အခန်း ၂၂၀၂
Vol. 137 Ch. 2202
အခန်း (၂၂၀၂) ဟင်းလင်းပြင် အချိန် အကျဉ်းထောင်
ဝမ်ချောင်သည် သူ၏အစွမ်းကုန် ခွန်အားကိုပင် အသုံးမပြုခဲ့ပါချေ။ ဝင်တိုက်မိသည့် အခိုက်အတန့်မှာပင် ဟင်းလင်းပြင် အချိန်၏ အနက်ပိုင်းသို့ ဆက်သွယ်ထားသော လမ်းကြောင်းများကို တစ်ခုပြီး တစ်ခု ဖွင့်လှစ်လိုက်ရာ၊ ထို ကြောက်မက်ဖွယ်ကောင်းသော ကျောက်ပျံကြီးအလား မိုးကြိုးစွမ်းအင်များ၏ တစ်ဝက်ကျော်ခန့်မှာ ထိုဟင်းလင်းပြင် အချိန် လမ်းကြောင်းများထဲသို့ စီးဝင်သွားခဲ့ပြီး ပြင်ပသို့ ထွက်သွားတော့သည်။ ကျန်ရှိနေသော စွမ်းအင်များမှာလည်း ဝမ်ချောင်၏ ထိန်းချုပ်မှုအောက်တွင် လွင့်စင် ပျောက်ကွယ်သွားခဲ့ပြီး ပုံသဏ္ဌာန်မဲ့ အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
လောကရှိ မင်းဆက်များကို ကိုင်တွယ်ရန် အသုံးပြုသော ခွန်အားများမှာ ဂူကောင်းကင်အဆင့်ပညာရှင်များကို အမှန်တကယ် ထိရောက်မှု ရှိချင်မှ ရှိနိုင်ပေမည်။
အလင်းတန်း တစ်ချက် လက်သွားခဲ့ပြီး ထိုကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်သော ပျက်စီးခြင်းကင်းသော မိုးကြိုး အဆောင်မှာ မြေပြင်နှင့် ပေ ထောင်နှင့်ချီ ကွာဝေးသောနေရာတွင် လုံးဝပျောက်ကွယ်သွားခဲ့ပြီး၊ တစ်ခါမျှ မပေါ်ထွက်ခဲ့ဖူးသည့်အလား ဖြစ်သွားတော့သည်။
ဤကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကြီးမှာ အလွန်မြန်ဆန်စွာ ရောက်ရှိလာခဲ့သလို အလွန်မြန်ဆန်စွာပင် ပျောက်ကွယ်သွားခဲ့ရာ၊ ထိုအခိုက်အတန့်၌ စစ်မြေပြင်တစ်ခုလုံးမှာ လုံးဝတိတ်ဆိတ် ငြိမ်သက်သွားတော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် မဟာထန်ဘက်မှနေ၍ တောင်ပြိုသံများအလား အားပေးအော်ဟစ်သံများ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာတော့သည်။
"မျိုးနွယ်ခြားဘုရင်"
"မျိုးနွယ်ခြားဘုရင်"
အားပေး အော်ဟစ်သံများမှာ ကောင်းကင်ယံအထိ ပဲ့တင်ထပ်သွားတော့သည်။
စစ်မြေပြင်၏ အရပ်မျက်နှာ အားလုံးရှိ မင်းဆရာဝမ်ကျုံးစစ်၊ထုံလော့ ဗိုလ်ချုပ် အာပုစစ်၊ ယခင် ယိုကျိုး ကာကွယ်ရေးဗိုလ်ချုပ် ကျန်းရှို့ကွေးနှင့် ဆမ်ဆာနစ် ဗိုလ်ချုပ်ပါဟရာမ် အစရှိသူများ အားလုံးမှာလည်း မျက်လုံးများ တောက်ပသွားခဲ့ပြီး ရင်ထဲ၌ သက်ပြင်းကြီး တစ်ခုကို ချလိုက်နိုင်ကြတော့သည်။
လူတိုင်းက ဝမ်ချောင်နှင့်အတူ တိုင်းပြည် တစ်ခုတည်းတွင် အမှုထမ်းနေကြသူများ ဖြစ်ကြပြီး၊ ဝမ်ချောင်နှင့် အလွန်ပင်ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေး ရှိကြသည် ဆိုသော်ငြားလည်း၊ ဝမ်ချောင်၏ ကိုယ်ပေါ်ရှိ ထိုလျှို့ဝှက်ချက်ကိုမူ လူတိုင်း လုံးဝမသိရှိကြပါချေ။
