← Chapters

အခန်း ၁၆၄

Vol. 17 Ch. 164

အခန်း ၁၆၄

Vol. 17 Ch. 164

အခန်း (၁၆၄) အသေးအမွှားကို အကြီးကျယ်လုပ်ခြင်း

"ခမည်းတော် သမီးတော် မှားမှန်းသိပါပြီ... နောက်မဝံ့ရဲတော့ပါဘူး... ခမည်းတော် သမီးတော်ကို ကြိမ်ဒဏ်မပေးပါနဲ့... သမီးတော် အရိုက်ခံရရင် သေသွားပါလိမ့်မယ်..."

မင်းသမီးမင်ရော့က အသက်ငယ်ရွယ်သေးသော်လည်း သူမက နန်းတွင်းပြစ်ဒဏ်များကို မသိဟု မဆိုသာချေ။

ထိုကြိမ်ဒဏ်က လူသေစေနိုင်၏။

ထို့ပြင် သူမက ငယ်စဉ်ကတည်းက ဓားရှရာလောက်ပင် မရှိခဲ့ဖူးသဖြင့် ထိုကြိမ်ဒဏ်ကို မည်သို့ ခံနိုင်မည်နည်းဟု တွေးကြောက်နေမိသည်။

သူမက တွေးလေတွေးလေ ပိုကြောက်လာလေဖြစ်ကာ အသက်ရှူပင် မှားသွားရ၏။

ထို့နောက် သူမက ကြောက်လန့်လွန်း၍ သတိလစ်သွားတော့သည်။

လင်ဝမ်ယိက မျက်စိလျင်ပြီး လက်သွက်သူပီပီ ချက်ချင်းပင် ရှေ့သို့ တိုးသွားကာ သတိလစ်သွားသော မင်းသမီးမင်ရော့၏ ပျော့ခွေသွားသော ကိုယ်လုံးလေးကို ဖမ်းထိန်းလိုက်လေသည်။

အထူးသဖြင့် မင်းသမီး၏ ခေါင်းကို အသေအချာ ထိန်းပေးလိုက်၏။

အကယ်၍ ခေါင်းသာ ထိခိုက်သွားပါက နောင်တစ်ချိန်တွင် ပြဿနာကြီးသွားနိုင်ပေသည်။

အရှင်မင်းကြီးက ထိုအခြေအနေကို မြင်သောအခါ သူက မင်းသမီးမင်ရော့ကို အမြန် ပွေ့ချီလိုက်ပြီး မျက်နှာထားမှာလည်း အလွန် ဆိုးရွားနေတော့သည်။

ဘေးနားရှိ ယီဖေး ကြိုတင်ခေါ်ထားသူ တော်ဝင်သမားတော်မှာလည်း တကယ်ပင် အသုံးဝင်လာခဲ့လေပြီ။

တော်ဝင်သမားတော်က ခြေလှမ်းသွက်သွက်ဖြင့် ရှေ့တိုးလာကာ မင်းသမီးမင်ရော့၏ မျက်ခွံများကို လှန်ကြည့်ပြီး နှာခေါင်းဝတွင် အသက်ရှူနှုန်းကို စမ်းသပ်လိုက်ပြီးနောက် နေပူထဲ အကြာကြီး နေရသဖြင့် ခန္ဓာကိုယ် အားနည်းကာ ကြောက်လန့်ပြီး သတိလစ်သွားခြင်း ဖြစ်ကြောင်း ကောက်ချက်ချလိုက်၏။

အရှင်မင်းကြီးက ဒေါသထွက်နေသော်လည်း သူ၏ ရင်ထဲတွင်မူ သနားသွားမိကာ လှမ်းခေါ်လိုက်သည်။

"သုန်ယွီကျုံး"

"ဒီအစေခံ ရှိပါတယ်"

"ဒီနားမှာ အနီးဆုံး ခြံဝင်းက ဘယ်နေရာလဲ"

သုန်ယွီကျုံးက အရှင်မင်းကြီး၏ အပြောကို ချက်ချင်း နားလည်သွားပြီး ပြန်ဖြေလိုက်လေသည်။

