖုံးကွယ်ထားသော လျှို့ဝှက်နည်းလမ်းများကိုသာ ဖြစ်သည်။

ဤအတွေးများမှာ ဦးနှောက်ထဲ၌ ဖြတ်ပြေးသွားခဲ့ပြီး လျင်မြန်စွာပင် ဝမ်ချောင်သည် ပြန်လည်တည်ငြိမ်သွားတော့သည်။ သူ၏အကြည့်များ လှုပ်ရှားသွားခဲ့ပြီး ကောင်းကင်ယံသို့ လျင်မြန်စွာ လှမ်းကြည့်လိုက်တော့သည်။

မြေပြင်ပေါ်တွင် သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်နေလျက် တဟုန်ထိုး ပြေးဝင်လာသော ရွဲလော့ဟယ်တပ်ဖွဲ့ကြီး နှင့် နှိုင်းယှဉ်ပါက ကောင်းကင်ယံတွင် ပိုမိုနီးကပ်လာသော ခြိမ်းခြောက်မှုကြီး တစ်ခု ရှိနေသေးသည်။

ကောင်းကင်ယံတွင် လျှပ်စီးများ လက်ကာ မိုးချုန်းသံများ ထွက်ပေါ်လာခဲ့ပြီး တလိမ့်လိမ့် ထွက်ပေါ်နေသော တိမ်မည်းများ အကြား၌ အစွမ်းထက်လှသော ဟင်းလင်းပြင် တုန်ခါမှုကြီးတစ်ခု ပျံ့နှံ့လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ တစ်ခုမှာ ဝမ်ချောင်၏ အာရုံခံနိုင်စွမ်း အတွင်းသို့ ရောက်ရှိလာတော့သည်။

ထိုက်ရှီ….

လအနည်းငယ် ကြာပြီးနောက် ဤ နတ်ဘုရား အဖွဲ့အစည်းမှ ထိုက်မျိုးဆက် အစွမ်းထက် သိုင်းပညာရှင်မှာ လေဟာနယ်ကို ဖြတ်ကျော်လျက် ထပ်မံထွက်ပေါ်လာခဲ့ပြီး၊ အရှေ့မြောက်ဘက်ဒေသရှိ ဤအပြင်းထန်ဆုံးသော စစ်မြေပြင်တွင် သူ၏ အစစ်အမှန် ရုပ်သွင် ကို ပြသလာတော့သည်။

မြို့တော်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲနှင့် နှိုင်းယှဉ်ပါက ထိုက်ရှီ၏ အရှိန်အဝါမှာ သိသာထင်ရှားသော အပြောင်းအလဲ အချို့ ဖြစ်ပေါ်နေတော့သည်။

"တကယ်ပဲ အသက်ပြင်းတာပဲ"

ဝမ်ချောင်က လက်သီးကို အနည်းငယ် တင်းတင်းဆုပ်လိုက်ပြီး မျက်ဝန်းထဲ၌ ရက်စက်ကြမ်းတမ်းသော အလင်းတန်းတစ်ချက် လက်သွားတော့သည်။

"ဒါပေမဲ့ ဒီတစ်ခါတော့ အရင်ကလောက် ကံကောင်းတော့မှာ မဟုတ်ဘူး"

နတ်ဘုရား အဖွဲ့အစည်း၏ နည်းလမ်းများမှာ နတ်ဘုရားများအလား ခန့်မှန်းရ ခက်ခဲလှပြီး အဆုံးအစမရှိ ပေါ်ထွက်လာတတ်ပေသည်။ မြို့တော်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ ထိုက်ရှီမှာ စစ်အစီအရင်၏ ပေါက်ကွဲမှုကြောင့် ကိုယ်ခန္ဓာ ပျက်စီးသွားခဲ့ပြီး ဝိညာဉ် တစ်စသာ ကျန်ရစ်ခဲ့သည်။ သို့သော် လအနည်းငယ် ကြာပြီးနောက် သူသည် ကိုယ်ခန္ဓာ အသစ်ကို ပြန်လည် ဖန်တီးနိုင်ခဲ့ပြီး မူလအတိုင်း ပြန်လည်ကောင်းမွန်လာကာ ခွန်အားများ အားလုံးလည်း အထွတ်အထိပ်သို့ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ဤကဲ့သို့သော နည်းလမ်းမျိုးကို တစ်ခါမျှ မကြားဖူးခဲ့ပါချေ၊ သရဲတစ္ဆေများအလား အလွန်ပင် အံ့ဩစရာ ကောင်းလှပေသည်။

