အခန်း ၂၂၀၆
Vol. 137 Ch. 2206
အခန်း (၂၂၀၆) ဧရာမ မျောက်ဝံကြီး ပေါ်ထွက်လာခြင်း
"ဝုန်း"
ဝမ်ချောင်က လက်ဝါး တစ်ချက် ရိုက်ချလိုက်ရာ ကြီးမားကျယ်ပြန့်လှသော ဂန်ချီ စွမ်းအင်များမှာ လေပြင်းများအလား ဆင်းသက်လာခဲ့ပြီး အောက်ဘက်ရှိ ရွဲလော့ဟယ်တပ်ဖွဲ့ အတွင်းသို့ ဝင်ရောက်သွားတော့သည်။
အလွန်ကျယ်လောင်ပြီး ပြင်းထန်လှသော မြည်ဟည်းသံကြီး တစ်ခုကိုသာ ကြားလိုက်ရပြီး၊ ရွဲလော့ဟယ်ရာနှင့်ချီမှာ တိုက်ရိုက်ပင် လွင့်စင်ထွက်သွားကြရသည်။ ဂန်ချီ စွမ်းအင်များ ကျရောက်လာသော အလယ်ဗဟို နေရာရှိ ရွဲလော့ဟယ်အားလုံးမှာမူ လုံးဝအမှုန့်ဖြစ်သွားပြီး ပျောက်ကွယ်သွားကြတော့သည်။
သို့သော် ဝမ်ချောင်အနေဖြင့် ဤရွဲလော့ဟယ်များကို ဆက်လက်၍ သတ်ဖြတ်ရန် အချိန်မရလိုက်မီမှာပင်၊ ရွှီး ရွှီး ရွှီး ဟူသော အသံများနှင့်အတူ အလင်းတန်းများ လက်သွားခဲ့ပြီး ထူးဆန်းလှသော ပုံသဏ္ဌာန် ရှိသည့် ဓားပျံအမြောက်အမြားမှာ ဝမ်ချောင်၏ အရေးကြီးသော အစိတ်အပိုင်းများဆီသို့ ပစ်ခတ်လာခဲ့ရာ၊ ဝမ်ချောင်အနေဖြင့် လက်မတင်လေး ရှောင်တိမ်းလိုက်ရတော့သည်။
"ဖျက်ဆီးခြင်း သားတော်... မင်း ရွဲလော့ဟယ်တွေကို သတ်ဖို့ မစဉ်းစားနဲ့တော့၊ ငါတို့က မင်း အလိုကျ ဖြစ်ခွင့် ပေးမှာ မဟုတ်ဘူး"
ထိုအချိန်မှာပင် အေးစက်ပြီး ရက်စက်ကြမ်းတမ်းလှသော အသံတစ်ခုမှာ နားထဲသို့ ရောက်ရှိလာတော့သည်။ အလင်းတန်း တစ်ချက် လက်သွားခဲ့ပြီး မင်ရည်များအလား နက်မှောင်နေကာ အလွန်အမင်း အဆိပ်ပြင်းလှသော ထိုဓားပျံများမှာ လေထဲတွင် လမ်းကြောင်း တစ်ခုကို ဖန်တီးကာ လျင်မြန်စွာ ပျံသန်းသွားကြပြီး၊ ဝမ်ချောင်၏ မျက်နှာချင်းဆိုင်ရှိ နတ်ဘုရား သခင်အချို့၏လက်ထဲသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိသွားကြတော့သည်။
"အရာရာတိုင်းက ပြီးဆုံးသင့်နေပါပြီ၊ မင်း ငါတို့ကို ဆက်ပြီး ယှဉ်ပြိုင်ဖို့ အခွင့်အရေး ရတော့မှာ မဟုတ်ဘူး"
"မင်း တစ်ယောက်တည်း မကဘူး၊ ဒီတစ်ကြိမ်မှာ ကုန်းမြေလောက တစ်ခုလုံးကလည်း လုံးဝအသစ်ပြန်လည် ဖွဲ့စည်းရလိမ့်မယ်၊ 'ထျန်း'ရဲ့အမိန့်ကို ဘယ်သူမှ ဆန့်ကျင်ခွင့် မရှိဘူး၊ ဖျက်ဆီးခံရခြင်းက မင်းတို့လို ပုရွက်ဆိတ်တွေအတွက် နောက်ဆုံး ရလဒ်ပဲ"
အခြားနတ်ဘုရား သခင်အဆင့်ရှိ အစွမ်းထက် သိုင်းပညာရှင်တစ်ဦးကလည်း အေးစက်စွာ ဆိုလိုက်တော့သည်။
