← Chapters

အခန်း ၁၆၃

Vol. 17 Ch. 163

အခန်း ၁၆၃

Vol. 17 Ch. 163

အခန်း (၁၆၃) စိတ်ပျက်ရွံရှာမိခြင်း

"လင်နျန်နျန်... မင်ရော့က ပေါင်းရသင်းရ လွယ်တဲ့သူ မဟုတ်ဘူးနော်... ခွေးရူးလို လိုက်ကိုက်တတ်လို့ သတိထားပါဦး..."

ဒုတိယမင်းသားက မင်းသမီးမင်ရော့ကို လုံးဝ မနှစ်သက်ကြောင်း သိသာလှသည်။ ခွေးရူး ဟုပင် သုံးနှုန်းလိုက်သေး၏။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် သူတို့နှစ်ဦးကြားတွင် ယခင်က ရန်ငြိုးရန်စများ ရှိခဲ့ကြောင်း ထင်ရှားနေသည်။

သူမ ယီဖေး၏ ဒုက္ခပေးခြင်းကို ခံနေရကြောင်း ပထမဆုံးအကြိမ် ကြားလိုက်ရချိန်တွင် သူက ဝမ်းသာလွန်း၍ လက်ခုပ်တီးပြီး ထကချင်စိတ်ပင် ပေါက်နေခဲ့သည်။ သို့သော် လင်ဝမ်ယိက သွားကူညီမည် ဆိုသောအခါ သူက အနည်းငယ် မကျေမနပ် ဖြစ်သွားရ၏။ မကျေနပ်သော်လည်း မတားရဲပေ။ အဘယ်ကြောင့်ဆိုတော့ ခမည်းတော် ဒေါသထွက်နေချိန် မည်သို့လုပ်မည် ဆိုတာ မည်သူမျှ မသိနိုင်လို့ပင်။ သူက မင်းသမီးမင်ရော့ကို မုန်းသော်လည်း သူမကို သေစေချင်သည်တော့ မဟုတ်ချေ။ မောင်နှမတွေက နည်းနေပြီဖြစ်ရာ ပထမမင်းသားလို တစ်ယောက်ပြီး တစ်ယောက် စောစောစီးစီး သေဆုံးသွားကြလျှင် သူ့စိတ်ထဲတွင်လည်း ကောင်းမည်မဟုတ်ပေ။

လင်ဝမ်ယိက သူ့ကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။

"စိတ်ချပါ... သခင်မလေးလင် လည်း အတင်း ဝင်မပါပါဘူး... အခြေအနေ သွားကြည့်ပြီးမှ ဆုံးဖြတ်မှာပါ..."

"အင်း... လင်နျန်နျန် လမ်းမှာ သတိထားသွားနော်..."

သူတို့နှစ်ဦး စကားပြောပြီး လင်ဝမ်ယိက မတ်တပ်ရပ်ကာ နွေရာသီအပန်းဖြေနန်းတော်၏ အရှေ့ဘက်ခြံဝင်းဆီသို့ ထွက်သွားလေသည်။ သူမ၏ ခြေလှမ်းက နှေးသဖြင့် သူမ ရောက်ချိန်တွင် အရှင်မင်းကြီးတို့က ရောက်နှင့်ပြီးဖြစ်သည်။ အရှင်မင်းကြီးမှာ မင်းသမီးမင်ရော့၏ မျက်နှာလေး နီရဲနေသည်ကို မြင်သောအခါ အနည်းငယ် စိတ်မကောင်း ဖြစ်သွားရ၏။

သို့သော် သူ စကားမပြောရသေးခင်မှာပင် မင်းသမီးမင်ရော့က လူဆိုးက အရင်တိုင်တောသကဲ့သို့ ယီဖေးကို လက်ညှိုးထိုးကာ ငိုယိုတော့သည်။

"ခမည်းတော်... သမီးတော်ကို ကယ်ပါဦး... ခမည်းတော်သာ နည်းနည်း‌ နောက်ကျရင် ယီဖေးမယ်မယ်က သမီးတော်ကို သတ်တော့မှာပဲ..."

