အခန်း ၂၂၁၀
Vol. 137 Ch. 2210
အခန်း (၂၂၁၀) သံသရာ သံချပ်ကာ
"သတ်စမ်း"
မကြာမီအချိန်အတွင်းမှာပင် ဟွမ်ရှား တပ်ဖွဲ့သည် ဘေးတိုက် ထောင့်စွန်းတစ်ခုမှနေ၍ တဟုန်ထိုး ပြေးထွက်လာခဲ့ပြီး၊ ဝမ်ကျုံးစစ်၏ အနောက်မှ လိုက်ပါလျက် နိုင်ငံအသီးသီး၏ တပ်ဖွဲ့ကြီးအတွင်းသို့ ထိုးစိုက်ဝင်ရောက် တိုက်ခိုက်လိုက်ကြရာ၊ မျက်နှာချင်းဆိုင်ရှိ ဖရိုဖရဲ ဖြစ်နေခဲ့ပြီးသားဖြစ်သော နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့ကို လုံးဝပရမ်းပတာ ဖြစ်သွားစေတော့သည်။
အခြားသော မဟာထန်တပ်ဖွဲ့ကြီးများကမူ အနည်းငယ်မျှ ရပ်တန့်ခြင်း မရှိကြဘဲ၊ ဤအခွင့်အရေးကို အသုံးချကာ အရပ်မျက်နှာ အသီးသီးသို့ အားကုန်ဆုတ်ခွာသွားကြတော့သည်။
သူတို့သည် သံမဏိခံတပ်ဆီသို့ တိုက်ရိုက်ပြေးဝင်ရန် မရွေးချယ်ခဲ့ကြဘဲ၊ ပိုမို၍ရှုပ်ထွေးလှသော နည်းလမ်းတစ်ခုဖြစ်သည့် အရှေ့ တာ့ခ် မဟာမြက်ခင်းပြင်ဘက်သို့ လမ်းကြောင်းလွှဲကာ မူလလမ်းဟောင်းအတိုင်း ပြန်လည်ဆုတ်ခွာရန် ရွေးချယ်လိုက်ကြသည်။
ဤသို့ပြုလုပ်ခြင်းက အချိန်နှင့်ခွန်အား ပိုမိုကုန်ဆုံးစေမည် ဖြစ်သော်လည်း၊ ဆန့်ကျင်ဘက်အားဖြင့် ပိုမို၍ စိတ်ချရပြီး ဘေးကင်းလုံခြုံလှပေသည်။
"ဒီလောက် မြန်မြန်ကြီး ဆုတ်ခွာဖို့ ပြင်နေကြပြီလား။ ဒီရွဲလော့ဟယ်တွေက တကယ်ပဲ ထင်ထားတာထက် ပိုပြီးကြောက်စရာ ကောင်းလွန်းတာပဲ"
စစ်မြေပြင်၏ အခြားသော အရပ်မျက်နှာ တစ်ခုတွင်မူ ပါဟရာမ်သည်လည်း ဝမ်ကျုံးစစ်၏ ပြင်းထန်လှသော ဟောက်သံကြီးကို ကြားလိုက်ရသည်။ သူ အလယ်ပိုင်းဒေသသို့ ရောက်ရှိလာခဲ့သည်မှာ အချိန်တိုရုံသာ ရှိသေးသဖြင့် ရွဲလော့ဟယ်များနှင့် ပတ်သက်သော အကြောင်းအရာ အများအပြားကို ကောင်းကောင်း နားမလည်သေးပါချေ၊ ရှေ့တန်းတိုက်ပွဲကြီးမှာ စစ်မြေပြင်တစ်ခုလုံး၏ တစ်ဝက်ကျော်ခန့် ကွာဝေးနေသဖြင့် ကောင်းကင်ယံအထိ ပျံ့လွင့်နေသော သတ်ဖြတ်လိုသည့် အော်ဟစ်သံများကိုသာ ကြားနေရပြီး၊ တိကျသော အခြေအနေများကိုမူ ရှင်းလင်းစွာ မြင်တွေ့နိုင်ခြင်း မရှိပါချေ၊ သို့သော်လည်း စစ်မြေပြင်ပေါ်တွင် ထိုသုံးသောင်းသော ရွဲလော့ဟယ်များက သိသာစွာ အသာစီး ရယူထားနိုင်ခဲ့ပြီ ဖြစ်သည်။
"ရွှယ်ချန်ကျွင်းကို သွားပြောလိုက်စမ်း၊ ငါတို့ အန်ဂါရာ သံချပ်ကာမြင်းတပ်က ရှေ့ဆုံးကနေ လမ်းဖွင့်ပေးမယ်၊ သူတို့ကို ငါနဲ့အတူ အရှိန်အပြည့်နဲ့ ဖြတ်ကျော်ခိုင်းလိုက်၊ ငါတို့ ဒီနေရာကနေ တိုက်ရိုက် ဖောက်ထွက်ပြီး သံမဏိမြို့တော်ထံ ပြန်ကြမယ်"
ပါဟရာမ်၏အကြည့်များမှာ အေးဆေးတည်ငြိမ်နေခဲ့ပြီး၊ မင်းဆရာ ဝမ်ကျုံးစစ်နှင့် လုံးဝကွဲပြားခြားနားသော လမ်းကြောင်းတစ်ခုကို ရွေးချယ်လိုက်တော့သည်။
အန်ဂါရာ သံချပ်ကာမြင်းတပ်မှာ အခြားသော တပ်ဖွဲ့များနှင့် မတူညီပါချေ။ လူ သက်သက်သာမကဘဲ စစ်မြင်းများကိုပါ ထူထပ်လှသော သံချပ်ကာများဖြင့် ရစ်ပတ်ထားကြသဖြင့် အမြင့်ဆုံးအဆင့်အထိ လက်နက်အပြည့်အစုံ တပ်ဆင်ထားကြခြင်း ဖြစ်သည်။