"ဟုတ်လို့လား။ ငါ့အတွက်တော့ ကောင်းကင် က သတ်မှတ်ထားတဲ့ ကံကြမ္မာဆိုတာ လုံးဝ မရှိဘူး၊ မင်းတို့ရဲ့ နောက်ကွယ်က 'ထျန်း' ပဲ ဖြစ်ဖြစ် တစ်နေ့ကျရင် ငါကိုယ်တိုင် သူ့ကို အမြစ်ပြတ် သတ်ပစ်မယ်"
ဝမ်ချောင်က အေးစက်စက် ပြုံးလိုက်ပြီး ဆိုလိုက်တော့သည်။
"ဝုန်း"
အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ ဝမ်ချောင်၏ ခန္ဓာကိုယ်မှာ လှုပ်ရှားသွားခဲ့ပြီး အရိပ် နတ်ဆိုး ကိုယ်ဖော့ပညာကို ချက်ချင်း အသုံးပြုလိုက်ရာ၊ မျက်တောင်တစ်ခတ်အတွင်းမှာပင် လေထဲ၌ ပျောက်ကွယ်သွားခဲ့ပြီး ထိုက်ရှီ ခေါ်ဆောင်လာသော မျက်နှာချင်းဆိုင်ရှိ နတ်ဘုရား သခင်နှစ်ဦးဆီသို့ ပြေးဝင်တိုက်ခိုက်လိုက်တော့သည်။
သို့သော် ထိုနှစ်ဦးမှာလည်း ခန္ဓာကိုယ် လှုပ်ရှားသွားခဲ့ပြီး အရိပ် နတ်ဆိုး ကိုယ်ဖော့ပညာထက် လုံးဝမနိမ့်ကျသော ကိုယ်ဖော့ပညာတစ်မျိုးကို အသုံးပြုကာ လျင်မြန်စွာ အနောက်သို့ ဆုတ်ခွာသွားကြတော့သည်။
ဤတိုက်ပွဲတွင် ထိုနှစ်ဦး၏ရည်ရွယ်ချက်မှာ အလွန်ပင် ရှင်းလင်းလှသည်။ ဝမ်ချောင်၏ ဤကိုယ်ပွားကို ထိန်းချုပ်ထားရန်သာ လိုအပ်ပြီး၊ ဝမ်ချောင်နှင့် အပြင်းအထန် တိုက်ခိုက်ရန် လုံးဝမလိုအပ်ပါချေ။
"မင်း ဆက်ပြီး ခုခံနေစရာ မလိုတော့ဘူး၊ ဒီနေ့ မဟာထန်တစ်ခုလုံး ဒီနေရာမှာပဲ ပျက်စီးရတော့မယ်"
နတ်ဘုရား သခင်အချို့၏ အေးစက်လှသော အသံများမှာ လေဟာနယ် အတွင်းမှနေ၍ ထွက်ပေါ်လာတော့သည်။ လူသားများ၏ လောက တစ်ခုလုံးတွင် အန်းလုရှန်းဟူသော လောက၏သားတော်ကို တားဆီးနိုင်စွမ်းရှိသူမှာ ယိုကျိုးတွင် ရှိနေသော ဤမဟာထန်စစ်သည် သန်းချီသာ ရှိပေသည်။ ဤမဟာထန်စစ်သည်များကို ချေမှုန်းနိုင်မည်ဆိုပါက တစ်ချိန်က အလွန်ပင် အင်အားကြီးမားခဲ့သော မဟာထန်အင်ပါယာကြီးမှာလည်း သဘာဝကျစွာ ပျက်စီးသွားပေလိမ့်မည်။
တိုက်ပွဲမှာ ယခုမှ စတင်ရုံသာ ရှိသေးသည်။
"ဟုတ်လို့လား သုံးသောင်းလောက် ရှိတဲ့ ရွဲလော့ဟယ်တွေနဲ့ တိုက်ပွဲ အခြေအနေကို ပြောင်းလဲနိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား?"
ဝမ်ချောင်၏တစ်ကိုယ်လုံးမှ ဂန်ချီ စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ထိုနှစ်ဦးကို မျက်တောင်တစ်ခတ်အတွင်း အနောက်သို့ လွင့်စင်သွားစေကာ၊ တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်မှာလည်း အနောက်သို့ ဆုတ်ခွာလိုက်ပြီး ထိုနှစ်ဦးနှင့် အကွာအဝေးကို ခွာလိုက်တော့သည်။
"ဘာအဓိပ္ပာယ်လဲ?"
