← Chapters

အခန်း ၂၂၀၄

Vol. 137 Ch. 2204

အခန်း ၂၂၀၄

Vol. 137 Ch. 2204

အခန်း (၂၂၀၄) အမြစ်ပြတ် ချေမှုန်းခြင်း

မည်သည့် သက်ရှိသတ္တဝါမဆို၊ လူဖြစ်စေ တိရစ္ဆာန်ဖြစ်စေ ပြင်းထန်သော ဒဏ်ရာရရှိသည့်အခါတွင် သွေးများ ထွက်လာစမြဲ ဖြစ်သည်။ သစ်ပင်များကို ထိုးဖောက်လိုက်သည့် အခါတွင်ပင် တစ်ခါတစ်ရံ သစ်ရည်များ ထွက်လာတတ်သေးသည်။

စုဟန်ရှင်းအနေဖြင့် ဤရွဲလော့ဟယ်စစ်သည်များ၏ ထူးဆန်းသော အချက်များကို ဝမ်ချောင်ထံမှ အစောကြီးကတည်းက သိရှိထားခဲ့ပြီး ဖြစ်သည် ဆိုသော်ငြားလည်း၊ မျက်စိရှေ့ရှိ ဤမြင်ကွင်းများက သူ့ကို နက်ရှိုင်းလှသော တုန်လှုပ်မှုကြီးတစ်ခု ခံစားလိုက်ရစေဆဲပင် ဖြစ်သည်။

ဤရွဲလော့ဟယ်များ၏တည်ရှိမှုမှာ သက်ရှိ သတ္တဝါများ၏ သဘာဝအသိတရားများကို လုံးဝဆန့်ကျင်နေတော့သည်။

ဤမျှသာမက စုဟန်ရှင်း လှမ်းကြည့်လိုက်သည့်အခါတွင် မြေပြင်ပေါ်၌ မူလက မြင်းပေါ်မှ ပစ်ချခံလိုက်ရသော ထိုရွဲလော့ဟယ်များမှာ ဤအခိုက်အတန့်၌ မြေပြင်မှနေ၍ ထရပ်လာကြပြီး၊ စစ်မြင်း ပေါ်သို့ လျင်မြန်စွာ ခုန်တက်ကာ သံမဏိခံတပ် ရှိရာ အရပ်ဆီသို့ ထပ်မံ၍ တဟုန်ထိုး ပြေးဝင်လာကြသည်ကို မြင်တွေ့လိုက်ရတော့သည်။

"ဝုန်း"

စကားပြောရသည်မှာ ကြာပါသော်လည်း လက်တွေ့တွင်မူ အလွန် မြန်ဆန်လှပေသည်။ လူတိုင်း ရင်ထဲ၌ တုန်လှုပ်နေကြသည့် အခိုက်အတန့်မှာပင် ထိုအထဲမှ ရွဲလော့ဟယ်သံချပ်ကာမြင်းတပ် တစ်ဦးမှာ ရုတ်တရက် လက်ကို ဆန့်ထုတ်ကာ ရင်ဘတ်တွင် စိုက်နေသော ရှည်လျားလှသည့် မြားတံကြီးကို ဆွဲနုတ်လိုက်ပြီး၊ ထိုနီရဲနေသော မျက်လုံးများ လှုပ်ရှားသွားကာ ရှေ့တည့်တည့်ကို လျင်မြန်စွာ ပစ်မှတ်ထားလိုက်ပြီးနောက် ချက်ချင်းပင် လှမ်းပစ်လိုက်တော့သည်။

"ဝုန်း"

အလင်းတန်း တစ်ချက် လက်သွားခဲ့ပြီး ပေ ဆယ်ကျော်ခန့် အကွာအဝေးတွင် မဟာထန်သံချပ်ကာမြင်းတပ်နှစ်ဦးမှာ တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် ထိုရှည်လျားလှသော မြားတံ ကြီးဖြင့် ထိုးဖောက်ခံလိုက်ရပြီး၊ တစ်ဆက်တည်း ဖြစ်သွားကာ မြင်းပေါ်မှနေ၍ လွင့်စင်ထွက်သွားပြီး မြေပြင်ပေါ်တွင် အသေစိုက်ခံလိုက်ရတော့သည်။

"သတိထား"

ထိုအချိန်ကျမှသာ ထိတ်လန့်တကြား သတိပေးသံများမှာ နားထဲသို့ ရောက်ရှိလာတော့သည်။

"ခံစစ် ခံစစ် ခံစစ်"