"အရှင်မင်းကြီး အရှေ့ဘက် သိပ်မဝေးတဲ့ နေရာမှာ မုန်ဟွာဆောင် ရှိပါတယ်... အဲဒီမှာ နေဖို့ ဘယ်သခင်မလေးကိုမှ မချပေးရသေးပေမဲ့ သန့်ရှင်းရေး‌တော့ လုပ်ထားပါတယ်"

"သွားမယ်"

"ဟုတ်ကဲ့ပါ"

အရှင်မင်းကြီးက မင်းသမီးမင်ရော့ကို ပွေ့ချီပြီး ထွက်သွားမည်ကို မြင်သောအခါ ယီဖေးက ဤအခွင့်အရေးကောင်းကို လက်လွတ်မခံဘဲ နောက်မှ လိုက်သွားတော့သည်။

လင်ဝမ်ယိကလည်း ရောက်နေပြီဖြစ်ရာ ရုတ်တရက် ပျောက်သွားဖို့ မသင့်တော်သဖြင့် အခြားသူများနှင့်အတူ မုန်ဟွာဆောင်သို့ လိုက်သွားရတော့၏။

ထို မုန်ဟွာဆောင်မှာ သိပ်မကြီးဘဲ အရံခြံဝင်းလေး တစ်ခုသာ ဖြစ်ပြီး တာရင်အဆင့်လောက်ကိုသာ ချထားပေးမည့် နေရာမျိုး ဖြစ်ရာ အတွင်းရှိ အပြင်အဆင်များမှာ သိပ်ပြီး မကောင်းလှသော်လည်း မင်းသမီးမင်ရော့ကို ဆေးကုသရန်အတွက်မူ ပြဿနာ မရှိပေ။

လူတစ်အုပ်ကြီး ဝင်လာကြသဖြင့် အခန်းထဲတွင် နေရာပင် မဆံ့တော့ရာ လင်ဝမ်ယိက ရှေ့သို့ မတိုးတော့ဘဲ စင်္ကြံလမ်းတွင် ရပ်ကာ သတင်းစောင့်နေလိုက်သည်။

သူမက ထိုနေရာတွင် ရပ်နေသည်မှာ အချိန်အနည်းငယ်မျှသာ ရှိသေးသော်လည်း ပိုင်ဖင်၊ ဟယ့်နျန်ဇစ်၊ တုချန်ကျိုက်နှင့် မင်ချန်ကျိုက်တို့ အားလုံး ရောက်လာကြသဖြင့် သေးငယ်လှသော မုန်ဟွာဆောင်လေးမှာ ပို၍ပင် ကျပ်သိပ်သွားရတော့၏။

သူမတို့က ဤအခွင့်အရေးကောင်းကို လက်လွတ်မခံနိုင်ဘဲ စိုးရိမ်တကြီးဖြင့် သတင်းလာမေးသည့်ပုံစံ ဟန်ဆောင်ကာ ရောက်လာကြခြင်း ဖြစ်သည်။

ခေါင်းဆောင်ဖြစ်သော ပိုင်ဖင်က ရှေ့သို့ခြေလှမ်းအနည်းငယ် လှမ်းကာ လင်ဝမ်ယိကို သူမက စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။

"ဘာဖြစ်တာလဲ... မင်းသမီးက ဘယ်လိုလုပ် သတိလစ်သွားတာလဲ"

လင်ဝမ်ယိက မည်သို့ ဖြေရမည်ကို မသိသဖြင့် သူမက မျက်မှောင်ကြုတ်ကာ ပြန်ပြောလိုက်သည်။

"မမပိုင်ဖင် ခွင့်လွှတ်ပါ... ညီမလေးလည်း ရောက်တာ သိပ်မကြာသေးတော့ အခြေအနေ အသေးစိတ်ကို သေချာ မသိပါဘူး"

ဟွန့်...