နတ်ဘုရားသခင်အချို့မှာ ဤစကားကို ကြားလိုက်ရသည့်အခါ ရင်ထဲ၌ အနည်းငယ် တွေဝေသွားကြပြီး ပြင်းထန်လှသော စိုးရိမ်ပူပန်မှု ကြီးတစ်ခုကို ချက်ချင်းပင် ခံစားလိုက်ရတော့သည်။
ဝမ်ချောင်က အသာအယာ ပြုံးလိုက်ပြီး သူတို့ကို လုံးဝဂရုမစိုက်တော့ပါချေ၊ သူ ခံစားသိရှိနေရပြီ ဖြစ်သည်။ အနည်းငယ် နှေးကွေးနေခဲ့သည် ဆိုသော်ငြားလည်း အရာရာတိုင်းမှာ တတိယ အဆင့်သို့ အောင်မြင်စွာ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။
"အခု တတိယ အဆင့် အစီအစဉ်ကို စတင်ဖို့ အချိန်တန်ပြီ"
နောက်တစ်ခဏတွင် လေဟာနယ် တုန်ခါသွားခဲ့ပြီး ဝမ်ချောင်၏ စိတ်ဆန္ဒအရ ကြီးမားကျယ်ပြန့်လှသော အသိစိတ် လှိုင်းဂယက်တစ်ခုမှာ မျက်တောင်တစ်ခတ်အတွင်း လေဟာနယ်ကို ဖောက်ထွက်သွားခဲ့ပြီး အဝေးဆီသို့ ပျံသန်းသွားတော့သည်။
"ဟိန်းးး"
မျက်တောင်တစ်ခတ်မျှ အချိန်လေး အတွင်းမှာပင် သံမဏိခံတပ် အတွင်း၌ အလွန်ကျယ်လောင်သော မြည်ဟည်းသံကြီး တစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ အရှိန်အဝါ များကို ဖုံးကွယ်ထားသော စစ်အစီအရင်တစ်ခုမှာ ဝုန်းခနဲ ကွဲအက်သွားတော့သည်။ တစ်ချိန်တည်းမှာပင် ရှေးဟောင်းသားရဲကြီး တစ်ကောင်အလား ရက်စက်ကြမ်းတမ်းလှသော ဟောက်သံကြီးတစ်ခုမှာ သံမဏိခံတပ် အတွင်းမှနေ၍ ကောင်းကင်ယံသို့ တဟုန်ထိုး တက်သွားခဲ့ရာ၊ ထိုအခိုက်အတန့်၌ သံမဏိခံတပ် ကြီး တစ်ခုလုံးမှာ တုန်ခါသွားခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော လေလှိုင်းကြီးများမှာ အဆုံးအစမရှိ အရပ်မျက်နှာ အားလုံးသို့ ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။
နောက်တစ်ခဏတွင် လူတိုင်း၏ အကြည့်များ အောက်တွင် တောင်ကြီးတစ်လုံးအလား ဧရာမ မျောက်ဝံကြီးတစ်ကောင်မှာ အမြောက်ဆန် တစ်ခုအလား သံမဏိခံတပ် အတွင်းမှနေ၍ ကောင်းကင်ယံသို့ တဟုန်ထိုး တက်သွားခဲ့သည်။ ထို့နောက် အလင်းတန်း တစ်ချက် လက်သွားကာ ဧရာမ မျောက်ဝံကြီးမှာ ကောင်းကင်ယံမှ ဆင်းသက်လာပြီး ကျောက်ပျံကြီး တစ်ခုအလား မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ကျလာရာ၊ ကြီးမားလှသော ရိုက်ခတ်မှု လှိုင်းဂယက်များက မရေမတွက်နိုင်သော လူများကို မတ်တပ်ပင် မရပ်နိုင်အောင် လှုပ်ခါသွားစေတော့သည်။
ဧရာမ မျောက်ဝံကြီး။
မရေမတွက်နိုင်သော လူများ၏အကြည့်များ အောက်တွင် မဟာထန်တပ်ဖွဲ့ကြီး၏ အနောက်ဘက်၌ ပေ တစ်ရာ နီးပါး မြင့်မားသော ဧရာမ မျောက်ဝံ ပုံသဏ္ဌာန် သားရဲကြီး တစ်ကောင် ရုတ်တရက် ပေါ်ထွက်လာတော့သည်။
