← Chapters

အခန်း ၂၂၁၄

Vol. 137 Ch. 2214

အခန်း ၂၂၁၄

Vol. 137 Ch. 2214

အခန်း (၂၂၁၄) ပထမဆုံး တိုက်ပွဲတွင် အောင်မြင်မှု ရရှိခြင်း

"တော်ပြီ သူတို့ကို သွားခွင့် ပေးလိုက်တော့"

အန်းလုရှန်း၏ ရင်ထဲ၌ အလွန်အမင်း မကျေနပ်မှုများ ရှိနေပြီး နောက်ထပ် တစ်ကြိမ် ထပ်မံကြိုးစားရန် ပြင်ဆင်နေသည့် အချိန်လေး အတွင်းမှာပင်၊ ခန့်ညားထည်ဝါလှသော အသံကြီး တစ်ခုမှာ ခေါင်းထက်မှနေ၍ ရုတ်တရက် ထွက်ပေါ်လာတော့သည်။ အန်းလုရှန်း၏ ရင်ထဲ၌ တင်းကျပ်သွားခဲ့ပြီး မသိစိတ်ဖြင့် ခေါင်းမော့ကာ လှမ်းကြည့်လိုက်ရာ၊ ကောင်းကင်ယံမှနေ၍ ထိုက်ရှီမှာ နတ်ဘုရား သံချပ်ကာကို ဆင်မြန်းထားလျက် ဖြည်းညင်းစွာ ဆင်းသက်လာသည်ကို မြင်တွေ့လိုက်ရတော့သည်။

သူ၏အပြင်ပန်းတွင် မည်သည့် ဒဏ်ရာမျှ ရရှိထားပုံ မပေါ်ပါချေ၊ သို့သော် သူ၏ အရှိန်အဝါမှာမူ ယခင်ကကဲ့သို့ ပြင်းထန်ပြီး အကြွင်းမဲ့ အစွမ်းထက်နေခြင်း မရှိတော့ပါချေ၊ မျက်ဝန်းများ ထဲတွင်လည်း ယခင်ကကဲ့သို့ တောက်ပပြီး စူးရှလှသော အလင်းတန်းများ မရှိတော့ပါချေ။ ဝမ်ချောင်နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲကြီးတွင် ထိုက်ရှီသည်လည်း အလားတူပင် ခွန်အားများ အလွန်အမင်း ကုန်ဆုံးသွားခဲ့ကြောင်း သိသာလှပေသည်။

"ဝုန်း"

ဤခေတ္တမျှ အသက်ရှူပေါက် ရရှိသွားသော အချိန်လေး အတွင်းမှာပင်၊ မဟာထန်ဘက်မှ တပ်ဖွဲ့ကြီးများ အားလုံးမှာ အနောက်သို့ လျင်မြန်စွာ ဆုတ်ခွာသွားကြပြီး၊ နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့၊ ရွဲလော့ဟယ်တပ်ဖွဲ့တို့နှင့် အကွာအဝေးကို လျင်မြန်စွာ ခွာလိုက်ကြတော့သည်။ ခဏအကြာတွင် ဝုန်းခနဲ မြည်ဟည်းသံကြီး တစ်ခုနှင့်အတူ ဧရာမ သံမဏိ တံခါးကြီးတစ်ခု ပြုတ်ကျလာခဲ့ပြီး၊ သံမဏိခံတပ်၏ ပွင့်ဟနေသော မြို့တံခါးကြီးလည်း အလားတူ ပိတ်သွားတော့သည်။

"ဝူးးး"

လေအေးများ ပြင်းထန်စွာ တိုက်ခတ်နေခဲ့ပြီး အန်းလုရှန်း အနေဖြင့် မည်မျှပင် ဆန္ဒရှိသည်ဖြစ်စေ ဆန္ဒမရှိသည်ဖြစ်စေ၊ ယခုအချိန်တွင် တပ်ဖွဲ့ကို ပြန်လည် ရုပ်သိမ်းရန်သာ တတ်နိုင်တော့သည်။ ကြီးမားကျယ်ပြန့်လှသော စစ်မြေပြင်ကြီး တစ်ခုလုံးတွင် သေဆုံးနေသော အလောင်းများမှာ တောင်ကြီးများအလား ပုံနေခဲ့ပြီး၊ ကျိုးကျနေသော လက်နက် အပိုင်းအစ များမှာလည်း နေရာအနှံ့အပြားတွင် ပြည့်နှက်နေတော့သည်။ သွေးများမှာ မြေပြင်ပေါ်တွင် မြစ်များအလား စီးဆင်းနေခဲ့သော်လည်း လျင်မြန်စွာပင် အေးခဲသွားကြတော့သည်။

"သူတို့ကို အချိန်ခဏလောက် အသက်ရှူပေါက် ပေးလိုက်ဦးမယ်၊ ငါ့နောက်ကို လိုက်ခဲ့၊ ငါ မင်းနဲ့ ပြောစရာ ရှိတယ်"