ဝမ်ချောင်ပင်လျှင် ရင်ထဲ၌ နက်ရှိုင်းလှသော စိုးရိမ်ကြောက်ရွံ့မှုများ မသိစိတ်ဖြင့် ပေါ်ထွက်လာတော့သည်။

ထိုက်ရှီပြသလိုက်သော စွမ်းရည်များအရ သူ့ကို အစအနမကျန် အလုံးစုံ သတ်ဖြတ်ပစ်နိုင်ခြင်းမရှိပါက၊ သူသည် အကန့်အသတ်မရှိ ပြန်လည်ရှင်သန်နိုင်လိမ့်မည်ဟု ထင်ရပေသည်။ ဤအရာမှာ ဝမ်ချောင်နှင့် မဟာထန်အတွက် အလွန်ပင် ကြီးမားလှသော ခြိမ်းခြောက်မှုကြီးတစ်ခုဖြစ်ပြီး အဆုံးအစမရှိသော ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပေသည်။

"ကောင်လေး... မြို့တော် တိုက်ပွဲတုန်းက မင်းက ဒီနတ်ဘုရားရဲ့ ကိုယ်ခန္ဓာကို ဖျက်ဆီးရဲတယ်ပေါ့၊ အခု မင်းကို ကာကွယ်ပေးမယ့် စစ်အစီအရင်လည်း မရှိတော့ဘူးဆိုတော့ ဒီနတ်ဘုရားက မင်းကို အပိုင်းပိုင်း ဆုတ်ဖြဲပြီး အရိုးတွေကို အမှုန့်ကြိတ်ပစ်မယ်"

"ပြီးတော့ မင်း ခေါ်လာတဲ့ ဒီတပ်ဖွဲ့တွေကိုလည်း ဒီနတ်ဘုရားက လုံးဝဖျက်ဆီးပစ်မယ်၊ ဒါက နတ်ဘုရားတွေကို ဒေါသထွက်အောင် လုပ်တဲ့ နောက်ဆက်တွဲ ရလဒ်ပဲ"

မိုးကြိုးတိမ်တိုက်များ၏ အနက်ပိုင်းတွင် ထိုက်ရှီက လေဟာနယ် အတွင်း၌ မတ်မတ်ရပ်နေလျက်၊ သူ၏မျက်နှာသွင်ပြင်မှာ အစောကြီးကတည်းက လုံးဝပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူ၏ခန္ဓာကိုယ်မှာ ကြွက်သားများ အပြည့်အဝ ရှိနေပြီး မြင့်မားကာ ခန့်ညားထည်ဝါလှပေရာ၊ နတ်ဘုရားနှင့်မိစ္ဆာ နံရံဆေးရေး ပန်းချီများထဲမှ ထွက်ပေါ်လာသော နတ်ဘုရား တစ်ပါးအလား ဖြစ်နေသည်။ မရေမတွက်နိုင်သော မိုးကြိုးများမှာ သူ၏ကိုယ်ပတ်လည်တွင် ရစ်ပတ်နေကြပြီး သူ၏ကိုယ်ပေါ်တွင် ဆင်မြန်းထားသည်မှာလည်း ရှေးဟောင်း ရွှေရောင် နတ်ဘုရား သံချပ်ကာတစ်စုံ ဖြစ်ရာ ငရဲဘုံအလား ခန့်ညားထည်ဝါနေပြီး လူတိုင်း၏ ရင်ထဲ၌ ကြောက်ရွံ့မှုများကို ဖြစ်ပေါ်စေတော့သည်။