ဤဧရာမ မျောက်ဝံကြီးကို မြင်တွေ့လိုက်ရသည့်အခါ စစ်မြေပြင်၏ အရပ်မျက်နှာ အားလုံးတွင် အံ့ဩထိတ်လန့်သော အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပြီး၊ အဝေးဆီရှိ အန်းလုရှန်းပင်လျှင် မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားရတော့သည်။
တာ့ရှီမှ အချိန်နှင့် ခွန်အား အများအပြား အကုန်အကျခံကာ ဖန်တီးထားခဲ့သော ဤ ဧရာမ သားရဲ တပ်ဖွဲ့မှာ တာ့လာစ် စစ်ပွဲနှင့် အနောက်မြောက်ဘက် စစ်ပွဲတို့အပြီးတွင် နိုင်ငံအသီးသီး၌ အစောကြီးကတည်းက ကျော်ကြားနေခဲ့ပြီ ဖြစ်သည်။ မဟာထန်၏ ဘေးပတ်ဝန်းကျင်ရှိ နိုင်ငံအသီးသီးအနေဖြင့် ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးခြင်း မရှိကြပါသော်လည်း ချက်ချင်းပင် မှတ်မိသွားကြတော့သည်။
သို့သော် မရေမတွက်နိုင်သော သတင်းအချက်အလက်များထဲတွင် ဖော်ပြထားသော ပုံသဏ္ဌာန်နှင့် အနည်းငယ် ကွဲပြားခြားနားနေသည်မှာ ဤဧရာမမျောက်ဝံကြီး၏ ကိုယ်ပေါ်တွင် ဘာမှမရှိတော့ခြင်း မဟုတ်ဘဲ၊ နောက်ထပ် အရာအချို့ကို ထပ်မံတပ်ဆင်ထားခြင်းပင် ဖြစ်သည်။ ၎င်း၏ ခြေထောက်များ၊ လက်မောင်းများ၊ လက်သီးများနှင့်ရင်ဘတ် နေရာများတွင် အထူးသွန်းလုပ်ထားသော သံချပ်ကာအချို့ကို ဆင်မြန်းထားတော့သည်။
ဤသံချပ်ကာများမှာ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းထားခြင်း မရှိပါဘဲ အရေးကြီးသော နေရာအချို့ကိုသာ ဖုံးကွယ်ထားခြင်းဖြစ်သည်။ သို့သော် ၎င်း၏ ခံစစ်စွမ်းရည်နှင့် တိုက်ခိုက်ရေး စွမ်းအား များကိုမူ အဆများစွာ မြင့်တက်သွားစေတော့သည်။
ဧရာမ မျောက်ဝံကြီး မှာ မူလကတည်းက ကြီးမားလှသော ခန္ဓာကိုယ် ရှိနေပြီးဖြစ်ရာ၊ ဤ အထူးသွန်းလုပ်ထားသော သံချပ်ကာများကိုပါ ဆင်မြန်းလိုက်သည့်အခါတွင်မူ ပို၍ပင်ကြောက်မက်ဖွယ် ကောင်းနေတော့သည်။
စစ်မြေပြင်ပေါ်တွင် ဤဧရာမ သားရဲကြီးကို မြင်တွေ့လိုက်ရသော နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့မှ စစ်သည်တစ်ဦးစီတိုင်း၏ရင်ထဲ၌ နက်ရှိုင်းလှသော ထိတ်လန့်ကြောက်ရွံ့မှုများနှင့် တုန်လှုပ်မှုများ မသိစိတ်ဖြင့် ပေါ်ထွက်လာတော့သည်။
ဒဏ္ဍာရီများက အမှန်တကယ် ဖြစ်လာသည့်အခါတွင်မူ လူတိုင်းကို အလွန်အမင်း ကြီးမားလှသော တုန်လှုပ်မှုကြီး တစ်ခု ပေးစွမ်းနိုင်ဆဲပင် ဖြစ်သည်။
"သူက ဒီတိရစ္ဆာန် ကို အစောကြီးကတည်းက ခေါ်လာခဲ့တာပဲ"
လေထဲတွင် အမည်းရောင်ဝတ်စုံဝတ် အဖွဲ့အစည်းမှ နတ်ဘုရားသခင် နှစ်ဦးမှာ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ အလွန်အမင်း အံ့ဩသွားကြတော့သည်။
ခန္ဓာကိုယ် ကြီးမားလှသော ဧရာမ မျောက်ဝံကြီ မှာ သာမန် စစ်သည်များ အတွက်မူ နတ်ဘုရားများနှင့်မိစ္ဆာများ အလားဖြစ်နေမည် ဖြစ်သော်လည်း ဤ နတ်ဘုရား သခင်များအတွက်မူ ကြီးမားသော အန္တရာယ် မရှိလှပါချေ။
