← Chapters

အခန်း ၂၂၀၈

Vol. 137 Ch. 2208

အခန်း ၂၂၀၈

Vol. 137 Ch. 2208

အခန်း (၂၂၀၈) စစ်ကူ ရောက်ရှိလာခြင်း၊ ဝူရှန်း သံချပ်ကာမြင်းတပ်

ဟီးးးးးးး…

ကြောက်မက်ဖွယ်ကောင်းသော မြင်းဟီသံကြီးများနှင့်အတူ ကိုယ်လုံးကိုယ်ပေါက် အကြီးမားဆုံးနှင့် ခွန်အားအစွမ်းအထက်ဆုံးသော ရွဲလော့ဟယ်ခေါင်းဆောင်မှာ လက်ထဲတွင် ဧရာမ လက်နက်ကြီးတစ်ခုကို ကိုင်ဆောင်ထားလျက် ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။

သွေးမိုးများ တလိမ့်လိမ့် ထွက်ပေါ်လာခဲ့ပြီး ဂန်ချီ စွမ်းအင်များ မြည်ဟည်းသွားကာ၊ သနားစရာကောင်းလောက်အောင် အော်ဟစ်သံများကိုသာ ကြားလိုက်ရပြီး၊ ရှေ့တည့်တည့်တွင် တားဆီးနေသော မဟာထန်သံချပ်ကာမြင်းတပ် ဆယ်ဂဏန်းခန့်မှာ ချက်ချင်းပင် လေးပိုင်း ငါးပိုင်း ကွဲထွက်သွားကြရပြီး အလောင်း အပိုင်းအစလေး တစ်ခုမျှပင် ရှာမတွေ့နိုင်တော့ပါချေ။

မျက်တောင်တစ်ခတ်အတွင်း သူတို့ အားလုံး အငွေ့ပျံသွားသည့်အလား ပျောက်ကွယ်သွားကြပြီး အရောင် အလွန်ရင့်သော ရေခဲ အပိုင်းအစလေး များသာ ကျန်ရစ်ခဲ့ကာ လေပြင်းများကြောင့် ကောင်းကင်ယံ အပြည့် လွင့်ပျံသွားတော့သည်။ ထို ရွဲလော့ဟယ်ခေါင်းဆောင်၏ သံခေါင်းဆောင်းအောက်တွင် ငွေရောင် ဆံနွယ်များ လွင့်ပျံနေခဲ့ပြီး သူ၏အကြည့်များ လှုပ်ရှားသွားကာ၊ စစ်မြေပြင်ပေါ်ရှိ ကိုယ်လုံးကိုယ်ထည်အကြီးမားဆုံးနှင့် အကြောက်မက်ဖွယ် အကောင်းဆုံးသော ဧရာမ မျောက်ဝံကြီးကို တိုက်ရိုက်ပင် ပစ်မှတ်ထားလိုက်တော့သည်။

"ဝုန်း"

အနည်းငယ်မျှ တွေဝေခြင်းမရှိဘဲ ထိုရွဲလော့ဟယ်ခေါင်းဆောင်မှာ လေးမှ ထွက်လာသော မြားတံ တစ်ချောင်းအလား တောင်ကြီးတစ်လုံးနှင့် တူသော ဧရာမ မျောက်ဝံကြီး ဆီသို့ တက်ကြွစွာဖြင့် စတင်တိုက်ခိုက်လိုက်တော့သည်

"ဟိန်းးး"

ဧရာမ မျောက်ဝံကြီးက ဧရာမ သံမဏိ တုတ်တံကြီးကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။ တစ်ချိန်တည်း လိုလိုပင် ထိုရွဲလော့ဟယ်ခေါင်းဆောင်ကလည်း ဧရာမ မျောက်ဝံကြီး ဆီသို့ ဓားရှည်ဖြင့် ပြင်းထန်စွာ ခုတ်ပိုင်းလိုက်တော့သည်။

အကြီးနှင့်အသေး၊ လုံးဝ အချိုးအစား မညီမျှသော လက်နက်ကြီး နှစ်ခုမှာ လေဟာနယ် အတွင်း၌ ပြင်းထန်စွာ ဝင်တိုက်မိသွားကြရာ၊ အလွန်ကျယ်လောင်သော ပြင်းထန်လှသော မြည်ဟည်းသံကြီးတစ်ခု ထွက်ပေါ်လာပြီးနောက် လေထုမှာ ပေါက်ကွဲသွားခဲ့ပြီး မြေကြီးများ တုန်ခါသွားတော့သည်။ ထိုရွဲလော့ဟယ်ခေါင်းဆောင် မှာ သူ တစ်ဦးတည်း၏ ခွန်အားဖြင့် ဧရာမ မျောက်ဝံကြီး၏ ပြင်းထန်လှသော ဤတိုက်ခိုက်မှု ကို အတင်းအကျပ် တားဆီးလိုက်တော့သည်။