ဝမ်ချောင်တွင် ကိုယ်ပွား အများအပြား ရှိနေသည် ဆိုသော်ငြားလည်း လူတိုင်း၏ ရှေ့မှောက်တွင် ပေါ်ထွက်လာလေ့ ရှိသည်မှာ အမြဲတမ်း တစ်ခုတည်းသာ ဖြစ်သည်။ ဒုတိယမြောက် ဝမ်ချောင်ကိုပင်လျှင် ဝမ်ချောင်ပေါ်ထွက်လာသည့် အချိန်ရောက်မှသာ သူတို့ သိရှိခဲ့ကြရခြင်း ဖြစ်သည်။
လက်ရှိ တတိယမြောက် ဝမ်ချောင်ကိုမူ သူသည် သံမဏိခံတပ် အတွင်း၌ အမြဲတမ်း ရှိနေခဲ့သည် ဆိုသော်ငြားလည်း သူ၏တည်ရှိမှုကို မည်သူကမျှ မသိရှိခဲ့ကြပါချေ။
အကယ်၍ ဝမ်ချောင်သာ မရှိပါက ထိုက်ရှီပြသလိုက်သော ခွန်အားဖြင့် နောက်ဆက်တွဲ ရလဒ်များမှာ တွေးဝံ့စရာပင် မဟုတ်တော့ပါချေ။
"ကောင်လေး... မင်း သေချင်နေတာပဲ"
လေထဲတွင် ဧရာမ ဖျက်ဆီးခြင်း မိုးကြိုး အလင်းတန်း ကြီးမှာ ဝမ်ချောင်၏ မျက်တောင်တစ်ခတ်အတွင်း စုပ်ယူချေဖျက်ခြင်းကို ခံလိုက်ရသည်ကို မြင်တွေ့လိုက်ရသည့်အခါ အံ့ဩထိတ်လန့်ဆုံးသော သူမှာ ထိုက်ရှီပင် ဖြစ်တော့သည်။
မြို့တော် တိုက်ပွဲ တွင် ဝမ်ချောင်၏ ခွန်အားမှာ ထိုက်ရှီကဲ့သို့သော နတ်ဘုရားများအလား တည်ရှိနေသူ တစ်ဦးအတွက်မူ အလွန်ပင် သေးငယ်လွန်းလှပေသည်။ ဝမ်ချောင်အနေဖြင့် သူ၏ ကိုယ်ခန္ဓာကို ဖျက်ဆီးနိုင်ခဲ့ခြင်းမှာ ခေတ်အဆက်ဆက် ပြိုင်ဘက်ကင်း ဧကရာဇ်ကြီး လီထိုက်ယီ ချန်ရစ်ခဲ့သော ရှန်လျို မဟာစစ်အစီအရင်ကို အသုံးပြုနိုင်ခဲ့ခြင်းကြောင့်သာ ဖြစ်သည်။
တစ်နည်းအားဖြင့် ဆိုရလျှင် သူ၏ကိုယ်ခန္ဓာကို ခုတ်ပိုင်း ဖျက်ဆီးခဲ့သူမှာ ဝမ်ချောင်လုံးဝ မဟုတ်ဘဲ သေဆုံးသွားခဲ့ပြီ ဖြစ်သော လီထိုက်ယီသာ ဖြစ်ပေသည်။
သို့သော် ‘သုံးရက်ခန့် ကွဲကွာသွားရုံဖြင့် အမြင်သစ်ဖြင့် ပြန်လည်အကဲခတ်ရပေမည်’ ဆိုသည့်အတိုင်း၊ သူ မည်သို့မျှ မထင်မှတ်ထားခဲ့သည်မှာ လအနည်းငယ်လေး အတွင်းမှာပင် ဝမ်ချောင်မှာ ဟင်းလင်းပြင် အချိန် စည်းမျဉ်းများကို နားလည် သဘောပေါက်သွားခဲ့ပြီး ဂူကောင်းကင်အဆင့်သို့ တက်လှမ်းသွားလိမ့်မည် ဟုပင်။
သို့သော် ဤသို့ ဖြစ်နေလင့်ကစား နှစ်ပေါင်း ထောင်နှင့်ချီ တည်ရှိနေခဲ့ပြီး ခေတ်ကာလ များစွာကို ဖြတ်သန်းလာခဲ့ကာ နတ်ဘုရား တစ်ပါးအလား အစွမ်းထက်လှသော တည်ရှိမှု တစ်ခုအနေဖြင့်၊ ထိုက်ရှီတွင် အစွမ်းထက်သော ယုံကြည်မှုများ အပြည့်အဝ ရှိနေဆဲပင် ဖြစ်သည်။ ဝမ်ချောင်မှာ ဂူကောင်းကင်အဆင့်သို့ ရောက်ရှိသွားသည် ဆိုလျှင်တောင်မှ သူ၏ ပြိုင်ဘက် လုံးဝ မဟုတ်သေးပါချေ။