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ မဟာထန်ဗိုလ်ချုပ် တစ်ဦးစီတိုင်း၏ မျက်နှာအမူအရာများမှာ စိုးရိမ်ပူပန်မှုများ ပြည့်နှက်သွားကြပြီး အသံကုန် အော်ဟစ်လိုက်ကြတော့သည်။ သူတို့၏ တစ်သက်တာလုံးတွင် ဤကဲ့သို့သော တပ်ဖွဲ့မျိုးကို တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးပါချေ။

မဟာထန်၏ မြားတံ များမှာ စစ်ရထားလေး ယန္တရား၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားများကို အားကိုး၍သာ ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးနိုင်စွမ်းများကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။

သို့သော် ဤ ရွဲလော့ဟယ်တပ်ဖွဲ့မှာမူ ကွဲပြားခြားနားလှသည်။ သူတို့သည် လက်ချည်းသက်သက် လှမ်းပစ်လိုက်သည့် ခွန်အားဖြင့်ပင် မဟာထန်သံချပ်ကာမြင်းတပ်များ၏ ကိုယ်ပေါ်ရှိ သံချပ်ကာများကို ဖောက်ထွင်းသွားနိုင်ပြီး မဟာထန်၏ အထက်တန်းလွှာ သံချပ်ကာမြင်းတပ် နှစ်ဦးကို မြေပြင်ပေါ်တွင် အသေစိုက်သွားနိုင်ခဲ့ခြင်းပင် ဖြစ်သည်။

သိထားသင့်သည်မှာ ဤစစ်ပွဲကြီးအတွက် မဟာထန်အနေဖြင့် အချိန်အတော်ကြာ ပြင်ဆင်ခဲ့ပြီး နိုင်ငံတစ်ခုလုံး၏ ခွန်အားများကို အသုံးပြုထားခဲ့ခြင်းဖြစ်ရာ၊ မဟာထန်စစ်သည် အားလုံး၏ သံချပ်ကာများမှာ အကောင်းဆုံးသော သံမဏိများဖြင့် သွန်းလုပ်ထားခြင်း ဖြစ်သည်။ ဤသံချပ်ကာများမှာ အလွန်ပင် မာကျောလှပြီး တစ်ဖက်တစ်လမ်းမှ ဆိုရလျှင် အလွန်ကျွမ်းကျင်သော မြားသမား၏ တိုက်ခိုက်မှုကိုပင် တားဆီးနိုင်စွမ်း ရှိပေသည်။

သို့သော် ဤရွဲလော့ဟယ်များ၏ရှေ့မှောက်တွင် သံချပ်ကာများအားလုံးမှာ စက္ကူများအလား အလွယ်တကူ ဖောက်ထွင်းခံလိုက်ရရာ အလွန်ပင် ယုံကြည်နိုင်စရာ မရှိလောက်အောင် ဖြစ်နေတော့သည်။

ဝုန်းခနဲ မြည်သံကြီးများနှင့်အတူ ကိုးကောင်းကင် ဆယ်ကမ္ဘာ နတ်ဘုရားနှင့် မိစ္ဆာ ချေမှုန်းရေး မဟာစစ်အစီအရင်မှာ လျင်မြန်စွာ ပြောင်းလဲသွားခဲ့ပြီး တိုက်ခိုက်မှု မှနေ၍ ခံစစ်သို့ ပြောင်းလဲသွားတော့သည်။ ဤ လောက၏ နံပါတ်တစ် မဟာစစ်အစီအရင် မှာ အစောကတည်းက တိုက်ခိုက်နိုင်သလို ခံစစ်လည်း လုပ်နိုင်ပြီး နှစ်မျိုးစလုံးအတွက် အသုံးဝင်ပေသည်။

စစ်ကြောင်းများနှင့် အမိန့်ပေး အလံများ ပြောင်းလဲသွားမှုနှင့်အတူ၊ မရေမတွက်နိုင်သော ဧရာမ ဒိုင်းလွှားများနှင့် အကြီးစား ဒိုင်းလွှားများမှာ သစ်တောများအလား ပြည့်နှက်လာခဲ့ပြီး ရှေ့တည့်တည့်တွင် လျင်မြန်စွာ နေရာယူလိုက်ကြတော့သည်။ ဤအခိုက်အတန့်၌ လူတိုင်း၏ရင်ထဲတွင် ပြင်းထန်လှသော အန္တရာယ် ကြီးတစ်ခုကို ခံစားလိုက်ရတော့သည်။

တိုက်ပွဲ မစတင်မီမှာပင် ဤကဲ့သို့ ခံစားလိုက်ရခြင်းမျိုး တစ်ခါမျှ မရှိခဲ့ဖူးပါချေ။

မြင်းခွာသံများ မိုးကြိုးသံအလား ဆူညံနေခဲ့ပြီး သုံးသောင်းကျော်သော ရွဲလော့ဟယ်စစ်သည်များမှာ သရဲတစ္ဆေများအလား နှင်းမြူများ အကြား၌ လျင်မြန်စွာ ပြေးဝင်လာခဲ့ပြီး နီးကပ်လာကာ မျက်တောင်တစ်ခတ်အတွင်း မဟာထန်၏ ခံစစ်မျဉ်းနှင့် မီတာ ဆယ်ကျော်ခန့် သာ ကွာဝေးတော့သည်။