ထိုက်ရှီက ဤစကားကို ချန်ရစ်ထားခဲ့ပြီး ခန္ဓာကိုယ် လှုပ်ရှားသွားကာ မြောက်ဘက် အရပ်ဆီသို့ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။

အနောက်ဘက်တွင်မူ နိုင်ငံအသီးသီးမှာ စစ်မြေပြင်ကို လျင်မြန်စွာ ရှင်းလင်းရေး ပြုလုပ်ကြတော့သည်။

အခြားတစ်ဖက်တွင်မူ ဝမ်ချောင်မှာ သံမဏိခံတပ် ၏ ထိပ်တွင် မတ်မတ်ရပ်နေလျက် မျက်နှာချင်းဆိုင်ကို အဝေးမှ လှမ်းကြည့်နေခဲ့သည်။ သူ၏ အနောက်ဘက်တွင် အာပုစစ် ၊ကျန်းရှို့ကွေး ၊ကျန်းချိုးကျန့်ချုံး နှင့် အခြားသူများ မှာလည်း အသီးသီး ရောက်ရှိလာကြပြီ ဖြစ်သည်။

"ဝမ်ချောင်... နောက်ပိုင်းကျရင် ငါတို့ ဘယ်လို လုပ်ကြမလဲ?"

ကျန်းချိုးကျန့်ချုံးက ပထမဆုံး အနေဖြင့် စကားစတင် ပြောဆိုလိုက်ပြီး တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တော့သည်။

ဤစစ်ပွဲကြီးမှာ တွေးတောထားခဲ့သည်ထက် များစွာပိုမိုပြင်းထန်လှပေသည်။ သူတို့ကဲ့သို့သော ဗိုလ်ချုပ်များပင်လျှင် ကိုယ်ပေါ်တွင် ဒဏ်ရာ အသီးသီး ရရှိခဲ့ကြပြီး၊ စစ်အင်အား ဆုံးရှုံးမှုမှာလည်း အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလွန်းလှပေသည်။ သို့သော် အခြားအရာများနှင့် နှိုင်းယှဉ်ပါက လူတိုင်း အမှန်တကယ် အာရုံစိုက်နေကြသည်မှာ ဝမ်ချောင်၏ အမိန့်နှင့် နောက်ဆက်တွဲ လှုပ်ရှားမှု များကိုပင် ဖြစ်တော့သည်။

သမိုင်းတွင် တစ်ခါမျှ မရှိခဲ့ဖူးသော ဤအင်ပါယာ စစ်ပွဲကြီးတွင် ဝမ်ချောင်မှာ မဟာထန်ဘက်မှ အငြင်းပွားဖွယ် မရှိသော စိတ်ဓာတ်ပိုင်းဆိုင်ရာ ခေါင်းဆောင်နှင့် အင်ပါယာ၏ အလယ်ဗဟိုထောက်တိုင်ပင် ဖြစ်သည်။ ဤစစ်ပွဲကြီးမှာ မည်သည့် အဆင့်အထိ ရောက်ရှိသွားသည် ဖြစ်စေ၊ စစ်သည် မည်မျှလောက် ဆုံးရှုံးသွားသည် ဖြစ်စေ၊ ဝမ်ချောင်သာ လူတိုင်း၏ ရှေ့မှောက်တွင် မတ်မတ်ရပ်နေသရွေ့ လူတိုင်းမှာ လမ်းကြောင်း ပျောက်ဆုံးသွားမည် မဟုတ်ဘဲ၊ မဟာထန်မှာလည်း ထာဝရ ရှုံးနိမ့်မည် မဟုတ်ပါချေ။

"စစ်ပွဲက ခဏ ပြီးဆုံးသွားပြီ၊ အချိန်တိုလေး အတွင်းမှာတော့ သူတို့ဘက်က ထပ်ပြီးတိုက်ခိုက်ဖို့ ခွန်အား ရှိတော့မှာ မဟုတ်ဘူး၊ ဒီအချိန်အတွင်းမှာ လုံခြုံရေးတွေကို တင်းကျပ်ထားကြ၊ ဒါ့အပြင် မြေအောက်က မဟာစစ်အစီအရင်ကြီးကိုလည်း ပိုအစွမ်းထက်အောင် ပြုလုပ်ထားကြ၊ ဒီအချိန်အတွင်းမှာ ဘာအမှားအယွင်းမှ လုံးဝမဖြစ်စေရဘူး"

ဝမ်ချောင်က ရှေ့တည့်တည့်ကို ကြည့်ရင်း ခေါင်းလှည့် မကြည့်ဘဲ လေးနက်သော အသံဖြင့် ဆိုလိုက်တော့သည်။

ဝမ်ချောင်၏ စကားကို ကြားလိုက်ရသည့်အခါ လူတိုင်း၏ ရင်ထဲ၌ များစွာ စိတ်သက်သာရာ ရသွားကြတော့သည်။

"အမိန့် ပေးလိုက်စမ်း၊ ချက်ချင်း သွားပြီး စီစဉ်ကြ"