ထိုနှစ်ဦး အမှန်တကယ် အာရုံစိုက်မိသည်မှာ တောင်ဘက်ရှိ ထိုသံမဏိခံတပ်ကြီးမှာ ဝမ်ချောင်၏ စီမံခန့်ခွဲမှုအောက်တွင် အစောကြီးကတည်းက စိတ်စွမ်းအင် အာရုံခံနိုင်စွမ်းများကို ပိတ်ပင်ထားသော တားမြစ်နယ်မြေ တစ်ခု၊ ပြင်ပနှင့် လုံးဝ အဆက်အသွယ် ဖြတ်တောက်ထားသော မြို့ကြီး တစ်မြို့ ဖြစ်နေခဲ့ခြင်းပင် ဖြစ်သည်။
ဝမ်ချောင်က မြို့ထဲတွင် နတ်ဘုရားများ၏ အာရုံခံနိုင်စွမ်းကို ပိတ်ပင်နိုင်သော မန္တန်များ မည်မျှလောက် ထားရှိခဲ့သည်ကို မသိရှိရပါချေ။ ထို့ကြောင့် သူတို့ နှစ်ဦး၏ ခွန်အားဖြင့်ပင် ကြိုတင်သိရှိနိုင်ခြင်း မရှိခဲ့ဘဲ၊ သံမဏိခံတပ် အတွင်း၌ တောင်တန်းကြီး တစ်ခုအလား ဧရာမ မျောက်ဝံကြီး တစ်ကောင် ပုန်းအောင်းနေလိမ့်မည်ဟု လုံးဝမသိရှိခဲ့ကြပါချေ။
"ဝုန်း"
ဧရာမ မျောက်ဝံကြီးမှာ မြေပြင်ပေါ်သို့ ရောက်ရှိသွားခဲ့ပြီး လက်ထဲရှိ ဧရာမ သံမဏိ တုတ်တံကြီးဖြင့် မြေပြင်ကို ပြင်းထန်စွာ ထောက်လိုက်ရာ မြေကြီးများ တုန်ခါသွားခဲ့ပြီး၊ ၎င်း ကိုင်ဆောင်ထားသော ဧရာမ သံမဏိ တုတ်တံကြီးနှင့် ၎င်း၏ လက်မောင်း နှစ်ဖက်မှနေ၍ အပြာရောင် မဟာထန်သံချပ်ကာများကို ဆင်မြန်းထားသော စစ်သည် ရာနှင့်ချီမှာ လျင်မြန်စွာ လျှောဆင်းလာကြတော့သည်။
ဤစစ်သည်များက ပေးစွမ်းသောခံစားချက်မှာ အလွန်ပင် ထူးခြားလှသည်။ သူတို့၏ ဝတ်စားဆင်ယင်မှုများ၊လက်နက်များဖြစ်စေ၊ သူတို့၏ အရှိန်အဝါများ ဖြစ်စေ အခြားသော စစ်သည်များ အားလုံးနှင့် လုံးဝ ကွဲပြားခြားနားနေတော့သည်။
ခဏတာ အချိန်တိုလေး အတွင်းမှာပင် ဧရာမ မြည်ဟည်းသံကြီး တစ်ခုနှင့်အတူ သံမဏိခံတပ်၏ တံခါးကြီး ပွင့်သွားခဲ့ပြီး၊ သံချပ်ကာများ ဆင်မြန်းထားပြီး လက်နက်များကို ကိုင်ဆောင်ထားသော တပ်ဖွဲ့ကြီးတစ်ခုမှာ သံမဏိခံတပ် အတွင်းမှနေ၍ လျင်မြန်စွာ တဟုန်ထိုး ပြေးထွက်လာကြတော့သည်။ ဤလူများ အားလုံးမှာ တစ်ပုံစံတည်း တူညီသော သံချပ်ကာများကို ဆင်မြန်းထားကြပြီး ကြီးမားကျယ်ပြန့်လှသော စစ်မြေပြင်ကြီးပေါ်တွင် အခြားသော တပ်ဖွဲ့ကြီးများ အားလုံးနှင့် လုံးဝ ကွဲပြားနေသည်မှာ အလွန်ပင် ထင်ရှားနေတော့သည်။
ဝုန်း ဝုန်း ဝုန်း
ဤတပ်ဖွဲ့ကြီး၏အရှိန်မှာ အလွန်ပင် မြန်ဆန်လှပေရာ ခဏတာ အချိန်တိုလေး အတွင်းမှာပင် လေဟာနယ်ကို ဖြတ်ကျော်လျက် ရှေ့တန်းရှိ စစ်မြေပြင်သို့ ရောက်ရှိလာကြပြီး၊ ဧရာမ မျောက်ဝံကြီးရှိရာ အရပ်ဆီသို့ ပြေးဝင်လာကြတော့သည်။
"ဟားဟားဟား... ဒါက မင်းရဲ့ အားကိုးရာ လား။ ဒီ မျောက်ဝံကြီး တစ်ကောင်တည်းနဲ့ ဒီစစ်သည် အနည်းငယ်လေးကို အားကိုးပြီး ဒီစစ်ပွဲ တွက် ငါတို့ အထူး ပြင်ဆင်ထားတဲ့ ပျက်ကပ် တပ်ဖွဲ့ကြီးကို ယှဉ်ပြိုင်နိုင်မယ်လို့ ထင်နေတာလား?"