ဖြစ်စဉ်တစ်ခုလုံးတွင် ဤရွဲလော့ဟယ်စစ်သည်များ၏ အရှိန်အဝါများမှာ အေးစက်နေခဲ့ပြီး လှုပ်ရှားမှုများမှာလည်း တစ်ပြိုင်နက်တည်း ဖြစ်နေကာ မည်သူကမျှ စကားတစ်ခွန်းမျှ မဆိုကြပါချေ၊ ထိုတိတ်ဆိတ်မှုနှင့် ဖိနှိပ်ထားသော ခွန်အားများမှာ လူတိုင်း၏ ရင်ထဲ၌ အလွန်အမင်း ထိတ်လန့်သွားစေရန် လုံလောက်လှပေသည်။

ချွင်…

တပ်ဖွဲ့ကြီး၏ အရှေ့ဆုံးတွင် ထိုရွဲလော့ဟယ်ခေါင်းဆောင ၏ မျက်လုံးများ လင်းလက်သွားခဲ့ပြီး၊ မျက်တောင်တစ်ခတ်အတွင်း ခါးပေါ်ရှိ သံချေးတက်နေသော ဓားအိမ် အတွင်းမှနေ၍ ရှေးဟောင်း ပုံစံရှိသော ဓားရှည် တစ်စင်းကို ဆွဲထုတ်လိုက်တော့သည်။ သူ၏ဘေးနှစ်ဖက်ရှိ ရှေ့ဆုံးတန်းမှ အခြားရွဲလော့ဟယ်များမှာလည်း လှုပ်ရှားမှုများ တစ်ပြိုင်နက်တည်း ဖြစ်နေကြပြီး ကိုယ်ပေါ်ရှိ လက်နက်များကို တစ်ချိန်တည်းမှာပင် ဆွဲထုတ်လိုက်ကြရာ၊ သစ်တောများအလား ပြည့်နှက်နေသော လက်နက်များမှာ ဤရွဲလော့ဟယ်များ၏ အရှိန်အဝါကို မျက်တောင်တစ်ခတ်အတွင်း အဆင့်တစ်ခု မြင့်တက်သွားစေခဲ့ပြီး ပိုမိုကြောက်မက်ဖွယ် ကောင်းသွားစေတော့သည်။ ဓားသွားပေါ်တွင် လင်းလက်နေသော အေးစက်လှသည့် အလင်းတန်းများမှာ သေမင်း၏တံစဉ်းများအလား ဖြစ်နေတော့သည်။

ဤအခိုက်အတန့်၌ အခြေအနေများမှာ အလွန်အမင်း တင်းမာနေခဲ့ပြီ ဖြစ်၏။

ဆယ်မီတာ၊ ရှစ်မီတာ၊သုံးမီတာ...

"ဟိန်းးး"

မြင်းဟီသံကြီး တစ်ခုနှင့်အတူ အရှေ့ဆုံးမှ ရွဲလော့ဟယ်သံချပ်ကာမြင်းတပ်သား တစ်ဦးမှာ ဇက်ကြိုးကို ရုတ်တရက် ဆွဲလိုက်ရာ မျက်တောင်တစ်ခတ်အတွင်း လေထဲသို့ ခုန်တက်သွားခဲ့ပြီး မျက်နှာချင်းဆိုင်ရှိ မဟာထန်၏ ခံစစ်မျဉ်းအတွင်းသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။

ဤကြောက်မက်ဖွယ်ကောင်းသော ရွဲလော့ဟယ်တပ်ဖွဲ့မှာ အပြည့်အဝ စတင် တိုက်ခိုက်တော့မည့် အချိန်လေး အတွင်းမှာပင်။

"ဝုန်း"

အလွန်ကျယ်လောင်သော ပြင်းထန်လှသော မြည်ဟည်းသံကြီးတစ်ခုမှာ တပ်ဖွဲ့ကြီး၏ အနောက်ဘက်ရှိ ခန့်ညားထည်ဝါပြီး မြင့်မားလှသော သံမဏိခံတပ် အတွင်းမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ လေပြင်းများ ရုတ်တရက် တိုက်ခတ်လာခဲ့ပြီး လူတိုင်း တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင်၊ ရှည်လျားလှသော ဧရာမ မြားတံကြီးတစ်ခုမှာ မျက်တောင်တစ်ခတ်အတွင်း လူတိုင်း၏ခေါင်းထက်မှ ဖြတ်ပျံသွားခဲ့ပြီး လေထဲသို့ ခုန်တက်နေသော ထိုရွဲလော့ဟယ်သံချပ်ကာမြင်းတပ်သားကို ပြင်းထန်စွာ မှန်ကန်သွားတော့သည်။

