တက်တူးအမှတ်အသား
Vol. 008 Ch. 398
အဘိုးအို၏ တစ်ခဏ တုံ့ဆိုင်းသွားမှုကြောင့် သူက သူပတ်လည်ရှိ စွမ်းအားများ လျော့ကျသွားသည်ကို ခံစားမိသည်။ ဝမ်လင်းက အချိန်ဆွဲခြင်းမရှိဘဲ တည်နေရာ ရွှေ့ပြောင်းလိုက်၏။
အဘိုးအို၏မျက်လုံးများက ထူးဆန်းသော အလင်းတန်းများ ထွက်ပေါ်နေပြီး သူက ဝမ်လင်းနောက်သို့ လိုက်ပါလာခဲ့သည်။
ဝမ်လင်းက စိတ်ထဲ၌ သက်ပြင်းချနေမိသည်။ သူက စာလိပ်ကို အချိန်အတန်ကြာ ကတည်းက သန့်စင်ခဲ့သော်လည်း ခုထိ မည်သို့အသုံးပြုရမှန်း မသိသေးချေ။ အစောပိုင်း၌ သူက အဘိုးအိုနှင့် ရင်ဆိုင်ရန် မည်သည့်နည်းလမ်းမှ မရှိတော့သည့်အတွက် စာလိပ်ကို ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် အဘိုးအိုက စာလိပ်ကိုမြင်သည့်အခါ တုံ့ဆိုင်းသွားခဲ့ပြီး ထိုတုံ့ဆိုင်းမှုက ဝမ်လင်း၏အစီအစဉ်ကို ပြောင်းသွားစေခဲ့သည်။ သူက သည်တုံ့ဆိုင်းမှုကို အခွင့်ကောင်းယူ၍ လျင်မြန်စွာ လွတ်မြောက်ရန် ကြိုးပမ်းလိုက်သည်။
“ပထမအလွှာ လမ်းကြောင်းက ပိတ်ဆို့ခြင်း ခံထားရတယ်။ဒါကြောင့် လေဟာနယ် အက်ကွဲကြောင်းတွေကနေ ထွက်ဖို့ တစ်နည်းပဲ ရှိတော့တယ်။ ဒါက အန္တရာယ်များတယ် ဆိုပေမဲ့ သေမှာ ထိုင်စောင့်နေတာထက်တော့ ကောင်းပါသေးတယ်…” ဝမ်လင်းက လေထဲသို့ ကောင်းကင်ဘုံဓားဖြင့် ခုတ်ချသည်။
ကောင်းကင်ဘုံဓား ဖြတ်ကျော်သွားသော နေရာ၌ လေဟာနယ် အက်ကြောင်းတစ်ခု ပေါ်လာခဲ့သည်။ ၎င်းအက်ကြောင်းက အထဲ၌ မှောင်မည်းလို့နေပြီး ပါးစပ်ကြီးတစ်ခု ဟနေသည့်အလား ရှိနေသည်။
သည်လေဟာနယ်အက်ကြောင်းက ပေါ်လာပြီးသည်နှင့် ချက်ချင်းပြန်ကျုံ့လာခဲ့သည်။ ဝမ်လင်းက အက်ကွဲကြောင်းထဲသို့ လျင်မြန်စွာ ဝင်ရောက်လိုက်၏။
သူလေဟာနယ်အက်ကြောင်းထဲသို့ ဝင်သွားသည့်အခိုက်တွင် အဘိုးအိုလည်း ရောက်ရှိလာ၏။ အဘိုးအိုက နှာခေါင်းရှုံ့၍ အက်ကွဲကြောင်းထဲသို့ ဝင်၍ ဝမ်လင်းနောက်ကို ဆက်လိုက်သည်။