ပိုင်ဖင်သည် စိတ်ထဲတွင် လှောင်ပြောင်လိုက်ပြီး လင်ဝမ်ယိကို မျက်စောင်းထိုး ကြည့်လိုက်ကာ လင်ဝမ်ယိက အနောက်ဆောင်မှာ နေတာတောင် အရှင်မင်းကြီး နောက်ကို တစ်ကောက်ကောက် လိုက်လာနိုင်တာပဲဟု တွေးလိုက်ပြီး အရှင်မင်းကြီးဆီက မျက်နှာသာရဖို့ အကြံကြီးကြံနေသည့် ယခုပုံစံကို ကြည့်ရတာ အရှင်မင်းကြီး ရှေ့မှာ သိပ်ပြီး မျက်နှာမရလို့ အခန်းထဲတောင် မဝင်ရတာ နေမှာဟု မှတ်ယူလိုက်လေ၏။

ပိုင်ဖင်က အနားရှိ လူများကို တစ်ချက် ကြည့်လိုက်ရာ ယီဖေးမှလွဲလျှင် သူမ၏ ရာထူးက အမြင့်ဆုံး ဖြစ်နေသဖြင့် သူမက အခြားသူများအပေါ် အနည်းငယ် ဘဝင်မြင့်သွားတော့သည်။

"ညီမလေးတို့က အပြင်မှာပဲ စောင့်နေကြပါ... ဒီအရှင်မ အထဲဝင်ပြီး အခြေအနေ သွားကြည့်လိုက်ဦးမယ်"

"ဟုတ်ကဲ့ပါ"

သူမတို့က မကျေနပ်သော်လည်း ပိုင်ဖင်ကို မယှဉ်နိုင်သဖြင့် လင်ဝမ်ယိနည်းတူ စင်္ကြံတွင်သာ ငြိမ်သက်စွာ ရပ်စောင့်နေကြရလေသည်။

လင်ဝမ်ယိက ခေါင်းမော့ကာ ကောင်းကင်ကို ခေတ္တမျှ ကြည့်ရင်း သူမက သက်ပြင်းချလိုက်မိ၏။

အခန်းထဲတွင် တော်ဝင်သမားတော်က သေချာ ထပ်မံ စမ်းသပ်ကြည့်သော်လည်း အဖြေမှာ ယခင်အတိုင်းပင် ဖြစ်နေသည်။ ယီဖေးကမူ မင်းသမီးမင်ရော့၏ မျက်ခွံလေးများ လှုပ်ရှားနေသည်ကို မြင်လိုက်ရသဖြင့် သတိလစ်ဟန်ဆောင်နေကြောင်း ချက်ချင်း နားလည်သွားကာ ဤလောက် အကွက်လေးများဖြင့် သူမရှေ့တွင် လှည့်စား၍ မရဘူးဟု တွေးပြီး တော်ဝင်သမားတော်ကို လှမ်းပြောလိုက်သည်။

"သတိလစ်နေတဲ့သူကို သတိပြန်ရလာအောင် လက်မနဲ့ လက်ညှိုးကြားက အကြောကို အပ်စိုက်ပေးရတယ်လို့ ဒီအရှင်မ ကြားဖူးတယ်... မင်းသမီး အမြန် သတိရလာအောင် တော်ဝင်သမားတော် အပ်နည်းနည်းလောက် ပိုစိုက်ပေးလိုက်ပါ"

"အဲဒါက..."

မင်းသမီးမင်ရော့ သတိရနေမှန်းကို တော်ဝင်သမားတော်က မသိဘဲ နေမည်လား။ တော်ဝင်သမားတော်က အကယ်၍ အပ်စိုက်လိုက်လို့ တစ်ခုခု ဖြစ်သွားလျှင် ဘယ်လိုလုပ်မည်နည်းဟု တွေးကာ အတော်လေး အခက်တွေ့သွားရပြီး တုံ့ဆိုင်းနေစဉ်မှာပင် မင်းသမီးမင်ရော့က ဟန်ဆောင် သတိရလာကာ သူမက ကြောက်လန့်တကြား ပြောလိုက်လေ၏။