မြည်သံများနှင့်အတူ လေထဲရှိ စစ်မြင်း၏ခေါင်းမှာ ပထမဆုံးအနေဖြင့် အမှုန့်ဖြစ်သွားခဲ့ပြီး မရေမတွက်နိုင်သော ဦးခေါင်းခွံ အပိုင်းအစများမှာ အရပ်မျက်နှာအားလုံးသို့ လွင့်စင်ထွက်သွားတော့သည်။ ၎င်းနောက်တွင် မြင်းပေါ်ရှိ ထိုရွဲလော့ဟယ်သံချပ်ကာမြင်းတပ်သားမှာလည်း ဧရာမ မြားတံကြီးတွင် ပါဝင်သော ကြောက်မက်ဖွယ်ကောင်းသည့် ခွန်အားများကြောင့် ခေါင်း ကြေမွသွားရတော့သည်။

လူတိုင်း တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် ထိုရွဲလော့ဟယ်စစ်သည်၏ရင်ဘတ် အထက်ပိုင်း နေရာများ အားလုံးမှာ ချက်ချင်းပင် အမှုန့်ဖြစ်သွားတော့သည်။

"ဝုန်း"

ဧရာမ မြားတံကြီး၏ အရှိန်အဟုန်မှာ ရပ်တန့်မသွားသေးဘဲ အနောက်ဘက်ရှိ ပြည့်နှက်နေသော ရွဲလော့ဟယ်တပ်ဖွဲ့အတွင်းသို့ ဆက်လက်ထိုးဖောက်ဝင်ရောက်သွားတော့သည်။

ဘုန်း ဘုန်း ဘုန်း ဆက်တိုက်ဆိုသလို ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာခဲ့ပြီး တစ်ဦးပြီးတစ်ဦး ရွဲလော့ဟယ်သံချပ်ကာမြင်းတပ်များမှာ တုံ့ပြန်ရန် အချိန်ပင် မရလိုက်ဘဲ ဧရာမ မြားတံ ကြီးကြောင့် လေးပိုင်း ငါးပိုင်း ကွဲထွက်သွားကြရတော့သည်။

အန်းလုရှန်း၏ လက်အောက်ရှိ ရွဲလော့ဟယ်သံချပ်ကာမြင်းတပ် များမှာ မသေနိုင်သော ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားလုနီးပါးဖြစ်ပြီး၊ မည်သည့် ဒဏ်ရာမျိုး ရရှိစေကာမူ အသက်အန္တရာယ် မရှိနိုင်ပါချေ။ သို့သော် ဧရာမ သားရဲကြီးများကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိသော ဧရာမ စစ်ရထားလေးများ၏ ရှေ့တွင်မူ ရွဲလော့ဟယ်များလောက် အစွမ်းထက်နေလျှင်တောင်မှ တားဆီးနိုင်စွမ်း လုံးဝ မရှိပါချေ။

ခေါင်း အမှုန့်ဖြစ်သွားပြီး လုံးဝပျောက်ကွယ်သွားသည်ဆိုပါက မည်မျှပင် အစွမ်းထက်သော သတ္တဝါ ဖြစ်နေပါစေ သေချာပေါက် သေဆုံးရမည်သာ ဖြစ်၏။

တစ်ကြိမ်တည်းသော တိုက်ခိုက်မှုဖြင့် ရွဲလော့ဟယ်သံချပ်ကာမြင်းတပ် အနည်းဆုံး ခြောက်ဆယ်ခန့်မှာ ဧရာမ မြားတံ ကြီးများဖြင့် အမှုန့်ဖြစ်သွားအောင် ပစ်ခတ်ခြင်း ခံလိုက်ရတော့သည်။

"ထပ်ပစ်"

အဝေးဆီရှိ မြို့ရိုးပေါ်တွင် လူတိုင်းမှာ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ စိတ်ဓာတ်များ အလွန်အမင်း မြင့်တက်သွားကြပြီး၊ အလွန်ကျယ်လောင်သော မြည်ဟည်းသံကြီး တစ်ခုနှင့်အတူ နောက်ထပ် ဧရာမ မြားတံ ကြီးတစ်ခုမှာ လေဟာနယ်ကို ဖြတ်ကျော်လျက် အဝေးဆီရှိ မြင့်မားလှသော သံမဏိခံတပ် ပေါ်မှနေ၍ ပစ်ခတ်လာပြန်သည်။