မျက်တောင်တစ်ခတ်အတွင်း ထိုက်ရှီက ညာဘက်လက်ကို ဆန့်ထုတ်လိုက်ရာ လက်ညှိုးနှင့် လက်ခလယ် အကြား၌ အမည်းရောင်မန္တန်အဆောင်တစ်ခု ချက်ချင်း ပေါ်ထွက်လာတော့သည်။

"နတ်ဘုရား သောင်းချီ၏ မိုးကြိုး ဒဏ်ခတ်မှု"

"ပျက်ကပ် ကျရောက်ခြင်း"

"ပျက်စီးခြင်းကင်းသော မိုးကြိုး အဆောင်... သွားစမ်း"

ထိုက်ရှီက လက်ဝှေ့ယမ်းလိုက်ရာ လက်ထဲရှိ အမည်းရောင်မန္တန်အဆောင်မှာ လေဟာနယ်ကို ဖြတ်ကျော်လျက် ချက်ချင်း ပျံသန်းသွားခဲ့ပြီး၊ မျက်တောင်တစ်ခတ်အတွင်း တောက်ပလှသော အပြာရောင် မိုးကြိုးလုံးကြီးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားတော့သည်။ အရပ်မျက်နှာ အားလုံးမှ အဆုံးအစမရှိသော မိုးကြိုး လျှပ်စီးများမှာလည်း ဆွဲဆောင်မှု တစ်ခုခုကို ခံလိုက်ရသည့်အလား ချက်ချင်းပင် အရပ်မျက်နှာ အသီးသီးမှနေ၍ စုစည်းလာကြပြီး၊ ထိုဖျက်ဆီးနိုင်စွမ်း ရှိသော မိုးကြိုး စွမ်းအားများမှာ ပျက်စီးခြင်းကင်းသော မိုးကြိုးအဆောင်၏ ခွန်အားကို မျက်တောင်တစ်ခတ်အတွင်း အထွတ်အထိပ်သို့ မြင့်တက်သွားစေတော့သည်။

အဝေးမှ လှမ်းကြည့်မည် ဆိုပါက စစ်မြေပြင် တစ်ခုလုံး၏ ကောင်းကင်ယံတွင် ဧရာမ ကျောက်ပျံကြီးတစ်ခု ပေါ်ထွက်လာသည့်အလား ဖြစ်နေတော့သည်။

ကောင်းကင်ဘုံ ၏ အရှိန်အဝါ။

ဤသည်မှာ စစ်မှန်သော ကောင်းကင်ဘုံ၏ အရှိန်အဝါပင် ဖြစ်တော့သည်။

သဘာဝတရားကြီး၏ စွမ်းအားအောက်တွင် စစ်သည် မည်မျှပင် များပြားနေပါစေ အလွန်ပင် သေးငယ်လွန်းလှပေသည်။

"အားးး"

ထိတ်လန့်တကြား အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပြီး ဤအခိုက်အတန့်၌ မဟာထန်မှ စစ်သည် သောင်းချီမှာ လုံးဝဖျက်ဆီးခံရတော့မည့် အန္တရာယ်ကြီး တစ်ခုကို ခံစားလိုက်ရတော့သည်။

ထိုမျက်စိကျိန်းမတတ် တောက်ပလှသော အပြာရောင် မိုးကြိုးအလင်းတန်းကြီး၏ ရှေ့တွင် လူတိုင်းမှာ ပုရွက်ဆိတ်များအလား အလွန်ပင် သေးငယ်လွန်းလှပေသည်။

ထို့ပြင် ထိုတောက်ပလှသော မိုးကြိုး အလင်းတန်းကြီးက တောင်ဘက်ရှိ သံမဏိခံတပ်နှင့် မဟာထန်၏ စစ်ပွဲ ခံစစ်မျဉ်းကို ပစ်မှတ်ထားနေကြောင်း လူတိုင်း မြင်တွေ့နိုင်ပေသည်။ အကယ်၍ ဤ မိုးကြိုး အလင်းတန်း ကြီးကိုသာ ကျရောက်ခွင့် ပေးလိုက်မည် ဆိုပါက မဟာထန်တပ်ဖွဲ့၏ တစ်ဝက်ကျော်ခန့်မှာ အမှုန့်ဖြစ်သွားရပေလိမ့်မည်။

