အခန်း ၂၂၁၂
Vol. 137 Ch. 2212
အခန်း (၂၂၁၂) ဗျူဟာမြောက် ဆုတ်ခွာခြင်း
သိုင်းကွက်များ ပိုမိုအစွမ်းထက်လေလေ၊ စွမ်းအင်ကုန်ဆုံးမှု ပိုမိုကြီးမားလေလေ ဖြစ်သည်။ ထို့ပြင် သံသရာ သံချပ်ကာကို ဆင်မြန်း၍ တိုက်ခိုက်သည့် အခါတိုင်း အချိန်တိုင်းတွင် ကံကြမ္မာ စွမ်းအင် အမှတ်များကို အဆက်မပြတ် ကုန်ဆုံးစေရမည် ဖြစ်ရာ၊ ခဏတာ အချိန်တိုလေး အတွင်းမှာ ကံကြမ္မာ စွမ်းအင် အမှတ်များ မလုံလောက်မည်ကို စိုးရိမ်ရန် မလိုအပ်သေးဘူး ဆိုသော်ငြားလည်း၊ ထိုက်ရှီကို ကိုင်တွယ်ရန် အစစ်အမှန် နည်းလမ်းကို မရှာဖွေနိုင်သေးသရွေ့ ဤကဲ့သို့သော နည်းလမ်းကိုလည်း အချိန်ကြာမြင့်စွာ အသုံးပြု၍ မရနိုင်ပါချေ။
"နတ်ဘုရားတွေကလည်း ထွက်ပြေးတတ်တာပဲလား။ ထိုက်ရှီ... မင်း ဒီအရှင်ကို ကြောက်သွားတာတော့ မဟုတ်ပါဘူးနော်"
ဝမ်ချောင်က ရုတ်တရက် အေးစက်စက် ရယ်မောလိုက်ပြီး သူ၏စိတ်စွမ်းအင်များမှာ ဒီရေလှိုင်းလုံးကြီးများအလား ဘေးပတ်ဝန်းကျင်ရှိ လေဟာနယ် တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။
ကောင်းကင်နှင့် မြေကြီး တစ်ခုလုံးမှာ တိတ်ဆိတ် ငြိမ်သက်သွားသည်။ သို့သော် လျင်မြန်စွာပင် ဟာလာဟင်းလင်းပြင် အနက်ပိုင်းမှနေ၍ အေးစက်လှသော အသံကြီး တစ်ခု ထွက်ပေါ်လာတော့သည်။
ဝမ်ချောင်က အေးစက်စက် ပြုံးလိုက်သည်။ မိမိ၏ ရန်စသော စကားမှာ ထိုက်ရှီအပေါ်တွင် အကျိုးသက်ရောက်မှု ရှိသွားခဲ့ပြီ ဖြစ်ကြောင်း သူ သိရှိလိုက်တော့သည်။
နတ်ဘုရား အဖွဲ့အစည်းမှာ အမြဲတမ်း မိမိကိုယ်ကို နတ်ဘုရားများအဖြစ် သတ်မှတ်ထားကြရာ၊ မိမိက တမင်တကာ ပြောဆိုနေခြင်း ဖြစ်ကြောင်းကို ရှင်းလင်းစွာ သိရှိနေသည်ဆိုလျှင်တောင်မှ ထိုက်ရှီအနေဖြင့် သေချာပေါက် သည်းခံနိုင်မည် မဟုတ်ကြောင်းကို ဝမ်ချောင်သေချာပေါက် သိရှိထားပေသည်
"ဝုန်း"
လေဟာနယ် အတွင်း၌ လှိုင်းဂယက် အမြောက်အမြား ထွက်ပေါ်လာခဲ့ပြီး၊ ဟင်းလင်းပြင် အချိန် စက်ကွင်းအမြောက်အမြားမှာ ဝမ်ချောင်ကို ဗဟိုပြုကာ မိုးရွာပြီးနောက် ထွက်ပေါ်လာသော မျှစ်ပေါက်လေးများအလား လေဟာနယ်ကို လျင်မြန်စွာ လွှမ်းခြုံသွားတော့သည်။
ဝမ်ချောင်၏ ခန္ဓာကိုယ် လှုပ်ရှားသွားခဲ့ပြီး ဟင်းလင်းပြင် လမ်းကြောင်းတစ်ခု အတွင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားခဲ့သည်။ မပျောက်ကွယ်မီ အချိန်လေး အတွင်းမှာပင် ဝမ်ချောင်က မြေပြင်ပေါ်သို့ တစ်ချက် လှမ်းကြည့်လိုက်ပြီး မသိမသာ ခေါင်းညိတ်ပြလိုက်တော့သည်။
