အခန်း ၂၂၀၅
Vol. 137 Ch. 2205
အခန်း (၂၂၀၅) ရွဲလော့ဟယ်များနှင့် အပြင်းအထန် တိုက်ခိုက်ခြင်း
ဤတပ်ဖွဲ့မှာ ဝမ်ချောင်၏ ယခင်ဘဝက ကွပ်ကဲခဲ့သော တပ်ဖွဲ့နှင့် မတူညီပါချေ၊ ထိုတပ်ဖွဲ့မှာ တခြားကမ္ဘာ ကျူးကျော်သူများနှင့် အကြိမ်ကြိမ် တိုက်ခိုက် သေဆုံးခဲ့ပြီးမှ ကျန်ရစ်ခဲ့သော တပ်ဖွဲ့ ဖစ်ရာ၊ တခြားကမ္ဘာ ကျူးကျော်သူများကို ကိုင်တွယ်ရာတွင် အတွေ့အကြုံ အပြည့်အဝ ရှိကြသည်။ သို့သော် အချို့သော ရှုထောင့်များမှ ကြည့်မည်ဆိုပါက ဤတပ်ဖွဲ့ကြီးမှာ လူသား မင်းဆက်၏ စစ်အင်အား အမြင့်ဆုံး အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။
စစ်ပွဲ ကျရောက်လာသည့် အခါတွင် ဤတပ်ဖွဲ့က မည်မျှလောက် အစွမ်းသတ္တိများကို ပြသနိုင်မည်လဲဆိုသည်ကိုနှင့် အနာဂတ်တွင် ကျရောက်လာမည့် ပျက်ကပ်တွင် မည်မျှလောက် အသုံးဝင်မည်လဲ ဆိုသည်ကို ဝမ်ချောင်လည်း သိရှိလိုခဲ့သည်။
"ဇွက်… ဇွက်…ဇွက်…"
ခဏတာ အချိန်တိုလေး အတွင်းမှာပင် ထက်မြက်လှသော လက်နက်များက သွေးသားများကို ထိုးဖောက်သွားသည့် အသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့ပြီး၊ ဝမ်ချောင်၏ ယခင်လေ့ကျင့်ပေးမှုများမှာ လျင်မြန်စွာပင် အစွမ်းသတ္တိများကို ပြသလာတော့သည်။
ဓားရှည်များနှင့် ဓားများမှာ အရပ်မျက်နှာ အားလုံးမှနေ၍ ဤ ရွဲလော့ဟယ်သံချပ်ကာမြင်းတပ်များကို ထိုးစိုက်သွားကြသည်။ သူတို့ စီးနင်းထားသော စစ်မြင်းများ အပါအဝင်ပင် ဖြစ်သည်။
သို့သော် ဓားဖြင့် ထိုးဖောက်လိုက်သည့်အခါတွင် ဖြစ်ပေါ်လာသော ခံစားချက်မှာ ဖော်ပြ၍ မရနိုင်လောက်အောင် ထူးဆန်းလှပေသည်။ ဝါဂွမ်းထုပ်များ သို့မဟုတ် ပုပ်သိုးဆွေးမြည့်နေသော အရာများကို ထိုးဖောက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။
"သွေး မရှိဘူး"
"သူတို့က လှုပ်ရှားနိုင်သေးတယ်"
တပ်ဖွဲ့ကြီး အတွင်း၌ မဟာထန်စစ်သည်တစ်ဦးမှာ လက်ထဲတွင် ဓားရှည်ကို ကိုင်ဆောင်ထားလျက်၊ သူကိုယ်တိုင် ထိုးဖောက်လိုက်သော မြင်းပေါ်ရှိ ရွဲလော့ဟယ်သံချပ်ကာမြင်းတပ်သားကို ကြည့်ရင်း ရင်ထဲ၌ ကြက်သီးမွေးညင်းများ ထသွားသကဲ့သို့ ခံစားလိုက်ရတော့သည်။
အကယ်၍ နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့မှ စစ်သည်များ သာဆိုပါက ဤကဲ့သို့သော တိုက်ခိုက်မှုကို ခံရလျှင် သေချာပေါက် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ သို့သော် မြင်းပေါ်ရှိ ထို ရွဲလော့ဟယ်မှာ ဘာတစ်ခုမှ မဖြစ်သည့်အလား လည်ပင်းကိုပင် လှည့်နေသေးသည်။ ထို မျက်လုံးများက သူ့ကို အထက်စီးမှနေ၍ ငုံ့ကြည့်နေတော့သည်။