"သမီးတော် အပ်အစိုက်မခံဘူး... မလုပ်ပါနဲ့"

မင်းသမီးမင်ရော့သည် လေးနှစ်အရွယ် ကလေးငယ်ပီပီ ပီပြင်စွာ ဟန်မဆောင်နိုင်ကာ အရှင်မင်းကြီးကလည်း ဒေါသထွက်သွားပြီး ယခင်က မင်းသမီးမင်ရော့၏ အကျင့်ဆိုးများကို မမြင်ခဲ့မိသော်လည်း ယခုမူ မင်းသမီးက ပြစ်ဒဏ်မှ လွတ်ရန် သတိလစ်ဟန်ဆောင်တတ်နေပြီဟု တွေးလိုက်မိသည်။

ယီဖေးက ထိုအခွင့်အရေးကို ဖမ်းဆုပ်ကာ အရှင်မင်းကြီး၏ ရှေ့သို့ တိုးသွားပြီး လျှောက်တင်လိုက်တော့၏။

"အရှင်မင်းကြီး... ကျွန်တော်မျိုးမ ကြည့်ရသလောက်တော့ မင်းသမီးက အပြစ်ပေးခံရမှာ ကြောက်လို့ တမင် သတိလစ်ချင်ယောင်ဆောင်တာပါ... ဒီလို အကျင့်စရိုက်က တကယ်ကို ဆိုးရွားလွန်းပါတယ်... အရှင်မင်းကြီးက သေချာ အပြစ်မပေးဘူး ဆိုရင်... နောင်တစ်ချိန်ကျ မင်းသမီးက ဘယ်လို လူစားမျိုး ဖြစ်လာမလဲ မသိနိုင်တော့ပါဘူး"

အရှင်မင်းကြီးက ယီဖေး၏ ဖြောင့်မတ်မှန်ကန်ချင်ယောင် ဆောင်နေသော ပုံစံကို ကြည့်ရင်း သူ၏ ဒေါသများ ပေါက်ကွဲထွက်လာတော့သည်။

"တော်တော့... ယီဖေး မင်းက အသေးအမွှားကို အကြီးအကျယ် အရမ်းလုပ်တတ်တာပဲ... ကိုယ်တော် ဒီမှာ ရှိနေတာကို မင်းသမီးက ဘယ်လို လူစားမျိုး ဖြစ်လာရမှာလဲ"

ယီဖေးက လင်ကွေ့ဖေးကို နှိမ့်ချရန်သာ အာရုံစိုက်နေသဖြင့် အရှင်မင်းကြီးက မင်းသမီး၏ ဖခင်အရင်း ဖြစ်ကြောင်းကို မေ့သွားခဲ့ကာ သူမက ခေါင်းငုံ့ပြီး အမှားဝန်ခံလိုက်လေသည်။

"အရှင်မင်းကြီး အမျက်တော်ကို လျှော့ပါ... ကျွန်တော်မျိုးမ စိတ်လောသွားလို့ စကားမှားသွားပါတယ်"

ဘေးနားရှိ ပိုင်ဖင်က ထိုအခြေအနေကို မြင်သောအခါ သူမက ဝင်ရောက် စွက်ဖက်ချင်သွားပြီး သနားစရာကောင်းသကဲ့သို့ ဟန်ဆောင်ကာ အရှင်မင်းကြီးကို လျှောက်တင်လိုက်၏။

"မင်းသမီးလေးက သနားစရာကောင်းလိုက်တာ... အရှင်မင်းကြီး သေချာလေး ချော့မော့ပေးလိုက်ပါဦး"

သူမ၏ စကားကို ကြားသောအခါ အရှင်မင်းကြီးသာမက ယီဖေးကပါ ဒေါသထွက်သွားရသည်။ ပိုင်ဖင်မှာ မည်သည့်ကိစ္စမှန်း သေချာ မသိဘဲ လျှောက်ပြောနေသဖြင့် အကျယ်ချုပ် အနေကြာ၍ ဦးနှောက်ပါ ပျက်သွားပြီလားဟု တွေးကာ ယီဖေးက သတိပေးသည့် အကြည့်ဖြင့် ကြည့်လိုက်လေသည်။

