အခန်း ၂၂၀၉
Vol. 137 Ch. 2209
အခန်း (၂၂၀၉) ဝူရှန်း သံချပ်ကာမြင်းတပ်နှင့် ရွဲလော့ဟယ်တိုက်ပွဲ
နောက်တစ်ခဏတွင် တစ်လောကလုံး၌ ကျော်ကြားလှသော အစွမ်းအထက်ဆုံး သံချပ်ကာမြင်းတပ်နှစ်ဖွဲ့မှာ စစ်မြေပြင်တွင် ပြင်းထန်စွာ ဝင်တိုက်မိကြတော့သည်။
လီစီယီ၏ လက်ထဲရှိ ဧရာမ ဓားကြီး ကို ဝှေ့ယမ်းလိုက်ရာ လွန်ကဲလှသော ယန်စွမ်းအင်များနှင့် အလွန်အမင်း ပြင်းထန်လှသော ဂန်ချီ စွမ်းအင်များမှာ ချက်ချင်းပင် စစ်မြေပြင် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပြီး၊ ရွဲလော့ဟယ် ရာနှင့်ချီကို ကြိုးပြတ်သွားသော စွန်များအလား လွင့်စင်ထွက်သွားစေတော့သည်။
မသေနိုင်သော ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားသော ဤ ရွဲလော့ဟယ်များပင်လျှင် လီစီယီ၏ ရှေ့မှောက်တွင် အလွန်ပင် သေးငယ်လွန်းသည့်အလား ဖြစ်နေတော့သည်။
သို့သော် တစ်ချိန်တည်းလိုလိုပင် ကမ်းစပ်ကို ရိုက်ခတ်နေသော ပင်လယ်လှိုင်းကြီးများအလား သွေးသားများနှင့် သံချပ်ကာများ ဝင်တိုက်မိသည့် အသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပြီး၊ သောင်းနှင့်ချီသော ဝူရှန်း သံချပ်ကာမြင်းတပ်များနှင့် ရွဲလော့ဟယ်များမှာ တစ်ဦးပြီး တစ်ဦး လွင့်စင်ထွက်သွားကြရတော့သည်။
လက်ရှိ ကုန်းမြေလောက၏ အစွမ်းအထက်ဆုံးသော တပ်ဖွဲ့ နှစ်ခုအကြားရှိ တိုက်ပွဲမှာ တွေးတောထားသည်ထက် အဆများစွာ ပိုမိုပြင်းထန်လှပေသည်။ သံချပ်ကာမြင်းတပ် နှစ်ဖွဲ့စလုံးမှာ အရှိန်ကို အနည်းငယ်မျှ လျှော့ချခြင်း မရှိဘဲ တစ်ချိန်တည်းမှာပင် အမြင့်ဆုံး အရှိန်သို့ ရောက်ရှိနေခဲ့ကြရာ မည်သူကမျှ အနောက်သို့ ဆုတ်ခွာမည် မဟုတ်ပါချေ၊ ထိုကဲ့သို့သော ဝင်တိုက်မိသည့် ခွန်အားများကို မည်သည့် သွေးသား ကိုယ်ခန္ဓာကမျှ တောင့်ခံနိုင်စွမ်း လုံးဝ မရှိပါချေ။
လူသား မဆန်သော ရွဲလော့ဟယ်များပင်လျှင် ဤခွန်အားများကို တောင့်ခံနိုင်ရန် ခက်ခဲလှပေသည်။
အဘယ်ကြောင့်ဆိုသော် သူတို့ ရင်ဆိုင်နေရသည်မှာ ဝူရှန်း သံချပ်ကာမြင်းတပ်များ ဖြစ်နေသောကြောင့်ပင်
ခဏတာ အချိန်တိုလေး အတွင်းမှာပင် နှစ်ဖက်စလုံးတွင် ထိခိုက်သေဆုံးမှုများ အသီးသီး ပေါ်ထွက်လာတော့သည်။ သို့သော် ဤတပ်ဖွဲ့ကြီး နှစ်ခုအတွက်မူ အရာရာတိုင်းမှာ ယခုမှ စတင်ရုံ သာ ရှိသေးသည်။
ချွင် ချွင် ချွင်
ပထမဆုံး တိုက်ခိုက်မှု ပြီးဆုံးသွားသည့် မျက်တောင်တစ်ခတ် အတွင်းမှာပင် သောင်းနှင့်ချီသော ဝူရှန်းသံချပ်ကာမြင်းတပ်များနှင့် မျက်နှာချင်းဆိုင်ရှိ ရွဲလော့ဟယ်များမှာ ခွေးသွားများအလား အချင်းချင်း ရောယှက်သွားကြပြီး လျင်မြန်စွာ အပြင်းအထန် တိုက်ခိုက်ကြတော့သည်။