"သေလိုက်ကြတော့ ပျက်စီးခြင်းကင်းသော မိုးကြိုး အဆောင်ရဲ့ခွန်အားကို ဘယ်သူကမှ မတားဆီးနိုင်ဘူး၊ ဒါက နတ်ဘုရားတွေကို ရိုသေမှု မရှိတဲ့ မင်းတို့လို သာမန် လူသားတွေကို နတ်ဘုရားတွေက ပေးတဲ့ ပြစ်ဒဏ်ပဲ"

စစ်မြေပြင်၏မြောက်ဘက်တွင် အေးစက်စက် ရယ်မောသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပြီး၊ နတ်ဘုရား အဖွဲ့အစည်းမှ ရှန့်ကုန်းအကြီးအကဲမှာ အဝေးဆီတွင် မတ်မတ်ရပ်နေလျက် နှုတ်ခမ်းထောင့်များတွင် အလွန်ပင် ရက်စက်ကြမ်းတမ်းသော အပြုံးတစ်ခု ပေါ်ထွက်နေတော့သည်။

ပျက်စီးခြင်းကင်းသော မိုးကြိုးအဆောင်မှာ တစ်ခါသုံး ပစ္စည်းတစ်ခု ဖြစ်သည်။ ကောလာဟလများအရ ၎င်းကို "ထျန်း"ကိုယ်တိုင် ဖန်တီးထားခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း သုံးခုသာ ရှိကာ၊ လောကရှိ မင်းဆက်များကို အပြစ်ပေးရန်နှင့် နတ်ဘုရား၏အရှိန်အဝါကို ပြသရန်အတွက် သီးသန့်အသုံးပြုခြင်း ဖြစ်သည်ဟု ဆိုကြသည်။

ထိုက်ရှီပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် ပျက်စီးခြင်းကင်းသော မိုးကြိုး အဆောင်ကို အသုံးပြုလိုက်ခြင်းမှာ ပြီးခဲ့သော မြို့တော်တိုက်ပွဲတွင် ဝမ်ချောင်က သူ၏ကိုယ်ခန္ဓာကို ဖျက်ဆီးပစ်ခဲ့သည့်ကိစ္စအပေါ် ရင်ထဲ၌ အလွန်အမင်း နာကျည်းနေခြင်းကြောင့် ဖြစ်ကြောင်း သိသာလှပေသည်။

ပျက်စီးခြင်းကင်းသော မိုးကြိုး အဆောင်၏စွမ်းအားမှာ အလွန်ပင် ကြီးမားလှပေရာ၊ ဤတစ်ခုတည်းဖြင့်ပင် စစ်ပွဲ၏အခြေအနေကို အဆုံးအဖြတ် ပေးနိုင်ပြီး ဤစစ်ပွဲကြီးကို အဆုံးသတ်နိုင်လောက်ပေသည်။

ဝုန်းခနဲ မြည်ဟည်းသံကြီးများနှင့်အတူ မိုးကြိုးများ တလိမ့်လိမ့် ထွက်ပေါ်လာခဲ့ပြီး လေစီးကြောင်းများ ပေါက်ကွဲထွက်ပေါ်လာသည်။ ထိုကျောက်ပျံကြီးအလား မိုးကြိုးလုံးကြီး၏အရှိန်မှာ အလွန်ပင် မြန်ဆန်လွန်းလှပေရာ ခဏတာ အချိန်တိုလေး အတွင်းမှာပင် လေဟာနယ်ကို ဖြတ်ကျော်လျက် မဟာထန်တပ်ဖွဲ့များ ရှိရာ အရပ်ဆီသို့ ပြင်းထန်စွာ ရိုက်ကျလာတော့သည်။

ထိုအခိုက်အတန့်၌ အချိန်များပင်လျှင် အဆများစွာ နှေးကွေးသွားသကဲ့သို့ ဖြစ်နေခဲ့ပြီး မရေမတွက်နိုင်သော လူများ၏မျက်လုံးထဲတွင် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့သော အမူအရာများ ပေါ်ထွက်နေတော့သည်။