သို့သော် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ လေထဲတွင် နတ်ဘုရား သခင်နှစ်ဦးမှာ အဆက်မပြတ် အေးစက်စက် ရယ်မောလိုက်ကြတော့သည်။
ဝမ်ချောင်က ယခင်က အလွန်ပင် ယုံကြည်မှု ရှိနေသောပုံစံ ရှိသဖြင့် သူတို့ နှစ်ဦးအနေဖြင့် သူ့တွင် အထူးနည်းလမ်းတစ်ခုခု ရှိနေမည်ဟု မူလက တွေးတောထားခဲ့ကြသည်။ သို့သော် နောက်ဆုံးတွင် ဧရာမ မျောက်ဝံကြီးတစ်ကောင်နှင့် အရန်အဖြစ် ချန်ထားသော စစ်သည် သောင်းဂဏန်းကိုသာ အားကိုးနေခြင်း ဖြစ်နေတော့သည်။
"ဘာမှ အဓိပ္ပာယ် မရှိဘူး၊ ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတာ သက်သက်ပဲ"
အခြားနတ်ဘုရား သခင်တစ်ဦးကလည်း မျက်နှာပေါ်တွင် အထင်သေး လှောင်ပြောင်မှုများ အပြည့်ဖြင့် ဆိုလိုက်တော့သည်။
"ဟိန်းးး"
သို့သော် သူတို့ကို ပြန်လည်တုံ့ပြန်လိုက်သည်မှာ ဧရာမ မျောက်ဝံကြီ ၏ အလွန်ကျယ်လောင်သော ဟောက်သံကြီး ပင် ဖြစ်တော့သည်။ ထိုနှစ်ဦး တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် ဧရာမ ဧရာမ မျောက်ဝံကြီး မှာ ရုတ်တရက် လေထဲသို့ ခုန်တက်လာခဲ့ပြီး "သားရဲကြီး မရောက်လာသေးခင်" မှာပင် လက်ထဲရှိ ရှည်လျားလှသော ဧရာမ သံမဏိ တုတ်တံကြီးမှာ ထိုနတ်ဘုရား သခင်နှစ်ဦးဆီသို့ ပြင်းထန်စွာ ရိုက်ချလာတော့သည်။
"ဒီ တိရစ္ဆာန်ကများ ငါတို့ကို..."
နတ်ဘုရား သခင်နှစ်ဦးမှာ အထင်သေးစွာ ပြုံးလိုက်ကြပြီး ခန္ဓာကိုယ် လှုပ်ရှားသွားကာ ဧရာမ မျောက်ဝံကြီး၏ တိုက်ခိုက်မှုကို အလွန်လွယ်ကူပေါ့ပါးစွာဖြင့် ရှောင်တိမ်းလိုက်ကြတော့သည်။
ဧရာမ မျောက်ဝံကြီး မှာ သာမန် လူများ အတွက်မူ လောကကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိသော သားရဲကြီး တစ်ကောင်ဖြစ်နိုင်ပြီး အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော ခြိမ်းခြောက်မှု များကို ပိုင်ဆိုင်ထားနိုင်ပေသည်။ သို့သော် သူတို့ နှစ်ဦး ၏ ရှေ့မှောက်တွင်မူ လုံးဝ အသုံးမဝင်ပါချေ။
ဤကဲ့သို့သော ဖျတ်လတ်မှု မရှိသည့် တိုက်ခိုက်မှုမျိုးဖြင့် သူတို့၏ ဝတ်ရုံစကိုပင် ထိနိုင်မည် မဟုတ်ပါချေ၊ ဝမ်ချောင်အနေဖြင့် ဤကဲ့သို့သော တိရစ္ဆာန် ကို အသုံးပြုကာ သူတို့ကို ကိုင်တွယ်ရန် ကြိုးစားနေခြင်းမှာ အလွန်ပင် ရယ်စရာ ကောင်းလှပေသည်။
"ဝှီး…"
လေပြင်းများ ပြင်းထန်စွာ တိုက်ခတ်လာခဲ့ပြီး ဧရာမ သံမဏိ တုတ်တံကြီးမှာ သူတို့ နှစ်ဦး၏အောက်မှ ဖြတ်သွားခဲ့ရာ အမှန်တကယ်ပင် သူတို့ နှစ်ဦး၏ အလွယ်တကူ ရှောင်တိမ်းခြင်းကို ခံလိုက်ရတော့သည်။
"တကယ်ပဲ စိတ်ပျက်စရာ ကောင်းတာပဲ"
သူတို့ နှစ်ဦးမှာ ရှောင်တိမ်းနေရင်း အားလပ်သည့် အချိန်တွင် ဝမ်ချောင်ကို လှမ်းကြည့်ကာ လှောင်ပြောင်လိုက်ကြသေးသည်။