ကျန်းချိုးကျန့်ချုံးနှင့်အခြားသူများအနေဖြင့် မြင်းတပ်များဖြင့် အရှိန်အပြည့် ချီတက်လာခဲ့ပြီး နေ့ရော ညပါ ခရီးဆက်လာခဲ့ကြကာ အချိန်ကို အစွမ်းကုန် လုယူခဲ့ကြသဖြင့် နောက်ဆုံးတွင် သံမဏိမြို့တော်သို့ အချိန်မီ ရောက်ရှိလာနိုင်ခဲ့ကြပြီ ဖြစ်သည်။ ဝူရှန်း သံချပ်ကာမြင်းတပ်များ ဝင်ရောက်လာခြင်းကလည်း သေချာသော အကျိုးသက်ရောက်မှု တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ အနည်းဆုံးတော့ ရွဲလော့ဟယ်တပ်ဖွဲ့ဘက်တွင် မည်သူမျှ တားဆီး၍ မရနိုင်တော့သည့် အခြေအနေမျိုး မဟုတ်တော့ပါချေ။
မင်းဆရာဝမ်ကျုံးစစ်နှင့် ဆမ်ဆာနစ် ဗိုလ်ချုပ် ပါဟရာမ်တို့ဘက်တွင်လည်း မူလ အစီအစဉ်အတိုင်း ဆုတ်ခွာခြင်း သို့မဟုတ် စစ်မြေပြင်ကို ကန့်လန့်ဖြတ် ဖြတ်ကျော်ခြင်း များကို ပြုလုပ်နေကြပြီ ဖြစ်သည်။ လျင်မြန် ဖျတ်လတ်မှု အနှေးကွေးဆုံး ဖြစ်သော ခြေလျင်တပ်၊လှံကိုင်တပ်၊ထိပ်တန်း မြားသမားများနှင့် ဓားပုဆိန်ကိုင်တပ်တို့မှာလည်း ဒီရေလှိုင်းလုံးကြီးများအလား မြို့ထဲသို့ ဆုတ်ခွာနေကြပြီ ဖြစ်သည်။
ယခုအချိန်အထိ တိုက်ပွဲအခြေအနေများမှာ သူနှင့်ဝမ်ကျုံးစစ်တို့ တွက်ချက်ထားခဲ့သည့်အတိုင်း အတိအကျ ပင် ဖြစ်နေတော့သည်။
စစ်ပွဲမှာ အချိန်အတော်ကြာ ကြန့်ကြာနေခဲ့ပြီဖြစ်ရာ၊ မဟာထန်အနေဖြင့် အနောက်မြောက်ဘက် ဒေသတွင် သံမဏိမြို့တော် တစ်ခုကို တည်ဆောက်ထားနိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော် နှင်းမုန်တိုင်းကြီးများမှာ တလိမ့်လိမ့် ထွက်ပေါ်နေပြီး တောင်ဘက်သို့ ဆက်တိုက်ဆင်းသက်လာခဲ့ရာ အရှေ့ တာ့ခ် မဟာမြက်ခင်းပြင်များကိုပင် လွှမ်းခြုံထားနိုင်ခဲ့ပြီ ဖြစ်ကာ ကုန်းတွင်းပိုင်းသို့ အဆက်မပြတ် တိုးဝင်လာနေပြီ ဖြစ်သည်။
တိရစ္ဆာန်များကို ကျွေးမွေးရန် စားကျက်မြေများ မရှိတော့ပါက တံတိုင်းပြင်ပရှိ နိုင်ငံအသီးသီးအနေဖြင့် ဤဆောင်းရာသီကို ဖြတ်ကျော်နိုင်ကြမည် မဟုတ်ပါချေ၊ ယခုအခါ အချိန်များမှာ မဟာထန်ဘက်တွင် ရှိနေပြီ ဖြစ်၏။
ဤသည်မှာလည်း နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့အနေဖြင့် အလျင်စလို တိုက်ခိုက်မှုများ စတင်လာရခြင်း၏ အကြောင်းရင်းပင် ဖြစ်တော့သည်။
"အခု ထိုက်ရှီကို တားဆီးဖို့ နည်းလမ်း ရှာနိုင်ရင် ရပြီ"
မျက်တောင်တစ်ခတ်မျှ အချိန်လေး အတွင်းမှာပင် ဝမ်ချောင်၏ဦးနှောက်ထဲ၌ ဤအတွေးလေး ဖြတ်ပြေးသွားတော့သည်။
ထိုက်ရှီ၏ခွန်အားမှာ အလွန်ပင် အစွမ်းထက်လွန်းလှသည်။ အကယ်၍ သူ့ကို တားဆီးမည့်သူ သာ မရှိပါက ဝမ်ကျုံးစစ်၊ပါဟရာမ်၊အာပုစစ် ၊ကျန်းရှို့ကွေး အစရှိသော ဗိုလ်ချုပ်များ အားလုံးမှာ တိုက်ခိုက်မှု တစ်ချက်ကိုပင် တောင့်ခံနိုင်မည် မဟုတ်ပါချေ။
သံမဏိခံတပ် အနီးရှိ စစ်သည် သန်းနှင့်ချီမှာလည်း သူ၏ သတ်ဖြတ်ခြင်းကို ခံရမည့် ပစ်မှတ်များ ဖြစ်လာပေလိမ့်မည်။
ထိုက်ရှီကို ကိုင်တွယ် ဖြေရှင်းနိုင်မှသာလျှင် ဤစစ်ပွဲကြီးမှာ အခြေအနေ ရှင်းလင်းသွားမည် ဖြစ်ပေသည်။
......