ထို့ပြင် အန်ဂါရာ သံချပ်ကာမြင်းတပ် စတင်ဖွဲ့စည်းစဥ်ကတည်းက ၎င်း၏ရည်ရွယ်ချက်မှာ အတိုင်းအတာ ကြီးမားလှသော ပြင်းထန်သည့် စစ်မြေပြင်များအတွက်ဖြစ်ပြီး၊ ရင်ဆိုင်ရမည့် ပြိုင်ဘက်များမှာလည်း မိမိတို့ထက် အဆများစွာ ပိုမိုများပြားလှပေသည်။
အန်ဂါရာ သံချပ်ကာမြင်းတပ်ဆိုသည်မှာ တစ်ဦးချင်းစီ သို့မဟုတ် တပ်ဖွဲ့အနည်းငယ်ချင်းစီ ထိပ်တိုက် စိန်ခေါ်တိုက်ခိုက်ရန်အတွက် မဟုတ်ဘဲ၊ ယနေ့ကဲ့သို့သော ဧရာမစစ်မြေပြင် အခြေအနေမျိုးကို ရင်ဆိုင်ကျော်ဖြတ်ရန်အတွက် ဖြစ်သည်။
ဆမ်ဆာနစ် မင်းဆက်၏ သေးငယ်လှသော နယ်မြေ အကျယ်အဝန်း၊ ဆိုးရွားလှသော ပတ်ဝန်းကျင် အခြေအနေနှင့် ကန့်သတ်ချက် ရှိလှသော လူဦးရေ အရေအတွက်။ တို့ကြောင့် သူတို့အနေဖြင့် အရေအတွက် သန်းနှင့်ချီသော တပ်ဖွဲ့ကြီးများကို အတိုင်းအတာ ကြီးမားစွာ တည်ထောင်ရန် မဖြစ်နိုင်ပါချေ။ ထို့ကြောင့် စစ်သည်များ၏ အဆင့်အတန်း နှင့် အရည်အသွေးကိုသာ အစွမ်းကုန် အထွတ်အထိပ် ရောက်အောင် ကြိုးစားခဲ့ကြရခြင်းပင် ဖြစ်သည်။
"သတ်စမ်း"
အမိန့်တစ်ချက် ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ပါဟရာမ်က ရှေ့ဆုံးမှနေ၍ မြင်းကို အရှိန်အပြည့် စီးနင်းလိုက်ပြီး၊ သူ၏အနောက်တွင်မူ ခိုရာစန်း သံချပ်ကာမြင်းတပ် တစ်သောင်းခန့် ရှိနေခဲ့ကာ၊ လူအုပ်ကြီးမှာ ကြီးမားကျယ်ပြန့်လှပြီး အနောက်သို့ လုံးဝဆုတ်ခွာမည် မဟုတ်သော အရှိန်အဝါများဖြင့် မျက်နှာချင်းဆိုင်ဆီသို့ တဟုန်ထိုး ပြေးဝင်တိုက်ခိုက်လိုက်ကြတော့သည်။
"ငါတို့ရဲ့ ခိုရာစန်း သံချပ်ကာမြင်းတပ် တစ်သောင်းတည်းနဲ့တော့ လုံးဝမလုံလောက်သေးဘူး၊ အာပုစစ် ဗိုလ်ချုပ်၊ နောက်ပိုင်းကျရင် ခင်ဗျား အပေါ်မှာပဲ မူတည်တော့တယ်"
ပါဟရာမ်က ရှေ့တည့်တည့်ရှိ ထုံလော့ သံချပ်ကာမြင်းတပ်များရှိရာ အရပ်ဆီသို့ လှမ်းကြည့်ရင်း ရင်ထဲ၌ တိတ်တဆိတ် ရေရွတ်လိုက်တော့သည်။
"ဒါက... ပါဟရာမ်တို့က ရေလမ်းကနေ ပြန်လို့မရတော့တဲ့အတွက် စစ်မြေပြင်ကို အတင်းအကျပ် ဖောက်ထွင်းပြီး ပြန်ချင်နေတာကိုး"
မိမိ၏အနောက်ဘက်မှနေ၍ ကောင်းကင်တုန်မတတ် ဖြစ်နေသော သတ်ဖြတ်လိုသည့် အော်ဟစ်သံများကို ကြားလိုက်ရသည့်အခါ၊ မူလက ဆုတ်ခွာရန် ပြင်ဆင်နေခဲ့သော ထုံလော့ ဗိုလ်ချုပ် အာပုစစ်၏ မျက်ခုံးများ ပင့်သွားခဲ့ပြီး ချက်ချင်းပင် ခေါင်းလှည့် လှမ်းကြည့်လိုက်ရာ ရင်ထဲ၌ အရာရာတိုင်းကို ဝေဝါးစွာ နားလည်သွားတော့သည်။
တစ်ချိန်က အခြေအနေနှင့် ယခုအခြေအနေမှာ လုံးဝမတူညီတော့ပါချေ၊ ပင်လယ်ပြင်ကြီး တစ်ခုလုံး အေးခဲနေခဲ့ပြီဖြစ်ရာ၊ ရွှယ်ချန်ကျွင်းနှင့် အခြားသူများအနေဖြင့် ဧရာမ စစ်သင်္ဘောကြီး များကို ကမ်းစပ်နှင့် မနီးမဝေး ပင်လယ်ပြင်တွင် ရပ်တန့်ထားခဲ့ပြီးနောက်၊ လှေငယ်လေးများကို အသုံးပြု၍ တပ်ဖွဲ့ကြီးကို ကုန်းပေါ်သို့ တင်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။