ကျန်းချိုးကျန့်ချုံးက လှည့်လိုက်ပြီး သတင်းပို့ စစ်သည်တစ်ဦးကို ခေါ်ယူကာ လေးနက်သောအသံဖြင့် ဆိုလိုက်ရာ ထိုသူမှာ ငှက်တစ်ကောင်အလား လျင်မြန်စွာ လှည့်ထွက်သွားတော့သည်။

ဝမ်ချောင်က ဤစကားကို ပြောဆိုပြီးနောက် လူတိုင်းကို ဆက်လက် ဂရုစိုက်မနေတော့ဘဲ၊ ခေါင်းကို ဖြည်းညင်းစွာ မော့ကာ ကောင်းကင်ယံသို့ လှမ်းကြည့်လိုက်တော့သည်။ ညသန်းခေါင်ယံအလား နက်မှောင်နေသော သူ၏မျက်ဝန်းများထဲတွင် စိုးရိမ်ပူပန်နေသော အရိပ်အယောင်အချို့ ဝေဝါးစွာ ပေါ်ထွက်နေတော့သည်။

စစ်ပွဲ ပြီးဆုံးသွားခဲ့ပြီ ဆိုသော်ငြားလည်း အရာရာတိုင်းမှာ ယခုမှ စတင်ရုံသာ ရှိသေးကြောင်းကို ဝမ်ချောင်ကောင်းကောင်း သိရှိထားသည်။ အကယ်၍ မိမိ မှတ်မိသည်များ မှားယွင်းခြင်း မရှိပါက၊ မှတ်ဉာဏ်ထဲရှိ သမိုင်းတွင် တစ်ခါမျှ မရှိခဲ့ဖူးသော ဧရာမ နှင်းမုန်တိုင်းကြီး မှာ မကြာမီ အချိန်အတွင်း ရောက်ရှိလာတော့မည် ဖြစ်သည်။

မြောက်ပိုင်း တာ့ခ် မဟာမြက်ခင်းပြင်ကြီးမှာ ရေခဲနှင့်နှင်းများ ဖုံးလွှမ်းနေသော နယ်မြေတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပြီး၊ အရှေ့နှင့် အနောက် တာ့ခ် အင်ပါယာနှစ်ခုလုံးမှာ သူတို့၏အိမ်များမှ နှင်ထုတ်ခံခဲ့ရပြီ ဖြစ်သည်။ ဤအရာများ အားလုံးမှာ တိုက်ဆိုင်မှု လုံးဝမဟုတ်ပါချေ၊ မဟာထန်မှာလည်း တစ်ခုတည်းသော ကံကောင်းသူ လုံးဝမဟုတ်ပါချေ။ နောက်ပိုင်းတွင် ပေါက်ကွဲထွက်ပေါ်လာမည့် ဧရာမနှင်းမုန်တိုင်းကြီး သို့မဟုတ် ရေခဲခေတ်ကြီးမှာ ယခင်က ဖြစ်ပွားခဲ့သော စစ်ပွဲထက်ပင် ပိုမို ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု ထင်ရပေသည်။

အစောကြီးကတည်းက ကြိုတင်ပြင်ဆင်မှုများ အများအပြား ပြုလုပ်ထားခဲ့သည် ဆိုသော်ငြားလည်း၊ အမှန်တကယ် မည်မျှလောက် အသုံးဝင်မည်လဲ ဆိုသည်ကိုမူ ဝမ်ချောင်ကိုယ်တိုင်ပင်လျှင် မသိရှိနိုင်ပါချေ။

"အမိန့် ပေးလိုက်စမ်း၊ 'ဆောင်းခိုခြင်း စီမံကိန်း'ကို အကောင်အထည် ဖော်ဖို့ ပြင်ဆင်ကြ"

"ဒါ့အပြင်... မြို့တော် ဆီကို စာတစ်စောင် ရေးပြီး ပို့ပေးလိုက်၊ အရှင်မင်းကြီးနဲ့ နန်းတော်ကို အကြောင်းကြားလိုက်၊ ငါ သူတို့ကို ပြောပြထားခဲ့တဲ့ ကိစ္စတွေက မကြာခင်မှာ ဖြစ်လာတော့မယ်လို့၊ သူတို့ကို ပြောလိုက်၊ ငါတို့မှာ ဆယ်ရက် ကျော်ကျော်လောက်ပဲ အချိန် ရှိတော့တယ် လို့"

ဝမ်ချောင်က ရုတ်တရက် နှုတ်ဖွင့် ဆိုလိုက်တော့သည်။

"ဟုတ်ကဲ့ပါ"

ကျန်းချွယ်မှာ စကားများများ ပြောမနေတော့ဘဲ သံမဏိခံတပ်၏ ထိပ်မှနေ၍ ချက်ချင်း ခုန်ချသွားခဲ့ပြီး အဝေးဆီသို့ ပျောက်ကွယ်သွားတော့သည်။

"ဝူး"

ခံတပ်၏ထိပ်တွင် လေအေးများ ပြင်းထန်စွာ တိုက်ခတ်သွားခဲ့ပြီး ဝမ်ချောင်ပင်လျှင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