ဤမျှသာမက သူတို့နှစ်ဦး၏တုတ်တံနှင့် ဓားရှည် ဝင်တိုက်မိသည့် အခိုက်အတန့်မှာပင်၊ တွေးတောရန် ခက်ခဲလောက်အောင် ပြင်းထန်လှသော အလွန်အမင်း အေးစက်သည့် သေခြင်းအရှိန်အဝါ တစ်ခုမှာ ထိုဧရာမသံမဏိတုတ်တံကြီး မှတစ်ဆင့် အောက်မှနေ၍ အထက်သို့ ဧရာမ မျောက်ဝံကြီးဆီသို့ တဟုန်ထိုး ပြေးဝင်လာတော့သည်။

"ဒါက... သူက အခြား ရွဲလော့ဟယ်တွေဆီက ခွန်အားတွေကို စုပ်ယူနိုင်စွမ်း ရှိတာပဲ"

ဤအခိုက်အတန့်၌ ဝမ်ချောင်၏မျက်လုံးများ လှုပ်ရှားသွားခဲ့ပြီး ဧရာမ မျောက်ဝံကြီးကို ထိန်းချုပ်နေရင်း ထူးဆန်းသော အခြေအနေ တစ်ခုကို ချက်ချင်း သတိပြုမိသွားတော့သည်။

ဤရွဲလော့ဟယ်ခေါင်းဆောင် စတင်တိုက်ခိုက်လိုက်သည့်အခါတွင် ဝမ်ချောင်သည် အလွန်အမင်း အေးစက်လှသော စွမ်းအင်များကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။ လေပြင်းမုန်တိုင်းကြီး တစ်ခုအလား အနောက်ဘက်ရှိ ရွဲလော့ဟယ်တပ်ဖွဲ့ အတွင်းမှနေ၍ တဟုန်ထိုး ထွက်ပေါ်လာခဲ့ပြီး၊ မြစ်ပေါင်းရာချီ ပင်လယ်ထဲသို့ စီးဝင်သွားသကဲ့သို့ ရှေ့တည့်တည့်ရှိ ထိုရွဲလော့ဟယ်ခေါင်းဆောင်၏ကိုယ်တွင်းသို့ ဝင်ရောက်သွားတော့သည်။

ဤကြီးမားကျယ်ပြန့်လှသော ခွန်အားများကို စုစည်းထားခြင်းဖြင့် ဤ ရွဲလော့ဟယ်ခေါင်းဆောင် ပြသလိုက်သော ခွန်အားများမှာ ဧရာမ မျောက်ဝံကြီး ထက် လုံးဝမနိမ့်ကျပါချေ။

သို့သော် မျက်တောင်တစ်ခတ်မျှ အချိန်လေး အတွင်းမှာပင် ဧရာမ မျောက်ဝံကြီး၏ မျက်ဝန်းထဲ၌ အေးစိမ့်လှသော အလင်းတန်း တစ်ချက် လက်သွားခဲ့ပြီး၊ ကျိုးကျိုး မဟာကြေးမီးဖိုကို ကိုင်ဆောင်ထားသော ဘယ်ဘက်လက်ကို လက်သီးဆုပ်ကာ ထိုရွဲလော့ဟယ်ခေါင်းဆောင် ဆီသို့ ပြင်းထန်စွာ ထိုးချလိုက်တော့သည်။

မူလက အလွန်အမင်း ရက်စက်ကြမ်းတမ်းပြီး ဧရာမ မျောက်ဝံကြီး ဆီသို့ ပြေးဝင်လာသော ထိုရွဲလော့ဟယ်ခေါင်းဆောင်၏ခန္ဓာကိုယ်မှာ တုန်သွားခဲ့ပြီး မျက်ဝန်းထဲ၌ စိုးရိမ်ကြောက်ရွံ့သော အရိပ်အယောင်များ ပေါ်ထွက်လာကာ၊ ခန္ဓာကိုယ် လှုပ်ရှားသွားပြီး ဘေးတိုက် ရှောင်တိမ်းသွားကာ တိုက်ခိုက်မှုကို ခေတ္တမျှ ရပ်နားလိုက်တော့သည်။

"ကျိုးကျိုး မဟာကြေးမီးဖိုရဲ့ခွန်အားက ရွဲလော့ဟယ်တွေကို တကယ်ပဲ ဖိနှိပ်နိုင်စွမ်း ရှိတာပဲ"