ဝမ်လင်းက အက်ကွဲကြောင်းထဲ ဝင်လိုက်သည့်အခိုက်တွင် သူ့ခန္ဓာကိုယ်က အားကောင်းသော လေပြင်းများ၏ တိုက်ခတ်ခြင်းကို ခံလိုက်ရသည်။ သည်လေထဲတွင်ပါဝင်သော မရေမတွက်နိုင်သည့် သေးငယ်သော ဇီဝရုပ်လေးများက သူ့ခန္ဓာကိုယ်အား ထိမှန်နေသည်။ သူက အလွန်နာကျင်မှုကို ခံစားနေရ၏။ သူ့မူလစိတ်ဝိညာဉ်ပင် လေထဲ၌ တောက်လောင်နေသော မီးတောက်တစ်ခုလို ဆက်ခနဲဆက်ခနဲ ဖြစ်နေ၏။
သူက သည်လေဟာနယ် အက်ကွဲကြောင်း၏ အန္တရာယ်ကို နားလည်ခဲ့သော်လည်း ခု စိတ်ထဲ၌ တုန်လှုပ်မိနေသည်။ သို့ရာတွင် အစစ်အမှန်အန္တရာယ်သည် သည်နေရာက အမှောင်အတိဖြစ်နေသည့် အတွက် သူက ထွက်ပေါက်ကို ရှင်းလင်းစွာ မတွေ့ရခြင်းပင်။
အေးစက်စက် လေကြမ်းများက ပို၍ပို၍ အားကောင်းလာခဲ့သည်။ ဝမ်လင်းက သိုလှောင်အိတ်ထဲက ကြယ်သံလိုက် အိမ်မြှောင်ကို ထုတ်ယူသည်။ ထို့နောက် သူက ၎င်းပေါ်တွင်ထိုင်၍ ပျံသန်းသည်။ ဝမ်လင်းက ကြယ်သံလိုက် အိမ်မြှောင်ဖြင့် ပျံသန်းနေစဉ်မှာပင် သူ့စိတ်ဝိညာဉ် စွမ်းအင်များကို အသုံးပြု၍ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာနေသော လေအေးများကိုလည်း ပယ်ဖျက်နေရသေးသည်။
ကြယ်သံလိုက်အိမ်မြှောင်ရှိသည့် အတွက်လည်း သူက လေဟာနယ် အက်ကြောင်းထဲသို့ ဝင်ရောက်လာခြင်းပင်။ လေဟာနယ် ဟင်းလင်းပြင်တွင်သာ သူက ကြယ်သံလိုက်အိမ်မြှောင်ကို အသုံးပြုနိုင်ပေသည်။ သည်နည်းလမ်းက အဘိုးအို၏ အမြန်နှုန်းထက်ပိုမြန်ပြီး သူ့လက်မှ လွတ်မြောက်နိုင်သော ကိုယ်ပိုင်နည်းလမ်းကို အသုံးပြုခြင်း မည်၏။
အဘိုးအိုက လေဟာနယ် အက်ကြောင်းထဲသို့ ဝင်ရောက်လာခဲ့သည်။ သူက လက်ဝှေ့ယမ်းလိုက်ရာ တက်တူး အမှတ်အသားတစ်ခုက အက်ကြောင်းပေါ်၌ ပေါ်လာခဲ့ပြီး ထိုအက်ကြောင်းက သူ့အနားသို့ ကပ်မလာနိုင်တော့ပေ။
အဘိုးအိုက ခပ်တိုးတိုးပြောသည်။ “ဒီစာလိပ်က ငါ့ကလန်ရဲ့ အလွှာဆယ့်တစ်မှာ ရှိတဲ့ မြင့်မြတ်တဲ့ရတနာနဲ့ ဆင်တူနေတယ်…” သည်လေအေးများက အဘိုးအိုအပေါ်၌ သက်ရောက်မှု မရှိချေ။ ၎င်းလေအေးများက သူ့ခန္ဓာကိုယ်ပေါ်သို့ တိုက်ခတ်လာတိုင်း သူက မည်သည့် မသက်မသာဖြစ်မှုကိုမှ မခံစားရပေ။
အဘိုးအိုက အနည်းငယ်စဉ်းစား၍ ဝမ်လင်းနောက်သို့ ဆက်၍လိုက်သည်။