လေထုထဲတွင်မူ သွေးနံ့များမှာ အဆက်မပြတ် ပျံ့လွင့်နေဆဲပင် ဖြစ်တော့သည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ပြီး မိုးချုပ်သွားသည့်အခါတွင်မူ၊ မင်းဆရာ ဝမ်ကျုံးစစ်မှာ မြင်းတပ်တစ်ဖွဲ့ကို ဦးဆောင်ကာ အရှေ့ တာ့ခ် မဟာမြက်ခင်းပြင်ကို ဖြတ်ကျော်လျက် သံမဏိခံတပ်၏ အခြား မြို့တံခါး တစ်ခုမှနေ၍ အောင်မြင်စွာ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ဤအချိန်အထိ အရှေ့မြောက်ဘက် ဒေသရှိ ပထမဆုံးသော အပြင်းထန်ဆုံး အင်ပါယာ စစ်ပွဲကြီး မှာ ခေတ္တမျှ ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။

သို့သော် ဤသို့ ဖြစ်နေလင့်ကစား အလယ်ပိုင်းဒေသ အတွင်းပိုင်းရှိ နေ့စဉ် နေ့တိုင်း မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသော နန်းတွင်း အမတ်များနှင့် ပြည်သူပြည်သားများအတွက်မူ၊ သတင်း စောင့်ဆိုင်းနေရသော အချိန်ကာလအတွင်း နေ့စဉ် နေ့တိုင်းမှာ ညှဉ်းပန်း နှိပ်စက်မှု ကြီးတစ်ခု ပင် ဖြစ်တော့သည်။

ပထမဆုံး စစ်ပွဲကြီး ပြီးဆုံးသွားပြီး သတင်းများက မြို့တော်ဆီသို့ ရောက်ရှိလာသည့် အခါတွင်မူ နန်းတွင်းရော နန်းပြင်ပါ လူတိုင်းမှာ အလွန်အမင်း စိတ်လှုပ်ရှား ဝမ်းသာသွားကြတော့သည်။

ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို ငြိမ်းအေးစေရန်အတွက် ကြေညာစာတမ်း အမြောက်အမြားကို လမ်းမများနှင့် လမ်းသွယ်များ အနှံ့အပြားတွင် ကပ်ထားခဲ့ကြသည်။

"အရမ်း ကောင်းတာပဲ"

ဤအခိုက်အတန့်၌ ထိုက်ကျိ နန်းဆောင်အတွင်းတွင် လီဟန်၏ မျက်နှာမှာ နီမြန်းနေခဲ့ပြီး နဂါး ပလ္လင်ကို လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်ကာ သူ တစ်ကိုယ်လုံး အလွန်အမင်း စိတ်လှုပ်ရှားနေတော့သည်။

လီဟန်၏ မူလက စိုးရိမ်ပူပန်နေခဲ့သော စိတ်များမှာလည်း ပထမဆုံး စစ်ပွဲကြီး ပြီးဆုံးသွားမှုနှင့်အတူ နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားတော့သည်။

ဝမ်ချောင်သွားရောက် ကိုင်တွယ်မည်ဆိုပါက သူ့ကို လုံးဝစိတ်ပျက်စေမည် မဟုတ်ကြောင်းကို သိရှိထားသည် ဆိုသော်ငြားလည်း၊ ယုံကြည်မှုက သီးသန့်ဖြစ်ပြီး ရင်ထဲအနက်ပိုင်း တွင်မူ လီဟန်မှာ မသိစိတ်ဖြင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေခဲ့ရဆဲပင် ဖြစ်သည်။

မဟာထန်၏ ဤစစ်ပွဲများကို ပြန်လည်လေ့လာကြည့်မည် ဆိုပါက၊ နောက်ဆုံးတွင် အောင်ပွဲများ အသီးသီး ရရှိခဲ့သည် ဆိုသော်ငြားလည်း အကြိမ်တိုင်းတွင် ရန်သူများက အကြွင်းမဲ့ အသာစီး ရယူထားနိုင်ခဲ့ပြီး၊ မဟာထန်မှာ အလွန်အမင်း အန္တရာယ် ကြီးမားလှသော အခြေအနေမျိုး တွင်သာ အောင်ပွဲကို ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဤတစ်ကြိမ်တွင် အနောက်မြောက်ဘက်ရှိ နိုင်ငံအသီးသီး မှာ နိုင်ငံ တစ်ခုလုံး၏ ခွန်အားများကို အသုံးပြုကာ မဟာထန်ကို လာရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ၊ လုံးဝ အသေခံ တိုက်ခိုက်မည့် အခြေအနေသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ မဟာထန်၏ ယခင်သမိုင်းကြောင်း တစ်လျှောက်တွင် ဤကဲ့သို့သော ကိစ္စမျိုး တစ်ခါမျှ မဖြစ်ပွားခဲ့ဖူးပါချေ။

"စားစရာတွေ ယူလာခဲ့၊ စားစရာတွေ ယူလာခဲ့၊ အရှင်မင်းကြီး အတွက် ညစာ အမြန် ယူလာခဲ့ကြစမ်း"