ရွဲလော့ဟယ်ဆယ်ဂဏန်းခန့်မှာ ဧရာမ မြားတံ ကြီးဖြင့် အမှုန့်ဖြစ်သွားအောင် ပစ်ခတ်ခြင်း ခံရတော့မည့် အချိန်မှာပင်၊ တပ်ဖွဲ့ကြီး၏ အရှေ့ဆုံးရှိ ထိုရွဲလော့ဟယ်ခေါင်းဆောင်မှာ တိုးညှင်းသော ဟောက်သံကြီးတစ်ခုကို ရုတ်တရက် ထုတ်လွှတ်လိုက်တော့သည်။

နောက်တစ်ခဏတွင် မည်သူမျှ မထင်မှတ်ထားသော ကိစ္စရပ်တစ်ခု ဖြစ်ပေါ်လာတော့သည်။

ရုတ်ချည်းပင် အေးစက်လှသော အရှိန်အဝါများရှိသည့် ရွဲလော့ဟယ်သံချပ်ကာမြင်းတပ်သားတစ်ဦးမှာ ရုတ်တရက် လေထဲသို့ ခုန်တက်သွားခဲ့ပြီး တစ်ကိုယ်လုံးမှ အနက်ရောင် မီးခိုးငွေ့များ တလိမ့်လိမ့် ထွက်ပေါ်နေလျက်၊ ထိုဧရာမ မြားတံကြီးကို လှမ်းဖမ်းလိုက်တော့သည်။

၎င်းနောက်တွင် ဘုန်း ဘုန်း ဘုန်း ဟူသော အသံများနှင့်အတူ အရပ်မျက်နှာ အားလုံးမှ ရာနှင့်ချီသော ရွဲလော့ဟယ်သံချပ်ကာမြင်းတပ်များမှာ လေထဲသို့ ခုန်တက်လာကြပြီး ဧရာမ မြားတံကြီး ဖြတ်သန်းသွားမည့် လမ်းကြောင်းဆီသို့ ပြေးဝင်လာကြကာ၊ သံချပ်ကာများ ဆင်မြန်းထားသော လက်မောင်းများမှာ အသက်အန္တရာယ်ကို ဂရုမစိုက်ဘဲ ပြည့်နှက်နေလျက် လှမ်းဖမ်းလိုက်ကြတော့သည်။

ဧရာမ မြားတံကြီး၏ ခွန်အားနှင့်အရှိန်မှာ ပုံမှန်မြားတံများထက် ဆယ်ဆကျော် ပိုမိုမြန်ဆန်လှပေရာ၊ ပုံမှန်အခြေအနေတွင် မည်သူကမျှ ဖမ်းနိုင်စွမ်း ရှိမည် မဟုတ်ဘဲ အကယ်၍ ဖမ်းမိမည် ဆိုလျှင်တောင်မှ အမှုန့်ဖြစ်သွားမည့် အခြေအနေသာ ရှိပေသည်။

သို့သော် လူတိုင်း၏ အကြည့်များ အောက်တွင် သီအိုရီအရသာ ဖြစ်နိုင်ခြေ ရှိသော အရာမှာ လက်တွေ့ဘဝတွင် အမှန်တကယ် ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်သည်။

လေထဲတွင် အဖြူရောင် လေဟာနယ် အက်ကြောင်းတစ်ခုမှာ ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး လူတိုင်း၏ မျက်လုံးထဲသို့ လျင်မြန်စွာ ဝင်ရောက်လာတော့သည်။

အဖြူရောင် လေဟာနယ် အက်ကြောင်း၏ အနက်ပိုင်းတွင် ရှည်လျားလှသော ဧရာမ မြားတံ ကြီး တစ်ခုမှာ လေထဲတွင် တွဲလောင်း ဖြစ်နေပြီး၊ မြားတံ၏ ဘေးပတ်လည်တွင်မူ ပြည့်နှက်နေသော ရွဲလော့ဟယ်သံချပ်ကာမြင်းတပ် ရာနှင့်ချီ ရှိနေတော့သည်။

ဤရွဲလော့ဟယ်သံချပ်ကာမြင်းတပ်များမှာ စက်ရုပ်များအလား အေးစက်နေကြပြီး အရပ်မျက်နှာ အားလုံးမှနေ၍ ဤဧရာမ စစ်ရထားလေးကြီးကို ခိုင်မာစွာ ဖမ်းဆုပ်ထားကြတော့သည်။