သူမ၏ လုပ်ရပ်က အရှင်မင်းကြီးကို လင်ကွေ့ဖေး တိုင်တောတတ်သည့် ပုံစံတွေကို ချက်ချင်း သတိရသွားစေသည်။ ထိုအခိုက်အတန့်မှာပင် သမီးအရင်းအပေါ် စိတ်ပျက်ရွံရှာမှုများ ဖြစ်ပေါ်လာတော့၏။ လိမ္မာရေးခြားရှိသည့် ကလေးလေးက လင်ကွေ့ဖေးကြောင့် တကယ်ကို ပျက်စီးသွားရပြီ။ အဖြူအမည်း ပြောင်းပြန်လှန်တတ်သည့် ဤပုံစံမှာ ကျန်းမင်းသားအိမ်တော်၏ သွေးကြောမှ စီးဆင်းလာသည်မှာ အသေအချာပင်။

"ဟွန့်... မင်းက ပြောရဲသေးတယ်ပေါ့... ကိုယ်တော်က လင်ကွေ့ဖေး နေမကောင်းလို့ အနားယူဖို့ လိုတယ်... ယောင်ထိုင်စံအိမ် တစ်ခုလုံး အမိန့်မပါဘဲ အပြင်မထွက်ရဘူးလို့ အမိန့်ချထားတာကို... မင်းက ဘာသဘောလဲ... အကုန်လုံးကို လျစ်လျူရှုပြီး အပြင်ကို အတင်းထွက်လာရဲတယ်ပေါ့... မင်း ဘာဖြစ်ချင်တာလဲ..."

ဆက်တိုက် မေးလာသော မေးခွန်းများကြောင့် မင်းသမီးမင်ရော့မှာ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။ သူမက သူမ ဘာကြောင့် ထွက်လာရသနည်း ဆိုသည်ကို ပြန်မပြောနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူမ အပြင်ထွက်ချင်သည့် အကြောင်းအရင်းက အနိုင်ယူချင်စိတ်ကြောင့်သာ ဖြစ်မှန်း သူမကိုယ်တိုင် သိနေလို့ပင်။ သို့သော် ယခုအချိန်တွင် ထိုအကြောင်းပြချက်ကို ဘယ်လိုလုပ် ပြောရဲမည်နည်း။ ခမည်းတော်၏ အပြစ်ပေးခြင်းကို ခံရမည်မှာ သေချာသည်။ ရုတ်တရက်ဆိုသလို သူမ၏ မောက်မာသော စိတ်များက လုံးဝ ပျောက်ပျက်သွားတော့၏။

အရှင်မင်းကြီးက သူမဘက်မှ မရပ်တည်ပေးသည့်အပြင် မျက်နှာထား တင်းမာနေသည်ကို မြင်သောအခါ မခံစားနိုင်တော့ဘဲ အသံထွက် ငိုချလိုက်တော့သည်။

"နင်တို့တွေ… ဗြဲ… ‌ဗြဲ... ခမည်းတော်က မင်ရော့ကို မချစ်တော့ဘူးလား... သူများ‌ေတ္ သမီးတော်ကို အနိုင်ကျင့်နေတာတောင် ခမည်းတော်က ဘာလို့ ဆူနေရတာလဲ..."

သူမ၏ အမှားအမှန် မခွဲခြားတတ်ဘဲ ရမ်းကားနေသည့် ပုံစံကို ကြည့်ရင်း အရှင်မင်းကြီး၏ စိတ်ထဲတွင် ပို၍ လေးလံသွားရသည်။ အခုမှ အသက်ဘယ်လောက်မှ မရှိသေးတဲ့ ကလေးလေးက ဒီလောက်တောင် စည်းကမ်းမရှိ ဖြစ်နေတာ... နောင်ကျရင် ဘယ်လိုကြီးပြင်းလာမလဲ မသိတော့ဘူး...။ ထိုသို့ တွေးမိပြီး ချက်ချင်းပင် ခြိမ်းခြောက်ကာ ပြောလိုက်လေသည်။

"မငိုနဲ့တော့... တာ့ဝေ့ပြည်ရဲ့ မင်းသမီးတစ်ပါး ဖြစ်နေပြီး စကားအပြောအဆို အနေအထိုင် ဆင်ခြင်ဖို့ မတွေးဘဲ ဆိုးချင်တိုင်း ဆိုးနေတာ... တကယ်ကို လင်ကွေ့ဖေးရဲ့ ညံ့ဖျင်းတဲ့ ဆုံးမမှုပဲ..."