လီဟန်၏ မူလက ကျုံ့နေသော မျက်ခုံးများ ပွင့်သွားပြီး လူတစ်ကိုယ်လုံး အများအပြား ပေါ့ပါးသွားသည်ကို မြင်တွေ့လိုက်ရသည့်အခါ၊ နန်းတွင်း မိန်းမစိုးချုပ်အဖြစ် ရာထူးတိုးမြှင့်ခံရပြီ ဖြစ်သော လီကျင်းကျုံးမှာ မျက်နှာအကဲခတ်ကာ ဘေးနားရှိ အငယ်တန်း မိန်းမစိုးကို ချက်ချင်း အမိန့်ပေးလိုက်တော့သည်။

မဟာထန်တစ်ခုလုံး၏ကံကြမ္မာမှာ အရှေ့မြောက်ဘက်ဒေသ အပေါ်တွင်သာ မူတည်နေခဲ့ရာ၊ ဤအချိန်ကာလအတွင်း လီဟန်မှာ ညဘက်များတွင် ကောင်းကောင်း အိပ်မပျော်ခဲ့ရသလို ထမင်းလည်း ကောင်းကောင်း မစားနိုင်ခဲ့ပါချေ။ သူ တစ်ကိုယ်လုံး သိသိသာသာ ပိန်ကျသွားခဲ့ပြီ ဖြစ်သည်။ လီဟန်၏ဘေးနားရှိ အယုံကြည်ရဆုံးသော လူယုံတစ်ဦးအနေဖြင့် လီကျင်းကျုံးက ဤအရာများကို အသေအချာ သိရှိနေခဲ့ပြီး ရင်ထဲ၌လည်း တိတ်တဆိတ် စိုးရိမ်ပူပန်နေခဲ့ရသည်။

"ဟုတ်ကဲ့ပါ"

အငယ်တန်း မိန်းမစိုးမှာ လျင်မြန်စွာ လှည့်ထွက်သွားတော့သည်။ နန်းဆောင်အတွင်းရှိ အမတ်များမှာမူ မမြင်တွေ့သည့်အလား ဟန်ဆောင်နေကြပြီး တစ်ယောက်ကို တစ်ယောက် နားလည်မှု ရှိစွာဖြင့် ခေါင်းငုံ့ထားလိုက်ကြတော့သည်။

ထိုက်ကျိ နန်းဆောင်မှာ အင်ပါယာ တစ်ခုလုံး၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ရာနေရာဖြစ်ပြီး အလွန်မြင့်မြတ်လှသော နေရာတစ်ခု ဖြစ်သည်။ သို့သော် ယခု အခြေအနေမှာ ယခင်နှင့် မတူညီတော့ပါချေ။ လီဟန်၏ တစ်နေ့တခြား ပိန်ကျလာသော ခန္ဓာကိုယ်ကို မြင်တွေ့နေရသည့် အမတ်များ၏ရင်ထဲတွင်လည်း အလွန်အမင်း စိုးရိမ်ပူပန်နေကြရတော့သည်။

"အရှင်မင်းကြီး... အခုစစ်ပွဲကြီးက အခုအချိန်မှာ လုံးဝစိတ်ချလက်ချ နေလို့ရတဲ့အချိန် မရောက်သေးပါဘူး၊ ပထမဆုံး တိုက်ပွဲ ပြီးဆုံးသွားရုံ သက်သက်သာဖြစ်ပြီး ကြီးမားတဲ့ အောင်ပွဲကြီး တစ်ခုတော့ မဟုတ်သေးပါဘူး၊ ဒါ့အပြင် ယိုကျိုး က်က အဲဒီ ရွဲလော့ဟယ်သုံးသောင်းကလည်း အမြဲတမ်း ခြိမ်းခြောက်မှုကြီး တစ်ခု ဖြစ်နေဆဲပါပဲ"

ထိုအချိန်မှာပင် ထိုက်ရှီအမတ်ကြီးမှာ ရုတ်တရက် ရှေ့သို့ ခြေလှမ်း နှစ်လှမ်း လှမ်းထွက်လာခဲ့ပြီး နှုတ်ဖွင့် ဆိုလိုက်တော့သည်။

လူတိုင်း အလွန်အမင်း ဝမ်းသာပျော်ရွှင်နေပြီး မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်နေသည့် အချိန်မျိုးတွင် သူတို့ကို ခေါင်းကို တုတ်နှင့် ရိုက်သတိပေးကာ ပြန်လည်တည်ငြိမ်သွားအောင် ပြုလုပ်ပေးရန်မှာ သူ၏တာဝန်ပင် ဖြစ်တော့သည်။

အနည်းဆုံးတော့ သူ၏အမြင်အရ ယခုအချိန်မှာ လုံးဝစိတ်ချလက်ချ နေရမည့်အချိန် မဟုတ်သေးပါချေ။

ထိုက်ရှီအမတ်ကြီး၏ စကားသံ ဆုံးသည်နှင့် တစ်ပြိုင်နက် နန်းဆောင် အတွင်းရှိ လေထုမှာ ချက်ချင်းပင် အလွန်အမင်း လေးလံသွားတော့သည်။