ဤစစ်ပွဲကြီးတွင် ပါဝင်ခွင့် ရရှိသော မဟာထန်စစ်သည် အားလုံးနီးပါးမှာ အကြိမ်ကြိမ် လေ့ကျင့်မှုများ ခံယူထားရသူများ ဖြစ်ကြပြီး၊ အနည်းဆုံးတော့ စိတ်ဓာတ် ခိုင်မာသူများ ဖြစ်ကြသည်။ သို့သော် ဤခံစားချက်မှာ လူသားများ၏ ခံစားချက် နှင့် လုံးဝ မတူညီပါချေ။
"သူတို့ရဲ့ ကိုယ်ခန္ဓာကို သွားမတိုက်နဲ့၊ သူတို့ရဲ့ ခေါင်းကို ခုတ်ဖြတ်ပစ်"
ဖရိုဖရဲ ဖြစ်နေမှုများ အကြား၌ မဟာထန်ဗိုလ်ချုပ်တစ်ဦး၏ အော်ဟစ်သံမှာ လူတိုင်း၏ နားထဲသို့ ရောက်ရှိလာတော့သည်။
ဤဗိုလ်ချုပ်မှာ ကော်ကျစ်ရီ၏ လက်အောက်မှ ဗိုလ်ချုပ်တစ်ဦ ဖြစ်ပြီး၊ ယခင်က ယိုကျိုးသို့ သွားရောက်ကာ ရွဲလော့ဟယ်များ၏ သတင်းကို စုံစမ်းထောက်လှမ်းခဲ့ဖူးသူ ဖြစ်ရာ၊ ဤ ရွဲလော့ဟယ်များ၏ အစွမ်းထက်မှုကို ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးသူ ဖြစ်သည်။
ထိုစဉ်က ရွဲလော့ဟယ်အနည်းငယ်လေးသာ ရှိခဲ့သော်လည်း ထိုကဲ့သို့သော အစွမ်းသတ္တိများ ရှိနေခဲ့ပြီး၊ မဟာထန်၏ လက်ရွေးစင် ကင်းထောက်များနှစ်ဆယ်ကျော်ကို ရင်ဆိုင်နိုင်ခဲ့သည်။ ယခုအခါ ဤရွဲလော့ဟယ်များက လူတစ်သောင်း ပါဝင်သော တပ်ဖွဲ့ကြီး အဖြစ် ဖွဲ့စည်းလာသည့် အခါတွင်မူ၊ ၎င်းတို့၏ အစွမ်းသတ္တိမှာ ယခင်ကနှင့် လုံးဝနှိုင်းယှဉ်၍ မရနိုင်လောက်အောင် ကြီးမားလှပေသည်။
အနည်းငယ်လေး ပေါ့ဆမှုကပင် တွေးတောခန့်မှန်း၍ မရနိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် နောက်ဆက်တွဲ ရလဒ်များကို ဖြစ်ပေါ်စေနိုင်ပေသည်။
ထိုဗိုလ်ချုပ်၏ သတိပေးမှုမှာ အလွန်မြန်ဆန်လှသည် ဆိုသော်ငြားလည်း နောက်ဆုံးတွင် အနည်းငယ် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
မျက်တောင်တစ်ခတ်မျှ အချိန်လေး အတွင်းမှာပင်၊ ရွဲလော့ဟယ်သံချပ်ကာမြင်းတပ် အသီးသီးမှာ ကိုယ်တွင်းသို့ ထိုးစိုက်ဝင်ရောက်လာသော ဓားရှည်များနှင့် ဓားများကို ချက်ချင်းပင် လှုပ်ခါချိုးဖျက်ပစ်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် အေးစက်လှသော အလင်းတန်း များ လက်သွားခဲ့ပြီး၊ သူတို့ လက်ထဲရှိ ဓားရှည်များနှင့် ဓားများမှာ အနီးနားရှိ မဟာထန်စစ်သည် များ၏ ကိုယ်တွင်းသို့ ချက်ချင်း ထိုးစိုက်ဝင်ရောက်သွားကြတော့သည်။
ဘုန်း
မြင့်မားပြီး ခန့်ညားထည်ဝါလှသော ရွဲလော့ဟယ်က လက်ဝါးကြီးဖြင့် ရိုက်ချလိုက်ရာ၊ ထို လုံးဝဖိနှိပ်ထားနိုင်သော ခွန်အားများက အနီးနားရှိ မဟာထန်စစ်သည်အချို့ကို အလွယ်တကူ လွင့်စင်ထွက်သွားစေတော့သည်။
ခဏတာ အချိန်တိုလေး အတွင်းမှာပင် မဟာထန်ဘက်မှ စစ်သည် သောင်းနှင့်ချီ ဆုံးရှုံးမှုများ ဖြစ်ပေါ်လာတော့သည်။