စစ်ပွဲ မစတင်မီ အချိန်ကမူ ဤသို့ ပြုလုပ်ခြင်းက မည်သည့် ပြဿနာမျှ ရှိမနေခဲ့ပါချေ၊ သို့သော် အကယ်၍ ဆုတ်ခွာမည့် အချိန်တွင်ပါ ဤနည်းလမ်းကို ထပ်မံ အသုံးပြုပြီး၊ လှေငယ်လေးများ မှတစ်ဆင့် စစ်သင်္ဘောကြီးများပေါ်သို့ ပြန်လည် တက်ရောက်ရန် ကြိုးစားမည် ဆိုပါက လုံးဝ ဖြစ်နိုင်တော့မည် မဟုတ်ပါချေ။
အကယ်၍ အန်းလုရှန်းက တပ်ဖွဲ့ တစ်ဖွဲ့ကို စေလွှတ်ကာ အနောက်မှနေ၍ အဆက်မပြတ် လိုက်လံသတ်ဖြတ်မည်ဆိုပါက ပါဟရာမ်အနေဖြင့် အလွန်ပင် ကြီးမားလှသော ဆုံးရှုံးမှုကြီးကို ရင်ဆိုင်ရပေလိမ့်မည်။
"တပ်ဖွဲ့ အားလုံး အမိန့်ကို နာခံကြ၊ ငါနဲ့အတူ ပါဟရာမ် ဗိုလ်ချုပ်ကို သွားရောက် ကြိုဆိုဖို့ ကူညီကြစမ်း"
နောက်တစ်ခဏတွင် သံချပ်ကာများ ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး အာပုစစ်က အမိန့်ပေးလိုက်ရာ၊ ထုံလော့ သံချပ်ကာမြင်းတပ် အားလုံးကို တစ်သားတည်း ပေါင်းစပ်စေလိုက်ပြီး၊ ဓားအိမ်မှ ကျွတ်ထွက်လာသော ပြိုင်ဘက်ကင်း ဓားရှည်ကြီး တစ်စင်းအလား ချက်ချင်းပင် စစ်မြေပြင် အတွင်းသို့ လျင်မြန်စွာ ဝင်ရောက်တိုက်ခိုက်လိုက်ကြကာ အဝေးဆီရှိ ခိုရာစန်း သံချပ်ကာမြင်းတပ်များရှိရာ အရပ်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားကြတော့သည်။
ယခင်ကနှင့် မတူညီသည်မှာ အာပုစစ် ဦးဆောင်လာသော ထုံလော့ သံချပ်ကာမြင်းတပ်များမှာ တိုက်ပွဲတွင် အချိန်ဆွဲ မနေကြတော့ပါချေ။ သူတို့သည် မြင်းတပ်များ၏ မြင့်မားလှသော လျင်မြန် ဖျတ်လတ်မှုများကို အမြင့်ဆုံး အထွတ်အထိပ် ရောက်ရှိအောင် အသုံးပြုလိုက်ကြပြီး အဝေးဆီသို့ လျင်မြန်စွာ အမြစ်ပြတ် ဖောက်ထွင်း တိုက်ခိုက်သွားကြတော့သည်။
"သူတို့ကို တားကြစမ်း"
တပ်ဖွဲ့ကြီး အတွင်း၌ ထျန်းချန်ကျန်းက ဤမြင်ကွင်းကို ချက်ချင်း သတိပြုမိသွားခဲ့ပြီး လျင်မြန်စွာပင် တပ်ဖွဲ့ကြီးကို ဦးဆောင်လျက် အနောက်မှနေ၍ အဆက်မပြတ် လိုက်လံ တိုက်ခိုက်တော့သည်။
သို့သော် အာပုစစ် ကွပ်ကဲသော တစ်သောင်းကျော်ရှိသည့် ထုံလော့သံချပ်ကာမြင်းတပ်များမှာ ဘေးတိုက်ထောင့်စွန်းတစ်ခုမှနေ၍ ရုတ်တရက် လမ်းကြောင်းလွှဲလိုက်ကြပြီး၊ နာနာကျင်ကျင် အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်နေမှုများနှင့်အတူ နိုင်ငံအသီးသီး၏ ထိပ်တန်း တပ်ဖွဲ့များကို ရှောင်ကွင်းသွားကြကာ လျင်မြန်စွာ ကန့်လန့်ဖြတ် ဖြတ်ကျော်သွားကြတော့သည်။
"စစ်ရထားလေး တပ်ဖွဲ့ ညာဘက်ကို သုံးပုံတစ်ပုံခန့် စောင်း၊ အလျားလိုက် ပစ်"