မဟာထန်၏ တပ်ဖွဲ့များ အားလုံးတွင် တပ်ဖွဲ့ စောင့်ကြည့်ရေး အရာရှိများကို ထားရှိလေ့ ရှိသည်။ ဤတစ်ကြိမ် အရှေ့မြောက်ဘက် စစ်ပွဲကြီး တွင်လည်း သဘာဝကျစွာ အလားတူ ထားရှိခဲ့သည်။ ဤသတင်းများအားလုံးမှာ တပ်ဖွဲ့အတွင်းရှိ တပ်ဖွဲ့ စောင့်ကြည့်ရေး အရာရှိများထံမှ ပေးပို့လာခြင်းပင် ဖြစ်တော့သည်။

ရန်သူများ၏အရှိန်အဝါများကို ဖျက်ဆီးပစ်နိုင်ခဲ့ပြီး နိုင်ငံအသီးသီး ကို ကြီးမားလှသော ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ခြင်းမှာ အမှန်တကယ်ပင် ဝမ်းသာစရာ ကောင်းလှပေသည်။ သို့သော် အရှေ့မြောက်ဘက်ဒေသမှ ပေးပို့လာသော သတင်းများထဲတွင် ထိုလျှို့ဝှက်ဆန်းကြယ်သော ရွဲလော့ဟယ်တပ်ဖွဲ့ အကြောင်းကိုလည်း ထည့်သွင်း ဖော်ပြထားခဲ့သည်။

ဝမ်ချောင်ကိုယ်တိုင် လေ့ကျင့်ပေးထားသော ဝူရှန်း သံချပ်ကာမြင်းတပ်များ၏ တိုက်ခိုက်ရေး စွမ်းအားမှာ တစ်လောကလုံးတွင် ပြိုင်ဘက်ကင်းလှသည်။ သို့သော် ဤစစ်ပွဲကြီးတွင် သူတို့၏ ဆုံးရှုံးမှု မှာ ခုနစ်ထောင်၊ ရှစ်ထောင်ခန့် အထိ ရောက်ရှိသွားခဲ့ရာ အလွန်ပင်ကြောက်မက်ဖွယ် ကောင်းလှပေသည်။

အရှေ့မြောက်ဘက် ဒေသရှိ နန်းတွင်းမှ တပ်ဖွဲ့ စောင့်ကြည့်ရေး အရာရှိပင်လျှင် စာထဲတွင် ဤသို့ ရေးသားထားခဲ့သည်။ "ရန်သူများ၏အင်အားမှာ အလွန်ပင် ကြီးမားလှပါသည်။ နောက်ဆုံးအချိန်တွင် ဝူရှန်း သံချပ်ကာမြင်းတပ်များသာ မရှိခဲ့ပါက ယနေ့ အရှေ့မြောက်ဘက်ဒေသမှာ လုံးဝပြိုကွဲသွားလောက်ပြီ ဖြစ်ပါသည်"

ယနေ့ အရှေ့မြောက်ဘက်ဒေသရှိ အခြေအနေများမှာ အလွန်ပင်တင်းမာနေဆဲဖြစ်ရာ အမှန်တကယ်ပင် စိတ်ချလက်ချ နေရမည့် အချိန် မရောက်သေးပါချေ။

"ချောင်အမတ်မင်း... အရှေ့မြောက်ဘက်ဒေသက အခြေအနေတွေ ဘယ်လိုရှိလဲ၊ ထောက်ပံ့ရေး ပစ္စည်းတွေကော ဘယ်လို အခြေအနေ ရှိနေပြီလဲ"

လီဟန်က ရုတ်တရက် ခေါင်းလှည့်ကာ အမတ်များ အတန်းထဲတွင် ရပ်နေသော စစ်ရေး ဝန်ကြီးချောင်ယန်ချိုးကို မေးမြန်းလိုက်တော့သည်။

"အရှင်မင်းကြီး... အရင်အစီအစဉ်တွေအတိုင်း လက်နက်၊ ရိက္ခာ၊ ငွေကြေးနဲ့အနွေးထည်တွေ အပါအဝင် အားလုံးကို အရှေ့မြောက်ဘက်ဒေသ သံမဏိခံတပ်ဆီကို အပြည့်အဝ ပို့ဆောင်ပေးပြီး ဖြစ်ပါတယ်"

ချောင်ယန်ချိုးက ခေါင်းငုံ့ကာ အလွန် ရိုသေလေးစားစွာဖြင့် ဆိုလိုက်တော့သည်။

"မလုံလောက်သေးဘူး"

လီဟန်က ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ပြီး ရုတ်တရက် မျက်ခုံးများ ကျုံ့သွားတော့သည်။

"နန်းတွင်းကို အမိန့် ပေးလိုက်စမ်း၊ နန်းတွင်း သုံးစရိတ်ကို နောက်ထပ် တစ်ဝက်လောက် ထပ်ပြီး လျှော့ချလိုက်၊ ချွေတာလို့ရတဲ့ ပစ္စည်းတွေ အကုန်လုံးကို ရှေ့တန်းကို အကူအညီ ပေးဖို့ ပို့လိုက်၊ ဒါ့အပြင် နန်းတွင်း ဘဏ္ဍာတိုက်ထဲက ငွေကြေး တစ်ဝက်ကို ထပ်ထုတ်ပြီး ရှေ့တန်းကို ပို့ပေးလိုက်"

"အရှင်မင်းကြီး... ဒါက..."