ဤစစ်ပွဲကြီးတွင် သူတို့ နှစ်ဦး အလေးထား ဂရုစိုက်သည်မှာ ဝမ်ချောင်တစ်ဦးတည်းသာ ဖြစ်သည်။ ဧရာမ မျောက်ဝံကြီး နှင့် ပတ်သက်၍မူ ဤစစ်ပွဲကြီး ပြီးဆုံးသွားသည့် အခါတွင် သူတို့ နှစ်ဦး၌ ၎င်းကို ကိုင်တွယ်ရန် အချိန် အလုံအလောက် ရှိနေမည် ဖြစ်သည်။ ၎င်းကို အပိုင်းရှစ်ပိုင်းအထိ ခုတ်ပိုင်းပစ်ရန်ပင်လျှင် အလွန်လွယ်ကူလှပေသည်။ သို့သော် ဤအတွေးလေး မှာ ဦးနှောက်ထဲ၌ ဖြတ်ပြေးသွားပြီး နောက်တစ်ခဏတွင်…
"ဝုန်း"
မည်သည့် နိမိတ်လက္ခဏာမျှ မရှိဘဲ မူလက ဖျတ်လတ်မှု မရှိသည့်ပုံ ပေါက်နေသော ဧရာမ မျောက်ဝံကြီး၏ လှုပ်ရှားမှုများမှာ မျက်တောင်တစ်ခတ်အတွင်း ဆယ်ဆမက ပိုမို မြန်ဆန်လာတော့သည်။ ထိုအခိုက်အတန့်၌ ပြသလိုက်သော လျင်မြန် ဖျတ်လတ်မှု များမှာ လူတိုင်းကို အံ့ဩမှင်တက်သွားစေရန် လုံလောက်လှပေပြီး၊ ၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးနှင့် လုံးဝ ဆက်စပ် တွေးတော၍ မရနိုင်လောက်အောင် ဖြစ်နေတော့သည်။
ထိုနတ်ဘုရား သခင်နှစ်ဦး တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် ဧရာမ မျောက်ဝံကြီး၏ လက်ထဲရှိ ထိုဧရာမ သံမဏိတုတ်တံကြီး မှာ သူတို့၏ ရွေ့လျားမည့် လမ်းကြောင် များကို ကြိုတင်ခန့်မှန်း သိရှိသွားသည့်အလား၊ မူလက "လူသူ ကင်းမဲ့နေသော" နေရာ တစ်ခုသို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
ပြင်းထန်လှသော မြည်ဟည်းသံကြီး တစ်ခုကိုသာ ကြားလိုက်ရပြီး နတ်ဘုရား သခင်တစ်ဦးမှာ ထိုနေရာသို့ ယခုလေးတင် ရွှေ့ပြောင်းသွားသည့် အချိန်မှာပင်၊ ဧရာမ မျောက်ဝံကြီး၏ ဧရာမသံမဏိ တုတ်တံကြီးဖြင့် ပြင်းထန်စွာ ရိုက်ခတ်ခြင်းကို ခံလိုက်ရတော့သည်။ ထိုဧရာမ သံမဏိ တုတ်တံကြီးမှာ သူ၏ခါးအောက်ပိုင်း နေရာသို့ ပြင်းထန်စွာ ရိုက်ကျသွားခဲ့ရာ၊ ထိုဧရာမ ခွန်အားကြီးက သူ၏ကိုယ်တွင်းအင်္ဂါများ အားလုံးကိုပင် ခန္ဓာကိုယ် ပြင်ပသို့ ထွက်လာမတတ် ဖြစ်သွားစေခဲ့ပြီး၊ ထို နတ်ဘုရား သခင်ကို ဝိညာဉ် လွင့်ထွက်သွားမတတ် ထိတ်လန့်ကြောက်ရွံ့သွားစေတော့သည်။
"မဖြစ်နိုင်ဘူး… ဒီတိရစ္ဆာန်က ငါ့ရဲ့ ရွေ့လျားမယ့် လမ်းကြောင်းကို ဘယ်လိုလုပ်ပြီး ကြိုသိနေရတာလဲ"
အရိုက်ခံလိုက်ရသော ထိုနတ်ဘုရား သခင်မှာ အဆက်မပြတ် အော်ဟစ်နေခဲ့ပြီး အလွန်အမင်း ထိတ်လန့်နေတော့သည်။
ထိုနတ်ဘုရားသခင် လွင့်စင်ထွက်သွားသည့် တစ်ချိန်တည်း လိုလိုပင် သူ၏အနောက်ဘက်မှ လူအသံနှင့်လည်း တူသလို သားရဲအသံနှင့်လည်း တူသော လှောင်ပြောင် ရယ်မောသံ တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို ဧရာမ မျောက်ဝံကြီး မှာ ဧရာမ သံမဏိ တုတ်တံကြီးကို လက်တစ်ဖက်တည်းဖြင့် ကိုင်ဆောင်ထားလျက်၊ ဧရာမ မျက်လုံးကြီး နှစ်လုံးဖြင့် ထို နတ်ဘုရား သခင် နှစ်ဦး ကို စိုက်ကြည့်နေတော့သည်။