ပြောလိုက်သော လေသံထဲတွင် လင်ကွေ့ဖေး အပေါ် စိတ်ပျက်ရွံရှာမှုများ အပြည့် ပါဝင်နေ၏။

မင်းသမီးမင်ရော့ကလည်း အရူးမဟုတ်သဖြင့် ခမည်းတော်က မယ်တော်အပေါ် အလွန် မကျေနပ်ဖြစ်နေမှန်း ချက်ချင်း ရိပ်မိလိုက်သည်။ ထို့ကြောင့် အမြန် အသံတိတ်သွားတော့သည်။ မည်သို့ပင်ဖြစ်စေ သူမသာ အခြားနေရာကို ပို့ခံလိုက်ရလျှင် မယ်တော်နှင့် ပြန်တွေ့ဖို့က ခက်ခဲသွားမည် မဟုတ်လား။ သူမ ကြောက်လန့်သွားပြီး အရှုံးပေးလိုက်တော့၏။

အဝေးမှ ကြည့်နေသော မင်ချန်ကျိုက်မှာမူ မည်သို့ ဖြေရှင်းရမှန်း မသိလောက်အောင် စိုးရိမ်နေမိသည်။ ယခုအချိန်တွင် သူမ အတင်းဝင်သွားမည် ဆိုလျှင်လည်း ကောင်းမည် မဟုတ်ပေ။ အကယ်၍ ယီဖေးတို့သာ သူမသည် အရှင်မင်းကြီးအတွက် အရေးမပါမှန်း သိသွားလျှင် နောင်အနာဂတ် နေရေးထိုင်ရေးက ပို၍ ခက်ခဲသွားမည်။ ထို့ကြောင့် ဖေ့အာကို ခေါ်ကာ ပို၍ သတိထားပြီး လုံလုံခြုံခြုံ ပုန်းနေလိုက်တော့သည်။

ယီဖေးမှာ မူလကတည်းက အမှားကို ခွင့်မလွှတ်တတ်သူ ဖြစ်ရာ ယခု အရှင်မင်းကြီး ကိုယ်တိုင် မျက်နှာသာမပေးသည်ကို မြင်သောအခါ ချက်ချင်း ဝင်ပြောလိုက်လေသည်။

"အရှင်မင်းကြီး... အိမ်ရှေ့စံမင်းသား ပြစ်မှုကျူးလွန်ရင်တောင် သာမန်ပြည်သူတွေနဲ့ အပြစ်ပေးခံရတာ အတူတူလောက်ပဲ ဆိုတော့... မင်းသမီးက ဒီလောက်ထိ မရိုမသေ လုပ်တာ... ဘယ်လို အပြစ်ပေးရမလဲ..."

အပြစ်...

ဤစကားလုံးကို သုံးလိုက်သည်နှင့် အရှင်မင်းကြီးမှာ စကားမပြောနိုင်တော့ပေ။ သူသည်လည်း မင်ရော့၏ ယခုပုံစံကို အလွန် မုန်းတီးနေသော်လည်း သူ၏ တစ်ဦးတည်းသော သမီးလေး ဖြစ်နေသဖြင့် အမှန်တကယ် အပြစ်ပေးရမည် ဆိုလျှင်တော့ ကိုယ်တိုင်လည်း စိတ်မကောင်း ဖြစ်ရမည်သာ။ သို့သော် အပြစ်မပေးလျှင်လည်း နန်းတော်ထဲက စည်းကမ်းတွေက ဘယ်လိုလုပ် တည်တံ့တော့မည်နည်း။ နောင်တစ်ချိန် လူတိုင်း အတုခိုးကြလျှင် ပြဿနာတက်မည် မဟုတ်လား။

အကျပ်ရိုက်နေချိန်မှာပင် အနောက်ဘက် မလှမ်းမကမ်းမှ ခြေသံများ ကြားလိုက်ရသည်။ အရှင်မင်းကြီး လှည့်ကြည့်လိုက်ရာ လင်ဝမ်ယိ ဖြစ်နေ၏။ သူမ ဘယ်လိုလုပ် ရောက်လာတာလဲ...။