အခြားသူများ တစ်ခုခု မပြောဆိုမီ အချိန်လေး အတွင်းမှာပင် လီကျင်းကျုံးမှာ မနေနိုင်တော့ဘဲ စိုးရိမ်ပူပန်သော အရိပ်အယောင် အချို့ ပေါ်ထွက်လာတော့သည်။

အင်ပါယာ၏ ဘဏ္ဍာတိုက်များကို နိုင်ငံတော် ဘဏ္ဍာတိုက်နှင့် နန်းတွင်း ဘဏ္ဍာတိုက်ဟူ၍ အမြဲတမ်း နှစ်ပိုင်း ခွဲခြားထားလေ့ ရှိသည်။ နန်းတွင်း ဘဏ္ဍာတိုက် ဆိုသည်မှာ ဧကရာဇ် ၏ ကိုယ်ပိုင် ဘဏ္ဍာတိုက်ကို ဆိုလိုခြင်း ဖြစ်သည်။

ဧကရာဇ် တစ်ပါးအနေဖြင့် ဧကရာဇ်၏ ဂုဏ်ကျက်သရေ ရှိရမည် ဖြစ်သည်။ နောက်ဆောင်ရှိ ထိုမျှလောက် များပြားလှသော နန်းတွင်း အစေခံများ၊မိန်းမစိုးများ၊ကိုယ်လုပ်တော်များအားလုံး၏ စားဝတ်နေရေး အကုန်အကျများကို ဧကရာဇ်ကသာ တာဝန်ယူ ဖြေရှင်းပေးရခြင်း ဖြစ်သည်။ ၎င်းတို့ကို နန်းတွင်း ဘဏ္ဍာတိုက်မှနေ၍ ထုတ်ယူသုံးစွဲရခြင်းဖြစ်ပြီး နိုင်ငံတော် ဘဏ္ဍာတိုက်မှ မဟုတ်ပါချေ။

ထို့အပြင် ဧကရာဇ်က နေ့စဉ် အမတ်များကို ဆုချီးမြှင့်လေ့ ရှိသော ပိုးသားများ၊ ရွှေငွေ ရတနာများ အားလုံးမှာလည်း နန်းတွင်း ဘဏ္ဍာတိုက်မှနေ၍သာ ထုတ်ယူ သုံးစွဲရခြင်း ဖြစ်သည်။

ဤအရာများ အားလုံးမှာ မရှိမဖြစ် လိုအပ်သော အရာများ ဖြစ်ကြသည်။

ထို့အပြင် ငွေကြေး တစ်ဝက်ခန့်ကို ထပ်ထုတ်ရန် ဆိုသည်မှာ အပြင်ပန်းတွင် နည်းပါးသည်ဟု ထင်ရသော်လည်း၊ လက်တွေ့ အခြေအနေတွင်မူ ယခင်က စစ်ပွဲ အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့စဉ်က နန်းတွင်း မှနေ၍ ငွေကြေး ၇၀ ရာခိုင်နှုန်းကျော်ကို အသုံးပြုခဲ့ပြီးဖြစ်ရာ၊ ကျန်ရှိနေသော ငွေကြေးများမှာ အလွန်ပင် နည်းပါးနေပြီဖြစ်ပြီး နန်းတွင်း၏ ပုံမှန်သုံးစရိတ်အတွက်ပင် အနည်းငယ် ခက်ခဲနေပြီ ဖြစ်သည်။ အကယ်၍ နောက်ထပ် တစ်ဝက် ထပ်မံထုတ်ယူမည် ဆိုပါက...

"ကျန်း ပြောတဲ့အတိုင်းသာ လုပ်စမ်းပါ"

လီကျင်းကျုံး ဘာတွေးနေသည်ကို သိရှိနေသည့်အလား လီဟန် က ရုတ်တရက် နှုတ်ဖွင့် ဆိုလိုက်ပြီး လုံးဝငြင်းဆန်ခွင့် မရှိသော လေသံဖြင့် ဆိုလိုက်တော့သည်။

"ဟုတ်ကဲ့ပါ အရှင်မင်းကြီး"

လီကျင်းကျုံးမှာ ရင်ထဲ၌ သက်ပြင်းချလိုက်ပြီး နာခံလိုက်ရုံသာ တတ်နိုင်တော့သည်။

"သတင်းပို့ပါတယ် အရှင်မင်းကြီး... မျိုးနွယ်ခြားဘုရင်ဆီက အရှေ့မြောက်ဘက်ဒေသ သံမဏိခံတပ်ကနေ အရေးပေါ် စာတစ်စောင် ရောက်လာပါတယ်"