ဝမ်လင်းက ကြယ်သံလိုက် အိမ်မြှောင်ပေါ်တွင် ရှိနေပြီး သူက အာရုံစိုက်၍ ထိန်းချုပ်ပျံသန်းနေ၏။ သူက အလွန်လျင်မြန်စွာ ရွေ့လျားနေခြင်း ဖြစ်သည်။ သူ့လမ်းကြောင်း တစ်လျှောက်၌ မည်သည့်သက်ရှိကိုမျှ ကြုံတွေ့ခဲ့ရခြင်း မရှိသေးပေ။ သည်နေရာက အဆုံးမဲ့သော နက်မှောင်နေသည့် ဟင်းလင်းပြင် တစ်ခုအလား ထင်မှတ်ရသည်။
သည်နေရာက သူတွေ့ကြုံခဲ့ဖူးသော ဟင်းလင်းပြင်နှင့် ခြားနားနေသည်။ သူ့နောက်ကျောဘက်မှ အန္တရာယ် အငွေ့အသက်သည်လည်း ခုထိရှိနေဆဲပင်။ အဘိုးအိုက သူ့ကိုခုထိ လိုက်၍ ဖမ်းနေတုန်း ဖြစ်သည်။
ဝမ်လင်းအသွင်က နက်မှောင်နေ၏။ သူက ကြယ်သံလိုက် အိမ်မြှောင်ကို သူ့အကန့်အသတ် ရောက်သည့်အထိ ထိန်းချုပ် ပျံသန်းလိုက်သည်။
အဘိုးအိုက လက်နောက်ပစ်၍ သည်ဟင်းလင်းပြင်ထဲ၌ လမ်းလျှောက်လာနေ၏။ သူက ခြေတစ်လှမ်း လှမ်းလိုက်တိုင် အလွန်ဝေးကွာသော နေရာသို့ ရောက်ရောက်သွား၏။ သို့သော် သူက ခုချိန်ထိဝမ်လင်းကို မဖမ်းနိုင်သေးချေ။
သူက သည်နေရာသည် အခြေအနေနှင့် အချိန်အခါကိုလိုက်၍ အသုံးပြုနိုင်သော ရတနာများစွာ ရှိနေလောက်သည်ကို တွေးမိပြီး တုန်လှုပ်နေမိသည်။ သူက ဝမ်လင်းသည် အပြင်ဘက် ကလန်ကြီးများ၏ အရေးကြီးသော ဂျူနီယာတစ်ယောက် ဖြစ်မည်ဟု ယုံကြည်နေသည်။ သူက ဝမ်လင်းကို သူ့တက်တူး ရုပ်သေးတစ်ရုပ်အဖြစ် ပြုလုပ်လိုနေ၏။
သည်ဟင်းလင်းပြင်သည် အလွန်ထူးဆန်း၏။ ဝမ်လင်းကပို၍ ပျံသန်းနေလေလေ ခံစားချက်က ပို၍အားကောင်းလာလေ ဖြစ်သည်။ လွန်ခဲ့သောရက်အချို့က ဝမ်လင်းသည် ပျံသန်းနေစဉ်၌ မည်သည့်အရာကိုမျှ မတွေ့ခဲ့ရချေ။ သည်နေရာ၌ စိတ်ဝိညာဉ်စွမ်းအင် အနည်းငယ်မျှပင် ရှိမနေခဲ့ချေ။
သူက ခုလိုမျိုးကြီး ဆက်၍ ပျံသန်း မနေလိုတော့ချေ။ သူ့မျက်လုံးများက အေးစက်နေပြီး သူက သားရဲချုပ်နှောင်ခြင်း လက်ကောက်ထဲမှ စစ်ရထားကို ထုတ်ဖော်လိုက်သည်။
ဝမ်လင်းက အသက်ဝဝရှုသွင်း၏။ သူက ချိပ်တံဆိပ်တစ်ခုကို ဖန်တီး၍ စစ်ရထားထံသို့ ပစ်လွှတ်သည်။
သားရဲစိတ်ဝိညာဉ်က စစ်ရထားဘေးနား၌ ပေါ်လာခဲ့သည်။ ဝမ်လင်းက အလွန်နီးကပ်နေသဖြင့် သားရဲစိတ်ဝိညာဉ်က သူ့ကို ဝါးမျိုရန် လှမ်းကြိုးစားသည်။