ဝုန်း ဝုန်း ဝုန်း
စစ်ရထားလေးများ မြည်ဟည်းသံများမှာ စစ်မြေပြင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားတော့သည်။ ကောင်းကင်ယံအပြည့် လွင့်ပျံနေသော မြားတံများ၊ အဆင့်အမြင့်ဆုံးသော ဝူရှန်း သံချပ်ကာမြင်းတပ်များနှင့် ခံစစ်စွမ်းရည် အကောင်းဆုံးသော အကြီးစား ခြေလျင်တပ်များအားလုံးမှာ ရွဲလော့ဟယ်တပ်ဖွဲ့နှင့် တိုက်ပွဲတွင် ပါဝင်လာခဲ့ကြပြီ ဖြစ်သည်။
တိုက်ပွဲများ အားလုံးတွင် အထင်ရှားဆုံးသော အရာများမှာ ဧရာမ စစ်ရထားလေး များ နှင့် ဧရာမ မျောက်ဝံကြီး ၏ တိုက်ခိုက်မှုများ ပင် ဖြစ်တော့သည်။
ဧရာမ စစ်ရထားလေးများမှ ပစ်ခတ်လိုက်သော မြားတံများအားလုံးကို ရွဲလော့ဟယ်များက အမြဲတမ်း တားဆီးနိုင်ခဲ့ခြင်း မဟုတ်ပါချေ။ အထူးသဖြင့် ဤကဲ့သို့ ပြင်းထန်လှသော စစ်မြေပြင် အခြေအနေမျိုးတွင် ရွဲလော့ဟယ်များအနေဖြင့် အခြားအရာများကို ဂရုစိုက်ရန် လုံးဝအချိန်မရှိတော့ပါချေ။ ယခင်ကကဲ့သို့ တစ်ပြိုင်နက်တည်း လှုပ်ရှားပြီး အတူတကွ ပူးပေါင်း တားဆီးနိုင်ရန်မှာ တွေးတောထားသည်ထက် များစွာပိုခက်ခဲလှပေသည်။
"ဟိန်းးး"
အခြားတစ်ဖက်တွင်မူ ဧရာမ မျောက်ဝံကြီး နှင့် ရွဲလော့ဟယ်ခေါင်းဆောင်တို့ကြားရှိ တိုက်ပွဲမှာလည်း အလားတူပင် ပြင်းထန်နေခဲ့သည်။
အနောက်မြောက်ဘက် စစ်ပွဲမှ နောက်ဆုံး အသက်ရှင် ကျန်ရစ်ခဲ့သော ဤဧရာမ သားရဲ ဘုရင်ကြီးမှာ သူ၏ ကိုယ်ပိုင်ခွန်အားဖြင့်ပင် ရွဲလော့ဟယ်ခေါင်းဆောင် နှင့် အခြားသော ရွဲလော့ဟယ်သံချပ်ကာမြင်းတပ် အမြောက်အမြားကို ဆွဲထားနိုင်ခဲ့သည်။ ရွဲလော့ဟယ်ခေါင်းဆောင်အနေဖြင့် မွေးရာပါ နတ်ဘုရား ခွန်အားများ ပိုင်ဆိုင်ထားသော ဧရာမ မျောက်ဝံကြီးကို ယှဉ်ပြိုင်တိုက်ခိုက်ရန်အတွက် အခြားသော ရွဲလော့ဟယ်များ၏ ခွန်အားများကို မဖြစ်မနေ အသုံးပြုရမည်ဖြစ်ရာ၊ ဤအရာက အခြားသော ရွဲလော့ဟယ်များကို သွယ်ဝိုက်သောနည်းဖြင့် ထိန်းချုပ်ထားနိုင်ခဲ့ပြီး မဟာထန်တပ်ဖွဲ့ ရင်ဆိုင်နေရသော ဖိအားများကို များစွာ လျော့ကျသွားစေတော့သည်။
ဧရာမ သံမဏိ တုတ်တံကြီးမှာ အဆက်မပြတ် ရိုက်ချနေခဲ့ပြီး ထိုအစွမ်းထက်လှသော ရွဲလော့ဟယ်ခေါင်းဆောင်ကို လုံးဝမထိခိုက်နိုင်ခဲ့ဘူး ဆိုလျှင်တောင်မှ၊ ပေါက်ကွဲမှု ဂယက်များမှာ တမင်တကာ ဖြစ်စေ၊ မတော်တဆ ဖြစ်စေ၊ အခြားသော ရွဲလော့ဟယ်များကို ထိခိုက်မိသွားစေခဲ့ရာ ရွဲလော့ဟယ်အသီးသီးမှာ ကောင်းကင်ယံသို့ လွင့်စင်သွားကြပြီး အမှုန့်ဖြစ်သွားအောင် ပေါက်ကွဲထွက်သွားကြရတော့သည်။
"ဧရာမ သားရဲ သတ်ဖြတ်သူတွေ ထွက်တိုက်ကြစမ်း"