အေးစက်လှသော အလင်းတန်းများ လက်သွားခဲ့ပြီး ဝူရှန်းသံချပ်ကာမြင်းတပ်သား တစ်ဦးမှာ လက်ထဲရှိ ဝုစ် သံမဏိ ဓားရှည်ကို မျက်နှာချင်းဆိုင်ရှိ ရွဲလော့ဟယ်တစ်ဦး၏ လည်ပင်းဆီသို့ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်တော့သည်။ မသိစိတ်က ခိုင်းစေမှုအရ ထိုရွဲလော့ဟယ်မှာ လက်မောင်းကို ဝှေ့ယမ်းကာ လက်ထဲရှိ သံချေးတက်နေသော ရှေးဟောင်း ဓားရှည်ကို မြှောက်ကာ တားဆီးလိုက်တော့သည်။
နောက်တစ်ခဏတွင် ဓားများက ရေပြင်ကို ဖြတ်သွားသကဲ့သို့ နှစ်ဦးစလုံးမှာ လမ်းချွဲသွားခဲ့ကြသည်။ အနောက်ဘက်တွင်မူ ကျိုးကျသွားသော ဓားတစ်ပိုင်းနှင့် ကြီးမားလှသော ခေါင်းကြီးတစ်ခုမှာ လွင့်စင်ထွက်သွားခဲ့ပြီး၊ ခေါင်းပြတ်သွားသော ရွဲလော့ဟယ်မှာ မီတာ ဆယ်ကျော်ခန့် ဆက်ပြေးသွားပြီးနောက် သစ်တုံးကြီး တစ်တုံးအလား မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားတော့သည်။
ရွဲလော့ဟယ်များမှာ အစွမ်းထက်လှသည်။ မဟာထန်မှ ထိပ်တန်း စစ်သည် ဆယ်ဦးကျော်ခန့်၏ တိုက်ခိုက်မှုကို ခံရသည်တိုင်အောင် သေဆုံးခြင်း မရှိကြပါချေ၊ သို့သော် ဝူရှန်း သံချပ်ကာမြင်းတပ်များ၏ ရှေ့မှောက်တွင်မူ သာမန် ပြိုင်ဘက်တစ်ဦးအဖြစ်သာ ရှိနေတော့သည်။
သူတို့ လက်ထဲရှိ သံချေးတက်နေသော်လည်း အလွန်ပင် မာကျောလှသော ရှေးဟောင်း လက်နက်များနှင့် သံချပ်ကာများမှာလည်း ဝုစ် သံမဏိ ဓားရှည်များ၏ တိုက်ခိုက်မှုကို လုံးဝတားဆီးနိုင်စွမ်း မရှိကြပါချေ။
ဘုန်း ဘုန်း ဘုန်း
တစ်ကြိမ် တိုက်ခိုက်မှု အပြီးတွင် ရွဲလော့ဟယ်အနည်းဆုံး နှစ်ထောင်ခန့်မှာ ခေါင်းနှင့်ကိုယ် ကွဲကွာသွားခဲ့ပြီး မြင်းပေါ်မှနေ၍ မြေပြင်သို့ လဲကျသွားကြရတော့သည်။
ဝူရှန်း သံချပ်ကာမြင်းတပ်များနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံလိုက်ရုံမျှဖြင့် ဤတစ်ကြိမ် တိုက်ခိုက်မှုတွင် သေဆုံးသွားသော ရွဲလော့ဟယ်အရေအတွက်မှာ ယခင်က ဆုံးရှုံးခဲ့သော စုစုပေါင်း အရေအတွက် ထက်ပင် များပြားနေတော့သည်။
ဤကဲ့သို့ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်နိုင်စွမ်းများကို မြင်တွေ့လိုက်ရသည့်အခါ မျက်နှာချင်းဆိုင်ရှိ ယိုကျိုးဗိုလ်ချုပ်များမှာလည်း ရင်ထဲ၌ အလွန်အမင်း တုန်လှုပ်သွားကြတော့သည်။
ရွဲလော့ဟယ်များက ဘာလဲဆိုတာကို သိရှိထားသောကြောင့်သာ အန်းလုရှန်း၊ချွေချန်းယုံနှင့် အခြားသူများအနေဖြင့် ဝမ်ချောင်၏ ဤတပ်ဖွဲ့ကြီးက မည်မျှကြောက်မက်ဖွယ် ကောင်းကြောင်းကို ပို၍နက်နက်ရှိုင်းရှိုင်း ခံစားသိရှိသွားကြတော့သည်။
ဤတိုက်ပွဲ မတိုင်မီက အန်းလုရှန်းနှင့် ယိုကျိုး ဗိုလ်ချုပ်များအားလုံး တိုင်ပင်ဆွေးနွေးခဲ့ကြစဉ်၊ ကုန်းမြေလောက တစ်ခုလုံးတွင် ရွဲလော့ဟယ်များကို တားဆီးနိုင်စွမ်းရှိသော လူသား တပ်ဖွဲ့မျိုး လုံးဝမရှိနိုင်ဟုပင် ပြောဆိုခဲ့ကြသေးသည်။ သို့သော် ဝူရှန်း သံချပ်ကာမြင်းတပ်များမှာ ဤအချက်နှင့် လုံးဝသက်ဆိုင်ခြင်း မရှိကြောင်း သိသာလှပေသည်။