ဝမ်ချောင်သည် ဤအခိုက်အတန့်၌ လုံးဝ သေချာသွားတော့သည်။

သို့သော် ဤသို့ ဖြစ်နေလင့်ကစား စစ်မြေပြင်ပေါ်ရှိ အခြေအနေများမှာ မဟာထန်အတွက် အကျိုးမပေးသေးပါချေ။ သုံးသောင်းသော ရွဲလော့ဟယ်များမှာ ရေလွှမ်းမိုးမှုကြီး တစ်ခုအလား အကြွင်းမဲ့ အစွမ်းထက်နေပြီး မဟာထန်၏စစ်ကြောင်းများကို အဆက်မပြတ် ဖောက်ထွင်းနေကြသည်။ ဤမျှလောက် အချိန်တိုလေး အတွင်းမှာပင် စစ်သည် အမြောက်အမြား သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ရွဲလော့ဟယ်များ၏ အကြွင်းမဲ့ သာလွန်လှသော ခွန်အား များရှေ့တွင် ဤ လူသား စစ်သည် များမှာ လုံးဝ တားဆီးနိုင်စွမ်း မရှိကြပါချေ။

ရွဲလော့ဟယ်များ၏ ကိုယ်တွင်းမှ ရေခဲများအလား အလွန်အမင်း အေးစက်လှသော ခွန်အားများ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပြီး ဤသာမန် စစ်သည်များ၏ ကိုယ်တွင်းသို့ ပြင်းထန်စွာ ဝင်ရောက်သွားကြသည်။ စစ်သည် အများအပြား မြေပြင်ပေါ်သို့ လဲကျသေဆုံးသွားသည့် အခါတွင် သူတို့၏ တစ်ကိုယ်လုံးမှာ အဖြူရောင်နှင့် အပြာရောင် ရောစပ်နေပြီး လျင်မြန်စွာ တောင့်တင်းသွားကာ ကိုယ်ပေါ်တွင်လည်း ပါးလွှာသော ရေခဲလွှာ များ ဖုံးလွှမ်းလာတော့သည်။

"တိုက်ကြစမ်း"

"ငါ့ အမိန့်ကို ထုတ်ပြန်လိုက်၊ လူတိုင်း ရွဲလော့ဟယ်တွေကို ကူညီပြီး တိုက်ခိုက်ကြ ထန်တပ်ဖွဲ့ ကို သံမဏိခံတပ်ထဲ ပြန်ဝင်ခွင့် လုံးဝမပေးနဲ့"

တပ်ဖွဲ့ကြီး၏ အနောက်ဘက်တွင် ချွေချန်းယုံမှာ မြင်းပေါ်တွင် မတ်မတ်ရပ်နေလျက် ရှေ့တည့်တည့်ရှိ စစ်မြေပြင်ကို အမြဲတမ်း စောင့်ကြည့်နေခဲ့သည်။

ဤစစ်ပွဲကြီးတွင် သူသည် တပ်ဖွဲ့ကြီးကို ဦးဆောင်ကာ အနောက်တန်းသို့ ဆုတ်ခွာသွားခဲ့ပြီး မဟာထန်တပ်ဖွဲ့နှင့် အကွာအဝေး ကို အစွမ်းကုန် ခွာထားခဲ့သည်။ ရွဲလော့ဟယ်များမှာ သတ်ဖြတ်ရာတွင် မျက်တောင်ပင် မခတ်ကြဘဲ ရန်သူနှင့် မိတ်ဆွေကို လုံးဝခွဲခြားသိမြင်နိုင်စွမ်း မရှိကြပါချေ၊ အကယ်၍ သူ ဤသို့ မပြုလုပ်ခဲ့ပါက ပထမဆုံး အနေဖြင့် တိုက်ခိုက်ခံရမည်မှာ သူ၏တပ်ဖွဲ့သာ ဖြစ်ပေလိမ့်မည်၊ သို့သော် ယခုအခါ အရာရာတိုင်းမှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ရွဲလော့ဟယ်များက ရှေ့ဆုံးမှနေ၍ တဟုန်ထိုး ပြေးဝင်နေကြပြီ ဖြစ်ရာ နိုင်ငံအသီးသီး တပ်ဖွဲ့များအနေဖြင့် ဘေးမှနေ၍ ကူညီပေးပြီး သူတို့နှင့် ပူးပေါင်းကာ မဟာထန်တပ်ဖွဲ့ကို တားဆီးထားနိုင်မည် ဆိုပါက မဟာထန်တပ်ဖွဲ့ကြီး ကို ဤနေရာတွင် အမြစ်ပြတ် ချေမှုန်းနိုင်ပေလိမ့်မည်။

ဤသည်မှာ နှစ်ထောင်ပေါင်းများစွာ ကြာမှ တစ်ခါ ကြုံတောင့်ကြုံခဲ အခွင့်အရေးကောင်း ပင် ဖြစ်တော့သည်။

