← Chapters

ဒေသခံလူရိုင်းများ

Vol. 008 Ch. 391

ဒေသခံလူရိုင်းများ

Vol. 008 Ch. 391

မသေမျိုးသင်္ချိုင်းက ထူထဲသော မြူနက်များဖြင့် ဝန်းရံထားသော တောင်တန်းတစ်ခုတွင် တည်ရှိလေသည်။

သည်တောင်တန်းအတွင်း၌ အလွန် တိတ်ဆိတ်နေပြီး သက်ရှိများပင် လုံးဝမရှိသည့် အလားပင်။

တောင်တန်း အနက်ပိုင်း၌ ဧရာမတွင်းပေါက်ကြီး တစ်ပေါက် ရှိနေ၏။

အဘိုးအိုဟုတို့ အုပ်စုသည် ထိုတွင်းပေါက် အပြင်ဘက်၌ ရှိနေကြ၏။ တွင်းပေါက်နှင့် နှိုင်းယှဉ်လျှင် သူတို့သည် အသေးအဖွဲလေးများလို ဖြစ်နေသည်။

အဘိုးအိုဟုက ခြေချိတ်၍ ထိုင်နေ၏။ သူက ထိုနေရာတွင် ဝမ်လင်းကို တစ်လတိတိ စောင့်နေခြင်း ဖြစ်သည်။ သူတို့က ခရီးစဉ်တစ်လျှောက် မည်သည့် အန္တရာယ်နှင့်မျှ ကြုံတွေ့ခဲ့ခြင်း မရှိကြသော်လည်း တစ်စုံတစ်ခုက သူတို့ အရေပြားများကို ခြစ်ကုတ်နေသလို ခံစားနေရ၏။

စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း ကျင့်ကြံသူ တစ်ယောက်အနေဖြင့် သူက သည်လို အကြောင်းပြချက် မယ်မယ်ရရ မရှိဘဲ ခံစားနေရသည့် ခံစားချက်ကို အယုံအကြည် မရှိပေ။ သူတို့က သည်တွင်းပေါက်နားသို့ ရောက်လာသည့်အခါ သည်ခံစားချက်က ပို၍ အားကောင်းလာခဲ့၏။

အဘိုးအိုဟုက တွေးလိုက်သည်။ “ရောင်းရင်း ကျင့်ကြံသူဝမ်ပါ ပါရင်တော့ ငါတို့မှာ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် သုံးယောက်ရပြီ။ ငါတို့က ခပ်နက်နက် မသွားသေးသ၍ ဘာပြဿနာမှ မရှိနိုင်ဘူး ...”

လွန်ခဲ့သော နှစ်များစွာက သူက သည်နေရာကိုလာပြီး တတိယအလွှာသို့ သွားခဲ့ဖူးသည်။ သည်နေရာက အန္တရာယ် များလှသော်လည်း သူက သူရှာချင်သော အရာကို ရအောင် ရှာနိုင်ခဲ့ပြီး ပြန်ထွက်လာနိုင်ခဲ့၏။

သည်အတွက်ကြောင့်လည်း အဘိုးအိုဟုက သည်နေရာသို့ ထပ်မံလာရောက်ရန် ဆန္ဒရှိနေခြင်း ဖြစ်သည်။

သို့သော် အဘိုးအိုဟု ခုချိန်တွင်တော့ စတင်၍ နောင်တရမိသလို ဖြစ်နေခဲ့သည်။ သူ့အသွင်ကလည်း တဖြည်းဖြည်း နက်မှောင်လာပြီး သူ့ရှေ့ရှိ တွင်းပေါက်ကြီးကို ကြည့်နေ၏။

အဘိုးအိုဟု ဘေးနားရှိ အဖြူရောင်ဇာပဝါ ဖုံးအုပ်ထားသည့် အမျိုးသမီးထံသို့ လှည့်ကြည့်လိုက်သည်။ “ဇီရှင်း ... ပြန်လည်မွေးဖွားခြင်း သစ်ပင်က တတိယအလွှာမှာ ရှိတာ သေချာလား”

ထိုအမျိုးသမီးက ခေါင်းညိတ်ပြ၍ ခပ်တိုးတိုး ပြောလိုက်သည်။ “အတိတ်တုန်းက အဖေက ငါ့ကို ဒီနေရာကို ခေါ်လာတာ ကောင်းကောင်း မှတ်မိပါသေးတယ်။ ငါက ပြန်လည်မွေးဖွားခြင်း သစ်ပင်တစ်ပင်ကို တွေ့ခဲ့ရတယ်။ ဒါပေမဲ့ ငါ့အဖေရဲ့ ကျင့်ကြံခြင်းအဆင့်က လုံလောက်အောင် သန်မာခြင်း မရှိတဲ့အတွက် ငါတို့ ပြန်ထွက်ခွာ လာခဲ့ကြတာ ...”