သို့သော် ထိပ်တန်း တပ်ဖွဲ့ ဖြစ်သည့်အလျောက် လျင်မြန်စွာပင် အပြောင်းအလဲများ ပြုလုပ်နိုင်ခဲ့ကြသည်။ ထိုဗိုလ်ချုပ်၏ စကားကို ကြားလိုက်ရသည့်အခါ ပြည့်နှက်နေသော တပ်ဖွဲ့ကြီး အတွင်းရှိ မရေမတွက်နိုင်သော စစ်သည်များမှာ လမ်းကြောင်း ပြောင်းလဲကာ ရွဲလော့ဟယ်များ၏လည်ပင်းဆီသို့ ခုတ်ပိုင်း တိုက်ခိုက်လိုက်ကြတော့သည်။
ခေါင်းနှင့် ကိုယ် သာ ကွဲကွာသွားမည် ဆိုပါက ရွဲလော့ဟယ်များ၏ အသက်ရှင်သန်နိုင်စွမ်း မည်မျှပင် ကြီးမားနေပါစေ ဆက်လက် အသက်ရှင်နိုင်ရန် ခက်ခဲပေလိမ့်မည်။
သို့သော် အခြေအနေများ၏ ပြောင်းလဲလာမှုမှာ လူတိုင်း တွေးတောထားသလောက် မရိုးရှင်းပါချေ။ အန္တရာယ်ကို ခံစားလိုက်ရသည့်အခါ ရွဲလော့ဟယ်များမှာ လက်မောင်းကို ကန့်လန့်ဖြတ် ကာကွယ်လိုက်ကြပြီး၊ အလွန်အရေးကြီးသည့် အချိန်လေး အတွင်းမှာပင် ဤတိုက်ခိုက်မှုများကို တားဆီးလိုက်ကြတော့သည်။
ဤမျှသာမက တပ်ဖွဲ့ကြီး အတွင်းရှိ ရွဲလော့ဟယ်စစ်သည်တစ်ဦး၏ ကိုယ်တွင်း၌ အေးစက်လှသော အလင်းတန်း တစ်ချက် လက်သွားခဲ့ပြီး၊ ပြင်းထန်လှသော ဂန်ချီ စွမ်းအင်များမှာ လေဆင်နှာမောင်း တစ်ခုအလား သူ၏ ကိုယ်တွင်းမှနေ၍ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ ဤ ဂန်ချီ စွမ်းအင် များမှာ လူ၏ ရိုးတွင်းခြင်ဆီ ကိုပင် အေးခဲသွားစေမတတ် အလွန်အမင်း အေးစက်လှပြီး၊ ထိုအထဲတွင် ပါဝင်သော ကြောက်မက်ဖွယ်ကောင်းသည့် ခွန်အားများကို တားဆီးရန် ပို၍ပင် ခက်ခဲလှပေသည်။ တစ်ကြိမ်တည်းသော တိုက်ခိုက်မှုမျှဖြင့်ပင် အားခနဲ အော်ဟစ်သံများနှင့်အတူ အရပ်မျက်နှာ အားလုံးမှ မဟာထန်စစ်သည် များမှာ မီတာ ဆယ်ကျော်ခန့် အကွာအဝေးသို့ လွင့်စင်ထွက်သွားကြရတော့သည်။
အရာရာတိုင်းမှာ အဆုံးမသတ်သေးပါချေ၊ အလွန်လျင်မြန်သော မြင်းခွာသံများနှင့်အတူ စစ်မြေပြင်၏ အနောက်ဘက်တွင် လေအေးများ ပြင်းထန်စွာ တိုက်ခတ်လာခဲ့ပြီး၊ ပိုမိုများပြားလှသော ရွဲလော့ဟယ်သံချပ်ကာမြင်းတပ်များမှာ စစ်ကြောင်းများအဖြစ် ဖွဲ့စည်းကာ လေပြင်းများအလား လျင်မြန်စွာ တဟုန်ထိုး ပြေးဝင်လာကြတော့သည်။
အနောက်ဘက်မှ ထိုရွဲလော့ဟယ်သံချပ်ကာမြင်းတပ်များ၏အရှိန်မှာ တွေးတောရန်ပင် ခက်ခဲလောက်အောင် မြန်ဆန်လွန်းလှသည်။ ပထမတစ်ချက် ကြည့်လိုက်ချိန်တွင် မီတာ ဆယ်ကျော်ခန့် အကွာအဝေးတွင် ရှိနေသေးသော်လည်း၊ မျက်တောင်တစ်ခတ် အတွင်းမှာပင် မဟာထန်၏ ခံစစ်မျဉ်းရှေ့သို့ ရောက်ရှိလာကြပြီ ဖြစ်သည်။
"ချွင်"