ထိုအချိန်မှာပင် အသံတစ်ခုမှာ အပြင်ဘက်မှနေ၍ ရုတ်တရက် ထွက်ပေါ်လာတော့သည်။

မျက်တောင်တစ်ခတ်အတွင်း ကျင်းဝူ အစောင့်တပ်တစ်ဦးမှာ သံချပ်ကာကို ဆင်မြန်းထားလျက် အလွန်အမင်း အလျင်စလိုဖြင့် အပြင်ဘက်မှနေ၍ ဝင်ရောက်လာတော့သည်။

စကားတစ်ခွန်းတည်းဖြင့်ပင် နန်းဆောင် အတွင်းရှိ ဘုရင်နှင့် အမတ်များ အားလုံး၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်သွားတော့သည်။

"ယူလာခဲ့စမ်း"

လီဟန်၏မျက်လုံးများ လင်းလက်သွားခဲ့ပြီး လက်ရန်းများကို အားပြုကာ နဂါး ပလ္လင် ပေါ်မှနေ၍ ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီးနောက်၊ ထိုကျင်းဝူ အစောင့်တပ် ရှိရာ အရပ်ဆီသို့ တက်ကြွစွာဖြင့် လျှောက်သွားလိုက်တော့သည်။

ကျင်းဝူအစောင့်တပ်၏ လက်ထဲမှ ထိုစာအိတ်ကို ယူဆောင်လိုက်ရာ၊ စာအိတ်ပေါ်တွင် ရင်းနှီးကျွမ်းဝင်နေသော စည်းတံဆိပ်ကို မြင်တွေ့လိုက်ရသည်။ ဖွင့်ဖတ်လိုက်ပြီး တစ်ချက် ကြည့်လိုက်ရုံမျှဖြင့် လီဟန်၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် လေးနက်သွားတော့သည်။

"ဧရာမ ရေခဲခေတ်ကြီး... ဒီလောက် မြန်မြန်ကြီး ရောက်လာတော့မှာလား"

စာပေါ်ရှိ နောက်ဆုံး စာလုံးလေးကို ဖတ်ရှုပြီးစီးသွားသည့်အခါတွင် လီဟန်၏ရင်ထဲ၌ လေးလံသွားခဲ့ပြီး မျက်နှာအမူအရာမှာလည်း အလွန်အမင်း တင်းမာသွားတော့သည်။

......

အလွန်ဝေးကွာလှသော အရှေ့မြောက်ဘက် ဒေသတွင် တဲများဖြင့် ယာယီ တည်ဆောက်ထားသော တပ်ဖွဲ့ စခန်း အတွင်း၌ ခီတန်ဘုရင်၊ အရှေ့ တာ့ခ် ဝူဆူမစ်ရှ် ခါဂန်း၊ ဂိုဂူလျော ဧကရာဇ် ယွန်းဂျယ်စိုးမိုး... တို့အပြင် အန်းလုရှန်းနှင့် ယိုကျိုး ဗိုလ်ချုပ်များအားလုံးမှာ အတူတကွ စုဝေးနေကြသည်။ တဲကြီး၏အလယ်ဗဟို နေရာတွင်မူ ထိုက်ရှီမှာ နတ်ဘုရား သခင်အချို့ကို ခေါ်ဆောင်ကာ ထောင်လွှားစွာဖြင့် မတ်မတ်ရပ်နေတော့သည်။

ထိုက်ရှီနှင့်ပတ်သက်၍ နိုင်ငံအသီးသီးမှာ အလွန်အမင်း သိရှိနားလည်ထားခြင်း မရှိကြပါချေ၊ သို့သော် ဤအရာမှာ ပြဿနာ ကြီးကြီးမားမား မဟုတ်ပါချေ၊ ထိုက်ရှီသည် စွမ်းရည်အနည်းငယ်ကို အလွယ်တကူ ပြသလိုက်ပြီး လူအချို့ကို သတ်ဖြတ်ပြလိုက်ပြီးနောက် နိုင်ငံအသီးသီးမှ ဧကရာဇ်များကို လုံးဝကြောက်ရွံ့ ရိုသေသွားအောင် ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်သည်။

"သခင်ကြီး... နောက်ပိုင်းကျရင် ငါတို့ ဘယ်လို လုပ်ကြမလဲ?"

ဧရာမတဲကြီးအတွင်း၌ အန်းလုရှန်းက ပထမဆုံးအနေဖြင့် တိတ်ဆိတ်မှုကို ဖြိုခွဲကာ နှုတ်ဖွင့် မေးမြန်းလိုက်သည်။ သူ၏စကားသံ ဆုံးသည်နှင့် တစ်ပြိုင်နက် အခန်းတွင်းရှိ လူတိုင်း၏အကြည့်များ အားလုံးမှာ ထိုက်ရှီ၏ အပေါ်သို့ စုစည်းသွားကြတော့သည်။

"မလောပါနဲ့ ဒီအချိန်အတွင်းမှာ ခဏလောက် စစ်ပွဲကို ရပ်နားထားလိုက်ဦး"

ထိုက်ရှီက လက်ဝှေ့ယမ်းလိုက်ပြီး လေးနက်သော အသံဖြင့် ဆိုလိုက်တော့သည်။

******

All Chapters