သို့သော် ဝမ်လင်းက ကြိုတင် ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။ သူက တစ်စုံတစ်ခုကို ညင်သာစွာ ပြောလိုက်ရာ စစ်ရထားပေါ်ရှိ ချိန်းကြိုးများက သားရဲစိတ်ဝိညာဉ်ကို ပြန်ဆွဲခေါ်သွား၏။
သားရဲစိတ်ဝိညာဉ်က ဟိန်းသံတစ်ချက် ပြုလုပ်၍ ဝမ်လင်းကို ရက်စက်ကြမ်းကြုတ်စွာ ကြည့်သည်။
ဝမ်လင်းက ခေါင်းမော့၍ သားရဲစိတ်ဝိညာဉ်ကို ကြည့်သည်။ ထို့နောက် နောက်ထပ် ချိပ်တံဆိပ်တစ်ခုကို ပြုလုပ်၏။သိပ်မကြာခင်တွင် စစ်ရထားပေါ်မှ စူးချွန်များက အနက်ရောင် အလင်းများ စတင်ထုတ်လွှတ်လာသည်။
ဝမ်လင်းက လှည့်၍ ကြယ်သံလိုက်အိမ်မြှောင်ကိုသာ ထိန်းချုပ်ထားသည်။ သူက စစ်ရထားသည် အသက်သွင်းရန် အချိန်လိုသည်ကို သိ၏။ သူ့ပြီးခဲ့သော အတွေ့အကြုံများအရ သည်စစ်ရထားကို အသက်သွင်းရန် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်လောက် ကြာမြင့်နိုင်သည်ကို ဝမ်လင်းက သိနေခဲ့သည်။
သိပ်မကြာခင် အချိန်က ကုန်ဆုံးသွားပြီး သားရဲစိတ်ဝိညာဉ်ကလည်း အနက်ရောင် အလင်းတန်းကို စုပ်ယူ၍ ပြီးသွား၏။ သားရဲက ကြီးမားလာခဲ့သည်။ သည်တစ်ကြိမ်၌ သားရဲက ဝမ်လင်းကို အကြိမ်များစွာ ဝါးမျိုရန် ကြိုးစားလာသည်။သို့သော် သူက ရထားထံမှ ချိန်းကြိုးများဖြင့် ပြန်ဆွဲခေါ်ခြင်း ခံရမြဲပင်။
နောက်ဆုံး၌ စစ်ရထားက လုံးဝ အသက်ဝင်သွားပြီးနောက် ဝမ်လင်းမျက်လုံးများက တလက်လက်ဖြစ်နေပြီး ကြယ်သံလိုက် အိမ်မြှောင်ကို ရပ်တန့်လိုက်သည်။
အဘိုးအိုက ဝမ်လင်း ရပ်တန့်သွားသည်ကို သတိပြုမိသည်။ ထို့ကြောင့် သူကချက်ချင်း အရှိန်တင်လိုက်၏။
တစ်ချိန်တည်းမှာ စွမ်းအားကောင်းသော စိတ်ဝိညာဉ်အားတစ်ခုက ပျံ့နှံ့လာခဲ့သည်။ ဝမ်လင်းက အဘိုးအိုသည် သူ့နတ်ဘုရား အာရုံကြားထဲသို့ ဝင်လာသည်ကို သတိပြုမိလိုက်၏။ သူက စစ်ရထားထံသို့ ချိပ်တံဆိပ်တစ်ခု ပို့လွှတ်သည်။
သားရဲစိတ်ဝိညာဉ်ပေါ်ရှိ ချိန်းကြိုးသည် ရုပ်တရက် ပျောက်ကွယ်သွား၏။ သို့သော် ဝမ်လင်းနှင့် သားရဲစိတ်ဝိညာဉ်ကြားရှိ ချိန်းကြိုးကတော့ ရှိနေဆဲပင်။
သည်သားရဲက ခါးကုန်းအဘိုးအိုကို ရက်စက်စွာကြည့်သည်။ သားရဲက အရာအားလုံးကို ဝါးမျိုပစ်ချင်နေ၏။