"ဒီလူက ငါ့အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုကြီးပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီတပ်ဖွဲ့ကို အစွမ်းကုန် ဖျက်ဆီးပစ်ရမယ်"(စာစစ်_ဒီလူတွေ လက်ထဲကနေ ငါ့ကိုယ်ငါ ကယ်တင်ရမယ်လို့ပဲ ပြောလိုက်ပါတော့)
အဝေးရှိ အန်းလုရှန်းမှာ မျက်လုံးများကို အနည်းငယ် မှေးထားလျက် ပြင်းထန်လှသော ခြိမ်းခြောက်မှုကြီးတစ်ခုကို ခံစားလိုက်ရတော့သည်။
မြင်းခွာသံများ ဆူညံသွားခဲ့ပြီး ရွဲလော့ဟယ်တပ်ဖွဲ့မှာ လျင်မြန်စွာ ပြောင်းလဲမှုများ ပြုလုပ်လိုက်ကြကာ၊ ပိုမိုများပြားလှသော ရွဲလော့ဟယ်များမှာ လမ်းကြောင်း ပြောင်းလဲပြီး ဝူရှန်း သံချပ်ကာမြင်းတပ်များရှိရာ အရပ်ဆီသို့ ပြေးဝင်သွားကြတော့သည်။
ဤရွဲလော့ဟယ်များ၏ ရင်ထဲတွင် အသစ်ပေါ်ထွက်လာသော ဝူရှန်းသံချပ်ကာမြင်းတပ်များ၏ ခြိမ်းခြောက်မှု အတိုင်းအတာမှာ အလယ်ဗဟို တပ်ဖွဲ့ နေရာရှိ ကိုးကောင်းကင် ဆယ်ကမ္ဘာ နတ်ဘုရားနှင့်မိစ္ဆာ ချေမှုန်းရေး မဟာစစ်အစီအရင်ထက်ပင် အဆများစွာ ကျော်လွန်နေပြီဖြစ်ပြီး၊ သူတို့ ပထမဆုံးအနေဖြင့် အမြစ်ပြတ် ဖျက်ဆီးပစ်ရမည့် ပစ်မှတ်များ အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
"ဆုတ်… ဝူရှန်း သံချပ်ကာမြင်းတပ်တွေနဲ့ စစ်ရထားလေး တပ်ဖွဲ့ကလွဲရင် ကျန်တဲ့သူတွေ အကုန်လုံး သံမဏိခံတပ်ထဲကို အမြန် ပြန်ဆုတ်ကြ"
စစ်မြေပြင်အတွင်း၌ လီစီယီ၏ အသံကြီးမှာ အလွန်ပင် ကျယ်လောင်လှပေသည်။ သူ၏လက်ထဲရှိ ဧရာမ ဓားကြီးကို ဝှေ့ယမ်းလိုက်ရာ ပေါက်ကွဲထွက်ပေါ်လာသော ဂန်ချီစွမ်းအင်များမှာ သံမဏိများအလား ခိုင်မာလှပြီး၊ တဟုန်ထိုး ပြေးဝင်လာသော ရွဲလော့ဟယ်ဆယ်ဂဏန်းခန့်ကို ချက်ချင်းပင် လွင့်စင်ထွက်သွားစေတော့သည်။
ဤရွဲလော့ဟယ်များမှာ လေထဲ၌ လွင့်စင်နေဆဲအချိန်မှာပင် ရင်ဘတ် ချိုင့်ဝင်ကာ အရိုးများ ကျိုးကြေသွားခဲ့ပြီး လီစီယီ၏ ဓားတစ်ချက်တည်းဖြင့် နှစ်ပိုင်း ပြတ်သွားကြတော့သည်။
စစ်မြေပြင်တွင် ဝူရှန်းသံချပ်ကာမြင်းတပ်များနှင့် နောက်ချန် စစ်ကူများ ရောက်ရှိလာမှုနှင့်အတူ မဟာထန်ဘက်မှ လူတိုင်း၏ စိတ်ဓာတ်များမှာ အလွန်အမင်း မြင့်တက်လာခဲ့ကြသည်။ သို့သော် လီစီယီ၏ရင်ထဲတွင်မူ လက်ရှိအခြေအနေများမှာ တွေးတောထားသလောက် အကောင်းမြင်နိုင်စွမ်း မရှိကြောင်းကို အသေအချာ သိရှိနေတော့သည်။
ဝူရှန်းသံချပ်ကာမြင်းတပ်များအနေဖြင့် ရွဲလော့ဟယ်နှစ်ထောင်ကျော်ခန့်ကို သတ်ဖြတ်နိုင်ခဲ့ပြီး သူတို့၏ခန္ဓာကိုယ်များကို နှစ်ပိုင်း ပတ်သွားအောင် ခုတ်ပိုင်းနိုင်ခဲ့သည် ဆိုသော်ငြားလည်း၊ ဤတစ်လောကလုံး၌ ကျော်ကြားလှသော သံချပ်ကာမြင်းတပ်များမှာလည်း အလွန် ကြီးမားလှသော ရိုက်ခတ်မှု များကို ခံစားနေရဆဲပင် ဖြစ်သည်။
ဇွက်…