တပ်ဖွဲ့ကြီးအတွင်း၌ စုဟန်ရှင်းသည်လည်း ဤမြင်ကွင်းကို အလားတူပင် သတိပြုမိသွားခဲ့ပြီး အမိန့်ပေးလိုက်ရာ၊ စစ်ရထားလေး တပ်ဖွဲ့၏ တစ်စိတ်တစ်ပိုင်းကို ချက်ချင်း ခွဲထုတ်လိုက်ပြီး အာပုစစ်နှင့် အခြားသူများအတွက် ရှေ့တည့်တည့်ရှိ စစ်မြေပြင်ကို ပြင်းထန်စွာ ပစ်ခတ်ကူညီပေးလိုက်တော့သည်။
အဆက်မပြတ် ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာမှုများနှင့်အတူ နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့မှ စစ်သည်များ အုပ်စုလိုက်၊ အုပ်စုလိုက် တစ်ဦးပြီးတစ်ဦး လဲကျသွားကြရသည်။ မြားတံများ၏ တိုက်ခိုက်မှု အောက်တွင် နိုင်ငံအသီးသီး တပ်ဖွဲ့ကြီး၏ ဖရိုဖရဲ ဖြစ်မှု အတိုင်းအတာမှာ ပိုမို၍ ကြီးမားကျယ်ပြန့်လာတော့သည်။
"စိတ်ပူစရာ မလိုဘူး၊ မင်း သွားပြီး ဝူရှန်း သံချပ်ကာမြင်းတပ်တွေကို ကူညီပြီး ရွဲလော့ဟယ်တွေကို အစွမ်းကုန် ကိုင်တွယ်လိုက်၊ ပါဟရာမ်ဘက်ကိုတော့ ငါကိုယ်တိုင် သွားရောက် ကြိုဆိုကူညီပေးမယ်"
စကားပြောရသည်မှာ ကြာပါသော်လည်း လက်တွေ့တွင်မူ အလွန် မြန်ဆန်လှပေသည်။ လေးနက်သောအသံတစ်ခုမှာ လေဟာနယ်ကို ဖြတ်ကျော်လျက် စုဟန်ရှင်း၏ နားထဲသို့ ရုတ်တရက် ရောက်ရှိလာတော့သည်။ နောက်တစ်ခဏတွင် စုဟန်ရှင်းက မသိစိတ်ဖြင့် ခေါင်းလှည့် ကြည့်လိုက်ရာ၊ ကျန်းချိုးကျန့်ချုံးက အနောက်ဘက်မှ စစ်ကူများကို ဦးဆောင်လျက် မယုံနိုင်စရာ ကောင်းလောက်အောင် မြန်ဆန်လှသော အရှိန်ဖြင့် ရောက်ရှိလာသည်ကို အတိအကျ မြင်တွေ့လိုက်ရတော့သည်။
ကျန်းချိုးကျန့်ချုံးမှာ စုဟန်ရှင်းတို့နှင့် လာရောက် ပူးပေါင်းခြင်း လုံးဝ မပြုလုပ်ခဲ့ပါချေ၊ သူသည် အခြားအလွန်ဝေးကွာလှသော နေရာတစ်ခုမှနေ၍ စစ်မြေပြင်ဆီသို့ တိုက်ရိုက် ဦးတည်သွားနေခြင်း ဖြစ်သည်။
စုဟန်ရှင်း၏မျက်ဝန်းထဲ၌ အလင်းတန်းတစ်ချက် လက်သွားခဲ့ပြီး ထိုအထဲမှနေ၍ ရင်းနှီးကျွမ်းဝင်နေသော မျက်နှာများနှင့် စစ်အလံအမြောက်အမြားကို ချက်ချင်း မြင်တွေ့လိုက်ရတော့သည်။ ရွှမ်းဝူ တပ်ဖွဲ့၊ ချန်ဝူ တပ်ဖွဲ့၊ ရှန်ဝူ တပ်ဖွဲ့... မဟာထန်၏ တစ်လောကလုံး၌ ကျော်ကြားလှသော တပ်ဖွဲ့ကြီးများ တစ်ဖွဲ့ပြီး တစ်ဖွဲ့မှာ စစ်မြေပြင်ဆီသို့ အချိန်မီ ရောက်ရှိလာကြပြီ ဖြစ်သည်။
စုဟန်ရှင်းသည် မိုဓား တပ်ဖွဲ့၏ ပုံရိပ်များကိုပင် မြင်တွေ့လိုက်ရသေးသည်။
မိုဓား တပ်ဖွဲ့ အားလုံးမှာ ခြေလျင်တပ်များ ဖြစ်ကြပြီး လေးလံလှသော ခေါင်းဆောင်းများနှင့် သံချပ်ကာများကို ဆင်မြန်းထားကြကာ၊ တိုက်ခိုက်သည့်အခါတွင် အလွန်ပင် လေးလံလှပြီး ရက်စက်ကြမ်းတမ်းလှကာ ပြိုင်ဘက်ကင်းလှပေသည်။ စစ်မြေပြင်ပေါ်တွင် တံတိုင်းကြီး တစ်ခုအလား ရှေ့သို့ တိုးဝင်လာတတ်ပြီး ရက်စက်ကြမ်းတမ်းလှသော မိုဓား တပ်ဖွဲ့မှာ မြင်းတပ်များ၏ အိပ်မက်ဆိုးကြီး နှင့် သေမင်းပင် ဖြစ်တော့သည်။ သို့သော် သူတို့၏ လျင်မြန် ဖျတ်လတ်မှုကမူ အကြီးမားဆုံးသော အားနည်းချက်ပင် ဖြစ်သည်။