"ဝုန်း"
ထိုက်ရှီက လက်သီး တစ်ချက်ကို ပြင်းထန်စွာ ထိုးချလိုက်ရာ နောက်တစ်ခဏတွင် ပေ ထောင်နှင့်ချီသော ပတ်လည် အတွင်း၌ ဟင်းလင်းပြင် အချိန်များ တုန်ခါသွားခဲ့ပြီး၊ အဖြူရောင်နှင့်ရွှေရောင်ဟင်းလင်းပြင် အချိန် စက်ဝန်းများမှာ တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို ပြည့်နှက်နေလျက် ဟာလာဟင်းလင်းပြင် တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။ သောင်းနှင့်ချီသော ဟင်းလင်းပြင် အချိန် စက်ဝန်း များတိုင်းတွင် ကြီးမားကျယ်ပြန့်လှသော ဟင်းလင်းပြင် အချိန် ဖျက်ဆီးခြင်း ခွန်အားများ ပါဝင်နေပြီး၊ ထိုဖြူစင်လှသော ဖျက်ဆီးနိုင်စွမ်း ရှိသည့် ခွန်အားများမှာ မည်သူ့ကိုမဆို ရင်ထဲ၌ ထိတ်လန့်သွားစေရန် လုံလောက်လှပေသည်။
ထိုက်ရှီ၏ မျက်ဝန်းထဲ၌ အေးစိမ့်လှသော အလင်းတန်းတစ်ချက် လက်သွားခဲ့ပြီး ကောင်းကင်ယံရှိ နေမင်းကြီးထက်ပင် ပိုမိုတောက်ပ လင်းလက်နေသော အဖြူရောင်နှင့်ရွှေရောင် ဟင်းလင်းပြင် အချိန် စက်ဝန်းများမှာ တစ်ခုပြီး တစ်ခု ဆက်တိုက်ဆိုသလို လျင်မြန်စွာ တဟုန်ထိုး ထိုးထွက်လာခဲ့ပြီး၊ သက်ရှိများအလား ဝမ်ချောင်ဆီသို့ ပြေးဝင်လာကြတော့သည်။
ဤအစစ်အမှန်များအလား ခိုင်မာနေသော ဟင်းလင်းပြင် အချိန် စက်ဝန်းများမှာ တစ်ခုပြီး တစ်ခု အဆက်မပြတ် တုန်ခါနေခဲ့ပြီး ကြီးလိုက်၊ သေးလိုက် ပြောင်းလဲကာ ဝမ်ချောင်၏ ခြေလက်များနှင့် ခန္ဓာကိုယ် ပတ်လည်သို့ ဝိုင်းရံလာကြတော့သည်။ ဤမျှသာမက ထိုက်ရှီ၏ စိတ်ဆန္ဒအရ ထိုကောင်းကင်ယံအပြည့် တဟုန်ထိုး ပြေးဝင်လာသော အဖြူရောင်နှင့်ရွှေရောင် ဟင်းလင်းပြင် အချိန် စက်ဝန်းများမှာ အရပ်မျက်နှာ အားလုံးတွင် သုံးဖက်မြင် အလင်းစက်ဝန်း မဟာစစ်အစီအရင်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ဝမ်ချောင်မှာ ထိုစစ်အစီအရင်၏ အလယ်ဗဟို၌ ရှိနေတော့သည်။
"ဆရာကြီး ရှေ့မှာ အစွမ်းပြနေတာပဲ"
ဝမ်ချောင်၏ တိုးတက်မှုမှာ အလွန်ပင် မြန်ဆန်လှသည် ဆိုသော်ငြားလည်း သူ ပြသလိုက်သော ခွန်အားများမှာ ဂူကောင်းကင်အဆင့်၏ အခြေခံအကျဆုံးသော ဟင်းလင်းပြင် အချိန် ထိန်းချုပ်မှု ခွန်အားများသာဖြစ်ရာ ထိုက်ရှီကဲ့သို့သော အတွေ့အကြုံ ရင့်ကျက်သည့် ဂူကောင်းကင်အဆင့် နှင့် နှိုင်းယှဉ်ပါက များစွာကွာဟနေသေးသည်။
ဟင်းလင်းပြင် အချိန် အကျဉ်းထောင်။