အဘိုးအိုဟု အနည်းငယ် စဉ်းစားသွား၏။ တတိယအလွှာက သိပ်ပြီး အန္တရာယ် မများလှချေ။ သူတို့က စတုတ္ထအလွှာသို့ မသွားမချင်း လုံခြုံနိုင်၏။ သို့သော်လည်း ပြန်လည်မွေးဖွားခြင်း သစ်ပင်က ညှိုးနွမ်းနေသည့် အတွက်ကြောင့်သာ သည်နေရာတွင် ဒေသခံ ကြမ်းကြုတ်သူများက စောင့်ကြပ်မနေခြင်း ဖြစ်နိုင်သည်။

သူက သည်လို အသေးစိတ် အချက်များကို ဝမ်လင်းအား ပြောပြခြင်း မရှိခဲ့ပေ။

အဘိုးအိုဟုက လှည့်၍ တွင်းပေါက်သို့ မျက်နှာချင်းဆိုင်လိုက်သည်။ ထိုအခိုက်တွင် အကွာအဝေး တစ်ခုမှ ပေါက်ကွဲသံများ ကြားလိုက်ရသဖြင့် လူတိုင်း၏အာရုံကို ထိုအသံများက ဆွဲဆောင်သွား၏။

သူတို့က တောင်ကုန်း တစ်ခုစာလောက်ရှိသည့် သားရဲတစ်ကောင်သည် သူတို့ရှေ့၌ ပေါ်လာသည်ကို တွေ့လိုက်ကြရသည်။ သားရဲကျောပေါ်၌ အဖြူရောင်ဝတ်စုံနှင့် လူငယ်တစ်ယောကို တွေ့လိုက်ရသည်။ သည်လူကတော့ ဝမ်လင်းပင် ဖြစ်ချေသည်။

အဘိုးအိုဟုက ပျော်ရွှင်ဟန်ဖြင့် ပြောလိုက်သည်။ “အစ်ကိုဝမ်လာတဲ့ အတွက် ငါတို့ အောင်မြင်ဖို့ ပိုသေချာသွားပြီ ...”

ဝမ်လင်းက ခြင်သားရဲပေါ်မှ ခုန်ဆင်းလိုက်သည်။ သူက လူတိုင်းကို ပြုံး၍ ပြောလိုက်၏။ “ငါ က လူတိုင်းကို စောင့်ဆိုင်းစေခဲ့တယ်။ ငါက လမ်းမှာ ပြဿနာလေး တစ်ခု ကြုံခဲ့ရလို့ပါ ...”

“အို ... တကယ်လား ...” အဘိုးအိုဟု မျက်လုံးများက အာရုံစိုက်သွား၏။

ဝမ်လင်းက ညာလက်ကို ဝှေ့ယမ်း၍ ခေါင်းတစ်လုံးကို မြေပေါ်သို့ ပစ်ချလိုက်သည်။

သည်ခေါင်းက အလွန်နက်မှောင်သော အသားအရေ ရှိ၍ အညစ်အကြေးများဖြင့် ဖုံးအုပ်နေသည်။ ၎င်းမျက်လုံးများက ကြမ်းကြုတ်နေပြီး မျက်နှာပေါ်၌လည်း နွယ်ပင်လို့ တက်တူးများ ရှိနေ၏။

“ဒေသံခံလူရိုင်းတွေ ...” အဘိုးအိုဟု အသွင်က ပြောင်းလဲသွားသည်။

ဝမ်လင်းက ပြောလိုက်၏။ “ငါက ဒီလူ့ကို မသေမျိုးသင်္ချိုင်းကို ဝင်လာတုန်းက ငါ့နောက်လိုက်လာတာ တွေ့ခဲ့ရတယ်။ သူက ငါ့ကို ချောင်းမြောင်းတိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ် ...”

