အခန်း ၁၆၂
Vol. 17 Ch. 162
အခန်း (၁၆၂) အချေအတင် ရင်ဆိုင်ရခြင်း
"နင်... နင်က ရှီးပေက လာတာဆိုပြီး အထင်ကြီးမနေနဲ့... ငါ့မယ်မယ်က အမတ်ချုပ်အိမ်တော်နဲ့ ကျန်းမင်းသားအိမ်တော်မှာ ဂရုစိုက်ခံရတဲ့သူနော်... နင် ငါ့ကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံရဲရင် သူတို့ကို နင့်ကို ပြန်ပြီး ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံခိုင်းမယ်..."
ဤစကားမှာ မင်းသမီးရုံခန့်က လင်ကွေ့ဖေးနှင့် မင်းသမီးမင်ရော့ ရှေ့တွင် မကြာခဏ ပြောလေ့ရှိသော စကားပင်။ ယခုတော့ သူမ၏ ပါးစပ်မှ ထွက်လာလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ချေ။ ယီဖေး ထိုစကားကို ကြားသောအခါ ဒေါသမထွက်သည့်အပြင် ရယ်ပင်ရယ်လိုက်သေး၏။
"ဒီအရှင်မကို ပြန်ပြီး ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံမယ် ဟုတ်လား... မင်းသမီးလေးက တကယ်ကို လေလုံးထွားတာပဲ..."
ထို့နောက် သူမ၏ အနောက်ရှိ အပျိုတော် ရူဟွမ်းကို ပြောလိုက်လေသည်။
"လာကြစမ်း... ချီချင်းဆောင်ကို သွားပြီး အရှင်မင်းကြီးကို သွားခေါ်ချေ... နေ့ခင်းကြောင်တောင်ကြီး အမိန့်တော်ကို ဆန့်ကျင်တာ ဘယ်လို အဆုံးသတ်ရမလဲ ဆိုတာ ဒီအရှင်မ စောင့်ကြည့်ချင်လို့..."
"ဟုတ်ကဲ့... ဒီအစေခံ သွားလိုက်ပါ့မယ်..."
ပြောပြီးသည်နှင့် ရူဟွမ်းမှာ ချီချင်းဆောင် ဘက်သို့ ခြေလှမ်းသွက်သွက်ဖြင့် ထွက်သွားတော့သည်။ အသွားအပြန်ဆိုလျှင် အနည်းဆုံး နာရီဝက်ခန့်တော့ ကြာမည်မှာ အသေအချာပင်။ ယခုလည်း နေပူထဲတွင် ရပ်နေရသဖြင့် မကြာခင် အပူရှပ်သွားနိုင်လေသည်။
သို့သော် ယီဖေးကတော့ ဂရုမစိုက်ဘဲ ရေခဲပုံးတွေကို ယူလာခိုင်းကာ ဘေးမှ ပြုစုစေသည်။ တစ်ချိန်တည်းမှာပင် မင်းသမီးမင်ရော့ကို အထင်သေးစွာ ကြည့်လိုက်ပြီး သူမ၏ မိုက်မဲမှုကို လှောင်ပြောင်နေသကဲ့သို့ပင်။
ယခုအချိန်တွင်တော့ မင်းသမီးမင်ရော့ တကယ်ကို ထိတ်လန့်သွားလေပြီ။
သူမက နေရာတိုင်းကို လင်ကွေ့ဖေး၏ နန်းဆောင်လို မှတ်ကာ ကိုယ်လုပ်ချင်ရာ လုပ်၍ရမည်ဟု ထင်နေခဲ့ခြင်း ဖြစ်သည်။ မထင်မှတ်ဘဲ ယီဖေးက အနုနည်းရော အကြမ်းနည်းဖြင့်ပါ မရသူ ဖြစ်နေ၏။ သူမကို စိုက်ကြည့်နေပြီး ပတ်ပတ်လည်တွင်လည်း သက်တော်စောင့်များက တားဆီးထားသဖြင့် ထွက်ပြေးချင်လျှင်တောင် ပြေး၍ မရတော့ချေ။
အသက်ပြင်းပြင်းရှူကာ တစ်ခုခု လုပ်ရန် ပြင်လိုက်ချိန်မှာပင် ယီဖေးက ပေါ့ပေါ့ပါးပါး ထပ်ပြောလိုက်ပြန်သည်။
"လာကြဦး... ငါတို့ မင်းသမီးမင်ရော့ အတွက် ထီးလေး ဘာလေး ဆောင်းပေးထားကြ... နေပူလို့ တစ်ခုခု ဖြစ်သွားရင် ဒီအရှင်မ ဖြေရှင်းရ ခက်နေမယ်... ပြီးတော့ တာဝန်ကျ သမားတော်ကို မြန်မြန် လာခေါ်ခဲ့... မင်းသမီးလေး တစ်ခုခု ဖြစ်သွားရင် ချက်ချင်း အပ်စိုက်ပြီး ကုသပေးလို့ရအောင်... အရှင်မင်းကြီး ကိုယ်တိုင် လာပြီး အပြစ်ပေးတဲ့အထိ စောင့်မှ ဖြစ်မယ်..."