သို့သော် ပိုင်ဖင်ကမူ အရှင်မင်းကြီး၏ စိတ်ကျေနပ်မှု ရရန်သာ အာရုံစိုက်နေသဖြင့် ယီဖေးကို လုံးဝ သတိမထားမိဘဲ အရှင်မင်းကြီး၏ မျက်နှာထား ပြောင်းလဲသွားသည်ကို မြင်သောအခါ သူမက စကားပြောမှန်သွားပြီဟု ထင်ကာ ဆက်ပြောရန် ပြင်လိုက်စဉ်မှာပင် အရှင်မင်းကြီး၏ အေးစက်စက် အသံကို ကြားလိုက်ရတော့၏။

"ကောင်းပြီလေ... မင်းသမီး ကိစ္စဖြစ်နေတာ နေ့လယ်ကတည်းကို... မင်းတို့ တစ်ယောက်မှ လာပြီး တောင်းပန်မပေးကြဘဲ အခု ကိုယ်တော်လည်း ရောက်လာရော ခြံဝင်းထဲမှာတောင် နေရာမဆံ့အောင် ရောက်လာကြတယ်ပေါ့... အဲဒီလောက်တောင် အားနေရင်လည်း ကိုယ့်နန်းဆောင်ကိုယ် အကုန် ပြန်ကြတော့... ကိုယ်တော့်ရှေ့မှာ လာရှုပ်မနေကြနဲ့"

အရှင်မင်းကြီးက ပိုင်ဖင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး သူက ခံစားချက် ကင်းမဲ့စွာဖြင့် ပြောလိုက်လေသည်။

"သုန်ယွီကျုံး"

"ဒီအစေခံ ရှိပါတယ်"

"ပိုင်ဖင်က မင်းသမီးကို ဒီလောက်တောင် သနားနေမှတော့ သူကိုပဲ မင်းသမီး ကိုယ်စား အပြစ်ပေးလိုက်... ကြိမ်ဒဏ် တစ်ရာတော့ မလိုဘူး... အချက် နှစ်ဆယ်လောက် ရိုက်ပြီး နန်းဆောင်ကို ပြန်ပို့လိုက်... ပြီးတော့ ကျုံးချွေ့နန်းဆောင်မှာ ဆက်နေဖို့ မလိုတော့ဘူး... ကွေ့ရန် အဆင့်ကို လျှော့ချပြီး ချူတာရင်နဲ့ အဖော်ရအောင် ချန်နင်နန်းဆောင်ကို ပို့လိုက်တော့"

ပိုင်ဖင်က ရုတ်တရက် ကျလာသော အမိန့်တော်ကြောင့် လန့်ဖျပ်သွားပြီး ဝင်ရောက် စွက်ဖက်ရုံသာ စွက်ဖက်ခဲ့သည်ကို ဘယ်လိုလုပ် ကံဆိုးရသနည်းဟု တွေးမိသည်။ ကြိမ်ဒဏ်ပေးခြင်း၊ ရာထူးချခြင်းနှင့် နန်းဆောင်ပြောင်းခြင်းဟူသော ပြစ်ဒဏ်ကြီး သုံးခုကို ခံလိုက်ရသဖြင့် ဤဘဝတွင် နောက်ထပ် အခွင့်အရေး ရနိုင်တော့မည် မဟုတ်ဟု တွေးကြောက်ကာ သူမက မြေကြီးပေါ် ဒူးထောက်ချလိုက်ပြီး အဆက်မပြတ် ခေါင်းမာန်ချရင်း လျှောက်တင်လိုက်တော့၏။

"အရှင်မင်းကြီး ခွင့်လွှတ်ပါ... ကျွန်တော်မျိုးမကို ခွင့်လွှတ်ပေးပါ... နောက်မဝံ့ရဲတော့ပါဘူး... အမိန့်တော်ကို ပြန်လည် ရုပ်သိမ်းပေးပါ"

---

All Chapters