အဘိုးအိုဟုက ရှေ့သို့လှမ်း၍ သည်ဦးခေါင်း၏ မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်လိုက်သည်။ ခေါင်းပေါ်ရှိ တက်တူးများက နဖူးပေါ်၌ စတင်၍ တဖြည်းဖြည်းချင်း စုစည်းလာခဲ့ပြီး အဆုံးသတ်၌ သစ်ရွက်တစ်ဝက်ပုံ ပုံရိပ်တစ်ခုလို ဖြစ်ပေါ်သွား၏။

အဘိုးအိုဟု မျက်နှာက ရှုံ့တွသွားပြီး သူကပြောလိုက်သည်။ “ဒီလူက ဒေသခံလူရိုင်း တစ်ယောက်မဟုတ်ဘူး။ ဒါပေမဲ့ သူက ဒေသခံလူရိုင်းတွေရဲ့ မွန်းမံခြင်းကို ခံထားရတယ် ...”

“အို ...” ဝမ်လင်းက ထိုဦးခေါင်းကို ကြည့်လိုက်ပြန်၏။

ရှုလျို့က အနည်းငယ် တုံ့ဆိုင်းတုံ့ဆိုင်း မေးလိုက်သည်။ “ဘိုးဘေး ... သင်က ဘယ်လိုလုပ် သိနေတာလဲ။ ဒါက သစ်ရွက်တစ်ရွက် ဖြစ်နိုင်ပါ့မလား ...”

အဖြူရောင်ဇာပဝါ ဖုံးအုပ်ထားသည့် အမျိုးသမီးက လွဲ၍ ကျန်သည့်လူများက စိတ်ရှုပ်ထွေးဟန် ကြည့်နေကြသည်။

အဘိုးအိုဟုက အလေးအနက် ပုံစံဖြင့် ဦးခေါင်း၏ နဖူးပေါ်ရှိ သစ်ရွက်ကို လက်ညွှန်၍ ပြောလိုက်သည်။ “ငါက အရင်တုန်းက အစစ်အမှန် ဒေသခံလူရိုင်းတွေကို မမြင်ဖူးဘူး။ ဒါပေမဲ့ ငါက ရှေးဟောင်းစာသား တစ်ခုမှာ တစ်စုံတစ်ယောက်က အနည်းဆုံး သစ်ရွက်သုံးရွက် ရှိရင် အစစ်အမှန် ဒေသခံလူရိုင်းဖြစ်ဖို့ လုံလောက်တယ်လို့ ဖော်ပြထားတာ ဖတ်ခဲ့ဖူးတယ်။ ကျန်တဲ့ လူတွေကတော့ သန့်စင်မွန်းမံခြင်း ခံထားရတဲ့ ကျင့်ကြံသူတွေပဲ။ ဒါပေမဲ့ ဒီလိုဒေသခံ လူရိုင်းတွေက ဒီနေရာမှာ ပေါ်လာလေ့မရှိဘူး။ သူတို့က ဒုတိယအလွှာကနေပဲ စပေါ်လာလေ့ ရှိတယ် ...”

သူတို့က မြေပြင်ပေါ်ရှိ ဦးခေါင်းကို ကြည့်နေရင်း စိတ်ထဲ၌ မမြင်ရသော ဖိအားတစ်ခုကို ခံစားနေရ၏။

အဘိုးအိုဟုက ခဏတာ တုံ့ဆိုင်းသွားပြီးနောက် သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူက ပြောလိုက်၏။ “အစ်ကိုဝမ် ... .ငါတို့က ချမ်းသာဖို့ဆိုရင် အန္တရာယ်ကို ရင်ဆိုင်ရမှာပဲ။ ငါတို့ အောက်ဆင်းကြစို့ ...”