ထိုသို့ ပြောလိုက်ခြင်းက မင်းသမီးမင်ရော့ နေမကောင်းဟန်ဆောင်ချင်သည့် အကြံအစည်တွေကို လုံးဝ ပိတ်ပင်လိုက်ခြင်းပင်။ ယခုအခါ သူမ အလွန်အမင်း နောင်တရနေမိသည်။ စောစောကသာ အစေခံတွေကို မခြိမ်းခြောက်ခဲ့လျှင် ကောင်းမည်ဟု တွေးနေမိပြီး မယ်တော် အမြန်လာပါစေဟုသာ ဆုတောင်းနေတော့သည်။ သို့မှသာ သူမကို ဤဒုက္ခတွင်းမှ ကယ်တင်နိုင်မည် မဟုတ်လား။
ယီဖေးနှင့် ရင်ဆိုင်ရချိန်တွင် စိတ်ထဲ၌ အလွန်အမင်း ကြောက်လန့်နေသော်လည်း မျက်နှာပေါ်တွင်တော့ နှုတ်ခမ်းကို တင်းတင်းကိုက်ကာ မျက်နှာအပျက်မခံခဲ့ပေ။ ယီဖေးက ထိုအရာတွေကို မြင်သောအခါ မကောင်းသည့် ဝါးရုံမှ ဝါးပင်ကောင်း ထွက်လာသည်ဟု တွေးလိုက်မိသည်။ လင်ကွေ့ဖေးကဲ့သို့ လူဆီမှ ဤမျှ စိတ်ဓာတ်ခိုင်မာသော မင်းသမီးမျိုး မွေးဖွားလာခဲ့သည်။ တခြားအရာများ မဆိုထားနှင့် ဤစိတ်ဓာတ်မျိုးကို သေချာ ပြုစုပျိုးထောင်ပေးမည်ဆိုလျှင် အနာဂတ်တွင် အကျိုးရှိလာမည်မှာ သေချာလှ၏။ သို့သော် လင်ကွေ့ဖေးနှင့် သူမမှာ နှစ်ပေါင်းများစွာ အားပြိုင်လာခဲ့ကြပြီး မီးနှင့်ရေကဲ့သို့ ဖြစ်နေသည်မှာ ကြာပြီဖြစ်သဖြင့် မင်းသမီးမင်ရော့၏ အရည်အချင်းကို မြင်တွေ့ရလျှင်တောင်မှ သူမအနေဖြင့် ကူညီပေးစရာ အကြောင်း လုံးဝ မရှိပေ။
သူတို့နှစ်ဦး အချေအတင် ဖြစ်နေချိန်တွင် ထိုသတင်းကို မင်ချန်ကျိုက် သိသွားလေသည်။ သူမက ထိုနေရာမှ ဖြတ်သွားရင်း မမျှော်လင့်ဘဲ ဤမြင်ကွင်းကို တွေ့လိုက်ရခြင်း ဖြစ်၏။
ယောင်ထိုင်စံအိမ် က လူတွေ အားလုံး အကျပ်ချုပ်ကျနေတာကို မင်းသမီးမင်ရော့က ဘယ်လိုလုပ် အပြင်ရောက်နေတာလဲ... ပြီးတော့ ယီဖေးရဲ့ လူတွေ ဝိုင်းထားတာကိုပါ ခံနေရသေးတယ်...။ နောက်ကွယ်မှာ တစ်ခုခုတော့ ရှိနေမှာ သေချာသည်ဟု တွေးကာ သတင်းပို့ရန် ယောင်ထိုင်စံအိမ် သို့ တိတ်တဆိတ် သွားလိုက်တော့သည်။