"ချွင်"

ချွေချန်းယုံ၏ ခန္ဓာကိုယ်မှာ မတ်မတ်ဖြစ်သွားခဲ့ပြီး ရုတ်တရက် ဓားရှည်ကို ဆွဲထုတ်လိုက်တော့သည်။

"သတ်စမ်း"

ချွေချန်းယုံ ၏ အမိန့်နှင့်အတူ နိုင်ငံအသီးသီး တပ်ဖွဲ့ အားလုံးမှာလည်း မဟာထန်ဆီသို့ ထပ်မံ၍ တဟုန်ထိုး ပြေးဝင်သွားကြရာ အခြေအနေများမှာ မဟာထန်အတွက် ချက်ချင်းပင် အလွန်အကျိုးမပေးသော အခြေအနေ သို့ ရောက်ရှိသွားတော့သည်။

ဤမျှသာမက ချွေချန်းယုံ က လက်ဝှေ့ယမ်းလိုက်ရာ သတင်းပို့ စစ်သည်အချို့ လျင်မြန်စွာ ရောက်ရှိလာကြတော့သည်။

"ထျန်းချန်းစီ၊ ထျန်းချန်ကျန်းနဲ့ အရှေ့ တာ့ခ် ဗိုလ်ချုပ် ပိလဲ့လီတို့ကို အကြောင်းကြားလိုက်၊ တပ်ဖွဲ့ နှစ်ဖွဲ့ ခွဲပြီး ဝမ်ကျုံးစစ်နဲ့ ရေလမ်းကနေ လာတဲ့ အဲဒီတပ်ဖွဲ့ကို တားဆီးထားကြ၊ သူတို့ကို သံမဏိခံတပ်ထဲကို လုံးဝပြန်ဝင်ခွင့်မပေးနဲ့"

နောက်ဆုံး စကားကို ပြောဆိုလိုက်သည့်အခါတွင် ချွေချန်းယုံ၏မျက်ဝန်းထဲ၌ စူးရှလှသော အလင်းတန်း တစ်ချက် လက်သွားတော့သည်။

ဤစစ်ပွဲကြီးတွင် သူသည် အခွင့်အရေး တစ်ခုကို လျင်မြန်စွာ ဖမ်းဆုပ်နိုင်ခဲ့သည်။

ဝမ်ကျုံးစစ်နှင့် ပါဟရာမ်တို့ ဦးဆောင်သော တပ်ဖွဲ့ နှစ်ဖွဲ့မှာ ဝမ်ချောင်နှင့် အတူတကွ ပူးပေါင်းကာ ရှေ့နောက် ညှပ်ပိတ် တိုက်ခိုက်ခြင်းမှာ မူလက နိုင်ငံအသီးသီး အတွက် အလွန် ကြီးမားလှသော ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်နေခဲ့သည်။ သို့သော် ယခုအခါ ဆန့်ကျင်ဘက်အနေဖြင့် နိုင်ငံအသီးသီးအတွက် သူတို့ဘာသာ လာရောက် ပို့ဆောင်ပေးသော အခွင့်အရေး တစ်ခု ဖြစ်သွားတော့သည်။ ထို တပ်ဖွဲ့ နှစ်ဖွဲ့မှာ သံမဏိခံတပ် နှင့် အလွန် ဝေးကွာနေကြရာ သူတို့ကို ဆွဲထားပြီး ပူးပေါင်းခွင့် မပေးပါက နောက်ဆုံးတွင် ဤ တပ်ဖွဲ့ နှစ်ဖွဲ့ကို တစ်ခါတည်း အမြစ်ပြတ် ချေမှုန်းနိုင်ကောင်း ချေမှုန်းနိုင်ပေလိမ့်မည်။

"ဟုတ်ကဲ့ပါ"

သတင်းပို့ စစ်သည်အချို့မှာ လျင်မြန်စွာ လှည့်ထွက်သွားကြပြီး အရပ်မျက်နှာ အသီးသီးသို့ ပျောက်ကွယ်သွားကြတော့သည်။

"ဟွန်း၊ စစ်နတ်ဘုရား… အကုန်လုံးက အချည်းနှီး ဖြစ်သွားရတာပါပဲ။ ဒီလောကမှာ စစ်နတ်ဘုရားဆိုတာ လုံးဝမရှိခဲ့ဘူး"

ချွေချန်းယုံက အဝေးဆီရှိ ဝမ်ချောင်ကို စိုက်ကြည့်ရင်း ရက်စက်ကြမ်းတမ်းသော အမူအရာဖြင့် ဆိုလိုက်တော့သည်။