တစ်ချိန်တည်းမှာပင် ရွဲလော့ဟယ်များက အကြွင်းမဲ့ အသာစီး ရယူထားနိုင်ခဲ့သော စစ်မြေပြင်တွင် အခြားသော လှုပ်ရှားနေသည့် ပုံရိပ်များမှာလည်း အလွန်ပင် ထင်ရှားနေတော့သည်။
ဤပုံရိပ်များ တစ်ခုစီတိုင်းမှာ ကိုယ်လုံးကိုယ်ပေါက် ကြီးမားတောင့်တင်းပြီး စစ်မြေပြင်တွင် အဆက်မပြတ် ကန့်လန့်ဖြတ် ဖြတ်ကျော်ကာ တိုက်ခိုက်နေကြသည်။ ဤ ဧရာမ သားရဲ သတ်ဖြတ်သူများ အားလုံး ကိုင်ဆောင်ထားသည်မှာ ထိပ်တန်း အထူစား သံချပ်ကာများနှင့် ဧရာမ လက်နက်များ ဖြစ်ကြသည်။ သူတို့၏ အရေအတွက်မှာ မများပြားလှသော်လည်း ခွန်အားများမှာမူ အလွန်အမင်း အစွမ်းထက်လွန်းလှပေသည်။
ဧရာမ ဓားကြီးများမှာ ထက်မြက်သော အသွားများ မရှိသော်လည်း ကြီးမားလှသော ခွန်အားများဖြင့် တိုက်ခိုက်နိုင်စွမ်း ရှိကြသည်။ ဧရာမ လက်နက်ကြီးများမှာ အဆက်မပြတ် ခုတ်ပိုင်းချနေခဲ့ရာ တစ်ကြိမ် ခုတ်ပိုင်းလိုက်တိုင်းတွင် ရွဲလော့ဟယ်လေးငါးဦးခန့်မှာ လူကောမြင်းပါ နှစ်ပိုင်း ပြတ်သွားအောင် ခုတ်ပိုင်းခံလိုက်ရပြီး အလွန်ပင် ရက်စက်ကြမ်းတမ်းသော မြင်ကွင်းများကို ဖြစ်ပေါ်စေတော့သည်။
ဤရွဲလော့ဟယ်များမှာ အလွန်ပင်ထူးဆန်းလွန်းလှရာ ဧရာမ သားရဲ သတ်ဖြတ်သူများပင်လျှင် တိုက်ပွဲအပြီးတွင် နဖူးမှ ချွေးသီးချွေးပေါက်များ ကျဆင်းလာသည်ကို ဝေဝါးစွာမြင်တွေ့နိုင်ပေသည်။ လက်မောင်းများ၊ ပခုံးများနှင့် ကိုယ်ပေါ်ရှိ သံချပ်ကာများပေါ်တွင်လည်း ပါးလွှာသော ရေခဲလွှာများ ဖုံးလွှမ်းလာသည်ကို အချိန်တိုင်း မြင်တွေ့နိုင်ပေသည်။
ဤကဲ့သို့ အလွန်အမင်း အေးစက်လှသော စွမ်းအင်များမှာ သူတို့ ကိုယ်တွင်းရှိ သွေးကြောများကိုပင် သက်ရောက်မှု ရှိနေတော့သည်။
သို့သော် ဤအခိုက်အတန့်၌ မည်သူတစ်ဦးတစ်ယောက်ကမျှ အနောက်သို့ ဆုတ်ခွာသွားခြင်း မရှိကြပါချေ။
ရွဲလော့ဟယ်များကို မတားဆီးနိုင်ပါက လူတိုင်း သေလမ်းသာ ရှိတော့သည်။
နှစ်ပေါင်းများစွာ ကြိုးစား အားထုတ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ဝမ်ချောင်၏ ယခင်ကြိုးပမ်းအားထုတ်မှုများ အားလုံးမှာ ယခုအခါ အသီးအပွင့်များ ဖြစ်ထွန်းလာခဲ့ပြီ ဖြစ်သည်။ ယခုအခါ ဝမ်ချောင်၏ လက်အောက်တွင် အစွမ်းထက်သော ဗိုလ်ချုပ်များ အမြောက်အမြား ရှိနေခဲ့ပြီဖြစ်ပြီး၊ အချင်းချင်း အကြားတွင်လည်း အလွန်ပင် ဟန်ချက်ညီညီ ပူးပေါင်း လုပ်ဆောင်နိုင်စွမ်း ရှိကြသည်။ တပ်ဖွဲ့ အသီးသီး ၏ ခွန်အားများ၊ ထိပ်တန်း တပ်ဖွဲ့များ အပါအဝင် အားလုံးမှာ ကုန်းမြေလောက တစ်ခုလုံးတွင် အစွမ်းအထက်ဆုံးသော အခြေအနေ သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