ထိုနေရာသို့ ရောက်သောအခါ တံခါးဝရှိ သက်တော်စောင့်များမှာ စောစောက မင်းသမီးမင်ရော့ ခြိမ်းခြောက်ခဲ့သော သူများ မဟုတ်ဘဲ လူပြောင်းသွားပြီဖြစ်သည်။ ယခုတစ်ဖွဲ့၏ မျက်နှာထားမှာ တင်းမာနေကြသည်ကို ကြည့်ရုံနှင့်ပင် အလွယ်တကူ ကျော်ဖြတ်၍ ရမည်မထင်ပေ။ မင်ချန်ကျိုက် က ဘေးရှိ အစေခံ ဖေ့အာကို တိုးတိုးလေး မှာကြားလိုက်ပြီး အဝေးရှိ သစ်ပင်အောက်တွင် ပုန်းနေလိုက်သည်။ ဖေ့အာက အသက်ပြင်းပြင်းရှူကာ ယောင်ထိုင်စံအိမ် ရှေ့သို့ လျှောက်သွားလေ၏။
မင်ချန်ကျိုက် မှာ အဝေးတွင် ရှိနေသဖြင့် သူတို့ ဘာပြောနေကြသည်ကို သေချာ မကြားရချေ။ သို့သော် ဖေ့အာ တစ်ယောက် အထဲဝင်ရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း အတားခံနေရသည်ကို ကြည့်ပြီး ဤနည်းလမ်းက အလုပ်မဖြစ်မှန်း သိလိုက်သည်။ ဖေ့အာ အမောတကော ပြန်ရောက်လာချိန်မှာတော့ ဘာတွေဖြစ်သွားမှန်း သူမ သိလိုက်ရ၏။
"သခင်မလေး... အခု သက်တော်စောင့်တွေက စကားပြောရတာ အရမ်း ခက်တယ်... ဒီအစေခံ ဘယ်လိုပဲ ပြောပြော သူတို့ လက်မခံဘူး... စကားလေး တစ်ခွန်း သွားပို့ပေးဖို့တောင် လက်မခံတာဆိုတော့... သခင်မလေး လင်ကွေ့ဖေးဆီ သတင်းသွားပို့ဖို့ကတော့ မဖြစ်နိုင်တော့ဘူး..."
မင်ချန်ကျိုက် မှာ အသံမထွက်ဘဲ ဖြေရှင်းမည့် နည်းလမ်းကို စဉ်းစားနေ၏။ မင်းသမီးမင်ရော့က လင်ကွေ့ဖေး၏ တစ်ဦးတည်းသော သမီးဖြစ်ရာ ယခု ယီဖေး လက်ထဲ ရောက်နေသဖြင့် အခြေအနေ ကောင်းနိုင်မည် မဟုတ်ချေ။ အကယ်၍ ဤအတိုင်း အချိန်ဆွဲနေမည်ဆိုလျှင် လင်ကွေ့ဖေး သိလာချိန်တွင် ယီဖေးဘက်က အားလုံး ရှင်းလင်းပြီး ဖြစ်နေလောက်ပြီ။ ထိုသို့ဆိုလျှင် သူမအနေဖြင့် လင်ကွေ့ဖေးဆီမှ အမှတ်ယူခွင့် ဘယ်လိုရနိုင်တော့မည်နည်း။ စဉ်းစားရင်း ဤနည်းလမ်းက မရလျှင် အခြားနည်းလမ်း တစ်လမ်းကို ပြောင်းရတော့မည်ဟု ဆုံးဖြတ်လိုက်သည်။
"သွားကြစို့... မင်းသမီးမင်ရော့ ကို သွားစောင့်ကြည့်ရအောင်... မင်းသမီးလေး တစ်ခုခု ဖြစ်သွားရင်တောင် ငါတို့ ကာကွယ်ပေးလို့ ရတာပေါ့..."