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီး ခေါင်းညိတ်လိုက်၏။

အဘိုးအိုဟုက တွင်းပေါက်ထဲသို့ အရင်ဆုံး ခုန်ဆင်းသွားသည်။ ထို့နောက် ဝမ်လင်းနှင့် အခြားလူများက လိုက်၍ ခုန်ချသွား၏။

သည်တွင်းပေါက်က အလွန်နက်သည်။ ဝမ်လင်းက အောက်သို့ ခုန်ချနေစဉ်တွင် သူက နံရံပေါ်၌ ပေါက်နေသည့် နွယ်ပင်လို အရာများကို တွေ့လိုက်ရသည်။

သူတို့အတွက် အောက်ခြေသို့ ရောက်ရန် သိပ်မကြာလိုက်ချေ။ သည်နေရာက ရှင်းရှင်းလင်းလင်း နေရာတစ်ခု ဖြစ်နေသည်။ သို့သော် မြေကြီးများက အနက်ရောင်၊ ကောင်းကင်ကလည်း အနက်ရောင် ရှိနေ၏။ ပတ်ဝန်းကျင် တစ်ခုလုံးကလည်း တိတ်ဆိတ်လို့နေသည်။

သည်နေရာက အလွန်မှိန် ဖျော့ဖျော့အလင်းသာ ရှိသော်လည်း ကျင့်ကြံသူများ၏ အမြင်အာရုံ အတွက်တော့ မည်သို့မျှ အတားအဆီး မရှိပေ။

ဝမ်လင်းက ခါးကိုင်း၍ အညစ်အကြေး မြေမှုန်များကို လက်တစ်ဆုပ်စာ ကောက်ယူလိုက်၏။ သည်မြေမှုန့်များက မာကျောနေပြီး သတ္တုတစ်ခု ကဲ့သို့ ရှိနေ၏။

အဘိုးအိုဟုက ပြောလိုက်သည်။ “ပထမအလွှာက ပုံမှန်ဆို လုံခြုံပါတယ်။ ဒါပေမဲ့ အပြင်ဘက်မှာတောင် လူရိုင်းတွေရှိနေတဲ့ အတွက် ငါတို့ ဒီနေရာမှာလည်း ဂရုစိုက်မှ ရမယ် ...”

ဝမ်လင်းက သူ့နတ်ဘုရား အာရုံကို ဖြန့်ကြက်လိုက်သည်။ သည်နေရာက အလွန်ကြီးမား၏။ ထို့ကြောင့် သူ့နတ်ဘုရားအာရုံဖြင့် အရာအားလုံးကို မလွှမ်းခြုံနိုင်ပေ။

အဘိုးအိုဟုနှင့် ဇီရှင်းတို့သည် နောက်တစ်ထပ်၏ ဝင်ပေါက်ကို ပြောဆိုဆွေးနွေး အတည်ပြုပြီးနောက် သူတို့က အရှေ့ဘက်သို့ ဦးဆောင်သွား၏။

လမ်းတစ်လျှောက်တွင် ချူးစစ်ပိုင်နှင့် ကျန်သည့်သူများသည် အတူတူ နီးကပ်စွာ ရှိနေ၍ သတိကြီးစွာ ထားနေကြသည်။

ဝမ်လင်း၊ အဘိုးအိုဟုနှင့် အမည်းရောင်အင်္ကျီနှင့်လူအိုကြီးတို့သာ တည်ငြိမ်လျက် ရှိနေ၏။

အဖြူရောင်ဇာပဝါ ဖုံးအုပ်ထားသည့် အမျိုးသမီးကတော့ သည်နေရာကို ရောက်လာကတည်းက သူက တွေဝေမိန်းမောဟန် ဖြစ်နေသည်။

သူတို့ခုနစ်ယောက်က ခဏကြာ ပျံသန်းလာပြီးနောက် ဝမ်လင်းမျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။ သူက သူတို့နောက်ရှိ တစ်စုံတစ်ခုကို လှည့်ကြည့်လိုက်၏။ သူက အနက်ရောင် အလင်းတန်းတစ်ခုက သူတို့နောက်မှ လိုက်ပါလာသည်ကို တွေ့လိုက်ရသည်။ ထိုအလင်းတန်းက နီးကပ်လာသည့်အချိန်၌ ၎င်းက ပျောက်ကွယ်သွားပြီး ဆံပင် အမည်းရောင်ရှိသည့် လူရိုင်းအသွင်သို့ ပြောင်းသွား၏။ သူက သားရဲအရေခွံ တစ်ခုကိုပါ ဝတ်ဆင်ထားသေးသည်။

သည်လူရိုင်း၏ လက်မောင်းနှင့် ခြေထောက်များ ပေါ်တွင်လည်း အနက်ရောင်အစင်း အမှတ်အသားများ ရှိနေသည်။ သူက ရှေ့သို့တိုးလာပြီး ရှုလျို့ကို ဖမ်းဆွဲရန် ကြိုးစားလိုက်သည်။