ကြည်လင်ပြတ်သားသော ဓားမြည်သံများနှင့်အတူ သံချေးတက်နေသော ရှေးဟောင်း လက်နက်တစ်ခုမှာ အထက်သို့ မြှောက်တက်သွားခဲ့ပြီးနောက် ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်သည်။ ရွှတ်ခနဲ မြည်သံနှင့်အတူ ထိုဓားတစ်ချက်၏ခွန်အားမှာ မယုံနိုင်စရာ ကောင်းလောက်အောင် ကြီးမားလှရာ၊ ဓားတစ်ချက်တည်းဖြင့်ပင် ခံစစ် ယူနေသော မဟာထန်စစ်သည် တစ်ဦးကို ဘယ်ဘက် ပခုံးမှနေ၍ ညာဘက် ဝမ်းဗိုက်အထိ ထက်ခြမ်းကွဲသွားအောင် ခုတ်ပိုင်းပစ်လိုက်တော့သည်။
ပြင်းထန်လှသော ဂန်ချီ စွမ်းအင်များက ကွဲထွက်သွားသော ခန္ဓာကိုယ်ကို ဘယ်ညာ နှစ်ဖက်သို့ လွင့်စင်သွားစေခဲ့ပြီး၊ သူ၏ကိုယ်ပေါ်ရှိ သံချပ်ကာမှာလည်း ထက်ခြမ်း ကွဲသွားတော့သည်။
ရွဲလော့ဟယ်များ၏ တိုက်ခိုက်ရေး နည်းလမ်းမှာ ဤမျှလောက် ရိုးရှင်းနေခြင်း လုံးဝမဟုတ်ပါချေ။ ဤလူသား မဆန်သော သက်ရှိ သတ္တဝါများမှာ ခန္ဓာကိုယ် ပုံသဏ္ဌာန် ဖြစ်စေ၊ ခွန်အား ဖြစ်စေ၊ အရှိန်အပြည့်ဖြင့် ပြေးဝင်လာသော အမြင့်ဆုံး အရှိန်ဖြစ်စေ၊ အခြားသော သံချပ်ကာမြင်းတပ်များ အားလုံးထက် အဆများစွာ သာလွန်လှပေရာ၊ ရိုးရှင်းသော ထိုးစိုက် တိုက်ခိုက်မှုလေးကပင် ဖြစ်ပေါ်လာသော ရိုက်ခတ်မှုမှာ တားဆီးရန် ခက်ခဲလောက်အောင် အစွမ်းထက်လှပေသည်။
ဝုန်း ဝုန်း ဝုန်း
လူ သုံးသောင်း ပါဝင်သော ရွဲလော့ဟယ်တပ်ဖွဲ့ကြီးမှာ စစ်အစီအရင် ကြီး အတွင်း၌ အရှေ့အနောက် ဘယ်ညာ ထိုးဖောက် ဝင်ရောက်နေကြပြီး၊ ၎င်းတို့ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် လူကောမြင်းပါ လွင့်စင်ထွက်သွားကြရသည်။ မီတာ သုံးရာ၊ မီတာ ငါးရာ၊မီတာ ခုနစ်ရာ... ဤ ရွဲလော့ဟယ်သံချပ်ကာမြင်းတပ် များမှာ "ကိုးကောင်းကင် ဆယ်ကမ္ဘာ နတ်ဘုရားနှင့် မိစ္ဆာ ချေမှုန်းရေး မဟာစစ်အစီအရင် ၏ အနက်ပိုင်းသို့ အဆက်မပြတ် ဝင်ရောက်နေကြတော့သည်။
"သေစမ်း"
တပ်ဖွဲ့ကြီး ပြိုကွဲတော့မည်ကို မြင်တွေ့လိုက်ရသည့်အခါ မဟာထန်ဗိုလ်ချုပ်တစ်ဦး၏ မျက်လုံးများ နီရဲသွားခဲ့ပြီး၊ လက်ထဲရှိ ဓားရှည်ကို ဝှေ့ယမ်းကာ တစ်ကိုယ်လုံးရှိ ပြင်းထန်လှသော ဂန်ချီ စွမ်းအင် များကို သံမဏိများအလား ပေါက်ကွဲထွက်ပေါ်လာစေခဲ့ပြီး၊ ရွဲလော့ဟယ်တစ်ဦး၏ ကိုယ်ပေါ်ရှိ ရေခဲ ဂန်ချီ စွမ်းအင် များကို တိုက်ရိုက်ပင် အမှုန့်ဖြစ်သွားအောင် ရိုက်ခွဲပစ်လိုက်သည်။ ရွှီးခနဲ အသံနှင့်အတူ အေးစက်လှသော အလင်းတန်း တစ်ချက် လက်သွားခဲ့ပြီး ထို ရွဲလော့ဟယ်စစ်သည် ၏ ကြီးမားလှသော ခေါင်းကြီးမှာ ချက်ချင်းပင် လည်ထွက်သွားတော့သည်။
ရွဲလော့ဟယ်များ၏ခွန်အားမှာ ကြီးမားလှသည် ဆိုသော်ငြားလည်း သာမန်စစ်သည်များနှင့် နှိုင်းယှဉ်လျှင်သာ ဖြစ်သည်။ အစွမ်းထက်လှသော မဟာထန်သိုင်းပညာရှင်များကို ရင်ဆိုင်ရာတွင်မူ ပြိုင်ဘက် မဟုတ်သေးပါချေ။