ဝမ်ချောင်က သူတို့ကို အလွန်အထင်သေးလွန်းနေသည်။ တစ်လောကလုံးကို လွှမ်းမိုး ချုပ်ကိုင်ရန်အတွက် အထူးနည်းလမ်းအချို့ မရှိဘဲ မည်သို့လျှင် ဖြစ်နိုင်ပါမည်နည်း၊ ဝမ်ချောင်မှာ နောက်ဆုံးတွင် သူ၏မာနထောင်လွှားမှုအတွက် တန်ဖိုးပေးဆပ်ရပေလိမ့်မည်။

ဤစစ်ပွဲကြီး ပြီးဆုံးသွားသည့်အခါတွင် ဝမ်ချောင်၏ ထွန်းတောက်လာသော အောင်မြင်မှု လမ်းကြောင်းမှာလည်း ရုတ်တရက် အဆုံးသတ်သွားပေလိမ့်မည်။

"သတင်းပို့ပါတယ်။ အခြေအနေ မကောင်းတော့ပါဘူး"

ချွေချန်းယုံ၏ ဦးနှောက်ထဲ၌ ဤအတွေးလေး ဖြတ်ပြေးသွားပြီး ခဏအကြာမှာပင် ဝုန်းခနဲမြည်ဟည်းသံကြီးများနှင့်အတူ မြေကြီးများ တုန်ခါသွားခဲ့ပြီး ကြီးမားကျယ်ပြန့်လှသော တုန်ခါမှုကြီးတစ်ခုမှာ သံမဏိခံတပ်၏ တောင်ဘက် အရပ်မှနေ၍ ရုတ်တရက် ထွက်ပေါ်လာတော့သည်။

ထိုတုန်ခါမှုအသံကြီးမှာ အလွန်ပင် ကြီးမားလွန်းလှရာ စစ်မြေပြင်ပေါ်ရှိ သတ်ဖြတ်လိုသော အော်ဟစ်သံများကိုပင် လွှမ်းမိုးသွားခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်း ယွန်းဂျယ်စိုးမိုး၊ ခီတန်ဘုရင် ၊ ချွေချန်းယုံ၊ ထျန်းချန်ကျန်း၊ ထျဲချီပိလဲ့လီနှင့် အနောက်ဘက်ရှိ အန်းလုရှန်းတို့ အားလုံး၏ မျက်နှာအမူအရာများ ရုတ်တရက် ပြောင်းလဲသွားကြကာ တောင်ဘက် တုန်ခါမှု ထွက်ပေါ်လာရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်ကြတော့သည်။

"သတ်စမ်း"

လူတိုင်း၏ အကြည့်များအောက်တွင် ပင်လယ်လှိုင်းသံများအလား သတ်ဖြတ်လိုသော အော်ဟစ်သံကြီးများမှာ အဝေးဆီမှနေ၍ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး၊ ထိုအသံထဲတွင် ပါဝင်သော တိုက်ခိုက်လိုစိတ်များက ဧရာမ သံမဏိခံတပ်ကြီးတစ်ခုလုံးကိုပင် တုန်ခါသွားစေတော့သည်။ ခဏတာ အချိန်တိုလေး အတွင်းမှာပင် အနက်ရောင် သံမဏိ ရေလှိုင်းလုံးကြီးတစ်ခုမှာ အဝေးဆီရှိ မိုးကုပ်စက်ဝိုင်း နေရာမှနေ၍ ဤနေရာဆီသို့ ပြေးဝင် တိုက်ခိုက်လာတော့သည်။

တပ်ဖွဲ့ကြီး၏ အရှေ့ဆုံးတွင် ဧရာမ စစ်အလံကြီး တစ်ခုမှာ လေထဲ၌ လွင့်ပျံနေခဲ့ပြီး စစ်အလံကြီး ပေါ်ရှိ ဧရာမ "ကျန်း" စာလုံးကြီးမှာ အလွန်ပင် ထင်ရှားနေတော့သည်။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ဤအခိုက်အတန့်၌ အန်းလုရှန်းပင်လျှင် အလွန်အမင်း အံ့ဩသွားပြီး အော်ဟစ်လိုက်မိတော့သည်။

ကျန်းချိုးကျန့်ချုံး မဟာထန်အင်ပါယာ၏ အနောက်တောင်ပိုင်း ကျားရိုင်းကြီးမှာ ဤအချိန်တွင် နောက်ချန် တပ်ဖွဲ့ကြီးကို ဦးဆောင်ကာ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်

"ဘယ်လိုလုပ် ဒီလောက် မြန်ရတာလဲ"

ကောင်းရှန်း၏မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး မျက်နှာပေါ်၌ မယုံကြည်နိုင်သော အမူအရာများ ပေါ်ထွက်နေတော့သည်။