ရှုလျို့အသွင်က ပြောင်းလဲသွား၏။ သူက ပါးစပ်ဟ၍ အလင်းတန်း တစ်ခုကို ထွေးထုတ်လိုက်သည်။ ထိုအလင်းတန်းထဲ၌ ဓားတစ်လက် ပါဝင်နေပြီး ၎င်းက လူရိုင်းထံသို့ ထိုးစိုက်သွားသည်။

သည်လူရိုင်းက ထူးဆန်းစွာ လှုပ်ရှားမှုတစ်ခု ပြုလုပ်၍ ဓားကို ရှောင်၍ လက်ဖြင့် ရှုလျိုအား ရိုက်ချလိုက်သည်။ ရှုလျို့က နောက်သို့ လျင်မြန်စွာ ဆုတ်လိုက်၏။ သူ့အင်္ကျီပေါ်၌ ဆုတ်ဖြဲရာငါးခု ဖြစ်ပေါ်သွားသည်။ ၎င်းအဝတ်အစားများ အောက်ရှိ တောက်ပနေသော အရာတစ်ခု ရှိနေသည်။ သူက အဝတ်အစားအောက်၌ ချပ်ဝတ် တစ်ခုကိုပါ ဝတ်ဆင်ထားသေး၏။

သည်တိုက်ခိုက်မှု ပြီးသည့်နောက် သည်အရိုင်းအစိုင်းက နောက်သို့ အလျင်အမြန် ပြန်ဆုတ်သွားသည်။

အဘိုးအိုဟုက နှာခေါင်းရှုံ့၍ ပြောလိုက်သည်။ “အဲ့မှာပဲ ရှိနေစမ်း ...” သူက လူကိုယ်တိုင် လှုပ်ရှားခြင်း မပြုဘဲ လက်တစ်ဖက်ကိုသာ ဆန့်ထုတ်လိုက်၏။

လူရိုင်းက ထူးဆန်းစွာ အော်ဟစ်လိုက်၍ သူ့လက်မောင်းနှင့် ခြေထောက်ပေါ်ရှိ အမှတ်အသားများသည် စတင်လှုပ်ရှားသွားသည်။ အနက်ရောင် အခိုးငွေ့များက အမှတ်အသားများထံမှ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွား၏။ ထို့နောက် သူ့လက်ကို လွှဲရိုက်ချသည်။

အနက်ရောင် အခိုးငွေ့များက သူ့လက်သီးပေါ်၌ စုဝေးသွားပြီးနောက် လက်သီးတစ်လုံး ပစ်လွှတ်လာသည်။

အဘိုးအိုဟု အသွင်က တည်ငြိမ်နေဆဲပင်။ သို့သော် သတ်ဖြတ်လိုမှု စိတ်ဆန္ဒက မျက်လုံးထဲ၌ ဖြစ်ပေါ်လာ၏။ သူက လက်သီးဆုပ်၍ လူရိုင်း၏ လက်သီးကို ထိုးချလိုက်ရာ ထိုလူရိုင်း၏ လက်သီးက သွေးအလိမ်းလိမ်းနှင့် ပျော့ဖပ်သွားလေသည်။ လူရိုင်းက ကြောက်မက်ဖွယ် အော်ဟစ်၍ နောက်သို့ အလျင်အမြန် ဆုတ်သည်။

အဘိုးအိုဟုက ညာလက်ချောင်းဖြင့် လူရိုင်းထံသို့ ညွှန်လိုက်ရာ စိတ်ဝိညာဉ်စွမ်းအင် အလင်းတန်းတစ်ခု ထိုးထွက်သွား၏။ စိတ်ဝိညာဉ်စွမ်းအင်က လူရိုင်း၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွားပြီး လူရိုင်းကို ပြိုလဲသွားစေ၏။

အဘိုးအိုဟု ခြေတစ်လှမ်းတိုး၍ လူရိုင်း၏ နဖူးထံသို့ လက်ညွှန်လိုက်သည်။ လူရိုင်းခန္ဓာကိုယ်ပေါ်ရှိ အမှတ်အသားများက စုစည်းပြီး သစ်ရွက်တစ်ရွက်ပုံသို့ ပြောင်းသွားလေသည်။

အဘိုးအိုဟုက ပြောလိုက်သည်။ “ဒီမသေမျိုးသင်္ချိုင်းထဲမှာ ငါတို့ မသိတဲ့ ပြောင်းလဲမှုအချို့ ရှိနေတဲ့ပုံပဲ။ ဒီသစ်ရွက်တစ်ရွက်နဲ့ လူရိုင်းက ဒုတိယအလွှာ မရောက်သေးခင်ထဲက ပေါ်ထွက်လာခဲ့တယ် ...”