"သတ်စမ်း"
တစ်ချိန်တည်းလိုလိုပင် ထိုဗိုလ်ချုပ်၏ အားပေးမှုကြောင့် တပ်ဖွဲ့ကြီး အတွင်းရှိ ခွန်အားကြီးမားသော မဟာထန်စစ်သည်အချို့မှာလည်း နောက်မှ လိုက်ပါကာ တိုက်ခိုက်လာကြတော့သည်။ ဘုတ် ဘုတ်..အလွန်အမင်း အေးစက်လှသော ရေခဲတုံးများအလား လက်မောင်းများ အများအပြားမှာ မြေပြင်ပေါ်သို့ ပြတ်ကျသွားကြပြီး၊ အချို့သော ရွဲလော့ဟယ်များမှာမူ ခန္ဓာကိုယ် တစ်ဝက်ခန့် ပင်လျှင် ခုတ်ပိုင်းခံလိုက်ရကာ လွင့်စင်သွားကြတော့သည်။
ဝမ်ချောင်၏ လက်အောက်ရှိ တပ်ဖွဲ့များမှာ အလွန်ပင် စနစ်တကျ လေ့ကျင့်မှု ခံယူထားရသူများ ဖြစ်ကြပြီး ပြောင်းလဲနေသော အခြေအနေများကို ရင်ဆိုင်ရာတွင် အလွန် မြင့်မားသော စွမ်းရည်များ ရှိကြသည်။ ထိုးစိုက်၊ တိုက်ခိုက်ခြင်းက အသုံးမဝင်ဘူးဆိုလျှင် အလွန်အမင်း လေးလံလှသော ခုတ်ပိုင်း တိုက်ခိုက်ခြင်းကိုသာ တိုက်ရိုက်ပြောင်းလဲ အသုံးပြုလိုက်ကြတော့သည်။
စစ်သည် တစ်ဦးတည်းက သူတို့၏ ပြိုင်ဘက် မဟုတ်ဘူးဆိုပါက၊ စစ်အစီအရင်၏ စွမ်းအားကို အသုံးပြုလိုက်ကြတော့သည်။ မဟာထန်စစ်သည် သုံးဦး၊ ငါးဦး၊ဆယ်ဦး ခန့်မှာ အချင်းချင်း၏ ခွန်အားများကို တစ်သားတည်း ပေါင်းစပ်လိုက်ကြပြီး၊ လူတိုင်း၏ ခွန်အားများကို စုစည်းကာ တိုက်ခိုက်လိုက်ကြတော့သည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် ကိုးကောင်းကင် ဆယ်ကမ္ဘာ နတ်ဘုရားနှင့် မိစ္ဆာ ချေမှုန်းရေး မဟာစစ်အစီအရင်မှာ အစွမ်းသတ္တိများကို ဆက်လက် ပြသနိုင်ခဲ့သည်။ ရူးသွပ်စွာ တိုက်ခိုက်မှုများ အောက်တွင် ရွဲလော့ဟယ်အနည်းဆုံး ရာနှင့်ချီမှာ လူနှင့်မြင်းပါ ပွဲချင်းပြီး အသတ်ခံလိုက်ရသည်။ ထို့ပြင် အပိုင်းရှစ်ပိုင်းခန့်အထိ ခုတ်ပိုင်းခံလိုက်ရခြင်းပင် ဖြစ်သည်။
ဤရွဲလော့ဟယ်များ၏ သက်ရှိ ပုံသဏ္ဌာန်မှာ အလွန်ပင် ထူးဆန်းလွန်းလှရာ လူတိုင်းက ဤသို့ပြုလုပ်လျှင်တောင်မှ သူတို့ကို မသတ်နိုင်မည်ကို စိုးရိမ်နေကြသဖြင့် ဤနည်းလမ်းကို တိုက်ရိုက် အသုံးပြုလိုက်ကြခြင်း ဖြစ်သည်။
ပုရွက်ဆိတ်များ များလွန်းလျှင် ဆင်ကိုပင် ကိုက်သတ်နိုင်သည်။ ဤအချက်တွင်မူ ရွဲလော့ဟယ်များမှာ အခြားသော ထူးခြားချက်များ လုံးဝ မရှိတော့ပါချေ။
"ပစ်"
တစ်ချိန်တည်း လိုလိုပင် လေးကြိုးများ တုန်ခါသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ မည်သူမျှ တားဆီး၍ မရနိုင်ဘဲ အဆက်မပြတ် အနက်ပိုင်းသို့ ထိုးဖောက်ဝင်ရောက်လာသော ရွဲလော့ဟယ်များကို ရင်ဆိုင်ရာတွင် စုဟန်ရှင်း ဦးဆောင်သော စစ်ရထားလေး တပ်ဖွဲ့ မှာ ထပ်မံ၍ တိုက်ခိုက်မှု စတင်လိုက်ပြန်သည်။