မြန်လွန်းတယ်။

ကျန်းချိုးကျန့်ချုံးနှင့် အခြားသူများ၏ ချီတက်လာသောအရှိန်မှာ သူတို့ တွေးတောထားခဲ့သည်ထက် အဆများစွာ ပိုမို မြန်ဆန်နေခဲ့သည်။

ဟီးးးး

စစ်မြင်းများ အဆက်မပြတ် ဟီနေခဲ့ပြီး နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့မှ မည်မျှပင် တုန်လှုပ်နေကြပါစေ၊ နောက်တစ်ခဏတွင် အလွန်ကျယ်လောင်သော မြင်းဟီသံကြီးများနှင့်အတူ သောင်းနှင့်ချီသော သံချပ်ကာမြင်းတပ်များမှာ ကိုယ်ပေါ်ရှိ သံချပ်ကာများမှ အေးစက်လှသော အလင်းတန်းများ လင်းလက်နေလျက် ရှေ့ဆုံးမှနေ၍ စစ်မြေပြင်ဆီသို့ တဟုန်ထိုး ပြေးဝင်လာကြတော့သည်။

"ဝူရှန်း သံချပ်ကာမြင်းတပ်…ဒါ ဝူရှန်း သံချပ်ကာမြင်းတပ်တွေပဲ"

နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့၏ တပ်ဖွဲ့ကြီးအတွင်းမှ အံ့ဩထိတ်လန့်သော အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပြီး မရေမတွက်နိုင်သော စစ်သည်များမှာ ထိုသံချပ်ကာမြင်းတပ်များကို ကြည့်ရင်း မျက်ဝန်းထဲ၌ ကြောက်ရွံ့သော အရိပ်အယောင်များ ပေါ်ထွက်နေတော့သည်။

ယနေ့အချိန်အထိ တာ့လာစ် စစ်ပွဲမှ စတင်၍ ဝမ်ချောင်၏လက်အောက်ရှိ ဤစစ်သည်သစ်များမှာ သွေးနှင့်မီးတောက်များ ပြည့်နှက်နေသော စစ်ပွဲများကို အကြိမ်ကြိမ် ဖြတ်သန်းခဲ့ရပြီး၊ အစွမ်းထက်လှသော ပြိုင်ဘက်များကို တစ်ဦးပြီးတစ်ဦး အနိုင်ယူခဲ့ပြီးနောက် တစ်လောကလုံး၌ အစောကြီးကတည်းက ကျော်ကြားနေခဲ့ပြီဖြစ်ကာ တစ်လောကလုံးက အသိအမှတ်ပြုထားသော အစွမ်းအထက်ဆုံး သံချပ်ကာမြင်းတပ်များ ဖြစ်လာခဲ့ပြီ ဖြစ်သည်။

အကယ်၍ အသေအချာ ပြန်လည်စဉ်းစားကြည့်မည်ဆိုပါက ဝူရှန်း သံချပ်ကာမြင်းတပ်များ၏ မူလအစမှာ အနောက်တောင်ပိုင်း စစ်ပွဲသို့ပင် ပြန်လည်ရောက်ရှိသွားနိုင်သည်။ ဝမ်ချောင်က မျိုးနွယ်စုကြီးများ အသီးသီးထံမှ ငွေကြေးများ အသုံးပြုကာ ဝယ်ယူခဲ့သော ဝုစ် သံမဏိ စစ်သည်တစ်ထောင်မှာ မည်သူ့ကိုမဆို လေးစားမှုများ ဖြစ်ပေါ်လာစေရန် လုံလောက်လှပေသည်။ သူတို့ လက်ထဲရှိ မိစ္ဆာ အရှိန်အဝါများ ပြည့်နှက်နေသည့် ဝုစ် သံမဏိ ဓားရှည်များမှာ သူတို့၏ အကောင်းဆုံးသော သင်္ကေတပင် ဖြစ်တော့သည်။

"ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ။ ဒီတပ်ဖွဲ့က အနောက်ဘက်မှာ ရှိနေသေးတာ မဟုတ်ဘူးလား?"

ခီတန်ဘုရင်ကဲ့သို့ အစွမ်းထက်လှသော သူပင်လျှင် အပြင်းအထန် တိုက်ခိုက်နေစဉ် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ မျက်နှာပေါ်၌ ကြောက်ရွံ့မှုများနှင့် စိုးရိမ်ပူပန်မှုများ ပေါ်ထွက်လာတော့သည်။