သူမ၏ သဘောထားက ပြတ်သားနေသော်လည်း ဘေးရှိ ဖေ့အာကတော့ သူမ၏ လုပ်ရပ်ကို သဘောမတူပေ။
"သခင်မလေး... ပိုင်ဖင်ရဲ့ ကိစ္စကို မေ့သွားပြီလား... ယီဖေးမယ်မယ်က ပိုင်ဖင်ထက်တောင် အများကြီး ပိုကြောက်ဖို့ ကောင်းတာနော်... သူ့ကိုများ သွားရန်စမိရင် ကျွန်တော်မျိုးမတို့ နန်းတော်ထဲမှာ နေရပိုခက်သွားမှာ မဟုတ်ဘူးလား..."
"ဘယ်လိုပဲဖြစ်ဖြစ် ယီဖေးတို့အုပ်စုကိုတော့ အကုန် ရန်စပြီးသား ဖြစ်နေပြီပဲ... ငါ သွားမရှုပ်လည်း သူတို့က ငါ့ကို အလွတ်ပေးမှာမှ မဟုတ်တာ... အဲဒီအစား လင်ကွေ့ဖေးဘက်ကို ဝင်လိုက်တာကမှ အနည်းဆုံးတော့ အကာအကွယ်လေး ရနိုင်ဦးမယ်..."
မင်ချန်ကျိုက်သည် ဤလုပ်ရပ်က အန္တရာယ်များသော်လည်း အောင်မြင်သွားပါက နောင်အနာဂတ်တွင် အကျိုးရှိပေလိမ့်မည်ဟု တွေးလေသည်။ ထို့ကြောင့် သူမ စွန့်စားကြည့်ချင်သည်။ သခင်နှင့် အစေခံ နှစ်ဦးသည် ယီဖေးတို့ ရှိရာဆီိသို့ ခြေလှမ်းသွက်သွက်ဖြင့် ပြန်သွားကြလေတော့သည်။
ထိုအချိန်တွင် မင်းသမီးမင်ရော့ ခိုးထွက်လာသည့် သတင်းကို အရှင်မင်းကြီး သိသွားသောအခါ အလွန်အမင်း ဒေါသထွက်သွားလေ၏။
"ဟွန့်... ဘယ်သူက သူ့ကို ဒီလောက်ထိ အတင့်ရဲအောင် လုပ်ပေးထားတာလဲ... ကိုယ်တော့် အမိန့်တော်ကိုတောင် ဂရုမစိုက်တော့ဘူးပေါ့..."
"သုန်ယွီကျုံး..."
"ဒီအစေခံ ရှိပါတယ်..."
"သွက်သွက်လက်လက်ရှိတဲ့ မိန်းမစိုး တစ်ယောက်ကို ခေါ်ပြီး ယီဖေးဆီ သွားပြောခိုင်းလိုက်... မင်းသမီးမင်ရော့ကို ဖမ်းချုပ်ထားပြီး... သုံးရက်လောက် အစာငတ်ထားလိုက်စမ်း..."
သူသည် မင်းသမီးမင်ရော့မှာ မူလက လိမ္မာသော်လည်း လင်ကွေ့ဖေးကြောင့် ပျက်စီးသွားခြင်း ဖြစ်သည်ဟု မြင်လေသည်။ ဤမျှ ပြောင်ပြောင်တင်းတင်း ထွက်လာရဲသည်က တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာကို လုံးဝ မထီမဲ့မြင် ပြုလိုက်ခြင်းပင်။
သုန်ယွီကျုံးမှာ သုံးရက် အစာငတ်ထားမည်ဟူသော စကားကို ကြားသောအခါ ချက်ချင်း စကားပြန်မပြောရဲတော့ပေ။ အသက်ကြီးသူများဆိုလျှင် ခံနိုင်သော်လည်း မင်းသမီးလေးမှာ အသက်ငယ်သေးရာ မည်သို့ ခံနိုင်မည်နည်း။
"အဲဒါက... အရှင်မင်းကြီး ပြန်စဉ်းစားပေးပါဦး... မင်းသမီးလေးက အခုမှ လေးနှစ်ပဲ ရှိသေးတာပါ... ပုံမှန်ဆိုရင်လည်း လိုလေသေးမရှိ ပြုစုခံထားရတာဆိုတော့ သုံးရက်လောက် ဘယ်လိုလုပ် အစာငတ်ခံနိုင်မှာလဲ အရှင်မင်းကြီး..."