အခြေအနေများမှာ အလွန်ပင် အန္တရာယ် ကြီးမားလှပြီး ရှေ့ဆုံးမှ ရွဲလော့ဟယ်မှာ သူ၏စစ်ရထားလေး တပ်ဖွဲ့ နှင့် ပေ တစ်ရာခန့် သာ ကွာဝေးတော့သည်။ သို့သော် စုဟန်ရှင်းမှာ အမြဲတမ်း တည်ငြိမ်နေခဲ့ပြီး၊ သူ၏ခြေထောက်များမှာ မြေကြီးတွင် အမြစ်တွယ်နေသည့်အလား မလှုပ်မယှက် ရပ်နေတော့သည်။ ဤလောကတွင် သူ့ကို တုန်လှုပ်သွားစေနိုင်မည့်အရာ မည်သည့်အရာမျှ မရှိသည့်အလား ဖြစ်နေတော့သည်။ အသက်ရှင်ခြင်း၊ သေဆုံးခြင်း အပါအဝင်ပင် ဖြစ်သည်။
"ဝုန်း ဝုန်း ဝုန်း"
တောင်ပြိုသံများအလား ပြင်းထန်လှသော မြည်ဟည်းသံကြီးများမှာ စစ်မြေပြင် တစ်ခုလုံးတွင် ထပ်မံ ပဲ့တင်ထပ်သွားပြန်သည်။ သို့သော် ဤတစ်ကြိမ်တွင်မူ စုဟန်ရှင်း ၏ စစ်ရထားလေး တပ်ဖွဲ့မှာ နည်းလမ်း ပြောင်းလဲလိုက်ကြပြီး ခန္ဓာကိုယ်ကို ပစ်မှတ်ထားခြင်း မပြုတော့ဘဲ ရွဲလော့ဟယ်များ၏ခေါင်းများကိုသာ တိုက်ရိုက် ပစ်မှတ်ထားလိုက်ကြတော့သည်။
"ဝုန်း"
ဖရိုဖရဲ ဖြစ်နေသော စစ်မြေပြင်ပေါ်တွင် အေးစက်လှသော အရှိန်အဝါများရှိပြီး မျက်လုံးများ နီရဲနေသော ရွဲလော့ဟယ်တစ်ဦးမှာ အရှိန်အပြည့်ဖြင့် ပြေးဝင်လာခဲ့ရာ၊ ရုတ်တရက် အလွန်အမင်း လေးလံလှပြီး ချွန်ထက်နေသည့် မြားတံ ခုနစ်ချောင်း၊ ရှစ်ချောင်းခန့်မှာ အရပ်မျက်နှာ အားလုံးမှ တစ်ချိန်တည်းမှာပင် တဟုန်ထိုး ပစ်ခတ်လာခဲ့သည်။ ကျယ်လောင်လှသော မြည်ဟည်းသံကြီးတစ်ခု ထွက်ပေါ်လာပြီးနောက် ထိုရွဲလော့ဟယ်မှာ တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင်၊ ကြီးမားလှသော ခေါင်းကြီးမှာ ချက်ချင်းပင် ပေါက်ကွဲထွက်သွားခဲ့ပြီး လုံးဝပျောက်ကွယ်သွားတော့သည်။
ထိုရွဲလော့ဟယ်၏ ခေါင်းမရှိတော့သော ခန္ဓာကိုယ်မှာ ဆက်လက်၍ ပေ ဆယ်ကျော်ခန့် ဆက်ပြေးသွားခဲ့ပြီးနောက်၊ ယိမ်းယိုင်သွားကာ မြင်းပေါ်မှနေ၍ လဲကျသွားတော့သည်။
တစ်ဦး၊နှစ်ဦး၊သုံးဦး... ခဏတာ အချိန်တိုလေး အတွင်းမှာပင် ရွဲလော့ဟယ်အနည်းဆုံး ရာနှင့်ချီမှာ စုဟန်ရှင်း၏ ဤကဲ့သို့သော နည်းလမ်းဖြင့် ပွဲချင်းပြီး အသတ်ခံလိုက်ရတော့သည်။
စုဟန်ရှင်း၏ ဤနည်းလမ်းမှာ အချိန်ကုန်ပြီး လူပင်ပန်းလှသည်။ ထို့ပြင် အကျိုးသက်ရောက်မှုမှာလည်း ဤမျှလောက်အထိ ထင်ရှားခြင်း မရှိပါချေ၊ သို့သော် ဤအချိန်တွင်မူ ရွဲလော့ဟယ်များကို ကိုင်တွယ်ရန် အကောင်းဆုံး နည်းလမ်းပင် ဖြစ်နေတော့သည်။
"ပစ်"
စုဟန်ရှင်းက လက်ဝါးကို ဝှေ့ယမ်းကာ အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ နောက်ထပ် တစ်ကြိမ် အုပ်စုလိုက် ပစ်ခတ်ရန် အမိန့်ပေးလိုက်ပြန်သည်။