ခီတန် လူမျိုးများမှာ သေခြင်းတရားကို လုံးဝကြောက်ရွံ့ခြင်း မရှိဘဲ မည်မျှပင် အစွမ်းထက်သော ပြိုင်ဘက်များနှင့် တွေ့ဆုံစေကာမူ အနောက်သို့ ဆုတ်ခွာမည် မဟုတ်ပါချေ၊ သို့သော် ခီတန်ဘုရင်ကဲ့သို့ မာနထောင်လွှားလှသူပင်လျှင် ဓားရှည်နှင့် လက်နက် သွန်းလုပ်မှုပိုင်းတွင် မဟာထန်မှာ အမြင့်ဆုံး အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ၊ ဤအချက်တွင် ခီတန်မျိုးနွယ်စုမှာ သူတို့နှင့် လုံးဝနှိုင်းယှဉ်၍ မရနိုင်ကြောင်းကို ကောင်းကောင်း နားလည်ထားပေသည်။

မြေကြီးများ မြည်ဟည်းသွားခဲ့ပြီး ခဏတာ အချိန်တိုလေး အတွင်းမှာပင် ဝူရှန်းသံချပ်ကာမြင်းတပ် အားလုံးမှာ လီစီယီကို အရှေ့ဆုံးမှ ထားရှိကာ ကုန်းကျစ်အန်နှင့် ချွေဖျောင်ချီတို့က ဘယ်ညာ နှစ်ဖက်မှနေ၍ နေရာယူထားကြပြီး၊ လျင်မြန်စွာ ဤနေရာဆီသို့ ပြေးဝင်လာကြတော့သည်။

မျက်တောင်တစ်ခတ်မျှ အချိန်လေး အတွင်းမှာပင် သံမဏိများအချင်းချင်းထိခိုက်သံများ ဆက်တိုက်ထွက်ပေါ်လာခဲ့ရင်း တောက်ပလှသော အလင်းစက်ကွင်းများမှာ ဝူရှန်း သံချပ်ကာမြင်းတပ်များ၏ ခြေအောက်မှနေ၍ ပေါက်ကွဲထွက်ပေါ်လာကာ၊ သောင်းနှင့်ချီသော အလင်းစက်ကွင်းများမှာ အချင်းချင်း ချိတ်ဆက်သွားကြပြီး ဝူရှန်းသံချပ်ကာမြင်းတပ်များကို တစ်သားတည်း ပေါင်းစပ်သွားစေတော့သည်။

"ဝုန်း"

မိုးကြိုးသံကြီး တစ်ခုကိုသာ ကြားလိုက်ရပြီး မျက်တောင်တစ်ခတ်အတွင်း ဝူရှန်း သံချပ်ကာမြင်းတပ် သောင်းချီ၏ တစ်ကိုယ်လုံးမှ အရှိန်အဝါများမှာ ရုတ်တရက် အဆင့်တစ်ခု မြင့်တက်သွားခဲ့သည်။ ပြင်းထန်လှသော အရှိန်အဝါများက ကောင်းကင်ယံရှိ မိုးကြိုး လျှပ်စီးများကိုပင် ပေါက်ကွဲထွက်ပေါ်လာစေခဲ့ပြီး လေစီးကြောင်းများ တလိမ့်လိမ့် ထွက်ပေါ်လာကာ ကောင်းကင်ဖြစ်စဉ်ကိုပင် ပြောင်းလဲသွားစေတော့သည်။

ထိုကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ဧရာမ မျောက်ဝံကြီးနှင့် တိုက်ခိုက်နေသော ရွဲလော့ဟယ်ခေါင်းဆောင် ပင်လျှင် သတိပြုမိသွားခဲ့ပြီး ဝူရှန်း သံချပ်ကာမြင်းတပ်များရှိရာ အရပ်ဆီသို့ မသိစိတ်ဖြင့် တစ်ချက် လှမ်းကြည့်လိုက်မိတော့သည်။

"သတ်စမ်း"

ဧရာမ စစ်အလံကြီး ခြောက်ခု အောက်တွင် အန်းလုရှန်းမှာ အံကို တင်းတင်းကြိတ်ထားခဲ့ပြီး မျက်နှာအမူအရာမှာ အလွန်ပင် ရက်စက်ကြမ်းတမ်းနေတော့သည်။

ဝမ်ချောင်ကို ဖျက်ဆီးပစ်ရန်အတွက် သူလက်အောက်ရှိ တစ်လောကလုံး၌ ကျော်ကြားလှသော ဤဝူရှန်းသံချပ်ကာမြင်းတပ်များကို သေချာပေါက် ဖျက်ဆီးပစ်ရမည် ဖြစ်သည်။

ရှေ့တည့်တည့်တွင် အန်းလုရှန်း၏အမိန့်ကို စောင့်ဆိုင်းနေရန် မလိုအပ်ပါဘဲ ရွဲလော့ဟယ်သုံးသောင်းမှာ ဝူရှန်းသံချပ်ကာမြင်းတပ်များ၏ ခြိမ်းခြောက်မှုကို ခံစားလိုက်ရပြီဖြစ်ရာ၊ တပ်ဖွဲ့တစ်ဖွဲ့မှာ လျင်မြန်စွာ ထွက်ပေါ်လာခဲ့ပြီး ဝူရှန်းသံချပ်ကာမြင်းတပ်များရှိရာ အရပ်ဆီသို့ ပြေးဝင်တိုက်ခိုက်သွားကြတော့သည်။