ဤသည်မှာ ထိုက်ရှီတစ်ဦးတည်း သီးသန့် ပိုင်ဆိုင်သော ဂူကောင်းကင်အဆင့် ခွန်အားဖြစ်ပြီး၊ သောင်းနှင့်ချီသော ဟင်းလင်းပြင် အချိန် စက်ဝန်းများဖြင့် ဟင်းလင်းပြင် အချိန် "အကျဉ်းထောင်" တစ်ခုကို ဖန်တီးကာ ဟင်းလင်းပြင် အချိန် စက်ဝန်း၏ ကြောက်မက်ဖွယ်ကောင်းသော အမှုန့်ဖြစ်သွားအောင် ကြိတ်ချေနိုင်စွမ်းနှင့် ခုတ်ပိုင်းနိုင်စွမ်းများကို အသုံးပြု၍ ပြိုင်ဘက်ကို လုံးဝအပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်နိုင်ပေသည်။ ဤသည်မှာ ထိုက်ရှီ၏ ဤတိုက်ခိုက်မှု၏ ကြောက်မက်ဖွယ် အကောင်းဆုံးသော အချက်ပင် ဖြစ်တော့သည်။
ထိုက်ရှီ၏ ဟင်းလင်းပြင် အချိန်အကျဉ်းထောင်ဖြင့် ဖမ်းဆီးခြင်း ခံလိုက်ရသော ပြိုင်ဘက်များမှာ နောက်ဆုံးတွင် အသားစလေး တစ်စမျှပင် ကျန်ရစ်တော့မည် မဟုတ်ပါချေ။
အချိန်နှင့် ဟင်းလင်းပြင် စွမ်းအားမှာ အလွန်ပင် ရှုပ်ထွေးလှပေရာ ဤမျှလောက် သေးငယ်သော နေရာလေးအတွင်း၌ ဟင်းလင်းပြင် အချိန်စက်ဝန်းများကို တိကျစွာ ထိန်းချုပ်နိုင်ရန်နှင့် အလွန်အနုစိတ်ပြီး လုံးဝ ဖရိုဖရဲ မဖြစ်စေရန်မှာ လုံးဝမလွယ်ကူပါချေ၊ အသုံးပြုသူအပေါ်တွင် အလွန်မြင့်မားသော တောင်းဆိုချက်များ ရှိပေသည်။ သို့သော် ထိုက်ရှီ၏ ခွန်အားဖြင့်မူ အသက်ရှူရသကဲ့သို့ အလွန်ပင် လွယ်ကူပေါ့ပါးလှပေသည်။
ဤသည်မှာလည်း ထိုက်ရှီက "ထိုက်" မျိုးဆက်များ အကြား၌ ရှေ့ဆုံးတွင် ရပ်တည်နိုင်ရခြင်း၏ အကြောင်းရင်းပင် ဖြစ်တော့သည်။
"ဝုန်း"
စကားပြောရသည်မှာ ကြာပါသော်လည်း လက်တွေ့တွင်မူ အလွန် မြန်ဆန်လှပေသည်။ အရပ်မျက်နှာ အားလုံးမှ တဟုန်ထိုး ပြေးဝင်လာသော အဖြူရောင်နှင့်ရွှေရောင် ဟင်းလင်းပြင် အချိန် စက်ဝန်းများကို ရင်ဆိုင်ရာတွင် ဝမ်ချောင်၏ နှုတ်ခမ်းထောင့်များတွင် အပြုံးတစ်ခု ပေါ်ထွက်နေခဲ့ပြီး အနည်းငယ်မျှ စိုးရိမ်ထိတ်လန့်ခြင်း မရှိပါချေ၊ မျက်တောင်တစ်ခတ်အတွင်း သူ၏ ညာဘက် လက်ညှိုးကို ဆန့်ထုတ်လိုက်ရာ နောက်တစ်ခဏတွင် ပုံသဏ္ဌာန်မဲ့သော ခွန်အားကြီး တစ်ခုမှာ ဝမ်ချောင်ကို ဗဟိုပြုကာ အရပ်မျက်နှာ အားလုံးသို့ ပျံ့နှံ့သွားတော့သည်။
ဝုန်းခနဲ မြည်သံနှင့်အတူ မည်သည့် နိမိတ်လက္ခဏာမျှ မရှိဘဲ အချိန်များ ရပ်တန့်သွားခဲ့ပြီး၊ အရပ်မျက်နှာ အားလုံးမှ တဟုန်ထိုး ပြေးဝင်လာသော အဖြူရောင်နှင့်ရွှေရောင် ဟင်းလင်းပြင် အချိန် စက်ဝန်း များမှာ ပုံသဏ္ဌာန်မဲ့သော အတားအဆီး တစ်ခုကို ဝင်တိုက်မိသွားသည့်အလား လေဟာနယ် အတွင်း၌ ရပ်တန့်သွားကြပြီး လွယ်လင့်တကူ ရှေ့သို့ ဆက်လက် တိုးဝင်နိုင်ခြင်း မရှိတော့ပါချေ။
"ထိုက်ရှီ... အရင်တုန်းက မင်း ငါ့ကို မသတ်နိုင်ခဲ့ဘူး၊ အခု ပိုပြီးတောင် သတ်နိုင်မှာ မဟုတ်ဘူး"