ရွဲလော့ဟယ်သံချပ်ကာမြင်းတပ် တစ်ဦးပြီး တစ်ဦးမှာ သစ်ပင် အမြစ်များအလား ဤ ဧရာမ စစ်ရထားလေးကြီးကို ခိုင်မာစွာ ရစ်ပတ်ထားကြသည်။ ခြေလှမ်း ခုနစ်လှမ်း၊ခြေလှမ်း ရှစ်လှမ်း၊ခြေလှမ်း နှစ်ဆယ်... ဧရာမ မြားတံ ကြီး၏ ပြင်းထန်လှသော အရှိန်အဟုန် တွန်းအားကို ခံရသည် ဆိုသော်ငြားလည်း နောက်ဆုံးတွင် ဤ ရွဲလော့ဟယ်များ၏ အတူတကွ ပူးပေါင်း တားဆီးမှု အောက်တွင် ဧရာမ မြားတံကြီးမှာ လေထဲ၌ ရပ်တန့်သွားခဲ့ရတော့သည်။

ဟစ်….

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ လူတိုင်းမှာ လေပြင်းများကို ရှူသွင်းလိုက်မိသကဲ့သို့ ဖြစ်သွားကြတော့သည်။

ဝမ်ချောင်က ဧရာမ စစ်ရထားလေးကြီးကို တီထွင်ခဲ့သည့် အချိန်မှ စတင်၍ ဤအစွမ်းထက်လှသော ဧရာမ မြားတံကြီးများမှာ လုံးဝဖျက်ဆီးပစ်နိုင်စွမ်းရှိသည့် သတ်ဖြတ်လိုစိတ်များနှင့် ကြောက်မက်ဖွယ်ကောင်းမှုများကို သယ်ဆောင်ထားနိုင်ခဲ့ရာ၊ ဤရွဲလော့ဟယ်များက ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော နည်းလမ်းဖြင့် ဧရာမမြားတံကြီးကို တားဆီးနိုင်လိမ့်မည်ဟု မည်သူမျှ မတွေးတောထားခဲ့မိပါချေ။

သို့သော် လူတိုင်း၏တုန်လှုပ်မှုများမှာ ကြာရှည်စွာ တည်ရှိမနေခဲ့ပါချေ၊ နောက်တစ်ခဏတွင် မြင်းဟီသံကြီး တစ်ခုနှင့်အတူ ရွဲလော့ဟယ်တပ်ဖွဲ့မှာလည်း လျင်မြန်စွာ တန်ပြန်တိုက်ခိုက်မှု စတင်လိုက်ကြပြီး၊ သောင်းနှင့်ချီသော ရွဲလော့ဟယ်သံချပ်ကာမြင်းတပ် များမှာ လေးကြိုးမှ လွတ်ထွက်သွားသော မြားတံများအလား မဟာထန်တပ်ဖွဲ့ အတွင်းသို့ တဟုန်ထိုး ပြေးဝင်သွားကြတော့သည်။

မြင်းဟီသံကြီးများမှာ အဆက်မပြတ် ထွက်ပေါ်နေခဲ့ပြီး စစ်မြေပြင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားတော့သည်။ ထိုအခိုက်အတန့်၌ ဝင်တိုက်မိသည့်အသံကို မည်သူကမျှ စကားလုံးဖြင့် ဖော်ပြနိုင်စွမ်း မရှိကြပါချေ။

ကိုးကောင်းကင် ဆယ်ကမ္ဘာ နတ်ဘုရားနှင့် မိစ္ဆာ ချေမှုန်းရေး မဟာစစ်အစီအရင်မှာ ပျက်ကပ်ခေတ်၏ နံပါတ်တစ် စစ်အစီအရင် ဟု ကျော်ကြားလှပေရာ ၎င်း၏ အစွမ်းထက်မှုကို သံသယဖြစ်ဖွယ် မလိုပါချေ၊ ယိုကျိုးဘက်မှ စစ်သည် သိန်းနှင့်ချီ ပါဝင်ဖွဲ့စည်းထားသော ကောင်းကင်ယံ မိစ္ဆာတစ္ဆေ မဟာမန္တန် စစ်အစီအရင်က ဤမျှလောက် အချိန်အတော်ကြာအောင် ဆက်တိုက် တိုက်ခိုက်နေခဲ့သည်ကိုပင် အနည်းငယ်မျှ လှုပ်ခါသွားစေနိုင်စွမ်း မရှိခဲ့ဘဲ ဆန့်ကျင်ဘက်အနေဖြင့် အဆက်မပြတ် အနောက်သို့ ဆုတ်ခွာသွားရအောင် ဖိအားပေးနိုင်ခဲ့ခြင်းက ၎င်း၏ အစွမ်းထက်မှုကို သက်သေပြရန် လုံလောက်နေပြီ ဖြစ်သည်။