ရှုလျို့က သူ့ရင်ဘတ်ကို ကြောက်လန့်စွာ စမ်းသပ်လိုက်သည်။ သူဓားဖြင့် တိုက်ခိုက်လိုက်သည်ကို ချက်ချင်း ရှောင်တိမ်းလိုက်နိုင်ခြင်းကြောင့် သည်လူရိုင်းက အလွန်လျင်မြန် လှသည်ဟု ဆိုရမည်။ သူသာ ချပ်ဝတ် မဝတ်ဆင်ထားလျှင် လူရိုင်းက သူ့ရင်ဘတ်ကို ထိုးခွဲသွားလောက်ပေပြီ။

သုံးရက်ကြာပြီးနောက် သူတို့ခုနစ်ယောက်က ဒုတိယဝင်ပေါက်နားသို့ ရောက်လာခဲ့သည်။ လမ်းတစ်လျှောက် သူတို့ လူရိုင်း စုစုပေါင်း ကိုးယောက်ကို ရင်ဆိုင် တွေ့ခဲ့ရသည်။ သည်လူရိုင်းများက ပါးလွှာသော လေထုထဲမှ ထွက်ပေါ်လာကြခြင်း ဖြစ်သည်။ သူတို့၏ နတ်ဘုရားအာရုံကို ဖြန့်ကြက်ထားတာတောင်မှ သူတို့ ထွက်မပေါ်မလာချင်း သူတို့ကို သတိမပြုနိုင်ဘဲ ဖြစ်နေ၏။

သည်လူရိုင်းကိုးယောက်တွင် ရှစ်ယောက်က နဖူးပေါ်၌ သစ်ရွက်တစ်ရွက်စီ ရှိကြသည်။

နောက်ဆုံး ကိုးယောက်မြောက် တစ်ယောက်က ဒုတိယအလွှာ ဝင်ပေါက်အနီး၌ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သည်လူရိုင်းက အခြားလူရိုင်းများထက် ပိုများပြားသော တက်တူးများ ရှိနေသည်။ အထူးသဖြင့် သူ့ညာဘက်လက်ပေါ်တွင် ဖြစ်၏။ သူ့ညာဘက်လက် တစ်ခုလုံးက တက်တူးများဖြင့် ဖုံးအုပ်ထားခြင်း ဖြစ်နေသည်။

သည်လူရိုင်းကို သတ်ဖြတ်ပြီးနောက် ဝမ်လင်းက သူ့နှဖူးပေါ်၌ သစ်ရွက်နှစ်ရွက် ရှိနေသည်ကို တွေ့လိုက်ရသည်။ သည်လူ၏ ခွန်အားသည် အမြုတေဖွဲ့တည်ခြင်းနောက်ဆုံးအဆင့်တစ်ယောက်နှင့် ညီမျှသည်။

မသေမျိုးသင်္ချိုင်း၏ ဒုတိယအလွှာက ပထမအလွှာနှင့် သိပ်ခြားနားခြင်း မရှိချေ။ ပထမအလွှာ ကဲ့သို့ပင် သည်နေရာ သည်လည်း အလွန်နက်မှောင်နေ၏။ သို့ရာတွင် သည်နေရာရှိ အော်ရာ အငွေ့အသက်က လူတစ်ယောက်ကို ကသိကအောက် ဖြစ်စေသော ခံစားချက်ကို ပေးစွမ်းနေသည်။

သည်အော်ရာက ဝမ်လင်းပေါ်တွင် သက်ရောက်ခြင်း မရှိချေ။ သို့သော် ရှုလျို့နှင့် အခြားလူများ ထံတွင်တော့ ကြီးစွာသက်ရောက်မှု ရှိနေ၏။

ဝမ်လင်းက အဘိုးအိုဟုသည် ရှုလျို့နှင့် လှပသော အမျိုးသမီးကို ဘာကြောင့် သည်နေရာသို့ ခေါ်လာမှန်း မသိ၍ စိတ်ရှုပ်နေမိသည်။