မနီးမဝေး နေရာတွင် ဝူရှန်း သံချပ်ကာမြင်းတပ်သားတစ်ဦးမှာ တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် ရွဲလော့ဟယ်တစ်ဦး ၏ ဓားတစ်ချက် ခုတ်ပိုင်းမှုကြောင့် ခွကြားရှိ စစ်မြင်းမှာ ခုတ်ပိုင်းခံလိုက်ရသည်။ ထိုရွဲလော့ဟယ်မှာ အရှိန်ကို အသုံးချကာ မျောက်ဝံတစ်ကောင်အလား မြင်းဗိုက်အောက်သို့ ဝင်ရောက်သွားသော ထိုဝူရှန်း သံချပ်ကာမြင်းတပ်သားကိုပါ ဆက်လက် တိုက်ခိုက်လိုက်တော့သည်။
ထိုကြောက်မက်ဖွယ်ကောင်းသော ခုတ်ပိုင်း တိုက်ခိုက်မှုကို ဝမ်ချောင် အထူးပြင်ဆင်ပေးထားသော ကောင်းကင်ယံ ဥက္ကာပျံ သံချပ်ကာဖြင့် တားဆီးနိုင်ခဲ့သည် ဆိုသော်ငြားလည်း၊ ထိုခွန်အားများကြောင့် ဝူရှန်း သံချပ်ကာမြင်းတပ်သားမှာ သွေးများ အများအပြား ပန်းထွက်လာခဲ့ပြီး၊ မူလက တင်းမာနေသော မျက်နှာမှာလည်း လျင်မြန်စွာ ဖြူရော်သွားခဲ့ကာ သူ တစ်ကိုယ်လုံး၏ ယန်ချီ စွမ်းအင်များ အလွန်အမင်း ထိခိုက်နစ်နာသွားတော့သည်။
သို့သော် လူတိုင်း ဤမျှလောက် ကံကောင်းနေကြသည်တော့ မဟုတ်ပါချေ၊ အခြားတစ်နေရာတွင် ဖျစ်ဖျစ် မြည်သံနှင့်အတူ သံချေးတက်နေသော ထက်မြက်သည့် ဓားသွား တစ်ပိုင်းမှာ သွေးများ လွှမ်းခြုံနေလျက် ဝူရှန်း သံချပ်ကာမြင်းတပ်သား တစ်ဦး၏ လည်ပင်းကို ဖောက်ထွင်းသွားခဲ့ရာ၊ ထိုဝူရှန်း သံချပ်ကာမြင်းတပ်သားမှာ အသံတစ်ချက်မျှပင် မထွက်နိုင်လိုက်ဘဲ ဓားတစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရတော့သည်။
ရွဲလော့ဟယ်များ၏ ခြိမ်းခြောက်မှုမှာ လက်ထဲရှိ ဓားရှည်များနှင့်ဓားများ သက်သက် မဟုတ်ပါချေ။
တပ်ဖွဲ့ နှစ်ခု ရောယှက် တိုက်ခိုက်နေကြစဉ် ရွဲလော့ဟယ်တစ်ဦးမှာ ရုတ်တရက် လက်မောင်းကြီးကို ဆန့်ထုတ်လိုက်ပြီး ဝူရှန်း သံချပ်ကာမြင်းတပ်သားတစ်ဦးကို လှမ်းဖမ်းကာ တိုက်ရိုက်ပင် အထက်သို့ မြှောက်တင်လိုက်တော့သည်။ လက်ဝါးနှင့် ထိတွေ့မိသည့် အခိုက်အတန့်မှာပင် အလွန်ပြင်းထန်လှသော ဖျက်ဆီးနိုင်စွမ်းရှိသည့် သေခြင်း၏ အရှိန်အဝါများ ပါဝင်သော အလွန်အမင်း အေးစက်လှသည့် ရေခဲစွမ်းအင်များမှာ ထိုဝူရှန်း သံချပ်ကာမြင်းတပ်သား၏ကိုယ်တွင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားတော့သည်။
တဂျွတ်ဂျွတ် မြည်သံများနှင့်အတူ မျက်တောင်တစ်ခတ်မျှ အချိန်လေး အတွင်းမှာပင် ထိုဝူရှန်းသံချပ်ကာမြင်းတပ်သား၏ တစ်ကိုယ်လုံးမှာ အပြာရောင် သန်းသွားခဲ့ပြီး လျင်မြန်စွာပင် ရေခဲရုပ်တုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ထိုရွဲလော့ဟယ်က ထိုဝူရှန်း သံချပ်ကာမြင်းတပ်သား၏ အလောင်းကို ကိုင်ဆောင်ကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ချလိုက်သည်။ ဘုန်းခနဲ အသံနှင့်အတူ ရေခဲရုပ်တုအဖြစ် ပြောင်းလဲသွားသော ထိုဝူရှန်း သံချပ်ကာမြင်းတပ်သားမှာ ချက်ချင်းပင် အပိုင်းပိုင်းအစစ ကွဲအက်သွားခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်မှာ သံချပ်ကာ အတွင်းမှနေ၍ ရေခဲ အပိုင်းအစလေးများအဖြစ် လွင့်စင်ထွက်သွားကာ၊ မြေပြင်ပေါ်တွင်မူ ဟာလာဟင်းလင်း ဖြစ်နေသော ကောင်းကင်ယံ ဥက္ကာပျံ သံမဏိ သံချပ်ကာသာ ကျန်ရစ်ခဲ့တော့သည်။