လက်ရှိ မဟာထန်တွင် ဝမ်ချောင်က တိုက်ပွဲမစတင်မီတွင် တိုက်ခိုက်ရေး ဗျူဟာများ နှင့် ဗျူဟာမြောက် ရည်ရွယ်ချက် များကို ကြေညာပေးရန်သာ လိုအပ်ပြီး၊ အထက်အောက် အားလုံးမှ ဗိုလ်ချုပ် အမြောက်အမြားမှာ လျင်မြန်စွာ လှုပ်ရှားကြပြီး ဝမ်ချောင်၏ အမိန့်ကို သစ္စာရှိရှိ အကောင်အထည် ဖော်ဆောင်ကြပေလိမ့်မည်။
"ဝုန်း"
စစ်မြေပြင်၏ အခြားတစ်ဖက်တွင် အလွန်ကျယ်လောင်သော ပြင်းထန်လှသော မြည်ဟည်းသံကြီး တစ်ခုနှင့်အတူ၊ ဆမ်ဆာနစ် မင်းဆက် တစ်ခုလုံး၏ အကောင်းဆုံးသော အန်ဂါရာ သံချပ်ကာမြင်းတပ်နှင့် အာပုစစ် ဦးဆောင်သော ထုံလော့ သံချပ်ကာမြင်းတပ်တို့မှာ လှံရှည် နှစ်လက်အလား စစ်မြေပြင်တစ်ခုလုံးကို အမြစ်ပြတ် ဖောက်ထွင်းသွားခဲ့ကြပြီး စစ်မြေပြင်၏ အလယ်ဗဟိုနေရာတွင် အောင်မြင်စွာ ပူးပေါင်းသွားနိုင်ခဲ့ကြပြီ ဖြစ်သည်။
ဖြစ်စဉ်တစ်ခုလုံးတွင် ချွေချန်းယုံ၊ထျန်းချန်ကျန်းနှင့် ထျဲချီပိလဲ့လီတို့ အပါအဝင် အားလုံးမှာ ဤတပ်ဖွဲ့ နှစ်ခု ပူးပေါင်းခြင်းကို တားဆီးရန် အစွမ်းကုန် ကြိုးစားခဲ့ကြသည်။ သို့သော် ရွှမ်းဝူ တပ်ဖွဲ့၊ချန်ဝူ တပ်ဖွဲ့၊ရှန်ဝူ တပ်ဖွဲ့နှင့် မိုဓား တပ်ဖွဲ့တို့၏ အကြိမ်ကြိမ် ဝင်ရောက် တိုက်ခိုက်မှုများ အောက်တွင် လျင်မြန်စွာပင် ပြိုကွဲသွားကြရတော့သည်။
အရှေ့ တာ့ခ်၏ အကောင်းဆုံးသော ဝံပုလွေတပ်ဖွဲ့မှာ ဤတိုက်ပွဲတွင် တစ်ဝက်ခန့် တိုက်ရိုက်သေဆုံးသွားခဲ့ရသည်။ ယိုကျိုးဘက်မှလည်း စစ်သည်အမြောက်အမြား ဆုံးရှုံးသွားခဲ့ရရာ ထျဲချီပိလဲ့လီနှင့်ချွေချန်းယုံ အစရှိသူများ အားလုံးမှာ အလွန်အမင်း ရင်နာနေကြရတော့သည်။
"သေသင့်တဲ့ကောင်တွေ ဒါတောင်မှ သူတို့ကို မတားဆီးနိုင်ဘူးလား?"
အန်းလုရှန်း မှာလည်း အနောက်ဘက်တွင် ဒေါသတကြီး အံကို တင်းတင်းကြိတ်ထားခဲ့ပြီး မျက်လုံးများ နီရဲနေတော့သည်။
ဘေးနားရှိ ကောင်းရှန်းမှာ ဤစကားကို ကြားလိုက်ရသည့်အခါ အလွန်ပင် တိတ်ဆိတ် ငြိမ်သက်နေတော့သည်။
နိုင်ငံအသီးသီး၏ စစ်အင်အားများမှာ အလွန်ပင် ကြီးမားလှသည်ဆိုသော်ငြားလည်း နောက်ဆုံးတွင် ယာယီ ဖွဲ့စည်းထားသော မဟာမိတ်တပ်ဖွဲ့တစ်ခုသာ ဖြစ်သည်။ ဆယ်စုနှစ်ပေါင်းများစွာ အတွေ့အကြုံရှိပြီး လောကကို ကြီးစိုးထားသော မဟာထန်နှင့် နှိုင်းယှဉ်ပါက များစွာ ကွာဟနေဆဲပင် ဖြစ်သည်။
အထူးသဖြင့် ဝမ်ချောင် ရုတ်တရက် ပေါ်ထွက်လာခြင်းက မဟာထန်၏ ဤအတွေ့အကြုံများနှင့်အားသာချက်များကို အမြင့်ဆုံး အထွတ်အထိပ် ရောက်အောင် အသုံးပြုနိုင်ခဲ့ခြင်းပင် ဖြစ်သည်။