ဝမ်ချောင်က အသာအယာ ပြုံးလိုက်ပြီး မျက်နှာချင်းဆိုင်ရှိ ထိုက်ရှီကို ကြည့်ရင်း ဆိုလိုက်သည်။ ထိုက်ရှီတုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် နောက်တစ်ခဏတွင် ဝမ်ချောင်သည် ရှောင်တိမ်းခြင်း မရှိဘဲ ထိုက်ရှီနှင့် အလားတူ လက်သီး တစ်ချက်ကို ပြင်းထန်စွာ ထိုးချလိုက်တော့သည်။
“လောကီရေးရာ ပုံရိပ်ယောင် သောင်းချီ”
ထိုကျယ်လောင်လှသောအသံကြီးမှာ မိုးကြိုးသံအလား ကောင်းကင်နှင့် မြေကြီးကြားတွင် တုန်ခါသွားခဲ့ပြီး၊ စကားသံ မဆုံးမီမှာပင် ထိုက်ရှီထက် လုံးဝမနိမ့်ကျသော ဟင်းလင်းပြင် အချိန် တုန်ခါမှုကြီး တစ်ခုမှာ ဝမ်ချောင်၏ ညာဘက် လက်သီး အတွင်းမှနေ၍ ပေါက်ကွဲထွက်ပေါ်လာတော့သည်။
ပြင်းထန်လှသော မြည်ဟည်းသံကြီး တစ်ခုကိုသာ ကြားလိုက်ရပြီး၊ ဝမ်ချောင်၏ အနောက်ဘက်တွင် အလင်းနှင့် အရိပ်များ ရောယှက်သွားခဲ့ကာ မရေမတွက်နိုင်သော ပုံရိပ်ယောင်များ ရုတ်တရက် ပေါ်ထွက်လာတော့သည်။ အဆောက်အအုံများ၊ နန်းတော်များ၊ နွားနှင့်မြင်းများ၊ ကျေးရွာများ၊ ပျံသန်းနေသော ငန်းများ၊ ကြယ်တာရာများ... တစ်ချိန်တည်းမှာပင် ဝမ်ချောင်၏ ညာဘက် လက်သီး မှာ အထပ်ထပ် ဖြစ်သွားခဲ့ပြီး မရေမတွက်နိုင်သော အနက်ရောင်နှင့်ဟင်းလင်းပြင် အချိန် စက်ဝန်း များ အဖြစ်သို့ ပြောင်းလဲသွားကာ၊ ထို ဟင်းလင်းပြင် အချိန် စက်ဝန်း များမှာ ထိုက်ရှီ၏ ရှည်လျားလှသော သက်တမ်း တစ်လျှောက်လုံးတွင် တစ်ခါမျှ မမြင်တွေ့ဖူးသော ထူးဆန်းသည့် ပုံသဏ္ဌာန် တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး၊ တစ်ကြိမ်တည်းသော တိုက်ခိုက်မှုဖြင့် ထိုက်ရှီ၏ ဟင်းလင်းပြင် အချိန် အကျဉ်းထောင် ကို အမှုန့်ဖြစ်သွားအောင် ရိုက်ခွဲပစ်လိုက်တော့သည်။
ထို ကောင်းကင်ယံ အပြည့် ဝမ်ချောင်ဆီသို့ တဟုန်ထိုး ပြေးဝင် တိုက်ခိုက်လာသော အဖြူရောင်နှင့်ရွှေရောင် ဟင်းလင်းပြင် အချိန် စက်ဝန်း များမှာ ဝမ်ချောင်၏ အနီးသို့ပင် မရောက်ရှိရသေးမီ လေဟာနယ် အတွင်း၌ တစ်ခုပြီး တစ်ခု ဆက်တိုက်ဆိုသလို အပိုင်းပိုင်းအစစ ကွဲအက်သွားကြရတော့သည်။
"မဖြစ်နိုင်ဘူး"
ထိုအခိုက်အတန့်၌ ထိုက်ရှီ၏ တစ်ကိုယ်လုံးမှာ ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး အလွန်အမင်း တုန်လှုပ်သွားတော့သည်။ ယခင်က ဝမ်ချောင်သည် သူ၏ "ပျက်စီးခြင်းကင်းသော မိုးကြိုး အဆောင်" ကို ဖျက်ဆီးပစ်ခဲ့စဉ်ကပင် သူ့အား ဤမျှလောက် တုန်လှုပ်သွားစေခြင်း မရှိခဲ့ပါချေ။
"မင်း အခု သုံးလိုက်တာက တကယ်ပဲ ဘာသိုင်းပညာလဲ?"