နှစ်ထောင်၊သုံးထောင်၊ငါးထောင်... ဤစစ်ပွဲကြီးတွင် ဝူရှန်း သံချပ်ကာမြင်းတပ်များ ရင်ဆိုင်ရသော ဆုံးရှုံးမှုများမှာ တွေးတောထားသည်ထက် များစွာပိုမိုကြီးမားနေတော့သည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ လီစီယီ၏ ရင်ထဲ၌ သွေးများ ယိုစီးကျနေသည့်အလား ခံစားလိုက်ရတော့သည်။
ဤတပ်ဖွဲ့ကြီးတစ်ခုလုံးမှာ သူနှင့်အတူ အသက်အန္တရာယ်များကို အကြိမ်ကြိမ် ဖြတ်သန်းခဲ့ပြီး အတူတကွ လေ့ကျင့်မှုများ ခံယူခဲ့သော ညီအစ်ကိုများသာ ဖြစ်ကြသည်။ လူတိုင်းက အသေအရှင် အတူတကွ ရင်ဆိုင်ခဲ့ကြပြီးမှ ယခုအခြေအနေသို့ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။
ထို့ပြင် ယခင်က ဝူရှန်း သံချပ်ကာမြင်းတပ်မှာ လူတစ်သောင်းကျော်ခန့်သာ ရှိခဲ့သည်။ အကယ်၍ ဤတစ်ကြိမ်တွင် သွေးသစ်များ(တပ်သားသစ်) အများအပြား စုဆောင်းနိုင်ခဲ့ခြင်း မရှိပါက၊ ဆင်းဒုဘက်မှ သံမဏိ ရိုင်းများ ထပ်မံ ပို့ဆောင်ပေးခြင်း မရှိပါက၊ ဝမ်လျန်ဘက်မှလည်း ပင်လယ်ရပ်ခြားမှ ဥက္ကာပျံသံမဏိများ ထပ်မံသယ်ဆောင်လာပေးခြင်း မရှိပါက၊ ယခုကဲ့သို့ ကြီးမားသော အတိုင်းအတာ တစ်ခုအထိ လုံးဝတိုးချဲ့နိုင်မည် မဟုတ်ပါချေ။
ယခုအခါ ခဏတာ အချိန်တိုလေးအတွင်းမှာပင် ဝူရှန်း သံချပ်ကာမြင်းတပ်များမှာ တစ်ဝက်ကျော်ခန့် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
သို့သော် ဤသို့ဖြစ်နေလင့်ကစား မည်သူ တစ်ဦးတစ်ယောက်ကမျှ အနောက်သို့ ဆုတ်ခွာသွားခြင်း မရှိကြပါချေ။ မျက်စိရှေ့ရှိ ဤပြိုင်ဘက်များမှာ လူသားများ မဟုတ်ကြောင်းကို ရှင်းလင်းစွာ သိရှိနေသော်လည်း မည်သူကမျှ တွေဝေခြင်း သို့မဟုတ် နောက်ဆုတ်ခြင်း မရှိကြပါချေ။
အဘယ်ကြောင့်ဆိုသော် လူတိုင်း သိရှိထားကြသည်မှာ သူတို့သည် မဟာထန်၏ နောက်ဆုံးသော အတားအဆီးပင် ဖြစ်သည်။ သူတို့၏အနောက်ဘက်တွင် အလယ်ပိုင်းဒေသမှ ပြည်သူပြည်သား သန်းနှင့်ချီမှာ နောက်ထပ် အားကိုးစရာ လုံးဝ မရှိတော့ကြောင်းကို ကောင်းကောင်း သိရှိထားသောကြောင့်ပင်။
တိုက်ပွဲ အပြင်းထန်ဆုံးသော အချိန်လေး အတွင်းမှာပင် စစ်ရထားလေး များ မြည်ဟည်းသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပြီး စစ်မြေပြင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားတော့သည်။ သံချပ်ကာ ဆင်မြန်းထားသော စုဟန်ရှင်းမှာ မြို့ထဲမှနေ၍ နောက်ထပ် စစ်ရထားလေးများကို ထပ်မံ ခေါ်ယူလိုက်ပြီး စစ်မြေပြင်အတွင်းသို့ ဝင်ရောက်လာတော့သည်။