"တုံးအလိုက်တာ"
ထို နီရဲနေသော ဧရာမ မျက်လုံးကြီး နှစ်လုံးထဲမှနေ၍ နတ်ဘုရားသခင် နှစ်ဦးစလုံးမှာ တစ်ပုံစံတည်း တူညီသော အဓိပ္ပာယ် ကို ဖတ်ရှုလိုက်နိုင်ကြတော့သည်။
"ယုတ်မာလိုက်တဲ့ကောင်"
"သေစမ်း"
မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့ နှစ်ဦးစလုံး ချက်ချင်း နားလည်သွားကြပြီး ရင်ထဲ၌ အလွန်အမင်း ဒေါသထွက်သွားကြတော့သည်။ ဤအရာမှာ မည်သည့် ဧရာမ မျောက်ဝံကြီး မှ မဟုတ်ဘဲ ဝမ်ချောင်လေ့ကျင့်ထားသော နောက်ထပ် ကိုယ်ပွား တစ်ခုသာ ဖြစ်ကြောင်း သိသာလှပေသည်။
ဧရာမ သားရဲကြီးများအနေဖြင့် ဤကဲ့သို့သော ဉာဏ်ရည်ဉာဏ်သွေးမျိုး လုံးဝမရှိနိုင်ပါချေ၊ သို့သော် ဝမ်ချောင်သာ ဆိုပါက သူတို့၏ ရွေ့လျားမည့် လမ်းကြောင်း များကို ကြိုတင် ခန့်မှန်း သိရှိနိုင်ရန်မှာ လုံးဝ မခက်ခဲလှပါချေ။
"ဟိန်းးး"
ဧရာမ မျောက်ဝံကြီး က တုတ်တံ တစ်ချက်တည်းဖြင့် နတ်ဘုရား သခင် တစ်ဦးကို လွင့်စင်သွားစေခဲ့သည် ဆိုသော်ငြားလည်း ဆက်လက်၍ နောက်မှ လိုက်လံ တိုက်ခိုက်ခြင်း မပြုခဲ့ပါချေ၊ ဤစစ်ပွဲကြီး ၏ အဓိက သော့ချက် မှာ ဤ နတ်ဘုရား သခင် နှစ်ဦး ပေါ်တွင် မရှိဘဲ အောက်ဘက်ရှိ ထို ရွဲလော့ဟယ်များ ပေါ်တွင်သာ ရှိနေသောကြောင့်ပင်။
အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ ဧရာမ မျောက်ဝံကြီး မှာ ပြင်းထန်စွာ ဟိန်းဟောက်လိုက်ပြီး ကြီးမားလှသော ခြေလှမ်းကြီးများဖြင့် ရှေ့သို့ တိုးထွက်လာတော့သည်။ ထူထပ်လှသော သံချပ်ကာများ ဆင်မြန်းထားသည့် ထို ဧရာမ ခြေဖဝါးကြီး ဖြင့် ပြင်းထန်စွာ နင်းချလိုက်ရာ ရွဲလော့ဟယ်များ၏ စစ်အစီအရင် အတွင်းသို့ ရောက်ရှိသွားခဲ့ပြီး ရွဲလော့ဟယ်အချို့ကို အလွယ်တကူ အမှုန့်ဖြစ်သွားအောင် နင်းချေပစ်လိုက်တော့သည်။
၎င်းနောက်တွင် ဧရာမ မျောက်ဝံကြီးက လက်ထဲရှိ ဧရာမ သံမဏိ တုတ်တံကြီး ကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ပြီး၊ ဤ ရွဲလော့ဟယ်များ၏ တိုက်ခိုက်မှု အပြင်းထန်ဆုံးသော နေရာသို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
အလွန်ကျယ်လောင်သော ပြင်းထန်လှသော မြည်ဟည်းသံကြီး တစ်ခုနှင့်အတူ မြေကြီးများ တုန်ခါသွားခဲ့ပြီး၊ ရွဲလော့ဟယ်ရာနှင့်ချီမှာ ဤ ဧရာမ ခွန်အားကြီး ကြောင့် တိုက်ရိုက်ပင် လေထဲသို့ လွင့်စင်သွားကြရပြီးနောက် ကြိုးပြတ်သွားသော စွန်များအလား လွင့်စင်ထွက်သွားကြရတော့သည်။
ဧရာမ မျောက်ဝံကြီး၏ ကြီးမားလှသော ခွန်အားကြီးမှာ ဆန့်ကျင်ဘက် အနေဖြင့် ရွဲလော့ဟယ်များနှင့် တိုက်ခိုက်ရာတွင် အံ့ဩစရာ ကောင်းလောက်အောင် အကျိုးသက်ရောက်မှု များကို ဖြစ်ပေါ်စေတော့သည်။
******