ဤအချက်တွင် အန်းလုရှန်းအနေဖြင့် ရက်အနည်းငယ်အတွင်း လေ့ကျင့်ပေးထားသော တပ်ဖွဲ့များဖြင့် ယှဉ်ပြိုင်နိုင်ရန်မှာ နောက်ဆုံးတွင် မဖြစ်နိုင်သေးပါချေ။
"သခင်ကြီး စိတ်ပူစရာ မလိုပါဘူး၊ အခု အသာစီး ရထားတာက ကျွန်တော်တို့ပါ၊ မဟာထန်ရဲ့ တစ်လောကလုံးမှာ နာမည်ကြီးနေတဲ့ ဝူရှန်း သံချပ်ကာမြင်းတပ်တွေရဲ့ ဆုံးရှုံးမှုကလည်း အရမ်းကို ကြီးမားနေပါပြီ၊ သူတို့ကို အနိုင်ယူပြီးတဲ့အခါကျရင် ရွဲလော့ဟယ်တွေကို ရွှမ်းဝူတပ်ဖွဲ့နဲ့ မိုဓား တပ်ဖွဲ့တွေကို သွားတိုက်ခိုင်းလိုက်ရင် သူတို့ကို အလွယ်တကူ အမြစ်ပြတ် ချေမှုန်းပစ်နိုင်မှာပါ"
"စစ်ပွဲဆိုတာ ရလဒ်ကိုပဲ ကြည့်တာပါ၊ ဖြစ်စဉ်ကို ကြည့်တာ မဟုတ်ပါဘူး၊ ဒီစစ်ပွဲရဲ့ ရည်ရွယ်ချက်က တစ်ဖက်လူရဲ့ အဓိကတပ်ဖွဲ့တွေကို အမြစ်ပြတ် ချေမှုန်းပြီး အလယ်ပိုင်းဒေသကို အလွယ်တကူ ဝင်ရောက် နေရာယူဖို့ပါ၊ တစ်လောကလုံးကို အုပ်ချုပ်နိုင်သရွေ့ အလယ်မှာ တပ်ဖွဲ့တချို့ ဆုံးရှုံးသွားတာက အရေးမကြီးပါဘူး။ သခင်ကြီး... သခင်ကြီးကော ဘယ်လို ထင်လဲ?"
ကောင်းရှန်းက ခေတ္တမျှ တွေးတောလိုက်ပြီးနောက် နှစ်သိမ့်ပေးလိုက်တော့သည်။
အန်းလုရှန်းမှာ အချိန်အတော်ကြာအောင် တိတ်ဆိတ် ငြိမ်သက်သွားခဲ့ပြီးမှသာ တင်းတင်းဆုပ်ထားသော ညာဘက်လက်သီးကို ဖြည်းညင်းစွာ ဖြေလျှော့လိုက်တော့သည်။
မှန်ပေသည်။ နောက်ဆုံးတွင် ဝမ်ချောင်ကို သတ်ဖြတ်နိုင်ပြီး မဟာထန်ကို ဖျက်ဆီးပစ်နိုင်မည် ဆိုပါက စစ်သည် မည်မျှပင် သေဆုံးသွားပါစေ သူ အနည်းငယ်မျှ ဂရုစိုက်မည် မဟုတ်ပါချေ။
အန်းလုရှန်းနှင့် အကြံပေး၏ တုံ့ပြန်မှုများကို ခေတ္တမျှ ထားလိုက်ပါဦး၊ အာပုစစ်နှင့် ပါဟရာမ် ဟူသော နာမည်ကျော် ဗိုလ်ချုပ် နှစ်ဦး ပူးပေါင်းသွားမှုနှင့်အတူ ရွှယ်ချန်ကျွင်း၏ ဤခြုံခိုတပ်လမ်းကြောင်းမှာ နောက်ဆုံးတွင် စစ်မြေပြင်ကို ကန့်လန့်ဖြတ် ဖြတ်ကျော်ကာ သံမဏိခံတပ်ဆီသို့ သွားရာ လမ်းကြောင်း တစ်ခုကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သည်။
"ဗိုလ်ချုပ်... ကျေးဇူးတင်ပါတယ်"
ပါဟရာမ်က မျက်နှာချင်းဆိုင်ရှိ အာပုစစ်ကို ကြည့်ရင်း ရိုးသားစွာ ဆိုလိုက်တော့သည်။
"ဗိုလ်ချုပ် ကျေးဇူးတင်နေစရာ မလိုပါဘူး၊ စစ်မြေပြင်ဆိုတာ အန္တရာယ် များလှပါတယ်၊ အခုအရေးအကြီးဆုံးက သံမဏိခံတပ် ထဲကို အမြန် ပြန်ဝင်ဖို့ပါပဲ၊ ဝူရှန်း သံချပ်ကာမြင်းတပ်တွေဘက်က အချိန်အကြာကြီး တောင့်ခံထားနိုင်မှာ မဟုတ်တော့ဘူး"
အာပုစစ်က ထုံလော့ စစ်မြင်းကို စီးနင်းထားလျက် အေးဆေးတည်ငြိမ်စွာ ဆိုလိုက်တော့သည်။
"ဘာ… အဲဒီ ရွဲလော့ဟယ်တွေက..."