ဝမ်ချောင်အနေဖြင့် ဤထိပ်တန်း တပ်ဖွဲ့ကြီးကို စစ်မြေပြင်သို့ ကြိုတင်ရောက်ရှိလာစေရန်အတွက်၊ မိုဓား တပ်ဖွဲ့ မှ စစ်သည် တစ်ဦးချင်းစီတိုင်းအတွက် အနောက် တာ့ခ်၏ ထိပ်တန်း စစ်မြင်း တစ်ကောင်စီကို တိုက်ရိုက်တပ်ဆင်ပေးထားခဲ့ခြင်းပင် ဖြစ်တော့သည်
"ဟူးး"
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ စုဟန်ရှင်း ချက်ချင်းပင် ရှည်လျားလှသော သက်ပြင်းကြီး တစ်ခုကို ချလိုက်နိုင်တော့သည်။
"နောက်ဆုံးတော့ ရောက်လာကြပြီပေါ့"
နိုင်ငံအသီးသီးတွင် စစ်သည်အရေအတွက် များပြားလှသည် ဆိုသော်ငြားလည်း၊ အန်းလုရှန်းကလည်း စစ်သည် အမြောက်အမြားကို လေ့ကျင့်ပေးထားခဲ့သည် ဆိုသော်ငြားလည်း၊ ထိပ်တန်း စစ်အင်အားအပိုင်းတွင်မူ မဟာထန်ဘက်၌သာ ပိုမိုများပြားပြီး ပိုမိုအစွမ်းထက်ပေလိမ့်မည်။
ဤကဲ့သို့သော ထိပ်တန်းတပ်ဖွဲ့ကြီးများ ပေါ်ထွက်လာခဲ့ပြီဖြစ်ရာ ပါဟရာမ် နှင့်ရွှယ်ချန်ကျွင်းတို့ ဘက်တွင်မူ သူ့အနေဖြင့် ထပ်မံစိတ်ပူနေရန် လုံးဝမလိုအပ်တော့ကြောင်း စုဟန်ရှင်း ကောင်းကောင်း သိရှိသွားတော့သည်။
"အမိန့်ကို ထုတ်ပြန်လိုက်၊ ဒုတိယ ခံစစ်မျဉ်းကို ဖွဲ့စည်းကြ၊ နောက်ကျရင် ငါတို့ ခဏနေရင် သုံးရလိမ့်မယ်"
စုဟန်ရှင်းက အနီးကပ်စစ်သည်တစ်ဦးကို ခေါ်ယူလိုက်ပြီး ရုတ်တရက် အမိန့်ပေးလိုက်တော့သည်။
"ဟုတ်ကဲ့ပါ"
ထိုသူမှာ ချက်ချင်းပင် ငှက်တစ်ကောင်အလား လျင်မြန်စွာ လှည့်ထွက်သွားတော့သည်။
မဟာထန်၏ အနောက်ဘက်တွင် မီးခိုးငွေ့များ တလိမ့်လိမ့် ထွက်ပေါ်နေခဲ့ပြီး ကျန်းရှို့ကျီ ဦးဆောင်သော လက်မှုပညာရှင် အဖွဲ့ မှာ အလွန်ပင် စနစ်တကျဖြင့် မြို့ရိုးများကို အပြင်းအထန် ပြန်လည် ပြင်ဆင်နေကြသည်။ သောင်းနှင့်ချီသော ထိပ်တန်း လက်မှုပညာရှင်များမှာ ကြိုတင်ပြင်ဆင်ထားသော အရန်ပစ္စည်း အမြောက်အမြားနှင့် ပူးပေါင်းလိုက်သည့်အခါတွင် မြို့ရိုး ပြန်လည်ပြင်ဆင်မှု အရှိန်မှာ ထင်မှတ်ထားသည်ထက် များစွာပိုမိုမြန်ဆန်လွန်းနေတော့သည်။
လက်ရှိအချိန်အထိ သံမဏိခံတပ်၏ ပြင်ပရှိ အက်ကြောင်းသုံးခုလုံးမှာ လျင်မြန်စွာပင် ပြန်လည်ပြင်ဆင်ပြီးစီးသွားခဲ့ပြီဖြစ်ပြီး၊ မြို့ရိုးအောက်ခြေရှိ ပျက်စီးသွားခဲ့သော စစ်အစီအရင်များပါ အားလုံး ပြီးပြည့်စုံစွာ ပြန်လည်ကောင်းမွန်သွားခဲ့ပြီဖြစ်ရာ မူလကထက်ပင် များစွာပိုမိုအစွမ်းထက်နေသေးသည်။
တပ်ဖွဲ့ကြီးမှာ အနောက်သို့ ဆုတ်ခွာနေခဲ့ပြီး မြို့ထဲသို့ အဆက်မပြတ် ဝင်ရောက်နေကြရာ၊ ဆုတ်ခွာမည့် အစီအစဉ်တစ်ခုလုံးမှာ လုံးဝစနစ်တကျဖြင့် လည်ပတ်နေတော့သည်။
မြေပြင်ပေါ်ရှိ စစ်ပွဲကြီးကို ခေတ္တမျှ ထားလိုက်ပါဦး၊ ဤအခိုက်အတန့်၌ လူတိုင်း၏ အာရုံစိုက်မှုများ အားလုံး ရှေ့တန်း စစ်မြေပြင်ပေါ်သို့ စုစည်းနေသည့် အချိန်မှာပင် ရုတ်တရက်…
"ဝုန်း"