"ကောင်လေး... မင်းရဲ့ကံကြမ္မာကို လက်ခံလိုက်တော့"

ထိုက်ရှီ၏ အေးစက်ပြီး ရက်စက်ကြမ်းတမ်းလှသော အသံကြီးမှာ ထိုကြီးမားကျယ်ပြန့်လှသော မိုးကြိုးလုံးကြီး၏ အနောက်ဘက်မှနေ၍ ထွက်ပေါ်လာခဲ့ပြီး၊ လူတိုင်း ရင်ဆိုင်ရမည့်ပျက်ကပ်ကို ကြေညာနေတော့သည်။

"ထိုက်ရှီ... မင်း တွေးတာ အရမ်း လွယ်ကူလွန်းနေတယ်"

အလွန်အရေးကြီးသည့် အချိန်လေး အတွင်းမှာပင် သံမဏိခံတပ်အတွင်းမှ ရုတ်တရက် ပေါ့ပါးလှသော ရယ်မောသံ တစ်ခု ထွက်ပေါ်လာတော့သည်။

"ငါက ဒီမှာ မင်းကို စောင့်နေတာ အရမ်း ကြာနေပြီ"

ထိုတိုးညှင်းသော အသံလေးမှာ မတိုးမကျယ်ဖြင့် လူတိုင်း၏ နားထဲသို့ ရောက်ရှိလာတော့သည်။

"ဝုန်း"

စကားသံ မဆုံးမီမှာပင် ဧရာမ အရှိန်အဝါကြီး တစ်ခုမှာ ရုတ်တရက် စစ်မြေပြင်ပေါ်ရှိ ထိပ်တန်း အစွမ်းထက် သိုင်းပညာရှင် အားလုံး၏ အာရုံခံနိုင်စွမ်း အတွင်းသို့ ရုတ်တရက် ပေါ်ထွက်လာတော့သည်။

ကြီးမားကျယ်ပြန့်လှသော စစ်မြေပြင်ကြီးပေါ်တွင် အခြားသူများ တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင်၊ ထိုပျက်စီးခြင်းကင်းသော မိုးကြိုးအဆောင်နှင့်အတူ ကောင်းကင်ယံ အနက်ပိုင်းမှနေ၍ ဆင်းသက်လာသော ထိုက်ရှီမှာ ချက်ချင်းပင် မျက်နှာအမူအရာ ပြောင်းလဲသွားတော့သည်။

"ဝမ်ချောင်"

မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်းမှာ ဝမ်ချောင်၏အရှိန်အဝါဖြစ်ကြောင်း သူ ချက်ချင်း မှတ်မိသွားတော့သည်။

ဤသည်မှာ သူ ဝမ်ချောင်နှင့် ပထမဆုံးအကြိမ် ဆုံတွေ့ဖူးခြင်း လုံးဝမဟုတ်ပါချေ၊ စစ်မြေပြင် တစ်ခုလုံးတွင် မြင်တွေ့နေရသည်မှာ "ဝမ်ချောင်" နှစ်ယောက်တည်း သာ ရှိနေသည် ဆိုသော်ငြားလည်း၊ ဤ ဝမ်ချောင်က သူ့ကို ပေးစွမ်းသော ခံစားချက်မှာ ယခင်ဝမ်ချောင်နှင့် လုံးဝ ကွဲပြားခြားနားနေတော့သည်။ ထိုသူ၏ကိုယ်ပေါ်တွင် ထိုက်ရှီသည် သူ့ကိုယ်သူနှင့် သိမ်မွေ့စွာ ဆက်စပ်နေသော ရင်းနှီးကျွမ်းဝင်သည့် အရှိန်အဝါ တစ်ခုကို ခံစားလိုက်ရတော့သည်။

"ဝုန်း"