ပါဟရာမ်မှာ ဤစကားကို ကြားလိုက်ရသည့်အခါ အလွန်အမင်း အံ့ဩသွားတော့သည်။
အာပုစစ်က ဆက်လက်၍ မပြောဆိုတော့ဘဲ ခေါင်းသာ ညိတ်ပြလိုက်တော့သည်။
ထုံလော့ လူမျိုးများမှာ ဝူရှန်းသံချပ်ကာမြင်းတပ်များနှင့် အတူတကွ တိုက်ပွဲဝင်ခဲ့ဖူးသူများ ဖြစ်ကြရာ ဝမ်ချောင်ကိုယ်တိုင် လေ့ကျင့်ပေးထားသော ဤတပ်ဖွဲ့ကြီးက မည်မျှလောက် ကြောက်မက်ဖွယ် ကောင်းကြောင်းကို နက်နက်ရှိုင်းရှိုင်း သိရှိထားကြသည်။ မမ်လုခ် သံချပ်ကာမြင်းတပ်၊ မူချီ မဟာသံချပ်ကာမြင်းတပ်၊ထျန်းလန် သံချပ်ကာမြင်းတပ်... ဤနာမည်ကျော် ထိပ်တန်း သံချပ်ကာမြင်းတပ် အားလုံးမှာ ဝူရှန်းသံချပ်ကာမြင်းတပ်များ၏ ဓားအောက်တွင် သေဆုံးသွားခဲ့ကြပြီ ဖြစ်သည်။
သို့သော် ဤမျှလောက် အစွမ်းထက်လှသော ဝူရှန်း သံချပ်ကာမြင်းတပ်များပင်လျှင် ဤရွဲလော့ဟယ်တပ်ဖွဲ့ကို ရင်ဆိုင်ရာတွင် ယခင်က တစ်ခါမျှ မရှိခဲ့ဖူးသော ကြီးမားလှသည့် သေဆုံးမှုများကို ရင်ဆိုင်နေရသည်။ ဤအကြောင်းကို တွေးတောမိလိုက်ရုံဖြင့် အာပုစစ်၏ ရင်ထဲ၌ အေးစိမ့်သွားသကဲ့သို့ ခံစားလိုက်ရတော့သည်။
ကောင်းကင်ယံ ဥက္ကာပျံ သံမဏိ သံချပ်ကာကဲ့သို့သော အကောင်းဆုံး ခံစစ် လက်နက်များ ရှိနေသော ဝူရှန်း သံချပ်ကာမြင်းတပ် များပင်လျှင် ရွဲလော့ဟယ်များကို မတားဆီးနိုင်ပါက၊ ထုံလော့ သံချပ်ကာမြင်းတပ်များသာ ဝင်ရောက် တိုက်ခိုက်မညဆိုပါက မည်မျှလောက် အချိန်ကြာအောင် တောင့်ခံထားနိုင်မည်နည်း?။
ဤအတွေးလေးကို တွေးတောမိလိုက်ရုံဖြင့် အာပုစစ်ပင်လျှင် နောက်ပိုင်းတွင် ဖြစ်လာမည့် အရာများအတွက် ကြောက်ရွံ့သွားမိတော့သည်။
ဤအခိုက်အတန့်၌ ပြိုင်ဘက်များ ဝိုင်းရံနေဆဲဖြစ်ပြီး အခြေအနေများမှာ အလွန်ပင် တင်းမာနေဆဲ ဖြစ်ရာ စိတ်သက်သာရာရရန် အချိန် လုံးဝမရောက်သေးပါချေ။
"သွားစမ်း"
နောက်တစ်ခဏတွင် ထုံလော့ သံချပ်ကာမြင်းတပ်နှင့်အန်ဂါရာ သံချပ်ကာမြင်းတပ် ဟူသော ထိပ်တန်း သံချပ်ကာမြင်းတပ် နှစ်ဖွဲ့မှာ တစ်သားတည်း ပေါင်းစပ်သွားခဲ့ကြပြီး၊ အထက်မြက်ဆုံးသော ဓားရှည်ကြီး တစ်စင်းအလား သံမဏိခံတပ်ရှိရာ အရပ်ဆီသို့ လျင်မြန်စွာ ဦးတည် သွားကြတော့သည်။
သူတို့၏ အနောက်ဘက်တွင်မူ စစ်သည် သောင်းနှင့်ချီမှာ ရေလှိုင်းကြီးများအလား တလိမ့်လိမ့် ထွက်ပေါ်နေလျက် အနောက်မှ လိုက်ပါသွားကြတော့သည်။
"သွားကြ အားလုံး အရှိန်အပြည့်နဲ့ လိုက်ခဲ့ကြ၊ လမ်းကြောင်းကနေ သွေဖည်မသွားစေနဲ့"
လေထုမှာ အလွန်အမင်း တင်းမာနေခဲ့ပြီး ရွှယ်ချန်ကျွင်း၏ အာရုံကြော တစ်ခုချင်းစီတိုင်းမှာ အမြင့်ဆုံး အထွတ်အထိပ်အထိ တင်းမာနေခဲ့ကာ၊ အနောက်ဘက်ရှိ တပ်ဖွဲ့ကြီးကို အဆက်မပြတ် ကွပ်ကဲလျက် ထုံလော့ သံချပ်ကာမြင်းတပ်နှင့် အန်ဂါရာ သံချပ်ကာမြင်းတပ်တို့၏ နောက်သို့ လိုက်ပါကာ ရှေ့သို့ ချီတက်နေတော့သည်။