ခွန်အားများ အလွန်အမင်း ကြီးမားလှပြီး ထိုက်ရှီကဲ့သို့သော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ပျက်စီးခြင်း မရှိနိုင်သော ဝိညာဉ် တစ်ခုကို ပိုင်ဆိုင်ထားလုနီးပါး ဖြစ်ပြီး ကိုယ်ခန္ဓာ ကိုလည်း အဝတ်အစား လဲလှယ်သကဲ့သို့ အလွယ်တကူ လဲလှယ်နိုင်စွမ်း ရှိပေသည်။ သို့သော် ထိုက်ရှီ၏ ရှည်လျားလှသော သက်တမ်း တစ်လျှောက်လုံးတွင် ဤကဲ့သို့သော ထူးဆန်းသည့် မြင်ကွင်းမျိုးကို တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးပါချေ။
ဂူကောင်းကင်အဆင့် သိုင်းပညာရှင်များ၏ တစ်သက်တာ သင်ယူထားသော ပညာရပ်များ အားလုံးနီးပါးမှာ လေ့လာစူးစမ်း၍ ရနိုင်သော အရင်းအမြစ်များ ရှိကြသည်။ မဟုတ်ပါ၊ ပိုမိုတိကျစွာဆိုရလျှင် နတ်ဘုရား အဖွဲ့အစည်းက လက်ရှိ သိုင်းပညာ ယဉ်ကျေးမှုကို ဖန်တီးပေးခဲ့ခြင်းပင် ဖြစ်ရာ၊ ပါရမီ အလွန်အမင်း ထူးချွန်လှသော လီရွှမ်တု ပင်လျှင် သူ၏ ရှေ့မှောက်တွင် အောက်ကျို့နေရပြီး မည်သည့် အသာစီးမှ ရယူနိုင်စွမ်း မရှိခဲ့ပါချေ။
သို့သော် ဝမ်ချောင်ထုတ်ဖော်လိုက်သော စွမ်းရည်များမှာ သူ၏ သိရှိနားလည်ထားမှု များကို လုံးဝပြောင်းပြန်လှန်ပစ်လိုက်ပြီး၊ နတ်ဘုရား အဖွဲ့အစည်းက ဖန်တီးထားသော သိုင်းပညာပေါင်း သောင်းနှင့်ချီနှင့် အနည်းငယ်မျှပင် တူညီမှု မရှိပါချေ၊ အဆောက်အအုံများ၊ နန်းတော်များ၊ နွားနှင့်မြင်းများ၊ကျေးရွာများ... ဒါတွေက ဘာတွေလဲ။
ဂူကောင်းကင်အဆင့် သိုင်းပညာရှင် တစ်ဦးက စွမ်းရည်များကို အသုံးပြုသည့်အခါတွင် ဤကဲ့သို့သော အရာများ ပေါ်ထွက်လာသည်ကို ထိုက်ရှီတစ်ခါမျှ မမြင်တွေ့ခဲ့ဖူးပါချေ၊ အကယ်၍ ဤကဲ့သို့ ရှုပ်ထွေးလှသော စွမ်းရည်များက အသုံးမဝင်ဘူး ဆိုလျှင်တော့ ထားလိုက်ပါတော့… သို့သော် ဝမ်ချောင်၏ ကိုယ်ပေါ်မှနေ၍ အလွန်ပင် ကြီးမားလှသော အလားအလာ များကို သူ ခံစားလိုက်ရပြီး၊ ထို အလားအလာ များက သူ့ကိုပင်လျှင် ရင်ထဲ၌ နက်ရှိုင်းလှသော စိုးရိမ်ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာစေတော့သည်။
ဝမ်ချောင်မှာ ဂူကောင်းကင်အဆင့် သို့ တက်လှမ်းသွားသည်မှာ သေချာပေါက် နှစ်လထက် မပိုနိုင်သေးပါချေ၊ ချက်ချင်း တက်လှမ်းသွားကာစမှာပင် ဤမျှလောက် အစွမ်းသတ္တိများ ရှိနေပြီဖြစ်ရာ၊ အကယ်၍ ဝမ်ချောင်ကသာ ဤအရာများကို လုံးဝ နားလည် သဘောပေါက်သွားမည် ဆိုပါက သူ၏ ခွန်အားမှာ မည်မျှလောက်အထိ ကြောက်မက်ဖွယ် ကောင်းလာလိမ့်မည်ကို ထိုက်ရှီပင်လျှင် တွေးတောဝံ့ခြင်း မရှိပါချေ
သို့သော် မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုက်ရှီ သတိပြန်ဝင်လာတော့သည်။
"ဒီကောင်လေးကို မဖယ်ရှားရင် နောက်ပိုင်းကျရင် သေချာပေါက် ပြဿနာကြီး တစ်ခု ဖြစ်လာလိမ့်မယ်"
ဤအခိုက်အတန့်၌ ထိုက်ရှီ၏ ရင်ထဲတွင် ယခင်က တစ်ခါမျှ မရှိခဲ့ဖူးသော ပြင်းထန်လှသည့် သတ်ဖြတ်လိုစိတ်များ ပေါ်ထွက်လာတော့သည်။