အလွန်ကျယ်လောင်သော ပြင်းထန်လှသော မြည်ဟည်းသံကြီး တစ်ခုနှင့်အတူ၊ လူရိပ်တစ်ခုမှာ ကောင်းကင်မှ ကျဆင်းလာခဲ့ပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာနှင့် တည့်တည့်မတ်မတ် ပြုတ်ကျသွားတော့သည်။ ထိုတစ်ကြိမ်တည်းသော တိုက်ခိုက်မှု၏ ခွန်အားမှာ မယုံနိုင်စရာ ကောင်းလောက်အောင် ကြီးမားလှပေရာ၊ လူရိပ် ပြုတ်ကျသွားသော နေရာရှိ ပေ ရာနှင့်ချီသော ပတ်လည် အတွင်း၌ မြေကြီး တစ်ခုလုံး ပြင်းထန်စွာ ပေါက်ကွဲထွက်သွားတော့သည်။
မီးခိုးငွေ့များ တလိမ့်လိမ့် ထွက်ပေါ်လာခဲ့ပြီး ပေါက်ကွဲမှု ဂန်ချီ စွမ်းအင်များက မြေအောက် အနက်ပိုင်း တစ်ခုလုံးကို ဆုတ်ဖြဲပစ်လိုက်သကဲ့သို့ ဖြစ်ပေါ်စေခဲ့ရာ၊ မြေကြီးများနှင့် ကျောက်တုံးကြီးများ အမြောက်အမြားမှာ မျက်နှာပြင်ပေါ်ရှိ ထူထပ်လှသော နှင်းများနှင့်အတူ အမြင့်သို့ ပေါက်ကွဲ လွင့်စင်သွားကြတော့သည်။ ပေါက်ကွဲမှု လှိုင်းဂယက်များမှာ စစ်မြေပြင်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး မြေပြင်ကြီးတစ်ခုလုံးပင် ပြောင်းပြန်လှန်ပစ်လိုက်သကဲ့သို့ဖြစ်နေခဲ့ရာ ထိုအရှိန်အဝါမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ထိုအခိုက်အတန့်၌ စစ်မြေပြင်တစ်ခုလုံးမှာ လုံးဝတိတ်ဆိတ် ငြိမ်သက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
"ဟွန်း…ကောင်းကင်ရဲ့အမြင့်ကို မသိတဲ့ သေးငယ်တဲ့အရာကများ၊ အခုမှပဲ ဂူကောင်းကင်အဆင့်ကို တက်လှမ်းသွားတာလေးနဲ့များ၊ မင်းက တကယ်ပဲ ဒီနတ်ဘုရားနဲ့ ယှဉ်ပြိုင်နိုင်ပြီလို့ ထင်နေတာလား"
အေးစက်ပြီး အလွန်ပင် ခန့်ညားထည်ဝါလှသော အသံကြီးတစ်ခုမှာ မိုးကြိုးသံအလား ကောင်းကင်ယံ အမြင့်ပိုင်းမှနေ၍ ထွက်ပေါ်လာတော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် လူတိုင်း ချက်ချင်း မှတ်မိသွားကြတော့သည်။ ၎င်းမှာ ထိုက်ရှီ၏ အသံပင် ဖြစ်တော့သည်။
အကယ်၍ လေထဲတွင် ရှိနေသူမှာ ထိုက်ရှီဖြစ်နေခဲ့မည်ဆိုပါက ခုနက ပြုတ်ကျသွားသော လူရိပ်မှာမူ သံသယဖြစ်ဖွယ် မလိုပါဘဲ…
"ဝမ်ချောင်ပဲ"
ဤအတွေးလေးမှာ ဦးနှောက်ထဲ၌ ဖြတ်ပြေးသွားခဲ့ပြီးနောက်၊ ကျန်းရှို့ကွေး၊ ကျန်းချိုးကျန့်ချုံး၊ အာပုစစ်၊ ပါဟရာမ်၊ ဝမ်ကျုံးစစ်... အလယ်ပိုင်းဒေသ မှ ဗိုလ်ချုပ်များ အားလုံး၏ရင်ထဲ၌ တင်းကျပ်သွားခဲ့ပြီး မျက်နှာများမှာ လုံးဝဖြူရော်သွားကြတော့သည်။
ဤစစ်ပွဲကြီးက မည်မျှပင် ပြင်းထန်နေပါစေ ဝမ်ချောင်နှင့် ထိုက်ရှီတို့ အကြားရှိ တိုက်ပွဲကြီးကိုမူ လုံးဝယှဉ်ပြိုင်နိုင်စွမ်း မရှိပါချေ၊ ထိုက်ရှီဟု ခေါ်ဆိုသော ထိုလျှို့ဝှက်ဆန်းကြယ်သူ၏လက်ထဲတွင် ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးပစ်နိုင်သော စွမ်းရည်များ အလွန်များပြားလွန်းလှရာ၊ ဝမ်ချောင်မှလွဲ၍ အခြားမည်သူတစ်ဦးတစ်ယောက်ကမျှ ထိုက်ရှီကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း လုံးဝမရှိပါချေ။