"ဝုန်း"

ရွဲလော့ဟယ်များ စတင်လှုပ်ရှားလိုက်မှုနှင့်အတူ အလွန်အမင်း အေးစက်လှသော ရေခဲလှိုင်းလုံးကြီးများမှာ ကောင်းကင်နှင့်မြေကြီးကို လွှမ်းခြုံသွားခဲ့ပြီး စစ်မြေပြင်တွင် ဧရာမ နဂါးကြီး တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားကာ မျက်နှာချင်းဆိုင်သို့ ပြေးဝင်သွားတော့သည်။

တစ်လောကလုံးတွင် ဖျက်ဆီးနိုင်စွမ်း အကြီးမားဆုံးသော တပ်ဖွဲ့ကြီး နှစ်ခုမှာ အဆက်မပြတ် တဟုန်ထိုး ပြေးဝင်လာနေကြရာ နှစ်ဖက်စလုံး၏ အကွာအဝေးမှာ ပိုမိုနီးကပ်လာခဲ့ပြီး အရှိန်မှာလည်း ပိုမိုမြန်ဆန်လာကာ မည်သူကမျှ အနောက်သို့ ဆုတ်ခွာမည့် အရိပ်အယောင် လုံးဝ မရှိကြပါချေ。

ထိုအခိုက်အတန့်၌ လေထုမှာ အလွန်အမင်း တင်းမာနေခဲ့ပြီး စစ်မြေပြင် တစ်ခုလုံးမှာ လုံးဝတိတ်ဆိတ် ငြိမ်သက်သွားကာ မရေမတွက်နိုင်သော လူများ၏ အကြည့်များ အားလုံးမှာ ဤ တပ်ဖွဲ့ကြီး နှစ်ခုအပေါ်သို့ စုစည်းသွားကြတော့သည်။

ပေ နှစ်ထောင်

ပေ တစ်ထောင်

ပေ သုံးရာ

အလွန်မြန်ဆန်လှသော အရှိန်အောက်တွင် နှစ်ဖက်စလုံးမှာ အန္တရာယ် ကြီးမားသော အကွာအဝေး တစ်ခုသို့ ရောက်ရှိသွားကြပြီ ဖြစ်၏。

"အသင့်ပြင်"

"သတ်စမ်း"

တပ်ဖွဲ့ကြီး၏ အရှေ့ဆုံးတွင် ခန္ဓာကိုယ် ကြီးမားပြီး လူထီးကြီး တစ်ဦးအလား ဖြစ်နေသော နတ်ဘုရားအဆင့် ဗိုလ်ချုပ်လီစီယီမှာ လက်ထဲရှိ ဧရာမ ဓားကြီးကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်ထားလျက်၊ ရှေ့တည့်တည့်ရှိ ကြီးမားကျယ်ပြန့်လှပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေသည့် ရွဲလော့ဟယ်များကို ကြည့်ရင်း မျက်ဝန်းထဲ၌ ပြတ်သားသော အမူအရာများ ပေါ်ထွက်နေပြီး အဆုံးအစမရှိသော တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေတော့သည်။

သူ၏ အနောက်ဘက်တွင်မူ မရေမတွက်နိုင်သော ဝူရှန်း သံချပ်ကာမြင်းတပ် များမှာလည်း အလားတူပင် လက်ထဲရှိ ဝုစ် သံမဏိ ဓားရှည် များကို အထက်သို့ မြှောက်တင်လိုက်ကြရာ၊ သစ်တောများအလား ပြည့်နှက်နေသော ဓားရှည်များမှာ ကောင်းကင်ယံသို့ တိုက်ရိုက် ညွှန်ပြနေတော့သည်။

သံသယဖြစ်ဖွယ် မရှိပါဘဲ ဤရွဲလော့ဟယ်တပ်ဖွဲ့မှာ သူတို့ ယခင်က ရင်ဆိုင်ခဲ့ဖူးသော မည်သည့် ပြိုင်ဘက်ထက်မဆို အဆများစွာ ပိုမိုအစွမ်းထက်နေသည်မှာ သေချာလှပေသည်။ သို့သော် လူတိုင်း၏ရင်ထဲ၌ အနောက်သို့ ဆုတ်ခွာလိုစိတ် အနည်းငယ်မျှ လုံးဝ မရှိကြပါချေ။

******

All Chapters