ဝုန်းခနဲ မြည်ဟည်းသံကြီးများနှင့်အတူ နောက်ထပ် ရွဲလော့ဟယ်ရာနှင့်ချီမှာ မြင်းပေါ်မှနေ၍ လဲကျသွားကြပြန်သည်။ မူလက တဟုန်ထိုး ပြေးဝင်လာခဲ့ပြီး စုဟန်ရှင်း၏ စစ်ရထားလေး တပ်ဖွဲ့ နှင့် ပေ သုံးဆယ်ကျော်ခန့် သာ ကွာဝေးတော့သော ရွဲလော့ဟယ်သံချပ်ကာမြင်းတပ် အဖွဲ့ငယ်တစ်ဖွဲ့မှာ မြားတံများ၏ ဖုံးလွှမ်းမှု အောက်တွင် မျက်တောင်တစ်ခတ်အတွင်း အားလုံးအသတ်ခံလိုက်ရသည်။ ထိုမျှသာမက အနောက်ဘက်မှ တဟုန်ထိုး ပြေးဝင်လာသော ရွဲလော့ဟယ်များကိုပင် အနည်းငယ် ဖရိုဖရဲ ဖြစ်သွားစေခဲ့သည်။
သို့သော် ဤသို့ ဖြစ်နေလင့်ကစား စုဟန်ရှင်း၏မျက်နှာပေါ်တွင် အနည်းငယ်မျှ ပေါ့ပါးသွားသော အရိပ်အယောင် လုံးဝ မရှိပါချေ၊ စစ်ရထားလေး များကို မူလက ဤကဲ့သို့ အသုံးပြုရန် မဟုတ်ပါချေ၊ ဤကဲ့သို့ အတိုင်းအတာ သေးငယ်သော တိကျသည့် ပစ်ခတ်မှုများကို အသုံးပြုခြင်းက ကန့်သတ်ချက် အများအပြား ရှိနေပေသည်။ စုဟန်ရှင်းအနေဖြင့် မြားတံများက မိမိတို့ဘက်မှ တပ်ဖွဲ့များကို မှားယွင်းစွာ ထိခိုက်မိမည်ကို အစွမ်းကုန် ရှောင်ရှားရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြားတံ များ၏ ကြောက်မက်ဖွယ်ကောင်းသော ဖောက်ထွင်းနိုင်စွမ်းကြောင့် ရွဲလော့ဟယ်တစ်ဦးကို ဖောက်ထွင်းပြီးနောက် မိမိတို့ လူများကိုပါ မှားယွင်းစွာ ထိခိုက်မိရန် အလွန်ပင် လွယ်ကူလှသောကြောင့်ပင်။
အခြားတစ်ဖက်မှ ကြည့်မည်ဆိုပါက စုဟန်ရှင်းသည် ဧရာမ စစ်ရထားလေး ရှစ်ခု အထက်ကို တစ်ပြိုင်နက်တည်း ထိန်းချုပ်ပြီး အတူတကွ ပစ်ခတ်စေရမည် ဖြစ်သည်။ မြားတံများ အားလုံးသည် တစ်ချိန်တည်းမှာပင် ရွဲလော့ဟယ်များ၏ ခေါင်းများကို အတိအကျ မှန်ကန်စေရန် အာမခံရမည် ဖြစ်သည်။ အကယ်၍ အလှည့်ကျ ပစ်ခတ်မည် ဆိုပါက၊ ပစ်ခတ်မည့် အချိန်များ မတူညီပါက ရွဲလော့ဟယ်များ၏ တားဆီးခြင်းကို ခံရရန် အလွန်ပင် လွယ်ကူလှသည်။ ထိုသို့ဖြစ်ပါက အားထုတ်မှုများ အားလုံး အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
အခြေအနေများမှာ အလွန်ပင် အရေးကြီးနေခဲ့ပြီး ရွဲလော့ဟယ်များ၏အစွမ်းထက်မှုမှာ တွေးတောထားခဲ့သည်ထက် ပိုမိုကြောက်မက်ဖွယ် ကောင်းနေတော့သည်။
"အမြင့်ဆုံး ကန့်သတ်ချက်ကို ရောက်နေပြီပဲ"
ဝမ်ချောင်သည် လေထဲတွင် ဤမြင်ကွင်းကို အပေါ်စီးမှနေ၍ ငုံ့ကြည့်နေရင်း မျက်နှာအမူအရာမှာလည်း အလွန်အမင်း တင်းမာနေတော့သည်။