"စုဟန်ရှင်း၊ လီစီယီ... မင်းတို့တွေ နည်းလမ်းရှာပြီး ရွဲလော့ဟယ်တွေကို တားဆီးထားကြ၊ ငါကတော့ ထိုက်ရှီကို သွားပြီး ကိုင်တွယ်လိုက်မယ်"
အသံတစ်ခုမှာ စုဟန်ရှင်း၏နားထဲသို့ ရောက်ရှိလာခဲ့သည်။ နောက်တစ်ခဏတွင် ဝမ်ချောင်၏ ပထမ ရှန်ထိုက်မှာ လျင်မြန်စွာ ကောင်းကင်ယံသို့ တဟုန်ထိုး တက်သွားခဲ့ပြီး သူ၏ အစစ်အမှန် ကိုယ်ခန္ဓာ ပြုတ်ကျသွားရာ နေရာဆီသို့ ပြေးဝင်သွားတော့သည်။ တစ်ချိန်တည်းမှာပင် ဝမ်ချောင်၏ တတိယ ရှန်ထိုက်မှာလည်း ရေခဲကမ္ဘာ ကျင့်စဉ်ကို ထုတ်ဖော်လိုက်ပြီး၊ ခီတန်ဘုရင်၊ ယွန်းဂျယ်စိုးမိုးနှင့် ဝူဆူမစ်ရှ် ခါဂန်းတို့ အားလုံးကို တိုက်ရိုက်ပင် ရေခဲလွှာများဖြင့် ပိတ်ဆို့ကာ လွင့်စင်ထွက်သွားစေခဲ့ပြီး၊ ၎င်းလည်း အလားတူပင် တိုက်ပွဲ မှ ခွဲထွက်သွားခဲ့ကာ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားတော့သည်။
ပြန်လည်မွေးဖွားလာခဲ့သော ထိုက်ရှီ၏ ခွန်အားမှာ တွေးတောထားသည်ထက် များစွာပိုမိုကြောက်မက်ဖွယ် ကောင်းလွန်းလှပေသည်။ ဝမ်ချောင်အနေဖြင့် ဂူကောင်းကင်အဆင့်ကို နားလည်သဘောပေါက်သွားခဲ့ပြီ ဆိုသော်ငြားလည်း ယခုအချိန်အထိ တားဆီးနိုင်စွမ်း လုံးဝမရှိသေးပါချေ။ လက်ရှိအရေးအကြီးဆုံးကိစ္စမှာ မိမိ၏ အစစ်အမှန် ကိုယ်ခန္ဓာကို ကူညီပြီး ထိုက်ရှီကို အတူတကွ ကိုင်တွယ်ရန်ပင် ဖြစ်သည်။ ခီတန်ဘုရင်၊ ယွန်းဂျယ်စိုးမိုးနှင့် အခြားသူများနှင့် ပတ်သက်၍မူ၊ ယခင်တိုက်ပွဲများအတွင်းမှာပင် ဝမ်ချောင်သည် သူတို့၏ ကိုယ်တွင်းရှိ ဂန်ချီ စွမ်းအင် အမြောက်အမြားကို အစွမ်းကုန် မောပန်းနွမ်းနယ်သွားအောင် ပြုလုပ်ထားခဲ့ပြီးဖြစ်ရာ၊ ဤလူများအနေဖြင့် မဟာထန်ကို နောက်ထပ် ကြီးမားသော ခြိမ်းခြောက်မှုများ ဖြစ်ပေါ်စေရန်မှာ လုံးဝ ခက်ခဲသွားခဲ့ပြီ ဖြစ်သည်။
"သူတို့ကို တားကြစမ်း သူတို့ကို ထိုက်ရှီသခင်ကြီးကို လုံးဝသွားရောက် နှောင့်ယှက်ခွင့် မပေးရဘူး"
တစ်ချိန်တည်း လိုလိုပင် ထိုက်ရှီနှင့်အတူ လိုက်ပါလာခဲ့ကြသော နတ်ဘုရား သခင်အချို့မှာ ခန္ဓာကိုယ် လှုပ်ရှားသွားခဲ့ကြပြီး၊ အလားတူ တိုက်ပွဲ မှ လျင်မြန်စွာ ခွဲထွက်သွားခဲ့ကြကာ ဝမ်ချောင်၏ ဧရာမ ရှန်ထိုက် နှစ်ခု၏ နောက်သို့ လျင်မြန်စွာ လိုက်လံ တိုက်ခိုက်ကြတော့သည်။
စုဟန်ရှင်းနှင့် ချန်ပုရန်တို့အနေဖြင့် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ ရင်ထဲ၌ အလွန်တင်းမာသွားခဲ့ကြသည် ဆိုသော်ငြားလည်း၊ ခွန်အားပိုင်းတွင်မူ လုံးဝ မတတ်နိုင်ကြတော့ပါချေ။ သူတို့အားလုံး လေထဲတွင် ပျောက်ကွယ်သွားသည်ကိုသာ မျက်စိဖြင့် ဒီအတိုင်း ကြည့်နေလိုက်ကြရတော့သည်။
"ထိုက်ရှီ... ဝမ်းသာတာ စောလွန်းသေးတယ်"