အဘိုးအိုအသွင်က ချက်ချင်းပြောင်းလဲသွားပြီး သူက ရပ်တန့်လိုက်သည်။ သူက သူ့ခန္ဓာကိုယ်ပေါ်ရှိ တက်တူးများကို လျင်မြန်စွာ ထိတွေ့လိုက်သည်။ ထို့နောက် သည်တက်တူး အမှတ်အသားများက သူ့အရေပြားအထက် သုံးလက်မလောက်တွင် ဝေ့ဝဲနေ၏။
ထိုအခိုက်တွင် သားရဲစိတ်ဝိညာဉ်က ရောက်ရှိလာခဲ့သည်။ ၎င်းက ဟိန်းသံတစ်ချက်ပြု၍ အဘိုးအိုထံသို့ ခုန်အုပ်၏။ သို့သော် ၎င်းက အဘိုးအိုနှင့်သုံးလက်မ အကွာတွင် ရပ်တန့်သွား၏။ ထိုသားရဲစိတ်ဝိညာဉ်ကို ရပ်တန့်စေသောနေရာရှိ တက်တူး အမှတ်အသားများက အလွန်တောက်ပလာခဲ့သည်။
သို့သော် နတ်ဘုရားသတ်ဖြတ်ခြင်း စစ်ရထားက အလွန်စွမ်းအားကြီး၏။ ထို့ကြောင့် အဘိုးအိုက နောက်သို့ ပေတစ်ထောင်ခန့် ဆုတ်သွားရသည်။ အဘိုးအိုမျက်လုံးများက နီရဲလာ၏။ သူက မာန်သွင်းသံပြုသည်။ သူ့ခန္ဓာကိုယ်မှ သုံးလက်မကွာသော တက်တူးများသည် ငါးလက်မအကွာသို့ ရောက်လာ၏။
သားရဲစိတ်ဝိညာဉ်က ဟိန်းသံပြု၍ နောက်သို့ အနည်းငယ်ဆုတ်သွားသည်။
သူက သားရဲစိတ်ဝိညာဉ်ကို နောက်သို့ တွန်းပို့နေရင်း သူ့မျက်လုံးများက ပို၍နီရဲလာခဲ့သည်။ သို့ရာတွင် ဝမ်လင်းက နှာခေါင်းရှုံ့၏။ သူက ကောင်းကင်ဘုံဓားကို ထုတ်ယူ၍ အဘိုးအိုထံသို့ လွှဲ၍ခုတ်ချသည်။
ဓားခုတ်ချက်က အောက်သို့ကျဆင်းခြင်းနှင့် အတူ အနက်ရောင် အလင်းတန်းဓားစွမ်းအင် တစ်ခု ထွက်ပေါ်လာ၏။
ဓားစွမ်းအင်က အဘိုးအို၏ရှေ့၌ ရုတ်တရက်ပေါ်လာခဲ့ပြီး သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွား၏။
အဘိုးအိုက ဟိန်းသံတစ်ချက်ပြသည်။ သူ့ပတ်လည်တွင် ဝန်းရံနေသော တက်တူးများက သူ့ခန္ဓာကိုယ်နှင့် ငါးလက်မကွာနေရာမှ ပြန်၍နီးကပ်သွား၏။ သူကဝမ်လင်းကို ကြည့်သည်။ သစ်ရွက်ခုနစ်ရွက် အပင်တစ်ခုက သူ့နဖူးပေါ်၌ ချက်ချင်းပေါ်လာခဲ့သည်။
သည်အပင် ပေါ်လာသည်နှင့် သူ့ခန္ဓာကိုယ်ရှိ တက်တူးများက ရူးသွပ်ဖွယ် လှည့်ပတ် လှုပ်ရှားသွား၏။ အဘိုးအိုမျက်လုံးထဲ၌လည်း သတ်ဖြတ်လိုမှု စိတ်ဆန္ဒများဖြစ်ပေါ်လာပြီး ဝမ်လင်းထံသို့ လက်ညွှန်သည်။