တစ်လောကလုံးသို့ လှမ်းကြည့်လိုက်မည်ဆိုပါက ဝမ်ချောင်၏ လက်အောက်ရှိ ဤတပ်ဖွဲ့ထက် ပိုမို အစွမ်းထက်သော တပ်ဖွဲ့ လုံးဝ မရှိနိုင်တော့ပါချေ

သို့သော် မျက်တောင်တစ်ခတ်မျှ အချိန်လေး အတွင်းမှာပင် ဝုန်းခနဲ မြည်သံနှင့်အတူ ဤ ရွဲလော့ဟယ်တပ်ဖွဲ့မှာ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားများဖြင့် သံမှိုတစ်ချောင်းအလား ကိုးကောင်းကင် ဆယ်ကမ္ဘာ နတ်ဘုရားနှင့် မိစ္ဆာ ချေမှုန်းရေး မဟာစစ်အစီအရင်၏ခံစစ်ကို အတင်းအကျပ် ဖောက်ထွင်းဝင်ရောက်သွားတော့သည်။

မျက်တောင်တစ်ခတ်အတွင်း စစ်မြင်းနှင့်စစ်မြင်း ဝင်တိုက်မိကြသည်။ သံချပ်ကာနှင့်သံချပ်ကာ ဝင်တိုက်မိကြသည်။ ဓားရှည် နှင့် ဓားရှည် ဝင်တိုက်မိကြသည်။ ဂန်ချီ စွမ်းအင်များ ပေါက်ကွဲသံများမှာလည်း အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်... ထိုကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းကြီးများမှာ လူ သုံးသောင်း တိုက်ခိုက်နေသည့်အသံနှင့် လုံးဝမတူညီဘဲ စစ်သည် သန်းနှင့်ချီ အကြား၌ ဧရာမ တိုက်ပွဲကြီး တစ်ခု ဖြစ်ပွားနေသည့် အသံနှင့် ပို၍ တူညီနေတော့သည်။

ဘုန်း…

စစ်မြေပြင်၏ ရှေ့တည့်တည့်တွင် ဧရာမ ဒိုင်းလွှားကြီးတစ်ခုမှာ လှံရှည် တစ်လက်၏ တိုက်ခိုက်မှုကို ခံလိုက်ရပြီး အလယ်ဗဟို နေရာတွင် ပင့်ကူအိမ်အလား မျက်တောင်တစ်ခတ်အတွင်း အမှုန့်ဖြစ်သွားကာ ပြိုကျသွားတော့သည်။ ထိုလှံရှည် အတွင်း၌ ပါဝင်သော ဂန်ချီ စွမ်းအင်ထဲတွင် အလွန်အမင်း အေးစက်လှသော ခွန်အားတစ်ခု ပါဝင်နေပြီး ဧရာမ ဒိုင်းလွှားကို ဖောက်ထွင်းကာ ဝင်ရောက်လာတော့သည်။

တဂျွတ်ဂျွတ် မြည်သံများနှင့်အတူ အလွန်အမင်း အေးစက်လှသော ရေခဲလွှာများမှာ ထို ဧရာမ ဒိုင်းလွှား ကိုင်ဆောင်ထားသည့် စစ်သည်၏ လက်မောင်း နှစ်ဖက်မှနေ၍ အသက်ဝင်နေသည့်အလား တစ်ကိုယ်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။

အလွန်ကျယ်လောင်သော ပြင်းထန်လှသော မြည်ဟည်းသံကြီး တစ်ခုနှင့်အတူ ကိုးကောင်းကင် ဆယ်ကမ္ဘာ နတ်ဘုရားနှင့် မိစ္ဆာ ချေမှုန်းရေး မဟာစစ်အစီအရင်၏ အရှေ့ဆုံးတွင် ဧရာမ ဒိုင်းလွှား၊ အကြီးစား ဒိုင်းလွှား ကိုင်ဆောင်ထားသော စစ်သည် ဆယ်ဂဏန်းခန့်မှာ လွင့်စင်ထွက်သွားကြရပြီး သူတို့လက်ထဲရှိ ဒိုင်းလွှားများမှာလည်း အေးခဲသွားပြီးနောက် အားလုံး အပိုင်းပိုင်းအစစ ကွဲအက်သွားကြတော့သည်။ တစ်နေရာ၊နှစ်နေရာ၊သုံးနေရာ... ကိုးကောင်းကင် ဆယ်ကမ္ဘာ နတ်ဘုရားနှင့် မိစ္ဆာ ချေမှုန်းရေး မဟာစစ်အစီအရင် ၏ အရှေ့ဆုံးရှိ အရပ်မျက်နှာ အားလုံးတွင် အဆက်မပြတ် ကွဲအက်သွားကြတော့သည်။ ရွဲလော့ဟယ်များ၏ ကိုယ်တွင်းရှိ အလွန်အမင်း အေးစက်လှသော သေခြင်းတရား စွမ်းအင်များမှာ ဤကဲ့သို့သော အကြီးစား ဒိုင်းလွှားများနှင့် ဧရာမ ဒိုင်းလွှား များအပေါ်တွင် အလွန်အမင်း ဖျက်ဆီးနိုင်စွမ်း ရှိပုံ ရပေသည်။