လူတိုင်း တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် နောက်တစ်ခဏတွင် အလင်းတန်း တစ်ချက် လက်သွားခဲ့ပြီး ကြီးမားကျယ်ပြန့်လှသော သံမဏိခံတပ် အတွင်းမှနေ၍ လူရိပ်တစ်ခုမှာ သရဲတစ္ဆေ တစ်ကောင်အလား မြန်ဆန်စွာဖြင့် မျက်တောင်တစ်ခတ်အတွင်း ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံမှ ဆင်းသက်လာသော ကျောက်ပျံကြီးအလား မိုးကြိုးလုံးကြီးဆီသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။

ထိုလူရိပ် ပေါ်ထွက်လာသည့် တစ်ချိန်တည်းမှာပင် အလွန်လေးလံပြီး ခန့်ညားထည်ဝါလှသော အချိန်နှင့် ဟင်းလင်းပြင် စွမ်းအား ဖိအားကြီးတစ်ခုမှာ လူတိုင်း၏ အာရုံခံနိုင်စွမ်း အတွင်းသို့ မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိလာတော့သည်။

"အချိန်နှင့် ဟင်းလင်းပြင် စွမ်းအား…ဒါ မဖြစ်နိုင်ဘူး"

အဝေးဆီတွင် ရှန့်ကုန်းအကြီးအကဲမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး မျက်နှာပေါ်၌ မယုံကြည်နိုင်သော အမူအရာများ ပေါ်ထွက်နေတော့သည်။

စစ်မြေပြင်ပေါ်ရှိ လူတိုင်း တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် ဝုန်းခနဲ မြည်ဟည်းသံကြီးများနှင့်အတူ၊ သံမဏိခံတပ် အတွင်းမှ လျှပ်စစ်မီးပွင့်များအလား ထွက်ပေါ်လာသော ထိုလူရိပ်မှာ အထက်မှ ဆင်းသက်လာသော ကြောက်မက်ဖွယ်ကောင်းသည့် ဥက္ကာပျံကြီးအလား မိုးကြိုးအလင်းတန်းနှင့် ပြင်းထန်စွာ ဝင်တိုက်မိသွားတော့သည်။

ထိုအခိုက်အတန့်၌ ဝင်တိုက်မိသည့် အခြေအနေကို မည်သူကမျှ စကားလုံးဖြင့် ဖော်ပြနိုင်စွမ်း မရှိကြပါချေ။ ဝမ်ချောင်ပေါ်ထွက်လာသည့် အခိုက်အတန့်မှာပင် လေဟာနယ် တုန်ခါသွားခဲ့ပြီး ဧရာမ အချိန်နှင့် ဟင်းလင်းပြင် စွမ်းအား တစ်ခုမှာ ဝမ်ချောင်၏ကိုယ်တွင်းမှနေ၍ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

ထိုဧရာမ အချိန်နှင့် ဟင်းလင်းပြင် စွမ်းအားမှာ ကြီးမားကျယ်ပြန့်လှသော ရွှေနက်ရောင်ဟင်းလင်းပြင် အချိန်စက်ဝန်းကြီးများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ရေလှိုင်းဂယက်များအလား ဝမ်ချောင်ကို ဗဟိုပြုကာ အရပ်မျက်နှာ အားလုံးသို့ ပျံ့နှံ့သွားတော့သည်။

ပျက်စီးခြင်းကင်းသော မိုးကြိုးအဆောင်တွင် ပါဝင်သော ခွန်အားများမှာ တွေးတောရန်ပင် ခက်ခဲလောက်အောင် ကြီးမားကျယ်ပြန့်လှပေရာ၊ သန်းနှင့်ချီသော တပ်ဖွဲ့ကြီးများအတွက်ပင်လျှင် ကြီးမားလှသော ခြိမ်းခြောက်မှုကြီး တစ်ခု ဖြစ်နေဆဲပင် ဖြစ်သည်။ သို့သော် ဟင်းလင်းပြင် အချိန်ကို ထိန်းချုပ်နိုင်စွမ်း ရှိသော ဂူကောင်းကင်အဆင့်သိုင်းပညာရှင်များအတွက်မူ ခြိမ်းခြောက်မှု အတိုင်းအတာမှာ ထိုမျှလောက်အထိ ကြီးမားတော့မည် မဟုတ်ပါချေ။

******

All Chapters