လောကရှိ မင်းဆက်များတွင် အထက်ဧကရာဇ်များမှသည် အောက်သာမန် ပြည်သူပြည်သား များအထိ "နတ်ဘုရား"၏ မျက်လုံးထဲတွင် အားလုံးမှာ ပုရွက်ဆိတ်များ သက်သက်သာ ဖြစ်၏။
"နတ်ဘုရား" များက ပြည်သူများကို ထိန်းချုပ်နိုင်ရခြင်းမှာ လောကတွင် နတ်ဘုရားများကို ယှဉ်ပြိုင်နိုင်စွမ်း ရှိသော မင်းဆက်များ မပေါ်ထွက်သေးသောကြောင့်ပင် ဖြစ်သည်။
လီထိုက်ယီ တစ်ယောက် ပေါ်ထွက်ခဲ့ပြီးပြီ ဖြစ်ရာ ဒုတိယမြောက် လီထိုက်ယီ ထပ်မံပေါ်ထွက်လာခွင့် လုံးဝ မပေးနိုင်ပါချေ။
"သေစမ်း"
ပြင်းထန်စွာ ဟောက်လိုက်ပြီး အလင်းတန်း တစ်ချက် လက်သွားကာ၊ ထိုက်ရှီက အဖြူရောင်နှင့်ရွှေရောင် အလင်းစက်ဝန်းကို နင်းလျက် အချိန်နှင့် ဟင်းလင်းပြင် စွမ်းအားကို အသုံးပြုကာ မျက်တောင်တစ်ခတ်အတွင်း မူလနေရာမှ ပျောက်ကွယ်သွားတော့သည်။ ပျောက်ကွယ်သွားသည့် တစ်ချိန်တည်းမှာပင် ထိုက်ရှီမှာ နတ်ဘုရား သံချပ်ကာကို ဆင်မြန်းထားလျက် ငရဲဘုံအလား ခန့်ညားထည်ဝါနေပြီး သရဲတစ္ဆေ တစ်ကောင်အလား ဝမ်ချောင် ရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာကာ ညာဘက် လက်သီးဖြင့် ဝမ်ချောင်၏ မျက်နှာဆီသို့ ပြင်းထန်စွာ ထိုးချလိုက်တော့သည်။
ပြင်းထန်လှသော မြည်ဟည်းသံကြီး တစ်ခုကိုသာ ကြားလိုက်ရပြီး ဤ လက်သီး တစ်ချက်မှာ အလွန်ပင် လေးလံလှကာ တောင်တန်းကြီး တစ်ခုအလား ဖြစ်နေသည်။ ထို ကြောက်မက်ဖွယ်ကောင်းသော ခွန်အားများမှာ ဟင်းလင်းပြင် အချိန်ကိုပင် အမှုန့်ဖြစ်သွားအောင် ရိုက်ခွဲပစ်လိုက်တော့သည်။ ထိုက်ရှီ၏ ဤလက်သီး တစ်ချက်မှာ ယခင်တိုက်ခိုက်မှုများနှင့် လုံးဝမတူညီတော့ပါချေ၊ ထိုအထဲတွင် ပြင်းထန်လှသော အချိန်နှင့် ဟင်းလင်းပြင် စွမ်းအားများ ပါဝင်နေပြီး ဘေးပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် အချိန်များကိုပါ တားဆီး ချုပ်နှောင်ထားတော့သည်။
ဂူကောင်းကင်အဆင့် သိုင်းပညာရှင် မှသာလျှင် ဂူကောင်းကင်အဆင့် သိုင်းပညာရှင်ကို ကိုင်တွယ်နိုင်ပေမည်။
သာမန် ခွန်အားများက ဝမ်ချောင်ကို လုံးဝခြိမ်းခြောက်နိုင်စွမ်း မရှိကြောင်းကို ထိုက်ရှီထက် ပို၍ နားလည်သူ မရှိပါချေ။
သို့သော် ထိုက်ရှီမထင်မှတ်ထားခဲ့သည်မှာ သူ၏ ဤတိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် ဝမ်ချောင်က လုံးဝ ရှောင်တိမ်းခြင်း မရှိခဲ့ခြင်းပင်။
"လာတာ အတော်ပဲ၊ ထိုက်ရှီ... ဒီနေ့ ငါက မင်းနဲ့ အဆုံးအဖြတ် ခံယူမယ်"
ဝမ်ချောင်၏အသံကြီးမှာ အလွန်ပင် ကျယ်လောင်လှပြီး ကောင်းကင်နှင့် မြေကြီး တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားတော့သည်။
အလင်းတန်း တစ်ချက် လက်သွားခဲ့ပြီး နောက်တစ်ခဏတွင် ဝမ်ချောင်က တစ်ကိုယ်လုံးရှိ ခွန်အားများကို စုစည်းကာ ရှောင်တိမ်းခြင်း မရှိဘဲ၊ မည်သည့် လှည့်ကွက်မျှ မပါဝင်ဘဲ မျက်နှာချင်းဆိုင်ရှိ ထိုက်ရှီနှင့် ပြင်းထန်စွာ ဝင်တိုက်မိကြတော့သည်။