အလင်းတန်း တစ်ချက်လက်သွားခဲ့ပြီး ဝူရှန်း သံချပ်ကာမြင်းတပ်များနှင့် အပြင်းအထန် တိုက်ခိုက်နေသော ရွဲလော့ဟယ်တစ်ဦးမှာ အသံတစ်ချက်မျှပင် မထွက်နိုင်လိုက်ဘဲ၊ မြားတံ ဆယ်ချောင်းကျော်ခန့်၏ ပစ်ခတ်မှုကြောင့် ခေါင်း ပေါက်ကွဲထွက်သွားခဲ့ပြီး မြင်းပေါ်မှ လဲကျသွားတော့သည်။
တစ်တန်း၊နှစ်တန်း၊သုံးတန်း... မြားတံ များ၏ လျင်မြန်လှသော ပစ်ခတ်မှုများ အောက်တွင် ရွဲလော့ဟယ်ရာနှင့်ချီမှာ တစ်ဦးပြီးတစ်ဦး ခေါင်းပေါက်ကွဲထွက်သွားပြီး လဲကျသွားကြရတော့သည်။
"လမ်းကြောင်း ပြောင်း မြင်းခြေထောက် အဆစ်တွေကို အတိအကျ ပစ်မှတ်ထား"
ရှေ့တည့်တည့်ရှိ စစ်မြေပြင်ကို လှမ်းကြည့်ရင်း စုဟန်ရှင်း၏ မျက်ဝန်းထဲ၌ အလင်းတန်း တစ်ချက် လက်သွားခဲ့ပြီး ရုတ်တရက် အမိန့်ပေးလိုက်တော့သည်။
"ဘုန်း"
အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ စစ်ရထားလေး တပ်ဖွဲ့ အားလုံးမှာ စုဟန်ရှင်း၏ အမိန့်ကို ပြီးပြည့်စုံစွာ နာခံလိုက်ကြသည်။ ဝုန်းခနဲ မြည်ဟည်းသံကြီးများနှင့်အတူ ရှည်လျားလှသော မြားတံများမှာ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး၊ လေဟာနယ်ကို လျင်မြန်စွာ ဖြတ်ကျော်လျက် ရွဲလော့ဟယ်များ၏ စစ်မြင်း ရှေ့ခြေထောက်အဆစ်များကို မြားတစ်ချောင်းတည်းဖြင့် ပြတ်ထွက်သွားအောင် ပစ်ခတ်လိုက်ကြတော့သည်။
မြင်းဟီသံကြီးများနှင့်အတူ စစ်မြင် များမှာ ဟန်ချက်ပျက်သွားခဲ့ပြီး မြေပြင်ပေါ်သို့ လျင်မြန်စွာ လဲကျသွားကာ နှင်းမြူများ တလိမ့်လိမ့် ထွက်ပေါ်လာတော့သည်။ မြင်းပေါ်ရှိ ရွဲလော့ဟယ်သံချပ်ကာမြင်းတပ်များမှာလည်း အတူတကွ လွင့်စင်ထွက်သွားကြရတော့သည်။
တစ်ဦး၊နှစ်ဦး၊သုံးဦး... ခဏတာ အချိန်တိုလေး အတွင်းမှာပင် ရွဲလော့ဟယ်ထောင်နှင့်ချီမှာ သက်ရောက်မှု ခံလိုက်ရပြီး မြင်းပေါ်မှနေ၍ လွင့်စင်ထွက်သွားကြရတော့သည်။
စုဟန်ရှင်း၏ ယာယီ စစ်ဗျူဟာ ပြောင်းလဲမှုက ရွဲလော့ဟယ်တပ်ဖွဲ့ကြီး အတွင်း၌ လျင်မြန်စွာပင် အလွန်အမင်း ဖရိုဖရဲ ဖြစ်သွားစေခဲ့ပြီး၊ ဤအရာက ဝူရှန်း သံချပ်ကာမြင်းတပ်များအပေါ် ကျရောက်နေသော ရွဲလော့ဟယ်များ၏ ဖိအားများကို အများအပြား လျော့ကျသွားစေတော့သည်။
အခြားတစ်ဖက်တွင် ဝူရှန်း သံချပ်ကာမြင်းတပ်များနှင့် စစ်ရထားလေးတပ်ဖွဲ့တို့က ရွဲလော့ဟယ်များကို တားဆီးထားနိုင်ခဲ့ရာ လူတိုင်းအနေဖြင့် ယခုအချိန်မှာ ဆုတ်ခွာရန် အကောင်းဆုံးအချိန်ဖြစ်ကြောင်း ခံစားမိသွားကြတော့သည်။
"တပ်ဖွဲ့ အားလုံး အမိန့်ကို နာခံကြ၊ အုပ်စုခွဲပြီး ဆုတ်ခွာကြစမ်း"
အပြင်းအထန် တိုက်ခိုက်နေသော စစ်မြေပြင်တွင် ထုံလော့ ဗိုလ်ချုပ် အာပုစစ်က ပထမဆုံး အနေဖြင့် အမိန့်ပေးလိုက်သည်။ ၎င်းနောက်တွင် စွန်ကျီမင်၊ချန်ပုရန်နှင့် အဝေးဆီတွင် တိုက်ခိုက်နေသော ကျန်းရှို့ကွေးတို့ကလည်း အလားတူ အမိန့်ကို ထပ်မံပေးလိုက်ကြတော့သည်။