"အားးး"

အလွန်ကျယ်လောင်သော နာကျင်စွာ အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပြီး မဟာထန်ဘက်မှနေ၍ အဆက်မပြတ် ပြိုကွဲသွားကြတော့သည်။ ရွဲလော့ဟယ်များ၏ ကိုယ်ပေါ်မှ ပြသနေသော ထိုအရှိန်အဝါများမှာ အမြစ်ပြတ် ချေမှုန်းနိုင်လောက်အောင်ဖြစ်ပြီး လုံးဝဖိနှိပ်ထားနိုင်ခဲ့ရာ မျက်တောင် တစ်ခတ်အတွင်းမှာပင် ဤ ကိုးကောင်းကင် ဆယ်ကမ္ဘာ နတ်ဘုရားနှင့် မိစ္ဆာ ချေမှုန်းရေး မဟာစစ်အစီအရင်မှာ ချက်ချင်းပင် ကြီးမားလှသော ထိခိုက်နစ်နာမှုကို ခံလိုက်ရတော့သည်။

အနောက်ဘက်တွင်မူ ဝုန်းခနဲ မြည်ဟည်းသံကြီးများနှင့်အတူ မရေမတွက်နိုင်သော အေးစက်ပြီး အနည်းငယ်မျှ ခံစားချက် မရှိသည့် ရွဲလော့ဟယ်သံချပ်ကာမြင်းတပ် များမှာ အရှေ့မှ လဲကျသွားလျှင် အနောက်မှ အစားထိုး ဝင်ရောက်လာကြပြီး မြစ်ကို ဖြတ်ကူးနေသော ငါးအုပ်ကြီးအလား တဟုန်ထိုး ပြေးဝင်လာကြတော့သည်။

"တောင့်ထားကြ"

စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသော အော်ဟစ်သံများမှာ စစ်မြေပြင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားတော့သည်။ တပ်ဖွဲ့ကြီး၏ ရေလှိုင်းများအလား တိုက်ခိုက်မှုများကို တားဆီးနိုင်သော ခံစစ်မျဉ်းမှာ ရွဲလော့ဟယ်များ၏ အလွယ်တကူ ဆုတ်ဖြဲခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။

သို့သော် လူတိုင်းမှာ လုံးဝ ဖရိုဖရဲ ဖြစ်သွားခြင်း မရှိသေးပါချေ၊ စစ်အစီအရင် ကြီး တစ်ခုလုံး တိုက်ခိုက်ခံလိုက်ရသော အစိတ်အပိုင်း မှာ ဆယ်ပုံ တစ်ပုံပင် မရှိသေးရာ စစ်အစီအရင်ကြီး တစ်ခုလုံး၏ ပြီးပြည့်စုံမှုမှာ လုံးဝပျက်စီးသွားခြင်း မရှိသေးပါချေ။

"ဘုန်း ဘုန်း ဘုန်း"

ရွဲလော့ဟယ်များ တဟုန်ထိုး ပြေးဝင်လာသည့် တစ်ချိန်တည်းမှာပင် မြင်းဟီသံကြီးများ ထွက်ပေါ်လာခဲ့ပြီး သောင်းနှင့်ချီသော မဟာထန်သံချပ်ကာမြင်းတပ် များမှာ အရပ်မျက်နှာ အားလုံးမှနေ၍ တဟုန်ထိုး ပြေးဝင်လာကြကာ၊ ရွဲလော့ဟယ်သံချပ်ကာမြင်းတပ်များကို အလားတူပင် တိုက်ခိုက်လိုက်ကြတော့သည်။

အကောင်းဆုံးသော ခံစစ် ဆိုသည်မှာ တိုက်ခိုက်ခြင်း ပင် ဖြစ်သည်။

ဝမ်ချောင်၏ လက်အောက်ရှိ တပ်ဖွဲ့အားလုံးမှာ ဤယုံကြည်ချက်ကို ထိန်းသိမ်းထားကြသည် ဖြစ်ရာ၊ လေထဲရှိ ဝမ်ချောင်မှာမူ မျက်လုံးများကို အနည်းငယ် မှေးထားလျက် တားဆီးခြင်း မပြုခဲ့ဘဲ ဤအရာအားလုံးကို အလားတူပင် စောင့်ကြည့်နေခဲ့တော့သည်။

******

All Chapters