သုန်ယွီကျုံးကို တစ်ချက် အကဲခတ်ကြည့်လိုက်ရာ သူ့ခန္ဓာကိုယ်က ပို၍ ကိုင်းညွတ်သွားသည်ကို တွေ့လိုက်ရသည်။ ဟွန့်... ငါ့တောင် မပြောဘဲ သူ့စိတ်တိုင်းကျ လုပ်ပြန်ပြီပေါ့...။ ယခုအချိန်တွင် ဒေါသထွက်ပြရန် မသင့်တော်၍သာ။

လင်ဝမ်ယိကို ကြည့်ရင်း သူ၏ မျက်ဝန်းများတွင် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်နေ၏။ ထိုနေ့ မနက်ခင်း စကားပြောပြီးကတည်းက သူတို့ မတွေ့ရသည်မှာ နှစ်ရက် သုံးရက်ခန့် ရှိနေပြီဖြစ်သည်။ အေးစက်စက် နေပြလိုက်လျှင် သူမ ကိစ္စတော်တော်များများကို နားလည်သွားလိမ့်မည်ဟု ထင်ခဲ့မိသည်။ မထင်မှတ်ဘဲ သူမက ယခင်အတိုင်း ဘာခံစားချက်မျှ မရှိသလို ဖြစ်နေဆဲပင်။ တွေးလေလေ ဒေါသထွက်လေလေ ဖြစ်လာရ၏။

"ဟွန့်... မင်းက ဘာကိစ္စ လာရှုပ်ချင်နေပြန်တာလဲ..."

စကားရင့်ရင့်ပြောလိုက်သောကြောင့် လင်ဝမ်ယိ ခြေလှမ်း အနည်းငယ် ရပ်တန့်သွားရသည်။ တစ်ခဏမျှ ရှေ့ဆက်သွားရမလား မသွားရဘူးလား ဆိုတာ မသိတော့ချေ။

တစ်ဖက်ရှိ ယီဖေးကတော့ အရှင်မင်းကြီးနှင့် လင်ဝမ်ယိကို သေချာ အကဲခတ်ကြည့်နေပြီး စိတ်ထဲတွင်လည်း အလွန် အထင်သေးသွားလေသည်။ ကြည့်ရတာ လင်မိသားစုက အသစ်ပို့လိုက်တဲ့ တစ်ယောက်လည်း အေးအေးဆေးဆေး နေရမယ့်ရက် သိပ်မကျန်တော့ပါဘူးလေ...။ ဟုတ်တာပေါ့... မောင်းမဆောင်ထဲမှာ သမားတော်ကိုယ်တိုင် သားသမီးရဖို့ ခက်ခဲတယ်လို့ သတ်မှတ်ခံထားရတဲ့ ကိုယ်လုပ်တော် တစ်ယောက်က ဘယ်လိုလုပ် ကောင်းစားနိုင်မှာလဲ...။

ထို့ပြင် သူမ နန်းတွင်း ဝင်လာသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ မိဖုရားခေါင်ကြီးရွှီ သေဆုံးပြီးစဉ်က အရှင်မင်းကြီးဆီမှ စစ်မှန်သော မေတ္တာကို သူမ အနည်းငယ်မျှ ရခဲ့ဖူးသည်။ ဤမောင်းမဆောင်ထဲက လူများဟာ ကျိုးမာမီးအိမ် လိုပင်။.တစ်ချက်လေး လင်းလက်ပြီး ပျောက်ကွယ်သွားတတ်တာချည်း မဟုတ်လား။ လင်ကွေ့ဖေးရဲ့ ဒီအကွက်ကတော့ တကယ်ကို မှားယွင်းသွားတာပဲ...။ အခုဆိုရင် ကိုယ်တိုင် အကျယ်ချုပ်ကျနေရုံသာမက မျက်နှာသာရဖို့ ပို့လိုက်တဲ့သူကပါ အရှင်မင်းကြီးရဲ့ စိတ်ပျက်တာကို ခံနေရပြီ...။ အချစ်ဆုံး သမီးတော်ရဲ့ အားနည်းချက်ကလည်း အခု ကိုယ့်လက်ထဲ ရောက်နေပြီ...။ တကယ်ကို ရင်ထဲမှာ အေးမြသွားတာပဲလို့ ဆိုရမည်ပင်။