ဝမ်လင်းက အေးစက်စက် စွမ်းအင်တစ်ခုသည် သူ့ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ထဲသို့ ဝင်ရောက်လာသည်ဟု ချက်ချင်းခံစားရသည်။
ဝမ်လင်းမျက်နှာက ဖြူရော်နေသည်။ သူက သွေးတစ်လုပ် အန်ထုတ်လိုက်ရ၏။ သူက မာန်သွင်း၍ ကောင်းကင်ဘုံဓားကို နောက်တစ်ကြိမ် လွှဲခုတ်ချပြန်သည်။
သူက ဦးတည်ရာပြောင်း၍ နောက်တစ်ကြိမ် ခုတ်ချသည်။
ဓားစွမ်းအင်များက အဘိုးအိုခန္ဓာကိုယ်ကို ထိမှန်၏။ တက်တူးများက သူ့ခန္ဓာကိုယ်နှင့် ပို၍နီးကပ်သွားပြန်သည်။ ထို့ကြောင့် သားရဲစိတ်ဝိညာဉ်က ကြမ်းကြုတ်စွာ ရှေ့သို့တိုးသွားပြီး တက်တူးအဟန့်အတား မရှိတော့သည့်အတွက် အဘိုးအိုကို ဝါးမျိုနိုင်ခွင့်ရသွား၏။
သားရဲစိတ်ဝိညာဉ်က သူ့ကိုဝါးမျိုဟန် ပြင်လိုက်စဉ်မှာပင် အဘိုးအို၏ မျက်လုံးထဲ၌ ထူးဆန်းသော အလင်းတစ်ခု ထုတ်လွှတ်လာသည်။ သူ့လက်ကောက်ဝတ်မှ သားရဲအရိုးလက်ကောက်က ရုတ်တရက် ထွက်ပေါ်လာ၏။
သည်လက်ကောက်က တစ္ဆေအလင်းများ ထုတ်လွှတ်ပြီး တက်တူးတစ်ခုကို ဖြစ်ပေါ်စေသည်။
သည်တက်တူးက ပျက်စီးနေပြီး အပြည့်အစုံပုံစံ ရှိမနေချေ။ တက်တူး အမှတ်အသားပေါ်ရှိ အစိတ်အပိုင်းခုနစ်ခုက ရှင်းလင်းစွာ ပျောက်နေသည်။ သို့ရာတွင် သည်တက်တူးက ဝမ်လင်း၏ ဦးရေပြားကို ကြိမ်းစပ်သွားစေသည်။
တက်တူးထွက်ပေါ်လာသည့် အခိုက်တွင် ပတ်ဝန်းကျင် လေဟာနယ်က ရုတ်တရက် အစိမ်းရောင် အလင်းတန်းတစ်ခု လွှမ်းသွားခဲ့သည်။
အဘိုးအိုက ဖြည်းညင်းစွာ ပြောသည်။ “ဒါက ငါ့ ဉာဏ်အလင်းတက်တူး အမှတ်အသားပဲ။ ငါက ဒီတက်တူးကိုလေ့လာပြီး သစ်ရွက်ခုနစ်ရွက် အဆင့်ကို ရောက်ခဲ့တယ်။ အခု ဂျူနီယာ…မင်းက ဒီတက်တူးကို မြင်ရပြီး ဖြစ်တဲ့အတွက် အေးအေးဆေးဆေး သေလို့ရပြီ…”
တက်တူး အမှတ်အသားက တစ်ကြိမ် တောက်ပသွားသည့်အခါ သားရဲစိတ်ဝိညာဉ်ခန္ဓာကိုယ်မှ အစိမ်းရောင် အခိုးအငွေ့များ ထွက်ပေါ်လာကြသည်။ သားရဲစိတ်ဝိညာဉ်က ဟိန်းသံတစ်ချက်ပြု၍ တက်တူးကို အင်တင်တင်ကြည့်နေသည်။
၎င်းသားရဲ စိတ်ဝိညာဉ်က သူ့အကောင်းဆုံး အခြေအနေမှာ ရှိနေခဲ့ရင် ဒီတက်တူးကို ဆန်ကျင် တိုက်ခိုက်ဝံ့သည်။ သို့သော် ခုချိန်မှာတော့ သူက နောက်ပြန်ဆုတ်ရပေမည်။ သားရဲစိတ်ဝိညာဉ်၏ ခန္ဓာကိုယ်ကတုန်ခါသွားသည်။