ဝမ်ချောင်၏နောက်သို့ လိုက်ပါလာခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်ရာ ရွှယ်ချန်ကျွင်းသည်လည်း စစ်ဗျူဟာပိုင်းဆိုင်ရာ အသိပညာအချို့ကို ရရှိခဲ့ပြီ ဖြစ်သည်။ ရွှယ်ချန်ကျွင်း ဦးဆောင်သော တပ်ဖွဲ့ကြီးမှာ ရိုးရှင်းစွာ ဆုတ်ခွာနေခြင်း လုံးဝမဟုတ်ဘဲ၊ ဆုတ်ခွာနေရင်း တစ်ချိန်တည်းမှာပင် တပ်ဖွဲ့ကြီး၏ဘေးနှစ်ဖက်မှနေ၍ အဆက်မပြတ် ဝင်ရောက်တိုက်ခိုက်ကာ ဖရိုဖရဲဖြစ်မှုများကို ဖန်တီးနေခဲ့ပြီး၊ ပုံသဏ္ဌာန်မဲ့သော ကာကွယ်ရေး အတားအဆီး တစ်ခုကို ဖွဲ့စည်းကာ တပ်ဖွဲ့ကြီး၏ ဆုံးရှုံးမှုများကို အနည်းဆုံး ဖြစ်အောင် လျှော့ချထားခဲ့သည်။
ထို့ပြင် ဆုတ်ခွာနေသည့် ဖြစ်စဉ်အတွင်းမှာပင် လူတိုင်းအနေဖြင့် နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့ကို ဆက်လက်၍ သတ်ဖြတ်နိုင်စွမ်း ရှိနေသေးရာ၊ တိုက်ပွဲအောင်မြင်မှုများကို ချဲ့ထွင်နိုင်ပြီး ပြိုင်ဘက်ကို အားနည်းသွားစေနိုင်ပေသည်။
"မြားတံတွေနဲ့ ပစ်ခတ်ပြီး သူတို့ကို ကူညီပေးကြစမ်း"
စုဟန်ရှင်းက အရပ်မျက်နှာ အားလုံးကို အကဲခတ်နေခဲ့ပြီး စစ်မြေပြင်ပေါ်ရှိ အခြေအနေများကို အချိန်တိုင်း စောင့်ကြည့်နေခဲ့ရာ၊ အာပုစစ်နှင့်ပါဟရာမ်တို့ ပူးပေါင်းသွားပြီးနောက် စုဟန်ရှင်း ဘက်မှလည်း စစ်ရထားလေး တပ်ဖွဲ့ ကို ဆက်တိုက် ပစ်ခတ်ရန် အမိန့်ပေးလိုက်ပြန်သည်။ သူတို့သည် တပ်ဖွဲ့ကြီး နှစ်ခု အတွက် စစ်မြေပြင် တစ်စိတ်တစ်ပိုင်းကို လျင်မြန်စွာ ရှင်းလင်းပေးလိုက်ပြီး ဤဆုတ်ခွာမှုအတွက် ဖိအားများကို လျှော့ချပေးလိုက်တော့သည်။
အခြားတစ်ဖက်တွင် ကျန်းချိုးကျန့်ချုံးကလည်း ရှန်ဝူ တပ်ဖွဲ့ နှင့် ရွှမ်းဝူ တပ်ဖွဲ့များကို ထပ်မံထွက်တိုက်ရန် အမိန့်ပေးလိုက်ပြန်သည်။ နောက်ထပ် တိုက်ခိုက်မှု တစ်ကြိမ်ပြုလုပ်လိုက်ရာ မူလက ပြိုကွဲနေပြီ ဖြစ်သော နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့ကို ပိုမို၍ ဖရိုဖရဲ ဖြစ်သွားစေတော့သည်။
အတွင်း အပြင် ပူးပေါင်း လုပ်ဆောင်မှုများအောက်တွင် ရွှယ်ချန်ကျွင်းနှင့် အခြားသူများမှာ နောက်ဆုံးတွင် အန္တရာယ် အကြီးမားဆုံးသော မြောက်ပိုင်း စစ်မြေပြင်ကို ဖြတ်ကျော်သွားနိုင်ခဲ့ကြပြီး တောင်ပိုင်းစစ်မြေပြင်နယ်မြေ အတွင်းသို့ ဝင်ရောက်သွားနိုင်ခဲ့ကြပြီ ဖြစ်သည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ ချွေချန်းယုံနှင့် အခြားသူများမှာ ရင်ထဲ၌ အလွန်အမင်း မကျေနပ်မှုများ ရှိနေကြသည်ဆိုသော်ငြားလည်း၊ ရွှယ်ချန်ကျွင်းနှင့် အခြားသူများ ထွက်ခွာသွားသည်ကို မျက်စိဖြင့် ဒီအတိုင်း ကြည့်နေလိုက်ရုံသာ တတ်နိုင်ကြပြီး လုံးဝ တားဆီးနိုင်စွမ်း မရှိကြတော့ပါချေ။
******