ထိုသို့ တွေးမိပြီး သူမက လင်ဝမ်ယိ အရှက်ကွဲမည်ကို အေးစက်စွာ ရပ်ကြည့်နေလိုက်သည်။ လင်ဝမ်ယိကတော့ အရှင်မင်းကြီး ဘာကို ဒေါသထွက်နေမှန်း သိသော်လည်း ယခုအချိန်တွင် ရှေ့သွားပြီး ချော့မော့ရန် မသင့်တော်ပေ။ ထို့ကြောင့် အကြောင်းပြချက်တစ်ခု ပေးကာ ပြောလိုက်ရသည်။

"အရှင်မင်းကြီး ဒေါသလျှော့ပါဦး... ကျွန်တော်မျိုးမ အခုလို အလျင်စလို ရောက်လာရတာက ဒုတိယမင်းသား နေမကောင်းဖြစ်နေလို့ အရှင်မင်းကြီး တစ်ချက်လောက် ကြည့်ပေးဖို့ လာခေါ်တာပါ..."

"ဒုတိယမင်းသား နေမကောင်းရင် သမားတော်ကို သွားခေါ်ပေါ့... ကိုယ်တော်က ဆေးမှ မကုတတ်တာ... ကိုယ်တော် သွားကြည့်လိုက်တာနဲ့ သူ ပြန်ကောင်းသွားမှာလား..."

ဒါဟာ လင်ဝမ်ယိကို အရှင်မင်းကြီး ပထမဆုံးအကြိမ် စကားလုံးကြမ်းကြမ်း ပြောလိုက်ခြင်းပင်။ လင်ဝမ်ယိ မဆိုထားနှင့် သုန်ယွီကျုံး ပင် မျက်မှောင်ကြုတ်သွားရသည်။ သူပဲ မှန်းဆတာ မှားသွားတာများလား...။ ထို့သို့ တွေးလေလေ ဒီတစ်ခေါက်တော့ မလိုအပ်ဘဲ ဝင်ပါလိုက်သလို ခံစားရလေလေပင်။

လင်ဝမ်ယိ ဆုံးမခံရသည်ကို ယီဖေးက သဘောကျနေလေသည်။ သို့သော် ယခုအချိန်တွင် အရေးအကြီးဆုံးက မင်းသမီးမင်ရော့ကို အပြစ်ပေးနိုင်ဖို့ပင်။ မဟုတ်လျှင် သူမ ဤမွန်းလွဲပိုင်း တစ်ချိန်လုံး နေပူခံခဲ့ရသည်မှာ အလကား ဖြစ်သွားမည် မဟုတ်လား။ ထို့ကြောင့် မင်းသမီးမင်ရော့ကို အပြစ်ပေးရန် အရှင်မင်းကြီးအား အတင်း တိုက်တွန်းတော့သည်။

"အရှင်မင်းကြီး... မင်းသမီးလေးရဲ့ ကိစ္စက ပြီးသေးတာ မဟုတ်ဘူးနော်... ဒီလိုမျိုး ရဲတင်းမိုက်မဲတာကို နန်းတွင်းစည်းကမ်းအရဆိုရင် အနည်းဆုံး ကြိမ်ဒဏ် အချက်တစ်ရာတော့ ပေးရမယ်..."

ကြိမ်ဒဏ် အချက်တစ်ရာ...။

အချက်တစ်ရာ မပြောနှင့် ဆယ်ချက်ကိုပင် မင်းသမီးမင်ရော့ ခံနိုင်မည်မဟုတ်ချေ။ ကြိမ်ဒဏ် အချက်တစ်ရာ ပေးသည်ထက် သေဒဏ်ပေးလိုက်သည်ကမှ ပိုသက်သာဦးမည်။

မင်ရော့ ထိုစကားကို ကြားသောအခါ ဒီတစ်ခါတော့ တကယ်ကို ကြောက်လန့်သွားလေသည်။ စောစောက အောင့်အီးထားသော ငိုသံများမှာ ချက်ချင်း ပြန်လည် ထွက်ပေါ်လာတော့သည်။

All Chapters