ဝမ်လင်းက တက်တူး ထွက်ပေါ်လာသည့်အခိုက်တွင် ချက်ချင်းသတိပြုမိသည်။ သူ့မူလစိတ်ဝိညာဉ်ထံမှလည်း သတိပေးဟန်များ မြည်ဟည်းသွားသည်။
ဝမ်လင်းက တုံ့ဆိုင်းခြင်းမပြုဘဲ ကြယ်သံလိုက် အိမ်မြှောင်ပေါ်သို့ ခုန်တက်လိုက်ပြီး လျင်မြန်စွာပျံသန်းသွား၏။
သားရဲစိတ်ဝိညာဉ်ကလည်း စစ်ရထားဘေးနား၌ ပြန်ပေါ်လာခဲ့သည်။ သည်တစ်ကြိမ်၌ ၎င်းက ဝမ်လင်းကို ဝါးမျိုရန်မကြိုးစားတော့ပဲ အားနည်းသည့်အသွင်ဖြင့် စစ်ရထားထဲ၌ ပျောက်ကွယ်သွား၏။
အဘိုးအိုက ဝမ်လင်းပျောက်ကွယ်သွားသော နေရာသို့ ကြည့်လိုက်သည်။ သူက ဝမ်လင်းနောက်သို့ လိုက်လံခြင်း မရှိဘဲ သူ့ရင်ဘတ်ကို ငုံကြည့်၏။ သူ့ရင်ဘတ်ပေါ်၌ ဒဏ်ရာသုံးချက်နက်ရှိုင်းစွာ ဖြစ်ပေါ်နေ၏။ သည်ဒဏ်ရာများသည် ဝမ်လင်း၏ ကောင်းကင်ဘုံဓားကြောင့် ရလာခဲ့သော ဒဏ်ရာများပင်။
သူ့မျက်လုံးလုံးထဲ၌ သတ်ဖြတ်လိုမှု စိတ်ဆန္ဒက သိပ်သည်းနေခဲ့သည်။ သူက အသက်ဝဝရှူသွင်း၏။ သည့်နောက် တက်တူးများကို သူ့ခန္ဓာကိုယ်ထံသို့ ပြန်၍ ဆင့်ခေါ်လိုက်သည်။
အရိုးလက်ကောက်ကလည်း သူ့လက်ကောက်ဝတ်၌ ပြန်ပေါ်လာခဲ့သည်။
သည့်နောက် အဘိုးအိုက ဝမ်လင်းနောက်သို့ ဆက်၍လိုက်သွား၏။
ကြယ်သံလိုက် အိမ်မြှောင်ပေါ်၌ ဝမ်လင်းက မျက်လုံးမှိတ်ထားလျက် ရှိသည်။ သူ့ခေါင်းပေါ်၌ အပင်တစ်ခုက ဖြည်းညင်းစွာ ချဲ့ထွင်လာနေပြီး အပင်အမြစ်များက သူ့မျက်နှာမှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
ဝမ်လင်းမျက်လုံးထံမှ လှိုင်းများထွက်ပေါ်နေသည်။ သူက ရူးသွပ်ဟန်ဖြင့် ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သို့သော် ဝမ်လင်းက မျက်လုံးကို ချက်ချင်း ပြန်ပိတ်လိုက်ရ၏။ သူ့အသွင်က ကြိုးစား ရုန်းကန်နေရသည့် အသွင် ဖြစ်ပေါ်နေသည်။
သူက အလွန်အမင်း နာကျင်မှုနှင့် ရင်ဆိုင်နေရ၏။ သို့သော် သူက သူ့စိတ်အာရုံ အချို့ကို တည်ငြိမ်အောင် လုပ်၍ ကြယ်သံလိုက် အိမ်မြှောင်ကို ထိန်းချုပ်ကာ သူ့လွတ်မြောက်မှု အတွက် ဆက်လက် ပျံသန်းနေခဲ့သည်။
***