ရင်ထဲ၌ အလွန်အမင်း မကျေနပ်မှုများ ရှိနေသည် ဆိုသော်ငြားလည်း ကျန်းရှို့ကွေးမှာ ထိပ်တန်း ဗိုလ်ချုပ်တစ်ဦး ဖြစ်ရာ ရွဲလော့ဟယ်များ ပေါ်ထွက်လာခြင်းက စစ်ပွဲ၏ ဟန်ချက်ကို ပြောင်းလဲပစ်လိုက်ပြီဖြစ်ကြောင်း လျင်မြန်စွာ နားလည်သွားတော့သည်။
ဤလူသားမဆန်သော ရွဲလော့ဟယ်များ၏ သတ်ဖြတ်နိုင်စွမ်းမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှရာ ယခုအချိန်တွင် သံမဏိခံတပ်အတွင်းသို့ ဆုတ်ခွာခြင်းမှာ လက်ရှိ အကောင်းဆုံး ရွေးချယ်မှု ပင် ဖြစ်တော့သည်။
"ဆုတ်"
အမိန့်တစ်ချက် ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ကျန်းရှို့ကွေးမှာ ဆုတ်ခွာရန် အမိန့်ကို လျင်မြန်စွာ ချမှတ်လိုက်တော့သည်။ သို့သော် ကျန်းရှို့ကွေးမှာ တိုက်ရိုက်ဆုတ်ခွာသွားခြင်း မဟုတ်ဘဲ မျက်နှာချင်းဆိုင်ရှိ ယိုကျိုးတပ်ဖွဲ့ကို တစ်ကြိမ် ထပ်မံတိုက်ခိုက်လိုက်သေးသည်။ အထူးသဖြင့် အန်းလုရှန်း အသစ်စုဆောင်းထားသော တပ်ဖွဲ့များကို ဖြစ်သည်။ ထို့နောက်မှသာ သံမဏိခံတပ်ရှိရာ အရပ်ဆီသို့ ဆုတ်ခွာသွားတော့သည်။
"တပ်ဖွဲ့ကြီး ကို အမိန့်ပေးလိုက်၊ ဆုတ်ခွာဖို့ ပြင်"
တစ်ချိန်တည်းမှာပင် မင်းဆရာ ဝမ်ကျုံးစစ်မှာလည်း အဝေးဆီမှ ပေးပို့လာသော အလံပြ သင်္ကေတများကို ရရှိသွားခဲ့ပြီ ဖြစ်သည်။
ဤစစ်ပွဲကြီးမှာ လုံးဝအောင်မြင်မှု မရရှိခဲ့ပါသော်လည်း မူလရည်ရွယ်ချက်ကိုမူ ရရှိပြီး ဖြစ်သည်။ နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့မှာ ယခုအခါ လုံးဝဖရိုဖရဲ ဖြစ်နေခဲ့ပြီး လူအများအပြားမှာ လုံးဝကြောင်တောင်တောင် ဖြစ်နေကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။ အရှေ့တာ့ခ် ၊ခီတန် ၊ရှီ ၊ဂိုဂူလျော... နိုင်ငံအသီးသီးမှ စစ်သည် အမြောက်အမြားမှာ အချင်းချင်း ရောယှက်နေကြပြီး မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့သော အမူအရာများ ပြည့်နှက်နေကြတော့သည်။
ဤသံချပ်ကာမြင်းတပ်နှစ်ဖွဲ့ ပေါ်ထွက်လာခြင်းက သူတို့၏အကြံအစည်များ အားလုံးကို လုံးဝဖျက်ဆီးပစ်လိုက်ပြီဖြစ်သည်။ ပို၍အရေးကြီးသည်မှာ သူတို့၏ မူလက ကောင်းကင်ယံအထိ ပျံ့လွင့်နေသော အရှိန်အဝါများကို လုံးဝဖျက်ဆီးပစ်လိုက်ပြီး သူတို့၏ယုံကြည်မှုများကိုလည်း လုံးဝဖျက်ဆီးပစ်လိုက်ခြင်းပင် ဖြစ်သည်။
ယိုကျိုးဘက်ကို ကြည့်မည်ဆိုပါက ရွဲလော့ဟယ်သုံးသောင်း ထွက်ပေါ်လာခြင်းနှင့် ထိုက်ရှီ ထွက်ပေါ်လာပြီးနောက် အန်းလုရှန်း၏ဖဲချပ်များ အားလုံးမှာ လုံးဝပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ အနည်းဆုံးတော့ မဟာထန်အတွက် နောက်ထပ်လျှို့ဝှက်ချက် လုံးဝမရှိတော့ပါချေ။
ရွှီ…..