ဤတိုက်ပွဲကြီးတွင် လက်ရှိအချိန်အထိ မဟာထန်ဘက်မှ သတ်ဖြတ်နိုင်ခဲ့သော ရွဲလော့ဟယ်အရေအတွက်မှာ ခုနစ်ရာခန့်သာ ရှိသေးသည်။ ယခင်ဘဝက ကမ္ဘာပျက်ကပ်နှင့် နှိုင်းယှဉ်ပါက ဤကဲ့သို့သော အကျိုးသက်ရောက်မှုဖြင့် ဤတခြားကမ္ဘာ ကျူးကျော်သူများ တစ်ဝက်ကို သတ်ဖြတ်နိုင်ခြင်းမှာ အလွန်ပင် လေးစားလောက်သော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော် လူ သုံးသောင်း ပါဝင်သော ရွဲလော့ဟယ်တပ်ဖွဲ့ကြီးနှင့် နှိုင်းယှဉ်ပါက ရွဲလော့ဟယ်ခုနစ်ရာခန့် သေဆုံးခြင်းမှာ အလွန်ပင် သေးငယ်သော အရေအတွက်လေး တစ်ခုသာဖြစ်ပြီး၊ လုံးဝထိခိုက်နစ်နာသွားလောက်သည့် အခြေအနေ သို့ ရောက်ရှိမနေသေးပါချေ။
"ကြည့်ရတာ အမှန်တရားက ဘာပဲဖြစ်နေပါစေ၊ အဲဒီကျူးကျော်သူတွေက အမည်းရောင်ဝတ်စုံဝတ် အဖွဲ့အစည်းနဲ့ အရမ်းကြီးမားတဲ့ ပတ်သက်မှုတွေ သေချာပေါက် ရှိနေတာပဲ၊ အဲဒီ ကျူးကျော်သူတွေက သူတို့ ခေါ်လာတာတောင် ဖြစ်နိုင်သေးတယ်"
မျက်တောင်တစ်ခတ်မျှ အချိန်လေးအတွင်းမှာပင် ဝမ်ချောင်၏ ဦးနှောက်ထဲ၌ အတွေးများ အဆက်မပြတ် ဖြတ်ပြေးသွားတော့သည်။
ယခင်ဘဝက အရာများစွာကို သူ နားမလည်ခဲ့ပါချေ၊ ဥပမာအားဖြင့် ခန့်ညားထည်ဝါလှသော မဟာထန်ကြီးမှာ စစ်ပွဲအချို့တွင် ရှုံးနိမ့်ခဲ့သည် ဆိုလျှင်တောင်မှ ပိန်သွားတဲ့ ကုလားအုတ်က မြင်းထက်တော့ ကြီးနေသေးတာပဲ၊ အန်းလုရှန်းအနေဖြင့် ဤမျှလောက်လေးသော စစ်အင်အားဖြင့် ဤမျှလောက် ကြီးမားလှသော မဟာထန်ကြီးကို လုံးဝ ဖရိုဖရဲ ဖြစ်သွားအောင်၊ အပေါက်အပြဲများ ပြည့်နှက်သွားအောင်၊ တပ်ဖွဲ့ကြီးများ တစ်ဖွဲ့ပြီး တစ်ဖွဲ့ အဆက်မပြတ် ပြိုကွဲသွားအောင် ဘယ်လိုများ လုပ်နိုင်ခဲ့တာလဲ။
ထိုစဉ်က ဝမ်ချောင်သည် နားမလည်ခဲ့ပါချေ၊ ယိုကျိုးမှ စစ်သည်များ အလွန်ပင် ရဲရင့်လွန်းသောကြောင့်သာ ဖြစ်မည်ဟု သူ တွေးတောခဲ့သည်။ သို့သော် ယခု ကြည့်ရသည်မှာ အဓိက သော့ချက်မှာ ယိုကျိုး စစ်သည်များ မည်မျှ ရဲရင့်သည် ဆိုသည့် အပေါ်တွင် မူတည်နေခြင်း မဟုတ်ဘဲ၊ လူတိုင်းက လျစ်လျူရှုထားခဲ့မိသော ရွဲလော့ဟယ်ထောင်နှင့်ချီ ရှိနေခြင်းကြောင့်သာ ဖြစ်ကြောင်း ရှင်းလင်းလှပေသည်။
"ဆုတ်"
ဝမ်ချောင်၏ မျက်ဝန်းထဲ၌ အေးစိမ့်လှသော အလင်းတန်း တစ်ချက် လက်သွားခဲ့ပြီး လျင်မြန်စွာပင် ဆုတ်ခွာရန် အမိန့်ကို ချမှတ်လိုက်တော့သည်။
ဤတပ်ဖွဲ့ကြီးကို အနာဂတ်တွင် များစွာအသုံးပြုရဦးမည်ဖြစ်ရာ ဤနေရာတွင် အလွယ်တကူ သေဆုံးခွင့် လုံးဝမပေးနိုင်ပါချေ၊ သူတို့ကို ရွဲလော့ဟယ်များ၏ အစွမ်းထက်မှုကို မြင်တွေ့ခွင့် ပေးလိုက်ခြင်းက မဟာထန်၊ တစ်လောကလုံး နှင့် ကုန်းမြေလောက တစ်ခုလုံးအတွက် အလွန်ပင် ကြီးမားသော အကျိုးကျေးဇူးများ ရရှိစေမည် ဖြစ်သည်။
အနည်းဆုံးတော့ သူတို့သည် ယခင်ကကဲ့သို့ ထိတ်လန့်ကြောက်ရွံ့ပြီး လုံးဝဖရိုဖရဲဖြစ်သွားကာ နောက်ပိုင်းတွင် ပိုမိုကြီးမားသော အဖြစ်ဆိုးများကို ဖြစ်ပေါ်စေတော့မည် မဟုတ်ပါချေ။
******