သံမဏိ လက်သီးများ ဝင်တိုက်မိသည့် အခိုက်အတန့်မှာပင် မျက်နှာချင်းဆိုင်မှ သံမဏိ တောင်ကြီးတစ်လုံး ဝင်တိုက်လာသကဲ့သို့ ဝမ်ချောင်ခံစားလိုက်ရသည်။ သို့သော် မျက်တောင်တစ်ခတ်အတွင်းမှာပင် ဝမ်ချောင်၏ကိုယ်တွင်းမှ တစ်ဖက်လူထက် လုံးဝ မနိမ့်ကျသော ကြောက်မက်ဖွယ်ကောင်းသည့် ဧရာမ ခွန်အားကြီးတစ်ခု ပေါက်ကွဲထွက်ပေါ်လာတော့သည်။
"ဝုန်း ဝုန်း ဝုန်း"
ကောင်းကင်ယံတွင် သူတို့ နှစ်ဦးကို ဗဟိုပြုကာ ပြိုင်ဘက်ကင်းလှသော ဂန်ချီ စွမ်းအင်များမှာ ရေလှိုင်းကြီးများအလား အရပ်မျက်နှာအားလုံးသို့ ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့သည်။ လေပြင်းများ ပြင်းထန်စွာ တိုက်ခတ်လာကာ မြေပြင်ပေါ်သို့တိုင်အောင် လွှမ်းခြုံသွားခဲ့ပြီး စစ်မြင်း ရာနှင့်ချီကိုပင် ထိတ်လန့်တကြား ဟီသွားစေကာ လေပြင်းများကြောင့် မြေပြင်မှနေ၍ လွင့်စင်ထွက်သွားစေပြီး ပေ ဆယ်ကျော်ခန့် အကွာအဝေးသို့ လွင့်စင်သွားစေတော့သည်။
ကောင်းကင်ယံတွင်မူ အလင်းတန်း တစ်ချက် လက်သွားခဲ့ပြီး တစ်ကြိမ်တည်းသော တိုက်ခိုက်မှု အပြီးတွင် ဝမ်ချောင်နှင့် ထိုက်ရှီတို့ နှစ်ဦးမှာ လျင်မြန်စွာ ခွဲထွက်သွားကြတော့သည်။
“၂၀ ရာခိုင်နှုန်း မဟုတ်ဘူး၊ ၁၀ခိုင်နှုန်းပဲ ကွာခြားတော့တယ်။ ဒီတိုက်ပွဲက တိုက်လို့ ရပြီ"
ဝမ်ချောင်၏နားထင်မှ ဆံနွယ်ရှည်များမှာ လေပြင်းများကြောင့် လွင့်ပျံနေခဲ့ပြီး ဤအခိုက်အတန့်၌ သူ၏မျက်လုံးများမှာ နှင်းခဲများအလား အလွန်ပင် တောက်ပလင်းလက်နေတော့သည်။
ဤကဲ့သို့ မည်သည့် လှည့်ကွက်မျှ မပါဝင်သော လက်သီးချင်း ယှဉ်ပြိုင် တိုက်ခိုက်မှုက မိမိနှင့် ထိုက်ရှီအကြားရှိ ခွန်အား အခြေအနေကို ဝမ်ချောင်ကို ချက်ချင်း ချိန်ဆသိရှိသွားစေတော့သည်။
နတ်ဘုရား အဖွဲ့အစည်း၊ သို့မဟုတ် အမည်းရောင်ဝတ်စုံဝတ် အဖွဲ့အစည်း၏ သမိုင်းကြောင်းမှာ အလွန်ပင် ရှည်လျားလှပြီး ခွန်အားများမှာလည်း အလွန်ပင် ကြီးမားလှပေသည်။ တစ်ကြိမ်တည်းသော အဆင့်တက်မှုမျှဖြင့် ထိုက်ရှီကဲ့သို့သော အထွတ်အထိပ် အခြေအနေသို့ ရောက်ရှိနေသော ရှေးဟောင်း ဂူကောင်းကင်အဆင့် သိုင်းပညာရှင်ကို ယှဉ်ပြိုင်ရန်မှာ ခက်ခဲလှသေးသည်ဆိုသော်ငြားလည်း၊ ဝမ်ချောင်အနေဖြင့် သူတို့ နှစ်ဦး အကြားရှိ ခွန်အား ကွာဟချက်မှာ အလွန်ပင် နည်းပါးလှပြီး လျစ်လျူရှု၍ ရနိုင်သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းကို တွက်ချက် သိရှိသွားတော့သည်။
သိုင်းအဆင့်မှာ ဂူကောင်းကင်အဆင့်သို့ ရောက်ရှိသွားပြီး ဟင်းလင်းပြင် အချိန်၏ အပြောင်းအလဲများကို နားလည် သဘောပေါက်သွားသည့်အခါတွင်မူ ခွန်အား၏ အကျိုးသက်ရောက်မှုမှာ ထိုမျှလောက်အထိ ကြီးမားတော့မည် မဟုတ်ပါချေ။
ဤအဆင့်ရှိ သိုင်းပညာရှင် များမှာ နတ်ဘုရားများအလား ခွန်အားများကို ပိုင်ဆိုင်ထားကြပြီ ဖြစ်ရာ စည်းမျဉ်းများကို ယှဉ်ပြိုင်ရခြင်းက ပို၍ များပြားလာတော့သည်။
******