ဝမ်ကျုံးစစ်မှာ သတိပြန်ဝင်လာခဲ့ပြီး လျင်မြန်စွာပင် အခြားတစ်ဖက်ရှိ ပါဟရာမ် ရှိရာအရပ်ဆီသို့ စူးရှလှသော အသံတစ်ခု ထုတ်လွှတ်လိုက်တော့သည်။
ဝမ်ကျုံးစစ်နှင့် ပါဟရာမ်အကြားတွင်လည်း အဆက်အသွယ်အချို့ ရှိခဲ့ဖူးရာ သူ၏အဓိပ္ပာယ်ကို တစ်ဖက်လူ နားလည်လိမ့်မည်ဟု ယုံကြည်ပေသည်။
"ကျိုးချန်... ငါ့ အမိန့်ကို ထုတ်ပြန်လိုက်၊ ဟွမ်ရှားတပ်ဖွဲ့က ညီအစ်ကိုတွေ အကုန်လုံး ငါနဲ့အတူ အနောက်ကနေ လိုက်ခဲ့ကြ"
ဝမ်ကျုံးစစ်က အကြည့်များကို ရုပ်သိမ်းလိုက်ပြီး ဘေးနားရှိ မျက်နှာ တစ်ခုလုံးတွင် မုတ်ဆိတ်မွေးများ ပြည့်နှက်နေသော လက်အောက်ငယ်သားတစ်ဦးကို အလေးအနက် ဆိုလိုက်တော့သည်။
သဲဝါပြင်တွင် တိုက်ပွဲပေါင်း ရာချီ ဆင်နွှဲပြီး သံချပ်ကာများ ပေါက်ပြဲသည်အထိ…. ဤသည်မှာ ယခင်က ဝမ်ကျုံးစစ်၏ စားပွဲပေါ်တွင် ရေးထွင်းထားခဲ့သော ဆောင်ပုဒ်ပင် ဖြစ်သည်။ ဟွမ်ရှား တပ်ဖွဲ့ ဆိုသည်မှာ ဝမ်ကျုံးစစ်က သဲဝါပြင်တွင် တိုက်ပွဲပေါင်း ရာချီဆင်နွှဲခဲ့သည့် အဓိပ္ပာယ်ကို ယူကာ ဖွဲ့စည်းထားသော တပ်ဖွဲ့တစ်ခုပင် ဖြစ်တော့သည်။
ဝမ်ကျုံးစစ်၏ လက်အောက်ရှိ တပ်ဖွဲ့များမှာ ရာထူး၊ အာဏာနှင့် ဥစ္စာဓနတို့ကို ရည်ရွယ်ချက်အဖြစ် မထားရှိကြပါချေ၊ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များကို ရရှိရန်လည်း မရည်ရွယ်ကြပါချေ၊ ယောက်ျားကောင်းတစ်ယောက်အနေဖြင့် မိသားစုနှင့် တိုင်းပြည်ကို ကာကွယ်ရန်၊ နယ်စပ်ကို စောင့်ကြပ်ရန်နှင့် သေခြင်း၊ရှင်ခြင်းကို ဂရုမစိုက်ရန်သာ ဖြစ်ပေသည်။
မိသားစုနှင့် တိုင်းပြည်သာ ငြိမ်းချမ်းနေမည်ဆိုပါက သဲဝါပြင်နေရာတိုင်းတွင် သစ္စာရှိသော အရိုးများကို မြှုပ်နှံနိုင်သည်။ ဤသည်မှာ ဟွမ်ရှား တပ်ဖွဲ့အားလုံး လိုက်နာ စောင့်ထိန်းသော ယုံကြည်ချက်ပင် ဖြစ်တော့သည်။
အချိန်မှာ အလွန်ပင် အရေးကြီးနေခဲ့ပြီး အဝေးဆီတွင် ရွဲလော့ဟယ်အချို့မှာ လူတိုင်း ရှိရာ အရပ်ဆီသို့ တိုက်ခိုက်ရန် ပြေးဝင်လာနေကြပြီ ဖြစ်သည်။ အန်းလုရှန်းအနေဖြင့်လည်း ဝမ်ကျုံးစစ်တို့၏ လှုပ်ရှားမှုများကို သတိပြုမိသွားခဲ့ပြီး ဤရွဲလော့ဟယ်များမှတစ်ဆင့် သူတို့၏တပ်ဖွဲ့ကြီးကို ဆွဲထားရန် ကြိုးစားနေကြောင်း သိသာလှပေသည်။
******