သုန်ယွီကျုံး၏ စကားကို ကြားမှသာ အရှင်မင်းကြီးမှာ အနည်းငယ် ဒေါသလျော့သွားလေသည်။ သို့သော် ခုနက ရလာသော သတင်းကို တွေးမိသည်နှင့် လင်ကွေ့ဖေးအပေါ် ရက်အတော်ကြာ မကျေနပ်မှုများက အထွတ်အထိပ်သို့ ရောက်သွားတော့၏။ ထို့ကြောင့် ချက်ချင်း မတ်တပ်ရပ်ကာ ပြောလိုက်လေသည်။
"သွားမယ်... ဒီပထမမင်းသမီးလေးက ဘယ်လောက်တောင် မောက်မာနေလဲ ဆိုတာ ကိုယ်တော် သွားကြည့်ရသေးတာပေါ့..."
ပြောပြီးသည်နှင့် လူများကို ခေါ်ကာ ချီချင်းဆောင် မှ ထွက်သွားတော့သည်။
အနောက်မှ လိုက်လာသော သုန်ယွီကျုံးက အခြားတစ်ဖက်ရှိ မိန်းမစိုးငယ် တစ်ယောက်ကို အကဲခတ်လိုက်သည်။ ထိုမိန်းမစိုးငယ်က ချက်ချင်း သဘောပေါက်သွားပြီး အခြားတစ်ဖက်သို့ တိတ်တဆိတ် ပြေးသွားလေ၏။ ဟွေ့ဖန်းယာခြံဝင်း ဆီသို့ တန်းတန်းမတ်မတ် သွားခြင်းပင်။ အရှင်မင်းကြီး ဒေါသထွက်နေပါက အခြားလူများ ဝင်ဖျောင်းဖြ၍ ရမည်မဟုတ်ပေ။ လင်ချန်ကျိုက် လာလျှင်တော့ အနည်းငယ် ပြေလျော့သွားနိုင်မည် မဟုတ်လား။
ဟွေ့ဖန်းယာခြံဝင်း ထဲတွင်တော့ လင်ဝမ်ယိ ဤသတင်းကို ကြားသောအခါ အလွန်အမင်း အံ့ဩသွားလေသည်။ လင်ကွေ့ဖေး အပေါ်တွင် သူမ မကျေနပ်ချက်များ အများကြီး ရှိပါ၏။ သို့သော် ကလေးနှင့်တော့ မဆိုင်ပေ။ နန်းတွင်း ဝင်လာကတည်းက သူမ မင်းသမီးမင်ရော့ကို တစ်ခါမျှ မတွေ့ဖူးသေးချေ။ ဤသို့ ပထမဆုံးအကြိမ် တွေ့ဆုံရမည့် အခြေအနေ ထိုကဲ့သို့ ဖြစ်နေလိမ့်မည်။ စဉ်းစားနေရင်း ဘေးတွင် စာရေးကျင့်နေသော ဒုတိယမင်းသားကို ပြောလိုက်လေသည်။
"သားတော် သေချာ ရေးကျင့်နေနော်... သခင်မလေးလင် နောက်ကျရင် အရင် ထမင်းစားနှင့်လိုက်... မစောင့်နဲ့ ကြားလား..."
ဒုတိယမင်းသားက ခေါင်းညိတ်လိုက်ပြီး စကားပြောချင်နေသော်လည်း မျိုသိပ်ထားသည့်ဟန်ဖြင့် ပြောလာ၏။
---