မဟာထန်ဘက်မှ လူတိုင်း၏ ရင်ထဲ၌ အလွန်အမင်း စိုးရိမ်ပူပန်နေကြသည့် အချိန်မှာပင်၊ ရင်းနှီးကျွမ်းဝင်နေသော အသံတစ်ခုမှာ လူတိုင်း၏နားဘေးတွင် ရုတ်တရက် ထွက်ပေါ်လာတော့သည်။ စကားသံ မဆုံးမီမှာပင် ဝုန်းခနဲ မြည်သံကြီး တစ်ခုနှင့်အတူ ကျောက်တုံးများ အက်ကွဲသွားခဲ့ပြီး၊ ပေါက်ကွဲမှုကြီး၏ အလယ်ဗဟို နေရာမှနေ၍ လူရိပ်တစ်ခုမှာ မြေပြင်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံသို့ ပြန်လည် ပျံသန်းသွားတော့သည်။ ၎င်းမှာ ဝမ်ချောင်၏ အစစ်အမှန် ကိုယ်ခန္ဓာပင် ဖြစ်တော့သည်။
ယခင်ကနှင့် မတူညီသည်မှာ ယခုအခါ ဝမ်ချောင်၏ ကိုယ်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် သံချပ်ကာတစ်စုံ ထပ်မံပေါ်ထွက်နေခြင်းပင် ဖြစ်သည်။ သံချပ်ကာ၏ မျက်နှာပြင်ပေါ်တွင် ဆန်းကြယ်လှသော ရွှေရောင် မန္တန် စာသားများ ရှိနေကြပြီး၊ ထိုအထဲမှနေ၍ ရှေးဟောင်း ကမ္ဘာဦး စည်းမျဉ်းများ၏ လှိုင်းဂယက်များ ဝေဝါးစွာ ထွက်ပေါ်နေတော့သည်။
သံသရာ သံချပ်ကာ။
ဤသည်မှာ ဝမ်ချောင်အနေဖြင့် ကံကြမ္မာ အုပ်ချုပ်ရေးမှူးအဖြစ် တက်လှမ်းသွားပြီးနောက်၊ ကံကြမ္မာ သံချပ်ကာမှတစ်ဆင့် ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ အသွင်ပြောင်းလဲထားသော ပုံစံသစ်ပင် ဖြစ်တော့သည်။ ခံစစ် စွမ်းရည်မှာ ပိုမိုကြီးမားလှပြီး တိုးမြှင့်ပေးနိုင်စွမ်းကလည်း ပိုပြင်းထန်လှသည်။ ထို့အပြင် အချိန်နှင့် ဟင်းလင်းပြင် စွမ်းအားများကိုပါ အပြည့်အဝ သယ်ဆောင်ထားပေသည်။
၎င်း၏ တစ်ခုတည်းသော ပြဿနာမှာ ယခင် သံချပ်ကာ များကဲ့သို့ပင်၊ သံသရာ သံချပ်ကာကို အသုံးပြုရန်အတွက်လည်း ကြီးမားကျယ်ပြန့်လှသော ကံကြမ္မာ စွမ်းအင် အမှတ်များကို အကုန်အကျ ခံရမည် ဖြစ်သည်။
ထိုက်ရှီ၏ ခုနကတိုက်ခိုက်မှုကြီးမှာ မယုံနိုင်စရာ ကောင်းလောက်အောင် ပြင်းထန်လှပေသည်။ ဤသံသရာသံချပ်ကာကြီးကြောင့်သာ ဝမ်ချောင်၏အသက်ကို အောင်မြင်စွာ ကာကွယ်ပေးနိုင်ခဲ့ပြီး သူ့အား အောက်ခြေမှနေ၍ ပြန်လည်ဆွဲတင်ပေးနိုင်ခဲ့ခြင်းပင် ဖြစ်သည်။
ဝမ်ချောင် ကောင်းကင်ယံသို့ တဟုန်ထိုး ပြန်လည်တက်လှမ်းသွားသည့် တစ်ချိန်တည်းမှာပင်၊ အလင်းတန်း တစ်ချက် လက်သွားခဲ့ပြီး ပထမ ရှန်ထိုက် နှင့် တတိယ ရှန်ထိုက် ဟူသော ဧရာမ ကိုယ်ပွား နှစ်ခုလုံးမှာ အတူတကွ ထွက်ပေါ်လာခဲ့ကြပြီး၊ မျက်တောင်တစ်ခတ်အတွင်း ဝမ်ချောင်၏ အနောက်ဘက်သို့ ရောက်ရှိလာကြကာ လက်ဝါးများကို ဆန့်ထုတ်လိုက်ကြပြီး ဘယ်ညာ နှစ်ဖက်စလုံးမှနေ၍ ဝမ်ချောင်၏ ပခုံးနှစ်ဖက်ပေါ်သို့ တစ်ပြိုင်နက်တည်း တင်လိုက်ကြတော့သည်။
ထိုရှန်ထိုက် နှစ်ခု၏ ကိုယ်တွင်းမှ ကြီးမားကျယ်ပြန့်လှသော စွမ်းအင်များမှာလည်း သူတို့၏ ခန္ဓာကိုယ်များကို ဖြတ်သန်း၍ ဝမ်ချောင်၏ကိုယ်တွင်းသို့ ဝင်ရောက်သွားခဲ့ကြပြီး၊ တလိမ့်လိမ့် တိုးဝင်နေသော ပင်လယ်လှိုင်းကြီးများအလား ဝမ်ချောင်၏ ကိုယ်တွင်း၌ လုံးဝ ပြည့်နှက်သွားတော့သည်။
******