ဝမ်လင်းက သည်ကိစ္စကို အများကြီး မမေးတော့ချေ။ သူ့ စိတ်နေစိတ်ထား အရလည်း သူက သူတို့အတွက် အန္တရာယ်ရှိခံပြီး ကယ်တင်ပေးရမည့် အရာများကို လုပ်လိမ့်မည် မဟုတ်ချေ။

ဒုတိယအလွှာပေါ်၌ သူတို့က သားရဲအရိုးနှင့် ပုပ်သိုးပျက်စီးနေသည့် သားရဲအလောင်းများကို တစ်နေရာတွင် တွေ့လိုက်ရ၏။ သည်သားရဲများက နတ်ဆိုးပင်လယ်ရှိ သားရဲများနှင့် မတူညီကြပေ။ ဝမ်လင်းက သူတို့ကို မည်သည့် သားရဲဖြစ်မှန်း မသတ်မှတ်တက်ချေ။

သူတို့က ဒုတိယအလွှာသို့ ဝင်လာလာပြီးချင်း ဝမ်လင်းက မှင်တက်သွားသည်။ အကြောင်းမှာ အနက်ရောင် အလင်းတန်းတစ်ခုက သူတို့ရှေ့ မီတာတစ်ရာတွင် ထွက်ပေါ်လာသောကြောင့် ဖြစ်၏။ အလင်းတန်းက သူတို့နှင့် နီးကပ်လာအောင် မကြိုးစားချေ။ သို့သော် လူရိုင်းတစ်ယောက် အဖြစ်သို့ ပြောင်းလဲသွား၏။

သည်လူရိုင်းက ပထမအလွှာရှိ အခြားလူရိုင်းများနှင့် မတူညီပေ။ သူ့ခန္ဓာကိုယ်၏ လေးပုံတစ်ပုံက အနက်ရောင်များဖြင့် ဖုံးအုပ်ထားပြီး တက်တူးများစွာကလည်း ရှိနေ၏။ သူ့မျက်လုံးကလည်း အခြား လူရိုင်းများကဲ့သို့ နီရဲနေခြင်း မရှိဘဲ ကြည်လင်နေ၏။ သို့ရာတွင် အနီးကပ်ကြည့်ပါက သူ့မျက်လုံးထဲ၌ ထူးဆန်းသောအလင်းများ ရှိနေသည်ကို တွေ့ရမည် ဖြစ်သည်။

သည်လူရိုင်းက ပထမအလွှာမှ လူရိုင်းများနှင့် ပုံစံမတူပေ။ ပထမအလွှာရှိ လူရိုင်းများက သစ်ရွက်နှစ်ရွက် ရှိသော လူရိုင်းပင် မျက်လုံးများ နီရဲနေပြီး ရူးသွပ်နေသည့်အသွင် ရှိကြသည်။ ပထမအလွှာရှိ လူရိုင်းများက သူတို့နှင့် ခွန်အားခြင်း ကွာနေလျှင်ပင် တိုက်ခိုက်ဖို့သာ သိ၏။

သို့ရာတွင် အခုလူရိုင်းကတော့ သူတို့အနားသို့ တိုးလာခြင်းမရှိဘဲ သူတို့အား မီတာတစ်ရာ အကွာမှ ကြမ်းကြုတ်စွာ ကြည့်နေသည်။ သူက အဖြူရောင်ဇာပဝါ ဖုံးအုပ်ထားသည့် အမျိုးသမီးကို အနည်းငယ် ပိုကြည့်လိုက်၏။

အဖြူရောင်ဇာပဝါ ဖုံးအုပ်ထားသည့် အမျိုးသမီးက ရုတ်တရက် ပြောလိုက်သည်။ “ဒေသခံလူရိုင်း ... အစစ်အမှန် ဒေသခံလူရိုင်း။ သူ့ခန္ဓာကိုယ်ပေါ်မှာ ရှိတဲ့ အမှတ်အသားတွေက သစ်ရွက်သုံးရွက် အဆင့်ပဲ။ ဒါက စဦးစိတ်ဝိညာဉ်အဆင့် တစ်ယောက်နဲ့ အဆင့်တူတူပဲ ...”

***

All Chapters